လှုပ်ခါလာသည့်အခြေအနေ
Vol. 33 Ch. 466
အခန်း (၄၆၆) လှုပ်ခါလာသည့်အခြေအနေ
ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းလမ်းသည် ယွမ်ကျန်းဖုန်း ၊ ရန်တိ ၊ ဖူအန်းစုနှင့် အခြားသူများအတွက် လျှို့ဝှက်ကိစ္စတစ်ခု မဟုတ်တော့ပေ။
ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲ ထိုနည်းလမ်းအသုံးပြုနေကြောင်း ပေါ်သွားစဉ်က ဝါဒတောင်က ရတနာများသဖွယ် အမြဲတမ်း တန်ဖိုးထားဆက်ဆံခံရသော သူတို့နှစ်ယောက်လုံး အတော်လေး ဆူပူကြိမ်းမောင်း အပြစ်တင်ခံလိုက်ရသည်။
ဖန်းယွင်ရှန်းကိုယ်တိုင်သာ ထိုနည်းလမ်းကို အလွန်အမင်း ပြုလုပ်လိုသည့်ဆန္ဒမရှိပါက ယွမ်ကျန်းဖုန်းက ဤလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်မည် ဖြစ်သည်။
ရန်ကျောက်ကဲကတော့ ဆူပူကြိမ်းမောင်းခံလိုက်ရသည့်တိုင် မကျေမနပ် မဖြစ်မိပေ။ တကယ်တော့ သူကိုယ်တိုင်ကလည်း ဒီနည်းလမ်းကို အသုံးမပြုချင်ပေ။ ဖန်းယွင်ရှန်းက စိတ်ဓာတ်ပြင်းထန်စွာ တောင်းဆိုသည့်အတွက်သာ သူက ကူညီပေးလိုက်ခြင်း ဖြစ်၏။
ဆန့်ကျင်ဘက်အနေဖြင့် ဖူအန်းစုကတော့ ထိုနည်းလမ်းကို သဘောကျလေသည်။ ထိုနည်းလမ်းကို ခံနိုင်ရည်ရှိသော ဖန်းယွင်ရှန်းကိုလည်း အလွန်တန်ဖိုးထားကာ ချီးကျူးခဲ့သည်။
သိုသော် ဤနည်းလမ်းက ယင်လျိုဟွားအတွက်တော့ ကြေကွဲစရာပင်။
ဖူအန်းစု သဘောထားကတော့ ဖန်းယွင်ရှန်း ခံနိုင်ရည်ရှိလျှင် ယင်လျိုဟွားသည်လည်း ခံနိုင်ရည်ရှိရမည်ဟူ၍ ဖြစ်၏။
“ဆရာ... အဲဒီ ရိုးတွင်းခြင်ဆီအေးစိမ့်အပ် နည်းလမ်းက...”
ဖူအန်းစုမေးခွန်းကိုဖြေရင်း ယင်လျိုဟွားမျက်ဝန်းများတွင် ကြောက်ရွံ့မှုများပြည့်နက်လျှက် မျက်နှာကလည်း စိမ်းဖန့်လို့နေသည်။
သူမပုံစံကိုမြင်တော့ ဖူအန်းစုက မျက်မှောင်ကြုတ်ရင်း...
“ဘာဖြစ်လဲ...”
ယင်လျိုဟွားက တိုးလျသည့်လေသံဖြင့်...
“ဆရာ... အဲဒီ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းပညာကို ကျွန်မ ခံနိုင်ရည်မရှိဘူး”
ရန်ကျောက်ကဲက...
“ကျွန်တော် တစ်ကြိမ်စမ်းသပ်ကြည့်ပြီးပြီ ၊ ဂိုဏ်းတူညီမလေး’ယင်လျိုဟွား’ မခံနိုင်ဘူးလို့ပြောလို့ ရှေ့မဆက်ဘဲ ရပ်လိုက်တာ”
ဖူအန်းစု မျက်ခုံးတစ်ချက်ပင့်လိုက်တော့ ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း စကားဆက်ပြောသည်။
“ပြီးတော့ ထူးကဲယင်မိန်းမပျိုတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထူးခြားမှုကြောင့် ရိုးတွင်းခြင်ဆီအေးစိမ့်အပ်ရဲ့ ဒဏ်ကို သာမန်လူတွေထက်ပိုပြီး ပြင်းပြင်းထန်ထန်ခံစားကြရတယ်လေ”
ဖူအန်းစုက မျက်နှာထားတင်းတင်းဖြင့်...
“ဒါပေမဲ့ ယွင်ရှန်းက ခံနိုင်ရည်ရှိခဲ့တာပဲ”
ယင်လျိုဟွားမှာ စကားဆက်မပြောရဲတော့ဘဲ ခေါင်းငုံ့နေလေသည်။
ရန်ကျောက်ကဲက နှုတ်ခမ်းများအသာတွန့်ကွေးရင်း ဖူအန်းစုကို အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်သည်။
“လူတိုင်းကတော့ ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ လို စိတ်ဓာတ်ခိုင်မာတဲ့သူ မဖြစ်နိုင်ဘူးလေ ဆရာဒေါ်လေး’ဖူ’”
ဖူအန်းစု၏မျက်ခုံးများ ပြေလျော့သွားသည်။
သူက ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ကို တစ်ချက်ဝေ့ကြည့်ရင်း...
“လျိုဟွားကို ထပ်ပြီးကြိုးစားခိုင်းကြည့်ခိုင်းရမယ်”
သူမက ယင်လျိုဟွားကိုကြည့်ရင်း...
“မင်းရဲ့ ဂိုဏ်းတူအစ်မ ‘ဖန်းယွင်ရှန်း’ က အရှိန်အဟုန်နဲ့ တိုးတက်နေတာကြောင့် မင်းက စိတ်ဓာတ်ကျနေလို့ မဖြစ်ဘူးလေ”
သူမက ဆက်ပြောသည်။
“မင်းရဲ့ ဂိုဏ်းတူအစ်မ’ဖန်းယွင်ရှန်း’ က မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့ ထူးကဲယင်ခန္ဓာ ဆုံးရှုံးခဲ့ရဖူးတယ် ၊ အခု သရဖူရသွားတဲ့ မန်ဝမ်ဆိုရင်လည်း ဒဏ်ရာရထားတဲ့အတွက် ဒုတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ဖူးတယ် ၊ ဒီလောကကြီးမှာ မျှော်လင့်မထားတဲ့အဖြစ်အပျက်တွေအများကြီးရှိတယ် ၊ ထူးကဲယင်သရဖူအတွက် ယှဉ်ပြိုင်တာက ယွင်ရှန်းတစ်ယောက်တည်းရနိုင်တဲ့ အောင်မြင်မှုမျိုး မဟုတ်ဘူးလေ”
ဖူအန်းစုက...
“လျိုဟွား... မင်းက နဂိုထဲက အခြားသူတွေထက် နောက်ကျနေခဲ့တာ ၊ ဒီတော့ သူတို့နောက်ကို အမှီမလိုက်နိုင်ဘူးဆိုရင် တခြားထူးကဲယင်မိန်းမပျိုတွေနဲ့ ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ”
“မင်း ဒီအတိုင်းပဲ ကျန်ရစ်ခဲ့မယ်ဆိုရင်... မန်ဝမ်တို့ ဖန်ချိုးတို့ကို အမီလိုက်နိုင်ဖို့မပြောနဲ့... နေသူတော်စင်ဂိုဏ်းက ထူးကဲယင်မိန်းမပျိုအသစ် ယွင်ရှိုးချင် ၊ ဒါမှမဟုတ် နောက်ဆုံးမှာကျန်ခဲ့တဲ့ နျန်လေ့နဲ့ လင်ဟွေ့တို့လိုလူတွေကိုတောင် အမီလိုက်နိုင်မှာ မဟုတ်ဘူး ၊ မင်း နားလည်သလား”
ယင်လျိုဟွားက နှုတ်ခမ်းလေးများကို ဖိကိုက်ရင်း...
“ဒီတပည့် ကြိုးစားပြီး ကျင့်ကြံပါ့မယ် ၊ ကျေးဇူးပြုပြီး ဆရာနဲ့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ တို့က လမ်းညွှန်ပေးပါ”
ဖူအန်းစုက...
“ဒီလိုစကားမျိုးကို စိတ်ရင်းနဲ့ပြောတာဆိုရင်တော့ ကောင်းပါတယ်”
ဖူအန်းစုက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...
“ကျောက်ကဲ... မင်း အဲဒီ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းလမ်းကို ငါ့ကို သင်ပေးလို့ရမလား ၊ အခုကစပြီး ငါကိုယ်တိုင် လျိုဟွားကို လေ့ကျင့်ပေးမယ်”
ကျောက်ကဲက...
“ရပါတယ် ဆရာဒေါ်လေး”
သို့သော် ယင်လျိုဟွားမျက်နှာကတော့ စိမ်းဖန့်သွားလေသည်။ ဘေးမှကြည့်နေသော ဖန်းယွင်ရှန်းကတော့ သက်ပြင်းသာချမိတော့၏။
ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ စကားပြောဆိုပြီးနောက် ယင်လျိုဟွားက မဝံ့မရဲဖြင့် ခွင့်တောင်းလာသည်။
“ဆရာ... ဒီတပည့်က ထူးကဲယင်ပညာနဲ့ပတ်သက်တဲ့ နားမလည်တာလေးတွေ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကို မေးချင်လို့ပါ”
ဖူအန်းစုက ခေါင်းညိတ်ရင်း...
“ရတယ် ၊ မေးလေ...”
ရန်ကျောက်ကဲက ယင်လျိုဟွားကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့နှစ်ယောက် အေးအေးဆေးဆေးစကားပြောရန် အခြားဘက်သို့ ထွက်ခွာသွားသည်။
ဖူအန်းစုနှင့် ဖန်းယွင်ရှန်းတို့ကတော့ နေရာမှာပင် ကျန်ခဲ့ကြသည်။ ဖူအန်းစုက ဖန်းယွင်ရှန်းအား ဝါဒတောင်မှ ထူးခြားသောသိုင်းပညာများ ထပ်မံလေ့လာရန် သင်ပြပေးနေ၏။
ယင်လျိုဟွားက ထူးကဲယင်ပညာနှင့်ပတ်သက်ပြီး နားမလည်သည်များကို ရန်ကျောက်ကဲအားမေးမြန်းပြီးနောက် သူမက စိတ်ပျက်လက်ပျက် လေသံဖြင့်...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ကျွန်မရဲ့ တိုးတက်မှုက အရမ်းနှေးနေတာလား”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ကျင့်ကြံခြင်းမှာဆိုရင် မင်းက ဂိုဏ်းတူအညီမလေး’ဖန်းယွင်ရှန်း’ ထက် နည်းနည်းလေး ပါရမီနည်းတယ် ၊ ဒါပေမဲ့ အေင်မြင်ဖို့ အလားအလာ အများကြီးရှိတယ်”
ယင်လျိုဟွားက ရန်ကျောက်ကဲကိုကြည့်ရင်း...
“တွေ့လား...ကျွန်မက အရည်အချင်းမှာလည်း ဂိုဏ်းတူအစ်မ’ဖန်း’ ကို မမီဘူး ၊ ပြီးတော့ သူ့ထက်လည်းအများကြီး နောက်ကျနေပြီ ၊ ဒီတော့ ဘယ်လောက်ပဲကြိုးစားကြိုးစာ သူ့ကိုဘယ်တော့မှ အမီလိုက်နိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“မင်း ဘယ်လောက်ပဲကြိုးစားကြိုးစား အရန်လူပဲဖြစ်နေမယ်လို့ ဘာလို့ တွေးနေရတာလဲ”
ယင်လျိုဟွားက ကမန်းကတန်းခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး... ကျွန်မက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”
ရန်ကျောက်ကဲက...
“မင်း ငါတို့ဂိုဏ်းကိုရောက်ခါစက ဆရာဒေါ်လေး’ဖူ’ ပြောခဲ့တာ မှတ်မိသေးတယ် ၊ မင်းသာ ဖန်းယွင်ရှန်းထက်သာလွန်ပြီး ထူးကဲယင်သရဖူကို ရယူနိုင်မယ်ဆိုရင် အဓိကကျတဲ့လူတစ်ယောက်ဖြစ်လာမယ်ဆိုတာလေ ၊ ဟုတ်တယ်မလား ၊ မင်း တောင်ပေါ်ရောက်တာ နောက်ကျသလို ကျင့်ကြံတာလည်း နောက်ကျနေတာ အမှန်ပဲ ၊ ဒါပေမဲ့ ဂိုဏ်းကမင်းကိုပေးထားတဲ့ ရင်းမြစ်ပစ္စည်းနဲ့ အထောက်အပံ့တွေက ဂိုဏ်းတူညီမလေး’ဖန်း’နဲ့ အတူတူပဲလေ ၊ ဘယ်တုန်းကမှ မင်းကို လျှော့ပေါ့မပေးခဲ့ပါဘူး”
သူက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက်လုံးက ဝါဒတောင်က တပည့်တွေပဲဖြစ်လို့ မင်းရဲ့ပြိုင်ဘက်က ဂိုဏ်းတူညီမလေး’ဖန်း’ မဟုတ်ဘူးဆိုတာ သိထားရမယ် ၊ မင်းရဲ့ တကယ့်ပြိုင်ဘက်တွေက တခြားထိပ်သီးသိုင်းဂိုဏ်းကြီးတွေက ထူးကဲယင်မိန်းမပျိုတွေပဲ”
ယင်လျိုဟွားက ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ကျွန်မ နားလည်ပါတယ်”
သူမက နှုတ်ခမ်းလေးကို ကိုက်လိုက်ရင်း...
“ဒါပေမဲ့ ကျွန်မအတွက် မျှော်လင့်ချက်လုံးဝမရှိဘူးလို့ ခံစားနေရတယ်”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ ဆိုရင် ဘာမျှော်လင့်ချက်မှမရှိတဲ့ဘဝကနေ ဇွဲမလျှော့ဘဲကြိုးစားခဲ့လို့ အခုလို အောင်မြင်မှုမျိုး ရလာခဲ့တာလေ”
ယင်လျိုဟွားက နူးညံ့စွာဖြင့်...
“အဲဒီလိုလည်း မဟုတ်ပါဘူး ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းနေပြန်ပါပြီ ၊ တကယ်ဆို ယင်ယန်တည်ရှိမှုကျင့်စဉ်ကို ဂိုဏ်းတူအစ်ကိုကြီး’ရန်’ တီထွင်ခဲ့ပြီး ကျွန်မတို့ကို သင်ပြပေးတယ် ၊ ထိုက်ယင်းကျင့်စဉ်ကျမ်းကလည်း ဂိုဏ်းတူအစ်ကိုကြီးပဲ အမှတ်မထင်ရရှိခဲ့တာ မဟုတ်လား ၊ ပြီးတော့ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းပညာကလည်း ဂိုဏ်းတူအစ်ကိုကြီးရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းနည်းလမ်းပဲလေ ၊ ပြီးတော့... ဂိုဏ်းတူအစ်ကိုကြီး အကျိုးပြုခဲ့တာတွေ အများကြီး အများကြီး ရှိပါသေးတယ်”
ခဏနားပြီး သူမက ဆက်ပြောသည်။
“ကျွန်မပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်မ’ဖန်း’ ပဲဖြစ်ဖြစ်... ဒီ ဝါဒတောင်က ထူးကဲယင်မိန်းမပျိုတွေအားလုံးအတွက် ဂိုဏ်းတူအစ်ကိုကြီးက လမ်းဖွင့်ပေးခဲ့တာပါ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“အင်း... အားလုံးက ပံ့ပိုးမှုတွေအတူတူရရှိခဲ့ပါတယ် ၊ လူတွေမတူလို့သာ ရလဒ်ကွဲပြားရတာပါ ၊ ‘ဆရာကတော့ လမ်းပြပေးမှာပဲ ၊ ကျင့်ကြံဖို့က တပည့်အပေါ်မူတည်တယ်’ ဆိုတဲ့ ရှေးဆိုရိုးလည်း ရှိတယ်မဟုတ်လား”
ယင်လျိုဟွားက ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့ပါ... ဂိုဏ်းတူအစ်ကိုကြီး’ရန်’”
ထို့နောက် ရန်ကျောက်ကဲ သူမနံဘေးမှ ထွက်ခွာလာခဲ့သည်။
ရန်ကျောက်ကဲ၏ကျောပြင်ကိုကြည့်ရင်း ယင်လျိုဟွား နှုတ်ခမ်းလေးများ ကိုက်လိုက်၏။
“နောက်ထပ် လျှို့ဝှက်နည်းလမ်းတွေလည်း ရှိဦးမှာသေချာတယ် ၊ ရိုးတွင်းခြင်ဆီအေးစိမ့်အပ်နည်းလမ်းကို နာကျင်မှုသက်သာအောင်လုပ်ပေးနိုင်တာတွေ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ မှာ သေချာပေါက် ရှိရမယ်”
“ဒီ နည်းလမ်းက မဟာကပ်ဘေးကြီးမတိုင်ခင်က ညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်မှာပါဝင်တယ်လို့ သူကိုယ်တိုင် ပြောခဲ့တာပဲ ၊ အဲဒါက လူတွေကို ညှင်းပမ်းနှိပ်စက်တဲ့နည်းလမ်းအဖြစ် အသုံးပြုတာအပြင် ငါတို့လိုထူးကဲယင်မိန်းမပျိုတွေက ပိုလို့တောင် ခံနိုင်ရည်ရှိဖို့ခက်ခဲတယ်တဲ့ ၊ ဒါကို လွယ်လွယ်နဲ့ခံနိုင်ရည်ရှိပြီး ကျင့်ကြံခြင်းအဆင့်မြင့်လာဖို့ အသုံးပြုနိုင်တယ်ဆိုရင် မဟာညှင်းပမ်းနှိပ်စက်မှုကြီး (၇)ရပ်က အလကားဖြစ်သွားမှာပေါ့”
ယင်လျိုဟွား သူ့နောက်ကျောကို စူးစိုက်ကြည့်နေကြောင်း အာရုံခံမိသည့်အခါ ရန်ကျောက်ကဲ စိတ်ထဲမှ ခေါင်းခါယမ်းမိသည်။
“ဒီကောင်မလေးက စိတ်ထားမမှန်ဘူးပဲ”
ဆဋ္ဌမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် ဖန်းယွင်ရှန်း ရှုံးနိမ့်ခဲ့ရသဖြင့် ရန်ကျောက်ကဲ စိတ်မကောင်းဖြစ်ရသည် အမှန်ပင်။ သို့သော် သူက ဖန်းယွင်ရှန်းကို စိတ်ပျက်ခြင်း မဖြစ်မိပေ။
ယခုအခြေအနေက သူခန့်မှန်းထားသည့်အတိုင်းသာ ဖြစ်လာခဲ့လေရာ သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင်တော့ ဖန်းယွင်ရှန်း သရဖူဆွတ်ခူးနိုင်ရန် သူ မျှော်လင့်ထားသည်။ မထင်မှတ်သော ကြီးမားသည့်အပြောင်းအလဲများ မရှိပါက သေချာပေါက် နေသူတော်စင်ဂိုဏ်းမှ မန်ဝမ် ဖြုတ်ချခံရမည်ဖြစ်၏။
ထူးကဲယင်ပြိုင်ပွဲပြီးဆုံးသွားသည့်နောက် ရန်ကျောက်ကဲက မြေကမ္ဘာနယ်မြေအား ပြန်လည်အာရုံစိုက်ခဲ့သည်။
သူက ကျင့်ကြံခြင်းတွင်လည်း အားမလျှော့သလို ‘ထိုက်ယီချိုးဖျက်အစီအရင်’ အတွက် မဟာဝိညာဉ်ကျောက်တုံးအမြုတေများကို သန့်စင်နေခဲ့သည်။ ထို့ပြင် စန့်ချုန်ကြေးမုံမှန်အကြောင်းလည်း သုတေသနပြုရသေးသဖြင့် အတော်လေး အလုပ်များနေခဲ့၏။ ရန်ကျောက်ကဲက လာမည့်နေ့ရက်များကို အနှိုင်းမဲ့ပြီးပြည့်စုံစေရေး အလုပ်များစွာ ကြိုးစားလုပ်ကိုင်နေခဲ့လေသည်။
အလုပ်များရှုတ်နေရင်းပင် အချိန်များသည်လည်း ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်နှစ်ဝက် ကုန်ဆုံးသွားခဲ့၏။
ရန်တိ တံခါးပိတ်ကျင့်ကြံနေသည်မှာ အချိန်တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း လက်ရှိတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့်အရိပ်အယောင် မပြသေးပေ။
ရန်ကျောက်ကဲက သူလုပ်ရမည့်အလုပ်အတော်များများ ပြီးမြောက်လုနီးပါးဖြစ်နေသော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှ သမုဒ္ဒရာကမ္ဘာသို့ထွက်ခွာပြီး ရွှီဖေးနှင့် ရှီကျွင်းလေးတို့ကို သွားမခေါ်နိုင်အားသေးပေ။
အဘယ်ကြောင့်ဆိုသော် ဤအချိန်ကာလများအတွင်း မြေကမ္ဘာနယ်မြေက တဖြည်းဖြည်း လှုပ်ခါစပြုလာသည် မဟုတ်ပါလား။