← Chapters

အခန်း (၆၅-၆၆)

Vol. 6 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 6 Ch. 65-66

အခန်း ၆၅ ဖူးစာမဆုံခြင်း

ကပ်ရောဂါ ပြီးဆုံးသွားသည့်နောက်တွင် ချင်းချင်းသည်သခင်မလေးရွန့်၏ အနီးသို့ ပြန်လည်ရောက်ရှိသွား၏။

ယခင်က သူမ ကျင့်သားရခဲ့သော အစေခံဘဝမှာ ယခုအခါချင်းချင်းအတွက် အလွန်နေရခက်စရာ ဖြစ်လာပြီး နေရာတိုင်းတွင် အဆင်မပြေမှုကို ခံစားနေရလေသည်။

ဝူဆေးခန်းတွင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဝူကျိရှန်းရော လူနာများပါ သူမကို အလွန်လေးစားကြသဖြင့် သူမသည် ဘဝ၏တန်ဖိုး ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရဖူးသည်။

သို့သော် ယခု ပြန်ရောက်လာသည့် ဘဝမှာမူ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှ၏။

နေ့စဉ်နေ့တိုင်း သခင်နှင့် သခင်မကို အရိုအသေပေးရပြီး သခင်မလေးရွန့်ကို ပြုစုရသည်မှာ တခြားသူများအတွက် အသက်ရှင်နေရသကဲ့သို့ပင်။

ယခင်က သူမ၏ ဘဝမှာထိုသို့ပင် ဖြစ်ခဲ့ပြီး ချင်းချင်းသည်လည်း ၎င်းမှာ ပုံမှန်သာဖြစ်သည်ဟု အမြဲတွေးခဲ့သော်လည်း ယခုမူ

ရှန်အိမ်တော်သို့ ပြန်ရောက်သည်နှင့် ချင်းချင်းသည် ဝူကျိရှန်းနှင့်အတူ ကုန်ဆုံးခဲ့သော ပျော်ရွှင်စရာအချိန်များကို စတင်လွမ်းနေမိပြီ ဖြစ်သည်။

ဝူကျိရှန်းနှင့် ရှိစဉ်ချင်းချင်းသည် စားပွဲတွင် အတူထိုင်၍ စားသောက်နိုင်၏။ ၎င်းမှာ မျက်နှာသာပေးခြင်း မဟုတ်ဘဲ တန်းတူညီမျှမှု ဖြစ်ပေသည်။

ဝူကျိရှန်းသည် ချင်းချင်းကို ဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများစွာ ပြောပြခဲ့ပြီး သူမ တစ်ခါမှ မသိဖူးသေးသော သဘောတရားများကိုလည်း နားလည်အောင် သင်ပြပေးခဲ့သည်။

ယခုမူ ချင်းချင်းသည် သူမကိုယ်သူမ လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ ပို၍ ခံစားလာရ၏။

သခင်မလေးရွန့်လျှင် လှောင်အိမ်ထဲမှ ငှက်တစ်ကောင်သာ ဖြစ်သည်။ ခွဲခြားပြရလျှင် သခင်မလေးရွန့် လှောင်အိမ်ထဲမှ သာယာစွာတွန်ကျူးသော ငှက်ကလေးဖြစ်ပြီး သူမကိုယ်တိုင်မှာမူ အောက်တန်းစား စာကလေးတစ်ကောင်ထက် မပိုပေ။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး ဖိနှိပ်ချုပ်ချယ်လွန်းသော ဘဝက သူမကို ရူးသွပ်လုနီးပါး ဖြစ်စေ၏။ လွတ်လပ်မှုဆိုသည်မှာ ဘာလဲဟု တစ်ခါမျှ မသိခဲ့ဖူးသောချင်းချင်းသည် ယခုအခါ လွတ်လပ်သော ဘဝကို တောင့်တနေမိသည်။

သို့သော် သူမသည် အစေခံတစ်ဦးသာ ဖြစ်သဖြင့် မိမိ၏ ကံကြမ္မာကို မိမိကိုယ်တိုင် မစီမံနိုင်ရှာပေ။

အပြင်ဘက်ရှိ ကျယ်ပြောသော ကမ္ဘာကြီးကို သိရှိခဲ့ပြီးမှ လှောင်အိမ်ထဲတွင် ပြန်လည်ပိတ်လှောင်ခံရသည့် ထိုနာကျင်မှုကို ပြင်ပလူများ နားလည်နိုင်မည် မဟုတ်ပေ။

ယခင်ကချင်းချင်းမှာ အပြစ်ကင်းစင်ပြီး ပျော်ရွှင်စွာ စားနိုင်သောက်နိုင် အိပ်နိုင်ခဲ့သော်လည်း ယခုမူ သူမသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပြီး ညအခါတွင် အိပ်မပျော်ဘဲ လူးလိမ့်နေတတ်သည်။

ချင်းချင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သော တစ်ခုတည်းသော အရာမှာ သခင်မလေးရွန့်၏ အိမ်ထောင်ရေးပင် ဖြစ်၏။

သခင်မလေးရွန့်နှင့် ဝူကျိရှန်းတို့ လက်ထပ်မှသာလျှင် သူမသည် ဝူကျိရှန်း၏ အနီးသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်းချင်းချင်းကောင်းစွာ သိထားသည်။

ထို့ကြောင့် သူမသည် သခင်မလေးရွန့်၏ အိမ်ထောင်ရေးကို ကာယကံရှင်ကိုယ်တိုင်ထက်ပင် ပို၍ စိတ်ဝင်တစား ရှိနေလေသည်။

ဝူကျိရှန်းသည် နန်းတော်မှ ဆေးဝါးရေးရာဌာန၏ ဒုတိယညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရပြီးနောက် သခင်မလေးရွန့်နှင့် သူ၏ အိမ်ထောင်ရေးမှာ ပို၍ လျင်မြန်လာခဲ့၏။

သို့သော် ပြဿနာတစ်ခု ကြုံလာရသည်မှာ သူတို့နှစ်ဦး၏ ဇာတာမှာ မတည့်ခြင်းပင် ဖြစ်သည်။

ထိုခေတ်၏ ဓလေ့ထုံးစံအရ စေ့စပ်ကြောင်းလမ်းခြင်း မပြုမီ ယောက်ျားလေးနှင့် မိန်းကလေးတို့၏ မွေးသက္ကရာဇ် ဇာတာများကို တိုက်ဆိုင်စစ်ဆေးရလေ့ရှိသည်။

ခရိုင်ဝန်ရှန်သည် လူအချို့ကို စေလွှတ်၍ အကြိမ်ကြိမ် တွက်ချက်ခိုင်းသော်လည်း ဗေဒင်ဆရာ အားလုံးနီးပါးက ဝူကျိရှန်းနှင့် သခင်မလေးရွန့်တို့၏ ဇာတာမှာ တိုက်နေသဖြင့် လုံးဝ လက်မထပ်သင့်ကြောင်း တစ်ညီတစ်ညွတ်တည်း ပြောကြလေသည်။

သခင်မလေးရွန့်နှင့် ဝူကျိရှန်းတို့မှာ အလွန် ချစ်ခင်ကြသော်လည်း ဇာတာတိုက်သည့် ပြဿနာ ပေါ်လာ၏။

၎င်းမှာ ပြဿနာကြီးမဟုတ်ဟု ဆိုနိုင်သော်လည်း ရှေးခေတ်လူများသည် အယူသီးကြသဖြင့် ဇာတာမတည့်ခြင်းကို အလွန် အစွဲအလမ်းကြီးကြသည်။

ထိုအကြောင်းကြောင့် သခင်မလေးရွန့်၏ အိမ်ထောင်ရေး ပျက်ပြားသွားမည်ကို စိုးရိမ်သဖြင့်ချင်းချင်းက ရှေ့ထွက်၍ ပြောလိုက်၏။

"ကျွန်မ သိတဲ့ ဗေဒင်ဆရာတစ်ယောက် ရှိပါတယ်။ သူက မျက်နှာကြည့်ပြီး ဟောတာပဲဖြစ်ဖြစ်၊ လက္ခဏာကြည့်တာပဲဖြစ်ဖြစ် အရမ်းမှန်တာ။ အထူးသဖြင့် ဇာတာတွက်တဲ့နေရာမှာ သူက အကျွမ်းကျင်ဆုံးပဲ။ သခင်မလေးနှင့် ဆရာဝူတို့ရဲ့ ဇာတာကို သူ့ဆီမှာ တစ်ခါလောက် သွားတွက်ကြည့်ရင် မကောင်းဘူးလား"

ရှန်မိသားစုမှာလည်း ထိုအိမ်ထောင်ရေးကို သဘောတူထားပြီးသားဖြစ်ကာ ဇာတာတည့်သည် ဟူသော ရလဒ်ကောင်းကိုသာ အလိုရှိနေကြသဖြင့်ချင်းချင်းက ပြောသည့်အခါ ထိုကိစ္စကို သူမကိုသာ လွှဲအပ်လိုက်ကြလေသည်။

ချင်းချင်းပြောသော ဗေဒင်ဆရာမှာ ကျိုးပန်းရှန်းပင် ဖြစ်သည်။

ချင်းချင်းနှင့် ကျိုးပန်းရှန်းတို့မှာ လူသိများ ဖြစ်ကြ၏။ ချင်းချင်းသည် ကျိုးပန်းရှန်း၏ ဗေဒင်ဟောသည့် နေရာသို့ ရောက်သွားသည့်အခါ ကျိုးပန်းရှန်းက ချက်ချင်းပင် ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

"အစေခံမလေး ချင်းချင်း၊ ဘယ်လို လေညင်းက တိုက်ခတ်လာလို့ ဒီကို ရောက်လာတာလဲ"

"ကျိုးပန်းရှန်း၊ ငါ့မှာ လူနှစ်ယောက်ရဲ့ ဇာတာ ပါလာတယ်။ ဒါကို သေချာလေး တွက်ပေးစမ်းပါ၊ သူတို့နှစ်ယောက် လက်ထပ်ဖို့ သင့်တော်လားဆိုတာ ကြည့်ပေးဦး"

"ချင်းချင်း၊ နင်က ဒီလိုအရာတွေကို မယုံဘူး မဟုတ်လား"

"ငါကတော့ နင့်ရဲ့ လိမ်ညာတဲ့ စကားတွေကို မယုံဘူးပေါ့၊ ဒါပေမဲ့ ငါ့သခင်နဲ့ သခင်မက ယုံကြတယ်လေ"

ဝူကျိရှန်းသည် ဝူကျိရှန်းနှင့် သခင်မလေးရွန့်တို့၏ ဇာတာများကို ကျိုးပန်းရှန်းထံ ကမ်းပေးလိုက်၏။

"သေချာ တွက်ပေးနော်"

"ဪ... ဆရာဝူရဲ့ အိမ်ထောင်ရေးကိုး။ ငါ သေချာ တွက်ပေးရမှာပေါ့"

ကျိုးပန်းရှန်းသည် လက်ချောင်းများကို ချိုး၍ တွက်ချက်ရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရွတ်ဆိုနေလေသည်။

"ကျားစိ၊ ရီချို... ဆရာဝူက မြင်းနှစ်မှာ မွေးတာပဲ။ ဒါဟာ အရာခပ်သိမ်းကို လင်းထိန်စေတဲ့ နေမင်းမီးတောက် ဇာတာပဲ"

"ရွန့်မိန်းကလေးက မျောက်နှစ်မှာ မွေးတာဆိုတော့ ဒါဟာ စိမ်းလန်းစိုပြည်မှုကို ပေးစွမ်းတဲ့ ပင်လယ်ရွှေ ဇာတာပဲ"

နေမင်းမီးတောက်နှင့် ပင်လယ်ရွှေမှာ အလွန်ကောင်းမွန်သော ဇာတာများ ဖြစ်ကြသည်။

အတော်ကြာ တွက်ချက်ပြီးနောက် ကျိုးပန်းရှန်းသည် သူ၏ပေါင်ကို ရုတ်တရက် ရိုက်လိုက်ပြီး ပြောလိုက်၏။

"မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး။ တောင်ဘက်မီးက အနောက်ဘက်သတ္တုကို ချုပ်ကိုင်တယ်။ ဆရာဝူနဲ့ ရွန့်မိန်းကလေးရဲ့ ဇာတာက တိုက်နေတယ်။ သူတို့ လက်ထပ်ရင် သွေးထွက်သံယို ဘေးဒုက္ခတွေ ကြုံရလိမ့်မယ်။ လုံးဝ လက်မထပ်သင့်ဘူး"

"နင် မှားတွက်နေတာ မဟုတ်လား"

"ငါ တခြားဟာတွေ မှားချင်မှားမယ်၊ ဒီလို ကိစ္စမျိုးတော့ လုံးဝ မမှားစေရဘူး"

ခရိုင်ဝန်ရှန်သည် တခြားဗေဒင်ဆရာများကို မေးမြန်းစဉ်ကလည်းထိုအတိုင်းပင် ကြားခဲ့ရခြင်း ဖြစ်သည်။

"ဒီတစ်ခါ တွက်တာ မရေတွက်ဘူး။ ဆရာဝူနဲ့သခင်မ‌လေးရဲ့ ဇာတာကို ငါ့အတွက် နောက်တစ်ခါ ပြန်တွက်ပေး။ ဒီတစ်ခါတော့ မမှားစေနဲ့နော်"

"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆို နောက်တစ်ခါ ပြန်တွက်ပေးမယ်"

နောက်တစ်ကြိမ် တွက်ချက်ပြီးသည့်တိုင် ကျိုးပန်းရှန်းမှာ ခေါင်းခါနေဆဲပင်။

"

တကယ် မဖြစ်ဘူး။ သူတို့နှစ်ယောက် လုံးဝ လက်မထပ်နိုင်ဘူး"

"ဘာဖြစ်လို့လဲ"

"မြင်းဖြူနဲ့ ရွှေမျောက်က ဖူးစာမပါဘူး။ အသက်ကြီးတဲ့အထိ အတူမနေရဘူး။ အတင်းအဓမ္မ လက်ထပ်ရင် ဘေးဒုက္ခတွေ ကြုံရပြီး အနည်းဆုံး တစ်ယောက်ကတော့ အသေဆိုးနဲ့ သေရလိမ့်မယ်"

"နင်... ကျိုးပန်းရှန်း၊ နင်ကတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေပြီ။ ဘာဘေးဒုက္ခလဲ၊ ဘာအသေဆိုးလဲ။ ကောင်းတဲ့ စကားလေး ဘာလေး မပြောတတ်ဘူးလား"

ကျိုးပန်းရှန်းက ခါးသီးစွာ ပြုံးလိုက်ပြီး အားကိုးရာမဲ့စွာ ပြောရှာသည်။

"ဒါက ကံကြမ္မာက သတ်မှတ်ထားတာလေ။ ငါက ဘယ်လိုလုပ် လျှောက်ပြောရဲမှာလဲ။ သူတို့နှစ်ယောက် တကယ် လက်မထပ်သင့်ဘူး"

ချင်းချင်းသည် ကျိုးပန်းရှန်းက ငွေမက်သူဖြစ်ကြောင်း သိသဖြင့် ကြေးပြားအချို့ကို ထုတ်ယူကာ ကျိုးပန်းရှန်း၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

"နင် ဘယ်လိုတွက်တွက် ငါ ဂရုမစိုက်ဘူး။ ငါ လိုချင်တာက ရလဒ်ကောင်းပဲ"

ကျိုးပန်းရှန်းသည် စကားဖြင့် အသက်မွေးသူ ဖြစ်သဖြင့် ငွေပေးလျှင် ဘာမဆို ပြောရဲသူ ဖြစ်၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ ကျိုးပန်းရှန်းသည် ဖြောင့်မတ်တည်ကြည်သောပုံစံဖမ်းကာ ချင်းချင်းကို အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ချင်းချင်း၊ တခြားလူတွေအတွက် တွက်ပေးတာဆိုရင် ငွေပေးရင် နင်လိုချင်တဲ့ ရလဒ်အတိုင်း ငါ ပြောပေးနိုင်တယ်။ ဒါပေမဲ့ ဆရာဝူက ငါ့အသက်သခင် ကျေးဇူးရှင်လေ။ ငါ့သိက္ခာကို စတေးပြီး အဓိပ္ပာယ်မရှိတာတွေ မပြောနိုင်ဘူး။ သူ့ရဲ့ အိမ်ထောင်ရေးက... တကယ်ကို မဖြစ်နိုင်တာ"

ထိုစကားကြောင့် ချင်းချင်းမှာ ချက်ချင်းပင် ဒေါသထွက်သွားရ၏။

"နင်... ကျိုးပန်းရှန်း၊ နင် ကောင်းကောင်းမွန်မွန် မပြောဘူးဆိုရင် နင့်ရဲ့ ဗေဒင်ဆိုင်ကို ငါ အခုချက်ချင်း မှောက်လှန်ပစ်မယ်၊ ယုံလား"

"ငါ... ကောင်းပြီ၊ ချင်းချင်း၊ နင် ဘယ်လို ရလဒ်မျိုး လိုချင်တာလဲ"

"နင် ကောင်းတဲ့ မှတ်ချက်လေးပဲ ရေးပေးလိုက်။ ဆရာဝူနဲ့ သခင်မလေးတို့ရဲ့ အိမ်ထောင်ရေးက နတ်ဖက်တဲ့ ဖူးစာပဲ၊ လက်ထပ်ဖို့ အသင့်တော်ဆုံးပဲလို့ ရေးပေးရင် ရပြီ"

အလွန် အားကိုးရာမဲ့သွားသဖြင့် ကျိုးပန်းရှန်းသည် မှတ်ချက်တစ်ခုကို ရေးပေးလိုက်ရ၏။

"မြင်းဖြူနဲ့ ရွှေမျောက်ဟာ အသက်ထက်ဆုံး အတူနေရမယ့် ဖူးစာရှင်များ ဖြစ်ကြသည်" ဟူ၍ပင်။

ထိုမှတ်ချက်ကို မြင်သော် ချင်းချင်းမှာ ချက်ချင်းပင် ပြုံးပျော်သွား၏။

"ဒါမှ ပေါ့။ အစကတည်းက ဒီလိုလုပ်ရင် ငါ့ကို ဒေါသထွက်အောင် လုပ်စရာ မလိုတော့ဘူးပေါ့"

ယခင်က တခြားလူများအတွက် ဇာတာတွက်ပေးလျှင် ကျိုးပန်းရှန်းသည် လိမ်ညာပြောဆိုလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် ကောင်းကင်ဘုံကို ပြစ်မှားမိသကဲ့သို့ ထိတ်လန့်မှုကို ခံစားနေရ၏။

"ချင်းချင်း၊ဒီမှတ်ချက်က နင် အတင်းခိုင်းလို့ ရေးပေးလိုက်တာနော်။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် ငါနဲ့ မဆိုင်ဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် နင်နဲ့ မဆိုင်ပါဘူး"

ချင်းချင်းသည် မှတ်ချက်ပါသော စာရွက်လေးကို ကိုင်ကာ ပျော်ရွှင်သော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ထွက်ခွာသွားလေသည်။

ချင်းချင်း၏ နောက်ကျောကို ကြည့်ရင်း ကျိုးပန်းရှန်းသည် ကြေးပြားအချို့ကို သူ၏ အင်္ကျီအိတ်ထဲသို့ ထည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

"သူတို့ရဲ့ ကံကြမ္မာက တကယ်ပဲ မတည့်တာပါ။ ငါ တွက်တာ မှားပါစေလို့ပဲ ငါ ဆုတောင်းပါတယ်"

အခန်း ၆၆ ငါ မင်းကို ချစ်တယ်

မြင်းဖြူနှင့် ရွှေမျောက် ဆုံစည်းရာ ဝါသနာတူ အိမ်ထောင်ဖက်များအဖြစ် အိုအောင်မင်းအောင် ပေါင်းသင်းရမည် ဟူသော ကံကြမ္မာဟောကိန်းနှင့်အတူ လက်ထပ်ပွဲမှာ အတည်ဖြစ်သွားခဲ့ပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများမှာလည်း အရှိန်အဟုန်ဖြင့်စတင်လုပ်ဆောင်လေသည်။

ထိုခေတ်ကာလ၏ ဓလေ့ထုံးတမ်းအရ ဝူကျိရှန်းသည် သခင်မလေးရွန့်အား စေ့စပ်ကြောင်းလမ်းခြင်း အခမ်းအနား အောင်မြင်စေရန်အတွက် လည်ပင်းတွင် အစွန်းနှစ်ဖက်မရှိ​အောင်ချည်နှောင်ထားသည့် ငှက်တစ်ကောင်ကို လက်ဆောင်ပေးရ၏။

အရေးအကြီးဆုံးအဆင့်မှာကျန့်နာနာဟု ခေါ်သော တောင်းရမ်းခြင်း အခမ်းအနားဖြစ်ပြီးသတို့သမီးအတွက် တောင်းရမ်းသည့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခြင်းပင် ဖြစ်သည်။

ထိုအခမ်းအနားတွင် မည်မျှပင် ဆင်းရဲသော မိသားစုဖြစ်ပါစေ တောင်းရမ်းသည့် လက်ဆောင်ပစ္စည်း ၂၄ တောင်းကို စုဆောင်းရမည် ဖြစ်သည်။

အကယ်၍ မိသားစုမှာ ဆင်းရဲလွန်းလှသဖြင့် မတတ်နိုင်ပါကလည်း သေတ္တာများ ပြည့်နေဟန်ပေါ်စေရန် အနီရောင် ပိတ်စအနည်းငယ်ကို အသုံးပြု၍ ဟန်ဆောင်ရလေသည်။

သခင်မလေးရွန့်မှာ အရာရှိတစ်ဦး၏ သမီးဖြစ်သဖြင့် သာမန်အရပ်သားများ၏ သမီးကဲ့သို့ တောင်းများအတွင်း၌ ကြုံရာပစ္စည်းများ ထည့်၍မရပေ။ ပိုးထည်များ၊ ရာသီပေါ် ဝတ်စုံများ၊ နှုတ်ခမ်းနီနှင့် မျက်နှာချေမှုန့် စသည့်အရည်အသွေးမြင့်မားသော အရာများကိုသာသုံးရပေမည်။

ထိုတောင်းရမ်းသည့် လက်ဆောင် ၂၄ တောင်းကို စုဆောင်းရန်အတွက်ပင် ဝူကျိရှန်းမှာ သူ စုဆောင်းထားသမျှ ငွေကြေးအားလုံးကို သုံးစွဲခဲ့ရသဖြင့် လက်ထဲတွင်စုဆောင်းငွေတစ်တုံးမျှပင်မကျန်တော့ချေ။

သို့သော် ထိုလက်ဆောင် ၂၄ တောင်းမှာ အစပြုရုံသာ ရှိသေးပြီး နောက်ထပ်ကုန်ကျစရိတ်များလာရန် ကျန်ရှိနေသေးသည်။

သခင်မလေးရွန့်ကဲ့သို့ ထင်ရှားသော မိသားစုမှ အမျိုးသမီးငယ်တစ်ဦးအတွက် တောင်းရမ်းသည့် လက်ဆောင်မျှနှင့် မလုံလောက်ပေ။

နောက်ထပ်မင်္ဂလာတင်တောင်းခြင်း၊ အခမ်းအနား လက်ဆောင်များနှင့် အခြားသော ပေးကမ်းမှုများမှာ မရှိမဖြစ် လိုအပ်၏။ သို့မှသာ မင်္ဂလာပွဲမှာ ခန့်ညားထည်ဝါပြီး သိက္ခာရှိမည် ဖြစ်သည်။ အလွန်အမင်း နိမ့်ပါးနေပါက လှောင်ပြောင်ခြင်း ခံရမည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ဝူကျိရှန်းမှာ အခက်တွေ့နေရ၏။

ဆေးခန်းဖွင့်ခြင်းမှာ ငွေအနည်းငယ် ရ သော်လည်းထိုငွေအားလုံးကို တောင်းရမ်းသည့် လက်ဆောင်များအတွက် သုံးစွဲခဲ့ပြီး ဖြစ်သည်။

ခန့်ညားထည်ဝါသော မင်္ဂလာပွဲ ကျင်းပခြင်းအပြင် မင်္ဂလာလက်ဆောင်နှင့် အခြားသော အရာများမှာလည်း များစွာသော ကုန်ကျစရိတ်များ ရှိနေသည်။

ဝူကျိရှန်းမှာ ငွေကြေးအတွက် စိတ်ပူနေစဉ်မှာပင် ချင်းချင်းသည် ဝူဆေးခန်းထဲသို့ ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်ဝင်လာလေသည်။

ဝူကျိရှန်းကို မြင်သောအခါ ချင်းချင်းမှာအပိုစကားများ ပြောမနေတော့ဘဲ ဝူကျိရှန်း၏ ရှေ့သို့ တချွင်ချွင် အသံမြည်နေသော အထုပ်တစ်ထုပ်ကို ချပေးလိုက်၏။

"ဒါက ဘာလဲ"

ချင်းချင်းက တခိခိ ရယ်မောရင်း ပြောလိုက်၏။

"ဆရာဝူ ဘာလို့ ကိုယ့်ဘာသာကိုယ် ဖွင့်မကြည့်တာလဲ"

ထိုအထုပ်ကို ဖွင့်လိုက်သောအခါ ဝူကျိရှန်းမှာ အံ့အားသင့်သွားရသည်။ အထုပ်ထဲတွင်တန်ဖိုးကြီး ကျောက်မျက်ရတနာများနှင့်အတူ ရွှေပြားအချို့နှင့် ရွှေတုံးကြီး ငါးတုံး ရှိနေလေသည်။

ခန့်မှန်းခြေအားဖြင့်ထိုအရာများမှာ ငွေစင် တစ်ထောင်ထက်မက တန်ဖိုးရှိ၏။

"နင် ဒါတွေ အများကြီး ဘယ်က ရလာတာလဲ"

"ကျွန်မကို ရောင်းစားရင်တောင် ဒီလောက် တန်မှာ မဟုတ်ဘူး"

ချင်းချင်းက တွန့်ဆုတ်မနေဘဲ ဝူကျိရှန်း၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။

"သခင်မလေးရွန့်က ဆရာဝူမှာ ငွေသိပ်မရှိဘဲ မင်္ဂလာလက်ဆောင်တွေအတွက် ကြိုးစားနေရတယ်ဆိုတာ သိတယ်လေ ဒါကြောင့် သူမရဲ့ ရတနာတွေကို ဆရာဆီ ပေးခိုင်းလိုက်တာ ဒါတွေကို ရောင်းလိုက်ရင် မင်္ဂလာလက်ဆောင်အတွက် လောက်သွားမှာ မဟုတ်လား"

သူတို့ မင်္ဂလာမဆောင်ရသေးမီမှာပင် သခင်မလေးရွန့်က သူမ၏ တန်ဖိုးအရှိဆုံး ရတနာများကို ချင်းချင်းအား စေလွှတ်၍ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ထိုအချက်ကသူ့အပေါ်ထားသောရွန့်၏ချစ်မြတ်နိုးမှုကိုသိသာစေသည်။

သူလာခဲ့ရာ၂၁ ရာစုမှ ငွေကြေးကြောင့် လမ်းခွဲခဲ့သော ရည်းစားဟောင်းကို ပြန်တွေးမိပြီးနောက် သခင်မလေးရွန့်၏ လုပ်ရပ်ကို ကြည့်ကာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသည်ဟု ခံစားလိုက်ရ၍ဝူကျိရှန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။

"ဒါက.. ဒါက သင့်တော်ရဲ့လားခရိုင်ဝန်ရှန်တို့ဒါကို သိကြလား"

"သိတာပေါ့"

ချင်းချင်းက ပြုံးလျက် ပြောလိုက်သည်။

"အဲဒီ ရွှေပြားတွေကိုသခင်ကြီးက ပေးတာ.. ရွှေတုံး ငါးတုံးကတော့ သခင်မကြီးကပေးတာ”

"သခင်မကြီးက ပြောတယ်ဆရာဝူနှင့်သခင်မလေးရွန့်ရဲ့ မင်္ဂလာပွဲက ခန့်ညားပြီး သိက္ခာရှိရမယ်တဲ့.. ဒါကြောင့် ဆရာဝူ သုံးဖို့ သူမရဲ့ ကိုယ်ပိုင်ငွေတွေကို ထုတ်ပေးလိုက်တာ”

ချင်းချင်းကမောသွားဟန်ဖြင့်ခနနားပြီးမှဆက်ပြော၏။

"သခင်ကြီးကလည်း ဆရာဝူက အခုဆိုရင် အရာရှိရာထူး ရထားပြီဆိုတော့ ကောင်းမွန်တဲ့ ဝတ်စုံတွေ ချုပ်ဖို့နဲ့ မြင်းလှည်းတစ်စီးလောက် ဝယ်ဖို့ ပြောတယ်.. ဘာပဲဖြစ်ဖြစ် ဆရာဝူက ဆဋ္ဌမအဆင့် အရာရှိတစ်ယောက်ပဲလေ.. အလုပ်ဝင်တဲ့အခါမှာ သိပ်ပြီး နိမ့်ပါးနေရင် လုပ်ဖော်ကိုင်ဖက်တွေက လှောင်ကြလိမ့်မယ်"

သူ၏ ယောက္ခမလောင်းများမှာ အလွန်ပင် ငဲ့ညှာတတ်သဖြင့် ဝူကျိရှန်းမှာ မျက်ရည်ကျလုနီးပါး ဖြစ်သွားရသည်။

"ဆရာဝူ အစ်ကိုစစ်က သခင်ကြီးနှင့်သခင်မကြီးကို သွားတွေ့ခဲ့တယ်"

အစ်ကိုစစ်မှာ သခင်မလေးရွန့်နှင့် ဝူကျရှန်းတို့၏ မင်္ဂလာပွဲအတွက် ကူညီပေးနေသော အောင်သွယ်တော် ဖြစ်သည်။

"အစ်ကိုစစ်က မင်္ဂလာရက်သတ်မှတ်ဖို့ ကိစ္စကို ပြောခဲ့တယ်"

ရက်သတ်မှတ်ခြင်း ဆိုသည်မှာ မင်္ဂလာရက်စွဲကို အတည်ပြုခြင်း ဖြစ်သည်။ ရှေးလူကြီးများသည် မင်္ဂလာရှိသော ရက်များကို အလွန်တန်ဖိုးထားကြပြီး မင်္ဂလာရက်စွဲ ရွေးချယ်ရာတွင် အလွန် စေ့စပ်သေချာကြသည်။

"အစ်ကိုစစ်ကပြောတယ်.. ဇွန်လ ၁၈ ရက်နေ့က အကောင်းဆုံး မင်္ဂလာရက်ပဲတဲ့ အဲဒီရက်က ကောင်းပေမယ့်"

ချင်းချင်းက ဝူကျိရှန်း၏ နားနားသို့ ထကပ်၍ တိုးတိုးလေး ပြောပြန်သည်။

"သခင်မကြီးရဲ့ ဆန္ဒက.. အဲဒီရက်ကို နည်းနည်းလောက် ရှေ့တိုးလို့ ရမလားတဲ့.. သခင်လေး ရာထူးမယူခင်ဆိုရင် ပိုကောင်းမယ်လို့ ပြောတယ်.."

ရှန်ကတော်၏ ရည်ရွယ်ချက်မှာ မင်္ဂလာပွဲကို တတ်နိုင်သမျှ အမြန်ဆုံး ကျင်းပရန် ဖြစ်သည်။

အကြောင်းမှာ ရှန်မိသားစုတွင် သမီးတစ်ဦးတည်းသာရှိသည်။ခရိုင်ဝန်ရှန်နှင့် ရှန်ကတော်တို့ နှစ်ဦးစလုံးမှာ သူမ၏ မင်္ဂလာပွဲကို ခရိုင်မြို့လေး၌ပင် ကျင်းပလိုကြသည်။

အကယ်၍ ဝူကျိရှန်း ရာထူးရသည်အထိ စောင့်ဆိုင်းပါက မင်္ဂလာပွဲကို သူတာဝန်ကျရာထိုက်ယွမ်မြို့တွင် ကျင်းပရပေလိမ့်မည်။

ဇွန်လ ၁၈ ရက်နေ့မှာ ဝူကျိရှန်းနှင့် အစ်ကိုစစ်တို့ သဘောတူထားသော မင်္ဂလာရက် ဖြစ်သည်။ အကယ်၍ ထိုထက် ပို၍ ရှေ့တိုးမည်ဆိုပါက အချိန်မှာ အလွန် နီးကပ်လွန်းနေပေလိမ့်မည်။

ပြင်ဆင်ရမည့် အရာများမှာလည်း မပြီးသေးပေ။ မင်္ဂလာခန်းဆောင်ကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်ပြီး ဖိတ်ကြားရမည့် ဧည့်သည်များလည်း ရှိနေသေးသည်။ ထိုအရာများဆောင်ရွက်ရန်အချိန်လိုအပ်ပေသည်။

"မင်္ဂလာပွဲအတွက်ကတော့ စီစဉ်ရတာ လွယ်ပါတယ် ဖိတ်စာတွေ ပို့လိုက်ရင် ရပြီလေ မင်္ဂလာခန်းဆောင်အတွက်ကျတော့"

ချင်းချင်းက ဝူကျိရှန်းကို မျက်စိတစ်ဖက် မှိတ်ပြရင်း နောက်ပြောင်သလို ပြောလိုက်သည်။

"ကျွန်မတို့ သခင်မလေးက ပြောတယ်.. ဆရာက ထိုက်ယွမ်မြို့မှာ အလုပ်သွားလုပ်ရမှာဆိုတော့ မင်္ဂလာခန်းဆောင်ကို ဘယ်လောက်ပဲ ကောင်းကောင်းပြင်ပြင် အကြာကြီး နေရမှာ မဟုတ်ဘူးတဲ့.. ဒါကြောင့် ငွေကုန်သက်သာအောင် နံရံကို ဆေးသုတ်ပြီး စက္ကူကပ်လိုက်ရင်တင် ရပြီလို့ ပြောတယ်.."

မင်္ဂလာဆောင်ခြင်းမှာ တစ်သက်တာလုံးအတွက် ဖြစ်သည်။ မင်္ဂလာခန်းဆောင်ကို ကောင်းမွန်စွာ မပြင်ဆင်ခြင်းမှာအဆောတလျင် နိုင်လွန်းသည် မဟုတ်ပါလား။

"သခင်မလေးရွန့်က အဲဒီလို တကယ် ပြောတာလား"

"တကယ်ပေါ့"

ချင်းချင်းက သူမ၏ ရင်ဘတ်ထဲမှ သေသေချာချာ ခေါက်ထားသော စာတစ်စောင်ကို ထုတ်ယူ၍ ဝူကျိရှန်းအား ပေးလိုက်၏။

"ဆရာဝူမယုံရင် ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်ပါဦး"

စာပေါ်ရှိ လက်ရေးမှာ သေသပ်လှပပြီး သခင်မလေးရွန့်၏ လက်ရေးဖြစ်သည်မှာ ထင်ရှားလှသည်။

"လက်ထပ်ခြင်းသည် စိတ်ခံစားမှုနှင့် နှလုံးသားပေါ်တွင်သာ မူတည်ပါသည်.. ကျွန်မသည် ဂူဟောင်းထဲမှ ရှေးလက်ကောက်ပုံပြင်လေးကဲ့သို့ ဖြစ်လိုပါသည်.. ထာဝရ အတူရှိနေခြင်းဖြင့်သာ ကျွန်မ၏ လွမ်းဆွတ်မှုကို ကုစားလိုပါသည်.. မိုးရွာသောနေ့တစ်နေ့၌ ဤစာကိုဆရာဝူထံသို့ ပေးပို့လိုက်ပါသည်"

သူမမှာ ပညာတတ်သော မိသားစုမှ အမျိုးသမီးငယ် ဖြစ်သဖြင့် ချစ်စာလွှာမှာပင် အလွန် ယဉ်ကျေးသိမ်မွေ့လှသည်။

ထိုစာတွင် စာလုံးရေ အနည်းငယ်သာ ပါသော်လည်း သူမ၏ စစ်မှန်သော ခံစားချက်များမှာ စာမျက်နှာပေါ်မှ ခုန်ထွက်လာမတတ် ခံစားရသည်။

ကျွန်မတို့၏ လက်ထပ်ပွဲမှာ အခမ်းအနားထက် စစ်မှန်သော အချစ်ပေါ်တွင်သာ မူတည်ပါသည်။ ဝမ်ပေါင်ချွမ်းသည် အာဏာနှင့် စည်းစိမ်ကို မမက်မောဘဲ ရှုဖိန်ကွေကို ချစ်ခြင်းကြောင့်သာ လက်ထပ်ခဲ့ပြီး ဂူဟောင်းထဲတွင် ဆင်းရဲဒုက္ခကို ခံစားခဲ့သည်။ ကျွန်မလည်း ထိုသို့ လုပ်နိုင်ပါသည်။ ကျွန်မ ဆရာဝူကို အလွန် လွမ်းဆွတ်နေမိပါသည်။ဇွန်လ ၁၈ ရက်နေ့အထိ မစောင့်နိုင်တော့ပါ။ မိုးရာသီ ပွဲတော်ရက်မှာ မင်္ဂလာဆောင်ရန် အသင့်တော်ဆုံးဟု ကျွန်မ ထင်ပါသည်။ထိုစာကို ပေးပို့ရင်း ကျွန်မ၏ ခံစားချက်ကို ငဲ့ညှာပေးရန် မျှော်လင့်မိပါသည်.။

မိုးရာသီ ပွဲတော်မှာ မေလ ၁၃ ရက်နေ့ ဖြစ်သည်။ ရိုးရာဓလေ့အရ ထိုရက် ဝန်းကျင်ရှိ ၁၀ ရက်ခန့်ကို မိုးရာသီကာလဟု ခေါ်ကြသည်။ သခင်မလေးရွန့်၏ ရည်ရွယ်ချက်မှာ မင်္ဂလာပွဲကို မေလလယ် မတိုင်မီ ကျင်းပရန် ဖြစ်သည်။

ယခုအချိန်မှာ ကောက်ပဲသီးနှံ ရိတ်သိမ်းချိန် ဝန်းကျင်ဖြစ်သဖြင့် မေလမှာ နီးကပ်နေပြီ ဖြစ်သည်။ မေလလယ်တွင် မင်္ဂလာဆောင်ရန်မှာ အချိန်မှာ အလွန် နီးကပ်လွန်းနေ၏။

ခဏမျှ စဉ်းစားပြီးနောက် ဝူကျိရှန်းက ချင်းချင်းကို ပြောလိုက်သည်။

"ကောင်းပြီ.. ငါ သခင်မလေးရွန့်ရဲ့ ဆန္ဒကို လိုက်လျောပါ့မယ်.. မင်္ဂလာရက်ကို မေလ ၂၁ ရက်နေ့ကို ရှေ့တိုးလိုက်မယ်.. အဲဒီရက်က မိုးရာသီကာလရဲ့ နောက်ဆုံးရက်ပဲ.."

"ဘာလို့ မေလ ၂၁ ရက်နေ့ကို ရွေးတာလဲ.. အဲဒီရက်က ဘာထူးခြားလို့လဲ.."

"ထူးခြားတာပေါ့.. ငါ့ရဲ့ ဇာတိမြေမှာ၅၂၁ ဆိုတာ 'ငါ မင်းကို ချစ်တယ် ဆိုတဲ့ စကားလုံးနဲ့ အသံထွက်တူတယ်.. အဲဒါက ဇနီးမောင်နှံကြားက ချစ်ခင်မှုကို ကိုယ်စားပြုတာလေ"

ချင်းချင်းမှာ ငါ မင်းကို ချစ်တယ် ဟူသော စကားစုကို တစ်ခါမျှ မကြားဖူးသဖြင့် ထိုစကားလုံး သုံးလုံးအတွင်းရှိ ပြင်းပြသော ခံစားချက်ကို ချက်ချင်းပင် ခံစားမိသွားသည်။

ရှေးခေတ်ကာလမှ အချစ်မှာ များသောအားဖြင့် သိမ်မွေ့လှသည်။ နှစ်သက်သည်၊ စွဲလမ်းသည်ဟူသော စကားလုံးများမှာပင် အလွန် ပွင့်လင်းသည်ဟု ယူဆကြသည်။

ဝူကျိရှန်းကဲ့သို့ ငါ မင်းကို ချစ်တယ် ဟု တိုက်ရိုက်ပြောခြင်းမှာ တစ်ခါမျှ မကြားဖူးသည့်အပြင် အနည်းငယ် တုန်လှုပ်စရာပင် ကောင်း‌နေ၏။

သခင်မလေးရွန့်နှင့်ဆရာဝူ လက်ထပ်ရတော့မည်ကို တွေးမိကာ ချင်းချင်းမှာ ဝမ်းသာမိသလို တစ်ဖက်တွင်လည်း အနည်းငယ် မနာလိုဖြစ်မိလေသည်။ သခင်မလေးရွန့်၏ ကံကြမ္မာမှာကောင်းလွန်းလှသည်ဟု သူမ တွေးနေမိတော့သည်။

All Chapters