← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇)

"NPC တွေရဲ့ အမြင်မှာ သင့်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဇာတ်လမ်းရဲ့ နောက်ခံနဲ့ ကိုက်ညီအောင် စနစ်ကနေ ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်"

ဇာတ်လမ်းမိတ်ဆက်ထဲတွင် ပိုင်တျန့်အသတ်ခံခဲ့ရသည် နေရာသို့ ဖုန်းပုကြွယ် ရောက်ရှိသွားသောအခါ စနစ်ကြေညာသံက နားထဲကို ဝင်ရောက်လာခဲ့သည်။ အစ်ကိုကြွယ်က သဘာဝကျကျပင် သူသည် NPC ၏ အမြင်အာရုံအကွာအဝေးထဲကို ရောက်ရှိသွားကြောင်း နားလည်လိုက်သည်။ ထိုကြေညာချက်က ယင်းအတွက် သက်သေပင်။

"အင်း..."

ဖုန်းပုကြွယ်သည် ပိုင်တျန့်၏ အလောင်းကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ လရောင်သည် အလောင်း၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာအမူအရာပေါ်သို့ ဖြာကျနေခဲ့သည်။

"စီနီယာ... တကယ်လို့ ကျုပ် ခင်ဗျား ဒီနားမှာပုန်းနေတာကို မသိချင်ယောင်ဆောင်နေရင် ခင်ဗျား ကျုပ်ကို ဒီအတိုင်း ပေးဖြတ်မှာလား"

ဖုန်းပုကြွယ်က ရုတ်တရက် မေးလိုက်သည်။ သူ့အသံက မကျယ်သော်လည်း သူသည် သူ့ကိုယ်သူ စကားပြောနေခြင်း မဟုတ်ကြောင်း ရှင်းလင်းလှသည်။ သူ့လေသံသည် နှိမ့်ချခြင်းလည်းမဟုတ် မောက်မာခြင်းလည်း မရှိဘဲ ထိုအဖိုးအိုကို ခေါ်ဝေါ်လိုက်ပုံမှာ ယဉ်ကျေးသည်ဟုပင် ဆိုနိုင်သည်။

"မင်း ငါ့ကို စကားလှမ်းပြောကတည်းက ငါဒီနားမှာ ရှိနေတယ်ဆိုတာ မင်းသိရုံတင်မကဘဲ ဒီမေးခွန်းရဲ့ အဖြေကိုလည်း မင်းသိနေတယ်ဆိုတာ သက်သေပြနေတာပဲ"

အဖိုးအို၏ ပြန်ဖြေသံက လေထဲတွင် လွင့်မျောလာပြီး မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ခန့်မှန်းရန် ခက်ခဲပေသည်။

ဖုန်းပုကြွယ်က လှောင်ပြုံး ပြုံးလိုက်သည်။

"ကျုပ် ခင်ဗျားကို လိမ်ပြောနေတာလည်း ဖြစ်နိုင်တာပဲမဟုတ်လား"

ထိုအသံက တိတ်ဆိတ်သွားပြီး မည်သည့် အဖြေမျှ ပြန်မလာတော့ပေ။

"ကျုပ်ဒီနေရာကို ရောက်လာတော့ မြေပြင်ပေါ်မှာ လဲနေတဲ့ အလောင်းတစ်လောင်းကို တွေ့တယ်၊ သေဆုံးသူဟာ လက်နက်ပုန်းတစ်ခုနဲ့ တိုက်ခိုက်ခံထားရပြီး ဒဏ်ရာက လည်ပင်းနောက်ဘက်မှာ ရှိနေတယ်၊ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီဒဏ်ရာက သေစေနိုင်တာမို့ ဒါဟာ အလစ်အငိုက် တိုက်ခိုက်ခံရတာ ဖြစ်ဖို့များတယ်၊ လူသတ်သမားဟာ ဝါးတံလေးတစ်ခုပဲ သုံးသွားတာကို ကြည့်ရင် သူ့အတွင်းအားက ဘယ်လောက်အားကောင်းလဲဆိုတာ သိသာနေတယ်"

ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။

"ဒါကြောင့် လူသတ်သမားက ဒီနားမှာ ရှိနေသေးလားဆိုတာကို စမ်းသပ်ဖို့ ကျုပ်ပါးစပ်ဟလိုက်တာလေ၊ ဒါက ကျိုးကြောင်းဆီလျော်တယ် မဟုတ်လား"

အဖိုးအိုက အသံလွှင့်အတတ်ဖြင့် ပြန်ဖြေသည်။

"ဒါဆို ငါက မင်းရဲ့ စီနီယာဆိုတာကိုရော မင်း ဘယ်လိုသိလဲ"

"ဒါက အရမ်း ရိုးရှင်းပါတယ်၊ ကျုပ်က ငယ်သေးတာဆိုတော့ သိုင်းလောကထဲက လူအများစုဟာ ကျုပ်ရဲ့ စီနီယာတွေချည်းပါပဲလေ"

ဖုန်းပုကြွယ်က ပြုံးလိုက်သည်။

"ဒါ့အပြင် စီနီယာ... ခင်ဗျား ဝါးတံနဲ့ လူသတ်သွားတဲ့ပုံစံက လူငယ်တစ်ယောက် သုံးမယ့်ပုံစံမျိုး မဟုတ်ဘူးဗျ၊ အားကောင်းတဲ့ အတွင်းအား မရှိဘဲနဲ့ အဲဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူးလေ"

တကယ်တမ်းတွင် ဖုန်းပုကြွယ်သည် ယခုချိန်ထိ အဓိပ္ပာယ်မရှိသည်များကို လျှောက်ပြောနေခြင်းသာ ဖြစ်သည်။ သူသည် ဇာတ်လမ်းမိတ်ဆက်မှ ရရှိထားသော အချက်အလက်များကို အသုံးပြု၍ ထို NPC ကို ရင်ဆိုင်နေခြင်း ဖြစ်သည်။

"ဟမ့်... မင်း ငါ့ကို လိမ်နေတာလား၊ မလိမ်လား ဆိုတာက အရေးမကြီးပါဘူး... အဲဒါက ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး"

အဖိုးအိုက ပြန်ဖြေသည်။

"ပြန်သွားစမ်း"

သူသည် ပိုင်တျန့်မသေခင် ကြားခဲ့ရသော စကားစုအတိုင်း ထပ်ပြောလိုက်ပြန်သည်။

"ဘယ်လိုလူမျိုးဆိုရင် ဖြတ်သွားခွင့်ရှိမလဲဆိုတာ မေးလို့ရမလား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

တစ်ဖက်လူ၏ အဖြေမှာ စကားတစ်လုံးတည်းသာ ဖြစ်သည်။

"ပညာရှင်"

"ဒါဆို ကျုပ်ခြေရင်းက သေနေတဲ့လူက ပညာရှင်တစ်ယောက် မဟုတ်လို့လား"

"ဟုတ်တယ်၊ ဒါပေမဲ့ သူက နန်းတွင်းက လူတစ်ယောက် ဖြစ်နေလို့ပဲ"

အဖိုးအိုက ခေတ္တရပ်လိုက်သည်။

"ဒါကြောင့် သူက ဖြတ်သွားခွင့် မရှိရုံတင်မကဘဲ သေကို သေရမှာ"

"ကျုပ်က နန်းတွင်းက မဟုတ်ဘူး၊ ပြီးတော့ ကျုပ်ကိုယ်ကျုပ်လည်း ပညာရှင်တစ်ယောက်လို့ ယူဆတယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"ဒါဆိုရင်တော့ ကျုပ်ဖြတ်သွားလို့ ရရမှာပေါ့၊ ဟုတ်တယ်မလား"

"ဟား... ဟားဟား... ဟားဟား..."

အဖိုးအိုက တဟားဟား အော်ရယ်လိုက်ရာ ရယ်သံက ပတ်ဝန်းကျင်အနှံ့ ဟိန်းထွက်သွားသည်။

ရုတ်တရက် တောအုပ်ထဲမှ အရိပ်တစ်ခု ဝဲပျံထွက်လာလေသည်။ အပြာရောင် ဝတ်စုံဝတ်ထားသော အဖိုးအိုတစ်ဦးသည် ဖုန်းပုကြွယ်၏ ရှေ့ မီတာအနည်းငယ်အကွာတွင် ပေါ်လာခဲ့သည်။

ထိုအဖိုးအိုသည် အသက်ခုနစ်ဆယ်ကျော်ခန့် ရှိပုံရသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များက ဖြူဖွေးနေသော်လည်း ကျောပြင်မှာမူ မတ်နေဆဲ ဖြစ်သည်။ သူ့ပုံစံသည် ကြင်နာတတ်မည့် ပုံမျိုး မဟုတ်သလို လူဆိုးတစ်ယောက်နှင့်လည်း မတူပေ။

"ညီငယ်လေး... မင်းရဲ့ မိတ်ဆွေတွေကိုလည်း အပြင်ထွက်ခိုင်းလိုက်ပါဦးလား"

ဖုန်းပုကြွယ်က တုံးအသလို ဟန်ဆောင်လိုက်သည်။

"ဘာမိတ်ဆွေတွေလဲ"

"ငါက မင်းလို မထက်မြက်ဘူး၊ ပြီးတော့ မင်းကို လှည့်စားဖို့လည်း စိတ်မဝင်စားဘူး"

အဖိုးအိုက ဆိုသည်။

"မင်းမှာ ကြံရာပါလေးယောက် ရှိပြီး သူတို့တွေက မှောင်ရိပ်ထဲကနေ ငါ့တည်နေရာကို လိုက်ရှာနေကြတယ်ဆိုတာ ငါသိတယ်၊ မင်းကတော့ ဒီနေမှာ ငါ့ကို အာရုံလွှဲနေတာပေါ့..."

"ကောင်းပြီ၊ ကောင်းပြီလေ..."

သူတို့ အကြံအစည် ပေါက်ကြားသွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ဖုန်းပုကြွယ်သည် နောက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"ထွက်လာခဲ့ကြတော့၊ ငါတို့ အမိခံလိုက်ရပြီ"

ရှောင်တန်တို့ လေးယောက်လုံး တောအုပ်ထဲမှ ထွက်လာကြသည်။ ရီရူယွီသည် MP5 ကို ကိုင်ထားဆဲဖြစ်ပြီး ပြောင်းဝက အဖိုးအိုဆီသို့ ချိန်ရွယ်ထား၏။ သူမသည် အချိန်မရွေး ပစ်ခတ်ရန် အသင့်ဖြစ်နေပုံရသည်။ အဖိုးအိုသည် ထိုအရာက ဘာမှန်းမသိသဖြင့် သိပ်ပြီး အရေးတယူ မရှိပေ။

"ဒါနဲ့စကားမစပ် သူတို့အားလုံးကလည်း ပညာရှင်တွေချည်းပါပဲ"

ဖုန်းပုကြွယ်၏ လေသံသည် လိမ်ညာနေသည့် ပုံစံမျိုး မပေါက်ပေ။

"ဟား... ငါက အိုနေပြီဆိုပေမဲ့ ငါ့မျက်စိကတော့ အဲလောက် မမှုန်သေးပါဘူးကွ၊ မင်းတို့ရဲ့ ခြေလှမ်းတွေ၊ လှုပ်ရှားမှုတွေ၊ တည်ရှိမှုတွေကို ကြည့်ရုံနဲ့တင်..."

အဖိုးအိုက ပြုံးလျက် ခေါင်းခါလိုက်သည်။

"မင်းတို့ ကလေးတွေ... ဘာကွန်ဖူးမှ မတတ်ကြဘူးမလား"

သူသည် ထိုအချက်ကို ယုံကြည်မှု ရှိနေ၍သာ လူကိုယ်တိုင် ထွက်ပြရဲခြင်း ဖြစ်သည်။

"ပြန်သွားကြစမ်း၊ ချန်လင်မြို့က မင်းတို့ လာလည်ရမယ့်နေရာမျိုး မဟုတ်ဘူး၊ သိုင်းလောကထဲမှာ ဆယ်စုနှစ်နဲ့ချီ ကျင်လည်ခဲ့တဲ့ ဝါရင့်တွေတောင် တိုက်ပွဲဖြစ်မယ့်ညအထိ အသက်ရှင်နိုင်ပါ့မလား မသေချာဘူး"

"စီနီယာ... ကျုပ်တို့က တိုက်ပွဲ လာကြည့်တာလေ၊ ပါဝင်ဆင်နွှဲဖို့ လာတာ မဟုတ်ဘူး၊ အဲဒီ 'ဝါရင့်' တွေက မြို့ထဲမှာ အချင်းချင်း စမ်းသပ်ကြတာ သူတို့ကိစ္စပဲ၊ လှောင်အိမ်ထဲမှာပဲ သတ်သတ် ဘာပဲလုပ်လုပ်ပေါ့၊ ကျုပ်တို့က အဲဒါတွေနဲ့ ဝေးဝေးနေမှာပါ"

ဖုန်းပုကြွယ်က ဆိုသည်။

တစ်ဖက်လူသည် သူပြောသော စကားအများစုကို နားမလည်ပေ။ အဖိုးအိုသည် စက္ကန့်အနည်းငယ်မျှ ကြောင်သွားပြီးနောက် ပြန်ဖြေသည်။

"ဟားဟား... မင်းတို့ကောင်လေးတွေ တကယ် ဘာမှ မသိကြတာပဲ၊ သိုင်းလောကကိစ္စတွေက မင်းတို့ ထင်သလို ရိုးရိုးလေး မဟုတ်ဘူးကွ"

သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ဖုန်းပုကြွယ်ရှေ့တွင် ရပ်လိုက်သည်။ သူသည် ပိန်ပါးလှသော အစ်ကိုကြွယ်ကို ကြည့်လိုက်သည်။

"ဒါ့အပြင် မင်းခန္ဓာကိုယ်နဲ့ဆိုရင် လမ်းဘေးက အကသမားတစ်ယောက်ကိုတောင် အနိုင်ရမှာ မဟုတ်ဘူး၊ ဓားနတ်ဘုရားရဲ့ တိုက်ပွဲကို မြင်ရရင်တောင် မင်းဘာတွေ နားလည်မှာမလို့လဲ"

"ကျုပ်က ပညာရှင်တစ်ယောက်လို့ ပြောပြီးသားပဲ၊ စီနီယာက ဘာလို့ မယုံတာလဲ"

ဖုန်းပုကြွယ်က ပြန်ပြောသည်။

အဖိုးအို၏ မျက်နှာအမူအရာမှာ 'မင်းကတော့ တကယ့်ကို အကောင်းအဆိုးမသိတဲ့သူပဲ' ဟု ပြောနေဟန် ရှိသည်။ သူက ခေါင်းခါလိုက်သည်။

"ဒါဆို မင်းနာမည်ကို ပြောပြပါလား"

သူက မြေပြင်ပေါ်က အလောင်းကို လက်ညှိုးထိုးပြသည်။

"တကယ်လို့ မင်းက ဒီကျောက်စိမ်းမျက်နှာပိုင်တျန့်လောက် နာမည်မကြီးဘူးဆိုရင်တော့ အခုပဲ ပြန်သွားတာ ကောင်းလိမ့်မယ်၊ ဒီမှာနေပြီး အရှက်မရစေနဲ့"

ဖုန်းပုကြွယ်၏ နှုတ်ခမ်းများက ပြုံးယောင်သန်းသွားပြီး နှာခေါင်းရှုံ့လိုက်သည်။

"ဟွန်း..."

ဒါကတော့ သူအကျွမ်းကျင်ဆုံး အပိုင်းပင်။

"ကျုပ်က... ကွမ်လျန်ကို လက်သီးနဲ့ထိုးတဲ့သူ၊ စူးဟန်ကို ခြေထောက်နဲ့ကန်တဲ့သူ၊ ချင်ပြည်နယ်သုံးခုကို ဓားနဲ့ဖြတ်ကျော်တဲ့သူ ၊ မြောက်ဘက်နယ်စပ်ကို စိုးမိုးသူ ၊ တုန့်ရင်ကို သွေးနဲ့ဆေးခဲ့တဲ့သူ၊ ဟွာရှမှာ ပြိုင်ဘက်မရှိခဲ့တဲ့ လူပဲ၊ လူတွေက ကျုပ်ကို 'ခန့်မှန်းရခက်တဲ့ ရူးသွပ်သူ' လို့ ခေါ်ကြတယ်...ပြီးတော့ ဓားကျိုးလက်ဖက်ရည်ခန်းမရဲ့ ခေါင်းဆောင် ဖုန်းပုကြွယ်ပဲ"

ထိုမျှ အရှက်မရှိ လျှောက်ပြောပြီးနောက်ပင် သူက အားမရသေးသဖြင့် ထိုအဖိုးအိုကို ကဗျာတစ်ပုဒ်ပါ ရွတ်ပြလိုက်သေးသည်။

"သိုင်းလောကမိတ်ဆွေတွေရဲ့ ချစ်ခင်မှုကို ကျေးဇူးတင်ပါတယ်၊ ဒီမှာ စီနီယာအတွက် ကဗျာတစ်ပုဒ်ပါ”

“ပင်လယ်ပြင်ကို ကြည့်ပြီး ငါ ရယ်မောတယ်

စစ်သည်ပေါင်းထောင်ချီ ဖြိုခွင်းတာကို ကြည့်ရင်းပေါ့

စကြဝဠာကို ငါစီစဉ်တယ်၊ ကံကြမ္မာကို ငါတွက်ချက်တယ်

ခံစားချက်လည်းမရှိ ကြောက်ရွံ့မှုလည်းကင်းတဲ့ ငါဟာ

တစ္ဆေလည်းမဟုတ် နတ်ဘုရားလည်းမဟုတ်တဲ့ နတ်ဆိုးတစ်ကောင်သာ ဖြစ်တယ်"

အဖိုးအိုမှာ အံ့အားသင့်သွားရသည်။ ပထမအချက်မှာ သူသည် ဓားကျိုးလက်ဖက်ရည်ခန်းမဆိုသည့် အဖွဲ့အစည်းအကြောင်း တစ်ခါမှ မကြားဖူးခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ဖုန်းပုကြွယ်ဆိုသည့် လူအကြောင်းလည်း တစ်ခါမှ မကြားဖူးခြင်း ဖြစ်သည်။ သို့သော် ထိုရှည်လျားလှသော ဘွဲ့အမည်များသည် ထိုင်ရာမထ လုပ်ကြံပြောဆိုနေသည့် ပုံစံမျိုးတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အကယ်၍ အဖိုးအိုသာဆိုလျှင် ထိုအရာမျိုးကို လွယ်လွယ်နှင့် စဉ်းစားမိမည် မဟုတ်ပေ။

"မင်း..."

အဖိုးအိုမှာ ပြောစရာစကားမဲ့သွားရသည်။ သူသည် ထိုလူငါးဦး သိုင်းပညာမတတ်ကြောင်း သေချာနေခဲ့သော်လည်း ဖုန်းပုကြွယ်၏ လှည့်ကွက်ထဲ ကျရောက်သွားပြီးနောက် သူ့ယုံကြည်ချက်က စတင်တုန်လှုပ်လာတော့သည်။

အာတိုဘီဆမားသည်လည်း အလားတူ အံ့အားသင့်နေခဲ့သည်။ သူသည် ဖုန်းပုကြွယ်တစ်ယောက် သိုင်းဝတ္ထုတွေထဲတွင် တွေ့ရလေ့ရှိသည့် ကျပန်း နာမည်ပြောင်တစ်ခုခုကိုသာ ပြောလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုမျှ ရှည်လျားလှသော စာရင်းကြီး ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုအပြင် ပါဝင်သည့် အကြောင်းအရာများကလည်း အကန့်အသတ်မရှိပင်။ ထိုဘွဲ့အမည်များနှင့် နှိုင်းယှဉ်လျှင် ဟိုကျောက်စိမ်းမျက်နှာရှင်ဆိုသည့် နာမည်မှာ ဘာမှမဟုတ်တော့ပေ။

"ဪ... ဒါနဲ့၊ ကျုပ် စီနီယာရဲ့ နာမည်ကို မမေးရသေးဘူးပဲ"

ဖုန်းပုကြွယ်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"ငါက အစေခံတစ်ယောက်ပါပဲ၊ ငါ့နာမည်က ပြောပလောက်စရာ မရှိပါဘူး"

အဖိုးအိုက ပြန်ဖြေသည်။ သူသည် တစ်ခုခုကို သတိပြုမိသွားပုံရသဖြင့် ဆက်ပြောလိုက်သည်။

"ညီငယ်လေး... မင်းက တကယ့်ကို ထက်မြက်ပြီး စကားပြောကောင်းတာပဲ၊ ဒါပေမဲ့ 'ပညာရှင်' ဆိုတဲ့ ဘွဲ့က အပြောနဲ့တင် ရတာမဟုတ်ဘူးနော်"

"ကျုပ် နားလည်ပါတယ်၊ ဒါပေမဲ့ စီနီယာက ကျုပ်ကို မယုံသေးဘူးပဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"ကျုပ်မှာ ဘာရှိလဲဆိုတာ ပြပေးပါ့မယ်"

ထိုအချိန်တွင် သူ တွေးနေသည်မှာ 'အဖိုးကြီး... ခင်ဗျားက ပင်မဇာတ်လမ်းနဲ့ ဆက်စပ်နေပုံရလို့သာ ငါက အချိန်ဖြုန်းပြီး စကားပြောနေတာ၊ တကယ့်လို့ ခင်ဗျားကသာ ပေးမဖြတ်ဘူးဆိုရင်တော့ ခင်ဗျားကို ကျည်ဆန်တစ်တောင့်နဲ့ ဧည့်ခံရလိမ့်မယ်...'

ဖုန်းပုကြွယ်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

"စီနီယာ... ကျုပ်ရဲ့ တိုက်ကွက်တစ်ခုကို စမ်းကြည့်ရင်ရော"

"တိုက်ကွက်တစ်ခု မကလို့ ဆယ်ကွက်၊ အကွက်တစ်ရာ ဖြစ်ဖြစ်..."

အဖိုးအို စကားမဆုံးမီ ဖုန်းပုကြွယ်က ကြားဖြတ်လိုက်သည်။

ဖုန်းပုကြွယ်သည် အခွင့်အရေးကို အသုံးချကာ သူ၏ ဘွဲ့အမည်စွမ်းရည် ဖြစ်သော "ဒါကို ခံစားလိုက်စမ်း" ကို အသက်သွင်းလိုက်သည်။ သူ ရွေးချယ်လိုက်သော ကျွမ်းကျင်မှုမှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှု ဖြစ်သည်။

ဖုန်းပုကြွယ်သည် သူတစ်ခုခုကို အသုံးပြုနိုင်တော့မည်ကို သိသော်လည်း ယင်းက ဘာဖြစ်လာမည်ကိုတော့ မသိသေးပေ...။

အဖိုးအိုသည် ဖုန်းပုကြွယ် တိုက်ခိုက်တော့မည်ကို မြင်သောအခါ ပေါ့ဆခြင်း မရှိဝံ့ပေ။ ဤလူငယ်သည် သူ့အတွင်းအားကို ဖုံးကွယ်ထားပြီး ကျားကိုစားမည့် ဝက်အဖြစ် ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ပေ...။

အဖိုးအိုသည် သူ၏ အတွင်းအား ၇၀ ရာခိုင်နှုန်းကို အသုံးပြု၍ ထိုတိုက်ကွက်ကို ခုခံရန် လက်ဝါးမြှောက်လိုက်သည်။

ဘန်းခနဲ အသံနှင့်အတူ ဖုန်းပုကြွယ်သည် အဖိုးအို၏ လက်ဝါးနှင့် ရိုက်မိသွားပြီး နောက်သို့ ငါးလှမ်းခန့် ယိုင်ထွက်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် သူ၏ အသက်အမှတ် ၃၀ရာခိုင်နှုန်း ကုန်ဆုံးသွားခဲ့သည်ကို သူတစ်ဦးတည်းသာ သိပေသည်။ ကံကောင်းထောက်မစွာဖြင့် အဖိုးအိုသည် ခုခံရန်အတွက်သာ လက်ဝါးကို အသုံးပြုခဲ့ပြီး ရှေ့သို့ တိုးမလာခဲ့ပေ။ သို့မဟုတ်ပါက ဖုန်းပုကြွယ်တစ်ယောက် အန္တရာယ်ရှိသွားပေလိမ့်မည်။

"ဒါက..."

အဖိုးအိုသည် မူလနေရာမှ မရွေ့သော်လည်း သူ့မျက်နှာတွင် ထိတ်လန့်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူ့လက်ဝါးသည် နီရဲနေပြီး မီးပူတိုက်ထားသကဲ့သို့ ပူလောင်နေလေ၏။

"မီးဒြပ်စင်စွမ်းရည်တစ်ခု ထွက်လာတာကိုး...ဟက် မဆိုးပါဘူး"

ဖုန်းပုကြွယ်သည် အပြင်ပန်းတွင် တည်ငြိမ်နေပုံရသည်။

"ဒါက လှည့်ကွက် အသေးအဖွဲလေးပါပဲ"

အဖိုးအိုသည် သူ့လက်များကို နောက်ကျောတွင် ကပ်ထားလိုက်သည်။

"အင်း... ဒီနေ့ ငါဒီလောက်တောင် မျက်စိမှောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

သူက ဘေးသို့ ဖယ်ပေးလိုက်သည်။

"လူငယ်သူရဲကောင်းတို့... ကြွကြပါ"

"အဲ၊ စီနီယာ... ကျုပ်မိတ်ဆွေတွေရဲ့ သိုင်းပညာကိုရော မစမ်းတော့ဘူးလား"

ဖုန်းပုကြွယ်က အာတိုဘီဆမားကို လက်ညှိုးထိုးပြလိုက်သည်။

"ဟောဒီ မိန်းကလေးဆန်တဲ့ ကောင်လေးကို ကြည့်ပါဦး၊ သူ့ကြည့်ရတာ အရမ်းအားနည်းပုံရတယ်နော်"

"ဟေး"

အာတိုဘီက သူ့အသင်းဖော်ကို သစ္စာဖောက်လိုက်သော ထိုလူအပေါ် မကျေနပ်ကြောင်း ဖော်ပြလိုက်သည်။

အဖိုးအိုသည် ဖုန်းပုကြွယ်၏ ဒုတိယစကားစုကို မကြားချင်ယောင်ဆောင်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"မလိုတော့ပါဘူး၊ ဒီလေးယောက်လုံးဟာလည်း အထင်သေးလို့ မရတဲ့သူတွေဆိုတာ ငါ ယုံကြည်ပါတယ်၊ သခင်လေးဖုန်း... ကြွပါ"

ဖုန်းပုကြွယ်ကို ခေါ်ဝေါ်ပုံပင် 'သခင်လေး' ဟု ပြောင်းလဲသွားခဲ့သည်။

"အဖိုးကြီးကတော့ ငါ့ကြောင့် ဆွံ့အသွားပုံရတယ်၊ ကြည့်ရတာ ခုနက ငါသုံးလိုက်တဲ့ စကေးက တော်တော်လေး အစွမ်းထက်ပုံပဲ..."

ဖုန်းပုကြွယ်က ဆိုသည်။

"သက်လုံအမှတ် ၃၀၀ နဲ့ စိတ်ဝိညာဉ်အမှတ် ၃၀ တောင် ကုန်သွားတာ မဆန်းပါဘူး"

"ကျေးဇူးတင်ပါတယ် စီနီယာ"

ဖုန်းပုကြွယ်က ပြောရင်း သူ့အသင်းဖော်များကို လှုပ်ရှားရန် မျက်စိမှိတ်ပြလိုက်သည်။

ငါးဦးသား လမ်းကလေးအတိုင်း ဆက်လျှောက်သွားပြီးနောက် အဖိုးအိုသည် သူ့လက်ဝါးကို မြှောက်ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

"ဓားကျိုးလက်ဖက်ရည်ခန်းမရဲ့ သခင်လေး... ဟွန်း... ဒီကလေးက စကားတော့ အဓိပ္ပါယ်မရှိတာတွေ အပြည့်ပဲ၊ ဒါပေမဲ့ သူ့တိုက်ကွက်ကတော့ တကယ်အားကောင်းတယ်"

သူသည် သူ့လက်ဖဝါးထဲမှ နာကျင်မှုကို ထိန်းချုပ်ရန် ကြိုးစားရင်း အသက်ရှုနူန်းကို ချိန်ညှိလိုက်သည်။

"တကယ်လို့ သူသာ အသက်လေးဆယ်ကျော်အရွယ် လူတစ်ယောက်ဆိုရင် အဲဒီလက်ဝါးရိုက်ချက်က ဘာမှ မဟုတ်ပေမဲ့ ဒါဟာ အသက်သုံးဆယ်လောက် ကြိုးစားလေ့ကျင့်ထားတဲ့ လူပျိုတစ်ယောက်ရဲ့ လက်ဝါးအားလောက် ရှိနေတယ်၊ ဒါပေမဲ့ ဒီကလေးက အသက်နှစ်ဆယ်အစောပိုင်းပဲ ရှိသေးတာ၊ ဒီလောက် အားပါတဲ့ တိုက်ကွက်မျိုး ထွက်လာဖို့ဆိုတာ 'သန့်စင်ယန်အတွင်းအား' ကလွဲလို့ တခြား အဖြေမရှိနိုင်ဘူး...

ဟူး... သိုင်းလောကထဲမှာ ဘယ်တုန်းက ဒီလောက်အစွမ်းထက်တဲ့သူတွေ အများကြီး ပေါ်လာတာလဲ မသိဘူး၊ ကြည့်ရတာ ကြီးမြတ်တဲ့ ဓားသမားနှစ်ယောက်ရဲ့ တိုက်ပွဲကြောင့် ရောက်လာကြတဲ့ ပညာရှင်တွေဟာ အရည်အချင်းရော အရေအတွက်ပါ ငါတို့မျှော်လင့်ထားတာထက် အများကြီး ပိုများနေပုံရတယ်..."

အခန်း (၁၈၈)

ချန်လင်မြို့ကလေးသည် တောင်သုံးတန်ဝန်းရံထားသော်လည်း မြို့ထဲသို့ဝင်နိုင်သည့် လမ်းနှစ်လမ်း ရှိပေသည်။

ပင်မလမ်းမကြီးမှာ အနီးဆုံးခရိုင်မြို့ဖြစ်သော ကြေးနီတောင်ကုန်းမြို့မှ သွယ်တန်းထားခြင်း ဖြစ်သည်။ အခြားလမ်းတစ်ခုမှာမူ ဖုန်းပုကြွယ်တို့အဖွဲ့ ဇာတ်လမ်းထဲ စတင်ဝင်ရောက်စဉ်က ပေါ်လာခဲ့သော လမ်းကလေးပင် ဖြစ်သည်။

အခြားတစ်ဖက်ရှိ အခြေအနေမှာမူ ပို၍ တင်းမာပေသည်။

ကြေးနီတောင်ကုန်းမြို့တွင် ဂိုဏ်းပေါင်းစုံမှ လူများ၊ သိုင်းလောကသားများနှင့် အစိုးရစစ်သည်များပါ စုပြုံနေကြပြီး လူပေါင်းထောင်ချီ ရှိနေခဲ့သည်။ သဘာဝကျကျပင် ထိုလူအားလုံး ချန်လင်မြို့သို့ သွားကြမည်ဆိုပါက မြို့ကလေးမှာ ပြားပြားဝပ်သွားပေလိမ့်မည်။

ထို့ကြောင့် ပင်မလမ်းမကြီးမှတစ်ဆင့် ချန်လင်မြို့သို့ ဝင်ရောက်ရန်အတွက် အချို့ကန့်သတ်ချက်များ ရှိနေခဲ့သည်။

ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များ ညှိနှိုင်းဆွေးနွေးပြီးနောက် စည်းမျဉ်းနှစ်ခုကို သတ်မှတ်ခဲ့ကြသည်။ ပထမအချက်မှာ ဂိုဏ်းတစ်ခုစီတွင် တပည့်များစွာ ရှိနေသဖြင့် အားလုံးကို ခေါ်ဆောင်လာ၍ မရခြင်းပင်။ ထို့ကြောင့် ဂိုဏ်းချုပ်တစ်ဦးစီသည် မြို့ထဲသို့ လိုက်ပါရန် တပည့်အယောက်နှစ်ဆယ်ထက် မပိုသော အရေအတွက်ကိုသာ ရွေးချယ်နိုင်ပေသည်။ ကျန်တပည့်များသည် ကြေးနီတောင်ကုန်းမြို့၌သာ နေထိုင်ရမည်ဖြစ်ပြီး ပြဿနာမရှာရန် တားမြစ်ထားသည်။

ဒုတိယအချက်မှာ 'မိစ္ဆာလမ်းစဉ်' လိုက်သူများကို ဖြတ်သန်းခွင့် မပြုခြင်းပင် ဖြစ်သည်။ မှန်ပေသည် အဘယ်အရာက မိစ္ဆာလမ်းစဉ်ဖြစ်သနည်း။ ယင်းက မိမိကိုယ်ကိုယ် 'လမ်းမှန်သူများ' ဟု သမုတ်ထားသူများ၏ အဆုံးအဖြတ်ပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလား။

သိုင်းလောကနှင့် အစိုးရ နှစ်ဖက်လုံးက အလိုရှိနေသည့် လူသတ်သမားနှင့် မုဒိမ်းကောင်များအပြင်၊ အရေးမပါသည့် လူအချို့ကိုလည်း မိစ္ဆာလမ်းစဉ်အဖြစ် သတ်မှတ်ကာ ကြေးနီတောင်ကုန်းမြို့အတွင်းသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားကြသည်။ ထိုလူများသည် ဖြောင့်မတ်သူများအဖြစ် နာမည်မကြီးသော်လည်း လူယုတ်မာများလည်း မဟုတ်ကြပေ။ အများစုသည် တစ်ဦးတည်း နေထိုင်လိုသူများ သို့မဟုတ် ထူးဆန်းသော စရိုက်ရှိသူများ ဖြစ်ကြသဖြင့် လမ်းမှန်သမားများနှင့် မရောနှောကြခြင်းသာ ဖြစ်သည်။ ယခုအခါတွင်မူ သူတို့သည် တစ်ဖက်တည်းဖြစ်ရခြင်း၏ အဓိပ္ပာယ်ကို နားလည်သွားကြပြီ ဖြစ်သည်။

ဤဇာတ်လမ်း၏ နောက်ခံအခြေအနေအရ အရပ်သားများနှင့် မပတ်သက်သရွေ့ အစိုးရသည် သိုင်းလောကသများ၏ အငြိုးအတေးများတွင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ သိုင်းလောကသားကလည်း အစိုးရကို ဂရုမစိုက်ကြချေ။ မည်သူက ဧကရာဇ်ဖြစ်သည်၊ မည်သို့ အုပ်ချုပ်သည်ဆိုသည်မှာ သိုင်းပညာရှင်များနှင့် မသက်ဆိုင်ပေ။ ယင်းမှာ နှစ်ဖက်ကြားရှိ မမြင်ရသော စည်းတစ်ခုဖြစ်ပြီး ကျော်ဖြတ်ရန် ခွင့်မပြုထားပေ။

ထို့ကြောင့် အပေါ်ယံကြည့်လျှင် အစိုးရစစ်သည်များကို ကြေးနီတောင်ကုန်းမြို့သို့ စေလွှတ်ခြင်းမှာ အခြေအနေကို ထိန်းသိမ်းရန်သာ ဖြစ်သည်။ အကယ်၍ အရပ်သားများကို နှောင့်ယှက်သော သိုင်းပညာရှင်များ ရှိခဲ့လျှင် ဖမ်းဆီးအရေးယူမည် ဖြစ်သော်လည်း အခြားကိစ္စများကိုမူ ဂရုစိုက်မည် မဟုတ်ပေ။

ယခု လမ်းကလေးဘက်သို့ ကြည့်မည်ဆိုပါက ထိုလမ်းကို အသုံးပြုသူများသည်... ပင်မလမ်းမကြီးတွင် ပိတ်ပင်ခံရသူများ သို့မဟုတ် ကြေးနီတောင်ကုန်းမြို့၌ လူလုံးမပြလိုသူများသာ ဖြစ်ကြသည်။

အဓိကဂိုဏ်းကြီးများမှ တပည့်များသည် ကြေးနီတောင်ကုန်းမြို့ကို နေ့ညမပြတ် စောင့်ကြပ်နေကြခြင်းဖြစ်သည်။ ပင်မလမ်းမကြီးမှတစ်ဆင့် ခိုးထွက်ရန် သို့မဟုတ် အတင်းဝင်ရောက်ရန် ကြိုးစားသူတိုင်းမှာ သေလမ်းရှာခြင်းသာ ဖြစ်သည်။ သိုင်းပညာနိမ့်ပါးသူများသည် မြားဒဏ်ကြောင့် ဆန်ခါပေါက် ဖြစ်သွားကြမည်ဖြစ်ပြီး သိုင်းပညာမြင့်မားသူများမှာမူ... လူပေါင်းရာချီ၏ မရပ်မနား ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပေလိမ့်မည်။ ထိုအခါတွင် အနှေးနှင့်အမြန်ဆိုသလို အတွင်းအား ကုန်ခမ်းသွားရမည်သာ ဖြစ်သည်။

ထို့ကြောင့်... ထိုလူအုပ်စုသည် ချန်လင်မြို့သို့ ဝင်ရောက်လိုပါက ဖြတ်လမ်းကို အသုံးပြုရမည် ဖြစ်သည်။ လူအရေအတွက် နည်းပါးပြီး သွားလာပုံကို သေသေချာချာ ဖုံးကွယ်ထားနိုင်သရွေ့ တစ်ရက်ခန့် လမ်းလွှဲလျှောက်ရုံဖြင့် ထိုလမ်းကလေးသို့ ရောက်ရှိနိုင်ပေသည်။

သို့သော်လည်း ထိုနေရာတွင် စောင့်ကြပ်နေသော 'ဂြိုဟ်ဆိုး' တစ်ဦး ရှိနေသေးသည်။

အပြာရောင်ဝတ်စုံဝတ် အဖိုးအို၏ အမည်မှာ ယဲ့ဟိုင် ဖြစ်ပြီး "ဓားနတ်ဘုရား" ယဲ့ချန်၏ နေအိမ်မှ အိမ်တော်ထိန်း ဖြစ်သည်။ သူသည် သိုင်းလောကသို့ တစ်ခါမှ ခြေမချဖူးသဖြင့် သူ့အကြောင်းနှင့် သိုင်းလောကတွင် သူ့အမည်ကို ကြားဖူးသူ မရှိသလောက် နည်းပါးလှသည်။

ယဲ့ဟိုင်သည် အသက် ၁၂ နှစ်သားအရွယ်ကတည်းက ယဲ့အိမ်တော်တွင် အစေခံအဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်ရှိပြီ ဖြစ်သည်။ အသက် ၃၂ နှစ်တွင် အိမ်တော်ထိန်း ဖြစ်လာခဲ့ပြီးနောက် ယဲ့အိမ်တော်သခင် သုံးဆက်တိုင်တိုင် ပြောင်းလဲခဲ့သော်လည်း သူတစ်ဦးတည်းသာ မယိုင်မလဲ ရှိနေခဲ့ခြင်း ဖြစ်သည်။

ယဲ့ဟိုင်၏ သိုင်းပညာကို ယဲ့ချန်၏အဖိုးက သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ယဲ့ဟိုင်သည် မိမိပါရမီ မမြင့်မားကြောင်းကို ကောင်းစွာ သိရှိထားသည်။ ထို့ပြင် အစေခံတစ်ဦးအနေဖြင့် ပါရမီရှိလျှင်ပင် ယဲ့မိသားစုဝင်အဖြစ် သတ်မှတ်ခံရရန် အခွင့်အရေး မရှိပေ။ သို့သော်လည်း ထိုစဉ်က သခင်ကြီးယဲ့သည် ထိုလူငယ်ကို တိတ်တဆိတ် သင်ကြားပေးခဲ့သည်။ သခင်လေး သိုင်းကျင့်နေချိန်တွင် ယဲ့ဟိုင်ကို ကြမ်းတိုက်ခိုင်းပြီး မန္တန်များကို တမင်တကာအကျယ်ကြီး ရွတ်ပြလေ့ရှိသည်။ ယဲ့ဟိုင် ညဘက်တွင် သိုင်းခိုးကျင့်နေသည်ကိုလည်း အိမ်တော်တစ်ခုလုံးက မမြင်ချင်ယောင်ဆောင် ပေးခဲ့ကြသည်။

ယဲ့မိသားစု၏ သိုင်းပညာများသည် ထိပ်တန်းအဆင့်များဖြစ်သလို ကြိုးစားမှုဖြင့်လည်း အစားထိုးနိုင်ပေသည်။ ယဲ့ဟိုင်၏ ပါရမီသည် ပျမ်းမျှသာ ဖြစ်သော်လည်း သူအသက် ၃၀ အရွယ်တွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပြီး သိုင်းလောကတွင် ထိပ်သီးဆရာသခင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ နှစ်နှစ်အကြာတွင် သူသည် ယဲ့အိမ်တော်၏ အိမ်တော်ထိန်း ဖြစ်လာကာ အိမ်ထောင်ပြုပြီး သားတစ်ယောက် ရရှိခဲ့သည်။ ယဲ့ဟိုင်အတွက်မူ ထိုအချိန်သည် ဘဝ၏အပျော်ရွှင်ဆုံး အချိန်ကာလပင် ဖြစ်သည်။

နှစ်အနည်းငယ်ကြာပြီးနောက် သခင်ကြီးယဲ့ ကွယ်လွန်သွားခဲ့ပြီး ယဲ့ချန်၏ အဖေက အိမ်တော်ကို ဆက်ခံခဲ့သည်။ သူသည် ယဲ့ဟိုင်၏သားဖြစ်သူကို ယဲ့မိသားစု၏ တရားဝင်တပည့်အဖြစ် ဝင်ရောက်ခွင့် ပြုခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုကောင်လေးသည် အလွန်အမင်း ပြိုင်ဆိုင်လိုစိတ် ပြင်းထန်လှသည်။ သူသည် အသက် ၁၆ နှစ်အရွယ် သိုင်းပညာမစုံလင်မီမှာပင် အပြင်တွင် ရန်ဖြစ်ရာမှ သေဆုံးသွားခဲ့ရသည်။ ယဲ့ဟိုင်၏ ဇနီးသည်လည်း မကြာမီ လိုက်ပါသွားခဲ့သည်။

မိသားစုဆုံးရှုံးသွားပြီးနောက် ယဲ့မိသားစုအပေါ် တာဝန်ကျေပွန်စွာ အလုပ်အကျွေးပြုရန် စိတ်ကူးသည်သာ ယဲ့ဟိုင်၏ စိတ်ဓာတ်ခွန်အားနှင့် ဘဝရည်မှန်းချက် ဖြစ်လာခဲ့တော့သည်။ တစ်နည်းအားဖြင့် ယဲ့ဟိုင်သည် သူ့တစ်ဘဝလုံး ယဲ့မိသားစုအပေါ် ကျေးဇူးတင်ရှိပြီး သစ္စာရှိစွာ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ယဲ့ဟိုင်၏ သိုင်းပညာအဆင့်အတန်းသည် ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များ လာရောက်တိုက်ခိုက်လျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ယဲ့ဟိုင်ကို အနိုင်ယူနိုင်သည့် လူနှစ်မျိုးသာ ရှိသည်။ ပထမတစ်မျိုးမှာ ရှဲ့စန်း သို့မဟုတ် ယဲ့ချန်တို့ကဲ့သို့ သန်းပေါင်းများစွာထဲမှ တစ်ဦးသာ ပေါ်ထွက်လာတတ်သည့် ပါရမီရှင်များ ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့် ဆရာသခင်တစ်ဦးဖြစ်ပြီး ထိုသူက... ယဲ့ဟိုင်ထက် ပါရမီသာလွန်ရမည်ဖြစ်သည်။ ကျွမ်းကျင်မှုပိုင်းတွင် တန်းတူရှိရမည်ဖြစ်ပြီး အနည်းဆုံး အတွင်းအား ၆၀ ရာခိုင်နှုန်းခန့် ရှိနေရမည် ဖြစ်သည်။ ထိုအချက်သုံးချက် ပြည့်စုံမှသာ သူ့ကို အနိုင်ယူနိုင်မည် ဖြစ်သည်။

ထိုကဲ့သို့သော လူမျိုးက လမ်းကြောင်းကို စောင့်ကြပ်နေသဖြင့် ရလဒ်မှာ ခန့်မှန်းရ လွယ်ကူလှပေသည်။

ယခု လဝက်အတွင်းတွင် သိုင်းလောက၌ နာမည်ကျော်သည်ဖြစ်စေ၊ မကျော်သည်ဖြစ်စေ လူဆိုး အမြောက်အမြားကို ယဲ့ဟိုင်က နှိမ်နင်းခဲ့ပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် လူထုကို ကူညီပေးနေခြင်းပင် ဖြစ်သည်။

သိုင်းလောကတွင် သိုင်းပညာမကောင်းများကို ပြန်ရန် ‘ဖိတ်ခေါ်' (နှင်ထုတ်) လိုက်ပြီး အစစ်အမှန် 'ဆရာသခင်' များ၊ ဓားရေးယှဉ်ပြိုင်မှုကို ကြည့်ရှုရန် ထိုက်တန်သူများကိုသာ လမ်းကလေးမှတစ်ဆင့် ချန်လင်မြို့သို့ ပေးဝင်ခဲ့သည်။

ပိုင်တျန့်ကဲ့သို့ သိုင်းလောကသားဟု ထင်ရသော်လည်း နန်းတွင်းနှင့် ပတ်သက်နေသူများမှာမူ အမြောက်အမြား သေဆုံးခဲ့ကြရသည်။ နန်းတွင်းဟူသည်မှာ နန်းတွင်းပင် မဟုတ်ပါလား။ ရှေးမဆွခင်ကတည်းက အစိုးရသည် တစ်မျိုးပြော တစ်မျိုးလုပ်လေ့ရှိသည်။ အပေါ်ယံတွင် သိုင်းလောကရေးရာများကို ဝင်မစွက်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ နေရာအနှံ့၌ ကန့်လန့်ကာနောက်ကွယ်မှ ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့သည် ထိုအချက်ကို ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ ထို့ကြောင့် ထိုအခြေအနေမျိုးတွင် သိုင်းလောကသားများက နန်းတွင်းမှလူများကို သတ်ပစ်ရန် ဝန်လေးမည်မဟုတ်ပေ။ နန်းတွင်းဘက်ကလည်း သူတို့လွှတ်လိုက်သည့် လူသတ်သမားဖြစ်ကြောင်း ဝန်ခံမည်မဟုတ်သဖြင့် တိတ်ဆိတ်စွာ ခံစားလိုက်ကြရုံသာ ရှိတော့သည်။

...

ထိုနေ့ည၌ပင် ချန်လင်မြို့ မြောက်ဘက်ရှိ တောအုပ်အတွင်း… သရဲခြောက်သည်ဟု ကောလာဟလထွက်နေသော ဘုံကျောင်းနှင့် မလှမ်းမကမ်းတွင် ဖြစ်သည်။

နွယ်ပင်များနှင့် မြက်ရိုင်းများသည် ဒူးဆစ်အထိ ရှည်လျားနေပြီး အသံတစ်စိုးတစ်စိမျှ မထွက်ပေ။ တောအုပ်ထဲသို့ ကြည့်လိုက်ပါက မှောင်မဲပြီး ကြက်သီးထဖွယ်ရာ ဖြစ်နေခဲ့သည်။ အပေါ်ယံတွင် ချုံနွယ်သစ်ကိုင်းများ ယှက်နွယ်နေပြီး မြေပြင်တွင်လည်း ဆူးပင်များ ဖုံးလွှမ်းနေလေသည်။

အရိပ်တစ်ခုသည် မြက်ပင်များပေါ်သို့ အသံမထွက်ဘဲ နင်းဖြတ်လျက် ပျံသန်းဝင်ရောက်လာခဲ့သည်။

လာသူမှာ လုံမပျိုတစ်ဦး ဖြစ်သည်။ သူမသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက် သွယ်လျကာ ကျန်းမာသန်စွမ်းသူဖြစ်သည်။ သူမ၏ ရုပ်ရည်သည်လည်း ယဉ်ကျေးသိမ်မွေ့ကာ သန့်စင်သည်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိနေခဲ့သည်။

"မင်းရဲ့ ကိုယ်ဖော့ပညာက မဆိုးဘူးပဲ"

အေးစက်စက်အသံတစ်ခုက ပြောလိုက်သည်။

သူ ပြောလိုက်သည်နှင့် နောက်ထပ်အရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူ့ပုံစံမှာ လက်နက်ကိုင်ဆောင်ထားခြင်း မရှိရုံတင်မကဘဲ လက်နှစ်ဖက်ကိုပင် နောက်ပစ်ထားသေးသည်။ သူသည် လက်များကိုပင် အသုံးမပြုဘဲ အနိုင်ယူနိုင်မည့်ပုံစံမျိုး ဖြစ်သည်။

အမျိုးသမီးက စကားတစ်ခွန်းမှမဆိုဘဲ သူမ၏ ကျင့်ကြံစွမ်းအားအားလုံးကို သုံး၍ ဓားကို လေတိုးသံထွက်အောင် ဝှေ့ယမ်းလိုက်ပြီး သူ့ကို ခုတ်ပိုင်းလိုက်သည်။

အနက်ရောင်အရိပ်သည် မယုံနိုင်စရာကောင်းသော လှုပ်ရှားမှုဖြင့် ဓားချက်ကို ရှောင်တိမ်းလိုက်ပြီး ဓားရှည်ပေါ်သို့ ညာခြေဖြင့် နင်းချလိုက်သည်။ ပြင်းထန်သော အတွင်းအားကို အသုံးချ၍ ဓားကို ဖိနှိပ်လိုက်သဖြင့် အမျိုးသမီး၏ မျက်နှာမှာ နီမြန်းသွားပြီး အားကုန်သုံးသော်လည်း ဓားကို လုံးဝ ဆွဲထုတ်မရတော့ပေ။

"နှမြောစရာပဲ... မင်း အားကိုးနေတဲ့ ကိုယ်ဖော့ပညာဆိုတာ ငါ့အတွက်တော့ လှည့်ကွက်တစ်ခုထက် မပိုပါဘူး"

ထိုအရိပ်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ အနက်ရောင်အရိပ်က အသံဩဩဖြင့် ဆက်ပြောသည်။

"သူရဲကောင်းမလေး လု၊ ငါ့လျှို့ဝှက်ချက်ကို သိသွားတဲ့ မင်းရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်ပါ... ဒါကြောင့် မင်း သေရတော့မယ်"

လုချင်းနင် ဘာမှပြန်မပြောနိုင်မီ သူတို့ပတ်ဝန်းကျင်၌ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုအခိုက်အတန့်တွင် အမှောင်ထုတစ်နေရာမှ ထူးဆန်းသော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးလုံးကို ဖော်မပြနိုင်သော အေးစိမ့်မှုတစ်ခုက ဝန်းရံသွားတော့သည်။

All Chapters