ဖိနှိပ်ခြင်း
Vol. 29 Ch. 391
ဇူယွမ်မှာ မျက်လုံးများကို ဖွင့်လိုက်သော အခါတွင် ခေါင်းမူးနေသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း နာကျင်နေခဲ့သည်။
ဇူယွမ်မှာ အသက်ကိုပြင်းပြင်း ရှူသွင်းလိုက်ရင်း ပတ်ဝန်းကျင်အား ကြည့်ရှု့ လိုက်သောအခါ ဂူနန်းအတွင်း၌သာ ရှိနေသေးသည်ကို တွေ့ရှိလိုက်ရပြီး တစ်ခုတည်းသော ထူးခြားချက်မှာ သူသည် သွေးအိုင်ထဲ၌ လဲကျနေခဲ့ခြင်း ဖြစ်၏။ အချိန် အတန်ကြာအောင် တွေဝေ နေခဲ့ပြီးနောက်တွင် ဇူယွမ်မှာ အသိစိတ် ပြန်ကပ်လာခဲ့သည်။
“နဂါးဒေါသ အဆိပ်က ဘာဖြစ်သွားတာလဲ”
ဇူယွမ်မှာ လက်ဖဝါးအား လျင်မြန်စွာ စစ်ဆေးလိုက်သော အခါတွင် သွေးနီရောင်အဖု၏ ပတ်ပတ်လည်၌ နဂါးဒေါသ အဆိပ်အား ဖိနှိပ်ထားဟန်ရှိသော နက်ရွှေရောင် စက်ဝန်းတစ်ခုကို တွေ့ရှိလိုက်ရသောကြောင့် အံ့အားသင့်သွားမိ၏။
“နဂါးဒေါသအဆိပ်ကို ခဏတာ ဖိနှိပ်ထားဖို့အတွက် ငါလုပ်ပေးထားတာ”
ဇူယွမ်မှာ ခေါင်းကို မော့ကြည့်လိုက်သော အခါတွင် ကျောက်ဖျာချပ်ပေါ်၌ လှပတင့်တယ်စွာ ထိုင်နေသော ပင်ပန်းနွမ်းနယ်နေပုံ ရသည့် ယောင်ယောင့်အား တွေ့ရှိလိုက်ရသည်။
ယောင်ယောင်၏ ဆံနွယ်ရှည်လေးများမှာ လှပကြော့ရှင်းသော လည်တိုင်ထက်တွင် ရစ်ခွေနေခဲ့ပြီး ဝတ်ဆင်ထားသော ရိုးရှင်းသည့် အဝတ်အစားပေါ်၌ သွေးများစွန်းပေ နေခဲ့သော်လည်း ယောင်ယောင်မှာ မည်သူမှ ခူးဆွတ်ရန် မဝံ့ရဲသော တော်ဝင်သစ်ခွ ပန်းလေးအလား လှပဖူးငုံနေ၏။
ယောင်ယောင်၏ ဘေးတွင် အားအင်ချိနဲ့စွာ လှဲအိပ်နေလျက်ရှိသော ထန်ထန်မှာ အဆက်မပြတ် ညည်းညူကာ ဇူယွမ့်အား အလွန်အမင်း ဒေါသထွက်နေသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့လေသည်။
ယောင်ယောင်နှင့် ထန်ထန်တို့၏ ပုံစံအား မြင်တွေ့လိုက်ရုံမျှနှင့်ပင် ဇူယွမ်၏ နဂါးဒေါသအဆိပ်က အတော်ပင် ဒုက္ခများစေခဲ့ကြောင်း ထင်ရှားနေ၏။ ယောင်ယောင့် အင်္ကျီပေါ်ရှိ သွေးကွက်များမှာ သူ့ထံမှဖြစ်ပြီး စိတ်လွတ်နေစဥ်အတွင်း ယောင်ယောင့်အား တင်းကြပ်စွာ ပွေ့ဖက်ထားမိသည်ကို ပြန်၍ သတိရမိ သွားသောကြောင့် ဇူယွမ်မှာ အလွန်ပင် ထိတ်လန့်ရှက်ရွံ့ လာမိလေသည်။ ယောင်ယောင်မှာ သန့်ရှင်းသပ်ရပ်မှုကို သဘောကျလှသော မိန်းကလေးတစ်ဦး ဖြစ်သဖြင့် သူ့အား အချက်ပေါင်း တစ်ထောင်မကပင် ရိုက်နှက်နိုင်၏။
“ကျေးဇူးတင်ပါတယ် အစ်မကြီးယောင်ယောင်” ဇူယွမ်မှာ ကသိကအောက် ဖြစ်စွာဖြင့် ခေါင်းကိုကုတ်ကာ အားပြု၍ ပြုံးရင်း စကားဆိုလိုက်သည်။
ယောင်ယောင်မှာ ဇူယွမ်အားကြည့်၍ တည်ငြိမ်စွာဖြင့်ပင် ပြန်၍ပြောလိုက်၏။
“နင်ကအရမ်းကို မဆင်မခြင် လုပ်တာပဲ။ ဝူဟောင့်ဆီကနေ နဂါးကောင်းချီး တစ်ဝက်ကိုရလို့ အကျိုးရှိသွားတာ နင်တစ်ယောက်ထဲ မဟုတ်ဘူး။ နင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နဂါးဒေါသ အဆိပ်ရောပဲ”
“ပြီးတော့ နင်စွမ်းအား ကြီးလာတာနဲ့အမျှ သူကပါ တဖြည်းဖြည်း လိုက်ပြီး အားကောင်းလာမှာပဲ”
“နင်သာ ဘိုးဘေးနဂါး ပုရပိုက်ကို မကျင့်ကြံခဲ့ဘူးဆိုရင် နဂါးဒေါသ အဆိပ်ကြောင့် နင်သေတောင် သေသွားနိုင်တယ်”
ဇူယွမ်မှာ ယောင်ယောင်၏ စကားအား ကြားလိုက်ရသောအခါ ကြက်သီးမွှေးညှင်းများပင် ထလောက်အောင် ထိတ်လန့်သွားမိသည်။ နဂါးဒေါသအဆိပ်မှာ သူ၏ ဘဝတလျှောက်လုံးတွင် ကြောက်လန့်စရာ အကောင်းဆုံး အရာဖြစ်ပြီး သူသန်မာလာသည်နှင့် အမျှ နဂါးဒေါသ အဆိပ်သည်လည်း ယခင်ကထက် စွမ်းအား ကြီးလာမည်ဟူသည့် အကြောင်းက ဇူယွမ့်ကို ကြောက်ရွံ့စေမိ၏။
“အခု နဂါးဒေါသ အဆိပ်ကို ဖိနှိပ်ထားတာက ခဏပဲရမှာ”
ဇူယွမ်မှာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ မေးမြန်းလိုက်သည်။
“နဂါးဒေါသအဆိပ်ကို နှိမ်နှင်းနိုင်မဲ့ နည်းလမ်း မရှိတော့ဘူးလား”
“တကယ်လို့ နင်သာ ဘိုးဘေးနဂါး ပုရပိုက်ရဲ့ တတိယအဆင့်ကို ရောက်ပြီး မြင့်မြတ်သော စကြဝဠာ နဂါးချီကိုသာ ကျွမ်းကျင်သွားမယ်ဆိုရင် နဂါးဒေါသအဆိပ်ကို ထိန်းချုပ်လို့ ရသွားလိမ့်မယ်”
ယောင်ယောင်၏ စကားအား ကြားလိုက်ရသော အခါတွင် ဇူယွမ်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားခဲ့ရ၏။ မြင့်မြတ်သော စကြဝဠာ နဂါးချီမှာ ဘိုးဘေးနဂါး ပုရပိုက်၏ သုံးခုမြောက် အဆင့်ဖြစ်၍ အဆင့်ကိုး ချီကျင့်စဥ်တစ်ခု ဖြစ်ကာ ဤကမ္ဘာပေါ်၌ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့် ဖြစ်၏။ ထိုကဲ့သို့သော အဆင့်အား မည်သို့မှ လွယ်လွယ်ကူကူ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။
ယောင်ယောင်မှာ ဖြည်းညှင်းစွာဖြင့်ပင် စကား ဆက်လိုက်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဘိုးဘေးနဂါး ပုရပိုက် ကျင့်စဥ်ကို ပြီးပြည့်စုံစေဖို့က နင့်အတွက် စောလွန်းနေသေးတယ်။ ဒါပေမဲ့ နဂါးဒေါသအဆိပ်ကို ဖိနှိပ်ပြီး သူ့ရဲ့စွမ်းအင်တွေကို ယူသုံးနိုင်ဖို့က တခြား နည်းလမ်းတော့ ရှိပါတယ်”
“တကယ်လား” ဇူယွမ်၏ မျက်လုံးအစုံမှာ လင်းလက်တောက်ပ လာခဲ့၏။
“ကြီးမြတ်သော နဂါးရဲ့ ဖိနှိပ်ခြင်းဆိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးရတဲ့ အရမ်း အစွမ်းထက်တဲ့ မှော်စာလုံးတစ်ခု ရှိတယ်။ သူက နဂါးဒေါသအဆိပ်ကို လုံးဝ မနှိမ်နင်းနိုင်ပေမဲ့ နင့်ရဲ့စွမ်းအင်တွေကို ကမောက်ကမ မဖြစ်အောင်တော့ ထိန်းပေးနိုင်လိမ့်မယ်”
“ဒါပေမယ့် ဒီမှော်စာလုံးကို ရေးဆွဲနိုင်ဖို့ အတွက်က ရှားပါးမူလ အရင်းအမြစ်တွေ အများကြီး လိုတဲ့အတွက် ငါတို့အလောတကြီး လုပ်လို့မရဘူး။ လိုအပ်တာတွေကို အရင်ရှာပြီးမှ ငါနင့်ကို ကူညီပေးလို့ ရမှာ”
နဂါးဒေါသ အဆိပ်အား ယခုချက်ချင်း နှိမ်နင်းရန် မဖြစ်နိုင်သည့်အတွက် ဇူယွမ်မှာ အနည်းငယ် စိတ်ညစ် မိပါသော်လည်း နှလုံးသားထဲမှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ပါး သွားရသည့်အတွက် သက်ပြင်းချကာ မေးမြန်းလိုက်၏။
“နဂါးဒေါသအဆိပ်ရဲ့ စွမ်းအင်ကို သုံးလို့ရတယ်ဆိုတာ ဘာကို ဆိုလိုချင်တာလဲ”
ပုံမှန်အားဖြင့် ဇူယွမ်မှာ နဂါးဒေါသအဆိပ်အား အနည်းငယ်နှိုးဆွကာ တစ်ဖက်ရန်သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စေ၍ တိုက်ခိုက်လေ့ ရှိပေသည်။ သို့သော်လည်း ထိုနည်းလမ်းမှာ အန္တရာယ်များလှပြီး အသုံးပြုလိုက်သော အချိန်တိုင်းတွင် ဇူယွမ်၏ ခန္ဓာကိုယ် အတွင်းရှိ နဂါးဒေါသ အဆိပ်မှာလည်း တိုးပွားလာခြင်း ဖြစ်၏။ ယနေ့ နဂါးဒေါသ အဆိပ် ထကြွလာရသည့် အကြောင်းအရင်းမှာ ရှုယန်နှင့် တိုက်ခိုက်ခဲ့သော နေ့တွင် အဆိပ်အား အသုံးပြုခဲ့သည့် အတွက်ပင် ဖြစ်သည်။
ယောင်ယောင်မှာ ဇူယွမ့်အားကြည့်၍ ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။
“နဂါးဒေါသ အဆိပ်ကို လျှော့မတွက်နဲ့”
“နင် ဝူဟောင့်ဆီက ရခဲ့တဲ့ မြင့်မြတ်တဲ့ နဂါးကောင်းချီး အများစုကို နဂါးဒေါသ အဆိပ်ကပဲ စုပ်ယူသွားခဲ့တာ။ ပြောရမယ်ဆိုရင် အဲကိစ္စမှာ အကျိုးအရှိဆုံးက နဂါးဒေါသ အဆိပ်ပဲ”
ဇူယွမ်မှာ အံကို တင်းတင်းကြိတ်ကာ ခေါင်းညိတ် ပြလိုက်သည်။ ဝူဟောင်အား ခက်ခဲပင်ပန်းစွာ အနိုင်ယူခဲ့ပြီးနောက်၌ အကျိုးကျေးဇူး အများဆုံး ရရှိသောသူမှာ နဂါးဒေါသ အဆိပ်သာ ဖြစ်ခဲ့၏။
“နင်နဲ့ တိုက်ခိုက်နေတုန်းက ဝူဟောင်သုံးသွားတဲ့ မြင့်မြတ်တဲ့ နဂါးအဖြစ် ပြောင်းလဲတာကို မှတ်မိလား။ အဲဒါက မြင့်မြတ်တဲ့ နဂါးကောင်းချီးကို သုံးဖို့ နည်းလမ်းတွေထဲက တစ်ခုပဲ”
ဇူယွမ်မှာ ချက်ချင်း ဆိုသလိုပင် ပြန်၍ တွေးတော ကြည့်လိုက်သည်။ နဂါးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဝူဟောင်၏ စွမ်းအင် မည်မျှပင် တိုးပွားလာသည်ကို ဇူယွမ်မှ ကောင်းစွာ မှတ်မိနေပါသေး၏။ အကယ်၍ ဇူယွမ့်ထံ၌ ငွေအရိပ်သာ ရှိမနေခဲ့ပါက ဝူဟောင့်အား မည်သို့မှအနိုင်ယူနိုင်ခဲ့မည် မဟုတ်ပေ။
“ဒါပေမဲ့ ဝူဟောင်က မြင့်မြတ်တဲ့ နဂါးကောင်းချီး ဆယ်ပုံ တစ်ပုံကိုတောင် မသုံးနိုင်ခဲ့ဘူး။ အခု နင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နဂါးဒေါသအဆိပ်က နဂါးကောင်းချီး တစ်ဝက်ကိုတောင် စုပ်ယူထားတာဆိုတော့ သူ့ကိုသာ ဖိနှိပ်ပြီး နင့်ကို နာခံအောင် လုပ်နိုင်မယ်ဆိုရင် ကောင်းချီးနှစ်ခု ပေါင်းထားတဲ့ စွမ်းအားက ဘယ်လောက်တောင် ပြင်းထန်မလဲဆိုတာ နင်သိလာရလိမ့်မယ်”
ဇူယွမ်မှာ ယောင်ယောင်၏ စကားအား ကြားလိုက်ရသော အခါ၌ အလွန်ပင် စိတ်လှုပ်ရှားသောကြောင့် မျက်ဝန်းများပင် လင်းလက် လာခဲ့သည်။
သို့သော်လည်း နဂါးဒေါသအဆိပ်ကို နှိမ်နင်းနိုင်ရန် အလျင်စလို ပြုလုပ်၍ မရနိုင်ဘဲ လိုအပ်သော အရင်းအမြစ်များအား ဦးစွာရှာဖွေရမည်ပင် ဖြစ်၏။ ကံကောင်း ထောက်မစွာဖြင့် ယောင်ယောင်မှာ နဂါးဒေါသအဆိပ်အား ခဏတာ ဖိနှိပ် ထားနိုင်ခဲ့သောကြောင့် ဤရက်ပိုင်းအတွင်း ဇူယွမ်မှာ စိတ်အေးလက်အေး နေ၍ရနိုင်ပေလိမ့်မည်။
ယောင်ယောင်မှာ ပြောစရာရှိသော စကားများကို ပြောပြပြီးသည်နှင့် တစ်ပြိုင်နက် ပျင်းရိစွာဖြင့် အကြောများကို ဆန့်ထုတ်ကာ သွေးများ စွန်းထင်းနေသော သူမ၏ အဝတ်အား အလိုမကျဟန်ဖြင့် ကြည့်လိုက်၏။
“အစ်မကြီးယောင်ယောင် ဒီအဝတ်တွေကို ကျွန်တော့ကို ပေးပါ။ ကျွန်တော် လျှော်ပေးပါ့မယ်” ဇူယွမ်မှာ မျက်နှာချိုသွေးကာ ပြုံးရင်း စကားဆိုလိုက်သည်။
ယောင်ယောင်မှာ မတ်တတ် ထရပ်ကာ ဇူယွမ့်အနားသို့ လျှောက်လာခဲ့ပြီးနောက် လှပတင့်တယ်စွာ ပြုံးပြ လိုက်သောကြောင့် ဇူယွမ်ပင် မှင်သက်သွားရ၏။ သို့သော် ချက်ချင်း ဆိုသလိုပင် ယောင်ယောင်မှာ ဇူယွမ်၏ နားရွက်များကို နာကျင်အောင်ဆွဲ၍ ခပ်ဖွဖွရီမောကာ ပြောလိုက်သည်။
“ဇူယွမ် နဂါးဒေါသ အဆိပ်က နင့်ကို သိပ်မနာကျင်စေတဲ့ပုံပဲ ဟုတ်လား။ နောက်ကျရင် နင့်ကို မကူညီခင် ခပ်ကြာကြာလေး ပစ်ထားမှနဲ့ တူတယ်”
ယောင်ယောင်၏ ခန္ဓာကိုယ်မှာ ချီစွမ်းအင် အနည်းငယ်မျှပင် မရှိသောကြောင့် ဇူယွမ်မှာ မဖြစ်စလောက်လေးပင် နာကျင်ရပါသော်လည်း သက်ညှာပေးပါရန် အလျင်စလို တောင်းပန်လိုက်၏။ ယောင်ယောင်မှာ ကျေနပ်သည့်အထိ နားရွက်ဆွဲကာ ပြောဆိုနေပြီးနောက် အိမ်ငယ်လေးဆီသို့ ဦးတည်ကာ ထွက်ခွာ သွားလေတော့သည်။
ဇူယွမ်မှာ ယောင်ယောင်၏ ကျောပြင်လေးအား ငေးကြည့်ရင်း အော်ဟစ်လိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်မကြီးယောင်ယောင် ကျွန်တော့် အသက်ကို ထပ်ကယ်ပေးခဲ့တဲ့အတွက်”
ယောင်ယောင်၏ ခြေလှမ်းများမှာ ရပ်တန့်သွားကာ နှုတ်ခမ်းအစုံမှာ ပြုံးယောင် သမ်းသွားခဲ့ပြီးနောက် ဆက်လက် လျှောက်လှမ်းသွားရင်းဖြင့် စကားဆိုလိုက်သည်။
“နင့်ကိုယ်နင် အရင်သန့်ရှင်းပြီးရင် အပြင်ထွက်ပြီး ရှန်ဝမ့်ကျင်းကို သွားတွေ့လိုက်ဦး။ ကြည့်ရတာ ကောင်းကင်အဆင့် တာဝန်နဲ့ ပက်သတ်ပြီး သူတစ်ခုခု သိလာတဲ့ပုံပဲ”