← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃) - လင်းနို့တစ်သောင်း (၁)

ကျန်းရှောင်ဖန်းမှာ လန့်ဖျပ်သွားပြီး ထိုမိန်းကလေးမှာ ညစာစားစဉ်က မေငါးကိစ္စနှင့်ပတ်သက်၍ ငြင်းခုံခဲ့သော ကောင်မလေးဖြစ်ကြောင်း မှတ်မိသွားသည်။

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမမှာ လရောင်အောက်တွင် နတ်သမီးလေးတစ်ပါးနှယ် လှပလွန်းလှသည်။

ကောင်မလေးက ပန်းပွင့်ကို သူမ၏နှာခေါင်းအောက်သို့တေ့ကာ ပန်းရနံ့ကို ရှူသွင်းလိုက်၏။

သူမသည် မူးယစ်သွားသကဲ့သို့ ဖြစ်သွားပြီး ဝိညာဉ်ကိုပင် ယစ်မူးသွားစေသော အလှတရားတစ်ခု ထပ်တိုးလာလေသည်။ သူမ၏ရှေ့တွင် ထိုပန်းပွင့်လေးမှာ ပိုမိုတောက်ပနေသယောင် ထင်ရပေသည်။

သို့သော်လည်း ကျန်းရှောင်ဖန်း၏ရင်ထဲတွင် အမည်မသိ ဒေါသတစ်ခု ဖြစ်တည်လာခဲ့၏။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"ပန်းပွင့်က အဲဒီနေရာမှာ သူဟာသူရှိနေတာကို မင်းက ဘာလို့ခူးလိုက်တာလဲ"

အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးက ကျန်းရှောင်ဖန်းကို ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြန်ပြောလေသည်။

"ငါဒီပန်းကို ခူးတာက သူရဲ့ကံကောင်းခြင်းပဲ သူ့ရဲ့မွှေးရနံ့ကို ငါရှူရှိုက်ခွင့်ရတာက ဒီပန်းပွင့်ရဲ့ သုံးဘဝစာ ကောင်းမှုကုသိုလ်တွေကြောင့်ပဲ။ ယဉ်ကျေးမှုမရှိတဲ့လူတစ်ယောက်က ဒါတွေကိုပြောပြနေလို့ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"

ကျန်းရှောင်ဖန်းမှာ အံ့သြသွား၏။ ၎င်းမှာ သူတစ်သက်နှင့်တစ်ကိုယ် ကြားဖူးသမျှထဲတွင် အဓိပ္ပါယ်မရှိဆုံးစကားပင် ဖြစ်ပေသည်။ သူက ခေါင်းယမ်းလိုက်လေသည်။

"မင်းခူးလိုက်တော့ ပန်းပွင့်လေး အသက်ဆုံးရှုံးသွားပြီလေ၊ သူက ဘယ်လိုလုပ် ပျော်နိုင်တော့မှာလဲ"

အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးက သူ့ကို စိုက်ကြည့်လိုက်သည်။

"နင်က ပန်းပွင့်မှမဟုတ်တာ။ သူ မပျော်ဘူးဆိုတာကို နင်က ဘယ်လိုလုပ် သိနိုင်မှာလဲ"

ဒီကောင်မလေး၏စကားများမှာ ယုတ္တိမရှိလွန်းသည်ကို ကြားလိုက်ရသဖြင့် ကျန်းရှောင်ဖန်း ပို၍ဒေါသထွက်လာကာ ပြောလိုက်လေသည်။

"မင်းလည်း ပန်းပွင့်မဟုတ်ဘဲနဲ့ သူပျော်နေတယ်ဆိုတာ ဘယ်လိုသိလဲ။ အခုချိန်မှာ သူနာကျင်နေတာလည်း ဖြစ်နိုင်တာပဲ။ အာ ကြည့်စမ်း… ပန်းပွင့်ပေါ်မှာ ရေစက်တွေ ရှိနေတယ်… သူခံစားနေရတဲ့ နာကျင်မှုကြောင့် ငိုနေတာပဲ"

အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေး ကြက်သေသေသွားပြီးနောက် တခစ်ခစ်ရယ်မောလိုက်၏။

သူမသည် ပွင့်လန်းနေသော ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ဆွဲဆောင်မှုရှိလှပေသည်။ ကျန်းရှောင်ဖန်းကိုပင် အံ့အားသင့်သွားစေချေသည်။

"ပန်းပွင့်ရဲ့ မျက်ရည်လား။ ဟားဟား ပန်းပွင့်ရဲ့ မျက်ရည်တဲ့။ နှင်းစက်လေးကို ပန်းပွင့်ရဲ့မျက်ရည်လို့ ယောကျ်ားတစ်ယောက်က ပြောတာကို ငါပထမဆုံးကြားဖူးတာပဲ။ တော်တော်ရယ်ရတာပဲ"

ကျန်းရှောင်ဖန်း၏ မျက်နှာမှာနီရဲသွားသည်။ သူ တစ်စုံတစ်ခုကို ရေရွတ်လိုက်သော်လည်း ဘာမှထွက်မလာချေ။

သို့သော် ထိုမိန်းကလေးမှာ ခါးကိုင်းသွားသည်အထိ အားရပါးရ ရယ်မောနေသည်ကို မြင်လိုက်ရသဖြင့် သူက အတင်းအကျပ် ပြောလိုက်ရလေသည်။

"အဲ့ အဲ့ဒါဆိုရင်ရော ဘာဖြစ်လဲ"

ကောင်မလေးက ပို၍ပင် အသံထွက်ရယ်မောလိုက်၏။ ရယ်မောသံမှာ တိတ်ဆိတ်မှောင်မိုက်နေသော ဥယျာဉ်ထဲတွင် ပျံ့လွင့်သွားပြီး နွေးထွေးမှုအနည်းငယ်ကို ပေါင်းထည့်ပေးလိုက်သည်။

ကျန်းရှောင်ဖန်းမှာ ဘာပြောရမှန်း မသိတော့ချေ။ ကောင်မလေး၏အပြုံးကိုမြင်သော် သူက ခြေဆောင့်ကာ လှည့်ထွက်သွားလေသည်။

ရုတ်တရက် အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးက ရယ်မောခြင်းကို အောင့်ထားလိုက်သော်လည်း လေသံထဲတွင် ရယ်ချင်စိတ်အနည်းငယ် ပါနေဆဲဖြစ်ကာ ပြောလိုက်၏။

"ဟေး ခဏနေဦး"

ဥယျာဉ်ထဲတွင် လမ်းလျှောက်နေစဉ်က ကျန်းရှောင်ဖန်း စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။

သို့သော် ဤကောင်မလေးနှင့် တွေ့သောအခါ သူ၏စိတ်အခြေအနေမှာ အလွန်ဆိုးရွားသွားလေသည်။

ယခု သူမက ထိုသို့ပြောလိုက်သောအခါ သူ၏နှလုံးသားမှာ သည်းမခံနိုင်တော့ဘဲ လှည့်ကြည့်ကာ ပြောလိုက်ပေသည်။

"ငါ့နာမည်က ဟေး မဟုတ်ဘူး၊ မင်း ဘယ်သူ့ကို ပြောနေတာလဲ"

ကောင်မလေးမှာ လန့်ဖျပ်သွားပြီး မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားကာ သူမ၏မျက်လုံးများ အေးစက်သွားလေသည်။ သူမအား ဤသို့ပြောရဲသူ သိပ်မရှိဖူးပုံပေါ်ပေသည်။

သို့သော် သူမက တစ်စုံတစ်ခုကို တွေးလိုက်မိပြီး မျက်နှာပေါ်တွင် အပြုံးပြန်မပေါ်လာသော်လည်း အသံမှာမူ နူးညံ့သွားကာ ပြောလိုက်လေသည်။

"အိုး ဒါဆို နင့်နာမည်က ဘယ်လိုခေါ်လဲ"

"ငါ့နာမည်က"

ထို့နောက် သူစကားရပ်သွားပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"ဘာကိစ္စနဲ့ မင်းကို ပြောပြရမှာလဲ"

ထိုကောင်မလေး၏ မျက်နှာမှာ တောင့်တင်းသွားပြီး ဒေါသထွက်သွားလေသည်။

သို့သော် ကလေးငယ်တစ်ယောက်ကဲ့သို့ဖြစ်နေသော ကျန်းရှောင်ဖန်း၏မျက်နှာကို ကြည့်လိုက်မိသောအခါ သူမမှာ မနေနိုင်ဘဲ ထပ်ရယ်လိုက်မိပြန်လေသည်။

ဤရယ်မောခြင်းက သူမမျက်နှာပေါ်ရှိ ဒေါသများကို ဖယ်ရှားပေးလိုက်ပြီး လရောင်အောက်မှ မွှေးရနံ့တို့နှင့် ပေါင်းစပ်သွားစေ၏။

ရယ်မောရန် မသင့်တော်မှန်း သူမသိသော်လည်း အောင့်ထားရန် ကြိုးစားလေလေ ထပ်၍ရယ်မိလေလေ ဖြစ်နေပေသည်။

လွန်ခဲ့သော အချိန်များစွာက ပျောက်ဆုံးသွားခဲ့သော အပြစ်ကင်းစင်မှုသည် ယနေ့ညတွင် အသက်ဝင်လာသကဲ့သို့ပင်။

လရောင်သည် ရေပြင်ကဲ့သို့ သူမ၏မျက်နှာနှင့် ပခုံးများပေါ်သို့ ထွန်းလင်းနေပြီး ဝိညာဉ်ကိုပင် ယစ်မူးစေသော အလှတရားကို ရောင်ပြန်ဟပ်နေလေသည်။

ကျန်းရှောင်ဖန်း မည်သည့်အချိန်ကတည်းက ညို့ယူဖမ်းစားခံလိုက်ရမှန်း မသိတော့ချေ။

ခဏအကြာတွင် ကျန်းရှောင်ဖန်း သူမအား စိုက်ကြည့်နေသည်ကို ကောင်မလေး သတိပြုမိသွား၏။ သူမသည် အခြားမိန်းကလေးများကဲ့သို့ ရှက်မသွားပဲ တိုက်ရိုက်ပင် မေးလိုက်လေသည်။

"ငါ လှလား…"

ကျန်းရှောင်ဖန်း အံ့သြသွားပြီး လက်ပူးလက်ကြပ်မိသွားသော သူခိုးတစ်ယောက်ကဲ့သို့ ဖြစ်သွား၏။

သူမ၏ နူးညံ့သော မျက်ဝန်းများအောက်တွင် သူ ထွက်ပြေး၍ မရနိုင်တော့သယောင် ထင်ရပေသည်။ သူက ပြောလိုက်လေသည်။

"ငါ… မင်း အင်း… မင်းက လှပါတယ်…"

ထိုသို့ပြောပြီးနောက် ကျန်းရှောင်ဖန်း လန့်ဖျပ်သွား၏။ သို့သော် ကောင်မလေးကမူ ဂရုမစိုက်ချေ။ သူမက အနည်းငယ်ပြုံးကာ ပြောလိုက်လေသည်။

"ငါထင်တဲ့အတိုင်းပဲ။ ငါငယ်ငယ်ကတည်းက ငါမလှဘူးလို့ ပြောတဲ့သူ တစ်ယောက်မှ မရှိဘူး။ ယောကျ်ားတိုင်းက ဒီလိုချည်းပါပဲ…"

သူမ၏လေသံကို နားထောင်ရသည်မှာ လောကအတွေ့အကြုံ များစွာရှိနေသကဲ့သို့ပင်။

ကျန်းရှောင်ဖန်းက ငြင်းခုံချင်သော်လည်း လရောင်အောက်ရှိ သူမ၏ပုံပန်းသဏ္ဍာန်မှာ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရ၏။

ချင်းယွင်တောင်ပေါ်ရှိ စိမ်းလန်းသော ရေကန်နံဘေးတွင် သူ၏စီနီယာအစ်မ၏ လှပသောပုံရိပ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်ကို ပြန်လည်သတိရသွားလေသည်။

ထိုအခိုက်အတန့်တွင် သူ စိတ်ဓာတ်ကျသွားချေသည်။ အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ လှည့်ထွက်လာခဲ့ပေသည်။

"ဟေး"

ထိုစဉ် အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးက ထပ်ခေါ်လိုက်ပြန်၏။ ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်လေသည်။

သူမက မျက်လုံးများကိုမှေးကာ နှုတ်ခမ်းကိုစေ့ထားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရပေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေ၏။

"နင့်နာမည်က ဘယ်လိုခေါ်လဲ"

သူမ၏မျက်လုံးများထဲတွင် ကျန်းရှောင်ဖန်း၏ ပုံရိပ်လေး ထင်ဟပ်နေလျက် သူမက ထပ်မေးလိုက်လေသည်။

ကျန်းရှောင်ဖန်း ရုတ်တရက် တွန့်ဆုတ်သွားပြီး ဒေါသများအားလုံး ပျောက်ကွယ်သွားလေသည်။

ထိုပုံရိပ်လေးကို ရင်ဆိုင်ရချိန်တွင် သူ၌ အနည်းငယ်မျှပင် ဒေါသထွက်နိုင်စွမ်း မရှိတော့သယောင်ပင်။

သူက ထိုနူးညံ့သော မျက်လုံးများကို ရှောင်လွှဲကာ အနည်းငယ် ကြောက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

"ကျန်းရှောင်ဖန်း"

ထို့နောက် သူက လေနှင့်အတူပျောက်ကွယ်သွားတော့မည့်အလား အမြန်​ပြေးထွက်သွားတော့သည်။

လမ်းထောင့်တစ်နေရာအရောက်တွင် အနက်ရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။ ဤမှောင်မိုက်နေသော ဥယျာဉ်ထဲတွင် မြင်ရန်ခက်ခဲလှပေသည်။

သူ ရပ်တန့်၍ပင် မရနိုင်တော့ချေ။ ကံကောင်းထောက်မစွာဖြင့် သူ၏ခန္ဓာကိုယ်မှာ သွက်လက်နေသေးသဖြင့် ထိုပုံရိပ်၏ အရှေ့တည့်တည့်တွင် ရပ်တန့်သွားနိုင်ခဲ့သည်။

မှောင်မိုက်နေသည့်ကြားမှ တောက်ပနေသော မျက်လုံးတစ်စုံက သူ၏ရှေ့တွင် ပေါ်လာလေသည်။

သူတို့၏အကွာအဝေးမှာ အလွန်နီးကပ်နေပေသည်။ ကျန်းရှောင်ဖန်း အံ့အားသင့်သွားပြီး နောက်သို့ အမြန်ဆုတ်လိုက်၏။

ယခုမှပင် သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။ ထိုသူမှာ ညစာစားစဉ်က အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးဘေးတွင် ထိုင်နေသော မျက်နှာဖုံးစွပ်အမျိုးသမီး ဖြစ်ပေသည်။

သူမက မျက်နှာဖုံးတပ်ထားဆဲဖြစ်သော်လည်း အနက်ရောင်ပိုးသားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားလေသည်။ ညအချိန်တွင် သူမမှာ ဝိညာဉ်တစ်ခုနှင့် တူနေချေသည်။

ကျန်းရှောင်ဖန်းမှာ သင်းပျံ့သောမွှေးရနံ့တစ်ခုကို ရလိုက်၏။ ၎င်းမှာ ဥယျာဉ်ထဲရှိ ပန်းများ၏ ရနံ့လား… သို့မဟုတ် ထိုအမျိုးသမီးထံမှ လာခြင်းလားဆိုသည်ကိုမူ မသိနိုင်ချေ။

ကျန်းရှောင်ဖန်း ယနေ့ည ဤနေရာသို့ ထွက်လာခဲ့မိသည်ကိုပင် နောင်တရသွား၏။ သူက တီးတိုးရေရွတ်လိုက်လေသည်။

"တောင်းပန်ပါတယ်"

ထို့နောက် ထိုမျက်နှာဖုံးစွပ်အမျိုးသမီးကို ကျော်ဖြတ်ကာ သူ၏အခန်းဆီသို့ ဦးတည်သွားလေသည်။

အစကတည်းက ထိုမျက်နှာဖုံးစွပ်အမျိုးသမီးက စကားတစ်ခွန်းမှ မပြောခဲ့ချေ။ သူမက ထိုလူငယ်လေးကို စောင့်ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေခဲ့ခြင်းသာ ဖြစ်ပေသည်။

ကျန်းရှောင်ဖန်း သူမကို ကျော်ဖြတ်သွားပြီးနောက် သူမက ဖြည်းညင်းစွာ လှည့်ကာ သူ၏ကျောပြင်ကို ကြည့်နေလိုက်၏။

အချိန်အနည်းငယ်ကြာသော် သူမ၏ခန္ဓာကိုယ်မှာ ဥယျာဉ်၏ အမှောင်ထုနှင့် ပေါင်းစပ်သွားပြီး ဥယျာဉ်ထဲသို့ ဝင်သွားလေသည်။

မကြာမီမှာပင် အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးက ထိုနေရာ၌ပင် ရပ်ကာ ပန်းပွင့်လေးကို ဆော့ကစားနေသည်ကို သူမ မြင်တွေ့လိုက်ရပေသည်။

အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးက ခေါင်းမော့ကြည့်လိုက်ပြီး အံ့သြသွားခြင်း မရှိချေ။ သူမက ပြုံးကာ ပြောလိုက်လေသည်။

"အန်တီယိုကျီ ပြန်လာပြီလား…"

မျက်နှာဖုံးစွပ်အမျိုးသမီးက ပန်းပွင့်လေးကို ကြည့်လိုက်၏။

သူမ၏မျက်နှာဖုံးမှာ အနည်းငယ် လှုပ်ရှားသွားပြီး ခေါင်းညိတ်ပြလိုက်ပုံရပေသည်။ ထို့နောက် ဥယျာဉ်ထဲတွင် သူမ၏အသံ ထွက်ပေါ်လာလေသည်။

နူးညံ့သိမ်မွေ့သော်လည်း သရဲတစ္ဆေတစ်ကောင်ကဲ့သို့ အနည်းငယ် ခြောက်ခြားဖွယ်ကောင်းနေသည်။

"အဲဒီလူလေးယောက်က ချင်းယွင်ဂိုဏ်းကပဲ။ ခေါင်းဆောင်က လုံရှို့တောင်ထိပ်က ချီဟောင်ပဲ”

“ကျန်တဲ့သုံးယောက်ကိုတော့ အရင်က မမြင်ဖူးဘူး။ သူတို့က မျိုးဆက်သစ်တပည့်တွေ ဖြစ်ပုံရတယ်။ နာမည်ဘယ်လိုခေါ်လဲတော့ မသိဘူး"

အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးက ပြုံးကာ ပြောလိုက်လေသည်။

"ငါ တစ်ယောက်ကိုတော့ သိတယ်။ ခုနကမှ ထွက်သွားတဲ့တစ်ယောက်လေ။ သူ့နာမည်က ကျန်းရှောင်ဖန်းတဲ့။ တုံးတုံးအအ နာမည်လေး"

မျက်နှာဖုံးစွပ်အမျိုးသမီးက သူမကို ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

"ပိယောင် မင်း ပန်းတွေကြည့်နေတာကို မတွေ့ရတာ ကြာပြီပဲ"

ပိယောင်ဟုခေါ်သော အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးမှာ လန့်ဖျပ်သွားပြီးနောက် နောက်တစ်စက္ကန့်တွင် သူမ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပြန်ပေါ်လာကာ ပြောလိုက်လေသည်။

"ဟုတ်တယ် အန်တီယိုကျီ.. တော်တော်ကြာသွားပြီ"

သူမက ပန်းပွင့်လေးကို ကိုင်မြှောက်ကာ သေချာကြည့်လိုက်သည်။

မျက်နှာဖုံးစွပ်အမျိုးသမီး၏ အကြည့်အောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးမှာ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာပြီးနောက် လက်ကိုတင်းတင်းဆုပ်ကာ ပန်းပွင့်လေးကို အပိုင်းပိုင်းဖြစ်သွားသည်အထိ ညှစ်ချေလိုက်လေသည်။

နောက်တစ်နေ့တွင် လူလေးယောက် နိုးလာခဲ့ကြ၏။ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် ချီဟောင်က သူတို့ကို စုစည်းကာ တိုင်ပင်လိုက်လေသည်။

"ကုန်းစွန်းတောင်က အရှေ့ဘက် မိုင်သုံးထောင်အကွာမှာ ရှိတယ်၊ ငါတို့ ခုသွားကြတာ ပိုကောင်းမယ်ထင်တယ်"

အခြားသုံးယောက်မှာ မည်သို့မျှ မှတ်ချက်မပေးကြသဖြင့် သူတို့ ထွက်ခွာလာခဲ့ကြလေသည်။

ရှန်းဟိုင်ယွမ်တည်းခိုခန်းပိုင်ရှင်မှာ ချင်းယွင်ဂိုဏ်းကို အလွန်လေးစားသူ ဖြစ်ရာ သူက သူတို့ကို ငါးဆယ်ရာခိုင်နှုန်း လျှော့ပေးလိုက်သည်။

စျေးကြီးသော အခန်းခမှာ သာမန်အခန်းခနှင့် တန်းတူနီးပါးအထိ ကျဆင်းသွားလေသည်။ ချီဟောင်နှင့် တည်းခိုခန်းပိုင်ရှင်တို့ စကားပြောနေစဉ် ကျန်းရှောင်ဖန်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ကြည့်လိုက်သည်။

သို့သော် သူ ထွက်ခွာလာချိန်အထိ ယမန်နေ့ညက အစိမ်းရောင်ဝတ်စုံနှင့် ကောင်မလေးကို ရှာမတွေ့ခဲ့ချေ။

မိုင်သုံးထောင်ခရီးကို လူလေးယောက် ဆယ်ရက်တိုင်တိုင် ပျံသန်းခဲ့ကြရသည်။

သို့သော် နောက်ဆုံးရက်အနည်းငယ်တွင် ကျန်းရှောင်ဖန်းက ဤပညာရပ်ကို အနည်းငယ်ကျွမ်းကျင်လာပြီး ပျံသန်းနိုင်လာခဲ့သည။

နေ့စဉ် ကောင်းကင်ယံ၌ ပျံသန်းရခြင်းက သူ့ထံသို့ စိတ်လှုပ်ရှားမှုများကို ယူဆောင်လာပေးလေသည်။

ထိုနေ့တွင် သူတို့ ကုန်းစွန်းတောင်သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြပေသည်။ သူတို့ မြေပြင်သို့ဆင်းသက်လိုက်ပြီး မြင်တွေ့ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

တောင်၏ မိုင်တစ်ရာပတ်လည်အတွင်းတွင် ကျောက်တုံးများသာရှိပြီး သက်ရှိအရိပ်အယောင်ဟူ၍ မရှိပေ။ တိတ်ဆိဆ်ငြိမ်သက်ကာ လူသူကင်းမဲ့လျက်ရှိလေသည်။

အခန်း (၆၄) - လင်းနို့တစ်သောင်း (၂)

နေဝင်ချိန်နီးကပ်နေပြီဖြစ်ရာ နေမင်းမှာ အနောက်တောင်စွယ်ဘက်သို့ ဝင်ရောက်နေချေပြီ။ နေဝင်ချိန်၏ အဝါရောင်ရောင်စဉ်များက ကုန်းစွန်းတောင်ပေါ်သို့ ဖြာကျနေပြီး လူသူကင်းမဲ့ကာ ထိတ်လန့်ဖွယ် ကောင်းနေသည်။

တောင်ခြေသို့ဆင်းသက်လိုက်ပြီး မိမိတို့၏ မှော်ရတနာများကို သိမ်းဆည်းလိုက်ကြ၏။ ချီဟောင်က ကောင်းကင်ကိုကြည့်ကာ ပြောလိုက်လေသည်။

"ဒီမှာ ညအိပ်ဖို့ အိမ်တစ်လုံးမှ ရှာတွေ့နိုင်မယ်မထင်ဘူး။ ငါတို့ တောင်ပေါ်စတက်ပြီး ဝမ်ဖုန်းဂူကို ရှာရင်း ညအိပ်ဖို့ သင့်တော်တဲ့ နေရာတစ်ခုခုကို ရှာကြည့်ကြရင်ကော ဘယ်လိုလဲ"

ကျန်းရှူရှူက ခေါင်းညိတ်ကာ ချီဟောင်၏ စကားကို ထောက်ခံလိုက်သည်။

"စီနီယာအစ်ကိုချီ ပြောတာ မှန်တယ်။ ငါတို့ တောင်ပေါ်ကို သွားကြစို့"

ကျန်းရှူရှူ သဘောတူသည်ကို မြင်သဖြင့် ကျန်းရှောင်ဖန်းကိုယ်တိုင်လည်း မည်သို့မျှ မှတ်ချက်မပေးတော့ချေ။ လုရွှယ်ချီက ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် ဘာမှမပြောဘဲ တောင်ပေါ်သို့ ဦးစွာ ထွက်သွားလေသည်။

ကုန်းစွန်းတောင်မှာ ချင်းယွင်ဂိုဏ်း၏ ရှောင်ကျူးတောင်ထိပ်လောက် မမြင့်သော်လည်း နိမ့်လွန်းသည်တော့ မဟုတ်ချေ။

ထို့အပြင် လမ်းခရီးမှာ အန္တရာယ်များပြီး စွန့်စားရကာ လမ်းရှာရန် ခက်ခဲလှပေသည်။ လူလေးယောက် တောင်ခါးပန်းသို့ ရောက်သောအခါ ကောင်းကင်မှာ မှောင်မိုက်နေပြီဖြစ်သည်။

ညီညာသော မြေပြင်တစ်ခုသို့ ရောက်ရှိသောအခါ ချီဟောင်က အခြားသူများကို တားလိုက်လေသည်။

သူက ကြေးမုံငယ်တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းမှာ ချင်းယွင်ဂိုဏ်း၏ အဖိုးတန်မှော်ရတနာ လျိုဟယ်ကြေးမုံ ဖြစ်ကြောင်း သူတို့ ချက်ချင်းပင် မှတ်မိသွားကြပေသည်။ ချီဟောင် ဘာလုပ်မည်ကို တွေးကာ သူတို့ အံ့အားသင့်သွားကြ၏။

ချီဟောင်က လျိုဟယ်ကြေးမုံကို သူ၏လက်ထဲတွင် ကိုင်ထားလိုက်လေသည်။

သူက မန္တန်အချို့ကို ရွတ်လိုက်ပြီးနောက် မှောင်မိုက်နေသော လျိုဟယ်ကြေးမုံမှာ တုံ့ပြန်လာကာ တောက်ပလာပြီး လေထဲသို့ လွင့်တက်သွားကာ သူ၏ခေါင်းအထက် နှစ်ပေခန့်အကွာတွင် ရပ်တန့်သွားသည်။

အဝါနုရောင်အလင်းတန်းတစ်ခုက ခြောက်ပေပတ်လည်ခန့်ကို လင်းထိန်သွားစေပြီး လူလေးယောက်ကို ကာကွယ်ပေးထားလေသည်။

ချီဟောင်က ပြောလိုက်၏။

"ကုန်းစွန်းတောင်က လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက မိစ္ဆာဂိုဏ်းတွေ စုဝေးခဲ့တဲ့နေရာပဲ။ ဒီတောင်က အရမ်းကိုခြောက်သွေ့ပြီး ထူးဆန်းတယ်”

“ဒီမှာ တစ္ဆေဝိညာဥ်တွေ အများကြီး ပုန်းအောင်းနေနိုင်တယ်။ လျိုဟယ်ကြေးမုံက ပိုင်ရှင်ကို ကာကွယ်ပေးနိုင်တယ်.. ဒါကြောင့် ငါတို့ ပိုပြီးပြင်ဆင်ထားနိုင်မယ်"

လေထဲတွင် မျောလွင့်နေသော လျိုဟယ်ကြေးမုံကို ကျန်းရှောင်ဖန်း ကြည့်လိုက်လေသည်။

ထိုကြေးမုံငယ်လေး၏ ပုံပန်းသဏ္ဍာန်မှာ ထူးခြားမှုမရှိသော်လည်း ကြေးမုံမှထွက်ပေါ်လာသော စွမ်းအားကိုမူ လျှော့တွက်၍ မရနိုင်ချေ။

ထိုအခိုက်အတန့်တွင် သူတို့ ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရပြီးနောက် အတောင်ပံခတ်သံအချို့ကို ကြားလိုက်ရသည်။

ထိုအသံမှာ ပိုမိုပြင်းထန်လာပြီး ပြတ်တောက်သွားခြင်း မရှိတော့ပေ။ ဤတောရိုင်းတောင်ပေါ်တွင် ကျယ်လောင်သောအသံတစ်ခုသာ ထွက်ပေါ်နေလေသည်။

လျိုဟယ်ကြေးမုံ၏ အလင်းရောင်အကူအညီဖြင့် တောင်၏အနောက်ဘက်မှ အနက်ရောင်တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

အမှောင်ထုထဲတွင် ဆိုးယုတ်လှပေသည်။ ကျယ်လောင်သောအသံမှာ ထိုအနက်ရောင်တိမ်တိုက်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

သူတို့၏မျက်နှာများ ပြောင်းလဲသွား၏။ ကျန်းရှူရှူက မျက်လုံးပြူးသွားပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်လေသည်။

"လျိုဟယ်ကြေးမုံ…"

တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ကြီးမားသောအနက်ရောင်တိမ်တိုက်ကြီးမှာ တစ်စုံတစ်ခုကို သတိထားမိသွားပုံရပြီး သူတို့ဘက်သို့ လှည့်လာလေသည်။

ခဏအကြာတွင် နားကွဲမတတ် စူးရှသောအသံတစ်ခု တိမ်တိုက်ထဲမှ ထွက်ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် တိမ်တိုက်ကြီးသည် အမှောင်ထုထဲရှိ တစ်ခုတည်းသော အလင်းရောင်ဆီသို့ ပြေးဝင်လာတော့သည်။

ကြယ်များရှိနေသော ကောင်းကင်မှာ မှောင်မိုက်သွားပြီး တစ်စုံတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသကဲ့သို့ပင်။

ချက်ချင်းဆိုသလိုပင် သူတို့ပတ်ဝန်းကျင်၌ အပုပ်နံ့တစ်ခု ပျံ့နှံ့လာရာ ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ ထိတ်လန့်သွားကြပေသည်။

ချီဟောင်တစ်ယောက်တည်းသာ တည်ငြိမ်စွာ ရှိနေသော်လည်း သူ၏မျက်နှာမှာ ဖြူရော်နေပြီဖြစ်၏။ သူက အလျင်စလို ပြောလိုက်လေသည်။

"မလှုပ်ကြနဲ့။ လျိုဟယ်ကြေးမုံရဲ့ အလင်းအကာအကွယ်ထဲကနေ ထွက်မသွားကြနဲ့"

တစ်မိနစ်ခန့်အကြာတွင် အော်ဟစ်သံမှာ သူတို့၏နားဘေးသို့ ရောက်ရှိနေပြီဖြစ်၏။

လျိုဟယ်ကြေးမုံ၏ အလင်းရောင်အောက်တွင် အမည်းရောင်တိမ်တိုက်ကြီးမှာ မရေမတွက်နိုင်သော အနက်ရောင်လင်းနို့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

၎င်းတို့၏ခန္ဓာကိုယ်များမှာ သာမန်လင်းနို့များထက် နှစ်ဆကျော် ပိုမိုကြီးမားပေသည်။ တစ်ကောင်ချင်းစီက သူတို့၏မေးရိုးများကို ဟဖြဲထားကြ၏။

အနက်ရောင်အလယ်ရှိ ပါးစပ်များမှာ သွေးကဲ့သို့နီရဲနေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းနေချေသည်။

လျိုဟယ်ကြေးမုံ၏ အဝါနုရောင်အလင်းအကာအကွယ်မှာ သိသာထင်ရှားစွာပင် အစွမ်းထက်လှပေသည်။

လင်းနို့များအားလုံး အလင်းအကာအကွယ်အပြင်ဘက်တွင် ပိတ်ဆို့ခံလိုက်ရပြီး သူတို့ မည်မျှပင် ပြင်းပြင်းထန်ထန် ဝင်တိုက်စေကာမူ အလင်းအကာအကွယ်မှာ တုန်ခါသွားခြင်း မရှိချေ။

အလင်းအကာအကွယ်အပြင်ဘက်တွင် လင်းနို့များ၏ခန္ဓာကိုယ်များမှာ အလင်းအကာအကွယ်နှင့် ထိမိသောအခါ တဝီဝီမြည်သံများ ထွက်ပေါ်လာလေသည်။

ထို့နောက် လင်းနို့များမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ရုန်းကန်ပြီးနောက် သေဆုံးသွားကြပေသည်။

သို့သော် လင်းနို့များမှာ များပြားလွန်းလှပေသည်။ ကြယ်များရှိနေသော ကောင်းကင်တစ်ခုလုံးကို လင်းနို့များဖြင့် ဖုံးလွှမ်းသွားတော့သည်။

ဤနေရာတွင် အနည်းဆုံး လင်းနို့သန်းပေါင်းထောင်ချီ ရှိနေနိုင်ပေသည်။ သေဆုံးသွားသော လင်းနို့များမှာ တစ်ရာခိုင်နှုန်းပင် မပြည့်သေးချေ။

မရေမတွက်နိုင်သော လင်းနို့များက တစ်သုတ်ပြီးတစ်သုတ် ဝင်တိုက်နေကြလေသည်။ လူလေးယောက်မှာ အလယ်ဗဟိုတွင် ဝိုင်းရံခံထားရ၏။

သူတို့မှာ အဆင်ပြေသော်လည်း နေရာတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်များကိုသာ မြင်တွေ့နေရပေသည်။ အပုပ်နံ့မှာလည်း အလွန် ရွံရှာဖွယ် ကောင်းလှသည်။

သို့သော် လျိုဟယ်ကြေးမုံမှာ အဖိုးတန်မှော်ရတနာ ဖြစ်နေဆဲပင်။

ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များ၏ တိုက်ခိုက်မှုအောက်တွင် ၎င်းမှာ အားနည်းသွားသည့် လက္ခဏာ တစ်စုံတစ်ရာမှ မရှိချေ။

အလင်းအကာအကွယ်မှာ ပါးလွှာပုံရသော်လည်း တောင်ကြီးတစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်တည်နေလေသည်။

မကြာမီတွင် အလင်းအကာအကွယ်၏ အပြင်ဘက်၌ သေဆုံးနေသော လင်းနို့အလောင်းများမှာ တစ်စထက်တစ်စ ပို၍ မြင့်တက်လာပေသည်။

အလင်းအကာအကွယ်၏ အထက်တွင် အနက်ရောင်လင်းနို့များစွာ ဝိုင်းရံထားကြ၏။ ၎င်းမှာ အလွှာသုံးလွှာမျှသာမဟုတ်ဘဲ အလွှာသုံးရာခန့် ရှိနေပေသည်။

သို့သော် အလင်းအကာအကွယ်အပေါ် တိုက်ခိုက်မှုများမှာ အရှိန်လျော့သွားလေသည်။

၎င်းမှာ အသုံးမဝင်ကြောင်း သူတို့ သဘောပေါက်သွားသော်လည်း လင်းနို့များမှာ သူတို့၏ အရသာရှိသော အစားအစာများကို မရမချင်း ထွက်သွားရန် ဆန္ဒမရှိကြချေ။

ကျန်းရှောင်ဖန်းမှာ ထိုကဲ့သို့ ရိုင်းစိုင်းကြမ်းကြုတ်သော တိရစ္ဆာန်များကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူ အနည်းငယ် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်၏။

လုရွှယ်ချီကို ကြည့်လိုက်သောအခါ သူမ၏မျက်နှာမှာလည်း အလွန်အမင်း ဖြူရော်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် လုရွှယ်ချီက သူ၏အကြည့်များကို ခံစားမိသွား၏။ သူမက ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားကြပေသည်။

လုရွှယ်ချီ ချက်ချင်းပင် တစ်ဖက်သို့ လှည့်သွားပြီး သူမ၏ ဖြူရော်နေသော မျက်နှာမှာ ပို၍ပင် ဖြူဆွတ်သွားကာ နောက်ထပ် ပြန်လှည့်မကြည့်တော့ချေ။

ရုတ်တရက် လင်းနို့များအားလုံး ကောင်းကင်သို့ ပျံတက်သွားကြ၏။ ကျန်းရှူရှူက သူတို့ကိုကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်လေသည်။

"နောက်ဆုံးတော့ ငါတို့….."

သူ စကားဆက်မပြောနိုင်တော့ချေ။ မရေမတွက်နိုင်သော လင်းနို့များမှာ အထက်သို့ ပျံတက်သွားပြီးနောက် လှည့်ကာ လျိုဟယ်ကြေးမုံ၏ အလင်းအကာအကွယ်ဆီသို့ မိုးသီးများကဲ့သို့ ပြုတ်ကျလာကြလေသည်။

သူတို့မှာ လျိုဟယ်ကြေးမုံ၏ အလင်းအကာအကွယ်ကြောင့် နောက်သို့လွင့်စင်သွားပြီး သွေးမြူခိုးများကို ဖြစ်ပေါ်စေ၏။

နူးညံ့သော အဝါရောင်အလင်းတန်းအောက်တွင် သူတို့မှာ မြေပြင်ပေါ်သို့ အပိုင်းပိုင်း ပြုတ်ကျသွားကြပေသည်။

မြေပြင်ပေါ်တွင် သွေးများ စီးကျနေကာ သွေးနံ့များက လေထဲတွင် လွင့်မျောနေလေသည်။ ကြောက်မက်ဖွယ်ကောင်းသော သွေးစက်များစွာက မြေပြင်ပေါ်သို့ ကျဆင်းနေလေသည်။

လင်းနို့များမှာ သေဆုံးသွားသော ရဲဘော်ရဲဘက်များကို လျစ်လျူရှုကာ အလင်းအကာအကွယ်ကို ဆက်လက်ဝင်တိုက်နေကြသည်။

ရှားပါးပြီး ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲများကိုကြည့်ရင်း ချင်းယွင်ဂိုဏ်းမှ လူလေးယောက်လုံး မျက်နှာများမှာ ဖြူရော်နေကြလေသည်။

မကြာမီမှာပင် အလင်းအကာအကွယ်၏ အပြင်ဘက်တွင် လူတစ်ဝက်ခန့်အမြင့်ရှိသော လင်းနို့အလောင်းများ စုပုံလာခဲ့သည်။

ကျန်းရှောင်ဖန်းမှာ သူ၏ အဝတ်အစား ကျောဘက်တွင် ချွေးများရွှဲနစ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

အလင်းအကာအကွယ်၏ အပြင်ဘက်ရှိ လင်းနို့အလောင်းများမှာ လူတစ်ရပ်စာအမြင့်အထိ စုပုံလာသည်အထိ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမှာ အချိန်အတော်ကြာအောင် ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးတွင် လင်းနို့များက သူတို့၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ရပ်တန့်သွားကြလေသည်။

ထိုအချိန်တွင် လျိုဟယ်ကြေးမုံ၏ အလင်းအကာအကွယ်ပင်လျှင် မှေးမှိန်သွားသော်လည်း ည၏အမှောင်ထုအောက်တွင် ပြိုလဲသွားခြင်း မရှိသေးချေ။

အနက်ရောင်တိမ်တိုက်ကြီးမှာ ညအချိန်၌ တစ်ခုတည်းသော အလင်းရောင်ကို ဝိုင်းရံထားဆဲဖြစ်ပြီး ထွက်သွားရန် ဆန္ဒမရှိကြပေ။

လူလေးယောက်မှာ မျက်တောင်ပင်မခတ်ရဲဘဲ သူတို့၏လက်ထဲတွင် မှော်ရတနာများကို ကိုင်ဆောင်ထားကာ သတိအနေအထားဖြင့် ဆက်လက်ရှိနေကြသည်။

ကြီးမားသော လင်းနို့အုပ်ကြီးမှာ အကြံအစည်များ ကုန်ခန်းသွားပုံရလေသည်။ သူတို့က ဝိုင်းရံထားရုံသာ ဝိုင်းရံထားပြီး မည်သည့်တိုက်ခိုက်မှုကိုမျှ မပြုလုပ်ကြတော့ချေ။

၎င်းမှာ အရုဏ်တက်ချိန်အထိ ကြာမြင့်ခဲ့ပေသည်။

နေမင်း၏ ပထမဆုံးအလင်းရောင် ထွက်ပေါ်လာ၏။ ၎င်းမှာ တစ်စုံတစ်ရာက အမိန့်ပေးဆင့်ခေါ်လိုက်သကဲ့သို့ လင်းနို့များအားလုံး ရုတ်တရက် ကောင်းကင်သို့ ပျံတက်သွားကြပြီး ခဏကြာ ဝဲပျံနေပြီးနောက် ယနေ့ညက သူတို့ထွက်လာခဲ့သော နေရာဆီသို့ ပြန်လည်ဦးတည်သွားကြလေသည်။

ခဏပင်မကြာလိုက်ဘဲ မရေမတွက်နိုင်သော လင်းနို့များအားလုံး ပျောက်ကွယ်သွားကြသည်။

ချင်းယွင်ဂိုဏ်းမှ လူလေးယောက်မှာ ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ သို့သော် လင်းနို့များ ပြန်ပေါ်မလာကြောင်း သေချာစေရန် ချီဟောင်က အချိန်အနည်းငယ်ကြာအောင် စောင့်ဆိုင်းပြီးနောက် လျိုဟယ်ကြေးမုံ၏ အလင်းအကာအကွယ်ကို ရုပ်သိမ်းလိုက်လေသည်။

အလင်းအကာအကွယ် ပျောက်ကွယ်သွားပြီးနောက် သူတို့ကို ဝိုင်းရံထားသော လင်းနို့အလောင်းများမှာ ရုတ်တရက် ပြိုကျလာတော့သည်။

လူလေးယောက်မှာ ရွံရှာဖွယ်ကောင်းသော အလောင်းမြစ်ထဲတွင် နစ်မြုပ်သွားကြလေသည်။ ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေပြီး သူ အသက်ရှူရပ်သွားပြီဟုပင် ထင်မှတ်လိုက်မိချေသည်။

တစ်ချိန်တည်းမှာပင် သူ၏အနီးမှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။ လက်တစ်ဖက်က ဆန့်ထွက်လာပြီး သူ၏လက်မောင်းကို ဆွဲကိုင်လိုက်လေသည်။

ထိုအင်အားမှာ အလွန်ပြင်းထန်လှသဖြင့် အဝတ်အစားများ ခံနေသည့်တိုင် လက်သည်းများက သူ၏အသားထဲသို့ စိုက်ဝင်သွားပေသည်။

နာကျင်မှုက သူ၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။ သူ လှည့်ကြည့်လိုက်သောအခါ ထိတ်လန့်နေသော မိန်းမလှလေးကို မြင်တွေ့လိုက်ရလေသည်။

အရုဏ်တက်ချိန်တွင် အနည်းငယ် ထိတ်လန့်နေသော သူမ၏ မျက်နှာလေးက သူ၏နှလုံးသားကို အကြောင်းပြချက်မရှိဘဲ နာကျင်စေခဲ့ပေသည်။

ရုတ်တရက် သူ၏ရင်ထဲရှိ အကြောက်တရားများအားလုံး ပျောက်ကွယ်သွားလေသည်။

စိုးရိမ်ထိတ်လန့်မှုများ ရှိနေသေးသော်လည်း သူ၏အာရုံမှာ လုရွှယ်ချီထံသို့ ရောက်ရှိသွား၏။ သူ၏ရှေ့တွင် ရပ်နေရသဖြင့် သူ နောက်ဆုတ်၍ မရနိုင်တော့ပေသည်။

သူ ရှေ့သို့ တစ်လှမ်းတိုးကာ သူမ၏ရှေ့တွင် ကာကွယ်ရပ်တည်ပေးလိုက်လေသည်။

လုရွှယ်ချီ၏ အသက်ရှူသံများ ဖြည်းညင်းစွာ တည်ငြိမ်သွား၏။ သူမက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်လေသည်။ နှုတ်ခမ်းများ လှုပ်ရှားသွားပေသည်။

သူမက ကျန်းရှောင်ဖန်း၏ မျက်နှာကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက် သူမ၏လက်ကို လွှတ်ပေးလိုက်သည်။

All Chapters