အခန်း (၈၆၇-၈၆၈)
Vol. 60 Ch. 867-868
အပိုင်း (၈၆၇) မှားယွင်းနေသော ကမ္ဘာကြီး
အရာရှိရွှယ်သည် ကြမ်းပြင်ပေါ်ရှိ အနက်ရောင်သေတ္တာများကို ကန်ထုတ်ရင်း သေနတ်ကိုအသင့်ပြင်လိုက်သည်။ သူ့အဖွဲ့ကို ဦးဆောင်၍ လူနာဆောင်ထဲသို့ တိုးဝင်သွား၏။
သွေးညှော်နံ့များမှာ လူနာဆောင်ထဲရှိ အရာတစ်ခုခုကို ရိုက်ခတ်သွားသော မမြင်ရသည့် လှိုင်းလုံးကြီးသဖွယ်ဖြစ်နေပုံရသည်။ ဝေါခနဲအသံနှင့်အတူ အနက်ရောင်သေတ္တာများ ကြမ်းပြင်ပေါ်သို့ ပြိုကျကုန်၏။ အခန်းအလယ်ရှိ ကုတင်ပေါ်တွင်မူ အရာရှိရွှယ်သည် လူသားနှင့်မတူဘဲ လူသားနှင့်မတူစွာ ပြည့်စုံလွန်းနေသည့် ကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။
သူသည် အသက်ဆယ်နှစ်ခန့်ရှိပြီး အပြစ်ပြောစရာမရှိအောင် ချောမောလှပလွန်းနေသည်။ သူ့ကိုဖော်ပြရန် စကားလုံးရှာရမည်ဆိုပါက “နတ်ဘုရား” ဟူသော စကားလုံးက ပို၍သင့်တော်မည်ဟု အရာရှိရွှယ် ခံစားလိုက်ရသည်။
အနက်ရောင်သေတ္တာများဖြင့် ပြုလုပ်ထားသော နံရံများ ပြိုကျသွား၏။ ကုတင်ဘေးတွင် အနက်ရောင်သေတ္တာသဏ္ဌာန် ပြုလုပ်ထားသော စက်ကိရိယာများရှိနေပြီး ၎င်းတို့ထံမှ မရေမတွက်နိုင်သော အနက်ရောင်ပိုက်လိုင်းပေါင်းများစွာ သွယ်တန်းထားလေသည်။ ထိုကောင်လေးမှာ စက်ကိရိယာအားလုံး၏ ဗဟိုချက်တွင် ရှိနေခြင်းဖြစ်သည်။
“ကိုင်ထားတာတွေကို ချလိုက်၊ လက်ကို ခေါင်းပေါ်တင်ထား”
အရာရှိရွှယ် အော်ဟစ်လိုက်သော်လည်း ထိုကောင်လေးက သူ့ကိုလျစ်လျူရှုထားပြီး သူ့လက်ထဲရှိ မျက်နှာပြင်ပေါင်းများစွာပါသော ရုဘစ်ကျူ့ (Rubik’s Cube) တစ်ခုကိုသာ လှည့်နေလေသည်။
(TL note -Rubik’s Cube ကို တော်တော်များများ သိလောက်မှာပါနော်၊ ဒေါင်လိုက်သုံးတန်း အလျားလိုက်သုံးတန်းနှင့် မျက်နှာပြင်ခြောက်ခုပါတဲ့ ကုဗတုံးလေးပါ)
“ပြီးတော့မှာကို... နှမြောစရာပဲ”
ရဲများက အနက်ရောင်သေတ္တာများကို နင်းခြေနေကြသော်လည်း ထိုကောင်လေးမှာ ရုဘစ်တုံးဖြင့် ပုံစံကွက်တစ်ခုကို ဖြည်းဖြည်းချင်း ဖော်စပ်နေဆဲပင်။ ရုဘစ်တုံး၏ မျက်နှာပြင်တစ်ခုစီတွင် ရှင်းလု၏ မြေပုံတစ်ခုစီရှိနေပြီး တစ်ခုနှင့်တစ်ခု အနည်းငယ်စီ ကွဲပြားနေကြသည်။
အချို့ ရှင်းလုများမှာ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသည့် လူသူကင်းမဲ့သော အပျက်အစီးများ ဖြစ်နေပြီး၊ အချို့မှာမူ နည်းပညာများ လျင်မြန်စွာတိုးတက်ပြီး စမတ်စီးတီးများအဖြစ် တည်ဆောက်ထား၏။ အချို့သော ရှင်းလုများမှာမူ အရူးများဖြင့် ပြည့်နှက်နေပြီး အစွန်းရောက်အုပ်စုများကို နေရာအနှံ့တွေ့မြင်နေရသည်။
“သူ့ကို ထိခိုက်အောင်မလုပ်ပါနဲ့၊ သူ့ကို နာကျင်အောင် မလုပ်ပါနဲ့”
အရာရှိရွှယ် လက်ထိပ်ခတ်ထားခဲ့သော ဆရာဝန်မှာ ကော်ရစ်ဒါထဲမှနေ၍ အော်ဟစ်လိုက်သည်။ အခြားထိန်းသိမ်းခံထားရသည့် ဆရာဝန်များကလည်း ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
နောက်ဆုံးမျက်နှာပြင်ကို အပြီးသတ်တော့မည့်အချိန်မှာပင် ရုဘစ်တုံးမှာ အကြိမ်ပေါင်းများစွာ အရှိန်ပြင်းပြင်း လှည့်ပတ်မှုကို မခံနိုင်တော့ဘဲ “ဂျွတ်” ခနဲ အသံနှင့်အတူ ကောင်လေး၏လက်ထဲတွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။ အနက်ရောင်တုံးငယ်လေးများက ဖြူလွလွ ဆေးရုံကုတင်ပေါ်သို့ လွင့်စင်ကျကုန်တော့သည်။
“ရှင်းလုက... မပြည့်စုံသေးပါလား”
ကောင်လေးသည် ရုဘစ်တုံးအပိုင်းအစများကို ကြောင်စီစီ စိုက်ကြည့်နေမိသည်။
“ကလေး... မင်းနာမည်ဘာလဲ”
အရာရှိရွှယ်သည် နည်းနည်းလေးမျှ ပေါ့ဆဝံ့ခြင်းမရှိဘဲ သေနတ်ကို ကောင်လေး၏ ဦးခေါင်းဆီသို့သာ ချိန်ရွယ်ထားသည်။
“ငါ့မှာ နာမည်မရှိဘူး၊ ငါ့နံပါတ်က (၀) ပဲ”
ကောင်လေးမှာ သတိပြန်ဝင်လာပုံရသည်။ သူသည် ကုတင်ပေါ်တွင် ထိုင်နေရင်း အရာရှိရွှယ်နှင့် ပတ်ဝန်းကျင်ရှိ ရဲများကို လုံးဝအေးဆေးစွာ ကြည့်ရှုလိုက်သည်။ သူ့အကြည့်များသည် သူတို့နှင့် မျိုးစိတ်ချင်းပင် မတူသကဲ့သို့ ပိုမိုမြင့်မားသော ဒိုင်မန်းရှင်းတစ်ခုပေါ်တွင် ရပ်နေရင်း သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေသည့်အလားပင်။
“အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံမှာ ရောဂါပိုပြင်းထန်လေလေ အပေါ်ထပ်မှာ ထားလေလေပဲ၊ မင်းက အပေါ်ဆုံးထပ်က အနက်ရှိုင်းဆုံးနေရာမှာဆိုတော့ ဒီဆေးရုံမှာ ရောဂါအပြင်းဆုံးလူ ဖြစ်ရမယ်”
အရာရှိရွှယ်သည် တစ်ဖက်လူ၏ ရုပ်ရည်ကို ကြည့်ပြီး အယုံအကြည်မရှိပေ။
“မင်းရဲ့ တာဝန်ခံဆရာဝန်က ဘယ်သူလဲ၊ မင်းမှာ ဘာရောဂါရှိတာလဲ၊ ဖုံးကွယ်ဖို့ မကြိုးစားနဲ့”
“ငါက နေမကောင်းဖြစ်နေတာမှ မဟုတ်တာ၊ ဘာလို့ တာဝန်ခံဆရာဝန် ရှိရမှာလဲ၊ တကယ်လို့ ငါစကားအပြောရဆုံးလူကို မေးတာဆိုရင်တော့ အသိပညာကြွယ်ဝပြီး စူးစမ်းတတ်တဲ့ ဆေးရုံအုပ်ကြီး ဖြစ်လိမ့်မယ်”
အရာရှိရွှယ်နှင့် တံခါးဝရှိ ရှုဟွမ်တို့၏ မျက်နှာပေးတို့မှာ အနည်းငယ် ပြောင်းလဲသွားသည်။ အမြဲတမ်း အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းသော ဆေးရုံအုပ်ကြီးမှာ ဤကောင်လေး၏ စကားထဲတွင် ပါးနပ်သော အဖိုးအိုတစ်ဦး ဖြစ်နေပြီး သူတို့နှစ်ဦးမှာ မကြာခဏ စကားပြောဖြစ်ပုံရသည်။
“ဆေးရုံအုပ်ကြီးက မင်းရဲ့ တာဝန်ခံဆရာဝန်လား၊ သူ ဘယ်ကိုသွားတာလဲ”
ရှုဟွမ်က တံခါးဝမှ အော်မေးလိုက်သည်။ ဆေးရုံအုပ်ကြီးသည် သူ့ကိုသတ်ခဲ့သည့် လူသတ်သမား ဖြစ်နေမည်ကို သူသံသယရှိနေသည်။
“သူ့ကို တခြားကမ္ဘာတစ်ခုဆီ လွှတ်လိုက်ပြီ၊ ဟောဒီ...”
ကောင်လေးက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အနက်ရောင်သေတ္တာများကို ကြည့်လိုက်သည်။
“သေတ္တာတွေထဲက တစ်ခုထဲမှာပေါ့”
“အနက်ရောင်သေတ္တာတစ်လုံးက ကမ္ဘာတစ်ခု ဟုတ်လား၊ မင်းက ရောဂါမရှိတာ မဟုတ်ဘူး၊ ကုလို့မရတော့တာပဲ”
အရာရှိရွှယ်သည် အရူးများနှင့် စကားပြောရသည်ကို မုန်းတီးလှသည်။
“အစောင့်တွေ… သူ့ကို လက်ထိပ်ခတ်လိုက်၊ အားလုံးကို စခန်းကို ခေါ်သွားမယ်”
“သူ့ကို မထိနဲ့၊ သူ့ကို မထိပါနဲ့”
အပြင်ဘက်က ဆရာဝန်များသည် သူတို့၏ အဖေအရင်း အသတ်ခံနေရသကဲ့သို့ ငိုယိုအော်ဟစ်နေကြသည်။ သူတို့မှာ ပုံမှန်အားဖြင့် လေးစားခံရသော ပုဂ္ဂိုလ်များဖြစ်သော်လည်း ယခုမူ ဒူးထောက်တောင်းပန်နေကြသည်။
“အရာရှိရွှယ်၊ ဒါကို ရဲချုပ်ဆီ မေးသင့်လား”
အခြားရဲများလည်း တွေဝေနေကြသည်။ အပေါ်ထပ်ကို တက်လာစဉ်ကပင် သူတို့သည် “ရာဇ၀တ်သား” အတော်များများကို သတ်ခဲ့ပြီးပြီဖြစ်သည်။
“ပြန်လည်သန်စွမ်းရေးဆေးရုံက အထက်လူကြီးတွေက ပြင်ပလူတွေကို ဘယ်တော့မှ ပေးမဝင်ဘူး၊ တောအုပ်မီးက ဒီကို ကူးမလာရင် ကျွန်တော်တို့ ဒီအခွင့်အရေး ရမှာမဟုတ်ဘူး”
ရှုဟွမ်က သတ္တိမွေးပြီး လူနာဆောင်ထဲသို့ ဝင်လာကာ အနက်ရောင်သေတ္တာများကို စူးစမ်းကြည့်သည်။ ၎င်းတို့မှာ သာမန်သေတ္တာများသာ ဖြစ်နေသည်။
“ကောင်လေး၊ မင်းအခန်းထဲမှာ ဘာလို့ သေတ္တာတွေ ဒီလောက်များနေရတာလဲ”
“ငါက အနက်ရောင်သေတ္တာတစ်လုံးကို ရှာနေတာ၊ ဆေးရုံအုပ်ကြီး သိသွားတော့ သူက ငါ့အတွက် အနက်ရောင်သေတ္တာ အမျိုးမျိုးကို စုဆောင်းပေးခဲ့တယ်၊ ဒါပေမဲ့ တစ်ခုမှ ငါရှာနေတာ မဟုတ်ဘူး”
ကောင်လေးက လေးလေးနက်နက် ပြန်ဖြေသော်လည်း အခြားသူများကို ကြည့်သည့် သူ့အကြည့်မှာ ပုရွက်ဆိတ်များကို ကြည့်သကဲ့သို့ အေးစက်လှသည်။
“ခေါင်းဆောင်ရွှယ်၊ ကောင်လေးရဲ့ ဖိုင်ကို တွေ့ပြီဗျ”
ဆေးရုံအပြင်ဘက်တွင် ထိုကောင်လေးနှင့် ပတ်သက်သည့် အချက်အလက် လုံးဝမရှိပေ။ ရဲများက ဆေးရုံအုပ်ကြီး၏ ရုံးခန်းထဲတွင် တွေ့ခဲ့ခြင်းဖြစ်သည်။
နံပါတ် (၀)၏ ဖိုင်ကို ယူလိုက်ရင်း အရာရှိရွှယ်က တွေဝေမနေဘဲ ဆွဲဖွင့်လိုက်သည်။ အထဲတွင် ကောင်လေး၏ ဆေးမှတ်တမ်းများ ရှိနေခဲ့သည်။
ဆေးရုံအုပ်ကြီးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ကောင်လေးကို ဆေးရုံသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။ သူသည် ကောင်လေးကို ကော်ရစ်ဒါ၏ အနက်ရှိုင်းဆုံးနေရာတွင် ပိတ်လှောင်ထားကာ နေ့စဉ် စမ်းသပ်မှုများနှင့် သုတေသနများ ပြုလုပ်ခဲ့သည်။
သုတေသနများပိုမိုပြုလုပ်လေလေ ဆေးရုံအုပ်ကြီး၏ စရိုက်က ပြောင်းလဲလာလေလေ ဖြစ်သည်။ ဆရာဝန်အချို့မှာ နက်နက်ရှိုင်းရှိုင်း သုတေသနပြုလုပ်မှုကြောင့် ရူးပင် ရူးသွားကြသည်။ တစ်နှစ်အကြာတွင် သူတို့ နိဂုံးချုပ်လိုက်ကြသည်။ ဤကောင်လေးသည် အမှန်တကယ်ပင် လူသားမဟုတ်ပေ။
သူသည် ရုပ်ပိုင်းဆိုင်ရာအရ လူသားနှင့် မခြားနားသော်လည်း သူ့ကို လေ့လာခဲ့သည့် ဆရာဝန်များနှင့် ပညာရှင်အားလုံးက သူသည် တိကျစွာဖော်ပြ၍မရသော၊ သာမန်ကာလျှံကာ ပြောဆို၍မရသော၊ ကြိမ်ဖန်များစွာ ကြားနေရသော သို့မဟုတ် နက်နက်ရှိုင်းရှိုင်း စူးစမ်း၍မရသော တည်ရှိမှုတစ်ခု ဖြစ်သည်ဟု သဘောတူခဲ့ကြသည်။
နတ်ဘုရားကို ဘယ်သူမှ မမြင်ဖူးသော်လည်း သူသည် နတ်ဘုရားတစ်ပါး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ဆေးမှတ်တမ်းများမှာ လွန်ခဲ့သော ခြောက်လအထိသာပါဝင်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။ လူနာကြည့်ခြင်းနှင့် ဆေးပေးသည့် မှတ်တမ်းများသာ ကျန်ရှိတော့သည်။
“အဲ့ဒီဆရာဝန်တွေကို ဒီခေါ်လာခဲ့”
ဆရာဝန်များကို လူနာဆောင်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ပရမ်းပတာ ဖြစ်နေသည်ကို မြင်ရသောအခါ သူတို့၏ မျက်နှာများတွင် ဝမ်းနည်းကြေကွဲမှုနှင့် နာကျည်းမှုများ ပြည့်နှက်လာတော့သည်။ သူတို့၏ ကြိုးစားအားထုတ်မှုအားလုံး ဖျက်ဆီးခံလိုက်ရသကဲ့သို့ပင်။
“မကြောက်ကြပါနဲ့၊ လွန်ခဲ့တဲ့ခြောက်လက ဆေးမှတ်တမ်းတွေ ဘယ်မှာလဲ”
“မရှိတော့ဘူး၊ ဆေးရုံအုပ်ကြီး ကမ္ဘာသစ်ဆီကို သွားပြီးတဲ့နောက်မှာ ကျုပ်တို့က လူနာကြည့်ဖို့နဲ့ ဆေးပို့ဖို့ပဲ တာဝန်ယူရတော့တယ်၊ ဆေးရုံအုပ်ကြီးရဲ့ နောက်ဆုံးအမိန့်ကိုပဲ တိတိကျကျ လိုက်နာခဲ့ကြတာ”
“သူက လူနာလေ၊ မင်းတို့ကပါ လိုက်ရူးနေကြတာလား”
အရာရှိရွှယ်က အနက်ရောင်သေတ္တာတစ်လုံးကို ဘေးသို့ ကန်ထုတ်လိုက်သည်။
“လူတစ်ယောက်က အကြောင်းပြချက်မရှိဘဲ ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ၊ မင်းတို့ ဆေးရုံအုပ်ကြီးက အပိုင်းပိုင်းအခုတ်ခံရပြီး ဒီအနက်ရောင်သေတ္တာထဲ အထည့်ခံထားရတာ နေမှာပေါ့”
“သူတို့ လိမ်နေတာ မဟုတ်ဘူး၊ ဆေးရုံအုပ်ကြီးက ကမ္ဘာသစ်ဆီ တကယ်သွားခဲ့တာ”
ကောင်လေးက ကုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
“မင်းတို့က လုံးဝမှားယွင်းနေတဲ့ ကမ္ဘာကြီးထဲမှာ နေထိုင်နေကြတာ၊ ငါကတော့ ငါ့စိတ်ထဲမှာ မှန်ကန်တဲ့ ကမ္ဘာသစ်တစ်ခုကို ပြန်တည်ဆောက်နေတာပဲ၊ ကံမကောင်းတာက မနေ့ညက မီးလောင်မှုနဲ့ သောင်းကျန်းမှုတွေကြောင့် အဲ့ဒီကမ္ဘာကြီးမှာ အားနည်းချက်တွေ ဖြစ်သွားတယ်၊ ဒါကို ပြန်ပြင်ဖို့ အချိန်အကြာကြီး ယူရလိမ့်မယ်”
“မင်းရဲ့ စိတ်ထဲမှာ ကမ္ဘာသစ်တစ်ခု တည်ဆောက်မယ် ဟုတ်လား”
အရာရှိရွှယ်မှာ လုံးဝ ပြောစရာစကားမဲ့သွားရသည်။ သူ ဆရာဝန်များကို ကြည့်လိုက်သည်။
“သူ ကမ္ဘာသစ်ကို တည်ဆောက်နိုင်မယ်လို့ မင်းတို့ ယုံနေတာလား၊ ဒါမှမဟုတ် သူ့ခေါင်းကို ငါ ပစ်ခွဲလိုက်နိုင်မယ်လို့ မင်းတို့ယုံလား”
“ဆေးရုံအုပ်ကြီးနဲ့ အမှတ် (၁) ပြန်လည်သန်စွမ်းရေးဆေးရုံက ဒီကလေးအပေါ်မှာ အရမ်းအားစိုက်ထုတ်ခဲ့တာပါ အရာရှိရွှယ်… ကျေးဇူးပြုပြီး ကျုပ်တို့ကို ယုံပေးပါ”
ဆရာဝန်သည် အမှန်တကယ်ပင် စိုးရိမ်နေပုံရသည်။ တစ်ချိန်တည်းမှာပင် အခန်းကို ရှာဖွေနေသော ရဲများက တွေ့ရှိမှုအသစ်တစ်ခု ရရှိလာသည်။ သူတို့သည် လျှို့ဝှက်ခန်းတစ်ခုကို ဖွင့်လိုက်ရာ ကုတင်ဘေးရှိ စက်ကိရိယာများမှ ဝိုင်ယာကြိုးအားလုံးမှာ ထိုနေရာသို့ ချိတ်ဆက်ထားသည်ကို တွေ့ရသည်။ ထိုကျယ်ဝန်းသောနေရာတွင် ဖန်ဘူးများထဲ သိမ်းဆည်းထားသော ဦးနှောက်များဖြင့် ပြည့်နှက်နေလေသည်။
ဘူးခွံများပေါ်ရှိ အညွှန်းများကို စစ်ဆေးကြည့်ရာ ထိုဦးနှောက်များ၏ ပိုင်ရှင်များမှာ နယ်ပယ်အသီးသီးမှဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့သည် နာမည်ကြီးသူများ မဟုတ်သော်လည်း တစ်ဦးချင်းစီမှာ မိမိတို့၏ နယ်ပယ်အသီးသီးတွင် အပြစ်ပြောစရာမရှိအောင် ကျွမ်းကျင်မှုရှိသူများ ဖြစ်ကြသည်။
အပိုင်း (၈၆၈) သေခြင်းကို ချေးငှားခြင်း
“မင်းတို့နေထိုင်တဲ့ ကမ္ဘာကြီးက အမှားတွေနဲ့ ပြည့်နှက်နေတာ၊ ဒီလိုထူးဆန်းတဲ့ အရာတွေကို စုစည်းထားတဲ့ လူအုပ်စုကြီး ကောင်းကောင်းအလုပ်လုပ်နိုင်နေတာက တကယ့်ကို စဉ်းစားလို့မရနိုင်စရာပဲ”
ကောင်လေးသည် လူမည်မျှသေဆုံးသည်ကို ဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွင် ထိုလူများသည် သက်ရှိသတ္တဝါများအဖြစ်ပင် စာရင်းဝင်ပုံမရပေ။
“ငါက ဒီကမ္ဘာပေါ်က အမှားတွေကို ပြုပြင်ချင်ရုံပဲ၊ သူတို့ရဲ့ ဦးနှောက်တွေက သုံးစားလို့တောင် မရတော့ဘူး”
ဆေးရုံကုတင်အနီးရှိ ရဲအရာရှိများသည် ထိုကောင်လေး၏ စကားများကို ကြားရသောအခါ အံ့အားသင့်သွားကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အသက်အပေါ် တန်ဖိုးထားမှု အနည်းငယ်မှမရှိဘဲ ဤကမ္ဘာပေါ်ရှိ အရာအားလုံးအပေါ် မထီမဲ့မြင်ပြုနေသည့် အကြည့်များ။ သူသည် အဘယ်ကြောင့် အထူးကုသဆောင်၏ အနက်ရှိုင်းဆုံးနေရာတွင် အကျဉ်းချခံထားရသည်ကို နားလည်နိုင်ပေသည်။
“မင်း ရဲစခန်းမှာပဲနေပြီး ဒါတွေကို ဖြည်းဖြည်းချင်း ပြုပြင်ပေးသင့်တယ်”
အရာရှိရွှယ်သည် ပြီးပြည့်စုံလွန်းသော ဤကောင်လေးကို မသိစိတ်ထဲမှ စက်ဆုပ်မိသည်။ သက်ရှိများအပေါ် ထားရှိသည့် သူ့သဘောထားသည် အရာရှိရွှယ်ကို စိတ်မသက်မသာ ဖြစ်စေသည်။ အကယ်၍ ထိုကောင်လေးက နတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင် ထိုနတ်ဘုရားမျိုးသည် ကိုးကွယ်ရန် သို့မဟုတ် ယုံကြည်ရန် မထိုက်တန်ပေ။
သေနတ်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်စဉ် အရာရှိရွှယ်မျက်လုံးထဲမှ သွေးမြူများ ကြည်လင်သွားပြီး ကောင်လေး၏ ဝိညာဉ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
အရာရှိရွှယ်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ အသက်ရှူသံများလည်း မမှန်မကန် ဖြစ်လာတော့သည်။ တစ်ခုခု မှားနေသည်ကို သတိထားမိသော ရှုဟွမ်က အနားသို့ တိုးကပ်လာ၏။
“ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ဘူး”
အရာရှိရွှယ် ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ သူသည် ထိုကောင်လေး၏ ဝိညာဉ်မှာ လူသားမျက်နှာများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော ပါးပြင်များ၊ တစ်ခုချင်းစီတွင် မတူညီသော အမူအရာများရှိနေပြီး သူ့ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေကြသည်။ ယင်းသည် သူတစ်ခါမှ မမြင်ဖူးသော ဝိညာဉ်မျိုး ဖြစ်သည်။
ခုနက သူထိုကောင်လေး၏ ဝိညာဉ်ကို လေ့လာနေချိန်တွင် ဝိညာဉ်ပေါ်ရှိ မျက်လုံးအစုံများကလည်း သူ့ကို ပြန်စိုက်ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့လျှို့ဝှက်ချက်အားလုံး ဖော်ထုတ်ခံလိုက်ရသလို သူခံစားလိုက်ရသည်။
“မင်းတို့ သူ့ကို ခေါ်သွားလို့မရဘူး၊ ကမ္ဘာသစ်က သေချာပေါက် ရောက်လာတော့မှာ၊ အဲ့ဒီကျရင် အမှားတွေအားလုံး ပြုပြင်ပြီးသား ဖြစ်သွားလိမ့်မယ်”
ဆရာဝန်က အော်ဟစ်နေသော်လည်း သူသည် ရဲအရာရှိများကို မယှဉ်နိုင်ဘဲ သူကိုယ်တိုင်ပင် လက်ထိပ်ခတ်ခံလိုက်ရသည်။
“ပြန်လည်သန်စွမ်းရေးဆေးရုံရဲ့ ဆေးရုံအုပ်ကြီးသာ ဒီမှာရှိရင် ငါနည်းနည်း တွန့်ဆုတ်မိနေဦးမယ်၊ ဒါပေမဲ့ မင်းတို့ ဆေးရုံအုပ်ကြီးက ပျောက်နေတာပဲ၊ ဘာလို့ ငါ့ကို အော်ဟစ်နေတာလဲ”
အရာရှိရွှယ်မှာ ပါးနပ်သူဖြစ်သည်။ ဆေးရုံအုပ်ကြီးက သူ့အား သူ၏ကျယ်ပြန့်လှသော အဆက်အသွယ်ကွန်ရက်ကြီးဖြင့် ပြန်လည်တိုက်ခိုက်မည် မဟုတ်ကြောင်း သေချာသွားသောအခါ ပိုမိုရဲတင်းလာတော့သည်။
“မင်းတို့ ဘာရပ်ကြည့်နေတာလဲ၊ သက်သေတွေစုကြ၊ လူတွေ ဖမ်းကြစမ်း၊ အမှတ်(၁) ပြန်လည်သန်စွမ်းရေးဆေးရုံက ခွင့်ပြုချက်မရှိဘဲ လူသားစမ်းသပ်မှုတွေ လုပ်နေတာ၊ ဦးနှောက်တွေ ရောင်းစားတယ်၊ သာမန်လူတွေကို အရူးဖြစ်အောင်လုပ်တယ်၊ ဆူပူအုံကြွမှုတွေကို လှုံ့ဆော်တယ်၊ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ထုတ်လုပ်တယ်၊ ပြီးတော့ ကူးစက်ရောဂါတွေကို မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ဝေနေတာ၊ ဒါဟာ အရမ်း စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်ပဲ”
အရာရှိရွှယ်သည် မိုက်မဲသူ မဟုတ်ပေ။ ထိုကိစ္စကို လူ့အခွင့်အရေးကော်မတီနှင့် ကိုယ်ကျင့်တရား ကြီးကြပ်ရေးအဖွဲ့များအထိ ပါဝင်လာအောင် ပြဿနာကို အကြီးအကျယ် ချဲ့ကားလိုက်မှသာ သူဘေးကင်းနိုင်မည် ဖြစ်သည်။
တပ်မှူးဝမ်သည် ဆေးရုံအတွင်း အဂတိလိုက်စားမှုများ ပြည့်နှက်နေသည်ကို သိထားသဖြင့် ကားထဲတွင်သာ ပုန်းနေခဲ့သည်။ ဆေးရုံအုပ်ကြီးမှာ လူကိုယ်တိုင် ပေါ်မလာခဲ့ပေ။ သို့သော် ထို့အစား အရာရှိရွှယ်ကိုသာ လွှတ်လိုက်ခြင်းသည်လည်း များစွာသော အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီးမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေသည်။
၁၀ ထပ်နှင့် အထက်ရှိ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်နေသော လူနာများသာမက ရဲများကို နှောင့်ယှက်နေသည့် ဆရာဝန်များပါ ထိန်းသိမ်းခံလိုက်ရသည်။ အောက်ထပ်ရှိ တပ်မှူးဝမ်မှာ အရာရှိရွှယ် ဖမ်းဆီးလာသော လူအုပ်ကြီး (အထူးသဖြင့် ဆရာဝန်များ) ကို မြင်သောအခါ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အရာရှိရွှယ်အား ရှေ့ဆက်မည်သို့ လုပ်ဆောင်မည်ကို ဆွေးနွေးရန် အသည်းအသန် ရှာဖွေတော့သည်။
အရာရှိရွှယ်သည် နေဝင်ချိန်အထိ အလုပ်ရှုပ်နေခဲ့ပြီးမှ အနားယူရန် အချိန်ရတော့သည်။ သူသည် သူ့ရုံးခန်းထဲသို့ ထမင်းဘူးသုံးဘူးယူလာပြီး တစ်ဘူးကို မာကြီးထံ ပစ်ပေးကာ နောက်တစ်ဘူးကို ရှုဟွမ်ရှေ့သို့ တွန်းပို့ပေးလိုက်သည်။
“စားထားကြ၊ ပြီးရင် ကောင်းကောင်းအိပ်၊ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိဘူး”
အရာရှိရွှယ်က စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုလိုက်သည်။ သူ ဒေါက်တာကောင်းကို တောအုပ်ဆီ စေလွှတ်လိုက်ကတည်းက ရှင်းလုမြို့သည် ပရမ်းပတာ ဖြစ်လာခဲ့ရသည်။ မူလအစီအစဉ်မှာ ဘက်ပေါင်းစုံမှ ပျက်စီးသွားခဲ့ပြီး သူ့တွင် အားလပ်ချိန်မရှိတော့ပေ။ သူ့တွင် ဒေါက်တာကောင်းကို သံသယဝင်ရန် အကြောင်းပြချက် ရှိပေသည်။ အထူးသဖြင့် ဒေါက်တာကောင်း သေဆုံးသွားခြင်းနှင့် သူ့မိသားစုဝင်များကို ရှာမတွေ့တော့ခြင်းကြောင့် ဖြစ်သည်။ အမှန်တရားကို သိရှိသည့် တစ်ဦးတည်းသောသူမှာ သေဆုံးမှုများ ဖြစ်ပွားခဲ့သည့် ရပ်ကွက်တွင်ပင် သေဆုံးသွားခဲ့ချေပြီ။
“သဲလွန်စတွေ ပြတ်တောက်သွားတဲ့ နေရာကနေပဲ ပြန်စဖို့ လိုနေသေးတယ်”
“ဝုန်း”
ရှုဟွမ်သည် သူ့ထမင်းပန်းကန်ထဲသို့ ခေါင်းစိုက်ကျသွားပြီး မျက်လုံးများ ဝေဝါးနေကာ လက်များကို မသယ်နိုင်တော့ဘဲ ရုန်းကန်နေလေသည်။
“စားစရာထဲမှာ အဆိပ်ပါနေတာလား”
မာကြီးက သူ့ပါးစပ်ထဲမှ ဟင်းသီးဟင်းရွက်များကို ပြန်ထွေးထုတ်လိုက်သည်။
“ဒါက သူ့ခြေလက်တွေကို အားနည်းသွားအောင်လုပ်တဲ့ ဆေးလေးပါပဲ”
အရာရှိရွှယ်သည် တစ်ဖက်လူမှာ “အချိန်ခရီးသွား” တစ်ယောက်ဖြစ်နေသည်ကို ထည့်တွက်ကာ ဆေးပမာဏကို အနည်းငယ် ပိုထည့်လိုက်ခြင်း ဖြစ်သည်။
“မင်း သူ့ကို ရဲစခန်းမှာပဲ စောင့်ကြည့်ထား၊ စောင့်ကြည့်ကင်မရာရဲ့ အကွာအဝေးထဲကနေ လုံးဝ မထွက်စေနဲ့၊ ငါ အပြင်ခဏသွားဦးမယ်”
ရှုဟွမ်သည် တစ်ခုခုပြောချင်နေပုံရပြီး အရာရှိရွှယ်နှင့် မခွဲခွာချင်ဟန်အပြင် သတိပေးချက်တစ်ခု ထုတ်ပြန်ချင်နေသည့်ပုံလည်း ပေါက်နေ၏။
“မစိုးရိမ်ပါနဲ့၊ ငါ အဆင်အခြင်မဲ့တာတွေ မလုပ်ပါဘူး… ဖြစ်နိုင်ရင်ပေါ့”
အရာရှိရွှယ်သည် ရဲစခန်း၏ လက်နက်တိုက်ထဲသို့ ဝင်ကာ ကိရိယာများကို သိမ်းဆည်းပြီး တစ်ဦးတည်း ကားမောင်းထွက်လာခဲ့သည်။
ထိုဝန်ထုပ်ဝန်ပိုး နှစ်ယောက်မပါတော့သဖြင့် ကားထဲတွင် ပိုမိုတိတ်ဆိတ်သွားပြီး ခဏတာ စိတ်မသက်မသာ ဖြစ်သွားမိသည်။
သေဆုံးချိန်အိမ်ရာဝင်းသို့ ရောက်သောအခါ အရာရှိရွှယ်သည် အောက်ထပ်တွင် ခဏမျှ ရပ်နေမိသည်။ ဤနေရာမှာ သူ နောက်ဆုံးတစ်ခေါက် လာခဲ့စဉ်ကနှင့် အတူတူပင် ဖြစ်သည်။
ရင်ခွဲရုံရိပ်သာလမ်းပေါ်ရှိ အခြားအိမ်ရာဝင်းများမှာ ထိခိုက်ပျက်စီးပြီး ပရမ်းပတာ ဖြစ်နေကြသော်လည်း ဤနေရာမှာမူ အေးချမ်းဆိတ်ငြိမ်နေဆဲပင်။
“အချိန်ခရီးသွားရဲ့ ပြောပြချက်အရဆိုရင် ငါဟာ သေဆုံးချိန်အိမ်ရာဝင်းထဲမှာ လူသတ်ပွဲကြီး ဆင်နွှဲပြီး နောက်ဆုံး အထူးကုသဆောင်ထဲမှာ အကျဉ်းချခံရမှာ၊ အဲ့ဒါက ငါ့ရဲ့ မူလကံကြမ္မာပဲ”
အရာရှိရွှယ်၏ လက်သည် လှေကားတံခါးပေါ်သို့ ရောက်ရှိသွား၏။
“ဒါပေမဲ့ ငါ ကံကြမ္မာကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး”
တံခါးကို တွန်းဖွင့်လိုက်ရင်း အရာရှိရွှယ်သည် သူ့ဖုန်းကို ထုတ်ကာ သူ့သတင်းပေးများကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်လိုက်သည်။ သူသည် သူတို့ကို အကူအညီတောင်းခဲ့မိသဖြင့် သူတို့ကို ပြန်လည်ကယ်ထုတ်ပေးရမည်ဟု ခံစားနေရသည်။
နောက်ဆုံးနံပါတ်အထိ သူ ဖုန်းခေါ်လိုက်သော်လည်း ဘယ်သူမှ ပြန်မဖြေလာပေ။ အရာရှိရွှယ်၏ နှလုံးသားသည် အောက်ခြေထိ နစ်မြှုပ်သွားသလို ခံစားလိုက်ရသည်။
“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး”
အရာရှိရွှယ်၏ နောက်ဘက်တွင် အဘိုးအိုတစ်ဦး၏အသံ ထွက်ပေါ်လာလေသည်။ မျက်နှာပေါ်တွင် အညိုရောင် အကွက်များပါသော အဘိုးအိုတစ်ဦး တုန်တုန်ချိချိဖြင့် ပေါ်လာ၏။ သူ့မေးစေ့သည် တစ်စုံတစ်ယောက်က ထိုးထားသကဲ့သို့ ကောက်နေလေသည်။
“ငါ မင်းကို မှတ်မိတယ်၊ ဒီနေ့မနက်က သတင်းထောက်မလေးကို နာရီဖြစ်အောင် ပြောင်းလိုက်တဲ့ အဘိုးကြီးတွေထဲမှာ မင်းလည်း ပါတယ်မလား”
အရာရှိရွှယ်သည် ထိုလူ၏ ဝိညာဉ်အရောင်ကို မှတ်မိနေခဲ့သည်။
“ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး”
အဘိုးအိုက အနားကပ်လာခဲ့သည်။ အရာရှိရွှယ်က မကြောက်ရွံ့ဘဲ လက်ကို ပင့်မြှောက်လိုက်သည်။
“မင်း နည်းနည်းလောက် ပိုအသက်ရှည်ရှည် နေသင့်တာ၊ ဒါပေမဲ့ မင်းက လောဘကြီးပြီး ဒီထက်ပို အသက်ရှည်ချင်နေခဲ့တာပဲ”
စကားပြောနေရင်းပင် အရာရှိရွှယ်သည် အဘိုးအို၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ကြမ်းပြင်ပေါ်သို့ ဖိချလိုက်သည်။
ထိုလူ၏ ရုန်းကန်လှုပ်ရှားမှု ရပ်တန့်သွားသည်အထိ လက်ကို ဖြည်းညင်းစွာ တင်းကျပ်လိုက်သည်။
“အသက်ရှင်ဖို့ လမ်းမရှိဘူး ဟုတ်လား၊ ငါ မင်းကို သေဖို့လမ်းတစ်ခု ပြပေးနိုင်တယ်”
အရာရှိရွှယ်မှာ စိတ်ကို အတော်လေး ထိန်းချုပ်ထားရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းပေးများသည် သူ တစ်ယောက်ချင်းစီ လေ့ကျင့်ပေးထားသည့် လူများဖြစ်ပြီး ယခုတွင် အားလုံးနှင့် အဆက်အသွယ် ပြတ်နေခြင်းကြောင့်ပင်။
အရာရှိရွှယ်သည် လှေကားမှ မတက်တော့ဘဲ လူသားစားအခန်းများရှိရာ အထပ်သို့ ဓာတ်လှေကားဖြင့် တိုက်ရိုက် တက်သွားလိုက်သည်။
နံရံများပေါ်ရှိ သွေးကွက်များမှာ တိုးပွားလာသလိုရှိနေပြီး ဤအထပ်ရှိ အခန်းများမှာလည်း အမှန်တကယ် အသက်ဝင်နေသကဲ့သို့ ခံစားရသည်။
သတ်မှတ်ထားသော တံခါးတစ်ခုရှေ့သို့ ရောက်သောအခါ အရာရှိရွှယ်သည် သော့ပေါက်ကို စိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူကာ သူ့နှလုံးသားအတွင်းမှ လှုပ်ရှားမှုများကို ဖိနှိပ်လိုက်သည်။
“မင်းပြောတဲ့လူကို ငါရှာတွေ့ပြီ၊ ဘယ်လိုနည်းနဲ့မှ သတ်လို့မရတဲ့လူကိုလေ”
စက္ကန့်အနည်းငယ်အကြာတွင် တံခါးသည် အတွင်းဘက်မှ ပွင့်လာပြီး ပြင်းထန်သော သွေးညှီနံ့များနှင့်အတူ နာရီလက်တံ လည်ပတ်သံများက အရာရှိရွှယ်၏ နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။
သူ မော့ကြည့်လိုက်သောအခါ ခေါင်းကြီး၏ မျက်နှာမှာ ချောမွတ်နေပြီး မျက်နှာအင်္ဂါရပ်များ ပုံပျက်နေသည်ကို တွေ့လိုက်ရသည်။ မျက်ခုံးနှင့် မျက်လုံးများကြားတွင် လက်တစ်ဖက်က လှုပ်ရှားနေခဲ့သည်။
“ဒီလောက်မြန်မြန် ရှာတွေ့တာလား”
ခေါင်းကြီး၏ ပါးစပ်မှ အချိန်၏ အသံ ထွက်ပေါ်လာလေသည်။ ခေါင်းကြီး၏ အနီးနားတွင် အခြားသတင်းပေးများ၏ မျက်နှာများဖြင့် ပြုလုပ်ထားသော နာရီများကို တွေ့လိုက်ရသည်။
ရှုဟွမ်မြင်ခဲ့ရသော အနာဂတ်အကြောင်းကို အရာရှိရွှယ် နားလည်သွားခဲ့သည်။ လက်အောက်ငယ်သား ကိုးယောက်… သူတို့၏ မျက်နှာများမှာ ချောမွတ်သွားကာ နာရီများအဖြစ် ပြုလုပ်ခံလိုက်ရပြီး သူတို့၏ ကံကြမ္မာက မည်သို့ရှိမည် မသိရပေ။ အချိန်ကမူ သူနှင့် ဆက်သွယ်ရန် သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြုနေဆဲ ဖြစ်သည်။
“ဟုတ်တယ်”
သူ့မျက်လုံးထဲမှ သွေးနီရောင်များကို ဖိနှိပ်ထားရင်း အရာရှိရွှယ်သည် စိတ်ကို တည်ငြိမ်အောင် အားတင်းထားရသည်။ အချိန်ထံမှ အချက်အလက်များ ထပ်မံရယူနိုင်ရန်အတွက် ရှုဟွမ်ကို အသုံးချရန် လိုအပ်နေသေးသည်မဟုတ်ပါလား။