အခန်း (၈၂၇-၈၂၉)
Vol. 56 Ch. 827-829
အခန်း ၈၂၇ - လေနက်ချိုင့်ဝှမ်း
"ဂုဏ်ပြုပါတယ် ဂျူနီယာမောင်လေးယီ... ဒီနေ့ပြီးရင်တော့ မင်းဟာ မီးလျှံတိမ်တိုက်ပြည်နယ်မှာ တကယ့်ကို ထင်ရှားတဲ့သူ တစ်ယောက် ဖြစ်လာတော့မှာပဲ" ဟု လော့ဖုန်းလင်က ရိုးသားစွာ ပြောလိုက်သည်။
ယီယွင်က ပြုံးလိုက်ပြီး ဘိုင်ချန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
အစောပိုင်းက ဘိုင်ချန်သည် ရှေးဉီးဖေးအဆောက်အအုံသို့ ရောက်ရှိလာစဉ်က စိတ်ဓာတ်တက်ကြွနေခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ ကိုယ်ရည်ကိုယ်သွေးများ ပျောက်ဆုံးနေပြီး တစ်ကိုယ်လုံး ဖုန်မှုန့်များ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။
"စီနီယာအစ်ကို ဘိုင်ချန်ကတော့ တော်တော်လေး ထိုးနှက်ချက် ပြင်းပြင်း ခံလိုက်ရပုံပဲ" ဟု လော့ဖုန်းလင်က ဆိုသည်။ "လော့နတ်ဘုရားခန်းမ စမ်းသပ်မှုက နှစ်ပေါင်း ၆၀ မှာ တစ်ကြိမ်ပဲ လာတာ။ တရားဝင်တောင် မစရသေးဘူး၊ ပြိုင်ဆိုင်မှုက ဒီလောက်အထိ ပြင်းထန်နေပြီ"
လော့ဖုန်းလင်က သက်ပြင်းချလိုက်သည်။ ကျင့်ကြံသူတို့၏ လောကမှာ ဤအတိုင်းပင်ဖြစ်ရာ ရှောင်လွှဲ၍ မရနိုင်ပေ။ အကယ်၍ ဘိုင်ချန်သည် ဤထိုးနှက်ချက်မှ ပြန်မထူနိုင်ဘဲ စိတ်အခြေအနေ ထိခိုက်သွားပါက သူ၏ ကိုယ်ခံပညာ အနာဂတ်မှာ ကန့်သတ်ချက်များ ဖြစ်လာပေလိမ့်မည်။ ရှေ့သို့ ဆက်မတိုးနိုင်ဘဲ တစ်နေရာတည်းတွင် ရပ်တန့်သွားသည်အထိ ဖြစ်သွားနိုင်သည်။
ခန်းမ၏ တစ်ဖက်တွင် ရပ်နေကြသော ဖီးနစ်ဖာမီယားနားပြည်နယ် တပည့်များကို ကြည့်ရင်း ယီယွင်က ခေါင်းညိတ်လိုက်သည်။ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များ ထွက်လာသည်ကို မြင်သောအခါ လော့ထျန်သည် သူ၏လူများကို ဦးဆောင်၍ လျှောက်မလာဘဲ အဝေးမှသာ လှမ်းကြည့်နေခဲ့သည်။
ထိုမျှကွာဝေးသော အကွာအဝေးမှနေ၍ ယီယွင်နှင့် လော့ထျန်တို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိကြသည်။
ရုတ်တရက် လော့ထျန်၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာပြီး မျက်ဝန်းထဲ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
လော့ထျန်က အသံလွှင့်၍ ပြောလိုက်သည် ။
"မင်းက တော်တော်လေး ကောင်းပါတယ်၊ ငါ သဘောကျတယ် မီးလျှံတိမ်တိုက်ပြည်နယ်မှာ တျန်းရှီအပြင် မျှော်လင့်စောင့်စားရမယ့် ပြိုင်ဘက်တစ်ယောက် ရှိနေသေးတာပဲ။ ဒါပေမဲ့ မင်းရဲ့ ဥပဒေသတွေက အားကောင်းပေမဲ့ မင်းရဲ့ ခွန်အားကတော့ သိပ်ကို အားနည်းလွန်းနေသေးတယ်။ အချိန်တန်တဲ့အခါ ငါ့ကို စိတ်မပျက်စေနဲ့ဦး"
ယီယွင် မျက်မှောင်ကြုတ်သွားသည်။ ဤလူမှာ တကယ့်ကို ပြဿနာပင်။ အစောပိုင်းက ဒီမှာရပ်နေဖို့တောင် ရှက်နေခဲ့သူက ယခုတော့ တစ်ခါ ပြန်လာ၍ ရန်စနေပြန်ပြီ။
ရှေးဉီးဖေးကျောက်တိုင်မှာ မြစိမ်းရောင်တောင်တန်း (နီလာလှိုင်းတောင်) ၏ လေ့ကျင့်ရေးကွင်းတစ်ခုမျှသာ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤတပည့်များအတွက် အခွင့်အရေးများ ရယူနိုင်ရန် ပြုလုပ်ပေးထားသော နေရာတစ်ခုသာ ဖြစ်သည်။
နတ်ဘုရားကျောက်တိုင် ၁၂ တိုင်၏ အသိအမှတ်ပြုမှုကို ရယူခြင်းမှာ တစ်ဦးတစ်ယောက်၏ ဥပဒေသ အမြင်စူးရှမှုကို စမ်းသပ်ခြင်း ဖြစ်သည်။ အောင်မြင်ပါက ဆုလာဘ်များ ရရှိမည်ဖြစ်ပြီး မအောင်မြင်ပါကလည်း မည်သည့် အပြစ်ပေးမှုမျှ မရှိသဖြင့် တစ်ခုလုံးမှာ ဘေးအန္တရာယ် ကင်းရှင်းလှသည်။
သို့သော် မြစိမ်းရောင်တောင်တန်း ရှိ အခြားသော စုပေါင်းလေ့ကျင့်ရေး နေရာများမှာမူ ထိုမျှလောက် သက်သောင့်သက်သာ မရှိလှပေ။
မြစိမ်းရောင်တောင်တန်းမှာ ဧရာမ တောင်ကြီးတစ်လုံး ဖြစ်သည်။ ရှေးဉီးဖေးအဆောက်အအုံမှ ထွက်ခွာလာပြီးနောက် သူတို့သည် ဝိညာဉ်သင်္ဘောပေါ်သို့ ပြန်တက်ခဲ့ကြသည်။
ဝှူး...
လေတိုးသံများနှင့်အတူ ဝိညာဉ်သင်္ဘောသည် အပြာရောင် မြူထုများကို ဖြတ်သန်းသွားပြီးနောက် ချိုင့်ဝှမ်းတစ်ခုထဲသို့ ရုတ်တရက် ဆင်းသက်လိုက်တော့သည်။
ဤချိုင့်ဝှမ်းမှာ အလွန်တရာ မတ်စောက်လှသည်။ အဝေးမှကြည့်လျှင် နတ်ဘုရားများ နေထိုင်ရာ နိဗ္ဗာန်ဘုံနှင့် တူသော မြစိမ်းရောင်တောင်တန်းတွင် ငှက်များပင် ဖြတ်ကျော်ရန် ခက်ခဲသော ဤကဲ့သို့သော နေရာမျိုး ရှိလိမ့်မည်ဟု အပြင်မှာ မမြင်ရလျှင် ယုံကြည်နိုင်စရာ မရှိပေ။
ချိုင့်ဝှမ်း၏ အောက်ခြေတွင် ဆူပွက်နေသော မြစ်နက်ကြီး တစ်စင်း ရှိနေသည်။ ထိုမြစ်မှ အနက်ရောင် ဓာတ်ငွေ့များမှာ ကောင်းကင်သို့ တက်လာပြီး ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ယီယွင်သည် ဝိညာဉ်သင်္ဘောပေါ်မှ ဆင်းလိုက်သည်နှင့် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။ အချို့သော လူများသည် မိမိကိုယ်ကို ကာကွယ်ရန် ယွမ်ချီ အကာအကွယ်များကို ထုတ်ဖော်နေကြသော်လည်း ရန်ယွီကဲ့သို့သော သူများမှာမူ တည်ငြိမ်နေကြဆဲ ဖြစ်သည်။
"ဒီ လေနက်ချိုင့်ဝှမ်း က မင်းတို့ရဲ့ စုပေါင်းလေ့ကျင့်ရေး ဒုတိယနေရာပဲ။ ဒီကနေ မထွက်ခွာခင်မှာ မင်းတို့ ကျင့်ကြံဖို့ တစ်လ အချိန်ရှိတယ်။ လေနက်ချိုင့်ဝှမ်းက အလွန် အန္တရာယ်များတယ်ဆိုတာ မင်းတို့ သတိထားမိကြမှာပါ။
ဒီမှာ မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်အသိကိုပါ စားမြိန်မယ့် အဆိပ်ငွေ့တွေ အမြဲ ထွက်နေတယ်။ မခံနိုင်ဘူးလို့ ထင်တဲ့သူတွေကတော့ ယွမ်ချီ အကာအကွယ်ကို အမြဲ ဖွင့်ထားတာ အကောင်းဆုံးပဲ။ ဒါပေမဲ့ အကာအကွယ် ရှိနေရင်တောင် အဲဒါက တဖြည်းဖြည်း စားပစ်တာကို ခံရလိမ့်မယ်" ဟု အရှင်ကန်းမန်က ပြောလိုက်သည်။
သို့သော် ထိုသို့ပြောနေသည့်တိုင် သူကိုယ်တိုင်မှာမူ အကာအကွယ် မသုံးထားပေ။ သူ၏ကိုယ်ပေါ်မှ မြွေကြီးမှာလည်း ဘာမှမဖြစ်သကဲ့သို့ပင်။
"လေနက်ချိုင့်ဝှမ်းက ဘာကို စမ်းသပ်မှာလဲဆိုရင် မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ဖေးမျိုးနွယ် သွေးစွမ်းအားကို စမ်းသပ်မှာပဲ"
အရှင်ကန်းမန်၏ စကားကြောင့် ရှိနေသမျှ ဖေးမျိုးနွယ်ဝင်များ အားလုံး အံ့သြသွားကြသည်။
"ဖေးမျိုးနွယ် သွေးစွမ်းအား" ရန်ယွီသည် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်လုံးများ တောက်ပလာခဲ့သည်။
နောက်ဆုံးတော့ သူ အစွမ်းပြနိုင်မည့် အရာတစ်ခု ရောက်လာခဲ့ပြီ။ သူသည် ရွှီရွှေရန် မျိုးနွယ်စုဝင် ဖြစ်သည်။ သူ၏ ဘိုးဘေးများသည် ရန်ယီငါး၏ သွေးမျိုးဆက်ကို ဆက်ခံထားကြရာ ၎င်းမှာ သူ၏ ဂုဏ်ယူမှုပင် ဖြစ်သည်။
သူသည် ဥပဒေသပိုင်းတွင် မတော်သော်လည်း ဖေးမျိုးနွယ် သွေးစွမ်းအား စမ်းသပ်မှုတွင်မူ မည်သူ့ကိုမျှ ကြောက်စရာ မလိုပေ။
၎င်းကို တွေးမိသည်နှင့် ရန်ယွီသည် ယီယွင်ကို ကြည့်ကာ ပြုံးစိစိ လုပ်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူ၏ နယ်မြေပင် ဖြစ်သည်။ လူသားတစ်ယောက်ဖြစ်သော ယီယွင် လုပ်ဆောင်နိုင်မည့်အရာ ဘာမှမရှိပေ။ မြေကမ္ဘာဖေးတစ်ယောက်ပင်လျှင် ယီယွင်ထက် ပိုသန်မာပေလိမ့်မည်။
ယီယွင်က ဘာမှ ပြန်မပြောဘဲ ဝိညာဉ်သင်္ဘောပေါ်မှနေ၍ လေနက်ချိုင့်ဝှမ်းကို ငုံ့ကြည့်နေသည်။
"တောင်နံရံတွေမှာရှိတဲ့ လိုဏ်ဂူတွေကို မြင်လား" အရှင်ကန်းမန် လက်ညှိုးညွှန်ပြရာသို့ လူတိုင်း ကြည့်လိုက်သောအခါ ထူထပ်လှသော မြူနက်များကြားတွင် ဖုံးကွယ်နေသော လိုဏ်ဂူများကို သတိပြုမိသွားကြသည်။
ထိုလိုဏ်ဂူများ၏ အဝင်ဝမှာ ကျဉ်းမြောင်းပြီး သိပ်မနက်လှပေ။ လူတစ်ယောက် တရားထိုင်ရုံသာ နေရာရှိသည်။ တောင်နံရံ တစ်ခုလုံးတွင် ထိုကဲ့သို့သော လိုဏ်ဂူပေါင်း မြောက်မြားစွာ စီတန်းလျက် ရှိနေသည်။ အောက်ဘက်ရှိ လိုဏ်ဂူများမှာမူ အနက်ရောင် အဆိပ်ငွေ့များ ဖုံးလွှမ်းနေသဖြင့် သဲသဲကွဲကွဲ မမြင်ရပေ။ သို့သော် ၎င်းတို့မှာ မြစ်မျက်နှာပြင်အထိ တောက်လျှောက် ရှိနေမည်ဟု ခန့်မှန်းရန် လွယ်ကူလှသည်။
ဤအနက်ရောင် အဆိပ်ငွေ့များသည် အပေါ်ပိုင်းတွင် ပါးလွှာသော်လည်း အောက်ဘက်သို့ ရောက်လေလေ မင်ရည်ကဲ့သို့ မည်းနက်လာလေ ဖြစ်သည်။ ၎င်းမှာ လူတစ်ယောက် အကြာကြီး နေနိုင်မည့် နေရာမဟုတ်ပေ။
"ဒီ လေနက်လိုဏ်ဂူ တွေဟာ အောက်ဘက်ကို ဆင်းလေလေ ပိုပြီး အသက်အန္တရာယ် များလေပဲ။ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက ဖေးမျိုးနွယ် သွေးစွမ်းအားကို နှိုးဆွပြီး အဲဒီသွေးစွမ်းအားကို အသုံးပြုပြီး အဆိပ်ငွေ့တွေကို ခုခံကြ။ တစ်လအကြာမှာ ပဉ္စမအဆင့် ကို မရောက်နိုင်တဲ့သူတွေကတော့ အိမ်ပြန်ကြဖို့ အကြံပြုချင်တယ်။
အဲဒီလောက် အရည်အချင်းနဲ့ လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကို သွားတာဟာ အရှက်ရဖို့ပဲ ရှိလိမ့်မယ်" ဟု အရှင်ကန်းမန်က လက်ပိုက်လျက် ပြောလိုက်သည်။
ထိုစကားကြောင့် ကျင့်ကြံသူများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ သူတို့သည် စမ်းသပ်မှုတွင် ပါဝင်ရန် မီးလျှံတိမ်တိုက်ပြည်နယ်မှ ရွေးချယ်ခံလာရသူများ ဖြစ်သည်။ ယခု စမ်းသပ်မှုကြီး မစတင်မီ စုပေါင်းလေ့ကျင့်ရေးမှာတင် အထုတ်ခံရမည့်သူများ ရှိနေသည်လား။
သို့သော် ဤသူမှာ လော့မျိုးနွယ်စုတွင် ထူးခြားသော အဆင့်အတန်းရှိသည့် အရှင်ကန်းမန် ဖြစ်သည်။ သူ၏ စကားတစ်ခွန်းဖြင့် လူများကို အမှန်တကယ် ဖယ်ရှားပစ်နိုင်သည်။
အထူးသဖြင့် ဘိုင်ချန်ကဲ့သို့သော သူများမှာ မျက်နှာပျက်သွားသော်လည်း ရင်ထဲတွင်မူ ဇွဲများ တက်လာခဲ့သည်။ သူတို့ ထပ်ပြီး ရှုံးနိမ့်လို့ မဖြစ်တော့ပေ။
"မင်းတို့ မကျေမနပ် ဖြစ်မနေနဲ့။ လေ့ကျင့်ရေးကိုတောင် မအောင်မြင်တဲ့သူတွေဟာ အရင်းအမြစ်တွေကို ဆက်ပြီး ဖြုန်းတီးပိုင်ခွင့် ရှိတယ်လို့ မင်းတို့ ထင်နေတာလား" ဟု ကျင့်ကြံသူများ၏ အမူအရာကို မြင်သောအခါ အရှင်ကန်းမန်က မဆိုင်းမတွ ပြောလိုက်သည်။
လူတိုင်း တိတ်ဆိတ်သွားကြသည်။ အရှင်ကန်းမန် ပြောသည်မှာ မှန်ပါသည်။ ကျင့်ကြံသူများအဖို့ အခြားသူများထက် အားနည်းနေပါက ဖယ်ရှားခံရခြင်းမှာ ထိုက်တန်လှသည်။
သို့သော် အဆိပ်ငွေ့များရှိသော ပတ်ဝန်းကျင်တွင် ကျင့်ကြံခြင်းက ကောင်းမွန်သော အရာ ဖြစ်ပါမည်လား။
"ဟဲဟဲ... လေနက်ချိုင့်ဝှမ်းကို အထင်မသေးနဲ့။ အဲဒီချိုင့်ဝှမ်းမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်လို့ ငါ ကြားဖူးတယ်။ ပဉ္စမအဆင့်နဲ့ အောက်ကို ရောက်သွားတဲ့သူတွေဟာ သဘာဝအတိုင်း အကျိုးကျေးဇူးတွေကို ခံစားရလိမ့်မယ်" ဟု လျှို့ဝှက်ချက် အချို့ကို သိထားသော ကျင့်ကြံသူတစ်ဦးက ဂုဏ်ယူစွာ ပြောလိုက်သည်။
အမှန်စင်စစ် သူသည်လည်း အခြားသူများ ပြောသည်ကိုသာ ကြားဖူးခြင်း ဖြစ်သော်လည်း ယခုအခါတွင် သူတစ်ဦးတည်းသာ ပြောနေသဖြင့် အားလုံး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
"မင်းပြောတာ မမှားပါဘူး၊ ဒါပေမဲ့ ပဉ္စမအဆင့်ကို ရောက်ဖို့က လွယ်ပါတယ်။ တကယ် အကျိုးကျေးဇူး ခံစားချင်ရင်တော့ သတ္တမအဆင့်ကမှ အစပဲ" ဟု ရန်ယွီက ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။
ရှေးဉီးဖေးအဆောက်အအုံတွင် လေ့ကျင့်ရေး စတင်ကတည်းက သူသည် ယခင်ကထက် ပို၍ အေးစက်လာပုံရသည်။ ရန်ယွီ၏ အေးစက်လှသော မျက်နှာကို မြင်လိုက်ရသည့်အခါ ထိုကျင့်ကြံသူမှာ ဆက်မပြောရဲတော့ပေ။
"သတ္တမအဆင့်ကမှ အစ ဟုတ်လား"
ကျင့်ကြံသူများ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။ သတ္တမအဆင့်တွင်မူ အဆိပ်ငွေ့များမှာ အလွန်ထူထပ်သော ဇုန်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့မှာ ဝေဟင်ထဲတွင် ရှိနေသေးသော်လည်း အချို့သောသူများမှာ ယွမ်ချီ အကာအကွယ်ကို သုံးနေရပြီ ဖြစ်သည်။ အချို့သော ကျင့်ကြံသူများမှာမူ တစ်ကိုယ်လုံး နာကျင်လာသဖြင့် အကာအကွယ်ကို မသုံးဘဲ မနေနိုင်တော့ပေ။
ထို့အပြင် အရှင်ကန်းမန် ပြောသကဲ့သို့ပင် သူတို့၏ အကာအကွယ်များမှာ တဖြည်းဖြည်း စားပစ်ခြင်း ခံနေရသည်ကိုလည်း ခံစားနေရသည်။ ယခုလောလောဆယ်တွင် မမြန်ဆန်လှသော်လည်း ပဉ္စမအဆင့်သို့ ရောက်ပါက အကာအကွယ်များ ခံနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းမိကြသည်။
သတ္တမအဆင့်သို့ ရောက်ရန်မှာမူ မည်မျှ ခက်ခဲမည်ကို မတွေးရဲစရာပင်။
"အားလုံး အောက်ကို ဆင်းကြတော့။ ဒီအဆိပ်ငွေ့တွေကို ခုခံဖို့ အကောင်းဆုံးနည်းလမ်းက မင်းတို့ရဲ့ ဖေးမျိုးနွယ် သွေးစွမ်းအားကို နှိုးဆွဖို့ပဲ" ဟု အရှင်ကန်းမန်က ပြောလိုက်သည်။
အခန်း ၈၂၈ - သွေးနဂါး၏ သွေးစက်များ
အရှင်ကန်းမန် ထိုသို့ ပြောလိုက်သည်နှင့် လူအများစုသည် ယီယွင်ကို မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြုံးစိစိကြည့်နေကြသည်။ ယီယွင်မှာ ခန္ဓာကိုယ် ပိုမိုအားနည်းသော လူသားတစ်ယောက် ဖြစ်သည်။ ယခင် လေ့ကျင့်ရေးတွင် ယီယွင်က အားလုံး၏ အာရုံကို လုယူနိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ... ဤနေရာမှာ ဖေးမျိုးနွယ်တို့၏ နယ်မြေ ဖြစ်သည်။
လော့ဖုန်းလင် လျှောက်လာပြီး ပြောလိုက်သည် "ဂျူနီယာမောင်လေးယီ... အဆင်ပြေရဲ့လား ငါတို့ အတူတူ သွားကြမလား အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးနိုင်မှာပေါ့"
လော့ဖုန်းလင်မှာ ယီယွင်အပေါ် မကောင်းမှု တစ်စုံတစ်ရာ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
"ကောင်းပါပြီအစ်မလော့"
ယီယွင် ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် မီးလျှံတိမ်တိုက်ပြည်နယ်မှ တပည့်များစွာသည် လေနက်ချိုင့်ဝှမ်းဘက်သို့ ပျံသန်းသွားကြသည်။
ရန်ယွီသည်လည်း ယီယွင်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဤစမ်းသပ်မှုတွင် သူ တောက်ပနိုင်ရန် ကံကြမ္မာက ဖန်တီးထားသည်။ ရွှီရွှေရန် မျိုးနွယ်စု၏ သွေးစွမ်းအားမှာ မည်မျှ အစွမ်းထက်ကြောင်း လူတိုင်းကို သိစေချင်သည်။
သူသည် အရှင်ကန်းမန်ကို သူ၏ ခွန်အားနှင့် ပါရမီကို မြင်စေချင်သည်။ အရှင်ကန်းမန်၏ လျစ်လျူရှုမှုကို အမြဲခံနေရသဖြင့် သူသည် မကျေနပ်ချက်များကို ကိုင်စွဲထားဆဲ ဖြစ်သည်။
"ရှူး"
ရန်ယွီသည် လေနက်ချိုင့်ဝှမ်း၏ စတုတ္ထအဆင့်သို့ တန်းပြီး ရောက်သွားသည်အထိ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ရန်ယွီသည် စတုတ္ထအဆင့်မှ စတင်သည်။ ရှိနေသော မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ ပထမအဆင့်မှသာ စတင်ရန် ကြိုးစားနေကြသည်။
"ရန်ယွီက စတုတ္ထအဆင့်ကို ချက်ချင်း ရွေးလိုက်တာလား ကုလော့ကတော့ ဒုတိယအဆင့်ကိုပဲ ရွေးတယ်"
"ကုလော့က ကြွားရတာ မကြိုက်လို့ပါ။ သူသာဆိုရင် စတုတ္ထအဆင့်အထိ ရောက်ဖို့ ခက်ခဲမှာ မဟုတ်ပါဘူး"
လူအများမှာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ သူတို့ထဲမှ များစွာမှာ မြေကမ္ဘာဖေးနှင့် ကောင်းကင်ဖေးများ ဖြစ်ကြသည်။ သို့သော် ကောင်းကင်ဖေး ဖြစ်သော်လည်း သွေးမျိုးဆက် ကွာခြားချက်မှာ ရှိနေသည်။ အစွမ်းထက်သော သွေးမျိုးဆက်များက အခြားသူများကို အလွန်တရာ မနာလို ဖြစ်စေသည်။
စတုတ္ထအဆင့်သို့ ဆင်းသက်လိုက်သည်နှင့် ရန်ယွီသည် သူ၏ ပတ်ဝန်းကျင်ရှိ မြူနက်များမှာ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့သည် သွားများကို ဖြဲကာ လက်သည်းများကို ထုတ်၍ ဖေးသားရဲများ သို့မဟုတ် ခြောက်လှန့်သော မိစ္ဆာများ၏ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲကာ ရန်ယွီထံသို့ ခုန်အုပ်လာကြသည်။
"ဘုန်း"
ရန်ယွီ၏ ယွမ်ချီ အကာအကွယ်မှာ သူ၏ တစ်ကိုယ်လုံးကို ဝန်းရံကာ ကျောက်စိမ်းရောင် အလင်းကွင်းတစ်ခုအဖြစ် ပေါ်လာသည်။
အချို့သော မြူနက်များသည် အကာအကွယ်ကြောင့် ချက်ချင်း လွင့်စင်သွားသော်လည်း ဖေးသားရဲပုံစံ ပြောင်းလဲထားသော မြူနက်များမှာမူ ရန်ယွီ၏ ကျောက်စိမ်းရောင် အကာအကွယ်ကို ဖောက်ထွင်းပြီး ရန်ယွီထံသို့ ဆက်လက် ခုန်အုပ်လာကြသည်။
"လေနက်ချိုင့်ဝှမ်းရဲ့ အဆိပ်ငွေ့တွေက တကယ့်ကို ထူးဆန်းတာပဲ။ သူတို့က ကောင်းကင်မြေပြင် ယွမ်ချီတွေကို စုပ်ယူပြီး ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တယ်။ အချို့သော အဆိပ်ငွေ့တွေက အသိဉာဏ်တောင် ရနေတယ်။
ပြီးတော့ ပုံသဏ္ဍာန် ရနေတဲ့ ဒီအဆိပ်ငွေ့တွေက ယွမ်ချီ အကာအကွယ်တွေကို ဖောက်ထွင်းနိုင်တယ်။ ဆိုလိုတာက ယွမ်ချီ အကာအကွယ်နဲ့တင် ဒီအဆိပ်ငွေ့တွေကို ခုခံဖို့ မဖြစ်နိုင်ဘူး" ဟု မီးလျှံတိမ်တိုက်ပြည်နယ် တပည့်တစ်ဦးက ပြောလိုက်သည်။
သူ ပြောနေစဉ်မှာပင် အဆိပ်ငွေ့များမှာ အကာအကွယ်ကို ဖောက်ထွင်း၍ ရန်ယွီဆီသို့ တည့်တည့် ဦးတည်လာသည်။ ရန်ယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခါနီးတွင် ရန်ယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဘုန်း"
ရန်ယွီ၏ နောက်ကျောမှ ပြင်းထန်သော သွေးမျိုးဆက် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ အနီရောင် သွေးမျိုးဆက် အရှိန်အဝါမှာ မီးလျှံတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို လောင်ကျွမ်းစေသည်။
"ချီး ချီး ချီး"
အဆိပ်ငွေ့များသည် သွေးမျိုးဆက် အရှိန်အဝါကြောင့် လောင်ကျွမ်းသွားပြီး အပူပြင်းပြင်းအောက်ရှိ နှင်းများကဲ့သို့ အရည်ပျော်သွားကြသည်။
ရန်ယွီ၏ နောက်တွင် သွေးမျိုးဆက် အရှိန်အဝါမှာ ခြေထောက်ခြောက်ချောင်းပါသော ထူးဆန်းသည့် ငါးပုံစံအဖြစ် ပြောင်းလဲသွားသည်။ ငါးကိုယ်လုံးနှင့် မြွေခေါင်းရှိသည်။ ၎င်း၏ အကြေးခွံများပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရေသင်္ကေတများ ထွင်းထုထားသည်။
"ဒါ... ရန်ယီငါးပဲ" တစ်ယောက်ယောက်က မနာလိုစွာ ပြောလိုက်သည်။
ရန်ယီငါးမှာ ရေထဲတွင် နေထိုင်သော ရှေးဉီးဖေး တစ်မျိုးဖြစ်သည်။ ဖေးတစ်သောင်း ကောင်းကင်ဘုံတွင် ရှေးဉီးဖေးများ မြောက်မြားစွာ ရှိပြီး တစ်ကောင်နှင့်တစ်ကောင် စွမ်းအားချင်း ကွာခြားကြသည်။
ရန်ယီငါးမှာ ရှေးဉီးဖေးများထဲတွင် ထူးချွန်သော ခွန်အားမရှိသော်လည်း ရွှီရွှေရန် မျိုးနွယ်စုတွင် ရန်ယီငါး၏ စစ်မှန်သော သွေးမျိုးဆက်ကို ဆက်ခံထားခြင်းမှာ မသေးလှပေ။
ကောင်းကင်ဖေးများစွာမှာ သူတို့၏ ဘိုးဘေးများက နဂါး သို့မဟုတ် ဖီးနစ်သွေးမျိုးဆက်ကို ဆက်ခံထားသည်ဟု ကြွားလုံးထုတ်လေ့ ရှိကြသည်။ ကြားရသည်မှာ အံ့ဩစရာ ကောင်းသော်လည်း တကယ်တမ်းတွင် ထိုသွေးစက်များမှာ အလွန်နည်းပါးလှသည်။
သူတို့၏ သားစဉ်မြေးဆက်များအတွက် ကျန်ရှိခဲ့သော ခွန်အားမှာလည်း အများကြီး နိမ့်ကျသွားသည်။
အကယ်၍ ကောင်းကင်ဖေးတစ်ဦး၏ သွေးမျိုးဆက် သိပ်သည်းဆမှာ မြင့်မားပါက ရန်ယွီကဲ့သို့ပင် မိမိ၏ သွေးအရှိန်အဝါကို အသုံးပြု၍ ရှေးဉီးဖေး၏ ရှုထောင့်ပုံရိပ် ဖန်တီးနိုင်သည်။ ၎င်းမှာ ကောင်းကင်ဖေးများစွာ မနာလို ဖြစ်စေသော နည်းစနစ်တစ်ခု ဖြစ်သည်။
အကယ်၍ ပိုမို အစွမ်းထက်ပါက ရှေးဉီးဖေးကို ဆင့်ခေါ်နိုင်စွမ်း ရှိလာမည် ဖြစ်ပြီး ၎င်းကို "သွေးမျိုးဆက် နိုးထခြင်း" ဟု ခေါ်ဆိုသည်။ ယခု ရန်ယွီမှာမူ ထိုအဆင့်သို့ ရောက်ရန် အလှမ်းဝေးနေသေးသည်။
ရန်ယွီက ရန်ယီငါး ရှုထောင့်ပုံရိပ် ဖန်တီးလိုက်ပြီးနောက် အနီရောင် သွေးအရှိန်အဝါမှာ ခုခံသူမရှိသကဲ့သို့ ဖြစ်နေသည်။ မြူနက်ထဲတွင် အားရပါးရ ရမ်းကားနေပြီး အဆိပ်ငွေ့များမှ ဖြစ်ပေါ်လာသော ဖေးသားရဲများနှင့် မိစ္ဆာများကို ဖဲ့ထုတ်၍ စားသောက်နေတော့သည်။
"ရန်ယွီ ဖန်တီးလိုက်တဲ့ သွေးမျိုးဆက် ပုံရိပ်ယောင်က မြူနက်တွေကို စားသောက်နေတာလား"
ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြသည်။ "အဲဒီ သွေးမျိုးဆက် ပုံရိပ်ယောင်က သူ့ကိုယ်သူ ပိုသန်မာလာအောင် မြူနက်တွေကို စားသောက်နေတာ မဟုတ်လား"
"မှန်တယ်"
အရှင်ကန်းမန်က ခေါင်းညိတ်လိုက်သည်။
"ဒါက လေနက်ချိုင့်ဝှမ်း ပေးတဲ့ အခွင့်အရေးပဲ။ မင်းတို့ကို ပြောပြပေးရတာ ဘာမှ မဖြစ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာက အလွန် အစွမ်းထက်တဲ့ ရှေးဉီးဖေး တစ်ကောင် ကောလဟာလတွေအရ သွေးနဂါး တစ်ကောင်ဟာ ဒီချိုင့်ဝှမ်းမှာ ခန္ဓာကိုယ် အပိုင်းပိုင်း အဖြတ်ခံခဲ့ရတယ်။ အဲဒီ သွေးနဂါးရဲ့ သွေးတွေက လေနက်ချိုင့်ဝှမ်းကို အနီရောင် ပြောင်းလဲသွားစေပြီး ဒီနေ့အချိန်အထိ ရှိနေတဲ့ မြူနက်တွေ ဖြစ်လာခဲ့တာပဲ။
"အဲဒီ မြူနက်တွေက အစပိုင်းမှာ အမှုန်အမွှားလောက်ကနေ ပုံသဏ္ဍာန် ဖြစ်လာပြီး အသိဉာဏ်တွေ ရလာခဲ့တယ်။ နှစ်သန်းပေါင်းများစွာအတွင်းမှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက သန့်စင်သော ကောင်းကင်မြေပြင် စွမ်းအင်တွေကို စုစည်းထားနိုင်ခဲ့တယ်။ မင်းတို့သာ သူတို့ကို စားသောက်နိုင်ရင် မင်းတို့ရဲ့ သွေးမျိုးဆက်စွမ်းအားကို ပိုသန်မာလာစေမှာပဲ။ ဒါပေမဲ့ မစားသောက်နိုင်ရင်တော့ မင်းတို့ကိုယ်တိုင် အစားခံရလိမ့်မယ်။ ပိုဆိုးရင် မင်းတို့ရဲ့ ဝိညာဉ်တွေပါ ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် ဒီနေရာမှာ လေ့ကျင့်တာက အလွန်တရာ အန္တရာယ် များတယ်"
အရှင်ကန်းမန် ပြောပြီးသည့်အခါ သူ၏ရှေ့ရှိ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
အားနည်းသောသူများမှာ မျက်နှာပျက်သွားကြသည်။
သွေးနဂါးတစ်ကောင် ချန်ခဲ့သော သွေးများက မြူနက်များကို ဖြစ်ပေါ်စေခဲ့တာလား သွေးစွမ်းအားကို တိုးတက်စေနိုင်သည်မှာ အံ့ဩစရာ မရှိတော့ပေ။ သို့သော် မြူနက်များမှာ အလွန် ကြောက်စရာ ကောင်းသည်။ မသတိထားမိပါက ဝိညာဉ်အစွမ်းကို အစားခံရပြီး အရူးတစ်ယောက် ဖြစ်သွားနိုင်သည်။ ထိုအခါ သေဆုံးခြင်းနှင့် မခြားနားတော့ပေ။
"ကြည့်စမ်း... ရန်ယွီ ပဉ္စမအဆင့်ကို ရောက်သွားပြီ"
လူအုပ်ထဲမှ တစ်ယောက်ယောက်က ရုတ်တရက် အော်လိုက်သည်။
ပဉ္စမအဆင့် ရောက်ပြီလား
အစောပိုင်းက ရန်ယွီ စတုတ္ထအဆင့်သို့ ရောက်သည့်အခါ သွေးစွမ်းအားကို နှိုးဆွ၍ မြူနက်အမြောက်အမြားကို စားသောက်ခဲ့သည်။ မြူနက်ထဲရှိ သတ္တဝါများမှာ ရန်ယွီကို မယှဉ်နိုင်မှန်း သိသွားကြသဖြင့် ထွက်ပြေးကုန်ကြသည်။
ထို့ကြောင့် ရန်ယွီသည် ပဉ္စမအဆင့်သို့ တန်းပြီး တက်သွားခြင်း ဖြစ်သည်။
ပဉ္စမအဆင့် ကျော်သွားလျှင် ဖိအားမှာ အလွန်တရာ ပြင်းထန်လာသည်။ ဤအဆင့်မှာ အရှင်ကန်းမန် ပြောခဲ့သော အဆင့်သတ်မှတ်ချက် ဖြစ်သည်။ အကယ်၍ လေနက်ချိုင့်ဝှမ်း စမ်းသပ်မှု မပြီးခင် ဤအဆင့်ကို မရောက်နိုင်ပါက အရှင်ကန်းမန်က လော့နတ်ဘုရားခန်းမ စမ်းသပ်မှုမှ တိုက်ရိုက် ဖယ်ရှားပစ်လိမ့်မည်။
မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များစွာမှာ ပဉ္စမအဆင့်သို့ ရောက်ရန်ပင် စိုးရိမ်နေကြသော်လည်း ရန်ယွီမှာမူ ပဉ္စမအဆင့်တွင် ပင်ပန်းဟန် မရှိသေးပေ။
ရန်ယွီ ပဉ္စမအဆင့်တွင် ရှိနေစဉ် ကုလော့မှာမူ ဒုတိယအဆင့်တွင်သာ ရှိနေသေးသည်။ အခြားသူများမှာမူ မြူနက်၏ ပြင်းထန်မှုကို အသားကျစေရန် ပထမအဆင့်တွင်သာ စတင်နေကြဆဲ ဖြစ်သည်။
အခြေအနေမှာ ရှင်းလင်းလှသည်။ ကုလော့သည် ဒုတိယအဆင့်တွင် ရှိနေသော်လည်း သူ၏ ရှေးဉီးဖေး သွေးစွမ်းအားကို မနှိုးဆွရသေးပေ။ သူသည် ခန္ဓာကိုယ်၏ သန်မာမှုတစ်ခုတည်းဖြင့်သာ မြူနက်များကို ခုခံနေခြင်း ဖြစ်သည်။
မိမိ၏ ခန္ဓာကိုယ်ဖြင့် မြူနက်ကို ခုခံရန် ကြိုးစားခြင်းမှာပင် ကြောက်စရာ ကောင်းလှသည်။
"ကုလော့ ပဉ္စမအဆင့် ရောက်ဖို့က အချိန်တစ်ခုသာ လိုတာပါ။ သူ အခု ပဉ္စမအဆင့် ရောက်နိုင်ပေမယ့် အလျင်စလို မလုပ်တာ ဖြစ်မယ်။ ဒါပေမဲ့ ငါတို့အတွက်ကတော့ စိုးရိမ်ဖို့ မလိုဘူးလား လော့နတ်ဘုရားခန်းမ မရောက်ခင်မှာတင် အထုတ်ခံလိုက်ရရင် မီးလျှံတိမ်တိုက်ပြည်နယ်က ပေးတဲ့ အခွင့်အရေးကို ဖြုန်းတီးလိုက်တာနဲ့ အတူတူပဲ"
"ဂျူနီယာညီလေးယီ... အောက်ကို အတူတူ ဆင်းကြရအောင်။ ပထမအဆင့်ကနေ စပြီး ဖြည်းဖြည်းချင်း သွားကြတာပေါ့။ မင်းအနေနဲ့ ပထမအဆင့်ကို အဝေးကနေပဲ ချဉ်းကပ်ကြည့်ပြီး အလျင်စလို မဆင်းပါနဲ့ဦး။ အနည်းဆုံးတော့ အသားကျဖို့ အချိန်ယူရလိမ့်မယ်"
အခန်း ၈၂၉ - ယီယွင် လေနက်ချိုင့်ဝှမ်းသို့ ဆင်းသက်ခြင်း
လော့ဖုန်းလင်သည် ယီယွင်ကို ကြည့်ရင်း စိုးရိမ်နေဆဲပင်။
ဒဏ္ဍာရီများအရ ရှေးဉီး သွေးနဂါး ဆိုသည်မှာ နဂါးစစ်စစ် ၏ ဥမှာ မိစ္ဆာသွေးများ၏ ဖျက်ဆီးခြင်းကို ခံရရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းကြောင့် နဂါးပေါက်လေးမှာ မပေါက်ဖွားမီကပင် မျိုးဗီဇပြောင်းလဲသွားပြီး ပေါက်ဖွားလာသောအခါ ကြက်သွေးရောင်ရှိသော သွေးနဂါး ဖြစ်လာခဲ့သည်။
သွေးနဂါးများသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာကြသည်။ သူတို့သည် ခန္ဓာကိုယ် သန်မာစေရန် သက်ရှိ သန်းပေါင်းများစွာကို ဝါးမြိုကြရာ နဂါးစစ်များထက်ပင် ပို၍ အစွမ်းထက်နိုင်သော်လည်း လမ်းစဉ်မှားကို လျှောက်လှမ်းကြသူများ ဖြစ်သဖြင့် သူတို့၏ အရှိန်အဝါမှာ ရှုပ်ထွေးပြီး ကြမ်းတမ်းလှသည်။ ထို့ကြောင့်ပင် သူတို့၏ သက်တမ်းမှာ အလွန်တိုတောင်းလှသည်။
နှမြောစရာကောင်းသည်မှာ ထိုရှေးဉီး သွေးနဂါး၏ အဖိုးတန်လှသော အရိုးများနှင့် နဂါးကျောရိုးများမှာ ပျောက်ကွယ်သွားခဲ့ပြီး လေနက်ချိုင့်ဝှမ်းနှင့် တစ်သားတည်း ဖြစ်သွားသော နဂါးသွေးများသာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ နဂါးသွေးများဖြင့် ပေါင်းစပ်ထားသော လေနက်ချိုင့်ဝှမ်းမှာမူ ကိုယ်တိုင်ပင် အံ့မခန်း ရတနာတစ်ခု ဖြစ်နေတော့သည်။
ဤကဲ့သို့ အန္တရာယ်ရှိသော နေရာတွင် ယီယွင်၌ ရှေးဉီးဖေး သွေးမျိုးဆက်လည်း မရှိသလို သန်မာသော ခန္ဓာကိုယ်လည်း မရှိပေ။ ယွမ်ချီ အကာအကွယ်မှာလည်း အသုံးမဝင်တော့သဖြင့် လေနက်ချိုင့်ဝှမ်းသို့ ဆင်းရန်မှာ သူ၏အတွက် အလွန်ပင် ခက်ခဲလှသည်။
အမှန်စင်စစ် လော့ဖုန်းလင်ကိုယ်တိုင်ပင် ယုံကြည်မှု မရှိလှပေ။ သူမသည် ကောင်းကင်ဖေး တစ်ဦး ဖြစ်သော်လည်း သူမ၏ သွေးမျိုးဆက် သိပ်သည်းဆမှာ ရန်ယွီထက် အများကြီး နိမ့်ကျလှသည်။
ယီယွင်က လေနက်ချိုင့်ဝှမ်းကို စဉ်းစားဟန်ဖြင့် ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ဂျူနီယာညီလေးယီ... ဘာကို ကြည့်နေတာလဲ" ထိုအချိန်တွင် လီယာ၏ လှောင်ပြောင်သော အသံ ထွက်ပေါ်လာသည်။ သူသည် ယီယွင်အနားသို့ ပျံသန်းလာပြီး ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
"လက်မလျှော့ပါနဲ့ဦး၊ ဒါပေမဲ့ မင်းက ဘာလို့ လူသားဖြစ်နေရတာလဲ ခန္ဓာကိုယ် အားနည်းတာကတော့ နားလည်ပေးလို့ ရပါတယ်။ မင်းရဲ့ ဥပဒေသတွေက အားကောင်းပေမဲ့ အခုတော့ အသုံးမဝင်တော့ပုံပဲ။ ဖေးတစ်သောင်း ကောင်းကင်ဘုံမှာ နောက်ဆုံးတော့ သွေးမျိုးဆက်ကသာ အဓိကပဲ။
လော့နတ်ဘုရားခန်းမ စမ်းသပ်မှုဆိုတာ ဖေးမျိုးနွယ်တွေအတွက်ပဲ သီးသန့် လုပ်ထားတာ၊ လူသားတွေအတွက် မဟုတ်ဘူး။ မင်းရဲ့ ဥပဒေသတွေ အားကောင်းတော့ရော ဘာဖြစ်လဲ အဲဒါက မင်း တောက်ပနိုင်မယ့် တစ်ခုတည်းသော ကဏ္ဍပဲ ဖြစ်လိမ့်မယ်။ မင်း ရှေ့မှာရှိတဲ့ ဒီအတားအဆီးကို မကျော်ဖြတ်နိုင်ရင် လော့နတ်ဘုရားခန်းမကိုတောင် သွားနိုင်မှာ မဟုတ်ဘူး"
လီယာသည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ခေါင်းမော့ရင်ပေါ့ လမ်းလျှောက်နိုင်သည်ဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။
ယခင်က သူသည် ယီယွင်၏ ဥပဒေသ အစွမ်းကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရသည်။ ယခုအခါ ယီယွင် အခက်တွေ့နေသည်ကို မြင်ရသဖြင့် ဤအခွင့်အရေးကို အသုံးချကာ နှိမ်ချရန် လက်နှေးမနေတော့ပေ။ ယီယွင်သာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ ရင့်ကျက်လာပါက သူတို့ကြားက ကွာဟချက်မှာ ပိုကြီးမားသွားမည် ဖြစ်ရာ နောင်တွင် ယီယွင်၏ ကျောပြင်ကိုပင် လှမ်းမြင်ရတော့မည် မဟုတ်ပေ။
"ဟားဟားဟား... ဂျူနီယာညီလေးယီ... စီနီယာအစ်ကို အရင် သွားနှင့်ပြီနော်" လီယာသည် အားရပါးရ ရယ်မောလိုက်ပြီး ယီယွင်၏ အဖြေကိုပင် မစောင့်ဘဲ လေနက်ချိုင့်ဝှမ်းထဲသို့ ခုန်ချလိုက်သည်။
သူသည် ဒုတိယအဆင့်သို့ တန်းပြီး ခုန်ဆင်းလိုက်ခြင်း ဖြစ်သည်။
သူ ဒုတိယအဆင့်ကို ရွေးချယ်ရခြင်းမှာ မိမိ၏ ခန္ဓာကိုယ် ခွန်အားကို ယုံကြည်သောကြောင့် တစ်ကြောင်းနှင့် ကြွားချင်သောကြောင့် တစ်ကြောင်း ဖြစ်သည်။ အစောပိုင်းက ခေါင်းမော့ရင်ပေါ့ စကားများ ပြောခဲ့ပြီးမှ လက်တွေ့မှာလည်း သက်သေပြရမည် မဟုတ်ပါလော။
လီယာ ဒုတိယအဆင့်သို့ ရောက်သည်နှင့် လေနက်များ၏ ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။
သူသည် ဟိန်းဟောက်လိုက်ရာ သူ၏ အရိုးများမှာ တဂျွတ်ဂျွတ် အသံမြည်လာပြီး တစ်ကိုယ်လုံးတွင် အပ်ကဲ့သို့ စူးရှသော အမွှေးအမျှင်များ ပေါက်လာသည်။ သူ၏ မျက်လုံးများမှာ စိမ်းတောက်လာပြီး နောက်တွင် အမြီးရှည်ကြီး တစ်ခု ထွက်လာခဲ့သည်။
ဤသည်မှာ ဖေးမျိုးနွယ်တို့၏ အသွင်ပြောင်းလဲခြင်း ပင် ဖြစ်သည်။
"လီယာက သွေးနှော တစ်ယောက်ပဲ။ သူက ကောင်းကင်ဖေးနဲ့ မြေကမ္ဘာဖေး သွေးမျိုးဆက် နှစ်ခုလုံး ရှိတယ်။ သူက ရန်ယွီလို သွေးစွမ်းအားကို သုံးပြီး ဘိုးဘေးတွေရဲ့ ခွန်အားကို မဆင့်ခေါ်နိုင်ပေမဲ့ မြေကမ္ဘာဖေးရဲ့ အသွင်ပြောင်းလဲခြင်းကို သုံးပြီး မြူနက်တွေကို ခုခံနိုင်တယ်" ဟု ယီယွင်အနားတွင် ရပ်နေသော လော့ဖုန်းလင်က ရှင်းပြသည်။
ဖေးတစ်သောင်း ကောင်းကင်ဘုံရှိ မြေကမ္ဘာဖေး အများစုမှာ သားရဲများ၊ သစ်ပင်များ၊ ငှက်များ၊ ငါးများ သို့မဟုတ် အပင်များမှ နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံပြီးမှ လမ်းစဉ်ကို ရရှိခဲ့ကြသူများ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့မှာ သာမန်ဖေးများသာ ဖြစ်ကြသည်။
မြေကမ္ဘာဖေးများသည် ထိုသာမန်ဖေးများ၏ တိုက်ရိုက် သားစဉ်မြေးဆက်များ ဖြစ်ကြသဖြင့် သားရဲပုံသဏ္ဍာန်သို့ ပြောင်းလဲနိုင်ကြခြင်း ဖြစ်သည်။
သို့သော် ကောင်းကင်ဖေးများမှာမူ ထိုသို့ မလုပ်နိုင်ကြပေ။ သူတို့၏ ဘိုးဘေးများမှာ ရှေးဉီးဖေးများ ဖြစ်ကြသည်။ သူတို့၏ သွေးမျိုးဆက်မှာ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့ရာ အလွန် ပါးလွှာနေပြီ ဖြစ်သဖြင့် ရှေးဉီးဖေး ပုံသဏ္ဍာန်သို့ အသွင်ပြောင်းရန်မှာ မည်မျှအထိ သွေးစွမ်းအား သိပ်သည်းဆ မြင့်မားရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် အသွင်ပြောင်းလဲခြင်း နည်းစနစ်မှာ မြေကမ္ဘာဖေးတို့၏ ထူးခြားချက် ဖြစ်သည်။
အသွင်ပြောင်းလဲခြင်းက မြေကမ္ဘာဖေးများကို ကြီးမားသော ခွန်အား ပေးစွမ်းနိုင်ပြီး ယခုအခါ လီယာသည် ထိုအကျိုးကျေးဇူးကို ခံစားနေရသည်။
သူသည် ဝံပုလွေတစ်ကောင်ကဲ့သို့ အားရပါးရ အူလိုက်ပြီး ဒုတိယအဆင့်မှ တတိယအဆင့်သို့ တန်း၍ ခုန်ဆင်းလိုက်ပြန်သည်။
"အူး... ဝူး"
လီယာသည် တတိယအဆင့်တွင် မနည်း ခုခံနေရသော်လည်း ဝေဟင်တွင် ရှိနေဆဲဖြစ်သော ယီယွင်ကို ကြည့်ကာ အူပြနေသေးသည်။ သူ၏ ရန်စမှုမှာ အထင်အရှားပင်။ အကယ်၍ ယီယွင်သာ စိတ်မထိန်းနိုင်ဘဲ တတိယအဆင့်သို့ တန်းဆင်းလိုက်ပါက မြူနက်များက သူ၏ စိတ်အသိကို စားမြိုသွားပြီး အရူးတစ်ယောက် ဖြစ်သွားစေမည် ဖြစ်သည်။
"ဂျူနီယာညီလေးယီ... ငါတို့လည်း အောက်ကို ဆင်းတော့မယ်။ အောက်မှာ စောင့်နေမယ်နော်"
မီးလျှံတိမ်တိုက်ပြည်နယ် တပည့်အချို့မှာလည်း ယီယွင်ကို လှောင်ပြုံးပြုံးကာ လေနက်ချိုင့်ဝှမ်းထဲသို့ ဆင်းသွားကြသည်။ သူတို့အားလုံးမှာ ယီယွင် ဒုက္ခရောက်သည်ကိုသာ မြင်ချင်နေကြသူများ ဖြစ်သည်။
"ဂျူနီယာမောင်လေးယီ... သူတို့ရဲ့ ရန်စမှုကို ဂရုမစိုက်ပါနဲ့" လော့ဖုန်းလင်က ယီယွင်ကို ဖျောင်းဖျလိုက်သည်။ အစောပိုင်းက တောက်ပခဲ့သော ယီယွင်သည် ယခုအခါ ကြီးမားသော ကန့်သတ်ချက်နှင့် တွေ့နေရသဖြင့် စိတ်ဓာတ်ကျသွားမည်ကို သူမ စိုးရိမ်နေမိသည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မလော့... ကျွန်တော် နားလည်ပါတယ်" ဟု ဆိုကာ ယီယွင်သည် လေနက်ချိုင့်ဝှမ်းသို့ ဖြည်းညှင်းစွာ ပျံဆင်းလိုက်သည်။
လီယာ ပြောသည်မှာ မမှားပေ။ လော့နတ်ဘုရားခန်းမ စမ်းသပ်မှုမှာ ဖေးမျိုးနွယ်များအတွက်သာ ပြင်ဆင်ထားခြင်း ဖြစ်သည်။ စမ်းသပ်မှု အများစုမှာ ဖေးမျိုးနွယ်တို့၏ အမြင်ဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ မတရားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခံပညာ လမ်းစဉ်ဆိုသည်မှာ တရားမျှတမှုထက် အောင်နိုင်ခြင်းနှင့် ရှုံးနိမ့်ခြင်းအပေါ်မှာသာ မူတည်သောကြောင့် ဖြစ်သည်။
ယီယွင်သည် ပထမအဆင့်သို့ ဆင်းသက်လိုက်သည်။ သူသည် လေနက်ချိုင့်ဝှမ်း အကြောင်း ဘာမှမသိသေးသဖြင့် ပထမအဆင့်မှ စတင်ခြင်းမှာ အန္တရာယ် အကင်းဆုံး ဖြစ်သည်။
လော့ဖုန်းလင်လည်း ယီယွင်နှင့်အတူ ပထမအဆင့်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူမသည် မြူနက်များကို ခုခံရန် သူမ၏ သွေးစွမ်းအားကို ချက်ချင်း နှိုးဆွလိုက်သည်။ သူမသည် ယီယွင်နှင့် အတူရှိနေသော်လည်း ယီယွင်ကို ကူညီရန်မှာမူ မဖြစ်နိုင်ပေ။
မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များစွာမှာ ယီယွင်၏ ပုံစံပျက်မှုကို ကြည့်ရန် စောင့်ဆိုင်းနေကြသည်။ အရှင်ကန်းမန်သည်လည်း ယီယွင်ကို ကြည့်နေသည်။ သူသည် ယီယွင်ကို စိတ်ဝင်စားသော်လည်း အထူးတလည် စောင့်ရှောက်ခြင်း မပြုပေ။ လော့မျိုးနွယ်စုတွင် လူတိုင်းမှာ တန်းတူ အခွင့်အရေး ရရှိကြသည်။
ဟိန်း...
ထိုအချိန်တွင် ယီယွင်၏ အနားတွင် မြူနက်အချို့မှာ ဖေးသားရဲ ပုံသဏ္ဍာန် ပြောင်းလဲသွားပြီး သူ့ထံသို့ ခုန်အုပ်လာသည်။ ထိုသားရဲများမှာ အနီးကပ်ကြည့်လျှင် တကယ့် သက်ရှိများကဲ့သို့ပင်။ ၎င်းတို့တွင် ကြောက်မက်ဖွယ် အပြာရောင် မျက်နှာများ ရှိပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်လှသည်။
ယီယွင်သည် သူ၏ ယွမ်ချီ အကာအကွယ်ကို ထုတ်ဖော်လိုက်သည်။ သန့်စင်သော ယန်စွမ်းအား ပါရှိသော အကာအကွယ်မှာ မဖောက်ထွင်းနိုင်သော ရွှေခေါင်းလောင်းတစ်ခုကဲ့သို့ ယီယွင်ကို ဝန်းရံထားသည်။
ဤမြင်ကွယ်ကို မြင်သောအခါ လူအချို့မှာ ခေါင်းခါလိုက်ကြသည်။ ယွမ်ချီ အကာအကွယ်မှာ အသုံးမဝင်ကြောင်း ပြောထားပြီးဖြစ်ပါလျက် သူက သုံးနေသေးသည်လား။
ချီး... ချီး...
မြူနက်များက ယီယွင်၏ အကာအကွယ်ကို ရိုက်ခတ်သည့်အခါ အချို့သော မြူနက်များမှာ လောင်ကျွမ်းသွားသော်လည်း ပုံသဏ္ဍာန် ရရှိထားသော ဖေးသားရဲများမှာမူ အကာအကွယ်ကို ဖောက်ထွင်း၍ ယီယွင်ဆီသို့ ဆက်လက် အုပ်မိုးလာခဲ့သည်။
ယီယွင် မျက်မှောင်ကြုတ်လိုက်သည်။ အရှင်ကန်းမန် ပြောသကဲ့သို့ပင် လေနက်ချိုင့်ဝှမ်းမှာ ဖေးမျိုးနွယ်၏ သွေးစွမ်းအားကို စမ်းသပ်ခြင်း ဖြစ်သည်။ ပုံသဏ္ဍာန် ရရှိထားသော မြူနက်များမှာ အသိဉာဏ် ရှိကြပြီး ၎င်းတို့ကို ဖေးမျိုးနွယ်၏ သွေးစွမ်းအားဖြင့်သာ စားမြိုနိုင်မည် ဖြစ်သည်။
ထို့အပြင် အသိဉာဏ်နှင့် သက်ရှိစွမ်းအားရှိသော အရာများကို ခရမ်းရောင်သလင်းကျောက် ဖြင့် စုပ်ယူရန် မဖြစ်နိုင်ပေ။ မြူနက်ထဲတွင် သွေးနဂါး၏ သွေးစွမ်းအားများ မြောက်မြားစွာ ပါဝင်နေပြီး ထိုသွေးထဲတွင် သွေးနဂါး စားသုံးခဲ့သော သက်ရှိများ၏ မကျေနပ်ချက် ဝိညာဉ်များ ကျန်ရစ်နေပုံရသည်။
ဒီမြူနက်တွေက ထူးဆန်းတဲ့ ဥပဒေသတွေနဲ့ ဖွဲ့စည်းထားတာပဲ။ ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့တော့ ဒီဥပဒေသတွေကို လွှမ်းမိုးဖို့ မဖြစ်နိုင်ဘူး။ ငါ လိုက်လျောညီထွေဖြစ်အောင်ပဲ လုပ်ရမယ်။ အကယ်၍ ငါ့ရဲ့ ယွမ်ချီ အကာအကွယ်က အသုံးမဝင်ဘူး၊ ဖေးသွေးစွမ်းအားကပဲ ဒီသွေးအရှိန်အဝါတွေကို စုပ်ယူနိုင်မယ်ဆိုရင်... ဖြစ်နိုင်တာက...
ယီယွင် စဉ်းစားနေစဉ်မှာပင် မြူနက်သားရဲ အချို့မှာ ဝံပုလွေဟောင်သံ၊ သရဲတစ္ဆေ ငိုသံများဖြင့် ယီယွင်ထံသို့ ပြေးဝင်လာကြသည်။ ယီယွင်၏ ခန္ဓာကိုယ်မှာ ကုလော့ကဲ့သို့ မသန်မာသဖြင့် မြူနက်များက သူ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားပါက အလွန်ပင် အန္တရာယ် ကြီးလှသည်။
လူတိုင်းမှာ ဤမြင်ကွင်းကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။ ယီယွင် တစ်စုံတစ်ခု ဖြစ်တော့မည်ဟု အားလုံးက ထင်မှတ်နေကြစဉ်မှာပင်...
"ရှောင်"
စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ယီယွင်၏ ရင်ဘတ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး မြူနက်သားရဲများ၏ အော်သံများကို ဖုံးလွှမ်းသွားခဲ့သည်။
ဘာဖြစ်တာလဲ လူတိုင်း အံ့ဩသွားကြသည်။ ယီယွင်၏ နောက်ကျောမှ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး အနက်ရောင် မီးတောက်ကြီးတစ်ခုအလား မြင်တွေ့လိုက်ရသည်။ သေချာကြည့်လိုက်သောအခါ ၎င်းမှာ မီးတောက်များ မဟုတ်ဘဲ ဧရာမ မြွေခေါင်းကြီးများ ဖြစ်နေသည်။
မြွေခေါင်း တစ်ခုချင်းစီမှာ ပုံသဏ္ဍာန် မတူကြပေ။ အချို့မှာ မျက်လုံးတစ်လုံးတည်း ရှိပြီး အချို့မှာ သုံးလုံး ရှိသည်။ အချို့က မီးလျှံများကို မှုတ်ထုတ်နေပြီး အချို့က နှင်းခဲများကို မှုတ်ထုတ်နေသည်။
မြွေခေါင်း ကိုးလုံးနှင့် ဧရာမ ခန္ဓာကိုယ်ကြီး... ယီယွင်၏ နောက်တွင် ပေါ်ထွက်လာသော ပုံရိပ်ယောင်မှာ...
ကိုးခေါင်းမြွေနဂါး......
ယီယွင်သည် သူ၏နောက်တွင် ကိုးခေါင်းမြွေနဂါး တစ်ကောင်ကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်ကို လူတိုင်း နားလည်သွားကြသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက ကိုးခေါင်းမြွေနဂါးရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားတာလား"
လူတိုင်း ထိတ်လန့်သွားကြသည်။ ကိုးခေါင်းမြွေနဂါး ဆိုသည်မှာ အလွန်တရာ အစွမ်းထက်သော ရှေးဉီးဖေး တစ်မျိုးဖြစ်သည်။ ဖေးတစ်သောင်း ကောင်းကင်ဘုံရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများပင် သူတို့နှင့် ရင်ဆိုင်ရန် ဝန်လေးကြသည်။
ကိုးခေါင်းမြွေနဂါး သွေးမျိုးဆက်ကို ဆက်ခံထားသော ကောင်းကင်ဖေးများသည် ဖေးမျိုးနွယ်များကြားတွင် အမြင့်ဆုံး အဆင့်အတန်းရှိသူများ ဖြစ်ကြသည်။ သို့သော် ထိုသွေးမျိုးဆက်မှာ လူသားတစ်ယောက်၏ ကိုယ်ပေါ်တွင် ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်ပေ။
"ဒါက သွေးမျိုးဆက် မဟုတ်ဘူး။ ဒါက သူ့ရဲ့ ရှုထောင့်ပုံရိပ်ပဲ။ ပြီးတော့ အဲဒီ ကိုးခေါင်းမြွေနဂါးက အဆင့်တစ် ပဲ ရှိသေးတယ်။ ဒါပေမဲ့... လူသားတွေက ရှုထောင့်ပုံရိပ်ကို ဒီလိုမျိုး သုံးလို့ရတာလား"
လူတိုင်း မယုံနိုင်အောင် ဖြစ်နေကြသည်။ ကိုးခေါင်းမြွေနဂါး ပေါ်လာပြီးနောက် ၎င်းသည် ပတ်ဝန်းကျင်ရှိ မြူနက်များကို စတင် ဝါးမြိုတော့သည်။ မြူနက်သားရဲများကို တစ်လုတ်တည်းနှင့် ကုန်အောင် စားပစ်နေခြင်း ဖြစ်သည်။
ယီယွင်သည် "သားရဲတစ်သောင်းတံဆိပ်" ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်သည်။ သူသည် ကိုးခေါင်းမြွေနဂါးကို သားရဲတံဆိပ်အဖြစ် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုကိုးခေါင်းမြွေနဂါးမှာ အမှန်တကယ် မသေဆုံးသေးဘဲ ယီယွင်၏ ခန္ဓာကိုယ်ထဲတွင် ဆက်လက် ကြီးထွားနိုင်စွမ်း ရှိသည်။
ယခင်က ၎င်းသည် မိုးကြိုးဒဏ်ကို ခံခဲ့ဖူးပြီး ယီယွင်သည်လည်း ထိုမှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ဤသည်မှာ သာမန် ရှုထောင့်ပုံရိပ် တစ်ခု မဟုတ်ပေ။
အကယ်၍ အခြားသော လူသားများ ကျင့်ကြံသည့် ဓားများ၊ ကြယ်စင်များ သို့မဟုတ် ပင်လယ်ပြင်ပေါ်မှ လမင်းကဲ့သို့သော ရှုထောင့်ပုံရိပ်များ ဖြစ်ပါက ဖေးမျိုးနွယ်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။
ယခုမူ ယီယွင်သည် သူ၏ ခန္ဓာကိုယ် စွမ်းအားကို ကိုးခေါင်းမြွေနဂါးထံသို့ ထည့်သွင်းကာ မြူနက်များကို စုပ်ယူနေခြင်း ဖြစ်သည်။ အဆင့်တစ် ကိုးခေါင်းမြွေနဂါးမှာ သိပ်မသန်မာသေးသော်လည်း ရှေးဉီးဖေး သွေးစွမ်းအား ပါရှိသော သတ္တဝါဖြစ်သဖြင့် သာမန် ဝံပုလွေဖေး သို့မဟုတ် ကျားဖေးများထက် အဆင့်အတန်း ပိုမြင့်မားလှသည်။
ပထမအဆင့်ရှိ မြူနက်များကို ကိုင်တွယ်ရန်မှာမူ လုံလောက်သည်ထက်ပင် ပိုနေတော့သည်။