အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
အခန်း ၁၀၃- ပိုင်ယွင်တောင်သို့ ရောက်ရှိခြင်း
"ဘွဲ့ထူးဂုဏ်ထူးတွေ ပေးအပ်ပြီး... စစ်သူကြီးအဖြစ် ခန့်အပ်မယ် ဟုတ်လား?"
ဟွမ်သာလီနှင့် အခြားသူများမှာ မယုံသင်္ကာဖြစ်စွာဖြင့် နားထောင်နေကြသော်လည်း ကျောက်ဖင်၏ မျက်နှာကိုကြည့်ကာ တည့်တည့်မမေးရဲကြပေ။
ပြဿနာမှာ ဤမျှော်လင့်ချက်သည် အလွန်ကြီးမားလွန်းနေသဖြင့် တကယ့်လက်တွေ့နှင့် မယှဉ်နိုင်သကဲ့သို့ ခံစားရခြင်းပင်။
သို့သော်လည်း အနည်းဆုံးတော့ အခြားဓားပြစခန်းများကို သွားရောက်တိုက်ခိုက် လုယက်မည်ဟူသော ကျောက်ဖင်၏ စကားကြောင့် လူအုပ်မှာ အတော်လေး စိတ်လှုပ်ရှား တက်ကြွသွားကြသည်။
နောက်ဆုံးတော့ ဘယ်သူ့ကိုပဲ လုရလုရ အတူတူပဲ မဟုတ်ပါလား?
ကျောက်ဖင်ကဲ့သို့ အင်အားကြီးသူများက ဦးဆောင်မည်ဆိုလျှင် သူတို့ အတော်လေး ယုံကြည်မှု ရှိနေကြသည်။
ဆက်လက်၍ ကျောက်ဖင်နှင့် ဟွမ်သာလီ အပါအဝင် အခြားခေါင်းဆောင်များသည် ဆွေးနွေးမှုများကို ဆက်လုပ်ကြသည်။
ပထမဦးစွာ စခန်းအတွင်းရှိ အိုမင်းမစွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို အရန်တပ်ဖွဲ့ အဖြစ် ဖွဲ့စည်းလိုက်သည်။
သူတို့သည် တိုက်ခိုက်ရန် မလိုဘဲ အထွေထွေလုပ်ငန်းများနှင့် ရိက္ခာထောက်ပံ့ရေး လုပ်ငန်းများကိုသာ တာဝန်ယူရမည်။
ဤသည်မှာ ပထမခြေလှမ်းဖြစ်သည်။
ဒုတိယအနေဖြင့် စခန်းသို့ ပြန်ပေးဆွဲခံထားရသော အမျိုးသမီးများအနက် အိမ်ပြန်လိုသူများကို ခရီးစရိတ်ပေး၍ ပြန်လွှတ်ပေးခဲ့သည်။
တတိယကတော့ စခန်းတစ်ခုလုံးကို ပြန်လည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စီစဉ်သည်။
မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတစ်ခုတွင်...
ကျောက်ဖေး သည် နားခိုရန်အတွက် တည်းခိုခန်းတစ်ခုသို့ ဝင်လိုက်သည်။
အင်မော်တယ်ပညာကို ကျင့်ကြံပြီး ထာဝရအသက်ကို ရှာဖွေခြင်းမှာ သူ၏ ရည်မှန်းချက် ဖြစ်သည်မှာ ယုံမှားသံသယရှိစရာ မလိုပေ။
သို့သော်လည်း ဤကဲ့သို့ ရှုပ်ထွေးလှသော ကမ္ဘာပျက်ခေတ်တွင် အင်အားစုတစ်ခု တည်ထောင်ခြင်းမှာ ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဟု သူထင်မြင်မိသည်။
ကိုယ်ကျင့်တရား ရှုထောင့်မှကြည့်လျှင် တရားမျှတမှုကို ဖော်ဆောင်ပြီး ပြည်သူကို ကယ်တင်ခြင်းမှာ သူ၏ စံနှုန်းများနှင့် ကိုက်ညီပြီး စစ်မှန်သော ပျော်ရွှင်ကျေနပ်မှုကို ပေးစွမ်းနိုင်သည်။
အခြားသူများကို ကူညီရသည်ကို ဝါသနာပါသူများကဲ့သို့ပင်၊ ကျော်ကြားမှုနှင့် စည်းစိမ်အတွက် မဟုတ်ဘဲ သူတစ်ပါးကို ကူညီရခြင်းမှ ရရှိသော ပီတိကြောင့် ဖြစ်သည်။
လက်တွေ့အကျိုးအမြတ် ရှုထောင့်မှကြည့်လျှင် အင်အားစုတစ်ခု တည်ထောင်ခြင်းဖြင့် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များနှင့် ပညာရပ်များကို စုဆောင်းရာတွင် လူအင်အား ပိုမိုရရှိလာမည် ဖြစ်သည်။
သူ၏ ယခင်အိပ်မက်ဖြစ်သော ဧကရာဇ်ဖြစ်လာရန်ပင် ဖြစ်နိုင်ခြေ ရှိလာနိုင်သည်။
ကျောက်ဖေးသည် လက်ရှိတွင် စဉ်းစားရုံသာ ရှိသေးသည်။ အကယ်၍ လောကကြီးက တကယ်ပဲ ကမောက်ကမ ဖြစ်နေပါက ကမ္ဘာကြီးကို ကယ်တင်ပြီး ပြည်သူကို ကူညီရန် ဝန်လေးမည်မဟုတ်ပေ။
အကယ်၍ ပရမ်းပတာဖြစ်မှုသည် ထုန်ကျိုး နယ်တစ်ခုတည်းတွင်သာ ကန့်သတ်ထားပါက ကျောက်ဖေးသည် သူ၏ ကိုယ်ကျိုးအတွက် အခြားနေရာများ၏ တည်ငြိမ်မှုကို ဖျက်ဆီးမည်မဟုတ်ပေ။
ကျောက်ဖေးသည် ကိုယ်ပွါး၏ အမြင်အာရုံမှတစ်ဆင့် နွားခေါင်းစခန်း တွင် ဖြစ်ပျက်သမျှကို မြင်တွေ့နေရသည်။
သူကိုယ်တိုင် ထိုတောင်ပေါ်ရွာလေး၏ ပြောင်းလဲမှုတွင် ပါဝင်နေသကဲ့သို့ ခံစားရသည်။
မတူညီသော အများအပြားကို တစ်ပြိုင်နက် စီမံခန့်ခွဲရသည့် ဤခံစားချက်မှာ သူ၏ ယခင်ဘဝက ကစားခဲ့သော မဟာဗျူဟာဂိမ်းများနှင့် ဆင်တူသော်လည်း ယခုအခါ အရာအားလုံးက လက်တွေ့ဖြစ်နေသည်။
မူလက ကျောက်ဖေးသည် ဤဒေသရှိ လူများကို အန္တရာယ်မပြုနိုင်ရန် နွားခေါင်းစခန်းကို အမြစ်ပြတ် သုတ်သင်ရန် စီစဉ်ခဲ့သည်။
သို့သော် တုန်ရီနေသော၊ ပိန်ချောင်နေသော ဓားပြများကို တွေ့လိုက်ရသောအခါ၊ အထူးသဖြင့် ဆယ်ကျော်သက်လေးများနှင့် ဆံပင်ဖြူနေသော သက်ကြီးရွယ်အိုများကို မြင်လိုက်ရသောအခါ ကျောက်ဖေး စိတ်ပြောင်းသွားသည်။
ဓားပြအများစုမှာ မူလက သာမန်အရပ်သားများသာ ဖြစ်ကြသည်။ လောကကြီးက မငြိမ်းချမ်းဘဲ အသက်ရှင်ရပ်တည်ရန် ခက်ခဲမလာပါက သူတို့ ဤလမ်းကို ရွေးချယ်ကြမည်မဟုတ်ပေ။
"ခရမ်းရောင်တိမ်တိုက်တပ်.. ဟက်...”ကျောက်ဖေး တစ်ယောက်တည်း ရေရွတ်လိုက်သည်။
သူ၏ ယခင်ဘဝ ဂိမ်းတစ်ခုတွင် သူတည်ထောင်ခဲ့သော ဂိုဏ်းအမည်မှာ ချီရှောင်ဖြစ်ပြီး ၎င်းသည် ဧကရာဇ်များ၏ သင်္ကေတဖြစ်သော ကောင်းကင်နီဓားမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ယခု သူအများကြီး စဉ်းစားမနေတော့ဘဲ ထိုအမည်ကိုပင် အမှတ်တမဲ့ အသုံးပြုလိုက်ခြင်း ဖြစ်သည်။
နောက်တစ်နေ့ မနက်စာစားပြီးနောက် ကျောက်ဖေးသည် ခရီးဆက်ခဲ့သည်။
နောက်ဆုံးတွင် ထိုနေ့ မွန်းတည့်ချိန်ခန့်တွင် ချင်းဟူ ခရိုင်သို့ ရောက်ရှိခဲ့သည်။
ချင်းဟူခရိုင်၏ မြို့တံခါးမှာ တစ်ဝက်ပိတ်ထားပြီး မြို့ရိုးပေါ်ရှိ သံချပ်ကာဝတ် ရဲမက်များသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
တင်းမာသော အငွေ့အသက်များ လေထုထဲတွင် ပြည့်နှက်နေသည်။ တစ်ခါတစ်ရံ ဒုက္ခသည်အချို့ မြို့တံခါးသို့ ချဉ်းကပ်ရန် ကြိုးစားသော်လည်း ရဲမက်များ၏ ငေါက်ငမ်းမောင်းထုတ်မှုကို ခံကြရသည်။
မြို့ထဲဝင်မည့်သူများမှာ တန်းစီနေရပြီး တင်းကျပ်စွာ စစ်ဆေးခံရသည်။ လက်နက်များ သယ်ဆောင်ခွင့်ကို လုံးဝ ပိတ်
ပင်ထားသည်။
ကျောက်ဖေးသည် အဝေးမှ ကြည့်လိုက်ပြီး အလုပ်ရှုပ်မခံလိုသဖြင့် လက်နက်မပါသော ကိုယ်ပွါးတစ်ယောက်ကိုသာ သတင်းစုံစမ်းရန် မြို့ထဲသို့ လွှတ်လိုက်သည်။
သူကိုယ်တိုင်မူ မြင်းကိုဆွဲကာ မြို့ကိုပတ်ပြီး မြောက်ဘက်သို့ ဦးတည်သွားသည်။
သူ၏ ကိုယ်ပွါးမြို့ထဲသို့ ရောက်သောအခါ မြို့မှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေသည်ကို တွေ့ရသည်။
လမ်းမများပေါ်တွင် လူမရှိသလောက်ဖြစ်ပြီး ဆိုင်အများစု ပိတ်ထားသည်။
မကြာမီ ကိုယ်ပွါးသည် တည်းခိုခန်းတစ်ခုသို့ ဝင်လိုက်သည်။
ဆိုင်ရှင်သည် မျက်နှာတွင် အရေးအကြောင်းများဖြင့် အဘိုးအိုတစ်ဦးဖြစ်ပြီး စားပွဲပေါ်တွင် ငိုက်မြည်းနေသည်။
ကိုယ်ပွါးက ပိုင်ယွင်တောင်သို့ သွားရမည့်လမ်းကို မေးမြန်းရာ အဘိုးအိုက "ပိုင်ယွင်တောင်လား? ကြားဖူးပါတယ်။ ဒီခရိုင်ရဲ့ မြောက်ဘက် မိုင် ၅၀၊ ၆၀ လောက်မှာ ရှိတယ်ထင်တယ်”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီမြို့မှာ မိစ္ဆာနတ်ဆိုးတွေ သောင်းကျန်းတုန်းက ပိုင်ယွင်တောင်က တာအိုဆရာတစ်ပါးကို ပင့်ပြီးမှ ဖြေရှင်းနိုင်ခဲ့တာ..."
ကိုယ်ပွါးထံမှ သတင်းရရှိသည်နှင့် ကျောက်ဖေး စိတ်လှုပ်ရှားသွားပြီး မြင်းကို အပြင်းနှင်ကာ မြောက်ဘက်သို့ ထွက်ခွာခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် တောင်တန်းများမှာ တဖြည်းဖြည်း မြင့်မားလာပြီး တောအုပ်များမှာလည်း စိမ်းလန်းစိုပြည်လာသည်။
ညနေစောင်းတွင် ကျောက်ဖေးသည် တောင်ကြီးတစ်လုံး၏ ခြေရင်းသို့ ရောက်ရှိလာသည်။
အထက်သို့ မော့ကြည့်လိုက်ရာ တောင်ထိပ်များမှာ နတ်ဘုံနတ်နန်းကဲ့သို့ ဖြူဖွေးသော တိမ်တိုက်များဖြင့် ဝန်းရံနေသည်ကို တွေ့ရသည်။
တောင်တက်လမ်းသည် ကြမ်းတမ်းလွန်းသဖြင့် သူသည် မြင်းပေါ်မှဆင်းကာ မြင်းကိုဆွဲပြီး ဖြည်းဖြည်းချင်း တက်ခဲ့သည်။
မကြာမီမှာပင် ကျောက်ဖေး အေးစက်စက် အာရုံတစ်ခုကို ခံစားလိုက်ရသည်။
သူ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ပေအနည်းငယ်အကွာတွင် တိမ်စက်ကျားသစ်တစ်ကောင်က သူ့နောက်သို့ တိတ်တဆိတ် လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။
၎င်း၏ ကိုယ်ထည်မှာ သွယ်လျပြီး အမွေးအမှင်များသည် ပိုးသားကဲ့သို့ ချောမွတ်နေကာ ပယင်းရောင်မျက်လုံးများမှာ ဝိညာဉ်အလင်းတန်းများကဲ့သို့ တောက်ပနေသည်။
ကျောက်ဖေး ရင်ထိတ်သွားပြီး သူ၏ မြင်းမှာလည်း ကြောက်လွန်းသဖြင့် ခြေလက်များ တုန်ရီကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
သူ တိုက်ခိုက်ရန် ကိုယ်ပွါးကို ခေါ်ယူရန် ပြင်ဆင်နေစဉ်...
ရုတ်တရက် တောင်လမ်းပေါ်မှ နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။ "ညီလေး၊ မစိုးရိမ်ပါနဲ့။ ဒီကျားသစ်က မင်းကို အန္တရာယ်ပြုမှာ မဟုတ်ဘူး။"
ကျောက်ဖေး လှည့်ကြည့်လိုက်ရာ...
အသက်လတ်ပိုင်း တာအိုဆရာတစ်ပါး ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်ကို တွေ့ရသည်။ သူသည် အပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာသွယ်ကာ နက်ရှိုင်းသော မျက်လုံးများ ရှိသည်။
ထိုတာအိုဆရာကို မြင်သည်နှင့် ကျားသစ်မှာ ချက်ချင်းပင် အနားသို့သွားပြီး သူ၏ ခြေထောက်ကို ချစ်ခင်စွာ ပွတ်သပ်နေတော့သည်။
တာအိုဆရာက ကျားသစ်၏ ခေါင်းကို ပုတ်ပေးရင်း ရယ်မောကာ "ဒီနေရာကို လူလာတာ ရှားတယ်လေ၊ ဒါကြောင့် ကျားသစ်က နည်းနည်း သတိထားနေတာပါ" ဟု ဆိုသည်။
ကျောက်ဖေး သက်ပြင်းချနိုင်တော့ကာ လက်အုပ်ချီ၍ "ကျေးဇူးတင်ပါတယ် တာအိုဆရာကြီး" ဟု နှုတ်ဆက်လိုက်သည်။
တာအိုဆရာက ပြုံးကာ မေးသည်— "ဒီလို တောတောင်နက်ထဲကို ဘာကိစ္စနဲ့ လာတာလဲ ညီငယ်လေး?"
ကျောက်ဖေးက ရိုသေစွာ ပြန်ဖြေသည်။ "ကျွန်တော့်နာမည် ကျောက်ဖေးပါ။ ပိုင်ယွင်တောင်ပေါ်က ရွှမ်ယွင်ကျောင်းတော်
မှာ တပည့်ခံပြီး တာအိုပညာသင်ယူဖို့ လာခဲ့တာပါ။"
ထိုသို့ပြောရင်း ထောင်ဖန်းမင် ပေးခဲ့သော တံဆိပ်ပြားကို ထုတ်ပြကာ "ဆရာကြီးက ရွှမ်ယွင်ကျောင်းတော်က နတ်ဆရာတစ်ပါးလားခင်ဗျာ?" ဟု မေးလိုက်သည်။
တာအိုဆရာက ရယ်မောရင်း "ငါက ရွှမ်ယွင်ကျောင်းတော်က လာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ငါက တောင်ပေါ်သား တာအိုဆရာတစ်ယောက်ပါ၊ နတ်ဆရာလို့တော့ မခေါ်ပါနဲ့"
ထို့နောက် ကျောက်ဖေး၏ လက်ထဲမှ တံဆိပ်ပြားကို ယူလိုက်သည်။ လက်ဟန်တစ်ခုပြုကာ ဂါထာမန်းမှုတ်လိုက်ရာ တံဆိပ်ပြားမှ ဖြူဖွေးသော အလင်းတန်းများ ထွက်ပေါ်လာသည်။
ကျောက်ဖေးမှာ အံ့အားသင့်စွာ ကြည့်နေမိသည်။
"မှန်ပါတယ်၊ ဒါ ငါတို့ ရွှမ်ယွင်ကျောင်းတော်ရဲ့ တံဆိပ်ပြား အစစ်ပါပဲ။"
တာအိုဆရာက ခေါင်းငြိမ့်ကာ ဆိုသည်။ ရွှမ်ယွင်ကျောင်းတော်မှ တာအိုဆရာများသည် တောင်အောက်သို့ ဆင်းသည့်အခါ ကံပါသောသူများနှင့် တွေ့ဆုံလျှင် ဤတံဆိပ်ပြားကို ပေးလေ့ရှိသည်။
တာအိုဆရာက ကျောက်ဖေးကို သေချာကြည့်ပြီးနောက် ရုတ်တရက် လက်ကိုမြှောက်ကာ ကျောက်ဖေးပေါ်သို့ ဂါထာတစ်ခု ဖျန်းပက်လိုက်သည်။
ထိုခဏချင်းမှာပင် ကျောက်ဖေး၏ ခေါင်းပေါ်တွင် သုံးပေခန့်မြင့်သော ငါးရောင်ခြယ် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
တာအိုဆရာက အံ့ဩတကြီး ရေရွတ်လိုက်သည်။ "ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားတွေ ဒီလောက်တောင် ပေါများနေတာလား... ဒါဆို မင်းက ဓာတ်ငါးပါး ဝိညာဉ်ခန္ဓာ ပိုင်ရှင်လား?"
ကျောက်ဖေးက နားမလည်စွာ မေးသည်။
"ဆရာကြီး၊ ဓာတ်ငါးပါး ဝိညာဉ်ခန္ဓာဆိုတာ ဘာလဲခင်ဗျာ?"
တာအိုဆရာက ရှင်းပြသည် “ဝိညာဉ်အမြစ် စ်ခုက အထွတ်အထိပ်ကို ရောက်တဲ့အခါ ထူးခြားတဲ့ ခန္ဓာကိုယ် အမျိုးအစားတွေ ဖြစ်လာတတ်တယ်။ ဥပမာ- ဓာတ်ငါးပါးဝိညာဉ်ခန္ဓာ၊ မိုးကြိုး ဝိညာဉ်ခန္ဓာ စသဖြင့်ပေါ့။ အသေးစိတ်ပြောရရင် သုံးရက်သုံးည ပြောတောင် ကုန်မှာမဟုတ်ဘူး။"
"ဟဲဟဲ၊ ညီငယ်လေး... မင်းက တကယ်ကို ပါရမီထူးခြားပြီး ငါတို့ကျောင်းတော်နဲ့လည်း ကံပါလာတာပဲ။ မင်း ငါတို့ ရွှမ်ယွင်ကျောင်းတော်ကို ဝင်သင့်တယ်”
ကျားသစ်မှာ ကျောက်ဖေးကို မှတ်မိသွားဟန်ဖြင့် ခဏစိုက်ကြည့်ပြီးနောက် တောအုပ်ထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသည်။
တာအိုဆရာသည် ကျောက်ဖေးကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်ခဲ့သည်။
တာအိုဆရာက ပြုံးလျက် ဆိုသည်။ "ငါ့နာမည်က ကျန်းမင်ပေါ် ပါ။ ရွှမ်ယွင်ကျောင်းတော်ရဲ့ ၁၅ ဆက်မြောက် တပည့်တစ်ယောက်ပေါ့။ ဒီနေ့ မင်းနဲ့ ဆုံရတာ တကယ့်ကို ရေစက်ပါပဲ။"
အခန်း ၁၀၄- ရွှမ်ယွင်ကျောင်းတော်သို့ ဝင်ရောက်ခြင်း
တာအိုဆရာသည် ကျောက်ဖေးကို ဦးဆောင်ကာ တောင်ပေါ်သို့ တက်လှမ်းရင်း ကျောင်းတော်၏ အခြေအနေကို မိတ်ဆက်ပေးလေသည်။ "ရွှမ်ယွင်ကျောင်းတော်မှာ လက်ရှိ ၁၆ ဆက်မြောက် တပည့်ငါးယောက် ရှိတယ်။ ၁၅ ဆက်မြောက် တပည့်တွေထဲမှာတော့... အခု ကျောင်းတော်မှာ ငါ့ရဲ့စီနီယာအစ်ကို လျိုယွင်နဲ့ ငါပဲ ရှိတော့တယ်။ သူက ကျောင်းထိုင်ဆရာတော်ပေါ့၊ သူ့ရဲ့ ဘွဲ့တော်ကတော့ ယွင်ချင်းတာအိုဆရာ တဲ့။"
"တကယ်တော့ ငါလည်း နောက်ရက်အနည်းငယ်အတွင်း တောင်အောက်ဆင်းဖို့ ပြင်နေတာ။ အခုက လမ်းကြုံလို့ ငါ့စီနီယာအစ်ကို ကျောင်းထိုင်ဆရာတော်ကို လာနှုတ်ဆက်တာပဲ။"
ကျောက်ဖေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ကျွန်တော်တို့ ကျောင်းတော်မှာ အမြဲတမ်း လူဒီလောက် နည်းတာလားခင်ဗျာ?"
ကျန်းမင်ပေါ်က ရယ်မောကာ ဆိုသည်။ "ကျင့်ကြံခြင်းလောကမှာ ဝိညာဉ်အမြစ်ပါတဲ့သူဆိုတာ တစ်သောင်းမှာ တစ်ယောက်တောင် မရှိဘူး။ ငါတို့ကျောင်းတော်က တပည့်လက်ခံရင် အရည်အသွေးကိုပဲ ကြည့်တယ်၊ အရေအတွက်ကို ဂရုမစိုက်ဘူး။ ဒါ့အပြင် အရင်းအမြစ်တွေကလည်း ကန့်သတ်ချက်ရှိတယ်လေ။ ငါတို့လို ကျောင်းတော်ငယ်လေးက တပည့်တွေအများကြီးကို ဘယ်လို ကျွေးမွေးနိုင်မှာလဲ?"
"ပြီးတော့ ငါတို့ ရွှမ်ယွင်ကျောင်းတော်မှာ ရိုးရာတစ်ခုရှိတယ်။ နောက်မျိုးဆက်သစ် တပည့်တွေက ကျောင်းထိုင်အဖြစ် ဆက်ခံပြီးတာနဲ့ အရင်မျိုးဆက်က တပည့်တွေက တောင်အောက်ဆင်းပြီး အင်မော်တယ်ကံတရားကို ရှာဖွေဖို့ လှည့်လည်သွားလာကြရစမြဲပဲ။"
သူတို့နှစ်ဦး စကားပြောရင်း လျှောက်လာကြ၏
မသိလိုက်ခင်မှာပင် တောင်ဝက်သို့ ရောက်ရှိလာကြသည်။
စိမ်းလန်းစိုပြည်သော ဝါးရုံတောများအကြားတွင် ရှေးဟောင်းတာအိုကျောင်းတော်လေး တစ်ခု ရှိနေသည်။ဝန်းရံနေသော မြူနှင်းများကြောင့် အေးချမ်းဆိတ်ငြိမ်ပြီး ထူးကဲလှပသော အငွေ့အသက်ကို ပေးစွမ်းနေသည်။
ကျောင်းတော်ရှေ့ရှိ ဝါးတောသည် လေတိုးသံနှင့်အတူ တရှဲရှဲ မြည်နေပြီး နတ်ဘုံနတ်နန်းကဲ့သို့ ခံစားချက်ကို ပိုမိုအားကောင်းစေသည်။
ရင်ပြင်အတွင်း၌ မုတ်ဆိတ်ရှည်ရှည်နှင့် တာအိုဆရာအိုကြီး တစ်ပါးသည် သူ၏ တပည့်ငါးဦးကို တရားဟောကြားနေလေသည်။
တပည့်ငါးဦးသည် ကျား၊ မ မရွေးဖြစ်ပြီး အသက်အရွယ်လည်း မတူကြပေ။
မျက်လုံးများ တောက်ပနေသော ကောင်လေးတစ်ယောက်၊ တည်ငြိမ်သောအမူအရာရှိသည့် လူငယ်နှစ်ယောက်၊ ပြုံးရွှင်နေသော အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် မတ်မတ်ထိုင်နေသော ဆံပင်ဖြူအဘိုးအို တစ်ဦးတို့ပင် ဖြစ်သည်။
ကျန်းမင်ပေါ်က ရှေ့သို့တက်ကာ တာအိုဆရာကြီးကို ပြုံးလျက် ဆိုသည်။ "စီနီယာအစ်ကို... ကျွန်တော် အစာကြေအောင် တောင်ခြေမှာ လမ်းလျှောက်နေရင်း ကံပါတဲ့သူတစ်ယောက်နဲ့ ဆုံခဲ့လို့ ခေါ်လာခဲ့တယ်။"
သူသည် ကျောက်ဖေးထံမှ တံဆိပ်ပြားကို ဆရာတော်ထံ ကမ်းပေးလိုက်ပြီး အခြေအနေအားလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။
ကျောင်းထိုင်ဆရာတော် လျိုယွင်သည် တံဆိပ်ပြားကို သေချာစစ်ဆေးကြည့်သည်။
ထို့နောက် ကျောက်ဖေးအနားသို့ လျှောက်လာကာ လက်ဟန်ပြု၍ ဂါထာမန်းမှုတ်လိုက်သည်။ ကျောက်ဖေး၏ ခေါင်းပေါ်တွင် ငါးရောင်ခြယ် အလင်းတိုင်ကို အတည်ပြုပြီးနောက် သူသည် အံ့ဩမှုကို မဖုံးဖိနိုင်ဘဲ ရေရွတ်လိုက်သည်။ "မှန်တယ်... ဒါ တကယ်ပဲ ဓာတ်ငါးပါး ဝိညာဉ်ခန္ဓာပဲ၊ နှစ်ပေါင်းရာနဲ့ချီ ကြာပြီးမှ ငါတို့ ရွှမ်ယွင်ကျောင်းတော်မှာ ဓာတ်ငါးပါးဝိညာဉ်ခန္ဓာပိုင်ရှင် တပည့်တစ်ယောက် ထပ်ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ကျောက်ဖေးသည် ရိုသေစွာ ရပ်နေလေသည်။
လျိုယွင်က ကျောက်ဖေးကို အကဲခတ်ပြီးနောက် နူးညံ့စွာ မေးလိုက်သည်။ "ကျောက်ဖေး... မင်း ဘာကြောင့် တာအိုတရားကို ကျင့်ကြံချင်တာလဲ?"
ဆရာတော်ကြီး၏ မေးခွန်းမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း ကျောက်ဖေးသည် ထူးဆန်းသော အာရုံတစ်ခုကို ခံစားလိုက်ရသည်။
သူ လိမ်ညာ၍ မရပေ၊ လိမ်ညာပါက ချက်ချင်း သိရှိသွားမည် ဖြစ်သည်။
ကျောက်ဖေးသည် မဆိုင်းမတွဘဲ ပွင့်လင်းစွာ ဖြေကြားလိုက်သည်။ "နှောင်ကြိုးကင်းတဲ့ အင်မော်တယ်ဘဝကို ရှာဖွေဖို့ပါ ဘုရား။"
လျိုယွင်က သက်ပြင်းချကာ " အင်မော်တယ်လမ်းစဉ်ဆိုတာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းလှတယ်။ သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့သူတွေ ကျင့်ကြံခဲ့ကြပေမယ့် တကယ်တမ်း အင်မော်တယ်အဖြစ်နဲ့ လွတ်မြောက်မှုရသူ ဘယ်နှစ်ယောက်ရှိလို့လဲ? အကယ်၍ မင်း တစ်သက်လုံး ကျင့်ကြံပေမယ့် အင်မော်တယ်မဖြစ်ခဲ့ရင်တောင် တာအိုလမ်းစဉ်ကို လျှောက်လှမ်းချင်သေးရဲ့လား?"
ကျောက်ဖေးက ဆိုသည်။ "နံနက်ခင်းမှာ တရားကို သိခွင့်ရရင် ညနေမှာ သေရပါစေ၊ ကျေနပ်ပါတယ်။ “
“အကယ်၍ နောက်ဆုံးမှာ အင်မော်တယ် မဖြစ်ခဲ့ရင်တောင် ကျွန်တော် ပျော်ရွှင်နေမှာပါ၊ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။"
လျိုယွင်က ခေါင်းငြိမ့်ကာ ထပ်မေးပြန်သည်။ "မင်းရဲ့လမ်းကို ပိတ်ဆို့တားဆီးသူနဲ့ တွေ့ရင် ဘာလုပ်မလဲ?"
ကျောက်ဖေး၏ အကြည့်များက ခိုင်မာနေသည်” ကျွန်တော့်လမ်းကို ပိတ်ဆို့သူမှန်သမျှဟာ ရန်သူပါပဲ၊ ကျွန်တော့်လမ်းစဉ်ကို သက်သေပြဖို့အတွက် သူတို့ကို သုတ်သင်ရမှာပါပဲ။"
လျိုယွင်က နောက်ဆုံးမေးခွန်းကို မေးသည်။ "အကယ်၍ လူတစ်ရာကို ယဇ်ပူဇော်မှသာ ဒီမှော်ပညာကို တတ်မြောက်မယ်၊ ဒါပေမဲ့ ဒီပညာက မိစ္ဆာတွေကို နှိမ်နင်းပြီး လူပေါင်းများစွာကို ကယ်တင်နိုင်မယ်ဆိုရင် ဒီနည်းလမ်းကို သုံးမှာလား?"
ကျောက်ဖေး မျက်မှောင်ကြုတ်ကာ ခဏစဉ်းစားပြီးနောက် ပွင့်လင်းစွာ ဖြေလိုက်သည်။ "အကယ်၍ ဒီနည်းလမ်းက လူသားတွေရဲ့ သွေးနဲ့ ရေးထူးရမယ်ဆိုရင်တော့... ကျွန်တော် ကိုယ်တိုင် အလင်း အသစ်တစ်ခုကို ပြန်လည် ရေးသားပါ့မယ်။"
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်”
လျိုယွင်သည် သူ၏မုတ်ဆိတ်ကို သပ်ကာ အားရပါးရ ရယ်မောလိုက်ပြီး— "ထူးကဲလှပေတယ်။ စိတ်ထားပွင့်လင်းတယ်၊ ပြတ်သားတယ်၊ စိတ်ရင်းဖြူစင်တယ်။ မင်းဟာ ငါတို့ ရွှမ်ယွင်ကျောင်းတော်ရဲ့ လမ်းစဉ်နဲ့ ကိုက်ညီတဲ့သူပဲ”
ကျောက်ဖေးသည် ခေတ်သစ်ကမ္ဘာမှ လာသူဖြစ်ပြီး ဤကမ္ဘာ၏ ရက်စက်မှုများ ဒဏ်ကို မခံရသေးသဖြင့် သူ၏ စံတန်ဖိုးများမှာ အလွန်ဖြောင့်မတ်နေခြင်းဖြစ်သည်။
သူ၏ အဖြေကို လျိုယွင်အလွန်ကျေနပ်သွားသည်။
"ငါ့နောက် လိုက်ခဲ့။"
လျိုယွင်သည် ကျောက်ဖေးကို ဘိုးဘေးခန်းမ အတွင်းသို့ ခေါ်ဆောင်သွားသည်။
ပြုံး၍ ကြည့်နေသော ကျန်းမင်ပေါ်လည်း နောက်က လိုက်ပါသွားသည်။
ခန်းမအတွင်း၌ စန္ဒကူးနံ့သာနံ့များ သင်းပျံ့နေပြီး အမွှေးတိုင်နံ့သာငွေ့များက အခန်းတစ်ခုလုံးကို မြူနှင်းများကဲ့သို့ ဝန်းရံထားသဖြင့် ထူးခြားဆန်းပြားသော အငွေ့အသက်ကို ပေးစွမ်းနေသည်။
အလယ်ဗဟိုတွင် ရွှမ်ယွင်ကျောင်းတော်ကို တည်ထောင်သူ ရွှမ်ယွမ်ကျန်းကျွင်း၏ ရွှေရောင်ရုပ်တုရှိသည်။
၎င်းမှာ လူတစ်ရပ်စာရှိပြီး အလွန်ပင် သက်ဝင်လှပလှသည်။
ရုပ်တုတော်သည် လက်ထဲတွင် ယပ်တောင်မွှေး ကို ကိုင်ဆောင်ထားကာ၊ မျက်လုံးကို အနည်းငယ် မှိတ်ထားသော်လည်း နူးညံ့သိမ်မွေ့မှုနှင့် အရှိန်အဝါကြီးမားမှုတို့က ဒွန်တွဲနေသည်။
ကျောက်ဖေးသည် ခန်းမရှေ့တွင် ရိုသေစွာ ရပ်နေစဉ် ဆရာတော် လျိုယွင်က စန္ဒကူးအမွှေးတိုင် သုံးတိုင်ကို ထွန်းလိုက်သည်။
မီးလျှံကလေးများ တဖျတ်ဖျတ် တောက်လောင်နေစဉ် ဆရာတော်၏ မျက်နှာမှာ အလွန်တည်ကြည်နေသည်။
"လေးစားအပ်ပါသော ဆရာသခင်..."
လျိုယွင် အသံမှာ နက်ရှိုင်းပြီး တည်ကြည်လှသည်။ "ယခု ဓာတ်ငါးပါးဓ ဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်တဲ့ စိတ်ဓာတ်ခိုင်မာပြီး ဖြူစင်တဲ့ ကျောက်ဖေးဟာ ရွှမ်ယွင် ကျောင်းတော်ကို ဝင်ရောက်လိုပါတယ်။"
"ယခု ရွှမ်ယွင်ကျောင်းတော်ရဲ့ ၁၅ ဆက်မြောက် ကျောင်းထိုင်ဆရာတော် အနေနဲ့ ကျောက်ဖေးကို တပည့်အဖြစ် လက်ခံပြီး ကျန်းကျွယ်ဆိုတဲ့ ဘွဲ့တော်ကို အပ်နှင်းလိုက်ပါတယ်။"
"ဤအကြောင်းကို ဘိုးဘေးဆရာသခင်ထံ သတင်းပို့အပ်ပါတယ်”
ထို့နောက် ဆရာတော်သည် အမွှေးတိုင်သုံးတိုင်ကို ကျောက်ဖေးအား ကမ်းပေးကာ “သွားတော့၊ ဘိုးဘေးဆရာသခင်ကို သုံးကြိမ်ဦးချပြီး အမွှေးတိုင် ကပ်လှူလိုက်ပါ" ဟု တိုးတိုးလေး ဆိုသည်။
ကျောက်ဖေးသည် အမွှေးတိုင်ကို ယူလိုက်စဉ် လက်ထဲတွင် တန်ပေါင်းများစွာ အလေးချိန်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် အသက်ပြင်းပြင်းရှူကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ သုံးကြိမ် ဦးချလိုက်သည်။ နဖူးနှင့် ကြမ်းပြင် ထိသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထို့နောက် အမွှေးတိုင်များကို မီးပုံးအတွင်း စိုက်လိုက်သည်။
"ဘိုးဘေးနဲ့ မင်းရဲ့ ဆရာအတွက် လက်ဖက်ရည် ကပ်လှူပါဦး။"
ထိုစဉ် ကျန်းမင်ပေါ်က အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည် နှစ်ခွက်ကို ယူလာပေးသည်။
ကျောက်ဖေးသည် ညွှန်ကြားချက်အတိုင်း ဘိုးဘေးရုပ်တုထံ တစ်ခွက် ကပ်လှူပြီး၊ ကျန်တစ်
ခွက်ကို ဆရာတော် လျိုယွင်ထံ ကမ်းပေးလိုက်သည်။
"ဆရာကြီး... လက်ဖက်ရည် သုံးဆောင်ပါ ဘုရား။"
ကျောက်ဖေးက ရိုသေစွာ လျှောက်ထားသည်။
"ကောင်းပြီ။"
လျိုယွင်သည် လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီးနောက် သူ၏ တည်ကြည်သော မျက်နှာတွင် အပြုံးများ ပြန်လည် ဝေဆာလာသည်။
လက်ဖက်ရည် သောက်ပြီးနောက် လျိုယွင်သည် ခန်းမအပြင်ဘက်၌ စောင့်နေသော တပည့်များကို လှမ်းခေါ်လိုက်သည်။
"ကဲ... အထဲဝင်ခဲ့ကြဦး၊ မင်းတို့ရဲ့ ဆဋ္ဌမမြောက် ညီငယ်နဲ့ မိတ်ဆက်ပေးမယ်။"
၁၆ ဆက်မြောက် တပည့်ငါးဦးသည် တံခါးဝတွင် စုရုံးကာ ချောင်းကြည့်နေကြရာမှ ဆရာ့စကား ကြားသည်နှင့် ဝုန်းခနဲ ပြေးဝင်လာကြတော့သည်။
"ဆရာ... ဒါပဲလားခင်ဗျာ?"
ကျောက်ဖေးက အံ့ဩတကြီး မေးမိသည်။
"ဟဲဟဲ၊ ငါတို့ ရွှမ်ယွင်ကျောင်းတော်က ဒီလို အခမ်းအနား အခက်အခဲတွေကို သိပ်ဦးစားမပေးဘူး။ စိတ်ရင်းမှန်ဖို့ပဲ လိုတာ။"
စကားပြောသူမှာ အသက် ၄၀ ကျော်ခန့်ရှိသော တာအိုဆရာတစ်ဦး ဖြစ်သည်။ သူသည် သန့်ရှင်းစင်ကြယ်သော မီးခိုးပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အမူအရာမှာ အလွန်
တည်ငြိမ်သည်။
လျိုယွင်က ပြုံး၍ မိတ်ဆက်ပေးသည်။ "ဒါက မင်းရဲ့ စီနီယာအစ်ကိုကြီး ကျိုးယွင်ရှန်း၊ ဘွဲ့တော်ကတော့ ကျန်းမင်တဲ့။"
"ဂါရဝပြုပါတယ် စီနီယာအစ်ကိုကြီး" ဟု ကျောက်ဖေးက ဦးညွှတ်နှုတ်ဆက်သည်။
ကျိုးယွန်းရှန်းက "ညီငယ်လေး... အားမနာပါနဲ့" ဟု ပြန်ဆိုသည်။
လျိုယွင်က ဆက်လက် မိတ်ဆက်ပေးသည်။
“ဒုတိယ အစ်မတော် လျိုချင်းရွှမ်၊ ဘွဲ့တော် ကျန်းဟွေ့ “
သူမမှာ အသက် ၃၅၊ ၃၆ နှစ်ခန့် ရှိပြီဖြစ်ပြီး ဖြူလွလွ တာအိုဝတ်ရုံကြောင့် သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဝင်းနေသည်။ သူမသည် အလွန်လှပပြီး အထူးသဖြင့် သူမ၏ လက်ချောင်းလေးများမှာ စိမ်းစိုသော ကျောက်စိမ်းကဲ့သို့ သွယ်လျလှပလှသည်။
တတိယ အစ်ကိုတော်သည် လူယွမ်ဖုန်း၊ ဘွဲ့တော် ကျန်းရွှမ်ဖြစ်ပြီး သူသည် အသက် ၂၇၊ ၂၈ နှစ်ခန့် ရှိသည်။ သူ၏ ဝတ်စုံမှာ အခြားသူများကဲ့သို့ ဝတ်ရုံပွပွမဟုတ်ဘဲ အနက်ရောင် ဝတ်စုံကျပ် ဖြစ်သည်။
သူ၏ မျက်နှာသည် အေးစက်တည်တင်းနေပြီး ခါးတွင်လည်း ရှေးဟောင်းဓားတစ်လက် ချိတ်ဆွဲထားရာ အိမ်မှထုတ်ထားသော ဓားသွားကဲ့သို့ ထက်မြက်သော အရှိန်အဝါ ရှိသည်။
စတုတ္ထ အစ်ကိုတော်သည် လီရှောက်ယီ၊ ဘွဲ့တော် ကျန်းကျင်းဖြစ်ပြီး တပည့်များထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။
ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖြူနေပြီဖြစ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာ မြင့်မားထွားကြိုင်းပြီး သန်မာဖျတ်လတ်နေဆဲ ဖြစ်သည်။
နောက်ဆုံး ဝင်လာသူမှာ ပဉ္စမ အစ်ကိုတော် ချန်ချန်းဖုန်း၊ ဘွဲ့တော် ကျန်းနင်ဖြစ်၏
သူသည် အသက် ၁၇၊ ၁၈ နှစ်ခန့်သာ ရှိသေးပြီး အငယ်ဆုံး ဖြစ်သည်။
တာအိုဝတ်ရုံကို ဖရိုဖရဲ ဝတ်ဆင်ထားပြီး မျက်နှာတွင်လည်း လူငယ်သဘာဝ နောက်ပြောင်ချင်သော အမူအရာများ ရှိနေသည်။
ဤသူငါးဦးသည် ရွှမ်ယွမ်ကျောင်းတော်၏ ၁၆ ဆက်မြောက် တပည့်များ ဖြစ်ကြသည်။ ယခုအခါ ကျောက်ဖေးသည် ခြောက်ယောက်မြောက် တပည့်အဖြစ် ပါဝင်လာခဲ့ပြီ ဖြစ်သည်။
ကျောက်ဖေးသည် သူတို့ကို တစ်ဦးချင်းစီ ရိုသေစွာ နှုတ်ဆက်လိုက်သည်။
လျိုယွင်က ရယ်မောကာ ဆိုသည်။ "ဒီနေ့ကစပြီး ကျောက်ဖေးက မင်းတို့ရဲ့ ဆဋ္ဌမမြောက် ညီငယ်ပဲ။ သူ့ကို ကျန်းကျွယ်ဆိုတဲ့ ဘွဲ့တော် ပေးထားတယ်”
“အစ်ကိုတွေ၊ အစ်မတွေအနေနဲ့ ညီငယ်လေးကို ကောင်းကောင်း စောင့်ရှောက်ကြနော်။"
"ဟုတ်ကဲ့ပါ ဆရာ။"
တပည့်ငါးဦးလုံးက ရိုသေစွာ ပြန်လည် ဖြေကြားလိုက်ကြလေသည်။
အခန်း ၁၀၅ - ညဉ့်နက်သန်းခေါင်မှ တရားဓမ္မ ဟောကြားခြင်း
စီနီယာအစ်ကိုကြီး ကျိုးယွင်ရှန်းက ရှေ့သို့ တစ်လှမ်းတိုးလာပြီး ကျောက်ဖေး ပုခုံးကို ပုတ်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဆဌမမြောက် ညီလေး၊ နောင်ကျရင် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သိလိုတာရှိရင် ငါ့ဆီကို အချိန်မရွေး လာခဲ့လို့ရတယ်"
သူ၏ သာမန်ကာလျှံကာ ပုတ်လိုက်သည့် လက်ချက်ကြောင့်ပင် ကျောက်ဖေး၏ ခန္ဓာကိုယ်ထဲသို့ နူးညံ့သိမ်မွေ့ပြီး ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ စီးဝင်သွားကာ ရက်ပေါင်းများစွာ ခရီးသွားလာခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်းပင် လွင့်စင်သွားတော့သည်။
ဒုတိယစီနီယာအစ်မ လျိုချင်းရွှမ်က ပြုံးပြီး သူမ၏ အင်္ကျီလက်ထဲမှ ကျောက်စိမ်းဖြူပုလင်းလေး တစ်လုံးကို ထုတ်ပေးလိုက်သည်။ "ဒါက ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ ချီစုစည်းခြင်းဆေးလုံးပဲ။ မင်းရဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်တဲ့အခါမှာ အထောက်အကူပြုလိမ့်မယ်။ နောင်ကျရင် အနီးနားက တောင်တွေထဲမှာ ဆေးဘက်ဝင်အပင်တွေ တွေ့ရင်လည်း ငါ့ဆီ ယူလာခဲ့၊ ငါ ပြုပြင်ဖော်စပ်ပေးမယ်"
ပုလင်းလေးအတွင်းမှ ဆေးနံ့လေးများ သင်းပျံ့နေပြီး ရှူရှိုက်လိုက်ရုံနှင့်ပင် စိတ်ကြည်လင် လန်းဆန်းသွားစေသည်။
တတိယစီနီယာအစ်ကို လူယွမ်ဖုန်းက ပြုံးလျက် "ငါ အခုတလော ကျားအရိုးအရက် တစ်အိုး ချက်ထားတယ်။ ညီလေး သောက်ချင်ရင် နောက်မှ ငါ့ဆီ လာယူလှည့်" ဟု ဆိုသည်။
လီရှောက်ယီကတော့ ပြုံးလျက် သူ၏ အိတ်ကပ်ထဲမှ သက်ရှိထင်ရှားသကဲ့သို့ လက်ရာမြောက်လှသော သစ်သားငှက်ကလေးတစ်ရုပ်ကို ထုတ်ယူလိုက်သည်။ "ဒါက ငါ အားလပ်ချိန်မှာ လုပ်ထားတဲ့ စက်မှုငှက်လေးပဲ။ သိပ်ပြီး အသုံးမဝင်လှပေမယ့် ရှေ့ကနေ ကင်းထောက်ဖို့နဲ့ သတိပေးဖို့အတွက်တော့ သုံးလို့ရတယ်"
ပြောပြောဆိုဆိုဖြင့် လီရှောက်ယီသည် ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ထိုစက်မှုငှက်ထဲသို့ ထည့်သွင်းလိုက်သည်။
"ကျွီ ကျွီ..."
စက်မှုငှက်လေးသည် ကြည်လင်သော အသံဖြင့် အော်မြည်ကာ တောင်ပံခတ်ပြီး အခန်းထဲတွင် တစ်ပတ် ပျံသန်းပြီးနောက် ကျောက်ဖေး၏ လက်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
နောက်ဆုံးတွင် ချန်ချန်းဖုန်းက ကျောက်ဖေး၏ ပုခုံးကို ဖက်ကာ ရယ်မောလျက် ပြောသည်။ "ညီလေး၊ နောက်နေ့ကျရင် မင်းကို နောက်ဘက်တောင်ကုန်းမှာရှိတဲ့ ဝိညာဉ်သစ်သီးတွေ သွားခူးဖို့ ခေါ်သွားမယ်၊ အဲဒီက ခရမ်းရောင်ကျောက်စိမ်း စပျစ်သီး တွေက အရသာ အရှိဆုံးပဲ”
လျိုယွင်သည် သူ၏ တပည့်များ ပျော်ရွှင်နေသည်ကို ကြည့်ကာ သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးနေတော့သည်။
အပြင်ဘက်တွင် မှောင်စပြုနေပြီ ဖြစ်သည်။
စီနီယာအစ်ကို၊ အစ်မများ၏ အကူအညီဖြင့် နာရီဝက်ခန့်အကြာတွင် ကျောက်ဖေးသည် ဘယ်ဘက်ဆောင်ရှိ အခန်းတစ်ခုကို သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်ပြီးစီးသွားသည်။
ထို့နောက် သူသည် လျိုယွင် အခန်းသို့သွားကာ တံခါးခေါက်၍ ဝင်လိုက်သည်။
လျိုယွင်သည် အခန်းထဲတွင် တရားမှတ်နေသည်။
"ဆရာ"
"မင်း ရောက်လာပြီလား? အေး... ထိုင်ပါဦး"
လျိုယွင်က သူ၏ ရှေ့တည့်တည့်ရှိ ကော်ဇောပြားကို ညွှန်ပြသည်။ "ငါတို့ ရွှမ်ယွင်ကျောင်းတော်က သဘာဝအတိုင်း နေထိုင်တွေးခေါ်ဖို့ကို အလေးပေးတယ်။ ဆရာနဲ့ တပည့်ကြားမှာ စည်းကမ်းတွေ အများကြီး မရှိပါဘူး"
ကျောက်ဖေးသည် ညွှန်ကြားသည့်အတိုင်း ထိုင်လိုက်သည်။
" အင်မော်တယ် ကျင့်ကြံခြင်းဆိုတာ ဘာလဲဆိုတာ မင်းသိလား?"
လျိုယွင်၏ အသံမှာ နက်ရှိုင်းပြီး ပဲ့တင်ထပ်
နေသည်။
ကျောက်ဖေး တစ်လုံးတစ်ပါဒမျှ မပြောရသေးခင်မှာပင်...
သူက ဆက်၍ ရေရွတ်လိုက်သည်။ "အင်မော်တယ်ကျင့်ကြံသူတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်ဆင်းမှုကို သိမ်းပိုက်ပြီး နေမင်းနဲ့ လမင်းရဲ့ လျှို့ဝှက်ချက်တွေကို ကျူးကျော်ကြသူတွေပဲ။ ဒါဟာ ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်ပြီး လောကရဲ့ ကံကြမ္မာကို တိုက်ခိုက်နေတာပဲ"
သူသည် လက်ကိုမြှောက်ပြီး လေထဲတွင် ဝေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များ ချက်ချင်းပင် လှိုင်းထနေသော မြစ်တစ်စင်းအဖြစ် ပေါင်းစည်းသွားသည်။
"လူသားတွေဟာ မြစ်ထဲမှာ မျောနေတဲ့ မှော်ပင်တွေလိုပဲ၊ ရေစီးအတိုင်း မျောပါသွားကြတယ်။ ဒါပေမဲ့ ငါတို့ ကျင့်ကြံသူတွေကတော့ ရေဆန်ကို တိုက်ခိုက်ပြီး ကံကြမ္မာရဲ့ အနှောင်အဖွဲ့တွေကနေ ရုန်းထွက်ရမယ်"
ဝိညာဉ်စွမ်းအင်မြစ်သည် ကွေ့ကောက်သွားပြီးနောက် ရုတ်တရက် ကောင်းကင်နန်းတော် လေးခုအဖြစ် ပြောင်းလဲသွားသည်။
"သမိုင်းတစ်လျှောက်မှာ ဒီလောကကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့ထဲက အလွန်နည်းပါးတဲ့ ပမာဏပဲ စစ်မှန်တဲ့ လွတ်မြောက်မှုကို ရရှိခဲ့ကြတာ။”
“ အဲဒီ ရှေးဦးကျင့်ကြံသူ အာဇာနည်တွေထဲမှာ သူတို့ရဲ့ အဆုံးအမတွေကို လက်ဆင့်ကမ်းခဲ့သူတွေ အများကြီးရှိတယ်"
"ဒါပေမဲ့ ဂိုဏ်းခွဲတွေနဲ့ ကျင့်စဉ်တွေ မတူညီကြပေမယ့်၊ နည်းလမ်းအားလုံးရဲ့ မူလအစဖြစ်တဲ့ အင်မော်တယ် ကျင့်ကြံခြင်း လမ်းစဉ်ကို ယေဘုယျအားဖြင့် အဆင့် (၄) ဆင့် ခွဲခြားနိုင်တယ်။"
"အဲဒီ လေးဆင့်ကတော့- ရုပ်အဆီအနှစ်ကို ချီအဖြစ် ပြောင်းလဲခြင်း ၊ ချီကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲခြင်း ၊ ဝိညာဉ်စွမ်းအားကို ဟင်းလင်းပြင်အဖြစ် ပြောင်းလဲခြင်းနဲ့ ဟင်းလင်းပြင်ကို တရားဓမ္မနဲ့ ပေါင်းစည်းခြင်း တို့ပဲ..."
ကျောက်ဖေးသည် စကားတစ်လုံးမလွတ်စေရန် အသေအချာ နားထောင်နေသည်။
"ရုပ်အဆီအနှစ်ကို ချီအဖြစ် ပြောင်းလဲနိုင်သူတွေဟာ လူသား အင်မော်တယ်ဖြစ်လာနိုင်တယ်။ ချီကို ဝိညာဉ်အဖြစ် ပြောင်းလဲနိုင်သူတွေက မြေကမ္ဘာ အင်မော်တယ်ဖြစ်လာနိုင်တယ်။ ဝိညာဉ်ကို ဟင်းလင်းပြင်အဖြစ် ပြောင်းလဲနိုင်သူတွေက ကောင်းကင် အင်မော်တယ် ဖြစ်လာပြီး၊ ဟင်းလင်းပြင်ကို တရားဓမ္မနဲ့ ပေါင်းစည်းနိုင်သူတွေကတော့ ရွှေအမြုတေ အင်မော်တယ် ၊ တစ်နည်းဆိုရရင် ကောင်းကင်နဲ့ မြေကြီးရဲ့ ရဟန္တာ တွေ ဖြစ်လာကြတယ်"
"ငါတို့လို လောကီဘောင်ကနေ မလွတ်မြောက်သေးတဲ့ သာမန်လူတွေကတော့ ရုပ်အဆီအနှစ်ကို ချီအဖြစ် ပြောင်းလဲခြင်း အဆင့်မှာပဲ ရှိကြသေးတယ်။ နှစ်ပေါင်းရာချီအောင် ကျင့်ကြံအားထုတ်ပြီးမှ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ရနိုင်တာ”
“ငါ တရားကျင့်ခဲ့တာ နှစ်ပေါင်း ၁၅၀ ကျော်ပြီ၊ ဒါပေမဲ့ အခုထိ ကျင့်စဉ်သက်တမ်း ၁၁၀ ကျော်ပဲ ရှိသေးတယ်"
လျိုယွင်က သက်ပြင်းချကာ ဆိုသည်။ "သိပ်ခက်တာပဲ။ ကျင့်ကြံခြင်းလမ်းက ကောင်းကင်ကို တက်တဲ့လမ်းထက်တောင် ခက်ခဲသေးတယ်။ ကျင့်ကြံသူတွေက သေဆုံးပြီး အရိုးစုတွေ ဖြစ်သွားတဲ့အထိတောင် သာမန်လူသား ခန္ဓာကိုယ်အဆင့်မှာပဲ ပိတ်မိနေကြတာ မရေမတွက်နိုင်ဘူး။ မင်းရဲ့ဆရာဖြစ်တဲ့ ငါတောင်မှ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိမရှိ မသိနိုင်ဘူး"
ကျောက်ဖေး တိတ်ဆိတ်သွားသည်။
တာအို၏ စကားများမှတစ်ဆင့် အင်မော်တယ်လမ်းစဉ် မည်မျှ ခက်ခဲသည်ကို သူ နားလည်လိုက်သည်။
လျိုယွင်သည် နှစ်ပေါင်း ၁၅၀ ကျော် ကျင့်ကြံခဲ့သော်လည်း ရုပ်အဆီအနှစ်ကို ချီအဖြစ် ပြောင်းလဲသည့် အဆင့်တွင်သာ ရှိသေးသည်။
မလွတ်မြောက်နိုင်သရွေ့ သူတို့သည် သာမန်လူသားများသာ ဖြစ်သည်။
ဥပမာအားဖြင့် သာမန်လူတစ်ယောက်သည် ဆယ်စုနှစ် အနည်းငယ်သာ အသက်ရှင်သည်။
လျိုယွင်သည် ကျင့်ကြံခြင်းတွင် အောင်မြင်မှုအချို့ ရရှိထားပြီး သာမန်လူထက် သန်မာသော်လည်း၊ သူ နောက်ထပ် နှစ်ပေါင်းမည်မျှ ပိုအသက်ရှင်နိုင်မည်နည်း?
နောက်ဆုံးတွင် လျိုယွင်သည်လည်း သူပြောသကဲ့သို့ အရိုးစုအဖြစ် ပြောင်းလဲသွားကာ နောင်လာနောက်သား တပည့်များ ကြည်ညိုရန် ကျောင်းတော်တွင် ဝိညာဉ်အမှတ်တရ ဆိုင်းဘုတ်တစ်ခုသာ ကျန်ရစ်ပေတော့မည်။
သို့သော် ကျောက်ဖေးသည် စိတ်မကောင်းဖြစ်ရုံသာမကပေ ။
ဆရာ၏စကားများကြောင့် သူ၏ တိုက်ပွဲဝင်စိတ်ဓာတ် လျော့ပါးမသွားဘဲ ပို၍ပင် ပြတ်သားလာခဲ့သည်။
သူ့တွင် ထူးခြားသော စနစ်ရှိနေပြီး သူ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ သာမန်လူများထက် များစွာ သာလွန်နေသည်။
သူတွင် အခြားသူများ မရရှိနိုင်သော အားသာချက်များ ရှိနေသည်။
အခြားသူများအတွက် ကောင်းကင်တက်ရသလို ခက်ခဲသော လမ်းစဉ်သည် သူ့အတွက်မူ ထိုသို့ ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက် လျိုယွင်က ပြန်ပြုံးကာ ပြောလိုက်သည်။ "ဒါပေမဲ့ မင်း အရင်က ပြောခဲ့သလိုပေါ့ ။မနက်ခင်းမှာ တရားကို သိခွင့်ရရင် ညနေမှာ သေရပါစေ၊ နောင်တမရှိဘူးဆိုတာ။ ငါတို့ ကျင့်ကြံသူတွေအတွက် အရိုးစုဖြစ်သွားရမယ်ဆိုရင်တောင် ဘာကို ညည်းတွားနေစရာ လိုသေးလဲ?"
ကျောက်ဖေးက ခေါင်းညိတ်ကာ "ဆရာ ပြောတာ မှန်ပါတယ်။ ကျင့်ကြံသူတွေဟာ အရိုးခြောက် ဖြစ်သွားရမယ်ဆိုရင်တောင် သာမန်လူတွေထက် ဆယ်စုနှစ်များစွာ ဒါမှမဟုတ် နှစ်ပေါင်းရာချီ ပိုအသက်ရှင်ရပြီး သူတို့မမြင်နိုင်တဲ့ အံ့ဖွယ်တွေကို မြင်တွေ့ခွင့် ရကြတာပဲ မဟုတ်လား"
"ဟားဟား..."
လျိုယွင်က ကျောက်ဖေးကို ညွှန်ပြကာ အားရပါးရ ရယ်မောလိုက်သည်။
အစောပိုင်းက မှိုင်းညို့နေသော စိတ်အစဉ်များ လွင့်ပျောက်သွားတော့သည်။
ထို့နောက် လျိုယွင်သည် ထကာ စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ယူလိုက်သည်။
"မင်းမှာ ဓာတ်ငါးပါး ဝိညာဉ်ခန္ဓာရှိနေပြီဆိုပေမဲ့ ဒါက မင်းမှာ အရည်အချင်းကောင်း ရှိတာကိုပဲ ပြတာ၊ အဆင့်တစ်ခုထဲ ရောက်သွားပြီလို့ မဆိုလိုသေးဘူး။”
“ ငါတို့ အခြေခံကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုသေးတယ် မြင့်မားတဲ့ အဆောက်အအုံတစ်ခုဟာ မြေပြင်ကနေ စတင်တည်ဆောက်ရသလိုပဲ၊ အခြေခံကောင်းမှသာ ပိုမြင့်တဲ့နေရာကို တက်လှမ်းနိုင်မှာ။"
"ဒါက ငါတို့ ရွှမ်ယွင်ကျောင်းတော်ရဲ့ အခြေခံကျင့်စဉ်ဖြစ်တဲ့ - ယင်ယန် ဝိညာဉ်
တည်ဆောက်ခြင်း နည်းလမ်းပဲ။ “
“တကယ်တော့ မင်း အရင်က လေ့ကျင့်ခဲ့တဲ့ ဓာတ်ငါးပါး ဝိညာဉ်ကျင့်စဉ်ဟာ ငါတို့ကျောင်းတော်ရဲ့ ဓာတ်ငါးပါး အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်အတွက် ကြိုတင်ပြင်ဆင်မှု ကျင့်စဉ်တစ်ခုပဲ"
"ဥပမာ မင်းရဲ့ စီနီယာအစ်ကို၊ အစ်မတွေနဲ့ ငါကိုယ်တိုင်တောင်မှ ဓာတ်ငါးပါး အခြေခံကျင့်စဉ်ကိုပဲ သုံးကြတာ။”
“မင်းမှာ ဓာတ်ငါးပါး ဝိညာဉ်ခန္ဓာ ရှိပြီးသားဆိုတော့ ဒီကျင့်စဉ်ကို သုံးရင် ထက်ဝက်အားစိုက်ရုံနဲ့ နှစ်ဆ အကျိုးကျေးဇူး ရနိုင်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ့အမြင်မှာတော့ အဲဒါက မင်းရဲ့ အစွမ်းအစအားလုံးကို အပြည့်အဝ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး"
"သီအိုရီအရတော့ အခြေခံကျင့်စဉ်တွေမှာ အကောင်းအဆိုး မရှိဘူး၊ အခြေခံခိုင်မာရင် အဆောက်အအုံအတွက် လုံလောက်ပြီလို့ ဆိုကြတယ်”
“တကယ်တမ်းမှာတော့ ကျင့်စဉ်ချင်း မတူရင် ကွာခြားချက်တွေ ရှိတတ်တယ်”
“ဓာတ်ငါးပါးက တရားဓမ္မကို တိုက်ရိုက် မြင်တွေ့စေနိုင်ပေမဲ့ ယင်နဲ့ယန် လမ်းစဉ်ကတော့ တရားဓမ္မရဲ့ အခြေခံနိယာမတွေနဲ့ ပိုပြီး နီးစပ်တယ်။ ယင်နဲ့ယန်ကို မင်းရဲ့ အခြေခံအဖြစ် သုံးမယ်ဆိုရင် နောင်တစ်ချိန် ကျင့်ကြံခြင်းခရီးမှာ ပိုပြီး ချောမွေ့စေလိမ့်မယ်"
"ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဓာတ်ငါးပါး စွမ်းအင်တွေ ရှိနေတဲ့အတွက် အဲဒီဓာတ်ငါးပါးကို ယင်ယန်စွမ်းအင်အဖြစ် ပြောင်းလဲပြီး ယင်ယန်လမ်းစဉ်ကို ကျင့်ကြံဖို့ဆိုတာ အလွန်
ခက်ခဲလိမ့်မယ်။ မင်း စမ်းကြည့်ချင်ရဲ့လား?"
လျိုယွင်က ကျောက်ဖေးကို ကြည့်လိုက်သည်။
ကျောက်ဖေးက မဆိုင်းမတွ ခေါင်းညိတ်ကာ "တပည့် လိုလားပါတယ်" ဟု ဖြေလိုက်သည်။
သူ နားလည်သည်မှာ လျိုယွင်သည် သူ့ကို ဘယ်တော့မှ ဒုက္ခပေးမည်မဟုတ်ပေ။
ဆရာက ယင်ယန်နည်းလမ်းက ပိုကောင်းသည်ဟု ပြောနေမှတော့ သူသည်လည်း ပိုကောင်းသည့်အရာကိုပဲ ကျင့်ကြံချင်သည်
"ဟားဟား... ကောင်းပြီ၊ ဒါပေမဲ့ စိတ်မပူပါနဲ့။ တကယ်လို့ အဆင်မပြေဘူးဆိုရင် ဓာတ်ငါးပါး အခြေခံကျင့်စဉ်ကိုပဲ ပြန်ပြီး ကျင့်လို့ရပါတယ်"
လျိုယွင်က ရယ်မောရင်း ပြောသည်။
ကျောက်ဖေးသည် လျိုယွင်ထံမှ စာအုပ်ကိုယူကာ အသေအချာ စတင်ဖတ်ရှုတော့သည်။
ထိုပါဝင်သည့် အကြောင်းအရာများမှာ နက်နဲလှပြီး မြူခိုးများကြားတွင် လမ်းပျောက်နေသကဲ့သို့ နားလည်ရန် ခက်ခဲလှသည်။
သို့သော် ယင်းမှာ သာမန်လူများအတွက်သာ ဖြစ်သည်။
ကျောက်ဖေး၏ လက်ရှိ နားလည်နိုင်စွမ်းနှင့် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမှာ သာမန်ထက် အဆငါးဆယ်ကျော် ရှိနေသည်။ သူသည် ခက်ခဲသည့် အစိတ်အပိုင်းများကို အနည်းငယ်မျှ စဉ်းစားလိုက်ရုံနှင့် သူ၏ ဘဝနှစ်ခုစာ ဗဟုသုတများဖြင့် ပေါင်းစပ်လိုက်နိုင်သည်။
အထူးသဖြင့် သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်လှသည့် ယခင်ဘဝမှ ဗဟုသုတများကြောင့်၊ နှစ်ပေါင်း ၁၅၀ ကျော် အသက်ရှင်ခဲ့သည့် လျိုယွင် နှစ်ယောက်ပေါင်းလျှင်ပင် ကျောက်ဖေးကို မယှဉ်နိုင်ပေ။
သူ နားလည်သွားသည့်အခါ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ကြည်လင် ရှင်းလင်းသွားတော့သည်။
"ဩော်... ဒီလိုကိုး" ဟူသော ခံစားချက်မျိုး ကျောက်ဖေး၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
ဤအချက်ကြောင့် ကျောက်ဖေးသည် သူ၏ ဝမ်းမြောက်မှုကို မထိန်းချုပ်နိုင်တော့ပေ။