← Chapters

အခန်း (၆၁-၆၂)

Vol. 6 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 6 Ch. 61-62

`အခန်း ၆၁ မိစ္ဆာတစ်ကောင် မွေးဖွားလာခြင်း

ဇီဝဗေဒဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းသည် သိပ္ပံပညာရပ်တစ်ခုဖြစ်ရာ စာကြောင်းအနည်းငယ်ဖြင့် ရှင်းပြရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝူကျိရှန်းသည် ရေနေသတ္တဝါမှ ကုန်းနေသတ္တဝါသို့ ပြောင်းလဲလာပုံ၊ ရိုးရှင်းသော သတ္တဝါမှ ရှုပ်ထွေးသော သတ္တဝါဖြစ်လာပုံနှင့် နောက်ဆုံးတွင် လူသားများ ပေါ်ထွန်းလာကာ ယဉ်ကျေးမှုများ စတင်လာပုံတို့ကိုသာ အကြမ်းဖျင်း ရှင်းပြလိုက်၏။

ဝူကျ်ိရှန်းက ရှင်းလင်းစွာ ပြောပြသော်လည်း ချင်းချင်းကမူ နားမလည်နိုင်သေးပေ။

"ဆရာ့စကားအရဆိုရင် ရေကန်ကြီး ခမ်းသွားတဲ့အခါ ရေထဲကငါးတွေက ကုန်းပေါ်တက်လာပြီး မျောက်ဖြစ်သွားတယ်၊ အဲဒီနောက်မှာ မျောက်တွေက လူဖြစ်လာတယ်လို့ ဆိုလိုတာလား"

ဇီဝဗေဒ ဆင့်ကဲပြောင်းလဲမှုသည် မည်မျှခက်ခဲကြောင်းနှင့် သဘာဝတရား၏ အားကြီးသူသာအသက်ရှင်ကျန်ရစ်ခြင်းဟူသော နိယာမကိုချင်းချင်း၏ ဉာဏ်ဖြင့် နားလည်ရန် ခက်ခဲလှ၏။ ထို့ကြောင့် သူမ နားလည်သလိုသာ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

"ဒါဆို ကျွန်မ နားမလည်တော့ဘူး။ ငါးတွေက ဘွားခနဲ မျောက်ဖြစ်သွားပြီး မျောက်တွေက ဘွားခနဲ လူဖြစ်သွားတယ်ဆိုတာကြီးက အရမ်းဆန်းကြယ်လွန်းတယ်"

"ငါပြောတဲ့ ဆင့်ကဲပြောင်းလဲမှုဆိုတာ ဘွားခနဲ ဖြစ်လာတာမဟုတ်ဘူး။ နှစ်သန်းပေါင်းများစွာ ကြာအောင် ပြောင်းလဲလာခဲ့တာ"

"မျောက်ကနေ လူဖြစ်ဖို့ နှစ်သန်းပေါင်းများစွာ ကြာတာလား။ အဲဒီလိုဆိုရင်တော့ ကျွန်မ နားလည်သွားပြီ"

ချင်းချင်းသည် သူမ၏ လက်သည်းကို ကိုက်ရင်း တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။

"အစတုန်းက မျောက်တွေက တောင်ပေါ်မှာ ပုန်းပြီး နှစ်သန်းပေါင်းများစွာ ကြိုးစားအားထုတ် ကျင့်ကြံကြတယ်၊ အဲဒီလိုနဲ့ နောက်ဆုံးမှာ လူအဖြစ် အသွင်ပြောင်းသွားကြတာပေါ့"

ချင်းချင်း၏ စိတ်ထဲတွင် မျောက်မှ လူဖြစ်လာခြင်းမှာ ကျင့်ကြံခြင်း၏ ရလဒ်ဟုသာ ထင်မှတ်နေလေသည်။

ချင်းချင်းစကားကြောင့် ဝူကျိရှန်းမှာ အားကိုးရာမဲ့သွားရ၏။ ငါက ဇီဝဗေဒအကြောင်း ပြောနေတာကို နင်က မိစ္ဆာတွေ ကျင့်ကြံတဲ့အကြောင်း လာပြောနေတယ်။ ငါတို့ ပြောနေတာတွေက လုံးဝ ထပ်တူမကျတော့ဘူး။ ဆက်ပြောနေရင်တော့ စွန်းဝူခုန်းတို့ ဝက်အိုကြီးတို့တောင် ထွက်လာတော့မယ်။

သူမနှင့် စကားပြောနေစဉ် ရုတ်တရက် အော်ဟစ်သံအချို့ ကြားလိုက်ရ၏။

"ညီလေး ဝူ၊ ညီလေး ၊ မြန်မြန် ထွက်လာခဲ့ပါဦး"

၎င်းမှာ ကျန်းစစ်‌ကော၏ အသံဖြစ်ပေသည်။

သူ အမြန်ပြေးထွက်ကြည့်ရာ မီးအိမ်ကို ကိုင်ထားသော ကျန်းစစ်ကောကို တွေ့လိုက်ရ၏။ သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။

"အစ်ကိုစစ် ဘာဖြစ်လို့လဲ"

"ငါ့မိန်းမ မွေးရခက်နေလို့ပါ၊ မင်း လာကြည့်ပေးပါဦး"

မရီးစစ် မွေးရခက်နေသည်လား။ ဒါက ကိစ္စကြီးပေသည်။

"လက်သည်ခေါ်ပြီးပြီလား"

"လက်သည်က ကလေးအနေအထား မမှန်ဘူးလို့ ပြောတယ်။ စောင့်နေတာ နာရီပေါင်းများစွာ ကြာနေပြီ၊ ကလေးက ထွက်မလာသေးဘူး။ တစ်ခုခုဖြစ်မှာ စိုးလို့ မင်းကို လာရှာတာ"

ထိုခေတ်ကာလ၏ တစ်ကိုယ်ရေသန့်ရှင်းမှု အခြေအနေအရ ကလေးမွေးဖွားခြင်းမှာ အလွန်အန္တရာယ်များလှ၏။

ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက မိခင်ရော ကလေးပါ အသက်ဆုံးရှုံးနိုင်ပေသည်။ အသက်နှင့်ဆိုင်သော ကိစ္စဖြစ်သဖြင့် သူ မနှောင့်နှေးရဲပေ။

သူသည် ဆေးသေတ္တာကို အမြန်ထုတ်ပိုးကာ လွယ်လိုက်၏။ ထို့နောက် အိမ်တံခါးဝသို့ ရောက်မှ ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။

"ချင်းချင်း၊ နင်လည်း ငါနဲ့ လိုက်ခဲ့"

ချင်းချင်းမှာ အတွေ့အကြုံနည်းသော သူနာပြုတစ်ဦးသာ ဖြစ်သော်လည်း အခြေခံ သူနာပြုအတတ်ကို တတ်မြောက်ထားပြီ ဖြစ်သည်။

အထူးသဖြင့် ကလေးမွေးဖွားခြင်းကဲ့သို့ ကိစ္စမျိုးတွင် သူမကို ခေါ်သွားခြင်းက ပို၍ အဆင်ပြေစေ၏။

ဝူကျိရှန်းနှင့် ချင်းချင်းတို့သည် ကျန်းစစ်ကော၏ အိမ်သို့ အပြေးသွားကြ၏။

သူတို့ ခြံထဲသို့ ဝင်လိုက်သည်နှင့် မရီးစစ်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

"နာလိုက်တာ၊ ကျွန်မ သေတော့မှာပဲ"

သူသည် အခန်းထဲမှ လက်သည်ကို အမြန်ခေါ်ထုတ်ကာ အခြေအနေကို မေးမြန်းလိုက်၏။

ထိုလက်သည်မှာ အတွေ့အကြုံရင့်သူဖြစ်ပြီး မွေးရခက်သော ကိစ္စများစွာကို ကြုံဖူးသော်လည်း မရီးစစ်၏ အခြေအနေမှာ အနည်းငယ် ထူးခြားနေ‌ ကြောင်းပြောလေသည်။

"တခြားလူတွေက သဘာဝအတိုင်း မွေးကြတာ၊ မွေးရခက်ရင်တောင် ခြေထောက်အရင်ထွက်တာမျိုးပဲ ရှိတာ။ အခုလို ကလေးက ကန့်လန့်ဖြတ် ဖြစ်နေတာမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး"

ပုံမှန်မွေးဖွားလျှင် ကလေး၏ ဦးခေါင်းက အရင်ထွက်ရ၏။ မွေးရခက်သော အခြေအနေများတွင် ခြေထောက် သို့မဟုတ် တင်ပါးက အရင်ထွက်တတ်သည်။ ထိုအခြေအနေမျိုးတွင် ကလေး၏ အနေအထားကို ပြန်ညှိပေးလျှင် အဆင်ပြေနိုင်၏။

သို့သော် မရီးစစ်၏ အခြေအနေမှာ ကလေးက မိခင်၏ ဝမ်းဗိုက်ထဲတွင် ကန့်လန့်ဖြတ် အနေအထားဖြစ်နေသဖြင့် သဘာဝအတိုင်း မွေးဖွားရန် မဖြစ်နိုင်ပေ။

လူ၏ မွေးလမ်းကြောင်းမှာ ကျဉ်းမြောင်းလှရာ ကလေးက ကန့်လန့်ဖြတ်အနေအထားဖြင့် ထွက်လာရန် မဖြစ်နိုင်ပါ။ မင်မင်းဆက်ခေတ်၏ ဆေးပညာအခြေအနေအရ ထိုသို့ဖြစ်လျှင် မိခင်ရော ကလေးပါ သေဆုံးတတ်သည်။

"သွေးအများကြီး ထွက်နေပြီလား"

"မထွက်သေးဘူး၊ မထွက်သေးဘူး"

လက်သည်က နဖူးမှ ချွေးများကို သုတ်ရင်း သက်ပြင်းချကာ ပြော၏။

"ငါ ကလေးပေါင်း တစ်ရာကျော် မွေးပေးဖူးတာပဲ၊ သွေးအများကြီး ထွက်အောင်တော့ မလုပ်ပါဘူး"

ထိုခေတ်၏ ထုံးစံအရ သွေးအလွန်အမင်း ထွက်ပါက လက်သည်တွင် တာဝန်ရှိ၏။ သွေးမထွက်ဘဲ မိခင်နှင့် ကလေး သေဆုံးသွားလျှင်မူ ထိုအိမ်ထောင်စု၏ ကံကြမ္မာဟုသာ သတ်မှတ်ကြပြီး လက်သည်နှင့် မသက်ဆိုင်တော့ပေ။

သွေးမထွက်သေးသရွေ့ထိုကိစ္စကို ကိုင်တွယ်ရန် မခက်ခဲသေးဟု ဝူကျိရှန်း တွေးလိုက်ပြီးချင်းချင်းကို ပြောလိုက်၏။

"ဒီအခြေအနေက သိပ်မခက်ခဲပါဘူး။ ချင်းချင်း၊ နင် အထဲဝင်ပြီး လက်သည်ကို ကူညီပေးလိုက်"

"ကျွန်မ... ကျွန်မ ကလေးမွေးတာ တစ်ခါမှ မမြင်ဖူးဘူး။ မလုပ်နိုင်မှာ ကြောက်တယ်"

"စိတ်မပူနဲ့၊ငါအပြင်ကနေ သင်ပေးမယ်"

ရှေးခေတ်တွင် သားဖွားမီးယပ်ပညာဟူ၍ သီးသန့်မရှိပေ။ လက်သည်နှင့် သမားတော်မှာ အလုပ်အကိုင်ချင်း လုံးဝမတူကြပေ။

ဝူကျိရှန်းထိုကဲ့သို့ ဝင်ရောက် စွက်ဖက်ခြင်းမှာ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ရာ ရောက်နေ၏။

ချင်းချင်းမှာ ပလိပ်ရောဂါသည်များကို ပြုစုဖူးသော်လည်း ကလေးမွေးဖွားရာတွင် ကူညီရမည်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် စိတ်ကို တင်းထားပြီး မွေးခန်းထဲသို့ ဝင်သွား၏။

ဝူကျိရှန်းက လိုက်ကာအပြင်ဘက်မှနေ၍ ကလေးအနေအထား ပြန်ညှိပုံကို လက်သည်နှင့် ချင်းချင်းကို သင်ပေးလိုက်၏။

"အရင်ဆုံး မရီးစစ်ကို ဘေးတစ်စောင်း လှဲခိုင်းလိုက်"

ပုံမှန်မွေးဖွားလျှင် ပက်လက်လှဲရမည် ဖြစ်သော်လည်း ဝူကျိရှန်းက ဘေးစောင်းလှဲခိုင်းသဖြင့်လက်သည်ကချက်ချင်းမကျေမနပ်ပြောလေသည်။

"ဘယ်သူက ဘေးစောင်းပြီး ကလေး

မွေးလို့လဲ။ ဆရာဝူ၊ ရှင် တကယ်ရော တတ်ရဲ့လား"

"ကျွန်တော်ပြောသလိုပဲ လုပ်ပါ"

"တစ်ခုခုဖြစ်ရင် ဘယ်သူ တာဝန်ယူမလဲ"

"စိတ်မပူပါနဲ့၊ ဘာမှမဖြစ်စေရဘူး။ တစ်ခုခုဖြစ်ရင် ကျွန်တော်အကုန်တာဝန်ယူမယ်"

ဝူကျိရှန်းက အာမခံလိုက်သဖြင့် လက်သည်လည်း မတွန့်ဆုတ်တော့ဘဲ သူပြောသည့်အတိုင်း လုပ်လေသည်။

" ခင်ဗျားတို့ နှစ်ယောက်က မရီးစစ်ရဲ့ ကိုယ်အထက်ပိုင်းကို ထိန်းထား၊ ပြီးရင် အပေါ်ဘက်က ခြေထောက်ကို မပြီး အပေါ်ကို ဖြည်းဖြည်းချင်း တွန်းပေး။ မရီးခံနိုင်သရွေ့ အပေါ်ကို ဆက်တွန်းထားပေး"

ဤနည်းလမ်းမှာ ကလေးအနေအထား မမှန်ခြင်းကို ပြုပြင်ပေးသော နည်းလမ်းတစ်ခု ဖြစ်သည်။

"အခု ပြန်ပြီး ပက်လက်လှဲခိုင်းလိုက်၊ ပြီးရင် တစ်ခုခုနဲ့ တင်ပါးအောက်ပိုင်းကို မြှင့်ပေးထား။ ခြေထောက်က ခေါင်းထက် မြင့်နေရမယ်"

"လုပ်ပြီးပြီ၊ နောက် ဘာဆက်လုပ်ရမလဲ"

"တစ်ယောက်က မရီးရဲ့ ခြေထောက်ကိုမပြီး ခါးနဲ့ တင်ပါးကို လှုပ်ပေး။ အကြိမ် ၃၀ ကနေ ၅၀ အထိ အထက်အောက် မပေးလိုက်၊ ပြီးရင် တခြားတစ်ဖက်ကို ဘေးစောင်းပြီး နောက်ထပ် အကြိမ် ၅၀ လောက် ထပ်တွန်းပေး"

ဤသည်မှာ ကလေး၏ အနေအထားကို ပြန်လည်လှည့်ပေးသော နည်းလမ်းဖြစ်၏။ နည်းပညာထက် မိခင်၏ ပူးပေါင်းဆောင်ရွက်မှုက ပို၍ အရေးကြီးပေသည်။

"မရီးစစ်၊ မကြောက်ပါနဲ့"

ထိုသို့လုပ်ဆောင်နေစဉ်အတွင်း ဝူကျိရှန်းက အပြင်ဘက်မှနေ၍ အဆက်မပြတ် အားပေးနေ၏။

"ဟိုတုန်းကအစ်ကိုစစ်ရဲ့ ဗိုက်ကိုတောင် ကျွန်တော်ခွဲစိတ်ပေးခဲ့သေးတာပဲ။ ဒီလောက်ကိစ္စက ဘာမှမဟုတ်ပါဘူး။ စိတ်မလှုပ်ရှားပါနဲ့"

မရီးစစ်သည် ဝူကျိရှန်းကို အပြည့်အဝ ယုံကြည်သဖြင့် သူမ၏ စိုးရိမ်စိတ်များ တဖြည်းဖြည်း လျော့ပါးသွားပြီးချင်းချင်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လေသည်။

ကလေးက ကန့်လန့်ဖြတ်ဖြစ်နေခြင်းမှာ ၄၀ ဒီဂရီခန့် စောင်းနေခြင်းကြောင့် ဖြစ်ပေသည်။

သားအိမ်ညှစ်အားနှင့် ပြင်ပမှ ကူညီမှုတို့ ပေါင်းစပ်လိုက်လျှင် ၁၅ ဒီဂရီခန့် ရွေ့သွားရုံဖြင့် သဘာဝအတိုင်း ပြန်တည့်သွားနိုင်၏။ ချက်ကြိုးပတ်နေခြင်းမျိုး မရှိပါက ခွဲစိတ်ရန် မလိုပေ။

နာရီဝက်ခန့် ကြာသောအခါ ကလေးအနေအထားမှာ သိသိသာသာ ပြောင်းလဲသွားပြီးချင်းချင်း၏ ဝမ်းသာအားရအော်ဟစ်သံထွက်ပေါ်လာသည်။

"ထွက်လာပြီ။ ကလေးခေါင်း ထွက်လာပြီ။ ညှစ်လိုက်။ နောက်နည်းနည်းလောက် ထပ်ညှစ်လိုက်ပါဦး"

ထိုအသံကို ကြားလျှင် ဝူကျိရှန်း စိတ်သက်သာရာရသွားပြီး ကျန်စစ်‌ ကောကို ပြုံးပြလိုက်၏။

"အစ်ကိုစစ် စိတ်အေးအေးထားပါ၊ မိခင်ရော ကလေးပါ ဘေးကင်းမှာပါ"

ကလေး၏ ဦးခေါင်း အရင်ထွက်လာပြီဆိုလျှင် ပုံမှန်အတိုင်း မွေးဖွားနိုင်ပြီ ဖြစ်သည်။

ရေနွေးများ အဆင်သင့်ဖြစ်နေပြီး ကလေးထုတ်ရန် အဝတ်များလည်း အသင့်ရှိနေပြီ ဖြစ်၏။

ကျန်းစစ်ကော၏ မျက်နှာတွင် ဖခင်တစ်ဦး၏ ကြည်နူးမှုများ လွှမ်းမိုးနေသည်။

မကြာမီမှာပင်ကလေး၏ ကျယ်လောင်သော ငိုသံနှင့်အတူ မွေးဖွားခြင်း အမှုကိစ္စ အောင်မြင်စွာ ပြီးဆုံးသွားလေသည်။

ကလေးငိုသံကြားသဖြင့် ကျန်းစစ်ကောက ပြတင်းပေါက်မှနေ၍ စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"သားလေးလား၊ သမီးလေးလား"

ထိုစဉ်မှာပင် လက်သည်၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။

"မိစ္ဆာ... မိစ္ဆာတစ်ကောင်ပါလား"

`

`

အခန်း ၆၂ အစေခံမလေး၏ ကြည်ညိုလေးစားမှု

မွေးကင်းစကလေးငယ်သည် တစ်ကိုယ်လုံး အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး လူအိုကြီးတစ်ဦးနှင့်ပင် ဆင်တူနေ၏။

အမှန်စင်စစ် ၎င်းမှာ ပုံမှန်သာဖြစ်ပြီး မွေးကင်းစကလေးတိုင်းနီးပါး ထိုသို့ရှိတတ်ကာ ရက်အနည်းငယ်ကြာ နို့တိုက်ကျွေးပြီးနောက် ပြည့်ဖြိုးဖြူဝင်းလာမည် ဖြစ်သည်။

ထိုကလေးသည် နဖူးပြင်ကျယ်ပြီး မေးစေ့ကား၏။ မျက်နှာပေါက်မှာ ကျန်းစစ်‌ကောနှင့်အလွန်တူလှပေသည်။

ချင်းချင်းက ကလေးကို မိစ္ဆာဟု ပြောရခြင်းမှာ ကလေး၏ တင်ပါးတွင် အမြီးလေးတစ်ခု ပါလာသောကြောင့် ဖြစ်၏။

ထိုအမြီးမှာ အပ်ချည်မျှင်ခန့် ထူပြီး တစ်လက်မခန့် ရှည်လျားကာ အဆုံးတွင် အမွေးမည်းလေးအချို့ ရှိနေလေသည်။

မရီးစစ်မွေးလိုက်သော ကလေးတွင် အမြီးပါလာသည်ဆိုပါလား။ ၎င်းမှာ မိစ္ဆာတစ်ကောင်ပင် မဟုတ်ပါလား။

လက်သည်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့နေပြီး စိတ်လွတ်ကိုယ်လွတ် အော်ဟစ်တော့သည်။

"အကုသိုလ်တွေပဲ။ နင်တို့လင်မယား ကောင်းကင်ကြီးကို ပြစ်မှားခဲ့လို့ မိစ္ဆာမွေးတာပဲ ဖြစ်ရမယ်။ ဒီကလေးကို အမြန်ဖျောက်ပစ်ကြ။ မဟုတ်ရင် နင်တို့အိမ်ကို ဘေးဒုက္ခတွေ ရောက်လာလိမ့်မယ်"

ကျန်းစစ်‌ကောနှင့် သူ၏ဇနီးမှာလည်း ထိုသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဆယ်လတိုင်တိုင် ကိုယ်ဝန်ဆောင်ပြီးမှ မိစ္ဆာတစ်ကောင် မွေးလာရသည်ဟု သူတို့ ထင်မှတ်သွားကြသည်။

ရှေးခေတ်လူမှုအဖွဲ့အစည်းတွင် ကိုယ်လက်အင်္ဂါမစုံလင်သော ကလေးများကို ချက်ချင်းပင် စွန့်ပစ်လေ့ရှိကြ၏။

အထူးသဖြင့် အမြီးပါလာသော ကလေးများကို ဘေးဒုက္ခပေးမည့် မိစ္ဆာများဟု သတ်မှတ်ကာ ချက်ချင်းပင် စွန့်ပစ်တတ်ကြသည်။

အကယ်၍ တခြားသူများ သိသွားပါကလည်း "နင်တို့အိမ်က မိစ္ဆာမွေးတယ်၊ ဒါဟာ နင်တို့ အပြစ်လုပ်ခဲ့လို့ ကောင်းကင်က ပေးတဲ့ ပြစ်ဒဏ်ပဲ" ဟု ဆိုကာ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရပေမည်။

အကယ်၍ တခြားသူ၏ ကလေးသာဆိုလျှင် ကျန်းစစ်ကောကိုယ်တိုင်လည်း စွန့်ပစ်ရန် အကြံပြုမိမည်ဖြစ်သော်လည်း ယခုမှာ သူ၏ ရင်သွေးအရင်း ဖြစ်နေသဖြင့် မည်သို့ရက်စက်နိုင်ပါမည်နည်း။

ကလေးမွေးပြီးကာစ မရီးစစ်မှာလည်း မျက်ရည်များ ဝဲနေရှာ၏။

"ကျွန်မ ဘာအပြစ်တွေ လုပ်ခဲ့လို့ ဒီလိုမျိုး မွေးရတာလဲ"

"အပြစ် ဟုတ်လား။ အစ်ကိုစစ်နဲ့ မရီးစစ်တို့က စိတ်ထားကောင်းပြီး လူချစ်လူခင် များကြတာပဲ၊ ဘာအပြစ်လုပ်မှာလဲ"

ဝူကျိရှန်းက ရယ်မောရင်း ပြောလိုက်၏။

"ငါ့အမြင်တော့ ဒီကလေးက ဘာမှမဖြစ်ပါဘူး။ သူက မိစ္ဆာ လုံးဝမဟုတ်ဘူး"

ကလေးမှာ အမြီးပါနေသည်ကို မိစ္ဆာမဟုတ်ဟု ဆိုရသလား။ဝူကျိရှန်းကမူ ထိုသို့မထင်ပေ။ သူက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။

"အစ်ကိုစစ်နှင့် မရီး၊ အမြီးပါတဲ့ ကလေးတွေကို ငါ အများကြီး တွေ့ဖူးပါတယ်။ ဒါက သေးငယ်တဲ့ ပြဿနာလေးတစ်ခုပဲ။ နည်းနည်းလေး ပြုပြင်ပေးလိုက်ရင် ပျောက်သွားမှာပါ"

ထိုသို့ပြောရင်း ဝူကျိရှန်းသည် ကုတင်ဘေးရှိ ပိုးချည်မျှင်မှ အစလေးတစ်ခုကို ဖြတ်ယူလိုက်၏။ ၎င်းကို ကလေး၏ အမြီးငယ်တွင် ပတ်လိုက်ပြီး အသာအယာ ဆွဲလိုက်ရာ အမြီးလေးမှာ ပြတ်ထွက်သွားလေသည်။

သူသည် ဒဏ်ရာပေါ်သို့ သွေးတိတ်ဆေးမှုန့်အချို့ကို သာမန်ကာလျှံကာ သုတ်ပေးလိုက်ပြီး လက်ကို ခါကာ ပြောလိုက်၏။

"ကဲ အမြီး မရှိတော့ဘူး။ အခုတော့ အဆင်ပြေသွားပြီ"

"ညီလေး ဝူ"

ကလေး၏ အမြီးကို ဝူကျိရှန်းက ဖယ်ရှားပေးလိုက်သော်လည်း ကျန်းစစ် ကောမှာ စိတ်မအေးနိုင်သေးပေ။

"ဒီကလေးက... ငါတို့အိမ်ကို ဘေးဒုက္ခတွေ သယ်လာမှာ မဟုတ်ဘူးလား"

ကလေးတွင် အမြီးပါလာခြင်းမှာ ဆေးပညာအရမျိုးရိုးဟောင်းပြန်ပေါ်ခြင်း ဟုခေါ်သောဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ မိစ္ဆာဟူသော အယူအဆမှာ အယူသီးမှုသက်သက်သာ ဖြစ်၏။

ကျန်းစစ်‌ကောက အယူသီးမှုကို ယုံကြည်နေသဖြင့် ဝူကျိရှန်းကလည်း ထိုအယူအဆဖြင့်ပင် ပြန်လည် နားချလိုက်၏။

"အစ်ကိုစစ်၊ ဒီကလေးက ထူးခြားတဲ့ အမှတ်အသားနဲ့ မွေးလာတာ။ ဒါဟာ အနာဂတ်မှာ အောင်မြင်မယ့် နိမိတ်ပဲ။ ဘယ်မှာ ဘေးဒုက္ခဖြစ်မှာလဲ။ သမိုင်းတစ်လျှောက်မှာ ထူးခြားတဲ့ အမှတ်အသားနဲ့ မွေးလာတဲ့သူတွေပဲ အောင်မြင်မှု အကြီးကြီး ရခဲ့ကြတာ"

သမိုင်းထဲမှ ထင်ရှားကျော်ကြားသူများ မွေးဖွားလာချိန်တွင်လည်း ထူးခြားသော နိမိတ်များ ရှိခဲ့ကြသည် မဟုတ်ပါလား။

ကျန်းစစ်ကော၏ သားဖြစ်သူမှာလည်း အမြီးပါလာသဖြင့် ၎င်းမှာ ထူးခြားသော နိမိတ်ဖြစ်ပြီး ကြီးလာလျှင် ချမ်းသာကြွယ်ဝမည့်သူ ဖြစ်လိမ့်မည်ဟု ဝူကျိရှန်းက ပြောလိုက်၏။

ထိုစကားများကို ဝူကျိရှန်းကိုယ်တိုင် မယုံကြည်သော်လည်း သူ၏ ပြောဆိုပုံကြောင့် ကျန်းလင်မယားမှာ အလွန်ဝမ်းသာသွားကြပြီး ကလေးကို အသည်းကျော်လေးအဖြစ် ချက်ချင်းပင် တန်ဖိုးထားလိုက်ကြလေသည်။

သူတို့ ကျန်းစစ်ကော၏ အိမ်မှ ထွက်လာချိန်တွင် ညနှောင်းပိုင်း ရောက်နေပြီ ဖြစ်သည်။

ဇီဝကမ္မအသစ်တစ်ခု မွေးဖွားလာသည်ကို မျက်မြင်တွေ့ခဲ့ရသဖြင့် ချင်းချင်းမှာ အလွန်စိတ်လှုပ်ရှားနေပြီး စကားများ အဆက်မပြတ် ပြောနေ၏။

"လူကြီးတွေ ပြောဖူးတာတော့ ဂျင်ဂျစ်ခန် မွေးတုန်းက တစ်ကိုယ်လုံး ရွှေရောင်အလင်းတွေ ထွက်နေသတဲ့။ ရှာမန်ဆရာက သူဟာ ရွှေချပ်ဝတ်တန်ဆာ ဆင်မြန်းထားပြီး ကမ္ဘာကို အောင်နိုင်မယ့်သူလို့ ဟောခဲ့တယ် ပြောကြတယ်။ ပြီးတော့ ကျွန်မတို့ မင်မင်းဆက်ရဲ့ အရှင်မင်းကြီး မွေးတုန်းကလည်း ချိုင်းအောက်မှာ နဂါးကြေးခွံနီ နှစ်ခု ပါလာတယ်လို့ ဆိုကြတယ်"

ဂျင်ဂျစ်ခန် မွေးစဉ်က ရွှေရောင်အလင်းများ ထွက်သည်ဆိုခြင်းမှာ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်ပေသည်။

ဝူကျိရှန်း၏ ခန့်မှန်းချက်အရ ၎င်းမှာ အသားဝါခြင်း ကြောင့် တစ်ကိုယ်လုံး ဝါနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ကျူးယွမ်ကျန်းတွင် နဂါးကြေးခွံ ပါလာသည်ဆိုခြင်းမှာလည်း မှဲ့တစ်မျိုးမျိုးသာ ဖြစ်ပေမည်။

ထိုလူများသည် ကြီးကျယ်သော အောင်မြင်မှုများ ရရှိခဲ့သဖြင့် လူများက မရှိသော အကြောင်းအရာများကို လုပ်ကြံဖန်တီး ပြောဆိုခဲ့ကြခြင်းသာ ဖြစ်၏။ ထိုစကားများကို ယုံကြည်သူမှာ လူအကြီးသာ ဖြစ်ပေလိမ့်မည်။

"ဒါတွေက ထူးခြားတဲ့ သဘာဝနိမိတ်တွေ မဟုတ်ဘူးလား"

"အဲဒီ အဓိပ္ပာယ်မရှိတာတွေကို မယုံနဲ့။ လူတွေကို လှည့်စားဖို့ ပြောတာတွေပါ"

ဝူကျိရှန်းက ပြုံး၍ ပြောလိုက်၏။

"လောကမှာ ထူးခြားတဲ့ သဘာဝနိမိတ်ဆိုတာ မရှိဘူး"

ထိုသို့ဆိုလျှင် အစ်ကိုစစ်ကို ခုနက ပြောလိုက်သည်မှာ

"အစ်ကိုစစ်ရဲ့ စိတ်ထဲမှာ စိုးရိမ်တာတွေ ပျောက်သွားအောင် ငါ အဲဒီလို ပြောလိုက်တာပါ"

ထိုသို့ဆိုလျှင် ထူးခြားသော နိမိတ်ဆိုသည်မှာ လူကို လှည့်စားသော စကားများသာ ဖြစ်ပေသည်။ ထိုသို့ဆိုလျှင် မရီးစစ်မွေးလိုက်သော ကလေးမှာ တကယ်ပဲ မိစ္ဆာဖြစ်နေသလား။

"ဘယ်က မိစ္ဆာလဲ။ အဲဒီကလေးက တကယ်တော့ သာမန်ကလေးတစ်ယောက်ပါပဲ"

သာမန်ကလေးဆိုလျှင် ဘာကြောင့် အမြီး ပါလာရသတာလဲ။

"မွေးကင်းစကလေးတွေမှာ အမြီးပါလာတာက သိပ်တော့ မတွေ့ရတတ်ဘူး၊ ဒါပေမဲ့ အဲဒီလောက်လည်း မရှားပါဘူး"

ဝူကျိရှန်းက ရယ်မောရင်း ပြောပြလေသည်။

"ဒါဟာ ဇီဝဗေဒ ဆင့်ကဲပြောင်းလဲမှုရဲ့ သက်သေပဲ"

"လူတွေက တိရစ္ဆာန်တွေကနေ ဆင့်ကဲပြောင်းလဲလာတာဆိုတော့ တချို့ကလေးတွေ မွေးလာတဲ့အခါ တိရစ္ဆာန်တွေရဲ့ လက္ခဏာအချို့ ကျန်နေတတ်တယ်။ ဥပမာ တစ်ကိုယ်လုံး အမွေးတွေပေါတာ ဒါမှမဟုတ် တင်ပါးမှာ အမြီးပါလာတာမျိုးပေါ့။ ဒါဟာ ဆင့်ကဲပြောင်းလဲမှု မပြည့်စုံသေးတဲ့ လက္ခဏာပဲ။ ဆေးပညာအရတော့ မျိုးရိုးဟောင်း ပြန်ပေါ်ခြင်းလို့ ခေါ်တယ်"

"ဒါဟာ ပုံမှန်ဖြစ်တဲ့ ဖြစ်စဉ်တစ်ခုပဲ။ ဘေးဒုက္ခပေးမယ့် မိစ္ဆာလည်း မဟုတ်သလို၊ ထူးခြားတဲ့ နိမိတ်လည်း မဟုတ်ဘူး။ ထူးဆန်းစရာ ဘာမှမရှိပါဘူး"

သေချာစဉ်းစားကြည့်လျှင်လည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။

ချင်းချင်းသည် လုံးလုံးလျားလျား မယုံကြည်နိုင်သေးသော်လည်း သူမ၏ တောက်ပသော မျက်ဝန်းများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။

"ဆရာက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ"

ရှေးခေတ်လူများ၏ စာတတ်မြောက်မှုမှာ အလွန်နည်းပါးပြီး ဗဟုသုတ စုဆောင်းမှုမှာလည်း အကန့်အသတ်ရှိလှ၏။

ပညာတတ် ဆိုသူများမှာလည်း ကွန်ဖြူးရှပ်ကျမ်းစာများကိုသာ လေ့လာကြသူများ ဖြစ်ကြသည်။

သဘာဝတရားကို နားလည်မှုပိုင်းတွင်မူ ထိုခေတ်က ပညာတတ်များသည် ၂၁ ရာစုမှ အလယ်တန်းကျောင်းသားတစ်ဦးကိုပင် မမီကြပေ။

ဝူကျိရှန်းမှာမူ ဗဟုသုတများ ပေါများသော ခေတ်တွင် နေထိုင်ခဲ့သူ ဖြစ်ပေသည်။ သူ၏ အသိပညာနှင့် ဗဟုသုတ ရှာဖွေနိုင်မှုမှာ ရှေးခေတ်လူများ နားလည်နိုင်သော အတိုင်းအတာထက် ကျော်လွန်နေ၏။

သဘာဝသိပ္ပံ ဗဟုသုတပိုင်းတွင် ဝူကျိရှန်း၏ ပညာမှာ ထိုခေတ်က လူများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

ချင်းချင်းမှာ ထိုအချက်ကို ကိုယ်တိုင် တွေ့ကြုံနေရသူ ဖြစ်သည်။

ဝူကျိရှန်းနှင့်အတူ နေထိုင်စဉ်အတွင်း သူမ တစ်ခါမှ မကြားဖူးသော အကြောင်းအရာများကို အမြဲ ကြားနေရ၏။

ထိုသို့ ကြုံတွေ့ရလေလေ ဝူကျိရှန်း၏ ဗဟုသုတ ကြွယ်ဝပုံကို သူမ ပို၍ တန်ဖိုးထားမိလေလေ ဖြစ်သည်။

ထိုဗဟုသုတမှာ နယ်ပယ်တစ်ခုတည်းတွင် မဟုတ်ဘဲ နက္ခတ်ဗေဒမှသည် ပထဝီဝင်အထိ အရာရာကို နှံ့စပ်နေခြင်း ဖြစ်၏။

ဝူကျိရှန်း မတော်တဆ ပြောလိုက်သော စကားလုံးအချို့မှာပင် အလွန်နက်ရှိုင်းလှသဖြင့် သူမအတွက် လိုက်မှီရန် ခက်ခဲလှပေသည်။

အထူးသဖြင့် ဝူကျိရှန်းသည် ထိုခက်ခဲသော အကြောင်းအရာများကို ရိုးရှင်းလွယ်ကူသော နည်းလမ်းဖြင့် ရှင်းပြနိုင်သဖြင့် သူမအတွက် နားလည်ရန် အလွန်လွယ်ကူလှ၏။

ဝူကျိရှန်းနှင့်အတူ ရှိနေချိန်တွင် ချင်းချင်းသည် ကမ္ဘာသစ်တစ်ခုနှင့် ထိတွေ့နေရသကဲ့သို့ အမြဲတမ်း ဆန်းသစ်မှုကို ခံစားနေရပေသည်။ထိုခံစားချက်မှာတကယ်ကို အံ့သြစရာ ကောင်းလှပေသည်။ ။

`

All Chapters