အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
Chapter 25: စုယွမ်၏ရွေးချယ်မှု။
“မင်းဒါကိုရွေးမယ်ဆိုတာ သေချာပြီလား။”
ကျမ်းဂန်နန်းဆောင်၏အကြီးအကဲမှာ အံ့သြနေရသည်။
“သေချာပါတယ်။”
စုယွမ်လည်း ထပ်ပြောလိုက်သည်။
“မင်းမှာ တော်တော်သတ္တိရှိတာပဲ။ ဒါပေမဲ့ မင်းရဲ့ဝိညာဉ်ရင်းမြစ်ကရော။”
အကြီးအကဲက ခေါင်းခါလျက် သွယ်ဝှိုက်ကာ သတိပေးလာ၏။
ဤသည်ကိုကြားလည်း စုယွမ်က တိတ်တဆိတ်သာနေမြဲ၊ သူသည် အကြီးအကဲကို သူ့တွင် ဖြတ်လမ်းရှိနေသည်ဟုလည်း ရှင်းပြ၍မရပါပေ။
“ဒီလိုဆိုမှတော့ ပြီးပါရော။”
အကြီးအကဲက သတိပေးရုံသာဖြစ်၏။ သူ စုယွမ်၏စိတ်ပိုင်းဖြတ်မှုကို မြင်လိုက်ရတော့ သူလည်း စိတ်ထဲထားမနေတော့။ သူ လက်ဖဝါးကို ကျမ်းဂန်နန်းဆောင်၏စာအုပ်အပေါ် ပွတ်သတ်လိုက်ရာ သာလွန်အဆင့်ရှိ ခရမ်းရောင်အလင်းရောင်က စူးရှစွာဖြာလင်းလာသည်။ အကြီးအကဲက ထိုအလင်းကို စုယွမ်နှဖူးပေါ်ကျရောက်စေလိုက်သည်၊ ထိုအခါချက်ချင်း အချက်အလက်များစွာက စုယွမ်၏စိတ်ထဲ ဒီရေအလား ဝင်ရောက်လာကြ၏။
စုယွမ်၏နှဖူးတွင် ချွေးအေးတစ်လွှာပေါ်လာလျက် သူ့မှာ ဤအချက်အလက်များစွာကို လက်ခံနိုင်ရန် ကြိုးစားနေရသည်။
အကြီးအကဲက အံ့သြသွားသည့်ပုံပင်။
“စိတ်ဝင်စားစရာပဲ။”
စုယွမ်လည်း မျက်လုံးကိုဖွင့်၍ လေပူတစ်သုတ်ကို ရှိုက်ထုတ်လိုက်သည်။ ထို့နောက် သူ လေးစားမှုအပြည့်ဖြင့် အကြီးအကဲကို ဦးညွတ်လိုက်သည်။
“အများကြီး ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ။”
“ကောင်းပြီ။ ပြန်သွားတော့။ အနာဂတ်ကျရင် ဒီဆုံးဖြတ်ချက်ကို နောင်တမရပါစေနဲ့။”
အကြီးအကဲက ပြောလာသည်။
“ဟုတ်ကဲ့ပါ။”
စုယွမ်လည်း ခေါင်းညိတ်လိုက်ပြီး ကျမ်းဂန်နန်းဆောင်မှ ပေါ့ပါးစွာ ပြန်လာလိုက်သည်။
ထို့နောက် စုယွမ်တစ်ယောက် စာကြည့်တိုက်ဆီသွားကာ စာဆက်ဖတ်နေလိုက်၏။
ကျမ်းဂန်နန်းဆောင်တွင်မူ ကျန့်ဟယ်က စာအုပ်တစ်ခုကိုကိုင်လျက် လျှောက်ထွက်လာ၏။ သူက စုယွမ်၏ပျောက်ကွယ်သွားသောပုံရိပ်ကိုကြည့်ရင်း နှုတ်ခမ်းထောင့်တို့မှာ အနည်းငယ်ကွေးတက်လျက် အမူအရာမှာ ထူးဆန်းလာရသည်။
အကြီးအကဲက တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“အခြားသူရဲ့အရည်အချင်းကို မနာလိုတာက တကယ့်တာအိုပညာကို ဆွတ်ခူးရာမှာ အခက်အခဲဖြစ်စေလိမ့်မယ်။”
ကျန့်ဟယ်၏မျက်နှာမှာ တောင့်တင်းသွားလျက်၊ သူက ခေါင်းငုံ့ကာ ဖြေရှင်းချက်ပေးလာသည်။
“ကျွန်တော်က သူ့ကို အကြံလေးနည်းနည်းပေးလိုက်ရုံပါ။ ရွေးချယ်တာကတော့ သူပဲ ရွေးချယ်ရမှာလေ။”
အကြီးအကဲက ခပ်ဖွဖွသာ နှာမှုတ်လျက် ဘာမှထပ်မပြောတော့။ လူငယ်လေးတစ်ယောက် ဘာတွေးနေတယ်ဆိုတာ သူ မမြင်နိုင်တဲ့အရာမလို့လား။
“လာယူတော့။”
“ဟုတ်ကဲ့ပါ။”
ကျန့်ဟယ်က ကျမ်းဂန်စာအုပ်ကို အကြီးအကဲထံသို့ လက်လွဲပေးလိုက်သည်။
“သာလွန်အနိမ့်တန်းအဆင့် မန္တန်လား။ မင်းသေချာရဲ့လား။”
အကြီးအကဲက အနည်းအငယ် သတိပေးလိုက်သည်။
“သေချာပါတယ်။”
ကျန့်ဟယ်က ခိုင်မာစွာဆိုသည်။
အကြီးအကဲလည်း ခေါင်းညိတ်၍ ကျမ်းဂန်ကိုစည်းဖြေလိုက်ပြီး ကျန့်ဟယ်၏နှာဖူးထံကပ်လိုက်သည်။
ကျန့်ဟယ်၏စိတ်အစုံမှာ ဗလာဖြစ်သွားလျက်၊ သူ၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်ကာ လဲကျသွားမတတ်ပင်။ အကြီးအကဲက လက်ကိုဝှေ့ယမ်းလျက် ပြန်တည့်မတ်ပေးလိုက်သည်။
တစ်ခဏကြာတော့ ကျန့်ဟယ်ပြန်အသိဝင်လာပြီး ကျေးဇူးတင်၍ ထွက်ခွာသွားတော့သည်။
ကျမ်းဂန်နန်းဆောင်၏သစ်ကိုင်းတစ်ခုထက်တွင် တောင်သခင်က စာအုပ်ထုတ်ကာ မှတ်သားနေလေသည်။
【ကျန့်ဟယ်က မနာလိုတတ်တယ်။ သူက ဖော်ရွေပုံပေါ်ပေမဲ့ အကောက်ကြံတတ်တဲ့နှလုံးသားရှိတယ်။ ဒီလိုလူဟာ နတ်ဆိုးကျင့်စဥ်ကိုကျင့်သွားဖို့ အလားအလာရှိပြီး သူလျှိုဖြစ်လာနိုင်တဲ့အန္တာရယ်ရှိသူပဲ။】
【လျှိုမူဝမ်ကတော့ ပြင်ပကိစ္စတွေဘာတွေဖြစ်နေပါစေ၊ တည်ငြိမ်ပြီး စူးစမ်းနိုင်စွမ်းရှိတယ်။】
【ယဲ့ပိဖန်က စိတ်ကြီးဝင်ပေမဲ့ တွန့်ဆုတ်တတ်တယ်။ သူက စိတ်တည်ငြိမ်မှုရှိဖို့ ကိုလိုတယ်။】
【စုယွမ်ကတော့ တကယ်ထူးဆန်းတဲ့ကလေးပဲ။ တအားရဲတင်းတယ်။】
ထို့နောက် တောင်သခင်က ရေရွတ်လိုက်သည်။
“ငါ တပည့်တွေကို လုံလုံလောက်လောက် လေ့လာပြီးပြီ။ ငါ တစ်နေရာရာမှာ အနားယူပြီး သုံးလပြည့်အောင်ပဲ စောင့်တော့မယ်။”
တစ်ဖက်သို့လှည့်ကာ တောင်သခင်က ပျောက်ကွယ်သွားလေသည်။
ကျမ်းဂန်နန်းဆောင်အကြီးအကဲက တောင်သခင်ရှိသွားခဲ့သည့်နေရာကို တစ်ချက်ကြည့်၍ ပြောစရာစကားမဲ့သွား၏။
“တောင်သခင်ကတော့ အရင်ကအတိုင်းပဲ၊ အပြင်ပိုင်းမှာတော့ တည်ငြိမ်သလိုနဲ့ လူမသိသူမသိ လိုက်ချောင်းနေတာ။ အပျင်းကလည်း တစ်သေး။ သူကကျင့်ကြံရေးမှာ အဆင့်တက်ဖို့အခက်ကြုံနေတာ အံ့သြစရာမရှိဘူး။”
အဝေးတစ်နေရာတွင် ကျန့်ဟယ်က စိတ်ထဲတွင်ပင် ကျိန်ဆဲနေလေသည်။
“အဲ့ဒီကျမ်းဂန်နန်းဆောင်အကြီးအကဲက တော်တော်စကားများတာပဲ။ သူများတွေကိုပဲ အကြံလိုက်ပေးပြီး ဘာမှလုပ်စရာမရှိဘူးလားမသိဘူး။ ဘယ်သူက သူ့အကြံကို လိုချင်နေမှာမလို့လဲ။ ကိစ္စတစ်ခုခုကိုမြင်တာနဲ့ အဲ့ကိစ္စကို ထုတ်မပြောသင့်တာမသိဘူးလား။ သူက နာမည်အရတော့အကြီးအကဲပေမဲ့ တကယ့်တကယ့်တမ်း မသေမျိုးမျိုးစေ့တောင်ကြားမှာ ကျမ်းဂန်နန်းဆောင်ကိုစောင့်နေရတာ မထူးဆန်းတော့ပါဘူး။ ဒီပါးစပ်နဲ့ဆို တစ်ယောက်ယောက်ကို စော်ကားမိထားတာပဲဖြစ်ရမယ်။”
စုယွမ်ကတော့ သူထွက်သွားပြီး ဘာတွေဖြစ်သွားလဲမသိပါချေ။
သူက ပုံမှန်အတိုင်း စာကြည့်တိုက်သို့ သက်တောင့်သက်သာဖြင့်ရောက်လာပြီး သာမန်လျှံကာစာအုပ်တစ်အုပ်ကို စွဲကာ လှန်နေလိုက်သည်။
စာကြည့်တိုက်တပည့်ဖြစ်သူ ယင်းချင်ကလည်း ထုံးစံအတိုင်းသာ ခုံပေါ်လဲလျက် အိပ်ငိုက်နေသည်။ စုယွမ်ရောက်လာတာကို ထောင်မကြည့်၊ သူဟာ စုယွမ်၏ခြေသံများကိုတောင် ရင်းနှီးနေချေပြီ။
စုယွမ်ကတော့ ညအထိ ပျော်ပျော်ရွှင်ရွှင်ပဲ စာဖတ်နေလိုက်သည်။
နောက်ထပ်ရာချီသော စာအုပ်များကို သူ ဖတ်လို့ပြီးသွား၏။
ယင်းချင်က ထလာပြီး ကူရာမဲ့စွာ ပြုံးလာသည်။
“ညီလေးစု၊ မင်းက ဒီစာကြည့်တိုက်ထဲမှာ ရှိသမျှစာအုပ်တွေအကုန် ဖတ်ပစ်ဖို့ကြံနေတာလား။”
“ကျွန်တော်လည်း ဖတ်နိုင်အောင် အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါပေမဲ့ ရက်က ၇၉ရက်ပဲကျန်တော့တာ။”
စုယွမ်က စိတ်ညစ်နေဟန်ဖြင့် ပြန်ပြောလာသည်။
“စာအုပ်တွေကအများကြီးကိုကျန်သေးတာ၊ အနည်းဆုံး အုပ်ရေတစ်သိန်းလောက်တော့ကျန်ဦးမှာကို။”
“ငါက ဒီတိုင်းမေးလိုက်ရုံပါကွာ။ မင်းက တကယ်ကြီး ဖတ်ဖို့ရည်ရွယ်ထားတာလား။”
ယင်းချင်မှာ ထိတ်လန့်သွားလျက်။
“အဲ့ဒီလိုလုပ်လို့မရဘူးလား။”
စုယွမ်လည်း စိတ်ရှုပ်သွားလျက် ပြန်မေးလိုက်သည်။
“ခွင့်ပြုပါတယ်ကွာ။ ဒါပေမဲ့ မင်းသာ အချိန်မလောက်ဘူးထင်ရင် ဘာလို့ငါ့အစား ညစောင့်လုပ်ပြီး ကူညီမပေးတာလဲ။ အဲ့ဒီလိုဆိုရင် မင်းဒီမှာတစ်ညလုံးနေပြီး စာဖတ်လို့ရပြီလေ။”
ယင်းချင်က ရုတ်တရက် ဆိုလာသည်။
“ဟမ်။”
စုယွမ်မှာ ကြောင်အသွားလျက်။
“ကျွန်တော် အစားစောင့်နေပေးလို့ရတာလား။”
“ဒါပေါ့။ မင်းစောင့်ပေးလို့ရတယ်။”
ယင်းချင်က သူ့ပုခုံးကိုပုတ်၍ ဆိုသည်။
“စာအုပ်တွေက အပြင်ယူသွားလို့မရပေမဲ့ လူကတော့ ဒီမှာနေလို့ရတယ်လေ။ ဒီနေရာကလည်း အရမ်းအရေးကြီးတဲ့နေရာမှမဟုတ်တာ။ ဘယ်တပည့်စောင့်စောင့်ရတယ်။”
“အဲ့ဒီလိုလည်း လုပ်လို့ရတာပဲပေါ့။”
စုယွမ် ခေါင်းညိတ်မိလိုက်၏။
“အဲ့ဒါဆိုရင် အဆင်ပြေတယ်နော်။ မင်းဒီညအတွက်စောင့်ပေး၊ ငါ မနက်ဖြန်မနက်ကျမှ ပြန်လာခဲ့မယ်။ မင်း ဖတ်ချင်သလောက်သာ ကြိုက်တာယူဖတ်တော့။”
ယင်းချင်မှာ ကျယ်လောင်စွာ ရယ်မောမိသွား၏။
“သဘောတူတယ်။”
စုယွမ်လည်း ပြောလိုက်သည်။
ယင်းချင်က သူ့ပခုံးကိုတစ်ချက်ထပ်ပုတ်ပြီး စာကြည့်တိုက်၏တိုကင်ပြားကို စုယွမ်ကို ပေးလာ၏။ ထို့နောက်တွင်မူ ယင်းချင်မှာ စာကြည့်တိုက်မှ ရွှင်မြူးစွာ ထွက်သွားလျက် မျက်စိတစ်မှိတ်အတွင်း ပျောက်သွားရတော့သည်။
စုယွမ်လည်း စာကြည့်တိုက်၏တံခါးမကြီးပိတ်လိုက်ပြီး အထဲရှိစာအုပ်ပေါင်းသိန်းသောင်းချီကို မျက်ဝန်းတလဲ့လဲ့ဖြင့် ကြည့်လိုက်သည်။
ယခင်က ယင်းချင်ရှိနေသဖြင့် သူလည်း အရမ်းစိတ်လွတ်ကိုယ်လွတ်မနေရဲပါပေ။ သို့သော် ယခုတွင်တော့ ဘယ်သူမှစောင့်ကြည့်မနေတော့ရာ သူ့စိတ်တိုင်းကျ စာရွက်များကိုလှန်နိုင်ပေပြီ။
စုယွမ်လည်း စာအုပ်စဥ်တစ်ခုစီသွား၍ စာအုပ်တစ်အုပ်ကိုဖွင့်ကာ အလင်းအလျင်ဖြင့် မြန်မြန်လှန်လိုက်၏။ သူ၏ချီစုဆောင်းခြင်းအဆင့်နှစ်အမြင်အာရုံဖြင့်ဆိုလျှင် ဤစာမျက်နှာများအားလုံးကို အကြည့်တစ်ချက်ဖြင့်ပင် အကုန်လုံးကိုကြည့်ရှုနိုင်သည်။ သူ သေချာပေါက်ကို ယခုတွင်ချက်ချင်းမမှတ်မိ၊ သို့သော် ဤအချင်းအရာများက သူ၏မသိစိတ်ထဲဝင်ရောက်သွားပြီဖြစ်ရာ သူသာ ပါရမီစွမ်းရည်ကို အသက်သွင်းလိုက်ပါက ချက်ချင်းလက်ငင်း နားလည်သွားမည်သာ။
တစ်အုပ်၊ နှစ်အုပ်၊ သုံးအုပ် ....
ဤသို့ဖြင့် စုယွမ်လည်း စာအုပ်များကို မမောမပန်းသာ လှန်နေတော့သည်။
မနက်စောစော၌။
စုယွမ်သည် ဂိုဏ်းတူအစ်ကိုယင်းချင်၏ခုံပေါ်တွင် ပျင်းရိစွာငိုက်မြည်းနေလျက်၊ သူ၏ပုံစံမှာ ယင်းချင်နှင့်တောင် အနည်းငယ်ဆင်နေသေးသည်။
“ဂိုဏ်းတူအစ်ကို၊ ကျွန်မ စာခဏလောက်ဖတ်ချင်လို့ပါ။”
အမျိုးသမီးအသံတစ်သံက စုယွမ်ကို လန့်နိုးသွားစေသည်။
သူ အိပ်ချင်မူးတူအသံဖြင့်သာ ပြောလိုက်၏။
“စာဖတ်လို့ရတယ်။ စာအုပ်တွေကို အပြင်ယူမသွားနဲ့၊ ရှုပ်ပွမနေစေနဲ့။”
“ရှင်ပါလား။”
လျှိုမူဝမ်က မှတ်မိသွားသည်။
စုယွမ်လည်း သမ်းဝေကာ မျက်လုံးများကို ပွတ်သပ်ပြီး ဆိုသည်။
“အော်၊ ဂိုဏ်းတူအစ်မလျှိုပဲ။”
“ရှင် ဒီမှာဘာလုပ်နေတာလဲ။”
လျှိုမူဝမ်မှာ မေးလာ၏။
“စာကြည့်တိုက်ကို စောင့်ပေးနေတာလေ။ ဘာပြဿနာရှိလို့လဲ။”
စုယွမ်လည်း ပြန်ဖြေလိုက်၏။
“မရှိပါဘူး... “
လျှိုမူဝမ်တစ်ယောက် ပြောစရာစကားမဲ့သွားရတော့သည်။
“အဲ့ဒါဆိုရင် ကျွန်မလည်း သွားဖတ်တော့မယ်။”
လျှိုမူဝမ်က ဆိုသည်။
“လွတ်လွတ်လပ်လပ်သာ ဖတ်ပါ။”
စုယွမ် ခေါင်းညိတ်ပြလိုက်သည်။
လျှိုမူဝမ်က စာကြည့်တိုက်ထဲ ဝင်သွားလိုက်သည်။
သူမ ပြန်လှည့်ကြည့်ချိန်တွင် စုယွမ်မှာ ခုံပေါ်တွင် ပြန်၍ငိုက်မြည်းနေပြီးဖြစ်ကြောင်း သိလိုက်ရ၏။
“ဒီစုယွမ်ဆိုတဲ့လူက ဒီမှာလည်းအိပ်တယ်၊ ကျမ်းဂန်ခန်းမမှာလည်း အိပ်တယ်။ သူက တကယ်ပဲ ဘယ်ချိန် ကျင့်ကြံတာလဲ။”
Chapter 26
လျှိုမူဝမ်မှာ ဤစုယွမ်ဟူသောပုဂ္ဂိုလ်ကို နားမလည်တော့ပေ၊ သူမ သူကအမြဲထူးဆန်းကြောင်းသာ ခံစားနေရသည်။ သူမက မနေ့က စုယွမ်ပြောခဲ့သည့် တစ်ခုကိုနားလည်ပါက ကျန်တာတွေနားလည်လွယ်မည့်ဆိုသည့်စကားကြောင့် ယနေ့ စာကြည့်တိုက်သို့ရောက်လာကာ ကျင့်စဥ်များအကြောင်း လေ့လာဖို့လာခြင်းဖြစ်သည်။ သို့သော် သူမ ဤလူထူးဆန်းစုယွမ်နှင့် ထပ်တွေ့မည်ဟု ထင်မထားခဲ့ပေ။ ယခုဆိုလျှင် သူမ၏အမြင်ထဲ ဤလူမှာ ပို၍ဆန်းကြယ်သွားရချေပြီ။
သူမလည်း တိတ်တဆိတ်သာ ခေါင်းခါလိုက်ပြီး ကျင့်ကြံရေးနှင့်ပတ်သတ်သည့် စာအုပ်အချို့ရှာကာ သူမကိုယ်သူမ နှစ်မြှုပ်ထားလိုက်၏။
တစ်ခဏကြာတွင်။
ယဲ့ပိဖန်ကလည်း စာကြည့်တိုက်သို့ရောက်ရှိလာသည်။ သူ စာကြည့်တိုင်တစ်ခုလုံးကို ခြုံငုံကြည့်လိုက်တော့ လျှိုမူဝမ်ကိုရှာတွေ့သွားသည်။ သူလည်း ဖတ်ရန် စာအုပ်တစ်အုပ်အုပ်ကို ရှာရန်ရှိသေး၊ သူ၏ဘေးမှာ ရင်းနှီးသည်းအသံတစ်သံကို ကြားလိုက်ရသည်။
စုယွမ်က တစ်ယောက်ယောက်ရောက်လာတာကို ခံစားမိလိုက်သည့်အတွက် မျက်လုံးများပိတ်လျက်ပင် ပြောလာခြင်းဖြစ်သည်။
“ကြိုက်တာဖတ်လို့ရတယ်။ အပြင်သာယူမသွားနဲ့၊ ပြီးတော့ မပွစေနဲ့နော်။”
ပြောပြီးသည့်နောက်တွင် စုယွမ်လည်း ဆက်အိပ်နေလိုက်သည်။
ယဲ့ပိဖန်၏ရုပ်မှာ ရှုံ့တွသွားရပြန်သည်။ သူ ပြန်လှည့်ကြည့်လိုက်တော့ အနှီသူမှာ တကယ်ကို စုယွမ်ဖြစ်လို့နေ၏။ သူ၏မျက်ခုံးများမှာ အနည်းငယ်ကြုတ်သွားရသည်။ သူ လျှိုမူဝမ်ကို ကြည့်လိုက်၏၊ ထို့နောက် စုယွမ်ကို တဖန်ပြန်ကြည့်လိုက်သည်။ သူ နှာခေါင်းသာရှုံ့ပြီး စာအုပ်တစ်အုပ်ကိုသာ ဆွဲယူလိုက်တော့သည်။
နာရီဝက်ကြာမြင့်ပြီးနောက်။
ယင်းချင်ပြန်ရောက်လာသည်။
“ဂိုဏ်းတူညီလေး၊ အဆင်ပြေရဲ့လား။”
စုယွမ်လည်း နိုးလာပြီး ရယ်မောလိုက်သည်။
“စိတ်မပူပါနဲ့၊ ဘာမှထူးထူးခြားခြားမဖြစ်ပါဘူး။”
“လူရော လာသေးလား။”
“တစ်ယောက်လောက်တော့ လာတယ်ထင်တယ်။”
စုယွမ်လည်း တစ်ခဏမျှတွေးပြီး ပြောလိုက်သည်။
“ဟုတ်လား။ ကောင်းသားပဲ။ ငါ ပုံမှန်ဆိုရင် လူအရိပ်အယောင်တောင် တွေ့ရတာမဟုတ်ဘူး။”
စုယွမ်လည်း ရှုပ်မဲ့သွားရလျက်။
“ကျွန်တော်က လူမဟုတ်လို့လား။”
“ဟား၊ ငါ အဲ့လိုပြောတာမဟုတ်ဘူးလေ။”
စုယွမ်လည်း မျက်လုံးသာလှန်လိုက်ပြီး ယင်းချင်ကို နှုတ်ဆက်စကားဆိုကာ ကျမ်းဂန်ခန်းမသို့သွားလျက် သူ၏နေ့စဥ်လုပ်ငန်းဆောင်တာများကို စတင်လိုက်သည်။
သင်ခန်းစာပြီးနောက်တွင် သူက ခြံဝန်းဆီကိုပြန်၍ ကျန်းဝေ့ကိုလည်း အရင်းအမြစ်တစ်ပုံခွဲပေးလိုက်သည်။
ကျန်းဝေ့လည်း အံ့သြသွားရသည်။
“မင်း၊ ဒါတွေကို ဘာလို့ငါ့ကိုပေးမလို့လဲ။ ငါ လက်မခံနိုင်ဘူး။”
စုယွမ်က ကျန်းဝေ့ကို စိုက်သာကြည့်လိုက်သည်။
“မင်းပဲပြောတာလေ၊ အဆတစ်ထောင်ပြန်ပေးမယ်ဆို၊ မေ့သွားပြီလား။”
“ဒါပေမဲ့ မင်းကျင့်ကြံတာကို နှောင့်နှေးစေသွားမှာပေါ့။”
ကျန်းဝေ့က တွန့်ဆုတ်နေဆဲ။
“အရင်ငါ့မှာ ဘာအရင်းအမြစ်မှ မရှိခဲ့တုန်းကတောင် ငါ့ရဲ့ကျင့်ကြံနှုန်းက မင်းထက် ပိုကောင်းခဲ့တာပဲလေ။ ငါ့အတွက်က အပြင်ဆောင်ဝင်ဖို့ဆိုတာ အသာလေးပဲ။ ဒါပေမဲ့ မင်းကျတော့ရော။”
စုယွမ် ပြောလိုက်သည်။
“ဒါက ... “
ကျန်းဝေမှာ တုန်လှုပ်သွားသည့်ပုံပင်။
“မင်း ငါ့ကို အရင်းအမြစ်ပေးမဲ့သူတွေမရှိတော့ဘူးဆိုတာ သိတာလား။”
“အင်း၊ ငါ မှန်းကြည့်လိုက်ရုံပါ။”
စုယွမ်ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
ကျန်းဝေ့မှာ ချက်ချင်း ယုံကြည်မှုများပြန်ရသွားပြီး ဆိုသည်။
“အခြားသူတွေက ငါ့ကိုလာရှုပ်တော့ရော ဘာဖြစ်မှာမလို့လဲ။ ငါ့မှာ ထူးခြားတဲ့နားလည်နိုင်စွမ်းနဲ့ အနိမ့်စားနှစ်ခုစပ် ဝိညာဉ်ရင်းမြစ်ရှိတာပဲ။ အခုဆိုရင် မင်းပေးတဲ့အရင်းအမြစ်ပါရှိနေပြီ။ အပြင်ဆောင်ကိုဝင်တယ်ဆိုတာ ခက်ခက်ခဲခဲမဟုတ်တော့ဘူး။ စိတ်မပူနဲ့၊ အနာဂတ်မှာ မင်းနဲ့ငါဆိုတာ အပြင်ဆောင်ရဲ့ပြိုင်ဘက်မရှိကြယ်နှစ်ဖော်ဖြစ်နေစေရမယ်။”
စုယွမ်၏မျက်ခုံးများ လှုပ်ရှားသွားရ၏။
“ငါ မင်းကိုယုံပါတယ်။”
ကျန်းဝေ့မှာ မိမိကိုယ်ကိုယုံကြည်မှုများဖြင့် ပြန်၍ပြည့်နှက်သွားတော့သည်။
သုံးလအချိန်ဟူသည်ကား မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးတော့မည်ပင်။
တစ်နေ့တွင် စုယွမ်က ယင်းချင်ကို ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကို၊ ကျွန်တော် နက်ဖြန် လာဖြစ်မှာမဟုတ်ဘူး။”
“ဟမ်၊ ဘာဖြစ်လို့လဲ။”
ယင်းချင်က အံ့သြသွားလျက် ပြန်မေးသည်။
“ကျွန်တော် ကျန်တဲ့ရက်တွေမှာ ကျင့်ကြံဆင့်ကို အသေမြှင့်တော့မလို့။”
စုယွမ် ပြောလိုက်သည်။
ဤသည်ကိုကြားတော့ ယင်းချင်မှာ စုယွမ်က စစ်ဆေးခံလူငယ်ဖြစ်နေဆဲဖြစ်သည်ကို ပြန်သတိရသွားရသည်။
“ဟုတ်တယ်၊ အချိန်တွေက သိပ်မကျန်တော့ဘူး။”
ယင်းချင်က သက်ပြင်းချ၏။
“ငါ မင်း အပြင်ဆောင်ထဲ ဝင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွာ။ ငါတို့ နောက်ကျရင် ထပ်တွေ့ဖို့ အခွင့်အရေးရှိမှာပါ။”
စုယွမ်လည်း ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ယင်းချင်က ထပ်ပြောလာသည်။
“အနာဂတ်မှာ မင်းသာ စာဖတ်ချင်လာရင် တောင်ထိပ်က စာကြည့်တိုက်ကိုလည်းသွားလို့ရတယ်။ အဲ့ဒီကစာအုပ်တွေက ငါ့စာကြည့်တိုက်လောက်တော့ အမျိုးအစားမစုံပေမဲ့ မင်းဖတ်လို့တော့ရပါတယ်။”
“ဒါက ကိစ္စမရှိပါဘူး။”
စုယွမ်လည်း ခေါင်းခါပြလိုက်သည်။
“ဘာလို့လဲ။ မင်းက စာဆက်မဖတ်တော့ဘူးလား။”
ယင်းချင်လည်း အံ့သြသွားပြီးမေးလိုက်သည်။
“အကုန်ဖတ်ပြီးသွားတာမလို့လေ။”
စုယွမ် ရယ်လိုက်သည်။
“ဒီကလေးကတော့ ဒီစာကြည့်တိုက်ထဲမှာ စာအုပ်ပေါင်း ၁သိန်း၈သောင်းကျော်ရှိတာ မင်းက အကုန်ဖတ်ပြီးသွားတယ်လို့ ပြောရဲတယ်ပေါ့။”
စုယွမ်လည်း ခေါင်းခါပြလိုက်သည်။
“စတာပါဗျာ။”
“သွားစမ်းပါ။”
ယင်းချင်လည်း ရယ်မောလျက် မာန်မဲဟန်ဆောင်
လိုက်သည်။
စုယွမ် ဤသို့ဖြင့် ရယ်မောလျက် စာကြည့်တိုက်မှ ထွက်လာခဲ့၏။ သူက ခြံဝန်းဆီသို့ ပြန်လာခဲ့သည်။
ကျိုးဝူယိုက သူ့ကို ခြံဝန်းတွင် စောင့်နေလေသည်။
“စုံစမ်းတာ ဘယ်လိုလဲ။”
စုယွမ်မေးလိုက်၏။
ကျိုးဝူယိုက လေးနက်စွာ ဖြေလာသည်။
“အဆင့်မြင့်ဝိညာဉ်ရင်းမြစ်တွေထဲမှာဆိုရင် ကျန့်ဟယ်က အားအကောင်းဆုံးပဲ၊ သူက ဝိညာဉ်သွေးကြော၈ခုနဲ့ ချီစုဆောင်းခြင်းအဆင့်သုံးကိုရောက်သွားပြီ။ သူတို့ထဲ အားအနည်းဆုံးတစ်ယောက်ကတော့ သွေးကြော၇ခုရှိသွားပြီ။ အလတ်တန်းဝိညာဥ်ရင်းမြစ်ထဲမှာကျ အမြင့်ဆုံးက ချီစုဆောင်းခြင်းအဆင့်နှစ်နဲ့ သွေးကြော၆ခုရှိပြီး အနိမ့်ဆုံးက ချီစုဆောင်းခြင်းအဆင့်နှစ်နဲ့ သွေးကြောငါးခုရှိတယ်။ ဒါတွေက အခုလက်ရှိအခြေအနေပဲ။ သွေးကြော၅ခုသာ ရှိတာနဲ့ အပြင်ဆောင်က အေးဆေးဝင်လို့ရပြီး အတွင်းဆောင်အတွက်ဆိုရင် သွေးကြော၇ခုရှိမှဖြစ်မှာ။”
“ကျန့်ဟယ်က ဝိညာဉ်သွေးကြော၈ခုပဲ ရှိသေးတာလား။”
စုယွမ်လည်း အံ့သြသွားရသည်။
“ကျင့်ကြံရေးက အဆင့်မြင့်လာလေလေ၊ ဝိညာဉ်စွမ်းအင်ကလည်း ပိုလိုလာရောပဲ။ အဲ့ဒါကြောင့် ကျန့်ဟယ်ရဲ့လက်ရှိအရှိန်က တော်တော်လေးကောင်းနေပါပြီ။”
ကျိုးဝူယိုက သက်ပြင်းချလျက် ဆိုသည်။
“မင်းရော ဘယ်အခြေအနေလဲ။”
စုယွမ်မေးလိုက်သည်။
“အခုလေးတင် သွေးကြော၄ခုဖွင့်ပြီး ချီစုဆောင်းခြင်းအဆင့်နှစ်ကို ရောက်တာ။”
“ငါသိပြီ။ မင်းပြန်သွားလိုက်တော့။ သတင်းကောင်းကိုသာ စိတ်အေးလက်အေးနဲ့စောင့်နေလိုက်တော့။”
စုယွမ် ပြောလိုက်သည်။
ကျိုးဝူယို၏မျက်နှာတွင် ပျော်ရွှင်မှုတစ်ရပ်ပေါ်လာတော့၏။ သူလည်း ယနေ့စာ အရင်းအမြစ်များကိုပေး၍ ပြန်ထွက်သွား၏။
သူ ထွက်ပြီးနောက် စုယွမ်လည်း ထူးဆန်းနေသလို ခံစားလိုက်ရသည်။
ဤအချိန်သုံးလနီးပါးသောအချိန်အတွင်း သူ တစ်ခါမကျင့်ကြံရသေးသော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီမျှင်ကတော့ အလိုအလျောက် ၂၃၀၀၀မျှင်အထိ ပြည့်လျှံလာရာ ဝိညာဉ်သွေးကြော၆ခုတည်ဆောက်ရန်တော့ လုံလောက်ပေ၏။
ကျင့်ကြံရေးက တကယ်ရောခက်လို့လား။
သူ စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်သည်။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: သိသူမရှိသေး (54 / 100)
【ကျင့်ကြံမှုအဆင့်】: ချီစုဆောင်းခြင်းအဆင့်တစ် (66/ 100)
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: သင်က အလုပ်နဲ့နားနေမှု ပေါင်းစပ်မှုအချိုးမှာ အလွန်တော်လာမည်။ သင် ပို၍ကြာကြာနားနေလေ၊ ကျင့်ကြံမှု၏အကျိုးသက်ရောက်မှု ပိုကောင်းလာမည်။ လက်ရှိနားချိန် : ၇၂ရက်နှင့် ၈နာရီ။
“၇၂ရက်တောင် နားလိုက်တာ။ ဘယ်လောက် အကျိုးရှိမလဲ ကြည့်ရတာပေါ့။”
စုယွမ်လည်း တွေးလိုက်၏။