ဆဋ္ဌမအကြိမ်ထူးကဲယင်ပြိုင်ပွဲ
Vol. 33 Ch. 465
အခန်း (၄၆၅) ဆဋ္ဌမအကြိမ်ထူးကဲယင်ပြိုင်ပွဲ
ရန်တိက သိုင်းသူတော်စင်အဆင့်တက်ရောက်ရန် တံခါးပိတ်ကျင့်ကြံမည်ဆိုသောသတင်း ရရှိသည်နှင့် ယွမ်ကျန်းဖုန်း ပျော်လည်းပျော်သလို စိုးရိမ်၍လည်းနေသည်။ မြေကမ္ဘာနယ်မြေတွင် မူမမှန်မှုများ လျော့နည်းသွားသည်နှင့် သူက ကြယ်တာရာသန့်စင်ချီဝတ်ရံဒနှင့်အတူ ဝါဒတောင်သို့ ပြန်လာခဲ့၏။
ဖခင်ဖြစ်သူ တံခါးပိတ်ကျင့်ကြံသည့်နောက် ရန်ကျောက်ကဲသည်လည်း လုပ်စရာအလုပ်များကို ထက်ထက်သန်သန်ဖြင့် စတင်လုပ်ဆောင်သည်။ အရင်ဆုံး မျောလွင့်ဝိညာဉ်ကမ္ဘာမှခေါ်လာသော ၊ စစ်ခုန်ချင်းနှင့် ရုပ်ချင်းဆင်တူသည့် ‘ဟယ်ယင်’ ဆိုသော မိန်းကလေးကို အခြေချနိုင်ရန် ကူညီပေးသည်။ ထို့နောက် ‘ထိုက်ယီချိုးဖျက်အစီအရင်’ ကိစ္စကို ပြုလုပ်သည်။
အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအကူအညီဖြင့် မဟာဝိညာဉ်ကျောက်တုံးအမြုတေများကို သန့်စင်ရသည်မှာ အတော်လေး အဆင်ပြေသည်။ ထို့ကြောင့် ရန်ကျောက်ကဲ ယုံကြည်မှုလည်းတိုးလာသလို စိတ်သက်သာရာလည်းရသွားသည်။
သို့သော် နှစ်ခြမ်းကွဲနေသော စန့်ချုန်ကြေးမုံမှန်ကို ပြုပြင်ရန်က များစွာအားစိုက်ထုတ်ရမည်ဖြစ်ပြီး ကြေးမုံမှန်အတွင်းမှ နက်နဲသောအရာများကို ခွဲခြမ်းစိတ်ဖြာ နားလည်သဘောပေါက်ရန်မှာလည်း အချိန်များစွာ လိုအပ်သည်။
အချိန်ကနည်းပြီး လုပ်ရမည့်အလုပ်တွေက အများကြီးပင်။
ဝါဒတောင်တွင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးသည်နှင့် ရန်ကျောက်ကဲ မြေကမ္ဘာနယ်မြေသို့ နောက်တစ်ကြိမ် ခရီးထွက်ရပြန်သည်။ ထိုနေရာတွင်စခန်းချလျှက် အခြေအနေလေ့လာနေသောဖန်ကျွင်းနှင့် အမြင်များဖလှယ်ရင်း အနေအထားကို သုံးသပ်စောင့်ကြည့်ရသည်။
ထိုသို့ဖြင့် ဝါဒတောင်နှင် မြေကမ္ဘာနယ်မြေကြား ပြေးလိုက်လွှားလိုက်ဖြင့် အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်တစ်နှစ်ခွဲကြာသွားလေသည်။
ကံကောင်းသည်မျာ မြေကမ္ဘာနယ်မြေတွင် ကြီးကြီးမားမား အန္တရယ်များ ဖြစ်ပွားခဲ့ခြင်းမရှိပေ။ ရန်တိကိုပြောခဲ့သော ရန်ကျောက်ကဲ၏ခန့်မှန်းချက်များက ရှေးရိုးစွဲခန့်မှန်းချက်များသား ဖြစ်ခဲ့၏။
မြေကမ္ဘာနယ်မြေတွင် အခြေအနေများတိုးတက်လာသည်နှင့်အမျှ ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများ အနည်းငယ် သက်သောင့်သက်သာရှိလာကြသည်။
ရန်တိကတော့ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာသေးပေ။
မြေကမ္ဘာနယ်မြေတွင် ဘယ်အချိန်ထပြီး အပြောင်းအလဲများဖြစ်မည်ကို မသိနိုင်သလို ရန်တိ ဘယ်အချိန် တံခါးပိတ်ကျင့်ကြံရာမှထွက်လာမည်လဲ မသိနိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်တန်းသိုင်းသမားများက မြေကမ္ဘာနယ်မြေကို အနီးကပ်အာရုံစိုက်လေ့လာနေကြပြီး အချိန်တိုင်းလည်း ပိုမိုသတိထားနေကြသည်။
ထိုကာလမှာပင် ရေနယ်မြေရှိ ကျောက်စိမ်းပင်လယ်မြို့တော်က အားနည်းသောအနေအထားမှ ပြန်လည်ရုန်းထလာနိုင်ခဲ့ကြသည်။
ကျောက်စိမ်းပင်လယ် ပင်မအစီအရင်ကြီးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး စုန့်ဝူလျန်သည်လည်း ဒဏ်ရာများ သက်သာလာခဲ့၏။ အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ကျောက်စိမ်းပင်လယ်မြို့တော်၏စွမ်းအားက တဟုန်ထိုးမြင့်တက်လာခဲ့၏။
အဆုံးမဲ့တောင်တန်း ၊ လှိုင်းနက်ဂေဟာနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ထက် ကျောက်စိမ်းပင်လယ်မြို့တော်၏စွမ်းအားက သာလွန်သွားခဲ့ပြီး ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းများနှင့် ရင်ပေါင်တန်းနိုင်သော ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်လာခဲ့သည်။
ဤသည်က နေသူတော်စင်ဂိုဏ်းအတွက် ဝမ်းသာစရာကိစ္စတစ်ခု မဟုတ်ပေ။ သို့သော် ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်ရန် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်ခဲ့ရပေပြီ။
အားနည်းနေချိန် အခွင့်ကောင်းယူတိုက်ခိုက်ရန် ကြံစည်ကြသော နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမကို ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် လက်စားချေချင်လွန်းလှသည်။ သို့သော် မြေကမ္ဘာနယ်မြေတွင် ငရဲကိုးထပ်၏အန္တရယ်ကရှိနေပြန်သဖြင့် ရန်ငြိုးများကို ခဏဘေးချိတ်ထားရ၏။
ထို့ပြင် ကျောက်စိမ်းပင်လယ်မြို့တော်က အဆိုးရွားဆုံး ပထဝီအနေအထားတွင်တည်ရှိနေသည်ဟု ဆိုနိုင်သည်။
ရေနယ်မြေအနောက်ဘက်တွင် မြေကမ္ဘာနယ်မြေတည်ရှိပြီး အရှေ့ဘက်တွင် အရှေ့ပင်လယ်အပြင်ပိုင်းဒေသ တည်ရှိသည်။ ထို့ကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်က ငရဲကိုးထပ်နှင့် မီးတောက်မိစ္ဆာကမ္ဘာကြားတွင် ညပ်နေသည်ဟု ဆိုနိုင်သည်။ ထိုပြင်ပရန်သူများကို ရှင်းမထုတ်နိုင်သမျှကာလပတ်လုံး အမြဲတမ်း အန္တရယ်များသည့်အခြေအနေ ရှိနေမည်ပင်။
ထို့ကြောင့် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမကို မည်မျှပင် လက်စားချေလိုစိတ်ပြင်းထန်ပါစေ ပြင်ပခြိမ်းခြောက်မှုအန္တရယ်များကို အရင်ဆုံးဖြေရှင်းရန် လိုအပ်သည်။
အရှေ့ပင်လယ်တိုက်ပွဲအပြီးတွင် စိမ်းလန်းဆေးလုံးကျွန်းသို့ပြန်သွားပြီး တံခါးပိတ်ကျင့်ကြံနေသော အဘိုးအို’မော့’ သည် ငရဲကိုးထပ်လှုပ်ရှားသည့်သတင်းကိုကြားသည့်အခါ အခြေအနေလေ့လာနိုင်ရန်အတွက် ပြည်မရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းဖြင့် ဆက်သွယ်ရန် သူ၏တပည့်များကို စေလွှတ်ခဲ့သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးက ငြိမ်သက်နေသည်ထင်ရသော်လည်း တကယ်တမ်းတွင် အန္တရယ်အငွေ့အသက်များဖြင့် ပြည့်နက်နေခဲ့သည်။
သို့သော် ဆဋ္ဌမအကြိမ် ထူးကဲယင်ပြိုင်ပွဲကတော့ စီစဉ်ထားသည့်အတိုင်း ဆက်သွားခဲ့၏။
နေသူတော်စင်ဂိုဏ်းက အန္တရယ်များသောအခြေအနေကို အကြောင်းပြပြီး ထူးကဲယင်ပြိုင်ပွဲကို ရွှေ့ဆိုင်းရန်ကြိုးစားခဲ့သော်လည်း လှိုင်းနက်ဂေဟာအပါအဝင် အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးများက သဘောမတူခဲ့ကြပေ။
သို့သော် ပြိုင်ပွဲရလဒ်ကတော့ နေသူတော်စင်ဂိုဏ်းစိတ်တိုင်းကျ ဖြစ်လာခဲ့သည်။
ရှန်ထျန်းအလယ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သော မန်ဝမ်သည် ပြိုင်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ပြီး ထူးကဲယင်သရဖူကို နောက်တစ်ကြိမ် ဆွတ်ယူနိုင်ခဲ့သည်။
ထူးကဲယင်ပြိုင်ပွဲ (၆)ကြိမ်တွင် သူမက (၄)ကြိမ်တိတိ သရဖူဆွတ်ခူးနိုင်ခဲ့ပြီး သူမ၏အခြေအနေ တစ်စုံတစ်ခု မှားယွင်းခြင်းမရှိသရွေ့ ထူးကဲယင်မိန်းမပျိုများထဲတွင် သူမသည်သာ စွမ်းအားအမြင့်မားဆုံးဖြစ်ကြောင်း မန်ဝမ်က သက်သေပြခဲ့သည်။ သူမက သရဖူကို နှစ်နှစ်ဆက်တိုက် နှစ်ကြိမ်တိတိ ထိန်းသိမ်းထားနိုင်ခဲ့သော ထူးကဲယင်မိန်းမပျိုအဖြစ် သမိုင်းတွင်ခဲ့သည်။
သို့သော် မန်ဝမ်၏တောက်ပလွန်းသောအလင်းရောင်အောက်တွင် ပျောက်ကွယ်မသွားဘဲ သူမနှင့်အပြိုင်တောက်ပနေသော ထူးကဲယင်မိန်းမပျိုတစ်ယောက် ရှိနေခဲ့သည်။
ထိုမိန်းမပျိုသည်ကား ဝါဒတောင်မှ “ဖန်းယွင်ရှန်း” ပင်။
ဆဋ္ဌမအကြိမ် ထူးကဲယင်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ဖန်းယွင်ရှန်းနှင့် မန်ဝမ်တို့ နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြန်သည်။ သို့သော် ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲကဲ့သို့ ဖန်းယွင်ရှန်းမှာ ဖန်ချိုးနှင့်ရင်ဆိုင်တိုက်ခိုက်ပြီး ခြေကုန်လက်ပမ်းကျနေချိန်တွင် မန်ဝမ်နှင့် ရင်ဆိုင်ခဲ့ရခြင်း မဟုတ်ပေ။
ယခုတစ်ကြိမ်ထူးကဲယင်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် နဂါးနှင့်ကျား ရင်ဆိုင်တိုက်သည့်အလား အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့၏။ အဆုံးသတ်မှာတော့ ထူးကဲယင်မိန်းမပျိုနှစ်ယောက် သေလုမျောပါးတိုက်ခိုက်ရင်း မန်ဝမ်က လက်မတင်လေးအနိုင်ယူကာ ထူးကဲယင်သရဖူကို သိမ်းပိုက်နိုင်ခဲ့သည်။
ဖန်းယွင်ရှန်းသာ ကျင့်ကြံခြင်းအဆင့်တစ်ဆင့်မြင့်ပြီး ရှန်ထျန်းအလယ်ဆင့်သို့ ရောက်ရှိမည်ဆိုလျှင် ပြိုင်ပွဲရလဒ်က ပြောင်းလဲသွားနိုင်သည်ဟု လူအများ ယူဆခဲ့ကြသည်။ အထူးသဖြင့် ဆဋ္ဌမအကြိမ်ထူးကဲယင်ပြိုင်ပွဲတွင် ဖန်းယွင်ရှန်းက မန်ဝမ်အပါအဝင် အခြားသောထူးကဲယင်မိန်းမပျိုများ၏ ထူးကဲယင်ပညာကို ဖြိုခွဲပြလိုက်သည့်အတွက် လူတိုင်းမှင်တက်ခဲ့ကြရသည်။
တစ်ချိန်က တောင်တန်းနယ်မြေရှိ တိမ်လွှာတောင်တွင် ထူးကဲယင်ခန္ဓာပြန်လည်ရရှိရန် ကျင့်ကြံခဲ့စဉ် လင်ကျိုးက မကောင်းစိတ်ဖြင့် သတင်းဖြန့်ခဲ့သောကြောင့် ဖန်းယွင်ရှန်း၏သတင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။
ထိုသတင်းက ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းအကြား မျက်နှာပျက်စရာကိစ္စဖြစ်သည့်တိုင် ထိုလျှို့ဝှက်ချက်ကို မည်သူမှထိန်းမထားနိုင်ခဲ့ကြပေ။ ထို့ကြောင့် ဖန်းယွင်ရှန်းသည် အန္တရယ်နှင့်ကြုံတွေ့ရပြီး အချိန် (၂)နှစ်ခန့် ထူးကဲယင်ခန္ဓာဆုံးရှုံးသွားပြီးမှ ပြန်လည်တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။
သို့သော် ပဉ္စမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ပွဲဦးထွက်ယှဉ်ပြိုင်စဉ်မှာပင် သူမက လူအများကို ရင်သပ်ရှုမောစေခဲ့သည်။ ယခု ဆဋ္ဌမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင်လည်း သူမက မန်ဝမ်ထက်ပင်သာလွန်သည့် ပြင်းထန်သောအရှိန်အဟုန်ကို ပြသခဲ့သည်။
သူမ၏တိုးတက်မှုက ဤမျှအရှိန်အဟုန်မြင့်မားသည်ဆိုလျှင် နောက်တစ်ကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် မန်ဝမ်က နေသူတော်စင်ဂိုဏ်းအတွက် ထူးကဲယင်သရဖူကို ထိန်းသိမ်းထားပေးနိုင်ပါဦးမည်လား မသေချာပေ။
ထိုအချက်ကို စဉ်းစားမိရုံဖြင့် နေသူတော်စင်ဂိုဏ်းအနေဖြင့် ရင်ထဲနင့်ရသည်။
“ကျောက်ကဲ... မင်းခန့်မှန်းတာတွေက တကယ့်ကို တိကျတာပဲ”
ဝါဒတောင်ပြန်ရောက်သည်နှင့် ဖူအန်းစုက စိတ်မကောင်းစွာသက်ပြင်းချရင်းဆိုသည်။
“နေသူတော်စင်ဂိုဏ်းသာ ယင်ယန်တည်ရှိမှုကျင့်စဉ်နဲ့ မန်ဝမ်ရဲ့ ထူးကဲယင်ပညာကို မမြှင့်တင်နိုင်ခဲ့ရင် အခု ဆဋ္ဌမအကြိမ်ပြိုင်ပွဲမှာ ငါတို့ဝါဒတောင်က ထူးကဲယင်သရဖူကို သိမ်းပိုက်နိုင်မှာ...”
ရန်ကျောက်ကဲက ပြုံးရင်း...
“အဲဒါ တကယ့်ကို စိတ်မကောင်းစရာပဲ ၊ ဒါပေမဲ့ လောကမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့အရာတွေက အများကြီးပဲလေ ၊ နေသူတော်စင်ဂိုဏ်းက ထူးကဲယင်သရဖူကို အစပိုင်းမှာကတည်းက ရရှိခဲ့တာဆိုတော့ သူတို့အတွက် ပြင်ဆင်ချိန်တွေ အများကြီး ရရှိခဲ့တယ်လေ”
ဤအမှန်တရားကို သိရှိသည့်တိုင် ဖူအန်းစုက အထပ်ထပ်အခါခါ ခေါင်းခါယမ်းနေမိသည်။ ယှဉ်ပြိုင်မှုတွင် နောက်ကျခဲ့ရသည့်အတွက် သူမ နောင်တရနေမိလေသည်။
သူမက ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...
“ဒီတစ်ခေါက်အနိုင်မရပေမယ့် စိတ်ဓာတ်ကျမသွားနဲ့ ၊ အကောင်းဆုံးဖြစ်အောင် ဆက်ပြီးကျင့်ကြံပါ ၊ သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲကျရင် ထူးကဲယင်သရဖူက သေချာပေါက် ငါတို့အတွက် ဖြစ်လာရမယ်”
ဖန်းယွင်ရှန်း၏မျက်နှာအမူအရာက တည်ငြိမ်နေပြီး မျက်ဝန်းများက စူးရှနေသည်။ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းက သူမအပေါ် လုံးဝ သက်ရောက်မှုရှိဟန် မတူပေ။
“ဆရာ စိတ်ချပါ ၊ တပည့် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားပါ့မယ်”
ဖန်းယွင်ရှန်းက ပင့်သက်တစ်ချက်ရှိုက်ရင်းဆိုသည်။ ဖူအန်းစုပင် သတိပေးစရာမလို သူမက အကောင်းဆုံးကြိုးစားမည်သာဖြစ်သည်။
သူမ၏ ရည်မှန်းချက်ပန်းတိုင်က ထို ငွေဖြူရောင်သရဖူကို ရရှိပိုင်ဆိုင်ရန် ဖြစ်သည်။
တစ်ချိန်က သူမလက်လှမ်းမမီတော့ဟု တွေးထင်ခဲ့သော တိမ်တိုက်များသည် ယခု သူမနှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသို့သောအချိန်မျိုးတွင် သူမက အဘယ့်ကြောင့် စိတ်ဓာတ်ကျပြီး မျက်စိရှေ့မှအရာကို လက်လွှတ်ရပါမည်နည်း။
ဖူအန်းစုက တစ်ဖက်တွင်ရှိနေသော ယင်လျိုဟွားကို လှည့်ကြည့်လိုက်၏။
ယင်လျိုဟွားက ဆဋ္ဌမအကြိမ်ထူးကဲယင်ပြိုင်ပွဲကို ဖူအန်းစု ၊ ဖန်းယွင်ရှန်းတို့နှင့်အတူ လိုက်ပါသွားခြင်းမရှိပေ။ သို့သော် ဖူအန်းစုက သူမမှတ်တမ်းတင်လာသည့် ယှဉ်ပြိုင်ပွဲကိုကြည့်ရှုစေခဲ့ပြီး အတွေ့အကြုံရရှိစေရန် ထပ်လောင်းရှင်းပြခြင်းများ ပြုလုပ်ခဲ့သည်။
“လျိုဟွား... မင်းလည်း ကျင့်ကြံတာကို မလျှော့ရဘူးနော် ၊ နားလည်လား”
ယင်လျိုဟွားက ကမန်းကတန်းပင် ပြန်ဖြေသည်။
“ဟုတ်ကဲ့ပါ ဆရာ”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“အရင်က ရန်ကျောက်ကဲပြောဖူးတာ... လျှို့ဝှက်နည်းလမ်းတစ်ခု မင်းအတွက် အသုံးပြုပေးမယ်ဆို ၊ အခု အဲဒါ ဘယ်လိုအခြေအနေရှိလဲ”