← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

Chapter 21 : ဂိုဏ်းတူအစ်ကို၏ဒုတိယမြောက်သင်ခန်းစာ။

“ဟေ့။”

ရှင်းလင်းကာ အေးစက်လှသည့်တိုင် ညင်သာအသံတစ်သံက သူ့နောက်မှထွက်လာရာ စုယွမ်လည်း ရပ်လိုက်မိ၏။

သူလည်း လှည့်ကြည့်လိုက်ရာ သူ၏မှတ်ဥာဏ်ထဲစွဲထင်နေသော အမျိုးသမီးတစ်ဦး၏မျက်နှာကိုတွေ့လိုက်ရသည်။ ဤသည်မှာ အနှီအမျိုးသမီးက လွန်စွာလှလွန်းသည်ထက် သူမှတ်မိသည်အရဆိုလျှင် အနှီမိန်းမပျိုက ထိပ်တန်းဝိညာဉ်ရင်းမြစ်ပိုင်ရှင် လျှိုမူဝမ်ဖြစ်နေသောကြောင့်ပင်။

သူ သူမကို လမ်းပေါ်တွင် တိုးမည်ဟုလည်း မမျှော်လင့်မိသလို သူ့ကို လှမ်းခေါ်လာမည်ဟုပါ ပို၍မမျှော်လင့်မိပေ။

စုယွမ်လည်း လမ်းပေါ်ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူတို့နှစ်ဦးတည်းသာရှိသည်ကို တွေ့လိုက်ရသည်။

“မင်းငါ့ကို ခေါ်တာလား။”

စုယွမ် မေးလိုက်မိ၏။

“ဟုတ်တယ်။”

လျှိုမူဝမ်က ခေါင်းညိတ်ပြသည်။

သူမက စုယွမ်ကို အနီးကပ်စူးစမ်းကြည့်လိုက်ရာ စုယွမ်မှ လွှတ်ထုတ်နေသော ဝိညာဉ်စွမ်းအင်တို့ကို ခံစားမိလာသည်။ သူမ၏ထိပ်တန်းအဆင့်ဝိညာဉ်ရင်းမြစ်အရဆိုလျှင် သူမသည်ကား ဝိညာဉ်စွမ်းအင်တို့ကို အလွန်အာရုံခံလွယ်သောကြောင့် စုယွမ်၏တည်ငြိမ်နေသော ချီစုစောင်းခြင်းအဆင့်နှစ်ကိုလည်း ခံစားမိ၏။ စုယွမ်က တကယ်ကို ချီစုဆောင်းခြင်းအဆင့်နှစ်ကို ရောက်ရှိနေခြင်းပေ၊ ထိုသည်မှာလည်း အဆင့်နှစ်၏အစဦးပိုင်းအဆင့်တောင်ဟုတ်မနေခဲ့။

ဤအချင်းအရာက လျှိုမူဝမ်ကို မယုံကြည်နိုင်ဖြစ်သွားရစေသည်။ သူမ ပြန်စဥ်းစားရသည့်အတိုင်းဆိုပါက စုယွမ်၏မနေ့က ရလဒ်မှာ ဝိညာဉ်သွေးကြောနှစ်ခုသာ ဖြစ်သည်။ တစ်ရက်တည်းဖြင့် အနှီသူဟာ သွေးကြောလေးခု၊ သို့မဟုတ် ငါးခုကို အောင်မြင်စွာ တည်ဆောက်သွားနိုင်ခြင်းဖြစ်သည်။

ဤသည်မှာ လုံးဝကို သမာရိုးကျမဟုတ်လှချေ။

“ကိစ္စတစ်ခုခု ရှိလို့လား။”

သူမမှာ တိတ်ဆိတ်လျက်ရှိနေရာ စုယွမ်လည်း ရှုပ်ထွေးသွားပြီး မေးလိုက်သည်။

လျှိုမူဝမ်က သူမဆံပင်ကို သပ်တင်လျက် ဆိုသည်။

“ကျွန်မ နည်းနည်းသိချင်တာရှိလို့ပါ။ လာမဲ့သင်ခန်းစာက ရေစွမ်းအင်အကြောင်းကျင့်စဥ်လေ။ ရှင်က သတ္တုမီးသစ်သားသုံးခုစပ်ရင်းမြစ်ရှိတာမဟုတ်ဘူးလား။ ဘာလို့ သွားတက်ရတာလဲ။”

စုယွမ်မှာ အနည်းငယ်အံ့သြသွားရ၏၊ လျှိုမူဝမ်က သူ၏ဝိညာဉ်ရင်းမြစ်အကြောင်းကို သိနေမည်ကို ထင်မှတ်မထားပါချေ။

“စာကြည့်တိုက်မှာရှိတဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက်က ပြောလို့လေ၊ ကျင့်စဥ်တစ်ခုကိုနားလည်ရင် အခြားကျင့်စဥ်တွေကိုလည်း နားလည်ဖို့လွယ်တယ်ဆိုပြီး။ ရေစွမ်းအင်ကျင့်စဥ်ထဲမှာ ပါနေတဲ့နည်းလမ်းတွေကလည်း အခြေခံကျင့်ကြံရေးနဲ့ဆက်နွယ်နေတာပဲဆိုတော့ သွားနားထောင်တာ အကျိုးရှိတာပဲလေ။”

စုယွမ်လည်း သာမန်လျှံကာသာ ရှင်းပြလိုက်သည်။

လျှိုမူဝမ်က ဤသည်ကိုကြားတော့ အနည်းငယ်ရပ်တန့်သွားပြီး အတွေးနက်သွားပုံပေါ်သည်။

“အချိန်ကျတော့မယ်၊ ငါသွားမှဖြစ်မှာမိုလို့ပါ၊ မဟုတ်ရင် နေရာကျန်တော့မှ မဟုတ်ဘူး။ အခုသွားတော့မယ်နော်။”

စုယွမ်လည်း ထိုသို့ပြောပြီး မြန်မြန်ထွက်လာခဲ့လိုက်၏။

လျှိုမူဝမ်လည်း စုယွမ်ထွက်သွားတာကို သိပ်၍အာရုံမရ၊ သူမက စုယွမ်၏တဟုန်ထိုး တိုးတက်လာခြင်းကိုသာ စဥ်းစားမိနေသည်။ သို့လင့်ကစား သူမ၏အတွေ့အကြုံနှင့်အသိဥာဏ်အရတော့ သူမ လုံးဝအဖြေမရှာနိုင်ရာ သိချင်လျှင် စုယွမ်ကိုယ်တိုင် ရှင်းပြမှသာ ဖြစ်နိုင်တော့မည်။

လျှိုမူဝမ် ရုတ်တရက် တစ်ခုခုကို အာရုံခံလိုက်မိသည့်အတွက် လှည့်ကြည့်လိုက်သည်။

သူမ လူရိပ်တစ်ခုက ဖြေးညင်းစွာချည်းကပ်လာပုံကို တွေ့လိုက်ရသည်၊ သို့သော် သူမကတော့ ထိုလူက အလင်းအလျင်ဖြင့် ချဥ်းကပ်လာကြောင်း သိရှိပေ၏။

သို့၍မကြာလိုက်၊ ယဲ့ပိဖန်ရောက်ရှိလာသည်။

“မင်း သူ့ကို ဘာပြောလိုက်တာလဲ။”

ယဲ့ပိဖန်က တည်ငြိမ်စွာ မေးလာသည်။

“ဘာမှမဟုတ်ပါဘူး။ သာမန်လျှံကာမေးခွန်းလေးတွေပါပဲ။”

ထို့နောက် လျှိုမူဝမ်က တစ်ခဏမျှရပ်သွားပြီး ထပ်ဖြည့်ပြောလာသည်။

“ရှင့်ကိစ္စမဟုတ်ဘူး။”

ယဲ့ပိဖန်က တည်ငြိမ်စွာသာ ပြောလာသည်။

“သူက မရိုးရှင်းဘူးပဲ။ မင်းရဲ့အာရုံကိုရသွားတယ်ဆိုတော့လေ။”

“တကယ်လား။ သူက သေချာပေါက် ရှင့်လောက်တော့မတော်ဘူးပေါ့။”

“ဒါက ပုံမှန်ပဲလေ။”

ယဲ့ပိဖန်က အပြုံးဖွဖွဖြင့် ဆိုလာသည်။

“ဒါပေမယ့် အနာဂတ်ကတော့ မသေချာဘူးနော်။”

လျှိုမူဝမ် ထပ်ပြောလိုက်သည်။

ယဲ့ပိဖန်က အာရုံပင်မထား။

“မင်းကိုယ်မင်းပဲ ဆက်ကြိုးစားစမ်းပါ၊ အဲ့ဒါမှ အရမ်းနောက်ကျမကျန်ခဲ့မှာလေ။”

ထိုသို့ပြောပြီးနောက် ယဲ့ပိဖန်က ရှေ့သို့ဆက်လျှောက်သွားရာ သူ၏ပုံရိပ်မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

လျှိုမူဝမ်က ခေါင်းကိုသာ ခါလျက် ဆိုသည်။

“ငါက သေချာပေါက် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကိုမရောက်ခင်အထိ ချစ်မှုရေးရာအကြောင်းစဥ်းစားမှာမှမဟုတ်တာ။”

သူမ ကိုယ်ဖော့ကာ ဘေးနားရှိ သစ်ပင်ထိပ်ပေါ်တက်၍ ထွက်သွားလိုက်၏။

တောင်သခင်က ကျောက်ဆောင်တစ်ခုပေါ် ပေါ်လာလျက် မှတ်စုစာအုပ်အတွင်း တစ်ခုခုကို ချရေးလိုက်သည်။

“လျှိုမူဝမ်က တာအိုကို ကျင့်ကြံဖို့စိတ်ပိုင်းဖြတ်မှုရှိပြီး ကျင့်စဥ်တွေကို လေ့လာရာမှလည်း စိတ်အားထက်သန်တယ်။”

“ယဲ့ပိဖန်ကတော့ အနာဂတ်မှာ ချစ်မှုရေးရာပြဿနာတွေ ကြုံလာရနိုင်တယ်၊ ဒါ့အပြင် သူက ဘဝင့်မြင့်လွန်းတယ်။”

“နောက်ပြီးစုယွမ်၊ သူရဲ့အရှိန်အဝါက တစ်ခုခုမှားနေတယ်။ ဒီကလေးက သေချာပေါက် တကယ်အရည်အချင်းအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ။”

တစ်ခဏမျှ တုံ့ဆိုင်းပြီးနောက်တွင် တောင်သခင်က လျှိုမူဝမ်၏နာမည်ကို ပထမနေရာသို့ရွေ့လိုက်သည်၊ ယဲ့ပိဖန်ကိုတော့ ဒုတိယနေရာမှပင် မထားတော့ပေ။ သို့သော် စုယွမ်ကိုတော့ တတိယနေရာတွင်သာ ဆက်ထားထား၏။

ထို့နောက် တောင်သခင်က စာအုပ်ကိုပိတ်၍ စိမ်းမြရောင်အငွေ့တို့ထွက်ပေါ်လာသည့်ကြားတွင် ပျောက်ကွယ်သွားတော့သည်။

စုယွမ်လည်း လမ်းလျှောက်နေတုန်း စနစ်၏အသိပေးသံကိုကြားလိုက်ရသည်။

【ဒင်၊ ကျော်ကြားမှုအမှတ် +4】

“ဟမ်၊ နောက်ထပ်၄မှတ်လား။ အဲ့ဒီလိုဆိုရင် ငါ့ရဲ့အမှတ်က ၂၄တောင်ဖြစ်သွားပြီ။”

စုယွမ်လည်း နောက်ပြန်ကြည့်လိုက်သည်။

“လျှိုမူဝမ်ကြောင့်များလား။”

ပုံမှန်လူများ သူ့ကိုသိပါက တစ်မှတ်စီသာတက်ကြောင်း၊ သို့မဟုတ် တစ်ခါတရံ သမရိုးကျဆန်လွန်းပါက တစ်မှတ်တက်ရန်တောင် လူများစွာ လိုအပ်ကြောင်း သူ သတိထားမိထားသည်။ သို့သော် ထူးချွန်သောသူ၊ ကျင့်ကြံဆင့်မြင့်သောသူတို့အတွက်မူ တစ်ယောက်တည်းကပင် အမှတ်များစွာပေးနိုင်၏။

သူ့ကိုသိသွားသည်ဆိုသည်မှာလည်း အမည်ကိုသာ ကြားဖူးရုံလောက်မဟုတ်ဘဲ အနေအထားတစ်ခုအထိ သူ့ကို အာရုံစိုက်မိသွားတာမျိုးဖြစ်သည်။

သို့သော် ဤအရာများမှာ သူ၏ခန့်မှန်းချက်သက်သက်သာဖြစ်ရာ တိကျချင်မှတိကျပေမည်။

စုယွမ်လည်း ခေါင်းကိုသာ ခါ၍ ဆက်သွားလိုက်၏။

ရုတ်တရက် သူ အနောက်မှ ဖိအားတစ်ခုကို ခံစားလိုက်သည်။

သူလှည့်ကြည့်လိုက်တော့ နောက်ထပ်ထိပ်တန်းရင်းမြစ်ရှိသူ ယဲ့ပိဖန်က အရှိန်တစ်ခုဖြင့် ချဥ်းကပ်လာတာကို မြင်လိုက်ရသည်။

စုယွမ်လည်း ပုံမှန်အတိုင်းသာ ဘေးကပ်၍ ယဲ့ပိဖန်အတွက် လမ်းဖယ်ပေးလိုက်၏။

ယဲ့ပိဖန်က မြန်မြန်ဖြတ်သွား၏။ သူ စုယွမ်ကိုဖြတ်သွားစဥ်တွင် သူ၏မျက်နှာကိုတစ်ချက်ကြည့်ပြီးမှ အထင်သေးစွာပြန်လှည့်သွားလျက် ရှေ့ဆက်သွားခြင်းဖြစ်သည်။

သို့သော် စုယွမ်ကတော့ ဤသည်များကိုမမြင်လိုက်။

သူက ယဲ့ပိဖန်၏ခြေထောက်ကိုသာ စိုက်ကြည့်နေမိတာဖြစ်သည်၊ အနှီလူ၏ခြေရင်းတွင် ဝှေ့ဝဲနေသောအစိမ်းရောင်လေပွေမှာ လူ၏အရှိန်ကိုမြင့်ပေးနိုင်သော အရှိန်မြင့်မန္တန်သာဖြစ်ရပေမည်။

တစ်ခဏတွင်းချင်း ယဲ့ပိဖန်က ကျော်ဖြတ်သွား၏။

“ကျစ်၊ကျစ်။ ငါလည်း မန္တာန်တစ်ခုလောက် သင်ထားရမယ်။ ဝိညာဉ်စွမ်းအင်အများကြီးမသုံးရလောက်ပါဘူး။”

စုယွမ်လည်း ကျမ်းဂန်နန်းဆောင်အကြောင်းတွေးမိသွားရသည်၊ ယင်းနေရာတွင်မူကား ကျင့်စဥ်ပေါင်းစုံနှင့် မန္တန်များ သိမ်းဆည်းထားပေသည်။ သူမှတ်မိသလောက်ဆိုလျှင် ချီစုဆောင်းခြင်းအဆင့်နှစ်ရောက်ပါက မန္တန်တစ်ခု ရွေးချယ်နိုင်ပေမည်။ သို့သော် သူ ယခုသွား၍မဖြစ်သေးရာ အချိန်တစ်ခု စောင့်ရဦးပေမည်။

Chapter 22

ခဏကြာပြီးနောက်။

ကျမ်းဂန်ခန်းမက တပည့်များဖြင့် အပြည့်ဖြစ်သွားပြန်သည်။

ထောင့်စွန်းလေးတွင် ထိုင်နေရင်း စုယွမ်မှာ အရှေ့တန်းကို မလိုတမာဖြင့်သာ ကြည့်နေမိ၏။ ယင်းအတန်းရှိ ထိုင်ခုံနှစ်ခုမှ ထိပ်တန်းနှစ်ဦးအတွက် ပုံသေသတ်မှတ်ထားသော နေရာဖြစ်ပေသည်မို့။

ယခုဆိုလျှင် သူ နေရာမရလုနီးပါးဖြစ်သွားခဲ့သည်။ သို့သော် လျှိုမူဝမ်ကတော့ နောက်ဆုံးကျမှရောက်လာပြီး သတ်မှတ်ထားသည့်နေရာတွင် အသာကလေးဝင်ထိုင်လိုက်ရုံသာ။ သူမမှာ နေရာမရမည်ကို စိုးရိမ်စရာမလို၊ မည်သူကမှလည်း သူမနေရာကို ယူရဲမည်မဟုတ်။

ဤအတွက်ကြောင့် စုယွမ် အလွန်မကျေမနပ်ဖြစ်နေရခြင်းပေ။

“ထိပ်တန်းအဆင့်ဝိညာဉ်ရင်းမြစ်ရှိရတာလည်း တကယ်ကို ကောင်းတာပဲ။”

စုယွမ် တွေးလိုက်သည်။

“ဒါပေမဲ့ အဲ့ဒီလိုကိုယ်ပိုင်နေရာအဖြစ်ငါ့ကိုပေးရင်တောင် ငါက လူတိုင်းကို ကျော်ပြီးဝင်ထိုင်ရမှာ။ အဲ့လောက်ကြီးကျ အဆင်မပြေဘူး။”

ရုတ်တရက် ကျယ်လောင်သောအသံတစ်ခုက ကောင်းကင်မှ ပျံ့လွှင့်လာ၏။ လူတိုင်းက မော့ကြည့်လိုက်ရာ တိမ်ဖြူအလွှာအထပ်များအကြား တိမ်များဖြင့် ဖွဲ့စည်းထားသော လှေကားကို တွေ့လိုက်ရသည်။ ကျူးကောကျန့်က တစ်လှမ်းချင်းဆင်းလာသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အနောက်ရှိလှေကားထစ်မှာ ရောင်စဥ်ခုနစ်ဖြာအသွင်ပြောင်းလျက် ပျောက်ကွယ်သွားသည်။ မြင်ကွင်းမှာ အတော်လေး အံ့ချီးဖွယ်ဖြစ်နေ၏။

စုယွမ်၏နှုတ်ခမ်းများ ရှုံ့မဲ့သွားရသည်။

ကျူးကောကျန့် မြေပြင်သို့ရောက်မှသာ လူတိုင်းအသိစိတ်ပြန်ဝင်လာတော့သည်။

ယဲ့ပိဖန်၏မျက်နှာမှာ မဲမှောင်နေလျက် သူ၏တည်ငြိမ်ဟန်ပုံစံကိုတောင် ထိန်းမထားနိုင်တော့။ သူသည် သူ၏အရှေ့တွင် တစ်စုံတစ်ယောက်က လာ၍ဝံ့ကြွားပြခြင်းမုန်းပေသော်ငြား ကျူးကောကျန့်သည်ကား ခွန်အားကြီးနေလွန်းသည်။ ထို့အတွက် သူ တေးထားလိုက်၏။ ဆယ်နှစ်အတွင်းတွင် သူ ဤကျူးကောကျန့်ကို ရအောင်ကို ကျော်မည်ပင်။

“ဂိုဏ်းတူညီလေးညီမလေးတို့၊ ငါ မင်းတို့ကို ပြန်တွေ့ရတာ တကယ်ကိုဝမ်းသာပါတယ်။”

ကျူးကောကျန့်က ခပ်ဖွဖွပြုံးလာ၏။

“ဒါငါ့ရဲ့ဒုတိယပို့ချချက်ပဲ။ တစ်ချို့တပည့်တွေကတော့ ငါပြောခဲ့တဲ့ပထမသင်ခန်းစာကို ကြားဖူးကြမယ်ထင်ပါတယ်။ ငါဆိုတာလေ ကံကြမ္မာဆိုတဲ့စကားကို အရမ်းကိုသဘောကျတာ။ အဲ့ဒီတော့ ငါ မင်းတို့ကို စမ်းသပ်မှုတစ်ခုလုပ်ပေးမယ်၊ နိုင်တဲ့သူကို သေချာချီးမြင့်ပေးမယ်။”

လူတိုင်း၏မျက်ဝန်းများမှာ တောက်ပသွားလေသည်။

ယဲ့ပိဖန်တောင်မှ မျက်လုံးများအရောင်တောက်လျက် မော့ကြည့်လာပေသည်။

လူတိုင်း၏အမူအရာကို မြင်တော့ ကျူးကောကျန့်လည်း ကျေနပ်သွားရသည်။

သူပြောလိုက်သည်။

“စစ်ဆေးမှုကအရမ်းကို ရိုးရှင်းပါတယ်။ အဲ့ဒါက ငါ့ရဲ့ပထမသင်ခန်းစာနဲ့ ပတ်သတ်တယ်။ ငါ မေးခွန်းငါးခုပါတဲ့ မေးခွန်းစာရွက်တစ်ခုလုပ်ထားတယ်။ မင်းတို့မှာ ဖြေချိန်၁၅မိနစ်ရမယ်။ အကုန်လုံးသာ မှန်ခဲ့ရင် ဆုကမင်းတို့အတွက်ပဲ။”

ပြောပြီးသည့်နောက်တွင် ကျူးကောကျန့်က လက်ဝှေ့ယမ်းလိုက်ရာ ၂၉၀သောမေးခွန်းစာရွက်တို့ကသူ၏ဝတ်ရုံလက်အတွင်းမှထွက်ကာ တပည့်၂၉၀အရှေ့ကျရောက်သွားရသည်။ ကျန်ရှိသည့်တပည့်၇၀ကမူ ပထမသင်ခန်းစာကို မတတ်ရောက်ခဲ့သည့်အတွက် ဖြေကြားခွင့်လည်းမရရှိပါပေ။ ယင်းကျန်ရှိသည့်တပည့်များမှာ သူတို့၏အမူအရာမှာ အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရသည့်အတွက် အတော်လည်းကူရာမဲ့သွားသွားသည့်ပုံပင်။

စုယွမ်၏အရှေ့တွင် စုတ်တံတစ်ခုဖြင့် တွဲချည်ထားသော အဖြူရောင်စာလိပ်တစ်ခုပေါ်လာသည်။

သူ တပည့်များစွာက စာလိပ်ကိုမြန်မြန်ဖြည်ကာ မေးခွန်းဖြေရန် ပြင်နေသည်ကိုကြည့်ရင်း အနည်းငယ်ကြောင်အသွားရသည်။ ဤမြင်ကွင်းမှာ သူတွေးထားသည်နှင့် လုံးဝကွာခြားနေသည်လေ။

သူလည်း စာရွက်ကိုဖြန့်ကြည့်လိုက်ရာ မေးခွန်းငါးခုရှိနေကြောင်းတွေ့လိုက်ရသည်။ အကြည့်တစ်ချက်နှင့်ပင် သူ အဖြေများကို အကုန်လုံးစီစဥ်ပြီးပြီပင်။

ဤသည်များက တကယ်ကို ကျူးကောကျန့်ယခင်သင်ခန်းစာတွင် သင်ခဲ့သောအရာများဖြစ်သည်။ မေးခွန်းငါးခုအနက် နောက်ဆုံးတစ်ခုမှာ သူ၏အာရုံကို ဆွဲဆောင်သွားသည်။

ဤမေးခွန်းက ကျူးကောကျန့်၏သင်ခန်းစာကို အပြည့်အဝနားလည်ရုံလိုသည်သာမက အခြားကျင့်ကြံရေးပြင်ပဗဟုသုတများကိုလည်း သိရှိရန်လိုအပ်သည်။ ခက်ခဲမှုအဆင့်မှာ နိမ့်ကျမနေပေ။

သို့သော် စုယွမ်အတွက်ကတော့ အားလုံးက လွယ်လင့်တူ မေးခွန်းလေးများသာဖြစ်သည်။ သူ ထိုအချင်းအရာများကို ကျွမ်းကျင်နားလည်သွားတာ ကြာပြီပင်။ ထို့အပြင် စာကြည့်တိုက်ရှိ စာပေပေါင်းများစွာကရရှိသော အသိပညာတို့က စုယွမ်၏အတွေးအမြင်နှင့်အသိဥာဏ်ကို အများတကာထက် သာလွန်နေစေခဲ့သည်။ သူ့ခေါင်းထဲတွင် chatgpt ရှိနေသည့်အလား။

【မေးခွန်း: ကောင်းကင်နဲ့မြေကြီးကလာတဲ့ စွမ်းအင်က ချီစွမ်းအင်လို့ခေါ်ပြီး ကျင့်ကြံသူတွေရဲ့စွမ်းအင်ကိုကျ ဝိညာဥ်စွမ်းအင်လို့ခေါ်တယ်။ သူတို့နှစ်ခု ကြားက ကွာခြားချက်ကဘာလဲ။】

【အဖြေ: ပြင်ပစွမ်းအင်တွေက ချီအဖြစ်ကူးပြောင်းပြီး ချီစွမ်းအင်က ဝိညာဉ်စွမ်းအင်ကိုဖြစ်စေတယ်။ ချီစွမ်းအင်ဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့အငွေ့အသက်စွမ်းအင်ပဲ၊ သာမန်လူသားတွေ အသုံးချခံစားနိုင်တဲ့အရာမဟုတ်ဘူး။ အဲ့ဒီချီစွမ်းအင်တွေ ကိုယ်တွင်းဝင်လာတဲ့အခါမှာ လူရဲ့အမြုတေနဲ့ဝိညာဉ်အတွင်းထဲထိ ဝင်ရောက်လာတယ်။ အဲ့ဒီလိုဝင်ရောက်ပြီး သဘာဝလောက၊ချီစွမ်းအင်၊ အမြုတေနဲ့ စိတ်ဝိညာဥ်တို့ ပေါင်းစပ်သွားမှသာ ကျင့်ကြံသူတို့ အသုံးပြုလို့ရမဲ့ ဝိညာဉ်စွမ်းအင်ပေါ်ပေါက်လာတာ ဖြစ်တယ်။】

【မေးခွန်း: ချီစွမ်းအင်က ဒြပ်စင်ငါးခုအဖြစ်ရော၊ လေ၊ တိမ်၊ မိုးကြိုး၊ နှင်း၊ ရေခဲ၊ မြူခိုးနဲ့ ပုံရိပ်ယောင်အဖြစ်ပါ အမျိုးမျိုးတည်ရှိတယ်။ လူ့မျက်လုံးအနေနဲ့ဆိုရင် ချီစွမ်းအင်က အရောင်မဲ့၊ အနံ့မဲ့ပြီး ဝိညာဉ်ရင်းမြစ်သာမရှိရင် မမြင်နိုင် မထိနိုင်ဘူး။ ဘာကြောင့်လဲ။】

【မေးခွန်း: ချီစွမ်းအင်ကပြောင်းလဲလွယ်တာကြောင့်ပါ။ သတ္ထုက ရေအဖြစ်ပြောင်းသွားနိုင်သလို မိုးကြိုးက မီးအဖြစ်ပြောင်းသွားနိုင်တယ်။ ချီစွမ်းအင်တွေ အသွင်အမျိုးမျိုးပြောင်းနိုင်တယ်ဆိုတာ သဘာဝရဲ့သာမန်ဖြစ်စဥ်တစ်ခုသက်သက်ပဲ။ လူ့ခန္ဓာကိုယ်ကလည်း ဒီအတိုင်းပဲ။ နှလုံးသားထဲကိုဝင်သွားတဲ့ ဝိညာဉ်စွမ်းအင်က မီးစွမ်းအင်အဖြစ်ကူးပြောင်းနိုင်ပြီး အဆုတ်ထဲက စွမ်းအင်ကတော့ သတ္ထုစွမ်းအင်အဖြစ် ပြောင်းနိုင်တယ်။ ပြောင်းလဲမှုနိယာမက ပုံမှန်ပဲ။ ကောင်းကင်နဲ့မြေကြီးကကျယ်ပြန့်ပြီး ချီစွမ်းအင်တို့ကလည်း ပြန့်ကျဲသွားကြတဲ့အတွက် တစ်ခုတည်းအဖြစ် ပြန်မစုစည်းနိုင်တော့ဘူး။ ခြုံငုံကြည့်လိုက်ရင် ချီစွမ်းအင်က အဓိပ္ပါယ်မဲ့ပြီး စုစည်းလို့မရနိုင်သလိုထင်ရတယ်။ တကယ်တော့ သူတို့က အမျိုးမျိုးပြောင်းနေရုံပါပဲ။ ကောင်းကင်နဲ့မြေကြီး၏အနှစ်သာရ ကျယ်ပြန့်လွန်းတဲ့အတွက်ကြောင့်ပဲ။】

စုယွမ်လည်း မေးခွန်းများကို တစ်ခုပြီးတစ်ခုနားလည်သလို သာမန်ကာလျှံကာသာ ဖြေလိုက်သည်။

စာပေပိုင်းဆိုင်ရာမေးခွန်းများအတွက်မူ စုယွမ်က သူ့ကိုယ်သူ ဖုံးကွယ်ထားရန်လိုသည်ဟု မထင်။

အမတလမ်းစဥ်က ကျင့်ကြံဆင့်နှင့် တတ်မြောက်သောမန္တန်ကိုသာ အဓိကထားပေသည်။ မေးခွန်းများဖြေနိုင်ခြင်းဆိုသည်မှာ အသေးအဖွဲ့သာဖြစ်ရာ ဤနေရာတွင် မိမိစွမ်းရည်အကုန်ပြခြင်းက ဘာမှမဟုတ်ပေ။ စုယွမ်ကတော့ လုံခြုံသည်ဟုသာခံစားရသည်။ ထို့အပြင် ဤလူက အတွင်းဆောင်တပည့်တစ်ဦးဖြစ်သည်မို့ စုယွမ်လည်း သူ၏ဆုကို စိတ်ဝင်စားပေသည်။

ကျူးကောကျန့်က အတွင်းဆောင်တပည့်ဖြစ်တာ အချိန်ကြာနေလောက်ပြီဖြစ်မည်၊ ဤသို့သော လူများက သာမန်အတွင်းဆောင်တပည့်သာသာမဟုတ်လောက်ပေ။ သူ၏ရည်မှန်းချက်မှာ တပည့်အရင်းတောင် ဖြစ်နိုင်သည်။ ထို့ကြောင့် ဤသို့သောပုဂ္ဂိုလ်မှ ပေးလာသောဆုမှာ ဆိုးဝါးမနေနိုင်ပေ။

စုယွမ် တိတ်တိတ်လေးတွေးလိုက်မိ၏။

မသိလိုက်ဘာသာနှင့်ပင် သူ မေးခွန်းငါးခုလုံးကို ဖြေပြီးသွားသည်။

တစ်ခဏကြာတော့ စာဖြေချိန်ဆယ့်ငါးမိနစ်လည်း ပြည့်သွား၏။

ကျူးကောကျန့်၏လက်တစ်ဝှေ့ဖြင့် စာရွက်၂၉၀က သူ၏လက်ထဲသို့ အစီစဥ်တကျ ရောက်ရှိလာကြသည်။ ထို့နောက် ကျူးကောကျန့်၏လက်မှ အလင်းတဖြာလင်းလက်လာလေသည်။

အဖြူရောင်စာရွက်များမှာ အစုငါးခုအဖြစ်ခွဲထွက်သွားကြသည်။ ပထမအစုမှာ အလွန်ကြီးပြီး ဒုတိယတစ်စုကတော့ အနည်းငယ်ကြီး၍ ကျန်သည်များက သေးသည်ထက်သေးသွားရသည်။ အနည်းဆုံးအစုတွင်မူ အနည်းငယ်သောစာရွက်များသာရှိ၏။

စုယွမ်မှာ ကြည့်၍ မျက်လုံးကျယ်သွားရသည်။ ဤသည်မှာ အဆင့်ခွဲနေခြင်းပါပေ။ အလင်းတစ်ချက်ထွက်လိုက်ရုံနှင့်ပင် အဆင့်ခွဲခြင်းမှာ ပြီးသွားသည်လော။ ဤသည်မှာ အလွန်ဆန်းကြယ်လှသည်ပင်။

ကျူးကောကျန့်က စာရွက်အနည်းဆုံးအစုကို ယူ၍လက်ထဲကိုင်လိုက်ရာ ယင်းအစုထဲ စာရွက်ငါးခုသာ ရှိကြောင်း တွေ့လိုက်ရသည်။လူတိုင်း၏အကြည့်အောက်မှာတင် ကျူးကောကျန့်က တစ်ခုချင်းကို သေချာဖတ်၏။ သူ၏မျက်နှာမှာ ကျေနပ်သွားသည့်ဟန်ပင်။ သို့သော် နောက်ဆုံးနေရာ၌ သူ၏အကြည့်က နောက်ဆုံးစာရွက်တွင် ရပ်တန့်သွားပြီး မျက်မှောင်မှာလည်း အနည်းငယ်ကြုတ်သွားရတော့သည်။

All Chapters