← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉) - ထူးဆန်းသောမျက်လုံး (၁)

နောက်ကျောဘက်မှ တိုက်ပွဲသံများက နားထဲဝယ် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။ ချင်းယွင်ဂိုဏ်းမှ တပည့်သုံးဦး အခြားသော မိစ္ဆာများနှင့် တိုက်ခိုက်နေသည်မှာ ထင်ရှားလှပေသည်။

သို့သော် ကျန်းရှောင်ဖန်းရှိရာ နေရာ၌မူ ခြောက်ခြားဖွယ် ကောင်းလှသည့် တိတ်ဆိတ်မှုက လွှမ်းမိုးနေလေသည်။

ကျန်းရှောင်ဖန်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသော်လည်း အဝါရောင်သန်လျက်နှင့် မီးခိုးရောင်အစွယ်ပိုင်ရှင် နှစ်ဦးမှာမူ ဤမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် တုန်လှုပ်ခြောက်ခြားကာ ရှေ့ဆက် ဘာလုပ်ရမည်ကို မဝေခွဲနိုင် ဖြစ်နေကြတော့သည်။

"ခွေးရိုင်း... ငါ မြင်လိုက်တာ မှန်ရဲ့လား။ ကျန်းလောင်စန်းက သွေးစုပ်နေတာ မဟုတ်ဘဲ သူကိုယ်တိုင် သွေးအစုပ်ခံလိုက်ရသလိုပဲ"

အမှောင်ထုထဲမှ အခြားတစ်ယောက်က ကြမ်းတမ်းသော လေသံဖြင့် ပြန်ပြောလိုက်သည်။

"တောက်... ချင်းယွင်ဂိုဏ်းမှာ သွေးစုပ်အတတ်ကို လေ့ကျင့်ထားတဲ့သူ ရှိနေတာလား။ သူက ငါတို့ နတ်ဆိုးဂိုဏ်းရဲ့ တပည့်များလား"

ပထမတစ်ယောက်က ဆဲရေးလိုက်သော်လည်း ခေတ္တမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွားပြီးမှ ဒေါသတကြီး ပြောလိုက်လေသည်။

"မဟုတ်ဘူး... အဲဒီကောင်က ထူးဆန်းတယ်။ သူ့ကို သေချာမေးမှ ဖြစ်မယ်"

ကျန်းရှောင်ဖန်း၏ ရှေ့မှောက်တွင် အလင်းတန်းနှစ်ခု လင်းလက်လာပြီး လူရိပ်နှစ်ခု ပေါ်လာလေသည်။

ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားသော်လည်း စိတ်ရှုပ်ထွေးနေမှုများကို ဖယ်ထုတ်ကာ ရန်သူများကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။

အလင်းတန်းထဲတွင် ဝါရောင်သန်လျက်နှင့် မီးခိုးရောင်အစွယ်မှာ သူတို့၏ အရှင်သခင်များထံ ပြန်ရောက်သွားကြ၏။ ဘယ်ဘက်မှလူမှာ ဓားကို ဖမ်းယူလိုက်သည်။

သူသည် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ယောက် ဖြစ်ပြီး ေကွးကောက်နေသောနှာခေါင်းနှင့် ရန်လိုတတ်သော မျက်လုံးလေးများ ရှိပေသည်။

ဘေးတွင် ရပ်နေသောသူမှာမူ အလွန်ပင် ထူးဆန်းသော ရုပ်ရည်ရှိလေသည်။ ကျန်းရှောင်ဖန်းမှာ ထိုသူ၏ ရုပ်ရည်ကို မြင်ပြီး အံ့ဩသွားလေသည်။

သူသည်လည်း အရပ်ရှည်သော်လည်း မျက်နှာမှာ အလွန်ပင် ရုပ်ဆိုးလှပေသည်။

တွဲကျနေသော မျက်ခွံများ၊ ချွန်ထွက်နေသော နှာခေါင်း၊ မြင့်မားသော နားရွက်များနှင့် မကြာခဏ ထွက်နေတတ်သော လျှာရှည်ကြီးတို့ကြောင့် သူသည် ခွေးတစ်ကောင်နှင့် အလွန်တူလှသည်။

မီးခိုးရောင်အစွယ်မှာ သူ၏လက်ထဲသို့ ပြန်ရောက်သွား၏။ ကျန်းရှောင်ဖန်းမှာ ဤအရာသည် ခွေးစွယ်များလားဟု ချက်ချင်းပင် တွေးလိုက်မိတော့သည်။

ခွေးရိုင်းမှာ ကျန်းရှောင်ဖန်းက သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ဒေါသချောင်းချောင်းထွက်လျက် အော်ဟစ်လိုက်လေသည်။

"ဟေ့... ကောင်လေး... မင်းက ဘာလို့ မင်းရဲ့ ခွေးရိုင်းတာအိုဆရာကို စိုက်ကြည့်နေတာလဲ"

"ခွေးရိုင်းတာအိုဆရာ..."

ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုခွေးနှင့်တူသောသူမှာ အနက်ရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်ကို သတိပြုမိလိုက်သည်။

သူသည် ချင်းယွင်ဂိုဏ်းနှင့် လမ်းစဥ်ချင်း တူညီသယောင် ရှိပေသည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ခန့်ကဆိုလျှင် သူတို့ကြားတွင် ပတ်သက်မှု တစ်ခုခု ရှိခဲ့နိုင်ပေသည်။

ခွေးရိုင်းတာအိုဆရာမှာ ကျန်းရှောင်ဖန်း၏ အထင်အမြင်သေးသော မျက်နှာထားကို မြင်သောအခါ ပို၍ ဒေါသထွက်လာပြီး ပြောလိုက်လေသည်။

"ကောင်လေး... ဒီတာအိုဆရာက မင်းကို မေးနေတယ်၊ မင်း အဲဒီသွေးစုပ်ကောင်ကို ဘယ်လိုသတ်လိုက်တာလဲ"

ကျန်းရှောင်ဖန်းမှာ အံအားသင့်သွားလေသည်။

"သွေးစုပ်ကောင်..."

အရပ်ရှည်ရှည်လူက ဒေါသတကြီး ပြောလိုက်သည်။

"မင်းရဲ့ နောက်ကျောမှာ ရှိနေတဲ့သူလေ"

ကျန်းရှောင်ဖန်း သတိရသွားသည်။ သူ၏ ကျောပေါ်တွင် အလောင်းတစ်လောင်း ရှိနေသေးသည် မဟုတ်ပါလား။

လည်ပင်းသို့ အေးစိမ့်သော အထိအတွေ့တစ်ခု တိုးဝင်လာသဖြင့် သူ လန့်ဖျပ်ကာ ခုန်ထွက်လိုက်ပြီး အလောင်းကို ပစ်ချလိုက်လေသည်။

ခြောက်ကပ်နေသော ရုပ်အလောင်းမှာ မြေပြင်ပေါ်သို့ ဘုန်းကနဲ ကျသွား၏။ ကျန်းရှောင်ဖန်းမှာ ပျို့အန်ချင်သလို ခံစားလိုက်ရသဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ရတော့သည်။

ခွေးရိုင်းတာအိုဆရာနှင့် အရပ်ရှည်ရှည်လူတို့မှာ ထိုရုပ်အလောင်းကို ကြည့်လိုက်ပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

တစ်ဖက်လူ၏ မျက်လုံးထဲတွင် အံ့ဩမှုကို မြင်တွေ့နေရပေသည်။ သွေးစုပ်အတတ်မှာ ရက်စက်လှပြီး လျှို့ဝှက်ချက်လည်း များလှ၏။

အစွမ်းထက်သော်လည်း မိမိကိုယ်ကို ပြင်းထန်စွာ ထိခိုက်စေတတ်ပေသည်။ လေ့ကျင့်ပြီးနောက် လူနှင့်လည်းမတူ၊ သရဲနှင့်လည်းမတူ ဖြစ်သွားတတ်ကြသည်။

သူတို့မှာ နတ်ဆိုးဂိုဏ်းသားများ ဖြစ်ကြပြီး ဤမှော်ပညာကို အမြဲတစေ လေးစားခဲ့ကြသော်လည်း ၎င်းအကြောင်းကို အနည်းငယ်သာ သိကြပေသည်။

ကြမ်းပြင်ပေါ်တွင် သေဆုံးနေသူမှာ သွေးစုပ်လမ်းစဥ်၏ တစ်ဦးတည်းသော တပည့်ဖြစ်ပြီး သူ၏သွေးများအားလုံး စုပ်ယူခံထားရခြင်း ဖြစ်သည်။

သူတို့ သိသလောက်ဆိုလျှင် ဤအစွမ်းမှာ သွေးစုပ်မိစ္ဆာ ကျန်းလောင်စန်းထက်ပင် သာလွန်နေပြီး ဒဏ္ဍာရီလာ သွေးစုပ်အဘိုးအိုပင်လျှင် ဤကဲ့သို့ အစွမ်းမျိုး ရှိချင်မှ ရှိပေလိမ့်မည်။

သို့သော် သူတို့ရှေ့မှ ချင်းယွင်ဂိုဏ်းသားမှာမူ သွေးစုပ်သမားများ၏ ထူးဆန်းသော ရုပ်သွင်မျိုး မရှိပေ။

ခွေးရိုင်းတာအိုဆရာက ကျန်းရှောင်ဖန်းကို ကြည့်ကာ မေးလိုက်သည်။

"မင်းက သွေးစုပ်အဘိုးအိုရဲ့... တပည့်လား"

ကျန်းရှောင်ဖန်းမှာ ကြောင်သွားသည်။

"သွေးစုပ်အဘိုးအိုက ဘယ်သူလဲ"

ခွေးရိုင်းတာအိုဆရာမှာ လျှာကြီးကို ထုတ်ကာ မျက်နှာတစ်ပြင်လုံးကို လျက်လိုက်သည်။

ရုတ်ချည်းပင် ကျန်းရှောင်ဖန်းမှာ တာ့ဟွမ်ကို သတိရသွားမိသည်။ သူ စဉ်းစားနေစဉ်မှာပင် နောက်ဘက်မှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။

အနက်ရောင်ဝတ်ထားသော လူတစ်ယောက်မှာ အမှောင်ထဲမှ လွင့်ထွက်လာပြီး မျက်နှာတစ်ခုလုံး သွေးများ စိုရွှဲနေလေသည်။ သူ ခေတ္တမျှ ရုန်းကန်နေသော်လည်း သိပ်မကြာခင်မှာပင် သေဆုံးသွားတော့သည်။

ကျန်းရှောင်ဖန်းမှာ မိမိ၏ ရဲဘော်များ တိုက်ခိုက်နေသည်ကို ချက်ချင်းသတိရသွားပြီး ဤနတ်ဆိုးဂိုဏ်းသားများနှင့် စကားပြောနေမိသည်မှာ မိုက်မဲလှသည်ဟု တွေးလိုက်မိသည်။

သူ ချက်ချင်းပင် ထရပ်လိုက်ပြီး ကူညီရန် ပြင်လိုက်တော့သည်။

ခွေးရိုင်းတာအိုဆရာနှင့် အရပ်ရှည်ရှည်လူတို့မှာ ကျန်းရှောင်ဖန်း၏ ရုတ်တရက် လှုပ်ရှားမှုကို မြင်သောအခါ အံ့အားသင့်သွားပြီး သူက တိုက်ခိုက်တော့မည်ဟု ထင်ကာ အလျင်အမြန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကာ လဲကျသွားလေသည်။

သူ အသက်ကို ပြင်းပြင်းရှူနေရပြီး နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။

ကျန်းရှောင်ဖန်းမှာ အလျင်စလို ဖြစ်နေသဖြင့် သူ၏ ပုခုံးတွင် နက်မှောင်သော သုံးခွလှံ စိုက်ဝင်နေဆဲဖြစ်သည်ကို မေ့သွားခြင်း ဖြစ်သည်။

သူ လှုပ်ရှားလိုက်သည်နှင့် နှလုံးသားကို ထိုးခွဲလိုက်သကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။ သွေးခဲနေသော ဒဏ်ရာမှာ ပြန်ပွင့်သွားပြီး သွေးများ စီးကျလာတော့သည်။

ဤအခွင့်အရေးကောင်းကို ခွေးရိုင်းတာအိုဆရာနှင့် အရပ်ရှည်ရှည်လူတို့က လက်လွှတ်ခံမည် မဟုတ်ပေ။ သူတို့၏ သန်လျက်နှင့် အစွယ်တို့မှာ ပြန်လည် တောက်ပလာတော့သည်။

ထိုစဉ် နောက်ဘက်မှ ကြည်လင်လှသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာ၏။

မှောင်မိုက်နေသော ဟင်းလင်းပြင်ရှိ ရောင်စုံအလင်းတန်းများကြားမှ စူးရှတောက်ပသော အပြာရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကျန်အလင်းတန်းများကို ဖုံးလွှမ်းသွားလေသည်။

ထိုအပြာရောင်အလင်းတန်းထဲတွင် ထျန်းယာဓားမှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ဓား၏နောက်ကွယ်တွင်မူ လုရွှယ်ချီမှာ ဝတ်စုံဖြူလေး လွင့်ပျံလျက် ကောင်းကင်ယံ၌ ရပ်တန့်နေပေသည်။

ခွေးရိုင်းတာအိုဆရာနှင့် အရပ်ရှည်ရှည်လူတို့ တုန်လှုပ်နေစဉ်မှာပင် ထျန်းယာဓား၏ အပြာရောင်အလင်းမှာ ဧရာမဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုထဲသို့ ခုတ်ပိုင်းလိုက်လေသည်။

အလင်းတန်း အများအပြားမှာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း အပြာရောင်အလင်းနှင့် ထိတွေ့သည်နှင့် ပျောက်ကွယ်သွားကြတော့သည်။

ထို့နောက် အော်ဟစ်သံအချို့နှင့်အတူ လူငါးဦး၊ ခြောက်ဦးခန့်မှာ အမှောင်ထဲမှ လွင့်ထွက်လာကြသည်။

အပြာရောင်အလင်းမှာ ကျောက်နံရံကို ရိုက်ခတ်သွားပြီး ကျောက်တုံးများ လွင့်စင်သွားလေသည်။ လူအများအပြား ဒဏ်ရာရရှိသွားကြ၏။

တစ်ချိန်တည်းမှာပင် ချီဟောင်၏ ဟန်ပင်းဓားမှာ လင်းလက်လာပြီး ဘေးဘက်မှ တိုက်ခိုက်ကာ မိစ္ဆာဂိုဏ်းသားများကို ရေခဲတုံးများအဖြစ် ပြောင်းလဲလိုက်လေသည်။

ကျန်းရှူရှူမှာလည်း နောက်မှလိုက်ကာ သူ၏ဓားဖြင့် ချေမှုန်းလိုက်တော့သည်။

ခွေးရိုင်းတာအိုဆရာနှင့် အရပ်ရှည်ရှည်လူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

သူတို့သည် ကျန်းရှောင်ဖန်းကို လက်လွှတ်လိုက်ပြီး ချီဟောင်နှင့် ကျန်းရှူရှူတို့၏ တိုက်ခိုက်မှုကို တားဆီးရန် ဝါရောင်သန်လျက်နှင့် မီးခိုးရောင်အစွယ်တို့ကို စေခိုင်းလိုက်ကြလေသည်။

သူတို့နှစ်ဦးမှာ နတ်ဆိုးဂိုဏ်းသားများထဲတွင် အစွမ်းထက်သူများဖြစ်ရာ ချီဟောင်နှင့် အခြားသူများကို အလျင်အမြန်ပင် တားဆီးနိုင်ခဲ့သော်လည်း သူတို့ကိုယ်တိုင်လည်း အထိနာကြလေသည်။

မနေ့ညက ချီဟောင်နှင့် အခြားသူများ လင်းနို့များ၏ တိုက်ခိုက်မှုကို ခံရသည်ကို သူတို့ တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် ရှေးဟောင်းဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် ထောင်ချောက်ဆင်ထားခဲ့ပြီး လျူဟယ်၏ မဖောက်ထွင်းနိုင်သော အကာအကွယ်ကို ဖျက်ဆီးကာ ချင်းယွင်ဂိုဏ်း တပည့်လေးဦးကို သီးခြားစီ ဖြစ်သွားအောင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဤအစီအစဉ်မှာ အောင်မြင်ခဲ့သော်လည်း ချင်းယွင်ဂိုဏ်း တပည့်များ၏ ကျင့်ကြံမှုမှာ သူတို့ မျှော်လင့်ထားသည်ထက် ပိုမိုမြင့်မားနေသဖြင့် ရင်ဆိုင်ရန် ခက်ခဲနေတော့သည်။

ဤခြုံခိုတိုက်ခိုက်မှုကို ခွေးရိုင်းတာအိုဆရာ၊ အရပ်ရှည်ရှည်လူနှင့် သွေးစုပ်မိစ္ဆာ ကျန်းလောင်စန်းတို့က ဦးဆောင်ခဲ့ခြင်း ဖြစ်၏။

ကျန်းရှောင်ဖန်းမှာ လေးဦးထဲတွင် အားနည်းဆုံး ဖြစ်သည်ကို မြင်သောအခါ သူ့ကို အရင်ဆုံး အပြတ်ရှင်းပြီးမှ ကျန်သုံးဦးကို ကိုင်တွယ်ရန် သဘောတူခဲ့ကြခြင်း ဖြစ်သည်။

သို့သော် အခြေအနေများမှာ ထူးဆန်းသွားပြီး ကျန်းရှောင်ဖန်းမှာ ဒဏ်ရာရခဲ့သော်လည်း သွေးစုပ်မိစ္ဆာ ကျန်းလောင်စန်းမှာမူ နက်နဲလှသော နည်းလမ်းဖြင့် သွေးစုပ်ခံရကာ သေဆုံးသွားခဲ့လေသည်။

သူတို့သည် ချီဟောင်နှင့် ကျန်းရှူရှူတို့ကို ခေတ္တမျှ တားဆီးထားနိုင်သော်လည်း အပြာရောင်ဓားနှင့် လှပသောမိန်းကလေးမှာ ကျန်ရှိနေသေးသည်။

သူတို့နောက်မှ ကောင်လေးမှာ ဒဏ်ရာရနေသော်လည်း အလွန်ပင် ထူးဆန်းလှပေသည်။ အကယ်၍ သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက် တိုက်ခိုက်လာပါက အခြေအနေမှာ ကောင်းလိမ့်မည် မဟုတ်ပေ။

တိုက်ခိုက်မှု နှစ်ချီအပြီးတွင် လုရွှယ်ချီမှာ အခြားနတ်ဆိုးဂိုဏ်းသား အချို့ကို ဒဏ်ရာရစေခဲ့ပြီး သူတို့ထံသို့ အာရုံလှည့်လာချိန်တွင် ခွေးရိုင်းတာအိုဆရာက အော်ဟစ်လိုက်လေသည်။

"ပြေးကြ"

အရပ်ရှည်ရှည်လူမှာလည်း ထိုသို့ပင် တွေးနေသဖြင့် သူ၏ ဝိညာဉ်လက်နက်ကို ပြန်ခေါ်လိုက်၏။ ထို့နောက် သူတို့သည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ ဂူအနက်ပိုင်းသို့ ထွက်ပြေးသွားကြတော့သည်။

နတ်ဆိုးဂိုဏ်းသားများမှာလည်း ဤသည်ကို မြင်သောအခါ အော်ဟစ်ကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြလေသည်။

ချီဟောင်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ အော်ပြောလိုက်သည်။

"အဲဒီလူနှစ်ယောက်နောက်ကို လိုက်ကြ"

ထို့နောက် သူသည် ဓားကိုစီးကာ နောက်မှ လိုက်လံတိုက်ခိုက်တော့သည်။ ကျန်းရှူရှူမှာလည်း ချက်ချင်းပင် နောက်မှလိုက်သွားတော့သည်။

လုရွှယ်ချီ၏ အပြာရောင်အလင်းမှာ လင်းလက်လာပြီး လိုက်ရန်ပြင်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားကာ နောက်လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်းမှာ သူ၏ အစိမ်းရောင်အလင်းတန်း ထွက်နေသော ဝိညာဉ်ဝါးမျိုတုတ်ကို စီးကာ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။

သူ၏ ပုခုံးတွင် သွေးများ စိုရွှဲနေသော်လည်း နက်မှောင်သော သုံးခွလှံကိုမူ ဆွဲနှုတ်ပြီးသား ဖြစ်နေပေသည်။

အခန်း (၇၀) - ထူးဆန်းသောမျက်လုံး (၂)

ကျန်းရှောင်ဖန်း ရှေ့သို့ ပျံသန်းသွား၏။ လုရွှယ်ချီမှာ သူ၏ ပုံရိပ်ကို ခေတ္တမျှ ကြည့်နေပြီးမှ နောက်မှ လိုက်လာတော့သည်။

ဂူအတွင်း လိုက်လံဖမ်းဆီးရသည်မှာ ကျန်းရှောင်ဖန်းနှင့် ထျန်းလင်းအာတို့ တာ့ကျူးတောင်ထိပ်၏ နောက်တောင်ကုန်းတွင် ရှောင်ဟွေးကို လိုက်ဖမ်းခဲ့ကြစဉ်ကနှင့် အနည်းငယ် တူလှပေသည်။ လမ်းမှာ ကွေ့ကောက်နေ၏။

ရုတ်တရက် ဘယ်ဘက်သို့ ကွေ့လိုက်၊ ညာဘက်သို့ ကွေ့လိုက်နှင့် တစ်ခါတစ်ရံ အပေါ်သို့ တက်ကာ၊ တစ်ခါတစ်ရံ အောက်သို့ ဆင်းရလေသည်။

ထို့နောက် လမ်းခွဲတစ်ခုသို့ ရောက်သော်လည်း ချင်းယွင်ဂိုဏ်း တပည့်လေးဦးမှာ သိပ်ပြီး မစိုးရိမ်ကြပေ။ သူတို့မှာ အဝါရောင်နှင့် မီးခိုးရောင် အလင်းတန်းနောက်ကိုသာ အာရုံစိုက် လိုက်နေကြခြင်း ဖြစ်သည်။

ဂူအတွင်းရှိ ကျောက်တုံးများမှာ အလွန်ပင် ထက်မြက်လှ၏။ သူသည် သူ၏ ရဲဘော်များနောက်သို့ အနီးကပ်လိုက်ကာ ဝိညာဉ်ဝါးမျိုတုတ်ကို ထိန်းချုပ်ရန်သာ အာရုံစိုက်ထားလေသည်။

အချို့နေရာများမှာ အလွန်ပင် ကျဉ်းမြောင်းလှသဖြင့် တစ်ကြိမ်လျှင် လူတစ်ယောက်သာ ဖြတ်သန်းနိုင်ပေသည်။ ကျန်းရှောင်ဖန်းမှာ စိုးရိမ်နေရန် အချိန်မရှိဘဲ စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်လိုက်သည်။

အမှောင်ထုထဲတွင် အလင်းတန်း ခြောက်ခုမှာ ပြိုင်ဆိုင်နေကြပြီး အရှိန်မှာ အလွန်ပင်မြန်ဆန်လှပေသည်။ ကျန်းရှောင်ဖန်းမှာ အမှောင်ထုနှင့် ပြင်းထန်သော လေပြင်းတို့ ရောယှက်နေသည်ဟု ခံစားလိုက်ရတော့သည်။

ဤသို့ လိုက်လံဖမ်းဆီးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ခွေးရိုင်းတာအိုဆရာနှင့် သူ၏သူငယ်ချင်းမှာ မြေပြင်အနေအထားကို ကျွမ်းကျင်သဖြင့် အသာစီးရနေကြပေသည်။

သူတို့သည် စိတ်အနှောင့်အယှက်ပေးနေသော လူလေးဦးကို မဖယ်ထုတ်နိုင်သော်လည်း အနည်းဆုံးတော့ အနားသို့ မကပ်နိုင်အောင် လုပ်ဆောင်ထားနိုင်ကြသည်။

ရုတ်တရက် သူတို့ရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာ၏။ ခွေးရိုင်းတာအိုဆရာနှင့် အရပ်ရှည်ရှည်လူတို့မှာ ထိုအလင်းတန်းဆီသို့ အစွမ်းကုန် အရှိန်မြှင့်ကာ ပျံသန်းသွားကြတော့သည်။

ချီဟောင်နှင့် အခြားသူများမှာလည်း လိုက်နေဆဲ ဖြစ်၏။ ကျန်းရှောင်ဖန်းမှာမူ သူ၏နောက်မှ လိုက်နေရင်း ပုခုံးမှ နာကျင်မှုများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

သူသည် နာကျင်မှုကို အောင့်ခံကာ နောက်မှ လိုက်နေခြင်း ဖြစ်ပြီး မိမိကိုယ်ကိုယ်ပင် အံ့ဩမိနေသည်။

သူ၏ ပုခုံးတွင် ဒဏ်ရာရနေသော်လည်း ခန္ဓာကိုယ်အတွင်းရှိ ချီလမ်းကြောင်းများထဲတွင် အဆုံးမရှိသော စွမ်းအင်များ ရှိနေသယောင် ခံစားနေရပေသည်။

ထိုမြင်ကွင်းကို ပြန်လည် မြင်ယောင်လိုက်ပြီး ခွေးရိုင်းတာအိုဆရာ ပြောခဲ့သော သွေးစုပ်သမားဆိုသည့် စကားလုံးကို သတိရလိုက်သောအခါ သူ၏ နှလုံးသားမှာ အေးစိမ့်သွားကာ အရိုးထဲအထိ ချမ်းစိမ့်သွားသည်။

အလင်းရောင်မှာ ရှေ့တွင် ရှိနေပေသည်။ ပို၍ နီးကပ်လာကာ ပို၍ တောက်ပလာ၏။ လူခြောက်ဦးမှာ ပစ်လွှတ်လိုက်သော မြားများကဲ့သို့ ထိုအလင်းရောင်ထဲသို့ တိုးဝင်သွားကြလေသည်။

ထိုအလင်းရောင်မှာ အမှောင်ထုထဲတွင် ပွင့်လန်းနေသော မိစ္ဆာပန်းတစ်ပွင့်ကဲ့သို့ သူတို့၏ မျက်လုံးများကို စူးရှစေ၏။

ကျန်းရှောင်ဖန်းမှာ အခြားသူများနောက်မှ အလင်းထဲသို့ ခုန်ဝင်လိုက်သည်။ သူတို့ရှေ့မှ မြင်ကွင်းမှာ သူတို့ကို အံ့အားသင့်စေခဲ့ပေသည်။

သူတို့ နောက်ဆုံးရောက်ခဲ့သော နေရာမှာ ကျယ်ဝန်းပြီး ဖြောင့်တန်းသော လိုဏ်ခေါင်းတစ်ခု ဖြစ်၏။

လိုဏ်ခေါင်း၏ အပြင်ဘက်တွင်မူ အံ့ဩစရာကောင်းလောက်အောင် ကျယ်ဝန်းသော နေရာတစ်ခု ရှိနေပေသည်။

ဂူ၏ အမိုးမှာ သူတို့ဦးခေါင်းအထက် ပေတစ်ထောင်ခန့်တွင် ရှိပြီး ကြမ်းပြင်မှာမူ သူတို့ခြေဖဝါးအောက် ပေတစ်ရာခန့်တွင် ရှိနေသည်။

ကြမ်းပြင်ပေါ်ရှိ မလှမ်းမကမ်းတွင် ဧရာမ ကျောက်တုံးကြီး တစ်တုံး ရှိနေပြီး စူးရှသောအလင်းတန်းများ ထွက်ပေါ်နေကာ နေရာတစ်ခုလုံးကို လင်းထိန်စေပေသည်။

သိုသော် အံ့ဩစရာ အကောင်းဆုံးအရာမှာ ထိုကျောက်တုံး မဟုတ်ဘဲ ကျောက်တုံး၏ နောက်ကွယ်ရှိ အရာ ဖြစ်၏။ ၎င်းမှာ ဧရာမ ချောက်နက်ကြီး တစ်ခုပင် ဖြစ်လေသည်။

ကျောက်တုံးမှာ ဂူ၏ အမိုးကို လင်းထိန်စေသော်လည်း ထိုချောက်နက်ကြီးကိုမူ အနည်းငယ်မျှပင် မလင်းစေနိုင်ပေ။

ကောင်းကင်ယံမှ ကြည့်လိုက်လျှင် ၎င်းမှာ အမှောင်ထုဖြင့် ဖုံးလွှမ်းနေပေသည်။ ချောက်၏ အခြားတစ်ဖက်ကိုပင် မမြင်နိုင်ဘဲ ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုသာ ရှိနေတော့သည်။

ဧရာမကျောက်တုံးကြီး၏ ရှေ့တွင် လူသုံးဦးရပ်နေကြ၏။ တစ်ဦးမှာ မုတ်ဆိတ်ဗလပွနှင့် လူသန်ကြီးတစ်ဦး ဖြစ်သည်။

အခြားတစ်ဦးမှာ လှပသော အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်ပြီး နောက်ဆုံးတစ်ဦးမှာမူ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မျက်နှာဖျော့ဖျော့နှင့် လူငယ်တစ်ဦး ဖြစ်ပေသည်။

ခွေးရိုင်းတာအိုဆရာနှင့် အရပ်ရှည်ရှည်လူတို့မှာ သူတို့ဘေးသို့ ဆင်းသက်လိုက်ပြီး ကျောက်တုံးကြီးရှေ့တွင် ရပ်လိုက်ကြသည်။

ချီဟောင်က သူတို့၏ မျက်နှာများကို မြင်သောအခါ အားလုံးမှာ ထူးဆန်းနေသဖြင့် မပေါ့ဆရဲပေ။ သူသည် တပည့်များကို ကျောက်တုံးကြီးနှင့် ပေငါးဆယ်ခန့် အကွာတွင် ဆင်းသက်ရန် ညွှန်ကြားလိုက်လေသည်။

ကျန်းရှောင်ဖန်း ထိုနေရာတွင် ရပ်နေရင်း ကျောက်တုံးကြီးပေါ်တွင် ထူးထူးခြားခြား ထွင်းထုထားသော စာလုံးကြီး သုံးလုံးကို မြင်လိုက်ရ၏။

စွန့်ပစ်ချောက်ကမ်းပါး…

ချင်းယွင်ဂိုဏ်းသား လေးဦး ဆင်းသက်လိုက်ကြသော်လည်း ကျောက်တုံးကြီးရှေ့မှ လူများမှာမူ မလှုပ်မယှက် ရှိနေကြသည်။

မုတ်ဆိတ်ဗလပွနှင့် လူသန်ကြီးကသာ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"ခွေးရိုင်း... လျိုကောင်း... မင်းတို့ နှစ်ယောက်က တော်တော် ညံ့တာပဲ။ ချင်းယွင်ဂိုဏ်းက ကလေးတွေနဲ့ ရင်ဆိုင်ရတာတောင် ဒီလောက် အရှက်တကွဲဖြစ်ပြီး သူတို့ကို ဒီအထိ ခေါ်လာခဲ့တယ်ပေါ့။"

ခွေးရိုင်းတာအိုဆရာမှာ မျက်နှာနီမြန်းသွားပြီး ပြန်ပြောရန် ပြင်စဉ် လူသန်ကြီး၏ နောက်ကွယ်တွင် ရပ်နေသော သက်လတ်ပိုင်း အမျိုးသမီးက သူတို့ကို ကြည့်ကာ အော်ဟစ်လိုက်လေသည်။

"ကျန်းလောင်စန်း ဘယ်မှာလဲ"

ခွေးရိုင်းက ချင်းယွင်ဂိုဏ်းသားများဘက်ကို ကြည့်ကာ ပြောလိုက်သည်။

"သူတို့လက်ထဲမှာ သေသွားပြီ"

"ဘာ..."

လူများမှာ တုန်လှုပ်သွားကြ၏။ ချင်းယွင်ဂိုဏ်းသားများ၏ ကျင့်ကြံမှုမှာ ကျန်းလောင်စန်းကို သတ်နိုင်လောက်အောင် မြင့်မားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပုံ ရပေသည်။

အမျိုးသမီးမှာ အံ့အားသင့်သွားပြီး ခေါင်းခါကာ ပြောလိုက်လေသည်။

"သွေးစုပ်အဘိုးအိုကသာ ငါတို့ကို မေးလာရင် ငါတို့ သူ့ကို ကောင်းကောင်း ဖြေနိုင်မှာ မဟုတ်တော့ဘူး။"

မုတ်ဆိတ်နှင့်လူမှာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချင်းယွင်ဂိုဏ်းသားများကို ကြည့်ကာ ရေရွတ်လိုက်၏။

"ဒါဆိုရင် ငါတို့ ဒီ ချင်းယွင်ဂိုဏ်းက လူငယ်တွေကို ဖမ်းပြီး သွေးစုပ်အဘိုးအိုဆီ ပေးလိုက်မယ်။ အဲဒါဆိုရင် အဆင်ပြေသွားမှာပဲ။"

အခြားသူများက ခေါင်းငြိမ့်လိုက်ကြသည်။ ချီဟောင်မှာ သူတို့ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ ပို၍ သတိထားရမည်ဟု သိလိုက်၏။

သူသည် သူ၏နောက်မှ သုံးဦးကို တိုးတိုးလေး ပြောလိုက်လေသည်။

"ဒီလူတွေက နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်တွေ ဖြစ်ပုံရတယ်။ သူတို့ရဲ့ ကျင့်ကြံမှုက ငါတို့ အခုလေးတင် တိုက်ခဲ့တဲ့ လူနှစ်ယောက်ထက် ပိုမြင့်မယ်ထင်တယ်။ အားလုံး သတိထားကြ"

ကျန်းရှောင်ဖန်း ပြန်ထူးလိုက်ပြီးနောက် သူ လှည့်ကြည့်လိုက်ရာ လုရွှယ်ချီ၏ မျက်လုံးများမှာ သူ၏ ပုခုံးပေါ်မှ ဒဏ်ရာကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားမိ၏။

လုရွှယ်ချီမှာ ချက်ချင်းပင် မျက်လုံးလွှဲလိုက်လေသည်။

လူသန်ကြီးက ရှေ့သို့ လှမ်းလာပြီး ချင်းယွင်ဂိုဏ်းသားများကို ပြောလိုက်သည်။

"ငါ အကြံပေးချင်တာကတော့ မင်းတို့ အခုပဲ လက်နက်ချလိုက်ကြပါ။ အဲဒါဆိုရင် ငါတို့ တိုက်ခိုက်တဲ့အခါ ခံစားရမယ့် အရိုးကွဲမတတ် နာကျင်မှုကို ရှောင်ရှားနိုင်လိမ့်မယ်"

ချီဟောင်က နှာခေါင်းရှုံ့လိုက်ပြီး ဘာမှမပြောရသေးမီ လုရွှယ်ချီက အေးစက်စွာ ပြောလိုက်လေသည်။

"နတ်ဆိုးဂိုဏ်းက လူကြောက်တွေ... ဒီလောက် ရဲတင်းနေတာလား။ ဒီနေ့က နင်တို့ သေရမယ့်နေ့ပဲ"

ချီဟောင်နှင့် ကျန်းရှူရှူ တို့က လက်ခုပ်တီးကာ ပြောလိုက်ကြသည်။

"ဂျူနီယာညီမလု ပြောတာ မှန်လိုက်တာ။ ငါပြောချင်တာနဲ့အတိအကျပဲ"

လူသန်ကြီး၏ မျက်နှာမှာ အေးစက်သွားပြီး ပြောလိုက်လေသည်။

"မင်းတို့က သေတွင်းထဲကို ကိုယ်တိုင် ဆင်းချင်နေတာပဲ"

ထို့နောက် သူသည် လူလေးဦးကို စိုက်ကြည့်လိုက်၏။ ကျန်းရှောင်ဖန်း ပြင်ဆင်လိုက်စဉ်မှာပင် လူသန်ကြီး၏ ညာဘက်မျက်လုံးမှာ ကြီးမားလာပြီး အနီရောင်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရလေသည်။

ထို ဧရာမမျက်လုံးကြီးမှာ ကြောက်မက်ဖွယ်ကောင်းလှသလို ထူးဆန်းလှပေသည်။

သူ သိချင်စိတ် ဖြစ်နေစဉ်မှာပင် ထိုလူ၏ မျက်လုံးကြီးထဲမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ချင်းယွင်ဂိုဏ်းသားများမှာ သူ၏ ထူးဆန်းသော ပုံစံကို မြင်ကတည်းက ပြင်ဆင်ထားကြပြီး ဖြစ်ပေသည်။ ချီဟောင်က ချက်ချင်းပင် ဟန်ပင်းဓားကို ဆင့်ခေါ်ကာ ရေခဲတံတိုင်း နှစ်ထပ်ကို ဖန်တီးလိုက်လေသည်။

သို့သော် ထိုအနီရောင် အလင်းတန်း၏ မိစ္ဆာစွမ်းအင်မှာ ရေခဲတံတိုင်းကို ထိတွေ့သည်နှင့် အပေါက်ဖောက်ကာ စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်သွားလေသည်။ ၎င်းမှာ သူတို့ထံသို့ တိတ်တဆိတ် ပြေးဝင်လာလေသည်။

ချီဟောင်မှာ အံ့အားသင့်သွားပြီး ဟန်ပင်းဓားကို ချက်ချင်းမြှောက်ကာ အားလုံး၏ ရှေ့မှ ကာကွယ်လိုက်လေသည်။

အနီရောင်အလင်းတန်းမှာ ဟန်ပင်းဓားကို ရိုက်ခတ်သွားပြီး ဓား၏ အဖြူရောင်အလင်းထဲတွင် ပျောက်ကွယ်သွားသည်။

သို့သော် ချီဟောင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားလေသည်။

သူသည် ဟန်ပင်းဓားကို ငုံ့ကြည့်လိုက်ရာ နဂိုက နှင်းကဲ့သို့ ဖြူစင်သော ဓားပေါ်တွင် နက်မှောင်သော အနီရောင်အစက်ကလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ဟန်ပင်းဓားမှာ တုန်ခါနေပြီး မိစ္ဆာအငွေ့အသက်၏ ကျူးကျော်မှုကို ခံနေရသယောင် ရှိပေသည်။ ချီဟောင်မှာ စိတ်မကောင်း ဖြစ်သွားရသည်။

ကျင့်ကြံသူ တစ်ယောက်အတွက် အသက်ဝိညာဉ်လက်နက်မှာ အလွန်ပင် အရေးကြီးလှပေသည်။ သို့သော် ချီဟောင်မှာ များများစားစား စဉ်းစားရန် အချိန်မရလိုက်ပေ။

အနီရောင်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ဧရာမမျက်လုံးနီကြီးထဲမှ အနီရောင်အလင်းတန်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

၎င်းမှာ ရေခဲတံတိုင်းကို ထိတွေ့သောအခါ အပေါက်ဖောက်၍ တိတ်တဆိတ်ပင် လူလေးဦးကို ထပ်မံ တိုက်ခိုက်လာပြန်သည်။

ချီဟောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဟန်ပင်းဓားဖြင့် ထပ်မံ ကာကွယ်လိုက်ပြန်၏။

အနီရောင်အလင်းတန်း ပျောက်ကွယ်သွားသော်လည်း ဟန်ပင်းဓားပေါ်တွင် အနီရောင်အမှတ်အသား တစ်ခု ထပ်တိုးလာလေသည်။

လူသန်ကြီးမှာ ဘာမှမပြောပေ။ သူ၏ ဧရာမမျက်လုံးနီကြီးမှာ အနီရောင်အလင်းတန်းများကို မြားများကဲ့သို့ အလွန်လျှင်မြန်သော အရှိန်ဖြင့် ဆက်တိုက် ပစ်လွှတ်နေတော့သည်။

ချီဟောင်က အားလုံးကို ကာကွယ်ထားသော်လည်း နက်မှောင်သော အနီရောင်အမှတ်အသားများမှာ ပို၍ များပြားလာကာ ဟန်ပင်းဓား၏ အဖြူရောင်အလင်းမှာလည်း မှေးမှိန်လာတော့သည်။

ကျန်သုံးဦးမှာ အခြေအနေ မကောင်းသည်ကို သတိပြုမိလိုက်ကြ၏။ ကျန်းရှူရှူ က ပထမဦးဆုံး ပြေးထွက်သွားပြီး သူ၏ အသက်ဝိညာဉ်လက်နက်ဖြစ်သော ရွှမ်းယွမ်ဓားကို ဆင့်ခေါ်ကာ ဘေးဘက်မှ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ထိုလူက သူ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မျက်လုံးနီကြီးဖြင့် အနီရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။

ကျန်းရှူရှူမှာ အချိန်မီ မရှောင်နိုင်သဖြင့် ထူးဆန်းသော အနီရောင်အလင်းတန်းကို ရွှမ်းယွမ်ဓားဖြင့် ကာကွယ်လိုက်ရလေသည်။

ကောင်းကင်ယံတွင် ရွှမ်းယွမ်ဓားမှာ နူးညံ့သော ခရမ်းရောင်အလင်းများ ထွက်ပေါ်နေသည်။

အနီရောင်အလင်းတန်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသော်လည်း ဓားပေါ်တွင်မူ အနီရောင်အမှတ်အသားတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ ရွှမ်းယွမ်ဓားမှာ ချက်ချင်းပင် တုန်ခါသွားတော့သည်။

ကျန်းရှူရှူမှာ ဓားမှတစ်ဆင့် မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသော မိစ္ဆာစွမ်းအင်ကို ခံစားလိုက်ရ၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် အဝေးတွင် ရှိနေသဖြင့် စွမ်းအင်မှာ ထိုမျှလောက် မပြင်းထန်ပေ။

ရွှမ်းယွမ်ဓား၏ ဖြောင့်မတ်သော စွမ်းအင်များ ထွက်ပေါ်လာပြီး မိစ္ဆာစွမ်းအင်ကို ဖုံးလွှမ်းသွားလေသည်။

သို့သော် သူသည် ရှေ့သို့ ထပ်မတိုးနိုင်တော့ပေ။ လူသန်ကြီးမှာ ထိုနေရာတွင် သက်သောင့်သက်သာ ရပ်နေပြီး သူ၏ ခေါင်းကိုလှည့်ကာ မျက်လုံးနီကြီးဖြင့် အနီရောင်အလင်းတန်းများကို ပစ်လွှတ်ကာ ကျန်းရှူရှူ နှင့် ချီဟောင်တို့ကို မူလနေရာ၌ပင် ထိန်းချုပ်ထားနိုင်လေသည်။

အနီရောင်အမှတ်အသားများ ပို၍ များပြားလာသည်နှင့်အမျှ လူနှစ်ဦးမှာ မိစ္ဆာအငွေအသက်၏ လွှမ်းမိုးမှုကို ခံစားနေရပေသည်။

ထိုစွမ်းအင်မှာ ဓားများကို ကြားခံအဖြစ် အသုံးပြုကာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာတော့သည်။

All Chapters