← Chapters

အခန်း (၆၃-၆၄)

Vol. 6 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 6 Ch. 63-64

`

အခန်း ၆၃ ကြီးမားလှသော ဧကရာဇ်အာဏာ

နေဝင်ရိုးရီ အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်၏။

နေဝင်ဆည်းဆာ အလင်းရောင်အောက်ရှိခမ်းနားထည်ဝါသောမင်းနေပြည်တော်ကြီးမှာ ရွှေရောင်အဆင်း တောက်ပနေပြီး နတ်ဘုရားတို့၏ မြို့တော်အလား ခန့်ညားထည်ဝါမှုနှင့် ထူးခြားသော တည်ငြိမ်မှုတို့ကို ထုတ်ဖော်ပြသနေလေသည်။

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါ‌စေ။ စစ်သည်တော်များနှင့် ပြည်သူအပေါင်းတို့ကလည်း အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပြီး..."

အိမ်ရှေ့စံမင်းသား၏ ရွတ်ဖတ်သံကို နားထောင်ရင်း ကျူးယွမ်ကျန်းက မျက်မှောင်ကြုတ်လိုက်မိ၏။

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ကျူးယွမ်ကျန်း၏ စိတ်နေစိတ်ထားကို အသိဆုံး ဖြစ်ပေသည်။ ခမည်းတော်သည် ထိုကဲ့သို့ အပိုအလုပ်ဖြစ်သော မြှောက်ပင့်စကားများကို မနှစ်သက်သည်ကို သူသိ၏။

ထို့ကြောင့် သူသည် အနှစ်သာရမရှိသော ရှည်လျားသည့် စာသားများကို ကျော်လိုက်ပြီး အရေးကြီးသော အစိတ်အပိုင်းကိုသာ တိုက်ရိုက်ရွေးချယ် ဖတ်ကြားလိုက်သည်။

"ပလိပ်ရောဂါကို နှိမ်နင်းပြီးပါပြီ။ စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း စနစ်တကျ ပြန်လည် ဆောင်ရွက်နေပါပြီ"

ကျင်းးမင်းသား တင်သွင်းသော လျှောက်လွှာမှာ အလွန်ရှည်လျားလှသော်လည်း အမှန်တကယ် အဓိပ္ပာယ်ရှိသော စကားလုံးမှာထိုနှစ်ကြောင်းသာ ရှိ၏။ ပလိပ်ရောဂါကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပြည်သူများ၏ လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်း ပြန်လည် စတင်နေပြီ ဖြစ်ကြောင်းပင်။

"ပညာရှိများ၊ လယ်သမားများ၊ အတတ်ပညာရှင်များနှင့် ကုန်သည်များအားလုံးသည် အရှင်မင်းကြီး၏ ကရုဏာတော်ကို ခံစားရသဖြင့် အရှင်မင်းကြီးအပေါ် စိတ်နှလုံး အကြွင်းမဲ့ သစ္စာစောင့်သိလျက် ငြိမ်းချမ်းသာယာမှုကို အတူတကွ ခံစားနေကြရပါသည်"

ကျူးယွမ်ကျန်းသည် နောက်ပိုင်းမှ ပါလာသော ချီးမွမ်းမြှောက်ပင့်စကားများကို နားမထောင်ချင်တော့ပေ။

သူသည် လက်ကို အသာပြလိုက်ပြီး အိမ်ရှေ့စံကို ဆက်မဖတ်ရန် အချက်ပြလိုက်၏။

"ပြန့်အာ၊ ကျန်းမင်းသားရဲ့ လျှောက်လွှာအပေါ် မင်း ဘယ်လို ထင်သလဲ"

မင်မင်းဆက်ကို တည်ထောင်ကတည်းက ကျူးပြန်သည် အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရပြီး ကျူးယွမ်ကျန်းက သေချာစွာ ပြုစုပျိုးထောင်ပေးခဲ့သော ဆက်ခံသူ ဖြစ်ပေသည်။

အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်း နိုင်ငံတော်၏ အရေးကြီးသော ကိစ္စရပ်တိုင်းတွင် ကျူးယွမ်ကျန်းသည် သူ့ကို အမြဲတစေ သေချာစွာ သင်ကြားပြသပေးခဲ့၏။

"ဒီကပ်ရောဂါကြီးက ကန်ကျိုးကနေ ယန်တီးအထိ မြောက်ပိုင်းဒေသ အတော်များများကို ကူးစက်ခဲ့တာပါ။ ရောဂါက အရမ်းပြင်းထန်ခဲ့ပေမဲ့ ငါတို့ရဲ့ တတိယညီလေး တစ်ယောက်ပဲ ရောဂါကို အောင်အောင်မြင်မြင် နှိမ်နင်းနိုင်ခဲ့တယ်"

ရှန်းရှီးမှ ချင်မင်းသားနှင့် ပေဖိန်မှ ယန့်မင်းသားတို့နှင့် နှိုင်းယှဉ်လျှင် ကျင်းမင်းသား၏ ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းမှာ အတော်ပင် ကောင်းမွန်လှ၏။လူအသေအပျောက် မများခဲ့သည်မှာ ငြင်းမရသော အချက်ပင်။

ပို၍ချီးကျူးစရာ ကောင်းသည်မှာ ကျင်းမင်းသားသည် ဤကပ်ရောဂါအတွက် ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် ရောဂါတိုက်ဖျက်ရေး မူဝါဒ လေးရပ် ကိုလည်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။

၎င်းတို့မှာ အစိုးရမှ ကပ်ရောဂါ ကာကွယ်ရေး စနစ်တစ်ခု တည်ထောင်ရန်၊ ကျန်းမာရေးဆိုင်ရာ ဌာနများ ဖွဲ့စည်းရန်၊ နိုင်ငံတစ်ဝန်းတွင် အစိုးရ ဆေးဆိုင်များ တည်ထောင်ရန်နှင့် အချို့သော ဆေးဝါးများ၏ အမြင့်ဆုံး ဈေးနှုန်းကို ဥပဒေဖြင့် သတ်မှတ်ရန်တို့ ဖြစ်ပေသည်။

ထိုအကြံပြုချက် လေးရပ်အပြင် လက်တွေ့ကျသော အချက်အလက်များစွာလည်း ပါဝင်နေပြီး ကျင်းမင်းသားက တာဝန်ပေးရန် သင့်တော်မည့် လူအချို့ကိုပင် အကြံပြုထားသေး၏။

"တတိယညီလေး တင်ပြတဲ့ အကြံပြုချက် လေးခုစလုံးက အထောက်အထား ခိုင်လုံပြီး သေချာ စဉ်းစားထားပုံ ရပါတယ်။ ခမည်းတော်အနေနဲ့ သူ့ကို ချီးမြှင့်သင့်ပါတယ်"

"ချီးမြှင့်ရမယ် ဟုတ်လား"

ကျူးယွမ်ကျန်းသည် စားပွဲပေါ်ရှိ လျှောက်လွှာပုံကြီးထဲမှ တခြားလျှောက်လွှာတစ်ခုကို ထုတ်ယူကာ အိမ်ရှေ့စံထံ ကမ်းပေးလိုက်၏။

"ပြန့်အာ၊ ဒါကို တစ်ချက် ကြည့်လိုက်ဦး"

ထိုလျှောက်လွှာမှာ ကျင်းမင်းသား တင်ပြထားသည်နှင့် များစွာ ဆင်တူလှ၏။ ကပ်ရောဂါနှင့် ပတ်သက်သော ကိစ္စရပ်များပင် ဖြစ်သည်။

သို့သော် ထိုလျှောက်လွှာတွင်မူ မြှောက်ပင့်စကား တစ်ခွန်းမှ မပါဘဲ အချက်အလက်များကိုသာ တိကျစွာ ရေးသားထားလေသည်။

"ရီချိုနေ့တွင် ကျင်းမင်းသားသည် ဝူကျိရှန်း ဆိုသူနှင့် တွေ့ဆုံခဲ့ပြီး ဝမ်ကျုံးယွန်းကို ကိုယ်ရံတော် ငါးရာနှင့်အတူ စေလွှတ်ခဲ့သည်"

"ဝမ်ကျုံးယွန်းနှင့် အခြားသူများသည် ဝူ၏ အကြံပြုချက်အတိုင်း အတွင်းအပြင် သီးခြားခွဲထားကာ လမ်းပန်းဆက်သွယ်ရေးကို ပိတ်ဆို့ခဲ့ကြသည်"

"ဝူရှုနေ့တွင် ဝူကျိရှန်း ဆိုသူသည် ထူးဆန်းသော ဆေးတစ်မျိုးဖြင့် ပလိပ်ရောဂါကို ကုသခဲ့ရာ ထိရောက်မှု အလွန် ထူးကဲလှသည်"

"ထိုနေ့တွင်ပင် ကျင်းးမင်းသားသည် ဥယျာဉ်တော်အတွင်း အမဲလိုက် ထွက်ခဲ့သည်"

ထိုလျှောက်လွှာမှာ အလွန် အသေးစိတ်လှ၏။ ကျင်းမင်းသား နေ့စဉ် ဘာလုပ်သည်မှအစ ဝူကျိရှန်းက လူနာ မည်မျှ ကုသပေးခဲ့သည်အထိ ဖော်ပြထားသည်။

စိတ်ဝင်စားစရာ အကောင်းဆုံးမှာ ကျင်းးမင်းသား၏ လျှောက်လွှာတွင် ပါဝင်သော ကပ်ရောဂါ ကာကွယ်ရေး အကြံပြုချက် လေးရပ်မှာ ဤလျှောက်လွှာတွင်လည်း ပါဝင်နေခြင်း ဖြစ်၏။

သို့သော် ၎င်းတို့မှာ ဝူကျိရှန်း၏ လက်ရာများ ဖြစ်နေပြီး ရက်စွဲအရလည်း လေးရက်စောနေပေသည်။

နန်းတော်အတွင်း၌ ရှိနေသော်လည်း မိုင်ပေါင်း ထောင်ချီဝေးသော နေရာမှ သေးငယ်သော ကိစ္စများကိုပင် သိနေခြင်းမှာ အံ့သြစရာ ကောင်းလှသော်လည်း အိမ်ရှေ့စံ ကျူးပြန်မှာမူ အံ့သြခြင်း မရှိပေ။

အကယ်၍ ကျူးယွမ်ကျန်းသာ အလိုရှိပါက ကျန်းမင်းသား ညစာ ဘယ်နှစ်ပွဲ စားသည်ကိုပင် အတိအကျ သိနိုင်ပေသည်။

အကြောင်းမှာ ကျင်းယီဝေ ဟုခေါ်သော လျှို့ဝှက်အဖွဲ့ကြောင့် ဖြစ်၏။

ကျင်းယီဝေသည် ကျူးယွမ်ကျန်း ကိုယ်တိုင် တည်ထောင်ခဲ့သော အဖွဲ့ဖြစ်ပြီး အရာရှိများကို စောင့်ကြည့်ရာတွင် အလွန် ထူးချွန်ကြသူများ ဖြစ်သည်။ ကျန်းမင်းသား၏ ဘေးတွင်လည်း ခမည်းတော် စေလွှတ်ထားသော ကျင်းယီဝေများ ရှိနေမည်မှာ သေချာလှ၏။

"တခြားလူ ပြောတာကို အကုန်မယုံနဲ့။ အဲဒီလိုဆိုရင် တစ်နေ့ မင်း လှည့်စားခံရလိမ့်မယ်"

ကျူးယွမ်ကျန်းသည် စိတ်ရှည်သူ မဟုတ်သော်လည်း အိမ်ရှေ့စံနှင့် ပတ်သက်လျှင်မူ ဆရာအိုကြီး တစ်ဦးကကလေးငယ်ကိုသင်ပြနေသကဲ့သို့ စိတ်ရှည်စွာ သင်ကြားပေးလေ့ရှိသည်။

"ကိုယ့်ဘာသာ ရှာဖွေရရှိတဲ့ သတင်းအချက်အလက်ကသာ အားကိုးလို့ရတဲ့ သတင်းပဲ"

ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ဝူကျိရှန်း ဆိုသူမှာ အမှန်တကယ် အမှုထမ်းခဲ့သူ ဖြစ်သော်လည်း ကျင်းမင်းသားလျှောက်လွှာတွင်ထိုသူ၏အကြောင်းကို လုံးဝ ထည့်မပြောခဲ့ပေ။

၎င်းမှာ ကောင်းမှုကုသိုလ်ကို တစ်ဦးတည်း ယူချင်ရုံသက်သက် ဆိုလျှင် ထားပါဦးတော့။ကျင်းမင်းသားက သူ၏ လူယုံများကို အစိုးရအဖွဲ့ထဲသို့ သွတ်သွင်းရန် ကြိုးပမ်းလာခြင်းက ကျူးယွမ်ကျန်းကို အလွန် အမျက်ထွက်စေခဲ့သည်။

"ကျင်းမင်းသား အဆိုပြုထားတဲ့ ဆေးဝါးရေးရာဌာနက တကယ် လိုအပ်တာပဲ။ ဒါပေမဲ့ ဒီဌာနက မတည်ထောင်ရသေးဘူး၊ ကျင်ူမင်းသားက သူ့လူတွေကို အထဲထည့်ဖို့ ကြိုးစားနေပြီ။ သူ ဘာလုပ်ချင်နေတာလဲ"

ကျူးယွမ်ကျန်း၏ လေသံမှာ လေးလံနေ၏။

"သူက အင်ပါယာရဲ့ အာဏာကို ခွဲဝေယူချင်နေတာလား"

ကျူးယွမ်ကျန်းသည် ငွေကြေးနှင့် အလှအပအပေါ် မက်မောခြင်း မရှိသော်လည်း အာဏာနှင့် ပတ်သက်လျှင်မူ အလွန် ထိခိုက်လွယ်သူ ဖြစ်သည်။

မင်မင်းဆက် စတင်ချိန်မှစ၍ အုပ်ချုပ်ရေးအာဏာမှာ ယခင်ကထက် ပို၍ ဗဟိုချက်ကျလာခဲ့၏။ အာဏာကို မည်သူနှင့်မျှ ခွဲဝေယူရန် စိတ်ကူးမရှိပေ။

အင်ပါယာ အာဏာကို ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရှောင်ရှားရန် ကျူးယွမ်ကျန်းသည် နန်းတွင်းဝန်ကြီး ဟူဝေယုံနှင့် လီရှန်းချန်းတို့ကို ဖယ်ရှားခဲ့ပြီး ဝန်ကြီးချုပ် ရာထူးကိုပင် ဖျက်သိမ်းကာ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် အခြား အာဏာအားလုံးကို သူ၏ လက်ထဲတွင်သာ စုစည်းထားခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်း၏ ကောင်းကျိုးမှာ အာဏာ အပြည့်အဝ ရှိခြင်း ဖြစ်သော်လည်း ဆိုးကျိုးမှာမူ သူသည် အလွန် အလုပ်များလွန်းလှသဖြင့် အရာရာကို မကိုင်တွယ်နိုင်တော့ခြင်း ဖြစ်၏။

လက်ရှိတွင် ကျူးယွမ်ကျန်းသည် မင်မင်းဆက်၏ ဧကရာဇ်ရော ဝန်ကြီးချုပ်ပါ လုပ်နေရသကဲ့သို့ ဖြစ်နေသည်။ နေ့မက ညမပါ အလုပ်လုပ်နေရသော်လည်း အလုပ်များမှာ ကုန်နိုင်ဖွယ် မရှိပေ။

သို့သော်လည်း ကျူးယွမ်ကျန်းက အာဏာကို တခြားသူထံ လွှဲပေးရန် ငြင်းဆန်ဆဲပင်။

"ဒီနှစ်တွေမှာ ငါဟာ ရေခဲပါးပေါ် လမ်းလျှောက်နေရသလိုပဲ။ အရာရာကို ကိုယ်တိုင် လုပ်နေရတယ်။ ညဉ့်နက်မှ အိပ်ပြီး မိုးမလင်းခင် ထနေရတာဟာ ဒီအာဏာကို ငါ့လက်ထဲမှာပဲ မြဲမြဲဆုပ်ကိုင်ထားနိုင်ဖို့ပဲ"

ကျူးယွမ်ကျန်းသည် ဆင်းရဲသား ဘဝမှ လာသူ ဖြစ်သဖြင့် ထိုအရာရှိများ၏ အကြောင်းကို ကောင်းစွာ သိ၏။ ရာထူးတက်ရန်နှင့် ချမ်းသာရန်အတွက် ထိုအရာရှိများက ဘာမဆို လုပ်ကြမည် ဖြစ်သော်လည်းသူသည် ထိုသူများကို အသုံးမပြုဘဲ နေလို့မရနိုင်ပေ။

ထို့ကြောင့် သူသည် ထိုသူများကို အမြဲ စောင့်ကြည့်နေရပြီး ပြင်းထန်သော ဥပဒေများဖြင့် ခြိမ်းခြောက်ထားရ၏။ မသင်္ကာဖွယ် လက္ခဏာ တစ်ခုခု တွေ့သည်နှင့် ချက်ချင်းပင် နှိမ်နင်းလေ့ ရှိသည်။

မင်မင်းဆက်၏ ဧကရာဇ်များသည် အရာရှိများကို မည်သည့်အခါမျှ အပြည့်အဝ မယုံကြည်ကြပေ။ ထိုသူများကို သူတို့၏ အုပ်ချုပ်မှုကို ထိန်းသိမ်းရန် ကိရိယာများအဖြစ်သာ သဘောထားကြသည်။

ယခုအခါ ကျင်းမင်းသားက အရာရှိ ခန့်အပ်မှုတွင် ဝင်ရောက် စွက်ဖက်ရန် ကြိုးစားလာသဖြင့် ကျူးယွမ်ကျန်းမှာ ဒေါသထွက်သွားရ၏။

"ကျင်းးမင်းသားကို သတိပေးချက် တစ်ခု ပေးရမယ်"

ကျင်းးမင်းသားနှင့် ပတ်သက်လျှင် ကျူးယွမ်ကျန်းက ရာထူးအမည်ဖြင့်သာ တိုက်ရိုက် ခေါ်ဆိုလေ့ရှိသော်လည်း အိမ်ရှေ့စံ ကျူးပြန်ကမူ တတိယညီလေးဟု အမြဲ ခေါ်ဆိုလေ့ ရှိသည်။

ထိုခေါ်ဝေါ်ပုံကို ကြည့်ခြင်းဖြင့် အိမ်ရှေ့စံ ကျူးပြန်သည် ကျူးယွမ်ကျန်းထက် ပို၍ လူသားဆန်ပြီး ညီအစ်ကို သံယောဇဉ် ရှိကြောင်း သိနိုင်ပေသည်။

"အမိန့်တော် တစ်ခု ရေးလိုက်စမ်း"

ကျူးယွမ်ကျန်းသည် အမိန့်တော် ထုတ်ပြန်ရန် ပြင်လိုက်သော်လည်း တစ်ခုခုကို မေ့သွားဟန်ဖြင့် အသာအယာ မေးလိုက်၏။

"ပလိပ်ရောဂါကို ကုသနိုင်တဲ့ အဲဒီ သမားတော်နာမည်က ဘယ်သူလဲ"

အိမ်ရှေ့စံ ကျူးပြန်မှာလည်း မမှတ်မိသဖြင့် ကျင်းယီဝေ၏ လျှောက်လွှာကို ပြန်လည် ကြည့်ရှုရ၏။

"သူ့မျိုးရိုးက ဝူ ပါ၊ နာမည်က ကျိရှန်း လို့ ခေါ်ပါတယ်"

ကျူးယွမ်ကျန်းနှင့် ကျူးပြန်တို့အတွက် ဝူကျိရှန်းမှာ အရေးမပါသော လူငယ်လေး တစ်ဦးသာ ဖြစ်ရာ သူ၏ နာမည်ကိုပင် မှတ်မိရန် ခဲယဉ်းလှပေသည်။

"ဝူကျိရှန်းကို ကျင်ရှီး ဘွဲ့ ပေးအပ်လိုက်စမ်း။ ပြီးတော့ သူ့ကို ဖုန်းကော်လန် ဘွဲ့တံဆိပ်ပါ ချီးမြှင့်လိုက်"

`

`အခန်း ၆၄ ရာထူးတိုးခြင်း

တင်းကျပ်သော ထိန်းချုပ်မှုများကြောင့် ပလိပ်ရောဂါ ကူးစက်မှုမှာ သိသိသာသာ လျော့ပါးသွားပြီ ဖြစ်၏။

ဝူကျိရှန်း၏ မူလရည်ရွယ်ချက်အရဆိုလျှင် နွေဦးရာသီ ကုန်ဆုံးသည်အထိ တင်းကျပ်စွာ ဆက်လက် ထိန်းချုပ်ထားသင့်သော်လည်း လက်တွေ့တွင်မူ ထိုသို့လုပ်ရန် မဖြစ်နိုင်တော့ပေ။

မင်မင်းဆက်၏ အခြေခံမှာ စိုက်ပျိုးရေးဖြစ်ရာ စိုက်ပျိုးချိန် နောက်ကျ၍ မရပေ။ ထို့ကြောင့် အကြီးအကျယ် စိုက်ပျိုးနိုင်ရန်အတွက် ထိန်းချုပ်မှုများကို လျှော့ချပေးခဲ့ရသည်။

ကံကောင်းသည်မှာ ကပ်ရောဂါကို ကြုံတွေ့ခဲ့ပြီးနောက် ပြည်သူများမှာ ပလိပ်ရောဂါအကြောင်း အခြေခံဗဟုသုတများ ရှိလာကြပြီး အစိုးရ၏ ကြွက်နှင့် လှေး နှိမ်နင်းရေး လုပ်ငန်းများမှာလည်း ထိရောက်မှု ရှိခဲ့သဖြင့် ဒုတိယအကြိမ် ကူးစက်မှုကြီး မဖြစ်ပွားခဲ့ပေ။

ဝူဆေးခန်းတွင်လည်း လူနာဦးရေ တဖြည်းဖြည်း နည်းပါးလာပြီး ပြည်သူများ၏ ဘဝမှာ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာလေသည်။

အတူရှိချိန် ကြာလာသည်နှင့်အမျှချင်းချင်းနှင့် ဝူကျိရှန်းတို့၏ ဆက်ဆံရေးမှာ ပို၍ ရင်းနှီးလာ၏။

သူမသည် ကျိရှန်း၏ ဘေးတွင် အမြဲရှိနေပြီး လောကကြီး၏ စိတ်ဝင်စားစရာ အကြောင်းအရာများကို ပြောဆိုရသည်ကို နှစ်သက်လေသည်။

"ဆရာ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကမ္ဘာကြီးက ဝိုင်းတယ်လို့ ပြောခဲ့တာ တကယ်လား"

"တကယ်ပေါ့၊ ဒါပေမဲ့ ကမ္ဘာကြီးက စက်ဝိုင်းပုံစံ မဟုတ်ဘူး၊ လုံးဝန်းတဲ့ အလုံးကြီး ပုံစံမျိုးပဲ"

ချင်းချင်းသည် အမြဲတမ်းလိုပင် ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ စူးစမ်းလိုသော ကလေးငယ်တစ်ဦးကဲ့သို့ မေးထောက်လျက် ဝူကျိရှန်း၏ စိတ်ဝင်စားဖွယ် စကားများကို နားထောင်နေတတ်သည်။

"ကမ္ဘာကြီးက ကြည့်လိုက်ရင် ပြန့်ကားနေတာပဲကို၊ ဘယ်လိုလုပ် အလုံးကြီး ဖြစ်မှာလဲ"

"ကမ္ဘာကြီးက အရမ်းကြီးလွန်းလို့ နင်က ပြန့်နေတယ်လို့ ထင်နေတာပါ။ တကယ်တော့ သေချာ သတိထားကြည့်ရင် ကမ္ဘာကြီးက အလုံးကြီးဖြစ်နေတယ်ဆိုတာ တွေ့နိုင်တယ်။ ဥပမာ ပင်လယ်ထဲက ပြန်လာတဲ့ သင်္ဘောတစ်စီးကို ကြည့်ရင် ရွက်တိုင်ထိပ်ကို အရင်မြင်ရပြီး သင်္ဘောက ပိုနီးလာမှ တစ်ကိုယ်လုံးကို မြင်ရတာမျိုးပေါ့"

ချင်းချင်းသည် ကုန်းတွင်းပိုင်းတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ပင်လယ်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ထိုသဘောတရားကိုမူ နားလည်နိုင်ပေသည်။

ရှေးခေတ်လူ အများစုမှာ ကောင်းကင်က ဝိုင်းပြီး မြေကြီးက လေးထောင့်"ဟု ယုံကြည်ကြသော်လည်း အမြော်အမြင်ရှိသူ အချို့မှာမူ ကမ္ဘာကြီးက အလုံးပုံစံ ဖြစ်ကြောင်း သိရှိခဲ့ကြသည်မှာ ကြာပြီ ဖြစ်၏။ဆောင်မင်းဆက်ခေတ် မှတ်တမ်းများတွင် ထိုအချက်ကို ဖော်ပြထားခဲ့ဖူးသည်။

"တကယ်လို့ ကမ္ဘာကြီးက အလုံးကြီးဆိုရင် ဟိုဘက်အခြမ်းမှာ နေတဲ့သူတွေ ပြုတ်ကျမကုန်ဘူးလား"

ထိုမေးခွန်းမှာပို၍ ရှုပ်ထွေးသွား၏။ ၎င်းတွင် ကမ္ဘာ့ဆွဲအား ဆိုသော အချက် ပါဝင်နေသောကြောင့် ဖြစ်သည်။

၂၁ ရာစုမှ မူလတန်းကျောင်းသားလေးများပင် ကမ္ဘာ့ဆွဲအားအကြောင်းကို နားလည်နိုင်သော်လည်းချင်းချင်းအတွက်မူ ၎င်းမှာ အလွန် ခေါင်းစားစရာ ကိစ္စဖြစ်နေ၏။

သူက အကြာကြီး ရှင်းပြသော်လည်း ချင်းချင်းမှာမူ ကမ္ဘာ့ဆွဲအားဆိုသည်မှာ ဘာလဲဆိုတာကို မသဲကွဲသေးပေ။

ကံကောင်းသည်မှာ ချင်းချင်းသည်ရိုးသားသူ ဖြစ်သဖြင့် နားမလည်လျှင်လည်း ဆက်၍ အားမထုတ်တော့ဘဲ ခေါင်းထဲမှ ထုတ်လိုက်လေ့ရှိသည်။

သူမသည် ထိုအမှန်တရားများကို သိရန်ထက် ဝူကျိရှန်းနှင့် အတူရှိနေရသော ခံစားချက်ကိုသာ ပို၍ မြတ်နိုးသူ ဖြစ်ပေသည်။

ဝူကျိရှန်းက ထိုနက်ရှိုင်းသော သဘောတရားများကို ပြောပြသည့်အခါတိုင်း ချင်းချင်းသည် သူမ၏ မျက်ဝန်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ကြည်ညိုလေးစားစွာ ကြည့်နေတတ်သည်။

ထိုစဉ်မှာပင် ခရိုင်ဝန်ရှန်လင်းသည် အဆောတလျင် ရောက်ရှိလာ၏။

"မြန်မြန်... မြန်မြန် လုပ်ကြ"

"အမိန့်တော်ကို လက်ခံဖို့ ပြင်ကြ၊ အမိန့်တော် ရောက်လာတော့မယ်"

အမိန့်တော်ကို လက်ခံရမည်ဟုတ်လား။

ဘာအမိန့်တော်လဲ။

"မင်း ကပ်ရောဂါကို အောင်မြင်အောင် နှိမ်နင်းနိုင်ခဲ့လို့ နန်းတော်က ဆုလာဘ်တွေ ချီးမြှင့်တော့မှာ။ အမိန့်တော် ပြန်တမ်းဖတ်မယ့် တမန်တော် ရောက်တော့မယ်၊ မြန်မြန် ပြင်ဆင်ကြ"

ဝူကျိရှန်း၏ စိတ်ထဲတွင် အမိန့်တော် လက်ခံခြင်းဆိုသည်မှာ ရုပ်ရှင်ထဲကလို အဝလွန်နေသော အထိန်းတော်တစ်ဦးက ရွှေရောင် ပိုးစာလိပ်ကြီးကို ဖြန့်ကာ "ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်း မိန့်ကြားသည်မှာ" ဟု စူးရှသောအသံဖြင့် အော်ပြောမည်၊ ထို့နောက် အောက်မှ လူများက ဦးချ လက်ခံမည်ဟုသာ ထင်ထားခဲ့၏။

သို့သော် လက်တွေ့တွင်မူ ထိုမျှ မရိုးရှင်းပေ။

အမိန့်တော်ဆိုသည်မှာ ကြီးမားလှသော ဧကရာဇ်အာဏာကို ကိုယ်စားပြုသဖြင့် အလွန် ခန့်ညားထည်ဝါပြီး တည်ငြိမ်လှပေသည်။

အမွှေးတိုင် စားပွဲပြင်ဆင်ခြင်းနှင့် ပူဇော်သက္ကာပြုခြင်းတို့မှာ အနည်းဆုံး လိုအပ်ချက်များ ဖြစ်၏။

အကယ်၍ ပို၍ တရားဝင်သော အခမ်းအနားဆိုလျှင် အစာရှောင်ခြင်း၊ ရေချိုးသန့်စင်ခြင်းနှင့် အဝတ်အစား လဲလှယ်ခြင်းတို့ကိုပါ လုပ်ဆောင်ရပေမည်။

ကံကောင်းသည်မှာ ဤအမိန့်တော်မှာ အမြင့်ဆုံးအဆင့် ဧကရာဇ် အမိန့်ပြန်တမ်း မဟုတ်ဘဲ ရုံးလုပ်ငန်းဆိုင်ရာ အမိန့်စာသာ ဖြစ်သဖြင့် အနည်းငယ် ပို၍ ရိုးရှင်းလေသည်။

အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ပြင်ဆင်ပြီးနောက် ပဉ္စမအဆင့်ရှိသော ကျင်းယီဝေတစ်ဦးက စာအုပ်ငယ်တစ်ခုကို ထုတ်လိုက်၏။

အမိန့်တော်တွင် အမျိုးအစားများစွာ ရှိပေသည်။ ရုပ်ရှင်များထဲတွင် မြင်ရသော ရွှေရောင်ပိုးစာလိပ်မှာ အလွန် တရားဝင်သော အခမ်းအနားများတွင်သာ အသုံးပြုလေ့ရှိပြီး ရှားပါးလှ၏။ အသုံးအများဆုံးမှာ ဤကဲ့သို့သော စာအုပ်ငယ်မျိုးသာ ဖြစ်ပေသည်။

တိတိကျကျ ဆိုရလျှင် ၎င်းမှာ ဧကရာဇ် အမိန့်ပြန်တမ်း မဟုတ်ဘဲ တစ်ဆင့်နိမ့်သော ဧကရာဇ် လမ်းညွှန်ချက်သာ ဖြစ်သည်။

ကောင်းကင်ဘုံ၏ အလိုတော်အရ ဆိုသော စကားမျိုးဖြင့် အစမပျိုးဘဲ တိုက်ရိုက်ပင် စတင်လိုက်၏။

"...ငါသည် နတ်ဘုရားတို့၏ အလိုတော်အတိုင်း ပြည်သူတို့ကို အုပ်ချုပ်ရာ၌ အမြဲ ဂရုပြုလျက်ရှိသည်။ မြောက်ပိုင်းနယ်စပ်တွင် ကပ်ရောဂါကြီး ဖြစ်ပွားနေကြောင်း ကြားရသဖြင့် ငါ့စိတ်နှလုံးမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေရ၏"

"ယခုအခါ ဝူမျိုးနွယ် ဝူကျိရှန်းသည် ပြည်သူတို့ကို ကုသပေးကာ ပလိပ်ရောဂါကို နှိမ်နင်းပေးခဲ့သဖြင့် ထူးခြားသော ကောင်းမှုကုသိုလ်ကို ရရှိခဲ့ပေသည်။ ၎င်းမှာ ငါ့၏ မျှော်လင့်ချက်နှင့် အလွန် ထပ်တူကျလှပေသည်"

"တင်ပြလာသော ကပ်ရောဂါ ကာကွယ်ရေးနှင့် ရောဂါနှိမ်နင်းရေး မူဝါဒများမှာ ပြည်သူတို့ကို ငြိမ်းချမ်းစေရန်အတွက် အလွန် ကောင်းမွန်သော နည်းလမ်းများဖြစ်ရာ ငါသည် အပြည့်အဝ လက်ခံလိုက်၏"

"ထူးချွန်သော ပညာရှိတို့ မြေမြှုပ်မခံရစေရန်နှင့် ဆုပေးဒဏ်ပေး စနစ်ကို ပေါ်လွင်စေရန်အတွက် ဝူမျိုးနွယ် ဝူကျိရှန်းကို ကျင်ရှီး ဘွဲ့ အပ်နှင်းကာ ဖုန်းကော်လန် ဘွဲ့တံဆိပ် ချီးမြှင့်လိုက်သည်။ ထို့အပြင် သူ့ကို ရှန်းရှီးပြည်နယ်၊ အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးရေးရာဌာန၏ ထုံကျီးအရာရှိအဖြစ် ခန့်အပ်လိုက်သည်။ ဤသည်မှာ ဧကရာဇ်မင်း၏ အမိန့်တော်ဖြစ်သ"

ဤသည်မှာ ဧကရာဇ်မင်း၏ အမိန့်တော်ဖြစ်သည်"ဟု ကြားသည်နှင့် ဝူကျိရှန်းလည်း အမိန့်တော်ဖတ်ကြားခြင်း ပြီးဆုံးပြီဖြစ်ကြောင်း သိလိုက်၏။ သူသည် ရုပ်ရှင်ထဲကအတိုင်း ဦးချကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ခရိုင်ဝန်ရှန်လင်းမှာ နန်းမြို့တော်မှ ဆင်းလာသူ ဖြစ်သဖြင့် ဤလုပ်ထုံးလုပ်နည်းများကို အလွန် ကျွမ်းကျင်လှ၏။

သူသည် ငွေစထုတ်လေးကို အမြန်ထုတ်ကာ ပြုံးရွှင်သော မျက်နှာဖြင့် အမိန့်တော်ဖတ်သည့် အရာရှိထံ ကမ်းပေးလိုက်၏။ ရာထူးတိုးခြင်းကဲ့သို့သော မင်္ဂလာရှိသည့် ကိစ္စရပ်များတွင် အမိန့်တော်ဖတ်ကြားသူကို ဆုကြေးငွေ ပေးရသည်မှာ ထိုခေတ်က အရာရှိလောက၏ ထုံးစံတစ်ခု ဖြစ်ပေသည်။

လူအများက အမိန့်တော်ဖတ်ကြားခြင်းကို အထိန်းတော်များသာ လုပ်သည်ဟု ထင်ကြသော်လည်း မင်မင်းဆက်တွင် ကျင်းယီဝေများက ဖတ်ကြားခြင်းမှာလည်း ပုံမှန်ပင် ဖြစ်၏။

ကျင်းယီဝေ ဟုတ်လား။ ဒီသန်မာထွားကြိုင်းတဲ့ စစ်သူကြီးက ကျင်းယီဝေ တစ်ယောက်လား။

ဝူကျိရှန်း၏ အမြင်တွင် ကျင်းယီဝေ ဆိုသည်မှာ ငါးပျံဝတ်စုံကို ဝတ်ကာ လှပသော ဓားများကို လွယ်ထားရမည်ဟု ထင်ခဲ့သော်လည်း ယခု တွေ့ရသူမှာ သာမန် စစ်သူကြီးဝတ်စုံကိုသာ ဝတ်ထားသဖြင့် ရုပ်ရှင်ထဲကနှင့် လုံးဝ ကွဲပြားနေလေသည်။

အမှန်စင်စစ် ထိုငါးပျံဝတ်စုံမှာ အရေးကြီးသော အခမ်းအနားများတွင်သာ ဝတ်ဆင်ရသော ဝတ်စုံဖြစ်ပေသည်။

အမိန့်တော်ဖတ်ကြားသူကို ယဉ်ကျေးစွာ လိုက်ပို့ပြီးနောက် ဝူကျိရှန်းမှာ ဝေခွဲမရ ဖြစ်နေဆဲပင်။

သူသည် ကပ်ရောဂါကို နှိမ်နင်းခဲ့သဖြင့် နန်းတော်က ရာထူးတိုးပေးလိုက်သည်မှာ ဟုတ်ပါပြီ။ သို့သော် သူ့ကို ပေးလိုက်သော ရာထူးမှာ မည်သည့် ရာထူးမျိုးဆိုတာသူမသိ‌ချေ။

ခရိုင်ဝန်ရှန်လင်ကရှင်းပြလိုက်မှသူ၏ ရာထူးကို ဝူကျိရှန်း သဘောပေါက်သွား၏။ ဆေးဝါးရေးရာဌာန ဆိုသည်မှာ နန်းတော်က အသစ်တည်ထောင်လိုက်သော ဌာနဖြစ်ပြီး အခွန်ဝန်ကြီးဌာန လက်အောက်တွင် ရှိသည်။

သူရရှိသော ရှန်းရှီး ထုံကျီး ဆိုသည်မှာ ရှန်းရှီးပြည်နယ် ဆေးဝါးဌာန၏ ဒုတိယညွှန်ကြားရေးမှူးနှင့် ညီမျှပြီး ဆဋ္ဌမအဆင့် အရာရှိ ရာထူးဖြစ်၏။ ၎င်းမှာ ခရိုင်ဝန်ရှန်လင်းထက် တစ်ဆင့်ခွဲ ပိုမြင့်လေသည်။

ဖုန်းကော်လန် ဆိုသော ဘွဲ့မှာမူ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်သက်သက်သာ ဖြစ်ပေသည်။

မင်မင်းဆက်၏ ဘွဲ့ထူးစနစ်မှာ အဆင့်ကိုးဆင့် ရှိ၏။ မင်းသား၊ နယ်စား၊ မြို့စား၊ သူကောင်း၊ ဗိုလ်၊ မှူး၊ မတ်၊ ကာကွယ်ရေးနှင့် လန်တို့ ဖြစ်ပေသည်။

မင်မင်းဆက်တွင် မင်းသားဘွဲ့ကို မင်းမျိုးမင်းနွယ် မဟုတ်သူများအား မပေးရန် စည်းကမ်းရှိ၏။

စစ်သေနာပတိကြီးများ ဖြစ်သော ရှူတာနှင့် ချန်ယွီချွန်းတို့ပင်လျှင် ကွယ်လွန်ပြီးမှသာ မင်းသားဘွဲ့ ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။ အသက်ရှိစဉ်အတွင်း အမှုထမ်းခဲ့သူများမှာမူ ထိုဘွဲ့ကို မရနိုင်ပေ။

သို့သော် ကျင်ရှီး ဘွဲ့ ပေးအပ်ခြင်းမှာမူ အလွန် ထူးခြားလှ၏။ ၎င်းမှာ ဆေးဝါးဌာန ဒုတိယညွှန်ကြားရေးမှူး ရာထူးထက်ပင် ပို၍ အရေးကြီးပေသည်။

ပုံမှန်အားဖြင့် ကျင်ရှီး ဘွဲ့ မရှိသူများသည် ရာထူးကြီးကြီး တက်ရန် ခက်ခဲလှသော်လည်း ထိုဘွဲ့ကို ရရှိထားပါက ရှေ့ဆက်တက်လှမ်းရန် များစွာ လွယ်ကူသွားပြီ ဖြစ်သည်။

"ဆရာ... အို မဟုတ်ပါဘူး၊ အရှင်..."

ချင်းချင်းက ဝူကျိရှန်းကို ခပ်နောက်နောက်လေး ဦးချကာ ပြောလိုက်သည်။

"အခုကစပြီး ဆရာက အရာရှိကြီး ဖြစ်သွားပြီပေါ့။ ချင်းချင်းက ဆရာ့ရဲ့ ရာထူးတက်ခြင်းအတွက် ဂုဏ်ပြုပါတယ်"

"ဘာအရာရှိလဲ"

ဝူကျိရှန်းက ရယ်မောရင်း ပြောလိုက်၏။

"ငါ့ကို အရှင်လို့ မခေါ်ပါနဲ့၊ ကြားရတာ တစ်မျိုးကြီးပဲ။ အရင်လိုပဲ ဆရာလို့ပဲ ခေါ်ပါ"

"ဆဋ္ဌမအဆင့် အရာရှိတစ်ယောက်မှာ အရာရှိတစ်ယောက်ရဲ့ အင်္ဂါရပ် ရှိရမှာပေါ့"

ခရိုင်ဝန်ရှန်လင်သည် အရာရှိလောက၏ စည်းကမ်းအတိုင်း ဝူကျိရှန်းကို အရိုအသေ ပေးလိုက်၏။

"ကျွန်တော်မျိုး ခရိုင်ဝန်ဝန်ရှန်လင်က အရာရှိမင်း ဝူကို အရိုအသေ ပြုပါတယ်"

All Chapters