ဆန္ဒပြခြင်း
Vol. 29 Ch. 394
ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်သို့ လျင်မြန်စွာ တက်ရောက် နိုင်ခဲ့ပြီးနောက် ချီစွမ်းအင်များကို တည်ငြိမ်စေရန် ရက်အနည်းငယ်မျှ ကြာသည့်တိုင်အောင် ဂူနန်းထဲ၌ နေထိုင်ခဲ့ရသည်။ လီချင်းချန် ပြောခဲ့သည့်အတိုင်းပင် ကောင်းကင်အဆင့် တာဝန်ဆိုသည်မှာ လွန်စွာ အရေးကြီး လှသည့်အတွက် ဇူယွမ်မှာ စွမ်းအင်များကို တိုးမြှင့်ထားနိုင်ရန် အပတ်တကုတ် ကြိုးစားလျက်ရှိ၏။
ကြိုတင်တွက်ဆ ထားသည့်အတိုင်း ဤရက်ပိုင်းအတွင်းပင် ကလန်ထဲ၌ ကောင်းကင်အဆင့် တာဝန်အား တရားဝင်ကြေညာခဲ့ပြီး တပည့်ပေါင်းများစွာမှ နေရာရရှိနိုင်ရန် သူ့ထက်ငါ ပြိုင်ဆိုင် ကြလေတော့သည်။
ကောင်းကင်အဆင့် တာဝန်အား ပြီးမြောက်သွားသည့် အချိန်တွင် ကလန်မှ ပေးအပ်လေ့ရှိသော ကောင်းကင် တံဆိပ်ပြားမှာ အလွန် တန်ဖိုးကြီးလှပြီး ရွေးချယ်ခံ တပည့်များပင် လိုချင်တပ်မက်ရသော အရာ ဖြစ်၏။
ထို့ကြောင့် ကောင်းကင်အဆင့် တာဝန်တစ်ခု ပေါ်ပေါက်လာတိုင်း ကလန်ထဲရှိ ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များမှ အလုအယက် ရယူကြရပေသည်။ ကောင်းကင်အဆင့် လုပ်ငန်း တာဝန်တိုင်းသည် အန္တရာယ် များပြားကာ ခက်ခဲလှသော စိန်ခေါ်မှုများ ဖြစ်လေ့ ရှိသော်လည်း တာဝန်ပြီးဆုံးချိန်၌ ပေးအပ်လေ့ရှိသော ကောင်းကင် တံဆိပ်ပြားမှာ တန်ဖိုးကြီးလွန်း သောကြောင့် မည်သူကမှ ငြင်းဆန်နိုင်ခြင်း မရှိပေ။
ဤတစ်ကြိမ်တွင်လည်း မဟူရာမီးတောက် စီရင်စုအား သွားရောက် လုပ်ဆောင်ရမည့် ကောင်းကင်အဆင့် တာဝန်ကို ကြေညာပြီးသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်ခါးစည်း တပည့်များကြား၌ ပြင်းထန်လှသော တိုက်ပွဲများစွာ ဖြစ်ပေါ်လာခဲ့တော့သည်။
ကလန်ထဲ၌ ခရမ်းရောင်ခါးစည်း တပည့်များစွာ ရှိသော်လည်း ကောင်းကင်အဆင့် တာဝန်၌ လူဦးရေ ဆယ်ယောက်သာ ပါဝင်ခွင့်ရှိသည့်အပြင် ဦးဆောင်သူအဖြစ် ရွေးချယ်ခြင်း ခံထားရသော လီချင်းချန်နှင့် ကျောင်းဇူတို့မှ နေရာနှစ်နေရာအား ရယူထားပြီး ဖြစ်၏။ ထို့ကြောင့် ကျန်ရှိသော ရှစ်နေရာစာအတွက် တပည့်များမှာ ပို၍ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသည်။
ထိုသို့ ကောင်းကင်အဆင့် တာဝန်တွင် ပါဝင်နိုင်ရန် ကလန်ထဲမှ ခရမ်းရောင်ခါးစည်း တပည့်များစွာ တိုက်ခိုက် နေကြရသော်လည်း ဇူယွမ်မှာမူ ယောင်ယောင်၏ ကျေးဇူးနှင့် နေရာတစ်ခု ရရှိနိုင်ခဲ့သည့်အတွက် ဂူနန်းအတွင်း၌သာ နေထိုင်ပြီး ကျင့်ကြံမှုကို အာရုံစိုက်နိုင်ခဲ့၏။ ဤသို့နှင့် အချိန်ငါးရက်မှာ လျင်မြန်စွာ ကုန်လွန်လာခဲ့သည်။
ဂူနန်းအတွင်း၌ …
ဇူယွမ်မှာ ကျောက်ဖျာချပ် တစ်ခုပေါ်တွင် ထိုင်နေလျက်ရှိကာ အရှေ့တွင် အစိမ်းရောင်သစ်သား အပိုင်းအစများ ပျံ့ကြဲနေလျက် ရှိ၏။ သစ်သားတုံးငယ်များမှာ အရွယ်အစားများနှင့် ပုံစံများအမျိုးမျိုး ကွဲထွက်နေကြပြီး ရိမူချီများနှင့် ပြည့်နှက်နေသော ရှေးဟောင်း သစ်သား အပိုင်းအစများပင် ဖြစ်သည်။
ဇူယွမ်မှာ ထိုက်ရိသစ်စိမ်းပင် အမှတ်အသားအား ကျင့်ကြံနိုင်ရန် တောက်ပသော ရတနာခန်းမ၌ ငွေအမြောက်အမြား သုံးစွဲကာ ရှေးဟောင်းသစ်သား ဒြပ်စင်များကို ဝယ်ယူခဲ့ရ၏။
“ပထမဆုံး အဆင့်က ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ထိုက်ရိ အမှတ်အသား တစ်ခုကို ဖန်တီးနိုင်ဖို့ပဲ။ အဲဒီလို လုပ်နိုင်ဖို့က ရိမူချီတွေကို စုပ်ယူမှရမှာ”
ထိုက်ရိ အမှတ်အသားအား ဖန်တီးနိုင်ရန် ရှေးဟောင်းသစ်သား ဒြပ်စင်မှ ရိမူချီများကို လိုအပ်ပေသည်။ ဇူယွမ်မှာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ ရှေ့၌ရှိနေသော သစ်သားဒြပ်စင်များကို ချီစွမ်းအင်များနှင့် လွှမ်းခြုံ ထားလိုက်၏။ ထို့နောက် သစ်သားဒြပ်စင်များဆီမှ စိမ်းနုရောင် စွမ်းအင်များ ထွက်ပေါ်လာကာ ဇူယွမ်၏ နှာခေါင်းမှတဆင့် အသွေးအသားများဆီသို့ စီးဝင် သွားလေတော့သည်။
ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အသက်စွမ်းအင်များနှင့် ပြည့်နှက်နေသည့် စိမ်းနုရောင် စွမ်းအင်များကို ဇူယွမ်မှာ စိတ်ဝိဉာဥ်ဖြင့် အလျင်အမြန် ထိန်းချုပ်လိုက်၏။ ဇူယွမ်သည် ချီစွမ်းအင်များအား ခန္ဓာကိုယ်ထဲ၌ ဖြည်းညင်းစွာ စီးဆင်းစေကာ အသွေးအသားများနှင့် ပေါင်းစည်း၍ သေးငယ်ရှုပ်ထွေးသော အမှတ်အသားများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုက်ရိအမှတ်အသား ရေးဆွဲရခြင်းမှာ အလွန်ရှုပ်ထွေးလှ၏။ အမှတ်အသားများကို အသွေးအသားနှင့် ပေါင်းစည်းစေကာ ခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးအုပ်ထားရန် လိုအပ်သည့်အပြင် သေးငယ်သော အမှားတစ်ခုမျှပင် ဖြစ်၍မရပေ။
ထို့ကြောင့် ဇူယွမ်မှာ သေချာဂရုစိုက်ဖြင့် စိတ်နှစ်ကာ လုပ်ဆောင်နေခဲ့ပြီး အချိန်လေးနာရီမျှ ကြာပြီးနောက်တွင် မျက်လုံးများ ပြန်လည် ပွင့်ဟလာခဲ့သည်။ ဇူယွမ်၏ လက်မောင်း၌ ခပ်မှိန်မှိန် အမှတ်အသားတစ်ခု ပေါ်ပေါက်လာကာ ဖြည်းညင်းစွာဖြင့် ပြန်လည် ပျောက်ကွယ်သွား၏။
“ခုနစ်ရက်လုံး အပြင်းအထန် ကြိုးစားတာတောင် တစ်ရာခိုင်နှုန်းပဲ ပြီးသေးတယ်” ဇူယွမ်မှ ခါးသက်စွာ ရီမော ပစ်လိုက်သည်။ ဤရက်ပိုင်းအတွင်း ထိုက်ရိအမှတ်အသား ဖန်တီးခြင်း၌သာ စိတ်နှစ်၍ လုပ်ဆောင် နေခဲ့ပါသော်လည်း တိုးတက်မှု အနည်းငယ်မျှသာ ရှိခဲ့၏။ ဤနှုန်းအတိုင်းသာ ဆိုလျှင် ထိုက်ရိ အမှတ်အသားအား ခန္ဓာကိုယ် တစ်ခုလုံး၌ ဖန်တီးနိုင်ရန် အတော်ပင် အချိန်ယူရပေလိမ့်မည်။ အရေးကြီးဆုံး အချက်မှာ ဇူယွမ့်ထံ၌ ရိမူချီ အနည်းငယ်မျှသာ ရှိနေခြင်းဖြစ်သည်။
ဇူယွမ်မှာ ရိမူချီများ ကုန်ဆုံးသွား၍ ပြာမှုန့်အဖြစ်သို့ စတင်ကူးပြောင်း နေသော သစ်သား အပိုင်းအစများကို ငေးမောကြည့်ရှု လိုက်မိ၏။ ဤရှေးဟောင်းသစ်သား ဒြပ်စင်များမှာ ရာစုနှစ် အနည်းငယ်စာမျှ သက်တမ်းသာ ရှိသေးသဖြင့် ရိမူချီအများအပြား မပါဝင်ခဲ့ပေ။ သို့သော်လည်း တောက်ပသော ရတနာခန်းမ၌ ထောင်စုနှစ် သက်တမ်းရှိသော ရှေးဟောင်းသစ်သား ဒြပ်စင်အား ရရှိနိုင်ရန်မှာ ခက်ခဲလှပေသည်။ ဇူယွမ်မှာ သက်ပြင်းချကာ အင်္ကျီလက်မောင်းအိုးကို ဝေ့ယမ်းလိုက်ရင်း ပြာမှုန်များအား ဖယ်ရှားလိုက်၏။
“အမ် ... ”
ဇူယွမ်မှာ ဂူနန်းအပေါက်ဝ၌ တစ်စုံတစ်ယောက် ရှိနေသည်အား အာရုံခံမိသောကြောင့် ဒြပ်မဲ့သဏ္ဍာန်သို့ ပြောင်း၍ လျင်မြန်စွာ ထွက်ကြည့်လိုက်သော အခါတွင် ဂူနန်းဝ၌ ရှန်ဝမ့်ကျင်းမှာ ချွေးတရွှဲရွှဲဖြင့် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
“ယွမ်အစ်ကိုလေး လေ့ကျင့်နေတာ ပြီးသွားပြီလား” ဇူယွမ့်အား မြင်လိုက်ရသောအခါ ရှန်ဝမ့်ကျင်းမှ အားရဝမ်းသာစွာဖြင့် မေးမြန်းလိုက်၏။ ဇူယွမ်မှာ ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။
“ဘာကိစ္စရှိလို့လဲ”
ရှန်ဝမ့်ကျင်း၏ပုံစံမှာ အတော်ပင် အလောကြီးနေဟန် ရှိကာ လေးနက်သော အမူအရာဖြင့် တိုးညှင်းစွာ စကားဆိုလိုက်၏။
“မနက်ဖြန်က ကောင်းကင်အဆင့် တာဝန်အတွက် ထွက်ခွာရမဲ့နေ့ပဲ။ အဲဒါကြောင့် ဒီနေ့က အဖွဲ့ဝင်တွေကို တရားဝင် သတ်မှတ်တော့မှာ”
“ဒီရက်ပိုင်းအတွင်း ခရမ်းရောင်ခါးစည်း တပည့်တွေကြားမှာ တိုက်ပွဲတွေ တော်တော် ဖြစ်ခဲ့တယ်”
“အဖွဲ့ဝင်တွေကို သတ်မှတ်ပြီးပြီလို့ ကြားတယ်။ အဖွဲ့ထဲ အစ်ကိုလေး ပါတယ် ဆိုတာကိုလည်း သိသွားကြပြီ”
ရှန်ဝမ့်ကျင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆက်လိုက်သည်။
“ကျွန်တော်ကြားကတော့ တော်တော်များများက လက်မခံကြဘူးတဲ့”
ဇူယွမ်မှာ ယခုမှ ခရမ်းရောင် ခါးစည်းအဆင့်သို့ ရောက်ရှိခါစ တပည့်အသစ် တစ်ဦးသာ ဖြစ်သောကြောင့် ဝါရင့်ခရမ်းရောင် ခါးစည်း တပည့်များမှ လက်မခံနိုင်ကြခြင်းအား မအံ့သြမိပေ။
ဝါရင့်ခရမ်းရောင် ခါးစည်း တပည့်များသည်ပင် ကောင်းကင့်အဆင့် တာဝန်တွင် ပါဝင်ရန် ခက်ခဲနေသော အချိန်၌ ဇူယွမ်ကဲ့သို့ တပည့်အသစ်လေးမှ လွယ်ကူစွာ နေရာ ရနိုင်ခဲ့ခြင်းအား ဆိုးဆိုးရွားရွား တုံ့ပြန်ကြလိမ့်မည်မှာ ပုံမှန်ပင်ဖြစ်၏။
“စီနီယာ အစ်မတော် လီချင်းချန်က ဒီကိစ္စကို မဖြေရှင်းဘူးလား” ဇူယွမ်မှ မေးမြန်းလိုက်သည်။
လီချင်းချန်မှာ ကောင်းကင်အဆင့် တာဝန်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အတွက် အဖွဲ့ထဲသို့ ပုဂ္ဂိုလ်ရေးအရ တစ်ဦးစ နှစ်ဦးစ ထည့်ခွင့်ရှိသင့်၏။
ရှန်ဝမ့်ကျင်းမှာ ခါးသက်စွာ ရီမောရင်း စကားဆိုလိုက်လေသည်။
“စီနီယာ အစ်မတော် လီချင်းချန်က ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုစားပေမယ့် ဓားကပ်ဘေး တောင်ထွတ်က ကျောင်းဇူက ဒုခေါင်းဆောင်အနေနဲ့ အပြင်းအထန် ကန့်ကွက်နေတာ”
“ဒါ့အပြင် ကျောင်းဇူကလည်း ရွေးချယ်ခံထဲက တစ်ယောက်ဆိုတော့ အစ်မတော် လီချင်းချန်ကို ကန့်ကွက်နိုင်တဲ့ အင်အားရှိနေတယ်။ အခုဆို သူ့ကို လူတော်တော်များများက ထောက်ခံနေကြပြီ”
“ကျောင်းဇူက အစ်ကိုလေးကို အဖွဲ့ထဲမှာ မပါစေချင်တဲ့ပုံပဲ”
ဇူယွမ်၏ မျက်ဝန်းအစုံမှာ ကျဥ်းမြောင်း သွားခဲ့ရသည်။ ဒီတစ်ခါလည်း ထပ်ပြီးတော့ ကျောင်းဇူပဲလား ...
“ပုံမှန်ဆိုရင် အဖွဲ့ဝင်တွေကို ခေါင်းဆောင် နှစ်ယောက်ရဲ့ ထောက်ခံချက်နဲ့ ဆုံးဖြတ်ကြတာ။ အခုက ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တို့ အဆင်မပြေကြတော့ ဘယ်လိုတွေ ဖြစ်လာမလဲ မသိသေးဘူး”
ရှန်ဝမ့်ကျင်းမှ ဇူယွမ့်အားကြည့်၍ ဆက်၍ပြောလိုက်၏။
“အခု စီနီယာ အစ်မတော်လီက အစ်ကိုလေးကို မစ်ရှင်ခန်းမကို လာခဲ့ဖို့ ကျွန်တော့ကို ပြောခိုင်းလိုက်တယ်”
ယခုအချိန်တွင် မစ်ရှင်ခန်းမ၌ ဝါရင့်ခရမ်းရောင် ခါးစည်း တပည့် တော်တော်များများပါ ရောက်ရှိနေကြချိန် ဖြစ်သဖြင့် ရှန်ဝမ့်ကျင်းမှာ ဇူယွမ်အတွက် စိတ်ပူနေမိသည်။ ရှန်ဝမ့်ကျင်းမှ ဖြည်းညင်းစွာဖြင့် စကားဆိုလိုက်၏။
“ယွမ်အစ်ကိုလေး စီနီယာ အစ်မတော်လီက အစ်ကိုလေးကို ကာကွယ်ဖို့ အတက်နိုင်ဆုံး ကြိုးစားမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျောင်းဇူက အပြင်းအထန် ဆန့်ကျင်နေတဲ့အတွက် အစ်ကိုလေးက နဂါးမှန်း သိအောင်တော့ အမောက်ထောင်ပြ လိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ်”
ဇူယွမ်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ခေါင်းညိတ် ပြလိုက်သည်။
“ငါနားလည်ပြီ”
လီချင်းချန်မှာ သူ၏ အရည်အချင်းအား ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် ခေါ်ဆိုခြင်း ဖြစ်ပေလိမ့်မည်။ ဇူယွမ်သာ မစ်ရှင်ခန်းမ၌ အရည်အချင်း ရှိကြောင်းကို ပြသနိုင်ခဲ့ပါက လီချင်းချန်မှာ သူ့အတွက် တိုက်ခိုက် ပြောဆိုပေးရန် ပို၍ လွယ်ကူသွားမည် ဖြစ်၏။
“သွားရအောင်”
ဇူယွမ်မှာ မြေပြင်အား ဆောင့်နင်းချလိုက်ပြီး ချီတိမ်တိုက်တစ်ခု ဖန်တီးကာ ကောင်းကင်ထက်သို့ ပျံသန်း သွားလေတော့သည်။
မင်းတို့က ငါ့နေရာကို လိုချင်တယ်ပေါ့လေ ... ... .
ငါ့ကို လွယ်လွယ်ကူကူနဲ့ ဖယ်ထုတ်လို့ ရလိမ့်မယ်လို့ ထင်လို့လား ...