ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်
Vol. 82 Ch. 1107
မြေကမ္ဘာအရှင် အဆင့် ၈ မှ ကောင်းကင်အရှင်အဖြစ် တက်လှမ်းရန်မှာပင် အသက်ဘေးနှင့် ရင်ဆိုင်ရနိုင်ချေ ရှိပေရာ မြေကမ္ဘာအရှင် အဆင့် ၉ မှ တက်လှမ်းရန်မှာမူ ပြောနေရန်ပင် မလိုတော့ချေ။ အဆင့်မြင့်လေလေ ကျော်ဖြတ်ရန် ပိုမိုခက်ခဲလေလေ ဖြစ်ပေသည်။
ကောင်းကင်အရှင်ဇီကွမ်းသည် မြေကမ္ဘာအရှင် အဆင့် ၉ သို့ တက်လှမ်းရန် အစွမ်းမရှိခြင်း မဟုတ်ပေ။ သူသည် ကောင်းကင်အရှင်အဖြစ် တက်လှမ်းမည့် ဘေးဒဏ်ကို ကျော်ဖြတ်နိုင်ရန် အာမခံချက် မရှိခြင်းသာ ဖြစ်သည်။ အကယ်၍ ကောင်းကင်အရှင်အဖြစ် မတက်လှမ်းနိုင်ပါက ကျန်ရှိသော အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ပေတော့မည်။
“ဒါကို ကျွန်တော် သိပါတယ်... အသေအချာ ပြင်ဆင်ပြီးမှပဲ တက်လှမ်းရမှာပေါ့...”
ယီထျန်းယွမ်သည် နတ်ဘုရားအိပ်မက်ကျွန်းတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ပြန်လည်စဉ်းစားမိလိုက်ပေသည်။ ၎င်းမှာ အမှန်တကယ်ပင် ကောင်းကင်အရှင်အဖြစ် တက်လှမ်းစဉ် ကြုံတွေ့ရမည့် ဘေးဒဏ်မျိုး ဖြစ်နေပါမည်လော။
အကယ်၍ ထိုအတိုင်းသာ အမှန်တကယ် ဖြစ်လာပါက သူ၏ အစွမ်းကို များစွာ မြှင့်တင်ထားရန် လိုအပ်ပေလိမ့်မည်။ မဟုတ်ပါက သေတွင်းသို့ သက်ဆင်းရခြင်းနှင့် မခြားပေ။ ကောင်းကင်အရှင်အဖြစ် တက်လှမ်းစဉ် နတ်ဘုရားအရှင်အဆင့် တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရမည်ဆိုပါက ၎င်းမှာ အလွန်ပင် လွန်လွန်းလှသည် မဟုတ်ပါလော။
ထိုအချိန်ကျလျှင် သူသည် လက်ရှိကဲ့သို့ လက်သီးတစ်ချက်ဖြင့် ဘေးဒဏ်ကို ရိုက်ခွဲနိုင်မည် မဟုတ်တော့ဘဲ အပြင်းအထန် ခုခံရုံသာ တတ်နိုင်ပေလိမ့်မည်။ နတ်ဘုရားအရှင်အဆင့် တိုက်ခိုက်မှုကို ခုခံနိုင်ရုံမျှဖြင့်ပင် အတော်လေး ဟန်ကျနေပြီ ဖြစ်ပေရာ မည်သို့လျှင် တစ်ချက်တည်းဖြင့် ရိုက်ခွဲနိုင်ပါမည်နည်း။
အကယ်၍ ဘေးဒဏ်ကို ဒေါသထွက်အောင် ပြုလုပ်မိပါက ပိုမိုအားကောင်းသော တိုက်ခိုက်မှုများ ကျရောက်လာမည် ဖြစ်သဖြင့် အသက်ဘေးနှင့် ရင်ဆိုင်ရမည်မှာ သေချာလှပေသည်။
-“တိန်... ပင်မတာဝန် ‘မြေကမ္ဘာအရှင် အဆင့် ၉ သို့ တက်လှမ်းရန်’ အောင်မြင်ပါသည်၊ ဆုလာဘ်အဖြစ် ဆန်းကြယ်မှတ် သန်း ၅၀၀၊ အပြစ်မှတ် သန်း ၅၀၀ နှင့် ကျွမ်းကျင်မှုမှတ် သန်း ၅၀၀ ရရှိပါသည်”
-“တိန်... ပင်မတာဝန်သစ် ‘ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်အဖြစ် တက်လှမ်းရန် သို့မဟုတ် ကောင်းကင်အရှင်အဆင့်သို့ တက်လှမ်းရန်’ ကို လက်ခံရရှိပါသည်၊ ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်အဖြစ် တက်လှမ်းပါက ဆန်းကြယ်မှတ် သန်း ၁၀၀၀၊ အပြစ်မှတ် သန်း ၁၀၀၀ နှင့် ကျွမ်းကျင်မှုမှတ် သန်း ၁၀၀၀ ရရှိမည့်အပြင် ‘ကမ္ဘာဦး၏ ပထမဆုံး မြေကမ္ဘာအရှင်’ ဟူသော ဘွဲ့ထူးကို ရရှိပါမည်၊ ကောင်းကင်အရှင်အဆင့်သို့ တက်လှမ်းပါက ဆန်းကြယ်မှတ် သန်း ၅၀၀၊ အပြစ်မှတ် သန်း ၅၀၀ နှင့် ကျွမ်းကျင်မှုမှတ် သန်း ၅၀၀ ရရှိပါမည်”
-“ပင်မတာဝန် နှစ်ခုအနက် တစ်ခုကို ရွေးချယ်၍ တက်လှမ်းနိုင်ပါသည်”
“ဘာ...”
ယီထျန်းယွမ်သည် တာဝန်သစ်ကို မြင်လိုက်ရသည့်အခါ တစ်ကိုယ်လုံး မှင်တက်မိသွားတော့ပေသည်။ တာဝန်နှစ်ခု ဖြစ်နေခြင်းကြောင့် မဟုတ်ဘဲ တစ်ခါမှ မကြားဖူးသော စကားလုံးတစ်လုံး ပါဝင်နေခြင်းကြောင့် ဖြစ်ပေသည်၊ ၎င်းမှာ "ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်" ပင် ဖြစ်ချေသည်။
မြေကမ္ဘာအရှင် အဆင့်အတန်းတွင် အဆင့် ၉ မှာ အမြင့်ဆုံး မဟုတ်ပါလော။ မည်သို့ကြောင့် ဆယ်ဆင့်မြောက်ဟူ၍ ပေါ်ထွက်လာရသနည်းဆိုသည်မှာ သူ့အား အလွန်ပင် အံ့ဩသွားစေပေသည်။
“ညီလေးထျန်းယွမ်... ဘာဖြစ်လို့လဲ...”
ယီထျန်းယွမ် ရုတ်တရက် အော်ဟစ်လိုက်သဖြင့် စီနီယာအစ်ကိုဇီကွမ်းမှာ အံ့ဩသွားရပေသည်။
“စီနီယာအစ်ကိုဇီကွမ်း... မြေကမ္ဘာအရှင်မှာ ဆယ်ဆင့်မြောက်အဆင့်ဆိုတာ ရှိလား...”
ယီထျန်းယွမ်သည် စိတ်ကို ပြန်လည်ထိန်းချုပ်ကာ မေးမြန်းလိုက်ပေသည်။
“ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင် ဟုတ်လား...”
စီနီယာအစ်ကိုဇီကွမ်းသည် ရယ်မောလိုက်ပြီး ချက်ချင်းပင် ငြင်းပယ်လိုက်လေသည်။
“ဒီလို အခေါ်အဝေါ်မျိုး တစ်ခါမှ မကြားဖူးပါဘူး... အဆင့် ၉ ဆိုတာ အမြင့်ဆုံးပဲလေ၊ ဆယ်ဆင့်မြောက်ဆိုတာ မရှိပါဘူး... တခြားအဆင့်တွေမှာ ဆယ်ဆင့်အထိ ရှိတတ်လို့ မြေကမ္ဘာအရှင်မှာလည်း ရှိမယ်လို့ မင်းထင်နေတာလား...”
“ဟုတ်ပါတယ်...”
ယီထျန်းယွမ်က ခေါင်းညိတ်လိုက်ပေသည်။
“အဲဒီလိုမျိုး မဟုတ်ပါဘူး၊ အဆင့် ၉ က အဆုံးစွန်ပါပဲ... ဆယ်ဆင့်မြောက်ဆိုတာ လုံးဝ မရှိပါဘူး... တကယ်လို့ ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်သာ ရှိမယ်ဆိုရင် ကမ္ဘာကြီးတောင် တုန်လှုပ်သွားမှာပေါ့...”
စီနီယာအစ်ကိုဇီကွမ်းက ပြုံး၍ ဆိုလေသည်။
“ကိစ္စမရှိပါဘူး... ငါလည်း ဟိုးအရင်က အဲဒီလို တွေးခဲ့ဖူးတယ်၊ နောက်မှ အဲဒီလိုမျိုး မရှိဘူးဆိုတာ သိလာရတာပါ...”
စီနီယာအစ်ကိုဇီကွမ်းသည် ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်ဟူသည်မှာ မရှိနိုင်ကြောင်း အခိုင်အမာ ငြင်းဆိုလိုက်ပေသည်။
သို့သော်လည်း ယီထျန်းယွမ်ကမူ ဆယ်ဆင့်မြောက်ဟူသည်မှာ အမှန်တကယ် ရှိနေကြောင်း ထုတ်ဖော်မပြောခဲ့ချေ။ စနစ်သည် လုံးဝ လိမ်လည်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော အခွင့်အရေးကို ပေးအပ်ထားသည်ဆိုပါက ၎င်းမှာ သေချာပေါက် ရှိနေမည် ဖြစ်ပြီး အနည်းငယ်မျှပင် မှားယွင်းလိမ့်မည် မဟုတ်ချေ။
‘ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်လား...’
ယီထျန်းယွမ်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပေသည်။ အကယ်၍သာ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင် ထူးခြားသော ဘွဲ့ထူးဖြစ်သည့် ‘ကမ္ဘာဦး၏ ပထမဆုံး မြေကမ္ဘာအရှင်’ ကိုပါ ရရှိနိုင်မည် မဟုတ်ပါလော။
ဤဘွဲ့ထူး၏ အစွမ်းမှာ သေချာပေါက် ပြင်းထန်ပေလိမ့်မည်။ မည်သည့် အကျိုးသက်ရောက်မှုများ ပါဝင်မည်နည်းဆိုသည်မှာမူ ရရှိမှသာ သိနိုင်ပေလိမ့်မည်။ သို့သော် ဆယ်ဆင့်မြောက်သို့ တက်လှမ်းရန်အတွက် အထူးသတ်မှတ်ချက်များ လိုအပ်ပါမည်လော။
သူ စစ်ဆေးကြည့်လိုက်သည့်အခါ အမှန်တကယ်ပင် အထူးသတ်မှတ်ချက်များ ပါဝင်နေသည်ကို တွေ့လိုက်ရပေသည်။
-ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင် - တက်လှမ်းနိုင်ရန်အတွက် အခြေခံသတ်မှတ်ချက်မှာ မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဒုတိယမြောက် ဂြိုဟ်တစ်ခုကို တည်ဆောက်ရန် လိုအပ်သည်။ ထိုဂြိုဟ်ကို ခန္ဓာကိုယ်အတွင်း လည်ပတ်စေရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဂြိုဟ်နှစ်ခုကြား ကြယ်တာရာစွမ်းအားများ အပြန်အလှန် စီးဆင်းနေကာ အချင်းချင်း အထောက်အကူပြုနေသည့် အခြေအနေသို့ ရောက်ရှိရမည်ဖြစ်သည်၊ မဟုတ်ပါက ကျရှုံးသည်ဟု သတ်မှတ်မည် ဖြစ်သည် (မှတ်ချက် - ဗဟိုချက်ရှိသော ဂြိုဟ် ဖြစ်ရန် လိုအပ်သည်)။
ဤသတ်မှတ်ချက်ကို မြင်လိုက်ရသည့်အခါ သူ မျက်မှောင်ကြုတ်မိသွားပေသည်။ ဂြိုဟ်တစ်ခုကို ထပ်မံတည်ဆောက်ရန် လိုအပ်သည်တဲ့လား။ ဤအခက်အခဲမှာ သာမန်ထက် များစွာ ပိုမိုမြင့်မားလှပေသည်။ အထူးသဖြင့် ဂြိုဟ်နှစ်ခုရှိနေသည့် အခြေအနေတွင် ပြဿနာများ ဖြစ်ပေါ်ရန် အလွန်ပင် လွယ်ကူလှပေသည်။
အရေးကြီးဆုံးမှာ သာမန် ကျောက်တုံးတစ်ခုကို တည်ဆောက်ရုံမျှနှင့် မရဘဲ ဗဟိုချက် (Core) ရှိသော ဂြိုဟ်တစ်ခု ဖြစ်ရန် လိုအပ်ခြင်းပင် ဖြစ်ပေသည်။ မိမိကိုယ်တိုင် ဗဟိုချက်ကို တည်ဆောက်ရမည် သို့မဟုတ် တစ်နေရာရာမှ ဗဟိုချက်ကို ရှာဖွေ၍ ထည့်သွင်းရမည် ဖြစ်ပေသည်။
အမှန်တကယ်ပင် ခက်ခဲလွန်းလှပေသည်။ ဒုတိယမြောက် ဂြိုဟ်ကို တည်ဆောက်နိုင်ရုံမျှမက အချင်းချင်း မတိုက်မိစေရန်လည်း ထိန်းချုပ်ရမည် ဖြစ်ရာ မဟုတ်ပါက မိမိကိုယ်တိုင်ပင် သေဆုံးသွားနိုင်ပေသည်။
‘အခက်အခဲက တကယ်ကို ကြီးမားတာပဲ...’
ယီထျန်းယွမ်က ခေါင်းခါလိုက်ပေသည်။ နှစ်ပေါင်းများစွာအတွင်း မည်သူမျှ မအောင်မြင်ခဲ့ခြင်းမှာ မဆန်းပါချေ။ ဤမျှ တင်းကျပ်လှသော သတ်မှတ်ချက်အောက်တွင် မည်သို့လျှင် အောင်မြင်နိုင်ပါမည်နည်း။ သို့မဟုတ်ပါက ‘ကမ္ဘာဦး၏ ပထမဆုံး မြေကမ္ဘာအရှင်’ ဟူသော ထူးခြားလှသည့် ဘွဲ့ထူး ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။
၎င်းမှာ ကမ္ဘာဦးအစမှ ယခုအချိန်အထိ ဆယ်ဆင့်မြောက်သို့ ပထမဆုံး တက်လှမ်းနိုင်သူဟု အဓိပ္ပာယ်ရပေသည်။
ကြည့်ရသည်မှာ အခြားသော အဆင့်များကဲ့သို့ပင် ဆယ်ဆင့် ရှိနေခြင်း ဖြစ်သော်လည်း အလွန်ခက်ခဲလွန်းသဖြင့် ဆယ်ဆင့်မြောက်ဟူ၍ မရှိဟု ထင်မှတ်နေကြခြင်း ဖြစ်ပေလိမ့်မည်။ သို့မဟုတ် မဖြစ်နိုင်ဟု ယူဆထားကြသဖြင့် မည်သူမျှ လေ့ကျင့်အောင်မြင်ခြင်း မရှိခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ မည်သူမျှ မအောင်မြင်သဖြင့် ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်ဟူသည်မှာ မရှိကြောင်း သတ်မှတ်လိုက်ကြခြင်းပင် ဖြစ်ပေသည်။
‘ခက်ခဲပေမဲ့လည်း အခက်အခဲ မရှိရင် ဘာစိန်ခေါ်မှုမှ ရှိမှာ မဟုတ်ဘူးလေ’
ယီထျန်းယွမ်သည် နတ်ဘုရားအိပ်မက်ကျွန်းတွင် မြင်တွေ့ခဲ့ရသော အိပ်မက်မှာ ဘာလဲဆိုသည်ကို အကြမ်းဖျင်း သိရှိလိုက်ပေသည်။ ၎င်းမှာ ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်၏ ဘေးဒဏ် သို့မဟုတ် ဆယ်ဆင့်မြောက်မှ ကောင်းကင်အရှင်အဖြစ် တက်လှမ်းစဉ် ကြုံတွေ့ရမည့် ဘေးဒဏ်မျိုး ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် နတ်ဘုရားအိပ်မက်ကျွန်းက သူ့အား သတိပေးချက်တစ်ခု ပေးအပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဆယ်ဆင့်မြောက် မြေကမ္ဘာအရှင်၊ ကမ္ဘာဦး၏ ပထမဆုံး မြေကမ္ဘာအရှင်၊ ထိုအဆင့်မှ ကောင်းကင်အရှင်အဖြစ် တက်လှမ်းခြင်းကို ကောင်းကင်က ခွင့်ပြုပါမည်လော။ ထို့ကြောင့်ပင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမိုးကြိုးများ ကျဆင်းလာမည် ဖြစ်ရာ ၎င်းကို ခုခံနိုင်ခြင်း ရှိ၊ မရှိမှာမူ မိမိ၏ အရည်အချင်းအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ထို့နောက် သူသည် စီနီယာအစ်ကိုဇီကွမ်းနှင့်အတူ ရှေ့သို့ ဆက်လက် ပျံသန်းသွားပေသည်။ စီနီယာအစ်ကိုဇီကွမ်းသည် သူ့အား နတ်ဘုရားအိပ်မက်ကျွန်းသို့ ပြန်လည်ခေါ်ဆောင်သွားခြင်း မဟုတ်ဘဲ ရှေ့သို့ တိုက်ရိုက် ခေါ်ဆောင်သွားခြင်း ဖြစ်ပေသည်။
“အခု ငါတို့ တခြား ဂိုဏ်းတူတွေနဲ့ သွားပေါင်းကြမယ်၊ အဲဒီနေရာကမှ ထျန်းရှန်းနယ်မြေရဲ့ အကောင်းဆုံး ကျင့်ကြံရေးနေရာ ဖြစ်တာ... မင်း အခုမှ အဆင့်တက်တာဆိုတော့ အဲဒီမှာ သွားပြီး အခြေခိုင်အောင် လုပ်ဖို့ လိုအပ်တယ်...”
စီနီယာအစ်ကိုဇီကွမ်းက အားကျစွာဖြင့် ဆိုလေသည်။
“မင်းမှာ ကျောက်စိမ်းပြား သုံးခုတောင် ရှိနေတော့ ဒီမှာ အတော်လေး ကြာကြာ နေလို့ရတာပေါ့...”
“စီနီယာအစ်ကိုဇီကွမ်း... စီနီယာ့မှာရော အချိန်ဘယ်လောက် ကျန်သေးလဲ...”
ယီထျန်းယွမ်က မေးမြန်းလိုက်ပေသည်။
“မကြာတော့ပါဘူး၊ အများဆုံး ၁၀ ရက်လောက်ပဲ ကျန်တော့တယ်၊ အဲဒီနောက်မှာ ထွက်သွားရတော့မှာပါ...”
စီနီယာအစ်ကိုဇီကွမ်းက ပြုံး၍ ဆိုပေသည်။
“ဒီလိုလုပ်ပါလား... ဒီကျောက်စိမ်းပြားကို စီနီယာ ယူထားလိုက်ပါ...”
ယီထျန်းယွမ်က ကျောက်စိမ်းပြား သုံးခုအနက် တစ်ခုကို ထုတ်ယူ၍ စီနီယာအစ်ကိုဇီကွမ်းထံ ကမ်းပေးလိုက်ပေသည်။
သူသည် ကျောက်စိမ်းပြား သုံးခု ရရှိထားသဖြင့် ဤနေရာတွင် များစွာ ကြာမြင့်အောင် နေထိုင်နိုင်ပေသည်၊ အမှန်စင်စစ် သူသည် ထိုမျှအထိ ကြာမြင့်အောင် နေရန် မလိုအပ်ချေ။ ထို့အပြင် စီနီယာအစ်ကိုဇီကွမ်းသည် လူကောင်းတစ်ဦးဟု သူ ခံစားရသဖြင့် အချိန်အနည်းဆုံး ကျန်ရှိသော ကျောက်စိမ်းပြားကို ပေးအပ်လိုက်ခြင်း ဖြစ်ပေသည်။
သို့သော် စီနီယာအစ်ကိုဇီကွမ်းသည် အတင်းအကျပ် ငြင်းပယ်လိုက်လေ၏။
“ညီလေးထျန်းယွမ်... ဒါမျိုး လုံးဝ မလုပ်ပါနဲ့... မင်း အခုမှ မြေကမ္ဘာအရှင် အဆင့် ၉ ကို တက်လှမ်းတာဆိုတော့ ကျင့်ကြံခြင်းနယ်ပယ်ကို အခြေခိုင်အောင် လုပ်ဖို့ ပိုလိုအပ်တယ်... ပွင့်ပွင့်လင်းလင်း ပြောရရင် မြေကမ္ဘာအရှင် အဆင့် ၉ ကနေ ကောင်းကင်အရှင်အဖြစ် တက်လှမ်းဖို့ဆိုတာ အသက်တစ်ချောင်းနဲ့ လောင်းကြေးထပ်ရတာမျိုးပဲ... ငါ့မှာ လုံလောက်ပြီလို့ မတွေးပါနဲ့၊ တကယ်တမ်းကျတော့ ဘယ်လောက်ပဲ ရှိရှိ မလုံလောက်နိုင်ပါဘူး၊ တကယ် ပြောတာပါ...”
သူ၏ မျက်ဝန်းများထဲတွင် တည်ကြည်သော အမူအရာများဖြင့် ပြည့်နှက်နေပြီး ယီထျန်းယွမ် ပေးအပ်သော ကျောက်စိမ်းပြားကို လုံးဝ လက်မခံဘဲ သူ့အတွက်သာ စိုးရိမ်ပေးနေလေသည်။
ကြည့်ရသည်မှာ နတ်ဘုရားရေစင်နယ်မြေတွင် ကောင်းမွန်သော ဂိုဏ်းတူ ညီအစ်ကိုများ ရှိနေဆဲပင် ဖြစ်ပေသည်။
အခန်း ၁၁၀၇ ပြီးပါပြီ။