← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅) - ရှေးဟောင်းဂူ (၁)

အချိန်အတော်ကြာမှသာ လူလေးယောက်မှာ လင်းနို့အသေကောင်များကြားမှ ရုန်းထွက်လာနိုင်ခဲ့သည်။ သူတို့သည် အလွန်အရှက်ရဖွယ်အခြေအနေသို့ ရောက်နေကြလေပြီ။

သူတို့၏ ခန္ဓာကိုယ်များတွင် အနီရောင်သွေးပုပ်များ ပေကျံနေပြီး အနံ့အသက်မှာလည်း အလွန်ဆိုးရွားကာ နံစော်နေပေသည်။

ဤလူလေးယောက်မှာ ပုံမှန်အားဖြင့် သန့်ရှင်းသပ်ရပ်စွာနေလေ့ရှိသော ချင်းယွင်ဂိုဏ်းသားများဖြစ်ကြပြီး အထူးသဖြင့် လုရွှယ်ချီအတွက်မူ ဤအခြေအနေသည် သူမကို ဓားဖြင့် သုံးချက်တိတိ ခုတ်ပိုင်းလိုက်သည်ထက်ပင် ပို၍ဆိုးရွားနေချေသည်။

သူတို့သည် ရွံရှာဖွယ်ကောင်းသော ထိုအသေကောင်များနှင့် တတ်နိုင်သမျှ ဝေးဝေးသို့ရောက်ရန် လျင်မြန်စွာ လျှောက်သွားလိုက်ကြ၏။

ထို့နောက် ပြန့်ပြူးသော ကျောက်တုံးတစ်တုံးပေါ်သို့ ရောက်ရှိသွားကြသည်။ လေးယောက်သား သူတို့၏ အဝတ်အစားများကို သန့်စင်ရန် ကြိုးစားကြလေသည်။

သို့သော် ထိုသွေးစွန်းနေသော အရာများနှင့် နံစော်နေသော အနံ့တို့မှာ မည်မျှပင်ကြိုးစား၍ ဖယ်ရှားစေကာမူ ပျောက်ကွယ်မသွားခဲ့ပေ။

အမျိုးသားသုံးယောက်မှာ တော်သေးသော်လည်း လုရွှယ်ချီ၏ အေးစက်သောမျက်နှာလေးမှာ ပုံမှန်ထက်ပင် နှင်းခဲများကဲ့သို့ အေးစက်ခက်ထန်နေချေပြီ။

သူမသည် ထိုရွံရှာဖွယ်အရာများ မပျောက်မချင်း အရှုံးပေးမည်မဟုတ်သည့်အလား သူမ၏ အဝတ်အစားများကို ပြင်းပြင်းထန်ထန် ပွတ်တိုက်နေလေ၏။

ထိုသွေးများမှာ အလွန်စေးကပ်ရာ အလွယ်တကူသန့်စင်၍မရသဖြင့် မကြာမီမှာပင် ချီဟောင်၊ ကျန်းရှူရှူနှင့် ကျန်းရှောင်ဖန်းတို့မှာ လက်လျှော့လိုက်ကြသည်။ သို့ရာတွင် လုရွှယ်ချီကမူ လက်မလျှော့သေးပေ။

အမျိုးသားသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချီဟောင်ပင်လျှင် ဘာပြောရမှန်းမသိအောင် အရှက်ရနေလေသည်။

လူလေးယောက်လုံး တိတ်ဆိတ်နေကြ၏။ လုရွှယ်ချီ မျက်မှောင်ကြုတ်ကာ သူမ၏အဝတ်အစားများကို ပွတ်တိုက်နေဆဲအချိန်တွင် ကောင်းကင်ယံမှ လေတိုးသံတစ်ခု ထွက်ပေါ်လာလေသည်။

သူတို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ အလင်းတန်းလေးခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ နှစ်ခုမှာ အဝါရောင်၊ တစ်ခုမှာ အဖြူရောင်နှင့် အခြားတစ်ခုမှာ အစိမ်းရောင်ဖြစ်သည်။

ခဏအကြာတွင် ထိုအလင်းတန်းများသည် သူတို့ရှေ့သို့ ဆင်းသက်လာကြသည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် လူလေးယောက် ပေါ်လာလေသည်။

ဘယ်ဘက်တွင် ဘုန်းတော်ကြီးနှစ်ပါး ရှိနေပြီး သူတို့ထဲမှ တစ်ပါးမှာ ခန္ဓာကိုယ်ကြီးမားကာ မျက်ခုံးထူထူနှင့် မျက်လုံးပြူးပြူး ရှိလေသည်။

သူ၏ ခန္ဓာကိုယ်သည် ကြွက်သားများဖြင့် ပြည့်နှက်နေပေရာ သင်္ကန်းကိုသာ မဝတ်ဆင်ထားလျှင် ဓားပြတစ်ယောက်ဟု ထင်မှတ်မှားနိုင်ချေရှိသည်။

ရှေ့တွင်ရပ်နေသော ဘုန်းတော်ကြီးငယ်မှာမူ သူ၏အရပ်ထက် ခေါင်းတစ်လုံးစာခန့် ပိုပုလေ၏။ သူသည် လုံးဝကို ကွဲပြားခြားနားလှသည်။

အသားဖြူဖြူနှင့် တောက်ပသော မျက်လုံးများရှိပြီး အဖြူရောင်သင်္ကန်းကို ရုံထားပေသည်။ သူသည် ပိန်ပါးပုံပေါက်သော်လည်း အထင်သေး၍ရမည့်သူမျိုး မဟုတ်ပေ။

ညာဘက်တွင် ရပ်နေသူနှစ်ဦးမှာ လူငယ်ယောကျာ်းလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးဖြစ်၏။ သူတို့သည် ဗောဓိသတ်ဘုရားလောင်း၏ အစေခံလူငယ်လေးနှင့် မိန်းကလေးတို့အလား လိုက်ဖက်သော စုံတွဲတစ်တွဲနှင့် တူနေကြလေသည်။

ထိုလူလေးယောက်သည် ချင်းယွင်ဂိုဏ်းသားများကို ကြည့်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များတွင် သွေးများပေကျံနေသည်ကို မြင်သောအခါ သူတို့ မျက်မှောင်ကြုတ်သွားကြသည်။ ဘုန်းတော်ကြီးငယ်က ပြောလိုက်သည်။

"အမိတ္တဘ... ဒကာလေးတို့လေးယောက်က ချင်းယွင်ဂိုဏ်းကများလား"

ချီဟောင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ချီဟောင်က ရှေ့သို့တစ်လှမ်းတက်ကာ အရိုအသေပေးလိုက်သည်။

"မှန်ပါတယ်... ကျုပ်က ချီဟောင်ပါ။ ဒီက ကိုယ်တော်တို့က..."

ရဟန်းငယ်က ပြုံးကာ ပြောလိုက်၏။

"ဆရာတော်က ထျန်းယင်ကျောင်းတော်က ဖာရှန်းပါ။ သူကတော့ ဂျူနီယာညီ ဖာရှန့်ပါ။ ဟိုနှစ်ယောက်ကတော့ ဖန်ရှန်းတောင်ကြားက လီရွှင်းနဲ့ ယန်ဟုန်တို့ ဖြစ်ကြပါတယ်"

အရပ်ရှည်သော ဖာရှန့်က သူတို့ကို နှုတ်ဆက်လိုက်၏။ သို့သော် လီရွှင်းနှင့် ယန်ဟုန်တို့မှာမူ အတော်လေး မောက်မာပုံရပြီး ခေါင်းကို အနည်းငယ်သာ ညိတ်ပြကြလေသည်။

ချီဟောင်က ခေါင်းညိတ်ပြလိုက်ပြီး ဖန်ရှန်းတောင်ကြားမှ လူများကို လျစ်လျူရှုကာ ဖာရှန်းကို ပြောလိုက်၏။

"အာ... ကျုပ်က ထျန်းယင်ကျောင်းတော်က စီနီယာအစ်ကို ဖာရှန်းရဲ့ နာမည်ကို ကြားဖူးပြီး လေးစားနေတာ ကြာပါပြီ။”

“လမ်းမှန်ကျင့်ကြံသူတွေကြားမှာ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်အဖြစ် ချီးကျူးခံရသူလေ။ ဒီနေ့ လူချင်းတွေ့ရတော့ တကယ်ကို မှန်ကန်နေတာပဲ"

ဖာရှန်းက ပြုံး၍ ပြောလိုက်လေသည်။

"စီနီယာအစ်ကိုချီက အထင်လွဲနေပါပြီ။ ဒီဘုန်းကြီးရဲ့ ပါရမီက ညံ့ဖျင်းလှပါတယ်။ ဆရာတော်ဖူဟုန်ကသာ ဘုန်းဘုန်းကို စွန့်ပစ်မသွားဘဲ လောကကြီးအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ဆောင်နိုင်ဖို့ မန္တန်တွေ သင်ပေးခဲ့လို့သာပါ။ ချင်းယွင်ဂိုဏ်းက စီနီယာအစ်ကိုတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ"

ချီဟောင်က ရယ်မောလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"စီနီယာအစ်ကို ဖာရှန်းက အရမ်းနှိမ့်ချလွန်းနေပါပြီ။ လာပါ... ကျုပ်ရဲ့ ဂျူနီယာညီတွေညီမတွေနဲ့ မိတ်ဆက်ပေးပါရစေ"

ကျန်းရှောင်ဖန်းသည် အကြောင်းရင်းကို မသိသော်လည်း ချီဟောင်က သူ့ကို မိတ်ဆက်ပေးချိန်တွင် ဖာရှန်း၏ မျက်လုံးများ တောက်ပသွားပြီး သူ့ကို ပို၍ အာရုံစိုက်လာသည်ဟု ခံစားလိုက်ရလေသည်။

ထိုအချိန်တွင် လျစ်လျူရှုခံထားရသော လီရွှင်းမှာ မကျေမနပ်ဖြစ်နေလေပြီ။ ချီဟောင် မိတ်ဆက်ပေးမှု အဆုံးသတ်သွားသည့်တိုင်အောင် စောင့်ဆိုင်းပြီးနောက် သူက ရုတ်တရက် အေးစက်စွာ ပြောလိုက်၏။

"စီနီယာအစ်ကိုချီ... ခင်ဗျားတို့ရဲ့ ချင်းယွင်ဂိုဏ်းက လမ်းမှန်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်လေ။ တာအိုကျင့်စဉ်က ဒီလောကမှာ အမြင့်မြတ်ဆုံးပဲ။”

“ဒါပေမဲ့ ဘာလို့ ဒီနေ့ ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ ခင်ဗျားတို့အားလုံး ဘာလို့ ဒီလောက်တောင် အခြေအနေဆိုးနေရတာလဲ"

ချင်းယွင်ဂိုဏ်းသား လေးယောက်၏ မျက်နှာများ ပြောင်းလဲသွားကြ၏။ လီရွှင်း၏ မောက်မာမှုကို မြင်သောအခါ ကျန်းရှောင်ဖန်းသည် သူ့ကို ပို၍ မုန်းတီးသွားလေသည်။

လုရွှယ်ချီသည် သူမ၏ အဝတ်အစားများကို ပွတ်တိုက်နေခြင်းကို ရပ်တန့်လိုက်သည်။

သူမ၏ မျက်လုံးများက ဖန်ရှန်းတောင်ကြားမှ လူနှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက်ပြီး ယန်ဟုန်ဟုခေါ်သော လှပသည့် မိန်းကလေးကိုမူ ပို၍ စူးရဲစွာ စိုက်ကြည့်နေလေသည်။

ချီဟောင်မှာ အနည်းငယ် ဒေါသထွက်သွားသော်လည်း အလွန်မြန်ဆန်စွာပင် စိတ်ကို တည်ငြိမ်စေလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"မရှက်တမ်း ပြောရရင်တော့ ပြီးခဲ့တဲ့ညက ကျုပ်တို့ လင်းနို့ဂူကို ရှာဖွေဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီမှာ ရေတွက်လို့မရနိုင်တဲ့ လင်းနို့တွေ ရှိနေခဲ့လို့ပါ"

ဖာရှန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ဖာရှန့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"အင်း... အဲဒါတွေက လင်းနို့ဂူက တိရစ္ဆာန်တွေပဲ။ ရက်စက်ပြီး ကြမ်းကြုတ်တယ်။ ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းခက်ခဲတယ်"

ချီဟောင်သည် သူ၏ရှေ့ရှိ လူလေးယောက်မှာ လွန်ခဲ့သောရက်အနည်းငယ်ကပင် စော၍ရောက်ရှိနေကြပြီး ထိုနာကျင်ဖွယ်ကောင်းသော သတ္တဝါများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ကျန်းရှူရှူက ရယ်မောလိုက်ပြီး ရှေ့သို့တစ်လှမ်းတက်ကာ ဖာရှန့်ကို ပြုံး၍ ပြောလိုက်၏။

"စီနီယာအစ်ကို ဖာရှန့်... ဒါဆို ခင်ဗျားတို့လည်း အဲဒီသွေးစုပ်ကောင်တွေနဲ့ တွေ့ခဲ့တာပေါ့"

ဖာရှန့်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"မှန်ပါတယ်။ ဒါပေမဲ့ အရေအတွက်က အရမ်းများလွန်းတော့ ကိုယ်တော်တို့လည်း နောက်ဆုတ်ခဲ့ရတယ်"

ကျန်းရှူရှူက အာမေဍိတ်သံပြုလိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။

"အာ... ဘယ်သူ့ကိုမှ မဖုံးကွယ်ဘဲ ပြောရရင်တော့ ပြီးခဲ့တဲ့ညက ကျုပ်တို့လည်း အဲဒီလင်းနို့တွေနဲ့ တွေ့ခဲ့တယ်”

“ ကျုပ်တို့က လူတွေအပေါ် ကျရောက်မယ့် အန္တရာယ်ကို ဖယ်ရှားပေးချင်တာကြောင့် တစ်ရက်လုံး သတ်ဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီးပါပဲ။”

“အဲဒီမိစ္ဆာကောင်တွေကို ဂူထဲ ပြန်မောင်းထုတ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ အခုတော့ ကျုပ်တို့ ခန္ဓာကိုယ်တွေမှာ ညစ်ပေကုန်ပါပြီ။ ကဲ... ရှက်စရာပါပဲဗျာ၊ ရှက်စရာပါပဲ"

သူက လှည့်၍ ချီဟောင်ကို ကြည့်ကာ ပြုံးပြီး အတူတကွ ပြောလိုက်ကြသည်။

"ရှက်စရာပါပဲ... ရှက်စရာပါပဲ"

ဖန်ရှန်းတောင်ကြားမှ လီရွှင်းက လှောင်ပြောင်သည့်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။ ယန်ဟုန်၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သည့်အသွင် ပေါ်လွင်နေလေသည်။

ဖာရှန်းက ပြုံးနေသော်လည်း မည်သည့်စကားမှ မပြောပေ။ ဖာရှန့်၏ မျက်နှာတွင်မူ လေးစားအားကျသည့်အမူအရာ ပေါ်လွင်နေသည်။ ကျန်းရှောင်ဖန်းမှာမူ ဖာရှန့်၏အကြည့်ကြောင့် အံ့အားသင့်သွားရသည်။

ခဏအကြာတွင် ဖာရှန်းက ပြုံးကာ ပြောလိုက်သည်။

"ကုန်းစွန်းတောင်ကို လာရတဲ့ ဒီမစ်ရှင်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းက အကြီးအကဲတွေက ကျွန်တော်တို့ကို လာရောက်လေ့ကျင့်စေချင်တာပါ။”

“အခု အားလုံးလည်း စုံနေကြပြီဆိုပေမဲ့ ချင်းယွင်ဂိုဏ်းက စီနီယာအစ်ကိုတို့က ခရီးပန်းလာကြတော့ တစ်ရက်လောက် အနားယူကြတာပေါ့။ မနက်ဖြန်မနက်ကျမှ လင်းနို့ဂူထဲကို ဝင်ပြီး စုံစမ်းစစ်ဆေးကြတာပေါ့။ ဘယ်လိုသဘောရလဲ"

လီရွှင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

"စီနီယာအစ်ကို ဖာရှန်းပြောတာ မှန်ပါတယ်။ မဟုတ်ရင် ဂူထဲရောက်တဲ့အခါကျမှ တစ်ယောက်ယောက်က တခြားဆင်ခြေတွေ ပေးနေဦးမယ်"

ကျန်းရှောင်ဖန်းမှလွဲ၍ ချင်းယွင်ဂိုဏ်းမှ ချီဟောင်၊ ကျန်းရှူရှူနှင့် လုရွှယ်ချီတို့မှာ သူတို့၏ သက်ဆိုင်ရာတောင်ထိပ်များမှ ဆရာများ၏ အလိုလိုက်ခြင်းကို ခံခဲ့ရသူများဖြစ်ကြသည်။

မည်သူက သူတို့၏ အရိုးထဲတွင် မောက်မာမှုအနည်းငယ်မျှ မရှိဘဲ နေမည်နည်း။ ချီဟောင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"စီနီယာအစ်ကို လီရွှင်းပြောတာ မှန်ပါတယ်။ မဟုတ်ရင် ကျုပ်တို့အားလုံး ပင်ပန်းနေတော့ ခင်ဗျားတို့ကို ကယ်တင်ဖို့ ခွန်အားရှိမှာ မဟုတ်ဘူး"

ချင်းယွင်ဂိုဏ်းမှ လူများကလည်း ဤမျှ မောက်မာလိမ့်မည်ဟု လီရွှင်း မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားလှပေသည်။ သူသည် ဖန်ရှန်းတောင်ကြားမှ လာသူဖြစ်ပြီး ငယ်စဉ်ကတည်းက ဆရာ၏ အချစ်တော်ဖြစ်ခဲ့သည်။

သူ၏အသက်အရွယ်ရှိ တပည့်များထဲတွင် သူ၏ကျင့်ကြံမှုကို ယှဉ်နိုင်သူမှာ မများလှပေ။ သူသည် မောက်မာစွာ ကြီးပြင်းလာခဲ့သူဖြစ်ရာ ဤအရာကို မည်သို့ သည်းခံနိုင်မည်နည်း။ သူက ချီဟောင်ကို စိုက်ကြည့်လိုက်လေသည်။

"ဒါဆို စီနီယာအစ်ကိုချီရဲ့ ကျင့်ကြံမှုက ကျုပ်ထက် အများကြီး ပိုသာနေတယ်ဆိုတဲ့ သဘောပေါ့။ ကျုပ်ကိုယ်တိုင် စမ်းသပ်ကြည့်ချင်ပါသေးတယ်"

ဤသည်မှာ ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက် ဖြစ်ပေသည်။ ချီဟောင် ရှေ့သို့တက်ရန် ပြင်လိုက်ချိန်မှာပင် လုရွှယ်ချီက နောက်မှထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"စီနီယာအစ်ကိုချီ ဒီကိစ္စအတွက် ပင်ပန်းခံနေစရာ မလိုပါဘူး။ ဖန်ရှန်းတောင်ကြားရဲ့ ပညာရပ်ကို ကျွန်မကို စမ်းသပ်ခွင့်ပြုပါ"

လီရွှင်း ရုတ်တရက် အံ့အားသင့်သွားချေသည်။ လုရွှယ်ချီ၏ ခန္ဓာကိုယ်တွင် သွေးကွက်များ ပေကျံနေသော်လည်း နှိုင်းယှဉ်ကြည့်ပါက သူမ၏ အသားအရေမှာ ယခင်ကထက် ပိုမိုဖြူဝင်းနေလေသည်။

အမူအရာမှာ အေးစက်နေသော်လည်း နတ်မိမယ်လေးတစ်ပါးကဲ့သို့ လှပလွန်းလှပေသည်။ သူသည် ဤမျှ ပြိုင်ဘက်ကင်းသော အလှတရားမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ရာ မှင်သက်သွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ဖာရှန်းက ရှေ့သို့တက်လာပြီး ပြုံးကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုတို့... ကျွန်တော်တို့ ဒီကိုလာတာ နတ်ဆိုးဂိုဏ်းက ကျန်ရစ်သူတွေကို စုံစမ်းဖို့ပါ။ မထွက်ခွာခင်မှာ ခင်ဗျားတို့ရဲ့ ဆရာတွေက သတိပေးခဲ့ပြီးလောက်ပြီ ဖြစ်မှာပါ။”

“အခုလို အကြမ်းဖက်ပြီး ဖြေရှင်းနေကြတာကို ဆရာတို့ သိသွားရင် ပြန်ရောက်တဲ့အခါ အပြစ်ပေးခံရလိမ့်မယ်။ ဒါက မလိုအပ်ပါဘူး။ အားလုံး တစ်လှမ်းစီ ဆုတ်ပေးလိုက်ရင်ရော ဘယ်လိုလဲ"

လီရွှင်းက နှာခေါင်းရှုံ့ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ ဘာမှမပြောသော်လည်း အဓိပ္ပာယ်မှာ ထင်ရှားနေလေသည်။

ချီဟောင်သည် တာအိုရွှမ်၏ သတိပေးစကားကို သတိရသွားသည်။ သူ အနည်းငယ် နောင်တရသွားပြီး ဤသည်မှာ ရှောင်ထွက်ရန် အခွင့်အရေးဖြစ်သဖြင့် သူက ပြောလိုက်လေသည်။

"ညီမလု... စီနီယာအစ်ကိုဖာရှန်း ပြောတာ မှန်တယ်။ ညီညွတ်မှုက အရေးကြီးတယ်"

လုရွှယ်ချီက လူတိုင်းကို ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်၏။ သူမ နောက်ဆုတ်သွားချိန်တွင် ကျန်းရှောင်ဖန်းက သူမကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူမ၏ မျက်လုံးများက ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်သို့ ဝေ့ကြည့်လိုက်ပြီးနောက် ဘေးတစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေလေတော့သည်။

အခန်း (၆၆) - ရှေးဟောင်းဂူ (၂)

လုရွှယ်ချီ၏ ကြည့်ရှုခြင်းကို ခံလိုက်ရပြီးနောက် ကျန်းရှောင်ဖန်းသည် သူ၏ နှလုံးသားထဲမှ အေးစက်မှုကို ခံစားလိုက်ရသည်။

ထို့နောက် ဖာရှန်းက ပြောလိုက်သည်။

"ကိုယ်တော်တို့ ဒီကနေ အရင်သွားကြမယ်။ ပြီးတော့ မနက်ဖြန်မှ ပြန်လာပြီး စုံစမ်းစစ်ဆေးကြတာပေါ့"

မည်သူမျှ မှတ်ချက်မပေးကြတော့ပေ။ သူတို့သည် ဖာရှန်းနောက်သို့ လိုက်သွားကြရာ ကုန်းစွန်းတောင်နှင့် မိုင်သုံးဆယ်အကွာရှိ တောင်ကုန်းငယ်တစ်ခုသို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် ကြည်လင်သော စမ်းရေပေါက်တစ်ခု ရှိလေသည်။ ဤသည်မှာ ချင်းယွင်ဂိုဏ်းသားများ လိုအပ်နေသောအရာပင် ဖြစ်သည်။

သူတို့ ရေဆေးကြောလိုက်ကြပြီး အဝတ်အစားလဲရန် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေလိုက်ကြ၏။ ထို့နောက် ထွက်လာခဲ့ကြပြီး ဖာရှန်းတို့နှင့် ပြန်လည်ဆုံတွေ့ကြလေသည်။

လုရွှယ်ချီသည် မိန်းကလေးတစ်ဦးဖြစ်ပေသည်။ သူမသည် အဝတ်အစားလဲရန် အဝေးဆုံးနေရာကို ရွေးချယ်ခဲ့သဖြင့် နောက်ဆုံးမှ ထွက်လာသူဖြစ်၏။

ရေချိုးသန့်စင်ပြီးနောက် သူမ၏ လှပသော မျက်နှာလေးမှာ ပို၍ ဆွဲဆောင်မှုရှိနေချေပြီ။ ကျန်းရှူရှူ၊ လီရွှင်းနှင့် အခြားသူများ၏ မျက်လုံးများ တောက်ပသွားကြပြီး အေးဆေးတည်ငြိမ်သော ယန်ဟုန်ပင်လျှင် သူမကို ငေးကြည့်နေမိလေသည်။

လမ်းမှန်ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတော်ဆုံး တပည့်ရှစ်ဦးတို့သည် မြေပြင်ပေါ်တွင် စက်ဝိုင်းပုံစံ ထိုင်နေကြသည်။

ဖာရှန်းနှင့် အခြားသူများထံမှတဆင့် ကျန်းရှောင်ဖန်းသည် လင်းနို့ဂူမှ လင်းနို့များကို နတ်ဆိုးဂိုဏ်းသားများက ယဉ်ပါးအောင် သွေးဆောင်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

၎င်းတို့သည် နတ်ဆိုးဂိုဏ်း၏ မိစ္ဆာအလုပ်များကို ကူညီပေးခဲ့ကြပြီး လွန်ခဲ့သော နှစ်ရှစ်ရာခန့်က နတ်ဆိုးဂိုဏ်း၏ ပုန်းအောင်းရာနေရာ ဖျက်ဆီးခံရချိန်တွင် လင်းနို့အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

အချိန်ကြာမြင့်လာသောအခါ ၎င်းတို့၏ အရေအတွက်မှာ ယနေ့ခေတ်ပမာဏအထိ တိုးပွားလာခဲ့ပေသည်။

၎င်းတို့သည် နေ့စဉ် အပြင်ထွက်ကာ အမဲလိုက်လေ့ရှိပြီး မိုင်ငါးရာပတ်လည်အတွင်းရှိ နေရာများကို သက်ရှိကင်းမဲ့သော နေရာများအဖြစ်သို့ ပြောင်းလဲပစ်ခဲ့ကြသည်။

သို့သော် ထိုလင်းနို့များသည် နေရောင်ခြည်ကို ကြောက်ရွံ့သဖြင့် ညဘက်တွင်သာ လှုပ်ရှားကြပြီး နေ့ခင်းဘက်တွင် ဂူထဲ၌ အနားယူကြပေသည်။

ပြီးခဲ့သောညက ချင်းယွင်ဂိုဏ်းသားများမှာ အဆိုပါ လင်းနို့များနှင့် အမှတ်မထင် ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး နေ့လယ်ဘက် တောင်ပေါ်သို့ သွားမည်ဆိုပါက ဘေးအန္တရာယ်ကင်းနိုင်ခြေရှိသည်။

ကျန်းရှူရှူသည် မျက်မှောင်ကြုတ်ကာ ဖာရှန်းအား မေးလိုက်သည်။

"စီနီယာအစ်ကိုဖာရှန်း... လင်းနို့ဂူထဲမှာ အဲဒီတိရစ္ဆာန်တွေ ရှိနေတာကို ကျွန်တော်တို့ ဘယ်လိုလုပ် အထဲဝင်ရမှာလဲ"

ဖာရှန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်လေသည်။

" ဒီရက်ပိုင်းအတွင်း စုံစမ်းရသလောက်တော့ အဲဒီသတ္တဝါတွေက မနက်ပိုင်းဆို ဂူနံရံမှာ ဇောက်ထိုးတွဲလောင်းခိုနေတတ်ပြီး ဘာမှမလုပ်ကြဘူးဆိုတော့ အထဲကိုဝင်လို့ရနိုင်လောက်ပါတယ်"

ကျန်းရှူရှူမှာ စကားမပြောနိုင်တော့ပေ။ ကျန်းရှောင်ဖန်းလည်း မနေနိုင်ဘဲ မေးလိုက်သည်။

"ဒါဆို စီနီယာအစ်ကိုဖာရှန်းက သေချာမသိဘူးဆိုတဲ့ သဘောပေါ့။ ကျွန်တော်တို့ အထဲရောက်သွားတဲ့အချိန် သူတို့က တိုက်ခိုက်လာရင် ဘယ်လိုလုပ်ကြမလဲ"

ဖာရှန်းက သူ့ဘက်သို့ လှည့်လာ၏။ သူ၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခု တောက်ပနေသကဲ့သို့ ရှိသော်လည်း သူ၏ အမူအရာမှာ နူးညံ့နေဆဲပင် ဖြစ်သည်။

"မှန်ပါတယ်…ဒီဘုန်းကြီးလည်း ဒါနဲ့ပတ်သက်ပြီး သိပ်တော့ သေချာမသိပါဘူး။ ဒါပေမဲ့ ဆရာတွေက ကိုယ်တော်တို့ကို လုပ်ခိုင်းထားတော့ လုပ်ရမှာပေါ့။”

“အဲဒီကိုသွားပြီး ကြိုးစားကြည့်ရမယ်။ တကယ်လို့ အဲဒီလိုဖြစ်လာခဲ့ရင်လည်း နောက်ဆုတ်လို့ရပါတယ်။ ဒီနေ့ ကျွန်တော်ရယ်၊ ဂျူနီယာညီ ဖာရှန့်ရယ်၊ ပြီးတော့ ဖန်ရှန်းတောင်ကြားက ဒကာနှစ်ယောက်ရယ် ဂူထဲဝင်ဖို့ စီစဉ်ထားကြတာပါ။”

“ခင်ဗျားတို့နဲ့ တွေ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒီလိုဆိုတော့ ပိုတောင်ကောင်းသေးတယ်။ လူများရင် ပိုအကူအညီရတာပေါ့"

"ဟမ့်"

လီရွှင်းက ထပ်မံ၍ နှာခေါင်းရှုံ့လိုက်၏။ ချင်းယွင်ဂိုဏ်းသား လေးယောက်က သူ့ကို ကြည့်လိုက်ကြသည်။

လီရွှင်းက မကြောက်ရွံ့သော်လည်း လုရွှယ်ချီက သူ့ကို ကြည့်လိုက်သောအခါ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။

ချီဟောင်က သူ့ကို လျစ်လျူရှုကာ ဖာရှန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

"စီနီယာအစ်ကို ဖာရှန်းကို ကျုပ်မေးစရာတစ်ခု ရှိသေးတယ်"

ဖာရှန်းက ပြောလိုက်သည်။

"စီနီယာအစ်ကိုချီ ပြောပါ"

ချီဟောင်က မေးလိုက်၏။

"လွန်ခဲ့တဲ့ သုံးလက ကျွန်တော်တို့ ချင်းယွင်ဂိုဏ်းရဲ့ တပည့်ဖြစ်တဲ့ စီနီယာအစ်ကို ရှောင်ယီချိုင် ဒီကို ရောက်နေခဲ့ပြီ။ သူ အခုဘယ်မှာရှိနေလဲဆိုတာ ဆရာတော်တို့များ သိကြလား"

ဖာရှန်းက ခေါင်းခါလိုက်လေသည်။

"ဖန်ရှန်းတောင်ကြားက နှစ်ယောက်နဲ့ ကိုယ်တော်တို့က ဒီကို အတူတူ ရောက်လာကြတာပါ။ စီနီယာအစ်ကိုရှောင်ကို တစ်ခါမှ မတွေ့ဖူးပါဘူး"

ချီဟောင်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေလေ၏။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ကျန်းရှောင်ဖန်းနှင့် အခြားသူများသည် ကုန်းစွန်းတောင်သို့ ရောက်ရှိလာကြသည်။

တောင်တန်းမှာ သက်ရှိကင်းမဲ့နေပြီး မြေပြင်ပေါ်တွင် သဲများ အပြည့်ရှိနေ၏။ ငှက်အော်သံ တစ်သံမျှပင် မကြားရပေ။ ၎င်းတို့သည် လင်းနို့များ၏ အချိုပွဲ ဖြစ်သွားကြသည် သို့မဟုတ် တောင်ပေါ်မှ ပြောင်းရွှေ့သွားကြပြီ ဖြစ်နိုင်ပေသည်။

ဖာရှန်းနှင့် အခြားသူများသည် ဤနေရာသို့ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ရောက်ရှိနေခဲ့ကြသဖြင့် လင်းနို့ဂူ၏ တည်နေရာကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်လေသည်။ သူတို့သည် ဖာရှန်းနောက်သို့ လိုက်သွားကြပြီး လင်းနို့ဂူ၏ အဝင်ဝသို့ ဂရုတစိုက် ရောက်ရှိသွားကြ၏။

၎င်းမှာ တောင်၏ အနောက်ဘက်တွင် တည်ရှိသော ဂူကြီးတစ်ခု ဖြစ်ပေသည်။ အောက်ဘက်သို့ အနည်းငယ် မတ်စောက်နေလေသည်။

အဝင်ဝတွင်သာ အလင်းရောင် အနည်းငယ်ရှိပြီး အထဲတွင်မူ လုံးဝမှောင်မိုက်နေလေသည်။ ပေခြောက်ဆယ်အကွာတွင် ရပ်နေလျှင်ပင် ဂူထဲမှ ထွက်ပေါ်လာသော အေးခဲနေသည့် လေပြင်းများကို သူတို့ ခံစားနိုင်ကြသည်။

တီးတိုးပြောသံများ၊ သရဲတစ္ဆေများ ငိုကြွေးနေသံများကဲ့သို့သော အသံအချို့လည်း ထွက်ပေါ်နေပေသည်။

ချီဟောင်က ဂူကို ကြည့်လိုက်ပြီးနောက် လှည့်ကာ မျက်နှာပေါ်တွင် အတင်းအကျပ် ပြုံးပြရင်း ပြောလိုက်၏။

"ကျွန်တော်တို့ အထဲဝင်ကြရအောင်"

ဖာရှန်းက ခေါင်းညိတ်လိုက်လေသည်။

"မှန်ပါတယ်။ ဒါပေမဲ့ ဂူထဲမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ ရှိနိုင်လို့ ကိုယ်တော်တို့ရဲ့ မှော်လက်နက်တွေကို အရင်ဆုံး အသင့်ပြင်ထားတာ ပိုကောင်းမယ်"

ဤသည်မှာ အသက်နှင့် သေရေးရှင်ရေး ကိစ္စဖြစ်သဖြင့် သူတို့သည် သူတို့၏ မှော်လက်နက်များကို လျင်မြန်စွာ ထုတ်ယူလိုက်ကြသည်။

ကျန်းရှောင်ဖန်းက သူ၏ ဝိညာဉ်ဝါးမျိုတုတ်ကို ထုတ်ယူလိုက်သောအခါ လီရွှင်း၊ ယန်ဟုန်နှင့် ထျန်းယင်ကျောင်းတော်မှ ဘုန်းတော်ကြီးနှစ်ပါးတို့မှာ မှင်သက်သွားကြသည်။

ကျန်းရှောင်ဖန်းမှာ မျက်နှာရဲတက်သွားပြီး အတော်လေး အရှက်ရသွားလေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် လုရွှယ်ချီက ထျန်းယာဓား၏ အပြာရောင်အလင်းတန်းအောက်မှနေ၍ အေးစက်စွာ ပြောလိုက်၏။

"သွားကြမယ်"

ထို့နောက် မှောင်မိုက်နေသော ဂူထဲသို့ ပထမဆုံး ဝင်သွားလေတော့သည်။ အခြားသူများလည်း နောက်မှ လိုက်ပါသွားကြလေသည်။

သူ အထဲသို့ ဝင်ရန် ပြင်လိုက်ချိန် ဖာရှန်းက သူ၏အနီးသို့ တမင်တကာ တိုးကပ်လာသည်ကို ကျန်းရှောင်ဖန်း ခံစားလိုက်ရသည်။

သူက ပြုံးပြလိုက်ရာ ဖာရှန်းကလည်း အပြန်အလှန် ပြုံးပြပြီး တိုးတိုးလေး ပြောလိုက်၏။

"ဂျူနီယာညီလေးကျန်း... ရှေ့ဆက်ရမယ့်လမ်းက အန္တရာယ်များတယ်။ ကျုပ်နောက်ကနေ အနီးကပ် လိုက်လာဖို့ လိုမယ်နော်"

ကျန်းရှောင်ဖန်း အံ့အားသင့်သွားချေသည်။ သို့သော် ဖာရှန်းမှာ အမှောင်ထုထဲသို့ ဝင်ရောက်သွားလေပြီ။ သူသည် အခြားအရာများကို စဉ်းစားရန် အချိန်မရှိတော့သဖြင့် လျင်မြန်စွာပင် နောက်မှ လိုက်သွားလေတော့သည်။

ဂူထဲသို့ ခြေလှမ်းအနည်းငယ် ဝင်ပြီးနောက် ကျန်းရှောင်ဖန်းသည် သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ နူးညံ့သွားပြီး သူ၏ တစ်ကိုယ်လုံး နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ အံ့အားသင့်သွားသော်လည်း ကံကောင်းစွာဖြင့် ခြေကျင်းဝတ်အမြင့်လောက်တွင် ရပ်တန့်သွားလေသည်။ သူတို့သည် အမှောင်ထု၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

သို့သော် မှော်လက်နက်များ၏ အလင်းရောင်ဖြင့် ကျန်းရှောင်ဖန်း အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။ သူသည် အလွန်ထူထဲလှသော လင်းနို့ချေးများပေါ်တွင် ရပ်နေရကြောင်း သိလိုက်ရသည်။

နံစော်နေသော အနံ့ဆိုးက လုံလောက်နေပြီဖြစ်သော်လည်း ထိုအထဲသို့ ခြေထောက်နစ်ဝင်သွားခြင်းကမူ အဆိုးရွားဆုံးပင် ဖြစ်ပေသည်။

အခြားသူများ၏ မျက်နှာအမူအရာများမှာလည်း ထိုနည်းတူပင် ဖြစ်သည်ကို သူ မြင်လိုက်ရသည်။

အထူးသဖြင့် မိန်းကလေးနှစ်ဦးဖြစ်သော လုရွှယ်ချီနှင့် ယန်ဟုန်တို့မှာ မျက်မှောင်ကြုတ်ထားကြပြီး သူတို့၏ မျက်နှာများမှာ ဖြူရော်နေလေသည်။

ကျန်းရှောင်ဖန်းက ခေါင်းခါလိုက်ပြီး သူ၏ စိတ်ကို အတင်းအကျပ် တည်ငြိမ်စေလိုက်သည်။ သူတို့ ပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်သွားပြီးနောက် ရှေ့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တီးတိုးပြောနေသကဲ့သို့ အသံများမှာ ပိုမိုကျယ်လောင်လာလေသည်။ ထိုအသံများသည် နေရာတိုင်းတွင် ရှိနေပေသည်။

သူတို့သည် အခြား ပေလေးဆယ်ခန့် လျှောက်သွားပြီးနောက် ရုတ်တရက် ချီဟောင်က တိုးတိုးလေး ပြောလိုက်၏။

"ရပ်"

လူတိုင်း ချက်ချင်း ရပ်တန့်လိုက်ကြသည်။ ချီဟောင်၏ ဟန်ပင်းဓားမှာ ဖြည်းညင်းစွာ မြင့်တက်လာပြီး ရှေ့ရှိ ဂူကို အလင်းရောင်ပေးလိုက်လေသည်။ လူတိုင်း အသက်အောင့်ထားလိုက်ကြ၏။

၎င်းမှာ အလွန်ကြီးမားသော ဂူကြီးတစ်ခု ဖြစ်ပေသည်။ အမိုးမှာ မြေပြင်နှင့် အလွန်ဝေးကွာလှ၏။

ဟန်ပင်းဓား၏ အဖြူရောင်အလင်းတန်းအောက်တွင် ဂူ၏ အပေါ်ဘက်၌ မရေမတွက်နိုင်သော လင်းနို့များ ဇောက်ထိုးတွဲလောင်း ခိုနေကြသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

လင်းနို့များမှာ အလွန်သိပ်သည်းစွာ ပြည့်ကျပ်နေသဖြင့် ဂူ၏ ကျောက်သားများကိုပင် မမြင်နိုင်ကြချေ။ သရဲတစ္ဆေများ ငိုကြွေးသံမှာ ထိုလင်းနို့များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပုံရပေသည်။

လင်းနို့များသည် အလင်းရောင် ထင်ဟပ်လာသောအခါ သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရ၏။ ၎င်းတို့သည် လှုပ်ရှားသွားကြသော်လည်း ပျံသန်းမသွားကြပေ။

၎င်းတို့သည် အမှောင်ထုဆီသို့ တွယ်တက်သွားကြသည်။ အချို့မှာမူ သူတို့၏ အဖော်များအပေါ်သို့ တွယ်တက်သွားကြ၏။ ထိုသတ္တဝါများ၏ ကြီးမားလှသော မေးရိုးကြီးများမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သူတို့ အသက်အောင့်ထားလိုက်ကြသည်။ အချိန်အနည်းငယ် ကြာပြီးနောက် လင်းနို့များသည် သိပ်လှုပ်ရှားမှုမရှိသလို တိုက်ခိုက်မည့်ပုံလည်း မပေါ်ကြောင်း သတိပြုမိလိုက်ကြ၏။

ထိုအခါမှသာလူတိုင်း သက်ပြင်းချနိုင်သွားကြသည်။ ဖာရှန်းက တိုးတိုးလေး ပြောလိုက်လေသည်။

"ကံကောင်းတာက ငါ့ရဲ့ ခန့်မှန်းချက် မှန်သွားတာပဲ။ အားလုံး ဆက်သွားကြစို့"

သူတို့သည် လှည့်၍ ကြောက်မက်ဖွယ်ကောင်းသော ဂူထဲသို့ ဆက်လက်ဝင်ရောက်သွားကြပြီး အမှောင်ထုထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။

သူတို့ ရှေ့ဆက်သွားသည်နှင့်အမျှ မြေပြင်ပေါ်ရှိ လင်းနို့ချေးများမှာ ပို၍ပို၍ ထူထဲလာလေသည်။ ဟန်ပင်းဓား၏ အလင်းရောင်အောက်တွင် ဂူထဲရှိ လင်းနို့များမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။

လင်းနို့များ၏ တီးတိုးအသံများက သူတို့၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။ သူတို့ရှစ်ယောက်လုံးမှာ ကျင့်ကြံသူများဖြစ်ပြီး စိတ်ဓာတ်ခိုင်မာသူများ မဟုတ်ပါက သာမန်လူများဆိုလျှင် ရူးသွပ်သွားလောက်ပေပြီ။

သူတို့ လျှောက်ရင်း လျှောက်ရင်းနှင့် သွားနေကြသည်။ ကျန်းရှောင်ဖန်းကမူ အလယ်တွင် ရှိနေပြီး ဖာရှန်းကမူ သူ၏ရှေ့တွင် အမြဲလျှောက်နေလေသည်။

ဘုန်းတော်ကြီးငယ်၏ အဖြူရောင်သင်္ကန်းပေါ်တွင်လည်း အညစ်အကြေးအချို့ ပေကျံနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ကျန်းရှောင်ဖန်းသည် ဖူကျစ်ကို ရုတ်တရက် သတိရသွားချေသည်။

သူ၏ မှတ်ဉာဏ်ထဲတွင် ရှင်သန်နေသော ထိုလူသည် သူ၏ရှေ့ရှိ ဘုန်းတော်ကြီးနှင့် တူညီသော နေရာမှ လာသူများ ဖြစ်နေမည်လော။

ရှေ့ဆုံးမှနေ၍ ချီဟောင်က ရုတ်တရက် အော်လိုက်၏။

"အာ..."

ကျန်းရှောင်ဖန်း သတိမထားမိလိုက်ခင်မှာပင် သူ၏ခြေထောက်များက မာကျောသော မြေပြင်ပေါ်သို့ နင်းမိသွားသည်ကို ခံစားလိုက်ရလေသည်။

All Chapters