← Chapters

ကောင်းကင်အဆင့်တာဝန်

Vol. 29 Ch. 393

ကောင်းကင်အဆင့်တာဝန်

Vol. 29 Ch. 393

ဂူနန်းဆီသို့ လီချင်းချန် ရောက်ရှိလာသော အချိန်တွင် နေပင် အတော်မြင့်နေပြီ ဖြစ်သည်။ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လီချင်းချန်၏ အေးစက်စက်ဖြင့် တင့်တယ်နေသည့် မျက်နှာလေးမှာ အဝေးကပင် မြင်နိုင်လောက်အောင် ထင်ရှားစွာ လှပနေ၏။

လီချင်းချန်မှာ ခရမ်းရောင် ဂူနန်းအား အနည်းငယ်မျှပင် အလေးမထားပုံနှင့် လျှောက်လှမ်း လာခဲ့သည်။ ရွေးချယ်ခံ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော သူမ၏ဂူနန်းမှာ သံသယရှိစရာ မလိုအောင်ပင် ဇူယွမ်ထက် များစွာပို၍ သာလွန်ပေသည်။

ဂူနန်းအတွင်းသို့ လီချင်းချန် ရောက်ရှိ လာသောအခါ ဇူယွမ်နှင့် ယောင်ယောင်တို့ နှစ်ဦး ထိုင်၍ စောင့်နေသည်ကို တွေ့ရှိလိုက်ရ၏။

“နင်တို့ငါနဲ့ ဆွေးနွေးစရာကိစ္စ ရှိလို့လား”

လီချင်းချန်မှ ယောင်ယောင့်အား ကြည့်၍ မေးမြန်းလိုက်သည်။ ယောင်ယောင် ဖိတ်ခေါ်သောကြောင့်သာ လီချင်းချန်မှာ ဤနေရာထိ ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ် ကဲ့သို့သော သူမျိုးမှာ သူမအား ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်နိုင်ရန်အထိ အရည်အချင်း မရှိပေ။ ယောင်ယောင်မှာ တည်ငြိမ်စွာဖြင့်ပင် တုံ့ပြန်လိုက်၏။

“ကလန်က ကောင်းကင်အဆင့် တာဝန်ကို ကြေညာတော့မယ်လို့ ကြားတယ်။ ပြီးတော့ နင်က ခေါင်းဆောင်နေရာ ရထားတယ်ဆို။ အဲဒါကြောင့် တာဝန် လုပ်ဆောင်ရမဲ့ အထဲ ဇူယွမ့်ကိုပါ ခေါ်သွားလိုက်ပါလား။ သူ ကောင်းကင်တံဆိပ်ပြား ရှာဖို့ လိုအပ်နေလို့”

ဇူယွမ်မှာ ယောင်ယောင်၏ တဲ့တိုးဆန်သော စကားများကြောင့် မျက်နှာပင် နီရဲလာခဲ့သည်။ လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် နှုတ်ခမ်းအစုံကို ဖိကိုက်လိုက်ပြီးနောက် စိတ်အလို မကျဟန်ဖြင့် စကားဆိုလိုက်၏။

“ကောင်းကင်အဆင့် တာဝန်ဆိုတာ ကလန်ထဲက တပည့်တိုင်းလိုလို ပါဝင်ချင်တဲ့ အရာပဲ။ အခုတစ်ခေါက်က ငါနဲ့ ကျောင်းဇူ ပြီးရင် လူရှစ်ယောက်စာပဲ ကျန်တော့လို့ တပည့်တွေ အကုန်လုံးက သူ့ထက် ငါအပြိုင်အဆိုင် နေရာရဖို့ ကြိုးစားနေကြတာ။ အဲဒါကို နင်က ငါ့ကိုပုဂ္ဂိုလ်ရေးအရ ဇူယွမ့်ကို ထည့်ပေးဖို့ လာပြောနေတာလား”

ဇူယွမ်မှာ စိတ်ကသိကအောက် ဖြစ်စွာဖြင့် ပြုံးလိုက်ရသည်။ ယောင်ယောင်မှာ သူမ၏ လက်ချောင်းလေးများဖြင့် မေးဖျားကို အသာအယာပွတ်ကာ ခေါင်းတခါခါနှင့် ရေရွတ်လိုက်၏။

“အဲဒါဆို နင်က ငါ့အပေါ် တင်နေတဲ့ အကြွေးကို ပြန်ပေးဖို့ ငြင်းတယ်ပေါ့”

ချက်ချင်းဆိုသလို လီချင်းချန်၏ အေးစက်စက် မျက်နှာလေးမှာ ရဲတွတ်လာပြီးနောက် အလျင်အမြန် ပြန်၍ပြောလိုက်သည်။

“ငါတခြားနည်းလမ်းနဲ့ ပြန်ဆက်လို့ ရတာပဲ မဟုတ်လား”

“ကောင်းကင်အဆင့်တာဝန်ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး။ ငါဇူယွမ်ကို ထည့်ပေးခဲ့ရင်တောင် သူ့မှာ အရည်အချင်း မရှိရင် အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လာလိမ့်မယ်။ ပြီးတော့ ဇူယွမ်က သူများတန်းတူ တာဝန်ကို မလုပ်ဆောင်နိုင်ဘူး ဆိုရင်လည်း ကောင်းကင် တံဆိပ်ပြားကို ရနိုင်မှာ မဟုတ်ဘူး”

ထို့နောက် လီချင်းချန်မှာ ဇူယွမ်အား တစ်ချက်မျှကြည့်၍ စကားဆက်လိုက်၏။

“ဇူယွမ်က ပြီးခဲ့တဲ့ ခရမ်းရောင် ခါးစည်း ရွေးချယ်တဲ့ ပြိုင်ပွဲမှာ ကောင်းကောင်း လုပ်နိုင်ခဲ့တာကို ငါလည်းသိပါတယ်။ ဒါပေမဲ့ ရှုယန်လို မူလစဦး သမ္မတအဆင့် တပည့်တောင်မှ ကောင်းကင်အဆင့် တာဝန်ကို လုပ်ဆောင်ဖို့အတွက် အရည်အချင်း မရှိသေးတာကို နင်တို့သိသင့်တယ်”

လီချင်းချန်၏ ဆိုလိုရင်းမှာ လွန်စွာမှ ရှင်းလင်း နေပေသည်။ ဇူယွမ်မှာ ရှုယန်အား ရင်ဆိုင်နိုင်ရန်ပင် ခက်ခဲစွာ ကြိုးစားခဲ့ရ၏။ ထို့ကြောင့် ရှုယန်ကဲ့သို့သော သူသည်ပင် ကောင်းကင်အဆင့် တာဝန်အား လုပ်ဆောင်ရန် အရည်အချင်း မပြည့်မှီပါက ဇူယွမ်ဆိုလျှင် ပို၍ ဝေးကွာ ပေလိမ့်မည်။

ယောင်ယောင်မှာ ခေါင်းတညိတ်ညိတ်ဖြင့်ပင် ထပ်၍ ရေရွတ် လိုက်လေသည်။

“အဲတော့ ပြောချင်တာက နင်က အကြွေးကို ပြန်မဆပ်ချင်ဘူးပေါ့”

ဘန်း ...

လီချင်းချန်မှာ သူမ၏ရှေ့တွင် ရှိနေသော ကျောက်စားပွဲအား ရိုက်ချလိုက်ကာ အလွန်အမင်း ဒေါသထွက်နေဟန်ဖြင့် အော်ဟစ်လိုက်၏။

“နင့်မှာ တခြားပြောစရာ စကား မရှိတော့ဘူးလား”

ဇူယွမ်မှာ အသာအယာဖြင့် တံထွေးအား မြိုချ လိုက်မိလေသည်။ ကန်ရွှမ်းကလန်ထဲ၌ အေးစက်စက် နိုင်လှသည်ဟု ပြောဆိုကြသော လီချင်းချန်ကိုပင် ယောင်ယောင်မှ ဒေါသထွက်စေ နိုင်ခဲ့သည်။

ယောင်ယောင်မှာ သမ်းဝေလိုက်ရင်းဖြင့် ပျင်းရိစွာ တုံ့ပြန်လိုက်၏။

“ဇူယွမ်က နင့်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေလောက်အောင် အသုံးမကျတဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ နင်က ခေါင်းဆောင်ပဲဟာ ပုဂ္ဂိုလ်ရေးအရ တစ်ယောက်လောက် ရွေးတာက ဖြစ်သင့်တာပဲလေ”

လီချင်းချန်မှ စိတ်တည်ငြိမ် သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ဇူယွမ်က အသုံးကျလား၊ မကျလား ငါလည်းမသိဘူး။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ကလန်ထဲမှာ သူ့ထက်ပိုပြီး အသုံးဝင်မဲ့သူတွေ အများကြီးပဲ”

လီချင်းချန်၏ စကားအား ကြားလိုက်ရသော အခါတွင် ဇူယွမ်မှာ စိတ်မကောင်းဖြစ်သော အသံဖြင့် ရေရွတ်လိုက်၏။

“ပုဂ္ဂိုလ်ရေးတွေ မထိခိုက်ဘဲ စကားကောင်းကောင်း ပြောကြပါလားဟင်”

သို့သော်လည်း သူ့အား မည်သူမှ အဖက်မလုပ်ခဲ့ပေ။ အလှနတ်ဘုရားမလေး နှစ်ဦးမှာ တစ်ဦးကို တစ်ဦးသာ ကြည့်နေခဲ့ကြပြီး ဇူယွမ်အား တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ကြချေ။

လီချင်းချန်မှာ မျက်မှောင်ကျုံ့လျက် ခုံတစ်လုံးပေါ် ထိုင်ချလိုက်သည်။ ယောင်ယောင်မှာ ပုံမှန်အားဖြင့် မည်သည်ကိုမှ တောင်းဆိုလေ့ မရှိသည့်အတွက် ယခုကဲ့သို့ တောင်းဆိုလာသည့် အချိန်တွင်လည်း လွယ်ကူစွာဖြင့် အလျှော့ပေးမည် မဟုတ်မှန်း လီချင်းချန်မှ သိရှိထား၏။

လီချင်းချန်မှာ စိတ်အလိုမကျ ဖြစ်နေဟန်ဖြင့် စကားဆိုလိုက်သည်။

“ဒီလိုတွေ ဖြစ်လာမယ်မှန်း သိရင် ငါနင့်အပေါ် အကြွေးမတင်ခဲ့သင့်ဘူး”

ထို့နောက် လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် သက်ပြင်းချကာ ဆက်၍ပြောလိုက်၏။

“ဇူရှောင်ယို ကောင်းကင် တံဆိပ်ပြားဆိုတာ ကောင်းကင်အဆင့် တာဝန်မှာ ပါဝင်ရရုံနဲ့ မရနိုင်ဘူး ဆိုတာရော နင်သိရဲ့လား”

“ကောင်းကင် တံဆိပ်ပြားကို ရဖို့အတွက်ဆိုရင် အဖွဲ့ထဲမှာပါတဲ့ သူတွေဆီက ထောက်ခံမှုကိုရတဲ့အထိ လုပ်ဆောင်နိုင်မှ ဖြစ်မှာ။ အဲဒီလိုမှ တာဝန်ကို ပြီးမြောက် အောင်မြင်တယ်လို့ ခေါ်တာ။ အကယ်၍ ငါဇူယွမ့်ကို ခေါ်သွားရင်တောင် သူ့ရဲ့ လုပ်ဆောင်ချက်ကို သဘောမကျလို့ အဖွဲ့က လူတွေက အကြီးအကဲတွေဆီ တိုင်တန်းကြမယ်ဆိုရင် ကောင်းကင် တံဆိပ်ပြားကို မရရုံတင် မဟုတ်ဘဲ အပြစ်ဒဏ်ကိုပါ ခံနေရလိမ့်မယ်”

ယောင်ယောင်မှာ သိုလှောင်အိတ်ထဲမှ ဝိုင်တစ်အိုးထုတ်ကာ လီချင်းချန်အား ငှဲ့ပေးရင်း စကားဆိုလိုက်လေသည်။

“တကယ်လို့ တာဝန် လုပ်ဆောင်ချိန်မှာ ဇူယွမ် အသုံးမကျခဲ့ရင် အဲဒါ သူ့ရဲ့အပြစ်ပဲ”

ဇူယွမ်မှာ ယခုမှ ခရမ်းရောင် ခါးစည်းအဆင့်သို့ ရောက်ရှိခါစ တပည့်အသစ်တစ်ဦး ဖြစ်ပါသော်လည်း ယောင်ယောင်၏ စိတ်ထဲတွင်မူ ဝါရင့်ခရမ်းရောင် ခါးစည်း တပည့်များနှင့် များစွာ ကွာခြားနေသည်ဟု မထင်မိပေ။

လီချင်းချန်မှာ ခေတ္တမျှ တွေဝေ နေပြီးနောက်တွင် ခေါင်းညိတ်ပြကာ သဘောတူ လိုက်​တော့၏။

“ကောင်းပြီ ငါသူ့ကို အဖွဲ့ထဲမှာ ထည့်ပေးမယ်။ ဒါပေမဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ဆိုးရွားလို့ တခြားသူတွေက အပြစ်တင်ခဲ့သည် ရှိသော် ငါဘာမှ ကူညီပေးလို့ရမှာ မဟုတ်ဘူးနော်”

“သဘောတူတယ်” ယောင်ယောင်မှ ခွက်ကိုမြှောက်ကာ တုံ့ပြန်လိုက်သည်။

ဇူယွမ်မှ လျင်မြန်စွာပင် စကားဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် စီနီယာ အစ်မတော် လီချင်းချန်”

လီချင်းချန်မှ ဇူယွမ်အား အေးစက်စက်သာ တုံ့ပြန်လိုက်သည်။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ဇူယွမ်မှာ ထူးချွန် ပြောင်မြောက်စွာ လုပ်ဆောင်နိုင်ခဲ့ ပါသော်လည်း သူမ၏ အမြင်တွင်မူ ဇူယွမ်မှာ ယောင်ယောင်နှင့် နှိုင်းယှဥ်နိုင်ရန် များစွာ လိုအပ်နေသေး၏။

နှင်းပဒုမ္မာတောင်ထွတ် ဆရာသခင်မ လျို့လျန်းယီပြီးလျှင် ကန်ရွှမ်း ကလန်ထဲ၌ လီချင်းချန် အလေးစားဆုံးသော အမျိုးသမီးမှာ ယောင်ယောင် ဖြစ်​ပေသည်။ ယောင်ယောင်မှာ အလိုရှိမည်ဆိုလျှင် ကန်ရွှမ်းကလန်ထဲ၌ သူမထက်ပင် ပို၍ အရေးပါနိုင် လောက်အောင် အရည်အချင်းရှိသူ ဖြစ်သော်လည်း ယောင်ယောင်မှာ ဇူယွမ်နှင့်အတူ နေထိုင်ခြင်းထက် မည်သည့်အရာကိုမှ စိတ်ဝင်စားပုံ မရချေ။

ထိုအကြောင်းအရာက လီချင်းချန်အား စိတ်ရှုပ်ထွေးစေခဲ့၏။ ယောင်ယောင်မှာ အလွန်ပင် ထူးချွန်သူတစ်ဦး ဖြစ်သော်လည်း ဇူယွမ့်ထံ၌သာ ကပ်တွယ်နေခဲ့သည်။ ထို့အပြင် ဇူယွမ်အား ကောင်းကင်အဆင့် တာဝန်၌ ပါဝင်နိုင်စေရန် သူမထံသို့ပင် ဆက်သွယ် ပေးခဲ့သေး၏။

“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ လာမဲ့ ကောင်းကင်အဆင့် တာဝန်မှာသာ ကောင်းအောင်လုပ်နိုင်ဖို့ ကြိုးစား။ နင့်လုပ်ဆောင်ချက်တွေက ဆိုးရွားနေရင် နောက်ဆုံး နင်ပဲ အရှက်ကွဲရမှာ”

ဇူယွမ်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။

“စီနီယာအစ်မတော် လီချင်းချန် … တာဝန်နဲ့ ပက်သတ်ပြီး ကျွန်တော့်ကို နည်းနည်းလောက် ​ပြောပြလို့ ရမလား”

လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် ပြန်၍ပြောလိုက်၏။

“တာဝန်ကို ငါနဲ့ ဓားကပ်ဘေး တောင်ထွတ်က ကျောင်းဇူနဲ့ ဦးဆောင်ကြမှာ။ ငါက ခေါင်းဆောင် သူက ဒုခေါင်းဆောင်ပဲ”

“တာဝန်မှာ လုပ်ဆောင်ဖို့ လူဆယ်ယောက် လိုအပ်တယ်။ ငါနဲ့ ကျောင်းဇူအပါအဝင် တခြားတောင်ထွတ်က ထူးချွန်တဲ့ ခရမ်းရောင်ခါးစည်း တပည့်တွေ ပါဝင်ကြလိမ့်မယ်”

“အသေးစိတ်ကတော့ ငါတို့က ရှန်ဇူတိုက်ကြီးထဲက မဟူရာမီးတောက် စီရင်စုကို သွားကြရမှာ။ အဲဒီမှာ နှစ်ထောင်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ မီးတောင်တစ်ခုက အခုပြန်ပြီး ပေါက်ကွဲလာခဲ့တယ်။ ပြီးတော့ အဲမီးတောင်ထဲမှာ မီးလျှံ အဆီအနှစ် သွေးကြောတွေ ရှိနေမယ်လို့ ယုံကြည်ထားကြတယ်”

“မီးလျှံ အဆီအနှစ်တွေက အရမ်းတန်ဖိုးရှိပြီးတော့ မီးလျှံအမျိုးအစား ချီစွမ်းအင်တွေရဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်တယ်”

“ငါတို့ကလန်က အဲဒါကို အဆင့်ခြောက် မူလ သွေးကြောအဖြစ် သတ်မှတ်ထားတယ်”

ဇူယွမ်မှာ မျက်ဝန်းများပင် ပြူးကျယ် သွားခဲ့ရလေသည်။ ကန်ရွှမ်းကလန်နှင့် သက်ဆိုင်သော အဆီအနှစ် သွေးကြောများအား အဆင့်တစ်မှကိုးအထိ ခွဲခြား သတ်မှတ်လေ့ရှိပြီး အဆင့်တစ်မှာ အနိမ့်ဆုံးဖြစ်ကာ အဆင့်ကိုးမှာ အမြင့်ဆုံး ဖြစ်၏။ ပြောရမည်ဆိုလျှင် အဆင့်ခုနစ် သွေးကြောသည်ပင် အလွန်တန်ဖိုးကြီးလှပြီး သေးငယ်သော စစ်ပွဲများကို ဖြစ်ပေါ်စေရန် လှုံ့ဆော်နိုင်နေပြီပင် ဖြစ်သည်။

ထိုမျှလောက် တန်ဖိုးကြီးသော အဆင့်ခြောက် မူလသွေးကြောအတွက် စေလွှတ်ခြင်းမှာ ကောင်းကင်အဆင့် တာဝန်သည် မည်မျှ ခက်ခဲကြောင်း ထင်ရှားနေ၏။

“ဒီမီးလျှံ အဆီအနှစ် သွေးကြောက ဘယ်ကလန်ကမှ ပိုင်ဆိုင်တဲ့အရာ မဟုတ်လို့ ဘယ်သူက ရနိုင်မလဲဆိုတာ ပြောဖို့ ခက်သေးတယ်။ အဲဒီ သွေးကြော ထွက်လာပြီဆိုတဲ့ သတင်း ထွက်ပြီးပြီးချင်းပဲ မြင့်မြတ်သော နန်းတော်၊ မြောက်ပိုင်းနဂါးပင်လယ် ခန်းမနဲ့ အလှပန်းတစ်ရာ နန်းတော်တို့ကလည်း ဒီကိစ္စကို စိတ်ဝင်စားနေတယ်လို့ ငါကြားခဲ့တယ်။ ပြီးတော့ မဟူရာမီးတောက် စီရင်စုထဲမှာလည်း ဒီသွေးကြောကို စိတ်ဝင်စားနေတဲ့ အုပ်စုငယ်လေးတွေ ရှိနေသေးတယ်တဲ့။ သူတို့တွေက ကလန်ကြီး ခြောက်ခုလောက် အင်အားမကြီးပေမဲ့လည်း လျှော့တွက်ထားလို့တော့ မရဘူး”

“အုပ်စုအကုန်လုံးက အကြီးအကဲတွေက ဒီကိစ္စကို ဆွေးနွေး ခဲ့ကြပြီးတော့ နောက်ဆုံးမှာ မဟူရာမီးတောက် စီရင်စုဆီ တပည့်တွေကို စေလွှတ်ပြီး သွေးကြောကို ခွဲပြီးရယူကြဖို့ ညှိနှိုင်းခဲ့တယ်”

“အဲဒီတော့ ငါတို့ရဲ့ ကောင်းကင်အဆင့် တာဝန်က ကန်ရွှမ်းကလန်ကို ကိုယ်စားပြုပြီး မီးလျှံအဆီအနှစ် သွေးကြောကို ရရှိအောင် တိုက်ခိုက်ဖို့ပဲ”

ဇူယွမ်၏ မျက်ဝန်းများမှာ အနည်းငယ် ကျဥ်းမြောင်း သွားခဲ့ရ၏။ ကောင်းကင်အဆင့် တာဝန်တစ်ခု၌ အခြားသော ကလန်ကြီးသုံးခု ဖြစ်သော မြင့်မြတ်သော နန်းတော်၊ မြောက်ပိုင်း နဂါးပင်လယ်ခန်းမနှင့် အလှပန်းတစ်ရာ နန်းတော်တို့နှင့် ပက်သတ် ယှဥ်ပြိုင် ရလိမ့်မည်ဟု ဇူယွမ်မှ တွေးပင်မထားခဲ့ဖူးချေ။ ကောင်းကင်အဆင့် တာဝန်မှာ ဇူယွမ် ခန့်မှန်း ထားသည်ထက် ပို၍ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်နေပေသည်။

လီချင်းချန်မှ ဇူယွမ်အား လေးနက်စွာကြည့်၍ စကားဆိုလိုက်၏။

“ဒီတစ်ခေါက် တာဝန်က အရမ်းအရေးကြီးတယ်။ ဖြစ်နိုင်မယ်ဆိုရင် နင်မပါပါနဲ့လား”

လီချင်းချန်မှာ ဇူယွမ်သည် ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်လာလိမ့်မည်ဟု ခံစားနေရသည်မှာ ထင်ရှားပေသည်။

ဇူယွမ်မှာ လီချင်းချန်း၏ ဆိုလိုရင်းအား ကောင်းစွာ သဘောပေါက် ပါသော်လည်း ကောင်းကင် တံဆိပ်ပြားကို အမှန်တကယ် လိုအပ်နေရခြင်း ဖြစ်သဖြင့် ခါးသက်စွာ ရီမောလိုက်ရုံမျှလွဲ၍ မတက်နိုင်ခဲ့ပေ။

ထို့နောက် ဇူယွမ်မှ လေးလေးနက်နက်ဖြင့် စကားဆိုလိုက်၏။

“စီနီယာအစ်မတော် ချင်းချန် ကျွန်တော်က အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေရပါဘူး”

လီချင်းချန်မှ ဇူယွမ်၏ ကတိစကားအား ဂရုစိုက်ပုံပင်မရဘဲ လက်အား ဝေ့ယမ်းပြကာ မတ်တတ် ရပ်လိုက်ပြီးနောက် ဂူနန်းအပြင်ဖက်သို့ ထွက်ခွာ သွားလေတော့သည်။

“ငါတို့ ငါးရက်အတွင်း မဟူရာမီးတောက် စီရင်စုကို သွားရလိမ့်မယ်”

“နင်သာ တကယ် တာဝန်မှာ ပါဝင်ချင်တယ်ဆို ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်နဲ့နော်။ ငါက အကြီးအကဲတွေကို အမှန်တိုင်းပဲ တင်ပြမှာ။ နင့်လုပ်ဆောင်ချက်တွေက ဆိုးရွားနေရင် ကောင်းကင် တံဆိပ်ပြားကို ရနိုင်မှာ မဟုတ်ဘူး”

All Chapters