အခန်း (၁၄၉-၁၅၁)
Vol. 10 Ch. 149-151
အခန်း ၁၄၉ ။ စိတ်မိစ္ဆာ၏ မူလဇာစ်မြစ်
"ကျန့်ကျွင်းက ဘာဖြစ်လို့ တခြားသူတွေဆီက အကူအညီ မတောင်းခဲ့တာလဲ။" ကျန်းလီသည် နားမလည်နိုင်အောင် ဖြစ်နေသည် - "ကျွန်တော် သိထားသလောက်ဆိုရင်... လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကတည်းက တာအိုဂိုဏ်းရဲ့လှည့်လည်သူဖြစ်တဲ့ အခုလက်ရှိ တာအိုဂိုဏ်းချုပ် ပိုင်ဟုန်ထူက ခင်ဗျားကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့သေးတယ်လေ။ အဲ့ဒီအချိန်တုန်းက ခင်ဗျားသာ အမှန်အတိုင်း ပြောပြပြီး၊ ချန်ချွန်းရှန်းဝမ်ကို အကူအညီ လာတောင်းခိုင်းလိုက်ရင် ရနေတာပဲ မဟုတ်ဘူးလား။"
ကျန့်ကျွင်းက နှာခေါင်းရှုံ့ကာ အထင်သေးသလို ပြောလိုက်သည် - "ရယ်စရာကောင်းလိုက်တာ! ငါတို့ ဓားသမားတွေက ဘာကိစ္စနဲ့ တခြားသူတွေဆီက အကူအညီ တောင်းရမှာလဲ!"
"..."
ဓားဂိုဏ်း၏ ခေါင်းမာမှုမှာ ကျန့်ကျွင်းဆီမှ ဆင်းသက်လာခြင်းဖြစ်မည်ဟု ကျန်းလီ ယုံကြည်သွားတော့သည်။
"ဒါဆို ခင်ဗျားက ဘာဆက်လုပ်ချင်လို့လဲ။ ဒီအတိုင်းပဲ အသက်တမ်း ကုန်သွားတဲ့အထိ ဆက်ပြီး အချိန်ဆွဲနေတော့မလို့လား။"
ဝိညာဉ် ဆိုသည်မှာ ခန္ဓာကိုယ်မှ အချိန်အကန့်အသတ်မရှိ ခွဲထွက်နေ၍ မရသလို၊ အကြိမ်ကြိမ် ဝင်ပူးနေ၍လည်း မရပေ။ မဟုတ်လျှင် ကျင့်ကြံသူတိုင်း ထာဝရ အသက်ရှင်နေနိုင်မည် မဟုတ်လား။
ဝိညာဉ်သည် မူလခန္ဓာကိုယ်၏ ကန့်သတ်ချက်များကိုလည်း ခံရသည်။ ကျန့်ကျွင်းသည် အသက် ၁,၅၀၀ တွင် ဝိညာဉ်ကင်းကွာသွားခဲ့ပြီး၊ ယခု ၄,၀၀၀ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်၏ သက်တမ်းမှာ အကြမ်းဖျင်းအားဖြင့် နှစ် ၁၀,၀၀၀ ခန့် ရှိသဖြင့်၊ ကျန့်ကျွင်းအနေဖြင့် နောက်ထပ် အနှစ် ၄,၅၀၀ ခန့် ဝိညာဉ် ကင်းကွာနေမည်ဆိုပါက သေဆုံးပြီး သံသရာလည်ခြင်းထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူ သေဆုံးသွားသည်နှင့် စိတ်မိစ္ဆာသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထိုသို့သောအဆုံးသတ်မျိုးကိုတော့ ကျန်းလီ မလိုလားပေ။
ကျန့်ကျွင်းသည်လည်း ကောင်းမွန်သော နည်းလမ်း မစဉ်းစားမိသဖြင့် နှုတ်ဆိတ်နေလိုက်သည်။
ကျန့်ကျွင်းက အံကြိတ်ကာ ပြောလိုက်သည် - "ဘယ်လိုပဲဖြစ်ဖြစ် တတိယအထပ်ကိုတော့ လုံးဝ သွားလို့မရဘူး! တကယ်လို့ သွားလိုက်ရင် ငါဘေးကနေ ကူညီပေးရင်တောင်မှ သေချာပေါက် နိုင်မယ်လို့ အာမမခံနိုင်ဘူး။ အဆိုးဆုံးက စိတ်မိစ္ဆာက တိုက်ခိုက်နေရင်းနဲ့ အခွင့်အရေးယူပြီး ထွက်ပြေးသွားရင်၊ ကျိုကျိုးတစ်ခုလုံး ဒုက္ခရောက်ကုန်လိမ့်မယ်!"
ကျန်းလီသည်လည်း အနည်းငယ် ထူးဆန်းနေမိသည်။ ကျန့်ကျွင်း၏စိတ်မိစ္ဆာကို အနိုင်ယူရန်မှာ သူ့အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။ သူ ထူးဆန်းနေသည်မှာ စနစ်၏တာဝန်ကို ဖြစ်သည်။
စနစ်သည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ က သူ့အတွက် လုံးဝ မဖြစ်နိုင်သော တာဝန်မျိုးကို သေချာပေါက် ပေးမည်မဟုတ်ပေ။ သို့သော် ယခုအခြေအနေကို ကြည့်မည်ဆိုပါက... စိတ်မိစ္ဆာကို အနိုင်မယူဘဲနှင့်၊ 'ကျန့်ကျွင်း ဝိညာဉ်၏ အသိအမှတ်ပြုမှုကို ရယူခြင်း' ဟူသော တာဝန်ကို ပြီးမြောက်နိုင်စရာ အကြောင်းမရှိပေ။
စနစ်က သူသည် ရွှေအမြုတေအဆင့်သာ ရှိသေးသည်ဟု ယူဆထားသည်။ ရွှေအမြုတေအဆင့်လေးနဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဝိညာဉ်လေး ပေါင်းပြီးတော့... ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် စိတ်မိစ္ဆာကို အနိုင်ယူနိုင်မယ်လို့ စနစ်က ထင်နေတာလား?
ထိုအချိန်မှာပင် စနစ်၏အသံ ထွက်ပေါ်လာသည်။
【ဟို့စ်၏ အခက်အခဲကို ထည့်သွင်းစဉ်းစားကာ၊ စနစ်က ယာယီအနေဖြင့် 'စိတ်မိစ္ဆာ ရှောင်ကွင်းခြင်း' လုပ်ဆောင်ချက်ကို ဖွင့်လှစ်ပေးလိုက်ပါသည်။】
【မိတ်ဆွေအဖြစ် သတိပေးချက် - အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် စိတ်မိစ္ဆာကို ရှောင်ကွင်းရန်အတွက် ရင်းမြစ်အမှတ် ၁,၀၅၀,၀၀၀ လိုအပ်ပါသည်။ စနစ်က ရင်းမြစ်အမှတ်များကို ချေးငှားပေးနိုင်ပြီး၊ ဟို့စ်အနေဖြင့် တစ်လလျှင် အတိုး ၃ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါသည်။】
‘... မင်းရဲ့ လုပ်ငန်းတွေက တော်တော်စုံတာပဲ၊ ငွေတိုးတောင် ချပေးသေးတယ်ပေါ့။’
ကျန်းလီ အတော်လေး စကားမပြောနိုင် ဖြစ်သွားပြီး၊ ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
"ကျွန်တော်က အခုလက်ရှိ လူသားဧကရာဇ် ကျန်းလီ ပါ။ မဟာယာနအဆင့် ကျင့်ကြံသူပါ။ ခင်ဗျားရဲ့ စိတ်မိစ္ဆာကို ရှင်းပေးနိုင်ပါတယ်။" ကျန်းလီက ကျန့်ကျွင်းအား အမှန်အတိုင်း ပြောပြလိုက်သည်။
သို့သော် ကျန့်ကျွင်းသည် မဟာယာနအဆင့်သို့ ရောက်ရှိနိုင်သူရှိသည်ဆိုသည်ကို လုံးဝ မယုံကြည်ပေ။
"မိတ်ဆွေ... ကျုပ်ကို လာမလိမ်ပါနဲ့။ ဒီလောကမှာ ဘယ်လိုလုပ် မဟာယာနအဆင့်ဆိုတာ ရှိနိုင်မှာလဲ။ မဟာယာနအဆင့်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားတစ်ခု သက်သက်ပါပဲ..."
ကျန်းလီသည် ကျန့်ကျွင်းအား ဆက်လက် ရှင်းပြနေရန် ခက်ခဲမည်ဟု ယူဆသဖြင့်၊ တိုက်ရိုက်ပင် ဓားကို ဆွဲနုတ်လိုက်သည်။
ဓားသင်္ချိုင်း၏စည်းမျဉ်းများ စတင် အလုပ်လုပ်သွားပြီး၊ ကျန်းလီသည် တတိယအထပ်သို့ အလိုအလျောက် ရောက်ရှိသွားသည်။
"ကျစ်... ဘယ်လိုလုပ် တတိယအထပ်ကို ရောက်လာတာလဲ!" ကျန့်ကျွင်း အလွန်အလန့်တကြား ဖြစ်သွားပြီး၊ ဓားစွမ်းအင်များကို ချက်ချင်း လှည့်ပတ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည် - "မိတ်ဆွေက ဘာလို့ ဒီလောက်တောင် စိတ်မြန်ရတာလဲ! စိတ်မိစ္ဆာက ဓားသင်္ချိုင်းထဲကနေ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ... ခင်ဗျားက လူသားဧကရာဇ်ဆိုရင် သတ္တဝါတွေရဲ့ အသက်အန္တရာယ်ကို ဘာလို့ ထည့်မစဉ်းစားရတာလဲ!"
တတိယအထပ်မှာ လုံးဝ မှောင်မိုက်နေပြီး၊ အလယ်ဗဟိုရှိ ရာဇပလ္လင်ပေါ်တွင် လူတစ်ယောက် ထိုင်နေကာ၊ အောက်ခြေတွင်တော့ ထက်မြက်လှသော ဓားသွားများဖြင့် ပြည့်နှက်နေသည်။
"တတိယအထပ်မှာ စမ်းသပ်မှုရှိတယ်လို့ ကြားဖူးတယ်။ စမ်းသပ်မှုက ဘာလဲဆိုတာ သိပါရစေ။" ကျန်းလီက ပြုံးလျက် မေးလိုက်သည်။
ရာဇပလ္လင်ပေါ်မှ လူက ကျန်းလီကို အထက်စီးမှ ငုံ့ကြည့်ကာ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည် - "ကလေးလေး... မင်းစကားပြောတဲ့ ပုံစံကို ဆင်ခြင်ပါ။"
ကျန့်ကျွင်း၏ စိတ်မိစ္ဆာသည် ကျန်းလီ၏အဆင့်ကို မခန့်မှန်းနိုင်သဖြင့် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ဟုသာ ထင်မှတ်ထားပြီး၊ ယနေ့သည် သူ ဓားသင်္ချိုင်းမှ လွတ်မြောက်မည့်နေ့ဟု တွေးကာ အလွန် ဝမ်းသာနေမိသည်။
"စီနီယာတစ်ယောက်အနေနဲ့... ဓားတစ်ချက်တည်းနဲ့ မန္တန်တွေ အားလုံးကို ဘယ်လို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို မင်းကို ပြသပေးမယ်!"
စိတ်မိစ္ဆာသည် ကျန်းလီကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သူသည် တိုက်ခိုက်ရေးစွမ်းရည် အကောင်းဆုံးဖြစ်သော ဓားသမား တစ်ယောက်ဖြစ်ပြီး၊ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ မရောက်မီကတည်းက အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်းခဲ့သည်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ပြီးနောက်တွင်လည်း၊ ပြိုင်ဘက်ကင်းဟု မပြောနိုင်လျှင်တောင်မှ အခြား အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်များကို အသာစီးမှနေ၍ ဖိနှိပ်တိုက်ခိုက်နိုင်စွမ်းရှိသည်!
စိတ်မိစ္ဆာက ကိုယ်ပိုင်ဓားကို ဆွဲထုတ်လိုက်သည်။ ဤဓားမှာ ကျန့်ကျွင်း၏ ဓားတာအို အတွေ့အကြုံများစွာကို ပေါင်းစပ်ထားပြီး၊ ကြယ်တာရာများ၏ အနှစ်သာရ၊ နေနှင့်လ၏ အဆီအနှစ်၊ ငရဲမြစ်ရေ၊ နဂါးသွားနှင့် ဖီးနစ်ငှက်မွေး စသည့် အဖိုးတန် ရတနာများစွာကို အသုံးပြုကာ ကိုယ်တိုင်ဖန်တီးသွန်းလုပ်ထားသော ဓားဖြစ်သည်။ ၎င်း၏ အရည်အသွေးမှာ နတ်ဘုရားလက်နက်နှင့် အလွန် နီးစပ်နေပြီ ဖြစ်သည်!
အလွန် တောက်ပလွန်းသော ဓားချက်တစ်ချက်က နေရာတစ်ခုလုံးကို လင်းထိန်သွားစေပြီး၊ ကောင်းကင်နှင့် မြေကြီးကိုပင် နှစ်ခြမ်းခွဲပစ်လိုက်သည့်အလား... လောကကြီးတွင် အဖြူရောင်တစ်ခုတည်းသာ ကျန်ရှိတော့သကဲ့သို့ ဖြစ်သွားသည်။ ဤဓားချက်မှာ အလွန် မြန်ဆန်ပြီး အလွန် ထက်မြက်လှရာ၊ ခန္ဓာကိုယ်ကိုရော ဝိညာဉ်ကိုပါ တစ်ခါတည်း ချေမှုန်းပစ်နိုင်စွမ်း ရှိသည်!
ဤဓားချက်မှာ ကျန့်ကျွင်း တစ်သက်တာ သင်ယူလေ့လာခဲ့သော ဓားကွက် ၁၂ ကွက်ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ စိတ်မိစ္ဆာသည်လည်း ဤဓားကွက်ကို တတ်မြောက်ထားသဖြင့်၊ ဤဓားချက်ထဲတွင် 'ဓားနှလုံးသား' လည်း ပါဝင်နေသည်။
ကျန်းလီ ထိုဓားချက်ကို မြင်လိုက်ရချိန်တွင်၊ သူ၏ရင်ထဲမှ အဆုံးအစမရှိသော ဓားဆန္ဒများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်တော့မည့်အလား ခံစားလိုက်ရသည်။
"မြန်မြန် ရှောင်! ဒါက ကျုပ်ရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ပဲ!"
စိတ်မိစ္ဆာသည် မာနကြီးသော်လည်း ကျန်းလီကို အထင်မသေးဘဲ၊ အစကတည်းက အစွမ်းအထက်ဆုံး ဓားကွက်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
ကျန့်ကျွင်းသည် ကိုယ်တိုင် ရှေ့ထွက်ကာ စိတ်မိစ္ဆာ၏ဓားချက်ကို ကာကွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် ဝိညာဉ်သာ ကျန်ရှိတော့သဖြင့် သူ၏အစွမ်းများကို အပြည့်အဝ မထုတ်ဖော်နိုင်ဘဲ၊ စိတ်မိစ္ဆာ၏ ဓားချက်ကြောင့် အဝေးသို့ လွင့်ထွက်သွားရသည်။
စိတ်မိစ္ဆာသည် ကျန်းလီ နေရာမှ မရှောင်တိမ်းသည်ကို မြင်သောအခါ အလွန် ဒေါသထွက်သွားသည် - "ဘာမှမသိတဲ့ ကောင်လေး... မရှောင်ဘူးလား။ မင်း ဘာနဲ့ ကာကွယ်မလဲဆိုတာ ကြည့်ရသေးတာပေါ့..."
ကောင်းကင်နှင့် မြေကြီးကိုပင် ခွဲထုတ်ပစ်နိုင်သော ထိုဓားချက်ကြီး ရောက်လာချိန်တွင်၊ ကျန်းလီသည် လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ၊ ဓားသွားနှင့် သူ့မျက်လုံးကြား ၃ လက်မခန့် အကွာတွင် ဓားကို အသာအယာ တောက်ထုတ်လိုက်သည်။ ထိုအခါ ကိုယ်ပိုင်ဓားရော၊ စိတ်မိစ္ဆာပါ အဝေးကြီးသို့ လွင့်စင်သွားတော့သည်။
ကျန်းလီ သက်ပြင်းချလိုက်သည်။
‘ဒီဓားကွက်က တကယ်ပဲ ကျန့်ကျွင်းရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ဆိုရင်... ပိုင်ဟုန်ထူက ကျိုကျိုးရဲ့ နံပါတ်တစ် ဓားသမားဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်ပါတယ်။’
ပိုင်ဟုန်ထူရဲ့ဓားကွက်က ဒီလောက်လေးပဲ အစွမ်းရှိတာ မဟုတ်ဘူးလေ။
စိတ်မိစ္ဆာမှာ ဤရုတ်တရက် အပြောင်းအလဲကြောင့် ကြောင်အမ်းသွားပြီး၊ ဘာဖြစ်သွားမှန်းပင် မသိလိုက်ပေ။
အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် အချင်းချင်းကြားမှာ ဒီလောက်တောင် ကြီးမားတဲ့ ကွာဟချက် ရှိနိုင်လို့လား?!
ကျန်းလီက စိတ်မိစ္ဆာ ဘာတွေ တွေးနေလဲဆိုတာကို ဂရုမစိုက်ပေ။ သူသည် ကျန့်ကျွင်း၏ ခန္ဓာကိုယ် အနားသို့ ကပ်သွားပြီး၊ အသာအယာ လက်ဝါးတစ်ချက် ရိုက်လိုက်ရာ စိတ်မိစ္ဆာမှာ ခန္ဓာကိုယ်ပြင်ပသို့ လွင့်ထွက်သွားတော့သည်။
‘ပြေး! မြန်မြန် ပြေးရမယ်!’
စိတ်မိစ္ဆာမှာ အကြီးအကျယ် ကြောက်လန့်သွားသည်။ ဤလူငယ်လေး၏ အစွမ်းထက်မှုမှာ သူ မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေသည်။ သူသည် ကျန့်ကျွင်း၏ မှတ်ဉာဏ်များကို ဆက်ခံထားသဖြင့် ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်ပြင်ပ နတ်ဆိုးများကို မြင်ဖူးခဲ့သော်လည်း၊ နယ်ပယ်ပြင်ပ နတ်ဆိုးများပင်လျှင် ဤလူငယ်လေးလောက် ကြောက်စရာမကောင်းပေ!
နတ်ဘုရား! ဒါ နတ်ဘုရားအဆင့်ပဲ!
စိတ်မိစ္ဆာက လှည့်ထွက်ပြေးရန် ပြင်လိုက်ချိန်တွင်၊ ကျန်းလီသည် ကျန့်ကျွင်း၏ ခန္ဓာကိုယ်ကို ဘေးသို့ ပစ်ချလိုက်ပြီး၊ လက်သီးတစ်ချက် ထိုးချလိုက်သည်။ ထိုလက်သီးချက်မှာ နဂါးတစ်ကောင်အလား အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာပြီး၊ လေဆင်နှာမောင်းကြီးများ ဖြစ်ပေါ်လာကာ အဆုံးစွန်သော ဖျက်ဆီးခြင်း တာအိုပါဝင်နေပြီး၊ စိတ်မိစ္ဆာကို ချက်ချင်းပင် အမြစ်ပြတ် ချေမှုန်းပစ်လိုက်တော့သည်။
ကျန့်ကျွင်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော စိတ်မိစ္ဆာမှာ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်နှင့် ညီမျှသော်လည်း၊ ကျန်းလီ၏လက်ချက်ဖြင့် အလွယ်တကူပင် သေဆုံးသွားခဲ့ရသည်။
ကျန့်ကျွင်းသည် မိမိကိုယ်မိမိ အတွေ့အကြုံ များပြားသည်ဟု ယူဆထားသော်လည်း၊ ကျန်းလီ၏ တိုက်ကွက်များကိုမူ လုံးဝ နားမလည်နိုင်ခဲ့ပေ။ ထိုလက်ဝါးတစ်ချက်၊ လက်သီးတစ်ချက်မှာ သူ၏ အသိဉာဏ် နယ်ပယ်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
"လူသားဧကရာဇ်ကျန်း... ခင်ဗျားက တကယ်ကြီး မဟာယာနအဆင့်လား။" ကျန့်ကျွင်းသည် မျက်နှာချိုသွေးကာ မေးလိုက်သည်။ ယခင်က မာနကြီးသော အမူအရာများ လုံးဝ မရှိတော့ပေ။
ကျန်းလီက ပြန်မဖြေဘဲ၊ အခြား မေးခွန်းတစ်ခုကို မေးလိုက်သည် - "ကျန့်ကျွင်း... ခင်ဗျားရဲ့ စိတ်မိစ္ဆာက ဘယ်ကနေ လာတာလဲဆိုတာ သိလား။"
"လူသားဧကရာဇ် လမ်းညွှန်ပေးပါဦး။"
"မာနကြောင့်ပဲ။ သေဘေးကို ရင်ဆိုင်ပြီး အသက်ရှင်ဖို့ လမ်းရှာရာကနေ၊ သေခြင်းရှင်ခြင်းကြားမှာ အသိဉာဏ်ပွင့်ပြီး အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ရောက်လာတာက... ခင်ဗျား မာနကြီးဖို့အတွက် အရင်းအနှီးဖြစ်ခဲ့တယ်။ ကျင့်ကြံသူတွေ မာနကြီးတာက ပုံမှန်ပါပဲ။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို မပြောနဲ့၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်တွေတောင် မာနကြီးတာ သဘာဝကျပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးက ကျင့်ကြံသူ သောင်းနဲ့ချီတဲ့ အထဲကမှ အတော်ဆုံးတွေ ဖြစ်နေတာကိုး။"
"ဒါပေမဲ့ မာနကြီးတယ်ဆိုတိုင်း မောက်မာတာ မဟုတ်ဘူး။ ခင်ဗျားက မာနကြီးလွန်းပြီး အစွန်းရောက်သွားတော့၊ မောက်မာတဲ့အဆင့်ကို ရောက်သွားတယ်။ အဲ့ဒါကြောင့် စိတ်အာရုံတွေ မှုန်ဝါးသွားပြီး၊ ကိုယ့်ကိုယ်ကိုယ် သေချာမသိတော့ဘဲ ဘာကြောင့်မှန်းမသိ စိတ်မိစ္ဆာ ဝင်လာခဲ့တာပဲ။"
"စိတ်မိစ္ဆာကို ရှုံးသွားပြီးတဲ့ နောက်မှာတောင်၊ တခြားသူတွေဆီက အကူအညီ မတောင်းခဲ့ဘူး။ ခင်ဗျားက ဒီလိုဆိုတော့... ခင်ဗျားရဲ့ လွှမ်းမိုးမှုကြောင့် ဓားဂိုဏ်းက လူတွေကလည်း ဒီလိုပဲ ဖြစ်ကုန်ကြတာပေါ့။ ဝူဝေ့မဟာမိတ်အဖွဲ့က ပစ်မှတ်ထားတာခံရပြီး မျိုးဆက်ပြတ်တော့မယ့် အခြေအနေ ရောက်နေတာတောင် လူသားဧကရာဇ်နန်းဆောင်ကို အကူအညီ မတောင်းခဲ့ကြဘူး။"
"တကယ်လို့ ကျွန်တော်သာ ဝင်မကူညီခဲ့ဘူးဆိုရင်... ခင်ဗျားတို့ ဓားဂိုဏ်းက နောက်ထပ် အနှစ် ၁၀၀ တောင် တောင့်ခံနိုင်ဖို့ မလွယ်ဘူး။"
ကျန့်ကျွင်းသည် သံယောဇဉ် ကင်းမဲ့သူ တစ်ဦး မဟုတ်ပေ။ သူက ဓားဂိုဏ်းကို ပြန်လည် ထွန်းတောက်အောင် လုပ်ဆောင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ၏ဂိုဏ်းအပေါ်ထားရှိသော သံယောဇဉ်မှာ အလွန် နက်ရှိုင်းကြောင်း သိနိုင်သည်။ မိမိကြောင့် ဓားဂိုဏ်းကြီး သမိုင်းထဲမှာ ပျောက်ကွယ်သွားတော့မည် ဖြစ်ကြောင်း ကြားလိုက်ရသောအခါ၊ သူ အလွန် အံ့ဩသွားပြီး အကြီးအကျယ် နောင်တရသွားသည်။
အကယ်၍ ကျန်းလီသာ ဝင်မပါခဲ့လျှင်၊ သူ စိတ်မိစ္ဆာကို အနိုင်ယူနိုင်ခဲ့လျှင်တောင်မှ တစ်သက်လုံး နောင်တရနေရမည်ဖြစ်သည်။
သူသည် ဝိညာဉ်အသွင်ဖြင့် ကျန်းလီကို အလွန် လေးနက်စွာဖြင့် အရိုအသေပေး ဦးချလိုက်သည်။
"ဓားဂိုဏ်းကို ကူညီပေးခဲ့တဲ့ လူသားဧကရာဇ်ကျန်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ချန်ကျန့်နန်က ဒီနေရာမှာ သစ္စာဆိုပါတယ်... ကိုယ့်အသက်ကို ပဓာနမထားဘဲ၊ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ နယ်ပယ်ပြင်ပ နတ်ဆိုးတွေကို အဆုံးထိ တိုက်ခိုက်သွားပါ့မယ်!"
ကျန်းလီက သူ၏ အရိုအသေကို လက်ခံလိုက်ပြီးနောက်၊ လက်ယမ်းပြကာ ပြောလိုက်သည် - "နတ်ဆိုးတွေကို ခင်ဗျား တိုက်စရာ မလိုတော့ပါဘူး။ အခု ကျိုကျိုးမှာ အကာအကွယ် အစီအရင်ကြီးရှိနေပြီ... ပြီးတော့ ကျွန်တော် ရှိနေတဲ့အတွက် နယ်ပယ်ပြင်ပ နတ်ဆိုးတွေက အန္တရာယ် မဟုတ်တော့ပါဘူး။ ခင်ဗျားရဲ့ မောက်မာတဲ့ စိတ်ဓာတ်ကိုသာ နည်းနည်း ပြင်လိုက်ပါ။ မဟုတ်ရင် နောက်တစ်ခါ စိတ်မိစ္ဆာ ထပ်ဝင်လာရင် ကျွန်တော် လာမကယ်နိုင်တော့ဘူးနော်။"
ကျိုကျိုးကို အနှစ် ၉,၀၀၀ တိုင်တိုင် ခြိမ်းခြောက်နေခဲ့သော နယ်ပယ်ပြင်ပ နတ်ဆိုးများကို ကျန်းလီက လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ပြောသွားသဖြင့် ကျန့်ကျွင်း အလွန်အံ့ဩသွားသည်။ နတ်ဆိုးများဆိုသည်မှာ မြေကမ္ဘာနတ်ဘုရားအဆင့်ရှိသော ဘီလူးကြီးများ ဖြစ်သော်လည်း၊ ယခုတော့ ခြိမ်းခြောက်မှု မဟုတ်တော့ဘူးတဲ့လား... ဤသည်က ကျန်းလီ၏ အစွမ်းအစကို သူ့အား အသစ်တစ်ဖန် ပြန်လည်သိမြင်သွားစေသည်။
မဟာယာနအဆင့် ဆိုတာ... ဒီလောက်တောင် ကြောက်စရာကောင်းတာပဲလား!
"လူသားဧကရာဇ်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။" ကျန့်ကျွင်းက စိတ်ရင်းမှန်ဖြင့် ထပ်မံ ဦးချလိုက်သည်။
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 150
အခန်း ၁၅၀ ။ ကျန့်ကျွင်း ပြန်လည်ပေါ်ထွက်လာခြင်း
ဝိညာဉ်ဆိုသည်မှာ အဝတ်အစားများမရှိပေ။ ကျန့်ကျွင်း၏ဝိညာဉ်ပေါ်ရှိ အဝတ်အစားများမှာ ဖန်တီးထားသော ပုံရိပ်ယောင်များသာဖြစ်ပြီး၊ တကယ်တမ်းတွင် အဝတ်မပါဘဲ ကိုယ်လုံးတီး ဖြစ်နေသည်ဟု ဆိုနိုင်သည်။
တစ်နည်းအားဖြင့် ပြောရလျှင်၊ ကျန့်ကျွင်းသည် နှစ်ပေါင်း ၄,၀၀၀ တိုင်တိုင် ဝတ်လစ်စလစ်ဖြင့် ပြေးလွှားနေခဲ့ခြင်း ဖြစ်ပြီး၊ ယခု ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်မှသာ တကယ့် အဝတ်အစားကို ဝတ်ဆင်ခွင့် ရတော့မည် ဖြစ်သည်။
ကျန့်ကျွင်းသည် အနည်းငယ် နေရခက်နေသေးပြီး၊ ဝိညာဉ်ခွဲထွက်၍ ကမ္ဘာအနှံ့ လျှောက်သွားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။
သူသည် ထိုကြောက်စရာကောင်းသော အတွေးများကို အမြန်ဆုံး ဖိနှိပ်ထားလိုက်ရသည်။
ကျန့်ကျွင်းသည် ဝိညာဉ်နှင့် ခန္ဓာကိုယ် ပြန်လည် ပေါင်းစည်းသွားပြီးနောက်၊ ရာဇပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေလိုက်သည်။ သူ၏မျက်လုံးများမှာ လျှပ်စီးများအလား တောက်ပနေပြီး၊ ဓားသမားများ၏ အရှင်သခင် တစ်ပါးအဖြစ် အပြည့်အဝ ပြန်လည်ရောက်ရှိသွားသည်။
ယခုအခါမှသာ သူသည် တကယ့် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းတစ်ဦးအဖြစ် ပြန်လည်ရောက်ရှိသွားပြီး၊ ဓားသင်္ချိုင်း၏ စည်းမျဉ်းများကို အပြည့်အဝ ထိန်းချုပ်ကာ၊ ဓားသင်္ချိုင်း တစ်ခုလုံးကို စိတ်ကြိုက် အုပ်စိုးနိုင်ပြီဖြစ်သည်။
သူတို့နှစ်ဦး ဒုတိယအထပ်သို့ ပြန်ရောက်လာသောအခါ၊ ချင်လွန့်၏ဘေးတွင် နောက်ထပ် သိကျွမ်းသူ နှစ်ဦး ရောက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ လက်ဖက်ရည်ဆိုင်တွင် ကျန်းလီကို လက်ဖက်ရည်နှင့် မုန့်များ ဝယ်ကျွေးခဲ့သော ကျန်းလုံ နှင့် လုပုချုံး တို့ပင် ဖြစ်သည်။
"ဘာ... မင်းတို့ ဓားသင်္ချိုင်း အပြင်ဘက်မှာ စောင့်နေတဲ့ ဆရာသမားတွေက ဝိညာဉ်သန္ဓေအဆင့်ပဲ ရှိတာလား။" ကျန်းလုံ အလွန်အံ့ဩသွားသည်။
"တာအိုရောင်းရင်းချင်လွန့်... မင်းတို့ ကူညီပေးခဲ့တာကို ကျေးဇူးတင်ပေမဲ့၊ ဒီလုပ်ရပ်က အရမ်း စိတ်လိုက်မာပါ လုပ်ရာကျသွားတယ်။ အဲ့ဒီကောင်တွေရဲ့ အပြင်ဘက်မှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် လူကြီးတစ်ယောက် စောင့်နေတယ်လေ!" လုပုချုံးက ချင်လွန့်တို့အတွက် စိုးရိမ်တကြီး ပြောလိုက်သည် - "အဲ့ဒီအချိန်ကျရင် တစ်ဖက်လူက အင်အားနဲ့ ဖိနှိပ်လာရင်၊ ငါတို့ အားလုံး အခြေအနေ မကောင်းနိုင်ဘူး။"
သူက အံကြိတ်ကာ ဆက်ပြောသည် - "ဒီကိစ္စက ငါတို့ နှစ်ယောက်ကြောင့် စဖြစ်တာဆိုတော့၊ ဓားသင်္ချိုင်းထဲက ထွက်သွားရင် ငါတို့ နှစ်ယောက်က သူတို့ အာရုံစိုက်လာအောင် လုပ်ပေးမယ်... အဲ့ဒီအချိန်ကျရင် မင်းတို့က အခွင့်အရေးယူပြီး အမြန် ထွက်ပြေးကြ!"
"ဒါတောင် သိပ်မလွယ်သေးဘူး။ သူတို့က ချီရှားတာအိုသားတော်ရဲ့ 'အဖိုအမ ဓား' ကို မျက်စိကျနေတာဆိုတော့၊ မင်းတို့ကို သေချာပေါက် စောင့်ကြည့်နေမှာပဲ!"
"ဒီကိစ္စကို ဘယ်လို လုပ်ရမလဲ။" လုပုချုံးနှင့် ကျန်းလုံတို့သည် ပြာယာခတ်နေကြသည်။
"မိတ်ဆွေတို့ စိတ်မပူပါနဲ့။ ကျွန်မတို့ လူကြီးတွေနဲ့အတူတူ လျှို့ဝှက်နယ်မြေထဲ ဝင်လာတာပါ။ သူ ရှိနေသရွေ့ ကျွန်မတို့ ဘာမှ မဖြစ်စေရပါဘူး။" စုန့်ယင်က နှစ်သိမ့်ပေးလိုက်သည်။
"လူကြီး? မင်းတို့က အင်အားစုကြီး တစ်ခုခုကလား... အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းများ ပါလာလို့လား။" ကျန်းလုံက မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ဓားသင်္ချိုင်း၏ စည်းမျဉ်းများကို ဂရုမစိုက်ဘဲ ဝင်ရောက်နိုင်သူဆိုသည်မှာ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သာ ဖြစ်နိုင်သည် မဟုတ်လား။
လူသားဧကရာဇ်က အားယားပြီး ဓားသင်္ချိုင်းထဲ ဝင်လာတယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။ အဲ့ဒီလောက် အားယားနေရင် လက်ဖက်ရည်ဆိုင်မှာ သွားထိုင်နေမှာပေါ့။
"အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းတော့ မဟုတ်ပါဘူး..."
"ဘာတွေ ဆူညံနေကြတာလဲ။"
ကျန်းလီနှင့် ကျန့်ကျွင်းတို့ ဘေးသို့ ရောက်လာကြသည်။
လူသားဧကရာဇ်နှင့် ခန္ဓာကိုယ် ပြန်လည် ရရှိသွားသော ကျန့်ကျွင်းတို့ကို မြင်သောအခါ၊ ချင်လွန့်တို့ အလျင်အမြန် အရိုအသေ ပေးလိုက်ကြသည်။
"ချန်လီ?" ကျန်းလုံနှင့် လုပုချုံးတို့က ကျန်းလီကို မှတ်မိသွားကြသည်။
ကျန်းလီကလည်း သူတို့ကို ပြန်လည်နှုတ်ဆက်လိုက်သည်။
"ကိစ္စက ဒီလိုပါ..." ချင်လွန့်က ရှေ့ထွက်ကာ အခြေအနေကို ရှင်းပြလိုက်သည် - "ဒီမိတ်ဆွေ နှစ်ယောက်ဖြစ်တဲ့ ကျန်းလုံနဲ့ လုပုချုံးက အလယ်အလတ်အဆင့် မှော်လက်နက်ဝိညာဉ်ဓား နှစ်လက်ကို ရခဲ့တယ်။ အဲ့ဒါကို လူတစ်စုက မျက်စိကျပြီး၊ အင်အားသုံး ခြိမ်းခြောက်ပြီး ဈေးနှိမ်ဝယ်ဖို့ ကြိုးစားတယ်။ မရောင်းရင် မဟာဆွေ့အင်ပါယာမှာ လမ်းလျှောက်လို့မရအောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်!"
"ဒီမိတ်ဆွေ နှစ်ယောက်ကလည်း ခေါင်းမာ... အဲလေ... သတ္တိရှိတော့၊ မရောင်းနိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းလိုက်တယ်။ အဲ့ဒီတော့ တစ်ဖက်က လူတွေ ဒေါသထွက်ပြီး အတင်း လုယူဖို့ ကြိုးစားကြတယ်။"
"ကျွန်တော်လည်း ကြည့်မရတာနဲ့ ဝင်ကူညီလိုက်တယ်။ လီဖူးကွေ့လည်း ဝင်ကူညီတယ်။ သူတို့က ကျွန်တော်တို့ကို ဘယ်လိုလုပ် နိုင်မှာလဲ။ ဒါပေမဲ့ သူတို့က လီဖူးကွေ့ရဲ့ 'အဖိုအမ ဓား' ကိုလည်း မျက်စိကျသွားတယ်။ ထွက်မသွားခင်မှာ... သတ္တိရှိရင် လျှို့ဝှက်နယ်မြေထဲမှာ တစ်သက်လုံး ပုန်းနေ... အပြင်ထွက်လာရင် သူတို့ ဆရာနဲ့ တွေ့မယ်လို့ ခြိမ်းခြောက်သွားတယ်။"
"ဒီလိုလူမျိုးက ဓားသမားလို့ ခေါ်ခံရဖို့တောင် မထိုက်တန်ဘူး။ တကယ့် ဓားသမားတွေရဲ့ အရှက်ရစရာပဲ။"
ကျန့်ကျွင်း ကြားသောအခါ အလွန် ဒေါသထွက်သွားပြီး၊ ချင်လွန့် ပြောသော ထိုလူများကို အလွန်ရွံရှာသွားသည်။
ကျန်းလီမှလွဲ၍ ကျန်သော ဓားကွက် ၃ ကွက်ကို နားလည်ပြီး ဒုတိယအထပ်သို့ ရောက်လာသူ အားလုံးကို 'ဓားသမား' များအဖြစ် သတ်မှတ်၍ ရသည်။ ဓားတာအိုကို အဓိက လေ့လာသည်၊ မလေ့လာသည်ကတော့ တစ်ပိုင်းပေါ့။
ကျန့်ကျွင်းက သူ့ကိုယ်သူ 'ကျန့်ကျွင်း' ဟု ခေါ်ဆိုခဲ့ခြင်းမှာ... ဓားသမားတိုင်းသည် 'ကျွင်းဇီ' (အကျင့်စာရိတ္တ ကောင်းမွန်သူ / လူကြီးလူကောင်း) ကဲ့သို့ ယဉ်ကျေးသိမ်မွေ့ပြီး တည်ကြည်ဖြောင့်မတ်ရမည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။ အင်အားသုံး လုယက်ခြင်း၊ အနိုင်ကျင့်ခြင်းများ ပြုလုပ်သူများသည် ဓားသမားဖြစ်ရန် အရည်အချင်းမရှိဟု သူ သတ်မှတ်ထားသည်။
ဓားသင်္ချိုင်း ဒုတိယအထပ်ရှိ ဓားများသည် ကျန့်ကျွင်းက တိုက်ပွဲများတွင် လောင်းကြေးထပ်၍ နိုင်ခဲ့သော ဓားများချည်းသာဖြစ်ပြီး၊ လုယက်ယူလာသော ဓား တစ်လက်မျှ မပါဝင်ပေ။
ထိုလူများ၏ ခြိမ်းခြောက်မှုကို ကျန်းလုံနှင့် လုပုချုံးတို့ကသာ စိုးရိမ်နေကြပြီး၊ အခြားသူများကမူ လုံးဝ ဂရုမစိုက်ကြပေ။ မြေခွေးလေးပင်လျှင် မကြောက်ရွံ့ပေ။ သူမသည် ဤ 'ဆရာကျန်း' ဆိုသူ၏ အဆင့်အတန်းကို အစောကြီးကတည်းက ရိပ်မိနေခဲ့သည်။
ဓားသင်္ချိုင်း၏စည်းမျဉ်းများကို ဂရုမစိုက်ဘဲ မုန်လာဥနုတ်သကဲ့သို့ ဓားများကို အလွယ်တကူ ဆွဲနုတ်နိုင်ပြီး၊ မျိုးရိုးနာမည်ကလည်း 'ကျန်း' ဖြစ်နေမှတော့... လက်ရှိ လူသားဧကရာဇ် ကျန်းလီမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်ဦးမှာလဲ?
ချင်လွန့်က တကယ်ကို ကံကောင်းတဲ့သူပဲ၊ ငါ ရွေးချယ်လိုက်တဲ့ သခင်က တော်တော် မှန်သွားတာပဲ ဟု မြေခွေးလေးက တိတ်တဆိတ် ဝမ်းသာနေမိသည်။
"ဆရာကြီး... ခန္ဓာကိုယ်ပြန်ရသွားတာ ဂုဏ်ယူပါတယ်!" စုန့်ယင်က အလွန်ပါးနပ်စွာဖြင့် ကျန့်ကျွင်းကို ပထမဆုံး ဂုဏ်ပြုစကား ဆိုလိုက်ရာ၊ အနည်းငယ် ဒေါသထွက်နေသော ကျန့်ကျွင်း၏မျက်နှာမှာ ပြေလျော့သွားသည်။
မြေခွေးလေးကလည်း လက်အုပ်ချီကာ "ဝူး... ဝူး..." ဟု အသံပြု၍ ဂုဏ်ပြုလိုက်သည်။ အသက်အရွယ်အရဖြစ်စေ၊ ကျင့်ကြံမှုအရဖြစ်စေ သူမက ကျန့်ကျွင်း၏ မျိုးဆက်သစ် လူငယ်လေးသာ ဖြစ်သည်။
"ဆရာကြီး... ခန္ဓာကိုယ် ပြန်ရသွားတာ ဂုဏ်ယူပါတယ်။" ချီရှား တာအိုသားတော်နှင့် ချင်လွန့်တို့ကလည်း လိုက်လံ ဂုဏ်ပြုကြသည်။
"ဆရာကြီး... ခန္ဓာကိုယ် ပြန်ရသွားတာ ဂုဏ်ယူပါတယ်။" ကျန်းလုံနှင့် လုပုချုံးတို့က အကြောင်းစုံကို သေချာမသိသော်လည်း အားလုံးနောက်မှ လိုက်၍ ဂုဏ်ပြုလိုက်ကြသည်။
ကျန့်ကျွင်းမှာ ကျန်းလီကဲ့သို့ မဟုတ်ဘဲ၊ သူ၏ပုံရိပ်မှာ လူသိများခြင်း မရှိပေ။ ထို့ပြင် သူက လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ က အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖြစ်ရာ၊ ကျန်းလုံနှင့် လုပုချုံးတို့က သူ့ကို သေချာပေါက် မသိနိုင်ပေ။
သို့သော် သူတို့က ဤလူကြီးမင်း၏ အဆင့်အတန်းကို အကြမ်းဖျင်း ခန့်မှန်းမိပြီး၊ သူတို့၏ နှလုံးသားများမှာ ပေါက်ကွဲထွက်မတတ် ခုန်ပေါက်နေကြသည်။
"ကောင်းပြီ! ကောင်းပြီ! ကောင်းပြီ!" ကျန့်ကျွင်းက ဟားတိုက် ရယ်မောလိုက်ရာ၊ မကျေနပ်မှုများ အားလုံး လွင့်ပျောက်သွားတော့သည်။
ဟုတ်သားပဲ... ဒီနေ့က ငါ ခန္ဓာကိုယ် ပြန်ရတဲ့ မင်္ဂလာနေ့ပဲ။ အဲ့ဒီ အမှိုက်ကောင်တွေကြောင့် ငါ့ရဲ့ စိတ်အခြေအနေကို ဘာလို့ အပျက်ခံရမှာလဲ?
"ကျန့်ကျွင်း... ကလေးတွေက ဂုဏ်ပြုနေကြတာ၊ လူကြီးတစ်ယောက်အနေနဲ့ တစ်ခုခုတော့ ပြန်ပေးသင့်တယ်နော်။" ကျန်းလီက ပြုံးလျက် ပြောလိုက်သည်။
ကျန့်ကျွင်းက ဟားတိုက် ရယ်မောလိုက်သည် - "ဟုတ်သားပဲ... ငါ အသိဉာဏ် နည်းသွားတယ်။"
"မင်း နာမည်က စုန့်ယင် ဟုတ်လား။" ကျန့်ကျွင်းသည် ပထမဆုံး ဂုဏ်ပြုစကားဆိုခဲ့သော စုန့်ယင်ကို အလွန် သဘောကျနေသည်။ ပါးနပ်ပြီး ချစ်စရာကောင်းသော ကလေးများကို လူတိုင်း သဘောကျကြသည် မဟုတ်လား - "မင်းက ဓားတာအိုကို အဓိကလေ့လာတာ မဟုတ်ဘူးဆိုတာ ငါ ကြည့်လိုက်တာနဲ့ သိတယ်။ မင်းသုံးတဲ့ လက်နက်ကလည်း ဝိညာဉ်ဓား မဟုတ်ဘူး။ မင်းကို ဝိညာဉ်ဓားပေးလည်း အလကားပဲ ဖြစ်နေလိမ့်မယ်။"
ကျန့်ကျွင်းသည် လက်ချောင်းထိပ်များမှ ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး၊ လက်ငါးချောင်းကို အနည်းငယ်ကွေးကာ ဆုပ်လိုက်သည်။ သူ လက်ပြန်ဖြန့်လိုက်သောအခါ... မည်းနက်နေသော ဆေးလုံးလေး ၅ လုံးက သူ၏ လက်ဖဝါးပေါ်တွင် ရှိနေသည်။
"ဒါက 'ဓားဆေးလုံး' လို့ ခေါ်တယ်။ ဒီအထဲမှာ ငါ့ရဲ့ ဓားဆန္ဒ ၅ ခု ပါဝင်တယ်။ ရန်သူနဲ့တွေ့ရင် ခွဲပြီး သုံးလို့ရတယ်။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဆိုရင် ထိတာနဲ့ သေမယ်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်က တိုက်ရိုက် ထိခံလိုက်ရရင်တောင် ပြင်းထန်တဲ့ ဒဏ်ရာရပြီး ပြန်ထနိုင်မှာ မဟုတ်ဘူး။"
ကျန့်ကျွင်းက ထိုဓားဆေးလုံး ၅ လုံးကို စုန့်ယင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ စုန့်ယင်သည် ၎င်းတို့ကို အလွန်တန်ဖိုးထားစွာဖြင့် ဘူးလေးထဲသို့ သိမ်းဆည်းလိုက်သည်။ ၎င်းမှာ အသက်ကယ်နိုင်သော အဖိုးတန် ပစ္စည်းများဖြစ်သည်။ ချင်လွန့်က အန္တရာယ်ကြုံတိုင်း ကံကောင်းစွာ လွတ်မြောက်နိုင်သည် ဆိုသော်လည်း၊ ဓားသွားပေါ် လမ်းလျှောက်ရသကဲ့သို့ အမြဲတမ်း မလုံခြုံပေ။ ယခု ဓားဆေးလုံးများ ရရှိထားသဖြင့် သူတို့၏ ခရီးစဉ်အတွက် အများကြီး စိတ်ချရသွားပြီ ဖြစ်သည်။
"ဒီ... မြေခွေးလေး။" ကျန့်ကျွင်းက 'အမြီးကိုးချောင်း ကောင်းကင်မြေခွေး' ဟု ပြောရန် ပြင်လိုက်သော်လည်း၊ မြေခွေးလေးက မျက်စိမှိတ်ပြကာ အချက်ပြနေသည်ကို တွေ့လိုက်ရသဖြင့်၊ လူငယ်များရှေ့တွင် အဆင့်အတန်းကို မဖော်ပြလိုကြောင်း ရိပ်မိသွားသည်။
သူက မြေခွေးလေး၏နဖူးကို လက်ညှိုးဖြင့် တစ်ချက် ထောက်လိုက်သည်။
"ပုံရိပ်ယောင်တာအိုတွေ၊ ညှို့ယူဖမ်းစားတဲ့ တာအိုတွေကိုတော့ ငါ မကျွမ်းကျင်ဘူး။ ဒါပေမဲ့... တစ်ခါတုန်းက မင်းတို့ မြေခွေးမျိုးနွယ် ဘိုးဘေးတွေရဲ့ လျှို့ဝှက်ဂူသင်္ချိုင်းတစ်ခုထဲကို ငါ မှားဝင်သွားဖူးတယ်။ အခု မင်းရဲ့နဖူးထဲကို ငါ ထည့်ပေးလိုက်တာက အဲ့ဒီ ဂူသင်္ချိုင်းရဲ့မြေပုံပဲ... အချိန်ရရင် သွားကြည့်လိုက်ပေါ့။"
မြေခွေးလေးက အလျင်အမြန် လက်အုပ်ချီကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကျန့်ကျွင်းက သူ ဝင်ပူးခဲ့သော ဝိညာဉ်ဓားကို ထုတ်ယူလိုက်ပြီး၊ ၎င်းအပေါ်တွင် တားမြစ်အစီရင်စီ များစွာကို ရိုက်သွင်းလိုက်ရာ၊ ဓား၏ အရည်အသွေးမှာ တဖြည်းဖြည်း ကျဆင်းသွားပြီး နောက်ဆုံးတွင် အဆင့်မြင့် ဝိညာဉ်လက်နက်အဆင့်သို့ ရောက်ရှိသွားသည်။
ကျန့်ကျွင်းက ထိုဝိညာဉ်ဓားကို ချင်လွန့်အား ပေးလိုက်သည်။
"ဒီဓားက ငါ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို မရောက်ခင်တုန်းက သုံးခဲ့တဲ့ ဝိညာဉ်ဓားပဲ။ နာမည်က 'ယွင်ဟွမ်' (တိမ်တိုက်များကို ဖယ်ရှား၍ လောကကြီးကို ဖွင့်လှစ်ခြင်း) လို့ ခေါ်တယ်။ တိမ်တိုက်တွေကို ဖယ်ရှားနိုင်သလို၊ လောကကြီးကိုလည်း ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။ မင်းက ဒီဓားရဲ့ အစွမ်းကို အတင်းအကျပ် ထုတ်သုံးဖို့ ကြိုးစားရင်... ကလေးတစ်ယောက်က တူကြီးကို ကိုင်ပြီး ထုသလို ဖြစ်သွားလိမ့်မယ်။ ရန်သူကို မထိခိုက်ခင် မင်းကိုယ်မင်း အရင် ထိခိုက်သွားလိမ့်မယ်။ ငါက ဒီဓားကို တားမြစ်အစီရင်စီတွေ လုပ်ပြီး အဆင့်နှိမ့်ပေးထားတယ်။ အခုဆို မင်းသုံးဖို့ အတိအကျ သင့်တော်နေပြီ။ မင်းရဲ့ ကျင့်ကြံမှု တက်လာတာနဲ့အမျှ တားမြစ်အစီရင်စီတွေကို တဖြည်းဖြည်း ဖြေလျှော့သွားပြီး... နောက်ဆုံးမှာ 'ယွင်ဟွမ်' ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်သုံးနိုင်လာလိမ့်မယ်။"
"ယွင်ဟွမ်ရဲ့ နာမည်ဂုဏ်သတင်းကို မဖျက်ဆီးမိစေနဲ့နော်။" ကျန့်ကျွင်းက သေချာမှာကြားလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျန့်ကျွင်း။"
"လီဖူးကွေ့... မင်းက သူတို့ထဲမှာ ဓားတာအိုကို အစွဲလမ်းဆုံးပဲ... မဆိုးဘူး။" ကျန့်ကျွင်းက ခေါင်းညိတ်ပြလိုက်သည် - "မင်းဆီမှာ ဓားဂိုဏ်းရဲ့ကျင့်စဉ်တွေရှိနေတာကို ငါ တွေ့တယ်။ မင်းက ဓားဂိုဏ်းရဲ့ တပည့်လား။"
"ကျန့်ကျွင်းကို ဖြေကြားပါရစေ။ ကျွန်တော်က ဝမ့်ချင်ဂိုဏ်းရဲ့ တာအိုသားတော်ပါ။ မှတ်တမ်းတွေအရဆိုရင် ဝမ့်ချင်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးက ဓားဂိုဏ်းကနေ ဆင်းသက်လာတာပါ။ အဲ့ဒါကြောင့် ဓားဂိုဏ်းရဲ့ ဂိုဏ်းခွဲလို့ ပြောလို့ ရပါတယ်။"
"ဝမ့်ချင်ဂိုဏ်း? ဒါဆို မင်းတို့က 'သံယောဇဉ်ကင်းမဲ့ ဓားတာအို' ကို ကျင့်ကြံတာပေါ့။" ကျန့်ကျွင်း အံ့ဩသွားသည် - "ဒါပေမဲ့ မင်းရဲ့ ခံစားချက်တွေ မျက်နှာပေါ်မှာ အတိုင်းသား ပေါ်နေတာ၊ သံယောဇဉ်ကင်းမဲ့ ဓားတာအို ကျင့်ကြံတဲ့သူနဲ့ လုံးဝ မတူပါဘူး။"
ဓားတာအိုတွင် 'သံယောဇဉ်ရှိသော ဓားတာအို' နှင့် 'သံယောဇဉ်ကင်းမဲ့ ဓားတာအို' ဟူ၍ နှစ်မျိုး ရှိသည်။ ကျန့်ကျွင်း လျှောက်လှမ်းခဲ့သော လမ်းစဉ်မှာ သံယောဇဉ်ရှိသော ဓားတာအို လမ်းစဉ် ဖြစ်သည်။
ချီရှား တာအိုသားတော်က ခါးသက်သက်ဖြင့် ပြန်ဖြေလိုက်သည် - "ကျွန်တော်က ဂိုဏ်းချုပ်ရဲ့ သားဖြစ်နေတော့... မဖြစ်မနေ သံယောဇဉ်ကင်းမဲ့ ဓားတာအိုကို ကျင့်ကြံရတာပါ။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်က သံယောဇဉ် ကင်းမဲ့တဲ့သူမဟုတ်တော့... ဘယ်လိုလုပ် ကျင့်ကြံလို့ ရနိုင်မှာလဲ။ အဲ့ဒါကြောင့် မနက်ပိုင်းမှာ သံယောဇဉ်ကင်းမဲ့ ဓားတာအိုကို ကျင့်သလို ဟန်ဆောင်ပြီး... ညဘက်ကျမှ သံယောဇဉ်ရှိတဲ့ ဓားတာအိုကို တိတ်တဆိတ် ကျင့်ကြံရတာပါ။ ဘယ်သူကများ ထင်မှာလဲ... ကျွန်တော်က သရုပ်ဆောင်တာ အရမ်း တူလွန်းသွားတော့၊ အားလုံးက ကျွန်တော့်ကို အသံယောဇဉ်ကင်းမဲ့ဆုံးသူလို့ သတ်မှတ်ပြီး တာအိုသားတော်အဖြစ် ရွေးချယ်လိုက်ကြတာပဲ။"
"ဂိုဏ်းထဲမှာဆိုရင် ကျွန်တော်က မျက်နှာသေကြီးနဲ့ နေပြီး၊ သံယောဇဉ်ကင်းမဲ့သလို ဟန်ဆောင်နေရတာပါ။"
"... မင်း တော်တော် ဒုက္ခရောက်နေတာပဲ။" ကျန့်ကျွင်းလည်း ဤကဲ့သို့သော လူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည် - "မင်းက ဓားဂိုဏ်းရဲ့ ဂိုဏ်းခွဲကဆိုမှတော့... မင်းကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံပြီး၊ ငါ့ရဲ့ အမွေအနှစ်တွေကို ပေးအပ်မယ်။"
ဤရုတ်တရက် ရရှိလာသော မမျှော်လင့်ထားသည့် အံ့ဩဖွယ်ရာကြီးကြောင့် ချီရှား တာအိုသားတော်မှာ မူးဝေသွားသည်။
ငါက ဘာကောင်မို့လို့များ... ကျန့်ကျွင်းရဲ့ တပည့်အဖြစ် လက်ခံခံရတာလဲ?
သူ အလျင်အမြန် ဒူးထောက်ကာ ဂါရဝပြုလိုက်သည် - "ဆရာ့ကို ဂါရဝပြုပါတယ်။ လီဖူးကွေ့ရဲ့ အရိုအသေကို လက်ခံပါ ။"
"ဟားဟားဟား... ထပါ တပည့်လေး၊ မြန်မြန် ထပါ။"
ကျန့်ကျွင်းသည် သစ်သားပြားလေးနှစ်ခုကို ဓားပုံစံ ဖန်တီးလိုက်ပြီး ကျန်းလုံနှင့် လုပုချုံးတို့ကို ပေးအပ်လိုက်သည်။
"ဒါက ငါ့ရဲ့ အမှတ်အသား တံဆိပ်တွေပါ။ နောင်တစ်ချိန် အခက်အခဲ တစ်ခုခုကြုံလာရင်၊ ဓားဂိုဏ်းကို သွားပြီး ငါ့ကို ရှာလို့ ရတယ်။ ငါ မင်းတို့ကို တစ်ကြိမ် ကူညီပေးပါ့မယ်။"
ကျန်းလုံနှင့် လုပုချုံးတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ စိတ်ကူးယဉ်ခဲ့သည့်အတိုင်း... လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ က ပျောက်ကွယ်သွားခဲ့သော ကျန့်ကျွင်းသည် သူတို့ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာပြီး၊ ဒဏ္ဍာရီလာ 'ကျန့်ကျွင်း တံဆိပ်' ကိုပါ ပေးအပ်သွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ကျန့်ကျွင်းတံဆိပ်ရှိနေခြင်းက ဝိညာဉ်ဓား ဘယ်နှစ်လက်ရှိရှိ အဲ့ဒါတွေအားလုံးထက် ပို၍ အသုံးဝင်လှသည်။
ဓားသင်္ချိုင်း အပြင်ဘက်က ခြိမ်းခြောက်မှုတွေကိုတော့ သူတို့ ခေါင်းထဲကနေ လုံးဝ မေ့ပစ်လိုက်ကြပြီ ဖြစ်သည်။
သူတို့ အံ့ဩနေသည်မှာ ဤ 'ချန်လီ' ဆိုသော အစ်ကိုကြီး၏ တကယ့် အဆင့်အတန်းကိုပင် ဖြစ်သည်။ သူက ကျန့်ကျွင်းနှင့် အလွန်ရင်းနှီးစွာ စကားပြောနိုင်စွမ်း ရှိနေသည်ဆိုတော့၊ သေချာပေါက် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်။ ဝမ်းနည်းစရာမှာ... သူတို့ သိထားသော အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းများထဲတွင် ဤလူနှင့် တစ်ယောက်မျှ ကိုက်ညီမှု မရှိခြင်းပင်။
"ခန္ဓာကိုယ် ပြန်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် ကျန့်ကျွင်း။" ကျန်းလီက စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုစကား ဆိုလိုက်ပြီး၊ သူ့လက်ကို ဆန့်ထုတ်ကာ လက်ဆောင် တောင်းလိုက်သည်။
ကျန့်ကျွင်းက ခါးသက်စွာ ပြုံးလိုက်သည် - "ကျုပ်ကို လွှတ်ပေးပါတော့။ ကျုပ်ဆီမှာ မိတ်ဆွေ မျက်စိကျလောက်မယ့် ပစ္စည်း ဘာမှ မရှိပါဘူး။ ကျုပ်ရဲ့ ဒီခန္ဓာကိုယ်ကြီးကို လိုချင်ရင် ယူသွားပြီး ရုပ်သေးရုပ်လုပ်မလား?"
"အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ရုပ်သေးရုပ်ကိုတော့ ကျွန်တော် စိတ်မဝင်စားပါဘူး။ နတ်ဘုရားအဆင့်ဆိုရင်တော့ စဉ်းစားကြည့်လို့ ရတာပေါ့။ ဒါပေမဲ့ ခင်ဗျားကို လုပ်ခိုင်းချင်တဲ့ ကိစ္စလေး တစ်ခုတော့ တကယ် ရှိတယ်။" ကျန်းလီက ပြုံးလျက် ပြောလိုက်သည် - "အခု တာအိုဂိုဏ်း ဂိုဏ်းချုပ် ပိုင်ဟုန်ထူက 'ကျိုကျိုးရဲ့ နံပါတ်တစ် ဓားသမား' လို့ နာမည်ကြီးနေတယ်။ ခင်ဗျား သူ့ကို သွားစိန်ခေါ်ပြီး တိုက်ခိုက်ကြည့်ပါလားလို့ပါ။"
"သူသာဆိုရင်တော့... ဒီနာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။" ကျန့်ကျွင်းသည် ရွှေအမြုတေအဆင့်လေးသာ ရှိသေးသော ပိုင်ဟုန်ထူကို ပြန်လည်သတိရသွားသည်။ သူ၏ ဓားတာအိုပါရမီမှာ ကျန့်ကျွင်း မြင်ဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်ပြီး၊ သူ့ထက် လုံးဝ မနိမ့်ကျပေ။
ကျန့်ကျွင်း စိတ်ဝင်စားသွားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ က သူသည်လည်း 'ကျိုကျိုး၏ နံပါတ်တစ် ဓားသမား' ဟု နာမည်ကြီးခဲ့သူ ဖြစ်သည်။ ကျန်းလီ မပြောလျှင်တောင်မှ၊ သူ၏ ကျင့်ကြံမှုများ အပြည့်အဝ ပြန်လည်ကောင်းမွန်လာပါက ထို ဓားတာအို မျိုးဆက်သစ် လူငယ်လေးနှင့် သေချာပေါက် ယှဉ်ပြိုင်ကြည့်မည်သာ ဖြစ်သည်။
ကျန်းလီ၏ လမ်းညွှန်မှုကြောင့် စိတ်မိစ္ဆာ၏ ဇာစ်မြစ်ကို သိရှိသွားပြီးနောက်၊ ကျန့်ကျွင်းသည် ယခင်က အကျင့်စရိုက်များကို ပြောင်းလဲပစ်ခဲ့ရာ... စိတ်အခြေအနေနှင့် ကျင့်ကြံမှုများပါ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ယခင်ကထက် ပိုမို အစွမ်းထက်လာခဲ့သည်။ ဤခေတ်သစ် 'ကျိုကျိုး၏ နံပါတ်တစ် ဓားသမား' က ဘယ်လောက်တောင် အစွမ်းထက်မလဲ ဆိုတာကို သူ တကယ် သိချင်နေပြီ ဖြစ်သည်။
တာအိုဂိုဏ်းမှာတော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်။ ဒီခရီးက တကယ်ကို တန်တာပဲ။ ကျန်းလီ စိတ်ထဲမှ အလွန်ပျော်ရွှင်နေမိသည်။
...
"တပည့်လေး... မင်းက အဖိုဓားကို ရခဲ့တာတောင်မှ၊ အမဓား ကိုင်ထားတဲ့ လူယုတ်မာတွေရဲ့ လုယူတာကို ခံလိုက်ရတယ် ဆိုတာ တကယ်ပဲလား။" ရွှမ်ပေ့ဇီက စိတ်ဝင်တစားဖြင့် အသံကျယ်ကြီး မေးလိုက်ရာ၊ ပတ်ဝန်းကျင်မှ လူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
"လုံးဝ အမှန်ပါပဲ ။" ဝမ်ကျွယ်က ရဲရဲဝံ့ဝံ့ပင် အာမခံလိုက်သည် - "ကျွန်တော့်ရဲ့ ဓားတာအိုပါရမီကို ဆရာလည်း သိတာပဲလေ။ အဖိုဓားကို ရတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီ လူယုတ်မာတွေက အင်အားများတာကို အခွင့်ကောင်းယူပြီး၊ ကျွန်တော် သတိမထားမိတဲ့အချိန်မှာ ဓားကို လုသွားကြတာပါ! ဒီမှာရှိတဲ့ လူတွေ အကုန်လုံး သက်သေပြလို့ ရပါတယ်။"
ဝမ်ကျွယ်၏နောက်လိုက်များကလည်း အလျင်အမြန် ခေါင်းညိတ်ကာ သူတို့၏ အစ်ကိုကြီး ပြောတာ မှန်ကန်ကြောင်း ထောက်ခံလိုက်ကြသည်။
ရွှမ်ပေ့ဇီ စိတ်ထဲမှ တွေးလိုက်သည်...
‘မင်းရဲ့ ဓားတာအို ပါရမီ ဘယ်လောက်ရှိလဲ ဆိုတာကို ငါ မသိဘဲ နေမလား။ အနိမ့်ဆုံးအဆင့် မှော်လက်နက် ဓားတစ်လက်ကို ဆွဲထုတ်နိုင်ရင်တောင် မင်းအတွက် ဓားက မျက်စိကန်းသွားလို့လို့ ပြောရမယ်။ ငွေရမယ့် အပေါက်မြင်တော့ အဲ့ဒီဓား နှစ်လက်ကို မင်း လုချင်နေတာ သေချာပါတယ်။’
သို့သော် ရွှမ်ပေ့ဇီသည် တပည့်ဖြစ်သူ၏ လိမ်ညာမှုကို ဂရုမစိုက်သည့်အပြင်၊ သူ့ကိုပင် ကူညီပေးလိုက်သေးသည်။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်လည်း လောဘတက်နေသောကြောင့် ဖြစ်သည်။
ထိုဓား နှစ်လက်မှာ ကျန့်ကျွင်းက ခန္ဓာပေါင်းစည်းခြင်းအဆင့်တွင် အသုံးပြုခဲ့သော ဓားများ ဖြစ်သည်။ ထိုဓားများကို ယွီရှင်းချန် ဘိုးဘေးကြီးထံ ဆက်သလိုက်ပါက၊ ဘိုးဘေးကြီး၏ မျက်နှာသာပေးမှုကို သေချာပေါက် ရရှိမည် ဖြစ်သည်။
ဂိုဏ်း၏စည်းကမ်းများအရ အင်အားသုံး လုယက်ခြင်းကို တားမြစ်ထားသဖြင့်၊ ရွှမ်ပေ့ဇီသည် အခွင့်အရေးယူ၍ အများပြည်သူရှေ့တွင် ဇာတ်လမ်းဆင်ကာ... မိမိတို့ဘက်က မှန်ကန်နေကြောင်း ဦးစွာ ထင်မြင်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ ထို့နောက် တစ်ဖက်လူက ဓားကို ပြန်မပေးပါက၊ လူကြီးက လူငယ်ကို အနိုင်ကျင့်ကာ အတင်းအကျပ် လုယူလျှင်တောင်မှ သူတို့ဘက်က အကြောင်းပြချက် ခိုင်လုံသွားမည်ဖြစ်သည်။
"ဝမ်ကျွယ်ရဲ့ဓားက တကယ်ပဲ အလုခံလိုက်ရတာလား။" လမ်းသွားလမ်းလာများက အံ့ဩသွားကြသည်။
လမ်းသွားလမ်းလာ၏ သူငယ်ချင်းက လှောင်ပြောင်လိုက်သည် - "ဝမ်ကျွယ်ပြောတဲ့စကားကို မင်းက ယုံတာလား။ လောကထဲကို အခုမှ ရောက်လာတာလား... ဝမ်ကျွယ်တို့သားအဖက နာမည်ကြီး ဓားပြတွေဆိုတာ ဘယ်သူမသိလို့လဲ။ မဟာဆွေ့အင်ပါယာမှာ သူတို့အတွက် လှုပ်ရှားဖို့ နေရာကျဉ်းနေလို့သာ... ပိုင်ဇီအင်ပါယာကိုသာ သွားရင်၊ သူတို့က ဒေသခံ ဗိုလ်ကျသူတွေ ဖြစ်နေလောက်ပြီ။ ဘုရင်ရှစ်ပါးကတောင် သူတို့ဆီကနေ ပညာလာသင်ရလိမ့်မယ်!"
"သူများကို လောကထဲ အခုမှ ရောက်လာတာလားလို့ ပြောနေတာ... မင်းကိုယ်တိုင်လည်း ဘာမှမထူးပါဘူး။ ဘုရင်ရှစ်ပါးဆိုတာ သမိုင်းထဲမှာပဲ ကျန်ခဲ့ပြီလေ... ချုံချီဘုရင်နဲ့ ချီလင်ဘုရင်တို့ သေသွားပြီးတဲ့နောက်၊ ကျန်တဲ့ ဘုရင်ခြောက်ပါးက ဧကရီ ပိုင်ရွှယ်လင်ကို အညံ့ခံလိုက်ကြပြီ။ ဘုရင်လို့တောင် မခံယူရဲကြတော့ဘူး။"
"တကယ်လား။"
"မင်းကို လိမ်ရင် ငါ ဝမ်ကျွယ် ဖြစ်ပါစေ။"
ချင်လွန့်တို့အဖွဲ့သည် နောက်ဆုံးမှ ထွက်လာကြခြင်းဖြစ်ရာ၊ အပြင်ရောက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏အာရုံစိုက်မှုကို ရရှိသွားကြသည်။
"ဆရာ... အဲ့ဒါ ကျွန်တော့် ဓားကို လုသွားတဲ့ လူတွေပဲ!" ဝမ်ကျွယ်က ဆူဆူညံညံ အော်ဟစ်လိုက်ပြီး၊ ရွှမ်ပေ့ဇီက သူ့အတွက် တရားမျှတမှု ရှာပေးရန် တောင်းဆိုလိုက်သည်။
ကြိုတင်မျှော်လင့်ထားသော်လည်း၊ တစ်ဖက်လူက ဤမျှအထိ အမှားအမှန်ကို ပြောင်းပြန်လှန်ပြီး စွပ်စွဲလိမ့်မည်ဟု ချီရှားတာအိုသားတော် လုံးဝ မထင်ထားခဲ့ပေ။
"အဓိပ္ပာယ် မရှိတာတွေ။" ချင်လွန့် မျက်မှောင်ကြုတ်လိုက်သည်။ 'ယွင်ဟွမ်' ဓားကို ရရှိခဲ့သော ပျော်ရွှင်မှုများ အားလုံး ပျောက်ကွယ်သွားတော့သည်။
"မင်းတို့က ကျန်းလုံနဲ့ လုပုချုံးရဲ့ ဓားတွေကို လုဖို့ ကြိုးစားခဲ့တာ ရှင်းနေတာပဲကို။ ပြီးတော့ ချီရှား တာအိုသားတော်ရဲ့ ဓားကိုလည်း မျက်စိကျသွားတာပဲ။" စုန့်ယင်က မှန်ကန်သော အကြောင်းအရာကို ထုတ်ဖော် ပြောဆိုလိုက်သည်။
ဝမ်ကျွယ်က လှောင်ပြုံးပြုံးလိုက်သည် - "ငါ့ဆရာက ခန္ဓာပေါင်းစည်းခြင်းအဆင့် လူကြီးမင်းပဲ။ မင်းတို့ရဲ့ အလိမ်အညာစကားတွေက အလကားပဲ! ငါ့ဆရာက တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူ လိမ်နေလဲဆိုတာ ချက်ချင်း သိတယ်။"
လူအုပ်ကြီး တိတ်ဆိတ်သွားသည်။ မှန်ပါသည်။ အမှန်တရားက ဘာပဲဖြစ်ဖြစ်... ရွှမ်ပေ့ဇီသည် ဤနေရာတွင် ကျင့်ကြံမှု အမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ အမှန်တရားသည် အရေးမကြီးဘဲ၊ ရွှမ်ပေ့ဇီက မည်သို့ ထင်မြင်သလဲဆိုသည်ကသာ အရေးကြီးဆုံး ဖြစ်သည်။
ဤနေရာသည် ဥပဒေဖြင့် အရေးယူနိုင်သော မဟာကျိုးအင်ပါယာ မဟုတ်ပေ။ မဟာဆွေ့အင်ပါယာ၏ အစိုးရသည် မန်ထျန်း ရှင်းယွီဂိုဏ်းကဲ့သို့ နောက်ခံရှိသော ရွှမ်ပေ့ဇီ၏ ကိစ္စများကို ဝင်ရောက် စွက်ဖက်လိုမည် မဟုတ်ပေ။ နောက်ဆုံး ရလဒ်က ဘာပဲဖြစ်ဖြစ်၊ သူတို့သာ ဒုက္ခရောက်မည် ဖြစ်ပြီး၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် လူကြီးမင်းများ၏ အမျက်တော်ကို ရှမိမည်မှာ သေချာသည်။
ဝမ်ကျွယ် လိမ်နေမှန်း အားလုံး သိကြသော်လည်း... ဘာလုပ်နိုင်မှာလဲ? လက်သီးကောင်းသူ(အင်အားကြီးသူ)ကသာ မှန်ကန်သည့် လောကကြီးပဲလေ။
"ဆရာ... ကျွန်တော့်အတွက် တရားမျှတမှု ရှာပေးပါဦး။" ချင်လွန့်တို့က ဓားကို အသာတကြည် မပေးသည်ကို မြင်သောအခါ၊ ၎င်းမှာ မိမိအတွက် တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုဖြစ်လာပြီဟု ဝမ်ကျွယ်က အလွန် ဝမ်းသာသွားသည် - "ကျွန်တော် ပြောခဲ့တယ်လေ... ဆရာ့ကို တိုင်ပြီး မင်းတို့ကို သေချာပေါက် ပညာပေးမယ်လို့!"
ဝမ်ကျွယ်က ဆရာဖြစ်သူ ဘာကြောင့် ဝင်မပါသေးသနည်းဟု ထူးဆန်းသွားပြီး၊ လှည့်ကြည့်လိုက်သည် - "ဆရာ?"
ရွှမ်ပေ့ဇီ၏နဖူးမှ ချွေးစေးများ ပျံကျလာပြီး၊ သွားများပင် တခိုက်ခိုက် ရိုက်နေကာ ရင်ထဲတွင် မုန်တိုင်းကြီး တစ်ခု တိုက်ခတ်နေသကဲ့သို့ ဖြစ်နေသည်။ အခြားသူများက ကျန့်ကျွင်းကို မသိသော်လည်း၊ သူက မသိဘဲ နေမလား!
သူသည် ဝူဝေ့မဟာမိတ်အဖွဲ့၏ အလယ်အလတ်အဆင့် ခေါင်းဆောင်တစ်ဦးဖြစ်ရာ၊ ဝူဝေ့မဟာမိတ်အဖွဲ့၏ သမိုင်းကြောင်းကို လေ့လာခဲ့ဖူးပြီး ကျန့်ကျွင်း၏ ပုံတူပန်းချီကားကိုလည်း မြင်ဖူးခဲ့သည်။
ကျန့်ကျွင်း! ဒါ သေချာပေါက် ကျန့်ကျွင်းပဲ!
ကျန့်ကျွင်း ရှင်သန်လာပြီ!
ဝူဝေ့မဟာမိတ်အဖွဲ့တစ်ခုလုံး ကြောက်ရွံ့ခဲ့ရသော ကျန့်ကျွင်း ပြန်ရှင်သန်လာပြီ!
ရွှမ်ပေ့ဇီသည် မိမိ၏တပည့်ကို သတ်ပစ်ချင်စိတ်များပင် ပေါက်လာသည်။ ဒီ အသေကောင် တပည့်က တကယ်ကို တော်တာပဲ။ လုယက်ဖို့ ကြိုးစားတာက ကျန့်ကျွင်းဆီကတောင် သွားလုဖို့ ကြိုးစားရဲတယ်ပေါ့! မင်း သေချင်နေရင်လည်း သေလေ... ငါ့ကို လာမဆွဲထည့်နဲ့!
"မင်းရဲ့တပည့်က ပြောတယ်... မင်းက ငါတို့ကို ပညာပေးမယ်ဆို။" ကျန့်ကျွင်းက အေးအေးဆေးဆေးပင် မေးလိုက်သည် - "ငါတို့ကို ဘာပညာများ ပေးမှာလဲ သိပါရစေ။"
ရွှမ်ပေ့ဇီက ငိုရမလို၊ ရယ်ရမလို အပြုံးမျိုးကို ဖန်တီးကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ကို ကြည့်ရတာ... ပညာရှိတဲ့ပုံ ပေါက်ရဲ့လား။"
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 151
အခန်း ၁၅၁ ။ အသန်မာဆုံး အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်က ဘယ်သူလဲ
《အံ့ဩဖွယ်! ယောကျ်ားတစ်ဦးက လူပုံအလယ်တွင် မိမိကိုယ်မိမိ ကြည့်ကောင်း၊ မကောင်း မေးမြန်းခဲ့》 —— ထျန်းကျီး သတင်းစာ
တကယ်တမ်း မူလခေါင်းစဉ်မှာ - 《အံ့ဩဖွယ်! ယောကျ်ားတစ်ဦးက လူပုံအလယ်တွင် ကျန့်ကျွင်းအား မိမိ ကြည့်ကောင်း၊ မကောင်း မေးမြန်းခဲ့》 ဟု ဖြစ်သည်။
သို့သော် ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင်က သူ၏ အားနည်းသော ခန္ဓာကိုယ်လေးမှာ ကျန့်ကျွင်း၏ ဓားတစ်ချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ဟု တွက်ဆမိသဖြင့် ခေါင်းစဉ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ နောက်ပိုင်းတွင်... 'ကျန်း' အမည်ရသော လမ်းသွားလမ်းလာ တစ်ဦးက ရွှမ်ပေ့ဇီမှာ လုံးဝ ကြည့်မကောင်းပါဘူးဟု မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
...
ကျန့်ကျွင်း ပြန်လည် ရှင်သန်လာပြီး ဓားဂိုဏ်းသို့ ပြန်လည်ရောက်ရှိသွားခြင်းမှာ ကျိုကျိုးတစ်ခွင်ကို တုန်လှုပ်သွားစေသော သတင်းကြီးတစ်ခုဖြစ်သည်။
"သတင်းစာ ဖတ်ပြီးပြီလား... ကျန့်ကျွင်း ပြန်လာပြီတဲ့! 《ထျန်းကျီး သတင်းစာ》 မှာ ရေးထားတာတော့... ကျန့်ကျွင်းက စိတ်မိစ္ဆာအတိဒုက္ခကို အနှစ် ၄,၀၀၀ တိုင်တိုင် တရားရှုမှတ်ပြီးတဲ့နောက်မှာ... နောက်ဆုံးတော့ တရားအလင်းပွင့်သွားပြီး ဓားကွက်တစ်သောင်းကို တစ်ကွက်တည်းအဖြစ် ပေါင်းစပ်နိုင်ခဲ့တယ်တဲ့။ ပြီးတော့ 'ဓားတစ်ချက်တည်းနဲ့ မန္တန်တွေ အားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့' အမှန်တရားကို နားလည်သွားပြီး... ထည်ဝါခမ်းနားတဲ့ ဓားချက်နဲ့ စိတ်မိစ္ဆာကို ခုတ်ပိုင်းပစ်လိုက်တယ်လို့ ဆိုတယ်။"
ဤသည်မှာ ကျန်းလီက 《ထျန်းကျီး သတင်းစာ》 ကို တမင်တကာ ထိုသို့ ရေးသားခိုင်းခဲ့ခြင်း ဖြစ်သည်။ လူများက ကျန့်ကျွင်း ကိုယ်တိုင် စိတ်မိစ္ဆာကို အနိုင်ယူခဲ့သည်ဟု ထင်မှတ်သွားစေရန်နှင့်၊ ကျန့်ကျွင်း၏ဂုဏ်သိက္ခာကို အနည်းငယ် ကာကွယ်ပေးလိုသောကြောင့်ဖြစ်သည်။
လူသားဧကရာဇ်က ကျန့်ကျွင်း၏ စိတ်မိစ္ဆာကို အနိုင်ယူပေးခဲ့သည်ဟု အပြင်တွင် ပြောဆိုရသည်မှာ နားထောင်လို့ ကောင်းသော်လည်း၊ ကျန်းလီအတွက်မူ ၎င်းမှာ သိပ်ပြီး အရေးကြီးသော ကိစ္စမဟုတ်ပေ။ သူ၏ နာမည်ဂုဏ်သတင်းကို ဤကဲ့သို့သော ကိစ္စမျိုးဖြင့် အလှဆင်နေစရာ မလိုပေ။
ဆန့်ကျင်ဘက်အားဖြင့်... နှစ်ပေါင်း ၄,၀၀၀ တိုင်တိုင် ပျောက်ကွယ်နေခဲ့သော အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်း ကျန့်ကျွင်းအတွက်သာ သူ၏အစွမ်းထက်မှုကို ပေါ်လွင်စေမည့် အဖြစ်အပျက်တစ်ခု လိုအပ်နေခြင်းဖြစ်သည်။
"ဒါဆိုရင် ငါတို့ ကျိုကျိုးမှာ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းတစ်ပါး ထပ်တိုးလာတာပေါ့။"
"အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းတစ်ပါး ထပ်တိုးလာရုံတင် ဘယ်ကမလဲ။ သူက ဓားတာအို လမ်းစဉ်က အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်လေ။ တိုက်ခိုက်သတ်ဖြတ်တဲ့နေရာမှာ ပြိုင်ဘက်ကင်းတယ်... အဆင့်တူတွေထဲမှာ ဘယ်သူကများ သူ့ကို ယှဉ်နိုင်မှာလဲ။"
"အဲ့ဒီစကားကိုတော့ ငါ လက်မခံနိုင်ဘူး။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်အထိ ရောက်လာတဲ့သူတွေက ဘယ်သူက ဘယ်သူ့ထက် ညံ့နေလို့လဲ။ ကျန့်ကျွင်းက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်မှာ ပြိုင်ဘက်ကင်းတယ်လို့ မင်းက ဘယ်လိုလုပ် တပ်အပ်ပြောရဲတာလဲ။ ငါ့အထင်တော့ တာအိုဂိုဏ်း ဂိုဏ်းချုပ် ပိုင်ဟုန်ထူက ကျန့်ကျွင်းထက် ပိုအစွမ်းထက်မယ် ထင်တယ်။"
"ပိုင်ဟုန်ထူ? သူက 'ကျိုကျိုးရဲ့ နံပါတ်တစ် ဓားသမား' လို့ နာမည်ခံထားပေမဲ့... တကယ်တမ်းကျတော့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေ အားလုံးထဲမှာ သူ တစ်ယောက်တည်းကပဲ ဓားကို သုံးလို့လေ။ ဂိုဏ်းချုပ်ပိုင် ဓားထုတ်သုံးတာကို မင်းတို့ထဲက ဘယ်သူ မြင်ဖူးလို့လဲ။ တစ်ယောက်မှ မရှိဘူးမလား။"
"မင်းစကားက ရယ်စရာကြီး။ အခုခေတ် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းတွေအားလုံးက အချင်းချင်း ရင်းနှီးနေကြတာ... ဂိုဏ်းချုပ်ပိုင်က ဘယ်သူ့ကို ဓားထုတ်သုံးရမှာလဲ။"
"မင်းတို့ အထင်... အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေထဲမှာ ဘယ်သူက အသန်မာဆုံးဖြစ်မလဲ။" "ဘုန်းကြီးအိုလည်း မရှိတော့ဘူးဆိုတော့... လူသားဧကရာဇ်နန်းဆောင်က တပ်မှူးလျိုပဲ ဖြစ်ရမှာပေါ့။ သူကလည်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာတဲ့ ရှေးဟောင်း လူကြီးမင်းပဲလေ။ နယ်ပယ်ပြင်ပ နတ်ဆိုးတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာတောင် မသေခဲ့ဘူး။ ပြီးတော့ နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခကိုလည်း နှစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်ဖူးတယ်။ နတ်ဘုရားဘုံလှေကားသာ မပျောက်ကွယ်သွားဘူးဆိုရင်... သူက အစောကြီးကတည်းက နတ်ဘုရား ဖြစ်နေလောက်ပြီ။"
"မဟုတ်သေးဘူး၊ မဟုတ်သေးဘူး... တပ်မှူးလျိုက အသက်စွမ်းအင် ပြင်းထန်ရုံနဲ့ တိုက်ခိုက်ရေးစွမ်းရည် မြင့်တယ်လို့ ပြောလို့ မရဘူးလေ။ ငါ့အမြင်ကတော့ ဖာရှန်းဂိုဏ်းက ဂိုဏ်းချုပ်လီက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေထဲမှာ အသန်မာဆုံးပဲ။ နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခကို တစ်ကြိမ် ဖြတ်ကျော်ဖူးသလို၊ ဒဏ္ဍာရီထဲမှာပဲ ရှိတဲ့ ဖာရှန်းတွေကိုလည်း မျိုးစုံ ကျွမ်းကျင်ထားတယ်။ ဘယ်သူကများ သူ့ကို နိုင်မှာလဲ။"
လူတစ်ယောက်က အထင်သေးစွာ ရယ်မောလိုက်သည် - "ဒဏ္ဍာရီထဲက ဖာရှန်းတွေကို ကျွမ်းကျင်ရုံနဲ့ပဲ အသန်မာဆုံးလို့ ပြောလို့ ရမလား။ ရွှေထမ်းပိုးကြီး ထမ်းထားတိုင်း ဧကရာဇ် ဖြစ်နေတာမှ မဟုတ်တာ။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် အချင်းချင်း တိုက်ခိုက်ကြရင် ဒီလို အပေါ်ယံ အရာတွေနဲ့ ဆုံးဖြတ်လို့ ရမလား။"
"ဧကရီယွီယင်က မျိုးဆက်သစ် လူငယ်ဆိုပေမဲ့... တစ်ချိန်တုန်းက လူသားဧကရာဇ်ကျန်းနဲ့ လူသားဧကရာဇ် နေရာကို အပြိုင်လုခဲ့ဖူးတယ်။ ဂိုဏ်းချုပ် ပိုင်ဟုန်ထူတောင် သူ့ကို မယှဉ်နိုင်ခဲ့ဘူးလေ။ အခုဆို နိုင်ငံတော် ကံကြမ္မာစွမ်းအားကလည်း ရှိနေတယ်၊ ဆန္ဒပြည့်ဘူးသီးကလည်း ကူညီပေးနေတယ်... တကယ်လို့သာ တိုက်ခိုက်ကြမယ်ဆိုရင်၊ တခြား အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေက သူ့ကို ယှဉ်နိုင်ဖို့ မသေချာဘူး။" အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက ယွီယင်ကို အလွန် လေးစားအားကျစွာ ပြောလိုက်သည်။ ယွီယင်သည် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်များထဲတွင် တစ်ဦးတည်းသော အမျိုးသမီး ကျင့်ကြံသူ မဟုတ်လား။
"မင်းတို့ စဉ်းစားကြည့်ပါလား... အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေက ဘာဖြစ်လို့ အချင်းချင်း မတိုက်ခိုက်ကြတာလဲ။ ငါတို့ကို ခန့်မှန်းရခက်အောင် တမင် လုပ်နေကြတာများလား။"
"... မင်းရဲ့ အတွေးက တော်တော် အန္တရာယ်များတာပဲ။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေသာ အချင်းချင်း တိုက်ခိုက်ကြရင်... ကျိုကျိုးတိုက်ကြီးကော ကျန်ပါဦးမလား။"
"စကြဝဠာထဲ ထွက်တိုက်ကြလို့ ရတာပဲဟာ... ဘယ်လိုပဲဖြစ်ဖြစ် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေ တိုက်ခိုက်ကြရင် လှုပ်ရှားမှုက အရမ်းကြီးမှာပဲ၊ ကျိုကျိုး တစ်ခုလုံးကနေ အတိုင်းသား မြင်ရမှာပါ။"
"အင်း... အဲ့ဒါလည်း ဟုတ်တာပဲ။ ငါ အခုပဲ လူသားဧကရာဇ်နန်းဆောင်ဆီ စာရေးပြီး အကြံပြုလိုက်ဦးမယ်!"
လူများသည် သူတို့နှင့် ဘာမှ မသက်ဆိုင်သော အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်များအကြောင်းကို အလွန် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော်လည်း... မဟာဆွေ့အင်ပါယာအနေဖြင့် သူတို့နိုင်ငံတွင် ရုတ်တရက် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တစ်ပါး ထပ်တိုးလာခြင်းနှင့် ပတ်သက်၍ မည်သို့ ခံစားရမည်ကိုတော့ မည်သူကမျှ မတွေးမိကြပေ။
မဟာဆွေ့အင်ပါယာကတော့ ဘာမှ မခံစားရပေ။ မည်သို့ပင်ဆိုစေ သူတို့က ဓားဂိုဏ်းကို ဖိနှိပ်ခဲ့ကြသည်မှ မဟုတ်တာ။ သူတို့သည် ဓားဂိုဏ်းထံသို့ ဂုဏ်ပြုလက်ဆောင်များကို ချက်ချင်း ပေးပို့ခဲ့ကြပြီး၊ ဆွေ့ဧကရာဇ်ကလည်း တော်ဝင်အစိုးရနှင့် ဓားဂိုဏ်းသည် မိသားစုတစ်ခုတည်းကဲ့သို့ ရင်းနှီးပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နန်းတော်တွင် အရွယ်ရောက်နေသော မင်းသမီးလေးတစ်ပါး ရှိနေပြီး၊ ကျန့်ကျွင်းကလည်း တပည့်သစ်တစ်ယောက် လက်ခံထားသည်ဆိုတော့... နှစ်ဖက် မိသားစုများ သွေးသားရင်းချာအဖြစ် ပေါင်းစပ်ကြမည်ဆိုပါက ပို၍ပင် ရင်းနှီးသွားမည်ဟု အဆိုပြုခဲ့သေးသည်။
ကျန့်ကျွင်းက ချက်ချင်းပင် ငြင်းပယ်လိုက်သည်။
ဆွေ့ဧကရာဇ်သည် ငြင်းပယ်ခံရသော်လည်း ဒေါသမထွက်ဘဲ အလွန်ပျော်ရွှင်နေသည်။ လက်ထပ်မင်္ဂလာကိစ္စဆိုသည်မှာ စကားအဖြစ် ပြောကြည့်ခြင်းသာဖြစ်ပြီး၊ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးဆုံးမှာ အစိုးရက ဓားဂိုဏ်းကို ထောက်ခံကြောင်း သဘောထား ပြသလိုက်နိုင်ခြင်းပင်ဖြစ်သည်။
ကျန့်ကျွင်းသည် နိုင်ငံရေးအာဏာကို စိတ်မဝင်စားသဖြင့်၊ ဆွေ့ဧကရာဇ်သည် သူ့ထီးနန်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။
ဆွေ့ဧကရာဇ် မစိုးရိမ်သော်လည်း၊ စိုးရိမ်နေသူများတော့ ရှိပါသည်။
ဝူဝေ့မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ အားလုံးမှာ အလွန် ထိတ်လန့်တုန်လှုပ်နေကြပြီး၊ ကျန့်ကျွင်းက အတိတ်က ကိစ္စများကို ပြန်လည်အကဲဖြတ်မည်ကို အလွန် စိုးရိမ်နေကြသည်။ သူတို့တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့်များ အများအပြား ရှိသည်ဆိုသော်လည်း၊ အားလုံး ပေါင်းတိုက်လျှင်ပင် ကျန့်ကျွင်း တစ်ယောက်တည်းကို မယှဉ်နိုင်မှန်း သိထားကြသည်။
သူတို့အားလုံးက လူသားဧကရာဇ်ကျန်းတွေမှ မဟုတ်တာ... ခန္ဓာပေါင်းစည်းခြင်းအဆင့်နဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို အေးအေးဆေးဆေး ယှဉ်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
အဆိုးဆုံးမှာ မန်ထျန်း ရှင်းယွီဂိုဏ်းမှ ယွီရှင်းချန် ဖြစ်သည်။ သူ ဘာတွေ ကံဆိုးနေမှန်း မသိပေ။ ပထမဆုံး လူသားဧကရာဇ်နန်းဆောင်က သူ့ကို လာရောက် သတိပေးဆုံးမခဲ့ပြီး၊ နောက်တော့ သူ့တပည့်များက ကျန့်ကျွင်း၏ တပည့်များကို သွားရောက် ခြိမ်းခြောက် ငွေညှစ်ခဲ့ကြပြန်သည်။
ကျန့်ကျွင်းသည် ရွှမ်ပေ့ဇီတို့ ဆရာတပည့်နှင့် နောက်လိုက်များကို အနည်းငယ်မျှသာ အပြစ်ပေးခဲ့ပြီး၊ ယွီရှင်းချန်ကို ထိုလူများအား ပိုင်ဇီအင်ပါယာသို့ ပို့ဆောင်လိုက်ရန် အကြံပြုခဲ့သည်။
ယွီရှင်းချန်ကလည်း မငြင်းရဲဘဲ၊ ညတွင်းချင်းပင် သူတို့ကို ပိုင်ဇီအင်ပါယာရှိ တောင်ကြားတစ်ခုထဲသို့ သွားရောက် ပစ်ထားခဲ့သည်။ သူတို့က တောင်ပေါ်မှာ ဓားပြဗိုလ် လုပ်မလား၊ ဒါမှမဟုတ် တခြား ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံရမလား ဆိုတာကိုတော့ သူ ဂရုမစိုက်တော့ပေ။
ကျန့်ကျွင်း၏အမြင်မှာ ဓားဂိုဏ်း၏အမြင်နှင့် အတူတူပင် ဖြစ်သည်။ မိမိ အဖိနှိပ်ခံရခြင်းမှာ မိမိ အားနည်းနေ၍သာ ဖြစ်ပြီး၊ ကျန်းလီကဲ့သို့ အစွမ်းထက်နေပါက မည်သူကမှ လာရောက် အနိုင်ကျင့်ရဲမည် မဟုတ်ပေ။
ဝူဝေ့မဟာမိတ်အဖွဲ့ကို မမုန်းဘူးဆိုလျှင်တော့ လိမ်ရာကျမည် ဖြစ်သော်လည်း၊ ကျန့်ကျွင်းသည် ဝူဝေ့မဟာမိတ်အဖွဲ့ကို မဟာဆွေ့အင်ပါယာမှ မောင်းထုတ်ပြီး ဓားဂိုဏ်းတစ်ခုတည်းကသာ အင်ပါယာကိုကြီးစိုးရန် မကြိုးပမ်းခဲ့ပေ။ သူသည် ဂိုဏ်းတိုင်း၏ တံခါးဝသို့ ကိုယ်တိုင်သွားရောက်ကာ... အားလုံးက ကျန်းလီကို မနိုင်တဲ့သူတွေ အတူတူပဲမို့ အဆင့်အတန်းချင်း တူလောက်မှာပါ... အဲ့ဒါကြောင့် ခင်မင်ရင်းနှီးစွာနဲ့ လက်ရည်စမ်းကြည့်ကြရအောင်ဟု ယဉ်ကျေးစွာ ပြောဆိုခဲ့သည်။
လက်ရည်စမ်းပြီးနောက်တွင်တော့၊ ဝူဝေ့မဟာမိတ်အဖွဲ့ဝင်များ အားလုံးသည် နောင်တွင် ရိုးရိုးသားသား နေထိုင်ပြီး တာဝန်သိသိ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့ကြသည်။
ကျန့်ကျွင်း တစ်ပတ်လောက် လှည့်လည်သွားပြီးနောက် အကျိုးအမြတ် အများဆုံး ရရှိသွားသူမှာ ဆွေ့ဧကရာဇ်ပင်ဖြစ်သည်။
ဆွေ့ဧကရာဇ်၏အမြင်တွင် ဝူဝေ့မဟာမိတ်အဖွဲ့သည် မဟာဆွေ့၏ ကင်ဆာရောဂါကြီးတစ်ခုဖြစ်သည်။ သူတို့သည် အခြေအမြစ် ခိုင်မာလွန်းသဖြင့် အစိုးရကိုပင် ဂရုမစိုက်လေ့ ရှိကြသည်။ ယခု ကျန့်ကျွင်းက ဝင်ရောက် ထိန်းချုပ်ပေးလိုက်သဖြင့် ဝူဝေ့မဟာမိတ်အဖွဲ့သည် နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့လေပြီ။
...
【တာဝန် ပြီးမြောက်သည့်အတွက် ဟို့စ်အား ဂုဏ်ပြုပါသည်။ ဆုလာဘ်များကို ထုတ်ယူလိုပါသလား။】
ကျန့်ကျွင်းသည် ဓားသင်္ချိုင်းမှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက် စနစ်ထံမှ အသိပေးချက် ထွက်ပေါ်လာသည်။ ကျန်းလီသည် ကျန့်ကျွင်းနှင့် လမ်းခွဲပြီးနောက်မှသာ ဆုလာဘ်များကို ထုတ်ယူခဲ့သည်။
'ဝိညာဉ်အာဟာရဖြည့် လက်စွပ်' တစ်ကွင်းသည် ကျန်းလီ၏လက်ထဲတွင် ပေါ်လာသော်လည်း၊ သူ့အတွက်မူ မည်သည့် အသုံးဝင်မှုမျှ မရှိပေ။
စနစ်၏ တာဝန် ရှင်းလင်းချက်ကို ကြည့်ခြင်းအားဖြင့်... ဤလက်စွပ်မှာ မူလက ကျန့်ကျွင်းအတွက် ရည်ရွယ်ထားခြင်းဖြစ်မည်ဟု ကျန်းလီ ခန့်မှန်းမိသည်။ 'စိတ်မိစ္ဆာ ရှောင်ကွင်းခြင်း' လုပ်ဆောင်ချက်သည် စိတ်မိစ္ဆာကို လုံးဝ မဖယ်ရှားနိုင်ဘဲ အနည်းငယ်မျှသာ အားနည်းသွားစေနိုင်သဖြင့်၊ ကျန့်ကျွင်းသည် စိတ်မိစ္ဆာနှင့် အသေအလဲ တိုက်ခိုက်ပြီးနောက် စိတ်မိစ္ဆာရော ခန္ဓာကိုယ်ပါ ပျက်စီးသွားပြီး ဝိညာဉ်အသွင်ဖြင့်သာ ဓားသင်္ချိုင်းမှ ထွက်ခွာလာနိုင်မည်ဖြစ်သည်။
ထိုအချိန်တွင် သူ၌ ဝိညာဉ်အာဟာရဖြည့် လက်စွပ် ရှိနေသဖြင့်၊ ကျန့်ကျွင်းသည် သူ့အနားတွင် လိုက်ပါလာပြီး၊ ခန္ဓာကိုယ်သစ် ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အရေးကို ရှာဖွေရင်း... သူ၏ ကျင့်ကြံရေး ခရီးစဉ်တွင် လမ်းပြပေးမည့် အကြီးအကဲတစ်ဦးအဖြစ် ကူညီပေးလိမ့်မည်။ ထိုသို့ဆိုပါက သူသည် လမ်းမှားများစွာကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
စနစ်က ရည်ရွယ်ထားသော ဇာတ်ညွှန်းမှာ ထိုသို့ဖြစ်မည်ဟု သူ ထင်သည်။ သို့သော် သူက ကျန့်ကျွင်းကို မူလ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပြန်လည်ဝင်ရောက်စေခဲ့သဖြင့် ဝိညာဉ်ပြုစုပျိုးထောင်ရန် မလိုအပ်တော့ဘဲ ဤလက်စွပ်မှာလည်း အသုံးမဝင်တော့ခြင်းဖြစ်သည်။
ဝိညာဉ်အာဟာရဖြည့် လက်စွပ်ပြီးနောက်၊ ဒုတိယ ဆုလာဘ်မှာ ပျက်စီးနေသော တာအိုလက်နက် အဆင့်ရှိ ဝိညာဉ်ဓား တစ်လက် ဖြစ်သည်။
ပျက်စီးနေသည် ဆိုသော်လည်း ၎င်း၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူက ဤဝိညာဉ်ဓားကို ကိုင်ဆောင်ပါက ဝိညာဉ်သန္ဓေအဆင့်ကိုပင် အဆင့်ကျော်လွန် တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ကျန်းလီက ကိုင်ဆောင်မည်ဆိုပါကလည်း အဆင့်ကျော်လွန် တိုက်ခိုက်နိုင်သည်... မဟာယာနအဆင့်ဆိုမှတော့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို အေးအေးဆေးဆေး တိုက်ခိုက်နိုင်တယ်လေ!
ထို့ကြောင့် ကျန်းလီသည် ထိုဓားကို သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ ဖုန်တက်ခံထားလိုက်သည်။
နောက်ဆုံး ဆုလာဘ်မှာ ကိုယ်ခံပညာကျင့်စဉ်ဖြစ်သော 《ကျောက်စာတိုင်ခွဲ မဟာလက်ဝါး》ဖြစ်သည်။ နေ့ရောညပါ ကျောက်တုံးများကို လက်ဖြင့် ထုရိုက်ကာ အရေပြားကို မာကျောအောင် လေ့ကျင့်ရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် သံမဏိလက်ဝါး တစ်စုံကို ရရှိမည်ဖြစ်ကာ... တောင်များကို ခွဲ၊ မြေကြီးများကို ဖြိုခွဲခြင်းမှာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ဤမျှ ကောင်းမွန်သော ကိုယ်ခံပညာကို သူ တစ်ယောက်တည်း အသုံးပြု၍ မဖြစ်ပေ။ ကျန်းလီသည် ဤကျင့်စဉ်ကို ကျိုကျိုးရှိ သတ္တုတွင်း အလုပ်သမားများထံ လှူဒါန်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့ အလုပ်လုပ်ရင်းဖြင့် တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်စေရန် ဖြစ်ရာ... တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
***