← Chapters

အကာအကွယ်

Vol. 82 Ch. 853

အကာအကွယ်

Vol. 82 Ch. 853

​ပြီးပြည့်စုံသော နိယာမများ ရှိနေသည့် ကမ္ဘာတစ်ခု

​ချန်ဝူဟွေ့၏ ဤမျှော်လင့်ချက်သည် ကြားရသည်မှာ လွယ်ကူသလို ရှိပေမည့် တကယ်တမ်း၌မူ ကမ္ဘာသစ်တစ်ခု ဖန်တီးသည်ထက် ပို၍ ခက်ခဲလှပေသည်။

​နိယာမဆိုသည်မှာ အကြီးဖြစ်စေ၊ အသေးဖြစ်စေ အကြွင်းမဲ့ ပြီးပြည့်စုံနေရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

​နိယာမတစ်ခုတည်းကပင် လူတစ်စုအတွက် အလွန်ကောင်းမွန်နေနိုင်သော်လည်း တခြားလူတစ်စုအတွက်မူ မတရားမှု၏ ပြယုဂ် ဖြစ်နေနိုင်ပေသည်။

​ဥပမာအားဖြင့် ကျင့်ကြံခြင်း ပါရမီဆိုသည့် အရာမျိုးပင် ဖြစ်၏။

​ဘယ်သူ့ပါရမီက ပို၍ သန်မာသနည်း၊ ထိုလူက ကျင့်ကြံခြင်းလမ်းစဉ်တွင် ပို၍ ဝေးဝေးရောက်ရန် အခွင့်အရေးရှိမည်။ ဤနိယာမက ရိုးရှင်းပေမည့် တကယ်ပဲ ပြီးပြည့်စုံပါသလော။

​ဘာကြောင့်နည်း။

​ဘာကြောင့် ပါရမီသန်မာသူက ပို၍ အဆင်ပြေချောမွေ့နေရသနည်း။

​ဘာကြောင့် ချမ်းသာသောမိသားစုတွင် မွေးဖွားလာသူက မွေးကတည်းက စားဝတ်နေရေး ပူစရာမလိုဘဲ သာမန်လူများ တစ်သက်လုံး မမှီနိုင်သည့် နေရာ၌ ရောက်နေရသနည်း။

​သို့သော် ဤသည်မှာ နိယာမပင် ဖြစ်ပေသည်။

​ပြန်ကြည့်မည်ဆိုလျှင် နတ်ဘုရားရတနာ ရမှသာ ကျိကျွင်းအဆင့်သို့ တက်လှမ်းနိုင်မည်ဆိုသည်မှာလည်း အလားတူ နိယာမတစ်ခုပင် ဖြစ်၏။

​မင်း ချန်ဝူဟွေ့က နတ်ဘုရားရတနာကို မရှာတွေ့နိုင်ခြင်းမှာ ဘယ်သူ့ကို သွားအပြစ်တင်၍ ရမည်နည်း။

​ထို့ကြောင့် အကြွင်းမဲ့ ပြီးပြည့်စုံသော နိယာမဆိုသည်မှာ လူတို့၏ စိတ်ကူးယဉ်မှုထဲ၌သာ ရှိနေပေသည်။

​သို့သော် နိယာမများတွင် အကောင်းနှင့် အဆိုးဟူ၍ ရှိ၏။

​တကယ်လို့ နိယာမတစ်ခုက လူအများစု၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဆိုလျှင် ထိုနိယာမ က မကောင်းသော နိယာမသာ ဖြစ်ရမည်ဖြစ်ပြီး ဖျက်စီးသင့်သော နိယာမလည်း ဖြစ်ပေသည်။

​ကျိကျွင်း ဆိုသည်မှာလည်း ထိုကဲ့သို့ ပုံစံမျိုးပင် ဖြစ်၏။

​ကျိကျွင်းတို့က သန်မာလွန်း၏၊ ဘယ်လိုမှ ကျော်ဖြတ်၍ မရနိုင်လောက်အောင် သန်မာလွန်းလှပေသည်။

​တစ်ချိန်တည်းမှာပင် သူတို့၏ သန်မာမှုက သက်ရှိများကို လက်ခံထားသည့် ကမ္ဘာကြီးကိုပါ ထိခိုက်စေ၏။

ဤအဆင့်သို့ ရောက်လာပြီဆိုလျှင်မူ ထိုနိယာမကို ဖျက်စီးလိုက်ရန်မှာ မှန်ကန်သော ကိစ္စတစ်ခု ဖြစ်လာချေသည်။

​"ငါ နားလည်ပြီ"

​ထန်ထျန်းက အေးအေးဆေးဆေး ခေါင်းညိတ်လိုက်သော်လည်း ချန်ဝူဟွေ့မှာမူ အနည်းငယ် ပျာယာခတ်သွားပုံရသည်။

​"အရှင်သခင်..."

​"ဒါက ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် အမြင်သက်သက်ပါပဲ..."

​ထန်ထျန်းက ပြုံးလိုက်သည်။

​"ငါက မင်းရဲ့ အမှန်အတိုင်း ထင်မြင်ချက်ကို ကြားချင်ရုံသက်သက်ပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"

​"မင်းကို ခေါ်လိုက်တာက မြင့်မြတ်နယ်မြေရဲ့ နောက်ဆက်တွဲ စီစဉ်မှုတွေကို ဆွေးနွေးချင်လို့ပဲ"

​"အဲ့ဒီအချိန်ကျရင် လူအမြောက်အမြား မြင့်မြတ်နယ်မြေထဲ ဝင်လာတဲ့အခါ မစဉ်းစားဘဲနဲ့တောင် သိနိုင်တယ်၊ ရှုပ်ထွေးတဲ့ ပြဿနာတွေ အများကြီး ဖြစ်လာမှာပဲ"

​"မင်းက မြင့်မြတ်နယ်မြေရဲ့ ဦးဆောင်သူ တစ်ယောက်အနေနဲ့ ဒါတွေကို ကောင်းကောင်း ထိန်းကျောင်းပေးပါ၊ တိုက်ပွဲတွေ အကြီးအကျယ် မဖြစ်အောင် တားဆီးပေးဖို့ မျှော်လင့်ပါတယ်"

​ချန်ဝူဟွေ့က အလေးအနက် ခေါင်းညိတ်လိုက်သည်။

​"ငယ်သား အစွမ်းကုန် ကြိုးစားပါ့မယ်"

​ထန်ထျန်းက အင်းဟု တစ်ချက်ဆိုလိုက်၏။

​ထို့နောက် သူက လက်ဖဝါးကို ဖြန့်လိုက်ရာ မီးခိုးရောင် ကျောက်စိမ်းပြား အချို့က စားပွဲပေါ်သို့ ရောက်ရှိလာသည်။

ထိုကျောက်စိမ်းပြားများဆီမှ ထွက်ပေါ်နေသော အော်ရာများကို ခံစားမိလိုက်သောအခါ ချန်ဝူဟွေ့မှာ ချက်ချင်းပင် အံ့အားသင့်သွားရပေသည်။

​"ဒါက..."

​"သဘာဝ အကြွင်းအကျန်လား "

​ထန်ထျန်း ခေါင်းညိတ်လိုက်၏။

​"ဟုတ်တယ်"

​"ဒါက အသန့်စင်ဆုံး သဘာဝ အကြွင်းအကျန် တွေပဲ၊ တစ်ခုချင်းစီက အထွတ်အထိပ် တာအိုအရှင် တစ်ယောက်ကို ကျိကျွင်းအဆင့် ရောက်အောင် ကူညီပေးနိုင်တယ်"

​ပြောရင်းနှင့် သူက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

​"မြင့်မြတ်နယ်မြေတစ်ခုကို စီမံခန့်ခွဲဖို့အတွက် လုံလောက်တဲ့ ခွန်အားမရှိရင်တော့ မဖြစ်ဘူးလေ"

​"တကယ်လို့ ကပ်ဘေးကြီး ဖြစ်ပြီးနောက် ငါ ပြန်မလာနိုင်ခဲ့ရင် မြင့်မြတ်နယ်မြေတစ်ခုလုံးကို မင်းကပဲ ဦးဆောင်ရလိမ့်မယ်"

​"မင်း ကျိကျွင်းအဆင့် ရောက်အောင် ငါ ကူညီပေးမယ်၊ ပြီးရင် ကျန်တဲ့ သဘာဝ အကြွင်းအကျန် တွေကိုတော့ မင်းဘာသာမင်း ကြည့်ပြီး ခွဲဝေပေးလိုက်ပါ"

​"အနာဂတ်ရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဒီပစ္စည်းတွေရှိရင် ထိုက်ယိ မြင့်မြတ်နယ်မြေက အနည်းဆုံးတော့ ပိုပြီး ကြာကြာ တောင့်ခံထားနိုင်လိမ့်မယ်"

​ရှေ့မှ သဘာဝ အကြွင်းအကျန် များကို ကြည့်ရင်း ချန်ဝူဟွေ့၏ အကြည့်တို့က တုန်လှုပ်နေ၏။

​သူ့၏ အသက်ရှူသံများပင် အနည်းငယ် မြန်ဆန်လာချေသည်။

​သူက ကျိကျွင်းအဆင့်သည် မတည်ရှိသင့်ဟု ယူဆထားသော်လည်း ကျိကျွင်း ဖြစ်မလာချင်ဟုမူ မဆိုလိုပေ။

ပိုမိုသန်မာလာရန်ဆိုသည်မှာ ကျင့်ကြံသူတိုင်း၏ ရင်ထဲတွင် အကြီးမားဆုံးသော ဆန္ဒပင် မဟုတ်ပါလော။

​အခုဆိုလျှင် သူ အမြဲတမ်း မျှော်လင့်ခဲ့ရသည့်..... အိပ်မက်ထဲမှာတောင် လိုချင်ခဲ့သည့်အရာက သူ့ရှေ့တွင် တည့်တည့် ရောက်နေပြီ ဖြစ်၏။

ဤသည်က သူ့ကို ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ ထားနိုင်ပါမည်နည်း။

​ခေတ္တအကြာတွင် ချန်ဝူဟွေ့ မတ်တတ်ရပ်လိုက်ပြီး ထန်ထျန်းကို အလေးအနက် ဦးညွှတ်လိုက်သည်။

​"ငယ်သား၊ အရှင်သခင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်"

​"အရှင်သခင် စိတ်ချပါ၊ အနာဂတ်မှာ ဘာပဲဖြစ်လာလာ ငယ်သားကတော့ ထိုက်ယိ မြင့်မြတ်နယ်မြေနဲ့အတူ အသက်ပေးပြီး ကာကွယ်သွားပါ့မယ်"

​ထန်ထျန်းက ပြုံး၍ ခေါင်းညိတ်လိုက်၏။

​"တကယ်တော့ အခြေအနေက အဲ့ဒီလောက်အထိ ဆိုးချင်မှလည်း ဆိုးမှာပါ"

​"ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေး ရှိနေပါသေးတယ်"

​"ဒါက ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါပဲ"

​ချန်ဝူဟွေ့ကို ဦးဆောင်သူအဖြစ် ရွေးချယ်ထားပြီးမှတော့ ကိစ္စများကို သေချာ ရှင်းပြထားခြင်းက ပို၍ ကောင်းပေသည်။

​ချန်ဝူဟွေ့မှာမူ ခဏ မှင်တက်သွား၏။

​"ဒါဆို ဘာလို့ စောစောက အကုန်လုံးကို မပြောခဲ့တာလဲ"

​ထန်ထျန်းက ခေါင်းယမ်းပြလိုက်သည်။

​"မင်း တစ်ယောက်တည်း သိထားရင် ရပြီ၊ လူအများကြီး သိသွားရင် သူတို့က မျှော်လင့်ချက်အမှားတွေ ထားပြီး ပေါ့ဆသွားမှာကို ငါ စိုးရိမ်တယ်"

​"တကယ်လို့ ကပ်ဘေးကြီးက တကယ် ကျရောက်လာရင် အဲ့ဒီအချိန်ကျမှ ပြင်ဆင်လို့ မမီတော့ဘူး"

​"မင်း ပြောင်းရွှေ့ရေး ကိစ္စတွေကို သေချာ စီစဉ်ထားပါ၊ ဖြေရှင်းရခက်တဲ့ ပြဿနာရှိရင် ငါ့ကို လာရှာ ငါ ဒီအတောအတွင်းမှာ ရှိနေမှာပဲ"

​ချန်ဝူဟွေ့က ရိုသေစွာ နာခံခဲ့ပေသည်။

​ထို့နောက် ထန်ထျန်းက ချန်ဝူဟွေ့နှင့် တခြားကိစ္စအချို့ကို ဆက်လက်ဆွေးနွေးပြီးနောက် သူ့ကို ပြန်လွှတ်လိုက်၏။

​ဤမျှအထိ ကြီးမားသော ပြောင်းရွှေ့ရေးကိစ္စက အလွန်ရှုပ်ထွေးသော ကိစ္စတစ်ခုဖြစ်ခြင်းကြောင့် ချန်ဝူဟွေ့နှင့် တခြား တာအိုအရှင်များ သေချာတိုင်ပင်ပြီး အစီအစဉ်တစ်ခု ဆွဲကြရဦးမည် ဖြစ်ပေသည်။

​အစီအစဉ်များ အကြမ်းဖျင်း ပြီးသွားမှ ထန်ထျန်းကိုယ်တိုင် ချန်ဝူဟွေ့ကို ကျိကျွင်းအဆင့် တက်လှမ်းနိုင်ရန် ကူညီပေးမည် ဖြစ်၏။

​ချန်ဝူဟွေ့တွင် ကိုယ်ပိုင်ကမ္ဘာငယ် ရှိပြီးသား ဖြစ်ခြင်းကြောင့် ယခု သဘာဝ အကြွင်းအကျန် ရပြီဆိုလျှင် ထန်ထျန်း၏ အကူအညီဖြင့်ဆိုပါက မကြာခင်၌ အစစ်အမှန် ကျိကျွင်း ဖြစ်လာတော့မည် ဖြစ်ပေသည်။

​ချန်ဝူဟွေ့ ထွက်သွားပြီးနောက်၌ ထန်ထျန်း၏ ပုံရိပ်က ထိုက်ယိ မြင့်မြတ်နယ်မြေ၏ အပြင်ဘက် ဟင်းလင်းပြင်ဆီသို့ ရောက်ရှိသွားခဲ့၏။

​ခြေထောက်အောက်မှ ကမ္ဘာငယ်လေးကို ကြည့်ရင်း ထန်ထျန်းက လက်ကို ဆန့်ထုတ်လိုက်ရာ မြင်မရသော အော်ရာတစ်ခုက ကမ္ဘာထဲမှ ထွက်ပေါ်လာပြီး ထန်ထျန်း၏ လက်ဖဝါးထဲ၌ ရောက်ရှိလာပေသည်။

​ ဤကမ္ဘာငယ်၏ အမှတ်အသားပင် ဖြစ်၏။

​ထို့နောက် ထန်ထျန်း၏ စိတ်ဝိညာဉ်အာရုံကြောင့် ဟိုးအဝေးကြီးမှ ဟင်းလင်းပြင်ထဲ၌ ရှိနေသည့် ဂျင်ဂိုကမ္ဘာက ဂျင်ဂိုပင်ကြီး၏ ဦးဆောင်မှုအောက်တွင် မြင်မရသော ကြိုးတစ်မျှင်ကို ထုတ်လွှတ်လိုက်ပြီး အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ထန်ထျန်း၏ လက်ထဲသို့ ရောက်လာခဲ့သည်။

​အဲ့ဒီနောက်တွင်မူ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခု၏ အမှတ်အသားများကို ထန်ထျန်းက ထိန်းချုပ်၍ ပေါင်းစည်းပေးလိုက်၏။

​နှစ်ဖက်ကြားမှ ဆက်နွှယ်မှုက တည်ဆောက်ပြီးသွားခဲ့ပြီ ဖြစ်ပေသည်။

​တကယ်လို့ စကြာဝဠာကြီး ပျက်စီးသွားလျှင် ဂျင်ဂိုကမ္ဘာက ဤကမ္ဘာငယ်လေး၏ ပင်မကမ္ဘာအသစ် ဖြစ်လာပါလိမ့်မည်။

​ဤသို့ လုပ် ပြီးသည့်နောက် ထန်ထျန်းက မြင့်မြတ်နယ်မြေ၏ လက်အောက်ခံ ထျန်းဖူ ကမ္ဘာ ၉ ခုဆီသို့လည်း သွားခဲ့၏။

​ပြီးနောက် အလားတူပင် လုပ်ဆောင်၍ ဂျင်ဂိုကမ္ဘာနှင့် ချိတ်ဆက်ပေးခဲ့သည်။

​ဤနည်းလမ်းက တကယ်ပင် သက်ရှိအမြောက်အမြားကို ကာကွယ်ပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းပင် ဖြစ်၏။

​မူလက ထျန်းဖူ ကမ္ဘာ ၉ ခုလုံးမှ သက်ရှိများကို မခံနိုင်သော ဂျင်ဂိုကမ္ဘာက ယခုကဲ့သို့ ချိတ်ဆက်မှု ပုံစံမျိုးဖြင့်ဆိုလျှင်မူ အကုန်လုံးကို လက်ခံထားနိုင်သည့်အပြင် နေရာလွတ်တချို့တောင် ကျန်နေပါသေး၏။

​ခေတ္တစဉ်းစားပြီးနောက် ထန်ထျန်းက တခြားသော မြင့်မြတ်နယ်မြေတစ်ခုဆီသို့ အကြည့်ပို့လိုက်၏။

​ရှို့ကျွင်းကျိကျွင်း၏ ယောင်ရန် မြင့်မြတ်နယ်မြေပင် ဖြစ်သည်။

​ယခုမူ ထိုနယ်မြေ မှာလည်း သူ၏ မြင့်မြတ်နယ်မြေပင် ဖြစ်ချေသည်။

​သို့သော် ယောင်ရန် မြင့်မြတ်နယ်မြေက ထိုက်ယိ မြင့်မြတ်နယ်မြေလိုမျိုး ကမ္ဘာငယ်တစ်ခုကို အခြေခံ၍ တည်ရှိနေခြင်း မဟုတ်ပေ။

​ခဏလောက် စဉ်းစားပြီးနောက် ထန်ထျန်းက ကမ္ဘာငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး ယောင်ရန် မြင့်မြတ်နယ်မြေနှင့် တခြားသူ၏ မြင့်မြတ်နယ်မြေများကိုပါ ထိုအထဲသို့ အတတ်နိုင်ဆုံး ပြောင်းရွှေ့ပေးရန် ဆုံးဖြတ်လိုက်၏။

​အဓိက အစိတ်အပိုင်းများ ရှိနေသရွေ့ အနာဂတ်တွင် ဘာပဲဖြစ်လာလာ လှုပ်ရှား၍ရသော အခွင့်အရေး ရှိနေဦးမည် ဖြစ်ပေသည်။

​နောက်ဆုံး၌ လူဘယ်လောက်ကို ကာကွယ်ပေးနိုင်မည်နည်း ဆိုသည်မှာမူ...

​ ကံတရားအပေါ်၌သာ မူတည်ပါတော့မည်။

​သူ့ဘက်မှမူ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဖြစ်၏။

​"ကမ္ဘာ့အရှင် ပြောတဲ့ ကယ်တင်ရှင်ဆိုတာ ဒီကိစ္စကို ပြောတာတော့ မဟုတ်လောက်ပါဘူးနော်"

​"တကယ်လို့ ဒါကိုပဲ ဆိုလိုတာဆိုရင်တော့ အားလုံးကို လုပ်နိုင်တယ်ဆိုတဲ့ ငါးမွေးသူက တကယ်ပဲ ညံ့လွန်းရာ ကျနေမှာပေါ့"

​ထန်ထျန်းက ပြုံး၍ ခေါင်းယမ်းလိုက်ကာ ပျောက်ကွယ်သွားတော့ပေသည်။

All Chapters