← Chapters

အခန်း (၈၆၃-၈၆၄)

Vol. 60 Ch. 863-864

အခန်း (၈၆၃-၈၆၄)

Vol. 60 Ch. 863-864

အပိုင်း (၈၆၃) ခန္ဓာအသစ်ပြောင်းခြင်းနှင့်နံပါတ် ၂ ၏ အခြေခံစစ်ဆင်ရေးများ

“ခေါင်းဆောင်ရွှယ်၊ ဒါကို ရဲချုပ်ဆီ အစီရင်ခံသင့်လား”

ရဲအရာရှိတစ်ဦးက အနှစ်ချုပ်အစီရင်ခံစာကို ထုတ်ယူလိုက်သည်။

“လက်ရှိအခြေအနေမှာတော့ သူတို့က အန္တရာယ်တွေ ရန်လိုတာတွေ မပြသေးဘူး၊ လူ့အခွင့်အရေး ကော်မတီရဲ့ စံနှုန်းတွေအရဆိုရင် ကျွန်တော်တို့မှာ သူတို့ကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ သူတို့ဘဝကို သူတို့ဘယ်လိုရွေးချယ်မလဲဆိုတာက သူတို့ရဲ့ လွတ်လပ်ခွင့်ပဲလေ”

“တောအုပ်ထဲမှာ ဖြစ်ခဲ့တာကို မင်းတို့ သင်ခန်းစာမရကြသေးဘူးလား”

အရာရှိရွှယ် တုံ့ဆိုင်းသွားသည်။ အချိန်ပြောခဲ့သည့် စကားများကို သူမမေ့သေးသော်လည်း သာမန်လူတစ်ယောက်အနေဖြင့် ထိုကဲ့သို့ ထူးဆန်းသော အရူးတစ်ယောက်၏ စကားကို မည်သို့ ယုံကြည်နိုင်ပါမည်နည်း။

သူသည် ဤမြို့ထဲတွင် နေထိုင်လာသည်မှာ ကြာပြီဖြစ်သည်။ စည်းမျဉ်းစည်းကမ်းနှင့် အယူအဆ အားလုံးမှာလည်း ဤမြို့ကြီးအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ အကယ်၍ အချိန်ပြောသည်မှာ မှန်ကန်နေပါက ဤမြို့တစ်မြို့လုံးနှင့် မြို့ထဲက လူအားလုံးက အတုအယောင်များ ဖြစ်နေသည်ဟု ဆိုလိုခြင်းလော။

မှတ်ဉာဏ်အပိုင်းအစတစ်ခုက သူ့စိတ်ထဲတွင် လျှပ်တစ်ပြက် ထပ်မံပေါ်ထွက်လာပြန်သည်။ သူသည် သွေးပင်လယ်ကြီးထဲတွင် လဲလျောင်းနေရင်း လူသားကမ္ဘာဆီသို့ ခက်ခက်ခဲခဲလှမ်းကြည့်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်...။

“ထားလိုက်တော့၊ ပိုခိုင်လုံတဲ့သက်သေတွေ ရမှပဲ အစီရင်ခံတော့မယ်”

အရာရှိရွှယ်သည် မှတ်တမ်းခန်းထဲရှိ စာရွက်စာတမ်းများကို အတော်ကြာစိုက်ကြည့်နေမိသည်။ သူ့စိတ်ထဲမှ ဒေါသများမှာလည်း တဖြည်းဖြည်း ငြိမ်ကျသွား၏။ သူသည် လူ့အခွင့်အရေး ကော်မတီက အလိုလိုက်လွန်းသဖြင့် ရောဂါဆန်သောအတွေးအခေါ်မျိုးစုံနှင့် စိတ်ခြောက်ခြားမှုအမျိုးမျိုးတို့မှာ အထိန်းအကွပ်မဲ့ ကြီးထွားလာနေခြင်းဖြစ်ပြီး ဤလူ့အဖွဲ့အစည်းမှာ ဖျားနာနေပြီဟု ခံစားနေရသည်။

“ဒါတွေအားလုံးကို ပြောင်းလဲပစ်ဖို့ဆိုရင် တောအုပ်ကိုမီးရှို့ပြီး အချိန်ကို သတ်ပစ်ရမယ်၊ ဒါတင်မကဘဲ လူ့အခွင့်အရေး ကော်မတီနဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ကိုပါ ဖြုတ်ချပြီး စည်းမျဉ်းအသစ်တွေ ချမှတ်ဖို့ လိုအပ်တယ်”

အရာရှိရွှယ်သည် မည်သူမှားသည်၊ မည်သူမှန်သည်ကို ထည့်မတွက်တော့ဘဲ သူလျှောက်လှမ်းလိုသည့် လမ်းကိုသာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတော့သည်။

မှတ်တမ်းခန်းထဲတွင် အဖွဲ့သားများ ဆွေးနွေးနေကြစဉ် ကော်ရစ်ဒါလမ်းထဲမှ ချန်ပင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဟေ့ လောင်ရွှယ်… မင်းကို တစ်ယောက်ယောက် လာရှာနေတယ်ကွ”

“မအားဘူး”

“အရမ်း အရေးကြီးတဲ့သူကွ”

ချန်ပင်းက အရာရှိရွှယ်ကို မှတ်တမ်းခန်းထဲမှ ဆွဲထုတ်ကာ ရဲစခန်းထဲသို့ ခေါ်ဆောင်သွားသည်။

“ပြောစရာရှိတာကိုပဲ ပြောစမ်းပါ၊ ဒီလောက် လျှို့ဝှက်မနေနဲ့”

အရာရှိရွှယ်သည် ချန်ပင်း၏ စတိုင်ကို မနှစ်သက်ပေ။ ချန်ပင်းက သူ့ကို သံသယရှိသူများ ယာယီထိန်းသိမ်းရာနေရာရှိ စစ်ကြောရေးခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွား၏။

“လူကို ခေါ်လာပေးပြီ၊ မင်းတို့ စကားပြောကြတော့”

ချန်ပင်းက အထဲမှလူကို နှုတ်ဆက်လိုက်ပြီး အသံဖမ်းစက်နှင့် စောင့်ကြည့်ရေးကိရိယာ အားလုံးကို ပိတ်ကာ အပြင်သို့ ထွက်ခွာသွားသည်။

“အရာရှိချန်ပင်းကိုယ်တိုင် ငါ့ကိုလာခေါ်ပေးရတာဆိုတော့ မင်းက တကယ်ထူးခြားတဲ့သူ ဖြစ်ရမယ်”

အရာရှိရွှယ်က ထိုင်မနေပေ။ သူက စားပွဲဘေးတွင် မတ်တပ်ရပ်ကာ တစ်ဖက်လူကို ပြင်းထန်သော ဖိအားဖြင့် စိုက်ကြည့်လိုက်သည်။

စစ်ကြောရေးစားပွဲ၏ အခြားတစ်ဖက်တွင်မူ သပ်ရပ်သောဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရှိနေလေသည်။ သူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်မှာ အလွန်ပင်သာမန်ဆန်လှသဖြင့် လူအများက တစ်ချက်ကြည့်ရုံနှင့် မေ့လျော့သွားနိုင်သည်။သူ့တွင် ထူးခြားသောလက္ခဏာ တစ်ခုမှမရှိပေ။

“အရာရှိရွှယ်ရဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ၊ အခုလို လူကိုယ်တိုင်တွေ့ရတာ ဝမ်းသာပါတယ်”

ထိုလူက လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းကာ ထရပ်လိုက်သော်လည်း အရာရှိရွှယ်ကမူ လက်ဆွဲနှုတ်ဆက်မည့်အမူအရာ လုံးဝမပြပေ။

သူ၏လက်မှာ လေထဲတွင် တန့်နေသော်လည်း ထိုလူမှာ ရှက်ရွံ့သွားခြင်းမရှိဘဲ အေးအေးဆေးဆေးပင် ပြုံးလိုက်သည်။

“အရာရှိချန်ပင်းကတစ်ဆင့် မိတ်ဆက်ပေးခိုင်းတာက နည်းနည်းတော့ ရုတ်တရက် ဆန်သွားလိမ့်မယ်၊ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ၊ ကျွန်တော့်နာမည်က ရှုဟွမ်ပါ၊ လူ့အခွင့်အရေး ကော်မတီရဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ သမက်တော်စပ်ပါတယ်”

လူ့အခွင့်အရေး ကော်မတီ၏ ညွှန်ကြားရေးမှူးချုပ်မှာ ရှင်းလုတွင် အလွန်ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အဘယ်ကြောင့် ဤမျှသာမန်ဆန်ပြီး ထူးခြားချက်မရှိသော လူတစ်ယောက်က ညွှန်ကြားရေးမှူးချုပ်၏ သမက်ဖြစ်လာရသနည်းဆိုသည်မှာ အမှန်တကယ်အံ့ဩစရာပင်။

“ငါ့ဆီက ဘာလိုချင်လို့လဲ”

“ဒီတောအုပ်ဖြစ်စဉ်ကြောင့် လူ့အခွင့်အရေးကော်မတီက ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရတယ်၊ တကယ်တော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေက အားလုံးရဲ့ အမြင်မှာတော့ သိပ်ပြီး မကောင်းလှဘူးပေါ့လေ၊ လူတိုင်းက ကိုယ့်ရဲ့ စံပြကမ္ဘာအတွက် ကြိုးစားနေကြတာဆိုတော့...”

“စကားကို လှည့်ပတ်ပြောမနေနဲ့တော့၊ မင်းရဲ့ လာရင်းရည်ရွယ်ချက်က ဘာလဲ”

အရာရှိရွှယ်သည် လူ့အခွင့်အရေး ကော်မတီကို အစကတည်းက အမြင်မကြည်ပေ။ သူတို့အား ကောင်းမြတ်သည်ဟုယူဆကာဘဲ ဆရာလုပ်ချင်နေသည့် အုပ်စုတစ်ခုဟုသာ သူယူဆထားသည်။

“ကျွန်တော်သာ အသည်းအသန် မဖြစ်နေရင် အရာရှိရွှယ်ဆီ ရောက်လာမှာမဟုတ်ပါဘူး”

ထိုလူက ပြန်ထိုင်လိုက်သည်။သူ့အမူအရာမှာ တည်ငြိမ်နေဆဲပင်။

“တကယ်တော့ ကျွန်တော်က အချိန်ခရီးသွားတစ်ယောက်ပါ”

“???”

အရာရှိရွှယ်၏ နဖူးပေါ်တွင် သွေးကြောများ ထောင်တက်လာတော့သည်။ သူသည် အချိန်နှင့်အမျှ အလုပ်ရှုပ်နေသူဖြစ်ရာ လူနာတစ်ယောက်၏ ကယောင်ကတမ်းစကားများကို နားထောင်နေရန် အချိန်မရှိပေ။

“ဒါ တကယ်ပါဗျ”

အရာရှိရွှယ် မယုံသည်ကိုသိသဖြင့် ထိုလူက အရာရှိရွှယ်၏ လျှို့ဝှက်ချက်အချို့ကို ပေါ့ပေါ့ပါးပါး ထုတ်ပြောလိုက်ပြီးနောက် သူ့ဖုန်းကို ထုတ်ယူလိုက်သည်။

“အခုကစပြီး ၁၃ မိနစ် ကြာတဲ့အခါ ခင်ဗျားရဲ့ အထက်အရာရှိက ခင်ဗျားကို ဖုန်းဆက်ပြီး တရားခံပြေးတစ်ယောက်ကို ဖမ်းဖို့ ရှင်းလုမြို့ဟောင်းဆီ ပြောင်းရွှေ့ဖို့ တာဝန်ပေးလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားက သဘောမတူဘဲ သေဆုံးချိန်အိမ်ရာဝင်းက အမှုကိုပဲ ဆက်ပြီးစုံစမ်းဖို့ ဇွတ်လုပ်လိမ့်မယ်၊ နောက်သုံးရက်အကြာမှာတော့ ခင်ဗျားဟာ အိမ်ရာဝင်းက လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံရပြီး အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံရဲ့ အထူးကုသဆောင်မှာ အကျဉ်းချခံရလိမ့်မယ်”

“မင်းဘာတွေ လျှောက်ပြောနေတာလဲ”

အရာရှိရွှယ် လုံးဝ မယုံကြည်ပေ။ ရဲချုပ်ကို ဤမျှတိကျသော အချိန်တွင် မည်သူမျှ ဖုန်းဆက်ခိုင်းနိုင်စွမ်းမရှိသလို ဂုဏ်ထူးဆောင် ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် သူ့ကိုလည်း အကြောင်းပြချက်မရှိဘဲ ပြောင်းရွှေ့ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ရှင်းလုတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မျိုး၌ ပို၍ပင်မဖြစ်နိုင်ပေ။

သူ့ကိုယ်သူ ရှုဟွမ်ဟုခေါ်သော ထိုလူမှာ ဘာမှထပ်မပြောဘဲ ပြုံးနေရုံသာ ပြုံးနေလိုက်သည်။

၁၃ မိနစ် အတိအကျကြာသောအခါ...

နာရီက ၁၃ မိနစ်သို့ ရောက်သည်နှင့် အရာရှိရွှယ်၏ဖုန်းက တုန်ခါလာတော့သည်။ ၎င်းမှာ ရဲချုပ်ဟု မှတ်သားထားသည့် ဖုန်းနံပါတ် ဖြစ်နေသည်။

သူသည် မသိစိတ်ဖြင့် ဖုန်းဖြေဆိုလိုက်ရာ ရဲချုပ်ပေးအပ်သောတာဝန်မှာ ရှုဟွမ်ပြောခဲ့သည်နှင့် အတိအကျပင် ဖြစ်နေသည်။

“ရဲချုပ်… သေဆုံးချိန်အိမ်ရာဝင်းမှာ စိတ်ခြောက်ခြားမှုအသစ်တစ်ခု ပေါ်နေပြီ၊ ဒါကို အခု မကိုင်တွယ်နိုင်ရင် ဒုတိယတောအုပ် ဖြစ်သွားလိမ့်မယ်၊ တောအုပ်ထက်တောင် ပိုပြီးကြောက်စရာ ကောင်းလိမ့်မယ်”

အရာရှိရွှယ် မည်သို့ပင်ပြောဆိုစေကာမူ ရဲချုပ်က သူ့အမိန့်ကို ပြန်မရုပ်သိမ်းဘဲ နောက်ဆုံးတွင် ဖုန်းချသွားတော့သည်။

“အခုရော ကျွန်တော့်ကို ယုံပြီလား”

ရှုဟွမ်က သူ့ကုလားထိုင်ကို မှီလိုက်သည်။ သူ့မျက်နှာတွင် အန္တရာယ်ကင်းပုံရသော အပြုံးနုနုလေးတစ်ခု ရှိနေဆဲပင်။

“မဟုတ်ဘူး၊ ဒါက မင်းတို့ လူ့အခွင့်အရေးကော်မတီက နောက်ကွယ်ကနေ ကြိုးကိုင်နေတာပဲ၊ မင်းက ညွှန်ကြားရေးမှူးချုပ်ရဲ့ သမက်ဆိုတော့ အတွင်းရေးကိစ္စတွေကို သိနေမှာပေါ”

အရာရှိရွှယ်၏ လေသံတွင် အန္တရာယ်အရိပ်အယောင်များ ယှက်သန်းလာတော့သည်။

“ကျွန်တော့်ရဲ့ နောက်ကြောင်းကို ခင်ဗျား စုံစမ်းကြည့်လို့ ရပါတယ်၊ ကျွန်တော်က သာမန်ရုံးဝန်ထမ်းလေး တစ်ယောက်ပါပဲ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး ညွှန်ကြားရေးမှူးချုပ်ရဲ့ သမက် ဖြစ်လာခဲ့လဲဆိုတာ ခန့်မှန်းကြည့်လေ”

ရှုဟွမ်သည် နောက်ထပ်ဖြစ်ပျက်မည့် အရာအချို့ကို ထပ်မံဟောကိန်းထုတ်ပြလိုက်သည်။ အရာရှိရွှယ်၏ အနီးနားရှိလူများ၏ကံကြမ္မာနှင့် ရဲစခန်း၏ အတွင်းရေးလျှို့ဝှက်ချက်များကိုပါ ထုတ်ဖော် ပြောကြားလာသည်။

“ခင်ဗျားရဲ့ အကြီးအကဲကသာ သူလျှိုဖြစ်မနေရင် လူ့အခွင့်အရေး ကော်မတီက ဒီအကြောင်းတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

ရှုဟွမ်က လှောင်ပြောင်သရော်သည့်လေသံဖြင့် ပြောလိုက်သည်။

“ကဲ... အခုရော ကျွန်တော်က အချိန်ခရီးသွားတစ်ယောက်ဆိုတာကို ယုံပြီလား”

“မင်းက အချိန်ခရီးသွား ဟုတ်ဟုတ်၊ မဟုတ်ဟုတ်... မင်း ဘာလို့ ငါ့ကို လာရှာရတာလဲဆိုတာပဲ ငါ သိချင်တယ်”

အရာရှိရွှယ်သည် ရှုဟွမ်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

“လူတစ်ယောက်ကို ဖမ်းဖို့ ခင်ဗျားရဲ့အကူအညီ လိုအပ်လို့ပါ”

ရှုဟွမ်၏အပြုံးများ ပျောက်ကွယ်သွားပြီး လေးနက်သောအမူအရာဖြင့် အစားထိုးဝင်ရောက်လာသည်။

“ဘယ်သူလဲ”

“ကျွန်တော့်ကို သတ်ခဲ့တဲ့လူသတ်သမား”

“မင်းကို သတ်ခဲ့တဲ့ လူသတ်သမား ဟုတ်လား”

အရာရှိရွှယ် မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက အခု အသက်ရှင်လျက်နဲ့ အကောင်းကြီး ရှိနေတာပဲ မဟုတ်လား”

“ကျွန်တော်က အတိတ်မှာ တစ်ကြိမ်အသတ်ခံခဲ့ရတယ်၊ အဲ့ဒီနောက်မှာ အနာဂတ်ဆီကို ကူးပြောင်းပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်နေခဲ့တယ်၊ အနာဂတ်မှာလည်း ထပ်အသတ်ခံရပြန်တော့ အခု ဒီခန္ဓာကိုယ်ထဲကို ကူးပြောင်းလာပြီး ရှုဟွမ်ဖြစ်လာတာပဲ”

ထိုလူ၏ အမူအရာမှာ နောက်ပြောင်နေခြင်းမဟုတ်ဘဲ အလွန်ပင် တည်ငြိမ်လေးနက်နေသည်။

၎င်းကို ကြားသောအခါ အရာရှိရွှယ်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူသည် အချိန်ပေးခဲ့သည့် ညွှန်ကြားချက်ကို သတိရသွားသည်။

ဘယ်လိုနည်းနဲ့မှ သတ်လို့မရတဲ့ လူတစ်ယောက်ကို အရူးဖြစ်အောင် လုပ်ဖို့။

“မင်းက အတိတ်နဲ့ အနာဂတ်ကိုသိတဲ့ အချိန်ခရီးသွား တစ်ယောက်ဆိုရင် ဘာလို့ အသတ်ခံနေရတာလဲ”

အရာရှိရွှယ် တည်ငြိမ်သွားပြီး တောင်ပေါ်က အပါးနပ်ဆုံးနှင့် အရက်စက်ဆုံးသားရဲတစ်ကောင်ကဲ့သို့ သူ့သားကောင်ကို စူးစမ်းစစ်ဆေးတော့သည်။

“ဘာလို့လဲဆိုတော့ အဲ့ဒီလူသတ်သမားက အရမ်းကြောက်စရာကောင်းလို့ပဲ၊ ကျွန်တော် ဘယ်လို အသတ်ခံခဲ့ရလဲဆိုတာကို သိဖို့အတွက် နှစ်ကြိမ်တောင်သေခဲ့ရတယ်၊ ဒါဟာ အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ရာဇ၀တ်မှုကျူးလွန်တဲ့နည်းလမ်းပဲ”

ရှုဟွမ်က ဖြည်းညှင်းစွာ စတင်ပြောကြားသည်။

“ပထမဆုံး သေဆုံးမှုက အတိတ်မှာ ဖြစ်ခဲ့တာ၊ ကျွန်တော် ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးနေတုန်း ဖော်ပြလို့မရတဲ့ အသက်ရှူကျပ်ဝေဒနာကို ရုတ်တရက်ခံစားခဲ့ရတယ်၊ အကြောင်းပြချက်မရှိဘဲ သေဆုံးသွားခဲ့တာ၊ အဲ့ဒါက အဆိပ်ငွေ့လည်း မဟုတ်ဘူး၊ အစာအဆိပ်သင့်တာလည်း မဟုတ်ဘူး၊ ပြင်ပဒဏ်ရာလည်း တစ်ခုမှမရှိဘူး”

“ကံကောင်းတာက လူသတ်သမားက ကျွန်တော် အချိန်ခရီးသွားနိုင်တာကို မသိခဲ့သလို ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကိုလည်း ဖျက်ဆီးမပစ်ခဲ့ဘူး၊ ကျွန်တော် အနာဂတ်ဆီ ကူးပြောင်းသွားပြီးနောက်မှာ အသတ်ခံခဲ့ရတဲ့ ကျွန်တော့်ရဲ့ အတိတ်က ခန္ဓာကိုယ်ကို ရှာဖို့ ငွေအမြောက်အမြား သုံးခဲ့ရတယ်၊ သေဆုံးရတဲ့ အကြောင်းရင်းကို သိဖို့ ရင်ခွဲစစ်ဆေးခိုင်းခဲ့တယ်”

ရှုဟွမ်၏ စကားသံမှာ တစ်လုံးချင်းစီ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ကျွန်တော်က ရေနစ်သေတာတဲ့၊ အဆုတ်ရဲ့ တုံ့ပြန်မှုနဲ့ သေဆုံးတဲ့ပုံစံက ရေနစ်သေတဲ့သူနဲ့ တထပ်တည်းပဲ၊ တစ်ခုတည်းသော ကွဲပြားချက်ကတော့ ကျွန်တော့်ရဲ့ အဆုတ်ထဲမှာ ရေတစ်စက်မှ ရှိမနေတာပဲ”

“ဒါဘယ်လို ဖြစ်နိုင်မှာလဲ၊ ကုန်းပေါ်မှာ ရေနစ်သေတာလား”

အရာရှိရွှယ် ခေါင်းခါလိုက်သည်။

“ကျွန်တော်လည်း ဒါကို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာ၊ အနာဂတ်မှာ ထပ်ပြီး အသတ်မခံရခင် အထိပေါ့”

ရှုဟွမ်၏ မျက်နှာက အနည်းငယ် ပုံပျက်သွားသည်။

“ကျွန်တော်က လုံခြုံရေးအပြည့်ရှိတဲ့ အိမ်ထဲမှာ ပုန်းနေခဲ့တာတောင် ရုတ်တရက် အသက်ရှူလို့ မရတော့ဘူး၊ မမြင်ရတဲ့ ကြိုးတစ်ချောင်းက ကျွန်တော့်လည်ပင်းကို ညှစ်ထားသလိုမျိုး ခံစားရပြီး သေဆုံးခဲ့ရတာပဲ”

“အဲ့ဒီနောက်မှာတော့ ရှုဟွမ်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းဝင်ရောက်လာခဲ့တယ်၊ ကျွန်တော့်မှာ ရှိနေတဲ့ ကြိုမြင်နိုင်စွမ်းနဲ့ လူ့အခွင့်အရေးကော်မတီ ညွှန်ကြားရေးမှူးချုပ်ရဲ့ သမက် ဖြစ်လာအောင် ကြိုးစားခဲ့တယ်၊ ကျွန်တော့်ရဲ့ အာဏာကိုသုံးပြီး အသတ်ခံခဲ့ရတဲ့ ကျွန်တော့်အတိတ်က ခန္ဓာကိုယ်ကို ရှာဖွေခဲ့တယ်၊ ရင်ခွဲစစ်ဆေးတဲ့ နေရာမှာလည်း ကိုယ်တိုင် ပါဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ လူသတ်သမားရဲ့ နည်းလမ်းကို သိသွားခဲ့တယ်”

“သူ ဘယ်လိုလုပ်လိုက်တာလဲ”

အရာရှိရွှယ်က ဤတစ်ကြိမ်တွင်မူ အမှန်တကယ် စိတ်ဝင်စားသွား၏။ ကုန်းပေါ်မှာ ရေနစ်သေတာ၊ မထိတွေ့ဘဲ လည်ပင်းညှစ်သတ်တာ... ဒါတွေက အိမ်မက်တစ်ခုလိုပင်။

“ဒီရင်ခွဲစစ်ဆေးမှုမှာ ဦးနှောက်ကို အဓိကထား စစ်ဆေးခဲ့တယ်၊ အတိတ်မှာ ကျွန်တော် အသတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ်တွေရဲ့ ဦးနှောက်ထဲမှာ ဦးနှောက်ချိတ်ဆက်ခြင်းရဲ့ ခြေရာလက်ရာတွေကို တွေ့ခဲ့ရတယ်၊ သတိထားမိဖို့ ခက်ပေမဲ့ သေချာပေါက် ရှိနေခဲ့တာပဲ”

ရှုဟွမ်က လက်ပိုက်လိုက်သည်။

“ဦးနှောက်ချိတ်ဆက်တဲ့ ဆေးဝါးတွေဟာ ခန္ဓာကိုယ်ထဲကနေ သုံးရက်အတွင်း အကုန်ထွက်သွားနိုင်ပေမဲ့ ဦးနှောက်အခွံပေါ်မှာ ကျန်ခဲ့တဲ့ အစအနတွေကတော့ အကြာကြီး ရှိနေတတ်တယ်၊ လူသတ်သမားက ဦးနှောက်ချိတ်ဆက်ခြင်းကို သုံးပြီး ကျွန်တော့်ရဲ့ အာရုံခံစားမှုတွေကို တခြားလူတစ်ယောက်နဲ့ ချိတ်ဆက်ပေးလိုက်တာပဲ၊ သူက အဲ့ဒီလူကို တခြားအခန်းမှာ ဒါမှမဟုတ် အဝေးတစ်နေရာမှာ သတ်ပစ်လိုက်တဲ့အခါ သေဆုံးမှုရဲ့ ရုတ်တရက် ခံစားချက်က ကျွန်တော့်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကိုလည်း အဲ့ဒီအတိုင်း တုံ့ပြန်သွားစေတာပဲ”

အရာရှိရွှယ်သည် ဤကဲ့သို့သော ရာဇ၀တ်မှုကျူးလွန်သည့် နည်းလမ်းမျိုးကို တစ်ခါမှ မကြားဖူးပေ။

ခဏတာ ထိတ်လန့်သွားပြီးနောက် အရာရှိရွှယ် စဉ်းစားခန်းဝင်သွားသည်။ အကယ်၍ ရှုဟွမ် ပြောသည်မှာ မှန်ကန်ပါက ဤလူသတ်သမားသည် တကယ့်ပါရမီရှင်တစ်ယောက် ဖြစ်ပေမည်။ သူသည် ဦးနှောက်နှင့် ပတ်သက်သည့် ကျွမ်းကျင်သော အသိပညာများ ရှိရမည့်အပြင် ဦးနှောက်ချိတ်ဆက်သည့် ကိရိယာများနှင့်လည်း အလွန်ရင်းနှီးကျွမ်းကျင်သူ ဖြစ်ရပေမည်။

အပိုင်း (၈၆၄) သံသယရှိသူ လေးယောက်

ရှင်းလုတွင် စိတ်ကျန်းမာရေးချို့ယွင်းသူ အမြောက်အမြားရှိပြီး သာမန်လူများပင်လျှင် တစ်ခါတစ်ရံ ဦးနှောက်ဆိုင်ရာ ပြဿနာအသေးအမွှားများကို ကြုံတွေ့ရတတ်သည်။ ၎င်းက ရှင်းလု၏ နာဗ်ကြောဆိုင်ရာ ဆေးပညာရပ်ကို လျင်မြန်စွာ တိုးတက်ထွန်းကားလာစေခဲ့သည်။ ထို့အပြင် သူတို့သည် လူနာများအပေါ် စမ်းသပ်မှုများပြုလုပ်ရန် အမှန်တကယ် ဆန္ဒရှိကြပြီး စေတနာ့ဝန်ထမ်း အရေအတွက်မှာလည်း အလွန်များပြားလှသည်။ အချိန်အတန်ကြာတိုင်းတွင် အာရုံကြောဆိုင်ရာ နည်းပညာအသစ်များမှာ ပြီးပြည့်စုံစွာ ထွက်ပေါ်လာလေ့ရှိသည်။

“ကျွန်တော် ရှင်းလုက ထိပ်တန်း အာရုံကြောခွဲစိတ်ဆရာဝန်အားလုံးကို စုံစမ်းစစ်ဆေးခဲ့ပြီးပြီ၊ အထူးသဖြင့် ဦးနှောက်ပုံဖော်ခြင်းနည်းပညာကို ကျွမ်းကျင်တဲ့သူတွေကိုပေါ့၊ ကျွန်တော်ကိုယ်တိုင်လည်း အဓိက စုံစမ်းရမယ့်ပစ်မှတ်ဖြစ်နေပေမဲ့...”

ရှုဟွမ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အချို့ ဖြတ်ပြေးသွားသည်။

“သူတို့ထဲက ဘယ်သူမှ လူသတ်သမားမဟုတ်ဘူးလို့ ကျွန်တော် ခံစားရတယ်၊ ဘယ်သူ့မှာမှ သတ်ရမယ့် အကြောင်းပြချက် မရှိကြဘူး၊ ကျွန်တော့်အပေါ် ရန်ငြိုးလည်း မရှိကြဘဲနဲ့ ဘာလို့ ကျွန်တော့်ကိုသတ်ဖို့ ဦးနှောက်ပုံဖော်တဲ့ နည်းပညာကို အထူးတလည် အသုံးပြုရမှာလဲ”

“ဒါက ရည်ရွယ်ချက်မရှိဘဲ ကျပန်းသတ်ဖြတ်တာမျိုး ဖြစ်နိုင်မလား”

“ကျပန်းသတ်တဲ့သူက ကျွန်တော့်ကို အတိတ်မှာတစ်ခါ၊ အနာဂတ်မှာ တစ်ခါ... နှစ်ကြိမ်တောင် ဘယ်လိုလုပ် သတ်နိုင်မှာလဲ”

ရှုဟွမ်က ချက်ချင်း တုံ့ပြန်ပြောဆိုလိုက်သည်။

“လူသတ်သမားရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီမှာ အမြဲရှိနေတယ်ဆိုတာ ကျွန်တော်ခံစားလို့ရတယ်၊ အခုတောင်မှ သူကျွန်တော့်ကို စောင့်ကြည့်နေတာ၊ အချိန်မရွေး ပြန်အမဲလိုက်ဖို့ အသင့်ဖြစ်နေတာ၊ ဒါပေမဲ့ သူတစ်ခုခုကို တုံ့ဆိုင်းနေပုံရပြီး အခုထိတော့ ဘာမှမလှုပ်ရှားသေးဘူး”

ရှုဟွမ်သည် သူ၏ ဂျာကင်အင်္ကျီကို ကြေမွသွားသည်အထိ ဆုပ်ကိုင်ထားရင်း ဆက်လက် ခန့်မှန်းပြောဆိုသည်။

“ကျွန်တော် အချိန်ခရီးသွားနိုင်တာကို လူသတ်သမားက သိသွားပြီလို့တောင် ကျွန်တော် သံသယရှိမိတယ်၊ အခုချိန်မှာ ကျွန်တော့်ကို တကယ်သတ်လို့မရမှန်း သိသွားလို့သာ သူဘာမှမလုပ်သေးတာ၊ သူကျွန်တော့်ကို နောက်တစ်ကြိမ် ပြန်ရှာတွေ့တဲ့အခါကျရင်တော့ ကျွန်တော့်ကို တကယ်သတ်နိုင်မယ့် နည်းလမ်းကို သူရှာတွေ့သွားပြီလို့ ဆိုလိုတာပဲ”

အရာရှိရွှယ်က ရေခွက်ကိုမကာ တစ်ငုံသောက်လိုက်သည်။ ရှုဟွမ်၏ ပြောပြချက်ကို နားထောင်ရုံနှင့်ပင် ၎င်းမှာ နတ်ဘုရားများ၏တိုက်ပွဲတစ်ခုနှင့် တူနေဟု ခံစားရသည်။ တစ်ဖက်က အချိန်ခရီးသွားနိုင်ပြီး သတ်မရသော သားကောင်ဖြစ်နေကာ၊ အခြားတစ်ဖက်ကမူ မိမိကိုယ်ကို လုံးဝ ဖုံးကွယ်ထားနိုင်ပြီး အချိန်ခရီးသွားကိုပင် သတ်ရန် ပြင်ဆင်ထားသည့် ကြောက်မက်ဖွယ် လူသတ်သမား ဖြစ်နေသည်။

“မင်းက အချိန်ခရီးသွားနိုင်မှန်း လူသတ်သမားက ရိပ်မိသွားပြီလို့ ဘယ်လိုသိတာလဲ”

“ကျွန်တော် အနာဂတ်မှာ အသတ်ခံရပြီးနောက် လက်ရှိအချိန်ကို ကူးပြောင်းလာပြီး တောအုပ်ဖြစ်စဉ်လိုမျိုး ဖြစ်ရပ်ဆိုးတွေကို ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်”

ရှုဟွမ်၏ အသံတွင် ဝမ်းနည်းရိပ်အချို့ ပါဝင်နေ၏။

“လူ့အခွင့်အရေးကော်မတီ ညွှန်ကြားရေးမှူးချုပ်ရဲ့ သမီး ဘာဖြစ်မလဲဆိုတာ ကျွန်တော် သိနေခဲ့တယ်၊ ဒါကြောင့် သူ့ခင်ပွန်းဖြစ်လာအောင် အသည်းအသန် ကြိုးစားခဲ့ပြီး တောအုပ်ကို စိုက်ပျိုးမယ့်သူတွေကို ကြိုတင်ဖမ်းဆီးဖို့ လုပ်ခဲ့ပေမဲ့ သူတို့က စိုက်ပျိုးမယ့်နေရာကို ပြောင်းလိုက်ကြတယ်၊ တောအုပ်နဲ့ လူတွေကြားကပဋိပက္ခကို ဖြေရှင်းဖို့နဲ့ တောအုပ်ကို ကုသနိုင်မယ့်ဆေးကို ဖော်စပ်ဖို့လည်း အစွမ်းကုန် ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့ သူတို့က အားလုံးကို သိနေသလိုမျိုး တောအုပ်ကို အချိန်မတိုင်ခင် မီးရှို့ပစ်လိုက်ကြတယ်”

ရှုဟွမ်သည် အားအင်ကုန်ခမ်းစွာဖြင့် ကုလားထိုင်ပေါ်တွင် မှီချလိုက်သည်။

“ကျွန်တော်ရောက်ခဲ့တဲ့ အနာဂတ်မှာတော့ တောအုပ်က နောက်တစ်လကြာမှ မီးလောင်မှာ၊ အဲ့ဒီမီးက ရင်ခွဲရုံရိပ်သာလမ်းနဲ့ အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံကြီးအထိ ကူးစက်သွားလိမ့်မယ်၊ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း အကျဉ်းချခံထားရတဲ့ စိတ်ဝေဒနာသည် အများအပြား ထွက်ပြေးကြပြီး တချို့ကတော့ မီးလောင်သေဆုံးကြလိမ့်မယ်၊ ရှင်းလုဟာလည်း ဖရိုဖရဲဖြစ်သွားလိမ့်မယ်၊ လူတွေဟာ လူ့အခွင့်အရေးကော်မတီနဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့အပေါ် ပိုမကျေမနပ် ဖြစ်လာကြပြီး တရားစီရင်ရေး စနစ်ကို ဝင်ရောက်စီးနင်းကြလိမ့်မယ်၊ ကူးစက်ရောဂါအမျိုးမျိုး ပျံ့နှံ့လာမှာဖြစ်ပြီး အမိန်သစ်တစ်ခု ပြန်တည်ဆောက်ဖို့ သုံးနှစ်လောက် ကြာလိမ့်မယ်”

“မင်းမြင်ခဲ့တဲ့ အနာဂတ်က တော်တော်ဆိုးရွားတာပဲ”

“ပိုဆိုးတာက ကျွန်တော် ပြောင်းလဲဖို့ ဒီလောက်ကြိုးစားခဲ့တာတောင် အဲ့ဒီအဖြစ်အပျက်တွေ အားလုံးက ဖြစ်ပျက်နေဆဲပဲ၊ တောအုပ်က မီးလောင်သွားခဲ့ပြီ၊ အမှတ် (၁) ပြန်လည်သန်စွမ်းရေး ဆေးရုံကြီးလည်း တိုက်ခိုက်ခံခဲ့ရပြီ၊ အကျဉ်းကျနေတဲ့ လူနာတွေလည်း ထွက်ပြေးကုန်ကြပြီ၊ ပြီးတော့ ကူးစက်ရောဂါအမျိုးမျိုးကလည်း ရှင်းလုရဲ့ မှောင်မိုက်တဲ့ ထောင့်တွေမှာ ပုန်းအောင်းနေကြပြီး အချိန်မရွေး ပေါက်ကွဲထွက်ဖို့ အသင့်ဖြစ်နေကြပြီ”

ရှုဟွမ်က သူသည် အချိန်ခရီးသွားနိုင်သည့် စွမ်းရည်ရှိသော်လည်း ခရီးသွားသည့် အကြိမ်တိုင်းတွင် သေဆုံးခြင်း၏ နာကျင်မှုကို ခံစားရကြောင်း ပြောပြသည်။ ပို၍ စိတ်ပျက်အားငယ်စရာ ကောင်းသည်မှာ သူသည် အခြားအချိန်ကာလများသို့ ကူးပြောင်းသွားသော်လည်း နောက်ဆုံးရလဒ်ကိုမူ မပြောင်းလဲနိုင်ခြင်းပင် ဖြစ်သည်။

“အဲ့ဒီ ဝေးနေသေးတဲ့ကိစ္စတွေကိုတော့ ထားလိုက်ပါဦး၊ ခင်ဗျား ကျွန်တော့်ကို ကူညီပြီး လူသတ်သမားကို ဖမ်းပေးဖို့ မျှော်လင့်ပါတယ်၊ လူသတ်သမားက ဘယ်သူလဲဆိုတာ ကျွန်တော် မသိပေမဲ့ သူဟာ မြို့ရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့အမှောင်ထုနဲ့ သေချာပေါက် ဆက်နွယ်နေတယ်၊ သူ့ကို ဖမ်းမိတာက ပူးပေါင်းကြံစည်မှုအားလုံးကို ဖော်ထုတ်ဖို့ သော့ချက် ဖြစ်လာလိမ့်မယ်”

ရှုဟွမ်သည် အလွန်ရိုးသားပုံရသည်။

“ခင်ဗျားက တခြားရဲအရာရှိတွေနဲ့ မတူဘူး၊ ကျွန်တော် အနာဂတ်မှာ ခင်ဗျားရဲ့ အဆုံးသတ်ကို မြင်ခဲ့ဖူးသလို ခင်ဗျားရဲ့ အတွေ့အကြုံ အားလုံးကိုလည်း သိတယ်၊ ခင်ဗျားက အဓိကအဖွဲ့အစည်းကြီး သုံးခုကြားက အပေးအယူတွေမှာ မပါဝင်ခဲ့ဘူး၊ အမြဲတမ်း ကြည်လင်တဲ့ဦးနှောက်တစ်ခု ရှိနေခဲ့တယ်၊ ပြီးတော့ အရေးအကြီးဆုံးက ခင်ဗျားမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေပြီး ဘယ်လိုမှ အနိုင်ယူလို့ မရနိုင်တာပဲ”

“ဘာလို့ အဲ့လိုပြောရတာလဲ”

“ကျွန်တော် အနာဂတ်မှာ မြင်ခဲ့လို့ပေါ့၊ ခင်ဗျား တစ်ယောက်တည်းနဲ့ သေဆုံးချိန်အိမ်ရာဝင်းက ရောဂါပိုး သယ်ဆောင်လာသူတွေကို အကုန်သတ်ပစ်ခဲ့တာ၊ ပြီးတော့ ခင်ဗျားက ဘယ်လို ဒဏ်ရာမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်တယ်၊ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က ထူးခြားပြီး ဦးနှောက် ဖွံ့ဖြိုးမှုကလည်း မယုံနိုင်လောက်အောင် မြင့်မားတယ်”

ရှုဟွမ်သည် သူ့ရည်မှန်းချက် အောင်မြင်ရန်အတွက် ဘာမဆိုလုပ်မည့်လူစားမျိုး ဖြစ်သည်။ အရာရှိရွှယ်၏ အကူအညီကို ရမည်ဆိုပါက သူသည် ဒူးထောက်ရန်ပင် ဝန်လေးမည် မဟုတ်ပေ။ ဂုဏ်သိက္ခာကိုလည်း ဂရုစိုက်နေသူ မဟုတ်ချေ။

“မင်းပြောနေတာတွေကို ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး”

အရာရှိရွှယ်၏ မျက်နှာမှာ အနည်းငယ်ရှုံ့မဲ့သွားသည်။ သူသည် ဝိညာဉ်များ၏ အရောင်ကို မြင်နိုင်သည်မှအပ ရှုဟွမ်ဖော်ပြသကဲ့သို့ ထူးခြားသူတစ်ယောက် မဟုတ်ပေ။ သို့သော် အရာရှိရွှယ်သည် ဝိညာဉ်၏ အရောင်ကို မြင်နိုင်သောကြောင့်သာ ရှုဟွမ်၏ ကယောင်ကတမ်း စကားများကို ဤမျှအချိန်ကြာအောင် နားထောင်ပေးနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှုဟွမ်၏ ဝိညာဉ်မှာ အလွန်ဖျော့တော့ပြီး ဝေဝါးနေသော အရာတစ်ခု ဖြစ်နေသောကြောင့်ပင်။

“ဒါက အစစ်အမှန်ပါ၊ ကျွန်တော် ပြောသမျှအားလုံးက အမှန်တွေချည်းပါပဲ”

စစ်ကြောရေးခန်းထဲတွင် တိတ်ဆိတ်မှုများ လွှမ်းမိုးသွားသည်။ အရာရှိရွှယ်သည် သူ့ဖန်ခွက်ထဲမှ ရေကို စိုက်ကြည့်နေမိသည်။ ရဲချုပ်ထံမှ ဖုန်းလက်ခံရရှိပြီးနောက် သူ၏ ပထမဆုံးအတွေးမှာ အဖွဲ့ကို ဦးဆောင်ပြီး သေဆုံးချိန်အိမ်ရာကို သွားရောက်စုံစမ်းရန်၊ ထိုနေရာကို အကုန်လှန်လှောပြီး သတင်းပေးကို ကယ်ထုတ်ရန်နှင့် သက်တမ်းချေးယူနေသော ထိုမကောင်းဆိုးဝါးအားလုံးကို ဖမ်းဆီးရန် ဖြစ်သည်။ အကျဉ်းချသင့်သူကို အကျဉ်းချပြီး ကွပ်မျက်သင့်သူကို ကွပ်မျက်မည်ဟု သူ တွေးထားခဲ့သည်။

ဤအရာအားလုံးမှာ ရှုဟွမ်ပြောခဲ့သည်နှင့် ထပ်တူကျနေခဲ့သည်။ သေဆုံးချိန်အိမ်ရာဝင်းထဲမှ မကောင်းဆိုးဝါးများကလည်း ငြိမ်ခံနေကြမည် မဟုတ်ပေ။ ဌာနချုပ်၏ ထောက်ပံ့မှု မရှိဘဲ အခြေအနေများ အထိန်းအကွပ်မဲ့လာပါက သူသည်လည်း ၎င်းတို့ကို နှိမ်နင်းရန် အကြမ်းဖက်မှုကို သုံးမိပေလိမ့်မည်။

သက်ပြင်းချလိုက်ရင်း အရာရှိရွှယ် ရေခွက်ကို ချလိုက်သည်။

“ပြောစမ်းပါဦး၊ မင်း ငါ့ကို ဘယ်လိုကူညီပေးစေချင်တာလဲ”

“သေဆုံးချိန်အိမ်ရာကို သွားပြီး ပြဿနာမရှာပါနဲ့ဦး၊ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားပါ”

ရှုဟွမ်က လေးလေးနက်နက် ပြောလိုက်သည်။

“စိတ်ဝင်စားစရာပဲ”

အရာရှိရွှယ်သည် ရှုဟွမ်ကို တစ်ခုတော့ ပြန်မပြောခဲ့ပေ။ ၎င်းမှာ သေဆုံးချိန်အိမ်ရာထဲမှ လူသားစားအခန်းက သူ့ကို “မသေနိုင်သောသူ” တစ်ယောက်အားသတ်ရန် သို့မဟုတ် အရူးဖြစ်အောင် လုပ်ရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်သည်၊ သို့သော် ထို “မသေနိုင်သောသူ” ကမူ သေဆုံးချိန်အိမ်ရာကို ပြန်လည်ကာကွယ်ပေးစေချင်နေလေသည်။

“သေဆုံးချိန်အိမ်ရာဝင်းက မကောင်းဆိုးဝါးက ကျွန်တော်တို့ရဲ့ တကယ့်ရန်သူ မဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ တကယ့်ရန်သူက ကျွန်တော့်ကိုသတ်ခဲ့တဲ့ လူသတ်သမားပဲ”

ရှုဟွမ်သည် အလွန်သေချာနေပုံရသည်။ သူသည် သူ့အိတ်ထဲမှ သတင်းအချက်အလက် အမြောက်အမြားကို ထုတ်ယူလိုက်သည်။

“ကျွန်တော် ဦးနှောက်ချိတ်ဆက်ခြင်းကို အသုံးပြုနိုင်တဲ့သူအားလုံးနဲ့ အနာဂတ်မှာ ကျွန်တော်မြင်ခဲ့ရတဲ့ နာမည်ကြီး အာရုံကြောဆရာဝန်တွေကို စစ်ထုတ်ကြည့်ပြီး နောက်ဆုံးမှာ ဒီစာရင်းကို ထုတ်လိုက်တာ၊ လူလေးယောက်ကတော့ သံသယဖြစ်စရာအကောင်းဆုံးပဲ”

“ပထမတစ်ယောက်ကတော့ ရှင်းလု အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံရဲ့ ဆေးရုံအုပ်ပဲ၊ သူ့ကို အဓိကအဖွဲ့အစည်းကြီး သုံးခုရဲ့ အဆင့်မြင့် အရာရှိတွေလောက်ပဲ တွေ့ဖူးကြတာ၊ သူက အရမ်း လျှို့ဝှက်လွန်းတယ်၊ သူ့မှာ ရာဇ၀တ်မှုကျူးလွန်နိုင်တဲ့စွမ်းရည် သေချာပေါက်ရှိပေမဲ့ ဘာကြောင့် သတ်ရလဲဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော်ရှာမတွေ့ဘူး၊ ကျွန်တော်တို့က ကောင်းကင်ဘုံနဲ့ ရွှံ့ထဲမှာ နေနေကြတဲ့သူတွေလို ကွာခြားလွန်းတယ်လေ”

“ဒုတိယတစ်ယောက်ကတော့ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့ရဲ့ ဒုတိယအကြီးအကဲ မစ္စတာရှစ်ရှစ်ပဲ၊ ဒီမကောင်းဆိုးဝါးအိုကြီးက ပုံပျက်ပန်းပျက်ဖြစ်နေတဲ့သူတွေ အာဏာရလာဖို့အတွက် မြို့တစ်မြို့လုံးက လူတွေကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ချင်နေတာ၊ ကိုယ်ကျင့်တရားကြီးကြပ်ရေးအဖွဲ့မှာ ရာထူးကြီးကြီး ရထားတာကိုကြည့်ပြီး အရူးလုပ်မခံလိုက်နဲ့၊ မကြာခင် အနာဂတ်မှာ ဒီလူက ရှင်းလုကို ဘေးကပ်ဆိုးကြီးဆိုက်ရောက်အောင် လုပ်လိမ့်မယ်”

“တတိယတစ်ယောက်ကတော့ ခင်ဗျားတို့ရဲ့ အထက်လူကြီး ရဲချုပ်ပဲ၊ အတိတ်မှာပဲ ဖြစ်ဖြစ်၊ အနာဂတ်မှာပဲ ဖြစ်ဖြစ်... သူ့ကို ကျွန်တော် လုံးဝခန့်မှန်းလို့ မရဘူး၊ ရဲတပ်ဖွဲ့က ရှင်းလုရဲ့ လျှို့ဝှက်ချက် အများဆုံးကို လက်ဝယ်ထားပြီး စနစ်တကျထိန်းသိမ်းထားတာဖြစ်ပေမဲ့ သူက ကျွန်တော့်ကို သတ်ရမယ့်အကြောင်းရင်း လုံးဝမရှိဘူး”

“စတုတ္ထတစ်ယောက်ကတော့ လူသားဖြစ်တည်မှုအဝင်ဝဆေးရုံက တစ်ဦးတည်းသော အာရုံကြော ဆရာဝန် ဒေါက်တာကောင်းပဲ”

“ခဏလေး”

အရာရှိရွှယ် ချောင်းဟန့်လိုက်သည်။

“ဒီ စတုတ္ထတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ရာထူးက အရင်သုံးယောက်နဲ့ ယှဉ်ရင် အရမ်း ကွာခြားလွန်းနေတယ် မဟုတ်လား”

“အနာဂတ်မှာ ဒေါက်တာကောင်းဟာ ရှင်းလုမှာ အကျော်ကြားဆုံး အာရုံကြောဆရာဝန် ဖြစ်လာမှာပါ၊ သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကလည်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းတယ်၊ သူက ဦးနှောက်ဆိုင်ရာ နည်းပညာအမြောက်အမြားကို တီထွင်ခဲ့တဲ့ ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ အရေးအကြီးဆုံးက ကျွန်တော်အသတ်ခံရတုန်းက ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့တဲ့ ဆေးရုံမှာ သူလည်း ရှိနေခဲ့တာပဲ”

ရှုဟွမ်က ဒေါက်တာကောင်း၏ အမည်ကို စိုက်ကြည့်လိုက်သည်။

“ဒီ ဒေါက်တာကောင်းကတော့ အရမ်းသံသယဖြစ်စရာ ကောင်းတယ်”

“ဒါပေမဲ့ ပြဿနာက...”

အရာရှိရွှယ် လက်ကို ဘေးသို့ ဖြန့်ပြလိုက်သည်။

“သူက သေသွားပြီလေ၊ ရဲတွေက ဒီသတင်းကို အခုလေးတင် ပိတ်ထားလိုက်တာ၊ ပြီးတော့ သူ့ရဲ့ ဦးနှောက်ကိုလည်း ငါတို့ ပြန်သိမ်းထားနိုင်ခဲ့ပြီ”

“သေသွားပြီလား”

ရှုဟွမ်သည် မယုံကြည်နိုင်စွာဖြင့် ပြန်ထိုင်ချလိုက်မိသည်။ သူတွေ့ကြုံခဲ့ရသော အနာဂတ်မှာ ပြောင်းလဲသွားခဲ့ချေပြီ။ အကယ်၍ ဒေါက်တာကောင်း သေဆုံးသွားခဲ့ပါက ဦးနှောက်ဆိုင်ရာ နည်းပညာ အမြောက်အမြားမှာ ပေါ်ပေါက်လာတော့မည် မဟုတ်သလို၊ ဦးနှောက်ဖောက်ပြန်နေသော လူနာများသည်လည်း ပိုမိုပြင်းထန်သော နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ရင်ဆိုင်ရပေတော့မည်။

All Chapters