← Chapters

​အမှုပေါင်းစုံ ကျူးလွန်ခဲ့သော ကြိုးကြာ

Vol. 61 Ch. 845

​အမှုပေါင်းစုံ ကျူးလွန်ခဲ့သော ကြိုးကြာ

Vol. 61 Ch. 845

ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်မှာ ခဏမျှ မှင်သက်သွားသည်။ သူသည် ပတ်ဝန်းကျင်သို့ ဝေ့ကြည့်လိုက်သော်လည်း ထိပ်ပြောင်ကြိုးကြာ၏ အရိပ်အယောင်ကို မတွေ့ရချေ။ စုမင်၏ တည်ကြည်လေးနက်သော မျက်နှာထားကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲ၌ ခန့်မှန်းချက်တစ်ခု ချက်ချင်း ပေါ်လာတော့သည်။

​ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် သူက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။ “အဲဒါက တကယ်တမ်း ဘယ်ကလာလဲ ဆိုတာကိုတော့ ငါလည်း အတိအကျ မသိဘူး။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရင်းနှီးတဲ့ အငွေ့အသက်တစ်ခုတော့ ငါ ခံစားမိတယ်။ အဲဒါက... ငါတို့ခေတ်တုန်းက တည်ရှိမှုတစ်ခုနဲ့ အလွန် တူတယ်”

​“ကျွန်တော် အဲဒီအကြောင်းကို ထပ်ပြီး သိချင်တယ်” စုမင်က ကြက်သွေးရောင် မီးလျှံ ဂြိဟ်သခင်ကို ကြည့်ရင်း ပြောလိုက်သည်။

​“ဒီစကြဝဠာထဲမှာ မဟာ လောကကြီး ငါးခု ရှိတယ်လို့ ငါ အရင်က ပြောခဲ့ဖူးတယ်နော်။ လောကကြီးတစ်ခုချင်းစီမှာ ကပ်ဘေး အရှင်သခင် တစ်ဦးစီ ရှိကြတယ်။ သူတို့ဟာ လောကကြီးတစ်ခုရဲ့ အရှင်သခင်တွေပေါ့... မနက်ခင်းတာအို လောကက တာအိုချန်၊ အစစ်အမှန် ယင်လောကက ယင်ရှန့်နဲ့ ပဉ္စမမြောက် မဟာလောကရဲ့ အသူရာ ဖန်ဆင်းရှင်ရဲ့ အရှင်သခင်တို့လိုမျိုးပေါ့"

"​သူတို့ဟာ ကပ်ဘေး အရှင်သခင်တွေဖြစ်ပြီး ကံကြမ္မာ၊ ရှင်သန်ခြင်းဆုံးနဲ့ သေခြင်းတရားကို ထိန်းချုပ်နိုင်တဲ့ နယ်ပယ်ကို ရောက်နေကြသူတွေ ဖြစ်တယ်"

"​သူတို့ရဲ့ အထက်မှာတော့ မဟာ လောကကြီး ငါးခုရဲ့ အစစ်အမှန် ဘိုးဘေး ငါးဦး ရှိသေးတယ်။ အဲဒီလူ ငါးယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ ပိုပြီး ထိတ်လန့်ဖို့ကောင်းတယ်။ သူတို့ဟာ ကပ်ဘေး အရှင်သခင်တွေရဲ့ အဆင့်ထက်တောင် ကျော်လွန်နေပုံရတယ်။ အမှန်တကယ်တော့ သူတို့ရဲ့ တည်ရှိမှုတွေဟာ မဟာ လောကကြီး ငါးခုရဲ့ လည်ပတ်မှုအချို့ကိုတောင် ဝင်ရောက် နှောင့်ယှက်နိုင်စွမ်း ရှိကြတယ်"

"​သူတို့ဟာ မဟာ လောကကြီး ငါးခုရဲ့ စည်းမျဉ်းတွေလိုပဲ ဖြစ်နေပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ကြတယ်။ သူတို့ရဲ့ ဝိသေသအမှန်ကို သိနိုင်တဲ့သူ အလွန်နည်းပါးတယ်” ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက လျှို့ဝှက်ချက်များကို ပြောပြနေရင်း တိုးတိုးလေး ရေရွတ်နေမိသည်။

​“ငါးခုမြောက် မဟာလောကထဲက ငါတို့ရဲ့ အရှင်သခင် တစ်ဦးတည်းကပဲ ကျင့်ကြံခြင်း အဆင့်က အစစ်အမှန် ဘိုးဘေးထက် သာလွန်ခဲ့တာ။ ကျန်တဲ့ လောကကြီး လေးခုက ကပ်ဘေး အရှင်သခင်တွေကတော့ ဒီလို မလုပ်နိုင်ကြဘူး"

"​အခြား လောကကြီးတွေက အစစ်အမှန် ဘိုးဘေးတွေ ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့ ပဉ္စမမြောက် မဟာလောကရဲ့ အစစ်အမှန် ဘိုးဘေးကတော့ နှစ်ပေါင်းများစွာ အတွင်း ပုံစံတစ်မျိုးတည်းကိုပဲ အသုံးပြုခဲ့တယ်။ သူ့ရဲ့ နာမည်က... လူယာတဲ့"

"​သူက သူ့ကိုယ်သူ တာအိုဆရာလို့ ခေါ်ဝေါ်ပြီး သူ့ရဲ့ ဇစ်မြစ်ကတော့ လျှို့ဝှက်ချက်တစ်ခုပဲ"

"​ဒါပေမဲ့... စကြဝဠာကြီးက ကျယ်ပြောလှသလို မျိုးနွယ်စုပေါင်း သန်းနဲ့ချီပြီး ရှိနေတာ။ စကြဝဠာထဲမှာ အသန်မာဆုံးဆိုတဲ့ လူတွေဟာ ကပ်ဘေး အရှင်သခင် ဆယ်ယောက်နဲ့ အစစ်အမှန် ဘိုးဘေးတွေပဲ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လောကကြီး တစ်ခုချင်းစီမှာ သူတို့နဲ့ ကျင့်ကြံခြင်း အဆင့် နီးစပ်တဲ့၊ ဒါမှမဟုတ် သူတို့ထက်တောင် ပိုပြီး သန်မာတဲ့ တခြား မိစ္ဆာအိုကြီးတွေလည်း ရှိနေသေးတယ်။ အဲဒီလူတွေဟာလည်း... ဒဏ္ဍာရီတွေထဲက တစ်စိတ်တစ်ပိုင်းတွေပေါ့"

"​တချို့က တစ်ဦးတည်း သွားလာလှုပ်ရှားကြပြီး တချို့ကတော့ သူတို့ရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ မျိုးနွယ်စုတွေ ရှိကြတယ်။ တချို့ကတော့... မဟာ လောကကြီး ငါးခုရဲ့ အပြင်ဘက်က ကျယ်ပြောလှတဲ့ နဂါးငွေ့တန်းက လာကြတာလို့ ကောလာဟလတွေ ရှိခဲ့တယ်"

"​ပဉ္စမမြောက် မဟာလောကရဲ့ ဒဏ္ဍာရီတွေထဲမှာ ကြီးမားတဲ့ ကြိုးကြာ တစ်ကောင်အကြောင်း ပါတယ်။ အဲဒီကြိုးကြာက သူ့ကိုယ်သူ ဟေးမော့လို့ အမြဲ မိတ်ဆက်တတ်ပြီး အလွန်အမင်း ကောက်ကျစ်စဉ်းလဲသလို ရက်စက်တတ်တယ်။ သူက သတ်ဖြတ်တာနဲ့ လုယက်တာကို အလွန်ဝါသနာပါပြီး သူရောက်သွားတဲ့ နေရာတိုင်းမှာ ဂိုဏ်းအားလုံး ပျက်စီးသွားတတ်သလို ဆေးလုံးတွေအားလုံးလည်း အလုခံရတတ်တယ်"

"​သူက ဆေးလုံး အမြူတေတွေကိုပဲ စိတ်ဝင်စားပုံရတယ်။ တကယ်လို့ သူ့ကို မခုခံဘူးဆိုရင် ဘာမှ မဖြစ်ပေမဲ့ ခုခံလိုက်ရင်တော့ ကပ်ဆိုက်တော့တာပဲ"

"​ဒီကြိုးကြာဟာ ရုပ်ဖျက်အတတ်မှာ အလွန်ကျွမ်းကျင်တယ်။ ဒီကဏ္ဍမှာဆိုရင် သူဟာ ငါတို့ရဲ့ အစစ်အမှန် ဘိုးဘေးနဲ့တောင် အလွန်တူနေပြန်တယ်။ သူ ဘယ်က လာလဲဆိုတာ ဘယ်သူမှ မသိပေမဲ့ သူဟာ ပဉ္စမမြောက် မဟာလောကထဲမှာတော့ နာမည်ကြီး ဇာတ်လိုက်တစ်ယောက်ပေါ့"

"​သူဟာ စာအုပ်ထဲက ယုတ်ညံ့တဲ့ အပြုအမူမှန်သမျှကို လက်တွေ့ လုပ်ဆောင်ခဲ့သူ။ မိစ္ဆာအိုကြီး အမျိုးမျိုးကို လှောင်ပြောင်တယ်၊ လူတွေရဲ့ ဆေးလုံးတွေကို လုတယ်၊ ရုပ်ဖျက်လိုက်ရင် ဘယ်သူမှ မကာကွယ်နိုင်အောင် တော်တယ်... ဒါကြောင့် တစ်ချိန်တုန်းကဆိုရင် ပဉ္စမမြောက် မဟာလောကထဲက ကြိုးကြာတွေ အားလုံး သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့ရဖူးတယ်"

"​ဒီကြိုးကြာကို ဘယ်အရာကမှ ဟန့်တားနိုင်ပုံ မရဘူး။ သူဟာ မှော်သင်္ကေတ အားလုံးကို ဖျက်ဆီးနိုင်တဲ့ ပါရမီနဲ့ မွေးဖွားလာပုံရသလို စည်းတံဆိပ် ပညာရပ်တွေကလည်း သူ့အပေါ်မှာ အကျိုးသက်ရောက်မှု မရှိဘူး"

"​သူ့ရဲ့ နာမည်ဆိုးကြောင့် ဂိုဏ်းကြီးတွေတောင် နေရာပြောင်းရွှေ့ခဲ့ရဖူးသလို နဂါးငွေ့တန်းတစ်ခုလုံး ပြာဖြစ်ခဲ့ရတာတွေလည်း ရှိတယ်။ သူဟာ ဘဝမှာ နှစ်ကြိမ်ပဲ ရှုံးနိမ့်ခဲ့ဖူးတယ်။ ပထမတစ်ကြိမ်က အသူရာ ဖန်ဆင်းရှင်တွေရဲ့ နေရပ်ကို သွားရောက်ခဲ့ပြီး အရှင်သခင်ရဲ့ နှိမ်နင်းခြင်းကို ခံခဲ့ရတာ။ ဒါပေမဲ့ အဲဒီတုန်းက သူက ဒဏ်ရာပဲ ရခဲ့တာဖြစ်ပြီး အရှင်သခင်က သူ့နောက်ကို မလိုက်တာကြောင့် သူ လွတ်မြောက်သွားခဲ့တယ်"

"​ဒုတိယအကြိမ်ကတော့... အစစ်အမှန် ဘိုးဘေး လူယာရဲ့ ဆေးလုံးတွေကို သူ ခိုးယူခဲ့တာ။ တာအိုဆရာ လူယာက သူ့နောက်ကို နှစ်ပေါင်း တစ်ထောင်လုံးလုံး လိုက်ဖမ်းခဲ့ပေမဲ့ ဘယ်လို ဇာတ်သိမ်းသွားလဲဆိုတာတော့ ဘယ်သူမှ မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒါက လူတွေ ပြောနေကြတာပါ၊ အဲဒီတုန်းက တကယ် ဘာဖြစ်ခဲ့လဲ ဆိုတာကို အတိအကျ သိတဲ့သူ အလွန် နည်းပါတယ်” ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က ဤနေရာအထိ ပြောပြီးသောအခါ စုမင်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​စုမင်၏ မျက်နှာထက်တွင်လည်း ထူးဆန်းသော အမူအရာတစ်ခု ရှိနေ၏။ သူသည် အတည်ပြုရန်ပင် မလိုဘဲ ထိပ်ပြောင်ကြိုးကြာမှာ ပဉ္စမမြောက် မဟာလောက၏ ဒဏ္ဍာရီထဲတွင် ပါသော အမှုပေါင်းစုံ ကျူးလွန်ပြီး ဆေးလုံးများ လုယူတတ်သော ထိုကြိုးကြာ ဖြစ်ကြောင်းကို ယုံကြည်နေပြီ ဖြစ်သည်။

​“မင်းအနားမှာ ရှိတဲ့သူက... အဲဒီကြိုးကြာရဲ့ ဝိသေသ အချို့နဲ့ ကိုက်ညီနေတယ်။ သူက လောဘကြီးတယ်၊ မှော်သင်္ကေတတွေကို လျစ်လျူရှုနိုင်တယ်၊ ရုပ်ဖျက်တာ ကျွမ်းကျင်တယ်၊ ပြီးတော့ သူကိုယ်တိုင်ကလည်း ကြိုးကြာတစ်ကောင် ဖြစ်နေတာပဲ။ ဒါပေမဲ့ ငါ့ကို ဝေခွဲမရဖြစ်စေပြီး အတိအကျ မပြောနိုင်အောင် လုပ်နေတဲ့ အချက်ကတော့... ဒဏ္ဍာရီထဲက ကြိုးကြာဟာ ဆေးလုံးတွေကိုပဲ စိတ်ဝင်စားတာ။ သူဟာ သလင်းကျောက်တွေကိုဆိုရင် လှည့်တောင် မကြည့်ဘူး...”

​“ဒါပေမဲ့... မင်းအနားမှာ ရှိတဲ့ ကောင်ရဲ့ သလင်းကျောက်တွေအပေါ် ထားတဲ့ စွဲလမ်းမှုနဲ့ လိုချင်တပ်မက်မှုကတော့ စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်တဲ့ အခြေအနေကို ရောက်နေတာလေ။ ဒါကြောင့် အတိတ်က ကြိုးကြာနဲ့ အခုကြိုးကြာက တစ်ကောင်တည်းလားဆိုတာ ငါ မသေချာတာ” ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က ခပ်သောသော ရယ်မောရင်း ပြောလိုက်သည်။

​“မင်းသာ ငါ့ကို မမေးခဲ့ရင် ငါ ဒါတွေကို ပြောပြမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ဒီကြိုးကြာက အတိတ်က တစ်ကောင် မဟုတ်ရင် ငါ ဘေးကင်းနိုင်ပေမဲ့ တစ်ကောင်တည်းသာ ဖြစ်နေမယ်ဆိုရင်... ငါ မှတ်မိသလောက် အဲဒီကြိုးကြာဟာ ကိစ္စအသေးအဖွဲလေးကအစ လက်စားချေတတ်တဲ့ အမျိုးအစားဖြစ်ပြီး ရန်ငြိုးထားတတ်တဲ့ သတ္တဝါမျိုး ဖြစ်လို့ပဲ"

"​ကိစ္စအသေးလေး ဖြစ်နေပါစေ သူကတော့ တစ်သက်လုံး မှတ်ထားမှာ” ကြက်သွေးရောင် မီးလျှံဂြိုဟ်သခင်မှာ ဆက်လက်၍ ခပ်သောသော ရယ်နေမိပြီး သူသည် ဤအခြေအနေမှ လွတ်မြောက်နိုင်မည့် လမ်းမရှိတော့သည့်နှယ် ဖြစ်နေ၏။

​ထိုအခိုက်၌ စုမင်သည် သံသယဖြစ်နေရုံပင် မဟုတ်တော့ဘဲ ထိပ်ပြောင်ကြိုးကြာမှာ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင် ပြောသော ဒဏ္ဍာရီထဲက ကြိုးကြာဖြစ်ကြောင်း လုံးဝ ဥဿုံ ယုံကြည်သွားတော့သည်။ ထိုရန်ငြိုးထားတတ်သော စရိုက်မှာ စုမင်အတွက် အမှတ်ရစရာ တစ်ခုပင် ဖြစ်၏။

​ခရမ်းရောင် အိစန်းက ထိပ်ပြောင်ကြိုးကြာသည် ဒဏ်ရာ အပြင်းအထန် သုံးကြိမ် ရခဲ့ဖူးသည်ဟု ပြောခဲ့ဖူးသည်ကို သတိရလိုက်သောအခါ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင် ပြောသည့် ခေတ်ကာလအတွင်း၌ ၎င်းသည် ပြင်းထန်သော ဒဏ်ရာများကြောင့် ပြန်လည် ကုစားရန် လိုအပ်နေခဲ့သဖြင့် ဆေးလုံးများအား အရူးအမူး လုယူခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

​သို့သော် စုမင်၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ရှိနေဆဲပင်။ မည်သည့်အရာက ထိပ်ပြောင်ကြိုးကြာကို ဆေးလုံးများအပေါ် စွဲလမ်းမှုမှ သလင်းကျောက်များအပေါ် စွဲလမ်းမှုသို့ ပြောင်းလဲသွားအောင် လုပ်နိုင်ခဲ့သနည်း။ ဤအချက်မှာ စုမင် မည်မျှပင် စဉ်းစားသော်လည်း အဖြေရှာမရနိုင်သော ကိစ္စဖြစ်၏။ ထိပ်ပြောင်ကြိုးကြာ၏ မှတ်ဉာဏ်များ ပြန်လည် ရရှိလာသည့် အခါကျမှသာ ဤကဲ့သို့သော ကြီးမားလှသည့် ပြောင်းလဲမှုကို ၎င်းကိုယ်တိုင် နားလည်နိုင်ပေလိမ့်မည်။

​‘ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင် သိတာက ထိပ်ပြောင်ကြိုးကြာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူဟာ အိစန်းလိုပဲ ရှေးကျတဲ့ သက်ရှိတစ်မျိုး မဟုတ်လား’ ခေတ္တမျှ စဉ်းစားပြီးနောက် စုမင်က ခေါင်းမော့ကာ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်ကို ကြည့်လိုက်သည်။

​“ဟို... သူက နောက်ပြီးတော့...” ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်မှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ ပြောခဲ့သမျှအား ပြန်စဉ်းစားကာ စုမင်ကို အားလုံး ပြောပြရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက အံကို တင်းတင်းကြိတ်ကာ ဆက်ပြောလိုက်၏။

​"ငါ ကောလာဟလတစ်ခု ကြားဖူးသေးတယ်။ ဒါပေမဲ့ အဲဒါက အမှန်လား၊ အမှားလားတော့ မသိဘူး။ သူက... အရမ်းလည်း နှာဗူးကျတယ်တဲ့။ ဟိုတုန်းက ပဉ္စမမြောက် မဟာလောကထဲမှာ သူနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသမီး ကျင့်ကြံသူ အရေအတွက်ဟာ မနည်းဘူး... သူတို့တွေဟာ အဲဒီကြိုးကြာအကြောင်း ပြောလိုက်တိုင်း ဒေါသထွက်ပြီး အံကြိတ်ကြသလို သူ့ကို ကိုယ့်လက်နဲ့ကိုယ် သတ်ချင်နေကြတဲ့ ပုံစံမျိုးတွေ ရှိကြတယ်။ ငါလည်း အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ဖူးတယ်၊ သူက အဲဒီကြိုးကြာအကြောင်း ပြောလိုက်ရင် အရမ်း ရှက်ပြီး ဒေါသထွက်နေတာ။ သူက လူတစ်ယောက်ကို ဒေါသထွက်အောင် တစ်ခုခု လုပ်ခဲ့ပုံရတယ်”

​ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင် ပြောပြပြီးသောအခါ စုမင်မှာ ခဏမျှ မှင်သက်သွားသည်။ ဤအချက်မှာ ထိပ်ပြောင်ကြိုးကြာထံမှ သူ တစ်ခါမျှ မတွေ့ဖူးခဲ့သော အချက်ပင်။

​“ဒါဆိုရင် နတ္ထိ အနှစ်သာရ နယ်မြေတွေထဲမှာ တစ်ခုခု ရှာဖွေနိုင်မယ့် နေရာမျိုးကို ခင်ဗျား သိလား။ ဒါမှမဟုတ် ကျွန်တော် ဒီလိုပဲ ပြန်မေးမယ်... တကယ်လို့ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး သေလုနီးပါး ဖြစ်နေတယ်ဆိုရင် သူ့ကို ကုသပေးနိုင်မယ့် နည်းလမ်း ရှိလား”

​စုမင်၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာတစ်ခု ပေါ်လာသည်။ ထိပ်ပြောင်ကြိုးကြာတွင် မည်သို့သော နောက်ခံမျိုး ရှိနေပါစေ သို့မဟုတ် လူမည်မျှက သူ့အပေါ် ရန်ငြိုးထားနေပါစေ စုမင် ဂရုမစိုက်ပေ။ ၎င်းသည် မိမိကြောင့် သတိလစ်သွားခဲ့ပြီး သေလုနီးပါး အခြေအနေကို ရောက်နေခြင်း ဖြစ်သဖြင့် စုမင်သည် ၎င်းအား ကယ်တင်ရန် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားမည်သာ ဖြစ်သည်။

​“အဲဒါကတော့...” ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်သည် စောစောကပင် တစ်ခုခုကို ခန့်မှန်းမိနေပြီး စုမင်၏ စကားအား ကြားရသောအခါ ထိပ်ပြောင်ကြိုးကြာတွင် ဘေးဒုက္ခ တစ်ခုခု ကျရောက်နေပြီ ဖြစ်ကြောင်း ပိုမို သေချာသွားတော့သည်။ သူ၏ မျက်နှာထက်တွင် စဉ်းစားနေသော အမူအရာတစ်ခု ပေါ်လာသော်လည်း အတော်ကြာပြီးနောက် ခေါင်းခါလိုက်၏။

​“ငါ့ရဲ့ အတိတ်က ကျင့်ကြံခြင်း အဆင့်က ဒီလိုမဟုတ်ခဲ့ပေမဲ့ သူ့ကို ဘယ်လိုနည်းလမ်းနဲ့ ကယ်နိုင်မလဲဆိုတာတော့ ငါ တကယ် မသိဘူး... သူက အခု ဝိညာဉ်ဘဝနဲ့ ရှိနေတာဆိုတော့ သာမန် ဆေးလုံးတွေက သူ့ကို ကုသပေးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ငါတို့သာ အစစ်အမှန် ဘိုးဘေး လူယာကို ရှာတွေ့နိုင်ခဲ့ရင်တော့ သူ့ရဲ့ ဆေးပညာနဲ့ ကူညီနိုင်ကောင်း ကူညီနိုင်လိမ့်မယ်... ဒါပေမဲ့ ဒါက ပင်လယ်ထဲမှာ အပ်ရှာသလိုပဲ။ အစစ်အမှန် ဘိုးဘေး လူယာ အသက်ရော ရှင်နေသေးရဲ့လားဆိုတာ ငါတို့ မသိဘူးလေ”

​ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က သက်ပြင်းချလိုက်သည်။ သူ ခေါင်းခါလိုက်စဉ်မှာပင် သူ၏ မျက်ဝန်းအတွင်း၌ တစ်ခုခုကို သတိရသွားသည့်နှယ် အလင်းတစ်ချက် ဝင်းလက်သွားတော့သည်။

​“သူက သူ့ကိုယ်သူ ဟေးမော့လို့ မိတ်ဆက်တယ်နော်... အခု ငါ သတိရပြီ။ အရင်တုန်းက ပဉ္စမမြောက် မဟာလောကထဲမှာ လူတချို့ ပြောနေကြတဲ့ သီအိုရီတစ်ခုကို ငါ ကြားဖူးတယ်။ သူတို့က အဲဒီကြိုးကြာဟာ ပဉ္စမမြောက် မဟာလောကက သတ္တဝါ မဟုတ်ဘဲ နတ္ထိ အနှစ်သာရ ကြယ်ပင်လယ်က လာတာဖြစ်ဖို့ အခွင့်အလမ်း များတယ်လို့ ပြောကြတယ်” ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က စုမင်ကို ချက်ချင်း ကြည့်လိုက်သည်။

​“ခင်ဗျား ပြောချင်တာက... မင်နက်ရောင်ဂြိုဟ်အကြောင်းလား” စုမင်၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။

​“ဟေးမော့၊ မင်နက်ရောင်ဂြိုဟ်၊ ကြည့်ရတာ ဒီနှစ်ခုကြားမှာ ဆက်နွှယ်မှု တစ်ခုခု ရှိနိုင်တယ်။ ဒါပေမဲ့ ငါ မသေချာဘူး၊ မင်းကိုယ်တိုင်ပဲ စဉ်းစားကြည့်တော့” ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်က ခေါင်းညိတ်ပြလိုက်သည်။

​စုမင်က မျက်လုံးများကို မှိတ်လိုက်သည်။ အတော်ကြာပြီးနောက် သူ ပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်ဝန်းအတွင်း၌ ပြတ်သားမှုများ ရှိနေ၏။ ထိပ်ပြောင်ကြိုးကြာသည် အိစန်းကို သိနေခဲ့ခြင်းမှာပင် အချက်အလက်များစွာအား ပြောပြနေသကဲ့သို့ ဖြစ်၏။ ၎င်းသည် နတ္ထိအနှစ်သာရ ကြယ်ပင်လယ်မှ လာခြင်းဖြစ်နိုင်ခြေ အလွန်မြင့်မားလှပြီး ထိုအချက်ကြောင့်ပင် မင်နက်ရောင်ဂြိုဟ်နှင့် ထိပ်ပြောင်ကြိုးကြာအကြား ဆက်နွှယ်မှု တစ်ခုခု ရှိနေနိုင်ပေသည်။

​‘မင်နက်ရောင်ဂြိုဟ်က နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့တာ။ သမိုင်းမှတ်တမ်းတွေ မရေးခင် ကတည်းက တစ်စုံတစ်ယောက်က ဒီဂြိုဟ်ရဲ့ နာမည်ကို ထိပ်ပြောင်ကြိုးကြာကို ထောင်ချောက်ဆင်ဖို့အတွက် တမင်တကာ ပြောင်းလဲခဲ့တာ မဟုတ်ဘူးဆိုရင်တော့ ဒီလို တိုက်ဆိုင်မှုနောက်ကွယ်မှာ သေချာပေါက် သဲလွန်စ တစ်ခုခု ရှိနေရမယ်’

​စုမင်က ခေါင်းငုံ့ကာ သူ၏ လက်ဖဝါးပေါ်ရှိ အစိမ်းရောင် ငှက်မွေးကို ကြည့်လိုက်သည်။ ငှက်မွေးပေါ်ရှိ သွေးစက်ကို ကြည့်ပြီး ၎င်းထံမှ ရင်းနှီးသော ထိပ်ပြောင်ကြိုးကြာ၏ အငွေ့အသက်အား ခံစားလိုက်ရသောအခါ ၎င်းနှင့် ပထမဦးဆုံး စတွေ့ခဲ့သည့် အချိန်မှစ၍ မိမိအတွက် ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သည့် အချိန်အထိ မြင်ကွင်းများမှာ သူ၏ စိတ်ထဲ၌ လျှပ်ခနဲ ပေါ်လာတော့သည်။

​သူသည် ထိပ်ပြောင်ကြိုးကြာက မိမိကိုယ်မိမိ ကြိုးကြာဘိုးဘိုးဟု ဂုဏ်ယူစွာ ခေါ်ဝေါ်တတ်သော အသံကိုပင် ပြန်ကြားနေရသကဲ့သို့ ခံစားလိုက်ရ၏။

​‘တချို့အရာတွေကိုတော့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ပဲ ကြည့်လို့ မရဘူး။ ဒါက အန္တရာယ်ရှိတယ်ဆိုတာ ငါ သိနေရင်တောင်... ငါ လုပ်ရမယ်’

​‘မင်းက ငါ့ကို ကူညီဖို့ မင်းရဲ့ ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့တယ်၊ ဒါဆိုရင်... မင်းအတွက် ငါ အန္တရာယ်ထဲကို ခြေစုံပစ်ဝင်ရမယ်ဆိုရင်ရော ဘာဖြစ်ဦးမှာလဲ’

​‘ငါသာ အစကတည်းက ဒီငှက်မွေးကို မရခဲ့ရင် ကိစ္စမရှိဘူး။ တကယ်လို့ ငါ့ရဲ့ ပတ်ဝန်းကျင်မှာ နတ်ဘုရား အနှစ်သာရ မှော်သင်္ကေတတွေသာ မရှိခဲ့ရင် ငါ ကုန်းဟွမ်းကို သတ်နိုင်ခဲ့ရင်တောင် အစိမ်းရောင် မီးခိုးတန်း တစ်တန်းကိုပဲ ရနိုင်လိမ့်မယ်။ နှစ်တန်းစလုံးကို ရပြီး ဒီငှက်မွေးအဖြစ် ပြောင်းလဲဖို့ဆိုတာ ခက်ခဲလိမ့်မယ်’

​‘ငါ... ဒီစွန့်စားမှုကို လုပ်မယ်။ ထိပ်ပြောင်ကြိုးကြာ၊ တကယ်လို့ ဒီငှက်မွေးက ပြဿနာတစ်ခု ဖြစ်လာခဲ့ရင်တောင် ငါတို့ ဒီစွန့်စားမှုကို အတူတူ ရင်ဆိုင်ကြမယ်’

​‘မင်းသာ ဒီငှက်မွေးကို စုပ်ယူပြီး နည်းနည်းလောက် ပြန်ကောင်းလာမယ်ဆိုရင် ဒါက နဂါးဂူ ဖြစ်နေရင်တောင် မင်းအတွက် ငါ သွားပါ့မယ်’

​‘တကယ်လို့... ငါတို့ ဒီအလောင်းအစားမှာ ရှုံးနိမ့်သွားခဲ့ရင်တော့ ငါ့ရဲ့ နတ်ဘုရား အနှစ်သာရ ကျင့်ကြံခြင်း ပြီးမြောက်တာနဲ့ မဟာ လောကကြီး လေးခုကို ငါ အပြီးတိုင် ဖျက်ဆီးပစ်မယ်လို့ ကတိပေးတယ်၊ သူတို့ကို... မင်းနဲ့အတူ မြှုပ်နှံပေးမယ်’

​စုမင်သည် အံကို တင်းတင်းကြိတ်ကာ သူ၏ လက်ထဲရှိ အစိမ်းရောင် ငှက်မွေးအား သိုလှောင်အိတ်အတွင်းသို့ ပို့လိုက်သည်။ သူ၏ လက်က သိုလှောင်အိတ်ကို ထိလိုက်သည်တွင် လက်မှာ အနည်းငယ် တုန်ရင်သွား၏။ ထိုအနည်းငယ်သော တုန်ရင်မှုမှာ စုမင်၏ စိတ်ထဲ၌ မည်မျှ စိုးရိမ်ပူပန်နေကြောင်း ပြသနေခြင်းပင်။

​အစိမ်းရောင် ငှက်မွေးမှာ သိုလှောင်အိတ်အတွင်းသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် အဆုံးမဲ့လှသော အစိမ်းရောင် အလင်းတန်းများမှာ ထိုအတွင်းမှ ချက်ချင်း ဝင်းလက်လာတော့သည်။ တစ်ချိန်တည်းမှာပင် အိပ်မောကျနေသော ထိပ်ပြောင်ကြိုးကြာ၏ ဝိညာဉ်မှာလည်း တောက်ပသော အနက်ရောင် အလင်းတန်းများဖြင့် ဝင်းလက်လာပြီး ထိုအစိမ်းရောင် အလင်းတန်းများကို ပြန်လည် ခုခံနေသကဲ့သို့ ရှိနေ၏။

​ထိုအခိုက်အတန့်၌ပင် အလင်းတန်းများအတွင်းရှိ အစိမ်းရောင် ငှက်မွေးမှာ အစိမ်းရောင် ဥဒေါင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းသည် ကြမ်းကြုတ်ရူးသွပ်မှုများ၊ ထို့ပြင် ၎င်း၏ မျက်လုံးအတွင်း၌ ပေါ်ထွက်လာသော အသိဉာဏ် အရိပ်အယောင်များနှင့်အတူ ထိပ်ပြောင်ကြိုးကြာထံသို့ တဟုန်ထိုး တိုးဝင်သွားလေသည်။ ထိပ်ပြောင်ကြိုးကြာထံမှ ပျံ့နှံ့နေသော အနက်ရောင် အလင်းတန်းများမှာမူ မျက်လုံးမှိတ်ထားသော ကြိုးကြာတစ်ကောင်အသွင် ပြောင်းလဲသွားပြီး အလိုအလျောက်ပင် ထိုတိုးဝင်လာသော အစိမ်းရောင် ဥဒေါင်းကို ပြန်လည် တိုက်ခိုက်တော့သည်။

​နှစ်ဖက်စလုံး နီးကပ်သွားသည့် အချိန်၌ စုမင်၏ လက်ယာဘက် မျက်လုံးအတွင်း၌ အလင်းတစ်ချက် ဝင်းလက်သွားပြီး နတ်ဘုရား အနှစ်သာရ မှော်သင်္ကေတများမှာ လျင်မြန်စွာ ပုံဖော်လိုက်သည်။ ၎င်းတို့သည် သိုလှောင်အိတ်အတွင်းသို့ စီးဝင်သွားပြီး အစိမ်းရောင် ဥဒေါင်းကို ဝန်းရံလိုက်တော့၏။

​“ငါ သိသားပဲ၊ ဒီထဲမှာ ပြဿနာ ရှိနေတာကိုး”

​စုမင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ နတ်ဘုရား အနှစ်သာရ မှော်သင်္ကေတများမှာ အစိမ်းရောင် ဥဒေါင်းပေါ်၌ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ၎င်းတို့သည် အစိမ်းရောင် ဥဒေါင်း၏ မျက်လုံးအတွင်းရှိ အသိဉာဏ်ကို ဖျက်ဆီးပစ်လိုက်ရာ ဟင်းလင်းပြင်အတွင်း၌ စူးရှလှသော အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားတော့သည်။

​“နတ်ဘုရား အနှစ်သာရ... ဒါ မဖြစ်နိုင်ဘူး”

​နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ အစိမ်းရောင် ဥဒေါင်း၏ မျက်လုံးများမှာ ဝေဝါးသွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်တော့မည့်နှယ် ရှိနေတော့သည်။ မျက်လုံးမှိတ်ထားသော ထိပ်ပြောင်ကြိုးကြာမှာမူ ၎င်းကို ချက်ချင်းပင် အတင်းအကျပ် ဆွဲယူလိုက်ပြီး နှစ်ကောင်စလုံးမှာ ချက်ချင်းပင် ပေါင်းစပ်သွားကြတော့သည်။ ထိပ်ပြောင်ကြိုးကြာမှာ မျက်လုံးများကို ဆက်လက် မှိတ်ထားဆဲ ဖြစ်ပြီး အိပ်မောကျနေဆဲပင် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ် ပျောက်ကွယ်နေသည့် ဖြစ်စဉ်မှာမူ သိသိသာသာ နှေးကွေးသွားခဲ့ပြီ ဖြစ်သည်။

​မသိမသာပင် ထိပ်ပြောင်ကြိုးကြာမှာ ယခင်ကထက် အနည်းငယ် ကွဲပြားသွားပုံရပြီး သူ၏ ဝိညာဉ်မှာလည်း အနည်းငယ် ပြန်လည် နိုးထလာသကဲ့သို့ ရှိနေတော့သည်။

​“အလုပ်ဖြစ်တယ်” စုမင်၏ မျက်လုံးများမှာ တောက်ပသော အလင်းတန်းများဖြင့် ဝင်းလက်သွားတော့သည်။

​

All Chapters