← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

Chapter 29: တောင်သခင်၏ထောက်ခံပေးမှု။

စုယွမ်နှင့်အတူသူတို့နှစ်ဦးလည်း ကွင်းပြင်ဆီသို့ အမြန်သွားလိုက်ကြ၏။

တပည့်အနည်းငယ်က ရောက်ရှိနေကြပြီးဖြစ်၏။

စုယွမ်တို့လည်း နေရာလွတ်တစ်ခုကိုတွေ့လိုက်၍ ဝင်ရပ်နေလိုက်သည်။

ယခုတစ်ခေါက် အချိန်ကျချိန်တွင် တန်းစီနေရပုံမှာ ယခင်ကနှင့်မတူတော့၊ ယခင်တစ်ခေါက်က ရလဒ်အတိုင်း တန်းစီနေရခြင်းဖြစ်ဖြစ်သည်။

စုယွမ်က ၁၈၈မြောက်နေရာတွင်ရပ်ပြီး ကျန်းဝေ့က ၁၄၃နေရာတွင် ရပ်ရသည်။

ဤသို့ဖြင့် ထိုနေရာရှိ အလတ်တန်းဝိညာဥ်ရင်းမြစ်ရှိတပည့်များက စုယွမ်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတော့သည်။

စုယွမ်မှာ ကြောင်အအဖြင့် ယဥ်ကျေးသည့်အပြုံးလေးသာ ပြုံးနေတော့၏။

ဝူကျင့်က အနီးအနားတွင်ရှိနေသည်ဖြစ်ရာ စုယွမ်ကို နှုတ်ဆက်လာ၏။

“ညီအစ်ကိုစုယွမ်၊ မတွေ့ရတာ ကြာပြီ။”

ဝူကျင့်က ရယ်မောလာ၏။

“ညီအစ်ကိုဝူကျင့်ပါလား။ ဘယ်လိုနေလဲ။ အပြင်ဆောင်ဝင်ဖို့ သေချာပြီလား။”

စုယွမ်က အပြုံးတစ်ပွင့်ဖြင့်မေးလိုက်သည်။

“ဟားဟား။ အဆင်ပြေပါတယ်၊ ဝင်နိုင်ပါတယ်။”

ဝူကျင့်လည်း ပြုံး၍ မေးလိုက်သည်။

“ညီအစ်ကိုစုယွမ်ရော ဘယ်တောင်ထိပ်ကိုသွားဖို့ တွေးထားလဲ။”

ဤသည်ကိုကြားတော့ စုယွမ်လည်း အံ့သြသွား၍ ပြောလိုက်၏။

“ငါတို့ကိုယ့်ဘာသာ ရွေးလို့ရတာလား။”

“ဟုတ်တယ်လေ။ ငါတို့က ထိပ်တန်းဆယ်ယောက်ထဲမှမဝင်တာ။ ထိပ်တန်းဆယ်ယောက်ကပဲ တောင်သခင်တွေဆီက ရွေးခံရမှာ။ ကျန်တဲ့သူတွေကျတော့ နေရာလွတ်သာရှိသရွေ့ ကြိုက်တဲ့တောင်ထိပ်သွားလို့ရတယ်။”

“ငါသိပြီ။”

စုယွမ်ခေါင်းညိတ်လိုက်သည်၊ ယခုတော့ စိတ်သက်ရာရသွားပေပြီ။

သူက စာကြည့်တိုက်မှတဆင့် ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏တောင်သခင်များအခြေအနေကို အကြမ်းဖျင်းသိရှိထား၏။

ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင် တောင်ထိပ်ခုနစ်ခုရှိပြီး၊ ခုနစ်စဥ်အကြွင်းမဲ့ရောင်စဥ်ဟု လူသိများ၏။ ၎င်းတို့မှာ မန္တန်၊ ဆေးဝါး၊လက်နက်၊ နတ်ဘုရားအာရုံ၊ ဝိညာဉ်ရေးရာ၊ မိုးကြိုးနှင့် သာလွန်တောင်ထိပ်တို့ဖြစ်ကြသည်။

ဆေးဝါးနှင့်လက်နက်ဆိုင်ရာတောင်ထိပ်မှာ နည်းပညာဆိုင်ရာ တောင်ထိပ်များဖြစ်ကြ၏။ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းသည် ယင်းနယ်ပယ်နှစ်ခုတွင် ထူးခြားသည့်နေရာတစ်ခုကို ရပ်တည်လျက် ဂိုဏ်း၏ထောက်တိုင်၂ချောင်းအဖြစ် တည်ရှိနေကြသည်။ ဒုတိယအားဖြင့် မန္တန်ဆိုင်ရာတောင်ထိပ်မှာမူ အနုစိတ်ကာ ရှုပ်ထွေးလှသောမန္တန်များ ထွက်ပေါ်မှုကြောင့် လူသိများ၏။ နတ်ဘုရားအာရုံတောင်ထိပ်သည်ကား ခိုင်မာသည့်ဝိညာဉ်ရေးရာ အသိအမြင်ကြောင့် လူသိများပြီး ဝိညာဉ်ရေးရာတောင်ထိပ်ကတော့ ဝိညာဉ်စွမ်းအင်ဆိုင်ရာ အကြောင်းကိစ္စများကို လေ့လာသလို မိုးကြိုးတောင်ထိပ်က မိုးကြိုးစွမ်းအင်ကို လေ့လာပေ၏။ နောက်ဆုံးဖြစ်သော သာလွန်တောင်ထိပ်ကတော့ အလွန်ဆန်းကြယ်သလို လူအနည်းဆုံးတောင်ထိပ်တစ်ခုဖြစ်ပြီး ယင်းတောင်ထိပ်နှင့်ပတ်သက်ပြီး စာကြည့်တိုက်တွင် ရေရေရာရာ မှတ်တမ်းတင်ထားသည်မရှိပါပေ။

ဝူကျင့် သက်ပြင်းချလိုက်၏။

“ငါသာ တောင်သခင်တစ်ယောက်စီက ရွေးချယ်ခံလိုက်ရရင် ကောင်းမယ်ကွာ။ သူတို့ကိုယ်တိုင်ရွေးခံလိုက်ရတဲ့သူတွေဆို အဓိကအရင်းအမြစ်တွေရပြီး ကောင်းကောင်းကျင့်ကြံနိုင်တယ်ကြားတယ်။ ဒါပေမဲ့ ဒါက ထိပ်တန်းတွေ အဆင့်မြင့်ဝိညာဉ်ရင်းမြစ်တွေပဲ အရွေးခံရမှာပါ။ ငါ့လို သာမန်ဝိညာဉ်ရင်းမြစ်လေးအတွက်က အခွင့်အရေးတောင်ရှိမှာမဟုတ်ဘူး။”

စုယွမ်က ခေါင်းခါ၍ တွေးလိုက်မိ၏။

“သစ်တောထဲမှာ ထင်းထွက်နေတဲ့သစ်ပင်ဆိုတာ ပိုပြီးတိုက်ခိုက်ခံရတတ်တယ်။ တောင်သခင်ဆီကရွေးချယ်ခံရတယ်ဆိုတာ ငါ့အတွက်တော့ သတင်းဆိုးပဲ။”

ဤသို့ဖြင့် ကွင်းပြင်းထဲဝယ် တပည့်များအားလုံး တဖြည်းဖြည်းချင်း စုဝေးရောက်ရှိလာကြသည်။

လူတိုင်းလည်း စင်မြင့်ပေါ်သို့ မျှော်လင့်တကြီးကြည့်နေမိ၏၊ သို့ပင်တည်း စင်မြင့်ပေါ်တွင် တစ်ယောက်မှ ပေါ်မလာသေးပေ။

ထို့ကြောင့် တပည့်များက အတွေ့အကြုံရှိနေပြီးဖြစ်သောကြောင့် ကောင်းကင်ကိုသာ မော့ကြည့်နေလိုက်ကြသည်။

စုယွမ်လည်း ကောင်းကင်ပေါ်တွင် ရင်းနှီးနေသည့်မြင်ကွင်းတွေပေါ်လာမလားဆိုတာ စောင့်ကြည့်နေလိုက်၏။

ရုတ်တရက်၊ ကောင်းကင်ထက်အလင်းတန်းတစ်ခုကျရောက်လာပြီး လေထုအလယ်တွင် ပေါက်ကွဲလျက် နေမင်း၏အရိပ်အယောင်အောက်တွင် စူးရှတောက်ပလာ၏။ တပည့်များက မျက်လုံးများပြူးကျယ်သွားကြလျက်၊ အလင်းရောင်တို့ကလည်း ကောင်းကင်တခွင် စူးရှသွားကြသည်။ ထိုအလင်းတို့က ပြေပျောက်သွားချိန်တွင်မှ စင်မြင့်၏အလယ်ဗဟိုတွင် တောင်သခင်ဖြစ်ဟန်တူသော အရိပ်အယောင်တစ်ခုကို တွေ့လိုက်ရသည်။

“ဒီအဘိုးကြီးကတော့ ... “

စုယွမ်မှာ သူ့ကို အလွန်ဝံ့ကြွားလွန်းသည်ဟု ပြောခဲ့ဖူးသည်၊ သို့သော် ထိုပုဂ္ဂိုလ်မှာ တောင်သခင်အဆင့်အကြီးအကဲဖြစ်ရာ ဝံ့ကြွားလောက်သည့်အနေအထားပါပေ။

တောင်သခင်က ကြောင်အနေကြသောလူအုပ်ကြီးကို ကြည့်လျက် ပြုံးပြလာ၏။

“သုံးလဆိုတဲ့အချိန်ကတော့ ပြည့်သွားပြီ။ ပြန်သာစဥ်းစားကြည့်ရင် သုံးလဆိုတဲ့အချိန်ကလည်း မနေ့တနေ့ကလိုပဲ။ ဒီနေ့ဒီအချိန်ကစပြီး မင်းတို့ကျင့်ကြံရေးလမ်းစဥ်က စတင်ပြီပဲ၊ အဲ့ဒီတော့ အနာဂတ်ကျရင် မင်းတို့အားလုံး .... “

ရုတ်တရက် ဤတူညီနေသောခံစားချက်တစ်ခုမှာ ဖုံးလွှမ်းသွားပြီး စုယွမ်ကို ကြောင်အသွားစေလေသည်။

ဆယ့်ငါးမိနစ်ကြာမြင့်ပြီးနောက် ချောင်းဟန့်သံတစ်ခုက အပေါ်မှထွက်ပေါ်လာ၏။

တောင်သခင်၏အသံမှာ ကြားဝင်ဖြတ်ခံလိုက်ရသည်။ လူတိုင်းမော့ကြည့်လိုက်တော့ သူတို့အပေါ်တွင်ပင် လွှင့်မျောနေသော ထိုင်ခင်းနေရာ၇ခုထွက်ပေါ်လာပြီး ယင်းတို့အပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ကျင့်ကြံသူ၇ယောက် ထိုင်နေကြ၏။ ထိုသူများမှာ ယောက်ျား၊မိန်းမ ကြီးကြီးငယ်ငယ် ပုံစံမျိုးစုံ အရွယ်ပေါင်းစုံနှင့်ပင်။

တောင်သခင် မိတ်ဆက်ပေးလိုက်၏။

“ဒီတစ်ခေါက်စစ်ဆေးတာကို တောင်ထိပ်သခင် ၇ယောက်ကပါ ဝင်ရောက်ကြည့်ရှုလိမ့်မယ်။ အခု တောင်သခင်တို့ကို ကြိုဆိုလိုက်ကြရအောင်။”

ခုနစ်ခုသော ပလ္လင်တို့မှာ ကောင်းကင်မှ စင်မြင့်ထက်သို့ ဖြေးညင်းစွာ ဆင်းသက်လာကြသည်။ စုယွမ် ယင်းပုလ္လင်များအနောက်တွင် ဆေးဝါး၊လက်နက်၊ နတ်ဘုရားအာရုံ၊ ဝိညာဉ်ရေးရာ၊ မိုးကြိုးနှင့် သာလွန်တောင်ထိပ်အစရှိသဖြင့် တောင်ထိပ်ကိုယ်စားပြုအမှတ်အသားများ ထိုးထွင်းထားကြကြောင်း တွေ့လိုက်ရ၏။

တောင်သခင်၇ယောက်ကလည်း လူအုပ်ကိုဝေ့ဝဲကြည့်လာသည်၊ သို့သော် အဓိအားဖြင့်တော့ ယဲ့ပိဖန်နှင့် လျှိုမူဝမ်ကိုသာ လေ့လာနေကြခြင်းဖြစ်သည်။

“ဒီတခေါက်က လူတွေက မဆိုးဘူးပဲ။”

ဆေးဝါးဆိုင်ရာတောင်သခင်က ပြုံး၍ပြောလာသည်။

“ဒီထိပ်တန်းဝိညာဥ်ရင်းမြစ်၂ယောက်က သာမန်မဟုတ်ဘူးပဲ။ အရင်တစ်ခေါက်က ငါရွေးခွင့်မရခဲ့ဘူး။ ဒီတခေါက်တော့ ငါရွေးမယ်။”

မန္တန်ဆိုင်ရာတောင်သခင်က ပြောလာသည်။

“အစဥ်လိုက်အရဆိိုရင် ဒီတစ်ခေါက်က မန္တန်ဆိုင်ရာတောင်ထိပ်ရွေးရမဲ့အလှည့်ပဲ။ ဒါပေမဲ့ အခြားတောင်ထိပ်ဆန္ဒရှိပါ့မလား ကြည့်ရဦးမယ်လေ။”

တောင်သခင်က ဆိုလိုက်၏။

မန္တန်ဆိုင်ရာတောင်ထိပ်သခင်က အလွန်တည်ငြိမ်တေသည်။ သူကတော့ သူ့ဘက်မှ ကိုယ်တိုင်ထုတ်ပြောထားသော စကားကို အခြားသူများက ငြင်းလိမ့်မည်ဟု မထင်ပါချေ။

နတ်ဘုရားအာရုံတောင်ထိပ်သခင်က ပြုံး၏။ သူမက ဒုတိယမြောက် ရွေးချယ်ရန်အလှည့်ကျသူဖစ်ရာ ထိပ်တန်းဝိညာဥ်ရင်းမြစ် တစ်ယောက်ကို ရွေးလိုက်မည်ပင်။

ဝိညာဉ်ရေးရာတောင်ထိပ်သခင်ကတော့ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ သူ မသေမျိုးမျိုးစေ့တောင်သခင်ကို အနည်းငယ်အချက်ပြလျက် သီးသန့်အသံပို့လိုက်သည်။

“အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်တွေထဲ ဘယ်သူက အခြေအနေအကောင်းဆုံးလဲ။’

တောင်သခင်လည်း ချက်ချင်းပြန်ဖြေလာသည်။

“လျှိုမြောင်ဝမ်က မဆိုးဘူး။”

ဝိညာဉ်ရေးရာတောင်သခင်၏မျက်နှာမှာ ပြန်ပြေလျော့သွားလျက် ခေါင်းညိတ်လာ၏။

“ကောင်းပြီ။ ပြောပြတဲ့အတွက် နောက်မှ ကောင်းကောင်းပြုစုပေးပါ့မယ်။”

မိုးကြိုးတောင်ထိပ်သခင်မှာတော့ အတည်ငြိမ်ဆုံး ဖြစ်နေ၏၊ အကြောင်းမှာ သူက အထူးတလည် ပြိုင်ရွေးစရာ မလိုသောကြောင့်ပင်၊ ထိုအစား မိုးကြိုးစွမ်းအင်ရှိသူများအနက်မှ အဆင်ပြေသည့်တစ်ယောက်ရွေးလိုက်ရုံသာ။

သာလွန်တောင်ထိပ်သခင်ဖြစ်သူ ဝမ့်စစ်မင်ကလည်း တောင်သခင်ထံ အချက်ပြပို့လွှတ်လိုက်သည်။

သူ မေးလိုက်၏။

“ဒီတစ်သုတ်ထဲမှာ ထိပ်ဆုံးကကျော်ကြားနေသူတွေအပြင် ဘယ်သူက အဆင်ပြေသေးလဲ။”

တောင်သခင်က တွန့်ဆုတ်သွားသည့်ပုံပင်။

ဝမ့်စစ်မင်၏မျက်ခွံများမှာ တချက်တွန့်သွားလျက် သူ ထပ်ပြောလိုက်သည်။

“သက်တမ်းနှစ်ရာရှိတဲ့ ကျစ်ရန်ပန်းကို ပေးမယ်။”

တောင်သခင်ကလည်းအလွန်ရွှင်မြူးသွား၏၊ သို့သော် သူ မသိချင်ယောင်ဆောင်နေပြီး ဘာမှထုတ်မပြောသေးပေ။

ဝမ့်စစ်မင်၏မျက်လုံးများမှာ စိတ်မရှည်ဟန်ရလာသည်။

“ခိုင်းရန်ကျောက်တုံးကိုပါ ပေးမယ်။”

ထိုအခါမှ တောင်သခင်၏မျက်လုံးအစုံမှာ လွန်စွာအရောင်တောက်သွားပြီး ဆိုလာသည်။

“စုယွမ်၊ ဒီကလေးက မဆိုးဘူး။”

“အဆင့်မြင့်ဝိညာဉ်ရင်းမြစ်တွေထဲ အဲ့ဒီနာမည်မတွေ့ပါဘူး။”

ဝမ့်စစ်မင် ပြန်မေးလိုက်သည်။

ပုံမှန်အားဖြင့် သူတို့သည် ထိပ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်များ၏အမည်စာရင်းကို ကြိုတင်ရရှိထားလေ့ရှိသည်။

“သူက အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်ပဲ၊ တပည့်ကတ်ပြားက အဆင့်၂၉၉၊ ပထမစစ်ဆေးမှုမှာတော့ သူက အဆင့်၁၈၈ရခဲ့တယ်။ ဒီတခေါက် သူ ပိုမြင့်လာလောက်တယ်။”

တောင်သခင်က ပြောပြီးတာနှင့် ဘာမှထပ်မပြောတော့ဘဲ ဆေးဝါးဆိုင်ရာတောင်သခင်နှင့်လက်နက်ရေးရာတောင်သခင်တို့ ခေါ်တာကိုသာ ပြန်ဖြေနေလိုက်၏။

ဝမ့်စစ်မင်မှာ အတွေးနက်သွားရသည်။ ဤလူအိုကြီးလန်မှာ လူများကို အကဲခတ်ရာတွင် အလွန်တိကျ၏။ အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်တစ်ဦးက သူ၏မျက်လုံးထဲဝင်လာသည်ဆိုတာမှာလည်း ထိုသူက တစ်ခုခုတွင် အများထက်သာလွန်သည့် အရည်အချင်းတစ်ခုရှိလိမ့်ပေမည်။ သာလွန်တောင်ထိပ်ကလည်း အမြဲတစေ အရေအတွက်ထက် အရည်အချင်းကို ပို၍ဦးစားပေးခဲ့သော တောင်ထိပ်ဖြစ်လေရာ ယခင်က အနိမ့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တစ်ယောက်မှ မရွေးခဲ့ဖူးပါချေ။

သူ တော်တော်လေးတွေးမိသွားရသည်။

တောင်သခင်က လက်ဝှေ့ယမ်းလိုက်ပြီး ကျင့်ကြံဆင့်စစ်ဆေးသည့်ကျောက်စိမ်းကို စင်ပေါ်တွင် နေရာချလိုက်၏။ ထို့နောက် သူပြုံး၍ ပြောလိုက်သည်။

“အခု၊ အပြင်ဆောင်၊ နောက်ပြီး အဲ့ဒီထက်မြင့်တဲ့နေရာကို ရချင်တဲ့သူတွေ ရှေ့တိုးလာခဲ့ပါ။ ကျန်တဲ့တပည့်တွေကတော့ နောက်ဆုတ်လိုက်ကြပါ။”

ဤသည်ကိုကြားတော့ တပည့်၇၀၀ကျော်လောက်က ကူရာမဲ့စွာသာ နောက်ဆုတ်သွားကြ၏။ သူတို့မှာ သူတို့ကိုယ်သူတို့ သိပေသည်။ သူတို့ဆိုသည်မှာ အပြင်ဆောင်ဝင်ဖို့ လုံးဝမဖြစ်နိုင်သောကြောင့် ဝင်၍စစ်ဆေးခံရန်လည်းမလိုအပ်၊ ထိုသို့ဆိုလျှင် သူတို့တောင်သခင်များရှေ့ မျက်နှာပျက်ရခြင်းကိုလည်း ရှောင်ကြဥ်ပြီးသားဖြစ်သွားချေပြီ။

ကျိုးဝူယိုလည်း လူအုပ်နှင့်အတူ ရှက်ရွံ့စွာပင် နောက်ဆုတ်လိုက်၏။ သူ မျှော်လင့်ချက်အားလုံးကို စုယွမ်အပေါ်ကိုသာ ပုံအောထားလိုက်တော့သည်။ သူ အပြင်ဆောင်တို့ဝင်နိုင်မဝင်နိုင်ဆိုသည်မှာ စုယွမ်ပေါ်တွင် မူတည်နေချေပြီ။

သူသာ စုယွမ်၏ကျေးဇူးကြောင့် အပြင်ဆောင်ကိုဝင်နိုင်ခဲ့ပါက သူက စုယွမ်၏လူရင်းဖြစ်သွားသည့်အတွက် အကျိုးကျေးဇူးမှာ ပုံမှန်သူ့ဘာသာ အပြင်ဆောင်ဝင်ရသည်ထက်ပင် ပို၍များပေမည်။ အတွင်းဆောင်တပည့်တစ်ဦးနောက်ခံရှိနေသည့်အတွက် သူလည်း မိသားစုထံမှ ပို၍ အရင်းအမြစ်များရရှိပေမည်။ ကွာခြားချက်မှာ များပြားလှပေ၏။

Chapter 30

ကွင်းထဲတွင် တပည့်၂၅၀သာကျန်ခဲ့သည်။ အနိမ့်ပိုင်းရှိသည့်တပည့်များကတော့ အထူးသဖြင့် အလွန်စိတ်လှုပ်ရှားနေလေ၏။

“အမြင့်ပိုင်းတွေက အရင်စမယ်။ အရင်ဆုံး ယဲ့ပိဖန် တက်လာခဲ့လိုက်။”

တောင်သခင် ပြောလိုက်သည်။

ယဲ့ပိဖန်လည်း ခဏရပ်တန့်သွားပြီးမှ တည်ငြိမ်စွာဖြင့် စင်ပေါ်သို့ ရောက်လာခဲ့သည်။

တောင်ထိပ်သခင်၇ယောက်လုံးက ယဲ့ပိဖန်ကိုစိုက်ကြည့်နေသည်မှာ အဖိုးမဖြတ်နိုင်သော ကျောက်စိမ်းတုံးဖြစ်နေသည့်အတိုင်းပင်။

ထိပ်တန်းဝိညာဥ်ရင်းမြစ်တစ်ခုတည်းကပင် အလွန်အဖိုးတန်နေပြီပင်၊ သူ့တွင် ရွှေအဆင့်အမြုတေရှိပါရှိနေသည့်အတွက် အနှီသူမှာ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အထိ မျှော်မှန်းရပေသည်။

မည်သူကများ ထိုသို့သောတပည့်ကို မလိုချင်ဘဲနေပါမည်နည်း။

ယဲ့ပိဖန်က တောင်သခင်တို့ကို ဦးညွတ်လိုက်သည်။

“ပိဖန် တောင်သခင်တို့ကို ဂါဝရပြုပါတယ်။”

၇ယောက်လုံးက တုံ့ပြန့်သည့်အနေဖြင့် ပြုံး၍ ခေါင်းညိတ်ကြလာကြသည်။

ယဲ့ပိဖန်လည်း ဦးညွတ်ပေးပြီးနောက်တွင် သူ ကျောက်စိမ်းနားလျှောက်သွားရင်း တပည့်များရှိရာနေရာဆီ ပြန်လှည့်ကြည့်လိုက်သည်၊ အထူးသဖြင့် လျှိုမူဝမ်နှင့်စုယွမ်ကို စိုက်ကြည့်လျက် နှုတ်ခမ်းထောင့်တွင် မောက်မာသည့်အပြုံးချိတ်ဆွဲထားပြီး ကျောက်စိမ်းပေါ်တွင် လက်တင်လိုက်တော့သည်။

စူးရှသောအလင်းတန်းက ကျောက်စိမ်းမှထွက်ပေါ်လာပြီး လူအားလုံး၏အာရုံကို ဆွဲဆောင်သွားချေသည်။ ကျောက်စိမ်ပေါ်တွင် စာသားများပေါ်လာ၏။

【 ဝိညာဉ်ချီမျှင် ၃၀၁၃၂မျှင်】

【 ဝိညာဉ်သွေးကြော ၁၀ခုတည်ဆောက်ပြီးစီး 】

【 ချီစုဆောင်းခြင်းအဆင့်လေး】

လူတိုင်း တိတ်ဆိတ်သွား၏။

“ချီစုဆောင်းခြင်းအဆင့်လေးတဲ့လား။ ဒီတခုတည်းနဲ့တင် အပြင်ဆောင်ကိုဝင်လို့ရနေပြီကို။”

“ဒါ့အပြင် ဝိညာဉ်ချီမျှင်က ၃၀၀၀၀ကျော်တဲ့လား။ ဘယ်လိုတွေတောင်လဲ။ ဒါကြီးက ယုတ္တိမရှိတာပဲ။”

“ကွာဟချက်ကြီးကကွာ။”

တောင်ထိပ်သခင်များကလည်း အံ့သြသွားကြ၏။

“သုံးလအတွင်း အရင်းအမြစ်အများကြီးမရှိတာတောင် ကိုယ့်အားကိုယ်ကိုးပြီး ချီစုဆောင်းခြင်းအဆင့်လေးရောက်တယ်ဆိုတာ တကယ်ကို ထူးချွန်လွန်းတာပဲ။”

ဆေးဝါးဆိုင်ရာတောင်ထိပ်သခင်က ပြုံးရယ်လာသည်။

“ဝိညာဉ်သွေးကြော၁၁ခုရှိဖို့ သိပ်မကြာတော့ဘူးပဲ၊ မဆိုးဘူး။”

လက်နက်ဆိုင်ရာတောင်ထိပ်သခင်ကလည်း ခေါင်းညိတ်၏။

ယဲ့ပိဖန်က ပုံမှန်အတိုင်းသာ ပြုံးနေမြဲပင်။

ဤတစ်ကြိမ်တွင်မူ မန္တန်ဆိုင်ရာတောင်ထိပ်သခင်က ပြောလာ၏။

“ဒီဆရာက မန္တန်ဆိုင်ရာတောင်ထိပ်သခင်ပဲ။ မင်း ငါတို့တောင်ထိပ်ကိုလာချင်သလား။”

ဤသည်ကိုကြားတော့ ယဲ့ပိဖန်လည်း လေးစားမှုအပြည့်ဖြင့် ဆိုလိုက်သည်။

“ဒီတပည့် ဆန္ဒရှိပါတယ်။”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ဆရာ့ဆီလာခဲ့။”

ယဲ့ပိဖန်ကလည်း မန္တန်ဆိုင်ရာတောင်ထိပ်သခင်ဘေးသို့ တည်ငြိမ်စွာပင် သွားလိုက်သည်။

လူတိုင်းမှာ မနာလိုဟန်ပြလာကြသည်။ ယဲ့ပိဖန်မှာ လွယ်လွယ်ကူကူပင် တောင်သခင်တစ်ယောက်ဆီမှ တိုက်ရိုက်ရွေးချယ်ခံရလျက် အတွင်းတပည့်တိုက်ရိုက်ဖြစ်သွားသည်မှာ မနာလိုချင်စရာပင်။

ယဲ့ပိဖန်ပြီးနောက် လျှိုမူဝမ်ကလည်း စင်ပေါ်တက်သွားလိုက်သည်။ လျှိုမူဝမ်ကတော့ ဟိတ်ဟန်များမနေပေ။ သူမက ကျောက်စိမ်းဆီကိုသာ တန်းတန်းမတ်မတ်သွား၍ လက်ကိုတင်လိုက်သည်။

【 ဝိညာဉ်ချီမျှင် ၁၉၀၃မျှင် 】

【 ဝိညာဉ်သွေးကြော ၁၀ခု တည်ဆောက်ပြီးစီး 】

【 ချီစုဆောင်းခြင်းအဆင့်လေး 】

နောက်ထပ် ချီစုဆောင်းခြင်းအဆင့်လေးလား။

သို့သော်လည်း အရှေ့တွင် ယဲ့ပိဖန်က ခံသွားသည့်အတွက် လူတိုင်းက အံ့သြနေဆဲဖြစ်သော်လည်း အရမ်းမဟုတ်တော့ပေ။

လျှိုမူဝမ်က တောင်သခင်တို့ထံ လှမ်းကြည့်လိုက်သည်။

နတ်ဘုရားအာရုံတောင်သခင်က ညင်သာစွာ ပြုံးလာ၏။

“ကလေးမလေး၊ ငါ့ဆီကို လာခဲ့။”

“ဟုတ်ကဲ့ပါ။”

လျှိုမူဝမ်လည်း နာခံစွာဖြင့် နတ်ဘုရားအာရုံတောင်သခင်နား သွားနေလိုက်၏။

ဤသို့ဖြင့် ထိပ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်နှစ်ဦးမှာ ရွေးချယ်ခံလိုက်ရချေပြီ။

ဤသို့ဖြင့် ချီစုဆောင်းခြင်းအဆင့်လေးမှာ လူတိုင်းအတွက် စံနှုန်းတောင်ထိပ်တစ်ခု သတ်မှတ်ပေးလိုက်သလိုပင်၊ ထို့အတူ ယဲ့ပိဖန်က လျှိုမူဝမ်ထက် များစွာသာနေကြောင်းကိုလည်း လူတိုင်းတွေ့မြင်နိုင်သွား၏။

တတိယလူအနေဖြင့် ကျန့်ဟယ်၏အလှည့်ပေ။

သူလည်း ပြုံး၍ဦးညွတ်လိုက်၏။ သို့သော် တောင်သခင်များ၏အမူအရာက သာမာန်လျှံကာပင်၊ ကံကောင်းထောက်မသည်က သူ တုံ့ပြန့်ခံရသေးသည်။

ကျန့်ဟယ်၏ရလဒ်များကလည်း သိပ်၍မဆိုးပါပေ။

【 ဝိညာဉ်ချီမျှင်၁၂၈၉မျှင် 】

【 ဝိညာဉ်သွေးကြော ၈ခု တည်ဆောက်ပြီးစီး】

【 ချီစုဆောင်းခြင်းအဆင့်သုံး 】

ဤရလဒ်မှာလည်း အလွန်ထူးချွန်လေသည့်အတွက် တောင်ထိပ်သခင်များကလည်း ချီးမွန်းလာ၏။

သူ ဝိညာဉ်ရေးရာတောင်သခင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော်လည်း ဝိညာဉ်ရေးရာတောင်သခင်က ဘာမှမပြော။

တစ်ခဏကြာပြီးနောက်တွင် လက်နက်ဆိုင်ရာတောင်သခင်က ဝင်ပြောလာခဲ့သည်။

“မင်းက သတ္ထုစွမ်းအင်ရှိတာပဲ။ ငါ့ဆီကိုလာပြီး လက်နက်ရေးရာလာသင်လှည့်။”

“ဟုတ်ကဲ့ပါ။”

ကျန့်ဟယ်မှာ နောက်ဆုံးတွင် တောင်သခင်တစ်ဦးက အလိုရှိလာသည့်အတွက် စိတ်လှုပ်ရှားသွားရ၏။

ကျန့်ဟယ်လည်း လက်နက်ရေးရာတောင်သခင်ထံ သွားလိုက်သည်။

ထို့နောက်တွင် မိုးကြိုးစွမ်းအင်ရှိတပည့်တစ်ယောက်ကို မိုးကြိုးတောင်ထိပ်သခင်က လက်ခံပြီး အမြင့်တန်းမီးသစ်သားစွမ်းအင်နှစ်ခုတွဲပိုင်ရှင်ကိုတော့ ဆေးဝါးဆိုင်ရာတောင်သခင်မှ လက်ခံလိုက်၏။

နောက်ဆုံးတွင် သာလွန်တောင်ထိပ်သခင်သာလျှင် တပည့်မခေါ်ယူရသေးသည်ဖြစ်ရာ အဆင့်မြင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်များမှာ မျှော်လင့်တကြီးကြီးနှင့် လှုပ်လှုပ်ရွရွဖြစ်နေတော့သည်။

စုယွမ်လည်း စင်မြင့်ကိုသာ တည်ငြိမ်စွာ ကြည့်နေသည်။

သူက တောင်သခင်များရွေးချယ်တာကို ဂရုမစိုက်ပါချေ။ သူ့မှာ တောင်ထိပ်သို့ဝင်ရောက်ပြီးနောက် အစားကောင်းကောင်းတစ်နပ်ကိုသာ စားချင်မိ၏။ သူ သုံးလလုံးလုံး ပေါ်ကူဆေးလုံးကိုသာ မှီဝဲခဲ့ရသည်ဖြစ်ရာ အခြေအနေက အန်ထွက်မတတ်ဖြစ်နေလေပြီ။

မသိလိုက်ဘာသာနှင့် စစ်ဆေးမှုမှာ စုယွမ်၏အလှည့်ရောက်လာတော့သည်။

သူလည်း စင်မြင့်ပေါ်တက်၍ တည်တည်ငြိမ်ငြိမ်သာ ကျောက်စိမ်းကို ဖိလိုက်သည်။

ထို့နောက်တွင် သူ သာမန်လျှံကာဖြင့် ကျောက်စိမ်းပေါ်ရှိစာသားကို ကြည့်လိုက်သည်။

【 ဝိညာဉ်ချီမျှင် ၈၀၈၃မျှင် 】

【 ဝိညာဉ်သွေးကြော ၇ခု တည်ဆောက်ပြီးစီး】

【 ချီစုဆောင်းခြင်းအဆင့်သုံး】

ဤသို့ဖြင့် စင်အောက်တွင် ခပ်အုပ်အုပ်တီးတိုးသံများ ဖြစ်ပေါ်လာတော့၏။ သို့လင့်ကစား အမြင့်တန်းဝိညာဥ်ရင်းမြစ်များနှင့်ယှဥ်လျှင်တော့ အနှီရလဒ်မှာ ဘာမှမဟုတ်။

စုယွမ်ကတော့ ဤသည်မှာ အဆင့်မြင့်သော်လည်း လွန်စွာကျော်ကြားလောက်သည်အထိ မဟုတ်ဟုတွေးလိုက်၏။

【 ဒင်၊ ကျော်ကြားမှုအမှတ် + 1 】

【 ဒင်၊ ကျော်ကြားမှုအမှတ် + 1 】

【 ဒင်၊ ကျော်ကြားမှုအမှတ် + 1 】

စနစ်အသိပေးသံမှာ သုံးခါတိတိထွက်လာပြီး ထပ်မမြည်တော့ပေ။ သူ ၃မှတ်သာ ထပ်ရပြီး ယခုဆိုလျှင် ကျော်ကြားမှုအမှတ် ၅၇မှတ်ဖြစ်သွားချေပြီ။ ဤတပည့်တစ်အုပ်မှာ သူ့ကြောင့် လန့်သွားသည့်ဟန်ပါပင်။

စုယွမ်လည်း စင်အောက်ဆင်းတော့မည့်အချိန်တွင် သာလွန်တောင်ထိပ်သခင်က ပြောလာသည်။

“စုယွမ်၊ သာလွန်တောင်ထိပ်ကို ဝင်ချင်လား။”

ဤစကားများထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးမှာ အလွန်ထိတ်လန့်သွားကြလျက်၊ အခြားတောင်သခင်များတောင်မှ လှည့်ကြည့်လာကြပေသည်။

All Chapters