← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅)

ပြေးဝင်လာသောဓားသွားသည် ခေါင်းဆောင်များ၏ အစည်းအဝေးခန်းထဲသို့ အေးအေးလူလူ လျှောက်ဝင်လာခဲ့သည်။ ထိုအချိန်တွင် စားပွဲဝိုင်းတွင် ထိုင်နေသူ လူလေးဦး ရှိနေပြီဖြစ်သည်။ သူတို့ထဲမှ တစ်ဦးမှာ သူ့ညီအစ်ကိုဖြစ်သူ ဓားမဲ့ဓားသမား ဖြစ်ပြီး ကျန်သုံးဦးမှာ စားပွဲတစ်ဖက်ခြမ်းတွင် ထိုင်နေကြသည်။ သူတို့၏ အိုင်ဒီများမှာ ဓားမော့တစ်ချက်၊ ဓားတစ်ချက်နှင့် ကြောက်တတ်တဲ့ ကြောင်ကလေး မဟုတ်ဘူးတို့ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေ ကျန်းဟူသည် ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့တွင် စည်းကမ်းကောင်းများ ရှိကြသည်။ မည်သည့်အဖွဲ့ဝင်မှ ထိုနေရာတွင်ထိုင်ရင်း အာလူးကြော်များ တဂျွတ်ဂျွတ် ဝါးစားနေခြင်းမျိုး မရှိပေ။ သို့သော် သူတို့သည် ငြိမ်သက်စွာ ထိုင်နေကြသည်တော့ မဟုတ်ပါ။ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် အအေးပုလင်းတစ်လုံးစီ ကိုင်ထားကြပြီး ရံဖန်ရံခါ တစ်ငုံချင်း သောက်နေကြသည်။

သည်းထိတ်ရင်ဖိုသုခဘုံထဲရှိ မုန့်များနှင့် အအေးများသည် အာသာပြေရုံသက်သက်သာ ဖြစ်သည်။ ၎င်းတို့တွင် မည်သည့် အပိုစွမ်းရည်မှ မရှိသလို အသက်အမှတ် သို့မဟုတ် သက်လုံအမှတ်တို့ကိုလည်း ပြန်လည် မဖြည့်တင်းပေးနိုင်ပေ။ လက်တွေ့ဘဝတွင် ထမင်းတစ်နပ်စာ အစားထိုးနိုင်စွမ်းလည်း မရှိပေ။ သို့သော်လည်း ဂိမ်းထဲတွင် ထိုပစ္စည်းများ၏ ရောင်းအားမှာ အံ့အားသင့်စရာ ကောင်းလှသည်။ ပရော်ဖက်ရှင်နယ် ကစားသမားများဖြစ်စေ၊ ငွေကြေးမရှားပါးသော ကစားသမားများဖြစ်စေ သို့မဟုတ် သာမန်ကစားသမားများဖြစ်စေ အနည်းဆုံးတော့ မြည်းစမ်းကြည့်ရန် ဝယ်ယူတတ်ကြသည်။

အိပ်မက်ကုမ္ပဏီက ရောင်းချတဲ့ ဒီမုန့်အတုတွေက တကယ်ပဲ ဆွဲဆောင်မှုရှိလို့လား။ အဖြေမှာ 'ဟုတ်ကဲ့' ဖြစ်သည်။ သူတို့ ထုတ်လုပ်သော ပစ္စည်းများကို အဓိကအားဖြင့် အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ ပထမအမျိုးအစားသည် လက်တွေ့ဘဝတွင် အလွန်ရေပန်းစားသော အာလူးကြော်၊ ကိုကာကိုလာ၊ စီးကရက် စသည့်ပစ္စည်းများဖြစ်သည်။ ဒုတိယအမျိုးအစားမှာ လက်တွေ့ဘဝတွင် အလွန်စျေးကြီးသော ဆေးဘက်ဝင်အပင်များ၊ ချောကလက်နှင့် အရက်အမျိုးမျိုးတို့ ဖြစ်သည်။ တတိယအမျိုးအစားမှာမူ... လက်တွေ့ဘဝတွင်မရှိသော ထူးခြားဆန်းပြားသည့် ပစ္စည်းများ ဖြစ်ကြသည်။ ဥပမာအားဖြင့် အစားအသောက်ကာတွန်းများထဲတွင်သာ ပါရှိတတ်သော "ဂါလာ မိကျောင်းခြောက်" နှင့် "သက်တံဖျော်ရည်" တို့အပြင် ဂိမ်း၏ မူရင်းလက်ရာများဖြစ်သော "မျက်လုံးကင်" နှင့် "မမ်မီပတ်တီးကျောက်ကျော" စသည့် သည်းထိတ်ရင်ဖိုစရာ အစားအစာများ ဖြစ်ကြသည်။

ဂိမ်းတရားဝင်ကာလ စတင်ခဲ့သည်မှာ မကြာသေးပေ။ ဤပစ္စည်းများ၏ စျေးနှုန်းမှာလည်း ထိုမျှ ဈေးမကြီးသော်လည်း သည်းထိတ်ရင်ဖိုသုခဘုံ၏ ဤပစ္စည်းများမှ ရရှိသော အမြတ်အစွန်းသည် ကျည်ဆန်၊ ဆေးဝါး၊ ဘက်ထရီ စသည့် အခြားသုံးကုန်ပစ္စည်းများမှ ရရှိသော အမြတ်နှင့် နီးပါးတူနေပြီဖြစ်သည်။ ဤစီးပွားရေးလုပ်ငန်းသည် စနစ်အတွက် ကစားသမားများထံမှ ဂိမ်းဒင်္ဂါးများကို ရှာဖွေနိုင်သည့် အဓိကနည်းလမ်းကြီးတစ်ခု ဖြစ်လာခဲ့သည်။

"အစ်ကိုရှောင် မလာသေးဘူးလား"

ပြေးဝင်လာသောဓားသွားက ထိုင်ချရင်း မေးလိုက်သည်။ သူ့အကြည့်များက စားပွဲတစ်ဖက်ရှိ လူသုံးယောက်၏ မျက်နှာများကို ဝေ့ကြည့်လိုက်သည်။ သူတို့အားလုံးသည် ကျန်းဟူအဖွဲ့ဝင်များ ဖြစ်ကြသော်လည်း ပြေးဝင်လာသောဓားသွားနှင့်တော့ မရင်းနှီးကြပေ။ ယဉ်ကျေးသည့် အနေဖြင့် ပြေးဝင်လာသောဓားသွားက သူတို့ကို ခေါင်းအနည်းငယ် ငြိမ့်ပြကာ နှုတ်ဆက်လိုက်သည်။

ဓားမဲ့ဓားသမားက ပြန်ဖြေသည်။

"သူက မင်းခုနက ပြောခဲ့တဲ့ ကိစ္စနဲ့ အလုပ်ရှုပ်နေတာ ဖြစ်လိမ့်မယ်"

"အဲဒါက အဲလောက်တောင် လက်ဝင်လို့လား"

ပြေးဝင်လာသောဓားသွားက မေးလိုက်သည်။

"ဟား... မင်းကပဲ ပစ္စည်းတွေကို ဘေးချထားခဲ့ပြီး အခုကျတော့ တခြားသူတွေကိုပဲ အကုန်ပုံပေးထားတာကိုး"

ဓားမဲ့ဓားသမားက ရယ်မောလိုက်သည်။

"ငါတို့တွေ အများကြီး အလုပ်ရှုပ်နေခဲ့တာကွ၊ လက်မှုပညာ ကျွမ်းကျင်မှုကို လေ့ကျင့်ဖို့က အဲလောက် လွယ်တယ်လို့ မင်းထင်နေတာလား၊ အမိန့်အဖွဲ့ကလွဲရင် တခြား ဘယ်ဂိုဏ်းကများ အော်လိုက်ရုံနဲ့ အထူးပြုကစားသမား အမြောက်အမြားကို ခေါ်ထုတ်နိုင်မှာလဲ"

ပြေးဝင်လာသောဓားသွားက ပခုံးတွန့်ရင်း ဆိုသည်။

"ကောင်းပါပြီ၊ ငါမှ အဲဒါကို မလေ့ကျင့်ဖူးတာ၊ ဘယ်လောက်ခက်ခဲလဲဆိုတာ ငါ ဘယ်သိပါ့မလဲ"

သူတို့ စကားပြောနေစဉ် အစည်းအဝေးခန်းတံခါးက နောက်တစ်ကြိမ် ပွင့်လာခဲ့သည်။ အရပ် ၁.၈၅ မီတာခန့်ရှိပြီး တည်ငြိမ်ပြတ်သားသော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦး လျှောက်ဝင်လာလေသည်။

ကောင်းကင်ကို လှောင်ရယ်ခြင်းသည် ကျန်းဟူစတူဒီယို၏ ဘော့စ်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကျန်းဟူ၏ ခေါင်းဆောင်လည်း ဖြစ်၏။

ဥပမာအားဖြင့် လူတစ်စုသည် လူသူမနီးသော ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်နေလျှင်ဖြစ်စေ၊ တောနက်ထဲတွင် ပိတ်မိနေလျှင်ဖြစ်စေ၊ သို့မဟုတ် အမည်မသိအန္တရာယ်ရှိသော နေရာတစ်ခုတွင် ပိတ်မိနေလျှင်ဖြစ်စေ အစပိုင်းတွင် သူတို့သည် ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြလိမ့်မည်။ ထိုအချိန်တွင် ကောင်းကင်ကို လှောင်ရယ်ခြင်းသည် သူတို့ အားကိုးရမည့်သူ ဖြစ်လာမည်မှာ အသေအချာပင်။ သူသည် ရှေ့က မားမားမတ်မတ်ရပ်၍ တစ်ခုခုလုပ်ပေးလိမ့်မည်ဟု လူတိုင်းက မျှော်လင့်ရမည့်သူ ဖြစ်သည်။

အတိုချုပ်ပြောရလျှင် ယင်းမှာ ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါပင် ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ထိုလူသည် အားကိုးထိုက်စရာ ပုံစံရှိလေသည်။

လက်တွေ့ဘဝတွင် ကောင်းကင်ကို လှောင်ရယ်ခြင်း၊ ဓားမဲ့ဓားသမားနှင့် ပြေးဝင်လာသောဓားသွားတို့သည် ငယ်ရွယ်သော စွန့်ဦးတီထွင်သူများဟု သတ်မှတ်ခံထားရသူများ ဖြစ်သည်။ ဂိမ်းလောကတွင်လည်း သူတို့သည် ပရော်ဖက်ရှင်နယ် ကစားသမားများကြားတွင် သြဇာညောင်းသူများ ဖြစ်ကြသည်။ သို့သော်လည်း ကျန်းဟူစတူဒီယိုကို ကိုယ်စားပြုနိုင်သူကား မည်သူနည်းဟု မေးလာလျှင်မူ အဖြေမှာ ကောင်းကင်ကို လှောင်ရယ်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဂိမ်းကစားနိုင်စွမ်းနှင့် ပတ်သက်လျှင် ကောင်းကင်ကို လှောင်ရယ်ခြင်းနှင့် ပြေးဝင်လာသောဓားသွား တို့မှာ အဆင့်တူဖြစ်သည်။ အရင်က သူတို့သည် အခြားသော ပုံရိပ်ယောင်အစစ်အမှန်ဂိမ်းများတွင် တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်း ယှဉ်ပြိုင်ခဲ့ကြသည်။ သူတို့ကြားတွင် အနိုင်အရှုံးလည်း အပြန်အလှန် ရှိခဲ့ကြသည်။ ဂိမ်းထဲက အလုပ်အကိုင်နှင့် ပစ္စည်းကိရိယာများကို ခဏဖယ်ထားလျှင် သူတို့သုံးဦးကြားတွင် သိသာထင်ရှားသော ကွာခြားချက် မရှိပေ။

သို့သော် ကုမ္ပဏီ စီမံခန့်ခွဲမှုပိုင်းတွင်မူ ဓားမဲ့ဓားသမားနှင့် ချီကျန့်တို့က သူ့ကို မမီကြပေ။ စတူဒီယို၏ အရေးကြီးသော ဆုံးဖြတ်ချက်များနှင့် ရှေ့ဆက်ရမည့် ဖွံ့ဖြိုးတိုးတက်မှုများကို အစကတည်းက ကောင်းကင်ကို လှောင်ရယ်ခြင်းကသာ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သူတို့ကဲ့သို့ အခြေခံမှ စတင်တက်လှမ်းလာသော ကုမ္ပဏီတစ်ခုအတွက် ထိုကဲ့သို့သော ထက်မြက်သည့် ဆုံးဖြတ်ချက်ချသူ ရှိနေခြင်းမှာ သူတို့အောင်မြင်မှု၏ အုတ်မြစ်ပင် ဖြစ်သည်။

"အင်း... အားလုံး စုံကြပြီမလား"

ကောင်းကင်ကို လှောင်ရယ်ခြင်းက စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်လိုက်ရင်း ဆိုသည်။ သူ့မျက်လုံးများက ညာဘက်ရှိ ဓားမဲ့ဓားသမားနှင့် ပြေးဝင်လာသောဓားသွားတို့ကို ဝေ့ကြည့်လိုက်ပြီးနောက် ဘယ်ဘက်ရှိ ကစားသမားသုံးဦးထံ လှည့်လိုက်သည်။

"မင်းတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီးကြပြီလား?"

"အာ... ငါတို့ ခဏတော့ စကားပြောဖြစ်ကြပါတယ်"

ဓားမဲ့ဓားသမားက ပြန်ဖြေသည်။

"ဒါပေမဲ့ ချီကျန့်က အခုမှ ရောက်လာတာဆိုတော့ မင်းပဲ မိတ်ဆက်ပေးလိုက်ပါလား"

ကောင်းကင်ကို လှောင်ရယ်ခြင်းက သူ့ညာဘက်လက်ကို မြှောက်ကာ ဘယ်ဘက်ရှိ ကစားသမားသုံးဦးအား ပြသလိုက်သည်။

"ဒါက ချီကျန့်၊ ပြေးဝင်လာသောဓားသွားပဲ"

"ခင်ဗျားအကြောင်း ကြားဖူးတာ ကြာပါပြီ"

ဓားမော့တစ်ချက်နှင့် ဓားတစ်ချက်တို့သည် နောက်ဆုံးတွင် ပညာရှင်တစ်ဦးနှင့် တွေ့ဆုံခွင့် ရရှိခဲ့ကြသည်။ သူတို့သည် စိတ်လှုပ်ရှားနေကြသော်လည်း ရိုရိုသေသေ ရှိနေကြဆဲ ဖြစ်သည်။

သူတို့ဘေးတွင် ရှိနေသော ကြောက်တတ်တဲ့ ကြောင်ကလေးမဟုတ်ဘူးကမူ နှုတ်ခမ်းစူထားပြီး ဘာမှ မပြောပေ။

"ဟဲဟဲ... ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး"

ပြေးဝင်လာသောဓားသွားက ပြုံးလျက် ပြန်ဖြေလိုက်သည်။

ကောင်းကင်ကို လှောင်ရယ်ခြင်းက ပြေးဝင်လာသောဓားသွားဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ဓားမော့တစ်ချက်နဲ့ ဓားတစ်ချက်တို့က ပရော်ဖက်ရှင်နယ် ကစားသမားတွေ မဟုတ်ကြပေမဲ့ သူတို့ လိုင်းတက်တဲ့အချိန်ကတော့ အတော်လေး မှန်ပါတယ်၊ သူတို့မှာ အတော်‌လေး အလားအလာရှိမယ်လို့ ငါထင်တယ်..."

သူ ခဏရပ်လိုက်သည်။

"မင်း သတ်ဖြတ်ခြင်းဂိမ်းမှာ သင့်တော်တဲ့ အသင်းဖော် ရှာမတွေ့ဘူးလို့ ခဏခဏ ညည်းနေတာ မဟုတ်လား၊ နောက်ဆို သူတို့ကို မင်းနဲ့အတူ ခေါ်သွားလိုက်ရင်ရော"

"ရတာပေါ့"

ပြေးဝင်လာသောဓားသွားက အလွယ်တကူ သဘောတူလိုက်သည်။ သူသည် အခြေအနေ အရပ်ရပ်ကို နားလည်သူ ဖြစ်သည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် သူငြင်းနိုင်သလို သဘောလည်း တူနိုင်သည်။ အကယ်၍ သူသာ အချိန်အကြာကြီး စဉ်းစားပြီးမှ အဖြေပေးခဲ့မည်ဆိုလျှင် ဓားမော့တစ်ချက်နှင့် ဓားတစ်ချက်တို့မှာ မျက်နှာပျက်စရာ ဖြစ်သွားပေလိမ့်မည်။

"ငါတို့ အားလုံးက ဂိုဏ်းတစ်ခုတည်းက လူတွေပဲလေ၊ ပြီးတော့ EXP ဘောနပ်စ်တောင် ရဦးမှာဆိုတော့ ငါ့အတွက် အဆင်ပြေပါတယ်"

ပြေးဝင်လာသောဓားသွားက ဆိုသည်။

"ဟားဟား၊ ဒါဆိုရင်တော့ နောက်ကျရင် ကျွန်တော်တို့ကို ကူညီပေးပါဦး ချီကျန့်"

ဓားမော့တစ်ချက်နှင့် ဓားတစ်ချက်တို့လည်း အပျော်လုံးဆို့သွားကြသည်။ သူတို့အတွက်မူ ကျန်းဟူကဲ့သို့ နာမည်ကျော် ဂိုဏ်းကြီးတစ်ခုတွင် ပါဝင်ခွင့်ရခြင်းသည်ပင် လုံလောက်နေပြီ ဖြစ်သည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်က သူတို့တွင် အလားအလာရှိသည်ဟု ပြောလိုက်ခြင်းသည်ပင် သူတို့အတွက် ဂုဏ်ယူစရာကြီး ဖြစ်နေခဲ့သည်။ ယခုတွင် ပြေးဝင်လာသောဓားသွားနှင့် အသင်းဖွဲ့ခွင့် ရလိုက်ခြင်းသည် သူတို့အတွက် နတ်ပူးသကဲ့သို့ပင်။ သူတို့နှစ်ဦးလုံးသည် အနီးကပ်တိုက်ခိုက်ရေး လက်နက်များကို အသုံးပြုသူများ ဖြစ်ကြသဖြင့် ပြေးဝင်လာသောဓားသွားကဲ့သို့ ထိပ်တန်းကစားသမားတစ်ဦး၏ တိုက်ပွဲကို အနီးကပ်လေ့လာခွင့်ရခြင်းက သူတို့စွမ်းရည်များကို တိုးတက်လာစေမှာ လက်ခတ်မလွဲပင်။

"ဒါ့အပြင် ဒါကတော့ ကြောက်တတ်တဲ့ ကြောင်ကလေးမဟုတ်ဘူးတဲ့..."

ကောင်းကင်ကို လှောင်ရယ်ခြင်းက မိတ်ဆက်ခြင်းကို ဆက်လက်လုပ်ဆောင်သည်။

"သူက ဓားမော့တစ်ချက်နဲ့ ဓားတစ်ချက်တို့ ထောက်ခံပေးထားတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ၊ ဒီနေ့မှ ဂိုဏ်းထဲကို ဝင်လာတာ၊ မင်းတို့နဲ့ မိတ်ဆက်ပေးချင်လို့..."

ဓားမဲ့ဓားသမားနှင့် ချီကျန့်တို့ ထိုစကားကို ကြားသောအခါ သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။ သူတို့ နှစ်ယောက်လုံးက 'မိတ်ဆက်ပေးချင်တယ်' ဆိုသည့် စကား၏ အဓိပ္ပာယ်ကို တွေးတောလိုက်မိသည်။ သူက မင်းရဲ့ ကောင်မလေးလား ဒါမှမဟုတ် ဆွေမျိုးလား၊ ဒါကြောင့် ငါတို့ကို မိတ်ဆက်ပေးတာလား၊ မင်း မိတ်ဆက်ပေးတဲ့ ပုံစံအရဆိုရင် အဲဒီလို ဟုတ်ပုံမရဘူး၊ တစ်နည်းအားဖြင့် ပြောရရင်... ဒီအလှလေးက ငါတို့ စတူဒီယိုရဲ့ ဝန်ထမ်းမဟုတ်ပေမဲ့ ငါတို့နဲ့ တွေ့ဆုံထားရမယ့် ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပေါ့”

"ဟယ်လို"

ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူမသည် ဇာတ်လမ်းထဲတွင် သူစိမ်းများနှင့်တွေ့လျှင် ချစ်စရာကောင်းအောင် ဟန်ဆောင်တတ်သော်လည်း ယခု အချိန်တွင်မူ ထိုပုံစံ မရှိတော့ချေ။ ထိုအစား သူမသည် ကြံ့ခိုင်သောအမျိုးသမီးတစ်ဦး၏ ပုံစံမျိုး ပေါက်နေလေသည်။

ဓားမဲ့ဓားသမားသည် အစောကတည်းက ရောက်နေသဖြင့် သူမကို နှုတ်ဆက်ပြီးသား ဖြစ်သည်။ ချီကျန့်အတွက်မူ ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူးနှင့် ပထမဆုံး စကားပြောဖူးခြင်း ဖြစ်သဖြင့် "ဟယ်လို" ဟု ပြန်ဖြေလိုက်သည်။ သူ စိတ်ထဲမှ တွေးနေသည်။

'ငါ သူ့ကို တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ 'ကြောက်တတ်တဲ့ကြောင်ကလေးမဟုတ်ဘူး' ဆိုတဲ့ အိုင်ဒီနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားအကြောင်းလည်း တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမဲ့ အစ်ကိုရှောင်က သူ့ကို တော်တော်လေး တန်ဖိုးထားပုံရတယ်... စိတ်ဝင်စားဖို့ ကောင်းသားပဲ'

"ကြောက်တတ်တဲ့ ကြောင်ကလေးမဟုတ်ဘူး၊ မင်း နောက်ဆို ဓားမဲ့ဓားသမားနဲ့အတူ အသင်းဖွဲ့ပြီး ကစားလို့ရတယ်၊ ဂိမ်းဆော့တဲ့အချိန်ကို မှန်အောင်လုပ်ပြီး အဆင့်မြန်မြန်တက်အောင် ကြိုးစားပါ၊ မင်း အဆင့် ၃၀ ရောက်သွားရင်တော့ အိပ်မက်ဆိုးအဆင့် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်ကို ကစားဖို့အတွက် အထူးအဖွဲ့တစ်ခုမှာ ငါ ထည့်ပေးချင်တယ်"

ကောင်းကင်ကို လှောင်ရယ်ခြင်းက ဆိုသည်။

"ဒါ့အပြင် အဆင့် ၃၀ ကနေ ၃၉ ကြားမှာ အဆင့်တက်ပွဲတွေ မတိုင်ခင် ကင်းစောင့်တိုက်ပွဲ သုံးပွဲ ရှိလိမ့်မယ်၊ အဲဒီမှာလည်း မင်း မင်းရဲ့ အသင်းဖော်တွေနဲ့အတူ ပါဝင်စေချင်တယ်၊ လိုအပ်တာတွေကို ငါ စီစဉ်ပေးပါ့မယ်"

...

တစ်ချိန်တည်းမှာပင် ငရဲကမ္ဘာရှေ့တန်း၏ အစည်းအဝေးခန်းထဲတွင်...

ဖုန်းပုကြွယ် အစည်းအဝေးခန်းထဲသို့ လျှောက်ဝင်လာသောအခါ ရီရူလီသည် လက်နှစ်ဖက်ဖြင့် ပါးကို ထောက်ထားသည်ကို တွေ့လိုက်ရသည်။ သူမသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်မပါလက်မပါ ဖြစ်နေပုံရသည်။ ရီရူယွီကမူ စားပွဲတစ်ဖက်ရှိ ရှောင်တန်ထံသို့ ပြောင်းဖူးပေါက်ပေါက်များဖြင့် ပစ်ပေါက်နေလေသည်။ သူမသည် ရှောင်တန့်ဆံပင်ပေါ်တွင် ပြောင်းဖူးပေါက်ပေါက်များ ပိုများလာအောင် ကြိုးစားနေခြင်း ဖြစ်သည်။

"ငါ့ကို စောင့်နေကြတာလား"

ဖုန်းပုကြွယ်က မေးလိုက်သည်။ သူတို့သည် ယခုတွင် အိပ်စက်ခြင်းမုဒ်ဖြင့် ဂိမ်းထဲသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

"တကယ်တော့ ကျွန်မတို့ စောင့်နေတာ ဆယ်မိနစ်ပဲ ရှိပါသေးတယ်"

ရီရူလီက ဆိုသည်။

ဖုန်းပုကြွယ်သည် ရှောင်တန့်ခေါင်းပေါ်ရှိ ပြောင်းဖူးပေါက်ပေါက် အရေအတွက်ကို လှမ်းကြည့်လိုက်သည်။

"ငါ သိချင်မိတယ်၊ တကယ်လို့ ငါသာ အခုထက် ပိုနောက်ကျပြီးမှ ရောက်လာမယ်ဆိုရင် အချိန်ဖြုန်းဖို့အတွက် ဒီပြောင်းဖူးပေါက်ပေါက် ပစ်တဲ့လှည့်ကွက်က ဘယ်လို ဖြစ်သွားမလဲ"

"သူက ငါ့ကို ပါးစပ်ဟခိုင်းပြီး အဲဒီထဲကိုဝင်အောင် ပစ်ခိုင်းမှာ ဖြစ်လိမ့်မယ်"

ရှောင်တန့်က ပြန်ဖြေသည်။

"မင်းနဲ့ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့ သူငယ်ချင်းတစ်ယောက် ရှာတွေ့သွားတာ ငါ ဝမ်းသာပါတယ်"

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

"မဟုတ်တာ၊ ကျွန်မက သူ့ထက် အများကြီး ပိုရင့်ကျက်ပါတယ်"

ရီရူယွီက ကန့်ကွက်လိုက်သည်။

"သေချာတာပေါ့၊ မူလတန်းတက်ဖူးတဲ့သူတိုင်း သိကြပါတယ်လေ၊ မိန်းကလေးတွေက ယောက်ျားလေးတွေထက် ပိုစောစော ရင့်ကျက်ကြတယ်ဆိုတာ"

ဖုန်းပုကြွယ်က စားပွဲတွင် ထိုင်လိုက်ရင်း ဆိုသည်။

ရီရူယွီသည် နှုတ်သီးကောင်းလှသော ထိုဂိုဏ်းချုပ်ကို တစ်ချက်ကြည့်ကာ လျှာထုတ်ပြပြီး မျက်နှာပြောင်ပြလိုက်သည်။

"ရှင် တီဗီမှာ ပါတော့မယ်လို့ ကြားထားတယ်"

ရီရူလီက မေးလိုက်သည်။

"အာ... ဒါဆို မင်းတို့တွေ ကြော်ငြာကို တွေ့ပြီးကြပြီပေါ့..."

ဖုန်းပုကြွယ် ဝန်ခံလိုက်သည်။ သူက ရှောင်တန်ဘက်သို့ လှည့်လိုက်သည်။

"ဟင်… ဒါနဲ့၊ မင်းရဲ့ ဘယ်ဘက်လက်က ဘယ်လိုလဲ၊ နှေးကွေးစေသောသဲ ပုလင်းကို ခွဲလိုက်တဲ့ အာနိသင် ပေါ်လာသေးလား"

"ငါ အဆင်ပြေပါတယ်"

ရှောင်တန်က ပြန်ဖြေသည်။ သူက သူ့လက်ကို မြှောက်ပြလိုက်သည်။

"ဘာမှ မထူးခြားပါဘူး၊ အလုပ်ပြီးကတည်းက ဇာတ်လမ်းနှစ်ခုတောင် ကစားပြီးပြီ၊ ဘာအာနိသင်မှ မခံစားရဘူး၊ သေမင်းပဟေဠိဇာတ်လမ်း ပြီးသွားကတည်းက အဲဒီအာနိသင်က ပျောက်သွားတာ ဖြစ်လိမ့်မယ်"

"ဇာတ်လမ်းထဲက မကောင်းတဲ့ အာနိသင်တွေက လော့ဂ်အင်ခန်းမထဲအထိ ပါမလာပါဘူး"

ရီရူယွီက ဆိုသည်။

"ခေါင်းဆောင် ရှင် ဂိမ်းလမ်းညွှန်ကို မဖတ်ဖူးဘူးလား၊ ဒါကို ဘာလို့ ဒီလောက်တောင် တွေးပူနေရတာလဲ"

"ဘာလို့လဲဆိုတော့ အဲဒီဇာတ်လမ်းမှာ တစ်ခုခုမှားနေတယ်လို့ ငါထင်နေလို့ပဲ"

ဖုန်းပုကြွယ်က ဆိုသော်လည်း ထိုစကားကို အပြင်ထုတ်မပြောခဲ့ပေ။

"ဘာမှ မဖြစ်ရင်လည်း ပြီးတာပါပဲ"

အကြိမ်တိုင်းလိုလိုပင် ရီရူလီကသာ စကားဝိုင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ပေးတတ်သူဖြစ်သည်။ အကယ်၍ သူမသာ မရှိခဲ့ပါက ဤလူစုသည် ဘယ်လောက်အထိ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေကြဦးမည်ကို မည်သူမျှ မသိနိုင်ပေ။

"ငါတို့ ဇာတ်လမ်းအနည်းငယ် ကစားပြီးကြပြီ၊ ငါတို့ အပြင်မထွက်ခင် ငါတို့ရဲ့ အဆင့်တွေနဲ့ လက်ရှိ အခြေအနေတွေကို ပြန်ဆွေးနွေးကြရအောင်"

အခန်း (၁၈၆)

ဖုန်းပုကြွယ် နောက်ကျနေသည့် ဆယ်မိနစ်အတွင်းမှာပင် သူသည် ဇာတ်လမ်းမစမီ လိုအပ်သည်များကို အကုန်လုပ်ဆောင်ပြီးစီးခဲ့သည်။ သူသည် စျေးသို့သွားကာ အသက်အမှတ်ပြန်ဖြည့်ဆေး (အလတ်) ငါးပုလင်းနှင့် စက်သေနတ်ငယ်ကျည်ဆန် ခြောက်တောင့်ကို စုစုပေါင်း ဂိမ်းဒင်္ဂါး ၄၀,၀၀၀ အကုန်အကျခံကာ ဝယ်ယူခဲ့သည်။ ထို့နောက် ခြောက်ခြားသေတ္တာသို့သွားကာ ယခင် အိပ်မက်ဆိုးဇာတ်လမ်းတွင် သူတွေ့ခဲ့ဖူးသော တစ်ချက်တည်းနှင့် အသေပစ်နိုင်သော ပစ္စတိုနှင့် ကွန်ထရာတံဆိပ်တို့ကို လိုက်ရှာရာ အမှန်တကယ်ပင် တွေ့ရှိခဲ့ရသည်။

ခြောက်ခြားသေတ္တာထဲရှိ ကွန်ထရာတံဆိပ်သည် ဖုန်းပုကြွယ် နဂါးနက်မီးတောက်လှိုင်း သုံးစဉ်က အသုံးပြုခဲ့သည့်အတိုင်း တူညီသော စွမ်းဆောင်ရည်ရှိပြီး စကေးအမှတ် ၂၀,၀၀၀ ကုန်ကျမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် အဆင့်အမြင့်ဆုံး ကစားသမား အနည်းငယ်သာလျှင် ဝယ်ယူနိုင်စွမ်းရှိပြီး ကျန်ကစားသမားအများစုမှာမူ စျေးနှုန်းကိုကြည့်၍ သက်ပြင်းချရုံသာ တတ်နိုင်ကြပေလိမ့်မည်။

တစ်ချက်တည်းနှင့် အသေပစ်နိုင်သော ပစ္စတို၏ ဂုဏ်သတ္တိများကိုမူ စနစ်က များစွာ ပြုပြင်ပြောင်းလဲထား၏။ သေနတ်၏ အထူးအာနိသင်မှာ တစ်ချက်တည်းနှင့် သေစေနိုင်ဆဲ ဖြစ်သော်လည်း သေချာပေါက် ထိမှန်ခြင်း အာနိသင်ကတော့ ပျောက်ဆုံးသွားခဲ့သည်။ အသုံးပြုသူသည် ကိုယ်တိုင်ချိန်ရွယ်ရန် လိုအပ်ပြီး ဇာတ်လမ်း၏ နောက်ဆုံးဘော့စ်နှင့် တခြားကစားသမားများအပေါ်တွင် အာနိသင်မရှိပေ။ ကျည်ဆန် အကန့်အသတ်မရှိသော်လည်း ပစ်ခတ်နိုင်သည့်အကြိမ်ရေကိုတော့ ကန့်သတ်ထားသည်။ တစ်နာရီအတွင်း ငါးချက်သာ ပစ်ခတ်နိုင်ပေသည်။ သို့သော်လည်း ဤလက်နက်၏ စျေးနှုန်းကို စကေးအမှတ် ၅၀,၀၀၀ အထိ သတ်မှတ်ထားဆဲ ဖြစ်သည်။

ယင်းတို့နှစ်ခုလုံးသည် ဒဏ္ဍာရီအဆင့်ပစ္စည်းများ ဖြစ်သော်လည်း ဖုန်းပုကြွယ် ယခင်က တွေ့ရှိခဲ့ဖူးသည့် အခြားဒဏ္ဍာရီလက်နက် ဖြစ်သည့် သံမဏိဆွီယာနှင့် ယှဉ်လျှင်မူ အတော်လေး ကွာဟနေသေးသည်။ စျေးနှုန်းအရဆိုလျှင်လည်း ယင်းနှစ်ခုလုံး ပေါင်းထားသည့်တိုင် ထိုလက်နက်တစ်ခုတည်းလောက် မစျေးကြီးသဖြင့် ခြောက်ခြားသေတ္တာက သတ်မှတ်ထားသော စျေးနှုန်းမှာ အတော်လေး ကျိုးကြောင်းဆီလျော်သည်ဟု ဆိုရပေမည်။

ဖုန်းပုကြွယ်သည် သူ့အသင်းဖော်များကို အကြာကြီး မစောင့်စေချင်သဖြင့် စျေးဝယ်ခြင်းကို အမြန်အဆုံးသတ်လိုက်သည်။ သူ၏ စူးစမ်းချင်စိတ် ပြေပျောက်သွားပြီးနောက် အစည်းအဝေးခန်းသို့ အပြေးအလွှား သွားလိုက်တော့သည်။

သူတို့ရှိနေသော အစည်းအဝေးခန်းကို ရီရူလီက ဖွင့်ထားခြင်းဖြစ်သည်။ သူမက အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သည်။ သို့သော် ဖုန်းပုကြွယ် အဖွဲ့ထဲသို့ ဝင်လာပြီးနောက် သူမသည် အဖွဲ့ခေါင်းဆောင်အာဏာကို သူ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။

ဖုန်းပုကြွယ်မှလွဲ၍ ကျန်လေးဦး၏ အချက်အလက်များနှင့် ပစ္စည်းကိရိယာများမှာ များစွာ ပြောင်းလဲခြင်း မရှိပေ။

ရှောင်တန်၊ ရီရူလီနှင့် ရီရူယွီတို့သည် ယခုတွင် အဆင့် ၁၇ သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့၏ ဘွဲ့အမည်များနှင့် လက်နက်များလည်း ယခင်အတိုင်းပင် ဖြစ်သည်။ ကျွမ်းကျင်မှုပိုင်းတွင်မူ သုံးဦးလုံး အနည်းငယ် တိုးတက်လာကြသည်။ ရှောင်တန်သည် လင်းနို့မိစ္ဆာ၏ အရိပ်ကို သင်ယူရန် လိုအပ်ချက်နှင့် ကိုက်ညီသွားပြီ ဖြစ်သဖြင့် ဖုန်းပုကြွယ်က ဂိုဏ်း၏ အများသုံးသိုလှောင်ခန်းထဲမှ ထိုစကေးကို ထုတ်ယူကာ သင်ယူစေလိုက်သည်။

သူတို့ အချက်အလက်များ အပြန်အလှန် ဖလှယ်နေကြစဉ်အတွင်း ဖုန်းပုကြွယ်က လုံအောင်းမင်တစ်ယောက် အခြားဂိုဏ်းသို့ ဝင်သွားသည့်အကြောင်း ပြောပြလိုက်သည်။ ထို့အပြင် ဟာ့ဒရိုက် 2455-A-1 နှင့် ပြေးဝင်လာသောဓားသွားနှင့် ချုပ်ဆိုခဲ့သော သဘောတူညီချက်အကြောင်းကိုလည်း သူ ပြောပြလိုက်သည်။ ငရဲကမ္ဘာရှေ့တန်းမှ ကစားသမားများသည် ချက်ချင်းပင် နားလည်သွားကြတော့သည်...။ ပြေးဝင်လာသောဓားသွားသည် ဖုန်းပုကြွယ်၏ လှည့်စားမှုကို ခံလိုက်ရပြီ ဖြစ်သည်။ အစ်ကိုကြွယ်ကား ဘာမှလုပ်စရာမလိုသည့် တကယ့်ဘော့စ် အစစ်ပင်။ သူသည် တစ်ဖက်လူက ပစ္စည်းကိရိယာများ ပြုလုပ်ပြီး ပို့လာသည်ကို စောင့်နေရုံသာဖြစ်သည်။

အစ်ကိုလုံ ဂိုဏ်းထဲမဝင်နိုင်ခဲ့သည်မှာ နှမြောစရာကောင်းသော်လည်း ကိစ္စကြီးတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ငရဲကမ္ဘာရှေ့တန်းသည် အပျော်တမ်းကစားသည့် ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သည်။ ဖုန်းပုကြွယ်အနေဖြင့် အင်အားကြီးမားသော ခြောက်ယောက်တွဲ အဖွဲ့ကြီးတစ်ခု ဖွဲ့စည်းရန် အစီအစဉ်မရှိပေ။ နောင်တွင် စိတ်သဘောထားချင်း တူညီသော ကစားသမားများနှင့် တွေ့ဆုံမှသာ ထပ်မံဖြည့်တင်းသွားမည် ဖြစ်သည်။ ဂိုဏ်းဝင်ဦးရေနှင့် ပတ်သက်၍ အတင်းအကျပ် လုပ်ဆောင်ခြင်းမျိုး မရှိပေ။

လေးဦးသား အချက်အလက်များ အပြန်အလှန် ပေးပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

သူတို့သည် သူတို့၏ သက်ဆိုင်ရာလော့ဂ်အင်ခန်းမများသို့ ပြန်သွားလိုက်ကြသည်။ ဖုန်းပုကြွယ်က အဖွဲ့လိုက် ဆက်သွယ်ရေးစနစ်ကို ချိတ်ဆက်ကာ အတည်ပြုပြီးနောက်တွင် သူတို့သည် အဖွဲ့လိုက်တန်းစီခြင်းစနစ်ထဲသို့ ဝင်ရောက်လိုက်ကြသည်။

"ဖုန်းပုကြွယ်၊ အဆင့် ၁၉”

"ဝမ်တန့်ကျီ၊ အဆင့် ၁၇”

"ရီရူလီ၊ အဆင့် ၁၇”

"ရီရူယွီ၊ အဆင့် ၁၇"

"ကျေးဇူးပြု၍ သင့်အဖွဲ့ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပါ"

"သင်သည် အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ် (ပုံမှန်) ကို ရွေးချယ်ထားပါသည်၊ ကျေးဇူးပြု၍ အတည်ပြုပါ။"

"အတည်ပြုပြီးပါပြီ။ အဖွဲ့ဝင်ဦးရေကို ကျပန်းသတ်မှတ်ထားပါသည် - ငါးဦး"

"သင့်အဖွဲ့သည် တန်းစီစောင့်ဆိုင်းခြင်းစနစ်ထဲသို့ ဝင်ရောက်သွားပါပြီ။ လက်ရှိတွင် အဆင်သင့်ဖြစ်နေသော အခြားကစားသမားများ သို့မဟုတ် အဖွဲ့များကို ရှာဖွေနေပါသည်"

"ကိုက်ညီမှု ပြီးဆုံးပါပြီ။ အာရုံကြောချိတ်ဆက်မှုကို ချိန်ညှိနေပါသည်။ ဇာတ်လမ်းကို ဖန်တီးနေသည်...”

"ဒေါင်းလုဒ်လုပ်နေပါသည်၊ ခေတ္တစောင့်ဆိုင်းပါ။"

"သည်းထိတ်ရင်ဖိုသုခဘုံမှ ကြိုဆိုပါတယ်"

ယခုတစ်ကြိမ်တွင်မူ အသံက စုန်းမကြီးတစ်ယောက်၏ အသံနှင့် ဆင်တူနေ၏။ ယင်းမှာ ဖုန်းပုကြွယ် လူသစ်လေ့ကျင့်ရေးတွင် ကြားခဲ့ရသော အသံမျိုးနှင့် ဆင်တူကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

“ဒေါင်းလုဒ်လုပ်ခြင်း ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် အဖွဲ့လိုက် ရှင်သန်ခြင်းမုဒ် (ပုံမှန်) ထဲ၌ ရှိနေပါသည်”

"ဤမုဒ်တွင် ဇာတ်လမ်းမိတ်ဆက်ကို ပေးထားမည်ဖြစ်ပြီး ဖုံးကွယ်ထားသော ဘေးထွက်မစ်ရှင်များနှင့် ထူးခြားသော ကမ္ဘာ့နောက်ခံအကြောင်းအရာများကို ဖော်ထုတ်နိုင်သည့် အခွင့်အရေး ရှိပါသည်"

"ဇာတ်လမ်း အောင်မြင်မှုအတွက် ဆုလာဘ် - ဂိမ်းဒင်္ဂါး ၁၀၀,၀၀၀"

"မကြာမီ ဇာတ်လမ်းမိတ်ဆက်ကို ပြသပါတော့မည်။ ထို့နောက် ဂိမ်းစတင်ပါမည်။"

မိတ်ဆက်ဗီဒီယို စတင်လာခဲ့သည်...။

လမင်းကြီးသည် ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေ၏။

လမ်းလေးတစ်ခုပေါ်တွင် မြင်းခွာသံများ နီးကပ်လာလေသည်။ မကြာမီ လမ်းမပေါ်တွင် မြင်းတစ်ကောင် ဒုန်းစိုင်းနှင်လာခဲ့သည်။ မြင်းသည် အဖြူရောင်ဖြစ်ပြီး မြင်းပေါ်ရှိ လူလည်း အဖြူရောင် ဝတ်ဆင်ထားခြင်းဖြစ်သည်။ အဖြူရောင်ဝတ်ထားသော ထိုလူမှာ ရှေးခေတ်က သူရဲကောင်းတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း မည်သည့်လက်နက်မျှ သယ်ဆောင်ထားခြင်း မရှိပေ။ သူသည် ညသန်းခေါင်ယံတွင် အဘယ်ကြောင့် ခရီးသွားနေရမှန်း မရှင်းလင်းပေ။

"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ခရမ်းတိမ်တိုက်အပျက်အစီးမှာ တုန်လှုပ်ခြောက်ခြားစရာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်။ နာမည်မဲ့ဓားသမား ရှဲ့စန်းနဲ့ ဓားနတ်ဘုရား ယဲ့ချန်တို့ဟာ နှစ်ရက်တိတိ တိုက်ခိုက်ခဲ့ကြပေမဲ့ အရှုံးအနိုင် မပေါ်ခဲ့ဘူး"

စာတန်းများနှင့် စနစ်၏ အသံများမှာ စခရင်အောက်ခြေတွင် ပေါ်ထွက်လာခဲ့သည်။

"ဒါက ဘာတွေ ဖြစ်နေတာလဲ..."

ဖုန်းပုကြွယ်သည် သိုင်းဝတ္ထုတစ်ပုဒ်၏ အဖွင့်ကဲ့သို့ ကြားလိုက်ရသည်နှင့် ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲတော့မည်ကို ခံစားလိုက်ရသည်။

"ဆယ်နှစ်အကြာမှာတော့ သူတို့နှစ်ယောက်ဟာ သိုင်းလောကမှာ ပြိုင်ဘက်မရှိ ဖြစ်လာခဲ့တဲ့အတွက် တိုက်ပွဲတစ်ခုကတော့ ရှောင်လွှဲလို့ မရနိုင်တော့ဘူး”

"ဒီတိုက်ပွဲဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတာကို ယှဉ်ပြိုင်ဖို့နဲ့ သူတို့ရဲ့ ဓားသိုင်းပညာကို သက်သေပြဖို့ပဲ ဖြစ်တယ်”

"တိုက်ခိုက်မယ့် နေရာကိုတော့ အနောက်တောင်ဘက်က လူသူကင်းမဲ့တဲ့ နေရာမှာရှိတဲ့ စွန့်ပစ်ထားတဲ့ ရွာတစ်ရွာမှာ သတ်မှတ်ခဲ့ကြတယ်"

ထိုအချိန်တွင် အဖြူရောင်ဝတ်ထားသော ထိုလူသည် မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲလိုက်ပြီး သူ့ရှေ့မှ လမ်းကလေးကို အာရုံစိုက်လိုက်သည်။ သူ့အကြည့်များက ဘေးတစ်ဖက်တစ်ချက်ရှိ မှောင်ရိပ်ကျနေသော တောအုပ်ကို ဝေ့ကြည့်လိုက်သည်။

"ကျုပ်က ကျောက်စိမ်းမျက်နှာရှင် ပိုင်တျန့်ပါ၊ ခင်ဗျားတို့က ဘယ်ကလဲဆိုတာ ကျုပ်သိချင်မိတယ်၊ အပြင်ထွက်လာပြီး ကျုပ်နဲ့တွေ့ဖို့ စိတ်မရှိဘူးမဟုတ်လား"

သူ့အသံက မကျယ်လှသော်လည်း ညအချိန်တွင် အတော်ဝေးဝေးသို့ ပျံ့လွင့်သွားခဲ့သည်။

"ပြန်သွားစမ်း"

အဖိုးအိုတစ်ဦးက ပြန်ဖြေလိုက်သည်။ ထိုစကားလုံးများ ပိုင်တျန့်နားထဲသို့ ရောက်ရှိလာသော်လည်း ပိုင်တျန့်သည် ထိုစကားပြောသူ၏ တည်နေရာကို လုံးဝ မခန့်မှန်းနိုင်ခဲ့ပေ။ ထိုအသံမှာ အရပ်မျက်နှာ အနှံ့အပြားမှ ထွက်ပေါ်လာသကဲ့သို့ ရှိနေသည်။

"ဟမ့်... ခင်ဗျားလည်း နောက်သုံးရက်နေရင် ဖြစ်လာမယ့် ပြိုင်ဘက်ကင်းတိုက်ပွဲကို လာကြည့်တာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"

ပိုင်တျန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ခင်ဗျား ကျုပ်ကို... အား"

သူ စကားမဆုံးမီ မြင်းပေါ်မှ ပြုတ်ကျသွားခဲ့သည်။ မြေပြင်ပေါ်သို့ ကျရောက်ပြီး မကြာမီမှာပင် သူသည် အလောင်းတစ်လောင်း ဖြစ်သွားတော့သည်။

ကင်မရာက ပိုင်တျန့်ကို အနီးကပ် ရိုက်ပြလိုက်သည်။ သေဆုံးချိန်တွင် ပွင့်ဟနေသော သူ့မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။ သူ မသေဆုံးမီ သူ့လက်ထဲတွင် သူ၏ အထူးလက်နက်ဖြစ်သည့် ထူးဆန်းသောပုံသဏ္ဌာန်ရှိသည့် လှံတိုကိုသာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုလက်နက်က ဘာမှ အသုံးမဝင်ခဲ့ပေ။

ကင်မရာသည် ပိုင်တျန့်၏ လည်ပင်းဘယ်ဘက်ခြမ်းဆီသို့ ရွှေ့လျားသွား၏။ ထိုအချိန်တွင် ကစားသမားများသည် ထိုနေရာတွင် စိုက်ဝင်နေသော ဝါးစူးတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ချန်လင်မြို့ကို အရပ်သုံးမျက်နှာက တောင်တန်းကြီးတွေ ဝိုင်းရံထားတယ်၊ ရွာမြောက်ဘက်က တောအုပ်ထဲမှာ ဘုံကျောင်းဟောင်းတစ်ခုရှိတယ်၊ အဲဒီမှာ မိစ္ဆာဝိညာဉ်တွေ နေထိုင်ကြတယ်လို့ ကောလာဟလတွေ ရှိတယ်၊ အဲဒီ မိစ္ဆာတွေဟာ တောင်ပေါ်က ဆင်းလာပြီး ရွာကို ဒုက္ခပေးလေ့ရှိကြတယ်၊ မြို့ထဲမှာ အကြောင်းရင်းမရှိဘဲ သေဆုံးသွားတဲ့ ရွာသားတွေ ရှိခဲ့ပြီး အုပ်ချုပ်သူတွေလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး၊ နှစ်ပေါင်းများစွာ ကြာလာတော့ ဒေသခံတွေအားလုံး ပြောင်းရွှေ့သွားကြပြီး အဲ့ဒီမြို့ဟာ တစ္ဆေမြို့ကြီး ဖြစ်လာခဲ့တယ်”

"ဒီနှစ် ရှစ်လပိုင်း ၁၅ ရက်နေ့မှာတော့ ကြီးကျယ်မြင့်မြတ်တဲ့ ဓားသမားနှစ်ယောက်ဟာ ဒီနေရာမှာ တိုက်ခိုက်ဖို့ သဘောတူခဲ့ကြတယ်”

"ဒီသတင်းဟာ အပြင်ကို ပေါက်ကြားသွားပြီး သိုင်းလောကတစ်ခုလုံး တုန်လှုပ်သွားခဲ့တယ်၊ ကမ္ဘာအနှံ့က ကျွမ်းကျင်သူတွေဟာ ဒီနေရာကို စုပြုံရောက်ရှိလာကြတယ်၊ ဒီစွန့်ပစ်ထားတဲ့ မြို့ထဲက တည်းခိုခန်းဟာ ရက်အနည်းငယ်အတွင်းမှာပဲ ထူးဆန်းစွာ ပြန်ဖွင့်လာခဲ့ပြီး သိုင်းလောကက နာမည်ကြီး လူတစ်ရာကျော် အဲဒီမှာ တည်းခိုခဲ့ကြတယ်...”

"ဒီတိုက်ပွဲရဲ့ ရလဒ်က ဘာဖြစ်မလဲ၊ ဒီတစ္ဆေမြို့ကြီးရဲ့ နောက်ကွယ်က အမှန်တရားက ဘာလဲ၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေသလား"

ဇာတ်လမ်းမိတ်ဆက်က ထိုနေရာတွင် ပြီးဆုံးသွား၏။ ငရဲကမ္ဘာရှေ့တန်းမှ ကစားသမား လေးဦးနှင့် နောက်ထပ်ကစားသမား တစ်ဦးတို့သည် ပိုင်တျန့်သေဆုံးခဲ့သည့် လမ်းလေးပေါ်တွင် ပေါ်လာခဲ့ကြသည်။ သို့သော်လည်း သူတို့သည် ထိုဖြစ်ရပ်ဖြစ်ပွားရာနေရာနှင့် အနည်းဆုံး တစ်ကီလိုမီတာခန့် ဝေးကွာနေသေးသည်။

"အဓိကတာဝန် စတင်ပါပြီ”

"ချန်လင်မြို့ထဲသို့ ဝင်ရောက်ပါ"

"အခုခေတ် ပညာရှင်တွေကတော့ နန်းတော်ထဲမှာ မတိုက်ကြဘဲ သရဲခြောက်တဲ့ရွာမှာ လာတိုက်နေကြတယ်... တကယ့်ကို သတ္တိကောင်းတာပဲ..."

ဖုန်းပုကြွယ်သည် သူ့နဖူးကို ကိုင်ကာ ညည်းညူလိုက်သည်။

"အား၊ မင်းပါလား"

ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

ဖုန်းပုကြွယ် ခေါင်းမော့ကြည့်လိုက်သောအခါ သူ လုံးဝမမြင်ချင်သော မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။ သူက အလိုအလျောက်ပင် ပြောမိသွားသည်။

"မင်း နောက်နေတာလား"

"ဒါက ငါပြောရမယ့်စကား မဟုတ်ဘူးလား"

အာတိုဘီဆမားက အော်ဟစ်လိုက်သည်။

"မင်းရဲ့ အသင်းဖော် သုံးယောက်ကော ဘယ်ရောက်သွားလဲ"

ဖုန်းပုကြွယ် မေးလိုက်သည်။

"အဲ... သူတို့က 3v3 ပွဲ သွားကစားကြတယ်"

အာတိုဘီက ပြန်ဖြေ၏။

"မင်းက တကယ့်ကို ဝန်ထုပ်ဝန်ပိုးပဲ"

ဖုန်းပုကြွယ်က တိုက်ရိုက်ပင် ပြောလိုက်သည်။

"မင်း ဘာပြောနေတာလဲ"

အာတိုဘီဆမားက စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် ညည်းညူလိုက်သော်လည်း တခြားဘာမှ ထပ်မပြောနိုင်တော့ပေ။

"သူငယ်ချင်းလား"

ရီရူလီက ဖုန်းပုကြွယ်ကို ကြည့်ကာ လိုရင်းတိုရှင်း မေးလိုက်သည်။

ဖုန်းပုကြွယ် တုံ့ဆိုင်းသွား၏။

"အင်း... အဲဒီလိုပဲ ပြောရမှာပေါ့..."

သူက ရှောင်တန်နှင့် ရီရူယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မိတ်ဆက်ပေးပါရစေ၊ ဒါက ဟယိုတေးနွားကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ၊ ရှောင်တန် မင်းသူ့ကို မှတ်မိသေးတယ်မလား၊ သူက BW ဇွန်ဘီးဇာတ်လမ်းတုန်းက အသတ်ခံခဲ့ရတဲ့ နှစ်ယောက်ထဲက တစ်ယောက်လေ"

"အိုး... ဟုတ်သားပဲ၊ သူ့နာမည်က အဲဒီလို ထင်တာပဲ"

ရှောင်တန်သည် ဇာတ်လမ်းထဲတွင် အာတိုဘီဆမားနှင့် နာမည်ရွေးရတာ ခက်လိုက်တာဆိုသည့် အိုင်ဒီများကို မြင်ဖူးသော်လည်း သူတို့ကို လူကိုယ်တိုင်တော့ မတွေ့ဖူးပေ။

"မင်း ဘယ်သူ့ကို နွားကျောင်းသားလို့ ခေါ်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး၊ အရူးနဲ့ တူနေတာကို... ပြီးတော့ ဂေါသစ်ကလပ်နာမည်ကြီးနဲ့၊ မင်းက ငါ့ကို နွားကျောင်းသားလို့ ခေါ်ရဲသေးတယ်ပေါ့"

အာတိုဘီဆမားသည် ထိုသို့ပြောရင်း သူ့ဘေးရှိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့တွင် ငရဲကမ္ဘာရှေ့တန်း တံဆိပ် တပ်ထားသည်ကို သတိပြုမိသွားသည်။ သူက မေးလိုက်သည်။

"ဟင်၊ မင်းတို့က ဂိုဏ်းတစ်ခုထဲကလား"

"ဟုတ်တယ်လေ၊ အခုတော့ ငါက ခေါင်းဆောင်လို့တောင် ပြောလို့ရတာပေါ့... ငါ့မှာ အာဏာ အများကြီးရှိတယ်လို့ မပြောနိုင်ပေမဲ့ မင်းလို သနားစရာကောင်းတဲ့ပုံစံကို မြင်ရတော့ ငါ့ကိုယ်ငါ ရုတ်တရက် သာလွန်သလို ခံစားလိုက်ရတယ်"

ဖုန်းပုကြွယ်က ဆိုသည်။

အာတိုဘီသည် ဤအတိုင်းသာ ဆက်သွားနေလျှင် အဆုံးမရှိသော အရှက်ခွဲမှုသံသရာထဲသို့ ရောက်သွားတော့မည်ဟု ခံစားလိုက်ရသည်။ နှုတ်သီးကောင်းမှုအပိုင်းတွင် သူသည် ဖုန်းပုကြွယ်နှင့် အဆင့်မတူသဖြင့် သည်းခံရုံမှတစ်ပါး အခြားမရှိပေ။ သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"အဲ... ဒါနဲ့... မင်းတို့ ဂိုဏ်းရဲ့ အထူးအစွမ်းက ဘာလဲ"

"အိုး... အဲဒါလား..."

ဖုန်းပုကြွယ်က ထိုအချက်အလက်ကို မျှဝေခြင်းက အဆင်ပြေမည်ဟု တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ ကလပ်၏ အထူးစွမ်းရည်သည် အပတ်စဉ် အဆင့်သတ်မှတ်ချက်ပေါ် မူတည်၍ ပြောင်းလဲနေမည် ဖြစ်သည်။

"ပထမတစ်ခုက 'ဇာတ်လမ်းထဲက သက်လုံအမှတ်ကုန်ဆုံးမှုကို သုံးရာခိုင်နှုန်း လျှော့ချပေးတာ'၊ ဒုတိယတစ်ခုကတော့ 'ကြောက်ရွံ့မှုအမှတ် အမြင့်ဆုံး ရောက်ပြီးနောက် အတင်းအကျပ် အော့ဖ်လိုင်း ဖြစ်သွားမယ့် အချိန်ကန့်သတ်ချက်ကို သုံးစက္ကန့် တိုးပေးတာ' ပေါ့"

အာတိုဘီဆမား စဉ်းစားကြည့်လိုက်သည်။

"အင်း... ငါ ထင်ထားတာနဲ့ သိပ်မကွာပါဘူး၊ ငါတို့ ကလပ်ရဲ့ အထူးအစွမ်းက အသက်အမှတ်နဲ့ ဂိမ်းဒင်္ဂါးတွေ ပြန်လည်ရရှိတဲ့နှုန်းကို နည်းနည်း တိုးပေးတာပဲ"

သူ ခဏရပ်လိုက်သည်။

"ကြည့်ရတာ အဆင့်အောက်ဆုံးက ကလပ်တွေအားလုံးက ဘာမှမဟုတ်တဲ့ ဒီလို အစွမ်းမျိုးတွေပဲ ရကြတယ်ထင်တယ်"

"မင်း ဖိုရမ်မှာ သွားကြည့်ရင် သိမှာပေါ့"

ဖုန်းပုကြွယ်က ဆိုသည်။

"အား၊ အဲ... အဲဒီလိုလား"

အာတိုဘီဆမား အံ့အားသင့်သွားသည်။

"ငါပြောမယ်... မင်း နောက်ဆုံးအကြိမ် ဂိမ်းကထွက်ခဲ့တာ ဘယ်လောက်ကြာပြီလဲ"

ဖုန်းပုကြွယ် မေးလိုက်သည်။ အဖွဲ့တက်ဘ်ကို ကြည့်လိုက်သောအခါ အာတိုဘီဆမားသည် ယခုတွင် အဆင့် ၂၀ သို့ ရောက်ရှိနေပြီး သူ၏ဘွဲ့အမည်မှာ 'ပြောင်ပြောင်တင်းတင်း ချုံခိုတိုက်ခိုက်သူ’ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

"မင်း အိပ်တာနဲ့ စားတာကလွဲရင် ကျန်တဲ့အချိန်တွေအကုန်လုံး ဂိမ်းဆော့နေတာတော့ မဟုတ်ဘူးမလား"

"ဒါပေမဲ့ ငါက ပရော်ဖက်ရှင်နယ် ကစားသမားလေ"

အာတိုဘီဆမားက အလေးအနက် ပြောလိုက်သည်။

"ကောင်းပါပြီ..."

ဖုန်းပုကြွယ် ပခုံးတွန့်လိုက်သည်။

အာတိုဘီဆမားသည် တစ်ဦးတည်းသော အပြင်လူ ဖြစ်နေသဖြင့် ငါးဦးသား တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ရန် အချိန်အများကြီး မယူလိုက်ရပေ။ သူတို့ ခဏတာ စကားပြောဆိုပြီးနောက် ဖုန်းပုကြွယ်သည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး သူ၏ ပထမဆုံး ဗျူဟာကို စတင်ချပြလိုက်တော့သည်။

All Chapters