အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁) - တောင်အောက်ဆင်းခြင်း (၁)
ချီဟောင်နှင့် ကျန်းရှူရှူတို့သည် ကျန်းရှောင်ဖန်းကို မြင်သောအခါ ပြုံးရွှင်စွာ နှုတ်ဆက်ကြလေသည်။
လုရွှယ်ချီ တစ်ယောက်သာ မည်သို့မျှ မခံစားရသကဲ့သို့ တည်ငြိမ်နေသော်လည်း သူမ၏ မျက်ဝန်းများက ကျန်းရှောင်ဖန်းကို စိုက်ကြည့်နေ၏။
သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရိပ်ခနဲ ဖြတ်ပြေးသွားသော်လည်း ခဏချင်းပင် ပြန်လည် ပျောက်ကွယ်သွားလေသည်။
တာအိုရွှမ်က ထိုလေးယောက်ကို ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
"ဒီနေ့ မင်းတို့လေးယောက်ကို ဒီကို ခေါ်ရတာက အတွေ့အကြုံ ရှာဖို့ တောင်အောက်ဆင်းခိုင်းမလို့ပဲ"
ချီဟောင်နှင့် အခြားသူများမှာ စိတ်လှုပ်ရှားသွားကြလေသည်။
တာအိုရွှမ်က သူတို့အား ကုန်းစွန်းတောင်ရှိ ဝမ်ဖုန်းဂူအကြောင်း ပြောပြပြီးနောက် ဆက်လက် ပြောလိုက်သည်။
"ဒီတာဝန်က အရမ်းအရေးကြီးတယ်။ မင်းတို့လေးယောက်က ငါတို့ဂိုဏ်းရဲ့ ထူးချွန်တဲ့ တပည့်တွေမို့လို့ အဲဒီကို သွားစုံစမ်းဖို့ စေလွှတ်ရတာပဲ”
“ဒါပေမဲ့ မိစ္ဆာဂိုဏ်းဝင်တွေက ယုတ်မာရက်စက်တတ်ကြတာမို့ အမြဲတမ်း သတိရှိကြရမယ်"
"ဟုတ်ကဲ့ပါ…"
သူတို့က တညီတညွတ်တည်း ပြန်လည် ဖြေလိုက်ကြသည်။
တာအိုရွှမ်က ခေါင်းညိတ်ကာ ဆက်ပြောလေသည်။
"နောက်ပြီး ချင်းယွင်ဂိုဏ်းအပြင် ဖန်ရှန်းတောင်ကြားနဲ့ ထျန်းယင်ကျောင်းတော်တို့ကလည်း သူတို့ရဲ့ အတော်ဆုံး တပည့်တွေကို စေလွှတ်ထားတယ်”
“မင်းတို့အနေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း မပြုမူမိဖို့နဲ့ ချင်းယွင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ သတိထားကြ”
“ပြီးတော့ မင်းတို့ရဲ့ စီနီယာရှောင်ယီချိုင်ကလည်း အဲဒီကို အရင်ရောက်နေပြီ။ တစ်ခုခု မလုပ်ခင် သူနဲ့ အရင်တိုင်ပင်ကြ"
လေးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ပြန်လည် ဖြေကြားလိုက်ကြသည်။
တာအိုရွှမ်က တပည့်လေးယောက်ကို သေချာ ကြည့်ရှုနေရင်း သူ၏ အကြည့်များက ချီဟောင်ထံသို့ ရောက်ရှိသွား၏။ သူက လက်ဝှေ့ယမ်းပြကာ ဆိုသည်။
"ချီဟောင်… ရှေ့ကို လာခဲ့ဦး"
ချီဟောင်မှာ အံ့အားသင့်သွားပြီး ရှေ့သို့ တိုးထွက်လာလေသည်။ တာအိုရွှမ်က သူ့ကို သေချာ ကြည့်ရှုပြီးနောက် ချန်းစုန့်ဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။
"ဂိုဏ်းတူညီလေး…မင်းရဲ့ လုံရှို့တောင်ထိပ်မှာ ထိုက်တန်တဲ့ ဆက်ခံသူတစ်ယောက် ရှိနေတာပဲ"
ချန်းစုန့်မှာ စိတ်မကြည်မလင် ဖြစ်နေသော်လည်း ယခုမှပင် ပြုံးနိုင်တော့သည်။
"ဂိုဏ်းတူအစ်ကိုကလည်း နောက်နေပြန်ပြီ"
တာအိုရွှမ်က ပြုံးလျက် သူ၏ ဝတ်ရုံထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ ချီဟောင်ထံ ကမ်းပေးလိုက်၏။
"ဒါကို ယူထားလိုက်"
ချီဟောင်က လှမ်းယူကြည့်လိုက်ရာ မှန်အသေးလေးတစ်ခု ဖြစ်နေသည်ကို တွေ့ရလေသည်။ ၎င်းမှာ ရှေးကျသော ပုံစံရှိပြီး ဘေးပတ်လည်ကို ကြေးဝါဖြင့် ပြုလုပ်ထားသည်။
အပေါ်ဘက်တွင် နဂါးရုပ်နှင့် အောက်ဘက်တွင် ကျားရုပ် ရှိနေပြီး မှန်ပတ်လည်တွင် ပါကွပုံများကို ထွင်းထုထားလေသည်။ မှန်သားမှာ သာမန် ကြေးမှန်ကဲ့သို့ မဟုတ်ဘဲ ဝေဝါးနေကာ မကြည်လင်လှချေ။
ချီဟောင် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် ချန်းစုန့်က အလွန် ဝမ်းသာသွားကာ အော်ပြောလိုက်သည်။
"တပည့်မိုက် ဘာတွေ ကြောင်နေတာလဲ။ မြန်မြန် ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောလိုက်လေ"
ချီဟောင်မှာ ၎င်းမှာ ကျော်ကြားလှသည့် 'လျိုဟယ်ကြေးမုံ' ဖြစ်နိုင်ကြောင်း ချက်ချင်း သိရှိသွား၏။ သူသည် အမြန် ဒူးထောက်လိုက်ကာ ဆိုသည်။
NT- ခြောက်မျက်နှာမှန်=လျိုဟယ်ကြေးမုံ
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး"
တာအိုရွှမ်က ပြုံးလျက် ဆို၏။
"မလိုပါဘူး… မလိုပါဘူး… ထပါ"
ထို့နောက် ကျန်သူများကို ကြည့်ကာ ဆက်ပြောသည်။
"မင်းတို့ အပြင်မှာ အရင် စောင့်နေကြဦး"
လျိုဟယ်ကြေးမုံ၏ မန္တန်များကို သင်ကြားပေးတော့မည်ကို လူတိုင်း သိလိုက်ကြသဖြင့် အပြင်သို့ ထွက်သွားကြလေသည်။
ခမ်းမအပြင်ဘက်သို့ ရောက်သောအခါ ကျန်းရှောင်ဖန်းမှာ ထျန်းပုယီထံသို့ သွားလိုက်သည်။ ထျန်းပုယီက သူ့ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"မင်းမှာ အခု အရေးကြီးတဲ့ တာဝန်ရှိနေပြီဆိုတော့ တာ့ကျူးတောင်ထိပ်ကို ပြန်လို့ မရတော့ဘူး”
“ခဏနေရင် သူတို့နဲ့အတူ တောင်အောက်ကို ဆင်းရလိမ့်မယ်။ တာ့ကျူးတောင်ထိပ်က လူတွေကို ငါပဲ ပြောပြပေးလိုက်မယ်"
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီးနောက် ခေါင်းငုံ့ကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
ထျန်းပုယီက ဆက်ပြောလေသည်။
"ပြီးခဲ့တဲ့ တစ်လလုံး ဒဏ်ရာတွေ ကုသနေတုန်းမှာ မင်းရဲ့ ဆရာကတော်က မင်းကို အခြေခံ ဓားသိုင်းမန္တန်တွေနဲ့ လျှို့ဝှက်ပညာတွေ သင်ပေးခဲ့တယ်လို့ ကြားတယ်။ အဲဒါတွေကိုရော မှတ်မိရဲ့လား"
ကျန်းရှောင်ဖန်းက ခေါင်းညိတ်ကာ ပြန်ဖြေ၏။
"ဟုတ်ကဲ့၊ တပည့်အကုန် မှတ်မိပါတယ် ဆရာ…"
ထျန်းပုယီက အကြည့်လွှဲလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အဲဒါဆိုရင်လည်း ပြီးတာပဲ။ မင်းရဲ့ အရည်အချင်းက မကောင်းပေမဲ့ မင်းက တာ့ကျူးတောင်ထိပ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ အပြင်မှာ ငါ့မျက်နှာ ပျက်အောင်တော့ မလုပ်နဲ့ဦး"
ကျန်းရှောင်ဖန်းက ချက်ချင်းပင် ကတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ။ တပည့် ဆရာ့မျက်နှာကို မပျက်စေရပါဘူး"
ထျန်းပုယီက နှာမှုတ်လိုက်လေသည်။ သူက ကျောပေးထားသဖြင့် ကျန်းရှောင်ဖန်းမှာ သူ၏ မျက်နှာကို မမြင်ရချေ။
သို့သော် သူ၏ လေသံထဲတွင် ဒေါသထွက်နေသော အရိပ်အယောင် မရှိပေ။
ခဏအကြာတွင် ထျန်းပုယီက သက်ပြင်းချလိုက်ပြီး ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကြည့်ကာ ဘာမှ မပြောတော့ဘဲ လက်ဝှေ့ယမ်းလျက် သူ၏ ဓားကို ဆင့်ခေါ်ကာ ပျံသန်း ထွက်ခွာသွားလေသည်။
ကျန်းရှောင်ဖန်းမှာ သူ၏ ဆရာမှာ အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေမိသည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏ပုခုံးကို ပုတ်လိုက်သဖြင့် အလန့်တကြား လှည့်ကြည့်လိုက်ရာ ပြုံးဖြီးနေသော ကျန်းရှူရှူကို တွေ့လိုက်ရသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ တောင်ထိပ်သခင်များ အကုန်ထွက်သွားကြပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့နှစ်ယောက်နှင့် အဝေးတွင် ရပ်နေသော လုရွှယ်ချီသာ ကျန်တော့လေသည်။
ကျန်းရှူရှူက ရယ်မောကာ ပြောလိုက်သည်။
"မင်း ကံကောင်းတာပဲ။ ဒီတစ်ခေါက် အစစ်အဆေးကို မကျော်ဖြတ်နိုင်မှာကို ငါ စိုးရိမ်နေတာ"
ကျန်းရှူရှူနှင့် စကားပြောရသည်မှာ စိတ်လက်ပေါ့ပါးလှသဖြင့် ကျန်းရှောင်ဖန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဟုတ်ပါရဲ့၊ ငါလည်း သေမတတ် ကြောက်နေတာ"
ကျန်းရှူရှူက သူ၏ ပုခုံးကို ပုတ်ကာ ကျောဘက်ကို ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။
"ဒါနဲ့…ရှောင်ဟွေးကို ဘာလို့ ခေါ်မလာတာလဲ"
ကျန်းရှောင်ဖန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ဒီနေ့ ဆရာက ကျွန်တော့်ကို ဒီကို ခေါ်လာတာ။ ဒီနေ့ပဲ တောင်အောက် ဆင်းရမယ်လို့ မထင်ထားဘူးလေ”
“ဘာပစ္စည်းမှလည်း ပါမလာတော့ ရှောင်ဟွေးကို ဘယ်လို ခေါ်လာရမလဲ"
ကျန်းရှူရှူက ပြုံးလျက် ဆိုသည်။
"ကိစ္စမရှိပါဘူး။ ငါ့အဝတ်အစားတွေ ငှားပေးလို့ ရပါတယ်။ ဒါမှမဟုတ် ဟယ်ယန်မြို့ ရောက်မှ ဝယ်ကြတာပေါ့"
သူက မျက်စိတစ်ဖက် မှိတ်ပြပြီး တိုးတိုးလေး ကပ်ပြောပြန်သည်။
"ဟဲဟဲ၊ ဒီတစ်ခေါက်တော့ တို့တွေ အမြတ်ထွက်ပြီကွ"
ကျန်းရှောင်ဖန်းမှာ နားမလည်နိုင်ဘဲ မေးလိုက်၏။
"ဘာကိုလဲ…"
ကျန်းရှူရှူက မျက်ခုံးပင့်ကာ နောက်ကို လှည့်ကြည့်ရင်း တိုးတိုးလေး ရယ်သည်။
"ငါတို့နဲ့အတူ အလှလေးတစ်ယောက် ပါလာမှာလေကွာ"
ကျန်းရှောင်ဖန်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွား၏။ သို့သော် သူသည် လုရွှယ်ချီထံသို့ လှမ်းကြည့်လိုက်မိသည်။
ထိုအချိန်တွင် လုရွှယ်ချီကလည်း သိလိုက်သကဲ့သို့ သူတို့ဘက်သို့ လှည့်ကြည့်လာသည့်အခိုက်နှင့် တွေ့ဆုံသွားလေသည်။
အဝေးမှ ဖြစ်သော်လည်း သူမ၏ အေးစက်သော အငွေ့အသက်ကို ကျန်းရှောင်ဖန်း ခံစားလိုက်ရသဖြင့် အမြန်ပင် အကြည့်လွှဲလိုက်ရလေသည်။
သူတို့ စကားပြောနေရင်း ကျန်းရှူရှူက လမ်းတွင် လုရွှယ်ချီအား ဘယ်လို စကားစရန် အကြံထုတ်နေစဉ် ကျန်းရှောင်ဖန်း၏ အပြုံးများ အေးခဲသွားပြီး ကျန်းရှူရှူ၏ ကျောဘက်ဆီသို့ စိုက်ကြည့်နေမိသည်။
ကျန်းရှူရှူမှာ နားမလည်နိုင်ဘဲ လှည့်ကြည့်လိုက်ရာ လှေကားပေါ်မှ ဆင်းလာသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုသူမှာ အသက် လေးဆယ်ခန့် ရှိပုံရပြီး အဝတ်အစားများမှာ သန့်ရှင်းနေသော်လည်း မျက်နှာမှာ ထိုင်းမှိုင်းနေကာ ပါးစပ်မှလည်း အဓိပ္ပာယ်မရှိသည်များကို ရေရွတ်နေလေသည်။
"မိုးရွာနေပြီ။ ကောင်းကင်ကြီး မှောင်သွားပြီ။ အမေကြီးက အ တယ်။ နတ်ဘုရား… နတ်ဘုရား... ဟဲဟဲ... နတ်ဘုရား..."
ကျန်းရှူရှူနှင့် လုရွှယ်ချီတို့၏ အကြည့်အောက်တွင် ကျန်းရှောင်ဖန်းသည် ထိုလူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။
သူသည် အလွန် နှေးကွေးစွာ လျှောက်လှမ်းနေသဖြင့် ထိုလူထံသို့ ရောက်ရန် အချိန်အတော်ကြာသွားသကဲ့သို့ ခံစားရလေသည်။ အတိတ်သို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင်။
"ဦးလေးဝမ်... နေကောင်းရဲ့လား"
သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း တိုးတိုးလေး မေးလိုက်သည်။
သို့သော် ထိုလူ၏ မျက်လုံးထဲတွင် ကျန်းရှောင်ဖန်း ရှိနေပုံမရချေ။ သူသည် ဆက်တိုက် ရေရွတ်ရင်း ကျန်းရှောင်ဖန်းကို ဖြတ်ကျော်ကာ ခန်းမနောက်ဘက်သို့ ပျောက်ကွယ်သွားလေသည်။
"အဲဒါ ဘယ်သူလဲ"
ကျန်းရှူရှူက ကျန်းရှောင်ဖန်းဘက်သို့ တိုးကပ်ကာ မေးလိုက်၏။
ကျန်းရှောင်ဖန်းက ဦးလေးဝမ် ပျောက်ကွယ်သွားသော နေရာကို စိုက်ကြည့်ရင်း ဝမ်းနည်းစွာဖြင့် ပြန်ပြောသည်။
"အရူးတစ်ယောက်ပါ"
ကျန်းရှူရှူက သူ့ကို ကြည့်ကာ နားလည်သွားသဖြင့် ထပ်မမေးတော့ပေ။
ခဏအကြာတွင် ချီဟောင်မှာ ခန်းမထဲမှ ပျော်ရွှင်စွာ ထွက်လာပြီး ကျန်သုံးယောက်ကို နှုတ်ဆက်လေသည်။
ကျန်းရှောင်ဖန်းမှာ စိတ်လွင့်နေသဖြင့် ကျန်းရှူရှူနောက်မှ လိုက်ပါကာ အခြားသူများနှင့် စုဝေးလိုက်၏။ သူတို့ တိုင်ပင်ဆွေးနွေးကြပြီးနောက် ဟယ်ယန်မြို့သို့ အရင်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ကျန်းရှူရှူက ချီဟောင်ကို ပြုံးလျက် မေးလိုက်သည်။
"စီနီယာအစ်ကိုချီ ဂိုဏ်းချုပ်ကြီး ပေးလိုက်တဲ့ လျိုဟယ်ကြေးမုံက အရမ်းအစွမ်းထက်တာလား"
ချီဟောင်က ပြုံးလျက် ပြန်ဖြေလိုက်သည်။
"လျိုဟယ်ကြေးမုံက ငါတို့ဂိုဏ်းရဲ့ ရတနာတစ်ပါးပဲ၊ အစွမ်းထက်တာပေါ့။ ငါ့ရဲ့ ကျင့်ကြံမှုက အဲဒါကို ထိန်းချုပ်ဖို့ မလုံလောက်မှာပဲ စိုးရိမ်မိတယ်”
“ကဲ... ဒီနေရာက တောင်ထိပ်ဖြစ်လို့ တောင်ထိပ်သခင်တွေကလွဲရင် ကျန်တဲ့သူတွေ ပျံသန်းခွင့် မရှိဘူး။ တိမ်ပင်လယ်ကို လမ်းလျှောက်သွားပြီးမှ ဟယ်ယန်မြို့ကို ပျံသွားကြတာပေါ့"
လုရွှယ်ချီက မည်သည့်ခံစားချက်မျှ မပြပေ။ ကျန်းရှောင်ဖန်းကမူ ငေးငေးငိုင်ငိုင်ဖြင့် ခေါင်းညိတ်လိုက်သည်။ ကျန်းရှူရှူတစ်ယောက်သာ ပြုံးရွှင်နေ၏။
တောင်အောက်ဆင်းရခြင်းမှာ သူ့အတွက် ပျော်စရာ ကိစ္စတစ်ခု ဖြစ်ပုံရလေသည်။
ချင်းယွင်ဂိုဏ်းမှ ဟယ်ယန်မြို့သို့ သွားရာလမ်းတွင် ချင်းယွင်ဂိုဏ်း၏ ထူးချွန်တပည့်လေးယောက်တို့မှာ ပျံသန်းနေကြလေသည်။
အခြားသူများမှာ အေးအေးလူလူ ရှိနေကြသော်လည်း ကျန်းရှောင်ဖန်းမှာမူ အခက်အခဲနှင့် ကြုံနေရလေသည်။
သူသည် တစ်လခန့် အနားယူခဲ့ရသဖြင့် စုရုက သူသည် တာအိုရွှမ်၏ သတ်ဖြတ်ခြင်းကို ခံရမည်မဟုတ်ကြောင်း ကြိုတင် ခန့်မှန်းမိကာ ချင်းယွင်ဂိုဏ်း၏ လျှို့ဝှက်ပညာအချို့နှင့် လက်နက်များကို အသုံးပြု၍ ပျံသန်းနည်းကို သင်ကြားပေးခဲ့သည်။
၎င်းမှာ အလွန် လွယ်ကူလှ၏။ ကျင့်ကြံမှုဆင့် တစ်ခုရှိရုံနှင့် ချင်းယွင်ဂိုဏ်း၏ မန္တန်များကို အသုံးပြုကာ စိတ်အာရုံဖြင့် ထိန်းချုပ်လိုက်ရုံသာ ဖြစ်သည်။
သို့သော် ကျန်းရှောင်ဖန်း၏ ကျင့်ကြံမှုမှာ မနက်ရှိုင်းလှပေ။ သူ၏ လက်နက်မှာ မဆိုးလှသော်လည်း အလွန်ထူးဆန်းနေ၏။
သူသည် အသစ်သင်ထားသော ချင်းယွင်ပညာရပ်များကို မကျွမ်းကျင်သဖြင့် ပျံသန်းရာတွင် များစွာ အခက်တွေ့နေရလေသည်။
စုရုသည် သူ ချက်ချင်း တောင်အောက် ဆင်းရလိမ့်မည်ဟု မမျှော်လင့်ထားဘဲ မန္တန်များကို အရင် အလွတ်မှတ်ခိုင်းကာ တာ့ကျူးတောင်ထိပ်သို့ ပြန်ရောက်မှ လေ့ကျင့်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်။
အခြား တောင်ထိပ်သခင်များမှာမူ ထိုထူးဆန်းသော ကောင်လေး၏ ကျင့်ကြံမှု နောက်ခံကို မသိကြချေ။
သိုင်းပြိုင်ပွဲတွင် သူ ပြသခဲ့သော စွမ်းရည်များကို ကြည့်ကာ သူသည် ဓားပျံသိုင်းကို တတ်မြောက်ထားသည်ဟု မှတ်ယူခဲ့ကြသည်။
ကျန်းရှောင်ဖန်းသည် မန္တန်များကို တိတ်တဆိတ် လေ့ကျင့်ခဲ့သော်လည်း သူကိုယ်တိုင်ပင် 'ပစ္စည်းဆင့်ခေါ်ခြင်း' အဆင့်သို့ ရောက်ရှိနေသည်ကို မသိရှိခဲ့ချေ။ ထို့ကြောင့် သူသည် မည်သို့ အားစိုက်ပျံသန်းနိုင်မည်နည်း။
အခြားသူများက သူတို့၏ ဓားများကို ဆင့်ခေါ်လိုက်ကြရာ ချီဟောင်၏ ဓားမှာ အဖြူရောင် 'ဟန်ပင်း' ဓားဖြစ်ပြီး လုရွှယ်ချီ၏ ဓားမှာ အပြာရောင် 'ထျန်းယာ' ဓားဖြစ်ကာ ကျန်းရှူရှူ၏ ဓားမှာမူ ခရမ်းရောင် အငွေ့အသက်များ ဝန်းရံနေသော 'ရွှမ်ယွမ်' ဓား ဖြစ်လေသည်။
ကျန်းရှောင်ဖန်းမှာ စိုးရိမ်တကြီးဖြင့် သူ၏ ဝိညာဉ်ဝါးမျိုတုတ်ကို ဆင့်ခေါ်လိုက်သော်လည်း သိုင်းပြိုင်ပွဲတုန်းကကဲ့သို့ သက်သောင့်သက်သာ မရှိလှချေ။
သူတို့သည် တိမ်တိုက်များနှင့် တောင်တန်းများကို ဖြတ်ကျော်ကာ တစ်ဝက်ခန့် ခရီးနှင်ပြီးနောက် နေဝင်ရီတရောအချိန်တွင် ဟယ်ယန်မြို့သို့ ရောက်ရှိလာကြသည်။
ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ လူအများ၏ အာရုံစိုက်ခြင်းကို မခံလိုသဖြင့် မြို့အနီးရှိ တိတ်ဆိတ်သော နေရာတစ်ခုတွင် ဆင်းသက်လိုက်ကြသည်။
သူတို့၏ ကိုယ်ပေါ်တွင် တိမ်တိုက်များကြောင့် ရေငွေ့များ စိုစွတ်နေပြီး မျက်နှာများမှာလည်း ဖြူဖျော့နေကြသည်။ ၎င်းမှာ သိုင်းပြိုင်ပွဲထက်ပင် ပိုမို ပင်ပန်းပုံရလေသည်။
ပျံသန်းနေစဉ်အတွင်း ကျန်းရှောင်ဖန်းမှာ ဝိညာဉ်ဝါးမျိုတုတ်ကို အကြိမ်ကြိမ် ထိန်းချုပ်မှုမှ လွတ်သွားခဲ့သည်။
ချီဟောင်နှင့် အခြားသူများက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိကာ သူ့အနားတွင် ကပ်၍ ကူညီပေးခဲ့ခြင်း မရှိပါက ဤချင်းယွင်ဂိုဏ်း၏ ထူးချွန်တပည့်သစ်လေးမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျ သေဆုံးသွားနိုင်ပြီး သူ၏ ဆရာကို ဂုဏ်မတက်စေဘဲ ဂိုဏ်း၏ မျက်နှာကိုပါ ပျက်စေမည် ဖြစ်သည်။
ချီဟောင်တို့သည် မြို့အပြင်ဘက်တွင် ဆင်းသက်ရခြင်းမှာ လူအများ၏ အာရုံကို မခံလိုခြင်းကြောင့်လည်း ပါဝင်သကဲ့သို့ စျေးထဲရှိ လူထောင်ပေါင်းများစွာ၏ ရှေ့တွင် ကျန်းရှောင်ဖန်း ပြုတ်ကျသွားမည်ကို စိုးရိမ်သောကြောင့်လည်း ဖြစ်သည်။
နှစ်ပေါင်း နှစ်ထောင်ကျော် တည်ဆောက်ခဲ့သော ချင်းယွင်ဂိုဏ်း၏ ဂုဏ်သိက္ခာမှာ သူ၏ လက်ထဲတွင် ချက်ချင်း ပျက်စီးသွားနိုင်ပေသည်။
ခဏနားပြီးနောက် ကျန်းရှောင်ဖန်း အမောဖြေပြီးသောအခါ လေးယောက်သား နေဝင်ဆည်းဆာအလင်းရောင်အောက်တွင် ကြီးမားလှသော ဟယ်ယန်မြို့ထဲသို့ ဝင်ရောက်လာကြသည်။
ကျန်းရှောင်ဖန်းမှာ အနောက်ဆုံးမှ လျှောက်လာရင်း ချီဟောင်နှင့် လုရွှယ်ချီတို့၏ သံသယဝင်နေသော အကြည့်များကို မကြာခဏ ခံစားရလေသည်။
သိုင်းပြိုင်ပွဲတွင် တောက်ပခဲ့သော လူတစ်ယောက်သည် ဓားပျံသိုင်းကို ဘာကြောင့် မတတ်မြောက်ရသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ကြချေ။
ကျန်းရှူရှူမှာမူ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ကျန်းရှောင်ဖန်းနှင့်အတူ ပျော်ရွှင်စွာ လမ်းလျှောက်လာရင်း ဟယ်ယန်မြို့အကြောင်းကို ရှင်းပြနေလေသည်။
"ဒီမြို့က မိုင်တစ်ရာ ပတ်လည်မှာ အကြီးဆုံးနဲ့ အစည်ကားဆုံး နေရာပဲ။ အနည်းဆုံး လူဦးရေ နှစ်သိန်း သုံးသိန်းလောက် နေထိုင်ကြတယ်”
“တည်နေရာကလည်း ကောင်းတော့ ကုန်သည်တွေ အမြဲဖြတ်သန်းသွားလာနေကြတာ"
ကျန်းရှောင်ဖန်းက ကျန်းရှူရှူ၏ ဗဟုသုတကြွယ်ဝပုံကို ချီးကျူးလိုက်သည်။
"ရှူရှူ၊ မင်း ဒါတွေကို ဘယ်လို သိတာလဲ"
ကျန်းရှူရှူက ဂုဏ်ယူစွာဖြင့် ဆိုသည်။
"ဒါက ထူးဆန်းလို့လား။ စာများများ ဖတ်ရင် သိတာပဲလေ။"
သူက လူယုတ်မာ အပြုံးဖြင့် တိုးတိုးလေး ကပ်ပြောပြန်သည်။
"တကယ်တော့ ငါ ဒီကို အကြိမ်ပေါင်းများစွာ ခိုးဆင်းခဲ့ဖူးတယ်ကွ"
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး ဆိုလေသည်။
"မင်း... မင်း..."
ကျန်းရှူရှူက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"ဘာမျက်နှာကြီးနဲ့ ကြည့်နေတာလဲ။ ဒါက ကိစ္စကြီးမှ မဟုတ်တာ။ ငါ ဓားပျံသိုင်း လေ့ကျင့်တုန်းက ဟိုဟိုဒီဒီ ပျံသန်းရတာပေါ့”
“ပျံရင်း ပျံရင်းနဲ့ ဒီကို ရောက်လာတာပဲ။ ပင်ပန်းလာရင် စျေးထဲ လမ်းလျှောက်ရတာ ဘာဆန်းလို့လဲ"
ကျန်းရှောင်ဖန်းမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။
အခန်း (၆၂) - တောင်အောက်ဆင်းခြင်း (၂)
သူတို့နှစ်ယောက် နောက်ကနေ တိုးတိုးတိတ်တိတ် ပြောလာစဉ်မှာပင် ချီဟောင်က ပြုံးလျက် လုရွှယ်ချီကို ပြောလိုက်သည်။
"ဂျူနီယာညီမလေးလု ကောင်းကင်လည်း မှောင်လာပြီဆိုတော့ ဒီနေ့ ဟယ်ယန်မှာပဲ တစ်ည အိပ်ကြတာပေါ့။ မနက်ဖြန်မှ ခရီးဆက်ကြမယ်"
လုရွှယ်ချီ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေကာ မည်သည့် အမူအရာမျှ မပြဘဲ ခေါင်းညိတ်လိုက်လေသည်။
သူတို့သည် ပြဿနာများကို ရှောင်ရှားလိုသဖြင့် ချင်းယွင်ဂိုဏ်း ဝတ်စုံများကို လဲလှယ်ထားကြရာ မည်သူကမျှ သတိမထားမိကြချေ။
သို့သော် လုရွှယ်ချီ၏ အလှအပမှာ လူအများ၏ အာရုံကို ဆွဲဆောင်နေ၏။ ကျန်းရှောင်ဖန်းက လုရွှယ်ချီကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးနေသည်ကို တွေ့လိုက်ရသည်။
သူသည် လမ်းသွားလမ်းလာများအတွက် စိုးရိမ်မိသွား၏။ အကယ်၍ ထျန်းယာဓားသာ အိမ်မှ ထွက်လာပါက ဤရှေးဟောင်းမြို့တော်ကြီးမှာ ထက်ဝက်ခန့် ပျက်စီးသွားနိုင်ပေသည်။
သို့သော် လုရွှယ်ချီ၏ စိတ်ရှည်မှုမှာ ကျန်းရှောင်ဖန်း ထင်ထားသည်ထက် ပိုမို ကောင်းမွန်လှ၏။
သူတို့သည် ရှန်ဟိုင်ယွမ်ဟု ခေါ်သော တည်းခိုခန်းတစ်ခုထဲသို့ ဝင်ရောက်သွားသည်အထိ သူမ မည်သို့မျှ မပြုမူခဲ့ချေ။
ချီဟောင်မှာ ဗဟုသုတအရှိဆုံး ဖြစ်သဖြင့် လေးယောက်သားကြားတွင် ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေလေသည်။
တည်းခိုခန်းတွင် စာရင်းသွင်းခြင်းကိုလည်း သူကပင် လုပ်ဆောင်ပေးပြီးနောက် နောက်ဘက်ခြံဝင်းရှိ အကောင်းဆုံး အခန်းများတွင် နေရာချပေးလိုက်ကြသည်။
ရှန်ဟိုင်ယွမ်တည်ခိုခန်းမှာ အတော်ပင် ကျယ်ဝန်းလှ၏။ နောက်ဘက်ခြံဝင်းတွင် သီးခြားဥယျာဉ်လေးခု ရှိပြီး သူတို့က အနောက်ဘက် ဥယျာဉ်တွင် တည်းခိုကြရသည်။
တစ်ယောက်လျှင် အခန်းတစ်ခန်းစီ ရရှိကြ၏။ ခဏနားပြီးနောက် ချီဟောင်က လူတိုင်းကို ခေါ်ကာ လက်ဖက်ရည်ဆိုင်တွင် ညစာစားရန် ဖိတ်ခေါ်လေသည်။
ရှန်ဟိုင်ယွမ်တွင် အစည်ကားဆုံး လမ်းမပေါ်၌ တည်ရှိသော လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိလေသည်။
သို့သော် တတိယထပ်ရှိ အထူးဧည့်ခန်းမှာမူ တိတ်ဆိတ်လှ၏။ စားပွဲ ဆယ်လုံးခန့်ရှိသည့်အနက် ငါးလုံးခန့်တွင်သာ စားသောက်နေသူများ ရှိကြသည်။
ချီဟောင်က စားပွဲထိုးကို ခေါ်ကာ ဟင်းပွဲအချို့ကို မှာယူလိုက်သည်။ သူသည် ဤနေရာနှင့် အလွန် ရင်းနှီးပုံရပြီး ခဏခဏ လာဖူးပုံ ရလေသည်။
ကျန်းရှောင်ဖန်းမှာ စဉ်းစားနေမိ၏။ သူသည် လယ်သမား မိသားစုမှ မွေးဖွားလာသူ ဖြစ်သဖြင့် ရှန်ဟိုင်ယွမ်ကဲ့သို့ ဇိမ်ခံနေရာမျိုးကို တစ်ခါမျှ မရောက်ဖူးခဲ့ချေ။
ဒုတိယထပ်ကို ဖြတ်လာစဉ် ခမ်းနားလှသော ခမ်းမကို တွေ့ခဲ့ရသော်လည်း တတိယထပ်သို့ ရောက်သောအခါ နံရံများတွင် နဂါးနှင့် ဖီးနစ်ရုပ်များကို ထွင်းထုထားသည်ကို တွေ့ရသည်။
ထုပ်တန်းများကိုလည်း အနီရောင်သစ်သားများဖြင့် ပြုလုပ်ထား၏။ ၎င်းမှာ ရှေးဟောင်းပုံစံရှိပြီး ဒုတိယထပ်နှင့် လုံးဝ ကွာခြားလှသည်။
လူတို့သည် ချမ်းသာလာသောအခါ ဂုဏ်သိက္ခါနှင့် နာမည်ကျော်ကြားမှုကို လိုချင်လာကြသည်ကို သူ မသိရှိခဲ့ချေ။
အချို့မှာ ဇိမ်ခံလိုကြသော်လည်း သူတို့ကိုယ်သူတို့ ယဉ်ကျေးသူများဟု ထင်စေချင်သဖြင့် ဟန်ဆောင်တတ်ကြလေသည်။
လေးယောက်သား ပြတင်းပေါက်အနီးရှိ စားပွဲအသေးလေးတွင် ထိုင်လိုက်ကြသည်။ ကျန်းရှူရှူက ခန်းမ၏ အပြင်အဆင်ကို ကြည့်ကာ ချီဟောင်ကို မေးလိုက်သည်။
"စီနီယာအစ်ကိုချီ ဒီမှာ စျေးကြီးမှာ မဟုတ်လား"
ချီဟောင်က ပြုံးလျက် ဖြေလိုက်သည်။
"ဒါက ဟယ်ယန်မှာ အကောင်းဆုံးဆိုင်ပဲ စျေးကြီးတာပေါ့။ ဒါပေမဲ့ ငါတို့ ချင်းယွင်ဂိုဏ်းက ဒီမှာ နာမည်ကြီးတော့ ဆိုင်ရှင်က ငါတို့ကို လာစေချင်တာ။ သူတို့က ငါတို့ကို စျေးအများကြီး မယူပါဘူး"
ကျန်းရှူရှူက အံ့ဩသွားပြီး ခေါင်းညိတ်လိုက်သည်။ ခဏအကြာတွင် စားပွဲထိုးက ဟင်းပွဲအချို့ကို လာချပေးလေသည်။
နောက်ဆုံး ဟင်းပွဲမှာ လတ်ဆတ်သော မေငါးပေါင်း ဖြစ်လေသည်။ ထိုငါးမှာ ရှည်လျားပြီး ခေါင်းမှာ လုံးကာ အညိုရင့်ရောင်ရှိပြီး နှုတ်ခမ်းမွှေးတစ်စုံပင်ပါရှိသေးသည်။
အရေးကြီးဆုံးမှာ ဖြူဖွေးချောမွေ့သော ငါးအသားနှင့် မွှေးကြိုင်သော အနံ့တို့ပင် ဖြစ်သည်။
ကျန်းရှောင်ဖန်းသည် ချက်ပြုတ်ခြင်းကို အမြဲစိတ်ဝင်စားသူ ဖြစ်ပြီး ဤကဲ့သို့သော ငါးမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် စားပွဲထိုးကို မေးလိုက်လေသည်။
"စားပွဲထိုး ဒီငါးနာမည်က ဘာလဲ။ ပြီးတော့ ဒါကို ဘယ်လို ချက်ထားတာလဲ”
စားပွဲထိုးက ရယ်မောကာ ဖြေလိုက်သည်။
"ဧည့်သည်က တကယ်အမြင်စူးရှတာပဲ။ ဒါက 'မေငါးပေါင်း' လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ရှန်ဟိုင်ယွမ်ရဲ့ နာမည်ကြီး ဟင်းပွဲပေါ့”
“လတ်ဆတ်ပြီး ချိုမြိန်တဲ့ အရသာရှိတယ်။ ဒီဟင်းက ဟယ်ယန်မြို့ရဲ့ မိုင်တစ်ရာပတ်လည်မှာ အရမ်းနာမည်ကြီးတာဗျ"
ကျန်းရှောင်ဖန်းသည် တံတွေးကို မျိုချလိုက်ပြီး တူဖြင့် ငါးသားတစ်ဖက်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။ ထို့နောက် မျက်လုံးများကို မှိတ်ကာ ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
"အင်း... ငါးအသားက အရည်အသွေး ကောင်းသလို ချက်ထားတဲ့ ပုံစံကလည်း ပိုကောင်းတယ်။ သကြားနည်းနည်းနဲ့ ညှီနံ့ပျောက်အောင် ချင်းထည့်ထားတာပဲ”
“အင်း... ကြက်သွန်မြိတ်ကြော်နံ့လဲ ရတယ် လတ်ဆတ်တဲ့ ကြက်သွန်မြိတ် အသေးလေးတွေ ဖြစ်ရမယ်”
“ပြီးတော့ ငရုတ်ကောင်း ဟင်းခတ်အမွှေးအကြိုင်တွေ... အိုး... နှမ်းဆီကိုလည်း အချိုးကျကျ သုံးထားတာပဲ။ ဝါး... တကယ်ကောင်းလိုက်တာ"
ချီဟောင်နှင့် ကျန်းရှူရှူတို့မှာ မှင်တက်သွားကြ၏။ လုရွှယ်ချီပင်လျှင် သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေလေသည်။
စားပွဲထိုးမှာမူ အလွန်အံ့ဩသွားပြီး အော်ပြောလိုက်သည်။
"ဧည့်သည်က တကယ့်ပညာရှင်ပဲ၊ အကုန်လုံး မှန်တယ်ဗျာ"
ကျန်းရှောင်ဖန်းမှာ အခြားသူများ သူ့ကို ကြည့်နေသည်ကို သတိပြုမိသွားသဖြင့် မျက်နှာနီမြန်းကာ တူကို ချလိုက်သော်လည်း ဆက်မေးလိုက်သည်။
"စားပွဲထိုးကို မေးပါရစေဦး ဒီမေငါးတွေက ဘယ်က လာတာလဲ။"
စားပွဲထိုး မဖြေရသေးမီ အနီးရှိ စားပွဲတစ်ခုမှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာ၏။
"မေငါးတွေက ဒီကနေ မိုင်ထောင်ချီဝေးတဲ့ တောင်ဘက်က ကျူးကိုးတောင်ရဲ့ ဒေသထွက် ပစ္စည်းတွေပဲ။ ဒီကို ဘယ်လိုရောက်လာမှာလဲ၊ မင်းတို့ဆိုင်က ငါတို့ကို လိမ်နေတာ မဟုတ်လား"
သူတို့အားလုံး အံ့အားသင့်သွားကြ၏။ ထိုစားပွဲကြီးဆီသို့ လှမ်းကြည့်လိုက်ရာ လူရှစ်ယောက် ထိုင်နေသည်ကို တွေ့ရသည်။
အမျိုးသားခြောက်ယောက်မှာ ဝါဂွမ်းရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
အမျိုးသမီးနှစ်ယောက်ရှိရာ တစ်ယောက်မှာ ခရမ်းနုရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာကို ပုဝါပါးဖြင့် ဖုံးအုပ်ထားသည်။
အခြားတစ်ယောက်မှာမူ အစောပိုင်းက စကားပြောခဲ့သော မိန်းကလေး ဖြစ်သည်။ သူမမှာ အသက် သိပ်မကြီးသေးဘဲ ဆယ့်ခြောက်နှစ်ခန့်သာ ရှိဦးမည် ဖြစ်သည်။
တစ်ကိုယ်လုံး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ တောက်ပသော မျက်လုံးအစုံ၊ လှပသော မျက်နှာနှင့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော အသားအရေတို့မှာ လုရွှယ်ချီထက်ပင် မနိမ့်ကျလှချေ။
ကျန်းရှောင်ဖန်းမှာ အံ့ဩသွားမိ၏။ သူမ စကားပြောပြီးနောက် လုရွှယ်ချီထံသို့ အကြည့်ရောက်သွားကာ လုရွှယ်ချီ၏ အလှအပကြောင့် အံ့အားသင့်သွားလေသည်။
အေးစက်လှသော လုရွှယ်ချီပင်လျှင် ထိုမိန်းကလေးကို ပြန်လည် ကြည့်လိုက်မိသည်။
စားပွဲထိုးက ပြုံးလျက် ဆိုသည်။
"ဒီဧည့်သည် ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မင်းတို့ မသိတာက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာတုန်းက မေငါးတွေက ကျူးကိုးတောင်မှာပဲ ရှိခဲ့တာ”
“ဒါပေမဲ့ တစ်နေ့မှာ ချင်းယွင်ဂိုဏ်းက စီနီယာတာအိုရွှမ် အဲဒီကို ဖြတ်သွားရင်း မေငါးတွေကို ဒီကဟုန်ချွမ်းမြစ်ထဲကို ယူဆောင်လာခဲ့တာပဲ”
“အခုလို အရသာရှိတဲ့ အစားအစာကို စားရတာက ချင်းယွင်ဂိုဏ်းက နတ်ဘုရားတစ်ပါးလိုအစွမ်းထက်တဲ့ စီနီယာတာအိုရွှမ်ရဲ့ ကောင်းမှုကြောင့်ပါပဲ"
သူ၏ မျက်နှာတွင် အလွန်လေးစားကြည်ညိုသော အမူအရာ ပေါ်လွင်နေလေသည်။
ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ ပြုံးလိုက်ကြ၏။ သို့သော် ထိုမိန်းကလေးမှာမူ မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးကို ကြည့်ကာ နှာမှုတ်လိုက်လေသည်။
ထိုအရသာရှိသော ညစာကို စားပြီးနောက် ကျန်းရှောင်ဖန်းနှင့် အခြားသူများ အနောက်ဘက်ဥယျာဉ်သို့ ပြန်လာကြသည်။ ချီဟောင်က ဝင်ပေါက်တွင် အခြားသူများကို ပြောလိုက်သည်။
"ဒီညတော့ အားလုံး ဒီမှာပဲ နားကြတာပေါ့။ မနက်ဖြန် မနက်ကျရင် ကုန်းစွန်းတောင်ကို သွားကြမယ်"
ကျန်းရှောင်ဖန်းနှင့် ကျန်းရှူရှူတို့က ပြန်ထူးကြသော်လည်း လုရွှယ်ချီကမူ ဘာမှ မပြောဘဲ သူမ၏ အခန်းထဲသို့ တိုက်ရိုက် ဝင်သွားကာ တံခါးပိတ်လိုက်လေသည်။
ချီဟောင်မှာ အံ့အားသင့်သွားပြီးမှ ခါးသီးစွာ ပြုံးလိုက်၏။
"ဂျူနီယာညီလေးတို့ နှစ်ယောက်လည်း နားကြတော့"
ကျန်းရှောင်ဖန်းသည် ချီဟောင်၏ ချောမောသော မျက်နှာကို ကြည့်လိုက်သည်။ ဆည်းဆာအလင်းအောက်တွင် ချီဟောင်မှာ အမြဲတမ်းကဲ့သို့ပင် တက်ကြွနေဆဲပင်။
ကျန်းရှောင်ဖန်းမှာ ရုတ်တရက် ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။
သူသည် ကျန်းရှူရှူကို နှုတ်ဆက်ကာ ချီဟောင်ကို ဂရုမစိုက်တော့ဘဲ သူ၏ အခန်းသို့ ပြန်လာခဲ့လေသည်။
ကျန်းရှူရှူက ရယ်မောကာ ချီဟောင်နှင့် ခဏမျှ စကားပြောပြီးနောက် သူတို့၏ အခန်းအသီးသီးသို့ ပြန်သွားကြသည်။
ထိုညမှာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ချင်းယွင်တောင်မှ ထွက်လာခဲ့သော ည ဖြစ်လေသည်။ သူသည် အိပ်မပျော်နိုင် ဖြစ်နေလေသည်။
သန်းခေါင်ယံအချိန်တွင် အိပ်ပျော်သွားသောအခါ သူသည် ကိုယ်ပေါ်တွင် သွေးများ စိုရွှဲနေပြီး ကြောက်မက်ဖွယ် မျက်နှာထားဖြင့် သွေးချင်းနီနေသော မြင်ကွင်းထဲတွင် ရပ်နေသည်ဟု အိမ်မက်မက်လေသည်။
သူ၏ နှလုံးသားမှာ သွေးကို ဆာလောင်နေ၏။ သူ၏ရှေ့ရှိ သွေးများမှာ ချိုမြိန်သော စမ်းရေကဲ့သို့ သူ့ကို ဆွဲဆောင်နေသကဲ့သို့ ခံစားရသည်။
သူသည် သတ်ဖြတ်ခြင်းဖြင့် အရာအားလုံးကို သိမ်းပိုက်လိုသော စိတ်ကူးကို မထိန်းချုပ်နိုင် ဖြစ်နေလေသည်။
"အား..."
ကျန်းရှောင်ဖန်း အိမ်မက်ဆိုးမှ နိုးထလာပြီးနောက် အသက်ကို ပြင်းပြင်းရှူနေမိသည်။
တစ်ကိုယ်လုံးတွင်လည်း ချွေးများ စိုရွှဲနေ၏။ အတော်ကြာမှပင် သူ၏ နှလုံးခုန်သံမှာ ပြန်လည် တည်ငြိမ်သွားလေသည်။
သူသည် မှောင်မိုက်ထဲတွင် ခဏမျှ ထိုင်နေမိသည်။ သူ၏ လက်ကို ဆန့်ထုတ်ကာ ခေါင်းအုံးအနားရှိ ဝိညာဉ်ဝါးမျိုတုတ်ကို စမ်းကြည့်လိုက်ရာ အေးစက်သော ခံစားချက်က သူ့ကို ဝန်းရံသွား၏။
ဤအိမ်မက်မှာ ပြီးခဲ့သော နှစ်များအတွင်း သူ မက်ခဲ့သော အိမ်မက်ဆိုးများနှင့် ဆင်တူသော်လည်း ယခုတစ်ကြိမ်မှာမူ အခြားသူတစ်ယောက်၏ အမြင်မှ ဖြစ်နေသည်။
အိမ်မက်ထဲမှ ထိုယုတ်မာသော လူသားကြောင့် သူသည် ထိတ်လန့်သွားရလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ကာ မှောင်မိုက်နေ၏။
သူသည် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ကျောကို ဆန့်ကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် စုစည်းလိုက်သည်။
အမှောင်ထုမှာ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ယောက်ကဲ့သို့ ညင်သာစွာ ဝန်းရံထားလေသည်။ သူ၏ ကိုယ်ပေါ်မှ မှေးမှိန်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ကျန်းရှောင်ဖန်း၏ မျက်နှာမှာ တည်ကြည်လေးနက်မှုများ ဖုံးလွှမ်းသွားလေသည်။
အတော်ကြာပြီးနောက် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ကျန်းရှောင်ဖန်းသည် အမှောင်ထဲတွင် မျက်လုံးဖွင့်လိုက်သည်။
သူ၏ စိတ်နှလုံးမှာ တည်ငြိမ်သွားလေပြီ။ အိမ်မက်ဆိုးမက်တိုင်း သူသည် ထိုကြင်နာတတ်သော ဆရာတော်ဖူကျစ်ကို သတိရမိစမြဲ ဖြစ်သည်။
သူသည် အိပ်ချင်စိတ်မရှိတော့သဖြင့် အခန်းအပြင်သို့ ထွက်လာခဲ့၏။ အခြားအခန်းများမှာ မှောင်မိုက်နေသဖြင့် ချီဟောင်နှင့် အခြားသူများ အိပ်ပျော်နေကြပြီ ဖြစ်ပုံရသည်။
ရှန်ဟိုင်ယွမ်၏ နောက်ဘက်ခြံဝင်းတွင် အရပ်လေးမျက်နှာ၌ ဥယျာဉ်လေးခု ရှိရာ ကျန်းရှောင်ဖန်းသည် အနောက်ဘက်ဥယျာဉ်မှ ထွက်ကာ အလယ်ဥယျာဉ်သို့ သွားလိုက်သည်။
ညဉ့်မှာ နက်နေပြီ ဖြစ်၏။ ကောင်းကင်ယံတွင် ကြယ်များ လင်းလက်နေပြီး လမင်းကြီးမှာလည်း ထိန်ထိန်သာနေလေသည်။
ညလေညင်းက သင်းပျံ့သော ရနံ့များနှင့်အတူ တိုက်ခတ်နေ၏။
ကျဉ်းမြောင်းသော လမ်းကလေးမှာ မှောင်မိုက်နေပြီး မည်သည့်နေရာသို့ ဦးတည်သည်ကို မသိနိုင်ချေ။ လမ်းဘေးတွင် ချုံပုတ်များနှင့် ပန်းများ မြေပြင်အနှံ့ ဖူးပွင့်နေကြလေသည်။
ကျန်းရှောင်ဖန်းသည် ထိုလမ်းကလေးအတိုင်း လျှောက်လာခဲ့၏။ နူးညံ့သော လေညင်းက သူ၏ မျက်နှာကို တိုးဝှေ့သွားကာ အနည်းငယ်အေးစိမ့်မှုကို ပေးစွမ်းလေသည်။
ထိုတိတ်ဆိတ်သော ညတွင် လူငယ်လေးတစ်ဦးသည် ဥယျာဉ်ထဲ၌ တစ်ယောက်တည်း လမ်းလျှောက်ရင်း အတိတ်၏ မှတ်ဉာဏ်များကို ပြန်လည် တမ်းတနေမိသည်။
လမ်းဘေးရှိ ပန်းကလေးတစ်ပွင့်မှာ ညလေထဲတွင် တုန်ရီနေ၏။ ဖြူစင်သောပွင့်ချပ်ပေါ်တွင် ကြည်လင်သော နှင်းစက်ကလေး တစ်စက် ရှိနေလေသည်။
ကျန်းရှောင်ဖန်းမှာ ရပ်တန့်သွားပြီး ထိုပန်းကလေးကို ငေးမောနေမိသည်။
သင်းပျံ့သော ရနံ့တစ်ခု ရောက်ရှိလာသည်။
ရုတ်တရက် အမှောင်ထုထဲမှ နူးညံ့သော လက်ကလေးတစ်ဖက် ထွက်ပေါ်လာ၏။
လမင်းနှင့် ကြယ်တာရာတို့၏ အလင်းရောင်အောက်တွင် လှပနေသော ထိုလက်ကလေးသည် ပန်းကလေးဆီသို့ ရောက်ရှိသွားလေသည်။
ထို့နောက် ၎င်းကို ဆွတ်ခူးလိုက်၏။
ကျန်းရှောင်ဖန်း၏ ဦးနှောက်ထဲတွင် ဒိုင်းခနဲ ဖြစ်သွားလေသည်။ လမင်းကြီးမှာ အရောင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားရပြီး ဥယျာဉ်တစ်ခုလုံး အမှောင်အတိ ကျသွားလေသည်။
သူသည် ထိုသူ့ကို မကျေမနပ်ဖြင့် လှည့်ကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးတစ်ဦးမှာ ထိုနေရာတွင် ရပ်နေလေသည်။
ကောင်းကင်ယံမှ အလင်းရောင် အားလုံးကို သူမကပင် သိမ်းပိုက်ထားသကဲ့သို့ ရှိနေပြီး လက်ထဲမှ ပန်းကလေးကို နှာခေါင်းနားတွင် အသာအယာ တင်ကာ အနံ့ခံနေလေတော့သည်။
မှတ်ချက် (၁) - ရွှမ်ယွမ် - ဒဏ္ဍာရီလာ ပထမဆုံး ဧကရာဇ်ဖြစ်သည့် အဝါရောင်ဧကရာဇ်၏ အမည် ဖြစ်သည်။
မှတ်ချက် (၂) - ရှောင်အာ - ရှေးခေတ် တရုတ်ပြည်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ စားပွဲထိုးများကို ခေါ်ဆိုသည့် အမည် ဖြစ်သည်။
မှတ်ချက် (၃) - တောင်ဘက် ရေပြင် မိုင်ငါးရာအကွာတွင် ကျူးကိုးတောင်ဟု အမည်ရသော တောင်တစ်တောင် ရှိလေသည်။ ထိုတောင်၌ မြက်ပင် သစ်ပင် မရှိသော်လည်း မိုင်တစ်ရာ ပတ်လည်တွင် မေငါးများ အလွန်ပေါများလှပေသည်။