အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း (၆၇) - မိစ္ဆာလမ်းစဉ် (၁)
ဖာရှန်းသည် ဂါထာတစ်ပုဒ်ကို တိုးတိုးရွတ်ဆိုလိုက်၏။ ထို့နောက် သူ၏လက်ဖဝါးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် ပုလဲလုံးတစ်လုံး ထွက်ပေါ်လာလေသည်။
ကနဦးတွင် ထိုအလင်းရောင်သည် ဖာရှန်းအနီး၌သာ ရှိနေသော်လည်း သူ၏ထိန်းချုပ်မှုအောက်တွင် ပုလဲလုံးလေးမှာ ချက်ချင်းပင် လင်းလက်သွားပြီး ရွှေရောင်အလင်းတန်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလေသည်။
အဆိုပါ ရွှေရောင်အလင်းတန်းသည် အသံမကြားရမီပင် ကျန်းရှောင်ဖန်းကို ဖြတ်ကျော်သွားလေသည်။
လူတိုင်း၏ မျက်နှာများထက်တွင် ရွှေရောင်အလင်းများ ဖြာကျသွား၏။ တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်နှလုံးများလည်း ပေါ့ပါးသွားကာ စိုးရိမ်ပူပန်မှုများလည်း ပြေလျော့သွားလေသည်။
မူလက အမှောင်ထုဖုံးလွှမ်းနေသော လိုဏ်ဂူမှာ ချက်ချင်းပင် နေ့လယ်ခင်းကဲ့သို့ လင်းထိန်သွားသည်။ အကယ်၍ လင်းနို့များသာ မရှိပါက ဤနေရာကို ဗုဒ္ဓဘာသာဝင်တို့၏ မြင့်မြတ်သောနေရာဟုပင် ထင်မှတ်သွားနိုင်သည်။
မာနကြီးသော လီရွှင်းပင်လျှင် အံ့ဩသွားကာ ရေရွတ်လိုက်၏။
"ကံကြမ္မာပုလဲပဲ…"
ဖာရှန်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"စီနီယာအကိုလီက မျက်စိရှင်တာပဲ"
ဖာရှန်းအပေါ်ထားရှိသည့် လီရွှင်း၏ အမူအရာမှာ လေးစားမှုများ ပြည့်နှက်သွားပြီးနောက် ပြန်လည်တုံ့ပြန်လိုက်၏။
"မဟုတ်ပါဘူး ဆရာတော်ဖာရှန်းရဲ့ ကျင့်ကြံမှုကသာ မြင့်မားလွန်းနေတာပါ"
ကံကြမ္မာပုလဲ၏ အလင်းရောင်ကြောင့် ကျန်းရှောင်ဖန်းသည် သူတို့ သန့်ရှင်းသော မြေပြင်ပေါ်တွင် ရှိနေကြောင်း မြင်တွေ့လိုက်ရလေသည်။
သူက ခေါင်းကိုမော့ကြည့်လိုက်ရာ လင်းနို့များ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသော်လည်း ထူးဆန်းသော အသံများကတော့ သူ၏ နားထဲတွင် ရှိနေဆဲပင်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏အနောက်ဘက် လိုဏ်ဂူမျက်နှာကြက်တွင် မရေမတွက်နိုင်သော လင်းနို့များ တွဲလောင်းခိုနေကြောင်းကို သတိထားမိလိုက်သည်။
သို့သော် ကျန်းရှောင်ဖန်းနှင့် အခြားသူများ ရပ်နေသည့် မြေပြင်အထက်ရှိ လိုဏ်ဂူနံရံတွင် အနီရောင်မျဉ်းတစ်ကြောင်း ရှိနေလေသည်။ ၎င်းမှာ ကျောက်တုံးများ၏ သွေးကြောတစ်ခုနှင့်ပင် တူနေပေသည်။
ထိုအနီရောင်မျဉ်းသည် နယ်နိမိတ်တစ်ခုသဖွယ် ဖြစ်နေကာ အပြင်ဘက်တွင်မူ လင်းနို့များစွာ ရှိနေသော်လည်း မည်သည့်လင်းနို့မျှ ထိုမျဉ်းကို ဖြတ်မကျော်ရဲကြပေ။ ထို့ပြင် မြေပြင်ပေါ်တွင်လည်း လင်းနို့ချေးများ မရှိတော့ချေ။
ဖာရှန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် သတိပေးလိုက်လေသည်။
"ဒီနေရာက သိပ်ကို ထူးဆန်းတယ် အားလုံး သတိထားကြပါ"
နောက်ဆုံးတွင် သူတို့သည် သန့်ရှင်းသော မြေပြင်ပေါ်သို့ ခြေချနိုင်သွားကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် သူတို့၏ ပထမဆုံးလုပ်ရပ်မှာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ခြင်းပင် ဖြစ်သည်။
ကျန်းရှူရှူက ဖိနပ်ကိုချွတ်ကာ ရွံရှာဖွယ်ကောင်းသော အရာများကို သွန်ချလိုက်ပြီးနောက် ကျန်းရှောင်ဖန်းအား ပြောလိုက်လေသည်။
"ငါ့တစ်သက်နဲ့တစ်ကိုယ် သန့်ရှင်းတဲ့ မြေပြင်ပေါ် လမ်းလျှောက်ရတာ ဒီလောက်တောင် သက်တောင့်သက်သာရှိမှန်း အခုမှပဲ နားလည်တော့တယ်"
ကျန်းရှောင်ဖန်းက ပြုံးလိုက်ကာ အဝတ်အစားများကို အမြန်ပင် သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။
ထိုအခါမှသာ သူ့စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားလေသည်။ ခဏအကြာတွင် လူတိုင်း အဆင်သင့်ဖြစ်နေသည်ကို ချီဟောင် မြင်သွားပြီးနောက် စကားဆိုလိုက်သည်။
"သွားကြစို့"
ထို့နောက် သူသည် လိုဏ်ဂူ၏ ပို၍နက်ရှိုင်းသော နေရာသို့ ဆက်လျှောက်သွားလေသည်။
အားလုံးကလည်း နောက်မှ လိုက်သွားကြသည်။ မကြာမီတွင် သူတို့ ရှေ့သို့ဆက်လျှောက်သွားသည်နှင့်အမျှ သူတို့၏ ကျောဘက်ရှိ နေရာမှာလည်း အမှောင်ထုထဲသို့ တစ်ဖန် ပြန်လည် နစ်မြုပ်သွားပြန်လေသည်။
ရှေ့ဘက်ရှိ အမှောင်ထုသည်ကား နတ်ဆိုးတစ်ကောင်ကဲ့သို့ မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် လက်နှစ်ဖက်ကိုဆန့်တန်းကာ သူတို့ကို ကြိုဆိုနေသည့်အလားပင်။
အမှောင်ထုထဲရှိ ထိုအလင်းရောင်ငယ်လေးသည် ဖြည်းညင်းစွာ ရွေ့လျားသွားလေ၏။
သူတို့ လမ်းလျှောက်လာခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သော်လည်း ရှေးဟောင်းလိုဏ်ဂူကြီးမှာ အဆုံးမရှိသကဲ့သို့ ထင်ရသည်။
အစကတည်းက အလွန်ကျယ်ဝန်းခဲ့သော်လည်း ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ လိုဏ်ခေါင်းမှာ ကျဉ်းမြောင်းကာ ကွေ့ကောက်လာလေသည်။
အောက်ဘက်သို့ ဦးတည်သွားနေသည်မှလွဲ၍ သူတို့ မည်သည့်အရပ်သို့ သွားနေမှန်းပင် မသိကြတော့ချေ။
လင်းနို့များ၏ အသံမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အမှောင်ထုထဲတွင် သူတို့၏ ခြေသံများမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရတော့ပေ။
စိုထိုင်းမှု ပိုမိုများပြားလာသည်ကို ကျန်းရှောင်ဖန်း ခံစားနေရ၏။ မြေအောက် မည်မျှအထိ နက်ရှိုင်းနေမည်ကို သူပင် စိတ်ကူးမယဉ်နိုင်အောင် ဖြစ်နေလေသည်။
ကံကြမ္မာပုလဲမှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းများက လူတိုင်း၏အပေါ်သို့ ဖြာကျနေလေသည်။
တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အသင့်ဖြစ်စေရန် ချီဟောင်သည်လည်း လျိုဟယ်ကြေးမုံကို ဆင့်ခေါ်ထားလိုက်လေသည်။
သူတို့ ဆက်လျှောက်လာခဲ့ရာ ခဏအကြာတွင် ချီဟောင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ပြောလိုက်သည်။
"ရပ်လိုက်ကြဦး…"
လူတိုင်း ချက်ချင်းပင် ရပ်တန့်သွားကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။
အသံတစ်သံပင် ထွက်ပေါ်မလာချေ။
ကံကြမ္မာပုလဲနှင့် လျိုဟယ်ကြေးမုံတို့၏ အလင်းရောင်မှာ ပိုမိုတောက်ပလာလေသည်။ သူတို့ရှေ့ရှိ လိုဏ်ဂူအရှေ့ဘက်တွင် လမ်းခွဲတစ်ခု ရှိနေသည်။
လမ်းနှစ်ခုစလုံးမှာ အမှောင်ဖုံးနေပြီး နတ်ဆိုးတစ်ကောင်၏ ဧရာမပါးစပ်ကြီးကဲ့သို့ အမည်မသိနေရာတစ်ခုဆီသို့ ဦးတည်နေလေသည်။
ထိုလမ်းခွဲနှစ်ခုကြားတွင် လူခြောက်ယောက်စာခန့် မြင့်သော ကျောက်စာတိုင်တစ်ခု ရှိနေပြီး အနီရောင်ဖြင့် စာလုံးလေးလုံး ရေးသားထားသည်ကို တွေ့လိုက်ရသည်။
"ကောင်းကင်ဘုံက ငါတို့ဘက်မှာ ရှိတယ်"
လီရွှင်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။
"မိစ္ဆာတွေကများ ကောင်းကင်ဘုံရဲ့ နာမည်ကိုတောင် သုံးရဲသေးတယ်…အတင့်ရဲလိုက်တာ"
ဖာရှန်းက မျက်မှောင်ကြုတ်လိုက်ကာ ကျောက်စာတိုင်ကို တစ်ဖန် ပြန်ကြည့်လိုက်ပြီးနောက် စကားဆိုလိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက မိစ္ဆာတွေဆီမှာ ဒီလိုကျောက်စာတိုင်မျိုး ရှိတယ်လို့ ကျုပ်ရဲ့ဆရာဖူဟုန် ပြောဖူးတာကို ကြားဖူးတယ်။”
“ဒါပေမဲ့ အဲဒီကျောက်စာတိုင်ကို ငါတို့ရဲ့ ဘိုးဘေးတွေက ထက်ပိုင်းပိုင်းပစ်ခဲ့ကြတယ်လေ။ ဘာလို့ အခုထိ အကောင်းအတိုင်း ကျန်နေရတာလဲ"
ထိုစဉ် ယန်ဟုန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
"ကျောက်တိုင်ရဲ့ အောက်ခြေကို ကြည့်လိုက်ကြစမ်း အဲဒါ အက်ကွဲကြောင်း မဟုတ်ဘူးလား"
သူမ၏ အသံမှာ နူးညံ့လှသည်။ ထို့ပြင် ယန်ဟုန် စကားပြောသည်ကို ချင်းယွင်ဂိုဏ်းသားများ ပထမဆုံးအကြိမ် ကြားဖူးခြင်းလည်း ဖြစ်၏။
ထို့ကြောင့် သူမ၏ အသံကို ကြားလိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားကြလေသည်။ သူတို့ အနီးကပ် သွားကြည့်လိုက်ရာ ပါးလွှာသော အက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်ရသည်။
၎င်းမှာ ကျောက်စာတိုင်၏ အလယ်တည့်တည့်တွင် ရှိနေပြီး ထက်ပိုင်းကွဲနေခြင်း ဖြစ်၏။
အက်ကွဲနေသော နေရာရှိ ကျောက်တုံးမှာ အနီရင့်ရောင် ဖြစ်နေလေသည်။ သေချာစွာ ဂရုတစိုက် မကြည့်ပါက သူတို့ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ချီဟောင်က ခေါင်းညိတ်လိုက်ပြီး ယန်ဟုန်ကို ပြောလိုက်လေသည်။
"ညီမလေးယန်က အမြင်စူးရှတာပဲ"
ယန်ဟုန်က ပြုံးလိုက်ကာ ခေါင်းငုံ့သွားပြီးနောက် ဆက်လက် တိတ်ဆိတ်နေလေသည်။
ချီဟောင်က ကျောက်စာတိုင်ကို တစ်ဖန် ပြန်ကြည့်လိုက်ပြီးနောက် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဒီကျောက်စာတိုင်က ပြန်လည်ပြုပြင်ထားတာပဲ။ မိစ္ဆာတွေက ဒီနေရာမှာ ကိစ္စတချို့ လုပ်နေတာ ရှင်းနေတာပဲ။ ငါတို့ ဒီကိုလာတာ မှန်သွားပြီ"
ဖာရှန်းကလည်း ဝင်ပြောလိုက်၏။
"စီနီယာအစ်ကိုချီ ပြောတာ မှန်တယ်။ ဒီလိုဏ်ဂူထဲက နေရာတိုင်းမှာ အန္တရာယ်တွေ ပုန်းကွယ်နေနိုင်တယ်။ အခု ငါတို့ဆီမှာ ခက်ခဲတဲ့ ပြဿနာတစ်ခု ရှိနေပြီ။ ဒီလမ်းခွဲမှာ ငါတို့ ဘယ်လမ်းကို ရွေးကြမလဲ"
ချီဟောင်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက် မေးလိုက်လေသည်။
"စီနီယာအစ်ကိုဖာရှန်း ခင်ဗျားရဲ့ဆရာက ဒီနေရာအကြောင်း ပြောဖူးတယ်လို့ ဆိုခဲ့တယ်နော်။ ဒီလမ်းခွဲအကြောင်းကိုရော သူ ပြောပြခဲ့သေးလား"
ဖာရှန်းက ခေါင်းညိတ်လိုက်ပြီး ဖြေကြားလိုက်သည်။
"ဆရာက အဲဒီအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူကလည်း ယခင်မျိုးဆက်က ဆရာတွေဆီကနေ ကြားဖူးခဲ့တာပါ။”
“လမ်းမှန်နဲ့ မိစ္ဆာ တိုက်ပွဲတုန်းက လမ်းခွဲနှစ်ခုလုံးက မိစ္ဆာတွေရဲ့ အသိုက်အမြုံဆီကိုပဲ အဆုံးသတ်သွားတာတဲ့။ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူလည်း မသိနိုင်လောက်ဘူး"
လူတိုင်း တိတ်ဆိတ်သွားကြသည်။ အတန်ကြာပြီးနောက် ချီဟောင်သည် သူ၏ဂိုဏ်းမှ အခြားသုံးယောက်ကို ကြည့်လိုက်ကာ ဖာရှန်းဘက်သို့ လှည့်ပြီး ပြောလိုက်လေသည်။
"ဒီလိုလုပ်ရင်ကော ငါတို့ နှစ်ဖွဲ့ခွဲကြမယ်။ ချင်းယွင်ဂိုဏ်းက ငါတို့လေးယောက်က ဘယ်ဘက်ကို သွားမယ်။”
“ဖာရှန်း၊ စီနီယာအကိုဖာရှန့်နဲ့ ဖန်ရှန်းတောင်ကြားက နှစ်ယောက်က ညာဘက်ကို သွားကြမယ်လေ။ နတ်ဆိုးမိစ္ဆာတွေနဲ့ တွေ့ရင် အသိပေးဖို့အတွက် လေချွန်သံရှည် ထုတ်လွှင့်လိုက်ကြမယ်လေ။”
“ဘယ်လိုသဘောရလဲ"
ဖာရှန်းမှာ တိတ်ဆိတ်နေ၏။ လူစုခွဲခြင်းမှာ ကောင်းသောအရာ မဟုတ်မှန်း သိသော်လည်း အမှောင်လမ်း၏ အရှည်ကို ခန့်မှန်း၍မရနိုင်ပေ။
အကယ်၍ သူတို့ လမ်းမှားသွားပါက နာရီပေါင်းများစွာ အချိန်ကုန်သွားပေလိမ့်မည်။
ထို့ပြင် သူတို့အားလုံးမှာ မိမိတို့ဂိုဏ်းအသီးသီးမှ ထူးချွန်သူများဖြစ်ကြရာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်း ရှိကြပေသည်။
သူက လီရွှင်းနှင့် ယန်ဟုန်တို့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့တွင်လည်း သဘောထားကွဲလွဲမှု မရှိကြောင်း မြင်တွေ့လိုက်ရသဖြင့် သဘောတူလိုက်လေသည်။
"ဒါဆိုရင် အကိုချီ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ အားလုံး သတိထားကြပါ"
ထို့နောက် သူက ကျန်းရှောင်ဖန်းကို ထပ်မံ ကြည့်လိုက်လေသည်။
စီနီယာအကို ဖာရှန်းသည် သူ့အပေါ် အထူးဂရုစိုက်နေကြောင်းကို ကျန်းရှောင်ဖန်း ခံစားလိုက်ရသော်လည်း သူက ပြုံးရုံသာ ပြုံးပြလိုက်၏။
ချီဟောင်က ခေါင်းညိတ်လိုက်ပြီး ဖာရှန်းနှင့် အခြားသူများကို အရိုအသေပေးလိုက်ကာ ကျန်းရှောင်ဖန်းနှင့် အခြားနှစ်ယောက်ကို ဘယ်ဘက်လမ်းဆီသို့ ဦးဆောင်ခေါ်သွားလေသည်။
သူတို့၏ ကျောဘက်မှ အလင်းရောင်များမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားရာ ဖာရှန်းတို့အဖွဲ့ ညာဘက်လမ်းဆီသို့ ဝင်ရောက်သွားပုံရပေသည်။
ချီဟောင်က အရှေ့မှ လျှောက်သွားကာ လျိုဟယ်ကြေးမုံကို သူ၏ခေါင်းပေါ်တွင် ထားရှိပြီး ၎င်း၏ ဝိညာဉ်စွမ်းအားကို သက်ဝင်လာစေရန် လှုံ့ဆော်လိုက်လေသည်။
ထိုအခါ လျိုဟယ်ကြေးမုံ၏ နူးညံ့သော အဝါရောင်အလင်းတန်းများက လူလေးယောက်လုံးကို ဖုံးလွှမ်းသွားတော့သည်။
လမ်းမှာ ပိုမို၍ ကျဉ်းမြောင်းလာနေပြီး ဘေးဘက်ရှိ ကျောက်တုံးများမှာလည်း ချွန်ထက်နေသည်။
ကျန်းရှောင်ဖန်းပင်လျှင် ပြတ်ရှဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့ရသည်။ မပြောင်းလဲဘဲ ကျန်ရှိနေသည့် တစ်ခုတည်းသောအရာမှာ ထာဝရအမှောင်ထုသာ ဖြစ်နေသည်။
ဤနေရာတွင် ယခင်က အလင်းရောင်ဟူ၍ တစ်ခါမှ ရှိမနေခဲ့သည့်အလားပင်။
ချင်းယွင်ဂိုဏ်းသား လေးယောက်လုံးမှာ စကားပြောလိုစိတ် မရှိကြချေ။
အထူးသဖြင့် အမည်မသိ အန္တရာယ်အတွက် ပြင်ဆင်ရန် သူ၏စိတ်အာရုံအားလုံးကို အာရုံစိုက်ထားသော ချီဟောင်ပင် ဖြစ်လေသည်။
ဤလမ်းခရီးမှာလည်း အချိန်အတော်ကြာမြင့်ခဲ့သည်။
အကယ်၍ သူတို့ မိစ္ဆာအချို့နှင့် တွေ့ဆုံပြီး လေချွန်သံရှည် ထုတ်လွှင့်လိုက်ပါက စီနီယာအစ်ကိုဖာရှန်း ကြားနိုင်မည်လားဆိုသည်ကို ကျန်းရှောင်ဖန်း သံသယဝင်လာမိသည်။
ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။
တိတ်ဆိတ်နေသော အမှောင်ထုထဲတွင် တစ္ဆေများ၏ ငိုကြွေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ယင်းအသံမှာ ကျယ်လောင်ပြီး တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှပေသည်။
လူလေးယောက်လုံး အံ့အားသင့်သွားကြသည်။ ချီဟောင်က သူတို့ကို သတိပေးရန် ပြင်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှာ တုန်လှုပ်သွားခဲ့ရ၏။
သူတို့ပတ်ဝန်းကျင်ရှိ အမှောင်ထုထဲတွင် အလင်းရောင်များ လင်းလက်လာပြီးနောက် လျိုဟယ်ကြေးမုံ၏ အလင်းစက်ကွင်းကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လာလေသည်။
အဆိုပါ စွမ်းအားမှာ အလွန်ပြင်းထန်လွန်းလှသဖြင့် လျိုဟယ်ကြေးမုံပင် တုန်ခါသွားလေသည်။
ချီဟောင်၏ ခန္ဓာကိုယ်မှာလည်း တုန်လှုပ်သွားပြီး စကားပင်မပြောနိုင်တော့ချေ။ သူသည် အလင်းစက်ကွင်းကို အမြန်ပင် အာရုံစိုက်ကာ ပံ့ပိုးပေးလိုက်ရလေသည်။
အခန်း (၆၈) - မိစ္ဆာလမ်းစဥ် (၂)
တစ္ဆေများ၏ ငိုကြွေးသံများမှာ ပိုမိုကျယ်လောင်လာကာ သူတို့၏ ဝိညာဥ်ကို တိုက်ခိုက်လာလေသည်။ ကျန်းရှူရှူ၊ လုရွှယ်ချီ နှင့် ကျန်းရှောင်ဖန်းတို့သည် အလယ်ဗဟိုရှိ ချီဟောင်ကို ကာကွယ်ပေးထားလိုက်ကြသည်။
မရေမတွက်နိုင်သော အလင်းတန်းများမှာ လျိုဟယ်ကြေးမုံကြောင့် နောက်သို့ လွင့်စင်သွားကြသော်လည်း လှည့်ပတ်ကာ တစ်ဖန် ပြန်လည်တိုက်ခိုက်လာကြပြန်သည်။
ထိုအမှောင်ထုထဲတွင် အမည်မသိ ရန်သူများစွာ ပုန်းကွယ်နေပြီး မှော်လက်နက်များကို ထိန်းချုပ်နေကြခြင်း ဖြစ်ပေသည်။
ချီဟောင်၏ မျက်နှာမှာ ဖြူရော်နေပြီး သူ၏လက်များက လျိုဟယ်ကြေးမုံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။။
မှော်လက်နက်များ၏ တိုက်ခိုက်မှုအောက်တွင် ရှိနေသော်လည်း လျိုဟယ်ကြေးမုံမှာ တည်ငြိမ်သွားခဲ့သည်။ အလင်းစက်ကွင်းမှာလည်း ပိုမို လင်းလက်လာလေသည်။
ချင်းယွင်ဂိုဏ်းသားများ သက်ပြင်းချနိုင်လိုက်ချိန်မှာပင် မြေပြင်ကြီး တုန်ခါနေသည်ကို ကျန်းရှောင်ဖန်း ရုတ်တရက် ခံစားလိုက်ရပေသည်။
သူ ဘာမှမတုံ့ပြန်နိုင်မီမှာပင် ကျန်းရှူရှူက အော်ဟစ်လိုက်လေသည်။
"သတိထား ခြေထောက်အောက်မှာ..."
သူ စကားပင် မဆုံးလိုက်ပေ။ ဧရာမ ပေါက်ကွဲသံကြီးတစ်ခုက အသံအားလုံးကို ဖုံးလွှမ်းသွားခဲ့၏။
မြေပြင်ကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရပြီးနောက် မြေကြီးထဲမှ အစွမ်းထက်သော စွမ်းအားတစ်ခု ထွက်ပေါ်လာလေသည်။
မြေပြင်မှာ ပျက်စီးသွားပြီး ချင်းယွင်ဂိုဏ်းသားများမှာလည်း အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်ကျသွားတော့သည်။
လျိုဟယ်ကြေးမုံသည် ပတ်ဝန်းကျင်ကို ကာကွယ်နိုင်သော်လည်း ခြေအောက်ကိုမူ မကာကွယ်နိုင်ခဲ့ပေ။
ထိုအခါ အလင်းစက်ကွင်းမှာ ပျောက်ကွယ်သွားပြီး ကြေးမုံမှာလည်း ချီဟောင်ထံသို့ ပြန်လည် လွင့်ပျံသွားလေသည်။
မှော်လက်နက်များမှ ထွက်ပေါ်လာသော အလင်းတန်းများ၏ လေခွင်းသံများမှာ အောင်ပွဲခံရယ်မောသံများနှင့် တူနေပြီး လူစုကွဲသွားသော သူတို့လေးယောက်ထံသို့ ပြေးဝင်လာကြလေသည်။
ကျန်းရှောင်ဖန်းမှာ အနည်းငယ် အရှေ့ဘက်တွင် ရပ်နေခဲ့သဖြင့် မြေပြင်မှ စွမ်းအားက သူ၏ခြေထောက်များကို တွန်းထုတ်လိုက်သောအခါ ရှေ့သို့ လဲကျသွားသည်။
သို့သော် ချင်းယွင်ဂိုဏ်းတွင် အချိန်အတော်ကြာ ကျင့်ကြံခဲ့မှုက ဝိညာဉ်ဝါးမျိုတုတ်ကို ချက်ချင်းပင် လွှတ်ထုတ်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။
ရင်းနှီးနေသော အေးစက်မှုက သူ၏ခန္ဓာကိုယ်အနှံ့ လှည့်ပတ်သွားလေသည်။
ဝိညာဉ်ဝါးမျိုတုတ်သည် နူးညံ့သော အစိမ်းရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ပြီး နောက်ဘက်မှ ဝင်ရောက်လာသော အလင်းတန်းများကို ရင်ဆိုင်လိုက်လေသည်။
ခဏအကြာတွင် အနီရင့်ရောင်အလင်းတန်းတစ်ခုက ပထမဆုံး ရောက်ရှိလာခဲ့သည်။
ကျန်းရှောင်ဖန်းသည် သွေးညှီနံ့များကို ရလိုက်၏။ ယင်းမှာ အလွန်ရွံရှာဖွယ် ကောင်းလှပေသည်။
သူက အသက်ကို အမြန်အောင့်ထားလိုက်ပြီး ဝိညာဉ်ဝါးမျိုတုတ်ကို ထိန်းချုပ်လိုက်လေသည်။ အစိမ်းရောင်အလင်းတန်းမှာ လင်းလက်လာကာ အနီရင့်ရောင်အလင်းကို တားဆီးလိုက်၏။
အစိမ်းရောင်အလင်း၏ တောက်ပမှုအောက်တွင် အနီရင့်ရောင်အလင်းမှာ မှေးမှိန်သွားလေသည်။
အမှောင်ထုထဲရှိ အမည်မသိနေရာတစ်ခုမှ ရုတ်တရက် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် မီးခိုးရောင်အလင်းတစ်ခုနှင့် အဝါရောင်အလင်းတို့ကလည်း ဝိညာဉ်ဝါးမျိုတုတ်ကို ဝင်ရောက်တိုက်ခိုက်လာကြသည်။
အလင်းရောင်နှင့်အတူ ကျန်းရှောင်ဖန်းသည် ထိုအနီရင့်ရောင်အလင်းမှာ သွေးစွန်းနေသော အနီရင့်ရောင် ခက်ရင်းခွတစ်ခုဖြစ်ကြောင်း မြင်တွေ့လိုက်ရလေသည်။
အဝါရောင်အလင်းမှာ သုံးပေခန့်ရှည်သော ဓားတစ်လက်ဖြစ်ပြီး မီးခိုးရောင်အလင်းမှာကား ထူးဆန်းသော သားရဲကြီးတစ်ကောင်၏ ဧရာမ အစွယ်ကြီးပင် ဖြစ်လေသည်။
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ လေထဲတွင် ရှိနေဆဲဖြစ်သော်လည်း အခြေခံအားဖြင့်တော့ တည်ငြိမ်နေပြီ ဖြစ်သည်။
သို့သော် မှော်လက်နက်သုံးခု၏ တစ်ပြိုင်နက် တိုက်ခိုက်မှုကို ခံလိုက်ရသောအခါ ဝိညာဉ်ဝါးမျိုတုတ်က သူ့အတွက် တားဆီးပေးထားသော်လည်း ပြင်းထန်သော စွမ်းအားက နောက်သို့ တွန်းထုတ်သွားခဲ့လေသည်။
သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ နံရံပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့၏။ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ နံရံထဲသို့ နစ်ဝင်သွားခဲ့ပြီး ကျောက်တုံးများမှာလည်း နေရာအနှံ့ လွင့်စင်သွားကြလေသည်။
ကျန်းရှောင်ဖန်းမှာ မျက်စိထဲတွင် ကြယ်များလများကိုပင် မြင်လိုက်ရ၏။ ကျောဘက်မှ နာကျင်မှုက သူ၏ နှလုံးသားထဲအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သို့သော် ဤအရာမှာ အသက်နှင့်သေရေးရှင်ရေးကိစ္စဖြစ်ကြောင်းကို နားလည်ထားသဖြင့် အံကြိတ်ကာ နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
လေထဲရှိ သေစေနိုင်သော လက်နက်သုံးခုက လှည့်ပတ်လာပြီး ကျန်းရှောင်ဖန်းထံသို့ တစ်ဖန် ပြန်လည် ဝင်ရောက်တိုက်ခိုက်လာကြပြန်သည်။
ထိုအမှောင်ထုထဲတွင် မှော်လက်နက်များကို ထိန်းချုပ်နေသူများက မည်သည့်နေရာတွင် ရှိနေကြသနည်း။
ကျန်းရှောင်ဖန်းက မန္တန်လက်ဟန်ကို ပြုလုပ်လိုက်ရာ ဝိညာဉ်ဝါးမျိုတုတ်သည် အဝါရောင်ဓား၊ သားရဲအစွယ်တို့နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ထိုအရာများ နောက်သို့ လွင့်စင်သွားကြ၏။ ကျန်းရှောင်ဖန်းက အမြန်ပင် ရှေ့သို့လှဲချကာ ရှောင်တိမ်းလိုက်သည်။
ထိုအခါ အနီရင့်ရောင်ခက်ရင်းခွသည် သူ၏ အနောက်ဘက်ရှိ နံရံကို ဝင်တိုက်သွားပြီး ကျောက်နံရံပေါ်တွင် ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေလေသည်။
မီးခိုးရောင် အစွယ်ကြီးက တစ်ဖန် ပြန်ရောက်လာပြန်၏။ အထက်မှနေ၍ သူ့ကို ဝင်ရောက်တိုက်ခိုက်လာလေသည်။
အေးစက်နေသော အစွယ်ဖျားမှာ အမှောင်ထုထဲတွင် အလွန် သိသာထင်ရှားနေပေသည်။
အကယ်၍ ထိုထူးဆန်းသော မှော်လက်နက်သာ သူ့ကို ထိမှန်သွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို ကျန်းရှောင်ဖန်း စိတ်ကူးပင် မယဉ်ဝံ့တော့ချေ။
ကျန်းရှောင်ဖန်း အံကြိတ်လိုက်သည်။ သူ၏ လက်နှစ်ဖက်က လေထဲတွင် မျဉ်းတစ်ကြောင်း ရေးဆွဲလိုက်၏။
ဝိညာဉ်ဝါးမျိုတုတ်သည် သူ၏စိတ်အလိုကျ လိုက်ပါလှုပ်ရှားကာ အစွယ်ကြီးကို တားဆီးလိုက်လေသည်။ ထိုအခါ အစွယ်ကြီးပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့သည်။
အဝေးမှနေ၍ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ရာ မှော်လက်နက်၏ ပိုင်ရှင်မှာ နာကျင်သွားပြီး အံ့အားသင့်သွားပုံရလေသည်။
သို့သော် ကျန်းရှောင်ဖန်းမှာ ထိုသနားဖွယ်ကောင်းသော ပျော်ရွှင်မှုကို ခံစားရန် အချိန်မရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော် အဝါရောင်ဓားက သူ၏အရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာသောကြောင့်ပင် ဖြစ်၏။
ကျန်းရှောင်ဖန်းမှာ ချက်ချင်း မတုံ့ပြန်နိုင်တော့ပေ။ သူက အော်ဟစ်လိုက်ကာ အပေါ်သို့ လွင့်တက်သွားပြီး ဝိညာဉ်ဝါးမျိုတုတ်၏ အစိမ်းရောင်အလင်းတန်းထဲသို့ ပေါင်းစပ်ဝင်ရောက်သွားလေသည်။
အဝါရောင်ဓားက သူ့ကို အနားမပေးတော့ချေ။ ၎င်းက လှည့်ပတ်သွားကာ သူ၏ခြေအောက်မှနေ၍ တိုက်ခိုက်လာလေသည်။
အထက်မှ အစွယ်ကြီး၊ အောက်မှ ဓားရှည်တို့ဖြင့် ညှပ်၍ တိုက်ခိုက်လာခြင်း ဖြစ်၏။ ကျန်းရှောင်ဖန်းမှာ အနည်းငယ် တုန်လှုပ်သွားသည်။
သူက ခန္ဓာကိုယ်ကို ကွေးလိုက်ကာ မန္တန်ကို ရေရွတ်လိုက်သည်။ ဝိညာဉ်ဝါးမျိုတုတ်၏ အစိမ်းရောင်အလင်းတန်းမှာ လင်းလက်လာပြီး သူ့ကို ဖုံးလွှမ်းသွားလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုမှာ ကျန်းရှောင်ဖန်း၏ အထက်နှင့်အောက်မှ တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့သည်။
ရန်သူများ၏ မှော်လက်နက်နှစ်ခုလုံး သူတို့၏ ပိုင်ရှင်များထံသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ဝိညာဉ်ဝါးမျိုတုတ်မှာလည်း လေထဲတွင် တုန်ခါနေလေသည်။ ကျန်းရှောင်ဖန်း၏ နှလုံးသားပင် ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။
သူ၏ ဝိညာဉ်ဝါးမျိုတုတ် အပိုင်းပိုင်း အစစ ကွဲအက်သွားပြီဟူသော ထင်ယောင်ထင်မှား အတွေးမျိုးပင် ဝင်ရောက်လာခဲ့လေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ ဝိညာဉ်ဝါးမျိုတုတ်မှာ ရုပ်ဆိုးသော်လည်း ၎င်း၏ ပါဝင်ပစ္စည်းများမှာ အလွန်မာကျောလှသဖြင့် ခြစ်ရာတစ်ခုပင် မထင်ခဲ့ပေ။
အခြားတစ်ဖက်ရှိ ဓားနှင့် အစွယ်တို့မှာမူ သူတို့၏ အလင်းရောင်များ မှေးမှိန်သွားကာ ပျက်စီးသွားပုံရလေသည်။
သို့သော် ဝိညာဉ်ဝါးမျိုတုတ်မှာ ထိုမျှ ပြင်းထန်သော ရိုက်ချက်ကို ခံလိုက်ရသဖြင့် ကျန်းရှောင်ဖန်းကို ကာကွယ်ပေးထားသော အလင်းရောင်မှာ ပျောက်ကွယ်သွားတော့သည်။
ကျန်းရှောင်ဖန်းက ဝိညာဉ်ဝါးမျိုတုတ်ကို ပြန်လည် သိမ်းဆည်းရန် ပြင်လိုက်ချိန်တွင် သူ၏ပခုံးမှ ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ အားနည်းသွား၏။ ဦးနှောက်ထဲတွင်လည်း ဗလာကျင်းသွားတော့သည်။
သူက ခေါင်းငုံ့ကြည့်လိုက်ရာ ပခုံးကို ထိုးဖောက်ဝင်ရောက်နေသော ခက်ရင်းခွငယ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ သွေးများကလည်း ဆက်တိုက် ထွက်ကျနေလေသည်။
ကျန်းရှောင်ဖန်း သတိလက်လွတ် ဖြစ်နေချိန်တွင် အနီရင့်ရောင်ခက်ရင်းခွက သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကာ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်းပင် ဖြစ်ပေသည်။
ခက်ရင်းခွ၏ အနီရင့်ရောင်မှာ တောက်ပနေသည်ကို ကျန်းရှောင်ဖန်း မြင်တွေ့လိုက်ရရာ သွေးများက ၎င်းကို နိုးထလာစေသည့်အလားပင်။
ကျန်းရှောင်ဖန်း ညည်းညူလိုက်မိ၏။ မူလက သူသည် ခက်ရင်းခွကို ဆွဲထုတ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ခက်ရင်းခွပေါ်ရှိ သွေးကွက်များ ပိုမိုရင့်မည်းလာသည်နှင့်အမျှ ခက်ရင်းခွထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး ကျန်းရှောင်ဖန်း၏ ကျောပြင်တွင် တင်းကျပ်စွာ တွယ်ကပ်လာတော့သည်။
ခက်ရင်းခွ၏ ပိုင်ရှင်မှာ ဤမှော်လက်နက်ထဲတွင် ပုန်းအောင်းနေခြင်းပင် ဖြစ်ပေသည်။
ကျန်းရှောင်ဖန်းမှာ မူးဝေလာ၏။ ကျောပေါ်ရှိ မိစ္ဆာကို ခါချရန် သူ့တွင် ခွန်အားမရှိတော့ချေ။ နာကျင်မှုအပြင် ဒဏ်ရာမှ လေဖြတ်သကဲ့သို့ ခံစားမှုမျိုးကိုလည်း ခံစားနေရလေသည်။
ခက်ရင်းခွမှာ အဆိပ်လူးထားနိုင်ခြေများ၏။ မိစ္ဆာ၏ မျက်နှာကို မမြင်ရသော်လည်း သူ၏ပခုံးကို ဆုပ်ကိုင်ထားသော လက်များကိုမူ သူ မြင်နေရ၏။ ယင်းတို့မှာ ခြောက်သွေ့ပြီး အရိုးပေါ်အရည်တင်ဖြစ်နေကာ နံစော်နေလေသည်။
အဝေးမှနေ၍ ရိုင်းစိုင်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ၏အနောက်ဘက်မှ မကောင်းဆိုးဝါးဆန်သော အသံတစ်သံ ထွက်ပေါ်လာလေ၏။
"ချင်းယွင်ဂိုဏ်းက ကောင်စုတ်လေး မင်းဘာသာ အသေခံချင်နေတာပဲ။ အခု မင်းရဲ့ လတ်ဆတ်တဲ့ သွေးတွေကို ငါ့ကို ပေးစမ်း"
ကျန်းရှောင်ဖန်းမှာ သူ၏စကားကို နားလည်ရန် အချိန်မရှိသော်လည်း သူ၏လုပ်ရပ်မှတစ်ဆင့် နားလည်နိုင်ပေသည်။
အရိပ်ထဲရှိ မိစ္ဆာသည် ပါးစပ်ကိုဟကာ ကျန်းရှောင်ဖန်း၏ လည်ပင်း ဘယ်ဘက်ခြမ်းကို ကိုက်ပြီး သွေးများကို စုပ်ယူလိုက်လေသည်။
တစ်ချိန်တည်းမှာပင် အနီရင့်ရောင် ခက်ရင်းခွမှာ ပိုမို လင်းလက်လာရာ ၎င်းကလည်း သွေးများကို စုပ်ယူေနခြင်းဖြစ်လေသည်။
ကျန်းရှောင်ဖန်းမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သွေးများအားလုံးမှာ လည်ချောင်းဆီသို့ စီးဆင်းသွားကြ၏။
သူ၏ ခန္ဓာကိုယ်မှာလည်း ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်၏ ခွန်အားများက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ဝိညာဉ်ဝါးမျိုတုတ်ကိုပင် သူ မထိန်းထားနိုင်တော့ချေ။ ဝိညာဉ်ဝါးမျိုတုတ်မှာ လေထဲမှ ပြုတ်ကျသွားတော့သည်။
ဤမြင်ကွင်းက သူ့ကို ယခင်အချိန်က ရှေးဟောင်းတောင်ကြားထဲရှိ ထိုနေ့ရက်ဆီသို့ ပြန်ရောက်သွားစေသည့်အလားပင်။
'အဲဒီ အိပ်မက်ဆိုးကြီးပါလား'
ဝိညာဉ်ဝါးမျိုတုတ်သည် သူ၏ခေါင်းပေါ်မှ ပြုတ်ကျလာပြီး သူ၏အရှေ့တွင် ကျရောက်သွား၏။ တစ်စုံတစ်ခုကို ဆင့်ခေါ်နေသည့်အလား နူးညံ့သော အစိမ်းရောင်အလင်းတန်းကို ထုတ်လွှတ်နေလေသည်။
ကျန်းရှောင်ဖန်းက ၎င်းကို ဆုပ်ကိုင်လိုက်ရာ ဝိညာဉ်ဝါးမျိုတုတ်ထဲရှိ အေးစက်မှုမှာ ဒေါသထွက်နေသည့်အလား ပြင်းထန်နေကြောင်း ခံစားလိုက်ရလေသည်။
သူ၏ သွေးများမှာ ဆက်တိုက် စီးဆင်းနေပြီး မိစ္ဆာက ဆက်တိုက်ဝါးမြိုနေလေသည်။ ကျန်းရှောင်ဖန်းသည် မည်သည့်အသံကိုမျှ မကြားနိုင်တော့ချေ။
သူက ကျန်ရှိနေသော ခွန်အားအားလုံးကို အသုံးပြုလိုက်ကာ ချောင်ပိတ်ခံရသော သားရဲတစ်ကောင်ကဲ့သို့ ဝိညာဉ်ဝါးမျိုတုတ်ဖြင့် နတ်ဆိုးမိစ္ဆာကို ထိုးစိုက်လိုက်တော့သည်။
ဝိညာဉ်ဝါးမျိုတုတ်မှာ မချွန်ထက်သော်လည်း ပဲပြားများကို ထိုးဖောက်သကဲ့သို့ အသားများကို ထိုးဖောက်ဝင်ရောက်သွားလေသည်။
မိစ္ဆာမှာ တုန်ခါသွားပြီး သွေးစုပ်ခြင်းကို ရပ်တန့်လိုက်၏။ သူက မယုံကြည်နိုင်သော အကြည့်ဖြင့် ကျန်းရှောင်ဖန်းကို ကြည့်လိုက်လေသည်။ ကျန်းရှောင်ဖန်းကလည်း သူ့ကို ပြန်ကြည့်လိုက်သည်။
၎င်းမှာ ငရဲပြည်မှ နတ်ဆိုး၏ အေးစက်သော ရယ်မောသံနှင့် တူသကဲ့သို့ အမှောင်ထုထဲရှိ တစ်စုံတစ်ယောက်၏ နှလုံးခုန်သံများနှင့်လည်း တူနေပေသည်။
ဝိညာဉ်ဝါးမျိုတုတ်ကို ကိုင်ထားသော ကျန်းရှောင်ဖန်း၏ လက်မှ လှိုင်းတံပိုးများကဲ့သို့ နှလုံးခုန်သံများကို ခံစားနေရ၏။ သွေးများ၏ ရွေ့လျားမှုနှင့် တူသကဲ့သို့ နတ်ဆိုးများ၏ အားပေးသံနှင့်လည်း တူနေလေသည်။
အနီရင့်ရောင် ခက်ရင်းခွမှာလည်း မှောင်မိုက်သွားခဲ့ပြီဖြစ်ရာ သူတို့၏ အနောက်ဘက်တွင်ကား အဆုံးမဲ့ အမှောင်ထုကြီး ရောက်ရှိလာလေသည်။
အမှောင်ထုက ကျန်းရှောင်ဖန်းနှင့် ထိုမိစ္ဆာကို ဝါးမျိုသွားသည့် ခဏလေးအတွင်း သတိလစ်မလိုဖြစ်နေသော ကျန်းရှောင်ဖန်းသည် သူ၏ဘဝတစ်လျှောက်လုံး မည်သည့်အခါမျှ မေ့ပျောက်နိုင်မည်မဟုတ်သော မြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
မူလက အရေးအကြောင်းများရှိသော်လည်း ကျန်းမာပုံပေါ်သော ထိုမိစ္ဆာ၏ မျက်နှာမှာ မံမီတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ အသားများ ခြောက်သွေ့သွားပြီး အရိုးပေါ်အရည်တင် ဖြစ်သွားလေသည်။
နောက်တစ်စက္ကန့်တွင်တော့ အမှောင်ထုက သူ့ကို ဝန်းရံသွားတော့သည်။
ဆုံးရှုံးသွားသော သွေးများကို ပြန်လည်ရရှိလာခဲ့သည်။ ဝိညာဉ်ဝါးမျိုတုတ်မှ အဆုံးမဲ့စွမ်းအင်များ ထွက်ပေါ်လာကာ ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာလေသည်။
ကျန်းရှောင်ဖန်း သတိပြန်လည်လာခဲ့သော်လည်း လန့်ဖြတ်သွားသည်။ သူ၏ ပခုံးမှာ နာကျင်နေဆဲဖြစ်သော်လည်း အမည်မသိ စွမ်းအားက သွေးများကို တိတ်သွားစေခဲ့သည်။
သို့သော် ဤလူငယ်လေးသည် ထိုအရာကို သတိမထားမိခဲ့ချေ။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေလေသည်။
'ငါ ဘာလုပ်လိုက်တာလဲ။ ဘာလုပ်လိုက်မိတာလဲ'