အခန်း (၈၆၅-၈၆၆)
Vol. 60 Ch. 865-866
အပိုင်း (၈၆၅) သံသယဆိုတာ အကြီးမားဆုံးလှောင်အိမ်
အဓိက သံသယရှိသူက သေသွားခဲ့ချေပြီ။ ထိုသူက မည်သို့ လူသတ်သမားဖြစ်နိုင်ပါ့မည်နည်း။
“ငါခန့်မှန်းတဲ့ လမ်းကြောင်း မှားသွားတာလား”
ရှုဟွမ်၏ မျက်သူငယ်အိမ်များ ကျုံ့သွားသည်။
“ဒေါက်တာကောင်းပါ နောက်ကွယ်က လက်မည်းကြီးရဲ့ သတ်ဖြတ်တာ ခံလိုက်ရတာလား၊ ငါ့ကိုသတ်တဲ့ လူသတ်သမားကလည်း အချိန်ခရီးသွားနိုင်တာလား၊ ဒေါက်တာကောင်းက အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာကို ကြိုမြင်ပြီး လက်ဦးမှုယူပြီး သတ်ပစ်လိုက်တာလား၊ မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်ဘူး”
“မင်းက အတိတ်မှာတစ်ခါ၊ အနာဂတ်မှာတစ်ခါ အသတ်ခံခဲ့ရတယ်၊ ဒါပေမဲ့ အခု ဒေါက်တာကောင်းက သေသွားပြီ၊ အနည်းဆုံးတော့ အနာဂတ်မှာ မင်းကိုသတ်ခဲ့တဲ့သူက သူမဟုတ်တာတော့ သေချာသွားပြီပေါ့”
အရာရှိရွှယ်သည် စာရင်းထဲမှ ကျန်ရှိသော သံသယရှိသူသုံးဦးကို ကြည့်လိုက်သည်။ ဤသုံးဦးစလုံးသည် အလွန်အဆင့်အတန်း မြင့်မားသူများဖြစ်ရာ စုံစမ်းစစ်ဆေးရန် အလွန်ခက်ခဲလှသည်။
အခြားအရာများကို ထားဦးတော့ အရာရှိရွှယ်ကိုယ်တိုင်ပင် သူတို့ကို စုံစမ်းစစ်ဆေးရန် အရည်အချင်း မပြည့်မီပေ။
စားပွဲ၏ အခြားတစ်ဖက်တွင်မူ ရှုဟွမ်မှာ ဒေါက်တာကောင်း သေဆုံးမှုကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။ သူ မြင်ခဲ့ရသော အနာဂတ်သည် အဓိကကျသည့်လူတစ်ဦး သေဆုံးသွားမှုကြောင့် အကြီးအကျယ် ပြောင်းလဲသွားနိုင်ပြီး အချို့ဟောကိန်းများမှာလည်း တိကျတော့မည် မဟုတ်ပေ။
“တကယ်လို့ ဒေါက်တာကောင်းကပါ သားကောင်တစ်ယောက် ဖြစ်နေတယ်ဆိုရင်တော့ သံသယရှိသူ သုံးယောက်ပဲ ကျန်တော့တယ်၊ ဒါကခက်ခဲပေမဲ့ အနည်းဆုံးတော့ စုံစမ်းရမယ့် လမ်းကြောင်းတစ်ခု ရှိလာတာပေါ့”
ရှုဟွမ်သည် အတော်ကြာတိတ်ဆိတ်နေပြီးမှ စကားဆက်သည်။
“နောက်ထပ် အခြေအနေတစ်ခု ဖြစ်နေမှာကိုလည်း ကျွန်တော်စိုးရိမ်မိတယ်၊ ဒေါက်တာကောင်းက ကြံရာပါ တစ်ယောက် ဖြစ်နေတာမျိုးပေါ့၊ သူတို့က ကျွန်တော်အချိန်ခရီးသွားနိုင်တာကို သိသွားပြီး အနာဂတ်ကို ကြိုမြင်နေမှန်းသိတာနဲ့ ကျွန်တော့်ရဲ့ ဟောကိန်းတွေကို ဖျက်ဆီးဖို့ သူတို့ကိုယ်တိုင် သေဆုံးပြပြီး လှည့်စားလိုက်တာမျိုးပေါ့၊ အဲ့ဒါဆိုရင် နှစ်ဖက်စလုံးက အဆင့်တူပြန်ဖြစ်သွားလိမ့်မယ်”
“ဘယ်သူက အဲ့လောက်အထိ ပါးနပ်ပြီး ရက်စက်ပါ့မလဲ”
အရာရှိရွှယ် ခေါင်းခါလိုက်သည်။ သူသည် ရာဇ၀တ်သား အများအပြားကို တွေ့ဖူးပြီး ၎င်းတို့ထဲတွင် ဉာဏ်ရည်မြင့်မားသူဟူ၍ အလွန်နည်းပါးလှသည်၊ အဘယ်ကြောင့်ဆိုသော် ဉာဏ်ရည် အမှန်တကယ် မြင့်မားသူများသည် ရာဇ၀တ်မှုကျူးလွန်ခြင်းထက် စည်းမျဉ်းများအတွင်းမှ ငွေရှာခြင်းက ပို၍ အကျိုးအမြတ်များကြောင်း နားလည်ကြသောကြောင့်ပင်။
“ကျွန်တော်တောင် အချိန်ခရီးသွားနိုင်တာပဲ၊ တခြားလူတွေရဲ့ ဦးနှောက်တွေကလည်း ထူးဆန်းတဲ့ စွမ်းရည်တွေအဖြစ် ပြောင်းလဲသွားနိုင်တာပဲလေ”
ရှုဟွမ်က အရာရှိရွှယ်ကို အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ကျွန်တော့်ကို ဒေါက်တာကောင်းရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို သွားကြည့်ခွင့်ပေးနိုင်မလား”
“ခန္ဓာကိုယ်ကတော့ ပြဿနာမရှိပေမဲ့ ဦးနှောက်ကတော့ မရဘူး၊ သူ့ဦးနှောက်ထဲမှာ တောအုပ်ရဲ့ မျိုးစေ့တွေနဲ့ အမှန်တရားရဲ့ အစိတ်အပိုင်းအချို့ ရှိနေလို့ ဒါကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတာ”
အရာရှိရွှယ်က လက်ကာပြရင်း ငြင်းဆိုလိုက်သည်။
“ကျွန်တော် ဒေါက်တာကောင်းနဲ့ ဦးနှောက်ချိတ်ဆက်ဖို့ ကြိုးစားကြည့်ချင်လို့ပါ၊ တကယ်လို့ ကျွန်တော် သူနဲ့ ချိတ်ဆက်နိုင်ရင် ကျွန်တော်နားလည်နိုင်...”
“ဒါကို လုံးဝစဉ်းစားမနေနဲ့”
အရာရှိရွှယ်က ရှုဟွမ်ကို စကားဆုံးအောင် ပြောခွင့်မပေးပေ။
“သူ့ဦးနှောက်က တောအုပ်ရဲ့ စုပေါင်းအသိစိတ်ကြောင့် ပျက်စီးနေပြီ၊ လုံးဝပြိုလဲမသွားခင် နောက်ထပ် တစ်ကြိမ်ပဲ ဦးနှောက်ချိတ်ဆက်လို့ ရတော့တာ၊ ရဲချုပ်က ဒီအခွင့်အရေးကို မင်းကို ဘယ်လိုလုပ် ပေးမှာလဲ၊ မင်းတို့ လူ့အခွင့်အရေးကော်မတီက တောအုပ်ရဲ့ အဓိကလူနာရဲ့ ဦးနှောက်ကို သိမ်းထားတာ မဟုတ်လား၊ အဲ့ဒီဦးနှောက်က သုံးကြိမ်လောက် ချိတ်ဆက်လို့ ရသေးတယ်လေ၊ မင်းရဲ့ ယောက္ခမကိုပဲ အဲ့ဒါရအောင် တောင်းခိုင်းလိုက်ပါလား”
“တကယ်မဖြစ်နိုင်တော့ဘူးလား”
ရှုဟွမ်မှာ လက်မလျှော့ချင်သေးပေ။ ရိုးရိုးသားသား ပြောရလျှင် ဒေါက်တာကောင်းမှာ သံသယဖြစ်စရာအကောင်းဆုံးသူဟု သူထင်မြင်ထားခဲ့သော်လည်း ယခုအခါ တစ်ဖက်လူက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ငါ အခု မင်းကိုသတ်ပေးလိုက်ပြီး တခြားအချိန်ကာလတွေကို ကူးပြောင်းခိုင်းဖို့ အခွင့်အရေးရှိမရှိ သွားကြည့်ခိုင်းရမလား”
အရာရှိရွှယ်သည် ရှုဟွမ်ပြောသည်များကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သွားပုံရသည်။ သူသည် စားပွဲပေါ်မှ စာရွက်စာတမ်းများကို အိတ်ထဲသို့ ထိုးထည့်လိုက်သည်။
“မင်း နောက်ထပ် ဘာတွေလုပ်ဖို့ အစီအစဉ်ရှိလဲ၊ ဒါမှမဟုတ် ဘယ်သူ့ကို အရင်စုံစမ်းမလဲ”
ရှုဟွမ်သည် အတော်ကြာစဉ်းစားပြီးမှ မော့ကြည့်လာသည်။
“ရှစ်ရှစ်”
“ဘာလို့ သူလဲ”
အရာရှိရွှယ်သည် ရှစ်ရှစ်၏ အခြေအနေမှာ အလွန်ထိလွယ်ရှလွယ် ဖြစ်သည်ဟု ခံစားရသည်။ တစ်ဖက်လူသည် ရှင်းလုရှိ ပုံပျက်ပန်းပျက်ဖြစ်နေသူများ အားလုံး၏ ကိုယ်စားလှယ် ဖြစ်နေသည်။ တစ်ချက်လွဲချော်ပါက အခြေအနေတစ်ခုလုံးကို ထိခိုက်သွားနိုင်ပေသည်။
“အမှတ် (၁) ပြန်လည်သန်စွမ်းရေး ဆေးရုံအုပ်ကြီးကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး၊ ဆေးရုံကြီးက တောအုပ်ရဲ့ ကျူးကျော်တာခံရပြီး မီးလောင်မှုကြောင့် အကြီးအကျယ် ပျက်စီးသွားတာတောင် သူ ပေါ်မလာဘူး၊ ဒါက ယုတ္တိမရှိဘူး၊ ကျွန်တော့်ယောက္ခမကလည်း ဆေးရုံအုပ်ကြီး ဘယ်မှာရှိလဲဆိုတာကို မမေးဖို့ သတိပေးထားတယ်၊ သူ့မျက်လုံးထဲမှာ ကျွန်တော်ရော သူ့သမီးရောက ဆေးရုံအုပ်ကြီးလောက် အရေးမပါဘူး”
ရှုဟွမ်က ခါးသီးစွာ ပြုံးလိုက်သည်။
“ခင်ဗျားတို့ရဲ့ ရဲချုပ်ဆီ ချဉ်းကပ်ဖို့ကလည်း ပိုခက်ခဲတယ်၊ ဒါကြောင့် မစ္စတာရှစ်ရှစ်က စတင်ဖို့ အကောင်းဆုံးပဲ၊ ပုံပျက်ပန်းပျက် ဖြစ်နေသူတွေအပေါ် လူထုရဲ့ မကျေနပ်မှုနဲ့ ကိုယ်ကျင့်တရားကြီးကြပ်ရေးကော်မတီက သူတို့ကို ထောက်ပံ့ပေးနေတဲ့ ကိစ္စတွေကို သုံးပြီး ပြဿနာတစ်ခု ဖန်တီးပြီး မစ္စတာရှစ်ရှစ်ကို စမ်းသပ်ကြည့်လို့ ရတယ်”
ထို့နောက် ရှုဟွမ်က အခြားစာရွက်စာတမ်းတစ်ခု ထုတ်လိုက်သည်။
“ကျွန်တော် ပုံပျက်ပန်းပျက် ဖြစ်နေသူ ၂၇ ယောက်ရဲ့ သတင်းအချက်အလက်တွေကို စုထားတယ်၊ သူတို့က နယ်ပယ်အသီးသီးကို ဖြန့်ကျက်ထားတဲ့ မစ္စတာရှစ်ရှစ်ရဲ့ လက်တံတွေပဲ၊ သူတို့ထဲက တစ်ယောက်က ကျွန်တော်တို့အတွက် ထိုးဖောက်နိုင်မယ့် အပေါက်တစ်ခု ဖြစ်လာလိမ့်မယ်”
စာရွက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အရာရှိရွှယ် ခေါင်းငြိမ့်လိုက်သည်။ ရှုဟွမ်မှာ အချိန်ခရီးသွား တစ်ယောက်ပီပီ ရဲတပ်ဖွဲ့ထက်ပင် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ ရှိနေခဲ့သည်။
“ကျန်တာတွေကိုတော့ အရာရှိရွှယ်ကိုပဲ လွှဲပေးလိုက်ပါမယ်၊ မှတ်ထားပါ၊ ဒေါသကြောင့် ဆုံးဖြတ်ချက် မမှားပါစေနဲ့၊ ပြီးတော့ သေဆုံးချိန်အိမ်ရာဝင်းထဲကို လုံးဝ ခြေမချပါနဲ့၊ ကျွန်တော်တို့ရဲ့ တကယ့် ရန်သူက အဲ့ဒီကူးစက်ရောဂါတွေ မဟုတ်ဘူး၊ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းအောင်းနေတဲ့ ကြောက်မက်ဖွယ် ဖြစ်တည်မှုကြီးတစ်ခုပဲ”
ရှုဟွမ်က ထပ်တလဲလဲ သတိပေးနေလေသည်။ သူသည် အနာဂတ် မြင်ကွင်းများကို အခြေခံ၍ အမျိုးမျိုးတွက်ချက်ထားရာ အရာရှိရွှယ်မှာ အလွန်အရေးကြီးသော ချိတ်ဆက်မှုတစ်ခု ဖြစ်သည်ဟု ယူဆထားသောကြောင့်သာ သူ့ကိုယ်သူဖော်ထုတ်ခံပြီး အရာရှိရွှယ်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ကောင်းပြီလေ”
အရာရှိရွှယ်၏ တုံ့ပြန်မှုက တည်ငြိမ်လှသည်။
“တခြားကိစ္စမရှိတော့ရင် မင်း သွားလို့ရပြီ”
“သွားရမယ်ဟုတ်လား”
ရှုဟွမ်က လက်ခါပြသည်။
“အရာရှိရွှယ်၊ ကျွန်တော် အချိန်ခရီးသွားတစ်ယောက်ဆိုတာကို ထုတ်ပြောခဲ့တာက ခင်ဗျားရဲ့ ယုံကြည်မှုကို အပြည့်အဝရဖို့အတွက်ပါ၊ အခုကစပြီး ကျွန်တော် ခင်ဗျားနဲ့ အတူရှိနေမယ်၊ ထူးခြားတဲ့ အခြေအနေအချို့ကလွဲရင် ခင်ဗျားရဲ့ မြင်ကွင်းကနေ ကျွန်တော် ပျောက်သွားမှာမဟုတ်ဘူး”
“မင်း တကယ် သောက်ရူးလားဟ”
အရာရှိရွှယ်၏ မျက်ခွံများ လှုပ်ခတ်သွားသည်။ သူသည် အရူးတစ်ယောက်နှင့် အတူမနေချင်ပေ။
“ကျွန်တော်က အချိန်မရွေး အသတ်ခံရနိုင်တယ်၊ ခင်ဗျားနဲ့ အတူရှိနေတာက သဲလွန်စအချို့ ရဖို့ ကူညီပေးနိုင်လိမ့်မယ်”
ရှုဟွမ်သည် နှစ်ကြိမ်တိုင်တိုင် အသတ်ခံခဲ့ရပြီးဖြစ်သည်။သူသည် ယခုအခါ သေခြင်းတရားကို မကြောက်ရွံ့တော့ဘဲ ပိုအဓိပ္ပာယ်ရှိရှိ သေဆုံးချင်နေရုံသာ ဖြစ်သည်။
မောင်းထုတ်၍လည်းမရ၊ တုတ်တုတ်လည်းမလှုပ်၊ သေမှာလည်း မကြောက်သည့် ရှုဟွမ်သည် ပလတ်စတာတစ်ခုကဲ့သို့ ဖြစ်နေလေရာ အရာရှိရွှယ်ကို ပို၍ စိတ်တိုစေသည်။
“ခင်ဗျား စိတ်လိုက်မာန်ပါ မလုပ်မိအောင်နဲ့ ထပ်ပြီး ရူးမသွားအောင် ကျွန်တော်စောင့်ကြည့်ပေးမယ်”
ရှုဟွမ်သည် အရာရှိရွှယ်၏ လက်ထိပ်ကို ဆွဲယူ၍ သူ့လက်နှင့် တွဲခတ်ထားချင်နေသည့် ပုံစံမျိုး ဖြစ်နေလေသည်။
“မင်း သဘောပဲ”
အရာရှိရွှယ် စစ်ကြောရေးခန်းထဲမှ ထွက်လာခဲ့ရာ ရှုဟွမ်က နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူ သူ့ရုံးခန်းထဲသို့ ပြန်ရောက်သောအခါ အဝတ်မပါသော မာကြီးကို ထပ်တွေ့လိုက်ရသဖြင့် ခေါင်းကိုက်သွားပြန်သည်။
“ဒါက ဘယ်သူလဲ”
“ကျွန်တော်က ဒေါက်တာကောင်းရဲ့ မြင်းပါ”
“ဒေါက်တာကောင်းရဲ့ မြင်းလား၊ ကြည့်ရတာ တကယ့်ကို ခန့်ညားတာပဲ”
ရှုဟွမ်က အခွင့်အရေးကို အရယူကာ မာကြီးအား အနုပညာလက်ရာတစ်ခုကို လေးစားနေသကဲ့သို့ ချဉ်းကပ်လိုက်သည်။
“မြှောက်ပင့်နေတာပါ မြှောက်ပင့်နေတာပါ၊ ငါက သေဆုံးချိန်အိမ်ရာဝင်းထဲမှာ အတော်လေး ပိန်သွားသေးတယ်လေ”
မာကြီးမှာ အတော်လေး ဂုဏ်ယူနေပုံရသည်။
“တိတ်တိတ်နေကြစမ်း”
အရာရှိရွှယ် ရုံးခန်းတံခါးကို ပိတ်ကာ သူ့ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ရှုဟွမ်ပေးထားသော စာရွက်စာတမ်းများအားလုံးကို ရှေ့တွင် ဖြန့်ခင်းလိုက်သည်။ အခြားတစ်ဖက်တွင်မူ ရဲချုပ်၏ ပြောင်းရွှေ့မိန့် ရှိနေလေသည်။
သူ၏သတင်းပေးမှာ သေဆုံးချိန်အိမ်ရာဝင်းထဲတွင် ပိတ်မိနေပြီး သူ့ကို ကယ်တင်ရန် စောင့်ဆိုင်းနေသည်။ ကိုယ့်ကိုယ်ကိုယ် အချိန်ခရီးသွားဟုခေါ်သော ရှုဟွမ်ကမူ သေဆုံးချိန်အိမ်ရာထဲသို့ ခြေမချရန် တားမြစ်ထားပြီး ထိုနေရာမှ မကောင်းဆိုးဝါးနှင့် သူတို့မှာ ရန်သူများမဟုတ်ကြောင်းနှင့် တင်းမာမှုများကို လျှော့ချစေချင်နေသည်။ ပြဿနာမှာ သေဆုံးချိန်အိမ်ရာထဲမှ မကောင်းဆိုးဝါးကမူ ဘယ်လိုနည်းနဲ့မှ သတ်လို့မရသောသူတစ်ယောက်ကို သတ်ချင်နေခြင်းဖြစ်ပြီး သူတို့ရရှိထားသော အချက်အလက်များအရ ထိုသတ်ချင်နေသောသူမှာ ရှုဟွမ်ဖြစ်နေပြန်သည်။
ဘယ်သူ့ကို ယုံကြည်ရမလဲ။
“ရှုပ်ထွေးလိုက်တာ”
အရာရှိရွှယ် မျက်မှောင်ကြုတ်နေစဉ် ချန်ပင်းနှင့် ရဲအရာရှိအချို့က ရုံးခန်းထဲသို့ ရုတ်တရက် ပြေးဝင်လာကြသည်။
“လောင်ရွှယ်၊ ညီအစ်ကိုတွေစုပြီး အခုချက်ချင်း ထွက်ကြစို့၊ အမှတ် (၁) ပြန်လည်သန်စွမ်းရေး ဆေးရုံက အကူအညီ လိုနေတယ်”
“ဆေးရုံကမီးတွေ အကုန်ငြိမ်းသွားပြီ မဟုတ်လား”
“လူနာတွေ သောင်းကျန်းနေကြတာကွ၊ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း လူနာအတော်များများ ထွက်ပြေးသွားကြပြီ”
ချန်ပင်း၏ မျက်နှာအမူအရာမှာ ထူးထူးခြားခြား လေးနက်နေ၏။
“သေစမ်း၊ အဲ့ဒီထဲမှာ လူသတ်သမား အတော်များများ ပါနေတယ်၊ ဆေးရုံမှာ လူသေဆုံးမှုတွေတောင် ရှိနေပြီ”
အပိုင်း (၈၆၆) လူနာဇီးရိုး
တောအုပ်၏ စုပေါင်းအသိစိတ်သည် အဘယ်ကြောင့် နောက်ဆုံးတွင် အမှတ်(၁) ပြန်လည်သန်စွမ်းရေး ဆေးရုံကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်ကို အရာရှိရွှယ် လုံးဝနားမလည်နိုင်ပေ။ ၎င်းမှာ အဓိကလူနာက ရှင်းလုအပေါ် ကလဲ့စားချေခြင်းလော။ သို့မဟုတ် အခြားဖုံးကွယ်ဝှက်ထားသည့် အကြောင်းရင်းတစ်ခု ရှိနေခြင်းလော။
“လောင်ရွှယ်၊ အမြန်လုပ်”
ဥသြသံများ ဆူညံပွက်လောရိုက်နေသည်။ အရာရှိရွှယ်မှာ တစ်ညလုံး နားရသေးသည်မဟုတ်ပေ။ ဆေးရုံတွင် ပြဿနာတက်နေသည်ဟု ကြားသည်နှင့် သူတွန့်ဆုတ်မနေတော့ဘဲ အပေါ်အကျီကို ကောက်စွပ်ကာ ရုံးခန်းထဲမှ ဝုန်းခနဲ ပြေးထွက်လာခဲ့သည်။
အသုံးအဆောင်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် အရာရှိရွှယ်သည် ကားမောင်းသူနေရာတွင် ထိုင်လိုက်သော်လည်း ကားကို ချက်ချင်း စက်မနှိုးသေးပေ။ သူ့နဖူးပေါ်တွင် သွေးကြောများ ထောင်တက်လာသည်။
“မင်းတို့နှစ်ယောက်ဆင်းပြီး ရဲစခန်းမှာပဲ နေခဲ့လို့မရဘူးလား”
နောက်ခန်းတွင် ထိုင်နေသော ရှုဟွမ်က သူနှင့် မာကြီး၏ ထိုင်ခုံခါးပတ်များကို ကျွမ်းကျင်စွာ ပတ်လိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့ မြင်ကွင်းထဲမှာပဲ ရှိနေရမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က အချိန်မရွေး သေသွားနိုင်လို့ပဲ၊ ခင်ဗျားက သက်သေအဖြစ် ရှိနေပေးရမယ်၊ ပြီးတော့ ကျွန်တော်သေပြီးရင် လူသတ်သမားကို ဖမ်းပေးရမယ်”
“ကျွန်တော်ကတော့ မြင်းတစ်ကောင်ပါပဲ”
“ယီးပဲ”
အရာရှိရွှယ် စတီယာရင်ကို အားရပါးရထုချလိုက်ပြီး ကားစက်နှိုးကာ တခြားရဲအရာရှိများကိုပင် ဂရုမစိုက်တော့ဘဲ တစ်ဦးတည်း မောင်းထွက်လာခဲ့တော့သည်။
ရင်ခွဲရုံရိပ်သာလမ်းမှာ အတော်အတန် ရှင်းလင်းသွားပြီဖြစ်ရာ အလောင်းများ သို့မဟုတ် “သစ်ပင်အကြွင်းအကျန်များ” ကို မတွေ့ရတော့ပေ။ ထူထပ်သော မီးခိုးငွေ့များ လွင့်စင်သွားပြီဖြစ်သည်။ လမ်းမပေါ်တွင် ကြောင်တောင်တောင် ရပ်နေကြသူများ၏ အရေအတွက်မှာလည်း သိသိသာသာ လျော့နည်းသွားသည်။
ရင်ခွဲရုံရိပ်သာလမ်းမှ မောင်းထွက်လာသောအခါ အရာရှိရွှယ်သည် အမှတ်(၁) ပြန်လည်သန်စွမ်းရေး ဆေးရုံအပြင်ဘက်ရှိ ရဲတပ်ဖွဲ့၏ အတားအဆီးတိပ်များကို အဝေးမှလှမ်းမြင်နေရသည်။ ထိုဧရိယာကို ပိတ်ဆို့ထားပြီး လူနာတင်ကားများက လူနာများနှင့် ဒဏ်ရာရသူများကို အခြားဆေးရုံများသို့ ပို့ဆောင်ပေးနေကြသည်။
မီးက ငြိမ်းသေသွားပြီ ဖြစ်သည်။ သို့သော်လည်း ဆေးရုံ၏ ဖြူလွလွနံရံများကား မည်းညစ်နေခဲ့ပြီ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ပေါက်ကွဲသံများနှင့် အော်ဟစ်သံများကို ကြားနေရဆဲပင်။ ပြန်လည်သန်စွမ်းရေး လူနာဆောင်၏ အမြင့်ဆုံးနေရာမှ ရံဖန်ရံခါ လူတစ်ယောက် သစ်ရွက်တစ်ရွက်ကဲ့သို့ ပြုတ်ကျလာတတ်ပြီး မြေပြင်ပေါ်တွင် ရက်စက်လှသော ပန်းပွင့်သဏ္ဌာန် အမှတ်အသားတစ်ခုကို ချန်ရစ်ခဲ့သည်။
“အထူးကြပ်မတ်ကုသဆောင်က အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေပြီ၊ ဆက်သွယ်ရေးတွေ အကုန် ပြတ်တောက်နေတာ၊ လူနာအတော်များများ ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေ ရထားကြပြီး သေဆုံးသူအရေအတွက်ကလည်း ဆက်တိုးနေတုန်းပဲ”
“မင်းတို့ ဘာကို စောင့်နေကြတာလဲ၊ စစ်ကူတွေ ခေါ်လိုက်၊ ထိုးဖောက်ဝင်ကြ”
ရှင်းလုသည် ယဉ်ကျေးမှုနှင့် လူ့အခွင့်အရေးကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မြို့ဖြစ်သည်။ မြို့သားများက ၎င်းကို ခေတ်မီလူ့အဖွဲ့အစည်း၏ စံပြမြို့တော်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ မည်သည့် အခြေအနေမျိုးတွင်မဆို အကြမ်းဖက်မှုကို အားမပေးခဲ့သော်လည်း ယခုမူ ထူးခြားသောအခြေအနေ ဖြစ်နေသည်။
ရောဂါအခြေအနေ သိပ်မပြင်းသော လူနာများကို တိုက်ရိုက်ဆေးရုံဆင်းခွင့်ပေးပြီး စိုးရိမ်ရသူများကိုမူ တခြားနေရာသို့ ပြောင်းရွှေ့ပေးသည်။ ပတ်ဝန်းကျင်ကို ရှင်းလင်းပြီးနောက် တရားစီရင်ရေး အာဏာပိုင်များ၏ ထိန်းချုပ်မှုအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များသည် အဓိက အဆောက်အဦးအတွင်းသို့ ဝင်ပေါက်အမျိုးမျိုးမှ ဝင်ရောက်သွားကြသည်။ သေနတ်သံများ ထွက်ပေါ်လာပြီး ပဋိပက္ခမှာ ပြင်းထန်လာတော့သည်။
“မင်းတို့နှစ်ယောက် ကားထဲမှာပဲ နေခဲ့”
အရာရှိရွှယ်သည် သူ၏သေနတ်နှင့် ကျည်ကာအင်္ကျီကို စစ်ဆေးလိုက်သည်။ သူ ကားတံခါး ဖွင့်လိုက်သောအခါ မာကြီးနှင့် ရှုဟွမ်မှာ အပြင်ဘက်တွင် သူ့ကို စောင့်နေကြပြီ ဖြစ်သည်။ သူတို့မှာ အလွန်နာခံမှုရှိကြသည်။ အဆိုးဆုံး ဖြစ်နိုင်ခြေမှာ သေဆုံးခြင်းသာ ဖြစ်သည်။ ရှုဟွမ်က ယင်းကို လုံးဝ ဂရုမစိုက်ပေ။ မာကြီးကား မြင်းတစ်ကောင်သာ ဖြစ်သည်။
“ဝုန်း”
ဆေးရုံ အဓိကအဆောက်အဦးထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ခြောက်လွှာရှိ မှန်များအားလုံး ကွဲကြေသွား၏။ မီးလျှံများသည် အသက်ရှင်နေသော လူများကို ဝါးမြိုနေသည့် ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ အပြင်သို့ ပန်းထွက်လာတော့သည်။
“ဆေးရုံထဲမှာ လူနာတချို့တလေလောက်ပဲ ရှိတော့တာကို ဘာလို့ ဒီလောက်ရှုပ်ထွေးနေရတာလဲ”
မာကြီးသည် ဗိုက်နည်းနည်း ဆာနေပုံရပြီး မည်းမှောင်နေသော အဆောက်အဦးကို ကြည့်ကာ လုံးဝ ဝေခွဲမရ ဖြစ်နေလေသည်။
အရာရှိရွှယ်၏ အမူအရာမှာ တည်ကြည်လေးနက်နေသည်။ ကွပ်ကဲရေးယာဉ်ကို သူရှာတွေ့သွားသည်။ စစ်ဆင်ရေး တာဝန်ခံသည် စခရင်တစ်ခုရှေ့တွင် မတ်မတ်ရပ်နေပြီး စခရင်ပေါ်ရှိ ရဲချုပ်၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းခြင်းကို ခံနေရသည်။
“အကြီးအကဲလား”
“*&$% အရာရှိရွှယ်၊ တပ်မှူးဝမ်နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်ပြီး ဆေးရုံက သောင်းကျန်းမှုကို တစ်နာရီအတွင်း နှိမ်နင်းစမ်း”
“ဟုတ်ကဲ့ပါ ဆရာ”
အရာရှိရွှယ်မှာ မေးခွန်းအချို့ မေးချင်နေသော်လည်း ရဲချုပ်၏ စကားကိုကြားသည်နှင့် မသိစိတ်ဖြင့် အလေးပြုလိုက်မိသည်။
“ဒေါက်တာကောင်းရဲ့ ဦးနှောက်က အရမ်းအရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ၊ အားလုံး တည်ငြိမ်နေဖို့ လိုတယ်၊ အခြေအနေကို ဒီထက်ပိုဆိုးရွားမသွားစေနဲ့၊ လုံးဝခွင့်မပြုဘူး”
ရဲချုပ်သည် အရာရှိရွှယ်အပေါ် လုံးလုံးလျားလျား စိတ်မချသော်လည်း အရာရှိရွှယ်မှာ အမှန်တကယ် အရည်အချင်းရှိသူဖြစ်ရာ ပြဿနာတက်လာသည့်အခါ သူ့ကိုသာ အားကိုးရမည် ဖြစ်သည်။
ဗီဒီယိုကော ပြီးဆုံးသွားသောအခါ တပ်မှူးဝမ်မှာ သူ၏စကားပြောစက်ကို ထုတ်၍ ဆဲရေးတိုင်းထွာ လိုက်တော့သည်။ သူသည် အလွန်ပြင်းထန်သော ဖိအားများကို ခံစားနေရခြင်းဖြစ်သည်။
“လောင်ဝမ်၊ ဆေးရုံ အဓိကအဆောက်အဦးထဲမှာ အခြေအနေ ဘယ်လိုရှိလဲ၊ ခုနက ပေါက်ကွဲသံက ဘာလဲ”
“ငတုံးတစ်သိုက်ပဲ၊ မင်းတို့ နာရီဝက်အတွင်း အထဲကို မထိုးဖောက်နိုင်ရင် ပြန်မလာခဲ့နဲ့တော့”
စကားပြောစက်ကို ချလိုက်သည်။ တပ်မှူးဝမ်၏ မျက်လုံးများက ရဲရဲနီနေလေသည်။ သူ အိပ်မပျော်သည်မှာ ကြာလှပြီ ဖြစ်သည်။
“အဖွဲ့ခေါင်းဆောင်ရွှယ်၊ ဒီမြင်ကွင်းတွေကို ပြမိလို့ စိတ်မကောင်းပါဘူး၊ ဒီဆေးရုံရဲ့ အခြေအနေက အရမ်းရှုပ်ထွေးနေတာ၊ VIP လူနာဆောင်တွေမှာ အဆင့်မြင့်လူနာတွေ ရှိနေရုံတင်မကဘဲ ရှားပါးတဲ့ စိတ်ဝေဒနာနမူနာတွေလည်း ရှိနေသေးတယ်၊ ငါတို့က သူတို့ကို တစ်မျိုးစီ ကိုင်တွယ်ရနေတယ်၊ တစ်ယောက်ယောက်ကို အမှတ်မထင်သတ်မိရင်တောင် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်”
“ဖောက်ခွဲရေးပစ္စည်းတွေတောင် သုံးနေပြီးတော့ မတော်တဆဒဏ်ရာရမှာကို စိုးရိမ်နေသေးတာလား”
“အဲ့ဒီ ပေါက်ကွဲမှုက ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ အဆောက်အဦးထဲက လူနာတွေနဲ့ ဆရာဝန်တွေကြောင့် ဖြစ်တာ”
တပ်မှူးဝမ်က အကူညီမဲ့စွာ ပြောလိုက်သည်။
“ဆရာဝန်ဟုတ်လား”
အရာရှိရွှယ် အံ့ဩသွားသည်။
“ဆရာဝန်က ဘာလို့ မင်းတို့ကို ပေးမဝင်တာလဲ”
“ငါလည်း အဲ့ဒါကိုပဲ စဉ်းစားနေတာ၊ အမှတ် (၁) ပြန်လည်သန်စွမ်းဆေးရုံရဲ့ တာဝန်ခံကို အကြိမ်ကြိမ် ဖုန်းဆက်ပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိဘူး၊ ရဲချုပ်ကတော့ ဆေးရုံအုပ်ကြီးနဲ့ စကားပြောမယ်လို့ ပြောတာပဲ၊ ဒါပေမဲ့ ဆေးရုံအုပ်ကြီးက ပျောက်သွားပြီ ထင်တယ်”
တပ်မှူးဝမ်က အရာရှိရွှယ်ထံသို့ အသုံးအဆောင်ပစ္စည်းအချို့ ကမ်းပေးလိုက်သည်။
“အဖွဲ့ခေါင်းဆောင်ရွှယ်၊ ငါ့လူတွေက အတွေ့အကြုံ မရှိကြသေးဘူး၊ မင်းပဲ အဖွဲ့ကို ဦးဆောင်ပြီး ကိုယ်တိုင်သွားကြည့်ပေးမှ ဖြစ်မယ်”
“ကောင်းပြီ”
အရာရှိရွှယ်သည် ကျည်ကာအင်္ကျီကို ဝတ်လိုက်ပြီး နောက်ထပ်နှစ်ထည်ကို ရှုဟွမ်နှင့် မာကြီးထံ ပစ်ပေးလိုက်သည်။
“အပြင်မှာပဲ စောင့်နေကြ၊ နောက်က လိုက်မလာနဲ့”
သေနတ်ကို လက်နှစ်ဖက်ဖြင့် ခိုင်မြဲစွာဆုပ်ကိုင်ထားသော အရာရှိရွှယ်၏ လှုပ်ရှားမှုများမှာ အပြစ်ပြောစရာ မရှိပေ။ သူသည် သူ့နောက်မှ ရဲအရာရှိများကို ဦးဆောင်ကာ အဓိက အဆောက်အဦးထဲသို့ တိုက်ရိုက် ဝင်ရောက်သွား၏။ ရှုဟွမ်နှင့် မာကြီးတို့ကမူ နောက်မှ ကပ်လိုက်လာကြသည်။ သူတို့ကို ကန်ထုတ်၊ ရိုက်ထုတ်သော်လည်း မောင်းထုတ်မရပေ။
ဆေးရုံ အဓိကအဆောက်အဦးတွင် ၁၄ ထပ် ရှိပေသည်။ အောက်ဘက် ၁၀ ထပ်ကို ရှင်းလင်းပြီးပြီ ဖြစ်သည်။ အခက်ခဲဆုံးမှာ အပေါ်ဆုံး ၄ ထပ် ဖြစ်ပြီး ၎င်းတို့မှာ သီးခြားခွဲထားသော လူနာဆောင်များ ဖြစ်ကြသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဒဏ်ရာရ ရဲအရာရှိများကို တွေ့လာရသည်။ သူတို့၏ ယူနီဖောင်းများမှာ စုတ်ပြဲနေပြီး ဒဏ်ရာများမှာလည်း သွေးဖြင့် ချင်းချင်းနီနေသည်ကို မြင်ရသဖြင့် အရာရှိရွှယ်၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ သူသည် သေနတ်ကို ကိုင်၍ ရှေ့ဆုံးမှ လျှောက်လှမ်းလိုက်သည်။
“လူ့အခွင့်အရေး ကော်မတီရဲ့ တားမြစ်ချက်တွေနဲ့ ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေကို ဂရုမစိုက်နဲ့တော့၊ အန္တရာယ်ရှိတဲ့ အပြုအမူ လုပ်တဲ့သူမှန်သမျှကို ပစ်သတ်လိုက်ကြ၊ တစ်ခုခု မှားယွင်းသွားရင် ငါနဲ့ တပ်မှူးဝမ် တာဝန်ယူတယ်”
ပြတ်သားပြီး လျင်မြန်လှသော အရာရှိရွှယ်သည် သူ့ကို လာရောက်တိုက်ခိုက်သော လူနာတစ်ဦးကို တွေ့သည်နှင့် ပထမဆုံး စတင်ပစ်ခတ်လိုက်တော့သည်။ ရှုဟွမ်မှာ ခေါင်းခါနေသော်လည်း အရာရှိရွှယ်ကမူ ထိုတားဆီးမှုများကြားမှပင် လူသတ်ပွဲကြီးကို ဆင်နွှဲတော့သည်။ ယင်းက သေဆုံးချိန်အိမ်ရာထဲတွင် မဟုတ်ဘဲ အမှတ်(၁) ပြန်လည်သန်စွမ်းရေး ဆေးရုံအတွင်း၌ပင် ဖြစ်သည်။
ပစ်ခတ်ခွင့် ရရှိသွားခြင်းနှင့် အတွေ့အကြုံရှိသော အရာရှိရွှယ်၏ အဆောက်အဦးအတွင်းမှ တိုက်ရိုက် ကွပ်ကဲမှုကြောင့် ရဲအရာရှိများသည် လမ်းကြောင်းနှစ်ခုမှ လျင်မြန်စွာ ထိုးဖောက်နိုင်ခဲ့ကြသည်။ သူတို့သည် ထူထပ်နေသော မီးခိုးငွေ့များနှင့် မီးလောင်နေသော အတားအဆီးများကို ဖြတ်ကျော်ကာ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားကြသည်။
“ပြောစမ်း၊ မင်းတို့က ဘာလို့ ငါတို့ရဲ့ သက်သေစုဆောင်းမှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင့်ယှက်နေတာလဲ”
အရာရှိရွှယ်က ဆရာဝန်တစ်ဦး၏ လည်ပင်းကို ဆွဲညှစ်လိုက်သည်။ ထိုဆရာဝန်၏ မျက်မှန်မှာ တစ်ခြမ်းကျိုးနေပြီး မျက်နှာတွင်လည်း မီးလောင်ဒဏ်ရာများ ရှိနေလေသည်။သူသည် တစ်ခါတစ်ရံတွင် သတိရှိနေသလို တစ်ခါတစ်ရံတွင်မူ ရယ်မောနေတတ်သည်။ အဆောက်အဦးထဲတွင် အရာရှိရွှယ်တွေ့ခဲ့ရသော လူနာအတော်များများမှာလည်း သူနှင့် ဆင်တူကြသည်။
“ကယ်ဆယ်ရေးလား၊ ဖျက်ဆီးဖို့ပဲသိတဲ့ မင်းတို့လို အရူးတစ်သိုက်ကများ၊ ငါတို့ လုပ်နေတာကမှ ကယ်ဆယ်ရေးအစစ်ကွ၊ ငါတို့က ဒီကမ္ဘာပေါ်က လူတိုင်းကို ကယ်တင်နေတာပဲ”
ထိုဆရာဝန်၏ လည်ပင်းတွင် ဝန်းထမ်းကတ်ပြားမှာ ချိတ်ဆွဲလျက်ရှိနေဆဲပင်။ သူ့ရာထူးသည် အရာရှိရွှယ် ယခင်ကတွေ့ဖူးသည့် ဒေါက်တာပုထက် ပိုမြင့်ပြီး ပြန်လည်သန်စွမ်းရေးဆေးရုံ၏ အဓိက စီမံခန့်ခွဲသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။
“ကုသမှုတွေက သူ့ကို တုံးအသွားအောင် လုပ်လိုက်တာလား”
အရာရှိရွှယ် လက်ကို လွှတ်ပေးလိုက်ပြီး ရှေ့သို့ ဆက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ဆရာဝန်က သူ့ခြေထောက်ကို ချက်ချင်း ဖမ်းဆွဲလိုက်သည်။
“လွှတ်စမ်း”
“ဟိုဘက်ကို မသွားနဲ့၊ သူ့ကို သွားမနှောင့်ယှက်နဲ့၊ သူက ဒီကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နေတာ”
“သူ့ကို ဆွဲထုတ်သွားကြစမ်း၊ လက်ထိပ်ခတ်ထားလိုက်”
အရာရှိရွှယ်သည် ထိုဆရာဝန်ကို ကန်ထုတ်လိုက်ပြီး ၁၄ ထပ်ရှိ ကော်ရစ်ဒါအတိုင်း လျှောက်သွားလိုက်သည်။ ဤအထပ်သည် အထူးလူနာဆောင်များဖြင့် ပြည့်နှက်နေပြီး အံ့ဩစရာ ကောင်းသည်မှာ ဆေးရုံအုပ်ကြီး၏ ရုံးခန်းမှာလည်း ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။ ပြန်လည်သန်စွမ်းရေးဆေးရုံ၏ လျှို့ဝှက်ဆန်းပြားသော ဆေးရုံအုပ်ကြီးမှာ ဤကဲ့သို့သော အထူးခြားဆုံး အရူးများအကြားတွင် နေထိုင်ရသည်ကို နှစ်သက်ပုံရသည်။
“ဒါက ဆေးရုံအုပ်ကြီးကို သိခွင့်ရမယ့် အခွင့်အရေးကောင်းပဲ”
ရှုဟွမ်မှာလည်း စိတ်ဝင်တစား ရှိလာသည်။
သူတို့ လူနာဆောင်များကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့ကြသည်။ အထူးလူနာဆောင် အတော်များများမှာ ဗလာဖြစ်နေပေသည်။ စိုးရိမ်ရသော လူနာများမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း ထွက်ပြေးသွားကြပြီ ဖြစ်သည်။ သူတို့ ကော်ရစ်ဒါ၏ အနက်ရှိုင်းဆုံးနေရာအထိ လျှောက်လာခဲ့ကြရာ နံပါတ် (၀) ဟု မှတ်သားထားသော လူနာဆောင်တစ်ခုကို တွေ့လိုက်ရသည်။
သူတို့ တံခါးကို အတင်းအဓမ္မ တွန်းဖွင့်လိုက်ကြသည်။ ထိုလူနာဆောင်ထဲတွင် လက်ဖြင့် ပြုလုပ်ထားသော အနက်ရောင်သေတ္တာလေးများဖြင့် ပြည့်နှက်နေလေသည်။ အခန်းထဲမှ အသံတစ်ခု ခပ်တိုးတိုး ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
“မပြည့်စုံသေးဘူး၊ အခုထိ မပြည့်စုံသေးဘူး”