ထျန်းချန်ဓား
Vol. 82 Ch. 859
ဂျင်ဂိုသစ်ပင်အောက်ဝယ်
ထန်ထျန်းက ကုရှောင်းရွှယ်၏ အသက်စွမ်းအား ကို ဤကမ္ဘာသစ်ပင်ကြီးနှင့် မြဲမြံစွာ ဆက်သွယ်ပေးလိုက်သည်။
ယနေ့မှစ၍ ကုရှောင်းရွှယ်က ဂျင်ဂိုကမ္ဘာတစ်ခုလုံးနှင့် အတူတကွ ယှဉ်တွဲရှင်သန်သွားမည်ဖြစ်ရာ ဂျင်ဂိုကမ္ဘာတွင် ပြဿနာတစ်စုံတစ်ရာ မရှိသရွေ့ အပြင်လောကတွင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးများ ဆိုက်ရောက်ပါစေ ကုရှောင်းရွှယ်၏ ကိုယ်ကိုယ်တိုင်ကိုမူ ထိခိုက်နိုင်မည် မဟုတ်တော့ချေ။
ဤသည်မှာ ထန်ထျန်း၏ အကြီးမားဆုံးသော သံယောဇဉ်တွယ်တာမှုဖြစ်ပြီး ယခုအခါ အရာအားလုံးကို အောင်မြင်စွာ စီစဉ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
သဘာဝမျိုးစေ့၏ ချည်နှောင်မှု မရှိတော့သည့်နောက် ကုရှောင်းရွှယ်၏ ကျင့်ကြံခြင်း အဆင့် မှာလည်း လုံးဝ ပွင့် သွားခဲ့သည်။
အဆုံးမဲ့ မူလ စွမ်းအားများက ဂျင်ဂိုသစ်ပင်ကြီးဆီမှ ကုရှောင်းရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ခဏချင်းမှာပင် သူမက အင်မော်တယ် ဧကရာဇ် အထွတ်အထိပ် အတားအဆီးကို ဖောက်ထွက်ကာ တာအိုနယ်ပယ် အတွင်းသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။
ထို့နောက်တွင်လည်း သူမ၏ ကျင့်ကြံမှုမှာ အဆက်မပြတ် မြင့်တက်နေဆဲပင်။
မကြာမီ အချိန်အတွင်းမှာပင် သူမက ဂျင်ဂိုကမ္ဘာ၏ အကန့်အသတ်ဖြစ်သော 'ဂန်ဂန်' နှင့် မခြားနားသည့် လတ်တလော အဆင့်အမြင့်ဆုံး ' ကျိကျွင်းတစ်ပိုင်း အဆင့်' သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ထို့ပြင် သူမ၏ အသက်စွမ်းအား မှာ ဂျင်ဂိုသစ်ပင်နှင့် အတူယှဉ်တွဲ တည်ရှိနေသဖြင့် စွမ်းအားမှာလည်း အဆုံးမဲ့ ဖြစ်နေပေလိမ့်မည်။ သူမ ထုတ်ဖော်နိုင်သော ခွန်အားက အပြင်လောကမှ အခြားသော တာအိုအရှင်များ နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
ကျိကျွင်းအဆင့် တစ်ဦးပင်လျှင် သူမကို ဘာမှ လုပ်နိုင်မည် မဟုတ်တော့ပေ။
ဤဖြစ်စဉ် တစ်လျှောက်လုံးတွင် ကုရှောင်းရွှယ်က ထန်ထျန်းကို ဤသို့ လုပ်ရသည့် အကြောင်းရင်းအား မမေးခဲ့သလို ထန်ထျန်း နောက်ထပ် ဘာသွားလုပ်မည်ကိုလည်း မမေးခဲ့ချေ။
သူမက ထန်ထျန်း၏ ညွှန်ကြားချက်အတိုင်းသာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
သို့သော် သူမ၏ စိတ်ထဲတွင်မူ အရာအားလုံးကို သိနားလည်နေခဲ့၏။
ဤတစ်ခေါက် ထန်ထျန်း အပြင်သို့ ထွက်သွားခဲ့လျှင်... ဖြစ်နိုင်သည်မှာ အမှန်တကယ်ပင် ပြန်မလာနိုင်တော့ခြင်း ဖြစ်ပေလိမ့်မည်။
ကုရှောင်းရွှယ်နှင့် ဂျင်ဂိုသစ်ပင်ကြားရှိ ဆက်နွှယ်မှုမှာ လုံးဝ တည်ငြိမ်သွားသောအခါ သူမက မျက်လုံးများကို အသာအယာ ဖွင့်လိုက်သည်။
"ချက်ချင်းကြီး သွားမှာ မဟုတ်ဘူးမလားဟင်"
သူမက တိုးညင်းစွာ မေးလိုက်၏။
ထန်ထျန်းက အင်းဟု တစ်ချက်ဆိုလိုက်သည်။
"ချက်ချင်း မဟုတ်ပါဘူး"
" နောက်ထပ် လေးငါးရက်လောက် လိုသေးတယ်"
သူ စုဆောင်းထားသော သုံးစွဲမှုအမှတ်များမှာ အကုန်အစင် သုံးစွဲရန် လေးငါးရက်ခန့် လိုအပ်နေသေးသည်။
ထိုသုံးစွဲအမှတ်အားလုံး မူလ စွမ်းအားအဖြစ် ပြောင်းလဲပြီးသွားမှသာ သူက ကျွင်းချန်ချင်းကို သွားရှာပြီး နောက်ဆုံး ကိစ္စများကို အပြတ်ရှင်းရမည် ဖြစ်သည်။
"ဒါဆိုရင်..."
"ရှင့်အတွက် ထမင်းလေး ဟင်းလေး ဘာလေး ချက်ပေးပါရစေ"
" ရှင့်အတွက် မချက်ပေးဖြစ်တာ တော်တော်ကြာပြီ"
ကုရှောင်းရွှယ်က ပြုံးလျက် ပြောလိုက်၏။
ထန်ထျန်းကလည်း ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းသားပဲ"
ခဏအကြာတွင် ဂျင်ဂိုသစ်ပင်အောက်မှ မီးခိုးငွေ့လေးများ လွင့်ပျံလာခဲ့သည်။
ထန်ထျန်းက ကျောက်စိမ်းရောင် ကျောက်စားပွဲဘေးတွင် ထိုင်ကာ ဘေးနားတွင် အိပ်မောကျနေဟန် ဆောင်နေသော 'ဂန်ဂန်' ကို အသာအယာ ပွတ်သပ်ပေးနေ၏။
စားပွဲပေါ်တွင် ကုရှောင်းရွှယ်ကို စောင့်ဆိုင်းရင်း မွှေးရနံ့သင်းသော လက်ဖက်ရည် နှစ်ခွက်ကိုလည်း အဆင်သင့် ချထားပေးလိုက်သည်။
သိပ်မကြာမီမှာပင် ဟင်းအနည်းငယ်ကို စားပွဲပေါ်သို့ ချလိုက်လေသည်။
ဆန်ပြုတ်၊ ကန်စွန်းဥ ချဉ်စပ်ဟင်း၊ ငရုတ်သီးစိမ်း ဝက်သားကြော်နှင့် ဂေါ်ဖီထုပ်သုပ်လေး တစ်ပွဲ
"ဒီလို အိမ်ချက် ဟင်းလေးတွေကို ရှင် စားလို့ အဆင်ပြေပါဦးမလား"
ကုရှောင်းရွှယ်က အရာအားလုံး ပြင်ဆင်ပြီးနောက် ထန်ထျန်း၏ မျက်နှာချင်းဆိုင်တွင် ပြုံးလျက် ထိုင်လိုက်၏။
ထန်ထျန်းက တူ ကို ကိုင်ကာ ကန်စွန်းဥလေးကို မြည်းစမ်းကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ထင်းမီးနဲ့ ချက်တဲ့ ထမင်းက တကယ်ကို မွှေးတာပဲ"
သူ မှတ်မိနေသေးသည်။ ထိုစဉ်က သူတို့နှစ်ဦး 'ခရမ်းဝါးခြံဝင်း ' တွင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ် ထင်းမီးဖြင့် ထမင်းချက်သည့်အခါ သူ မှာယူခဲ့သည်မှာလည်း ဤဟင်းလျာများပင် ဖြစ်၏။
ယခုကြည့်ရသည်မှာ ကုရှောင်းရွှယ်သည်လည်း ထိုအကြောင်းအရာများကို မေ့လျော့ခြင်း မရှိသေးချေ။
"ဒီစားဖိုမှူးကြီး ကို ဂုဏ်ပြုပါတယ်"
ပြောပြီးနောက် သူက ရှေ့ရှိ လက်ဖက်ရည်ခွက်ကို မြှောက်ကာ ကုရှောင်းရွှယ်နှင့် တိုက်ရန် ပြင်လိုက်သည်။
သို့သော် ကုရှောင်းရွှယ်က လက်ဖက်ရည်ခွက်ကို မမြှောက်ဘဲ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ "အဲ့ဒီအစား..."
"ဝိုင် ပဲ သောက်ကြမလား"
" ရုတ်တရက် ဝိုင် သောက်ချင်လာလို့"
ထန်ထျန်း ခဏမျှ ကြောင်သွားပြီးမှ ပြုံးလျက် ခေါင်းညိတ်ကာ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။
"ကိုက မင်းလေးကို မိန်းကလေးငယ်လေး တစ်ယောက်လိုပဲ အမြဲ မြင်နေမိတာ၊ မင်းလေးက ဝိုင်သောက်နိုင်နေပြီဆိုတာကို မေ့နေတာပဲ"
" ကောင်းပြီလေ... "
"ဝိုင်ပဲ သောက်ကြတာပေါ့"
ထို့နောက် သူက ဝိုင်ခွက်နှစ်ခွက်ကို ထပ်မံထုတ်ယူကာ ဝိုင်အိုးကောင်း တစ်လုံးကိုပါ ထုတ်လိုက်သည်။
သို့သော် ကုရှောင်းရွှယ်က ထပ်မံ ပြောလိုက်ပြန်၏။
"လနတ်သမီး ဝိုင် ကိုပဲ သောက်ချင်တယ်"
ထန်ထျန်းမှာ တစ်ချက် မှင်တက်သွားပြီးမှ ပြုံးလျက် မေးလိုက်သည်။ "မင်းလေး မျက်ရည်ကျမှာ မကြောက်ဘူးလား"
လနတ်သမီးဝိုင်က လူတစ်ဦးချင်းစီအပေါ် သက်ရောက်မှု မတူညီချေ။
ကုရှောင်းရွှယ် ပထမဆုံးအကြိမ် ဤဝိုင်ကို မြည်းစမ်းစဉ်က မရပ်မနား ငိုယိုခဲ့သည်ကို သူ မှတ်မိနေသေးသည်။
နောက်ပိုင်းမှ ထန်ထျန်း သိလိုက်ရသည်မှာ ထိုစဉ်က ကုရှောင်းရွှယ်၏ ကိုယ်ထဲတွင် သဘာဝမျိုးစေ့ ရှိနေပြီး သဘာဝမိခင်၏ အော်ရာများ ကိန်းဝပ်နေသောကြောင့် ဖြစ်၏။
သဘာဝမိခင်နှင့် လနတ်သမီးတို့ကြားရှိ ဆက်ဆံရေး မှာ အလွန် ရှုပ်ထွေးလှပေသည်။
ထို့ကြောင့်သာ ကုရှောင်းရွှယ်က ဤဝိုင်ကို သောက်ပြီးနောက် မျက်ရည် မဆည်နိုင် ဖြစ်ခဲ့ရခြင်း ဖြစ်၏။
"အဲ့ဒီ ခံစားချက်က တကယ်ကို ထူးဆန်းတာ"
" အဲ့ဒီထဲကနေ ရှုပ်ထွေးလှတဲ့ ခံသားချက် တွေကို ကျွန်မ ခံစားလို့ ရတယ်"
" အရင်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့... နောက်တစ်ခေါက်လောက် ထပ်ပြီး ခံစားကြည့်ချင်မိတယ်"
ကုရှောင်းရွှယ်က ပြောလိုက်သည်။
သူမ၏ ရိုးသားသော အကြည့်များကို ကြည့်ရင်း ထန်ထျန်း ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ၊ မင်းလေး သဘောအတိုင်းပဲ"
ထို့နောက် သူက ဝိုင်အိုးကို ပြောင်းလိုက်ကာ ငွေရောင်ဝိုင် များကို ခွက်ထဲသို့ ငှဲ့ပေးလိုက်သည်။
"ကဲ... တစ်ခွက်လောက် တိုက်ကြရအောင်"
ဝိုင်ခွက်နှစ်ခွက်မှာ စားပွဲပေါ်တွင် အသာအယာ ထိကပ်သွားကြသည်။
ထန်ထျန်းက ဝိုင်ကို တစ်ငုံချင်း အသာအယာ မြည်းစမ်းနေသော်လည်း ကုရှောင်းရွှယ်ကမူ ခေါင်းကို မော့ကာ တစ်ခွက်လုံးကို ကုန်စင်အောင် မော့ချလိုက်လေသည်။
ဝိုင်ကုန်သွားသောအခါ သူမက ခွက်ကို ပြန်ချလိုက်၏။
မျက်ရည်များမှာမူ မျှော်လင့်ထားသည့်အတိုင်း ကျဆင်းလာခဲ့သည်။
သူမက ထန်ထျန်းကို ကြည့်ကာ တစ်ချက် ရယ်မောလိုက်၏။
"ကျွန်မ အခုတော့... နည်းနည်း နားလည်လာပြီ ထင်တယ်"
" အဲ့ဒါက ချစ်နေပါလျက်နဲ့ မပိုင်ဆိုင်နိုင်တဲ့ ခံစားချက်မျိုးပဲ..."
"လနတ်သမီးက... အဲ့ဒီအချိန်တုန်းက တကယ်ကို ခံစားခဲ့ရမှာပဲ..."
ပြောရင်းနှင့် သူမက တူကို ကိုင်ကာ ဟင်းတစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်သည်။
သူမက သူမ၏ ခံစားချက်ကို တတ်နိုင်သမျှ ထိန်းချုပ်နေသော်လည်း ဟင်းခတ်နေသော သူမ၏ လက်ကလေးများ တုန်ယင်နေသည်ကို မြင်နေရဆဲပင်။
ထန်ထျန်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
သဘာဝမျိုးစေ့ကို သူက ကုရှောင်းရွှယ်၏ ခန္ဓာကိုယ်ထဲမှ ပြောင်းရွှေ့ပေးခဲ့ပြီးသား ဖြစ်၏။
လနတ်သမီး ဝိုင်က သူမအပေါ် အရင်ကကဲ့သို့ အကျိုးသက်ရောက်မှု အကြီးအကျယ် ရှိနိုင်တော့မည် မဟုတ်ချေ။
ကလေးမလေးရယ်
ငိုချင်ရင်လည်း ငိုလိုက်ပါတော့လား၊ ဘာလို့ ဒီလောက်အထိ ဖုံးကွယ်ထားရတာလဲ။
သို့သော် ထန်ထျန်းက သူမ၏ အဖြစ်ကို ဖွင့်မပြောဘဲ ဟင်းတစ်ဖဲ့ကို ညှပ်ကာ ကုရှောင်းရွှယ်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
ခဏအကြာတွင် ထမင်းစားပြီးသွားခဲ့သည်။
သူတို့နှစ်ဦးမှာ စားပွဲပေါ်ရှိ အကြွင်းအကျန်များကို မသိမ်းဆည်းကြသေးဘဲ စားပွဲတွင် ထိုင်ကာ လေညင်းခံနေကြ၏။
"ဩော်... မေ့တော့မလို့"
"ကို မင်းလေးကို ပစ္စည်းတစ်ခု ပေးဦးမယ်"
ထန်ထျန်းက ရုတ်တရက် ပြောလိုက်ပြီး 'ရှင်းယွဲ့ အင်မော်တယ် ဓား' ကို ထုတ်ယူလိုက်သည်။
"ဒီအရာက ကိုကိုယ်တိုင် သွန်းလုပ်ခဲ့တဲ့ တစ်ခုတည်းသော နတ်ဘုရားပစ္စည်းပဲ၊ ဒါပေမဲ့ အခုတော့ ကို့အတွက် သိပ်ပြီး အသုံးမဝင်တော့ဘူး"
" ဒါကြောင့် မင်းလေးဆီမှာပဲ ထားခဲ့လိုက်တော့မယ်"
ပြောပြီးနောက် ထန်ထျန်းက အနည်းငယ် စဉ်းစားကာ နီမှောင်သော ပုတီးစေ့တစ်စေ့ကို ထပ်မံ ထုတ်လိုက်သည်။
၎င်းမှာ 'နေနှလုံးသား' ပင် ဖြစ်၏။
ထို့နောက် သူက နေနှလုံးသားအတွင်းမှ မူလ စွမ်းအား တစ်ခုကို ထုတ်ယူကာ ရှင်းယွဲ့အင်မော်တယ် ဓားအတွင်းသို့ ထည့်သွင်းပေးလိုက်သည်။
ခဏအကြာတွင် ဓား၏ ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ဓားလက်ကိုင်နေရာတွင် နီမှောင်သော ကျောက်မျက်ရတနာ တစ်လုံး ပေါ်လာခဲ့သည်။
နေ၊ လ၊ ကြယ် ဟူသော မူလ စွမ်းအား သုံးမျိုး စုံလင်သွားသဖြင့် ဤဓားက ထန်ထျန်း၏ လက်ထဲတွင် မရှိသော်လည်း အလွန်တရာ အစွမ်းထက်သော ခွန်အားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
သို့သော် ယခုအခါ ၎င်းကို ရှင်းယွဲ့အင်မော်တယ် ဓားဟု ခေါ်ဆိုရန် မသင့်တော်တော့ချေ။
ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ပြောလိုက်သည်။ "ဒီဓားကို..."
"ထျန်းချန်ဓား လို့ပဲ ခေါ်ကြမယ်"
ပြောပြီးနောက် သူက ထိုဓားကို ကုရှောင်းရွှယ်အား ပေးလိုက်သည်။
ကုရှောင်းရွှယ်က လှမ်းယူလိုက်ကာ ငွေဖြူရောင် ဓားကိုယ်ထည်ကို နူးညံ့စွာ ပွတ်သပ်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးလေး တစ်ခု ပေါ်လာခဲ့သည်။
"ထျန်းချန်ဓား..."
"အင်း... "
"ဒီနာမည်ကို ကျွန်မ သဘောကျတယ်..."