အခန်း (၆၇-၆၈)
Vol. 6 Ch. 67-68
အခန်း ၆၇ ဆေးခန်းပိုင်ရှင် အပြောင်းအလဲ
ပူပြင်းခြောက်သွေ့နေသည့် မှောင်ရီပျိုးစ ညနေခင်းတစ်ခုတွင်ဖြစ်သည်။
နတ်ဆေးဆရာကြီးစွန်းသည် ပြတင်းပေါက်နားတွင် ထိုင်ကာ သူကိုယ်တိုင် ဖော်စပ်ထားသော ဖန်ခါးသီးချိုချဉ်ရည်ကို အေးအေးလူလူ သောက်ရင်း စိတ်ကျေနပ်နေ၏။
ပြတင်းပေါက်မှတစ်ဆင့် လမ်းတစ်ဖက်ရှိ ဆေးခန်းကို ကြည့်လိုက်ရာ ဝူကျိရှန်းမှာ ဆေးခန်းပိတ်၍ အိမ်ပြန်ရန် ပြင်နေသည်ကို မြင်လိုက်ရသည်။
နံနက်တွင် ဖွင့်ပြီး ညနေတွင် ပိတ်ခြင်းမှာ နေ့စဉ်လုပ်ရိုးလုပ်စဉ်ပင် ဖြစ်သော်လည်း ယနေ့တွင်မူ အနည်းငယ် ထူးခြားနေလေသည်။
ဆေးခန်းပိတ်ပြီးနောက် ဝူကျိရှန်းသညါတန်းထွက်မသွားဘဲ တံခါးထိပ်တွင် လေးထောင့်ပုံစံ အနီရောင် ပိတ်စတစ်ခုကို ချိတ်ဆွဲ နေ၏။
တံခါးထိပ်၌ အနီရောင်ပိတ်စ ချိတ်ဆွဲထားသည်ကို မြင်သောအခါ နတ်ဆေးဆရာကြီးစွန်းမှာစပ်စုချင်သောစိတ်ဖြင့် ငြိမ်မနေနိုင်တော့ပေ။သွက်လက်သော ခြေလှမ်းများဖြင့် အိမ်ပြင်သို့ အပြေးထွက်သွားပြီး ဝူကျိရှန်းကို လှမ်း၍ နှုတ်ဆက်လိုက်သည်။
"သမားတော်ဝူ.. ခဏလောက် စောင့်ပါဦး"
ဝူကျိရှန်းကို ခေါ်လိုက်ပြီးနောက် နတ်ဆေးဆရာကြီးစွန်းက အနီရောင်ပိတ်စကို ကြည့်ကာ မေးလိုက်၏။
"ဒါက ရောင်းဖို့လား"
ထိုခေတ်ကာလ၏ ဓလေ့အရ အိမ်ရှေ့တွင် အနီရောင်ပိတ်စ ချိတ်ထားပါက မင်္ဂလာရှိသော အခမ်းအနား ရှိသည်ဟု ဆိုလိုသည်။
အကယ်၍ အဖြူရောင်ပိတ်စ ချိတ်ထားပါက နာရေးရှိကြောင်း အသိပေးခြင်း ဖြစ်သည်။
သို့သော် ဆိုင်တစ်ဆိုင်၏ တံခါးဝတွင် အနီရောင်ပိတ်စကို ချိတ်ဆွဲထားပါက ထိုဆိုင်ကို ရောင်းမည်ဟု အဓိပ္ပာယ်ရပေသည်။
စာရေးထားရန် မလိုဘဲ အနီရောင်ပိတ်စကို မြင်ရုံမျှဖြင့် လူတိုင်း နားလည်ကြ၏။
အတည်ပြုချက် ရရှိပြီးနောက် နတ်ဆေးဆရာကြီးစွန်း၏ စိတ်ထဲတွင် အတွေးများ ချက်ချင်း ပေါ်လာလေသည်။ ဝူကျိရှန်း ဘာကြောင့် ဆေးခန်းရောင်းသည်ကို သိနေသော်လည်း မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
"မင်းရဲ့ဆေးခန်းက အခြေအနေ တော်တော်ကောင်းနေတာပဲ.. ဘာလို့ ရောင်းချင်ရတာလဲ"
အဖြေကတော့ရိုးရှင်းစွာပင်။ဝူကျိရှန်းမှာ နန်းတွင်းအရာရှိ ဖြစ်လာခဲ့ပြီး မကြာမီ ထိုက်ယွမ်မြို့သို့ သွား၍ တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်သည်။ သူ၏ ဆေးခန်းကို ဆက်လက် ဖွင့်လှစ်နိုင်မည် မဟုတ်သဖြင့် ရောင်းချရန်သာ ရှိတော့၏။
ထို့ပြင် မင်္ဂလာပွဲမှာလည်း နီးကပ်နေသဖြင့် ကုန်ကျစရိတ်များအတွက် ငွေလိုအပ်နေပေသည်။
"အော် ဒါကြောင့်ကိုး ဒါကြောင့်ကိုး"
နတ်ဆေးဆရာကြီးစွန်းမှာ ဝူကျိရှန်းအပေါ် ယခင်က မပြဖူးသော ကြင်နာမှုများ ပြနေသည့်အပြင် သူ၏ ပြိုင်ဘက်ကိုလည်း ယနေ့တွင် အလွန်အမင်း ချီးမွမ်းနေလေသည်။
"မင်းရဲ့ ဆေးပညာကို ဒီလူကြီးက အမြဲ အထင်ကြီးခဲ့တာပါ အိမ်နီးနားချင်းတွေကလည်း မင်းကို လေးစားကြတယ် ဆေးခန်းကလည်း စနစ်တကျ ရှိ နေတယ်.. ရောင်းလိုက်ရမှာ တကယ်ကို နှမြောစရာပဲ"
မျက်နှာတွင် နှမြောတသဟန် ပြနေသော်လည်း နတ်ဆေးဆရာကြီးမှာ အတွင်းစိတ်၌ အလွန် ဝမ်းသာနေ၏။
ဝူကျိရှန်းသာထိုမြို့လေးမှ ထွက်သွားပါက သူ၏အကြီးမားဆုံး ပြိုင်ဘက် မရှိတော့ပေ။
ထို့ပြင် ဤသည်မှာ ဝူဆေးခန်းကို သိမ်းပိုက်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
ဝူကျိရှန်းမှာ လူအမဟုတ်ပေ။
နတ်ဆေးဆရာကြီးစွန်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူ ခန့်မှန်းမိပြီး ဖြစ်သည်။
"ဘာလဲခင်ဗျားက ကျွန်တော့်ဆေးခန်းကို လွှဲယူချင်တာလား"
အကယ်၍ သူ၏ ရည်ရွယ်ချက်ကို အခုပင် ထုတ်ပြောလိုက်ပါက ဝူကျိရှန်းက ဈေးကြီးကြီး တောင်းမည်မှာ အမှန်ပင်။
ပါးနပ်သော နတ်ဆေးဆရာကြီးစွန်းက ချက်ချင်း ငြင်းလိုက်သည်။
"ငါ့ရဲ့ အန်းမင်ခန်းမက နှစ်ပေါင်းရာချီ သက်တမ်းရှိတဲ့ နေရာပဲလေငါကတော့ မလိုပါဘူး.."
နတ်ဆေးဆရာကြီးစွန်း စကားမဆုံးမီမှာပင် ဝူကျိရှန်းက ရယ်မောလိုက်၏။
"ခင်ဗျား မယူချင်ဘူးဆိုရင်လည်း နေပါ ကျွန်တော် ပေါင်ဟော့ခန်းမက သမားတော်ရွှယ်ဆီ သွားလိုက်မယ်.. သူက တစ်ခါက လွှဲယူဖို့ ပြောဖူးတယ်"
ဝူ
ဆေးခန်းမှာ လမ်းတစ်ဖက်တည်းတွင် ရှိခြင်း ဖြစ်သည်။ အကယ်၍ အခြားသူတစ်ဦးက လွှဲယူလိုက်ပါက ပြိုင်ဘက်အသစ်တစ်ခု ပေါ်လာခြင်းသာ ဖြစ်ပြီး နောင်တွင် ယှဉ်ပြိုင်ရမည်မှာ မလွဲဧကန်ပင်။
နတ်ဆေးဆရာကြီးစွန်းမှာ အလွန် ပါးနပ်သူ ဖြစ်သဖြင့် အရှုံးအမြတ်ကို ချက်ချင်း တွက်ချက်လိုက်သည်။ သူသည် လေသံကို ချက်ချင်းပြောင်းကာ ပြုံးရွှင်စွာ ပြောလိုက်၏။
"စကားပုံ ရှိသားပဲ.. ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးချင်းက ပိုကောင်းတယ်.. နီးစပ်တဲ့ အိမ်နီးချင်းထက် လမ်းတစ်ဖက်ကလူက ပိုကောင်းတယ်တဲ့.. မင်းက ဆေးခန်း မဖွင့်တော့ဘူးဆိုမှတော့ ငါပဲ အဆင်ပြေအောင် လွှဲယူလိုက်ပါ့မယ်ဈေးနှုန်းကတော့.. ပြောရတာ လွယ်ပါတယ်မင်း လိုချင်တဲ့ဈေးကိုသာ ပြောလိုက်ပါ"
"ကျွန်တော် နောက်ရက်အနည်းငယ်အတွင်းမှာ မင်္ဂလာဆောင်ရတော့မယ်.. အဲဒီအခါကျရင် ငွေစတွေ အများကြီး သုံးရဦးမှာမို့ ငွေ အရေးတကြီး လိုအပ်နေတာပါ.. ခင်ဗျားလည်း ဆေးပညာလောကက ကျွမ်းကျင်သူတစ်ယောက်ပဲဆိုတော့ စကားတွေကို အကွေ့အဝိုက် မလုပ်တော့ပါဘူး"
ဝူကျိရှန်းက လက်တစ်ဖက်ကို နတ်သမားတော်ကြီးစွန်း၏ မျက်နှာရှေ့တည့်တည့်တွင်လက်ထောင်ပြလိုက်ပြီး
"ငွေစ ငါးရာ"
"ငွေစ ငါးရာ"
နတ်ဆေးဆရာကြီးစွန်းမှာ သွားကိုက်၍ညည်းသလို အသံပင်ထွက်သွားရ၏။
"မင်းရဲ့ ဆေးခန်းက ဒီလောက် မတန်ဘူး ထင်တယ်နော်.. အဲဒီဈေးက နည်းနည်း များမနေဘူးလား.."
အလုပ်အကိုင် တူသူချင်းမို့ ဝူ့ဆေးခန်း မည်မျှ တန်ဖိုးရှိသည်ကို သူတို့သိကြသည်။
တကယ်တမ်း ပြောရလျှင် ဝူဆေးခန်းမှာ ငွေစငါးရာမတန်ပေ။
ဝူကျိရှန်း ဆေးခန်းစဖွင့်စဉ်က ငွေစ လေးရာကျော်သာ သုံးစွဲခဲ့ရသည်။ သူ ဖွင့်လှစ်ခဲ့သည်မှာလည်း တစ်နှစ်မပြည့်သေးဘဲ ငါးရာ တောင်းခြင်းမှာ ဈေးကြီးနေသည်မှာ အမှန်ပင် ဖြစ်၏။
သို့သော်လည်းအသစ်ဖွင့်သည့် ဆေးခန်းမဟုတ်သဖြင့် ထိုသို့ တွက်၍မရပေ။
ဝူဆေးခန်းတွင် ကောင်းမွန်သော နာမည်ဂုဏ်သတင်း ရှိနေပြီ ဖြစ်သည်။ သို့ဖြစ်၍ဈေးနှုန်းကပိုမြင့်သွားရခြင်းမှာ ဓမ္မတာပင်။ ထို့ပြင် ဆေးခန်းအတွင်းရှိ ဆေးဝါးများစွာကိုလည်း ထည့်တွက်ရပေဦးမည်။
ထို့ကြောင့်ငွေစငါးရာဆိုသည်မှာ သင့်တင့်သော ဈေးနှုန်း ဖြစ်သည်။
နတ်ဆေးဆရာကြီးစွန်းကဤအချက်ကို သိသော်လည်း ဈေးနှိမ်ရန် ချောင်းနေခြင်းသာဖြစ်သည်။
နတ်ဆေးဆရာကြီးစွန်းက ခဏမျှ စဉ်းစားပြီးနောက် သူ လက်ခံနိုင်မည့် ဈေးကို ကမ်းလှမ်းလိုက်သည်။
"ငွေစလေးရာဆိုရင် ဘယ်လိုလဲ"
"လေးရာကနည်းလွန်းတယ် ငွေစတစ်ရာတောင်ကွာနေတာပဲ လေးရာ့ရှစ်ဆယ် ပေးပါ"
ဝူကျိရှန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဆေးခန်းထဲမှာ တခြား ပစ္စည်းမျိုးစုံလည်း ရှိသေးတယ် အားလုံးကငွေပေးပြီး ဝယ်ထားတဲ့ အရည်အသွေးကောင်းတွေချည်းပဲ ခင်ဗျား အတွင်းထဲ ဝင်ကြည့်ရင် သိပါလိမ့်မယ်"
"မင်းရဲ့ ဆေးခန်းအကြောင်းကို မင်းထက်တောင် ငါက ပိုသိသေးတယ်"
နတ်ဆေးဆရာကြီးစွန်းက တဟားဟား ရယ်မောရင်း ဆက်၍ ဈေးဆစ်လေသည်။
"လေးရာ့ နှစ်ဆယ်"
"လေးရာ ခြောက်ဆယ်.ဒီထက်တော့ မလျှော့နိုင်တော့ဘူး.."
"လေးရာ ငါးဆယ်"
နတ်ဆေးဆရာကြီးစွန်းက ပြုံးလျက် ပြောသည်။
"သမားတော်ဝူ.. မင်းက မကြာခင် အရာရှိမင်းကြီး ဖြစ်တော့မှာ ဒီငွေစဆယ်ဂဏန်းလောက်ကို ဂရုစိုက်နေဦးမှာလား ဒါကဆိုင်လွှဲတဲ့ စီးပွားရေးအကြီးကြီးပဲလေ၊ဟင်းသီးဟင်းရွက် ရောင်းတဲ့သူတွေလို တစ်ပြားတစ်ချပ်ချင်းဆစ်မနေကြရအောင်။ဟုတ်ပြီလား"
"ဒါဆို လေးရာ့ ငါးဆယ်ပဲ ထားလိုက်တော့မယ်"
ဈေးနှုန်း သဘောတူညီမှု ရပြီးနောက် ကျန်ရှိသော ကိစ္စများမှာ ရိုးရှင်းလှသည်။
နတ်ဆေးဆရာကြီးစွန်းသည် လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ်နှစ်စောင်ကို ချက်ချင်း ရေးသားလိုက်ပြီး အာမခံမည့် အသိသက်သေတစ်ဦးကို ရှာကာ နှစ်ဦးစလုံးက လက်ဗွေနှိပ်၍ အတည်ပြုလိုက်ကြသည်။
စာချုပ် ချုပ်ပြီးသော်လည်း ငွေပေးချေသည့်အခါတွင် စွန်းက ငွေစတစ်ရာသာ ပေးသေး၏။
ယင်းမှာသမားတော်ကြီးက ကပ်စေးနှဲခြင်းကြောင့် မဟုတ်ဘဲ ထိုခေတ်၏ စည်းမျဉ်းကြောင့် ဖြစ်သည်။
ထိုစဉ်က စည်းမျဉ်းအရ စာချုပ် ချုပ်ဆိုပြီးလျှင် ငွေကို တစ်ခါတည်း အပြတ်မပေးရဘဲ အဆင့်ဆင့် ခွဲပေးရလေသည်။
ပထမဦးစွာ ပေးသောငွေစ တစ်ရာကိုစရန်ငွေအဖြစ် သတ်မှတ်ပြီး အရောင်းအဝယ်ကို သဘောတူပြီးဖြစ်ကြောင်းနှင့် ဝူကျိရှန်းအနေဖြင့် အခြားဝယ်သူ ထပ်မရှာရကြောင်း အဓိပ္ပာယ်ရ၏။
ထို့နောက်ထိုစာချုပ်ကို ရုံးတော်သို့ ယူဆောင်၍ အသိအမှတ်ပြု လက်မှတ်ထိုးရမည်ဖြစ်ပြီး သမားတော်ကြီးက နောက်ထပ် ငွေစသုံးရာကို ပေးရမည် ဖြစ်သည်။
ကျန်ရှိသော ငွေစ ငါးဆယ်ကိုမူ သတ်မှတ်ထားသော ရက်တွင် အသိသက်သေများ ရှေ့မှောက်၌ အပြီးသတ် ပေးချေရမည် ဖြစ်သည်။
ထိုအချိန်တွင် ဝူကျိရှန်းသည် အရောင်းအဝယ်တွင် မပါဝင်သော သူ၏ ကိုယ်ပိုင်ပစ္စည်းအချို့ကို ယူဆောင်သွားနိုင်ပေသည်။
ထိုအရောင်းအဝယ်မှတစ်ဆင့်ဝူကျိရှန်းအတွက်မင်္ဂလာပွဲကို ပိုမို ဂုဏ်ရှိအောင် ကျင်းပနိုင်ရန်အတွက် ငွေအမြောက်အမြား ရရှိခဲ့ပြီး သမားတော်ကြီးစွန်းမှာလည်း ဝူဆေးခန်းကို ရရှိကာ သူ၏ အကြီးမားဆုံး ပြိုင်ဘက်ကို ဝါးမြိုလိုက်နိုင်လေသည်။
အခန်း ၆၈ မင်္ဂလာဦးည
မီးရှူးမီးပန်းများ တဖြောက်ဖြောက် မြည်နေသည့်ကြားတွင် တူရိယာသမားများ၏ဆူညံလှသော နှဲသံများနှင့်အတူ လူရှစ်ယောက်ထမ်းသော မဂ်လာဝေါယာဉ်မှာ ဖြည်းညှင်းစွာ ချဉ်းကပ်လာလေသည်။
အခမ်းအနားမှူး က ရှေ့ဆုံးမှနေ၍ အားရပါးရ အော်ဟစ်နေ၏။
"ကောင်းကင်နှင့် မြေကြီးသည် ကျယ်ပြောလှသော်လည်း မင်္ဂလာအခါတော်သည်သာ အမြတ်ဆုံး ဖြစ်သည်။ ဝေါယာဉ် ရောက်ရှိရာ အရပ်တိုင်းတွင် ဘေးဥပဒ်အပေါင်း ကင်းစင်စေသတည်း"
သကြားလုံးများစွာကို ကြဲပက်လိုက်ရာ အစားမက်သော ကလေးငယ်များစွာမှာ ချက်ချင်းပင် စုပြုံတိုးဝှေ့ ကောက်ယူကြတော့သည်။
ဝူကျိရှန်းမှာ အနီရောင် ဝတ်စုံကို ဆင်မြန်းကာ မြင်းလှလှကြီးတစ်စီးကို စီးလျက် လမ်းဘေးဝဲယာရှိ ကြည့်ရှုသူများနှင့် အိမ်နီးချင်းများကို လက်အုပ်ချီ၍ နှုတ်ဆက်နေ၏။
လမ်းအဆုံးအထိ ရောင်စုံ စက္ကူမုခ်ဦး ငါးခုကို သွယ်တန်းထားပြီး နေရာအနှံ့တွင် အနီရောင် မင်္ဂလာခန်းဆီးများကို ချိတ်ဆွဲထားကာ မင်္ဂလာရှိသော မန်ဒါရင်ဘဲရုပ် မီးအိမ် ၂၄ စုံမှာလည်း လင်းထိန်နေလေသည်။
သခင်မလေးရွန့်သည် ငှက်ဆန်းခေါင်းဆောင်းနှင့် အနီရောင် မျက်နှာဖုံးပုဝါကို ဆင်မြန်းကာ ဝေါယာဉ်ပေါ်မှ ကျနစွာ ဆင်းလာ၏။
တံခါးဝသို့ ရောက်သောအခါ ချင်းချင်းက နှလုံးသားချင်းဆက် ချည်နှောင်မှု ကို ဝူကျိရှန်းထံ ကမ်းပေးလိုက်သဖြင့် သူသည် သတို့သမီးကို ဦးဆောင်ကာ တံခါးခုံကို ကျော်ဖြတ်၍ မီးဖိုခွက်ပေါ်မှ လှမ်းကျော်စေလေသည်။
ထိုဒေသရှိ ဩဇာတိက္ကမကြီးမားသော ချမ်းသာသည့် ကုန်သည်ကြီး လုကျန်းရှင်းက အခမ်းအနားမှူးအဖြစ် မိမိသဘောဖြင့် တာဝန်ယူပေးထား၏။
"မင်္ဂလာမောင်နှံ ခန်းမရှေ့မှာ အလေးပြုကြပါ"
"တစ်ကြိမ် ဒူးထောက်.. နှစ်ကြိမ် အလေးပြု.. သုံးကြိမ် ဦးချ.. ကောင်းကင်နှင့် မြေကြီးကို အလေးပြုပါဦး"
"လူကြီးသူမတွေကို အလေးပြုပါဦး"
အဘိုးအိုတင်မှာ မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် ပြေလျော့သွားသည်အထိ ဝမ်းသာအားရ ပြုံးဖြီးနေလေသည်။
"ဇနီးမောင်နှံ အချင်းချင်း အလေးပြုကြပြီး မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်စေ"
မင်္ဂလာအခမ်းအနားများမှာ အလွန်ပင် စေ့စပ်သေချာလှသည်။ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် သတို့သမီးကို မင်္ဂလာခန်းဆောင်သို့ ပို့ဆောင်လိုက်သည်နှင့် အဆုံးသတ်သွားသော်လည်း လက်တွေ့တွင်မူ ဤသည်မှာ အစပြုခြင်းသာ ရှိသေးသည်။ သတို့သား ဝူကျီရှန်းအတွက် လုပ်ဆောင်ရမည့် ကိစ္စများစွာ ကျန်ရှိနေသေး၏။
"ဧည့်သည်များက ဂုဏ်ပြုကြပါဦး"
"မင်္ဂလာဦးဆရာက ဂုဏ်ပြုစကား ပြောပေးပါဦး"
ဒေသန္တရ ဓလေ့အရ သတို့သား ဝူကျိရှန်းသည် လက်ဆောင်ပစ္စည်းများ ယူဆောင်လာသော ဧည့်သည်များနှင့် အိမ်နီးချင်းများကိုသာမက အခမ်းအနားမှူး လုကျန်းရှင်းနှင့် ဟင်းချက်သည့် စားဖိုမှူးများကိုပင် ဦးညွှတ်၍ ကျေးဇူးတင်ရပေသည်။
စိတ်ဝင်စားစရာ အကောင်းဆုံးမှာ သူသည် မီးဖိုပေါ်တွင် ကပ်ထားသော မီးဖိုချောင်နတ်မင်း၏ ပုံတူပန်းချီရှေ့တွင်လည်း စနစ်တကျ ဒူးထောက်ဦးချရခြင်း ဖြစ်သည်။
ဤဓလေ့များ၏ နောက်ကွယ်မှ အကြောင်းရင်းများကိုမူ ဝူကျိရှန်း မမှတ်မိတော့ပေ။ သူသည် လူတစ်ယောက်ပြီး တစ်ယောက်ကိုသာ တောက်လျှောက် ဦးညွှတ်နေရသဖြင့် သူ၏ ခါးရိုးဆစ်များပင် ပြုတ်ထွက်တော့မတတ် ခံစားနေရ၏။
ရှုပ်ထွေးလှသော အခမ်းအနားများကြောင့် ဝူကျိရှန်းမှာ မူးဝေနေလေပြီ။
ဧည့်သည်များအားလုံးကို ပြန်လည် ပို့ဆောင်လိုက်နိုင်ပြီဟု ထင်မှတ်နေစဉ်မှာပင် ဘယ်အရပ်က ရောက်လာမှန်းမသိသော လူပျိုပေါက်လေးတစ်စုမှာ အိပ်ရာနင်း ရန် ရောက်လာကြသည်။
၎င်းမှာ မင်္ဂလာခန်းဆောင်အတွင်း ဆူညံစွာ နောက်ပြောင်ကျီစယ်ကြခြင်းပင်။
ကံကောင်းသည်မှာ အခမ်းအနားမှူး လုကျန်းရှင်းမှာ အလွန်ပင် အရည်အချင်းရှိလှသည်။ သူက ကြေးပြားစေ့အချို့ကို ကြဲပက်လိုက်သဖြင့် ထိုကလေးများမှာ ထွက်ခွာသွားကြတော့သည်။
မင်္ဂလာဧည့်ခံပွဲတွင် အရက် အလွန်အကျွံ သောက်ခဲ့ရသဖြင့် သူသည် တော်တော်လေး မူးနေပြီ ဖြစ်သည်။
ဝူကျိရှန်း မင်္ဂလာခန်းဆောင်အတွင်းသို့ ဝင်လိုက်သောအခါ သူ၏ ခြေထောက်များမှာ ဂွမ်းပေါ်တွင် လျှောက်နေရသကဲ့သို့ ဖြစ်နေလေသည်။
"သခင်လေး"
အစေခံမလေး ချင်းချင်းမှာ သတို့သမီး၏ အစေခံအဖြစ်ပါလာသူဖြစ်သဖြင့် ခေါ်ဝေါ်ပုံကို ပြောင်းလဲရမည် ဖြစ်သည်။ ဝူကျိရှန်းကို သခင်လေး ဟု ခေါ်၍ သခင်မလေးရွန့်ကို သခင်မကြီး ဟု ခေါ်ရပေမည်။
ချင်းချင်းသည် အသစ်စက်စက် ချိန်ခွင်လျှာတံ တစ်ချောင်းကို ဝူကျိရှန်းအား ကမ်းပေးလိုက်ပြီး ကုတင်ထိပ်တွင် ထိုင်နေသော သခင်မလေးရွန့်ဘက်သို့ မေးထိုးပြလိုက်၏။
သတို့သမီး၏ အနီရောင် မျက်နှာဖုံးပုဝါကို လက်ဖြင့် တိုက်ရိုက် မ၍မရပေ။ ချိန်ခွင်လျှာတံဖြင့်သာ မပေးရခြင်းမှာ စိတ်တိုင်းကျဖြစ်စေခြင်းဟူသော ကောင်းမွန်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်ခြင်း ဖြစ်သည်။
ဝူကျိရှန်းသည် ချိန်ခွင်လျှာတံကို ကိုင်ကာ အနီရောင်ပုဝါကို ဖြည်းဖြည်းချင်း မလိုက်သည်။
သခင်မလေးရွန့်မှာ ရှက်ရွံ့နေပြီး အလွန်ပင် ချစ်စဖွယ်ကောင်းကာ မြတ်နိုးဖွယ်ရာ ပုံစံ ဖြစ်နေလေသည်။
မင်္ဂလာဦးည၏ထိုအခိုက်အတန့်တွင် ဝူကျိရှန်းမှာ စိတ်မထိန်းနိုင်အောင် ဖြစ်နေပြီ ဖြစ်သော်လည်း အစေခံမလေး ချင်းချင်းမှာ ထွက်သွားရန် နှေးကွေးနေဆဲပင်။
"ချင်းချင်း နင် ဘာများ ကျန်သေးလို့လဲ"
"မရှိတော့ပါဘူး"
မရှိတော့ဘူး ဟုတ်လား။ဘာမှ မကျန်တော့ရင် ဘာလို့ အမြန် မထွက်သွားတာလဲကြားထဲက လူပိုကြီး ဖြစ်နေတာကို မသိဘူးလား။
ဒါ ငါ့ရဲ့ မင်္ဂလာဦးညလေ။နင် မထွက်သွားရင် ငါတို့ ဘယ်လို ပျော်ရွှင်မှု ရှာရမလဲ။
သခင်မလေးရွန့်က ခေါင်းကို ငုံ့ထားရင်း တိုးတိုးလေး ပြောလိုက်သည်။
"ချင်းချင်း နင် ဒီမှာ ဆက်ပြီး ခစားဖို့ မလိုတော့ဘူး။ စောစော သွားနားတော့လေ"
ချင်းချင်းက ဇနီးမောင်နှံနှစ်ဦးကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးမှ
"သခင်လေးနဲ့ သခင်မကြီး.. နှစ်ပေါင်းတစ်ရာတိုင် သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ပါစေမြင့်မြတ်တဲ့ သားသမီးတွေလည်း အမြန် ရပါစေ"
ထိုသို့ ပြောပြီးနောက် ချင်းချင်းသည် ကုတင်ခန်းဆီးများကို ချလိုက်ကာ အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပြန်ပိတ်ပေးလိုက်လေသည်။
အခန်းထဲတွင် ဇနီးမောင်နှံ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ သခင်မလေးရွန့်က တိုးတိုးလေး ရေရွတ်လိုက်၏။
"ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းခဲ့ပါတယ်။ဒီလို မင်္ဂလာရှိတဲ့ နေ့မှာတော့ ကျွန်မရဲ့ ခင်ပွန်းသည်က ညင်သာပေးပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
#ထိုနောက်ခန်းမှစ၍နတ်ဆေးဆရာကြီးစွန်းအားသမားတော်ကြီးစွန်းအဖြစ်ပြောင်းလဲသုံးစွဲသွားပါမည်။