ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတ ပြိုလဲခြင်း
Vol. 61 Ch. 847
ဤနတ္ထိနယ်မြေကို စောင့်ကြပ်နေသည့် မဟာလောကကြီး လေးခု၏ အင်အားစုများထဲတွင် သက်တမ်းရင့် မိစ္ဆာအိုကြီးများ မုချရှိနေပေလိမ့်မည်ဟု စုမင် ကြိုတင်ခန့်မှန်းထားပြီးသားပင်။ ထိုသူတို့သည် သာမန်အချိန်တွင် လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ အောင်းနေတတ်ကြသော်လည်း ရန်သူက သူတို့၏ ပင်မစခန်းကို ကျူးကျော်လာပြီဆိုလျှင်တော့ လျှပ်စစ်အဟုန်ဖြင့် ထွက်ပေါ်လာကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
စုမင်သည် မိမိကိုယ်ကို အထင်ကြီးလွန်းသူ မဟုတ်။ သူ၏ အိစန်းကိုယ်ပွားသည် နဂါးငွေ့တန်းကို အာခံနိုင်စွမ်းရှိသည်မှာ မှန်သော်လည်း ယင်းသည် နတ်ဘုရားအနှစ်သာရကြောင့်သာ ဖြစ်ပြီး အိစန်းကဲ့သို့သော သက်ရှိတို့သည် စကြဝဠာနှင့် သဘာဝခြင်း ဆင်တူယိုးမှားဖြစ်၍သာ ဖြစ်သည်။
တစ်နည်းဆိုသော် ဤကဲ့သို့သော သက်ရှိတို့သည် စကြဝဠာနှင့် တူညီသော တည်ရှိမှုမျိုး ဖြစ်ကြသည်။ သို့သော်လည်း... သူ၏ကိုယ်ပွားမှာ အားနည်းသေးသည့်အပြင် ပြည့်စုံမှုမရှိသေးပေ။ ထို့ကြောင့် စကြဝဠာကိုယ်တိုင်က သူ့ကို မဖျက်ဆီးနိုင်သော်လည်း စကြဝဠာထဲမှ ကျင့်ကြံသူတို့ကမူ သူ့အား နှိမ်နင်းနိုင်ပေသေးသည်။
‘ဒီနယ်မြေတွေကို စောင့်ကြည့်နေတဲ့ မဟာလောကကြီး လေးခုရဲ့ အင်အားစုတွေကို နယ်မြေလေးခု ခွဲထားတယ်။ အနောက်ငွေ့ရည်တိမ်တိုက် အပါအဝင် မဟာနဂါးငွေ့တန်း လေးခုနဲ့ တစ်ခုစီ ဆက်စပ်နေတာပေါ့။ အဲဒီနယ်မြေ လေးခုရဲ့ နောက်ကွယ်မှာတော့ အဆုံးမဲ့တဲ့ ဟင်းလင်းပြင်ကြီး ရှိတယ်။ အဲဒီ အနက်ရှိုင်းဆုံးဆီမှာ... ဂြိုဟ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝဲဂယက်ကြီး တစ်ခုရှိတယ်။ အဲဒီနေရာဟာ... မဟာလောကကြီး လေးခုရဲ့ ပင်မစခန်းပဲ’
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြိုးကြာဖြူလေး သတိရှိစဉ်တုန်းက သူအသုံးပြုခဲ့သည့် နတ်ဘုရားနှောင်ကြိုး မှော်သင်္ကေတမှတစ်ဆင့် မြင်တွေ့ခဲ့ရသည့် ပုံရိပ်များမှာ စုမင်၏ အာရုံထဲ၌ တစ်ဖန် ပြန်လည် ထင်ဟပ်လာသည်။
‘ငါ့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်။ နယ်မြေတစ်ခုကနေ အတင်းတိုးဝင်ပြီး ပင်မစခန်းဆီကို ငါ သွားရမယ်’ ခရမ်းရောင် လျှပ်စီးတန်းများက နဂါးငွေ့တန်းထဲ၌ ဟိန်းဟောက်နေ၏။ စုမင်၏ ကိုယ်သည် ဟင်းလင်းပြင်၌ လွင့်မျောနေသော်လည်း သူ၏ စိတ်ကမူ တည်ငြိမ်အေးစက်လျက်။ သူ၏ ခြေဖဝါးအောက်ရှိ လျှပ်စီးတန်းများမှာ ပင်လယ်ရေလှိုင်းများကဲ့သို့ လှုပ်ခတ်နေပြီး ကိုယ်ခန္ဓာကို ဟင်းလင်းပြင်ထဲ၌ လျှပ်တပြက်နှုန်းဖြင့် ရှေ့သို့ ခေါ်ဆောင်သွားတော့သည်။
‘အနောက်ငွေ့ရည်တိမ်တိုက်ကို စောင့်ကြပ်နေတဲ့သူတွေက အစစ်အမှန် ယင်လောကက လူတွေပဲ။ ဟိုတုန်းက ငါ့အသက်ကို ရန်ရှာခဲ့တဲ့ စစ်မှန်တဲ့ အစောင့်အရှောက် အများစုဟာလည်း အဲဒီလောကကပဲ။ ကျဲ့လုံရှန်းတို့၊ လီဟော့တို့၊ ကျိယွင်ဟိုင်တို့လည်း ပါတာပေါ့"
"ကုန်းဟွမ်း ပြောသွားတဲ့ ဒုတိယ စစ်သူကြီးဆိုတဲ့သူက ဘယ်သူလဲဆိုတာ သိဖို့ ငါ့အတွက် မခက်ပါဘူး’
စုမင်၏ ခရမ်းရောင် ဆံနွယ်များမှာ ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေပြီး ရှေးကျလှသည့် အငွေ့အသက်များ လွှမ်းခြုံနေသော သူ၏ မျက်နှာမှာ ဖော်ပြရန်ခက်သည့် ထူးဆန်းသောအသွင်ကို ဆောင်နေသည်။ ဖြူဖျော့လွန်းသော သူ၏ မျက်နှာထားမှာ နာတာရှည်ရောဂါသည် တစ်ဦးကဲ့သို့ ဖြစ်နေသဖြင့် ထိုထူးဆန်းသည့် အငွေ့အသက်မှာ ပို၍ပင် ထင်ရှားနေတော့သည်။
သူ၏ ညာဘက်မျက်လုံးရှိ မှော်သင်္ကေတ ပုံရိပ်များမှာ ဝင်းလက်နေပြီး ဘယ်ဘက်မျက်လုံးကမူ ဝဲဂယက်တစ်ခုသဖွယ် ဖြစ်သွားသည်။ ထိုဝဲဂယက်အတွင်း၌ ခရမ်းရောင် လျှပ်စီးတန်းများ ဖြတ်သန်းစီးဆင်းနေပြီး တဖြည်းဖြည်းနှင့် ကမ္ဘာကြီးတစ်ခုလုံးကို ထိုမျက်လုံးထဲ၌ ထည့်ထားသကဲ့သို့ ဖြစ်လာသည်။ ထိုကမ္ဘာထဲတွင် ခရမ်းရောင် ကျောက်တိုင်တစ်သောင်း ရှိနေ၏။ ကျောက်တိုင်များအောက်၌ သတိလစ်နေသူ ရာပေါင်းများစွာ ရှိနေပြီး ထိုသူတို့ထဲတွင် စုမင် အတင်းအကျပ် ဖမ်းခေါ်လာခဲ့သည့် သက်လတ်ပိုင်း အရွယ်နှင့် အဘိုးအို အစစ်အမှန် အစောင့်အရှောက် နှစ်ဦးလည်း ပါဝင်သည်။
သူတို့ သတိလစ်နေစဉ်မှာပင် ကျောက်တိုင်များထံမှ ခရမ်းရောင် မြူခိုးများ ထွက်ပေါ်လာပြီး သူတို့၏ စိတ်အာရုံထဲသို့ စိမ့်ဝင်သွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့၏ မှတ်ဉာဏ်ပုံရိပ်များသည် စုမင်၏ ဘယ်ဘက်မျက်လုံးထဲ၌ အထင်အရှား ပေါ်လာလေပြီ။
‘အစစ်အမှန် ယင်လောက... ထိုင်အာဂြိုဟ်... ဒုတိယ စစ်သူကြီး... ဝူလီကျိ'
'ဝူလီကျိ... နေကပ်ဘေးနယ်ပယ်... အလင်းငါးတန်းဖြာတဲ့ အစိမ်းရောင် နေမင်းကို ပိုင်ဆိုင်ထားသူ'
'ထိုင်အာဂြိုဟ်... ပင်မစခန်းရဲ့ အပြင်ဘက်... အနောက်ငွေ့ရည်တိမ်တိုက်ကို စောင့်ကြပ်နေတဲ့ အစစ်အမှန် ယင်လောက အင်အားစုတွေရဲ့ အဓိကခြေကုပ်ဂြိုဟ်တွေထဲက တစ်လုံးပဲ’ စုမင်၏ မျက်လုံးများ ဝင်းလက်သွားပြီးနောက် အေးစက်စက် အကြည့်များဖြင့် ပြည့်နှက်သွားတော့သည်။
‘သူမက ပင်မစခန်းမှာ မရှိဘူးပေါ့။ ဒါဆိုရင်တော့... အောင်မြင်နိုင်ခြေက ဆယ်ပုံပုံရင် ရှစ်ပုံလောက် ရှိတယ်’ စုမင် မျက်လုံးမှိတ်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ခရမ်းရောင် လျှပ်စီးတန်းများက တုန်ဟည်းသံများ ထွက်ပေါ်လာပြီး အရှိန်မှာ ပို၍ မြန်လာသည်။ ခဏချင်းမှာပင် သူသည် အဝေးကြီးသို့ ရောက်ရှိသွားပြီး အနောက်ငွေ့ရည်တိမ်တိုက်ကို စောင့်ကြပ်နေသည့် အင်အားစုများရှိရာသို့ ဦးတည်ကာ တစ်ဟုန်ထိုး ပြေးဝင်နေတော့သည်။
သူ၏ အရှိန်မှာ နဂါးငွေ့တန်းကို ခွဲထွက်သွားသည့် ခရမ်းရောင် အလင်းတန်း တစ်တန်းကဲ့သို့ပင်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နဂါးငွေ့တန်း၏ နိယာမနှင့် စည်းမျဉ်းများမှာ သူ့ကို ရှောင်ဖယ်ပေးကြ၏။ ယင်းမှာ စုမင်၏ အိစန်းကိုယ်ပွားမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သက်သေပြနေခြင်းဖြစ်ပြီး သူ၏ အရှိန်ကိုလည်း ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြန်ဆန်စေခဲ့သည်။
‘နောက်ထပ် အသက်ရှိုက်စာ ကိုးဆယ်အတွင်းမှာ... မဟာလောကကြီး လေးခုရဲ့ ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတကို ငါ မြင်ရတော့မယ်’
......
အသက်ရှိုက်စာ သုံးဆယ် ကြာပြီးနောက်... အနောက်ငွေ့ရည်တိမ်တိုက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံခြင်းဂြိုဟ်များပေါ်မှ ကျင့်ကြံသူများသည် အဖြူရောင် ကောင်းကင်ယံကြီးတွင် ခရမ်းရောင်အလွှာကြီးတစ်လွှာ လွှမ်းခြုံသွားသည်ကို မြင်လိုက်ကြရသည်။ ထိုခရမ်းရောင်ကြောင့် ကမ္ဘာကြီးတစ်ခုလုံးမှာ ခဏချင်းပင် ခရမ်းရောင် ပြောင်းသွားတော့သည်။
မဟာလောကကြီး လေးခု၏ အင်အားစုများ တပ်စွဲထားသည့် အရပ်တွင် အစစ်အမှန် ယင်လောက ပိုင်ဆိုင်သည့် နယ်မြေတစ်မြေ ရှိသည်။ ထိုနယ်မြေအတွင်း၌ ဂြိုဟ်စုကြီးတစ်စု ရှိပြီး ပင်မစခန်းနှင့် သိပ်မဝေးလှသော အရပ်တွင် တည်ရှိသည်။ ထိုဂြိုဟ်စုကြီး၏ အလယ်ဗဟို၊ လူသားတစ်ဦး၏ နှလုံးသား တည်ရှိရာနေရာနှင့် ဆင်တူသည့် နေရာတွင် အစိမ်းရောင် တိုက်ကြီးတစ်တိုက် ရှိနေ၏။
ထိုတိုက်ကြီးမှာ စိမ်းလန်းသော မြက်ခင်းပြင်များနှင့် တောင်တန်းများဖြင့် ဖုံးလွှမ်းနေသည်။ အသိဉာဏ်ရှိသော သားရဲတိရစ္ဆာန်လေးများမှာလည်း တစ်ကောင်နှင့်တစ်ကောင် ကစားနေကြ၏။ လေညင်းကလေးက မြက်ခင်းပြင်ကို ဖြတ်တိုက်သွားသဖြင့် တရှဲရှဲ အသံလေးများ ထွက်ပေါ်နေသည်။ ထိုအသံကလေးမှာ လေတိုးသံနှင့် ရောယှက်ကာ သဘာဝတရား၏ သာယာကြည်နူးဖွယ် တေးသံတစ်သံအလား လွင့်ပျံနေတော့သည်။
မြက်ခင်းပြင်၏ အလယ်တွင် တဲနန်းငယ်လေး တစ်ဆောင် ရှိ၏။ ထိုတဲနန်းအပြင်ဘက်တွင် ကလေးငယ် ရှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်စွာ ကစားနေကြပြီး သူတို့၏ ရယ်မောသံများမှာ ဟိန်းထွက်နေသည်။
တဲနန်းအတွင်း၌မူ အစိမ်းရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရှိနေ၏။ သူမ၏ ကျောပြင်ကိုသာ မြင်ရပြီး သူမသည် ကြေးမှန်ရှေ့၌ ထိုင်ကာ အနက်ရောင် ဆံနွယ်ရှည်များအား ဖြီးသင်နေသည်။ သူမ၏ ကိုယ်ဟန်လေးမှာ ကြည့်ရသူအဖို့ စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
......
နောက်ထပ် အသက်ရှိုက်စာ သုံးဆယ် ကုန်လွန်သွားပြန်သည်။ အနောက်ငွေ့ရည်တိမ်တိုက်မှ ခရမ်းရောင် လျှပ်စီးတန်းများ၏ ဟိန်းဟောက်သံမှာ ပို၍ ကျယ်လောင်လာသည်။ ကျင့်ကြံခြင်းဂြိုဟ်များပေါ်မှ ကျင့်ကြံသူများသာမက နဂါးငွေ့တန်းထဲ၌ သွားလာနေကြသော ကျင့်ကြံသူများပါ သူတို့၏ မျက်နှာထားများ ပျက်ကုန်ကြ၏။ ပတ်ဝန်းကျင်ရှိ အလင်းရောင် အားလုံးမှာ ခရမ်းရောင်အဖြစ် ပြောင်းလဲသွားပြီး နိယာမတရားများမှာလည်း ပုံပျက်ရှုံ့တွသွားသည်ကို သူတို့ ဝေဝါးစွာ ခံစားလိုက်ကြရသည်။
ဤမြင်ကွင်းသည် မြင်တွေ့သမျှ ကျင့်ကြံသူအားလုံး၏ နှလုံးသားကို တုန်လှုပ်စေခဲ့ပြီး သူတို့အားလုံးမှာ နဂါးငွေ့တန်းထဲ၌ လှိုင်းတံပိုး တစ်လှိုင်းကဲ့သို့ ဖြစ်ပေါ်နေသည့် ခရမ်းရောင် လျှပ်စီးတန်းကြီးဆီသို့ ပြိုင်တူ ကြည့်လိုက်မိကြတော့သည်။
ထိုင်အာဂြိုဟ်စု၏ အပြင်ဘက်တွင် အပြာရောင်ဝတ် လူငယ်တစ်ဦး ရှိနေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ယခင်က ရှိခဲ့သော မက်မွန်ပွင့်အမှတ်အသားအစား မီးလျှံအမှတ်အသားတစ်ခု ပေါ်နေ၏။
သူ၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေပြီး ပတ်ဝန်းကျင်၌ မမြင်နိုင်သော မီးလျှံအလွှာ တစ်လွှာ ရှိနေသကဲ့သို့ပင်။ သူသည် ရှေ့သို့ အသာအယာ လှမ်းလျှောက်သွားရင်း အစိမ်းရောင် တိုက်ကြီးရှိရာ တဲနန်းငယ်လေး၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။
"နှုတ်ဆက်ပါတယ် ဒုတိယ စစ်သူကြီး တာအိုရန်" ထိုလူငယ် ပေါ်လာသည်နှင့် ကစားနေသော ကလေးငယ် ရှစ်ဦးမှာ ရယ်မောသံများကို ရပ်လိုက်ကြ၏။ သူတို့သည် ထိုလူငယ်၏ ရှေ့တွင် ရပ်ကာ လက်နှစ်ဖက်ကို စုလျက် အရိုအသေ ပေးလိုက်ကြသည်။
တာအိုရန်က ကလေးငယ်များကို ပြုံးပြလိုက်ပြီးနောက် တဲနန်းငယ်ဆီသို့ နူးညံ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ဝူလီကျိ... မင်း ငါ့ကို တွေ့ဖို့ ငြင်းနေတုန်းပဲလား" သူက တိုးတိုးလေး မေးလိုက်သည်။
တဲနန်းအတွင်းမှ မည်သည့် အသံမျှ ထွက်မလာပေ။ အစိမ်းရောင်ဝတ် အမျိုးသမီးမှာမူ သူပြောသည်အား မကြားသကဲ့သို့ပင် ဆံပင်ကိုသာ ဆက်၍ ဖြီးသင်နေတော့သည်။
......
အသက်ရှိုက်စာ ကိုးဆယ်မြောက်သို့ ရောက်သောအခါ တာအိုရန်သည် တဲနန်းအပြင်ဘက်၌ ရပ်ရင်း ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။ သူသည် ပြန်လှည့်ထွက်ရန် ပြင်လိုက်၏။ သူသည် စစ်မှန်သော စစ်သူကြီး ဟော့ကျူး၏ တမန်တော် ဖြစ်လာကတည်းက လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်အတွင်း ဝူလီကျိသည် သူ့ကို တစ်ကြိမ်မျှ အတွေ့မခံခဲ့ပေ။
သူသည် ရက်အနည်းငယ်ခြား တစ်ခါ ဤနေရာသို့ လာတတ်သော်လည်း သူတို့၏ ဆက်ဆံရေးမှာမူ မတိုးတက်ခဲ့ပေ။
တာအိုရန် လှည့်ထွက်သွားရန် ပြင်လိုက်သည့် ခဏမှာပင် ကောင်းကင်၊ မြေကြီး၊ နဂါးငွေ့တန်းတစ်ခုလုံးနှင့် ဂြိုဟ်အားလုံးကို တုန်ခါသွားစေလောက်သည့် ပြင်းထန်သော ဟိန်းဟောက်သံကြီး တစ်သံ ထွက်ပေါ်လာတော့သည်။ ထိုင်အာဂြိုဟ်ကြီးမှာလည်း ပြင်းထန်စွာ တုန်ခါသွားပြီး အစိမ်းရောင်တိုက်ပေါ်ရှိ သက်ရှိအားလုံးမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။ ကလေးငယ် ရှစ်ဦး၏ မျက်နှာများလည်း ပျက်ကုန်ကြသည်။
ထိုဟိန်းဟောက်သံနှင့်အတူ အေးစက်စက် အသံတစ်သံမှာ အစစ်အမှန် ယင်လောက အင်အားစုများ တပ်စွဲထားသည့် နယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
"အနောက်ငွေ့ရည်တိမ်တိုက်ရဲ့ အပြင်ဘက်မှာ အဆင့် ၁၅ ရှိတဲ့ စွမ်းအားတစ်ခုက ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ ဒီစွမ်းအားနဲ့ဆိုရင် မှော်သင်္ကေတ ပျက်စီးဖို့ နှစ်ပေါင်း ၂၁၃၅ နှစ် ကြာလိမ့်မယ်"
ထိုအသံ ထွက်ပေါ်လာသည်နှင့် အစစ်အမှန် ယင်လောက နယ်မြေအတွင်းရှိ ဂြိုဟ်များပေါ်မှ ကျင့်ကြံသူအားလုံးမှာ မျက်နှာပျက်ကုန်ကြပြီး လူအများအပြားမှာ ဂြိုဟ်ပေါ်မှ ချက်ချင်း ပျံတက်လာကြသည်။
အချို့ဆိုလျှင် ထိုဟိန်းဟောက်သံကြောင့် နှလုံးသားများ တုန်လှုပ်ကာ ထိတ်လန့်နေကြ၏။
သူတို့သည် နတ်ဆိုး နတ္ထိနယ်မြေများမှ အရူးများ ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတကို ဖျက်ဆီးရန် ကြိုးစားသည်အား တစ်ခါမျှ မတွေ့ဖူးသည်တော့ မဟုတ်။ သို့သော် ရှေးယခင်ကတည်းက အဆင့် ၁၅ သို့မဟုတ် ထိုထက်သာလွန်သော စွမ်းအားမျိုးကို အသုံးပြုနိုင်သူမှာ သုံးဦးသာ ရှိခဲ့ဖူးသည်။
ယခုမူ ထိုအရာက စတုတ္ထမြောက် အကြိမ်ပင် ဖြစ်၏။
ယခင်က တိုက်ခိုက်ခဲ့သူ သုံးဦးစလုံးမှာ ရှုံးနိမ့်ခဲ့ကြသော်လည်း ပထမဆုံး တိုက်ခိုက်မှုတွင်ပင် အဆင့် ၁၅ ရှိသော စွမ်းအားမျိုး ထွက်ပေါ်လာသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
"အဆင့် ၁၅ စွမ်းအားဖြစ်နေတော့ရော ဘာဖြစ်လဲ။ ဘယ်သူမှ ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတကို အောင်မြင်အောင် မဖျက်ဆီးနိုင်ခဲ့ဘူး။ ဒီတစ်ခါလည်း ထပ်တူပဲ ဖြစ်မှာပါ"
"ဒီရာဇဝတ်သားတွေ သတ္တိရှိလှချည်လား။ ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတကို တိုက်ခိုက်ရဲတယ်ပေါ့။ ငါမှတ်မိသလောက်တော့ အဲဒီလူ သုံးယောက် ရှုံးနိမ့်သွားပြီးနောက်မှာ အစစ်အမှန် ယင်လောကက အစစ်အမှန် အစောင့်အရှောက်တွေ အလုံးအရင်းနဲ့ ထွက်လာပြီး သူတို့ကို သတ်ပစ်ခဲ့တာပဲ"
"ဟွန်း... သေချင်လို့ သေလမ်း ရှာနေတာပဲ"
အစိမ်းရောင် တိုက်ပေါ်၌ ထိုအေးစက်စက်အသံ ပဲ့တင်ထပ်နေစဉ်မှာပင် နဂါးငွေ့တန်းထဲ၌ နတ်ဘုရား အာရုံချင်း ဆက်သွယ်သံများ ထွက်ပေါ်လာသည်။ ချက်ချင်းပင် လူပေါင်း ထောင်နှင့်ချီ၍ ရှေ့သို့ တိုးဝင်လာကြ၏။ ထိုပုံရိပ်များသည် ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတဆီသို့ ဦးတည်သွားကြသည်။ သူတို့သည် ပထမဆုံး လာရောက်ခုခံသူများဖြစ်ပြီး မဟာလောကကြီး လေးခုကို မည်သည့်အရူးက လာရောက် စိန်ခေါ်သနည်း ဆိုသည်အား ကြည့်ချင်နေကြခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့ ပျံထွက်သွားပြီး ပေပေါင်း တစ်သောင်းပင် မရောက်သေးမီမှာပင် ပို၍ ပြင်းထန်သော ဟိန်းဟောက်သံကြီး တစ်သံက နဂါးငွေ့တန်းကို တုန်လှုပ်သွားစေပြန်သည်။ ထိုပြင်းထန်လှသော ပဲ့တင်သံများကြောင့် ကျင့်ကြံသူများမှာ နားအူသွားကြရ၏။ ထိုစဉ် ဂြိုဟ်ပေါ်မှ အေးစက်စက်အသံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"အနောက်ငွေ့ရည်တိမ်တိုက်ရဲ့ အပြင်ဘက်မှာ အဆင့် ၁၉ ရှိတဲ့ စွမ်းအားတစ်ခုက ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်။ ဒီစွမ်းအားနဲ့ဆိုရင် မှော်သင်္ကေတ ပျက်စီးဖို့ နှစ်ပေါင်း ၁၂၅ နှစ် ကြာလိမ့်မယ်"
ထိုအသံ ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတ၏ အပြင်ဘက် ခရမ်းရောင် လျှပ်စီးတန်းများကြားတွင် စုမင်သည် ငြိမ်သက်စွာ ရပ်နေ၏။ သူသည် ညာလက်ကို နောက်သို့ ဆွဲလိုက်သည်။ သူ့ရှေ့တွင် အဆုံးမဲ့သော နဂါးငွေ့တန်း ရှိနေ၏။ ထိုအခိုက်၌ နဂါးငွေ့တန်းထဲတွင် ပေါက်ကွဲသံများ မြည်ဟည်းနေသည်။ မရေမတွက်နိုင်သော ဂြိုဟ်များသည် တစ်လုံးနှင့်တစ်လုံး တိုက်မိကုန်ကြပြီး ပြင်းထန်လှသော ပေါက်ကွဲသံများမှာ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
"ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတဆိုတာ နာမည်နဲ့လိုက်အောင် အစွမ်းထက်သားပဲ" စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါပေမဲ့... ကံကြမ္မာနဲ့ သေခြင်းတရားကို ထိန်းချုပ်နိုင်တဲ့သူတွေကိုတောင် တားဆီးနိုင်တဲ့ ဒီမှော်သင်္ကေတမှာ အသက်ဝင်စေတဲ့ အားနည်းချက်တစ်ခု ရှိနေတယ်။ အဲဒါက ဒီနဂါးငွေ့တန်းနဲ့ ဆက်စပ်နေတာပဲ" စုမင်သည် ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ညာဘက်မျက်လုံးရှိ နတ်ဘုရားအနှစ်သာရ မှော်သင်္ကေတများ ဝင်းလက်လာသည်နှင့်အမျှ လက်အား အသာအယာ ချလိုက်တော့သည်။
သူ၏ လက်ဖဝါးမှာ မှော်သင်္ကေတပေါ်သို့ ထိတွေ့လိုက်သည့် ခဏ၌ နဂါးငွေ့တန်းထဲမှ ပေါက်ကွဲသံများမှာ ပို၍ ကျယ်လောင်လာတော့သည်။ မရေမတွက်နိုင်သော ဂြိုဟ်များမှာ တစ်လုံးနှင့်တစ်လုံး တိုက်မိကာ ပေါက်ကွဲသွားကြ၏။ စုမင်၏ စိတ်ဆန္ဒမှာ ရုတ်ခြည်း ပျံ့နှံ့သွားပြီး ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ထိုအခါ ဤဧရိယာအတွင်းရှိ နဂါးငွေ့တန်း၏ နိယာမနှင့် စည်းမျဉ်းများမှာ ပျောက်ကွယ်သွားတော့၏။
ချက်ချင်းပင် နဂါးငွေ့တန်းကြီးမှာ ဤဟင်းလင်းပြင်၌ လွင့်မျောနေစေသည့် စွမ်းအားများ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားပြီး စုမင်၏ မျက်စိရှေ့မှောက်၌ပင် အရှိန်အဟုန်ဖြင့် အောက်သို့ ပြိုကျသွားတော့သည်။
အဝေးမှ ကြည့်လျှင် ဤမြင်ကွင်းသည် လူအများ၏ နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။ နဂါးငွေ့တန်းကြီးမှာ မိုးပေါက်များအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင် တစ်ခုလုံးသို့ ဖိတ်စင်သွားသကဲ့သို့ပင်။
မဟာလောကကြီး လေးခု၏ အင်အားစုများ တပ်စွဲထားသည့် အရပ်မှ ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတမှာ ပထမဆုံးအကြိမ်အဖြစ် ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။ ဤဖျက်ဆီးပုံမှာ အလွန်ပင် ထူးဆန်းလှသဖြင့် လူအများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြရသည်။ ယင်းမှာ အတင်းအဓမ္မ ဖျက်ဆီးခြင်းလည်း မဟုတ်၊ မှော်သင်္ကေတကို ကျွမ်းကျင်စွာ ရှောင်တိမ်းခြင်းလည်း မဟုတ်... ယင်းအတွင်းရှိ နိယာမနှင့် စည်းမျဉ်းများကို ဆွဲထုတ်ပစ်လိုက်ခြင်းဖြင့် မှော်သင်္ကေတအား စွမ်းအားအရင်းအမြစ် ဆုံးရှုံးသွားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ ထို့နောက်တွင်မူ ၎င်းသည် ကြိုးပြတ်သွားသည့် လိုက်ကာကြီး တစ်ထည် ပုံကျသွားသကဲ့သို့ အပိုင်းပိုင်းအစစ ပြိုကျသွားတော့သည်။ တံခါးမရှိသော အိမ်တစ်လုံးကဲ့သို့ပင်။
စုမင်၏ မျက်နှာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ ကြက်သွေးရောင် မီးလျှံ ဂြိုဟ်သခင်မှာမူ ဤနေရာ၌ သိပ်အသုံးမဝင်တော့သဖြင့် အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ဟင်းလင်းပြင် စည်းတံဆိပ် မှော်သင်္ကေတ ပြိုလဲသွားသည်နှင့်တစ်ပြိုင်နက် စုမင်သည် လီတစ်သိန်းစာ ခရမ်းရောင် လျှပ်စီးတန်းများကို သိမ်းကျုံးကာ မဟာလောကကြီး လေးခု၏ အင်အားစုများ တပ်စွဲထားသည့် နဂါးငွေ့တန်းထဲသို့ ခြေလှမ်းလိုက်တော့သည်။ ဤနေရာမှာ နှစ်ပေါင်းများစွာအတွင်း နတ်ဆိုး နတ္ထိ နယ်မြေများမှ မည်သူတစ်ဦးတစ်ယောက်မျှ ခြေမချနိုင်ခဲ့သော နေရာပင် ဖြစ်လေတော့သည်။
‘ဒီတိုက်ပွဲက မြန်မြန်ဆန်ဆန် ပြီးဆုံးရမယ်'
'ငါ မြန်မြန် လုပ်ရမယ်’