← Chapters

အခန်း (၈၃၀-၈၃၂)

Vol. 56 Ch. 830-832

အခန်း (၈၃၀-၈၃၂)

Vol. 56 Ch. 830-832

အခန်း ၈၃၀ - ကိုးခေါင်းမြွေနဂါး၏ ခန္ဓာကိုယ် အရည်အသွေး မြှင့်တင်ခြင်း

ကိုးခေါင်းမြွေနဂါး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယီယွင်၏ ပတ်ဝန်းကျင်ရှိ သွေးနဂါး မြူနက်များသည် မြွေခေါင်း ကိုးလုံး၏ ဝါးမြိုခြင်းကို ချက်ချင်း ခံလိုက်ရသည်။

သွေးနဂါး မြူနက်များကို ဝါးမြိုပြီးနောက် ယီယွင်သည် ကိုးခေါင်းမြွေနဂါး၏ ဝမ်းမြောက်ပျော်ရွှင်နေသော စိတ်ခံစားချက်များကို ချက်ချင်း ခံစားလိုက်ရသည်။

အောက်ကမ္ဘာတွင်ရှိစဉ်က ကိုးခေါင်းမြွေနဂါးသည် အရင်းအမြစ်များ အမြဲတမ်း လိုအပ်ချက်ရှိနေသဖြင့် ပိုမိုသန်မာလာအောင် မလုပ်နိုင်ခဲ့ပေ။ ယခုမူ ဖေးတစ်သောင်း ကောင်းကင်ဘုံ၊ မြစိမ်းရောင်တောင်တန်း၏ လေနက်ချိုင့်ဝှမ်းသည် အလွန်အန္တရာယ်များသော်လည်း ကိုးခေါင်းမြွေနဂါးအတွက်မူ ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ပင်။

ဖေးမျိုးနွယ်တို့၏ ခန္ဓာကိုယ်မှာ သွေးနဂါး မြူနက်များကို ဝါးမြိုခြင်းဖြင့် သန်မာလာနိုင်သည်။ ကိုးခေါင်းမြွေနဂါး အဖို့မှာလည်း မြူနက်များကို မျိုချပြီးနောက် ၎င်းထဲတွင် ပါရှိသော ညစ်ညမ်းသည့် သွေးအရှိန်အဝါများကို ဖယ်ရှားကာ ကိုးခေါင်းမြွေနဂါး တံဆိပ်ထဲသို့ ပေါင်းစပ်လိုက်ခြင်းက သန့်စင်သော သွေးစွမ်းအင်များကို ရရှိစေသည်။

မျိုးဗီဇပြောင်း သွေးနဂါးတွင် နဂါးစစ်၏ သွေးမျိုးဆက် ပါရှိသဖြင့် ဖေးသားရဲများကြားတွင် မြင့်မြတ်သော တည်ရှိမှု ဖြစ်သည်။ ကိုးခေါင်းမြွေနဂါးမှာလည်း မြင့်မြတ်သော သွေးမျိုးဆက်ရှိသည့် သတ္တဝါဖြစ်သဖြင့် သွေးနဂါး မြူနက်မှာ ၎င်းအတွက် အကောင်းဆုံးသော အားဆေးပင် ဖြစ်တော့သည်။

"ဒီကောင်လေး"

လီယာ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။

ယီယွင်သည် ဤအတားအဆီးတွင် ဘာမှလုပ်နိုင်မည် မဟုတ်ဟု သူ ထင်ထားသဖြင့် အားရပါးရ လှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။ ဤလူသားတွင် သူ့ထက်ပင် မြင့်မြတ်သော သွေးမျိုးဆက်ရှိသည့် ရှုထောင့်ပုံရိပ် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

"အဆင့်တစ် ကိုးခေါင်းမြွေနဂါးပဲ ရှိသေးတာပါ"

လီယာသည် သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။ အဆင့်တစ် ကိုးခေါင်းမြွေနဂါး ဆိုသည်မှာ ရှုထောင့်ပုံရိပ် တစ်ခုသာ ဖြစ်သည်။ ၎င်းကို သူ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော စစ်မှန်သော ဖေးခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။ ယီယွင်၌ ကိုးခေါင်းမြွေနဂါး ရှိနေသော်လည်း ပဉ္စမအဆင့်သို့ ရောက်ရန်မှာ စိတ်ကူးပင် မယဉ်သင့်ဟု သူ တွေးလိုက်သည်။

အခြားသူများလည်း ထိုအတိုင်းပင် တွေးကြသည်။ လူသားတစ်ဦး၏ ကိုယ်ပေါ်မှ ကိုးခေါင်းမြွေနဂါး ပေါ်လာသည်ကို မြင်သောအခါ အစပိုင်းတွင် အံ့ဩသွားကြသော်လည်း နောက်ပိုင်းတွင်မူ သိပ်ပြီး ထူးဆန်းသည်ဟု မထင်ကြတော့ပေ။

ဤလူသား ကျင့်ကြံသော နည်းစနစ်မှာ ဖေးမျိုးနွယ်နှင့် သက်ဆိုင်ပြီး အနည်းငယ် ထူးခြားနေသဖြင့် ဤကဲ့သို့သော အကျိုးသက်ရောက်မှု ရှိနေခြင်းမှာ မဆန်းတော့ပေ။

ယီယွင်ကဲ့သို့သော လူသားတစ်ဦးအဖို့ သူ၏ ရှုထောင့်ပုံရိပ်ကိုသာ အသုံးပြုပြီး သူတို့ ဖေးမျိုးနွယ်၏ သွေးစွမ်းအားနှင့် ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်ပေ။

ပထမအဆင့်ရှိ သွေးနဂါး မြူနက်မှာ ဖေးမျိုးနွယ်ဝင်များအတွက် ဘာမှမဟုတ်ပေ။ အချို့သော ဖေးမျိုးနွယ်ဝင်များမှာ သူတို့၏ ခန္ဓာကိုယ်သက်သက်ဖြင့်ပင် ခုခံနိုင်သည်။

ယီယွင်မှာမူ သူ၏ ရှုထောင့်ပုံရိပ်ကို အသုံးပြုနေရသည်။ ရှုထောင့်ပုံရိပ်နှင့် ဖေးသွေးစွမ်းအား နှိုးဆွခြင်းမှာ ဆင်တူသဖြင့် ပထမအဆင့်မှာတင် ဤနည်းကို သုံးလိုက်ရပါက နောက်ထပ် အဆင့်များတွင် သူ ဘာဆက်လုပ်မည်နည်း။

ပထမအဆင့်ရှိ မြူနက်များသည် ကိုးခေါင်းမြွေနဂါးအတွက် ဘာမှ မဟုတ်တော့ဘဲ အစာအဖြစ်သာ ပြောင်းလဲသွားသည်။ မြူနက်များမှာလည်း အသိဉာဏ် ရှိကြသဖြင့် စူးရှသောအော်သံနှင့်အတူ ယီယွင်ထံသို့ ဆက်လက် မတိုးတော့ပေ။

"ဒုတိယအဆင့်ကို သွားမယ်"

ယီယွင်သည် မျက်လုံးကို ကစားလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အောက်သို့ ဆင်းသက်လိုက်သည်။

သူ၏ နောက်ကွယ်မှ မြွေခေါင်း ကိုးလုံးမှာ ရှေးဉီးခေတ်မှ ဆင်းသက်လာသော အစွမ်းထက်သည့် ဖေးသတ္တဝါကြီး တစ်ကောင်အလား ကြမ်းတမ်းစွာ လှုပ်ရှားနေသည်။

ဒုတိယအဆင့်ရှိ သွေးနဂါး မြူနက်မှာ ပထမအဆင့်ထက် ပို၍ သိပ်သည်းလှသည်။

မြူနက်များကြားတွင် ပုံသဏ္ဍာန်ယူထားသော မြူနက်ဖေး အရေအတွက်မှာလည်း ပထမအဆင့်ထက် ပို၍ များပြားလှသည်။

ယီယွင် ဒုက္ခိယအဆင့်သို့ ရောက်သည်နှင့် မြူနက်ဖေး တစ်ဒါဇင်ကျော်မှာ မြူနက်များကြားမှ ထွက်ပေါ်လာပြီး ယီယွင်၏ ခန္ဓာကိုယ်ကို ကိုက်ရန် ခုန်အုပ်လာကြသည်။

ပုံသဏ္ဍာန်ယူထားသော ဤမြူနက်ဖေးများတွင် စစ်မှန်သော ခန္ဓာကိုယ် မရှိသော်လည်း ၎င်းတို့၏ စွယ်များနှင့် လက်သည်းများမှာ ထက်မြက်လှသည်။ ညစ်ညမ်းသော စွမ်းအင်များ စုစည်းနေသဖြင့် ၎င်းတို့နှင့် နီးကပ်လိုက်သည်နှင့် ကျင့်ကြံသူတို့၏ သွေးကြောများ အေးခဲသွားသကဲ့သို့ ခံစားရပြီး ယွမ်ချီ စီးဆင်းမှုမှာလည်း နှေးကွေးသွားတတ်သည်။

ထိုမြူနက်ဖေးများသည် ခွန်အားနည်းသော ကျင့်ကြံသူတစ်ဦးကို ခဏချင်းအတွင်း အားအင်ကုန်ခန်းသွားအောင် ပြုလုပ်နိုင်သည်။

ရွှီး..........

ကိုးခေါင်းမြွေနဂါး ပုံရိပ်ယောင်မှာ ဟိန်းဟောက်လိုက်ပြီး မြွေခေါင်း ကိုးလုံးမှာ အနက်ရောင် လျှပ်စီးတန်း ကိုးခုအလား မြူနက်ဖေးများထံသို့ ထိုးဆင်းသွားသည်။ သွေးနဂါး မြူနက်များမှာ ကိုးခေါင်းမြွေနဂါး၏ မွှေနှောက်မှုကို ခံရသောအခါ အတွင်းထဲမှ နားကွဲလုမတတ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

ကိုးခေါင်းမြွေနဂါးသည် ထိုမြူနက်ဖေးများကို ပါးစပ်ဖြင့် ကိုက်ခဲကာ အပိုင်းပိုင်း ဆွဲဖြဲပစ်သည်။ လွင့်စင်သွားသော မြူနက်များကိုလည်း မျိုချပစ်လိုက်သည်။ ညစ်ညမ်းသော သွေးအရှိန်အဝါများကို ကိုးခေါင်းမြွေနဂါးက ပြန်လည် သန့်စင်နေခြင်း ဖြစ်သည်။

လော့ဖုန်းလင်သည် အံ့အားသင့်စွာ စောင့်ကြည့်နေမိသည်။ သူမသည် ပထမအဆင့်မှာသာ ရှိနေသေးသော်လည်း ယီယွင်မှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျင့်ကြံသူများစွာမှာ မှင်တက်သွားကြသည်။ ဤကိုးခေါင်းမြွေနဂါး ရှုထောင့်ပုံရိပ်မှာ အမှန်တကယ်ပင် ထူးခြားလှသည် ၎င်းသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ မည်မျှအထိ ဆက်သွားနိုင်မည်ကို မသိနိုင်ပေ။

ပုံသဏ္ဍာန်ယူထားသော မြူနက်ဖေး အရေအတွက်မှာ မနည်းသွားပေ။ အကြိမ်တိုင်းတွင် တစ်ဒါဇင်ကျော်စီ ပေါ်လာနေဆဲ ဖြစ်သည်။

"ကိုးခေါင်းမြွေနဂါးက ဖိအားကို စတင် ခံစားနေရပြီ" ယီယွင်သည် မြူနက်ဖေး တစ်ကောင်က သူ၏ ယွမ်ချီ အကာအကွယ်ကို ဦးစွာ တိုက်ခိုက်သည်ကို မြင်လိုက်ရသည်။ ညစ်ညမ်းသော သွေးအရှိန်အဝါက အကာအကွယ်ကို ထိမှန်လိုက်သည်နှင့် လောင်ကျွမ်းသံ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏နောက်မှ ကိုးခေါင်းမြွေနဂါးက ၎င်းကို ကိုက်ခဲလိုက်သည်။

ဒုတိယအဆင့်ရှိ မြူနက်ဖေးများမှာ သွေးအရှိန်အဝါ ပိုမိုသိပ်သည်းသဖြင့် ၎င်းတို့ကို ဝါးမြိုရန်မှာ ပို၍ ခက်ခဲလာသည်။

"ဒီယီယွင်ကတော့..."

အခြားသော ကျင့်ကြံသူများသည် ယီယွင်ကို မယုံကြည်နိုင်သလို ကြည့်နေကြသည်။

ကိုးခေါင်းမြွေနဂါး ပုံရိပ်ယောင်မှာ သွေးနဂါး မြူနက်များကို ဝါးမြိုရန် ပို၍ ရုန်းကန်နေရသည်ကို သူတို့ မြင်နိုင်ပါသည်။ သို့သော် ကိုးခေါင်းမြွေနဂါး၏ ကန့်သတ်ချက်မှာ အဘယ်မှာနည်း ဆိုသည်ကိုမူ သူတို့ မသိနိုင်ကြပေ။

ထိုအချိန်တွင် ယီယွင်၏ ခန္ဓာကိုယ်က ရုတ်တရက် အောက်သို့ ထိုးဆင်းသွားပြန်သည်။

တတိယအဆင့်....

လီယာ၏ မျက်လုံးသူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့သွားသည်။ သူကိုယ်တိုင်မှာလည်း ယခု တတိယအဆင့်မှာသာ ရှိနေသေးသည် မဟုတ်ပါလော။

သူသည် ယခင်က ယီယွင်ကို လှောင်ပြောင်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ယီယွင်သည် ရှုထောင့်ပုံရိပ်ကို အသုံးပြု၍ သူနှင့် တစ်တန်းတည်း နေရာသို့ ရောက်ရှိလာခဲ့ပြီ။

"ဒါပေမဲ့ တတိယအဆင့်က ကိုင်တွယ်ရတာ မလွယ်ဘူးနော်" လီယာသည် ဟိန်းဟောက်လိုက်ပြီး ပုံသဏ္ဍာန်ယူထားသော မြူနက်အဆုပ်တစ်ခုကို ဖမ်းယူကာ သူ၏ ထက်မြက်သော လက်သည်းများဖြင့် ဆွဲဖြဲပစ်လိုက်သည်။

တတိယအဆင့်ရှိ မြူနက်များမှာ ကျားနှင့် သစ်ကျားများကဲ့သို့ ကြမ်းတမ်းသော သားရဲပုံသဏ္ဍာန်များကို ရရှိထားကြသည်။ ၎င်းတို့မှာ မြူနက်များကြားမှ အမြဲတစေ ခုန်ထွက်လာကြသည်။ လီယာပင်လျှင် ထိုတိုက်ခိုက်မှုများကို ခုခံရန် ခက်ခဲနေပြီ ဖြစ်သည်။ ထို့အပြင် မြူနက်ဖေးများမှာ အဆက်မပြတ် ပေါ်ထွက်နေပြီး သွေးနဂါး မြူနက်များသည် ကျင့်ကြံသူတို့၏ ခန္ဓာကိုယ်ကို အလွယ်တကူ စားပစ်နိုင်စွမ်း ရှိသည်။

ဤကဲ့သို့သော အခြေအနေကို ခုခံရန်မှာ အလွန်ပင် ခက်ခဲလှသည်။

"ယီယွင် တတိယအဆင့်ကို ရောက်သွားပြီ"

"ကြည့်ရတာ လီယာတောင် တတိယအဆင့်မှာ နေဖို့ မလွယ်ဘူးပဲ။ ငါတို့လည်း တတိယအဆင့်ကို ရောက်နိုင်ပေမဲ့ အဲဒီမှာ တည်တည်ငြိမ်ငြိမ်နေဖို့ကတော့ ခက်လိမ့်မယ်"

ဤဖေးမျိုးနွယ် ကျင့်ကြံသူများ အားလုံး၏ မျက်နှာမှာ ပျက်ယွင်းနေသည်။ သူတို့ ဖေးမျိုးနွယ်၏ သွေးစွမ်းအားမှာ လူသားတစ်ယောက်အောက် နိမ့်ကျနေသည်လား။

ယီယွင်သည် တတိယအဆင့်သို့ ရောက်သည်နှင့် ဖိအားများ ရုတ်တရက် မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

ပုံသဏ္ဍာန်ယူထားသော ကျားတစ်ကောင်မှာ သူ၏ဘေးမှ ခုန်ထွက်လာပြီး ကိုးခေါင်းမြွေနဂါး၏ လည်ပင်းတစ်ခုကို ကိုက်ခဲလိုက်သည်။ ကိုးခေါင်းမြွေနဂါးက ချက်ချင်း ပြန်လည် တိုက်ခိုက်သော်လည်း ကျားကို ကိုက်လိုက်သည့်အခါ ၎င်း၏ ခန္ဓာကိုယ်မှာ တုန်ရီသွားသည်။ ပုံရိပ်ယောင်မှာလည်း အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ပြင်းထန်လှသော ညစ်ညမ်းသည့် သွေးအရှိန်အဝါမှာ ကိုးခေါင်းမြွေနဂါးပင်လျှင် မခံနိုင်သော အရာဖြစ်သည်။ သို့သော်လည်း တစ်လုတ်ဝါးမြိုလိုက်ပြီးနောက် ကိုးခေါင်းမြွေနဂါးမှာ ပျော်ရွှင်စွာ ဟိန်းဟောက်လိုက်ပြန်သည်။

ဤအရာများသည် အန္တရာယ်ရှိသော အရာများဖြစ်သော်လည်း ၎င်းတို့မှာ အကောင်းဆုံး အာဟာရများလည်း ဖြစ်ကြသည်။

ကျား၏ အကိုက်ခံရပြီးနောက် ဧရာမ မြွေဟောက်ကြီးတစ်ကောင်က ကိုးခေါင်းမြွေနဂါး၏ နောက်တွင် ပေါ်လာပြန်သည်။ ထူထပ်လှသော မြူနက်များကြားတွင် ပုံသဏ္ဍာန်ယူထားသော ဖေးသားရဲများမှာ နည်းပါးလှသည် မဟုတ်ပေ။

ကိုးခေါင်းမြွေနဂါးတွင် ခေါင်းကိုးလုံး ရှိသော်လည်း ကြမ်းတမ်းသော ဖေးသားရဲတစ်ကောင်ကို ကိုင်တွယ်ရန် ခေါင်းနှစ်လုံး သို့မဟုတ် သုံးလုံး အသုံးပြုရသည်။ ထို့အပြင် ထိုသားရဲများမှာ အဆက်မပြတ် ပေါ်ထွက်နေသည်။

ကိုးခေါင်းမြွေနဂါးအတွက် ခုခံရန်မှာ အလွန်ပင် ခက်ခဲလှသည်။

၎င်း၏ ခန္ဓာကိုယ်မှာလည်း ဖေးသားရဲများ၏ အကိုက်ကို ခံရပြီး ညစ်ညမ်းသော သွေးအရှိန်အဝါများက ကိုယ်ထဲသို့ တိုးဝင်လာသောအခါ ယီယွင်၏ ယွမ်ချီ စီးဆင်းမှုမှာ မမှန်မကန် ဖြစ်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ နာကျင်မှုနှင့် ယားယံမှုများကို ခံစားလာရသည်။

ညစ်ညမ်းသော သွေးအရှိန်အဝါသည် ရှုထောင့်ပုံရိပ်မှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ကို အဆိပ်သင့်စေနိုင်သည်။

ယီယွင်သည် သူ၏ ယွမ်ချီကို အလျင်အမြန် လှည့်ပတ်လိုက်သည်။ သူ၏ သန့်စင်သော ယန်ခန္ဓာကိုယ်က အဆိပ်များကို ပြန်လည် ခုခံနိုင်သော်လည်း ၎င်းတို့ ကိုယ်ထဲသို့ ရောက်သွားပါက ဖြည်းဖြည်းချင်း ပြန်လည် သန့်စင်ရန် လိုအပ်သည်။ အကယ်၍ အဆိပ်များ ပိုမိုများပြားလာပါက ယီယွင်လည်း ဆက်လက် ခုခံနိုင်မည် မဟုတ်ပေ။

"ဒီလူသားကတော့ အမှန်တကယ်ပဲ ဒီနေရာမှာ ခြေကုပ်ယူနိုင်သွားတာပဲ" လီယာ၏ မျက်နှာမှာ တစ်ဖန် ပျက်သွားပြန်သည်။ ယီယွင်သည် တတိယအဆင့်သို့ ရောက်ရှိလာပြီး ထိုနေရာတွင် စက္ကန့်အနည်းငယ် ကြာအောင် နေနိုင်ခဲ့ပြီ ဖြစ်သည်။

ယီယွင်မှာ မနည်းခုခံနေရသည့် ပုံစံရှိသော်လည်း ကြီးမားသော အားနည်းချက် တစ်စုံတစ်ရာ ပြသခြင်း မရှိပေ။ နောက်ပိုင်းတွင် သူ၏အတွက် ပို၍ လွယ်ကူလာလိမ့်မည် ဖြစ်သည်။

ကိုးခေါင်းမြွေနဂါး ပုံရိပ်ယောင်မှာ ညစ်ညမ်းသော သွေးအရှိန်အဝါများကို စုပ်ယူနိုင်ပြီး စုပ်ယူလေလေ ပို၍ သန်မာလာလေ ဖြစ်သည်။ သူတို့ ဖေးမျိုးနွယ်များမှာလည်း ဤနေရာတွင် ဆက်လက် ရှင်သန်နိုင်ရန် သွေးအရှိန်အဝါများကို စုပ်ယူ၍ သူတို့၏ ခန္ဓာကိုယ်ကို သန်မာအောင် ပြုလုပ်ကြရခြင်း ဖြစ်သည်။

ထိုသို့သာ မဟုတ်ပါက လေနက်ချိုင့်ဝှမ်းကို အခွင့်အရေးတစ်ခုဟု မည်သို့ ခေါ်ဆိုနိုင်ပါမည်နည်း။

သို့သော်လည်း ဤမျှလောက်သော သွေးအရှိန်အဝါကို စုပ်ယူခြင်းမှာ လေနက်ချိုင့်ဝှမ်းတွင် ပြောပလောက်သည် မဟုတ်ပေ။

သတ္တမအဆင့်နှင့် အောက်ဘက်တွင်မူ သာမန်ကျင့်ကြံသူများ မသိနိုင်သော ပိုမိုကြီးမားသည့် အကျိုးကျေးဇူးများ ရှိနေသည်။ ထိုနေရာအထိ ရောက်ရန်မှာမူ ရန်ယွီနှင့် ကုလော့ကဲ့သို့သော အစွမ်းထက်သည့် သွေးမျိုးဆက်ရှိသည့် ကောင်းကင်ဖေးများသာ အခွင့်အရေး ရှိပေလိမ့်မည်။

အခန်း ၈၃၁ - ဖေးသားရဲအရိုးကို စုပ်ယူခြင်း

လီယာသည် သတ္တမအဆင့်နှင့် ပတ်သက်လျှင် ယုံကြည်မှု မရှိသော်လည်း ခန္ဓာကိုယ် အားနည်းသော လူသားတစ်ယောက်က ရှုထောင့်ပုံရိပ်ကို အသုံးပြု၍ သူနှင့် တစ်တန်းတည်း အဆင့်သို့ ရောက်လာခြင်းကိုမူ လုံးဝ လက်မခံနိုင်ပေ။ ဤသို့ဆိုလျှင် အစောပိုင်းက သူ၏ လှောင်ပြောင်မှုများမှာ သူ့မျက်နှာကို သူ ပြန်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။

အခြားသော ကျင့်ကြံသူများ၏ မျက်နှာပေးမှာလည်း လီယာထက် သိပ်မသာလှပေ။ ထိုအချိန်တွင် ယီယွင်က ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။

"အဆင့်တစ် ကိုးခေါင်းမြွေနဂါးနဲ့ တတိယအဆင့်မှာ တောင့်ခံဖို့က အရမ်းခက်ခဲလွန်းတယ်"

ယီယွင်သည် တတိယအဆင့်တွင် ခဏရပ်နေပြီးနောက် ဤနေရာတွင် ဆက်နေခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ဆုံးဖြတ်လိုက်သည်။ သူသည် ပဉ္စမအဆင့်သို့ ရောက်ရန် နှစ်ဆင့်သာ လိုတော့သည်။

အောက်ဘက်သို့ ဆင်းလေလေ အဆင့်တိုင်း၏ ခက်ခဲမှုမှာ အဆမတန် တိုးပွားလာလေ ဖြစ်သည်။ ယီယွင်သည် သူ၏ နည်းလမ်းအားလုံးကို အသုံးမချရသေးသော်လည်း လေနက်ချိုင့်ဝှမ်းတွင် ရှိနေသော အန္တရာယ်များကိုမူ ကောင်းစွာ သဘောပေါက်သွားပြီ ဖြစ်သည်။

တတိယအဆင့်တွင် ရပ်နေရုံနှင့်ပင် သူသည် ပုံသဏ္ဍာန်ယူထားသော မြူနက်ဖေးများကို အစွမ်းကုန် ခုခံနေရသည်။ အခြားအရာများကို အာရုံစိုက်ရန် မဖြစ်နိုင်ပေ။ အကယ်၍ သူသာ ကိုးခေါင်းမြွေနဂါး ဖြည်းဖြည်းချင်း ကြီးထွားလာရန်နှင့် ပတ်ဝန်းကျင်နှင့် အသားကျရန် စောင့်ဆိုင်းနေပါက အချိန်အကြာကြီး ယူရပေလိမ့်မည်။

အကယ်၍ သူ့ကို နှစ်အနည်းငယ် အချိန်ပေးမည်ဆိုပါက သူသည် ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမအဆင့်အထိပင် ဖြည်းဖြည်းချင်း ရောက်သွားနိုင်ပါသည်။ သို့သော် အရှင်ကန်းမန်က သူတို့ကို တစ်လသာ အချိန်ပေးထားခြင်း ဖြစ်သည်။

ကိုးခေါင်းမြွေနဂါးတွင် ရှေးဉီးဖေး၏ သွေးမျိုးဆက် ပါရှိပြီး မြင့်မြတ်သော ကောင်းကင်ဖေး အမျိုးအစား ဖြစ်သည်။ ၎င်း၏ ကြီးထွားမှုမှာ သာမန် ကောင်းကင်ဖေး သို့မဟုတ် မြေကမ္ဘာဖေးများထက် ပို၍ နှေးကွေးပေလိမ့်မည်။ သက်ရှိတစ်ခုသည် ပိုမို အစွမ်းထက်လေလေ ၎င်းတို့ ပေါက်ဖွားရန်နှင့် ကြီးထွားရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။ ၎င်းမှာ စကြာဝဠာ၏ မပြောမဖြစ်သော နိယာမတစ်ခုပင်။

ယီယွင်နှင့် ကိုးခေါင်းမြွေနဂါးတို့အတွက် တစ်လဆိုသော အချိန်မှာ အလွန်တိုတောင်းလွန်းလှသည်။

"ဒီစမ်းသပ်မှုကို ဒီမှာပဲ ခဏရပ်လိုက်တော့မယ်။ ငါ့ရဲ့ ခန္ဓာကိုယ် အရည်အသွေးကို မမြှင့်တင်ဘဲနဲ့တော့ ဒီအတားအဆီးကို ကျော်ဖြတ်ဖို့ နည်းလမ်းမရှိဘူး" ယီယွင်သည် အထက်သို့ ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် အပေါ်ဘက်သို့ ချက်ချင်း ပျံတက်သွားတော့သည်။

"အို ဒီလူသားက ဘာလို့ ပြန်တက်လာတာလဲ"

ယီယွင် ရုတ်တရက် ပြန်တက်လာသဖြင့် ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြသည်။ ၎င်းအပြင် သူသည် ဒုတိယအဆင့်တွင် ရပ်မနေဘဲ ပထမအဆင့်သို့ တန်းတက်သွားခြင်း ဖြစ်သည်။

အောက်ဆင်းခြင်းထက် အပေါ်တက်ခြင်းက ပို၍ လွယ်ကူလှသည်။ ပထမအဆင့်သို့ ရောက်သောအခါ ယီယွင်သည် လိုဏ်ဂူတစ်ခုကို ရှာဖွေကာ ထိုနေရာတွင် ဝင်ထိုင်လိုက်တော့သည်။

"ဘာဖြစ်တာလဲ"

မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်နေကြသည်။

ယီယွင်သည် သူ၏ ရှုထောင့်ပုံရိပ်ကို ထုတ်ပြကာ မဆုတ်မနစ်သော ဇွဲဖြင့် ပထမအဆင့်မှ တတိယအဆင့်သို့ တန်းဆင်းသွားခဲ့သဖြင့် သူတို့ကို မှင်တက်သွားစေခဲ့သည်။ ယခုမူ သူက ဘာကြောင့် ရုတ်တရက် ပြန်တက်လာရသနည်း။

ယီယွင်သည် တတိယအဆင့်တွင် ခုခံနိုင်စွမ်း ရှိသည်ကို သူတို့ မြင်တွေ့ခဲ့ရသည်။ ထိုအချက်က သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း ကိုးခေါင်းမြွေနဂါး ရှုထောင့်ပုံရိပ်မှာ အမှန်တကယ်ပင် အစွမ်းထက်ကြောင်း သူတို့ ဝန်ခံရပေလိမ့်မည်။ ဤလူသားတွင်လည်း နည်းလမ်းအချို့ ရှိနေသည်မှာ အမှန်ပင်။

သို့သော် ယခု ယီယွင် ပြန်တက်သွားခြင်းက ဘာကြောင့်နည်း။

"လူသားတစ်ယောက်ရဲ့ ရှုထောင့်ပုံရိပ်ဆိုတာ နောက်ဆုံးတော့ သဘာဝ သွေးမျိုးဆက် မဟုတ်ဘူးလေ။ သူ အကြာကြီး မတောင့်ခံနိုင်တာ မဆန်းပါဘူး" ဟု ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ဆိုလိုက်သည်။

"ဖြစ်နိုင်ပါတယ်။ ယီယွင်က ကိုးခေါင်းမြွေနဂါးကို ရှုထောင့်ပုံရိပ်အဖြစ် သုံးနေပေမဲ့ ငါတို့လို သဘာဝဖေးမျိုးနွယ်တွေရဲ့ သွေးမျိုးဆက်နဲ့ ယှဉ်ရင်တော့ နိမ့်ကျနေတုန်းပါပဲ" ဟု အခြားတစ်ဦးကလည်း ခေါင်းညိတ်ထောက်ခံသည်။

ရှုထောင့်ပုံရိပ် ဆိုသည်မှာ လူသားတို့ ကျွမ်းကျင်သော ကျင့်စဉ်တစ်ခုသာ ဖြစ်ရာ ဖေးမျိုးနွယ်တို့၏ သဘာဝ အခွင့်အရေးနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

"ကြည့်ရတာ ရှုထောင့်ပုံရိပ်က အားနည်းတာ မဟုတ်ဘူး၊ ယီယွင်ကိုယ်တိုင်က မခံနိုင်တော့တာပဲ" ထိုသို့ ပြောလိုက်သူမှာ လီယာ ဖြစ်သည်။ သူ၏ အသံမှာ အခြားသော ဖေးမျိုးနွယ်ဝင်များ၏ နားထဲသို့ ရောက်သွားခဲ့သည်။

"ရှုထောင့်ပုံရိပ်ကတော့ တောင့်ခံနိုင်ပေမဲ့ ယီယွင်ရဲ့ ခန္ဓာကိုယ်က မခံနိုင်ဘူးလေ။ တတိယအဆင့်မှာ ညစ်ညမ်းတဲ့ အရှိန်အဝါတွေ ကိုယ်ထဲဝင်လာတာကို သူ အမြဲ ခုခံနေရတာ။ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဒီလို နာကျင်မှုကို ဘယ်လိုခံနိုင်မှာလဲ"

လီယာ ပြောသည်မှာ အမှန်တရားပင်။ ညစ်ညမ်းသော အရှိန်အဝါများ ယီယွင်၏ ကိုယ်ထဲသို့ တိုးဝင်သွားသည်ကို သူ အမှန်တကယ် မြင်တွေ့ခဲ့ရသည်။ အခြားသော ကျင့်ကြံသူများမှာလည်း ၎င်းကို မြင်ခဲ့ကြသဖြင့် ဆက်တိုက် ခေါင်းညိတ်ကြသည်။

"ဒီလောက် နာကျင်မှုကိုတောင် မခံနိုင်ဘူးလား ကိုယ်ခံပညာ ကျင့်ကြံနေတာ ဘာအဓိပ္ပာယ် ရှိမှာလဲ" တစ်ယောက်ယောက်က ခေါင်းခါရင်း ဆိုသည်။

အကယ်၍ ယီယွင်သာ ထိုနာကျင်မှုကို အောင့်ခံနိုင်လျှင် သူသည် တတိယအဆင့်တွင် ဆက်လက် ရှိနေနိုင်မည် ဖြစ်သည်။ သို့သော် သူက ထိုအတိုင်း ပြန်တက်သွားခြင်းမှာ မခံနိုင်သောကြောင့် မဟုတ်လျှင် အခြား မည်သည့် အကြောင်းပြချက် ရှိနိုင်ပါဦးမည်နည်း။

"အဲဒီလိုလည်း မပြောပါနဲ့။ လူသားတွေက ငါတို့ ဖေးမျိုးနွယ်တွေထက် နိမ့်ကျတာပဲလေ။ ဂျူနီယာညီလေး ယီယွင်က ဒီလို နူးညံ့တဲ့ အသားအရေရှိတာဆိုတော့ ညစ်ညမ်းတဲ့ သွေးအရှိန်အဝါကို မခံနိုင်တာ သဘာဝပါပဲ" ဟု လီယာက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။

လော့နတ်ဘုရားခန်းမ စမ်းသပ်မှုမှာ လေနက်ချိုင့်ဝှမ်းထက် အဆပေါင်းများစွာ ပိုမို ရက်စက်ပြီး အန္တရာယ် များလှသည်။ ယီယွင်သည် ဤအဆင့်မှာတင် နာကျင်မှုကို မခံနိုင်ပါက နောင်တွင် လော့နတ်ဘုရားခန်းမ စမ်းသပ်မှု၌ မည်သို့ ပါဝင်နိုင်ပါမည်နည်း။

အခြားသော ကျင့်ကြံသူများသည် ခေါင်းခါလိုက်ကြပြီး ယီယွင်ကို အာရုံမစိုက်တော့ပေ။ သူတို့သည် လေနက်ချိုင့်ဝှမ်းထဲသို့ တစ်ဦးပြီးတစ်ဦး ဆင်းသွားကြကာ သွေးနဂါး မြူနက်များကို စတင် စားသုံးကြတော့သည်။

ရန်ယွီသည် အပေါ်မှ ဆူညံသံများကို ကြားရသောအခါ သူလည်း အနည်းငယ် ခေါင်းခါလိုက်မိသည်။ ဤစမ်းသပ်မှုမှာ နောက်ဆုံးတော့ သူတို့ကဲ့သို့ အစွမ်းထက်သော သွေးမျိုးဆက်ရှိသည့် ဖေးမျိုးနွယ်ဝင်များအတွက်သာ ပြင်ဆင်ထားခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကုလော့ကလည်း လှုပ်ရှားလိုက်သည်။ အလောင်းတစ်လောင်းကဲ့သို့ပင် သူသည် အောက်သို့ တန်းစီဆင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တတိယအဆင့်သို့ ရောက်သွားခဲ့သည်။

"ကုလော့က သူ့ရဲ့ သွေးစွမ်းအားကိုတောင် မနှိုးဆွရသေးဘူး" ကျင့်ကြံသူများ၏ အကြည့်များ ပြောင်းလဲသွားသည်။ ကုလော့၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် သန်မာလှသည်

"ကုလော့ကလည်း အစွမ်းထက်တဲ့ သွေးမျိုးဆက်ရှိတဲ့ ကောင်းကင်ဖေး တစ်ယောက်ပဲ။ ဖေးမျိုးနွယ် သွေးစွမ်းအား ကွာခြားချက်က ဒီမှာ အထင်အရှားပဲ"

ကျင့်ကြံသူများမှာ မနာလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။

လိုဏ်ဂူထဲတွင် ထိုင်နေသော ယီယွင်သည်လည်း ကုလော့နှင့် ပတ်သက်သော ဆွေးနွေးမှုများကို ကြားနေရသည်။ သူ၏ နောက်ကွယ်ရှိ ကိုးခေါင်းမြွေနဂါး ပုံရိပ်ယောင်မှာ အစောပိုင်းက စားသုံးထားသော သွေးနဂါး မြူနက်များကို အစာခြေဖျက်နေဆဲ ဖြစ်သည်။

ပထမအဆင့်တွင် ယီယွင်သည် သူ၏ ကိုးခေါင်းမြွေနဂါး ရှုထောင့်ပုံရိပ် တစ်ခုတည်းဖြင့်ပင် တောင့်ခံထားနိုင်သည်။ ကိုးခေါင်းမြွေနဂါးက မြူနက်များကို စုပ်ယူ၍ ပိုမိုသန်မာလာအောင် လုပ်ဆောင်နေစဉ် သူကိုယ်တိုင်မှာလည်း လုပ်စရာ အလုပ်တစ်ခု ရှိနေသည်။

ငါ့မှာ သွေးမျိုးဆက်ရဲ့ အကျိုးကျေးဇူးတွေ မရှိပေမဲ့ ငါ့မှာ ကိုးခေါင်းမြွေနဂါး ပုံရိပ်ယောင် ရှိသလို ဒီအရာလည်း ရှိသေးတယ်။

ယီယွင်၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခု ထွက်ပေါ်လာသည်။ ရှေးကျသော ကျောက်သေတ္တာလေးသည် ယီယွင်၏ ရှေ့တွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်။

ရှေးဉီးဖေးသားရဲ၏ အရိုး .......

ဤအရိုးမှာ ရန်ယွီပင်လျှင် ရယူလိုစိတ် ပြင်းပြနေသော အရာဖြစ်သည်။

ဟို လီယာကတော့ ငါ့ကို လူသားမို့လို့ ခန္ဓာကိုယ် အားနည်းတယ်ဆိုပြီး လှောင်နေတာပဲ။ ဒါပေမဲ့ အဲဒါကလည်း အမှန်တရားပဲလေ ယီယွင်သည် တွေးတောနေမိသည်။

ဤရှေးဉီးဖေး အရိုးကို စုပ်ယူပြီးနောက် သူ၏ ခန္ဓာကိုယ် အရည်အသွေးမှာ မည်မျှအထိ သန်မာလာမည်ကို မည်သူ သိနိုင်ပါမည်နည်း။

"အရင်ဆုံး ဒီပထမအဆင့်မှာပဲ ရှေးဉီးဖေး အရိုးကို စုပ်ယူတာကို အဆုံးသတ်ရမယ်"

ယီယွင်သည် စိတ်ကို စုစည်းကာ ကျောက်သေတ္တာကို ဖွင့်လိုက်သည်။ ခြောက်ကပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများနှင့်အတူ ဖြူဖွေးသော အရိုးတစ်စသည် ချက်ချင်း ထွက်ပေါ်လာတော့သည်။

ရှေးဉီးဖေးသားရဲ၏ စွမ်းအားမှာ ကမ္ဘာတည်သရွေ့ တည်တံ့နေသည်လား အရိုးတစ်စမျှသာ ဖြစ်သော်လည်း ကျောရိုးထဲအထိ စိမ့်တက်သွားစေသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ရှေးဉီးဖေး၏ သက်စောင့်အားမှာ အလွန်တရာ ကြီးမားလှသည်။ ၎င်း သေဆုံးသွားပြီး အရိုးအဖြစ် ကျန်ရစ်သည့်တိုင် ယီယွင်သည် အရိုးအတွင်းမှ ထွက်ပေါ်လာသော ထာဝရရှင်သန်လိုသည့် ဆန္ဒကို ခံစားနေရဆဲ ဖြစ်သည်။ ယီယွင်သည် ထိုအရိုးကို ကြည့်နေစဉ် သူ၏ နားထဲတွင် ပြင်းထန်သော မြစ်ရေစီးသံကဲ့သို့သော သွေးလည်ပတ်သံများကိုပင် ကြားနေရသည်။

"ရှူး"

ယီယွင် အသက်ကို အောင့်ထားလိုက်သည်။

ရန်ယွီသည် ဤအရာအတွက်ကြောင့် လူသတ်ရန်အထိ စိတ်ကူးခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤအရိုးမှာ အမှန်တကယ်ပင် ထူးခြားလှသည်။

"အရင်ဆုံး စုပ်ယူရမယ်"

ယီယွင်သည် လက်ကို ဆန့်ထုတ်ကာ အရိုးကို ညွှန်ပြလိုက်ပြီး ယွမ်ချီများဖြင့် ချက်ချင်း ဝန်းရံလိုက်သည်။ ပြင်းထန်သော သက်စောင့်အားများ ထွက်ပေါ်လာသဖြင့် ယီယွင်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားခဲ့သည်။

ရှေးဉီးဖေး အရိုး၏ အရှိန်အဝါမှာ အလွန်ပင် အားကောင်းလှရာ ယွမ်ချီဖြင့် ဝန်းရံထားရုံမျှနှင့်ပင် မလွယ်ကူလှပေ။ ယီယွင်သည် ယွမ်ချီများကို မပြတ်တမ်း ထုတ်လွှတ်ကာ ပြင်းထန်သော သက်စောင့်အားများထဲမှ အစိတ်အပိုင်း အနည်းငယ်ကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။

သက်စောင့်အား တစ်မျှင်ကို ထုတ်ယူရန်မှာပင် ပြင်းထန်စွာ စီးဆင်းနေသော မြစ်ကြီးတစ်စင်းထဲမှ ရေတစ်စိတ်တစ်ဒေသကို ခပ်ယူရသကဲ့သို့ ခက်ခဲလှသည်။

အကယ်၍ မြစ်တစ်စင်းလုံးသာ သူ၏ ကိုယ်ထဲသို့ တိုးဝင်လာပါက ဘာဖြစ်သွားမည်နည်း။

ယီယွင်သည် သူ ထုတ်ယူလိုက်သော ဖြူဖွေးကာ ကြီးမားသော စွမ်းအားများ ကိန်းဝပ်နေသည့် ရှေးဉီးဖေး အရိုးစွမ်းအင်ကို စိုက်ကြည့်နေမိတော့သည်။

အခန်း ၈၃၂ - ကောင်းကင်ဘုံ၏ လက်ဆောင်ကို မဆင်မခြင် ဖြုန်းတီးခြင်း

"လာစမ်း"

ယီယွင်၏ စိတ်အလိုအတိုင်း စွမ်းအင်အရှိန်အဝါများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်သွားတော့သည်။

ဘုန်း.....

ယီယွင်သည် သူကိုယ်သူ စည်ကြီးတစ်လုံးကဲ့သို့ ခံစားလိုက်ရပြီး ထိုစွမ်းအင်မှာ စည်တီးတံ တစ်ခုကဲ့သို့ ဖြစ်နေသည်။ စည်တီးတံသည် ကြီးမားသော စွမ်းအားများဖြင့် သူ့ကို အဆက်မပြတ် ရိုက်ခတ်နေသကဲ့သို့ တုန်ခါမှုလှိုင်းများကို ဖြစ်ပေါ်စေသည်။

ထိုအခိုက်အတန့်တွင် ယီယွင်သည် အဆုံးမရှိသော စကြာဝဠာထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျယ်ပြောလှသော ကြယ်တာရာပင်လယ်ကြားတွင် သူသည် ဖုန်မှုန့်တစ်စကဲ့သို့ သေးငယ်လွန်းလှသည်။ သူ၏ ခန္ဓာကိုယ်သည် တည်ရှိနေခြင်း မရှိတော့သကဲ့သို့ပင် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။

ဧရာမ ရှေးဉီးဖေး စွမ်းအင်များသည် ကြယ်တာရာ ပင်လယ်ကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်သော စွမ်းအားများဖြင့် ဆေးကြောနေတော့သည်။ ရှေးဉီးဖေး အရိုးမှ သက်စောင့်အား အစိတ်အပိုင်း အချို့ကို ထုတ်ယူလိုက်သည့် ခဏမှာပင် လေနက်ချိုင့်ဝှမ်းရှိ ဖေးမျိုးနွယ် ကျင့်ကြံသူများမှာ ၎င်းကို အာရုံခံမိသွားကြသည်။

ရှေးဉီးဖေး၏ အရှိန်အဝါမှာ ကြီးမားလှပြီး နှိုင်းယှဉ်စရာ မရှိရာ အခြားသူများ၏ နှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။

"ဒါ ယီယွင်ပဲ။ သူ ရှေးဉီးဖေး အရိုးကို စုပ်ယူဖို့ ပြင်နေတာလား"

"အမှန်ပဲ။ သူက ရှေးဉီးဖေး အရိုးကို စုပ်ယူပြီးမှ လေနက်ချိုင့်ဝှမ်းမှာ ထပ်ပြီး စမ်းသပ်ဖို့ ကြိုးစားနေတာလား"

ကျင့်ကြံသူများမှာ အထက်သို့ မော့ကြည့်ကြသော်လည်း လိုဏ်ဂူအတွင်းဘက်ကိုမူ မမြင်နိုင်ကြပေ။ သို့သော် လိုဏ်ဂူဝအပြင်ဘက်ရှိ သွေးနဂါး မြူနက်များမှာမူ တစ်စုံတစ်ခုက မွှေနှောက်ထားသကဲ့သို့ အဆက်မပြတ် လှုပ်ခတ်နေသည်။

ယီယွင်၏ ခန္ဓာကိုယ်မှာ အားနည်းလွန်းသဖြင့် မြူနက်များ၏ တိုက်စားမှုကို ကြာရှည် မခံနိုင်ပေ။ သို့သော် သူသာ ရှေးဉီးဖေး အရိုးကို စုပ်ယူနိုင်မည်ဆိုပါက အခြေအနေများ ပြောင်းလဲသွားပေလိမ့်မည်။ သို့သော် ထိုသို့ဖြစ်ရန်မှာ သူသည် ၎င်းကို အမှန်တကယ် စုပ်ယူနိုင်ရန် လိုအပ်ပေသည်။

"ဒီနေရာမှာ ရှေးဉီးဖေး အရိုးကို စုပ်ယူမယ် ဟုတ်လား တစ်လတည်းနဲ့ သူ ဘယ်လောက်များ စုပ်ယူနိုင်မှာမို့လို့လဲ တစ်လနေနေ သာမန်ဆိုရင် တစ်နှစ်တောင် အလကားပဲ။ လူသားတစ်ယောက်က ရှေးဉီးဖေး အရိုးကို စုပ်ယူဖို့ ကြိုးစားတာက ကောင်းကင်ဘုံရဲ့ လက်ဆောင်ကို မဆင်မခြင် ဖြုန်းတီးတာပဲ"

မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ လူသားတစ်ယောက်က အဖိုးတန် ရှေးဉီးဖေး အရိုးကို ဖြုန်းတီးနေသည်ကို မြင်သောအခါ သူတို့၏ ရင်ထဲတွင် နှမြောတသဖြစ်ကာ သွေးထွက်မတတ် ခံစားနေရသည်။

ရှေးဉီးဖေး ဖြစ်သော ကောင်းကင်မျို တိမ်လွှာနဂါး ထံမှ ရရှိသည့် ဤအရိုးမှာ ၎င်း၏ သွေးမျိုးဆက်ကို အသုံးပြု၍ ဖေးမျိုးနွယ်စု တစ်ခုလုံးကို တိုးတက် ထွန်းကားစေနိုင်သောအရာ ဖြစ်သည်။ ဥပမာအားဖြင့် ရွှီရွှေရန် မျိုးနွယ်စုကြီးမှာ ရန်ယီ ငါး ရှေးဉီးဖေးမှ ဆင်းသက်လာသော မျိုးနွယ်စုကြီး ဖြစ်သည်။

ကောင်းကင်မျို နဂါး သည် ရွှီရွှေရန် မျိုးနွယ်စု၏ ဘိုးဘေးနှင့် အဆင့်အတန်း တူညီလုနီးပါး ရှိသည်။ ၎င်း ချန်ထားခဲ့သော အရိုးမှာ အပိုင်းအစလေး ဖြစ်နေသည့်တိုင် လူသားတစ်ယောက် စုပ်ယူနိုင်သော အရာမျိုး မဟုတ်ပေ။

လူသားများကို ထားလိုက်ပါဦး။ သွေးမျိုးဆက် ကောင်းမွန်ပြီး ခန္ဓာကိုယ် ကျင့်ကြံမှု အလွန်မြင့်မားသော ကောင်းကင်တက်လှမ်းခြင်း အဆင့် ရှိသည့် ပါရမီရှင်များပင်လျှင် ဤအရိုးအတွင်းမှ စွမ်းအင်ကို စုပ်ယူရန် အချိန်အများကြီး လိုအပ်ပေလိမ့်မည်။

အစပိုင်းတွင် ခန္ဓာကိုယ် အားနည်းမှုကြောင့် စုပ်ယူနိုင်သော စွမ်းအင် ပမာဏမှာ အလွန်နည်းပါးပေလိမ့်မည်။ ခန္ဓာကိုယ် အရည်အသွေး တိုးတက်လာမှသာ စွမ်းအင်များကို ပိုမို စုပ်ယူနိုင်မည် ဖြစ်သည်။ ရေကန်တစ်ခု တူးသကဲ့သို့ပင် ကြီးမားသော ရေကန်မှသာ ရေများများ ဆံ့နိုင်မည် မဟုတ်ပါလော။

ထိပ်တန်း ဖေးမျိုးနွယ် ပါရမီရှင်တစ်ဦး စုပ်ယူလျှင်ပင် အရိုးအတွင်းရှိ စွမ်းအင် တစ်ဝက်ခန့်ကိုသာ စုပ်ယူနိုင်ဖွယ် ရှိပြီး ကျန်သော စွမ်းအင်များမှာ လွင့်စင် ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော် ယခုမူ ယီယွင်က ထိုအရိုးကို ပေါ့ပေါ့တန်တန် အသုံးပြုနေသည်။ သူ မည်မျှများ စုပ်ယူနိုင်ပါမည်နည်း။

တစ်ရာခိုင်နှုန်းဟု ခန့်မှန်းလျှင်ပင် သူ့ကို အထင်ကြီးလွန်းရာ ရောက်နေပေလိမ့်မည်။ ကောင်းကင်ဘုံ၏ လက်ဆောင်ကို ဖြုန်းတီးသည် ဆိုသော စကားမှာပင် ဤလုပ်ရပ်အတွက် မလုံလောက်ပေ။

သူတို့သာဆိုလျှင် တိတ်ဆိတ်သော အခန်းတစ်ခုတွင် နှစ်နှစ်၊ သုံးနှစ်ခန့် အချိန်ယူကာ ဤအရိုးကို အကြိမ်ကြိမ် သန့်စင်ပြီး စုပ်ယူပေလိမ့်မည်။

"ဒီ ယီယွင်က ရှေးဉီးဖေး အရိုးကို မစုပ်ယူရင် ဒီစမ်းသပ်မှုကို မအောင်နိုင်ဘူးဆိုတာ သိနေလို့ အတင်း စုပ်ယူနေတာ ဖြစ်ရမယ်။ သူက စမ်းသပ်မှု အောင်ဖို့အတွက် ကျန်တာ ဘာမှ ဂရုမစိုက်တော့ဘူး"

"ဒါက တကယ် ဒေါသထွက်စရာပဲ။ ဘိုးဘေးတွေ ခက်ခက်ခဲခဲ ရှာဖွေခဲ့တဲ့ မြေကို မြေးဖြစ်သူက အလွယ်တကူ ပြန်ရောင်းစားနေသလိုပဲ။ ဒီလူသားက ငါတို့ လော့မျိုးနွယ်ရဲ့ အမွေအနှစ်တွေကို ဖြုန်းတီးနေတာ။ သူက တန်ဖိုးထားရမှန်းကို မသိဘူး"

ယီယွင်က စမ်းသပ်မှု အောင်မြင်ရေးအတွက်သာ အာရုံစိုက်ပြီး ရတနာကို ဖြုန်းတီးနေသည်ကို မြင်သောအခါ ဖေးမျိုးနွယ်ဝင်များမှာ အူများလိမ်နေမတတ် ဒေါသထွက်နေကြသည်။

လော့မျိုးနွယ်၏ ပြည်နယ် ၁၉၆ ခုတွင် ကြီးပြင်းလာသော သူတို့သည် ယီယွင်နှင့်အတူ ရှေးဉီးဖေး နန်းတော်သို့ ဝင်ခွင့်ရခဲ့သည်။ သို့သော် ထိုနေရာမှ အကောင်းဆုံး အရာများကို ယီယွင်က ရရှိသွားခဲ့ပြီး ယခုအခါ ထိုရတနာကို ထိုသို့ ဖြုန်းတီးနေခြင်းမှာ သူတို့အတွက် ခံရခက်လှသည်။ သူတို့သာ ရခဲ့လျှင် စမ်းသပ်မှုကိုပင် လက်လွှတ်လိုက်မည်ဖြစ်သော်လည်း ဤသို့တော့ ဖြုန်းတီးမည် မဟုတ်ပေ။

"စီနီယာ ကန်းမန်၊ သူ ရှေးဉီးဖေး အရိုးကို ဒီလို ဖြုန်းတီးနေတာကို ဒီအတိုင်းပဲ ကြည့်နေမှာလား" လီယာက မခံမရပ်နိုင်ဖြစ်ကာ ကန်းမန်ကို တိုက်ရိုက် မေးလိုက်သည်။

ကန်းမန်က လီယာကို အေးစက်စွာ ကြည့်ကာ ဆိုသည်။ "မင်းက ရှေးဉီးဖေး နန်းတော်မှာ ဘာအခွင့်အရေးမှ မရခဲ့လို့ စိတ်မငြိမ်မသက် ဖြစ်နေတာလား ဒါက မင်းကိုယ်တိုင်က ညံ့ဖျင်းလို့ပဲ၊ ဘယ်သူ့ကို သွားအပြစ်တင်နေတာလဲ"

ကန်းမန်၏ စကားတစ်ခွန်းကြောင့် လီယာမှာ စကားစ ဆွံ့အသွားရသည်။ ညံ့ဖျင်းလွန်းတယ် ဆိုသော စကားကြောင့် လီယာမှာ အလွန် အရှက်ရသွားခဲ့သည်။ သူသည် ကန်းမန်အပေါ် ဒေါသ မဖော်ပြဝံ့သဖြင့် ယီယွင်အပေါ်သို့သာ ဒေါသပုံချတော့သည်။

"စောင့်ကြည့်နေလိုက်။ ရှေးဉီးဖေး အရိုးရှိရင်တောင် မင်း ပဉ္စမအဆင့်ကို ရောက်ချင်မှ ရောက်မှာ။ လူသား ခန္ဓာကိုယ်နဲ့ ရှေးဉီးဖေး စွမ်းအင်ကို တစ်လတည်းနဲ့ စုပ်ယူဖို့ ကြိုးစားတာက အကုန်လုံးကို အလဟဿ ဖြစ်စေမှာပဲ ခန္ဓာကိုယ်က ဘာတွေများ တိုးတက်လာမှာမို့လို့လဲ ပြီးတော့ ခန္ဓာကိုယ်က အနည်းငယ် သန်မာလာရင်တောင် နည်းလမ်းတွေ မရှိရင် အလကားပဲ"

သန်မာသော ခန္ဓာကိုယ်ရှိခြင်းမှာ ကောင်းမွန်သော လက်နက်တစ်ခု ရှိခြင်းနှင့် တူသည်။ သို့သော် ထိုလက်နက်ကို အသုံးပြုတတ်သော နည်းစနစ် မရှိပါက စွမ်းအားမှာ သေးငယ်နေဦးမည်သာ။ ယွမ်ချီ စနစ်တွင်လည်း ထိုသို့ပင် ဖြစ်သည်။ ပြင်းထန်သော ယွမ်ချီ ရှိရုံဖြင့် မလုံလောက်ဘဲ ကျင့်စဉ်များလည်း လိုအပ်သည်။

ယီယွင်တွင်မူ ကျင့်စဉ် ရှိနေသည်။ ၎င်းမှာ ကိုးပါးသော ကောင်းကင်ဝင်ရိုး ဖြစ်သည်။ ၎င်းမှာ ဖေးတစ်သောင်း ကောင်းကင်ဘုံ၏ ထိပ်တန်း ခန္ဓာကိုယ် ကျင့်စဉ်တစ်ခု ဖြစ်ပြီး ယီယွင်က ရှေးဉီးဖေး နန်းတော်တွင် ရရှိခဲ့သော အခွင့်အရေး ဖြစ်သည်။ သို့သော် သတ်မှတ်ထားသော အချိန်အတွင်း ရှေးဉီးဖေး စွမ်းအင်ကို စုပ်ယူပြီး ဤကျင့်စဉ်ကို ကျွမ်းကျင်အောင် လုပ်ရန်မှာ အလွန် ခက်ခဲလှပေလိမ့်မည်။

ရန်ယွီကလည်း လှောင်ပြုံးဖြင့် ကြည့်နေသည်။

"လူမိုက် လူသားပဲ။ ရှေးဉီးဖေး အရိုးက မင်းဟာ ဖြစ်သွားရုံနဲ့ စိတ်ကြိုက် သုံးလို့ရမယ် ထင်နေတာလား မင်းက ပဉ္စမအဆင့်ကို အောင်ဖို့၊ ပြုတ်မကျဖို့အတွက် ဒီလောက်အထိ ကြိုးစားနေတာ။ အခွင့်အရေးကို ဖြုန်းတီးရုံတင်မကဘူး၊ စီနီယာ ကန်းမန်ကိုပါ စိတ်ပျက်အောင် လုပ်နေတာပဲ။ ရတာထက် ဆုံးရှုံးတာက ပိုများနေပြီ။ ပြီးတော့ မင်း ဒီလောက်အထိ ရင်းနှီးထားပေမဲ့ ပဉ္စမအဆင့်ကိုတောင် မရောက်ဘဲ ပြုတ်သွားနိုင်သေးတယ်"

ရန်ယွီသည် ယီယွင်ကို အလွန်ပင် မိုက်မဲသည်ဟု ထင်မြင်နေသည်။ ယီယွင်မှာ သူ၏ ပြိုင်ဘက် မဟုတ်တော့ဟုပင် သူ သတ်မှတ်လိုက်တော့သည်။

ထိုအချိန်တွင် ယီယွင်မှာမူ ခမ်းနားလှသော ကြယ်တာရာ ဂလက်ဆီထဲတွင် လွင့်မျောနေသည်။ သူသည် ကမ္ဘာတစ်ခုကဲ့သို့ ကြီးမားလှသော ရှေးဉီးဖေး၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများထဲတွင် နစ်မြုပ်နေသကဲ့သို့ ခံစားနေရသည်။ ယီယွင်သည် သူ၏ စိတ်ကို ကြည်လင်အောင် ထားရှိကာ ရေမြှုပ်တစ်ခုကဲ့သို့ ရှေးဉီးဖေး စွမ်းအင်များကို ဖြည်းဖြည်းချင်း စတင် စုပ်ယူနေတော့သည်။

All Chapters