နောင်တရဖူးလား..
Vol. 111 Ch. 1110
အခန်းထဲတွင်..
ယန်လန်ထင်က လက်များကိုနောက်ပစ်ထားလျက် ကုတင်ဘေးသို့ ဖြည်းညှင်းစွာလျှောက်သွား၏။
စစ်သူကြီးဝူရှန်းက အတင်းအကျပ်ထကာ အရိုအသေပေးရန်ပြင်လိုက်ချိန်တွင်ပင် သခင်ကြီးကခေါင်းခါကာ မျက်ခုံးပင့်လျက်ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
"ဝူလေး၊ လှဲနေလိုက်ပါ"
ယင်းကိုကြားလိုက်ရသောအခါ လူဝကြီး၏မျက်နှာက ရုတ်တရက်နီရဲကာပူထူသွား၏။ သူ ထွက်ခွာသွားစဉ်က ဒေါသတကြီးဖြင့် ပြောခဲ့သော စကားများကိုပြန်အမှတ်ရမိပြီး ဘယ်တော့မှပြန်မလာတော့မည့် သူရဲကောင်းဆန်သောထွက်ခွာမှုဟု ထင်မှတ်ထားခဲ့သော်လည်း အခြားသူများ၏ဆွဲခေါ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။
"အဓိပ္ပါယ်မရှိတာ၊ အားလုံးက အဓိပ္ပါယ်မရှိတာတွေပါ၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့..."
စစ်သူကြီးဝူရှန်းက သူ့ကိုယ်သူ ပါးနှစ်ချက်လောက် ရိုက်ပစ်ချင်စိတ်ဖြင့် လက်ကိုမြှောက်လိုက်သည်။
သို့သော် သူ၏လက်ဖဝါး မကျရောက်မီမှာပင် ကြမ်းတမ်းသော အခြားလက်ဖဝါးကြီးတစ်ခုက သူ၏နဖူးပေါ်သို့ ဦးစွာ ကျရောက်လာခဲ့၏။ လက်ဖဝါးမှ ထွက်ပေါ်လာသော နွေးထွေးမှုက လူဝကြီးကို ရပ်တန့်သွားစေခဲ့သည်။
အကြီးအကဲယန်သည် သူ၏ဒဏ်ရာများကို ကုသပေးနေခြင်း မဟုတ်သလို မည်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမှလည်း မဟုတ်ပေ။ ၎င်းသည် သူ၏နဖူးကို ညင်သာစွာ ပွတ်သပ်ပေးနေခြင်းသက်သက်သာဖြစ်၏။
သာမန် အကြီးအကဲတစ်ဦးက မိသားစုဝင် လူငယ်တစ်ဦးကို ဆက်ဆံသကဲ့သို့ပင်။
"မင်း မတရားခံခဲ့ရတယ်"
ယန်လန်ထင်သည် သူ၏လက်ကို ရုပ်သိမ်းလိုက်ပြီး ခုံတစ်လုံးကို ပေါ့ပေါ့ပါးပါးဆွဲယူကာ ထိုင်လိုက်၏။ သူ၏အမူအရာတွင် ပုံမှန် ဒေါသထွက်နေတတ်သောအသွင်မရှိတော့ဘဲ အနည်းငယ် တွေဝေနေသည့် အသွင်ကိုသာတွေ့ရသည်။
ရန်မင်လီနှင့် သူ၏သဘောထားကွဲလွဲမှုများက အသစ်အဆန်း မဟုတ်ပေ။
ဤကိစ္စနှင့် ပတ်သက်၍ ယန်လန်ထင်က သူမှန်သည်ဟု အမြဲတမ်း ယုံကြည်ခဲ့၏။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်။
သခင်ရန်၏နည်းလမ်းများဖြင့် သူက မည်သည့် မျှော်လင့်ချက်ကိုမျှ မမြင်ခဲ့ရသောကြောင့် ဖြစ်သည်။
မျှော်လင့်ချက်မရှိလျှင် အခြားလမ်းတစ်သွယ်က အန္တရာယ်များနေလျှင်ပင် အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုတော့ ရှိနေသည် မဟုတ်ပါလား။
သို့သော် ယနေ့တွင် ယန်လန်ထင်၏အတွေးများသည် စတင်ယိမ်းယိုင်လာခဲ့ပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကလေးတစ်ယောက်ပင် ရွေးချယ်နိုင်မည့် ဤရွေးချယ်မှုက အင်ပါယာခုံရုံး၏ရှုထောင့်မှ ကြည့်မြင်ခြင်းဖြစ်သော်လည်း အောက်ခြေရှိ ထိုလူငယ်ကျင့်ကြံသူများအတွက်မူ သူတို့က သေချာပေါက်သေရမည့် အခြေအနေကို ရင်ဆိုင်နေရခြင်းမျိုးမဟုတ်သောကြောင့် ဖြစ်သည်။
မဟာကပ်ဘေးကြီးတစ်ခု အမှန်တကယ် ပေါက်ကွဲလာလျှင်ပင် ဤလူငယ်များတွင် ရွေးချယ်စရာများစွာရှိနေသေး၏။
သူတို့ကိုမီးတွင်းထဲသို့ တွန်းချကာ ဤလူများကို နတ်ဘုရားမင်းဆက်အတွက် သေဆုံးရန် အတင်းအကျပ်ခိုင်းစေခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။
အကယ်၍ ဤလူငယ်များက ကောက်ကျစ်စဉ်းလဲသူများဖြစ်ခဲ့မည်ဆိုပါက ယန်လန်ထင်သည် အနည်းငယ်မျှ သနားစာနာမိမည် မဟုတ်ပေ။ သူတို့သည် နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ရောက်လာကတည်းက အင်ပါယာခုံရုံးကို အလုပ်အကျွေးပြုသင့်၏။
ဤအကြောင်းပြချက်ကြောင့်ပင် သူသည် ဝူရှန်းကို တမင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုပြဿနာမှာ အပြင်ပန်းတွင် သတိကြီးပြီးကြောက်ရွံ့တတ်ပုံရကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ အာရုံစိုက်တတ်သော စစ်သူကြီးဝူရှန်းပင်လျှင် ဤကဲ့သို့သော သေရေးရှင်ရေး အခြေအနေမျိုးကို ရင်ဆိုင်ရချိန်၌ကျိန်ဆဲရင်းဖြင့် မဆိုင်းမတွရှေ့သို့ ထွက်လာခဲ့ခြင်း ဖြစ်၏။
သူ့ကိုအံ့အားသင့်စရာများစွာပေးခဲ့သော ဘွဲ့အသစ်ရ နန်ယန်အကြောင်းကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
လိမ္မာပါးနပ်ပြီး အရည်အချင်းရှိသည့် ကလေးတစ်ယောက်ကို မည်သူကမနှစ်သက်ဘဲ တန်ဖိုးမထားဘဲနေမည်နည်း။ သံယောဇဉ်တွယ်သွားပြီဆိုလျှင် ဤလူများကိုချောက်ကမ်းပါးပေါ်ကနေ ဆက်တွန်းချဖို့ မည်ကဲ့သို့ရက်စက်နိုင်မည်နည်း။
"မတရားခံရတယ်..." စစ်သူကြီးဝူရှန်း တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူဘာတွေ မတရားခံခဲ့ရလို့လဲ။ သူက ကံကောင်းလို့သာ ဒီအထိ ရောက်လာခဲ့တာ
နတ်ဆိုးသုတ်သင်ရေးဌာန၏အရိပ်အာဝါသသာ မရှိခဲ့လျှင် ထိုက်ယီအစစ်အမှန်မသေမျိုးတစ်ပါး၏တာအိုအသီးအပွင့်ကို သူ မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။
အကယ်၍တစ်စုံတစ်ယောက်က မတရားခံရသည်ဆိုလျှင် ၎င်းမှာအလားအလာကောင်းသော အနာဂတ်နှင့် ကောင်းကင်ဘုံမသေမျိုးခုံရုံးသို့ တိုက်ရိုက်သွားနိုင်သော လမ်းကြောင်းရှိပါလျက်နှင့် ဝူရှန်း၏တန်ဖိုးမရှိသော အသက်ကို ကယ်တင်ရန်အတွက် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သော ထိုလူငယ်လေးပင်။
၎င်းသာလျှင် စစ်မှန်သောမတရားမှု ဖြစ်သည်။
"သူ အဆင်ပြေရဲ့လား" အပြင်းအထန် ဒဏ်ရာရခဲ့သူမှာ စစ်သူကြီးဝူရှန်းဖြစ်သော်လည်း ယန်လန်ထင်က အခြားသူတစ်ဦးအကြောင်းကို မေးမြန်းနေခြင်းက သူတို့နှစ်ဦးကြားရှိလှည့်ကွက်များကို အကဲခတ်မိနေပြီဖြစ်ကြောင်း ရှင်းလင်းနေ၏။
နတ်ဆိုးသုတ်သင်ရေးဌာနမှ ဤလူအိုကြီးက မုန်တိုင်းများစွာကို ရင်ဆိုင်ခဲ့ဖူးသည်။ တုတ်တစ်သောင်းနတ်ဆိုးချိတ်ပိတ်အစီအရင်ကြောင့် နှင့် တူညီသောကျင့်ကြံခြင်းရှိသည့် အာဟတ်တစ်ပါးက သူ့ကိုဤကဲ့သို့သော အခြေအနေမျိုးအထိ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။
သူ၏ကြောက်ရွံ့ရိုကျိုးနေသော အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူက အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော မသေမျိုးအရှင်မြတ်နှင့် ဆုံတွေ့ခဲ့ပြီးဖြစ်ပုံရသည်။
သို့သော် ရလဒ်မှာ နန်ယန်က သူ့ကို အောင်မြင်စွာ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့၏။
"သူက အခုထိ..." စစ်သူကြီးဝူရှန်းက အလိုအလျောက်ပါးစပ်ဟလိုက်သော်လည်း "အဆင်ပြေပါတယ်" ဟူသော စကားလုံးက ထွက်မလာခဲ့ချေ။
ပြင်ပလူများမရှိကြောင်းသိထားသဖြင့် ယခုအချိန်တွင်အမှန်တရားအားလုံးကို မပြောပြပါက နောက်ပိုင်းတွင် ထိုသို့ပြောဆိုရန် ရဲစွမ်းသတ္တိကို သူ ဘယ်သောအခါမျှရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
ဤသို့ဖြင့် ဗောဓိဂိုဏ်းက နတ်ဘုရားမင်းဆက်အတွင်း၌အဆင့်အတန်းမြင့်မားပြီး လွှမ်းမိုးမှု ပိုမိုကြီးမားလာမည့်နယ်ရုပ်တစ်ရုပ်ကို အမှန်တကယ်ပင်စိုက်ပျိုးထားပြီး ဖြစ်သွားပေလိမ့်မည်။
သက်ရောက်မှုနှင့် အန္တရာယ်မှာကြီးမားလွန်းလှပြီး သူတစ်ယောက်တည်း အကြိမ်တစ်ထောင် သေဆုံးလျှင်ပင်တာဝန်ယူနိုင်မည် မဟုတ်ချေ။
တစ်ဖက်တွင် သူ၏အသက်ကို ကယ်တင်ခဲ့သူရှိပြီး အခြားတစ်ဖက်တွင် နတ်ဘုရားမင်းဆက်၏ရေတွက်၍မရနိုင်သော သာမန်ပြည်သူများ ရှိနေ၏။ သူရရှိခဲ့သော ကျင့်ကြံခြင်းပင်လျှင်သာမန်လူများထံမှ လာခြင်း ဖြစ်သည်။
ရုတ်တရက် လူဝကြီး၏မျက်နှာအသွင်အပြင်များ တွန့်လိမ်သွားခဲ့၏။
"ကျွန်တော် အဆင်ပြေပါတယ်" ရှန်းယီက အခန်းထဲသို့ မှန်မှန်ခြေလှမ်းများဖြင့် ဝင်လာပြီး အကြီးအကဲယန်၏နောက်တွင် ရပ်လိုက်သည်။
၎င်းကို မြင်လိုက်ရသောအခါ စစ်သူကြီးဝူရှန်း နောက်ဆုံးတွင် သက်သာရာရစွာအသက်ရှူလိုက်ပြီး ကုတင်ပေါ်တွင် တိတ်ဆိတ်စွာပြန်လှဲနေကာ သားအဖနှစ်ဦးကိုဖြည်းဖြည်းချင်း ဆွေးနွေးခွင့် ပေးလိုက်၏။
သို့သော် သူမမျှော်လင့်ထားသောအရာမှာ အကြီးအကဲယန်က ရှန်းယီကို လှည့်မကြည့်ဘဲ တိတ်ဆိတ်စွာ ဆက်ထိုင်နေခြင်းပင်။ အချိန်အတော်ကြာပြီးနောက် လူအိုကြီးက သက်ပြင်းရှည်ကြီးချကာ "အဲဒါ ကောင်းပါတယ်" ဟု ပြောလိုက်၏။
စကားမဆုံးမီမှာပင် စစ်သူကြီးဝူရှန်း ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။
ဟမ်။သူက အဲဒီလိုကြီး ယုံလိုက်တာလား။
ယန်လန်ထင်က လူဝကြီး၏အံ့အားသင့်မှုကို လျစ်လျူရှုကာ တစ်ခဏမျှစဉ်းစားပြီးနောက် မေးလိုက်၏။ "နတ်ဆိုးသုတ်သင်ရေးဌာနကို ဝင်ခဲ့တာ နောင်တရဖူးလား"
ထိုမေးခွန်းမှာ နတ်ဆိုးသုတ်သင်ရေးဌာနက အလွယ်တကူထွက်သွားနိုင်သော သာမန် အဖွဲ့အစည်းတစ်ခုကဲ့သို့ မေးမြန်းလိုက်ခြင်းဖြစ်သည်။
...
စစ်သူကြီးဝူရှန်း အေးခဲသွားပြီး လူအိုကြီး၏သွယ်ဝိုက်သော အဓိပ္ပါယ်ကို ရုတ်တရက် နားလည်သွားခဲ့၏။
နတ်ဆိုးသုတ်သင်ရေးဌာနသို့ ဝင်ရောက်ခြင်းဆိုသည်မှာ တစ်သက်တာလုံးအင်ပါယာခုံရုံး၏လူတစ်ဦး ဖြစ်သွားခြင်းပင်။
အဘယ်ကြောင့်ဆိုသော် မသေမျိုးဌာန၏နဝမဌာနခွဲကိုအပြင်လူများအား ထုတ်ဖော်ပြသရန် မသင့်သောကြောင့် ဖြစ်၏။
သို့သော် ၎င်းမှာခေတ်နောက်ကျနေပြီ ဖြစ်သည်။
လမ်းစဉ်သုံးသွယ်နှင့် မသေမျိုးခုံရုံးတို့၏နတ်ဘုရားမင်းဆက်အပေါ် လက်ရှိသဘောထားများအရဆက်ဆံရေးက မီးနှင့်ရေကဲ့သို့ဖြစ်နေပြီဖြစ်ရာ ထုတ်ဖော်ပြသသည်ဖြစ်စေ၊ မပြသသည်ဖြစ်စေ ဘာများ ပြောင်းလဲသွားမည်နည်း။
စည်းမျဉ်းက ရှိနေဆဲဖြစ်သော်လည်း တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်ဖြစ်သော လူအိုကြီး၏အာဏာဖြင့် မျက်ကွယ်ပြုထားမည်ဆိုပါက သူ၏အမည်ခံစစ်သူကြီးတစ်ဦးကို ထွက်သွားခွင့်ပြုခြင်းသည် ပြဿနာကြီးတစ်ခုမဖြစ်သင့်ပေ။
အကယ်၍ထိုသို့သာဆိုလျှင် ပြဿနာတစ်ခုလုံး ပြေလည်သွားပြီဟု ထင်ရလေ၏။
အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးက နန်ယန်ဖြစ်နေစရာမလိုတော့ဘဲ လမ်းစဉ်သုံးသွယ်သို့ ပြန်သွားနိုင်ပြီ ဖြစ်သည်။ ရှန်းရွှီတောင်ဖြစ်စေ၊ ဗောဓိဂိုဏ်းဖြစ်စေ နှစ်ခုစလုံးက နတ်ဘုရားမင်းဆက်တွင် နေထိုင်ခြင်းထက်ပိုမိုကောင်းမွန်သော အနာဂတ်ကို ပေးစွမ်းနိုင်ပါလိမ့်မည်။
ထို့ပြင် အင်ပါယာခုံရုံးအနေဖြင့်လည်း အောင်မြင်မှုရှိသောအရာရှိတစ်ဦးကို ကြောက်ရွံ့နေစရာလိုမည်မဟုတ်ပေ။
ရှန်းယီက တစ်ခဏမျှစဉ်းစားတွေးတောလိုက်ပြီး ခေါင်းကိုမော့ကာ လေးနက်စွာ ပြောလိုက်သည်။
"နည်းနည်းပါ"
လူအိုကြီးသည် မျက်လုံးများကို မှိတ်ကာ တိတ်ဆိတ်စွာ ရပ်နေခဲ့၏။
စစ်သူကြီးဝူရှန်းကမူ ရှုပ်ထွေးသောအမူအရာဖြင့် ရှန်းယီကို အားတင်းကာပြုံးပြလိုက်သည်။