← Chapters

နဂါးဒေါသအဆိပ်ထကြွလာခြင်း

Vol. 29 Ch. 390

နဂါးဒေါသအဆိပ်ထကြွလာခြင်း

Vol. 29 Ch. 390

ဂူနန်းအတွင်းပိုင်း၌ ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းများမှာ ဇူယွမ်၏ ခန္ဓာကိုယ်မှ ဆက်လက် ထွက်ပေါ်နေလျက် ရှိပြီး ပတ်ဝန်းကျင်သည်ပင် တုန်ခါနေခဲ့၏။

ကျောက်ဖျာချပ်ပေါ်တွင် ထိုင်နေလျက်ရှိသော ဇူယွမ်၏ အဝတ်အစားများမှာလည်း လေတိုက်ခိုက်မှုမရှိဘဲနှင့် တလွင့်လွင့် လှုပ်ခတ်နေပေသည်။

ဇူယွမ်၏ စပါးအုံးနဂါးချီမှ တောက်ပစွာ ထွက်ပေါ်လျက်ရှိသော ခမ်းနားထည်ဝါသည့် ရွှေအိုရောင် အလင်းတန်းများမှာ လျင်မြန်စွာ ကြီးမားလာနေသော စွမ်းအင် အရင်းအမြစ်ကို ဖော်ပြနေ၏။ မူလကြယ်ပွင့် ဆေးလုံးဆီမှ များစွာသော အကျိုးကျေးဇူးများကို ဇူယွမ်မှ ရရှိနိုင်ခဲ့လေသည်။

ဇူယွမ်၏ ချီစွမ်းအင်များမှာ ဆက်လက် တိုးပွားနေခဲ့ပြီး အမွှေးနံ့သာ တိုင်တစ်ဝက်ခန့်စာမျှ အချိန်အတွင်း၌ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ကာ တင်းကြပ်စွာ ပိတ်ထားသော ဇူယွမ်၏ မျက်ဝန်းများ ပွင့်ဟလာခဲ့၏။

ဝုန်း ...

သာမန်မျက်စိနှင့်ပင် မြင်နိုင်သော ရွှေရောင် အလင်းတန်းများမှာ ဂူနန်းအပြင်ဖက်ထိ ထိုးထွက်လာခဲ့ပြီး ပြင်းထန်သော စွမ်းအင် ဖိအားများကြောင့် ဂူနန်းတစ်ခုလုံးပင် တုန်ခါလာခဲ့သည်။

“မူလစဦး စတုတ္ထအဆင့်”

ဇူယွမ်၏ မျက်ဝန်းအစုံတွင် ေပျာ်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းနေ၏။ မူလကြယ်ပွင့် ဆေးလုံးအား ပြီးပြည့်စုံစွာ စုပ်ယူနိုင်ခဲ့ပြီးနောက်တွင် မူလစဦး စတုတ္တအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဇူယွမ်မှာ ချီပင်လယ်အတွင်း လင်းလက် တောက်ပနေသော ကြယ်ပွင့်များကို ကျေနပ်အားရစွာဖြင့် ကြည့်ရှု စစ်ဆေးလိုက်၏။ ကြယ်ပွင့်များဆီမှ ထွက်ပေါ်လျက် ရှိသည့် စွမ်းအင် အငွေ့အသက်များမှာ မာန်ဖီနေသော နဂါးတစ်ကောင်၏ ပုံရိပ်ယောင်သဲ့သဲ့မျှ ဖြစ်ပေါ်နေလေသည်။

“ကြယ်ပွင့်ထောင့်နှစ်ရာ”

ဇူယွမ်မှာ ချီပင်လယ်အတွင်း လင်းလက်နေလျက်ရှိသော ကြယ်ပွင့်များကို ရေတွက်လိုက်ပြီးနောက် အလွန်ပျော်ရွှင်စွာဖြင့် ပြုံးလိုက်၏။ မူလစဦး စတုတ္တအဆင့်သို့ ရောက်ရှိခဲ့ချိန်တွင် ချီပင်လယ် အတွင်း၌ ကြယ်ပွင့် ငါးရာကျော်မျှပင် တိုးပွားလာခဲ့သည်။

ဇူယွမ်မှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဖြင့် ခန္ဓာကိုယ်အတွင်း စီးဆင်းနေလျက်ရှိသော စွမ်းအင်များကို ခံစားလိုက်၏။ ယခုအချိန်၌ ဇူယွမ်မှာ တောင်များကိုပင် ဖြိုခွင်းကာ သမုဒ္ဒရာများအား ခွဲထုတ်ပစ်နိုင်သော စွမ်းအင်များ ရရှိနေသည်ဟုပင် ခံစားနေမိလေသည်။

ဇူယွမ်မှ တိုးညှင်းစွာ ရေရွတ်လိုက်၏။

“မူလကြယ်ပွင့် ဆေးလုံးက တော်တော် ကောင်းတာပဲ။ ဒီဆေးလုံးသာ မရှိဘူးဆိုရင် အဆင့်တက်တဲ့အချိန်မှာ ကြယ်ပွင့်တွေ ဒီလောက်များများ တိုးလာမှာမဟုတ်ဘူး”

ယခုကဲ့သို့ ကြယ်ပွင့်ထောင့်နှစ်ရာနှင့် ဆိုလျှင် ရှုယန်ကဲ့သို့သော မူလစဦး သမ္မတအဆင့် တစ်ဦးသည်ပင် သူ၏ပြိုင်ဖက် မဖြစ်နိုင်တော့ပေ။ ဇူယွမ်မှာ ကျေနပ်အားရစွာဖြင့် ကျောက်ဖျာချပ်ပေါ်မှ ထလာခဲ့၏။

ဝေါင်း ...

ဇူယွမ် အလွန်အမင်း ကျေနပ်ပျော်ရွှင် နေစဥ်၌ပင် အဆုံးမဲ့ မကျေနပ်မှုများနှင့် ပြည့်နှက်နေသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့အား ကြားလိုက်ရသည်။ ဇူယွမ်၏ မျက်နှာပေါ်၌ ပျော်ရွှင်နေသော အရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့ပြီး ထိတ်လန့် တုန်လှုပ်စွာဖြင့် နောက်သို့ဆုတ်လိုက်မိ၏။

ထို့နောက် ဇူယွမ်မှာ လက်ဖဝါးအား ငုံ့ကြည့် လိုက်သောအခါ မူလနေရာ၌ ရှိနေခဲ့သော သွေးနီရောင် အဖုလေးမှာ များစွာသော သွေးကြောငယ်များအဖြစ် ပြောင်းလဲကာ လက်တစ်ခုလုံးအား ဆိုးရွားစွာ ပျံ့နှံ့နေခဲ့သည်ကို တွေ့ရှိ လိုက်ရလေသည်။

နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော နဂါးဒေါသ အဆိပ်မှာ ဇူယွမ်ကျင့်ကြံခြင်း အဆင့်တက်ပြီး နောက်တွင်ပင် ပြန်လည်၍ နိုးထလာခဲ့ပြီ ဖြစ်၏။

“အား ... ”

ဇူယွမ်မှာ နှလုံးသားအား အဆိပ်ပေါင်း တစ်ထောင်နှင့် ထိုးနေသကဲ့သို့ နာကျင်လွန်းလှသဖြင့် ကြောက်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။ အညှာအတာ ကင်းမဲ့လှသော နဂါးတစ်ကောင်မှ သူ၏ အသွေးအသားများအား ဖျက်ဆီးနေသည်ဟုပင် ခံစား​နေရ၏။

ဇူယွမ်၏မျက်နှာမှာ ဖြူရော်လာခဲ့ပြီး သွေးရောင် လွှမ်းနေသော လက်မောင်းအား ဆုပ်ကိုင်ကာ ဖြည်းညင်းစွာဖြင့် ဒူးထောက် လိုက်ပြီးနောက် ချီစွမ်းအင်များကို နဂါးဒေါသအဆိပ် ထကြွရာနေရာသို့ ပို့လွှတ်လိုက်သည်။

နဂါးဒေါသ အဆိပ်မှာ ဇူယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေခြင်း ဖြစ်သောကြောင့် စပါးအုံးနဂါးချီမှာ ခက်ခဲစွာ တိုက်ထုတ် နေခဲ့သော်လည်း နဂါးဒေါသ အဆိပ်အား အနိုင်မယူနိုင်သောကြောင့် ဇူယွမ်မှာ တဖြည်းဖြည်းနှင့် ပို၍ အားနည်းလာခဲ့ရ၏။

ဇူယွမ်မှာ ရှိသမျှ စွမ်းအင်များကို အသုံးပြုကာ အဆိပ်အား တွန်းလှန်နိုင်ရန် ကြိုးစားနေသော အချိန်၌ အေးစက်စက် အထိအတွေ့ တစ်ခုက ဇူယွမ့် လက်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

“ဇူယွမ် ... ” ယောင်ယောင်မှ တိုးညှင်းစွာ ရေရွတ်လိုက်၏။

​​အေးစက်နေသော အထိအတွေ့ကြောင့် အသိဉာဏ် ပျောက်ဆုံးလုမတက် နာကျင်နေရသော ဇူယွမ်မှာ  လက်နှစ်ဖက်အား ဆန့်ထုတ်ကာ ယောင်ယောင့်အား တင်းကြပ်စွာ ဖက်ထား လိုက်တော့သည်။ ယောင်ယောင့်ဆီမှ ထွက်ပေါ်နေသော သင်းရနံ့မှာ စိတ်အား တည်ငြိမ်စေသဖြင့် ဇူယွမ်မှာ နာကျင်မှုအား သက်သာစေရန် အလို့ငှာ အလောတကြီးဖြင့် ရှူသွင်းရန် ကြိုးစားလိုက်၏။

ဇူယွမ်၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် စိုရွှဲနေခဲ့သဖြင့် ယောင်ယောင်၏ အဝတ်အစားများကိုပင် ညစ်ပေစေခဲ့လေသည်။ ဇူယွမ်၏ တင်းကြပ်စွာ ပွေ့ဖက်ထားမှုကြောင့် ယောင်ယောင်၏ ခန္ဓာကိုယ်လေးသည်ပင် နာကျင်လာရ၏။ အခြား အချိန်တစ်ခုသာ ဖြစ်ခဲ့ပါက ဇူယွမ်အား နားရွက်ဆွဲကာ အပြစ်ပေးလိုက်မည် ဖြစ်သော်လည်း ယခုအချိန်၌ ယောင်ယောင်မှာ ဇူယွမ်၏ နာကျင်နေသော ပုံစံကိုပင် မမြင်ရက်သဖြင့် ညင်သာသော အသံဖြင့်သာ စကားဆိုလိုက်သည်။

“ဇူယွမ် ငါနာနေပြီ”

သို့သော်လည်း ဇူယွမ်၏ မျက်ဝန်းများမှာ အလုံးစုံ သွေးရောင် လွှမ်းနေကာ ယောင်ယောင်၏ စကားအား ကြားနိုင်ခြင်း မရှိတော့သောကြောင့် ယောင်ယောင်မှာ ဇူယွမ်၏ မျက်ခုံးနှစ်ခုကြားရှိ နေရာအား တို့ထိကာ စိတ်ဝိညာဥ်အား တိုက်ရိုက် ဆက်သွယ်လိုက်၏။

“ဇူယွမ် စိတ်ကိုစုစည်းပြီး ဘိုးဘေးနဂါး ပုရပိုက်ကို အသုံးပြုလိုက်”

သွေးရောင်လွှမ်းနေသော ဇူယွမ်၏ မျက်ဝန်းများမှာ အသိစိတ် ဝင်လာဟန်ဖြင့် အံကိုတင်းတင်းကြိတ်ကာ ဘိုးဘေးနဂါး ပုရပိုက်အား အသုံးပြုရန် ကြိုးစားလိုက်သည်။

စပါးအုံးနဂါးချီမှာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီးနောက် နဂါးဒေါသအဆိပ်အား ပြင်းထန်စွာ တွန်းလှန်နေခဲ့သဖြင့် ဇူယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ကမောက်ကမ ဖြစ်လာခဲ့ရ၏။

ဇူယွမ်၏ ခန္ဓာကိုယ်ထက်တွင် ရွှေရောင် အလင်းတန်းနှင့် သွေးနီရောင် နဂါးဒေါသအဆိပ်တို့ အကြိမ်ကြိမ် တွေ့ဆုံနေခဲ့ကြပြီး ​နေရာအနှံ့ ရွေ့လျားကာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်နေခဲ့လေသည်။

ဇူယွမ့်အား စောင့်ကြည့်နေလျက် ရှိသော ယောင်ယောင်၏ မျက်ဝန်းများမှာ တစ်စုံတစ်ခုအား တွေးတောမိသွားဟန်ဖြင့် ကျဥ်းမြောင်းလာခဲ့ရ၏။ နဂါးဒေါသအဆိပ်မှာ အဆုံးမဲ့ မကျေနပ်မှုများနှင့် ပြည့်နှက်နေသောကြောင့် ပုံမှန်နည်းလမ်းများဖြင့် ဖိနှိပ်ရန် မဖြစ်နိုင်ပါချေ။

“နဂါးဒေါသအဆိပ်က လွှမ်းမိုးနိုင်တဲ့ အစွမ်းသတ္တိရှိတယ်။ နိုင်လိုမင်းထက် ပြုမူနိုင်တဲ့ အရာတစ်ခုခုမှပဲ သူ့ကို ဖိနှိပ်နိုင်လိမ့်မယ်”

ယောင်ယောင်မှာ သေချာစွာ တွေးတော ချိန်ဆပြီးနောက် သူမ၏ လှပသော မျက်ဝန်းလေးက နေရာတစ်ခုထံသို့ ရောက်ရှိ သွားလေသည်။

“ထွက်လာခဲ့”

ထန်ထန်မှာ လျှာတန်းလန်းဖြင့် ချစ်စဖွယ်ပုံစံ လုပ်ပြကာ ယောင်ယောင့်အား ချွဲပြလေတော့၏။ သို့သော် ယောင်ယောင်မှာ ထန်ထန်၏ ချစ်စဖွယ် အမူအရာကို ဂရုမစိုက်သည့်အလား အကြံအစည်များ ပြည့်နေသော မျက်ဝန်းအစုံဖြင့် ထန်ထန့်အား ကြည့်လိုက်သောကြောင့် ထန်ထန်မှာ အနောက်သို့ ပြန်လှည့်သွားခဲ့သည်။

ယောင်ယောင်မှာ ထန်ထန်၏ ခန္ဓာကိုယ်လေးအား လျင်မြန်စွာဖြင့် မချီကာ မေးမြန်းလိုက်၏။

“ဇူယွမ်က နင့်ကို နှစ်ပေါင်းများစွာ အစာ ကျွေးလာတာပဲလေ။ အခုသူ့ကို နည်းနည်းဖြစ်ဖြစ် မကူညီချင်ဘူးလား”

“အီ ... ”

ထန်ထန်မှာ မျက်လုံးဝိုင်းလေးများဖြင့် သနားစဖွယ် အမူအရာ လုပ်ပြလိုက်သော်လည်း ယောင်ယောင်မှာ အလေးပင်ထားပုံ မရဘဲ တည်ငြိမ်စွာဖြင့် ​​ပြောလိုက်လေသည်။

“နင့်ရဲ့သားရဲသွေး နည်းနည်းလောက် ငါ့ကိုပေးစမ်းပါ။ အဲဒါနဲ့ ငါမှော်စာလုံး တစ်ခုကို ရေးဆွဲပြီး ဇူယွမ်ရဲ့နဂါး ဒေါသအဆိပ်ကို ဖိနှိပ်ပေးမလို့”

ထန်ထန်မှာ စိတ်အလိုမကျသည့် အမူအရာသာ လုပ်ပြနေသောကြောင့် ယောင်ယောင်မှာ စုတ်တံအားထုတ်ကာ ထန်ထန်၏ခေါင်းကို အကြိမ်ရေ အနည်းငယ်မျှ ခေါက်ထည့်လိုက်၏။

“မြန်မြန်လုပ်”

ထန်ထန်၏ မျက်ဝန်းများ၌ မျက်ရည်ဥများ ဝေ့ဝဲတက်လာပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် နဖူးအားကုတ်ကာ သွေးအဆီအနှစ်များကို ထုတ်ပေးလိုက်လေသည်။

“ငါတို့ဒီကိစ္စကို ဖြေရှင်းပြီးသွားတာနဲ့ နင့်အတွက် ဇူယွမ့်ဆီမှာ လျော်ကြေး တောင်းပေးပါ့မယ်”

ယောင်ယောင်မှာ ဝမ်းနည်းနေဟန်ရှိသော ထန်ထန့်အား နှိမ့်သိမ့် ပေးလိုက်ပြီးနောက် ကျောက်စိမ်းစုတ်တံအား ဆွဲယူကာ သွေးများ စိုရွှဲနေသော ဇူယွမ်အားကြည့်၍ ရေရွတ်လိုက်၏။

“ဒီတစ်ကြိမ်တော့ ထန်ထန် ရှိနေတာကို နင်ကျေးဇူးတင်သင့်တယ်”

All Chapters