အခန်း (၆၉-၇၀)
Vol. 6 Ch. 69-70
အခန်း ၆၉ တရုတ်တိုင်းရင်းဆေးပညာ၏ အနှစ်သာရ
ဝူကျိရှန်း မင်္ဂလာဆောင်ပြီး ထိုက်ယွမ်မြို့သို့ သွားသည်နှင့် တစ်ပြိုင်နက် ကျန်ရှိနေသော ငွေစငါးဆယ်ကို အကျေပေးချေပြီး ဝူဆေးခန်းမှာ သူ၏ပိုင်ဆိုင်မှု ဖြစ်လာတော့မည်ဟု သမားတော်ကြီးစွန်းကတွေးထားခဲ့၏။
သို့သော် လကုန်ခါနီးသည်အထိ ဝူကျိရှန်းထံမှ မည်သည့်သတင်းမျှ မကြားရသေးပေ။
သူသည် ငွေစလေးရာကို နှစ်သုတ်ခွဲ၍ ပေးချေထားပြီးဖြစ်ရာ နောက်ဆုံးငွေစ ငါးဆယ်သာ ကျန်တော့သော်လည်း ဝူကျိရှန်းမှာ မပေးအပ်သေးသဖြင့် သမားတော်ကြီးစွန်းမှာ ငြိမ်မနေနိုင်တော့ပေ။
လွှဲပြောင်းခြင်းစာချုပ်ကိုလက်မှတ်ရေးထိုးထားပြီးဖြစ်ရာ ဝူကျိရှန်းဘက်မှ ကတိဖျက်မည်ကို စိုးရိမ်စရာမရှိသော်လည်း ကြန့်ကြာနေသည့်ရက်တိုင်းမှာ ဝင်ငွေလျော့နည်းနေခြင်း ဖြစ်သဖြင့် သမားတော်ကြီးစွန်းသည် ဝူကျိရှန်းထံသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်လေသည်။
သမားတော်ကြီးစွန်း ပဲနို့လုပ်ငန်းခွင်သို့ ရောက်ရှိလာသောအခါ ဝန်းထဲတွင် ခရီးဆောင်ပစ္စည်းများ ထည့်ထားသည့် သေတ္တာကြီးများ စုပုံနေသည်ကို တွေ့ရသဖြင့် ဝူကျိရှန်းသည်ထိုက်ယွမ်မြို့သို့ ရာထူးသွားယူရန် ပြင်ဆင် နေကြောင်းသိလိုက်ရ၏။
"သမားတော်ဝူ.. ကျွန်တော်တို့ရဲ့ စာချုပ်က မပြီးပြတ်သေးဘူး ထင်တယ်နော်"
မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ပတ်သက်နေသဖြင့် ခဏမျှ နှုတ်ဆက်စကား ပြောပြီးနောက် သမားတော်ကြီးစွန်းကလိုရင်းကို တိုက်ရိုကပင်ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ငွေစလေးရာ ပေးပြီးပါပြီ.. အခုလည်း လကုန်နေပြီဆိုတော့.. အသိသက်သေကို ရှာပြီး အဲဒီအရောင်းအဝယ်ကို အပြီးသတ်လိုက်ကြရင် မကောင်းဘူးလား"
"ဟုတ်ပါတယ်.. ဒါကို အရင်ကတည်းက လုပ်ထားသင့်တာပါ"
ဝူကျိရှန်း၏ မျက်နှာတွင် အားနာဟန် ပေါ်လာ၏။
"ကျွန်တော့်ဘက်မှာ ကိစ္စလေးတစ်ခု ပေါ်လာလို့ ရက်နည်းနည်း ကြန့်ကြာသွားတာပါ။အခုပဲ အသိသက်သေကို သွားခေါ်မလို့ လုပ်နေတာ။ အသိသက်သေရှေ့မှာပဲ ကျွန်တော်က ဆေးခန်းသော့ပေးမယ် ။ခင်ဗျားက ကျွန်တော့်ကို ငွေစငါးဆယ် ပေးလိုက်ရင် ဝူဆေးခန်းက ခင်ဗျားအပိုင် ဖြစ်သွားပါပြီ"
ဝူကျိရှန်းက အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေမည်ကို သမားတော်ကြီးစွန်းက စိုးရိမ်ခဲ့သော်လည်း ယခုကဲ့သို့ ပွင့်လင်းစွာ ပြောဆိုလာသဖြင့် အနည်းငယ် အနေခက်သွားရသည်။
"အရာရှိရာထူးနှင့်သွားတာဝန်ထမ်းေဆာင်ရောက်ရမှာဆိုတော့ ပြင်ဆင်စရာတွေ များနေမှာပေါ့လေ။ ကျွန်တော်ကလည်း လာလောတာ မဟုတ်ပါဘူးဒီတိုင်း လာကြည့်တာပါ။ဒါနဲ့ ဘာကိစ္စများ ရှိလို့လဲ"
အမှန်တကယ်ပင် ဝူကျိရှန်းဘက်တွင် အခြေအနေလေးတစ်ခု ပေါ်ပေါက်နေခြင်း ဖြစ်သည်။ အဘိုးအိုတင် နေမကောင်း ဖြစ်နေခြင်းပင်။
မူလအစီအစဉ်အရ အဘိုးအိုတင်ကို သူနှင့်အတူ တာဝန်ကျနေရာသို့ ခေါ်သွားချင်သော်လည်း ထိုနေရာတွင်ပင် မွေးဖွားကြီးပြင်းခဲ့သော အဘိုးအိုမှာ ဝေးလံသောနေရာသို့ မသွားချင်ပေ။
ဝူကျိရှန်းနှင့် သူ၏ဇနီးဖြစ်သူက မည်မျှပင် ဖျောင်းဖျသော်လည်း အဘိုးအိုတင်မှာ မခွဲခွာနိုင်ဘဲ ရှိနေသည်။
နွားအို မြင်းအိုများမှာ သူတို့၏ အိမ်ဟောင်းကို သံယောဇဉ်တွယ်တတ်ခြင်းမှာ သဘာဝပင် ဖြစ်သည်။
အဘိုးအိုတင်မှာလည်း သက်ကြီးရွယ်အို ဖြစ်နေပြီဖြစ်ရာ သူတစ်သက်လုံး နေထိုင်ခဲ့သည့် အိမ်မှ မထွက်ခွာလိုခြင်းမှာ နားလည်ပေးနိုင်စရာပင် ဖြစ်၏။
အခြားရွေးချယ်စရာ မရှိသဖြင့် အဘိုးအိုတင်၏ ဆန္ဒကို လေးစားလိုက်ရတော့သည်။
သို့သော် ဝူကျိရှန်းနှင့် သူ၏ဇနီးမှာ ထိုက်ယွမ်မြို့သို့ သွားရန် ပြင်ဆင်နေစဉ်မှာပင် အဘိုးအိုတင်က ရုတ်တရက် နေမကောင်း ဖြစ်လာလေသည်။
အဘိုးအိုတင်၏ ရောဂါမှာ အမှန်တော့ မပြင်းထန်လှပေ။ သာမန် ဝမ်းလျှောခြင်းသာ ဖြစ်သည်။
"သူ တစ်ခုခု မသန့်ရှင်းတာ စားမိလို့ ဖြစ်မှာပါ။နွယ်ချို တစ်ကျပ်သားနဲ့ ပုစွန်စာငါးမူးသားကို ပြုတ်ပြီး နှစ်ကြိမ် သောက်လိုက်ရင် ရပါပြီ"
နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည့် သမားတော်တစ်ဦးဖြစ်ရာ ရောဂါလက္ခဏာကို ကြားသည်နှင့် သမားတော်ကြီးစွန်းက ဆေးညွှန်းကို ချက်ချင်း ပြောလိုက်လေသည်။
စကားပြောပြီးမှပင် သမားတော်ကြီးစွန်းမှာ အနည်းငယ် အားနာသွားသည်။
ဝူကျိိရှန်းမှာလည်း ထိုအလုပ်ကို လုပ်နေသူ ဖြစ်ပြီး သူ၏ ဆေးပညာမှာ မိမိထက်ပင် ပို၍ မြင့်မားနိုင်ပေသည်။ ထိုကဲ့သို့ သာမန်ရောဂါလေးကို မကုနိုင်စရာ အကြောင်းမရှိပေ။ သူသည် ရှက်ပြုံးပြုံးရင်း..
"ပညာရှင်ရှေ့မှာ ဆရာလုပ်မိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါဦး"
ဝူကျိရှန်းကမူ လုံးဝ ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"ကျွန်တော်လည်း အဲဒီဆေးညွှန်းအတိုင်းပဲ လေးရက်တောင် တိုက်ပြီးပြီ။မသက်သာတဲ့အပြင် ပိုတောင် ဆိုးလာသေးတယ်"
ဝူကျိရှန်း၏ ဆေးပညာနှင့်ဆိုလျှင် ထိုရောဂါမှာ အလွန်သေးငယ်လှသဖြင့် သူသည် အဘိုးအိုတင်အတွက် ဆေးအနည်းငယ်ကို အလွယ်တကူပင် ဖော်စပ်ပေးခဲ့သည်။ ချက်ချင်း သက်သာသွားမည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ အဘိုးအိုတင်၏ အခြေအနေမှာ ပို၍ ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။
တစ်ညတည်းမှာပင် အိမ်သာသို့ ခြောက်ကြိမ်ခန့် ပြေးနေရခြင်းကို အားနည်းချည့်နဲ့နေသော အဘိုးအိုတင်မှာ မခံနိုင် တော့ပေ။အခြေအနေက ပိုဆိုးသွားသည်ရသည်။
ချင်းဟောင်ပြုတ်ရည် သည် ဝမ်းကိုက်ခြင်းနှင့် ဝမ်းလျှောခြင်းအတွက် အလွန် ထိရောက်သော ဆေးဖြစ်သည်။ ၎င်း၏ ဆေးစွမ်းမှာ အလွန်နူးညံ့သဖြင့် ကလေးငယ်များနှင့် အားနည်းသော သက်ကြီးရွယ်အိုများအတွက် အသင့်တော်ဆုံး ဖြစ်သည်။
ထိုဆေးညွှန်းကို နှစ်ပေါင်းတစ်ထောင်ကျော် အသုံးပြုလာခဲ့ပြီး ပြဿနာတစ်စုံတစ်ရာမရှိဘဲ အမြဲတမ်း ထိရောက်ခဲ့သည်။ အခြေအနေကို မည်သို့ကြောင့် ပိုဆိုးသွားရတာလဲ။
ဝါရင့် တရုတ်တိုင်းရင်းဆေး သမားတော်တစ်ဦးဖြစ်သည့်အတိုင်း သမားတော်ကြီးစွန်းသည် ပြဿနာ၏ အချက်အခြာကို ချက်ချင်းပင် နားလည်သွားသည်။
"မင်း သုံးလိုက်တဲ့ ဆေးပစ္စည်းမှာ တစ်ခုခု မှားနေတာလား"
ထိုဆေးညွှန်းတွင် နွယ်ချိုနှင့် ပုစွန်စာ နှစ်မျိုးတည်းသာ ပါဝင်ပြီး အလွန်ပင် ရိုးရှင်းလှသည်။ ပြဿနာက ဘယ်ကလာတာလဲ။
ဆေးညွှန်းမှာ ရှေးဟောင်း ဆေးညွှန်းအစစ် ဖြစ်သဖြင့် ပြဿနာမရှိနိုင်ပေ။ ဆေးပစ္စည်းများမှာလည်း ပြဿနာ မရှိနိုင်ပေ။ အဓိပ္ပာယ် မရှိလှပေ။
"ငါက ပညာရှင်ရှေ့မှာ ဆရာလုပ်ပြီး မင်းရဲ့ ဆေးပညာကို မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး"
သမားတော်ကြီးစွန်းက တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စက အရမ်း ထူးဆန်းနေတယ်.. မင်း သုံးလိုက်တဲ့ ဆေးအဖတ်တွေကို ငါ့ကို တစ်ချက်လောက် ပြလို့ ရမလား"
အဘိုးအိုတင်၏ သာမန်ရောဂါလေးကိုပင် မကုနိုင်သည့်အတွက် ဝူကျိရှန်းကိုယ်တိုင်လည်း ကိုယ့်ဘာသာသံသယဝင်ရသည်။
သမားတော်စွန်းက ကူညီချင်နေသဖြင့် သူသည်လည်းအသစ်ပြုတ်ထားသော ဆေးအဖတ်များကို ပြလိုက်လေသည်။
ဆေးအဖတ်များကို မြင်လိုက်သည်နှင့် သမားတော်စွန်းမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။
"မင်း သုံးလိုက်တဲ့ နွယ်ချိုကအတုပဲ"
"ဆေးအတု ဟုတ်လား။ဒါ လုံးဝ မဖြစ်နိုင်တာ"
နွယ်ချိုဆိုသည်မှာ အလွန် ပေါများသော ဆေးပစ္စည်းဖြစ်ပြီး ဈေးလည်း အလွန်ပေါလှသဖြင့် ငွေစတစ်စဆိုလျှင် တောင်းများစွာ ဝယ်နိုင်ပေသည်။ ဤကဲ့သို့ အရာမျိုးကို အတုလုပ်ပါ့မလား။
"ကျွန်တော် သုံးလိုက်တဲ့ နွယ်ချိုတွေ အားလုံးက အသစ်ဝယ်ထားတဲ့ အကောင်းစားတွေပဲ။ကျွန်တော် ကိုယ်တိုင်လည်း စစ်ဆေးခဲ့တာ။အတု မဖြစ်နိုင်ဘူး.."
"ဒါက လုံးဝ ဆေးအတုတော့ မဟုတ်ပါဘူး"
သမားတော်စွန်းက သူ၏ မုတ်ဆိတ်ကို သပ်ရင်း ရယ်မောလိုက်သည်။
"မင်းသုံးလိုက်တဲ့ နွယ်ချိုက ရာသီမမှန်တာ"
ဝူကျိရှန်း သုံးလိုက်သည်နွယ်ချိုအစစ် ဖြစ်သော်လည်း ပြဿနာမှာ ထိုနေရာ၌ ရှိနေခြင်းပင်။
"နွယ်ချိုဆိုတဲ့ ဆေးပင်က သူ့ရဲ့ ရာသီဥတုကို အရမ်း ရွေးတယ်"
သမားတော်စွန်းက ပြုံးလျက် ရှင်းပြလေသည်။
"နွေဦးကာလမှာ ဆေးဖြစ်ပေမယ့် ချင်းမင်ပွဲတော်ကျော်ရင်တော့ အပင်ပဲ ဖြစ်တော့တယ်။ ကူယွီပွဲတော်ပြီးရင်တော့ ဒါကို ထင်းအဖြစ်ပဲ သုံးလို့ရတော့မှာ။ အခုက နွေယဉ်စွန်းချိန် ရောက်တော့မယ်ဆိုတော့ နွယ်ချိုမှာ အဆိပ်တွေ ရှိနေပြီလေ"
ရာသီဥတု မတူညီခြင်းကြောင့် အပင်အတွင်း ပါဝင်သော ဆေးဖက်ဝင် အစွမ်းသတ္တိများမှာလည်း များစွာ ကွာခြားသွားသည်။
နွယ်ချိုကို နွေဦးကာလ ဝန်းကျင်တွင် ဆွတ်ခူးရမည် ဖြစ်သည်။ ချင်းမင်ပွဲတော် ရောက်သည့်အခါတွင် ၎င်း၏ အစွမ်းသတ္တိများမှာ များစွာ လျော့နည်းသွားမည်ဖြစ်ပြီး ကူယွီပွဲတော်ပြီးနောက်တွင်မူ ပေါင်းပင်မျှသာ ဖြစ်တော့သည်။
နွယ်ချိုတွင် ပါရှိသော ပင်ကိုယ် အနံ့ပြင်းခြင်းမှာ အဆိပ်တစ်မျိုးဖြစ်ပြီး အထူးသဖြင့် နွေရာသီတွင် ပန်းပွင့်၍ အသီးသီးပြီးနောက်၌ ၎င်း၏ အဆိပ်မှာ ပို၍ပင် ပြင်းထန်လာတတ်သည်။
ဝူကျိရှန်းမှာ အနောက်တိုင်းဆေးပညာကို သင်ယူခဲ့သူ ဖြစ်သဖြင့် တရုတ်တိုင်းရင်းဆေးနှင့် ဆေးဘက်ဝင်အပင်များအကြောင်းကို အပေါ်ယံမျှသာ သိရှိခြင်း ဖြစ်သည်။
နွယ်ချိုနှင့် ပုစွန်စာမှာ ဝမ်းလျှောခြင်းကို ကုသနိုင်သည်ဟုသာ သူ သိထားခြင်း ဖြစ်၏။
ဆေးပစ္စည်းများ၏ ရာသီအလိုက် ကန့်သတ်ချက်များအကြောင်းကိုမူ သူ အနည်းငယ်မျှသာ သိရှိထားသည်။
သမားတော်စွန်းသာအချိန်မီ သတိမပေးခဲ့ပါက တရုတ်တိုင်းရင်းဆေးပညာကို အသုံးပြုခြင်းမှာ ထိုမျှအထိ စေ့စပ်သေချာရမည်ကို သူ လုံးဝ သိရှိမည် မဟုတ်ပေ။
"ဒါကြောင့်ကိုး။ ဒါကြောင့်ကိုး"
ဝူကျိရှန်းသည် သူ၏ ပြိုင်ဘက်ဟောင်းအပေါ် ပထမဦးဆုံးအကြိမ်အဖြစ် စစ်မှန်သော လေးစားမှုကို ပြသလိုက်သည်။
"သမားတော်စွန်းက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ကျွန်တော် တကယ်ပဲ အသိအမြင် တိုးသွားရတယ်"
သူသည် အန်းမင်းခန်းမသို့ ချက်ချင်းသွား၍ အရည်အသွေးကောင်းသော နွယ်ချို တစ်ထုပ်ကို ယူကာ ပြုတ်၍ အဘိုးတင်အား တိုက်လိုက်သည်။
ဆေးစွမ်းမှာ ချက်ချင်းပင် ထိရောက်ခဲ့ပြီး ထိုညမှာပင် ဝမ်းလျှောခြင်း ရပ်တန့်သွားလေသည်။
နောက်တစ်နေ့ နံနက်တွင် ဝူကျိရှန်းသည် ဆေးခန်းသို့ လာ၍ သူ၏ ကိုယ်ပိုင်ပစ္စည်းအချို့ကို ယူဆောင်ပြီး သမားတော်စွန်းထံသို့ ဆေးခန်းသော့ကို လွှဲပြောင်းပေးလိုက်လေသည်။
ထိုအချိန်မှစ၍ ဝူဆေးခန်းမှာ သမားတော်စွန်း၏ အပိုင် ဖြစ်သွားခဲ့သည်။
သူတို့နှစ်ဦးမှာ အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ဆုံးတွင်ထိုသို့သော ပုံစံဖြင့် အဆုံးသတ်သွားခဲ့သည်။ အတိတ်ကို ပြန်ကြည့်လျှင် သူတို့၏ ယှဉ်ပြိုင်မှုများမှာ ဘာမှမဟုတ်တော့ချေ။
"သမားတော်စွန်း ၊ကျွန်တော် ထိုက်ယွမ်မြို့ကို ရာထူးသွားယူတော့မယ်။ မထွက်ခွာခင်မှာ ခင်ဗျားကို အကြံပြုချက် အနည်းငယ် ပြောချင်တယ်"
သူ၏ ပြိုင်ဘက်ဟောင်းဖြစ်သည့်အတိုင်း ဝူကျိရှန်းက သူ၏ ရင်ထဲရှိ စကားများကို သမားတော်စွန်းအား ပြောလိုက်သည်။
"ခင်ဗျားနဲ့ ကျွန်တော်က ဆေးပညာရှင်တွေပဲလေ။ကျွန်တော်တို့ရဲ့ ဆေးပညာအဆင့်ကို မပြောတော့ပါဘူး.. ဒါပေမဲ့ ခင်ဗျားက နည်းနည်းတော့ စိတ်ထားကျဉ်းမြောင်းပြီး လောဘလည်း အရမ်းကြီးတယ်"
သမားတော်စွန်းက တဟားဟား ရယ်မောလိုက်သည်။
"ငါ့မျက်နှာကိုကြည့်ပြီး ဒီလိုစကားမျိုး ပြောရဲတာ မင်းတစ်ယောက်ပဲရှိတယ်။ငါက အဖိုးကြီး ဖြစ်နေပြီ။ငွေတွေလည်း အများကြီး ရခဲ့ပြီးပါပြီ။အခုကစပြီး မင်းလိုပဲ ဆေးကုခ မယူဘဲ ဆေးတွေကို သင့်တင့်တဲ့ဈေးနဲ့ပဲ ရောင်းတော့မယ်။တခြား ဘာကြောင့်မှ မဟုတ်ပါဘူး။ငါ သေသွားတဲ့အခါ နာမည်ကောင်းလေး ကျန်ရစ်ခဲ့ချင်လို့ပါ"
"အော်.. ဒါနဲ့"
သမားတော်စွန်းက အံဆွဲထဲမှ ထူထဲသော စာအုပ်တစ်အုပ်ကို ထုတ်ကာ ဝူကျိရှန်းအား ကမ်းပေးလိုက်သည်။
"သမားတော်ဝူ.. မင်းရဲ့ဆေးပညာကတော့ ငြင်းစရာမရှိအောင် တော်ပါတယ်။ဒါပေမဲ့ ဆေးပစ္စည်းတွေအကြောင်းကျတော့ မင်း သိပ်သိပုံမရဘူး။ဒီဆေးကျမ်းကို ပန်ချောင်စိရိ လို့ ခေါ်တယ်။ အဲဒီထဲမှာ ငါ နှစ်ပေါင်းများစွာ ဆေးအသုံးပြုခဲ့တဲ့ အသိအမြင်တွေ ပါဝင်တယ်။ ဒီနေ့ မင်းကို အမှတ်တရအနေနဲ့ ပေးလိုက်ပါတယ်"
ထိုပန်ချောင်စိရိမှာ သမားတော်စွန်းက ထန်ပန်ချောင် နှင့် ဆင်းထန်ပန်ချောင် ကျမ်းများကို အသေးစိတ် လေ့လာပြီးနောက် ရေးသားထားသော မှတ်စုများ ဖြစ်သည်။
၎င်းမှာ သူ၏ နှစ်ပေါင်းများစွာ အားထုတ်မှု၏ ရလဒ်ဖြစ်ပြီး နောင်မျိုးဆက်များအတွက် ထားရစ်ခဲ့ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ဝူကျိရှန်းအား ပေးအပ်လိုက်ခြင်း ဖြစ်၏။
"သမားတော်စွန်း။ ဒါက ခင်ဗျား ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ အသီးအပွင့်တွေပဲလေ။ ဒါကို ကျွန်တော့်ကို တကယ်ပဲ ပေးချင်တာလား"
"ငါက တစ်သက်လုံး စိတ်ထားကျဉ်းမြောင်းခဲ့တာလေ။ မင်းလည်း ထွက်သွားတော့မှာဆိုတော့ တစ်ကြိမ်လောက်တော့ စိတ်ထားကြီးပြရမှာ မဟုတ်လား"
သူတို့နှစ်ဦးမှာ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီး အတိတ်မှ မကျေနပ်ချက်နှင့် ရန်ငြိုးများအားလုံးမှာ ချက်ချင်းပင် လေထဲတွင် ပျောက်ကွယ်သွားကြလေသည်။
အခန်း ၇၀ ဒုတိယတာဝန်ခံ သုံးဦး
ထိုက်ယွမ်မြို့၏ လုံချန်းအရပ်သည် တောင်တန်းနှင့် မြစ်ချောင်းများကို ထိန်းချုပ်ထားပြီး ကမ္ဘာမြေ၏ ပခုံးထက်တွင် ထိုင်လျက် အရှေ့နှင့် အနောက်၏ ဘေးအန္တရာယ်များကို ရင်ဆိုင်ကာ လွင်ပြင်ငါးခု၏ မဟာဗျူဟာမြောက် လမ်းဆုံလမ်းခွများကို စောင့်ကြပ်နေသကဲ့သို့ ရှိပေသည်။ ရှေးယခင်ကတည်းက စစ်ရေးဗျူဟာခင်းကျင်းသူများ လုယူလိုကြသော နေရာတစ်ခု ဖြစ်၏။
မင်မင်းဆက် အစောပိုင်းကာလများတွင် ထိုက်ယွမ်မြို့၏ အုပ်ချုပ်ရေးစနစ်မှာ ယွမ်မင်းဆက်၏ စနစ်ဟောင်းကို များစွာ လိုက်နာကျင့်သုံးနေဆဲ ဖြစ်ပြီး စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုသာ ပိုမို ပြသနေလေသည်။
မြို့၏ အနောက်တောင်ထောင့်တွင် တည်ရှိသော မြို့နယ်အုပ်ချုပ်ရေးဌာန (ပြည်နယ်အဆင့် ဌာနနှင့် ညီမျှသည်) မှာ ယခင် ယွမ်မင်းဆက်ကာလက မွန်ဂိုများ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ကာလကြာရှည်စွာ ပျက်စီးယိုယွင်းနေခဲ့သည်။
အစိုးရရုံးသစ်ကို လွန်ခဲ့သော နှစ်နှစ်ကမှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ထိုကာလအတွင်း ထိုက်ယွမ်မြို့၏ အုပ်ချုပ်ရေးရုံးများကို နှစ်ပိုင်းခွဲထားရသည်။
အရေးကြီးသော ဌာနများသည် မြို့မြောက်ဘက်သို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သော်လည်း အရေးမပါလှသော ဌာနအချို့မှာမူ နေရာဟောင်းတွင်သာ ကျန်ရစ်နေခဲ့လေသည်။
ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှာ အခွန်ဝန်ကြီးဌာနမှ စေလွှတ်သော အေဌာနဖြစ်ပြီး ထိုက်ယွမ်မြို့နယ်နှင့် တိုက်ရိုက် လက်အောက်ခံ ဆက်ဆံရေးမျိုး မရှိပေ။ ထို့ကြောင့် သီးသန့်ရုံးခန်းနေရာ စီစဉ်ပေးရန်မှာ မဖြစ်နိုင်ဘဲ မြို့အနောက်တောင်ဘက်ရှိ ရုံးဟောင်းနယ်မြေတွင်သာ နေထိုင်ရလေသည်။
အသစ်တည်ထောင်လိုက်သော ရှန်းရှီး ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန မှာ အလွန်ပင် ရိုးရှင်းလွန်းလှသဖြင့် ကြည့်ရသည်မှာ စိတ်မသက်မသာ ဖြစ်စရာပင်။
၎င်းတွင် ပင်မအခန်း ငါးခန်း၊ အရှေ့နှင့် အနောက်ဘက် အဆောင်များတွင် အခန်းနှစ်ခန်းစီသာ ရှိပြီး ဟောင်းနွမ်းပျက်စီးနေသော စားပွဲများနှင့် ခြေထောက်ကျိုးနေသည့် စားပွဲ၊ ကုလားထိုင် အနည်းငယ်သာ ရှိပေသည်။
ဝူကျိရှန်း ပထမဆုံးနေ့ အလုပ်ဝင်သည့်အခါ အဆင့်နိမ့်စာရေးများနှင့် ရဲမက် ဆယ်ဂဏန်းခန့်မှာ ဝန်းအတွင်း၌ သန့်ရှင်းရေး လုပ်နေကြသည်ကို တွေ့ရ၏။ ထိုသူများထဲမှ တစ်ဦးမှာ ဝူကျိရှန်း ဝတ်ဆင်ထားသည့် ပုံစံတူ အပြာရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည်။
မင်မင်းဆက်၏ စနစ်အရ ဤကဲ့သို့ စေလွှတ်ထားသော ဌာနအဆင့်ယူနစ်တစ်ခုတွင် အရာရှိချုပ် တစ်ဦးနှင့် လက်အောက်ခံအရာရှိ သုံးဦး ရှိရမည် ဖြစ်သည်။
အခြေခံအားဖြင့် ညွှန်ကြားရေးမှူး တစ်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး သုံးဦးနှင့် ညီမျှပေသည်။ ထိုသူ၏ ဝတ်စုံအရောင်ကို ကြည့်ခြင်းဖြင့် ဝူကျိရှန်းကဲ့သို့ပင် အသစ်ခန့်အပ်ခံရသော ဒုတိယတာဝန်ခံတစ်ဦး ဖြစ်ကြောင်း သိနိုင်ပေသည်။
ထိုသူမှာ အသက် ၄၀ ခန့်ရှိပြီး အသားဖြူကာ အရပ်ရှည်ရှည် ပိန်ပိန် ဖြစ်သည်။ ဝူကျီရှန်းနှင့် အသက်ချင်း မကွာလှဘဲ သူ၏ မျက်ခုံးအစုံကြားတွင် ပညာတတ်တစ်ဦး၏ ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါ ရှိနေလေသည်။
အပြာရောင် အရာရှိဝတ်စုံ ဝတ်ထားသည့် ဝူကျိရှန်းကို မြင်သောအခါ ထိုသူက အဝေးမှနေ၍ ဦးညွှတ် နှုတ်ဆက်လိုက်၏။
"ညီအစ်ကိုဝူ ထင်တယ်နော်"
"ကျွန်တော် ဝူကျိရှန်းပါ။ညီအစ်ကိုရဲ့ အမည်ကို သိခွင့်ရှိမလား"
"တွေ့ရတာ ဝမ်းသာပါတယ်။ဝမ်းသာပါတယ်"
ထိုလုပ်ဖော်ကိုင်ဖက်က ယဉ်ကျေးစွာ မိတ်ဆက်ပေးသည်။
"ကျွန်တော့်နာမည် ရှုစီဝင်ပါ။နောင်မှာ အတူတူ အလုပ်လုပ်ကြရမှာဆိုတော့ ညီအစ်ကိုဝူက ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးပါဦး"
"ညီအစ်ကိုရှုရဲ့ လေယူလေသိမ်းကို ကြည့်ရတာ တောင်ပိုင်းသား ထင်တယ်နော်"
"ကျွန်တော့်ဇာတိက ဆူကျိုးပါ။ပြီးခဲ့တဲ့နှစ် ဆောင်းဦးစာမေးပွဲမှာ ကံကောင်းလို့ ဒုတိယအဆင့်မှာ ပဉ္စမနေရာ ရခဲ့တာပါ"
သူ၏ ပညာရေးအောင်မြင်မှုများအကြောင်း ပြောသောအခါ ရှုစီဝင်၏ မျက်နှာတွင် ဖုံးကွယ်မထားနိုင်သော ဂုဏ်ယူမှုများ ပေါ်လာလေသည်။
"ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီး စာမေးပွဲခန်းထဲမှာ အကြိမ်ကြိမ် အတက်အကျ ကြုံခဲ့ရပြီးမှ အခုလို နန်းတော်မှာ အလုပ်အကျွေးပြုခွင့် ရခဲ့တာပါ"
ငယ်ရွယ်စဉ်မှာပင် စာမေးပွဲအောင်မြင်သည့် ပါရမီရှင်များမှာ လူနည်းစုသာ ဖြစ်သည်။
အသက် ၄၀ ကျော်မှသာ ပညာသင်ဆုရပြီး အရာရှိလောကထဲ ရောက်လာသည့် ရှုစီဝင်ကဲ့သို့သော သူများမှာ ပုံမှန်သာ ဖြစ်ပေသည်။ အထူးသဖြင့် ဒုတိယအဆင့်တွင် ပဉ္စမနေရာ ရရှိခြင်းမှာ အလွန် ရှားပါးလှပေသည်။
ရုပ်ရှင်နှင့် ဗီဒီယိုများရှိ ဇာတ်လိုက်များမှာ အမြဲတမ်း အလွယ်တကူ စာမေးပွဲ ပထမရကြသော်လည်း ၎င်းမှာ လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းမျှသာ ဖြစ်၏။
လက်တွေ့တွင်မူ စာမေးပွဲမှာ အလွန် ခက်ခဲလှပေသည်။ လူများစွာမှာ တစ်သက်လုံး စာသင်ခဲ့သော်လည်း ကျောင်းသားအဆင့်မှာပင် ရှိနေကြဆဲ ဖြစ်သည်။ အသက် ၄၀ ကျော်တွင် ဒုတိယအဆင့် ရာထူးရခြင်းမှာ အမှန်တကယ်ပင် ကြီးမားသော အောင်မြင်မှု ဖြစ်ပေသည်။
ဝူကျိရှန်းတွင်မူစာမေးပွဲ အောင်မြင်သူဟူသော ဘွဲ့မရှိသော်လည်း ၎င်းမှာ ထူးခြားသော ကုသမှုစွမ်းရည်ကြောင့် ဆုလာဘ်အဖြစ် ရရှိခဲ့ခြင်း ဖြစ်သဖြင့် ခြွင်းချက် ဖြစ်သည်။
ရှုစီဝင်မှာမူ စာမေးပွဲခန်းထဲတွင် တိုက်ပွဲဝင်ခဲ့ပြီး သူ၏ ကဗျာနှင့် စာစီစာကုံးများဖြင့် ထိုဘွဲ့ကို ရယူခဲ့သူဖြစ်ရာ အလွန်ပင် တန်ဖိုးရှိပေသည်။
"ညီအစ်ကိုရှု"
ဝူကျိရှန်းသည် ဟောင်းနွမ်းပျက်စီးကာ ပေါင်းပင်များ ဖုံးလွှမ်းနေသော ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကို ကြည့်ကာ နားလည်ရ ခက်နေလေသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဌာနက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်နဲ့ တည်ထောင်ထားတဲ့ ရုံးတော်တစ်ခုပဲလေ။ဒါကို ဘာလို့ ဒီလောက်တောင် စုတ်ပြတ်နေရတာလဲ"
ရှုစီဝင်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
"ထိုက်ယွမ်မြို့နယ်က ကျွန်တော်တို့ကို ဒီလိုနေရာမျိုး ပေးတာတောင် တော်လှပါပြီ။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဌာနက ထိုက်ယွမ်မြို့နယ်နဲ့ ဘာမှ မသက်ဆိုင်ဘူးလေ"
သူ ပြောသည်မှာလည်းမှန်ပေသည်။
ထိုက်ယွမ်မြို့နယ်မှာ ဒေသန္တရ အစိုးရရုံး ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှာမူ အခွန်ဝန်ကြီးဌာန လက်အောက်ခံ ဌာနဖြစ်သည်။ သူတို့ကြားတွင် အဆင့်ဆင့် အုပ်ချုပ်မှု ဆက်ဆံရေး မရှိပေ။ ဒေသန္တရ အစိုးရအနေဖြင့် အကူအညီပေးရန် တာဝန်မရှိဘဲ ထိုကဲ့သို့ ဝန်းလေးတစ်ခု ဖယ်ပေးခြင်းမှာပင် ကျေးဇူးတင်စရာ ဖြစ်နေပြီ ဖြစ်သည်။
"ဒီပျက်စီးနေတဲ့ အဆောက်အဦးက.. ပုံစံကို ကြည့်ရတာ မွန်ဂိုတွေ ဆောက်ခဲ့တာ ဖြစ်ရမယ်။ နှစ်တွေ အကြာကြီး သုံးခဲ့ပြီးမှ အခုလို ပျက်စီးနေတာလေ။မိုးရွာရင်တော့ ဒုက္ခရောက်မှာပဲ။ ဒါကို အသုံးမပြုခင် အနည်းဆုံးတော့ အမိုးအကာတွေ ပြန်ပြင်ရလိမ့်မယ်"
အသစ်တည်ထောင်သော ရုံးတော်တစ်ခုမှာ အသွင်အပြင်သစ် ရှိရမည် ဖြစ်ပြီး အနည်းဆုံးတော့ ပြန်လည် ပြင်ဆင်ရမည် ဖြစ်သည်။ သို့သော် ရှောင်လွှဲ၍ မရသော ပြဿနာတစ်ခု ရှိနေ၏။ ၎င်းမှာ ငွေကြေးပင် ဖြစ်သည်။
ငွေမရှိဘဲ ပြန်လည် ပြင်ဆင်၍ မရသကဲ့သို့ အခြေခံ ရုံးသုံးပစ္စည်းများကိုပင် ဝယ်ယူ၍ မရနိုင်ပေ။
လက်ရှိ အခြေအနေမှာ အရာရှိချုပ်ဖြစ်သူ စီမံခန့်ခွဲရေးမှူးမှာလည်း တာဝန်လာမယူသေးသဖြင့် ငွေကြေးနှင့် ရိက္ခာကိစ္စများကို ပြောရန် မဖြစ်နိုင်သေးပေ။
ထို့ပြင် ရုံးတော် ပြုပြင်စရိတ်ကို သူတို့၏ ကိုယ်ပိုင်အိတ်ကပ်ထဲမှ ထုတ်သုံးရမည်မှာလည်း မဟုတ်ပေ။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် မြင်းလှည်းများနှင့် မြင်းများ၏ ဆူညံသံကို ရုတ်တရက် ကြားလိုက်ရသည်။
"အတွင်းထဲကို သွင်းလိုက်ကြစမ်း။ အကုန် သွင်းလိုက်ကြ"
ဝူကျိရှန်းထက်ပင် ငယ်ဟန်တူသော အသက် ၂၀ ခန့် လူငယ်တစ်ဦးက ပြောနေခြင်း ဖြစ်သည်။
သူသည် အဖြူရောင် နောက်ခံတွင် အပြာရောင် ပန်းပုံစံပါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရွှေဆေးခြယ်ထားသော စက္ကူယပ်တောင်ကို ခတ်လျက် အစေခံများနှင့် နောက်လိုက်များကို အော်ဟစ် ခိုင်းစေနေ၏။
"အဲဒါတွေက ဆုမင်းဆက်ခေတ်က ကြွေထည်တွေနော်.. အကယ်လို့များ ပျက်စီးသွားရင် ဒီသခင်လေးက မင်းတို့ရဲ့ ခွေးခြေထောက်တွေကို ရိုက်ချိုးပစ်မယ်.."
အပြာရောင် အရာရှိဝတ်စုံ ဝတ်ထားသည့် ဝူကျိရှန်းနှင့် ရှုစီဝင်တို့ကို မြင်သောအခါ ထိုလူငယ်က ချက်ချင်းပင် ပြုံးပြလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"နှစ်ယောက်လုံး ရောက်နေကြတာပဲ.. ဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ဝေရှင်းဝူ ပါ"
ဝေရှင်းဝူ။ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၏ တတိယမြောက် ဒုတိယတာဝန်ခံပင် ဖြစ်သည်။
အရာရှိတစ်ဦး ရာထူးတာဝန်လက်ခံခြင်းမှာ အလွန် တည်ကြည်သော ကိစ္စဖြစ်သော်လည်း ထိုဒုတိယတာဝန်ခံဝေမှာ သူ၏ အရာရှိဝတ်စုံကိုပင် ဝတ်မထားပေ။ သူ၏ ရာထူးခန့်အပ်မှုကို လုံးဝ အလေးမထားဟန် ပေါ်နေသည်။
ပေါ့ပေါ့ပါးပါး လာကြသော ဝူကျိရှန်းနှင့် ရှုစီဝင်တို့နှင့် မတူဘဲ ဝေရှင်းဝူမှာမူ အခြွေအရံ အစေခံ ဆယ်ဂဏန်းကျော်နှင့်အတူ ပစ္စည်းမျိုးစုံ တင်ဆောင်လာသော မြင်းလှည်းကြီး လေးစီးဖြင့် ခမ်းနားစွာ ရောက်ရှိလာခြင်း ဖြစ်သည်။
စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းရှည်များ၊ စာရေးကိရိယာများနှင့် ရာသီပေါ် ဝတ်စုံများ စသည့် ပစ္စည်းမျိုးစုံ အများအပြား ပါလာ၏။ သူသည် အိမ်သာအိုးနှင့် ထွေးအင်တို့ကိုပင် ယူလာသဖြင့် အိမ်ပြောင်းလာသည်နှင့်ပင် တူနေလေသည်။
"လူကြီးမင်းတို့"
ဝေရှင်းဝူက အရှေ့ဘက်အဆောင်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"ကျွန်တော်က အရှေ့ဘက်အဆောင်ကို ရုံးခန်းအဖြစ် သုံးချင်တယ်။ခင်ဗျားတို့ နှစ်ယောက်မှာ ကန့်ကွက်စရာ ရှိလား"
ရုံးခန်းဆိုသည်မှာ ရုံးလုပ်ငန်း လုပ်ကိုင်ရာ နေရာပင် ဖြစ်သည်။
ထိုနေရာတွင် စုစုပေါင်း အခန်း သုံးတွဲသာ ရှိသည်။ တောင်နှင့် မြောက်သို့ မျက်နှာမူထားသော ပင်မအခန်းကို အရာရှိချုပ်အတွက် ချန်ထားရမည်ဖြစ်ရာ အရှေ့နှင့် အနောက်ဘက် အဆောင်များသာ ကျန်တော့သည်။
ဒုတိယတာဝန်ခံ သုံးဦး ဖြစ်သော်လည်း အဆောင်မှာ နှစ်ခုသာ ရှိသဖြင့် နေရာချရန် အမှန်တကယ် ခက်ခဲလှပေသည်။
ဤဒုတိယတာဝန်ခံ ဝေရှင်းဝူမှာ ရောက်ရောက်ချင်းမှာပင် အဆင့်မြင့်သော အရှေ့ဘက်အဆောင်ကို သိမ်းပိုက်လိုခြင်းမှာ အနည်းငယ် အနိုင်ကျင့်ရာ ရောက်နေသကဲ့သို့ပင်။
မည်သို့ပင်ဖြစ်စေ သူတို့မှာ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပြီး နောင်တွင်လည်း ဆက်ဆံကြရမည် ဖြစ်သဖြင့် ဝူကျိရှန်းက ဘာမှ မပြောဘဲ ပြုံးလျက် ခေါင်းညိတ်ပြလိုက်ကာ အရှေ့ဘက်အဆောင်ကို ပေးလိုက်လေသည်။
သူ၏ဘေးရှိ ရှုစီဝင်မှာမူ တစ်ခုခု ပြောချင်ဟန် ရှိသော်လည်း ဝူကျိရှန်း၏ သဘောထားကို မြင်သောအခါ သူလည်း တိတ်ဆိတ်စွာပင် နေလိုက်တော့သည်။
ပစ္စည်းမျိုးစုံကို အရှေ့ဘက်အဆောင်ထဲသို့ သယ်ယူပြီးနောက် ဝေရှင်းဝူက တဟားဟား ရယ်မောရင်း ပြောလိုက်၏။
"ကျွန်တော်တို့ သုံးယောက်လုံးက တာဝန်ခံတွေပဲလေ။အကြာကြီး အတူတူ နေကြရမှာ။ဒီလို ပထမဆုံး တွေ့ဆုံခြင်းကတော့ တကယ်ကို ဂုဏ်ပြုသင့်တဲ့ ကိစ္စပဲ"
ဝေရှင်းဝူသည် သူ၏ ရင်ဘတ်ထဲမှ ဖိတ်စာများကို ထုတ်ယူကာ ဝူကျိရှန်းနှင့် ရှုစီဝင်တို့အား တစ်စောင်စီ ပေးလိုက်သည်။
"ဒီည ကျွန်တော့်အိမ်မှာ ထမင်းကျွေးပါရစေ။လူကြီးမင်းတို့ နှစ်ယောက်လုံး ကြွရောက်ပေးဖို့ ဖိတ်ကြားပါတယ်"
လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက်အသစ်များ ပထမဆုံး တွေ့ဆုံသည့်အခါ ရင်းနှီးမှု ရရှိစေရန် ထမင်းစားပွဲ ကျင်းပခြင်းမှာ သာမန်ပင် ဖြစ်၏။ ဝူကျိရှန်းက တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သည်။
"ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်"