အကန့်အသတ်
Vol. 61 Ch. 837
စုမင်သည် ကြက်သွေးရောင် ဖီးနစ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရယူပြီးနောက် ထိုခန္ဓာကိုယ်ဖြင့် ပုံရိပ်ဝါးမြိုခြင်း ပညာရပ်အား ကျင့်ကြံခဲ့ရာ ယခုအခါ ကိုယ်ခန္ဓာကျင့်ကြံခြင်းတွင် ပြိုင်ဘက်ကင်းသော ကြက်သွေးရောင်း မီးလျှံ မျိုးနွယ်စု ဂြိုဟ်သခင်၏ ကပ်ဘေးကိုးသွယ်ထဲမှ ပထမဦးဆုံး ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ သူ၏ ထိုကိုယ်ပွားသည် ပါရာဂွန် အဆင့်သို့ ရောက်ရှိသွားပြီး စုမင်ကိုယ်တိုင်လည်း ထိုကိုယ်ပွားနှင့်အတူ ကမ္ဘာမြေပြင် နယ်ပယ်ထဲသို့ စတင် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် ထိုကိုယ်ပွားသည် ကမ္ဘာမြေပြင် နယ်ပယ် ၏ အစောပိုင်း အဆင့်တွင်သာ ရှိသေးသည်။ သူသည် ပိုမိုအစွမ်းထက်လာစေရန်အတွက် အခြားသော ကမ္ဘာမြေပြင် အနှစ်သာရများအား ထပ်မံဝါးမြိုရဦးမည် ဖြစ်သလို နောက်ထပ် ကျရောက်လာမည့် ကပ်ဘေးများကိုလည်း ကျော်ဖြတ်ရဦးမည် ဖြစ်သည်။
သို့သော်လည်း ပုံရိပ်ဝါးမြိုခြင်း ပညာရပ်သည် ကျင့်ကြံခြင်း အဆင့်မြင့်လာလေလေ ပို၍ ခက်ခဲနက်နဲလာလေလေ ဖြစ်၏။ စုမင်သည် အနောက်ငွေ့ရည်တိမ်တိုက်ကြယ် နယ်မြေသို့ မဝင်ရောက်မီကပင် ကမ္ဘာမြေပြင် အနှစ်သာရများအား ဝါးမြိုခြင်းကို ရပ်တန့်ထားခဲ့သည်။ အကြောင်းမှာ သူသည် ဒုတိယအဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိသွားပါက သူ၏ ဝိညာဉ်သည် ယခုလက်ရှိ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားမည်ဖြစ်ရာ အသူရာ ဖန်ဆင်းရှင်တို့၏ ပင်ကိုယ်စွမ်းရည်ဖြစ်သော ကိုယ်ပွားဖန်တီးနိုင်စွမ်းအား ဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ ထိုသို့ဖြစ်သွားပါက အင်မော်တယ် နယ်မြေရှိ သူ၏ မူလခန္ဓာကိုယ်နှင့်ပင် ပြန်လည် ပေါင်းစပ်နိုင်တော့မည် မဟုတ်ပေ။
စုမင်သည် ဤအကြောင်းကို အသေအချာ စဉ်းစားခဲ့ဖူးသည်။ အကယ်၍ သိမ်းပိုက်ရန် သင့်တော်သော သတ္တဝါအား မရှာတွေ့ပါက တွေ့ရာတစ်ကောင်ကိုသာ ရွေးချယ်၍ သိမ်းပိုက်ရပေမည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို ရပ်တန့်မထားနိုင်ပေ။ ပြဿနာများစွာ ရှိလာနိုင်သည်ကို သိသော်လည်း သူ လုပ်ဆောင်ရပေမည်။
သို့သော် ယခုမူကား သူ တွေဝေနေခဲ့သမျှ အရာအားလုံးသည် ပြည့်စုံကောင်းမွန်စွာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အိစန်း ကိုယ်ပွားသည် သူ မူလက ရည်ရွယ်ခဲ့သည့်အတိုင်း ကျင့်ကြံခြင်း အသိဉာဏ်ပွင့်ရန်အတွက် မဟုတ်ခဲ့စေကာမူ ထိုကိုယ်ပွားမှ သန့်စင်ထုတ်လုပ်ပေးသည့် နတ်ဘုရား အနှစ်သာရများသည် စုမင် မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။ ၎င်းသည် သူ၏ တစ်ဘဝလုံးကို ပြောင်းလဲပေးနိုင်သည့် ကံထူးမှုကြီးပင် ဖြစ်တော့သည်။
ထူးခြားသည်မှာ ထိုကံထူးမှုကြောင့်ပင် သူသည် ယင်မရဏ နယ်မြေရှိ စိတ်ဆန္ဒများ၏ ထိန်းချုပ်မှုအောက်မှလည်းကောင်း တိထျန်းက သူ၏ ခန္ဓာကိုယ် နက်နက်ရှိုင်းရှိုင်းတွင် ဝှက်ထားခဲ့သော စည်းတံဆိပ်များ အောက်မှလည်းကောင်း လွတ်မြောက်ခဲ့ရသည်။ စုမင်အတွက်မူ ဤရလဒ်သည် အိစန်း ကိုယ်ပွားကို ရရှိလိုက်သည်နှင့်ပင် တန်းတူ ကြီးကျယ်လှပေသည်။
ထို့ပြင် ထိုကိုယ်ပွားကို ရရှိလိုက်သဖြင့် စုမင်သည် သူ၏ ဝိညာဉ်အား ခွဲထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ပုံရိပ်ဝါးမြိုခြင်း ပညာရပ်အား ကျင့်ကြံနေသော ကိုယ်ပွားထဲတွင် ယုံကြည်စိတ်ချစွာ ထားရစ်ခဲ့နိုင်ပြီး ကပ်ဘေး ကိုးသွယ်ကို ဆက်လက်ရင်ဆိုင်စေနိုင်ခဲ့ခြင်း ဖြစ်သည်။
စုမင်၏ စိတ်ထဲတွင် ဤအတွေးများ လျှပ်ခနဲ ဖြတ်ပြေးသွားစဉ် သူသည် ထိုကိုယ်ပွားအား ကြည့်လိုက်ရာ ကိုယ်ပွားကလည်း သူ့ကို ပြန်လည်ကြည့်ရှုနေသည်။ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံမိသောအခါ သူ၏ စိတ်အတွင်း၌ လုံးဝဥဿုံ တစ်သားတည်းကျနေသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာလေသည်။
၎င်းသည် အလွန်ပင် ဆန်းကြယ်လှသော ခံစားချက်မျိုး ဖြစ်၏။ သက်ရှိတစ်ဦးတည်းတွင် ခန္ဓာကိုယ် နှစ်ကိုယ် ရှိနေသကဲ့သို့ပင်။ သို့သော် ဤနှိုင်းယှဉ်ချက်သည် လုံးဝ မှန်ကန်သည်ဟု မဆိုနိုင်ပေ။ ထိုအခိုက်အတန့်၌ စုမင် ခံစားလိုက်ရသည်မှာ ထိုကိုယ်ပွားနှစ်ဦးသည် သူ၏ လက်ဝဲလက်နှင့် လက်ယာလက်ကဲ့သို့ ဖြစ်သွားခြင်းပင်။ သူ၏ ဝိညာဉ်သည် ဦးနှောက်ကဲ့သို့ ဖြစ်နေပြီး ထိုကိုယ်ပွားများကို စိတ်ကြိုက် လွယ်ကူစွာ စေခိုင်းနိုင်နေတော့သည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် ချောမွေ့နေကာ ထစ်ငေါ့ခြင်း အလျှင်းမရှိတော့ပေ။
"ဒီကိုယ်ပွားက ပိုပြီး အစွမ်းထက်နိုင်တယ်" စုမင်က တိုးတိုးလေး ရေရွတ်လိုက်ရာ ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွားသည်လည်း ပါးစပ်အား ဖွင့်ကာ စုမင်နှင့် တစ်ပြိုင်နက်တည်း ထိုစကားကိုပင် ပြောဆိုလိုက်လေသည်။
နိယာမတရားတို့က သူ့ကို ဝန်းရံထားပြီး စကြဝဠာ၏ ဥပဒေသတို့က လေထုထဲတွင် ပျံ့နှံ့သွားသည်။ ထိုစကားကို ပြောဆိုလိုက်သည့် အခိုက်တွင် နဂါးငွေ့တန်းအတွင်း၌ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် အရပ်မျက်နှာ အနှံ့အပြားသို့ ပဲ့တင်ထပ်သွားပြီး နဂါးငွေ့တန်းကြီး တုန်ခါသွားစဉ် ဂြိုဟ်တစ်လုံး၏ မှေးမှိန်သော ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။
ထိုဂြိုဟ်မှာ ရွှေရောင် တောက်ပနေ၏။
မကြာမီပင် ဒုတိယ၊ တတိယ၊ စတုတ္ထ... ထိုမှသည် ဂြိုဟ်ပေါင်း တစ်သိန်းအထိ ပေါ်ပေါက်လာတော့သည်။
နဂါးငွေ့တန်း တစ်သိန်းတို့ ပေါင်းစည်းသွားသည့် အခါတွင် ခရမ်းရောင် အိစန်း ကိုယ်ပွားတစ်ခုတည်း ဖြစ်တည်လာခဲ့သည် မဟုတ်ပေ။ ထိုနေရာရှိ ဂြိုဟ်ပေါင်း တစ်သိန်းတို့သည်လည်း စုစည်းသွားကြသော်လည်း ဂြိုဟ်ကြီးတစ်လုံးတည်း အဖြစ်သို့ ပြောင်းလဲသွားခြင်း မဟုတ်ဘဲ ဂြိုဟ်ပေါင်း တစ်သိန်းဖြင့် ဖွဲ့စည်းထားသော ရွှေရောင် စကြဝဠာကြီး အဖြစ်သို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
ထိုစကြဝဠာကြီး၏ အလင်းတန်းများသည် အဆုံးမရှိ တောက်ပနေကာ ရွှေရောင်အလင်းများကြားတွင် ခရမ်းရောင် အရိပ်အယောင်များ သန်းနေ၏။ ထိုအလင်းက နဂါးငွေ့တန်းတစ်ခုလုံးကို လင်းထိန်သွားစေသည့် ခဏတွင် စုမင်၏ အိစန်း ကိုယ်ပွားသည် သူ၏ လက်ယာဘက် လက်အား အသာအယာ ဝှေ့ယမ်းလိုက်သည်။
"ဂြိုဟ်ပေါင်း တစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ စကြဝဠာကြီး... ငါ့ရဲ့ စကြဝဠာအစ ဂြိုဟ်တစ်သိန်း... အခု ငါ မင်းတို့ဆီမှာ ရှိတဲ့ ကမ္ဘာ့အနှစ်သာရကို နှိုးထစေမယ်" စုမင်၏ နောက်ဆုံးစကားလုံး ဆုံးသည်နှင့်တစ်ပြိုင်နက် ဂြိုဟ်ပေါင်း တစ်သိန်းထံမှ ကမ္ဘာ့အနှစ်သာရတို့၏ အရှိန်အဝါများသည် ဟုန်းဟုန်းတောက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထိုအရှိန်အဝါများသည် ပေါင်းစည်းသွားပြီး နဂါးငွေ့တန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ နဂါးငွေ့တန်းကြီး တုန်ခါသွားသည့် ခဏ၌ စုမင်က ထပ်မံ ပြောဆိုလိုက်ပြန်သည်။
"ကမ္ဘာ့အနှစ်သာရထဲကနေ ကမ္ဘာမြေပြင် စွမ်းအားတွေ ပေါ်ပေါက်လာစမ်း"
ဝုန်း...
အလွန်အမင်း များပြားလှသော ကမ္ဘာမြေပြင် စွမ်းအားများသည် စကြဝဠာကြီးအတွင်းမှ ပေါက်ကွဲထွက်လာရာ ၎င်းတို့သည် စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် သိပ်သည်းလှသည်။ ထိုခဏချင်းမှာပင် ထိုစွမ်းအားတို့သည် စုမင်၏ ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွားထဲသို့ စီးဝင်သွားတော့သည်။
ထိုစွမ်းအားများ စုစည်းလာသည်နှင့်အမျှ ကိုယ်ပွား၏ ဆံပင်များသည် လေမတိုက်ဘဲ လှုပ်ရှားလာပြီး ထိုခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော အရှိန်အဝါသည် အဆပေါင်းများစွာ တိုးမြင့်လာလေသည်။
စုမင်သည် ခေါင်းကို မော့ကာ စကြဝဠာကြီးကို ကြည့်လိုက်ပြီးနောက် ငုံ့ကြည့်လျက် တိုးတိုးလေး ရေရွတ်လိုက်သည်။ "မင်း စိတ်ကြိုက် ဝါးမြိုလိုက်စမ်း။ အခု ငါဟာ နဂါးငွေ့တန်း တစ်သိန်းရဲ့ အရှင်သခင် ဖြစ်သွားပြီ။ ဒီကနေ့ကစပြီး... ဘယ်သူ့မှ ငါ့ကို ကြိုးကိုင်ခွင့် မရှိစေရဘူး"
သူ၏ မျက်နှာမှာ ဖြူလျော့နေသည်။ သူ၏ လက်ယာဘက် မျက်လုံးထဲတွင် ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသော မှော်စာလုံးများ ထပ်ဆင့်ပေါ်ပေါက်နေ၏။
သူ့ရှေ့တွင်မူ ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွား၏ အရှိန်အဝါသည် အဆုံးမရှိ မြင့်တက်နေကာ ဂြိုဟ်ပေါင်း တစ်သိန်း၏ ကမ္ဘာ့အနှစ်သာရမှ ဖြစ်တည်လာသော ကမ္ဘာမြေပြင် စွမ်းအားများသည်လည်း ထိုကိုယ်ပွားအတွင်းသို့ ဆက်တိုက် ပေါင်းစည်းဝင်ရောက်လျက် ရှိသည်။ ထိုသို့ဖြင့် ထိုကိုယ်ပွားသည် ပုံရိပ်ဝါးမြိုခြင်း ပညာရပ်၏ ဒုတိယမြောက် ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားလေသည်။
'ဒီနေ့ကစပြီး ဒီကိုယ်ပွားဟာ ငါ့ရဲ့ ချီစွမ်းအားပိုင်းမှာ အားအကောင်းဆုံး ခန္ဓာကိုယ် ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ ကိုယ်ပွားတိုင်းသာ ဒီလို အစွမ်းအထက်ဆုံး ဖြစ်လာမယ်ဆိုရင် နောက်ဆုံးမှာ သူတို့အားလုံးကို ငါ ပေါင်းစည်းလိုက်တဲ့အခါ...' စုမင်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လျှပ်ခနဲ ပေါ်လာသည်။
ဝုန်း...
ဒုတိယအဆင့် ပြည့်စုံခြင်းသို့ ရောက်သည်နှင့် ထိုကိုယ်ပွားသည် ခြေတစ်လှမ်း ရှေ့သို့ လှမ်းလိုက်သည်။ ဒုတိယမြောက် ကပ်ဘေး ကျရောက်လာကာ ထိုနဂါးငွေ့တန်း တစ်သိန်းနှင့် မသက်ဆိုင်သော မှေးမှိန်သည့် အရှိန်အဝါတစ်ခုသည် ချက်ချင်း ပေါ်ပေါက်လာတော့သည်။
စုမင်နှင့် မသက်ဆိုင်သော ထိုအရှိန်အဝါသည် ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွားထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ၎င်းသည် ပထမဆုံး ကပ်ဘေးကို ကြုံတွေ့စဉ်ကနှင့် အလားတူပင်။ နောက်ဆုံး ကပ်ဘေး သုံးခုမှအပ ကြက်သွေးရောင် မီးတောက် မျိုးနွယ်စု၏ ကျန်ရှိသော ကပ်ဘေးများသည် ခန္ဓာကိုယ်အတွင်းမှာပင် ဖြစ်တည်လာခြင်း ဖြစ်ပြီး ၎င်းသည် ကျင့်ကြံသူကို ပြန်လည် တိုက်ခိုက်ခြင်း ခံရသကဲ့သို့ပင် ဖြစ်သည်။
"ဖယ်ရှားလိုက်စမ်း" စုမင်က တည်ငြိမ်အေးစက်စွာ ပြောဆိုလိုက်သည်။ ထိုစကားတစ်လုံးနှင့်အတူ နဂါးငွေ့တန်းကြီးသည် ချက်ချင်းပင် ပုံပျက်သွားပြီး စုမင်၏ အိစန်း ကိုယ်ပွားထံမှ ကြီးမားသော စိတ်ဆန္ဒတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွားထံသို့ မုန်တိုင်းအလား တိုးဝင်သွားသည်။
၎င်းသည် အသက်တစ်ရှိုက်စာမျှသာ ကြာမြင့်၏။ ထိုမမြင်နိုင်သော စိတ်ဆန္ဒ မုန်တိုင်းသည် ကိုယ်ပွားကို ထိတွေ့လိုက်သည့် ခဏ၌ပင် ကိုယ်ပွားအတွင်း၌ ဖြစ်တည်နေသော ဒုတိယမြောက် ကပ်ဘေးသည် ချက်ချင်းပင် ပျက်စီးသွားပြီး ဤနဂါးငွေ့တန်းနှင့် မသက်ဆိုင်သော အရှိန်အဝါသည်လည်း လေထဲသို့ လွင့်စင် ပျောက်ကွယ်သွားတော့သည်။
ဒုတိယမြောက် ကပ်ဘေး ပျောက်ကွယ်သွားသောအခါ ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွားသည် ခေါင်းမော့ကာ တိုးညှင်းသော ဟိန်းဟောက်သံအား ထုတ်ဖော်လိုက်သည်။ ထိုအသံသည် ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားပြီး သူသည် ကမ္ဘာမြေပြင် နယ်ပယ်၏ အစောပိုင်း အဆင့်မှသည် အစောပိုင်း အဆင့်၏ အထွတ်အထိပ်သို့... ထိုမှတစ်ဆင့် အစောပိုင်း အဆင့်၏ ပြည့်စုံခြင်းသို့ တိုက်ရိုက် ရောက်ရှိသွားလေတော့သည်။
အင်အားများစွာ တိုးမြင့်လာခြင်းကြောင့် ကိုယ်ပွားသည် ရှည်လျားသော အော်ဟစ်သံ တစ်သံကို လွှတ်လိုက်၏။ ထိုအော်ဟစ်သံသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ သူ၏ ဆံပင်များသည် ဟင်းလင်းပြင်အတွင်း လွင့်ပျံနေပြီး ထိုခဏ၌ သူ၏ ခန္ဓာကိုယ်သည် ယခင်ကထက် များစွာ ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။
သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သောအခါ အရာအားလုံးကို ထိန်းချုပ်နိုင်ပြီဟူသော ခံစားချက်မှာ အလွန်ပင် ကောင်းမွန်လှရာ ၎င်းသည် လူတို့အား စွဲလမ်းသွားစေနိုင်သည့် ခံစားချက်မျိုး ဖြစ်၏။
ဤသို့ ရုတ်ချည်း အင်အားကြီးမားလာခြင်း... အထူးသဖြင့် ကမ္ဘာမြေပြင် နယ်ပယ် အတွင်း အဆင့်များ အဆမတန် တက်လှမ်းသွားခြင်းသည် အခြားသူတစ်ဦးဆိုပါက အတိုင်းမသိ ဝမ်းမြောက်ပျော်ရွှင်သွားမည် ဖြစ်သော်လည်း စုမင်၏ ကိုယ်ပွားနှစ်ဦးစလုံးမှာမူ တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်သွားကြသည်။
'ဒါဟာ အလွန် သိပ်သည်းလှတဲ့ ကမ္ဘာမြေပြင် စွမ်းအားတွေပဲ။ ကြက်သွေးရောင် မီးလျှံ ဂြိဟ်သခင်က ငါ့ကို ဒီပညာရပ် သင်ပေးတုန်းက ပြောခဲ့တာကတော့... ဒုတိယမြောက် ကပ်ဘေးကို ကျော်ဖြတ်ပြီးတာနဲ့ ငါဟာ ကမ္ဘာမြေပြင် နယ်ပယ်ရဲ့ အလယ်အလတ် အဆင့်ကို ရောက်ရမှာ'
'ပြီးတော့ ကမ္ဘာမြေပြင် နယ်ပယ်ရဲ့ အလယ်အလတ် အဆင့်ဟာ အစောပိုင်း အဆင့်ထက် အများကြီး ပိုပြီး အစွမ်းထက်တာကြောင့်... ငါဟာ တတိယနဲ့ စတုတ္ထ ကပ်ဘေးတွေကို ကျော်ဖြတ်ပြီးမှသာ အလယ်အလတ် အဆင့်ရဲ့ ပြည့်စုံခြင်းကို ရောက်နိုင်မှာ'
'ပဉ္စမမြောက် ကပ်ဘေးမှာတော့ ငါဟာ အဆင့်မြင့် အပိုင်းကို ရောက်မယ်၊ ကိုးခုမြောက် ကပ်ဘေးကို ရောက်တဲ့အခါမှာတော့ ကမ္ဘာမြေပြင် နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်မယ်။ ခန္ဓာကိုယ် အတွင်းက ကပ်ဘေး ကိုးခုစလုံးကို ပေါင်းစည်းနိုင်တဲ့အခါမှာတော့ ငါဟာ လကပ်ဘေးကို ဖြစ်တည်စေပြီး လကပ်ဘေး နယ်ပယ်ရဲ့ အင်အားကြီး ကျင့်ကြံသူ ဖြစ်လာရမှာ'
'ဒါပေမဲ့ အခုတော့ ငါ ဒုတိယမြောက် ကပ်ဘေးကို ကျော်ဖြတ်ပြီးတာတောင် ကမ္ဘာမြေပြင် နယ်ပယ် အစောပိုင်း အဆင့် အထွတ်အထိပ်ကိုပဲ ရောက်သေးတယ်။ တစ်ခုခုတော့... မှားနေပြီ'
စုမင်၏ ကိုယ်ပွားနှစ်ခုစလုံး၏ မျက်လုံးများထဲတွင် စဉ်းစားခန်း ဝင်သွားကြသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အိစန်း ကိုယ်ပွားသည် သူ၏ စိတ်ဆန္ဒကို အပြင်သို့ လွှတ်ထုတ်လိုက်ရာ ၎င်းသည် ပုံရိပ်ဝါးမြိုခြင်း ပညာရပ်အား ကျင့်ကြံနေသော ကိုယ်ပွားထံသို့ ချက်ချင်း စုစည်းသွားသည်။ သူသည် ကိုယ်ပွားအား သေချာစွာ လေ့လာကြည့်ရှုနေရင်း ပတ်ဝန်းကျင်ရှိ ကမ္ဘာမြေပြင် စွမ်းအားများကို ထိုကိုယ်ပွားထဲသို့ နောက်တစ်ကြိမ် စီးဝင်စေရန် ထိန်းချုပ်လိုက်ပြန်သည်။
ကိုယ်ပွားသည် ထိုစွမ်းအားများကို ဝါးမြိုရင်း တတိယမြောက် ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားကာ စုမင်က တတိယမြောက် ကပ်ဘေးအား ဖယ်ရှားပေးလိုက်သောအခါ သူ၏ ကိုယ်ပွားသည် ထပ်မံ၍ အစွမ်းထက်လာပြန်သည်။ ဟင်းလင်းပြင်အတွင်း ပေါက်ကွဲသံများ အစီအရီ ထွက်ပေါ်လာရာ ၎င်းသည် ကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်း စည်ကြီးတစ်လုံးကို တီးခတ်နေသကဲ့သို့ပင်။ ထိုခဏ၌ သူသည် ကမ္ဘာမြေပြင် နယ်ပယ်၏ အစောပိုင်း အဆင့် အထွတ်အထိပ်မှနေ၍ အလယ်အလတ် အဆင့်သို့ ချက်ချင်း ကူးပြောင်းသွားလေတော့သည်။
ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ် အဆင့်သည် အစောပိုင်း အဆင့်နှင့် လုံးဝ ကွာခြားလှသည်။ ယခင်က စုမင်သည် အစောပိုင်း အဆင့်ရှိသူများကို သတ်ဖြတ်နိုင်ခဲ့သော်လည်း အလယ်အလတ် အဆင့်ရှိသူများနှင့် ရင်ဆိုင်ရသောအခါ ထွက်ပြေးခဲ့ရသည် မဟုတ်လော။ ဤသည်မှာ လုံးဝ မတူညီသော အဆင့်နှစ်ဆင့်ပင် ဖြစ်၏။ အမှန်တကယ် ဆိုရလျှင် အလယ်အလတ် အဆင့်သို့ ရောက်ရှိလာသူများကိုသာ ကမ္ဘာမြေပြင်၏ အရှင်သခင်များဟု ခေါ်ဆိုနိုင်ပြီး ထိုအဆင့်သို့ ရောက်မှသာလျှင် ကောင်းကင်ဘုံ ကျင့်ကြံခြင်း နယ်ပယ် ရှိသူများကို ပုရွက်ဆိတ်များကဲ့သို့ သတ်မှတ်နိုင်ခြင်း ဖြစ်သည်။
စုမင်သည် ပိုမို အစွမ်းထက်လာသော်လည်း သူ၏ မျက်မှောင်များမှာမူ တွန့်ချိုးနေဆဲပင်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် ဂြိုဟ်ပေါင်း တစ်သိန်းထံမှ ကမ္ဘာမြေပြင် စွမ်းအားများကို နောက်တစ်ကြိမ် ထပ်မံ ခေါ်ယူလိုက်ပြန်သည်။
အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားသည်။ တစ်နာရီမျှ ကြာပြီးနောက် ကိုယ်ပွားသည် စတုတ္ထမြောက် ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားလေသည်။ စုမင်သည် စတုတ္ထမြောက် ကပ်ဘေးကို ချေဖျက်ပေးလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ပိုမို အားကောင်းလာပြန်သည်။ သူ၏ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှကာ ပတ်ဝန်းကျင် တစ်ခွင်လုံးကို တုန်ခါသွားစေသည်။ နာရီအနည်းငယ် ထပ်မံ ကုန်လွန်သွားသောအခါ ပဉ္စမမြောက် ပြည့်စုံခြင်း အဆင့်သို့လည်း ရောက်ရှိလာတော့သည်။
အကယ်၍ ထိုအချိန်တွင် ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သာ နိုးနေခဲ့မည်ဆိုလျှင် ဤကျင့်ကြံခြင်း အရှိန်နှင့် အဆင့်တက်လှမ်းပုံကို မြင်တွေ့ပါက အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးကာ စုမင်အား ငေးကြည့်နေပေလိမ့်မည်။
ဤသည်မှာ နဂါးငွေ့တန်း တစ်ခုလုံးကို ထိန်းချုပ်ထားသူများသာ ရရှိနိုင်သည့် အခွင့်အရေးမျိုးပင်။
ပဉ္စမမြောက် ကပ်ဘေး ပျောက်ကွယ်သွားသောအခါ ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွား၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ် အဆင့် အထွတ်အထိပ်သို့ နီးကပ်သွားခဲ့ပြီ ဖြစ်သည်။ ဤအဆင့်ဖြင့်ဆိုပါက သူသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က အချိန်သို့ ပြန်သွားမည်ဆိုလျှင် သူ၏ ချီစွမ်းအား တစ်ခုတည်းနှင့်ပင် ကျောက်မိသားစု၏ ဘိုးဘေးနှင့် အဆင့်တူ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
အမှန်စင်စစ် ကျောက်မိသားစု ဘိုးဘေးသည်လည်း ကမ္ဘာမြေပြင် နယ်ပယ် အလယ်အလတ် အဆင့် အထွတ်အထိပ်တွင်သာ ရှိသည် မဟုတ်လော။ သို့ရာတွင် ထိုစွမ်းအားဖြင့်ပင် သူ၏ မိသားစုကို အနောက်ငွေ့ရည်တိမ်တိုက်ကြယ်တွင် တတိယအဆင့် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်အား ကြည့်ခြင်းဖြင့် သူ မည်မျှ အစွမ်းထက်သည်ကို သိနိုင်သည်။
'ငါ သိသားပဲ။ တစ်ခုခုတော့ မှားနေပြီ။ ဒုတိယမြောက် ကပ်ဘေးတုန်းက ငါ မျှော်လင့်ထားသလောက် အစွမ်းမထက်ခဲ့တာကို ထားပါတော့။ ဒါပေမဲ့ အခု ပဉ္စမမြောက် ကပ်ဘေးဆိုတာ ခန္ဓာကိုယ်ကို ကမ္ဘာမြေပြင် နယ်ပယ်ရဲ့ အဆင့်မြင့် အပိုင်းကို ရောက်အောင် လုပ်ပေးရမှာ။ အခုတော့ အလယ်အလတ် အဆင့် အထွတ်အထိပ်ကိုပဲ ရောက်သေးတယ်'
'ဒါဟာ ငါ့ရဲ့ ဒီကိုယ်ပွားက မူလကတည်းက အင်အားကြီးလွန်းနေလို့ ဒီပညာရပ်က ထိထိရောက်ရောက် အလုပ်မလုပ်နိုင်တာလား၊ ဒါမှမဟုတ်... ဒီကိုယ်ပွားမှာ ချို့ယွင်းချက်တစ်ခုခု ရှိနေလို့လား'
စုမင်၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ကမ္ဘာမြေပြင် စွမ်းအားများကို ပုံရိပ်ဝါးမြိုခြင်း ပညာရပ်အား ကျင့်ကြံနေသော ကိုယ်ပွားထံသို့ ထပ်မံ စုစည်းစေလိုက်သောအခါ အဖြေကို ချက်ချင်းပင် နားလည်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပွားသည် ကမ္ဘာမြေပြင် စွမ်းအားများကို ထပ်မံ မဝါးမြိုနိုင်တော့သောကြောင့် ဖြစ်၏။ ပဉ္စမမြောက် ကပ်ဘေးသည်ပင် သူ၏ အကန့်အသတ် ဖြစ်နေတော့သည်။
'ဒါဟာ ချို့ယွင်းချက်ပဲ။ ကြက်သွေးရောင် ဖီးနစ်ရဲ့ ချို့ယွင်းချက်ပဲ' စုမင်က ခေါင်းကို ခါလိုက်သည်။
'ဒီစကြဝဠာထဲမှာ ရှိတဲ့ သက်ရှိတိုင်းမှာ ချို့ယွင်းချက်တွေ ရှိကြတာပဲ။ ငါတို့ ကျင့်ကြံကြတယ်ဆိုတာလည်း အဲဒီ ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ပဲ မဟုတ်လား... ကြက်သွေးရောင် ဖီးနစ်တွေရဲ့ ချို့ယွင်းချက်က ဘာလဲဆိုတာ ငါ မသိသေးပေမဲ့... တစ်နေ့မှာတော့ ငါ ဒါကို ပြုပြင်နိုင်မယ့် အချိန် ရောက်လာမှာပါ'
စုမင်သည် တိတ်ဆိတ်သွားကာ မျက်လုံးများကို မှိတ်လိုက်သည်။ ပုံရိပ်ဝါးမြိုခြင်း ပညာရပ်ကို ကျင့်ကြံနေသော ကိုယ်ပွားသည်လည်း မျက်လုံးများကို မှိတ်လိုက်လေသည်။
"တတိယမြောက် စိတ်ပြောင်းလဲခြင်း... အခုပဲ ပြီးဆုံးသင့်ပြီ" စုမင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ နှစ်ပေါင်း ထောင်ချီ၍ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ အိုမင်းရင့်ရော်ခြင်းနှင့် လွမ်းဆွတ်ခြင်းတို့သည် နေရာချင်း လဲလှယ်သွားကြကာ စုမင်၏ နှလုံးသား နက်ရှိုင်းရာအရပ်တွင် ကြိုးတစ်မျှင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုကြိုးမျှင်သည် သူ ပန်းချီ စတင် ဆွဲစဉ်က ပထမဦးဆုံး ချလိုက်သော အမှတ်ကလေးနှင့် တူလှသည်။ ယခုအခါတွင်မူ... ၎င်းသည် စက်ဝိုင်း တစ်ဝိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
စုမင်၏ ကိုယ်ပွားနှစ်ဦးစလုံး မျက်လုံးမှိတ်လိုက်သည့် ခဏ၌ စကြဝဠာကြီးအတွင်းရှိ ဂြိုဟ်ပေါင်း တစ်သိန်းတို့တွင် လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေမည့် အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
မှတ်ချက် ၁: တတိယမြောက် စိတ်ပြောင်းလဲခြင်း... စုမင်က မြက်ရုပ်ကလေးများ ပြုလုပ်ရသည့် အပိုင်းကို ရည်ညွှန်းသည်။