← Chapters

အငြင်းပွားကြခြင်း

Vol. 29 Ch. 395

အငြင်းပွားကြခြင်း

Vol. 29 Ch. 395

မစ်ရှင်ခန်းမမှာ ကန်ရွှမ်းကလန်၏ အနောက်တောင်ဖက်တွင် တည်ရှိ၍ ကြီးကျယ် ခမ်းနားလှပြီး မြူခိုးများ ရစ်သိုင်းနေသော တောင်ထွတ် တစ်ခုပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်ကာ ကျောက်တုံး လှေကားများဖြင့် ဝန်းရံထား​ပေသည်။

မစ်ရှင်ခန်းမမှာ ကန်ရွှမ်းကလန််ထဲ၌ အလွန်ကျော်ကြားကာ နေ့စဥ်နှင့်အမျှ တပည့်များမှ လုပ်ငန်းတာဝန်များ လာရောက် ယူဆောင်လေ့ရှိသော နေရာတစ်ခုပင် ဖြစ်၏။

ယခုအချိန်တွင်တော့ မစ်ရှင်ခန်းမမှာ အနည်းငယ် ရုန်းရင်းဆန်ခတ် အနေအထား၌ ရှိနေလေသည်။ သက်ဆိုင်ရာ တောင်ထွတ်များမှ ဝါရင့်ခရမ်းရောင် ခါးစည်း တပည့်များမှာ ဤနေရာတွင် စုစည်းခဲ့ကြပြီး မနက်ဖြန်၌ စတင်ကြမည် ဖြစ်သော မဟူရာမီးတောက် စီရင်စုကို သွားရောက်ရမည့် ကောင်းကင်အဆင့် တာဝန်အား ပါဝင်ခွင့်ရရန် ငြင်းခုံတိုက်ခိုက် နေကြလျက် ရှိ၏။

“ဒီတစ်ခေါက် ကောင်းကင်အဆင့် တာဝန်နဲ့ပက်သတ်ပြီး လူရွေးချယ်တာက လုံးဝမမျှတဘူးနော်။ ကျန်တဲ့သူတွေကို ငါမပြောပါဘူး။ ဒါပေမဲ့ ဇူယွမ်က အခုမှ ခရမ်းရောင်ခါးစည်း တပည့်ဖြစ်ခါစပဲ ရှိသေးတာကို ကောင်းကင်အဆင့် တာဝန်ကို လုပ်ဆောင်ဖို့ ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ”

“အမှန်ပဲ … ဇူယွမ်က အရည်အချင်းရှိတယ် ဆိုရင်တောင် အတွေ့အကြုံမှ မရှိသေးတာ။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေမှ ကောင်းကင်အဆင့် တာဝန်မှာ ပါဝင်သင့်တယ်”

“အဟက် ... ငါကြားတာတော့ ဇူယွမ်ကို အဖွဲ့ထဲ ထည့်ပေးခဲ့တာ စီနီယာ အစ်မတော် လီချင်းချန်တဲ့။ အစ်မတော်က မျက်စိကျလောက်အောင် သူကဘာ​တွေ ထူးခြားနေလို့လဲဆိုတာ သိချင်လိုက်တာ”

“ပေါက်ကရတွေ လျှောက်တွေး မနေကြနဲ့။ စီနီယာအစ်မတော် လီချင်းချန်ရဲ့ အဆင့်အတန်းနဲ့ ဇူယွမ်လို ကောင်မျိုးကို စိတ်ဝင်စားစရာလား။ ဒီကိစ္စ နောက်ကွယ်မှာ တခြားအကြောင်း တစ်ခုခု ရှိကိုရှိရမယ်”

“...”

မစ်ရှင်ခန်းမ တစ်ခုလုံး၌ ဇူယွမ်မှ ရေခဲဘုရင်မ လီချင်းချန်၏ ထောက်ခံမှုကို ရရှိခဲ့သည်ဆိုသော ဝေဖန် ဆွေးနွေးသံများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ကလန်ထဲရှိ ယောက်ျားလေး တပည့်အများစုမှာ လီချင်းချန်၏ အမာခံပရိသတ်များ ဖြစ်ကြသဖြင့် သူတို့အားလုံး လေးစားချစ်ခင်ရသော အလှဘုရင်မလေးမှာ ဇူယွမ်အတွက် အတိုက်အခံ ပြုလုပ်ပေးနေသည်ကို သိရှိရသော အခါတွင် အလွန်ပင် မခံမရပ်နိုင် ဖြစ်ခဲ့ကြရ၏။

တောင်ထွတ်ပေါ်ရှိ ခန်းမအသေးစား တစ်ခု အတွင်း၌ …

ခန်းမထဲတွင် လူဆယ်ဦးရှိနေပြီး ထိပ်ဆုံးနေရာတွင် ရှိနေသူမှာ အေးစက်စက် အမူအရာနှင့် လီချင်းချန်ဖြစ်ကာ သူမ၏ဘေးတွင် ရှိနေသော လူငယ်မှာ ရှည်လျား ကျဥ်းမြောင်းသော မျက်ဝန်းများနှင့် ပိန်သွယ်သော ခန္ဓာကိုယ်ရှိကာ ဓားတစ်လက်အား ခါး၌ ချိတ်ဆွဲထားလေသည်။

ထိုလူငယ်ထံမှ ပြင်းထန် ထက်ရှလှသော ချီစွမ်းအင် ဖိအားများ ထွက်ပေါ်နေလျက်ရှိပြီး ခန်းမတစ်ခုလုံး၌ပင် ဓားအော်သံ သဲ့သဲ့မျှ ထွက်ပေါ်နေသယောင် ရှိ၏။

ထိုလူငယ်လေးမှာ ဓားကပ်ဘေး တောင်ထွတ်မှ ဒုတိယမြောက် အရွေးချယ်ခံ တပည့်ဖြစ်သော ကျောင်းဇူပင် ဖြစ်သည်။ သူတို့နှစ်ဦး၏ အနောက်တွင် ထိုင်နေလျက်ရှိသော လူငယ်များမှာလည်း သက်ဆိုင်ရာ တောင်ထွတ်များမှ ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များဖြစ်ကာ ထူးကဲလှသော အရှိန်အဝါများ ထွက်ပေါ်နေလျက်ရှိ၏။ ယခု ခန်းမအတွင်း၌ ရှိနေသော လူငယ်များနှင့် နှိုင်းယှဥ်ရမည် ဆိုပါလျှင် ရှုယန်သည်ပင် များစွာအားနည်း နေပေလိမ့်မည်။

“အဟား ... စီနီယာ အစ်မတော်လီ … ဒီတစ်ခါတာဝန်က အရမ်း အရေးကြီးတယ်နော်။ ကျွန်တော်တို့ မဟူရာမီးတောက် စီရင်စုမှာ မြင့်မြတ်သော နန်းတော်၊ မြောက်ပိုင်းနဂါး ပင်လယ်ခန်းမနဲ့ အလှပန်းတစ်ရာ နန်းတော်တို့နဲ့ ဆန့်ကျင် တိုက်ခိုက်ကြရမှာ။ အဲကလန်တွေကလည်း အထူးချွန်ဆုံး တပည့်တွေကိုပဲ စေလွှတ်ကြမှာဆိုတော့ ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲတဲ့ စိန်ခေါ်မှုကြီးပဲ”

ထို့နောက် ကျောင်းဇူမှ ညင်သာစွာပြုံးကာ ဆက်၍ စကား ဆိုလိုက်သည်။

“အဲဒါကိုတောင် အစ်မတော်က ဇူယွမ့်ကို အဖွဲ့ထဲ ပါသင့်တယ်လို့ ဆက်ပြောနေတာဆိုတော့ အမတော်က ကလန်ကပေးတဲ့ တာဝန်ကို ပေါ့ပေါ့လေးလို့ တွေးနေတာလား”

ခန်းမအတွင်း ရှိနေ​သော တပည့်များမှာ ကျောင်းဇူ၏ စကားအား ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။

လီချင်းချန်မှာ အေးစက်စက် အမူအရာဖြင့်ပင် တည်ငြိမ်စွာ ပြန်၍ပြောလိုက်သည်။

“ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဘယ်သူ့ကို ထည့်မယ် မထည့်ဘူးဆိုတာ ငါ့မှာဆုံးဖြတ်ခွင့် ရှိတယ်။ ပြီးတော့ ဇူယွမ်မှာ အရည်အချင်း ရှိတယ်လို့လည်း ငါယုံကြည်တယ်”

“ဟပ်ချိုး ... ”

ကျောင်းဇူ၏ အနောက်တွင် ရှိနေသော လူငယ်ထံမှ နှာချေသံထွက်လာ၏။ ထိုလူငယ်မှာ ဖရိုဖရဲဖြစ်နေသော ဆံပင်ပုံစံနှင့် အနက်ရောင် လက်သည်းရှည်များရှိကာ အေးစက်စက်ဖြင့် ရက်စက်တက်မည့် ပုံစံ ရှိလေသည်။

ထိုလူငယ်လေးမှာ ချင်းဟိုင်ဟု ခေါ်တွင်ပြီး ဓားကပ်ဘေး တောင်ထွတ်မှ အထူးချွန်ဆုံး ခရမ်းရောင်ခါးစည်း တပည့်တစ်ဦးပင် ဖြစ်၏။ ချင်းဟိုင်မှ ပြုံးကာ စကားဆိုလိုက်သည်။

“စီနီယာ အစ်မတော်လီ ကျွန်တော်တို့က အခု တာဝန်အတွက်ဆို တစ်ဖွဲ့တည်း သားချင်းတွေပဲ မဟုတ်လား။ အမတော်က ဇူယွမ့်လို အသုံးမကျတဲ့ ကောင်ကို အတင်း ခေါ်လာမယ်ဆိုရင် တာဝန်မှာ အနှောင့်အယှက်ဖြစ်ပြီး ကျွန်တော်တို့ ဘယ်သူမှ ကောင်းကင် တံဆိပ်ပြားကို ရတော့မှာ မဟုတ်ဘူး။ အမတော်က ရွေးချယ်ခံ တစ်ယောက် ဖြစ်နေတယ် ဆိုပေမဲ့ ဒီကိစ္စကိုတော့ အစ်မတော် သဘောအတိုင်း ကျွန်တော်တို့ လက်ခံပေးလို့ မရဘူး”

“ငါက သူ့ကိုယုံတယ်လို့ ပြောနေတယ်လေ” လီချင်းချန်မှ ချင်းဟိုင်အား အေးစက်စွာကြည့်၍ မေးမြန်းလိုက်၏။

“နင်က ငါ့ရဲ့ အရည်အချင်းကို သံသယ ဝင်နေတာလား”

လီချင်းချန်၏ အကြည့်များအောက်တွင် ချင်းဟိုင်မှာ တောင့်တင်းသွားသလိုပင် ခံစားရကာ ခြောက်ကပ်ကပ် ရီမောလိုက်ရသည်။ ချင်းဟိုင်မှာ ဓားကပ်ဘေး တောင်ထွတ်၏ အထူးချွန်ဆုံး ခရမ်းရောင်ခါးစည်း တပည့်တစ်ဦး ဖြစ်ပါသော်လည်း အဆင့်သုံး ရွေးချယ်ခံတပည့် ဖြစ်သော လီချင်းချန်နှင့် နှိုင်းယှဥ်၍ မရနိုင်အောင် အားနည်းနေပါသေး၏။

“ဟားဟား ... စီနီယာ အစ်မတော်လီကလည်း ချင်းဟိုင်က အစ်မတော်ရဲ့ အရည်အချင်းကို မေးခွန်းထုတ်နေတာ မဟုတ်ပါဘူး” ကျောင်းဇူမှ ခပ်ဖွဖွရီမောကာ စကားဆက်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ခုန သူပြောသွားတာက အဓိပ္ပါယ် ရှိတာပဲလေ။ အခု ကျွန်တော်တို့က အဖွဲ့တစ်ခုဖြစ်နေပြီ။ ဘာမှ အသုံးမဝင်မဲ့ လူတစ်ယောက်ကို ဘာလို့ သက်သက် ဒုက္ခခံပြီး ခေါ်သွားနေရဦးမှာလဲ”

“ဇူယွမ်က အရည်အချင်းရှိတယ် ဆိုတာကို ကျွန်တော်လည်း လက်ခံပါတယ်။ ဒါပေမဲ့ သူက အခုမှ ခရမ်းရောင်ခါးစည်း တပည့်ဖြစ်ခါစပဲ ရှိသေးတော့ ဘာအတွေ့အကြုံမှ ရှိသေးတာ မဟုတ်ဘူး။ အဲဒါကြောင့် သူ့ကို ခေါ်သွားမဲ့အစား ဂျူနီယာညီတော် ဝမ့်လိန်ကို ခေါ်သွားဖို့ အကြံပေးချင်တယ်”

ကျောင်းဇူမှာ ခန်းမ၏ နောက်ဆုံးနေရာတွင် ရှိနေသော ကိုယ်လုံးကိုယ်ထည် တောင့်တောင့်နှင့် လူငယ်လေးအား ကြည့်ကာ ပြောလိုက်၏။ ထိုလူငယ်လေးထံမှ ရက်စက် ကြမ်းကြုတ်လှသော စွမ်းအင်ဖိအားများ အဆက်မပြတ်ပင် ထွက်ပေါ်နေလျက် ရှိသည်။ ဝမ့်လိန်သည်လည်း ဓားကပ်ဘေး တောင်ထွတ်မှ တပည့်တစ်ဦးပင် ဖြစ်၏။

ကောင်းကင်အဆင့် တာဝန်တစ်ခုကို ရရှိရန်မှာ မလွယ်ကူသဖြင့် ကျောင်းဇူမှာ အစွမ်းကုန် ကြိုးစားကာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ ပါဝင်နိုင်အောင် လုပ်ဆောင်ခဲ့သည်။ သို့သော် ကျောင်းဇူမှာ ကလန်ထဲ၌ လူအများ လက်ခံထားကြသော ဝါရင့်ခရမ်းရောင် ခါးစည်း တပည့်များကိုသာ ထောက်ခံပေးခဲ့ခြင်း ဖြစ်သောကြောင့် သူ၏လုပ်ရပ်အား မည်သူကမှ အပြစ်ပြောနိုင်ခြင်း မရှိခဲ့ချေ။

လီချင်းချန်၏ မျက်ဝန်းများမှာ ပို၍အေးစက်လာခဲ့၏။

“စီနီယာအစ်ကိုတော် ကျောင်းဇူ ဒီတာဝန်က အရေးကြီးတယ် ဆိုပေမဲ့ လူတိုင်းက အဓိကနေရာကနေပဲ လုပ်ဆောင်ကြမှာ မဟုတ်ဘူးလေ။ ပြီးတော့ စီနီယာ အစ်မတော် လီချင်းချန်ကလည်း နှင်းပဒုမ္မာတောင်ထွတ်က လူအများကြီးကို ခေါ်ထည့်ထားတာတောင် မဟုတ်ဘူး။ အစ်ကိုတော်တို့ရဲ့ ဓားကပ်ဘေး တောင်ထွတ်ကဆို နေရာလေးခုတောင် ယူထားတာလေ”

“ကျွန်မကတော့ နှစ်ဖက်လုံးက နည်းနည်းစီလျှော့ပြီး ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ အဲတော့မှ တာဝန်ကို သွားရောက်လုပ်ဆောင်တဲ့ အချိန်ကြရင်လည်း အဖွဲ့တစ်ခုအနေနဲ့ ပိုပြီး စည်းစည်းလုံးလုံး ရှိမှာပေါ့။ မဟုတ်ဘူးလား”

လီချင်းချန်၏ အနောက်တွင် ရှိနေသော မိန်းမငယ်လေး တစ်ဦးမှ စကားဆိုလိုက်ခြင်း ဖြစ်သည်။ မိန်းမငယ်လေးမှာ အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီရှည်ပွပွကို ဝတ်ဆင်ထားကာ သူမ၏ ရှည်လျား သေးသွယ်သော ခြေတံရှည်လေးများနှင့် ပနံသင့်လှ၏။

ထိုမိန်းမငယ်လေးမှာ အလွန်လှပပြီး အသားအရေမှာလည်း ဝင်းဝါစိုပြေလျက် ရှိ​ပေသည်။ မိန်းမငယ်လေး၏ အမည်မှာ ပိုင်လီဖြစ်ကာ ဟုန်ယာတောင်ထွတ်မှ အလွန်ကျော်ကြားသော ခရမ်းရောင်ခါးစည်း တပည့်တစ်ဦး ဖြစ်၏။ သူမသည် လီချင်းချန်မှ အဘယ့်ကြောင့် ဇူယွမ်အား အဖွဲ့ထဲ၌ ပါဝင် စေချင်နေသည်ကို မသိရှိပါသော်လည်း သူမနှင့် လီချင်းချန်မှာ ရင်းနှီးသော သူများ ဖြစ်သည့်အတွက် ဝင်၍ ကူပြောပေးနေခြင်းပင် ဖြစ်သည်။

ထို့အပြင် လီချင်းချန်မှာ ဇူယွမ်ပါဝင်ခွင့် ရစေရန်အတွက် ကျောင်းဇူမှ ဓားကပ်ဘေး တောင်ထွတ်၏ တပည့်များစွာအား အဖွဲ့ထဲသို့ ခေါ်ဆောင်လာခြင်းကို လက်သင့်ခံပေးခဲ့၏။ ထိုသည်တောင်မှ ကျောင်းဇူက လီချင်းချန်နှင့် အတိုက်အခံလုပ်ကာ ဇူယွမ့်အား လက်ခံပေးရန် ငြင်းဆန်နေခဲ့သည်။

ကျောင်းဇူမှာ ခါးတွင်ချိတ်ထားသော ဓားအားဆုပ်ကိုင်ကာ ပြုံး၍ ပြောလိုက်၏။

“ဂျူနီယာညီမတော်ပိုင်လီ အစ်ကိုက တစ်ကိုယ်ကောင်းဆန်နေတာ မဟုတ်ဘူးလေ။ အဖွဲ့အတွက် ပြောနေရတာပါ”

“ဂျူနီယာညီမတော် ပိုင်လီလည်း တာဝန်ကို လုပ်ဆောင်ရပြီ ဆိုမှတော့ လက်ဗလာနဲ့တော့ ပြန်မလာချင်ဘူး မဟုတ်လား”

ကျောင်းဇူ၏ စကားမှာ အဓိပ္ပါယ် ရှိသောကြောင့် ပိုင်လီမှာ ဆွံ့အသွားခဲ့ရသည်။ မည်သို့ပင် ဆိုစေကာမူ အဖွဲ့ထဲ၌ ကောင်းကင်တံဆိပ်ပြား ယူရန်သက်သက်သာ အသုံးဝင်သော ဝန်ထုပ်ဝန်ပိုး တစ်ဦးအား မည်သူကမှ ခေါ်ဆောင်သွားချင်မည် မဟုတ်ပေ။

ပိုင်လီဆွံ့အသွားသည်ကို မြင်ရသောအခါ ကျောင်းဇူမှ ပြုံးကာ ဆက်၍ပြောလိုက်၏။

“စီနီယာ အစ်မတော်လီကလည်း ဇူယွမ့်ကို ဒီကိုလာခဲ့ဖို့ တစ်ယောက်ယောက်ကို လွှတ်ပြီး ပြောခိုင်းပြီးပြီလို့ ထင်ပါတယ်။ အခုတောင် နေ့တစ်ဝက်လောက် ရှိနေပြီ ဂျူနီယာညီတော် ဇူယွမ်က ပေါ်မလာဘဲ အစ်မတော်လီကပဲ သူ့အတွက် အတိုက်အခံ လုပ်ပေးနေရတယ်။ အဲဒီတော့ ညီတော်ဇူယွမ်မှာ ဒီကိုလာဖို့ သတ္တိမရှိဘူးဆိုတာ သိသာနေတာပဲ”

ကျောင်းဇူ၏ စကားများကို ကြားလိုက်ရသော အခါ၌ ပိုင်လီမှာ စိတ်ကသိကအောက် ဖြစ်စွာဖြင့် မျက်မှောင်ကျုံ့လိုက်သည်။ သူမသည်လည်း ဇူယွမ်မှာ တာဝန်ယူရဲသော သတ္တိမရှိသည့် သူတစ်ဦး ဖြစ်သည်ဟု ခံစားနေရ၏။ အဘယ့်ကြောင့် လီချင်းချန်မှ ထိုသို့သော သူမျိုးကို ကာကွယ်ပေးနေရပါသနည်း။

ဇူယွမ်အား အဖွဲ့ထဲတွင် ပါဝင်နိုင်ရန် လီချင်းချန်မှ ထောက်ခံပေးခဲ့ ပါသော်လည်း ယနေ့တစ်နေ့လုံး ဇူယွမ်မှာ ပေါ်လာခဲ့ခြင်း မရှိပေ။

လီချင်းချန်၏ အမူအရာမှာ အေးစက်စက်ဖြင့် ရှိနေသေးသော်လည်း မျက်ဝန်းများ၌ ဒေါသဖြစ်သော အရိပ်အယောင်များ စတင်ယှက်သန်း လာခဲ့သည်။

လီချင်းချန်မှ စကားပြောတော့မည့် အချိန်မှာပင် ခန်းမထဲသို့ ချောမော ခန့်ညားသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့၏။

“ကျွန်တော် ဒီနေ့ အစောပိုင်းတုန်းက ဂူနန်းထဲမှာ ကျင့်ကြံနေခဲ့လို့ အချိန်တော်တော်လေး နောက်ကျသွားတယ်။ စီနီယာ အစ်ကိုတော်၊ အစ်မတော်တို့ ခွင့်လွှတ်ပေးကြပါ”

လူငယ်လေးမှ လီချင်းချန်နှင့် ကျောင်းဇူအားကြည့်ကာ အရိုအသေပြု၍ စကားဆိုလိုက်သည်။

“စီနီယာ အစ်ကိုတော် ကျောင်းဇူ ကျွန်တော်က အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဟုတ်ဘူး ဆိုတာကို ဘယ်လို သက်သေပြရင် ရမလဲ”

“ဒါမှမဟုတ် ဘယ်လို လုပ်ပြရမလဲဆိုတာ အစ်ကိုတော်က ပြောကြည့်လေ။ အဲဒါမှ ကျွန်တော် သက်သေပြလို့ ရမှာပေါ့”

All Chapters