← Chapters

အခန်း (၁၅၂-၁၅၄)

Vol. 10 Ch. 152-154

အခန်း (၁၅၂-၁၅၄)

Vol. 10 Ch. 152-154

အခန်း ၁၅၂ ။ ကျီမိသားစု ဘိုးဘေးများ ချန်ရစ်ခဲ့သော သေတ္တာ

ကျန်းလီသည် ကျီကျစ်ထံသို့ သွားရောက်သောအခါ၊ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးလောက်အောင်ပင် ကျီကျစ်သည် အစီရင်ခံစာများကို အချိန်ပို လုပ်ဆောင်နေခြင်း မရှိဘဲ၊ ကျီခုံးခုံးကို ပုံပြင် ပြောပြနေသည်ကို တွေ့လိုက်ရသည်။

"အဲ့ဒီတုန်းက နယ်ပယ်ပြင်ပနတ်ဆိုးတွေ ရောက်လာတော့ ကျိုကျိုးကြီးက အန္တရာယ် အကြီးအကျယ် ကျရောက်နေပြီလေ။ ခမည်းတော်နဲ့ မင်းရဲ့ ဦးလေးကျန်းတို့ အတူတူ ပူးပေါင်းပြီး နတ်ဆိုးတွေကို ရင်ဆိုင်ခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းက မင်းရဲ့ ဦးလေးကျန်းက မဟာယာနအဆင့်ကို ရောက်ခါစပဲ ရှိသေးတော့ အခုလိုမျိုး ပြိုင်ဘက်ကင်းတဲ့ အခြေအနေ မရောက်သေးဘူး။ အဲ့ဒါကြောင့် ခမည်းတော်လိုမျိုး အစွမ်းထက်တဲ့ အကူအညီ လိုအပ်ခဲ့တာပေါ့။"

"ခမည်းတော်က နိုင်ငံတော် ကံကြမ္မာစွမ်းအားကို ရယူ၊ အတိတ်အနာဂတ်ဓားကို ကိုင်ဆောင်ပြီး အချိန်တာအိုကို အသုံးပြုလိုက်တယ်။ အချိန်နဲ့ ဟင်းလင်းပြင်ကို ပြောင်းပြန်လှန်ပစ်လိုက်တော့... နတ်ဆိုးတွေက အချိန်တွေ၊ လမ်းကြောင်းတွေ မျက်စိလည်လမ်းမှား ဖြစ်ကုန်ပြီး မူးဝေသွားကြတယ်။ ခမည်းတော်က အဲ့ဒီနတ်ဆိုးကို စက္ကန့် ၂၀ လောက် အချိန်ဆွဲထားပေးလိုက်လို့ မင်းရဲ့ ဦးလေးကျန်း တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားတာလေ။"

"တကယ်တော့ မင်းရဲ့ ဦးလေးကျန်းက စောစော ဝင်ပါလာလို့သာ... မဟုတ်ရင် ခမည်းတော်ကိုယ်တိုင်ပဲ အဲ့ဒီနတ်ဆိုးကို ရှင်းပစ်လိုက်နိုင်တယ်။"

ပုံပြင်ဆိုမှတော့ စိတ်ကူးယဉ် ချဲ့ကားထားမှုများ ပါဝင်မည်မှာ သေချာသဖြင့် ကျန်းလီက နားလည်ပေးလိုက်သည်။

ကလေးရှေ့မှာ ဘယ်လိုလုပ် အမှန်အတိုင်း ပြောပြလို့ ရမှာလဲ... အဖေလုပ်တဲ့သူက စွမ်းအားတွေ တအားပြချင်နေပြီး နတ်ဆိုးကို သွားတိုက်တာ၊ တက်သွားတာနဲ့ ခွေးသေကောင်လို အရိုက်ခံရပြီး စက္ကန့် ၂၀ လောက် အသေအလဲ အရိုက်ခံလိုက်ရတယ်... မင်းရဲ့ ဦးလေးကျန်းသာ ဝင်မကူရင် မဟာကျိုးအင်ပါယာမှာ ဧကရာဇ်တောင် ပြောင်းသွားလောက်ပြီဆိုတာကို ဘယ်လို ပြောပြလို့ ရမှာလဲ။

"ခမည်းတော်က အဲ့ဒီတုန်းက လူသားဧကရာဇ်လောင်းတွေထဲက တစ်ယောက်ပဲလေ။ ဒါပေမဲ့ မဟာကျိုးအင်ပါယာက ခမည်းတော်ကို အရမ်းလိုအပ်နေတော့၊ ရခါနီးဖြစ်နေတဲ့ လူသားဧကရာဇ် နေရာကို နာကျင်စွာနဲ့ စွန့်လွှတ်ခဲ့ရပြီး မင်းရဲ့ ဦးလေးကျန်းကို နေရာပေးလိုက်ရတာပေါ့..."

ကျီကျစ်၏ လေလုံးထွားမှုများက ပို၍ လွန်ကျူးလာသဖြင့် ကျန်းလီသည် ရှေ့ထွက်ရပ်ရန် ဆုံးဖြတ်လိုက်သည်။

"အဟမ်း... အနှောင့်အယှက်ပေးသလို ဖြစ်သွားလား။"

ဘေးတွင်ရှိနေသော သက်တော်စောင့်များမှာ အလွန် အလန့်တကြား ဖြစ်သွားပြီး ချက်ချင်း အသင့်အနေအထား ပြင်လိုက်ကြသည်။ ဤမျှ အသံတိတ် ရောက်လာနိုင်သလို၊ ဧကရာဇ်ကိုလည်း အသံတိတ် လုပ်ကြံနိုင်စွမ်း ရှိသူမှာ အလွန် အန္တရာယ်ကြီးမားသော ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ရမည်။

ဪ... လူသားဧကရာဇ်ကျန်းပါလား။ ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး။

"... မင်း အကုန် ကြားသွားတာလား။" ကျီကျစ် အနည်းငယ် ရှက်ရွံ့သွားသည်။

"နယ်ပယ်ပြင်ပ နတ်ဆိုးကို စက္ကန့် ၂၀ အချိန်ဆွဲပေးခဲ့တာကို ပြောတာလား၊ ဒါမှမဟုတ် လူသားဧကရာဇ် နေရာကို စွန့်လွှတ်ခဲ့တယ်ဆိုတာကို ပြောတာလား။"

"ဦးလေးကျန်း!" ကျီခုံးခုံးလေးသည် ဖြူဖွေးသော ခြေထောက်လေးများဖြင့် ပြေးလာပြီး ကျန်းလီထံသို့ သွားရောက်လိုက်သည်။

"ခုံးခုံးလေး လိမ္မာတယ်။" ကျန်းလီက ကျီခုံးခုံး၏ ဂျိုင်းအောက်မှ ပွေ့ချီကာ လေထဲတွင် တစ်ပတ် လှည့်ပေးလိုက်ပြီးမှ ပြန်ချပေးလိုက်ရာ၊ ကျီခုံးခုံးလေးမှာ ကြက်ပေါက်လေး တစ်ကောင်အလား တခစ်ခစ် ရယ်မောနေတော့သည်။

ကျီကျစ်က အကြောင်းအရာကို အလျင်အမြန် လွှဲလိုက်သည် - "ငါ့ဆီ ဘာကိစ္စ လာတာလဲ။"

ကလေးရှေ့တွင် ဖြစ်သဖြင့် ကျန်းလီကလည်း ကျီကျစ်ကို ဆက်လက် အရှက်မခွဲတော့ပေ - "အခု ယင်ယန်ကောင်းကင်တံဆိပ်၊ ဗြဟ္မာမျှော်စင်၊ သမုဒ္ဒရာလေးစင်း နဂါးပုလဲ၊ ထာ့ရှန်းကျောက်၊ ပညာရှိစာမူ နဲ့ ဆန္ဒပြည့်ဘူးသီးတွေကို ရှာတွေ့ပြီးပြီ။ မင်းတို့ ကျီမိသားစုရဲ့ 'အတိတ်အနာဂတ်ဓား' တစ်ခုပဲ ဘယ်ရောက်နေမှန်း မသိသေးတာ။ မင်းမှာ သဲလွန်စလေး ဘာလေး ရှိလားလို့ လာမေးတာ။"

ကျီကျစ်က ခဏလောက် စဉ်းစားပြီးမှ ဖြေလိုက်သည် - "အဲ့ဒီနေ့က တိုက်ပွဲကို ပြန်စဉ်းစားကြည့်ရင်... အတိတ်အနာဂတ်ဓားက အချိန်မြစ်ထဲကို ဝင်သွားပြီး အနာဂတ်ကနေ မင်းကို ခိုးတိုက်ဖို့ ကြိုးစားခဲ့ပုံရတယ်။ ဒါပေမဲ့ မင်းက ထျန်းဟွမ်လှံရှည် နဲ့ အချိန်နဲ့ ဟင်းလင်းပြင်ကို ခုတ်ဖြတ်ပြီး အဲ့ဒီဓားကို အချိန်မြစ်ပြင်ရဲ့ အထက်ပိုင်းကို ရိုက်ချလိုက်တယ်။"

ကျန်းလီလည်း ပြန်သတိရသွားသည်။ ထိုနေ့က နတ်ဘုရားလက်နက်များနှင့် တိုက်ခိုက်နေစဉ်အတွင်း၊ တစ်စုံတစ်ခုက သူ့ကို ခိုးတိုက်ရန် ကြိုးစားနေသည်ကို ခံစားခဲ့ရသည်။ သို့သော် ထိုခံစားချက်က အလွန် ဝိုးတဝါး ဖြစ်နေသဖြင့်၊ သူသည် တိုက်ခိုက်ရေး ဗီဇဖြင့်သာ တုံ့ပြန်ပြီး တစ်ခုခုကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။ ယခု ပြန်စဉ်းစားကြည့်မှ ထိုအရာသည် အတိတ်အနာဂတ်ဓား ဖြစ်ကြောင်း သိလိုက်ရသည်။

"ဒါဆိုရင် အတိတ်အနာဂတ်ဓားက အချိန်မြစ်ပြင်ထဲမှာ ရှိနေသေးတာပေါ့။" ၎င်းမှာ ကျန်းလီ တွေးထားသည့်အတိုင်းပင် ဖြစ်သည်။ အတိတ်အနာဂတ်ဓားက အချိန်မြစ်ပြင်ထဲတွင် ပုန်းနေမှသာလျှင် စနစ်က သူ့ကို ရှာမတွေ့နိုင်ခြင်းဖြစ်မည်။

"ဒါဆိုရင် နည်းနည်းတော့ ခက်သွားပြီ။" ကျန်းလီ စုပ်သပ်လိုက်သည်။ အခြားကမ္ဘာများတွင်ဆိုလျှင် သူ ရှာဖွေနိုင်သော်လည်း၊ အချိန်မြစ်ပြင်ထဲတွင် ဆိုပါက သူလည်း ဘာမှ မလုပ်နိုင်တော့ပေ။

"အချိန်မြစ်ပြင်ထဲမှာ ရှိနေတာ မဟုတ်လောက်ဘူး။ အတိတ်အနာဂတ်ဓားက အချိန်မြစ်ပြင်ထဲကနေ ခုန်ထွက်ပြီး တခြား အချိန်ကာလ တစ်ခုခုကို ရောက်သွားတာလည်း ဖြစ်နိုင်တယ်။ ဥပမာ - လွန်ခဲ့တဲ့ နှစ် ၅,၀၀၀ က အချိန်ဖြစ်ဖြစ်၊ နောက်ထပ် နှစ် ၅,၀၀၀ အကြာက အချိန်ဖြစ်ဖြစ်... ပြောရရင် ငါတို့ အခု ဖြတ်သန်းနေရတဲ့ အချိန်တွေက အတိတ်အနာဂတ်ဓား ပြောင်းလဲပစ်လိုက်တဲ့ သမိုင်းကြောင်းတွေလည်း ဖြစ်နေနိုင်တာပဲ။" ဟု ကျီကျစ်က ပြောလိုက်သည်။

အချိန်တာအိုကို ကျွမ်းကျင်သူများအတွက် အနာဂတ်ကို ပြောင်းလဲခြင်းဆိုသည်မှာ မခက်ခဲလှပေ။ ဥပမာ - ကျီကျစ်ဆိုလျှင်၊ သူ၏ ထပ်ဆင့်သူငယ်အိမ် ဖြင့် အနာဂတ်ကို ကြိုတင် မြင်တွေ့နိုင်သဖြင့် အန္တရာယ်များကို ရှောင်လွှဲနိုင်ပြီး၊ ဆုံးဖြတ်ချက်များ၏ ရလဒ်များကို ကြိုတင် သိရှိကာ ပြင်ဆင်နိုင်စွမ်း ရှိသည်။

အချိန်တာအို ဆိုသည်မှာ အလွန် နက်နဲဆန်းကြယ်လှပြီး၊ ပါရမီ မရှိသူများအတွက် အနည်းငယ်မျှပင် သင်ယူနိုင်မည် မဟုတ်ပေ။ ဥပမာ - ကျန်းလီအပါအဝင် အဆင့်မြင့် ကျင့်ကြံသူများစွာ... ပိုင်ဟုန်ထူ၊ ချန်ချွန်းရှန်းဝမ်၊ တပ်မှူးလျို အစရှိသူများ အားလုံးသည် အချိန်တာအိုကို လုံးဝ မတတ်ကျွမ်းကြပေ။

ပါရမီရှိသူများပင်လျှင် အပြည့်အဝ တတ်ကျွမ်းရန် မလွယ်ကူလှပေ။ ဥပမာ - ကျီမိသားစုဝင် အများစုသည် သွေးမျိုးရိုးအားသာချက်ကြောင့် အချိန်တာအို အနည်းငယ်ကို တတ်ကျွမ်းကြသော်လည်း အပေါ်ယံမျှသာ ဖြစ်သည်။ အချို့ဆိုလျှင် အပေါ်ယံကိုပင် မသင်ယူနိုင်ကြပေ။

သို့သော် အနာဂတ်ကို ပြောင်းလဲခြင်းနှင့် အချိန်မြစ်ပြင်ထဲတွင် လွတ်လပ်စွာ သွားလာကာ အတိတ်နှင့် အနာဂတ်ကို ကူးလူးသွားလာခြင်းဆိုသည်မှာ လုံးဝ ကွဲပြားခြားနားသော ကိစ္စနှစ်ခု ဖြစ်သည်။

ကျီကျစ်သည် အချိန်တာအိုကို ကျွမ်းကျင်သော်လည်း၊ သူ၏ကျင့်ကြံမှုမှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သာ ရှိသေးသည်။ နိုင်ငံတော် ကံကြမ္မာစွမ်းအား၏ အကျိုးသက်ရောက်မှုများကလည်း အချိန်မြစ်ပြင်ထဲတွင် အလုပ်မလုပ်သဖြင့်၊ သူသည် အတိတ်သို့ ပြန်သွားခြင်း သို့မဟုတ် အနာဂတ်သို့ သွားရောက်ခြင်းများကို မလုပ်ဆောင်နိုင်ပေ။

ကျီခုံးခုံးကတော့ ဤကိစ္စကို လုပ်ဆောင်နိုင်လောက်သည်။ သူမသည် ဘိုးဘေးများနှင့် အနီးစပ်ဆုံး တူညီသူဖြစ်ပြီး၊ အချိန်တာအိုပါရမီမှာ အငြင်းပွားဖွယ်ရာမရှိအောင် ကောင်းမွန်လှသည်။ ထို့ပြင် သူမသည် ကျင့်ကြံရန်အတွက် အလွန်သင့်တော်သော ကလေးမလေး တစ်ယောက်ဖြစ်ရာ၊ နောင်တစ်ချိန်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် သို့မဟုတ် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။

ကျီကျစ်သည် လူသားဧကရာဇ်လောင်းဖြစ်လာနိုင်ရန် လုံလောက်သော ကျင့်ကြံမှုပါရမီ အပြည့်အဝ ရှိခဲ့သည်။ သို့သော် ထိုအချိန်က ယခင် ကျိုးဧကရာဇ် ရုတ်တရက် နတ်ရွာစံသွားသဖြင့်၊ ကျီကျစ်၏ ညီအစ်ကို မောင်နှမများ အာဏာလုပွဲများ ဖြစ်ပွားခဲ့ရာ... နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးပြီး တရားဥပဒေ စိုးမိုးမှုများ ပျက်ပြားသွားခဲ့ရသည်။ ထို့ကြောင့် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သာ ရှိသေးသော ကျီကျစ်သည် လူသားဧကရာဇ်နေရာကို ယှဉ်ပြိုင်မည့် အစီအစဉ်ကို စွန့်လွှတ်ကာ ယခင် ကျိုးဧကရာဇ်၏နေရာကို ဆက်ခံရန် ပြန်လာခဲ့ရခြင်းဖြစ်သည်။

ကျီကျစ်သည် ကျီမိသားစု၏ ထိုမျိုးဆက်တွင် အထူးချွန်ဆုံးသူဖြစ်ပြီး ကျန်းလီ၏အကူအညီလည်း ပါဝင်သဖြင့်၊ အခြားသော နန်းမွေခံများက သူ့ကို မယှဉ်နိုင်ခဲ့ကြပေ။

ကျီကျစ် ဧကရာဇ် ဖြစ်လာပြီးနောက်တွင်၊ ဧကရီယွီယင်ကဲ့သို့ပင် နိုင်ငံတော် ကံကြမ္မာစွမ်းအား၏ ဖိနှိပ်မှုကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

သူ၏အခြေအနေမှာ ယွီယင်ထက်ပင် ပိုမို ဆိုးရွားသေးသည်။ ယွီယင်က ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ပြီးမှ ဧကရီ ဖြစ်လာခဲ့သဖြင့်၊ နိုင်ငံတော် ကံကြမ္မာစွမ်းအားကို သယ်ဆောင်ထားရင်းနှင့်ပင် ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့သည်။ သို့သော် ကျီကျစ်မှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သာ ရှိသေးသလို၊ သူ့ပါရမီကလည်း ယွီယင်လောက် မကောင်းသဖြင့် သူ၏ကျင့်ကြံမှုမှာ ရပ်တန့်သွားပြီး ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင်သာ ပိတ်မိနေခဲ့သည်။

"ငါ့ဆီမှာ အတိတ်အနာဂတ်ဓားကိုရှာဖို့ သဲလွန်စတစ်ခုတော့ ရှိနိုင်တယ်။" ကျီကျစ်၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။

"ဘာလဲ။"

ကျီကျစ်က ပြန်မဖြေဘဲ၊ လိမ္မာသော ကျီခုံးခုံးလေးကိုဆွဲကာ ဘဏ္ဍာတိုက်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့ မကြာခဏ နေလေ့ရှိသော ယန်ရှင်းနန်းဆောင်ကို ဖြတ်သန်းသွားစဉ်၊ စုတ်တံတစ်ချောင်းက အစီရင်ခံစာများကို အသည်းအသန် ရေးမှတ်နေသည်ကို ကျန်းလီ တွေ့လိုက်ရသည်။

ကျီကျစ်က ရှင်းပြသည် - "ငါက ဒီစုတ်တံနဲ့ အစီရင်ခံစာတွေကို အမြဲတမ်း ရေးမှတ်ခဲ့တာဆိုတော့၊ သူက ငါ့ရဲ့ အမြင်တွေကို အရမ်း ရင်းနှီးနေပြီလေ။ သူ အသိဉာဏ်ပွင့်လာပြီးတဲ့နောက်၊ အစီရင်ခံစာတွေကို သူ့ကိုပဲ ရေးခိုင်းထားလိုက်တယ်။ ငါက နောက်ဆုံး စစ်ဆေးရုံပဲ စစ်ဆေးတော့တယ်။"

"..."

‘မင်းကတော့ တကယ့်ကို ပါးနပ်တဲ့ ကောင်လေးပဲ။’

မဟာကျိုးအင်ပါယာသည် ကိုးပြည်ထောင် အင်ပါယာများထဲတွင် အင်အားအကြီးဆုံး ထိပ်တန်း ၃ နိုင်ငံထဲတွင် ပါဝင်သဖြင့်၊ ၎င်း၏ ဘဏ္ဍာတိုက်ထဲတွင် အဖိုးတန်ရတနာများစွာ ရှိနေမည်မှာ သေချာလှသည်။ မည်သည့် ကျင့်ကြံသူကိုမဆို ရူးသွပ်သွားစေနိုင်လောက်သည်။

ဘဏ္ဍာတိုက်၏ အနီးတစ်ဝိုက်တွင် အမှောင်ထဲ၌ရော၊ အလင်းထဲတွင်ပါ စောင့်ကြပ်နေသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ၃ ဦးခန့်ရှိနေကြောင်း ကျန်းလီ သတိပြုမိလိုက်သည်။ ဤအရေအတွက်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိပ်တန်းဂိုဏ်းကြီးတစ်ခုတွင်ရှိသော ဘိုးဘေးကြီး အရေအတွက်နှင့် ညီမျှနေသည် မဟုတ်လား။

ကျန်းလီသည် မဟာကျိုးအင်ပါယာ၏ ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူက ကျီကျစ်ကို ဧကရာဇ်ဖြစ်လာအောင် ကူညီပေးခဲ့ပြီးနောက်၊ ကျေးဇူးဆပ်သည့်အနေဖြင့် ကျီကျစ်က သူ့ကို ဘဏ္ဍာတိုက်ထဲတွင် လိုချင်သည့် ရတနာများ ရွေးချယ်ခွင့်ပေးခဲ့ဖူးသည်။

ဘဏ္ဍာတိုက်ထဲရှိ ရတနာများမှာ မျက်စိကျိန်းလောက်အောင် များပြားလှပြီး၊ မီးထွန်းရန်အတွက် ပင်လယ်ရေအောက်မှ ရရှိသော ညလင်းပုလဲများကို အသုံးပြုထားခြင်းကပင် ရတနာများ၏တန်ဖိုးကို သိသာစေသည်။

ဥပမာ - ကြယ်တာရာ ဗဟိုချက် ၁၈ ခုဖြင့် ဖန်တီးထားသော စိပ်ပုတီး၊ မြောက်ဘက်စွန်းဒေသမှ နှစ်သန်းချီ မပျော်နိုင်သော ရေခဲတုံးများ၊ ဝိညာဉ်အမြစ်ကို ပြောင်းလဲပေးနိုင်သော နတ်ဆေးများ၊ ကျင့်ကြံမှုများကို စုပ်ယူနိုင်သော မင်လင်း မိခင်ပိုးကောင်များ... အစရှိသည်ဖြင့် မည်သည့်ပစ္စည်းကိုမဆို ကျပန်း ထုတ်ယူလိုက်ပါက ထိပ်တန်း လေလံပွဲကြီးများတွင် အဓိက လေလံပစ္စည်းအဖြစ် ထားရှိနိုင်လောက်အောင် တန်ဖိုးကြီးမားလှသည်။

သို့သော် ဤပစ္စည်းများက ကျန်းလီအတွက်မူ သိပ်ပြီး အသုံးမဝင်ပေ။ သူ၏ သိုလှောင်လက်စွပ်ထဲတွင်လည်း ဤကဲ့သို့သော ပစ္စည်းကောင်းများ အများအပြားရှိနေသည် မဟုတ်လား။

ထို့ပြင် ကျီကျစ်က ကျန်းလီကို ခေါ်လာခြင်းမှာ ဤပစ္စည်းများကို ပြသရန် မဟုတ်ပေ။

ကျီကျစ်သည် ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံး နေရာသို့ လျှောက်သွားပြီး၊ သစ်သားသေတ္တာငယ်တစ်ခုကို ထုတ်ယူကာ လေးနက်စွာ ပြောလိုက်သည် - "ဒါက ခေတ်အဆက်ဆက် ကျိုးဧကရာဇ်တွေပဲ သိခွင့်ရှိတဲ့ ပစ္စည်းတစ်ခုပဲ။ ဒီသေတ္တာထဲမှာ ဧကရာဇ်ရွှမ်း ချန်ရစ်ခဲ့တဲ့ ပစ္စည်းတစ်ခုရှိတယ်။ နောင်လာနောက်သားတွေ လုံးဝ ဖွင့်မကြည့်ရဘူးလို့ မှာထားတယ်။ တကယ်လို့ တစ်ယောက်ယောက်က အချိန်မြစ်ပြင်ထဲကို သွားပြီး အတိတ်အနာဂတ်ဓားကို ရှာချင်တယ်ဆိုရင်... ဒီသေတ္တာကို အဲ့ဒီလူဆီ ပေးလိုက်ပါလို့ မှာခဲ့တယ်။"

ဧကရာဇ်ရွှမ်းဆိုသည်မှာ ကျီမိသားစု၏ ဘိုးဘေးကြီး ဖြစ်ပြီး၊ အချိန်မြစ်ပြင်ထဲမှ ထွက်ပြေးလာသော ငါးလေး တစ်ကောင်ပင် ဖြစ်သည်။

ကျန်းလီက သေတ္တာကို မကြည့်သေးဘဲ ကျီခုံးခုံးကို တစ်ချက်ကြည့်လိုက်သည်။ ခေတ်အဆက်ဆက် ကျိုးဧကရာဇ်များသာ သိခွင့်ရှိသော လျှို့ဝှက်ချက်ကို... ကျီကျစ်က ကျီခုံးခုံးကိုပါ ခေါ်လာပြီး ပြသခြင်းမှာ ဘာကို ဆိုလိုသလဲဆိုသည်က အလွန် ရှင်းလင်းလှသည်။

"ဘိုးဘေးကြီး ပြောခဲ့တဲ့သူက မင်းပဲ ဖြစ်ရမယ်။"

ကျန်းလီက သစ်သားသေတ္တာကို ဖွင့်လိုက်ရာ၊ အတွင်းတွင် စာရွက်ပိုင်းလေးတစ်ရွက်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။ စာရွက်ပေါ်တွင် ရေးထားသည်မှာ -

‘ငါ အချိန်မြစ်ပြင်ထဲမှာ အရမ်းပျော်နေတယ်။ ငါ့ကို လိုက်မရှာနဲ့!!!’

ကျီကျစ်က မျှော်လင့်တကြီးဖြင့် ကျန်းလီကို ကြည့်ကာ မေးလိုက်သည် - "ဘယ်လိုလဲ... သဲလွန်စ ရပြီလား။"

ကျန်းလီသည် သစ်သားသေတ္တာကို တိတ်တဆိတ် ပြန်ပိတ်လိုက်ပြီး ကျီကျစ်ထံသို့ ပြန်ပေးလိုက်သည်။

"မင်းတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ပစ္စည်းကို သေချာ သိမ်းထားပါ။ မဖတ်နဲ့တော့။"

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 153

အခန်း ၁၅၃ ။ ကျန်းလီ ရွေးချယ်ထားသော လူများ

မိမိက အချိန်မြစ်ပြင်ထဲသို့ သွားရှာချင်သည်မှာ အတိတ်အနာဂတ်ဓားဖြစ်သော်လည်း၊ ကျီမိသားစု၏ ဘိုးဘေးကြီးက ကြိုတင်၍ သစ်သားသေတ္တာလေး ချန်ထားခဲ့ပြီး... သူ့ကို လိုက်မရှာရန် မှာကြားထားခဲ့သည်။

ကျီမိသားစု၏ ဘိုးဘေးကြီး ဧကရာဇ်ရွှမ်း မည်သူမည်ဝါဖြစ်ကြောင်းမှာ ရှင်းလင်းနေပြီဖြစ်သည်။ သူသည် ထို 'အတိတ်အနာဂတ်ဓား' ပင် ဖြစ်လေသည်။

ကျန်းလီ ခန့်မှန်းမိသည်မှာ... နတ်ဘုရားလက်နက် အကဲဖြတ်ပွဲတွင် အတိတ်အနာဂတ်ဓားသည် သူ၏ ရိုက်ချခြင်းကို ခံရပြီး အချိန်မြစ်ပြင်ထဲသို့ ကျရောက်သွားကာ၊ မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်သွားသည်ကို မသိရသော်လည်း၊ အတိတ်သို့ ရောက်ရှိသွားပြီး ကျီမိသားစု၏ ဘိုးဘေးကြီး ဖြစ်လာခဲ့ခြင်းဖြစ်မည်။

"မင်းတို့ရဲ့ ဘိုးဘေးကြီးက နတ်ဘုရားဘုံကို တက်လှမ်းမယ့် အချိန်မှာ ချန်ထားခဲ့တဲ့ ကိုယ်ထည်ခွံကို... အစွမ်းအထက်ဆုံး မန္တန်တွေ အသုံးပြုပြီး အတိတ်အနာဂတ်ဓားအဖြစ် ဖန်တီးခဲ့တာလို့ မင်း ပြောခဲ့ဖူးတယ် မဟုတ်လား။"

"ဟုတ်တယ်လေ။" ကျီကျစ်သည် ကျန်းလီ ဘာကြောင့် ဤအကြောင်းကို ရုတ်တရက် ပြောလာရလဲဆိုတာကို နားမလည်နိုင်ပေ။

‘ဒါဆို... ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လက်နက် ဖန်တီးခဲ့တာပေါ့?’

ကျန်းလီ၏ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ အပြည့် ဖြစ်သွားသည်။

ထို့ပြင် စာရွက်ပေါ်ရှိ စကားလုံးများကို ကြည့်ခြင်းအားဖြင့်... နောင်တစ်ချိန်တွင် သူသည် အချိန်မြစ်ပြင်ထဲသို့ ဝင်ရောက်ပြီး အတိတ်အနာဂတ်ဓားကို သေချာပေါက် သွားရှာမည်ဖြစ်သည်။ မဟုတ်လျှင် ကျီမိသားစု၏ ဘိုးဘေးကြီးက သူ့ကို ဤမျှအထိ သတိထားနေစရာ အကြောင်းမရှိပေ။

"ငါ အချိန်မြစ်ပြင်ထဲကို ဝင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်မလား။"

ကျီကျစ်က ကျန်းလီကို အထက်အောက် သေချာ ကြည့်လိုက်သည် - "စောင့်နေလိုက်... ငါ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ရောက်တဲ့အခါကျရင် မင်းကို အချိန်မြစ်ပြင်ထဲ ခေါ်သွားပေးမယ်။"

"... မင်းကို အားကိုးနေမယ့်အစား မင်းသမီးလေးကို အားကိုးတာကမှ ပိုမြန်ဦးမယ်။ ဒါနဲ့... အချိန်မြစ်ပြင်ဆိုတာ တကယ်တော့ ဘယ်လို ပုံစံမျိုးလဲ။ မင်းတို့ရဲ့ဘိုးဘေးကြီး ငါးတစ်ကောင်တည်းပဲ ရှိတာလား။"

"အချိန်မြစ်ပြင်ဆိုတာက နာမည်အတိုင်းပဲ... အချိန်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြစ်တစ်စင်းပဲ။ မြစ်ညာပိုင်းက အတိတ်ဖြစ်ပြီး၊ မြစ်အောက်ပိုင်းက အနာဂတ်ပဲ။ မြစ်ထဲက ရေစက်တိုင်းက အချိန်ကာလတစ်ခုစီကို ကိုယ်စားပြုနေတယ်။ အဲ့ဒီ အချိန်ကာလတွေ အကုန်လုံး စုပေါင်းသွားတဲ့အခါ မြစ်တစ်စင်း ဖြစ်လာတာပဲ။"

"စကြဝဠာထဲမှာရှိတဲ့ ကမ္ဘာအားလုံးရဲ့ အချိန်တွေ အကုန်လုံးက အချိန်မြစ်ပြင်ထဲမှာ ပေါ်လွင်နေတယ်လို့ ဘိုးဘေးကြီးက ပြောဖူးတယ်။ အချိန်မြစ်ပြင် တည်ရှိနေတဲ့ နေရာက ကမ္ဘာတစ်ခုခုရဲ့ အတွင်းမှာ မဟုတ်ဘဲ၊ ကမ္ဘာတွေ အားလုံးရဲ့ အထက်မှာ ရှိနေတဲ့ တည်ရှိမှု တစ်ခုပဲ။ အဲ့ဒါကြောင့် အချိန်တာအိုက တာအိုတွေ အားလုံးထဲမှာ အထူးခြားဆုံးဖြစ်နေတာပဲ။"

ကျီကျစ်က ဆက်လက် ရှင်းပြသည် - "မင်း စဉ်းစားကြည့်လေ... ဟင်းလင်းပြင်တာအိုအတွက် သက်ဆိုင်ရာ ဟင်းလင်းပြင်မြစ်ကြီးဆိုတာ မရှိဘူး။ အကြောင်းအကျိုးတာအိုအတွက်လည်း အကြောင်းအကျိုး မြစ်ကြီးဆိုတာ မရှိဘူး။ အိပ်မက်တာအိုအတွက်လည်း အိပ်မက် မြစ်ကြီး ဆိုတာ မရှိဘူးလေ။"

"အချိန်မြစ်ပြင်ထဲမှာ ငါးတွေ ရှိပါတယ်။ ပြီးတော့ ငါးတွေပဲ ရှိတာပါ။ ငါတို့ရဲ့ ဘိုးဘေးကြီးကလည်း အဲ့ဒီအထဲက ငါးတစ်ကောင်ပဲ။ ဒါပေမဲ့ သူတို့က သာမန် ငါးတွေပါပဲ၊ အသိဉာဏ်မရှိကြဘူး။ မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်တွေထဲက ငါးတွေနဲ့ တစ်ခုတည်းသော ကွာခြားချက်က... သူတို့က အချိန်မြစ်ပြင်ထဲမှာ နေထိုင်ကြတာပဲ။ ငါတို့ရဲ့ ဘိုးဘေးကြီးက ဘယ်လိုလုပ်ပြီး အသိဉာဏ် ပွင့်လာတာလဲဆိုတာကိုတော့ ငါလည်း မသိဘူး။"

ဤသည်မှာ ကျီကျစ် နားမလည်နိုင်သော အချက်ဖြစ်သည်။ သီအိုရီအရဆိုလျှင် ဘိုးဘေးကြီးကိုယ်တိုင် သိရှိသင့်သော်လည်း၊ သူ ချန်ထားခဲ့သော မှတ်တမ်းများထဲတွင် ထိုအကြောင်းကို အနည်းငယ်မျှပင် မရေးသားထားဘဲ တမင်တကာ ရှောင်လွှဲထားသကဲ့သို့ ဖြစ်နေသည်။

‘ဘာဖြစ်ရမှာလဲ... ယင်ယန်ကောင်းကင်တံဆိပ်က မင်းတို့ရဲ့ ဘိုးဘေးကြီးကို အသိဉာဏ် ပွင့်သွားအောင် လုပ်ပေးလိုက်လို့ပေါ့’ ဟု ကျန်းလီက စိတ်ထဲမှ တွေးလိုက်သည်။

"ဒါနဲ့... သေတ္တာထဲမှာ တကယ်တော့ ဘာတွေ ရေးထားတာလဲ။ အချိန်မြစ်ပြင်ထဲ ဝင်လို့ရမယ့် နည်းလမ်းများ ရေးထားလို့လား။" ဤအချက်ကို ကျီကျစ် အသိချင်ဆုံး ဖြစ်နေသည်။

"မရေးထားဘူး။" ကျန်းလီက ပြတ်ပြတ်သားသားပင် ဖြေလိုက်သည်။

"ဪ..." ကျီကျစ် အနည်းငယ် စိတ်ပျက်သွားသည်။ သမားရိုးကျ မဟုတ်သော နည်းလမ်းသစ်များဖြင့် အချိန်မြစ်ပြင်ထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းများရှိမည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် သူက ချက်ချင်းပင် အခြားကိစ္စ တစ်ခုကို သတိရသွားသည် - "ဒါဆိုရင် မင်း အခု ဘာမှ လုပ်စရာ မရှိတော့ဘူးပေါ့။ ငါ့ကို ကူညီပေးပါလား။"

"ဘာကူညီရမလို့လဲ။"

"ကျင့်ကြံသူတွေနဲ့ ဝိညာဉ်လက်နက်တွေကြားက လိုက်ဖက်ညီမှုကို မြှင့်တင်ချင်လို့... ကျိုကျိုးတစ်ခုလုံးက ကျင့်ကြံသူတွေ ပါဝင်နိုင်မယ့် ပြိုင်ပွဲကြီးတစ်ခု ကျင်းပမလို့ စီစဉ်နေတယ်။ ဝိညာဉ်သန္ဓေအဆင့်နဲ့အောက်ကိုပဲ ကန့်သတ်ထားမယ်။ အင်အားစုကြီးတွေကိုလည်း လာကြည့်ဖို့ ဖိတ်ခေါ်မယ်။ ပြိုင်ပွဲဝင်တွေက ကိုယ်ပိုင် ဝိညာဉ်လက်နက်တွေကို ယူလာခွင့်ရှိပေမဲ့... လက်နက်ရဲ့စွမ်းအားက ပိုင်ရှင်ရဲ့ကျင့်ကြံမှုအဆင့်ထက် မကျော်လွန်ရဘူးလို့ စည်းကမ်း သတ်မှတ်ထားမယ်။"

ကျီကျစ်၏ စည်းကမ်းသတ်မှတ်ချက်မှာ အတော်လေး သင့်တော်ပါသည်။ မဟုတ်လျှင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးက အသိဉာဏ်ရှိသော တာအိုလက်နက်တစ်လက်ကို ယူလာပြီး ပြိုင်ပွဲတစ်ခုလုံးကို အလွယ်တကူ အနိုင်ယူသွားမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျင့်ကြံသူနှင့် လက်နက်ကြားက လိုက်ဖက်ညီမှုကို စမ်းသပ်ခြင်း မဟုတ်တော့ဘဲ၊ ဘယ်သူ့လက်နက်က ပိုအစွမ်းထက်လဲဆိုတာကို ယှဉ်ပြိုင်သည့်ပွဲ ဖြစ်သွားကာ မူလရည်ရွယ်ချက်နှင့် လွဲချော်သွားမည် ဖြစ်သည်။

"အဲ့ဒါဆို ငါ့ကို ဘာလုပ်ခိုင်းချင်တာလဲ။ ဝင်ပြိုင်ခိုင်းမလို့လား။"

"... မင်းက အဲ့ဒီလို စကားမျိုးတောင် ပြောထွက်သေးတယ်နော်။ သေချာပေါက် ပြိုင်ပွဲကို လာပြီး အားပေးထောက်ခံခိုင်းမလို့ပေါ့။ အဲ့ဒါမှ ပြိုင်ပွဲက ပိုပြီး ဩဇာတိက္ကမရှိပြီး၊ လူတွေ ပိုယုံကြည်လာမှာလေ။"

ကျန်းလီက အနည်းငယ် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ ဤပြိုင်ပွဲသည် လက်ရှိကျိုကျိုးတွင် ဝိညာဉ်လက်နက်များနှင့် ပတ်သက်၍ ကျင်းပသော အကြီးမားဆုံး ပြိုင်ပွဲကြီး ဖြစ်လာမည်ဖြစ်သည်။ အခြားအင်ပါယာများကလည်း ဤကဲ့သို့သော အတွေးမျိုးရှိနိုင်သော်လည်း မကျင်းပရသေးပေ။ မဟာကျိုးအင်ပါယာက ဦးဆောင်ကျင်းပခြင်းမှာ အခြား အင်ပါယာများအတွက် စံပြတစ်ခု ဖြစ်လာစေမည်ဖြစ်ပြီး၊ ကျင့်ကြံသူများကိုလည်း လမ်းကြောင်းသစ်တစ်ခု ပြသလိုက်ခြင်းပင်ဖြစ်သည်။

လူသားဧကရာဇ်နန်းဆောင်က ဤပြိုင်ပွဲကို ထောက်ခံကြောင်း ပြသခြင်းမှာ၊ ဩဇာလွှမ်းမိုးမှုကို ပိုမို ကြီးမားလာစေမည်ဖြစ်သည်။

ယခုအခါ ဝိညာဉ်လက်နက် ကျင့်စဉ်နှင့် ဝိညာဉ်လက်နက် သဘောတူစာချုပ်များမှာ အနည်းငယ် အကျိုးသက်ရောက်မှု ရှိလာပြီ ဖြစ်သည်။ ပျမ်းမျှအားဖြင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်ကထက် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ အကယ်၍ ဝိညာဉ်လက်နက်နှင့် စိတ်ချင်း ဆက်သွယ်နိုင်ပါက ပိုမို မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည်ကိုပင် ရရှိနိုင်သေးသည်။ ယခုအခါ ကျင့်ကြံသူ အားလုံးသည် မိမိတို့၏ ဝိညာဉ်လက်နက်များနှင့် မည်သို့ ပိုမိုကောင်းမွန်စွာ ပူးပေါင်းတိုက်ခိုက်ရမည်ကို တက်ကြွစွာ လေ့လာရှာဖွေနေကြပြီဖြစ်သည်။

မဟာကျိုးအင်ပါယာက ဤပြိုင်ပွဲကို ကျင်းပခြင်းမှာ ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေ ဖြစ်စေပြီး၊ ကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုကို ပိုမို တောက်လောင်လာစေလိမ့်မည်။

ဤပြိုင်ပွဲတွင် ယခင်က တစ်ခါမျှ မမြင်တွေ့ဖူးခဲ့သော ဝိညာဉ်လက်နက်နှင့် ပူးပေါင်းတိုက်ခိုက်သည့် နည်းလမ်းသစ်များစွာ ထွက်ပေါ်လာမည်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။

"ငါ့ဆီမှာ ရွေးထားတဲ့ လူနည်းနည်းရှိတယ်။ သူတို့ကိုလည်း ပြိုင်ပွဲဝင်ခိုင်းလို့ ရမလား။"

ကျန်းလီ ရွေးချယ်မည့်သူများမှာ သေချာပေါက် ပါရမီရှင်များထဲမှ ပါရမီရှင်များသာ ဖြစ်မည်ဖြစ်ရာ၊ ဤသို့သော လူများ ဝင်ရောက် ယှဉ်ပြိုင်ခြင်းက ပြိုင်ပွဲ၏ အဆင့်အတန်းကို ပိုမို မြင့်မားလာစေပြီး ပွဲကို ပိုမို စည်ကားလာစေမည် ဖြစ်သည်။ ထို့ကြောင့် ကျီကျစ် ငြင်းပယ်စရာ အကြောင်းမရှိပေ - "သေချာပေါက် ရတာပေါ့။"

ကျီကျစ်၏ သဘောတူညီချက်ရရှိပြီးနောက်၊ ကျန်းလီသည် စိတ်ချလက်ချဖြင့် လူရှာရန် ထွက်ခွာသွားတော့သည်။

...

"ကျွန်မကို ပြိုင်ပွဲ ဝင်ပြိုင်ခိုင်းမယ် ဟုတ်လား။" ယွီယင်သည် သူမ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။

သူမသည် ဤကဲ့သို့သော ပြိုင်ပွဲမျိုး ဝင်မပြိုင်ဖြစ်သည်မှာ နှစ်ပေါင်း ရာနှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ဤသို့သော ပြိုင်ပွဲများမှာ အဆင့်နိမ့်၊ အလယ်အလတ် ကျင့်ကြံသူများအတွက်သာ ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ ဘယ်အချိန်ကများ သူမလို အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းက ဝင်ပြိုင်ခွင့် ရှိသွားရတာလဲ။

တခြားကျင့်ကြံသူတွေရဲ့ ခံစားချက်ကိုကော ထည့်စဉ်းစားပေးရဲ့လား?

"သေချာတာပေါ့... ကျီကျစ်ကိုယ်တိုင်တောင် သဘောတူပြီးပြီပဲဟာကို။" ကျန်းလီက ခေါင်းညိတ်ကာ ယွီယင်ကို ရှင်းပြလိုက်သည် - "ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ကျင့်ကြံသူနဲ့ ဝိညာဉ်လက်နက် ကြားက လိုက်ဖက်ညီမှုကို မြှင့်တင်ဖို့လေ။ လက်ရှိ ကျိုကျိုးမှာ ဝိညာဉ်လက်နက်နဲ့ လိုက်ဖက်ညီမှု အကောင်းဆုံးသူဆိုရင် မင်းကလွဲပြီး တခြား ဘယ်သူရှိဦးမှာလဲ။"

"ကျွန်တော်နဲ့ သခင်မလေးက စိတ်ချင်းဆက်သွယ်နေတာ၊ ဘယ်သူမှ မမီဘူး!" ယွီယင်၏ ခြေထောက်အောက်တွင် အနင်းခံထားရသော ဆန္ဒပြည့်ဘူးသီးက အသံကျယ်ကြီးဖြင့် ဝင်ရောက် သစ္စာခံလိုက်သည်။

ဆန္ဒပြည့်ဘူးသီးသည် ဘာတွေ စိတ်ဖောက်သွားမှန်းမသိပေ။ အသိဉာဏ် ပွင့်လာပြီးကတည်းက၊ ယွီယင်ကို သူ့အပေါ် တက်နင်းရန် မကြာခဏ တောင်းဆိုလေ့ရှိသည်။

‘တော်တော်ကို စိတ်ရောဂါ ရနေတာပဲ။’

ယွီယင်သည် ဆန္ဒပြည့်ဘူးသီးကို ရွံရှာစွာဖြင့် ကြည့်လိုက်သော်လည်း၊ ဤအကြည့်ကပင် ဆန္ဒပြည့်ဘူးသီးကို ပိုမို စိတ်လှုပ်ရှားသွားစေမှန်း သူမ မသိခဲ့ပေ။

"အမှန်တိုင်း ပြောစမ်းပါ။" ယွီယင်နှင့် ကျန်းလီတို့သည် ပြိုင်ဘက်ဟောင်းများ ဖြစ်ကြရာ၊ ဤကောင်က တခြားရည်ရွယ်ချက်တစ်ခုခု ရှိနေမည်ကို သူမ သိထားသည်။

သူမလို စည်းကမ်းလွတ် ကျင့်ကြံသူတစ်ဦးက ပြိုင်ပွဲဝင်မည်ဆိုပါက ကလေးများကို အနိုင်ကျင့်နေသလို ဖြစ်သွားမည်ဖြစ်ပြီး ပြဿနာများစွာ ပေါ်လာနိုင်သည်။ ကျီကျစ်၏မျက်နှာအမူအရာမှာလည်း အတော်လေး ကြည့်ကောင်းနေတော့မည်။ သူမသည်လည်း ဧကရီတစ်ပါးဖြစ်ရာ မဟာကျိုးအင်ပါယာနှင့် ဆက်ဆံရေးကိုလည်း ထည့်သွင်း စဉ်းစားရမည်။

"ဒီပြိုင်ပွဲကို အခွင့်ကောင်းယူပြီး၊ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေ အားလုံးကို ပြိုင်ပွဲ ဝင်ခိုင်းမလို့လေ။ တခြားသူတွေ အကုန်လုံးက သဘောတူပြီးပြီ... မင်း တစ်ယောက်တည်း ကျန်တော့တာ။"

ယွီယင်၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် သဘောတူလိုက်သည်။ ကျီကျစ်... ဘယ်က ကျီကျစ်လဲ?

သူမ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိပြီးကတည်းက အခြား အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်များနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးခဲ့ပေ။ ယခု အခွင့်အရေးက ရတောင့်ရခဲ အခွင့်အကောင်းကြီးဖြစ်ရာ၊ သေချာပေါက် ဝင်ပြိုင်ရမည်သာ ဖြစ်သည်။

"ပြိုင်ပွဲက ဝိညာဉ်သန္ဓေအဆင့်နဲ့ အောက်ကိုပဲ ကန့်သတ်ထားတာ မဟုတ်ဘူးလား။"

"ကျင့်ကြံမှုကို ဝိညာဉ်သန္ဓေအဆင့်အထိ ဖိနှိပ်ထားလိုက်ရင် ရပြီပေါ့။"

...

"လောင်ပိုင်... မဟာကျိုးက ပြိုင်ပွဲ ကျင်းပမလို့တဲ့။ ငါက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေ အားလုံးကို ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်ထားတယ်။ တခြားသူတွေ အကုန်လုံး သဘောတူပြီးပြီ... မင်း တစ်ယောက်တည်း ကျန်တော့တာ။"

"သွားမယ်... သေချာပေါက် သွားရမှာပေါ့!"

...

"ကျန့်ကျွင်း... ခန္ဓာကိုယ် ပြန်ကောင်းလာပြီလား။ ပိုင်ဟုန်ထူကို စိန်ခေါ်ဖို့ အကြောင်းပြချက်တစ်ခု ရှာပေးထားတယ်။ မဟာကျိုးက ပြိုင်ပွဲကျင်းပမလို့တဲ့။ ပိုင်ဟုန်ထူ ဝင်ပြိုင်မှာဆိုတော့... ခင်ဗျားလည်း ဝင်ပြိုင်လိုက်လေ။"

ကျန့်ကျွင်းက ကောင်းကင်ကို ဓားဖြင့် တစ်ချက်ခုတ်ပြကာ သဘောတူကြောင်း ပြသလိုက်သည်။

...

"လီအာ... အားလုံးက ဝင်ပြိုင်ကြမှာ။ မင်း တစ်ယောက်ပဲ ကျန်တော့တာ။"

...

"တပ်မှူးလျို... ဪ ဟုတ်သားပဲ၊ ခင်ဗျားက လူသားဧကရာဇ်နန်းဆောင်မှာ စောင့်နေရဦးမှာဆိုတော့... ထားလိုက်ပါတော့။"

"... လူသားဧကရာဇ်နန်းဆောင်ကို စောင့်ရမှာက လူသားဧကရာဇ်ဖြစ်တဲ့ မင်း မဟုတ်ဘူးလား။ ဘာဖြစ်လို့ ငါ့ရဲ့ မူလတာဝန်ကြီးတစ်ခုလို လာပြောနေရတာလဲ။"

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 154

အခန်း ၁၅၄ ။ အားလုံးက ဝိညာဉ်သန္ဓေအဆင့်တွေချည်းပဲ

လျှို့ဝှက်ဆန်းကြယ်သော လျှို့ဝှက်နယ်မြေတစ်ခုအတွင်းတွင်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူအချို့သည် စုဝေးကာ အကြံအစည် ကြီးကြီးမားမားတစ်ခုကို ကြံစည်နေကြသည်။

"ယုံကြည်ရတဲ့ သတင်းတွေအရဆိုရင်... မဟာကျိုးက ကျိုကျိုးတစ်ခုလုံး ပါဝင်နိုင်မယ့် ပြိုင်ပွဲကြီး တစ်ခုကို ကျင်းပတော့မယ်တဲ့။ ကျင့်ကြံသူတွေနဲ့ ဝိညာဉ်လက်နက်တွေကြားက ပူးပေါင်းတိုက်ခိုက်တဲ့ နည်းလမ်းတွေကို လောကကြီးကို ပြသမယ်လို့ ဆိုတယ်။" ခေါင်းဆောင်ဖြစ်သူ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဟွန့်... လူတွေရဲ့ အထင်ကြီးလေးစားမှုကိုရအောင် တမင်လုပ်နေတာပဲ။" အခြား ခန္ဓာပေါင်းစည်းခြင်းအဆင့် ဘိုးဘေးကြီးတစ်ဦးက မထီမဲ့မြင် ပြုလိုက်သည်။ သူသည် မဟာကျိုးအင်ပါယာကို မည်သို့မှ မျက်စိကျလေ့မရှိပေ။

သို့သော် သူ့စကားက အခြားသူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ အားလုံးက မဟာကျိုးအင်ပါယာအပေါ် အငြိုးအတေးများ ရှိနေကြသည်မှာ သိသာလှသည်။

သူတို့သည် ကျိုကျိုး၏ နေရာအနှံ့အပြားမှ လာရောက်ကြခြင်းဖြစ်ပြီး၊ သူတို့ကို စုစည်းစေခဲ့သော အကြောင်းရင်းမှာ တစ်ခုတည်းသာရှိသည်။ ၎င်းမှာ 'မဟာကျိုးအင်ပါယာ၏ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးပစ်ရန်' ပင် ဖြစ်သည်။

သူတို့သည် အဆင့်နိမ့် ကျင့်ကြံသူများကို လုံးဝ အရေးမလုပ်ဘဲ အလွယ်တကူ အနိုင်ကျင့်လေ့ ရှိကြသည်။ သူတို့၏ တပည့်များမှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် လက်လွန်သွားပြီး လူအချို့ သေဆုံးသွားပါကလည်း ၎င်းကို ပုံမှန်ကိစ္စတစ်ခုအဖြစ်သာ သတ်မှတ်ကြသည်။ သေဆုံးသွားသူများ၏ မိသားစုများမှာလည်း မျက်ရည်ကျကာ သည်းခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့နေထိုင်ရာ အင်ပါယာများက ထိုကဲ့သို့သော ကိစ္စလေးတစ်ခုအတွက် ခန္ဓာပေါင်းစည်းခြင်းအဆင့် သို့မဟုတ် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ပြဿနာ မဖြစ်လိုကြသောကြောင့်ပင်။

သို့သော် ထိုသူများ၏ တပည့်များသည် မာနထောင်လွှားမှုများ အကျင့်ပါလာပြီး၊ မဟာကျိုးအင်ပါယာတွင်လည်း ထိုအတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

တစ်ခါက သူတို့သည် သာမန်လူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး လုံးဝ ဂရုမစိုက်ခဲ့ကြပေ။ ချီသန့်စင်ခြင်း အဆင့် ၃ သာရှိသော သာမန်လူတစ်ယောက်ကို သတ်လိုက်ရုံနဲ့ ဘာဖြစ်မှာမို့လို့လဲဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ၊ ထိုအသက်မသေချင်သော သာမန်လူ၏ မိသားစုဝင်များက သူတို့ကို အစိုးရရုံးသို့ သွားရောက် တိုင်ကြားခဲ့ခြင်းပင်။

‘နောက်နေတာလား... ငါတို့ နောက်ကွယ်မှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အဖေတွေ ရှိတယ်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် ဘိုးဘေးကြီးတွေ ရှိတယ်။ မဟာကျိုးက ငါတို့ကို အပြစ်ပေးရဲပါ့မလား။’

သို့သော် မဟာကျိုးက တကယ်ကို ရဲဝံ့စွာ လုပ်ဆောင်ခဲ့သည်။ အပြစ်ပေးရုံသာမက သေဒဏ်ပင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုလူများ၏နောက်ကွယ်မှ ဘိုးဘေးကြီးများအားလုံး ထွက်ပေါ်လာပြီး၊ မဟာကျိုးအား သေဒဏ်မှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် မဟာကျိုးက ထိုလူကြီးမင်းများ၏စကားကို လုံးဝ နားမထောင်ဘဲ၊ လူသတ်သမားများ အားလုံးကို ကွပ်မျက်ပစ်ခဲ့သည်။

ဤကိစ္စက ထိုဘိုးဘေးကြီးများကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့သည်။ တပည့်များ သေဆုံးသွားသည့် ပြဿနာသာမက၊ မဟာကျိုးက သူတို့ကို မျက်နှာမထောက်သည့် ပြဿနာပါ ပါဝင်နေသည်။ သူတို့မှာ ပုံမှန်အားဖြင့် မျက်နှာကို အလွန်ဂရုစိုက်သူများဖြစ်ကြသည် မဟုတ်လား။

သို့သော် မဟာကျိုးအင်ပါယာကို တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်၍ မရနိုင်ကြောင်းကိုလည်း သူတို့ သိထားကြသည်။ ထို့ကြောင့် တိတ်တဆိတ် လှုပ်ရှားကာ မဟာကျိုးကို ကလဲ့စားချေရန် ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။

ယခု ကျင်းပမည့် ပြိုင်ပွဲက အကောင်းဆုံး အခွင့်အရေးတစ်ရပ် ဖြစ်သည်။

"ဒါက ကောင်းကင်က ပေးတဲ့ အခွင့်အကောင်းပဲ... ငါတို့ လုံးဝ လက်လွတ်ခံလို့ မဖြစ်ဘူး။"

"မှန်တယ်... ဒီလို မင်္ဂလာရှိတဲ့နေ့မျိုးမှာ လူနည်းနည်းလောက် သေလိုက်မှပဲ မဟာကျိုး မျက်နှာပျက်သွားမှာပေါ့။ မဟုတ်ရင် ငါတို့တွေက ကျိုကျိုးမှာ ဘယ်လို မျက်နှာပြရဲတော့မလဲ။"

"အင်အားစု အများအပြားက ဒီပြိုင်ပွဲကို လာကြည့်ကြမယ်လို့ ကြားတယ်။ မဟာကျိုးက သူတို့ကိုယ်သူတို့ နာမည်ကြီးမယ်လို့ ထင်နေတာ... လူပုံအလယ်မှာ လူနည်းနည်းလောက် သေသွားရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ ကြည့်ရသေးတာပေါ့။"

"တွေးကြည့်ရုံနဲ့တင် ရယ်ချင်လာပြီ။"

"ဘယ်လိုပဲဖြစ်ဖြစ် လူနည်းနည်းလောက် သတ်ရမှာဆိုတော့... အဆင့်မြင့်တဲ့ ကျင့်ကြံသူ တချို့ကိုပဲ ရွေးသတ်လိုက်ကြတာပေါ့။ ဝိညာဉ်သန္ဓေအဆင့်ပွဲစဉ်တွေကို ပစ်မှတ်ထားမယ်။ ဘယ်သူက အတော်ဆုံးလဲ၊ အဲ့ဒီလူကို သတ်မယ်!"

"ကောင်းတဲ့ အကြံပဲ။"

...

"ဟေ့... ကြည့်စမ်း! အဲ့ဒါ ခွမ်းတောက်ဂိုဏ်း (ရူးသွပ်ဓားဂိုဏ်း) က ဝမ်မုန် မဟုတ်လား! သူရဲ့ 'ခွမ်းရှား လုံရှောင်' ဓားသိုင်းက အထွတ်အထိပ် ရောက်နေပြီး ဝိညာဉ်သန္ဓေအဆင့်မှာ ပြိုင်ဘက် ရှားတယ်လို့ ကြားဖူးတယ်။"

အရပ် ၈ ပေခန့် မြင့်ပြီး တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိသည့် ဝမ်မုန်သည် ကျောဘက်တွင် ထူထဲလေးလံသော သံမဏိဓားကြီးတစ်လက်ကို လွယ်ထားသည်။ ထိုသံမဏိဓားကြီးက တုန်ခါနေပြီး စိတ်လှုပ်ရှားနေသည့်အလား အသံများ ထွက်ပေါ်နေသည်။

"တကယ်ကြီး သူပဲ။ သူက ဝူအင်ပါယာက မဟုတ်ဘူးလား။ မဟာကျိုးနဲ့ မိုင်ပေါင်း သောင်းချီ ဝေးတာကို... ဒီအထိ ရောက်လာနိုင်တာပဲ။"

"မင်း မေ့နေပြီလား... ဝူအင်ပါယာနဲ့ မဟာကျိုးကြားမှာ ဟင်းလင်းပြင်လမ်းကြောင်း ရှိတယ်လေ။ အကွာအဝေးက ပြဿနာမှ မဟုတ်တော့တာ။"

"ဪ... ဟုတ်သားပဲ။ ဒီအသစ်အဆန်းကြီးကို မေ့သွားတာ။"

ဟင်းလင်းပြင် လမ်းကြောင်း ဖွင့်လှစ်ထားသည်မှာ ရက်အနည်းငယ်သာရှိသေးသဖြင့်၊ ကျိုကျိုးရှိ ပြည်သူအများစုမှာ ၎င်းနှင့် အကျွမ်းတဝင် မရှိကြသေးပေ။

"ဟိုမှာကြည့်... ချောက်နက်ဂိုဏ်းက မာကျွင်းကျွင်းလည်း ပါတယ်! လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက သူရဲ့ 'ကောင်းကင်မျိုချ ကျင့်စဉ်' က အရမ်း ကြောက်စရာကောင်းတယ်။ သူနဲ့ ရင်ဆိုင်ရရင် လက်တွေ၊ ခြေထောက်တွေ အမျိုခံရမယ့် အသိမျိုး ရှိထားရမယ်။ အဲ့ဒီခေတ်က လူတွေကို အတော်လေး ကြောက်လန့်စေခဲ့တာ... အပြင်ထွက်ရင် အရိုးဆက် အသားတက် ဆေးတွေကို အမြဲ ဆောင်ထားရတယ်။ အခုဆို မာကျွင်းကျွင်းက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ မသိဘူးနော်။"

"ဒါနဲ့... သူ့မှာ ဝိညာဉ်လက်နက် ရှိလို့လား။"

"သိုလှောင်လက်စွပ်ကကော အကျုံးဝင်လား။"

"... သိုလှောင်လက်စွပ်က ဝိညာဉ်လက်နက် စာရင်းထဲမှ မပါတာ။"

မဟာကျိုးမှ ပြည်သူများသည် စာရင်းသွင်းသည့်နေရာတွင် ဝိုင်းအုံကြည့်ရှုနေကြပြီး၊ ဗဟုသုတ ကြွယ်ဝသူများက လာရောက် စာရင်းသွင်းသူများ၏ နောက်ခံကို မှတ်မိသွားကြသည်။ နာမည်သာ ကြားဖူးခဲ့သော ကျင့်ကြံသူများ ယခု မျက်စိရှေ့တွင် ရောက်ရှိနေသဖြင့် လူအုပ်ကြီးက အံ့ဩတကြီး ရေရွတ်နေကြသည်။

ဝိညာဉ်သန္ဓေအဆင့်ကျင့်ကြံသူများမှာ ကျိုကျိုးတွင် အလယ်အလတ်အဆင့် ကျင့်ကြံသူများဖြစ်ကြပြီး၊ မြို့တစ်မြို့တွင် အယောက်အနည်းငယ်မျှသာ ရှိလေ့ရှိသည်။ ယခုအခါ ဤနေရာတွင် အစုလိုက် အပြုံလိုက် ထွက်ပေါ်လာခြင်းက ဤပြိုင်ပွဲ၏ ဩဇာလွှမ်းမိုးမှု မည်မျှ ကြီးမားကြောင်းကို ပြသနေသည်။

"မိတ်ဆွေတို့က စာရင်းသွင်းဖို့ လာတာလား။"

စာရင်းသွင်းရေး အရာရှိက မေးမြန်းလိုက်သည်။ လာသူများ၏ အရှိန်အဝါမှာ ထူးခြားနေပြီး နားမလည်နိုင်သော ယုံကြည်မှု အပြည့်ရှိနေသည်ကို သူ ခံစားလိုက်ရသည်။

"ဟုတ်ပါတယ်။"

"နာမည်၊ ကျင့်ကြံမှုအဆင့် နဲ့ ပါဝင်တဲ့ အင်အားစု ကို ပြောပြပါ။"

အလွန် လှပကျက်သရေရှိပြီး မြင့်မြတ်သော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးက ယဉ်ကျေးသိမ်မွေ့စွာ ထွက်လာသည်။ သူမ၏ ခါးတွင် ဘူးသီးခြောက်တစ်လုံးကို ချိတ်ဆွဲထားရာ လူအများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြသော အမျိုးသား ကျင့်ကြံသူ အများအပြားက သူမအား သွားရောက် စကားပြောဆိုလိုစိတ်များ ဖြစ်ပေါ်လာကြသည်။

"ယွီမင်၊ ဝိညာဉ်သန္ဓေအဆင့်၊ လေလွင့်ကျင့်ကြံသူ။"

"ဪ... ဝိညာဉ်သန္ဓေအဆင့် ဆရာမကြီး ကိုး။" အရာရှိက လက်အုပ်ချီကာ အနည်းငယ် ရိုသေသော လေသံဖြင့် ပြန်ပြောလိုက်သည် - "ဒီသံလိုက်အိမ်မြှောင်ပေါ်မှာ လက်တင်ပေးပါ။"

သံလိုက်အိမ်မြှောင်ကို နယ်ပယ် ၆ ခု ခွဲခြားထားပြီး၊ ချီသန့်စင်ခြင်းမှသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်အထိ ၆ ဆင့်ကို ကိုယ်စားပြုသည်။

လှပသော အမျိုးသမီးက သူမ၏ ဖြူသွယ်သော လက်လေးကို ဆန့်ထုတ်ကာ သံလိုက်အိမ်မြှောင်ကို ခပ်ဖွဖွလေး ထိလိုက်ရာ၊ ညွှန်တံက လည်ပတ်သွားပြီး 'ဝိညာဉ်သန္ဓေအဆင့်' ကို ညွှန်ပြသွားသည်။

ကြည့်ရှုနေသူများ အံ့ဩသွားကြသည်။ ဤမျှ လှပသော အမျိုးသမီးက အသက် ၂၇၊ ၂၈ နှစ်ခန့်သာ ရှိပုံရသော်လည်း၊ ကျင့်ကြံမှု အဆင့်က ဤမျှ မြင့်မားနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

စောစောက စကားသွားပြောရန် ကြံစည်နေခဲ့ကြသူများလည်း ချက်ချင်း နောက်ဆုတ်သွားကြပြီး၊ မိမိတို့၏ မဖြစ်နိုင်သော စိတ်ကူးများကို စွန့်လွှတ်လိုက်ကြတော့သည်။

သံလိုက်အိမ်မြှောင်အတွင်းတွင် အလွန်တိကျသော အစီအရင်များ ရေးဆွဲထားပြီး၊ ကျင့်ကြံသူက လက်တင်လိုက်သည်နှင့် အစစ်အမှန် ကျင့်ကြံမှုအဆင့်ကို ပြသပေးနိုင်သည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ဤသံလိုက်အိမ်မြှောင်ကို လှည့်စား၍ မရနိုင်ပေ။

အချို့သော ခန္ဓာပေါင်းစည်းခြင်းအဆင့်များက အဆင့်နိမ့် ကျင့်ကြံသူများအဖြစ် ဟန်ဆောင်ကာ ပြိုင်ပွဲဝင်ပြီး စည်းကမ်းဖောက်ဖျက်မည်ကို ကာကွယ်ရန် ဤသို့ ပြုလုပ်ထားခြင်း ဖြစ်သည်။

ဤသံလိုက်အိမ်မြှောင်များမှာ တည်ဆောက်စရိတ် အလွန်မြင့်မားပြီး၊ ဤကဲ့သို့သော ပွဲကြီးပွဲကောင်းမျိုး မဟုတ်ပါက မဟာကျိုးအင်ပါယာက ထုတ်သုံးမည် မဟုတ်ပေ။

ဝိညာဉ်သန္ဓေအဆင့် အမှန်တကယ် ဖြစ်ကြောင်း သေချာသွားသောအခါ၊ အရာရှိက အမည်နှင့် အချက်အလက်များကို မှတ်တမ်းတင်လိုက်ပြီး သစ်သားပြားလေးတစ်ခုကို ပေးလိုက်သည်။

"ဒါက လူကြီးမင်းရဲ့ အမှတ်အသား တံဆိပ်ပါ။ သေချာသိမ်းထားပါ... ဒီတံဆိပ်ပြပြီး မြို့တော်ထဲမှာ စားသောက်၊ တည်းခိုတဲ့ စရိတ်တွေ အကုန်လုံးကို မဟာကျိုးက တာဝန်ယူ ရှင်းပေးပါလိမ့်မယ်။"

ယွီမင် (ဧကရီယွီယင်) က ခေါင်းညိတ်လိုက်ပြီး စကားမပြောခဲ့ပေ။

"ပိုင်ထူ၊ ဝိညာဉ်သန္ဓေအဆင့်၊ လေလွင့်ကျင့်ကြံသူ။"

ထိုလူစုထဲမှ နောက်ထပ် လူတစ်ယောက် ထွက်လာပြီး အချက်အလက်များကို ပြောပြလိုက်သည်။ စစ်ဆေးပြီးနောက်၊ ဤ 'ပိုင်ထူ' ဆိုသူမှာလည်း တကယ်ပင် ဝိညာဉ်သန္ဓေအဆင့်ဖြစ်နေကြောင်း တွေ့ရသဖြင့်၊ အရာရှိက အမှတ်အသား တံဆိပ်ကို ပေးလိုက်ပြန်သည်။

"မင်း နာမည်က တော်တော်လေး ရိုးရှင်းတာပဲ။" ယွီယင်က အေးစက်စက် ပြောလိုက်သည်။

"မင်းကကော ငါ့ထက် နာမည်ပေး ပိုတော်နေလို့လား။" ပိုင်ဟုန်ထူက ပြန်လည်တုံ့ပြန်လိုက်သည်။ သူတို့ နှစ်ဦးစလုံးသည် လူသားဧကရာဇ်လောင်းအဖြစ် ရှုံးနိမ့်ခဲ့သူများဖြစ်ပြီး၊ အချင်းချင်း ရင်းနှီးမှုရှိကြသည်။ ယွီယင် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားသောအခါ၊ ပိုင်ဟုန်ထူက ပထမဆုံး သွားရောက် ဂုဏ်ပြုခဲ့သူဖြစ်သည်။

"ချန်ကျန့်နန်၊ ဝိညာဉ်သန္ဓေအဆင့်၊ လေလွင့်ကျင့်ကြံသူ။"

ကျန့်ကျွင်းက သူ၏အမည်ရင်းကို အသုံးပြုလိုက်သည်။ သူ၏ ခေတ်ကာလက အလွန် ရှေးကျလွန်းနေပြီဖြစ်ရာ၊ ယခုခေတ် လူများက 'ကျန့်ကျွင်း' ဆိုသော ဘွဲ့အမည်ကိုသာ သိကြပြီး သူ၏ အမည်ရင်းကို မသိကြတော့ပေ။

ကျန့်ကျွင်းသည် အဖွဲ့ထဲသို့ ပြန်ဝင်လာပြီး ပိုင်ဟုန်ထူနှင့် အကြည့်ချင်း ဆုံလိုက်ကြရာ၊ သူတို့ နှစ်ဦးကြားတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး... ယခုနေရာမှာတင် တိုက်ပွဲ စတင်တော့မည့်အလား ဖြစ်နေသည်။ သို့သော် ကျန်းလီက ချောင်းနှစ်ချက် ဟန့်လိုက်မှသာ သူတို့၏ စိတ်ကူးကို ရပ်တန့်သွားကြသည်။

"လီအာ၊ ဝိညာဉ်သန္ဓေအဆင့်၊ လေလွင့်ကျင့်ကြံသူ။"

ဖာရှန်းဂိုဏ်း၏ ဂိုဏ်းချုပ် လီအာသည်လည်း နာမည်တု မသုံးခဲ့ပေ။ ဤနာမည်က ကျိုကျိုးတွင် အလွန်ပေါများသဖြင့်၊ နာမည်တု ဖန်တီးနေစရာ မလိုသောကြောင့်ဖြစ်သည်။

ကြည့်ရှုနေသူများ အံ့ဩသွားကြသည်။ ဤလူ ၄ ယောက်စလုံးက ဝိညာဉ်သန္ဓေအဆင့်တွေချည်းပဲ ဖြစ်နေပြီး၊ ဘယ်ကလာမှန်းမသိ တစ်ခါမှမကြားဖူးတဲ့ နာမည်တွေချည်းပဲ။

သို့သော် ၎င်းမှာ ပုံမှန်ပင် ဖြစ်သည်။ ကျိုကျိုးကမ္ဘာက အလွန် ကျယ်ဝန်းပြီး၊ ကျင့်ကြံသူများကလည်း နေရာအနှံ့ ပြန့်ကျဲနေသဖြင့်၊ သူတို့အားလုံးကို မသိနိုင်သည်မှာ သဘာဝပင်။

"လူကြီးမင်းကော ပြိုင်ပွဲ ဝင်မှာလား။"

အရာရှိက အဖွဲ့၏ခေါင်းဆောင်ဖြစ်ပုံရသော ကျန်းလီကို ကြည့်ကာ မေးလိုက်သည်။ ကြည့်ရတာ ဒီလူက သူတို့အထဲမှာ အသန်မာဆုံး ဖြစ်ပုံရသည်။

ကျန်းလီက ခေါင်းခါလိုက်သည် - "ကျွန်တော်သာ ဝင်ပြိုင်ရင်... အဆင့်ချင်း ကွာလွန်းပြီး အနိုင်ကျင့်သလို ဖြစ်သွားလိမ့်မယ်။ ပျင်းစရာ ကောင်းသွားလိမ့်မယ်။"

အရာရှိက သဘောပေါက်သွားသည်။ ကြည့်ရတာ ဒီလူက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဖြစ်လို့ ပြိုင်ခွင့် မရှိတာ ဖြစ်မယ်။

***

All Chapters