ခေါင်းဆောင်နှစ်ဦး
Vol. 29 Ch. 392
ဂူနန်းအတွင်းရှိ ခြံဝင်းထဲ၌ ...
ရှန်ဝမ့်ကျင်းမှာ ဇူယွမ် ငှဲ့ပေးနေသော အကြမ်းရည်အား လက်ခံနေရင်းဖြင့် ဂူနန်းတစ်ခုလုံးအား ကျီးကန်းတောင်းမှောက် ကြည့်နေလျက် ရှိပေသည်။ ဂူနန်းအတွင်းမှ များပြားလှသော သန့်စင်သည့် ချီစွမ်းအင်များကြောင့် ရှန်ဝမ့်ကျင်း၏ မျက်ဝန်းများမှာ မနာလိုသော အရိပ်အယောင်များနှင့်ပင် ပြည့်နှက်လာခဲ့ရ၏။
“ယွမ်အစ်ကိုလေးက တကယ်ကို ထူးခြားတဲ့သူပဲ။ ကျွန်တော်တို့ အတူတူ ကန်ရွှမ်းကလန်ထဲ ဝင်လာခဲ့တာဆိုပေမဲ့ အစ်ကိုလေးရဲ့ နေရာကို ရောက်နိုင်ဖို့ ကျွန်တော် ဘယ်နှနှစ်တောင် ကြာဦးမလဲမသိဘူး” ရှန်ဝမ့်ကျင်းမှ သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။
ဇူယွမ်မှာ ခပ်ဖွဖွသာ ရီမောရင်း မေးမြန်းလိုက်၏။
“ကောင်းကင်အဆင့် တာဝန်နဲ့ ပက်သတ်တဲ့ အချက်အလက်တွေ သိခဲ့ရပြီလား”
ရှန်ဝမ့်ကျင်းမှာ အကြမ်းရည်ပူပူအား သောက်လိုက်ပြီးနောက် တုံ့ပြန်လိုက်သည်။
“ယွမ်အစ်ကိုလေး ကောင်းကင်အဆင့် တာဝန်တွေအကြောင်း သိရဖို့ ဒီရက်ပိုင်းအတွင်း ကျွန်တော် တော်တော်လေး ပြေးလွှား လိုက်ရတယ်”
ဇူယွမ်မှာ ရှန်ဝမ့်ကျင်း၏ စကားအား အသိအမှတ်ပြုသည့် အနေဖြင့် စကားဆိုလိုက်၏။
“မင်းကြိုးစား ထားရတာကို ငါသိပါတယ်။ အဲဒါကြောင့် ငါအချိန်ရရင် မင်းလေ့ကျင့်နေတဲ့ အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဥ် အတွက် နည်းနည်း ညွှန်ပြပေးမယ်လေ”
ရှန်ဝမ့်ကျင်းမှာ အလွန်ပင် ပျော်ရွှင်သွားဟန်ရကာ ကျေနပ်အားရသော မျက်ဝန်းများဖြင့် ပြန်၍ပြောလိုက်သည်။
“အဲလိုဆို ကျွန်တော်က ယွမ်အစ်ကိုလေးကို ကျေးဇူးတင်ရတော့မှာပဲ”
ရှန်ဝမ့်ကျင်းမှာ ဇူယွမ့်ဆီမှ အကျိုးအမြတ် ရရှိမည့် အကြောင်းအား ကြားရပြီးနောက်တွင် တည်ငြိမ်စွာဖြင့် စကားဆက်လိုက်၏။
“ယွမ်အစ်ကိုလေး ကန်ရွှမ်းကလန်မှာ ချပေးတဲ့ ကောင်းကင်အဆင့် တာဝန်တွေက အရမ်းခက်ခဲပြီးတော့ တစ်နှစ်တစ်နှစ်ကို တာဝန်က လက်တစ်ဆုပ်စာလောက်ပဲ ချပေးတာ”
“ကောင်းကင်အဆင့် တာဝန်က အရမ်းနည်းပါးတဲ့အတွက် ခရမ်းရောင်ခါးစည်း တပည့်တွေ အကုန်လုံးက အလုအယက် ရယူဖို့ စောင့်နေကြရတယ်”
“ကျွန်တော်က အဲဒီကိစ္စနဲ့ ပက်သတ်ပြီး လူနည်းနည်းလောက်ကို စောင့်ကြည့်ထားဖို့ ပြောခဲ့ပြီးတော့ မစ်ရှင်ခန်းမ တာဝန်ခံဆီ ပါသွားပြီး နည်းနည်း လာဘ်ထိုးခဲ့တယ်။ အဲဒါကြောင့် ကောင်းကင်အဆင့် တာဝန်နဲ့ ပက်သတ်တဲ့ နောက်ဆုံး အချက်အလက် နည်းနည်းကို သိခွင့်ရခဲ့တယ်” ဇူယွမ်၏ မျက်ဝန်းအစုံမှာ လင်းလက်လာခဲ့ရသည်။
“ငါ့ကို အသေးစိတ် ပြောပြပါဦး”
ရှန်ဝမ့်ကျင်းမှ စကားဆက်လိုက်၏။
“ဒီတစ်ခေါက် ကောင်းကင်အဆင့် တာဝန်က တရားဝင်တော့ မကြေညာရသေးဘူး။ ကျွန်တော်သိခဲ့ရတဲ့ အချက်အလက်ကတော့ ဦးဆောင်ရမဲ့ ခေါင်းဆောင် နှစ်ယောက်ကို ရွေးထားပြီးပြီတဲ့”
ဇူယွမ်မှ အလောတကြီးဖြင့် မေးမြန်းလိုက်သည်။
“ဘယ်သူတွေလဲ”
ရှန်ဝမ့်ကျင်းမှ ဖြည်းညင်းစွာဖြင့် တုံ့ပြန်လိုက်၏။
“လီချင်းချန်က ခေါင်းဆောင် ဖြစ်ပြီးတော့ ဒုခေါင်းဆောင်က ကျောင်းဇူတဲ့”
“ရွေးချယ်ခံ နှစ်ယောက်ပဲ” ဇူယွမ်၏ မျက်ဝန်းအစုံမှာ ကျဥ်းမြောင်း သွားခဲ့ရသည်။ တွေးကြည့်ရမည်ဆိုလျှင် ရွေးချယ်ခံ နှစ်ယောက်ကိုပင် ဦးဆောင်သူအဖြစ် ထားရှိရသည့်အတွက် ကောင်းကင်အဆင့် တာဝန်မှာ မည်မျှပင် ခက်ခဲလှကြောင်း သိရှိနိုင်၏။
ဇူယွမ်မှာ လီချင်းချန်နှင့် အတော်အသင့် ရင်းနှီးကျွမ်းဝင် ပါသော်လည်း ကျောင်းဇူမှာမူ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်း ပြိုင်ပွဲတွင် သူ့အား ခက်ခဲစေခဲ့သော အဓိကတရားခံ ဖြစ်နေလေသည်။
“ဒီတစ်ခ ါကောင်းကင်အဆင့် တာဝန်ကို လုပ်ဆောင်ဖို့ လူဆယ်ယောက် လိုအပ်တယ်။ အခုက ခေါင်းဆောင် နှစ်ယောက်ကို ရွေးပြီးသွားပြီ ဆိုတော့ ရှစ်နေရာပဲ လွတ်တော့မှာ”
ရှန်ဝမ့်ကျင်းမှာ ကောင်းကင်အဆင့် လုပ်ငန်း တာဝန်များအကြောင်း သိရှိနိုင်ရန် အတော်ပင် ကြိုးစားထားခဲ့ပုံရ၏။
“ဒီတစ်ခေါက် တာဝန်ကို တရားဝင် မကြေညာရသေးဘူး ဆိုပေမဲ့ ကလန်ထဲက ဝါရင့်ခရမ်းရောင် ခါးစည်း တပည့်တွေက ပါဝင်နိုင်ဖို့ လှုပ်ရှားနေကြပြီ”
“လီချင်းချန်နဲ့ ကျောင်းဇူတို့က ခေါင်းဆောင် ဖြစ်မယ်လို့ သတင်းထွက်ထဲကစပြီး ကလန်ထဲမှာ သူတို့နှစ်ယောက်ကို ပိုအရေးပေး လာကြတယ်”
ထို့နောက် ရှန်ဝမ့်ကျင်းမှာ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် သက်ပြင်းချကာ စကား ဆက်လိုက်လေသည်။
“ဒါတွေနဲ့ ပက်သတ်ပြီးတော့ ကျွန်တော် ကူညီနိုင်တာ ဘာမှမရှိတော့ဘူး။ ယွမ်အစ်ကိုလေး ကိုယ့်ဘာသာပဲ အားကိုးရတော့မယ်”
ရှန်ဝမ့်ကျင်းမှာ အနက်ရောင် ခါးစည်း တပည့်တစ်ဦးမျှသာ ဖြစ်သောကြောင့် လီချင်းချန်နှင့် ကျောင်းဇူတို့ကဲ့သို့ ရွေးချယ်ခံ နှစ်ဦးအား ချည်းကပ်ကာ ဇူယွမ်အတွက် ကူညီပေးရန် မဖြစ်နိုင်ပါချေ။
ဇူယွမ်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ ခေါင်းညိတ်ပြလိုက်၏။ ကောင်းကင်အဆင့် တာဝန်မှာ ခက်ခဲ၍ရှားပါးရုံသာမက လူဦးရေ အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်သဖြင့် တာဝန်တစ်ခု ပေါ်လာတိုင်းတွင် ကလန်ထဲရှိ ခရမ်းရောင် ခါးစည်း တပည့်ပေါင်းများစွာမှ အလုအယက် ရယူကြရပြီး တစ်ခါတစ်ရံ၌ သွေးချောင်းစီးမတက် တိုက်ပွဲများပင် ဖြစ်ပွားရလေ့ ရှိသည်။
ပြောရမည် ဆိုပါလျှင်မူ ရှုယန်ကဲ့သို့သော မူလစဦး သမ္မတအဆင့် တပည့်တစ်ဦးသည်ပင် ကောင်းကင်အဆင့် လုပ်ငန်းတာဝန်များ၌ ပါဝင်ခွင့်ရရန် အရည်အချင်း မပြည့်မှီလောက်ပေ။
“ကောင်းကင် တံဆိပ်ပြားရဖို့က တော်တော်ခက်တာပဲ” ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်မိ၏။
“ယွမ်အစ်ကိုလေးက တကယ်ကောင်းကင်အဆင့် တာဝန်ကို လုပ်ဆောင်မလို့လား”
ရှန်ဝမ့်ကျင်းမှ မဝံ့မရဲ ဖြစ်နေဟန်နှင့် မေးမြန်းလာခဲ့သည်။ ကန်ရွှမ်း ကလန်ထဲ၌ ဇူယွမ်၏ ဂုဏ်သတင်းမှာ လျင်မြန်စွာ ကြီးမားလာခဲ့ပြီး တပည့် အသစ်များထဲတွင် အထူးချွန်ဆုံး သူတစ်ဦး ဖြစ်နေပါသော်လည်း ကောင်းကင်အဆင့် တာဝန်များအား လုပ်ဆောင်ရန် အရည်အချင်း လိုအပ်နေဆဲပင် ဖြစ်၏။ ရွေးချယ်ခံနှစ်ဦးအား ဦးဆောင်သူအဖြစ် ရွေးချယ်ထားရသော ကောင်းကင်အဆင့် တာဝန်မှာ မည်မျှပင် ခက်ခဲမည် ဖြစ်ကြောင်း ခန့်မှန်း ကြည့်နိုင်ပေသည်။
ဇူယွမ်မှာ သက်ပြင်းချကာ ခေါင်းညိတ် ပြလိုက်၏။ ရှန်ဝမ့်ကျင်း ဆိုလိုချင်သော အဓိပ္ပါယ်ကို နားလည်ပါသော်လည်း သူ့ထံတွင် ရွေးချယ်စရာ မရှိပေ။ အကယ်၍သာ သုံးလအတွင်း ကောင်းကင်တံဆိပ်ပြား တစ်ခုအား မရှာဖွေနိုင်ခဲ့လျှင် ရွှမ်အဘိုးအိုမှ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားကို ပြန်၍ သိမ်းယူ သွားပေလိမ့်မည်။
ထိုက်ရိသစ်စိမ်းပင် အမှတ်အသားမှာ ဇူယွမ်အတွက် ကောင်းကင်ဘုံမှ ပေးအပ်သော ကောင်းချီးတစ်ခုပင် ဖြစ်၏။ အနာဂတ်၌ ထိုကျင့်စဥ်အား ပြီးပြည့်စုံစွာ တတ်မြောက် သွားခဲ့မည် ဆိုပါက ဇူယွမ်အတွက် များစွာသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ပင် ဖြစ်သည်။ ကောင်းကင်ဘုံမှ ပေးအပ်သော ကောင်းချီးကို လက်သင့်မခံသောသူမှာ အပြစ်ဒဏ်နှင့် နောင်တအား ရရှိပေလိမ့်ပေမည်။
“နင်တကယ် လုပ်ချင်တာဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
ဇူယွမ်နှင့် ရှန်ဝမ့်ကျင်းတို့ နှစ်ဦး အသံလာရာသို့ မော့ကြည့်လိုက်သော အခါတွင် ရေချိုးထားဟန်ရှိသော အဖြူရောင် အဝတ်များ ဆင်မြန်းထားသည့် ယောင်ယောင့်အား တွေ့ရှိ လိုက်ရလေသည်။ ယောင်ယောင်၏ လှပတင့်တယ်လှသော မျက်နှာလေးက ဂူနန်းတစ်ခုလုံးအား လင်းလက် သွားစေသယောင်ပင် ရှိ၏။
သူမ၏ နက်မှောင်နေသော ဆံနွယ်ရှည်လေးများမှာ အနည်းငယ် စိုစွတ်နေခဲ့ပြီး ကပိုကရိုဖြင့် ရင်သက်ရှုမောဖွယ်ရာ ကောင်းလှသည်။
ရှန်ဝမ့်ကျင်းမှာ ယောင်ယောင့်ကို တွေ့ရှိလိုက်ရသည့်အတွက် အလွန်ပင် အံ့အားသင့်သွား မိသော်လည်း အလျင်အမြန်ပင် ထ၍ နှုတ်ဆတ်လိုက်၏။
“သခင်မလေး ယောင်ယောင်”
ကန်ရွှမ်း ကလန်ထဲတွင် ယောင်ယောင်မှာ မသိသူ မရှိလောက်အောင် ကျော်ကြားလှပြီး ဇူယွမ်၏ ဂုဏ်သတင်းသည်ပင် ယောင်ယောင်နှင့် နှိုင်းယှဥ် မရနိုင်ပေ။
ဇူယွမ်မှာ ဓားကပ်ဘေး တောင်ထွတ်မှ ရွှေခါးစည်း တပည့်များကို အနိုင်ယူနိုင်သည့် အချိန်၌ ယောင်ယောင်မှာ သူတော်စင် မှော်စာလုံး တောင်ထွတ်မှ ယဲ့ကယ်ကဲ့သို့သော ရွေးချယ်ခံ တပည့်ကိုပင် လွှမ်းမိုးနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကန်ရွှမ်းကလန်ထဲ၌ ယောင်ယောင်မှာ ဇူယွမ်ထက် များစွာပို၍ အရေးပါလှ၏။ သို့သော် ယောင်ယောင်မှာ ဇူယွမ်မှလွဲ၍ အခြားသူများအား အကူအညီပေးရန် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိခဲ့ချေ။
“အစ်မကြီး ယောင်ယောင်မှာ နည်းလမ်းရှိလို့လား” ဇူယွမ်မှ အလျင်စလို မေးမြန်းလိုက်လေသည်။
ယောင်ယောင်မှာ ဇူယွမ်၏ဘေးတွင် ထိုင်ကာ ပျင်းရိနေဟန်ဖြင့် စကားဆိုလိုက်၏။
“ခေါင်းဆောင်က လီချင်းချန် မဟုတ်လား။ သူမက ငါ့ဆီမှာ အကြွေးတင်နေသေးတယ်လေ။ အခုချိန်က အကြွေး ပြန်တောင်းဖို့ အချိန်ကောင်းပဲ”
ဇူယွမ်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားကာ စကားဆက်လိုက်သည်။
“အဲဒါက အလုပ်ရော ဖြစ်ပါ့မလား”
ယောင်ယောင်မှာ ဆူပုတ်ပုတ် ဖြစ်နေသော ဇူယွမ့်အား လျစ်လျူရှုလိုက်ပြီး ရှန်ဝမ့်ကျင်းအား ကြည့်၍ ပြောလိုက်၏။
“နှင်းပဒုမ္မာ တောင်ထွတ်ကို သွားပြီး လီချင်းချန်ကို သွားဖိတ်လာခဲ့။ ငါက ဖိတ်လိုက်တာလို့ ပြောလိုက်”
“သခင်မလေး ယောင်ယောင်က အရမ်းမိုက်တာပဲ”
ရှန်ဝမ့်ကျင်းမှ လက်မထောင်ကာ ချီးကျူးလိုက်သည်။ လီချင်းချန်ကဲ့သို့ ရွေးချယ်ခံ တစ်ယောက်အား ဖိတ်ခေါ်နိုင်ရန်မှာ ဇူယွမ်သည်ပင် မလုပ်ဆောင်ရဲသော ကိစ္စ ဖြစ်၏။
အကယ်၍ ဖိတ်ခေါ်ရဲခဲ့လျှင်ပင် လီချင်းချန်မှ ဇူယွမ်ကဲ့သို့သော အဆင့်လောက်အား အလေးထားနေမည် မဟုတ်ပေ။
ရှန်ဝမ့်ကျင်းမှာ ဇူယွမ်အား မနာလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက် လေသည်။ ယွမ်အစ်ကိုလေးက မိန်းကလေးတွေနဲ့ ပက်သတ်ရင် တကယ်ကို တစ်ခုခုပဲ ...
ဇူယွမ်မှာ ရှန်ဝမ့်ကျင်း၏ အကြည့်များအား ချက်ချင်းပင် နားလည်သွားကာ ကျန်ရှိနေသော အကြမ်းရည်ဖြင့် ကောက်ပက်လိုက်၏။ ရှန်ဝမ့်ကျင်းမှာ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ဖြင့် ဇူယွမ်ပက်သော အကြမ်းရည်အား ယိမ်းထိုးကာ ရှောင်ရှား လိုက်ပြီးနောက် ရီကျဲကျဲနှင့် နှင်းပဒုမ္မာ တောင်ထွတ်ဆီသို့ ထွက်ခွာ သွားလေတော့သည်။