အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း (၁၈၉)
ငရဲကမ္ဘာရှေ့တန်း အဖွဲ့သည် ယဲ့ဟိုင်ကို ကျော်ဖြတ်လာပြီး နာရီဝက်ခန့် လမ်းလျှောက်လာပြီးနောက် ချန်လင်မြို့အဝင်သို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက်တွင် ဖုန်းပုကြွယ်သည် ဇာတ်လမ်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာကာ ၎င်းကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အသင်းဖော်များနှင့် ဆွေးနွေးလာခဲ့သည်။
NPC များ၏ စွမ်းအားနှင့် ပတ်သက်၍မူ... အပြာရောင်ဝတ်စုံဝတ် အဖိုးအို၏ စွမ်းအားကို ကြည့်ခြင်းအားဖြင့် ဤဇာတ်လမ်းထဲရှိ သိုင်းပညာရှင်များသည် သံသယဖြစ်ဖွယ်မရှိအောင် အလွန်တရာ အစွမ်းထက်ကြပေသည်။ အကယ်၍ ကစားသမားများသာ သူတို့နှင့် သိုင်းချင်းယှဉ်ချမည်ဆိုပါက အသက်ပေါင်းများစွာ ရှိနေလျှင်ပင် ရှင်သန်ရန် ခဲယဉ်းပေလိမ့်မည်။ သို့သော်လည်း ကစားသမားများတွင် ကိုယ်ပိုင်အားသာချက်များ ရှိသည်။ စကေးနှင့် ပစ္စည်းကိရိယာကဲ့သို့သော အရာများသည် ဤကမ္ဘာကြီးတွင် သဘာဝလွန်စွမ်းအားများအဖြစ် သတ်မှတ်နိုင်သည်။ ယဲ့ချန် သို့မဟုတ် ရှဲ့စန်းကဲ့သို့သော ကျွမ်းကျင်သူများပင် သတိမထားမိခိုက် သေနတ်ဖြင့် အပစ်ခံရပါက သေချာပေါက် သေဆုံးသွားနိုင်သည်။
သို့သော်လည်း ပုံမှန်အခြေအနေများတွင်မူ NPC များနှင့် ပဋိပက္ခဖြစ်ခြင်းကို ရှောင်ရှားရန်နှင့် ကစားသမားများအဖြစ် သူတို့ရရှိထားသည့် တစ်ခုတည်းသော အားသာချက်ကို ထုတ်မပြရန် ဖုန်းပုကြွယ်က ယုံကြည်ထားသည်။ ဤသည်မှာ အိပ်စက်ခြင်းမုဒ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းဖြစ်သဖြင့် လုပ်ငန်းစဉ်မှာ အချိန်ကြာမြင့်နိုင်ပေသည်။ ဆိုလိုသည်မှာ ကစားသမားများသည် ဤဇာတ်လမ်းထဲတွင် အချိန်အတော်ကြာ နေထိုင်ရနိုင်သည်ဟူ၍ ဖြစ်သည်။
သံသယဖြစ်ဖွယ်မရှိသည်မှာ ဇာတ်လမ်း၏ အဓိကသော့ချက်ကား 'ဓားရေးယှဉ်ပြိုင်မှု' ဖြစ်ပြီး ထိုတိုက်ပွဲမပြီးမချင်း ဇာတ်လမ်း အဆုံးသတ်မည်မဟုတ်ပေ။ ပိုင်တျန့်က 'သုံးရက်အတွင်း ဓားရေးယှဉ်ပြိုင်ပွဲ' အကြောင်းပြောခဲ့ပြီး ထိုသတင်းစကားသည် မိတ်ဆက်ဗီဒီယိုတွင်လည်း ပါဝင်ခဲ့သည်။ ယင်းသည် ထင်ရှားသော အရိပ်အမြွက်တစ်ခုပင် ဖြစ်သည်။ ထိုစကားကို သတိပြုမိသော ကစားသမားတိုင်းသည် ကိုယ်ပိုင်အတွေးအမြင်များ ရှိနေကြပေလိမ့်မည်။
နောက်ထပ် နှစ်နာရီ သုံးနာရီခန့်အကြာတွင် နေထွက်လာတော့မည်ဖြစ်သဖြင့် 'ပထမနေ့' သည် တရားဝင် စတင်တော့မည် ဖြစ်သည်။ ဓားတိုက်ပွဲနေ့မှာ တတိယနေ့ ဖြစ်သည်။ ယဲ့ချန်နှင့် ရှဲ့စန်းတို့သည် တတိယနေ့ ညနေ ၇ နာရီတွင် လမင်းကိုကြည့်ရင်း ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု ယူဆလျှင် ပြိုင်ပွဲစတင်ရန် ၆၅ နာရီခန့် ကျန်ရှိနေသေးသည်။
ညဘက်တွင် ဖုန်းပုကြွယ်သည် နိုးကြားခြင်းမုဒ်မှ ထွက်ခွာကာ ဂိမ်းသေတ္တာထဲတွင် အိပ်စက်ခဲ့ခြင်းဖြစ်သည်။ ဂိမ်းထဲသို့ ပြန်ဝင်ချိန်ကို နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် သတ်မှတ်ထား၏။ ဇာတ်လမ်းထဲသို့ မဝင်မီ ပြင်ဆင်ချိန်မှာ ပြောပလောက်စရာ မရှိပေ။ လက်တွေ့ဘဝတွင် နှစ်မိနစ်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။
ဇာတ်လမ်း၏ အခြေအနေအရ သူတို့သာ ဤဇာတ်လမ်းကို ရှင်းလင်းလိုပါက နံနက် ၇ နာရီဝန်းကျင်တွင် ပြီးဆုံးသွားပေလိမ့်မည်။ မတော်တဆမှုများ မရှိခဲ့လျှင် သူတို့သည် ကျန်ရှိသော ညအချိန်တစ်လျှောက်လုံး ဤဇာတ်လမ်းတစ်ခုတည်းသာ ကစားနိုင်ကြမည် ဖြစ်သည်။
"အဲဒါကြောင့်... ငါ ဆုံးဖြတ်လိုက်ပြီ၊ ငါက ဓားကျိုးလက်ဖက်ရည်ခန်းမ ပိုင်ရှင်ဖြစ်ပြီး မင်းတို့အားလုံးက ငါ့ဧည့်သည်တွေပဲ"
ဖုန်းပုကြွယ်သည် ရွာအဝင်သို့ လမ်းလျှောက်သွားရင်း ကျန်လူများကို အတည်ပြုလိုက်သည်။
"တခြားလူတွေနဲ့ ပဋိပက္ခမဖြစ်အောင် ကြိုးစားပါ၊ ဖြစ်လာခဲ့ရင်တောင် မဖြစ်မနေလိုအပ်တဲ့ အခြေအနေမျိုး မဟုတ်ရင် သေနတ်ကို ထုတ်မသုံးပါနဲ့၊ ခေတ်မီလက်နက်တွေက ငါတို့ရဲ့ ဝှက်ဖဲတွေပဲ၊ အဲဒါကို တစ်ခါသုံးပြလို့ တခြားလူတွေ မြင်သွားရင် နောက်တစ်ခါ သုံးတဲ့အခါ တစ်ဖက်လူက ငါတို့ဆီကို အတင်းတိုးလာဖို့ ခက်သွားလိမ့်မယ်"
သူ ပြောလိုက်သည်နှင့် သူတို့ငါးဦးရှေ့တွင် အုတ်များ၊ သစ်သားများဖြင့် ပြုလုပ်ထားသော နံရံတစ်ခု ပေါ်လာခဲ့သည်။ ရွာအဝင်မှာ ရိုးရှင်းလှသည်။ ၎င်းအား တောင်ကို အမှီပြု၍ တည်ဆောက်ထားပြီး ချန်လင်မြို့ဟူသော စာလုံးသုံးလုံးကို ထွင်းထုထား၏။
ထိုစာလုံးသုံးလုံးမှာ မြင့်မား၍ ခိုင်ခံ့သော ပုံစံရှိပြီး ခန့်ညားထည်ဝါမှု၊ ရိုးရှင်းမှုနှင့် အားမာန်ပါဝင်မှုတို့ကို ဖော်ဆောင်နေလေသည်။သိုင်းပညာရှင်တစ်ယောက်ဖြစ်နေသရွေ့ ထိုစာလုံးများကို တစ်ချက်ကြည့်ရုံဖြင့် ဆောက် သို့မဟုတ် လက်နက်တစ်ခုဖြင့် ထွင်းထုထားခြင်းမဟုတ်ကြောင်း ပြောနိုင်ပေသည်။ထိုအစား ဤစာလုံးများကို တစ်စုံတစ်ယောက်က ၎င်း၏လက်ချောင်းကို စုတ်တံသဖွယ်သုံး၍ အစစ်အမှန်စွမ်းအင်များ ထုတ်လွှတ်ကာ ရေးသားခဲ့ခြင်းဖြစ်သည်။ ရေးသားခဲ့သော စီနီယာ၏ သိုင်းပညာသည် စိတ်ကူးမကြည့်နိုင်အောင် မြင့်မားလှပေသည်။ ယခုအကြိမ် ဓားချင်းယှဉ်ပြိုင်ကြမည့် ပြိုင်ဘက်ကင်း ဓားသမားနှစ်ဦးပင် ထိုသူကို ယှဉ်နိုင်မည့်ပုံ မပေါ်ပေ။
မှန်ပေသည် ထိုစာလုံးများကို ချန်လင်မြို့ စတင်တည်ထောင်စဉ်ကတည်းက ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ထိုအဖိုးအိုမှာ ဤလောကတွင် မရှိတော့သော်လည်း သူ၏ ခန့်ညားထည်ဝါသော လက်ရာများကိုမူ နောင်လာနောက်သားများ လေးစားအံ့သြနိုင်ရန် ချန်ထားရစ်ခဲ့သည်။
"အိုး... ငါတို့ ရောက်ပြီပေါ့၊ ဟုတ်လား"
လရောင်၏ အကူအညီဖြင့် ရှောင်တန်သည် နံရံတံတိုင်းပေါ်တွင် ထွင်းထုထားသော မြို့အမည်ကို ကြည့်လိုက်သည်။
"ဒါက အရမ်းထူးဆန်းတယ်၊ မိတ်ဆက်တုန်းကတော့ ဒါက ရွာငယ်လေးတစ်ရွာလို့ပဲ ပြောထားတာ မဟုတ်လား၊ ဒါပေမဲ့ မြို့နာမည်ကိုကျတော့ ဒီလောက် အထင်အရှားကြီး ထွင်းထားပါလား"
"ပန်းသီးတောင်နဲ့ လိုက်ကာဂူလိုမျိုး တရားမဝင်လက်နက်ကိုင်အဖွဲ့တွေပဲ တောင်ပေါ်မှာ နေရာအမည် ထွင်းလို့ရတယ်လို့ မင်းထင်နေတာလား"
ဖုန်းပုကြွယ်က နောက်ပြောင်လိုက်သည်။
ထိုအခါ အာတိုဘီဆမားက ဝင်ပြောသည်။
"ငါ ဒီအရာတွေအကြောင်း သိပ်မသိပေမဲ့... ဒီစာလုံးတွေက ထွင်းထုထားတာနဲ့ မတူဘူးနော်၊ ဆရာကြီးတစ်ယောက်ယောက်က ဓားနဲ့ ထွင်းထားတာ ဖြစ်နိုင်မလား"
"အာ၊ အဲဒါ ဖြစ်နိုင်တယ်"
ရှောင်တန်က ချက်ချင်း ပြောလိုက်သည်။
"ဖြစ်နိုင်တာက ဓားပြိုင်ပွဲကို လာကြည့်တဲ့လူတစ်ယောက်က ရွာထဲဝင်လာတဲ့ သိုင်းသမားတိုင်းကို ခြောက်လှန့်ဖို့အတွက် ရွာအဝင်မှာ ဒါကို တမင်သက်သက် ပြထားတာ ဖြစ်မှာပေါ့"
"အဲဒါတော့ မဟုတ်လောက်ဘူး"
ရီရူလီက တည်ငြိမ်စွာ ငြင်းဆိုလိုက်သည်။ သူမသည် စကားနည်းသော အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။
ရှောင်တန်နှင့် အာတိုဘီတို့ နှစ်ဦးလုံး သူမကို လှည့်ကြည့်လိုက်သော်လည်း သူမက ရှင်းပြရန် အစီအစဉ်မရှိပေ။ သူမ လှည့်ကြည့်လိုက်ပြီး သူမ၏ လက်ဖမိုးဖြင့် ဖုန်းပုကြွယ်ပုခုံးကို လှမ်းတို့လိုက်သည်။
"ဘာဖြစ်လို့လဲ၊ မင်းက လူမှုဆက်ဆံရေး မလုပ်တတ်တာလား"
ဖုန်းပုကြွယ်က ရီရူလီကို ကြည့်လိုက်သည်။
ရီရူလီက အေးစက်သော အကြည့်ဖြင့် ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်သည်။ သူမမျက်နှာတွင် မည်သည့်ခံစားချက်မှ မရှိသော်လည်း ယင်းကပင် မမြင်ရသော ဖိအားတစ်ခု ပေးနေခဲ့သည်။
"မဟုတ်ဘူး"
ဘေးတွင် ရပ်နေသော ရီရူယွီမှာမူ တစ်ခုခုကို မြင်လိုက်ပုံပေါ်သဖြင့် ရုတ်တရက် အသံထွက်၍ ရယ်မောလိုက်သည်။
"ကောင်းပြီ၊ ငါပဲ ရှင်းပြပါ့မယ်"
ဖုန်းပုကြွယ်က ပုခုံးတွန့်လိုက်ပြီး ရှောင်တန်တို့အဖွဲ့ဘက် လှည့်လိုက်သည်။
"နံရံပေါ်က စာလုံးတွေက ဒီခေတ်က မဟုတ်တာ သိသာပါတယ်၊ ကျောက်တုံးပေါ်က ရေမှော်ပင်တွေနဲ့ အက်ကြောင်းတွေကို သေသေချာချာ ကြည့်လိုက်၊ ဒီစာလုံးတွေ ဒီမှာရှိနေတာ အတော်ကြာနေပြီဆိုတာ မင်းတို့ မြင်ရလိမ့်မယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ထွင်းထုခဲ့တဲ့လူရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ကတော့... ဖြစ်နိုင်တာက အဲဒီလူက ဒီနေရာကို နာမည်ပေးခဲ့တဲ့လူ ဖြစ်မှာပါ"
သူသည် တစ်ခုခုကို သတိရသွားသကဲ့သို့ ခေတ္တရပ်လိုက်သည်။
"အင်း... စိတ်ဝင်စားစရာပဲ၊ ဖြစ်နိုင်တာက... ချန်လင်မြို့ အခုလို ထူးခြားနေတာက ဒီဓားပြိုင်ပွဲကြောင့် မဟုတ်လောက်ဘူး၊ ဒီမြို့ရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ကြောင့် ဒီဓားပြိုင်ပွဲ ဖြစ်လာတာ ဖြစ်နိုင်တယ်"
"ဟေး... ဟေး... ဟိုမှာ တစ်ယောက်ယောက် ရှိနေတယ်၊ သူ ကျွန်မတို့ကို သတိထားမိသွားပုံပဲ"
ရီရူယွီက ရုတ်တရက် ပြောလိုက်ပြီး ရွာအဝင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
အဖွဲ့သားများ လှည့်ကြည့်လိုက်ရာ သူတို့နှင့် မီတာ ၃၀ ခန့်အကွာတွင် မြေပြင်ပေါ်၌ ထိုင်နေသော အရိပ်တစ်ခုကို မြင်လိုက်ရသည်။
ဖုန်းပုကြွယ် ရှေ့ဆုံးမှ ပြေးထွက်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူသည် စကားပြောကောင်းသူဖြစ်ပြီး တုံ့ပြန်မှုလည်း မြန်ဆန်လှသည်။ သူသည် NPC နှင့် ဆက်ဆံရာတွင် အထိရောက်ဆုံးလူ ဖြစ်သည်။
ဟောင်းနွမ်းနေသော အတားအဆီးကို ကျော်ဖြတ်ပြီးနောက် ငါးဦးသား ချန်လင်မြို့ထဲသို့ တရားဝင် ဝင်ရောက်ခဲ့ကြပြီး စနစ်၏ ကြေညာချက် ထွက်ပေါ်လာသည်။
"လက်ရှိတာဝန် ပြောင်းလဲသွားပြီ၊ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ"
မီနူးထဲတွင် 'ချန်လင်မြို့ထဲသို့ ဝင်ရောက်ရန်' ဘေး၌ အမှန်ခြစ်တစ်ခု ပေါ်လာခဲ့သည်။
တာဝန်သစ်လည်း ပေါ်ထွက်လာ၏။
"ဓားရေးယှဉ်ပြိုင်ပွဲ၏ နောက်ကွယ်မှ အမှန်တရားကို စုံစမ်းစစ်ဆေးပါ"
တာဝန်အသစ်၏ အကြောင်းအရာကို မြင်လိုက်ရသောအခါ ဖုန်းပုကြွယ် ကျိန်ဆဲမိသွားသည်။
"ချီးပဲ"
သူ့အတွက်မူ ထိုတာဝန်သည် 'ပျက်စီးနေသော ဘုံကျောင်းသို့ သွားရောက်၍ မိစ္ဆာဝိညာဉ်၏ နောက်ကွယ်မှ အမှန်တရားကို စုံစမ်းစစ်ဆေးပါ' ဆိုသည်ထက် ပိုဒုက္ခများလှသည်။ အဘယ်ကြောင့်ဆိုသော် 'ဓားပြိုင်ပွဲနောက်ကွယ်မှ အမှန်တရား' ဆိုသည်မှာ ဘယ်အရာမဆို ဖြစ်နိုင်သောကြောင့်ပင်။ ဖြစ်နိုင်သည်က ယင်းသည် အစိုးရနှင့် ပတ်သက်နေနိုင်သည်၊ သို့မဟုတ် သရဲခြောက်သည့်ရွာနှင့် ပတ်သက်နိုင်သည်၊ သို့မဟုတ် ယဲ့ချန်သည် ဂြိုဟ်သားတစ်ဦး ဖြစ်နိုင်သည်၊ သို့မဟုတ် ရှဲ့စန်းနှင့် ယဲ့ချန်တို့မှာ လိင်တူမိတ်ဆွေများလည်း ဖြစ်နိုင်ပေသည်...။
ဇာတ်လမ်းနောက်ကွယ်တွင် လျှို့ဝှက်ကြံစည်မှုတစ်ခု ရှိနေကြောင်း လူတိုင်း သိထားကြသော်လည်း အဓိကတာဝန်၏ အကြောင်းအရာကား တိကျသောလှုပ်ရှားမှုတစ်ခုမှ ဦးတည်ချက်မရှိသော အရာတစ်ခုသို့ ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။ ယင်းမှာ ကစားသမားများအနေဖြင့် မိမိတို့စိတ်ကြိုက် လွတ်လပ်စွာဆော့ကစားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
သူ စဉ်းစားနေစဉ်အတွင်း ဖုန်းပုကြွယ်သည် မြေပြင်ပေါ် ထိုင်နေသော ထိုအရိပ်ရှိရာသို့ လျှောက်သွားလိုက်သည်။ ထိုအကွာအဝေးမှဆိုလျှင် သူ ပိုကောင်းကောင်း မြင်ရမည်ဖြစ်သည်။
ယင်းမှာ ယဲ့ဟိုင်နှင့် အသက်အရွယ်တူခန့်ရှိမည့် သူတောင်းစားအိုကြီးတစ်ဦး ဖြစ်သည်။ သူ့မျက်နှာတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး အဝတ်အစားများလည်း စုတ်ပြဲနေလေသည်။ သူသည် လက်တစ်ဖက်တွင် အသားပိုင်းတစ်ခုကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ ဘူးသီးခြောက်ခွံ တစ်ခုကို ကိုင်ဆောင်ထားသည်။ သူသည် စားသောက်နေရင်း မျက်လုံးပင့်၍ ဖုန်းပုကြွယ်တို့အဖွဲ့ကို အကဲခတ်ကြည့်ရှုလိုက်သည်။ ဖုန်းပုကြွယ် နီးကပ်လာသောအခါ သူက ပါးစပ်၍ ပြောလိုက်သည်။
"ဒီရက်ပိုင်းအတွင်း ဒီလမ်းပေါ်မှာ လူတွေ တော်တော်များများ ရှိနေကြတာပဲ၊ ဒါပေမဲ့ ငါ သူတောင်းစားအိုကြီးကတော့ သူတို့အားလုံးကို သိတယ်"
သူက နှုတ်ခမ်းကို သပ်လိုက်ပြီး အသားတစ်ဖဲ့ မျိုချလိုက်သည်။
"ဒီနေ့တော့ တော်တော်ထူးဆန်းတာပဲ၊ မျက်နှာသစ်အချို့ ပါလာတာကိုး၊ ဟားဟား... အဲဒီ အဖိုးကြီးယဲ့ဟိုင်က ဘာဖြစ်လို့ ကလေးတစ်သိုက်ကို ခိုးဝင်ခွင့် ပေးလိုက်တာလဲ"
"ကျုပ်က သူ့ရဲ့ တရားမဝင်သားမို့ပါ"
ဖုန်းပုကြွယ်က အလေးအနက် ပြန်ဖြေလိုက်သည်။
"ဖူး"
သူတောင်းစားအိုကြီးမှာ ဝိုင်များ သီးသွားရသည်။ သူသည် သူ့မျက်လုံးများမှ မျက်ရည်များ ထွက်လာသည်အထိ တဟွတ်ဟွတ် ချောင်းဆိုးတော့သည်။ သူ အသက်ရှုချောင်သွားသောအခါ မျက်လုံးများကို ပြူးကြည့်ပြီး မေးလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ"
"ဟားဟား... ကျုပ်က စီနီယာကို နောက်ပြောင်လိုက်တာပါ"
ဖုန်းပုကြွယ်က လက်နှစ်ဖက်ကို ဆုပ်၍ ဂါရဝပြုလိုက်သည်။
"ဒီဂျူနီယာလေးကတော့ ဓားကျိုးလက်ဖက်ရည်ခန်းမရဲ့ အကြီးအကဲ ဖုန်းပုကြွယ်ပါ၊ ဒီလူတွေကတော့ ကျုပ်ရဲ့ သူငယ်ချင်းတွေပါ၊ သူတို့က များသောအားဖြင့် လက်ဖက်ရည်ခန်းမမှာ ဧည့်သည်တွေအဖြစ် နေလေ့ရှိကြတယ်..."
"တစ်ခါမှ မကြားဖူးဘူး"
သူတောင်းစားအိုကြီးက လက်ဝှေ့ယမ်းကာ သူ့စကားကို ဖြတ်ပြောလိုက်သည်။
"မင်းက တော်တော်လေး ယဉ်ကျေးတယ်ဆိုတာ ငါမြင်ပါတယ်၊ ဒါကြောင့် ငါမင်းကို အကြံတစ်ခု ပေးပါရစေ၊ မြန်မြန်သာ ပြန်လှည့်သွားကြပါ၊ ဒီပြဿနာတွေထဲ ဝင်မပါကြနဲ့"
မှန်ပေသည် ဖုန်းပုကြွယ်ကား ထွက်သွားမည့်သူ မဟုတ်ပေ။ သူက ပြုံးရွှင်သော မျက်နှာဖြင့် ယဉ်ကျေးစွာ မေးလိုက်သည်။
"ဒီက စီနီယာရဲ့ အမည်ကို ကျုပ်သိခွင့်ရမလား"
"အိုး"
သူတောင်းစားအိုကြီးက ဇဝေဇဝါ ဖြစ်သွားပုံရသည်။
"ငါ ဘယ်သူလဲဆိုတာ မင်းမသိဘူးလား"
သူပြောရင်း ဖုန်းပုကြွယ်ရှေ့တွင် ဘူးသီးခြောက်ကို ကိုင်ထားသည့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ၎င်းမှာ အနီရောင်ဘူးသီးခြောက်တစ်ခုဖြစ်ပြီး သူတောင်းစားအိုကြီး၏ ညာဘက်လက်တွင်မူ လက်သန်းတစ်ခု ပြတ်နေခဲ့သည်။
ဖုန်းပုကြွယ် - ဟုန်ကျိကုန်းလား၊ မဖြစ်နိုင်ပါဘူး... ဟုန်ကျိကုန်းမှာ ဘူးသီးခြောက်အကြီးကြီး ရှိတာလေ၊ ပြီးတော့ သူပြတ်နေတာက လက်ညှိုး မဟုတ်လား...
"အာ... ကျုပ် အမြင်မှားမိပြီ ထင်ပါရဲ့၊ စီနီယာက ဒီလောကပြင်ပက ကျွမ်းကျင်သူတစ်ယောက် ဖြစ်မှာပါ၊ ကျုပ်ကို ခွင့်လွှတ်ပေး..."
ဖုန်းပုကြွယ်သည် နောက်တစ်ကြိမ် ဖြတ်ပြောခြင်း ခံလိုက်ရသည်။
"ဟားဟားဟား..."
သူတောင်းစားအိုကြီးက ရယ်မောလိုက်သည်။
"ကလေး... မင်း ငါ့ကို တကယ်မသိတာပဲ၊ ဟားဟားဟား"
ထိုအဖိုးအိုမှာ ဟုန်ကျိကုန်း မဟုတ်ကြောင်း ထင်ရှားသော်လည်း သူသည် သူတောင်းစားဂိုဏ်းချုပ် ဖြစ်သည်။ သူ့ကို သူတောင်းစားဘုရင်ဟု ခေါ်ဝေါ်ကြပြီး အမည်မှာ မုန့်ကျိုး ဖြစ်သည်။ လွန်ခဲ့သော ခုနစ်နှစ်က မုန့်ကျိုးသည် ရှဲ့စန်း၏ အနိုင်ယူခြင်းခံခဲ့ရပြီး လက်တစ်ဖက်မှ လက်ချောင်းတစ်ချောင်း ပြတ်သွားခဲ့သည်။ ထိုအကြောင်းကို လူတိုင်း သိထားကြသည်။ အချို့လမ်းဘေးလူလိမ်များပင် မုန့်ကျိုးသည် သူ၏ကံကြမ္မာနှင့် တွေ့ဆုံရန် ကံပါလာသည်ဟု ဆိုကြသည်။ ရယ်စရာအကောင်းဆုံးမှာ ထိုပြောဆိုချက်သည် လူအများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး လက်ခံထားကြခြင်းပင်။ လူများက သူတို့ဦးနှောက်ကို အသုံးမပြုဘဲ စဉ်းစားနေကြသလိုပင်...။ ထိုယုတ္တိအတိုင်းဆိုပါက ရှဲ့စန်းသည် လက်ချောင်းခုနစ်ချောင်းအထိ ဖြတ်တောက်ခံရမည် မဟုတ်ပါလား။
မုန့်ကျိုးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ သူ၏ အမည်သည် မှတ်မိရန် လွယ်ကူသလို လက်ချောင်းပြတ်သွားသည့် ကိစ္စကလည်း ထင်ရှားလှသည်။ ဤလောကတွင် သူ့ကို မသိသူ မရှိသလောက်ပင်။ အချို့သော သူတောင်းစားအိုကြီးများသည် စားသောက်ရန်နိုင်အတွက် သူတို့၏ လက်ချောင်းများကို ကိုယ်တိုင်ဖြတ်ပစ်ကာ သူ့အဖြစ် ဟန်ဆောင်နေကြသည်ဟုပင် ဆိုကြသည်။ သူ နာမည်ကြီးသည်မှာ ထင်ရှားပေသည်။
"မင်းက တုံးချင်ယောင်ဆောင်နေတာ မဟုတ်ဘူးဆိုရင်တော့..."
မုန့်ကျိုးသည် ရုတ်တရက် ရယ်မောခြင်း ရပ်လိုက်သည်။ သူသည် ဖုန်းပုကြွယ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ မူလက သူတောင်းစားအိုကြီး၏ မှုန်ရီနေသော မျက်လုံးများမှလည်း စူးရှသောအလင်းတန်းတစ်ခု လက်ခနဲဖြစ်သွား၏။
"ဟမ့်... မင်းမှာ ဘာအတွင်းအားမှ မရှိဘဲနဲ့ ယဲ့ဟိုင်ရဲ့ စမ်းသပ်မှုကို ဘယ်လိုဖြတ်ကျော်လာနိုင်တာလဲ၊ ငါ့ကိုပြောစမ်း... မင်း ဒီကို ဘယ်လို ရောက်လာတာလဲ၊ လျှို့ဝှက်လမ်းကြောင်းတစ်ခုခု တွေ့ခဲ့တာလား"
သူ စကားမဆုံးမီ အေးစက်သော ဓားသွားတစ်ခုက မုန့်ကျိုး၏ လည်ပင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မုန့်ကျိုးလှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် သူတို့နှင့် အနီးဆုံးတွင် ရှိနေသော ရီရူလီက ချက်ချင်း တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်တစ်ယောက် အလှည့်အပြောင်းတစ်ခုကို စတင်မိပြီး တိုက်ခိုက်ခံရသည်ဟု သူမ ထင်မှတ်လိုက်ခြင်းဖြစ်သည်။ သူမသည် "မြင့်မြတ်ချိပ်တံဆိပ်"ကို ချက်ချင်း ထုတ်ယူကာ ရှေ့သို့ တိုးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း အေးစက်စက်အလင်းတန်းက ရောက်ရှိလာတော့သည်။
"လွှတ်လိုက်"
သူမ၏ စကားသည် တိုတောင်းသော်လည်း စွမ်းအားပြည့်ဝကာ ဟိန်းထွက်နေ၏။
မုန့်ကျိုးသည် အပေါ်ယံတွင် ထူးမခြားနားဟန်ရှိနေသော်လည်း အလွန်အံ့အားသင့်သွားရသည်။ တစ်ဖက်လူတွင် ထိုလှုပ်ရှားမှုမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ သူသာ ကြိုတင်ပြင်ဆင်ထားခဲ့ပါက ဓားဖြင့် ချိန်ခံရမည် မဟုတ်ပေ။
မုန့်ကျိုးက တွေးလိုက်သည်။
"ဒီကောင်မလေးက တော်တော်ငယ်သေးတယ်၊ ဒါပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းမြန်တာပဲ၊ သူက ကိုယ်ဖော့ပညာမှာ နာမည်ကြီးတဲ့ ဆီးနှင်းပွင့်ဓား လုချင်းနင်ထက်တောင် ပိုတော်နေနိုင်တယ်၊ ဒါပေမဲ့... ဒီလူအုပ်စုက အတွင်းအားရှိတဲ့ပုံ မပေါ်ဘူး၊ သူတို့ရဲ့ အသက်ရှုနှုန်းက သာမန်လူတွေနဲ့ ဘာမှမခြားဘူး၊ သူတောင်းစားဂိုဏ်းက ထိုက်ကျူလက်သီးကျင့်နေတဲ့ အဆင့်အနိမ့်ဆုံးတပည့်တောင်မှ ဒီလို ဖြစ်မနေသင့်ဘူး..."
မှန်ပေသည် သူ မသိနားမလည်သည်ကတော့... "ကစားသမား" တစ်ဦးအနေဖြင့် ရီရူလီသည် မည်သည့် အတွင်းအား သို့မဟုတ် ကိုယ်ဖော့ပညာကိုမှ တတ်မြောက်ရန် မလိုအပ်ခြင်းပင်။ သူမသည် သူမ၏ ခန္ဓာကိုယ်စွမ်းဆောင်ရည်အပေါ်သာ အခြေခံ၍ ထိုအရှိန်မျိုး ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ အသက်အရွယ် သို့မဟုတ် အတွင်းအား ရှိ၊ မရှိမှာ အရေးမကြီးပေ။
ဖုန်းပုကြွယ်သည် မုန့်ကျိုး၏ မျက်နှာအမူအရာမှ တစ်ခုခုကို ရိပ်မိလိုက်သည်။ သူ ထို"စီနီယာ" ကို သိလိုက်ပြီဖြစ်သည်။ သူသည် ပြုံးနေဆဲဖြစ်ပြီး မျက်နှာတွင်လည်း ကြင်နာမှုများ ရှိနေလေသည်။
"ပြောစရာရှိရင် ကျုပ်ကို အရင်လွှတ်ပေးပါဦး"
သူက ပြောရင်း ရီရူလီကို အကြည့်တစ်ချက် ပေးလိုက်သည်။ သူမသည် နှစ်စက္ကန့်ခန့် တုံ့ဆိုင်းနေပြီးနောက် ဓားကို ဖယ်ရှားလိုက်သည်။
"အင်း... ဒါက စိတ်ဝင်စားဖို့ ကောင်းတာပဲ"
မုန့်ကျိုး ဖုန်းပုကြွယ်ကို ကြည့်သည့် အကြည့်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတောင်းစားဘုရင်၏ အမြင်တွင် ဖုန်းပုကြွယ်၏ အပြုံးသည် ဓားတစ်လက်ဝှက်ထားသည့် အပြုံးမျိုး ဖြစ်လာတော့သည်။
"ဒီသူတောင်းစားအိုကြီးတော့ အထင်မှားသွားပုံပါပဲ..."
မုန့်ကျိုးက ဖုန်းပုကြွယ်၏ လက်ကို လွှတ်ပေးလိုက်သည်။ သူ အမှတ်တမဲ့ ထိုင်လိုက်ပြီးနောက် ဆိုသည်။
"မင်းမှာ အတွင်းအားမရှိတာ မဟုတ်ဘူး၊ မင်းက အဲဒါကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ"
ဖုန်းပုကြွယ်သည် အရာရာကို အကဲခတ်ရန်နှင့် မှတ်သားရန် ပါရမီ ထူးကဲလှသည်။ တစ်ဖက်လူ၏ သိမ်မွေ့သော လှုပ်ရှားမှုတိုင်း သူ့မျက်လုံးများမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
"ပြောတာကောင်းတယ်၊ ပြောတာကောင်းတယ်... စီနီယာ၊ ကျုပ် ခင်ဗျားကို မသိပါဘူး... ဒါပေမဲ့..."
သူက ပြောရင်း မသိစိတ်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။
ထိုအချိန်တွင် မုန့်ကျိုးသည် သူ၏ နဂိုထိုင်နေပုံမှ တင်ပျဉ်ခွေထိုင်သည့် ပုံစံသို့ ပြောင်းလဲလိုက်သည်။ ဖုန်းပုကြွယ်သည် အမှန်တရားကို ဖော်ထုတ်ရန် သူ့အကြည့်ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုကာ ပြောလိုက်သည်။
"သူတောင်းစားဂိုဏ်းရဲ့ သိုင်းပညာတွေထဲမှာ အောက်ပိုင်းကွန်ဖူးပညာက ဂိုဏ်းအသီးသီးရဲ့ အားသာချက်တွေအပေါ် အခြေခံထားတယ်လို့ ကျုပ်ကြားဖူးပါတယ်"
သူက မုန့်ကျိုး၏ မျက်နှာကို ကြည့်လိုက်သည်။
"စီနီယာ၊ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား 'သူတောင်းစားအိုကြီး' လို့ ခေါ်တယ်၊ ခင်ဗျားလေသံကလည်း ရှက်ရွံ့နေတာမျိုး မဟုတ်ဘဲ ဂုဏ်ယူနေတဲ့ပုံပဲ၊ ပြီးတော့ ခင်ဗျားရဲ့ ဆံပင်တွေကလည်း ကြော့ရှင်းပြီး အဝတ်အစားတွေကလည်း လွတ်လပ်ပေါ့ပါးတယ်... ကျုပ်အမြင်အရတော့ ခင်ဗျားဟာ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်မဟုတ်ရင်တောင် အကြီးအကဲတစ်ယောက်တော့ ဖြစ်ရမယ်"
မုန့်ကျိုးသည် ဖုန်းပုကြွယ်၏ စကားများကို အလုံးစုံ နားမလည်သော်လည်း ဖုန်းပုကြွယ်ကို "ငါ နားမလည်ပေမဲ့ မင်းကတော့ တော်တော်လေး အစွမ်းထက်တာပဲ" ဆိုသည့် အမူအရာမျိုးဖြင့် ကြည့်လိုက်သည်။ သူသည် လက်ထဲရှိ ဝိုင်နှင့် အသားများကို ဖြည်းညင်းစွာ ချလိုက်ပြီး သူ့ရှေ့မှ လူငယ်ကို ဂါရဝပြုလိုက်သည်။
"ဒီက... သခင်လေး၊ ငါက သူတောင်းစားဘုရင် မုန့်ကျိုးပါ၊ လက်ရှိ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့"
"အိုး၊ ခင်ဗျားအကြောင်းတွေ အများကြီး ကြားဖူးပါတယ်၊ မလေးမစား လုပ်မိတာကို ခွင့်လွှတ်ပါ"
ဖုန်းပုကြွယ်က အရှက်မရှိ ပြန်ဖြေလိုက်သည်။ အရူးတစ်ယောက်ပင်လျှင် သူသည် ထိုအမည်ကို တစ်ခါမှ မကြားဖူးကြောင်း သိနိုင်ပေသည်။ သို့မဟုတ်ပါက စောစောကတည်းက သူမှတ်မိနေမည် မဟုတ်ပါလား။ သူက ဘယ်လိုလုပ်ပြီး မလေးမစား လုပ်မိမှာလဲ။
မုန့်ကျိုး ဒေါသမထွက်နိုင်ပေ။ စောစောက သူသည် တစ်ဖက်လူကို အမှန်တကယ် အထင်သေးမိခဲ့ပြီး အရင်စော်ကားမိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဖုန်းပုကြွယ်ပြောသမျှ စကားတိုင်းသည် အနည်းဆုံးတော့ အပေါ်ယံတွင် ယဉ်ကျေးနေသးသည်။ အများဆုံး လှောင်ပြောင်ခြင်းသာ ဖြစ်ပြီး ကြမ်းတမ်းရိုင်းစိုင်းသော စကားများ မပါဝင်ပေ။
ထိုအခိုက်အတန့်တွင် မုန့်ကျိုးသည် တစ်ဖက်လူကို အစွမ်းထက်သော ဇာတ်ကောင်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ သူသည် အဓိကအားဖြင့် အချက်နှစ်ချက်အပေါ် အခြေခံထား၏။ ပထမအချက် သူ့ရှေ့က ကောင်လေးသည် သူထိုင်သည့် ပုံစံပြောင်းလဲလိုက်သည့် သေးငယ်သော လှုပ်ရှားမှုမှတစ်ဆင့် ရန်သူကို တိုက်ခိုက်ရန် သိုင်းပညာအသုံးပြုတော့မည်ကို မြင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သိုင်းပညာကို သိရမည်ဖြစ်ပြီး သိုင်းပညာတွင် ထိပ်သီးဆရာသခင်တစ်ဦးလည်း ဖြစ်ရပေမည်။
ဒုတိယအချက်မှာ အမျိုးသမီးဓားသမား၏ ကျွမ်းကျင်မှုကို ပထမတန်းစားအဆင့်ဟုသာ သတ်မှတ်နိုင်သော်လည်း သူမ၏ အသက်အရွယ်အရ ဤသိုင်းပညာမျိုး ရှိနေခြင်းမှာ... သူမသည် ပင်ကိုယ်သဘာဝသို့ ရောက်ရှိသော ဆရာသခင်အဆင့် မဟုတ်ခဲ့လျှင်ပင် နက်ရှိုင်းသော နှလုံးသားမန္တန်တစ်ခုကို လေ့ကျင့်ထားရမည် ဖြစ်သည်။ သို့သော်လည်း သူမသည် ခေါင်းဆောင်၏ အမိန့်ကို နာခံနေရသည်။ ယင်းက ဖုန်းပုကြွယ်ဟု အမည်ရသော ထိုလူသည် အနည်းဆုံး ထိပ်သီးပညာရှင်တစ်ဦး ဖြစ်ရမည် သို့မဟုတ်ပါက သူမ၏ ခင်ပွန်းဖြစ်နိုင်သည်ဟု သက်သေပြနေခဲ့သည်။
"စောစောက ငါ စကားမှားသွားခဲ့တယ်"
မုန့်ကျိုးက ဆိုသည်။
ယခုတစ်ကြိမ်တွင်မူ ဖုန်းပုကြွယ်က သူ့ကို ကြားဖြတ်ပြောလိုက်သည်။
"ဟေး... ခင်ဗျား ဘာတွေ ပြောနေတာလဲ"
သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဒါက ကျုပ်ရဲ့ အသိပညာနည်းပါးမှုကြောင့် ဖြစ်တာပါ၊ ကျုပ်က ဘယ်လိုလုပ် ခင်ဗျားကို အပြစ်တင်နိုင်မှာလဲ"
မီတာအနည်းငယ်အကွာတွင် ရပ်နေသော ရီရူယွီသည် ရှောင်တန်အနားသို့ တိုးသွားကာ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ကျွန်မတို့ သခင်လေးကတော့ တော်တော် အရေထူတာပဲ၊ သူက အစကနေ အဆုံးအထိ စကားတစ်ခွန်းမှ မမှားသွားဘူး၊ သူ့အမူအရာကလည်း တော်တော်လေး သဘာဝကျတယ်..."
ရှောင်တန်း၏ နှုတ်ခမ်းများ တွန့်သွားခဲ့သည်။
"ဟား... ဒီလို အခြေအနေမျိုးကနေ သူဘယ်လောက် အရေထူသလဲဆိုတာ မင်း မြင်နိုင်တာလား၊ အဲဒါက မင်း အစ်ကိုကြွယ်ကို ကောင်းကောင်း မသိသေးလို့ပါ..."
အခန်း (၁၉၀)
အသင်းဖော်များသည် ထိုနေရာတွင်ပင် ရပ်နေကြပြီး ဖုန်းပုကြွယ်တစ်ယောက် သူတောင်းစားဂိုဏ်းချုပ်နှင့် အဓိပ္ပာယ်မရှိသည်များ လျှောက်ပြောနေသည်ကို စောင့်ကြည့်နေကြသည်။
မုန့်ကျိုး၏ ပြောပြချက်အရ သူရွာအဝင်တွင် စောင့်နေရခြင်းသည် ရွာထဲသို့ အသစ်ဝင်လာသော သိုင်းသမားများကို လမ်းညွှန်ရန်အတွက် ဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် လာသမျှလူများ၏ နောက်ခံများကို စုံစမ်းရန်လည်း ရည်ရွယ်ထား၏။ သူတောင်းစားဂိုဏ်းဝင်တစ်ဦးအနေဖြင့် သူသည် သိုင်းလောကရှိ လူအများစုနှင့် သဘာဝကျကျ ဆက်သွယ်နိုင်စွမ်း ရှိပေသည်။ နောက်ခံ မည်သို့ပင်ရှိစေကာမူ ထိုလူများအားလုံး သူတောင်းစားအိုကြီးကို မျက်နှာသာပေးရမည်သာ ဖြစ်သည်။
မုန့်ကျိုးသည် ဖုန်းပုကြွယ်အား လမ်းမကြီးနှင့် လမ်းကလေးတို့၏ စည်းမျဉ်းများအကြောင်း ပြောပြခဲ့သည်။ ထိုအကြောင်းကို ကြားပြီးနောက် ဖုန်းပုကြွယ်၏ ပထမဆုံး တုံ့ပြန်မှုမှာ မေးမြန်းရန်ဖြစ်သည်။
"ခင်ဗျားပြောပုံအရဆိုရင် ဒီနေ့ ချန်လင်မြို့ထဲမှာ လူဆိုးတစ်ယောက်မှ မရှိတော့ဘူးပေါ့၊ အားလုံးက လမ်းမှန်ဂိုဏ်းတွေနဲ့ နာမည်ကြီး သိုင်းသမားတွေချည်းပဲလား"
သူတောင်းစားအိုကြီးက ချက်ချင်း ရယ်မောလိုက်သည်။
"လမ်းမှန်ဂိုဏ်းက လူတွေတိုင်း လူကောင်းတွေလို့ မင်းထင်နေတာလား"
သူက ပြန်မေးလိုက်သည်။
"နာမည်ကျော်ကြားတဲ့ လူတွေကကော ကန့်လန့်ကာနောက်မှာ တကယ့်လူကောင်းတွေ ဖြစ်နေကြလို့လား"
ဖုန်းပုကြွယ်မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်..."
အမှန်စင်စစ် သူသည် မုန့်ကျိုးကို ရှင်းရှင်းလင်းလင်း ပြောစေချင်ရုံသာ ဖြစ်သည်။ ဖုန်းပုကြွယ်၏ စရိုက်အရ ထိုလူအားလုံး လူကောင်းများဖြစ်ကြောင်း မည်သို့ ယုံကြည်နိုင်ပါမည်နည်း။ သူ့ရှေ့တွင်ရှိသော ထိုမုန့်ကျိုးကိုပင် သူ အပြည့်အဝ မယုံကြည်ပေ။
သူတို့၏ စကားဝိုင်းအတွင်း အခြားအရေးကြီးသောအချက်မှာ မုန့်ကျိုးသည် ချန်လင်မြို့၏ လက်ရှိအခြေအနေကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်... အပေါ်ယံတွင် မုန်တိုင်းထန်ရန် အရှိန်ယူနေသော်လည်း အမှောင်ထုထဲတွင်မူ... လူတိုင်း ကြောက်ရွံ့တုန်လှုပ်သည့် အခြေအနေသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။
ဇာတ်လမ်းမိတ်ဆက်ပေးသည့် NPC နှင့် စကားပြောဆိုမှုက မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့သည်။ ဖုန်းပုကြွယ်သည် NPC ထံမှ ရရှိနိုင်သမျှ သတင်းအချက်အလက် အားလုံးနီးပါးကို ရရှိခဲ့သည်။ ရှင်းပြချက်များကို နားထောင်ပြီးနောက် သူသည် စီနီယာကို ကျေးဇူးတင်စကားဆိုကာ သူ့အသင်းဖော်များကို ဦးဆောင်၍ မြို့ထဲသို့ ဝင်လာခဲ့သည်။
သူတောင်းစားအိုကြီး၏ မြင်ကွင်းထဲမှ လွတ်ကင်းသွားပြီးနောက် ရှောင်တန်က သူ့အနား ကပ်လာလေသည်။
"အစ်ကိုပုကြွယ်၊ မင်း ကြားလိုက်လား၊ အခြေအနေ မကောင်းဘူးဟ"
"ဘယ်အပိုင်းကို ပြောတာလဲ"
ဖုန်းပုကြွယ်က မေးလိုက်သည်။
"သေချာတာပေါ့ ညတိုင်း လူတွေ ပျောက်ပျောက်သွားတဲ့ အပိုင်းလေ"
ရှောင်တန်းက ဖြေသည်။
"မုန့်ကျိုးက ဒါကို သရဲတစ္ဆေတွေကြောင့် ဖြစ်တာလို့ အလေးအနက် ပြောနေပေမဲ့..."
ဖုန်းပုကြွယ်က ပြုံးလိုက်သည်။
"ဒါပေမဲ့ ငါ့အမြင်အရတော့... မင်းတစ်ယောက်ပဲ အဲဒါကို ယုံလိမ့်မယ်"
ရီရူယွီကလည်း ရှောင်တန်ကို ကြည့်ရင်း ပြုံးလိုက်သည်။
"ဒီဇာတ်လမ်းထဲက တခြား NPC တွေတောင် ဒါကို ယုံမှာမဟုတ်ဘူး၊ သူတောင်းစားအိုကြီးက ကျွန်မတို့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာ အသိသာကြီးပဲလေ၊ သူပြောတဲ့စကားကို သူကိုယ်တိုင်တောင် ယုံမယ်မထင်ဘူး"
"ဘာဖြစ်လို့လဲ"
ရှောင်တန်က မေး၏။
ရီရူယွီက ပြန်ဖြေသည်။
"ဒါက သိသာနေတာပဲ မဟုတ်လား၊ တကယ်လို့ ဒီမုန့်ကျိုးက သရဲတစ္ဆေတွေကို တကယ်ကြီး ယုံတယ်ဆိုရင် ဘာလို့ ညတိုင်း လမ်းပေါ်မှာ ထိုင်နေမှာလဲ၊ အနည်းဆုံးတော့ ပုန်းစရာ အမိုးအကာတစ်ခုခု ရှာမှာပေါ့၊ မဟုတ်ဘူးလား"
"မုန့်ကျိုး ပြောတာကတော့…”
ဖုန်းပုကြွယ်က ဆိုသည်။
“ညတိုင်း အနည်းဆုံး ခုနစ်ယောက် ရှစ်ယောက်ကနေ အများဆုံး ဆယ်ယောက်လောက်အထိ လူတွေ ပျောက်သွားတတ်တယ်တဲ့..."
"ငါ ယုံကြည်တာကတော့ ပျောက်သွားတဲ့လူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ 'လူ' သတ်တာ ခံရတာ ဒါမှမဟုတ်... အချင်းချင်း သတ်ကြတာ ဖြစ်လိမ့်မယ်"
သူက ခဏရပ်လိုက်သည်။
"ဖြစ်နိုင်တာက သူတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ပဲ သဘာဝလွန်အရာတစ်မျိုးမျိုးနဲ့ တွေ့ခဲ့တာ ဖြစ်နိုင်တယ်"
ရီရူယွီက ဖြည့်စွက်ပြောလိုက်သည်။
"ဒါ့အပြင် သိုင်းလောကက လူတွေလည်း ဒီအချက်ကို ကောင်းကောင်းသိကြတယ်၊ ဒါပေမဲ့ ဘယ်သူကမှ ဒီသရဲကောလာဟလကို ထောက်ပြမှာ မဟုတ်ဘူး"
ရှောင်တန် နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"အဲဒီနည်းနဲ့ သူတို့က နောင်ကျ တခြားလူတွေကိုသတ်ဖို့ ဒီသရဲကောလာဟလကို အကာအကွယ်အဖြစ် သုံးလို့ရတာပေါ့၊ ဟုတ်သလား"
ဖုန်းပုကြွယ်က လက်ဖျောက်တီးလိုက်သည်။
"မှန်တယ်"
ထိုအခါ အာတိုဘီဆမားက ပြောလာသည်။
"ဒါပေမဲ့ ဒီလူတွေက ဘာလို့ အဲဒီလိုမျိုး လုပ်နေကြတာလဲ၊ သူတို့က ချန်လင်မြို့ကိုတောင် ရောက်နေကြပြီပဲလေ၊ ဓားပြိုင်ပွဲစတဲ့အခါ ရှေ့ဆုံးက ကြည့်ချင်လို့လား၊ ဒါကြောင့်မို့လို့ ဒီရက်ပိုင်းအတွင်း တခြားကြည့်ရှုမယ့်သူတွေကို သတ်ဖို့ အခွင့်အရေး ရှာနေကြတာလား"
"ဟူး... မင်းက သိုင်းလောကရဲ့ အလုပ်တွေကို နားမလည်သေးပါဘူး"
ဖုန်းပုကြွယ်က ဤအကြောင်းကို ကောင်းစွာသိရှိထားသည့်ဟန်ဖြင့် ရိုးသားစွာ ပြောလိုက်သည်။
"ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ လူသားတွေရဲ့ အလိုရမ္မက်တွေပဲ၊ ချစ်ခြင်းနဲ့ မုန်းခြင်းတွေဆိုတာ အဲဒါတွေကြောင့် ဖြစ်လာရတာ၊ သိုင်းလောကဆိုတာ ဒါတွေအားလုံးကို အပြတ်သားဆုံးနဲ့ အထင်ရှားဆုံး ပုံဖော်ပေးထားတဲ့ အိုးကြီးတစ်လုံးပဲ၊ တကယ်လို့ သိုင်းလောကက လူတစ်စုကို သီးသန့်ဖြစ်ပြီး သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ထားလိုက်မယ်ဆိုရင် သူတို့ရဲ့ လူသားသဘာဝတွေ ပေါ်ထွက်လာလိမ့်မယ်"
သူသည် မှောင်မိုက်တိတ်ဆိတ်နေသော ရွာကလေးကို ဝေ့ကြည့်လိုက်သည်။
"ပုံမှန်အားဖြင့် မင်း ကြည့်မရတဲ့လူတွေ ရှိလိမ့်မယ်၊ ဖြစ်နိုင်တာက မင်းသူတို့ကို မနာလိုဖြစ်နေတာ ဒါမှမဟုတ် သူတို့က မင်းကို အရင်က စော်ကားဖူးတာ ဒါမှမဟုတ် သူတို့ ကွယ်ရာမှာ လုပ်ထားတဲ့ မကောင်းမှုတွေကို မင်းသိနေတာ ဒါမှမဟုတ် မင်းရဲ့ မကောင်းမှုတွေကို သူတို့ သိနေတာမျိုး ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သူတို့ရဲ့ အဆင့်အတန်း ဒါမှမဟုတ် တစ်ဖက်လူရဲ့ အဆင့်အတန်းကြောင့်၊ သိုင်းလောကရဲ့ စည်းမျဉ်းတွေ၊ ကိုယ်ကျင့်တရားတွေ အဲ့ဒါတွေကြောင့်... အပြင်မှာတော့ ဘာမှလုပ်လို့ မရဘူး"
သူက ပြုံးလိုက်သည်။
"ဒီချန်လင်မြို့က ဘယ်လောက်တောင် ပြည့်စုံနေသလဲဆိုတာ ကြည့်လိုက်စမ်း၊ ဘယ်သူမှ ဘာကိုမှ ဂရုမစိုက်ကြဘူးလို့ ပြောလို့ရတယ်... ကောင်းကင်၊ မြေကြီးနဲ့ အစိုးရပါမကျန်ပေါ့၊ ညရောက်တာနဲ့ မင်း သည်းခံထားရတဲ့ လူတွေကိုသတ်ဖို့ ခိုးထွက်သွားလို့ ရတယ်၊ ပြီးရင် ဘယ်သူမှ မသိတဲ့ သရဲတစ္ဆေတွေအပေါ် အပြစ်ပုံချလိုက်ရုံပဲ၊ တစ်ယောက်က လုပ်တာကို နောက်တစ်ယောက်က မဖော်ထုတ်ကြေးဆိုတဲ့ အပြန်အလှန် နားလည်မှုနဲ့ လူတိုင်း ဒါကို လုပ်နေကြတာဆိုတော့ မကောင်းပေဘူးလား"
"ငါ ပြောပါရစေ... မင်းက လူ့နှလုံးသားရဲ့ အမှောင်ဘက်ခြမ်းကို တကယ်ကြည့်တတ်တာပဲ..."
အာတိုဘီဆမားသည် ဖုန်းပုကြွယ်၏ ထင်ရှားလှသော ဖော်ပြချက်ကို နားထောင်ပြီးနောက် မသိမသာ ဇက်ပုသွားခဲ့သည်။
"ကလေး... မင်းက မိသားစုကောင်းတစ်ခုက လာတာမဟုတ်လား"
ဖုန်းပုကြွယ်က ပြုံးလျက် သူ့ကို ကြည့်လိုက်သည်။
"မင်း ဘယ်လိုသိတာလဲ"
အာတိုဘီက ပြန်မေးသည်။
"ဟားဟား..."
ဖုန်းပုကြွယ်က မေးစေ့ကို ပွတ်လိုက်သည်။
"နာမည်ပေးရတာ အရမ်းခက်တယ်၊ နာမည်ရွေးရတာ ခက်လိုက်တာ၊ နာမည်ပေးဖို့ ဘာလို့အဲ့လောက် ခက်နေတာလဲ….အဲဒီသုံးယောက်က... လူပုံအလယ်မှာ မင်းကို နှိပ်စက်နေကြပေမဲ့ မင်း ဒုက္ခရောက်တဲ့အခါကျရင်တော့ အပြေးလာကူညီပေးမယ့် သူငယ်ချင်းမျိုးတွေပဲ၊ အင်း... ငါ ခန့်မှန်းရရင်တော့ သူတို့တွေက ကျောင်းတက်တုန်းက မင်းနဲ့ ညီအစ်ကိုဖွဲ့ခဲ့တဲ့သူတွေပဲ ဖြစ်မှာပါ"
"ဟေး... မင်းက အဲဒီလိုမျိုးတွေပါ သိတာလား"
အာတိုဘီက အံ့အားသင့်စွာ မေးလိုက်သည်။
ဖုန်းပုကြွယ်သည် အာတိုဘီဆမား၏ ပုခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
"မင်း... မင်းက လူ့နှလုံးသားရဲ့ ဆိုးယုတ်မှုတွေကို နားမလည်သေးဘူးပေါ့"
ထို့နောက် သူက ရှောင်တန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ရှောင်တန်က ပြုံးနေသော်လည်း ဘာမှမဆိုပေ။ သူသည် ထိုအရာများကို အရင်က ကြုံတွေ့ဖူးဟန် ရှိနေသည်။
"မင်း တခြားလူဆီမှာ အလုပ်စလုပ်ပြီး လူမှုပတ်ဝန်းကျင်က လူတွေနဲ့ ပိုထိတွေ့လာရတဲ့အခါ ဒီကမ္ဘာကြီးမှာ လူယုတ်မာတွေ ဘယ်လောက်များသလဲဆိုတာနဲ့ အဲဒီလူယုတ်မာတွေက ဘယ်လောက်အထိ ယုတ်မာနိုင်သလဲဆိုတာ မင်း သိလာလိမ့်မယ်"
ဖုန်းပုကြွယ်က ဆိုသည်။
သူတို့ စကားပြောနေစဉ် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေသည်။
သူတို့ရှေ့ရှိ လမ်းကြားလေးတစ်ခုထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အသက် ၃၀ ခန့်ရှိမည့် အစိမ်းရောင်ဝတ်စုံဝတ် စာသင်သားတစ်ဦးဖြစ်ပြီး ချောမောသော ရုပ်ရည်ရှိကာ ယဉ်ကျေးသိမ်မွေ့သည်။ လူ့လောကထဲသို့ ခြေစုံပစ်ဝင်ကာစ အမျိုးသမီးတစ်ဦးသာ ထိုမျက်နှာကို မြင်လိုက်ရပါက ရင်ခုန်သံများမြန်လာပြီး ပါးပြင်များ နီမြန်းသွားပေလိမ့်မည်။
သို့သော်လည်း ထိုအချိန်တွင် ထိုချောမောသော အမျိုးသားသည် အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရထားကြောင်း ထင်ရှားလှသည်။ သူ၏ ဘယ်ဘက်ပုခုံးတွင် လတ်ဆတ်သော သွေးများဖြင့် နီရဲနေခဲ့သည်။ သူ ပြေးလာချိန်တွင် ယိုင်နဲ့နေရုံသာမက သူ့အသက်ရှုသံမှာလည်း ကစဉ့်ကလျား ဖြစ်နေခဲ့သည်။ လရောင်အောက်တွင် ဖြူဖျော့နေသော သူ့မျက်နှာနှင့် ကြောက်ရွံ့နေသည့် အမူအရာသည် အလွန်သနားစဖွယ် ကောင်းလှသည်။
လမ်းမပေါ်သို့ ရောက်သောအခါ သူသည် ဖုန်းပုကြွယ်တို့အဖွဲ့ကို ကြည့်ရန် ခေါင်းမော့လိုက်ရုံသာ ရှိသေးသည်။ သူ့ခန္ဓာကိုယ်သည် ထရပ်ကားတစ်စီးနှင့် တိုက်မိသကဲ့သို့ ဘေးသို့ ရုတ်တရက် ကောက်ကွေးသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး လမ်းဘေးရှိ နံရံတစ်ခုထံ အရှိန်ဖြင့် သွားဆောင်မိတော့သည်။ အသက်ရှုချိန် အနည်းငယ်အကြာတွင် သူ သေဆုံးသွားခဲ့သည်။
ဖုန်းပုကြွယ်က သူ့အသင်းသားများကို နောက်မှာနေရန် လက်ပြလိုက်သည်။ သူသည် အလောင်းကို အနီးကပ်ကြည့်ရန် အလျင်အမြန် ရှေ့တိုးသွားလိုက်သည်။
အလောင်းကို မြင်လိုက်သည်နှင့် ထိုလူဘေးသို့ လွင့်ထွက်သွားရသည့် ထူးဆန်းသော လှုပ်ရှားမှုမှာ လက်သည်းကဲ့သို့သော လက်နက်ပုန်း ဆယ်ခုထက်မက အထိခံလိုက်ရခြင်းကြောင့်ဖြစ်ကြောင်း သူ သိလိုက်ရသည်။ ယင်းမှာ ရှော့ဂန်းနှင့် အပစ်ခံရသကဲ့သို့ ဖြစ်ပြီး ထိုလက်နက်ပုန်းများ၏ အရှိန်ကြောင့် သူ လွင့်ထွက်သွားရခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် လက်နက်ပုန်းများ လာရာအရပ်သို့ ကြည့်ရန် ခေါင်းမော့လိုက်ရာ သူကိုယ်တိုင်လည်း တိုက်ခိုက်ခံလိုက်ရသည်...။