အခန်း (၁၅၅-၁၅၇)
Vol. 10 Ch. 155-157
အခန်း ၁၅၅ ။ မိန်းမလှ ကျော့ကွင်း
ယခု ကျင်းပမည့် ပြိုင်ပွဲကြီးမှာ အလွန်ကြီးကျယ်ခမ်းနားလှရာ၊ ကျိုကျိုး၏ အကောင်းဆုံး သတင်းအချက်အလက် အင်အားစုဖြစ်သော ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်အနေဖြင့် ဤအခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ပေ။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင်သည် လုပ်ရပ်ကြီးကြီးတစ်ခုကို လုပ်ဆောင်လိုနေပြီး၊ ကျိုကျိုးရှိ အဆင့်အသီးသီးမှ ကျင့်ကြံသူများအတွက် အဆင့်သတ်မှတ်ချက် စာရင်းတစ်ခု ပြုစုရန် စဉ်းစားထားသည်။ ထို့ကြောင့် ဤပြိုင်ပွဲကြီးသည် သတင်းအချက်အလက်များ စုဆောင်းရန်အတွက် အကောင်းဆုံး အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် မဟာကျိုးအင်ပါယာ၏ မြို့တော်အနှံ့အပြားတွင် ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ တပည့်များက နေရာယူထားကြပြီး၊ ပြိုင်ပွဲဝင်မည့် ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင် တပည့်တစ်ဦးသည် ကျန်းလီတို့ဘက်သို့ အာရုံရောက်သွားသည်။ ဝိညာဉ်သန္ဓေအဆင့်ရှိသော လေလွင့်ကျင့်ကြံသူအချို့က ပြိုင်ပွဲဝင်မည်ဆိုသည်မှာ သတင်းသေးသေးလေး တစ်ခုတော့ ဖြစ်နိုင်သည်။ သူတို့ကို နောက်ယောင်ခံလိုက်ပြီး အင်တာဗျူးလုပ်ပါက 《ထျန်းကျီး သတင်းစာ》 တွင် ပါလာနိုင်ပြီး၊ ထိုသို့ဆိုလျှင် သူ့အတွက် ပံ့ပိုးမှုအမှတ်များရရှိမည် ဖြစ်သည်။
ထိုသို့ မျှော်လင့်ချက်ဖြင့် သူသည် ကျန်းလီတို့ထံသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
"ဆရာကြီး ၅ ယောက်စလုံး မင်္ဂလာပါ။ ကျွန်တော်က ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်က တပည့် လွီခိုင်ပါ။" ထိုတပည့်က ယဉ်ကျေးစွာ မိတ်ဆက်လိုက်သည် - "ဆရာကြီးတို့ရဲ့ အချိန်လေး နည်းနည်းလောက် ယူပြီး၊ မေးခွန်းနည်းနည်းလောက် မေးလို့ ရမလား။"
"ရတာပေါ့... မေးလေ။" ပိုင်ဟုန်ထူက ခွင့်ပြုလိုက်သည်။
"ဆရာကြီးတို့ အခု ပြိုင်ပွဲဝင်မယ့် ရည်ရွယ်ချက်က ဘာများလဲ။"
ဤသည်မှာ ပုံမှန် မေးရိုးမေးစဉ် မေးခွန်းတစ်ခုသာဖြစ်ပြီး၊ ထူးဆန်းသော အဖြေမျိုးရလိမ့်မည်ဟု လွီခိုင် မထင်ထားပေ။ များသောအားဖြင့်... နာမည်ကျော်ကြားချင်လို့၊ အင်အားစုကြီးတွေရဲ့ မျက်စိကျတာကို ခံချင်လို့၊ ဆုကြေး အများကြီး လိုချင်လို့၊ ကိုယ့်အရည်အချင်းကို ပြသချင်လို့ စသဖြင့်သာ ဖြေဆိုလေ့ ရှိကြသည်။
"ကျိုကျိုးရဲ့ နံပါတ်တစ် ဓားသမားဆိုတဲ့ နာမည်ကို ပြန်လုယူမလို့။"
"ကျိုကျိုးရဲ့ နံပါတ်တစ် ဓားသမားဆိုတဲ့ နာမည်ကို ကာကွယ်မလို့။"
ကျန့်ကျွင်း နှင့် ပိုင်ဟုန်ထူ တို့က တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ရာ၊ လွီခိုင်၏နှုတ်ခမ်းများပင် တွန့်ကွေးသွားရသည်။
‘တော်တော် လေလုံးထွားတာပဲ... ဝိညာဉ်သန္ဓေအဆင့် နှစ်ယောက်ကများ ပြိုင်ပွဲဝင်ပြီး 'ကျိုကျိုးရဲ့ နံပါတ်တစ် ဓားသမား' နေရာကို လုကြမယ် ဟုတ်လား။’
"ဆရာကြီး နှစ်ယောက်က... တကယ်ကို ရည်မှန်းချက် ကြီးမားလှပါတယ်။" လွီခိုင်သည် အတော်ကြာမှသာ ဤစကားတစ်ခွန်းကို ညှစ်ထုတ်ပြောဆိုနိုင်ခဲ့ပြီး၊ အကြည့်ကို ယွီယင်ဘက်သို့ လွှဲလိုက်သည်။
ယွီယင်သည် ရုပ်ဖျက်ထားသော်လည်း အလွန် လှပကျက်သရေရှိသော အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။ ဤအမျိုးသမီးထံမှတော့ ပုံမှန် အဖြေတစ်ခု ရနိုင်မည်ဟု လွီခိုင် ထင်မှတ်လိုက်သည်။
"သေတဲ့အထိ တိုက်ခိုက်ဖို့ပဲ။" ယွီယင်၏ စကားများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်း ၄ ဦး ပြိုင်ပွဲဝင်သည် ဆိုကတည်းက ဘာလုပ်စရာ ရှိဦးမည်နည်း... ကောင်းကင်နဲ့ မြေကြီး ပြောင်းပြန်လန်သွားတဲ့အထိ တိုက်ခိုက်ကြဖို့ပဲ ရှိတော့သည်။
သေချာသည်မှာ 'သေတဲ့အထိ တိုက်ခိုက်မယ်' ဆိုသော်လည်း၊ တကယ် သေသည်အထိတော့ တိုက်ခိုက်ကြမည် မဟုတ်ပေ။
အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် အချင်းချင်း အရှုံးအနိုင် ခွဲခြားရန်မှာ မခက်ခဲသော်လည်း၊ တစ်ဖက်လူကို သတ်ဖြတ်ရန်မှာမူ အလွန်ခက်ခဲလှသည်။ စွမ်းအား ကွာဟချက် အရမ်းမကြီးမားပါက တစ်နှစ်တိတိ တိုက်ခိုက်လျှင်တောင်မှ မည်သူမျှ သေဆုံးမည် မဟုတ်ပေ။
"ကျီကျစ်ကို ဒုက္ခပေးမလို့။" လီအာက အမှန်တိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
လီအာ၏ အဝတ်အစားများမှာ အလွန်ရိုးရှင်းပြီး၊ အသားအရေကလည်း နေလောင်ထားသကဲ့သို့ မည်းနက်နေကာ ရိုးသားအေးချမ်းသော တောင်သူလယ်သမားတစ်ဦးနှင့် တူနေသည်။ ဤသူသည် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းတစ်ဦးဖြစ်မည်ဟု မည်သူကမျှ ထင်မှတ်မည် မဟုတ်ပေ။
အကယ်၍ နဂါးမလေး လီနျန်အာတွင် လီအာ၏သွေးသားများ ပါဝင်နေကြောင်းကို ကျန်းလီကိုယ်တိုင် အတည်မပြုခဲ့ရလျှင်၊ လီအာ လို လူဆီကနေ ဒီလောက် လှပတဲ့ သမီးလေးတစ်ယောက် မွေးလာနိုင်တယ် ဆိုတာကို လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။
သမီးလေးက အမေနဲ့ တူလို့သာ တော်တော့တယ်ဟု ဆိုရမည်။
"ဆရာကြီးတို့အားလုံးက... တကယ်ကို စိတ်ဝင်စားစရာ ကောင်းကြပါတယ်။" လွီခိုင်က ခြောက်ကပ်ကပ်ဖြင့် ပြုံးကာ ပြောလိုက်ပြီး၊ အကြည့်ကို ကျန်းလီဘက်သို့ လွှဲလိုက်ပြန်သည်။
"ကျွန်တော် သိထားသလောက်... ဆရာကြီးက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ဆိုတော့... ဆရာကြီးက သူတို့ကို ဦးဆောင်ပြီး ဒီပြိုင်ပွဲကနေ ဘယ်လို ရလဒ်မျိုး မျှော်လင့်ထားပါသလဲ။"
"ဒီမြို့တော်ကြီး ပြိုကျမသွားရင်... အောင်မြင်ပြီလို့ သတ်မှတ်လို့ ရပါတယ်။"
လွီခိုင် စိတ်ထဲမှ "ဟက်ဟက်" ဟုသာ ရယ်မောလိုက်မိသည်။ သူ သိထားသလောက်... ပြိုင်ပွဲဝင် စင်မြင့်ကြီး၏ ပတ်လည်တွင် အစီအရင်များဖြင့် အခိုင်အမာ ကာကွယ်ထားပြီး၊ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် ဘယ်လိုမှ မဖျက်ဆီးနိုင်ဘူးလေ။
ဒီပြိုင်ပွဲဝင်တွေက တကယ်ကို စိတ်ကူးယဉ် ဆန်လွန်းနေကြတာပဲ။
"ဒီပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်က ဝိညာဉ်လက်နက်တွေကို အသုံးပြုဖို့ အားပေးတာဆိုတော့... ဆရာကြီးတို့က အသိဉာဏ်ပွင့်နေတဲ့ ဝိညာဉ်လက်နက်တွေကို အသုံးပြုသွားဖို့ အစီအစဉ် ရှိပါသလား။" လွီခိုင်က ထပ်မံ မေးလိုက်သည်။
ယွီယင်က သူမ၏ခါးရှိ ဘူးသီးကို တစ်ချက် ပုတ်လိုက်သော်လည်း စကားမပြောခဲ့ပေ။ ဘူးသီးကတော့ ဟိုဘက်ဒီဘက် ယိမ်းယိုင်နေပြီး သူရှိနေကြောင်းကို အစွမ်းကုန် ပြသနေသည်။
ပိုင်ဟုန်ထူနှင့် ကျန့်ကျွင်းတို့ကတော့ မည်သို့မျှ မဖြေကြားခဲ့ကြပေ။
ပိုင်ဟုန်ထူ၏ လော့ယွီဓားသည် အသိဉာဏ် ပွင့်လာပြီးနောက် ဓားတာအိုသင်ယူရာတွင် အလွန် လျင်မြန်သော်လည်း၊ ပိုင်ဟုန်ထူ၏ အရှိန်အဟုန်ကို လိုက်မီရန်မှာမူ အလှမ်းဝေးနေသေးသည်။ ပိုင်ဟုန်ထူသည် ဓားတာအိုကို နှစ် ၅၀၀ တိုင်တိုင် လေ့လာလိုက်စားခဲ့သူဖြစ်ရာ၊ လော့ယွီဓားအနေဖြင့် နှစ်အနည်းငယ်လေးနှင့် သူ့ကို မီအောင် လိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် ပိုင်ဟုန်ထူသည် လက်နက်သန့်စင်ရေးတောင်ကို နောက်ထပ် ဝိညာဉ်ဓားတစ်လက် ပြုလုပ်ခိုင်းထားပြီး၊ လော့ယွီဓားကို ယာယီ အသုံးမပြုသေးရန် ဆုံးဖြတ်ထားသည်။
ကျန့်ကျွင်းမှာလည်း ခန္ဓာကိုယ်ပြန်ရပြီးနောက် ဝိညာဉ်လက်နက်များ အသိဉာဏ်ပွင့်လာသည်ကို အလွန် ဆန်းသစ်သည်ဟု ခံစားရသော်လည်း၊ ပိုင်ဟုန်ထူ ကြုံတွေ့ရသော ပြဿနာမျိုးကိုပင် ရင်ဆိုင်နေရသည်။ သူ့အတွက် သင့်တော်သော အသိဉာဏ်ရှိ ဝိညာဉ်လက်နက် မရှိသေးသဖြင့်၊ သူ၏ မူလ ကိုယ်ပိုင်ဓားကိုသာ ဆက်လက် အသုံးပြုရန် ရွေးချယ်ထားသည်။
လီအာကမူ ခေါင်းကို ပွတ်သပ်ကာ ရိုးသားစွာ ပြုံးလိုက်သည် - "နတ်ဘုရားလက်နက်လောက်မှပဲ ကျွန်တော် သုံးလို့ရမှာပါ။ တခြားအဆင့်ရှိတဲ့ ဝိညာဉ်လက်နက်တွေက ကျွန်တော့် ခန္ဓာကိုယ်လောက်တောင် မမာကြဘူး... ထားလိုက်ပါတော့။"
ထိုစကားကို ကြားသောအခါ လွီခိုင်သည် ဤလူစုကို အလွန် စိတ်ဝင်စားသွားတော့သည်။
ဝိညာဉ်သန္ဓေအဆင့်အထိ ကျင့်ကြံနိုင်သူတွေဆိုတာ အရူးတွေမှ မဟုတ်တာ။ ဒီဆရာကြီးတွေက ဒီလို အံ့ဩစရာ စကားတွေ ပြောရဲတယ်ဆိုကတည်းက... သေချာပေါက် ထူးခြားတဲ့ အစွမ်းအစတွေ ရှိနေလို့ပဲ ဖြစ်ရမယ်။
ဤလူစုကို ပြိုင်ပွဲပြီးဆုံးသည်အထိ နောက်ယောင်ခံ လိုက်သွားမည်ဆိုပါက သေချာပေါက် သတင်းထူးကြီးရလိမ့်မည်ဟု သူ၏ အလိုအလျောက် သိမြင်နိုင်စွမ်းက ပြောနေသည်။
လွီခိုင်က သူတို့ကို အမြဲတမ်း နောက်ယောင်ခံ လိုက်ခွင့်ပြုရန် တောင်းဆိုရာ၊ မည်သူကမျှ မငြင်းပယ်ခဲ့ကြပေ။
"ငါ ခဏလောက် သွားစရာ ရှိသေးတယ်။ ပြီးမှ မင်းတို့ဆီ ပြန်လာခဲ့မယ်။" ကျန်းလီ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
...
မြို့တော်၏ ဧည့်ဂေဟာတွင် အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များ စုဝေးနေကြသည်။
"နဂါးမင်းကြီး လေးပါး... မတွေ့ရတာ ကြာပြီနော်။"
"သူတော်စင်ကျန့်ရှင်း... သူတော်စင်က ဟုန်ချန်းသန့်စင်မြေကို ကိုယ်စားပြုပြီး လာတာလား။"
"ဗုဒ္ဓသားတော် ဝူကျစ်က ဗုဒ္ဓတရား အရေးကြီးတဲ့အဆင့်ကို ရောက်နေလို့ ထွက်လာလို့ မရဘူးတဲ့။ ဒါကြောင့် ရှန်းရှန်ဘုရားလောင်းက ဗုဒ္ဓဂိုဏ်းကို ကိုယ်စားပြုပြီး ပြိုင်ပွဲ တက်ရောက်ဖို့ လာတာပါ။"
ရှန်းရှန်ဘုရားလောင်းမှာ မျက်ခုံးကြားတွင် အနီရောင် အစက်လေးပါရှိသော အလွန် လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ အသားအရေမှာ ဖြူဖွေးဝင်းမွတ်နေပြီး၊ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ကာ ခြေဗလာဖြင့်ရှိနေပြီး မျက်စိမှိတ်လျက် စကားနည်းသူတစ်ဦး ဖြစ်သည်။ သူမသည် ဗုဒ္ဓဘာသာ၏ ကြီးမြတ်သော အဘိညာဉ် ၆ ပါး ထဲမှ 'ဒိဗ္ဗစက္ခု အဘိညာဉ်' ကို လေ့ကျင့်နေသူ ဖြစ်သည်ဟု ဆိုကြသည်။
"ဝေ့ဧကရာဇ်နဲ့ မုန့်ကျန်းဧကရာဇ်... ခင်ဗျားတို့ နှစ်ယောက်လည်း လာကြတာပဲ။ ခင်ဗျားတို့ကို မေးချင်နေတဲ့ မေးခွန်းတစ်ခုရှိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ခင်ဗျားတို့ နှစ်ယောက် မုန့်ကျန်းမြို့တော် အထက်က ကောင်းကင်ယံမှာ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြတယ်ဆို... အဲ့ဒါ ဘာဖြစ်လို့လဲ သိပါရစေ။"
"မပြောနိုင်ပါဘူး... မပြောနိုင်ပါဘူး။" ဝေ့ဧကရာဇ် နှင့် မုန့်ကျန်းဧကရာဇ်တို့က ဟုန်ချန်းနတ်သမီးကိစ္စကို သေချာပေါက် ထုတ်ပြောမည် မဟုတ်ပေ။
"သူများရဲ့သိချင်စိတ်ကို ဖြည့်ဆည်းပေးလိုက်ပါဦး။" ဟယ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဘယ်ဘက်လက်ဖြင့် ရင်ဘတ်ကို ပင့်တင်ကာ၊ လက်ညှိုးကို နှုတ်ခမ်းတွင် ထိထားရင်း အလွန် ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည် - "ကျွန်မက မဟာဝေ့အင်ပါယာ ဒါမှမဟုတ် မုန့်ကျန်းအင်ပါယာမှာ ဂိုဏ်းခွဲလေးတွေ ဖွင့်ဖို့ စဉ်းစားနေတာမို့လို့ပါ။"
သူတော်စင်ကျန့်ရှင်းက 'တောက်' တစ်ချက် ခေါက်လိုက်ပြီး၊ ဟယ်ဟွမ်ဂိုဏ်းချုပ်၏လုပ်ရပ်ကို အလွန် အထင်သေးရွံရှာကြောင်း ပြသလိုက်သည်။
‘အသုံးမကျတဲ့ အဆီတုံး နှစ်တုံးပဲ ရှိတာကို။’
ဝေ့ဧကရာဇ် နှင့် မုန့်ကျန်းဧကရာဇ်တို့မှာ မည်မျှပင် ခံနိုင်ရည်ရှိသူများ ဖြစ်ပါစေ၊ ဤကဲ့သို့သော မိန်းမလှ ကျော့ကွင်းမျိုးကို ရင်ဆိုင်ရသောအခါ အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
"ဂိုဏ်းချုပ်မုန်က တကယ်ကို စပ်စုချင်နေတာပဲနော်။"
သူတော်စင်ကျန့်ရှင်း၏ ခပ်ဟဟ ရယ်သံလေးက ဝေ့ဧကရာဇ် နှင့် မုန့်ကျန်းဧကရာဇ် တို့၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ သူတော်စင်ကျန့်ရှင်း ဤနေရာတွင် ရှိနေသရွေ့ ထိုနှစ်ယောက် ထုတ်ပြောမည်ကို သူမ သေချာပေါက် တားဆီးမည်သာဖြစ်သည်။
မဟုတ်လျှင် ဟုန်ချန်းသန့်စင်မြေမှာ အေးချမ်းတဲ့အချိန်ဆိုတာ ရှိတော့မှာ မဟုတ်ဘူးလေ။
ဝေ့ဧကရာဇ် နှင့် မုန့်ကျန်းဧကရာဇ် တို့ ရုတ်တရက် သတိဝင်သွားကြသည်။ သူတို့ နှစ်ယောက် အချစ်အတွက် တိုက်ခိုက်ခဲ့ကြပြီး ကျန်းလီ၏လက်ချက်ဖြင့် ၃ စက္ကန့်အတွင်း မြေကြီးပေါ် ပြားပြားဝပ်သွားကာ သမားတော် ခေါ်ယူခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည်သတိရသွားသည်။ ထို့ပြင် ကျန်းလီက ဟုန်ချန်းနတ်သမီးကိစ္စကို အပြင်တွင် လုံးဝမပြောရန် သတိပေးထားခဲ့သည်ကိုလည်း ပြန်အမှတ်ရသွားသဖြင့်၊ အမြန် ပါးစပ်ပိတ်လိုက်ကြသည်။ ဟယ်ဟွမ်ဂိုဏ်းချုပ်က မိန်းမလှ ကျော့ကွင်းဖြင့် မည်သို့ပင် သွေးဆောင်စေကာမူ လုံးဝ အလုပ်မဖြစ်တော့ပေ။
"သူတော်စင်ကျန့်ရှင်းက သူများကိစ္စတွေကို ဝင်ပါတာ ဝါသနာပါတာပဲနော်။" ဟယ်ဟွမ်ဂိုဏ်းချုပ်၏ အမည်မှာ မုန်ယို့ယို့ ဖြစ်သည်။ သူတော်စင်ကျန့်ရှင်းက ဝင်ရောက် ဟန့်တားလိုက်သော်လည်း သူမ ဒေါသမထွက်ဘဲ အပြုံးလေးဖြင့်ပင် ဆက်ပြောသည် - "လူသားဧကရာဇ်ကျန်းကိုကော ထိန်းချုပ်နိုင်မယ် ထင်လို့လား။"
"ငါက ကျန်းလီကို ဘာလုပ်ဖို့ ထိန်းချုပ်ရမှာလဲ။" သူတော်စင်ကျန့်ရှင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ငါ ထင်နေတာ နင်က သူ့ကို သဘောကျနေတယ်လို့လေ။" မုန်ယို့ယို့ က အံ့ဩဟန်ဆောင်ကာ ပြောလိုက်သည် - "ငါ အထင်လွဲသွားတာပဲ ဖြစ်ရမယ်။"
"ဘယ်သူက သူ့ကို သဘောကျမှာလဲ။" သူတော်စင်ကျန့်ရှင်းက ခေါင်းကို တစ်ဖက်သို့ လှည့်သွားပြီး၊ ဘာအကြောင်းမှန်းမသိ ပါးစပ်လေးစူကာ စိတ်ကောက်နေသည်။
မဟာကျိုးအင်ပါယာ၏ အရှင်သခင်ဖြစ်သော ကျီကျစ်လည်း ထိုနေရာတွင် ရှိနေသည်။ သူတော်စင်ကျန့်ရှင်း၏အဖြေကို ကြားလိုက်ရသောအခါ၊ သူက သက်ပြင်းချကာ နဖူးကို ကိုင်လိုက်မိသည်။
‘ဒီလိုပုံစံနဲ့ဆိုရင်... မင်း ဘယ်တော့များမှ ကျန်းလီကို ရနိုင်မှာလဲ?’
"ငါကတော့ သူများချစ်သူကို လုယူမယ့်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ နင်က သူ့ကို သဘောမကျဘူးဆိုရင်တော့... ငါက လူသားဧကရာဇ်ကျန်းကို လိုက်ဖို့ ကြိုးစားမယ်။ နင်လည်း ဘာမှ ဝင်ပြောစရာ အကြောင်းမရှိတော့ဘူးပေါ့။" မုန်ယို့ယို့က ညင်သာသော ခြေလှမ်းများဖြင့် သူတော်စင်ကျန့်ရှင်း၏အနားသို့ လျှောက်သွားပြီး၊ သူမ၏ ပန်းနုရောင် နားရွက်လေးကို လေပူလေးမှုတ်ကာ ပြောလိုက်သည် - "လူသားဧကရာဇ်ကျန်းက အဲ့ဒီလောက် အစွမ်းထက်တာ၊ သူနဲ့သာ နှစ်ကိုယ်တူကျင့်ကြံရရင် အရသာက တကယ်ကို ထူးခြားမှာပဲ... ငါ နောက်နေတာ မဟုတ်ဘူးနော်။"
"နင်..." သူတော်စင်ကျန့်ရှင်းက အံကြိတ်လိုက်သည် - "နင့်သဘောပဲ။"
"ဂိုဏ်းချုပ်မုန်က ဘာဖြစ်လို့ ကျွန်တော့်ကို လိုက်ချင်နေသလိုနဲ့ တခြားသူကိုလည်း ခွင့်တောင်းနေရတာလဲ။" ကျန်းလီက ရုတ်တရက် ဘေးမှ ပေါ်လာပြီး ဝင်မေးလိုက်သည် - "ခင်ဗျားရဲ့ စိတ်အာရုံတွေ ကွဲပြားနေလို့လား။"
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 156
အခန်း ၁၅၆ ။ ပြိုင်ပွဲကြီး ဖွင့်ပွဲ အခမ်းအနား
မုန်ယို့ယို့သည် သူမ၏ သွယ်လျသော ခါးလေးကို လှုပ်ခါလျက် ကျန်းလီထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး၊ မွှေးကြိုင်သော နှုတ်ခမ်းလေးကို ဟဟလေးဟကာ ပြောလိုက်သည် - "ဘာလို့လဲဆိုတော့ ကျွန်မက ရှင့်ကို သဘောကျနေလို့လေ။"
သူတော်စင်ကျန့်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ရင်ထဲတွင်လည်း တုန်ခါသွားသည်။
‘ဒီ... ဒီမိန်းမမှာ အရှက်တရားဆိုတာ နည်းနည်းလေးတောင် မရှိတော့ဘူးလား!’
"လာပါဦး၊ လာပါဦး... ဒါက ကျွန်တော်တို့ အရှေ့ပင်လယ်က ထူးခြားတဲ့ ဖရဲစေ့လေးတွေပါ။ စားပြီးရင် ပါးစပ်ထဲမှာ အနံ့လေး သင်းကျန်နေခဲ့မှာ။ ပြီးတော့ ကြီးကြီးဝိုင်းဝိုင်း ပင်လယ်ဖရဲသီးလည်း ပါသေးတယ်။ စားလို့ အရမ်းကောင်းပြီး ရေငတ်ပြေတယ်။"
အရှေ့ပင်လယ် နဂါးမင်းကြီးက အချိန်အခါမဟုတ် ဝင်လာပြီး အရှေ့ပင်လယ်၏ ဒေသထွက် ကုန်ပစ္စည်းများကို မိတ်ဆက်ကာ လူတိုင်းကို လိုက်ဝေနေသည်။
"ကျွန်တော့်ကို ဖရဲစေ့ တစ်ထုပ်လောက် ပေး။" ကျီကျစ်ကလည်း အားနာမနေဘဲ ယူပြီး ချက်ချင်း စားနေတော့သည်။
"ဖရဲသီးတစ်ဝက်လောက် ပေး။"
"စားကြ၊ စားကြ... အားလုံးအတွက် ပါတယ်။"
အရှေ့ပင်လယ် နဂါးမင်းကြီးက ဖရဲသီးများနှင့် ဖရဲစေ့များကို လိုက်ဝေနေရာ၊ လူတိုင်းကလည်း ကျေးဇူးတင်စကားဆိုပြီး ယူလိုက်ကြသည်။
"သူတော်စင်ကျန့်ရှင်း... နတ်သမီးကော တစ်စိတ်လောက် စားမလား။" အရှေ့ပင်လယ် နဂါးမင်းကြီးက ရင်းနှီးစွာ မေးလိုက်ရာ၊ ကျန်နဂါးမင်းကြီး သုံးပါးက ထို 'မျက်စိလျှမ်းနေသော' အစ်ကိုကြီးကို အလျင်အမြန် ဆွဲဖယ်သွားကြသည်။
‘သူက မင်းကို မျက်စောင်းထိုးနေတာ မမြင်ဘူးလား။’
ဟုန်ချန်းသန့်စင်မြေတွင် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ မရှိသလို၊ ဂိုဏ်းကို စောင့်ကြပ်သော နတ်ဘုရားလက်နက်လည်း မရှိပေ။ သို့သော် ထိပ်တန်းဂိုဏ်းကြီး ၆ ခုထဲတွင် မည်သူကမျှ လှုပ်ရှား၍ မရနိုင်လောက်အောင် ခိုင်မာစွာ ရပ်တည်နေနိုင်သည်မှာ... သူတို့ထံတွင် တိုက်ခိုက်ရေးစွမ်းရည် ပြိုင်ဘက်ကင်းသော နတ်ဘုရားမက်မွန်ပင် ရှိနေသောကြောင့် ဖြစ်သည်။
တကယ်လို့များ သူတော်စင်ကျန့်ရှင်းသာ ဒေါသထွက်သွားပြီး... နတ်ဘုရားမက်မွန်ပင်ကို လွှတ်ကာ နဂါးနန်းတော်ကို ရိုက်ချိုးခိုင်းလိုက်ရင် ဘယ်လိုလုပ်မလဲ?
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင်သည် ကျန်းလီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး၊ နောက်ထုတ်မည့် 《ထျန်းကျီး သတင်းစာ》 ၏ မျက်နှာဖုံးအတွက် ခေါင်းစဉ် ရသွားပြီဟု တွေးနေသည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင်သည် ကျီကျစ်၏ အထူးဖိတ်ကြားချက်အရ၊ ဤပြိုင်ပွဲကြီးတွင် အစီအစဉ် တင်ဆက်သူအဖြစ် လာရောက်ခြင်းဖြစ်သည်။
"ကျွန်တော့်ကို ဘာဖြစ်လို့ သဘောကျတာလဲ။" ကျန်းလီ နားမလည်နိုင်အောင် ဖြစ်နေသည်။
မုန်ယို့ယို့၏မျက်လုံးများက ဆွဲဆောင်မှု အပြည့်ရှိနေသည် - "သေချာပေါက် ရှင့်ရဲ့ အစွမ်းထက်မှုတွေကြောင့်ပေါ့။ ရှင်က ကျိုကျိုးမှာ အသန်မာဆုံးသူလေ... တစ်ဦးတည်းသော မဟာယာနအဆင့် လူကြီးမင်းလေ။ မိန်းမတစ်ယောက်အနေနဲ့... လုံခြုံစိတ်ချရတဲ့ ဆိပ်ကမ်းလေးတစ်ခုကို လိုချင်တာ ဘာများ မှားနေလို့လဲ။"
"သေချာပေါက် မှားနေတာပေါ့။" ကျန်းလီက ပြန်လည် ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည် - "ခင်ဗျားက ကျွန်တော် အစွမ်းထက်လို့ သဘောကျတယ်ဆိုရင်၊ ခင်ဗျား သဘောကျတာ ကျွန်တော့်ကို မဟုတ်ဘူး... မဟာယာနအဆင့်ကို သဘောကျတာ ဖြစ်နေပြီ။"
မုန်ယို့ယို့ ကြောင်အမ်းသွားသည် - "ဒါပေမဲ့ ရှင်က မဟာယာနအဆင့်ပဲ မဟုတ်ဘူးလား။"
"ကျွန်တော်က မဟာယာနအဆင့်ဆိုပေမဲ့၊ မဟာယာနအဆင့်က ကျွန်တော် မဟုတ်ဘူး။ ဒီသဘောတရားကို နားလည်ရဲ့လား။"
ကျန်းလီက အလွန် ရိုးရှင်းသော အမှန်တရားတစ်ခုကို ပြောပြနေသည့်အလား ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ၊ မုန်ယို့ယို့လည်း အလိုအလျောက် ခေါင်းညိတ်လိုက်မိသည်။
"ဒါဆို... ကျွန်မက ရှင့်ရဲ့ ပြတ်သားမှုကို သဘောကျတာ။ ရှင်က အလုပ်တစ်ခုလုပ်ရင် မူလရည်ရွယ်ချက်ကိုမမေ့ဘဲ ပြတ်ပြတ်သားသား လုပ်တတ်လို့။"
ကျန်းလီက ဆက်လက် ခွဲခြမ်းစိတ်ဖြာ ပြပြန်သည် - "ကျွန်တော်က အခု ခင်ဗျားကို သဘောမကျဘူး။ တကယ်လို့ ကျွန်တော်က ခင်ဗျားကို သဘောကျသွားမယ်ဆိုရင်... ကျွန်တော်က ပြတ်သားမှု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ဒီလို ပြတ်သားမှု မရှိတော့တဲ့ ကျွန်တော့်ကိုကျတော့ ခင်ဗျားက သဘောကျမှာ မဟုတ်တော့ဘူးလေ။"
မုန်ယို့ယို့ သည် အချိန်အတော်ကြာ စဉ်းစားပြီးမှ ပြန်ပြောသည် - "ရှင်က တရားမျှတမှုကို ဖော်ဆောင်ပေးတယ်။ ဘက်လိုက်မှု မရှိဘူး။ ရှင် လူသားဧကရာဇ် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ကျိုကျိုးရဲ့ အခြေအနေက အရင်ကထက် အများကြီး ပိုမို ပေါ့ပါးလွတ်လပ်လာတယ်။ မလိုအပ်တဲ့ ပရိယာယ်တွေ၊ လှည့်ကွက်တွေ အများကြီး လျော့နည်းသွားတယ်။"
"ဒါဆိုရင် ခင်ဗျား သဘောကျသင့်တာက ကျီကျစ်ကို ဖြစ်ရမှာပေါ့။ ကျွန်တော်က တစ်ခါတလေ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ဘက်လိုက်တတ်တယ်။ တရားမျှတတယ်လို့ မဆိုနိုင်ပါဘူး။"
"ရှင်က ဗဟုသုတ ကြွယ်ဝတယ်၊ အမြင်ကျယ်တယ်..." မုန်ယို့ယို့၏အသံမှာ အနည်းငယ် တုန်ယင်လာသည်။
ကျန်းလီက ထိုအကြောင်းပြချက်ကိုလည်း လက်မခံသေးပေ - "ဗဟုသုတဆိုရင် ကျွန်တော်က ချန်ချွန်းရှန်းဝမ်လောက် မသိပါဘူး။ ဒါဆို ခင်ဗျား သဘောကျသင့်တာ ကျွန်တော့်ကို မဟုတ်ဘဲ၊ သူ့ကို ဖြစ်ရမှာပေါ့။"
"ကျွန်တော် ထပ်မေးမယ်... ခင်ဗျား ဘာဖြစ်လို့ ကျွန်တော့်ကို သဘောကျတာလဲ။"
"အေးနော်... ငါ ဘာလို့ သူ့ကို သဘောကျနေတာလဲ။" မုန်ယို့ယို့ လည်း ကိုယ့်ကိုယ်ကိုယ် တီးတိုး ရေရွတ်ရင်း၊ မျက်လုံးများ တွေဝေသွားကာ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ကျန်းလီ၏ ပြန်လည်ချေပမှုများကြောင့် စကားတစ်ခွန်းမျှ ပြန်မပြောနိုင်တော့ဘဲ၊ ကိုယ်တိုင်ပင် ဘာကြောင့် သဘောကျရသလဲဆိုသည်ကို ပြန်စဉ်းစားနေမိတော့သည်။
ဤသည်မှာ အလွန်ခက်ခဲသော မေးခွန်းတစ်ခု ဖြစ်ပုံရသည်။ မုန်ယို့ယို့ သည် တွေးလေ တွေးလေ အဖြေရှာမရ ဖြစ်လေလေ ဖြစ်နေသည်။
လူတိုင်းက သူတော်စင်ကျန့်ရှင်းကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။ သူတော်စင်ကျန့်ရှင်းကတော့ အစအဆုံး စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း၊ အလွန် လှပသော အပြုံးလေးဖြင့် မေးစေ့ကို အနည်းငယ် ပင့်ထားကာ သူမကသာ အနိုင်ရရှိသူအလား ဖြစ်နေသည်။
သူတော်စင်ကျန့်ရှင်းသည် နတ်ဘုရားဖြစ်ရန်ထက်ပင် ပိုမို ခက်ခဲသော လမ်းကြောင်းကို ရွေးချယ်ထားကြောင်း အားလုံးက ရင်ထဲမှနေ၍ လေးစားအသိအမှတ်ပြု လိုက်ကြသည်။
"သင့်တော်တဲ့ လူတွေ ရွေးပြီးပြီလား။" ကျီကျစ်က ရှေ့ထွက်လာပြီး မေးလိုက်သည်။
"စိတ်ချပါ... အားလုံးက အတော်ဆုံး လူတွေချည်းပါပဲ။ မင်းကို သေချာပေါက် မျက်စိပွင့်သွားစေရမယ်။" ဟု ကျန်းလီက ရင်ကော့ကာ အာမခံလိုက်သည်။
"အဲ့ဒါဆိုရင်တော့ ငါ စိတ်ချသွားပါပြီ။" မူလက ကျီကျစ်သည် သူ၏ 'ထပ်ဆင့်သူငယ်အိမ်' ကို အသုံးပြု၍ ပြိုင်ပွဲဖြစ်စဉ်ကို ကြိုတင်ကြည့်ရှုရန် ရည်ရွယ်ထားခဲ့သော်လည်း၊ ကျန်းလီ၏စကားကြောင့် မျှော်လင့်ချက်များ ပိုမို ကြီးမားလာသဖြင့် ပြိုင်ပွဲစမည့် အချိန်ကိုသာ စိတ်အေးလက်အေး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"နှစ်တွေ အများကြီး ကြာသွားပြီနော် လူသားဧကရာဇ်ကျန်း။"
"လူသားဧကရာဇ်ကျန်း... အရင်လိုပဲ ကျန်းမာတုန်းပဲနော်။"
ပွဲလေး ပြီးသွားတော့မှသာ၊ အားလုံးက ကျန်းလီကို နှုတ်ဆက်စကား လာပြောကြသည်။
"အချိန်ကျပြီ... ပြိုင်ပွဲစဖို့ ပြင်ကြရအောင်။" ဟု ကျီကျစ်က အားလုံးကို သတိပေးလိုက်သည်။ ကျန်းလီသည် ပြိုင်ပွဲစမည့် အချိန်နှင့် ကွက်တိ ရောက်လာခြင်း ဖြစ်သည်။
ဤပြိုင်ပွဲအတွက် မဟာကျိုးက အလွန်အလေးထားပြီး၊ လူအင်အား၊ ငွေအင်အား အမြောက်အမြား အသုံးပြုကာ ဧရာမစင်မြင့်ကြီးတစ်ခုကို ယာယီတည်ဆောက်ထားခဲ့သည်။ ထိုစင်မြင့်ကို အလွန် မာကျောသော စိန်တုံးများဖြင့် တည်ဆောက်ထားရာ၊ ဝိညာဉ်သန္ဓေအဆင့်များ၏ တိုက်ခိုက်မှုများက ဤကျောက်တုံးများပေါ်တွင် အဖြူရောင် အစင်းရာလေးတစ်ခုပင် ထင်ကျန်ရစ်စေမည် မဟုတ်ပေ။ အကယ်၍ ဤကျောက်တုံးများကို လက်နက်သန့်စင်ရာတွင် အသုံးပြုမည်ဆိုပါက ဝိညာဉ်လက်နက် မည်မျှလောက် ဖန်တီးနိုင်မည်ကိုပင် မသိနိုင်ပေ။
ကျန်းလီတို့ရှိနေသော နေရာမှာ စင်မြင့်၏ဘေးဘက် အပေါ်ပိုင်းတွင်ဖြစ်ပြီး၊ စင်မြင့်တစ်ခုလုံး၏ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်သလို၊ စင်မြင့်ပတ်လည်ရှိ ပရိသတ်များကိုလည်း မြင်တွေ့နိုင်သည်။
"ရွှေရောင်ဆောင်းဦးပေါက် ရောက်လာပြီ၊ ရာသီဥတုကလည်း သာယာလှတယ်။ မျှော်လင့်ချက်တွေကို မွေးဖွားပေးပြီး၊ စိတ်ကူးယဉ် အိပ်မက်တွေကို ရိတ်သိမ်းရမယ့် ဒီလို ရွှေရောင်လွှမ်းတဲ့ ရာသီအခါသမယမှာ... ဒီပြိုင်ပွဲကြီးကို ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်လိုက်ပါတယ်။ ပထမဆုံးအနေနဲ့... ကျွန်တော်က မဟာကျိုးအင်ပါယာကို ကိုယ်စားပြုပြီး၊ ကြွရောက်လာကြတဲ့ ဧည့်သည်တော်တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနဲ့၊ ပြိုင်ပွဲဝင် ကျင့်ကြံသူ အားလုံးကိုလည်း နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်..."
"... ကျင့်ကြံသူတို့။ ကျွန်တော်တို့အတွက် ဝိညာဉ်လက်နက်တွေရဲ့ အရေးပါပုံကို အထူး ပြောနေစရာ မလိုတော့ပါဘူး။ ကျိုကျိုးရဲ့ အဖိုးတန်ရတနာ 'ယင်ယန်ကောင်းကင်တံဆိပ်' ရဲ့ အသိဉာဏ် ပေးအပ်မှုကြောင့်၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်လက်နက်တွေဟာ ပိုမို အသိဉာဏ်ရှိလာပြီး၊ ပိုမို အဆင်ပြေလာပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကျင့်ကြံသူတွေနဲ့ ဝိညာဉ်လက်နက်တွေ အတူတကွ ပူးပေါင်းတိုးတက်စေဖို့နဲ့၊ အပြန်အလှန် အကျိုးပြုနိုင်မယ့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်..."
ကျီကျစ်က စင်ပေါ်တွင် မိန့်ခွန်းပြောကြားနေသော်လည်း၊ ဘေးတွင် ထိုင်နေသော ကျန်းလီရော၊ စင်အောက်ရှိ ပရိသတ်များပါ အိပ်ငိုက်ချင်နေကြပြီဖြစ်သည်။
ဗုဒ္ဓတရားဟောကြားချက်ကို နားထောင်ပြီး အိပ်ငိုက်ရတာတောင်မှ အနည်းဆုံးတော့ ဗဟုသုတ နည်းနည်းပါးပါး ရသေးတယ်။ မင်းရဲ့ ဒီအရှည်ကြီးနဲ့ ဘာမှအသုံးမဝင်တဲ့ မိန့်ခွန်းကြီးကို နားထောင်ရတာကတော့ လုံးဝ အလကားပဲ!
ဤအချိန်မျိုးတွင် လူတိုင်းက ရှန်းရှန်ဘုရားလောင်းကို အားကျနေကြသည်။ သူမက မျက်စိမှိတ်ထားတော့ 'ဒိဗ္ဗစက္ခု အဘိညာဉ်' ကို လေ့ကျင့်နေတာလား၊ ဒါမှမဟုတ် အိပ်နေတာလားဆိုတာ ဘယ်သူကမှ မသိနိုင်ဘူးလေ။
သူတို့က စင်မြင့်ပေါ်တွင် ထိုင်နေကြရာ၊ စင်အောက်ရှိ ကျင့်ကြံသူများအားလုံးက သူတို့ကို သတိထားမိနေကြသည်။ ကျီကျစ် မိန့်ခွန်းပြောနေချိန်တွင် လူပုံအလယ်၌ အိပ်ငိုက်နေမည်ဆိုပါက ကြည့်လို့ မကောင်းပေ။
"... နောက်ဆုံးအနေနဲ့၊ အားလုံးပဲ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြပါစေ၊ အကောင်းဆုံး စွမ်းရည်တွေကို ပြသနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။"
နောက်ဆုံးတွင် ကျီကျစ်၏ မိန့်ခွန်း ပြီးဆုံးသွားပြီး၊ နောက်ဆုံးတွင် ထပ်ဖြည့်ပြောလိုက်သည် - "လူသားဧကရာဇ်နန်းဆောင်က ၇၂ ဆက်မြောက် လူသားဧကရာဇ် ကျန်းလီကို မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။"
စင်အောက်တွင် လက်ခုပ်သံ အနည်းငယ်သာ ထွက်ပေါ်လာသည်။
အိပ်ငိုက်နေသော ကျန်းလီက မတ်တပ်ရပ်ကာ ပြောလိုက်သည် - "ပြိုင်ပွဲ စပါပြီ။ ပြောလို့ ပြီးပါပြီ။"
စင်အောက်တွင် လက်ခုပ်သံများ မိုးကြိုးထစ်ချုန်းသည့်အလား ဆူညံသွားတော့သည်။
ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင် 'ထျန်းမင့် တာအိုအရှင်' သည် ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် လူကြီးမင်းတစ်ဦးဖြစ်ပြီး၊ ဝိညာဉ်ကျောက်တုံးများကို အလွန်သဘောကျကာ၊ ဘယ်သူနဲ့မဆို အဆင်ပြေအောင် နေတတ်သူ ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုကို မည်သူကမျှ သံသယ မဝင်ကြပေ။ ချီသန့်စင်ခြင်းအဆင့်မှသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်အထိ အဆင့်တိုင်း၏ ဝိသေသလက္ခဏာများ၊ ကျင့်ကြံမှု နည်းလမ်းအမျိုးမျိုး၊ ဝိညာဉ်လက်နက် အသုံးပြုပုံ ထောင်ပေါင်းများစွာ၊ တိုက်ခိုက်ရေး နည်းဗျူဟာ သောင်းပေါင်းများစွာကို သူက အလွတ်ရနေပြီး လွယ်ကူစွာ ရှင်းပြနိုင်စွမ်းရှိသည်။
ထျန်းမင့် တာအိုအရှင်သည် အစီအစဉ် တင်ဆက်သူအဖြစ် အသင့်တော်ဆုံး သူပင် ဖြစ်သည်။
ကျီကျစ်က သူ့ကို အကူအညီတောင်းရန် ဝိညာဉ်ကျောက်တုံး အများကြီး မသုံးခဲ့ဘဲ၊ ပြိုင်ပွဲ ပြီးဆုံးပါက မဟာကျိုးရှိ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အခွန်တစ်ဝက်ကို ကင်းလွတ်ခွင့် ပေးမည်ဟုသာ ပြောခဲ့ခြင်းဖြစ်သည်။
ထျန်းမင့် တာအိုအရှင်လည်း ဤသဘောတူညီချက်ကို ဝမ်းသာအားရ လက်ခံခဲ့သည်။ ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ မဟာကျိုးအင်ပါယာရှိ စီးပွားရေးမှာ အလွန် ကောင်းမွန်သော်လည်း၊ အခွန်နှုန်းထား မြင့်မားလွန်းသဖြင့် အမြဲတမ်း ရင်နာနေခဲ့ရသည်။ အကယ်၍ အခွန် တစ်ဝက်ကို ကင်းလွတ်ခွင့်ရမည်ဆိုပါက သူ အိပ်မက်ထဲတွင်ပင် ပြုံးနေမိမည်မှာ သေချာသည်။
တကယ်တမ်းတွင် ပိုင်ဇီအင်ပါယာ၏ အရှင်သခင်ဖြစ်သော ဧကရီပိုင်ရွှယ်လင်သည်လည်း အစီအစဉ် တင်ဆက်သူအဖြစ် အသင့်တော်ဆုံး သူပင် ဖြစ်သည်။ သို့သော် သူမက နိုင်ငံတစ်နိုင်ငံ၏ ဧကရီဖြစ်နေပြီး ကျီကျစ်နှင့် အဆင့်အတန်း တူညီနေသဖြင့် သူမကို လာရောက် အစီအစဉ် တင်ဆက်ခိုင်းရန်မှာ မသင့်တော်ပေ။
ပြိုင်ပွဲကို 'အခြေခံတည်ဆောက်ခြင်းအဆင့် အုပ်စု'၊ 'ရွှေအမြုတေအဆင့် အုပ်စု' နှင့် 'ဝိညာဉ်သန္ဓေအဆင့် အုပ်စု' ဟူ၍ ခွဲခြားထားပြီး၊ ထိုအစဉ်လိုက်အတိုင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပထမဆုံး စတင်မည့် အုပ်စုမှာ 'အခြေခံတည်ဆောက်ခြင်းအဆင့်' များဖြစ်သည်။
"ပထမဆုံး စင်ပေါ်တက်လာမယ့် သူတွေကတော့... မဟာကျိုး ဟွာယွမ်ဂိုဏ်းက 'ယွမ်ဖန်' နဲ့ ပိုင်ဇီအင်ပါယာက 'ဟူကု' တို့ ဖြစ်ပါတယ်။"
ဟွာယွမ်ဂိုဏ်း ဆိုသည်မှာ ကျန်းလီ ပထမဆုံး ဝင်ရောက်ခဲ့သော ဂိုဏ်းဖြစ်ပြီး၊ စနစ်၏ ဒုတိယမြောက် တာဝန်တွင် ကျန်းလီအား ထိုဂိုဏ်းမှ 'ယွမ်ပေါ်' ကို အနိုင်ယူရန် ခိုင်းစေခဲ့သော နေရာလည်းဖြစ်သည်။
"ယွမ်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ဆိုတော့... ယွမ်ပေါ်ရဲ့ သားမြေးတွေ ဖြစ်လောက်တယ်။" ရင်းနှီးသော နာမည်ကို ကြားလိုက်ရသဖြင့် ကျန်းလီ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
***
မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့
Mahayana 157
အခန်း ၁၅၇ ။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်
မိစ္ဆာမျိုးနွယ်များနှင့် နှိုင်းယှဉ်ပါက၊ လူသားမျိုးနွယ်သည် နောက်မှရောက်လာပြီး ရှေ့သို့ ကျော်တက်သွားသော မျိုးနွယ်စုဖြစ်သည်။
မိစ္ဆာမျိုးနွယ်များသည် ကျင့်ကြံခြင်း အစောပိုင်း ကာလများတွင် လူသားများ မယှဉ်နိုင်သော အားသာချက်များ ရှိကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှာ သဘာဝအရ ခိုင်မာတောင့်တင်းပြီး၊ စရိုက်သဘာဝမှာလည်း ကြမ်းတမ်းရက်စက်ကြသည်။ ထို့ပြင် သူတို့၏ သွေးမျိုးရိုးထဲတွင် မွေးရာပါ နတ်ဘုရားမန္တန်များ ပါဝင်လာတတ်ပြီး၊ ထိုမန္တန်များကို နားလည်သဘောပေါက်ရန် အချိန်ယူစရာ မလိုဘဲ အလိုအလျောက် အသုံးပြုနိုင်စွမ်းရှိကြသည်။
လူသားများသည် ကျင့်ကြံခြင်း အစောပိုင်း ကာလများတွင် ခန္ဓာကိုယ် အလွန် အားနည်းကြသည်။ တာအိုမန္တန်များကို မသင်ယူမီ 《ကျင့်ကြံခြင်း အခြေခံ》 ကဲ့သို့သော အခြေခံ စာအုပ်များကို အရင်ဆုံး နားလည်အောင် ဖတ်ရှုရသည်။ ထို့နောက် ကျောင်းဆရာများ အကြိမ်ကြိမ် သင်ကြားပေးသော ဝိညာဉ်စွမ်းအား လှည့်ပတ်မှု လမ်းကြောင်းများကို အလွတ်ကျက်မှတ်ရပြီး၊ ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်အတွင်းသို့ အောင်မြင်စွာ ဆွဲသွင်းနိုင်မှသာလျှင် အခြေခံ တာအိုမန္တန် အနည်းငယ်ကို စတင် သင်ယူနိုင်မည် ဖြစ်သည်။
တာအိုမန္တန်ဆိုသည်မှာလည်း ချက်ချင်း တတ်မြောက်သွားသော အရာမဟုတ်ဘဲ၊ နားလည်နိုင်စွမ်း နှင့် ပါရမီတို့ လိုအပ်လှသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားလျှင်တောင်မှ တာအိုမန္တန်များကို အခြေခံအဆင့်လောက်သာ တတ်မြောက်ထားသူများ အများအပြားရှိသည်။
ထို့ပြင် မိစ္ဆာမျိုးနွယ်များ၏ မွေးရာပါ မန္တန်အများစုမှာ တိုက်ခိုက်သတ်ဖြတ်ခြင်းအတွက် ရည်ရွယ်ထားသော်လည်း၊ လူသားများ၏ တာအိုမန္တန်များမှာမူ အလွန် စုံလင်ကွဲပြားလှပြီး... အပင်များ အမြန်ကြီးထွားစေသော မန္တန်၊ မိုးခေါ်မန္တန်စသည့် တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိသော မန္တန်များလည်း များစွာ ပါဝင်နေသည်။
ထို့ကြောင့် ဝိညာဉ်သန္ဓေအဆင့်မတိုင်မီ ကာလများတွင်၊ မိစ္ဆာမျိုးနွယ်များ၏ ပျမ်းမျှ တိုက်ခိုက်ရေးစွမ်းရည်မှာ လူသားများထက် ပိုမို မြင့်မားလေ့ရှိသည်။ မဟုတ်လျှင် လူသားမျိုးနွယ်မှ ပါရမီရှင် လူငယ်များသည် အတွေ့အကြုံယူရန်အတွက် မိစ္ဆာမျိုးနွယ်များ ရှိရာသို့ သွားရောက် စမ်းသပ်ခံကြမည် မဟုတ်ပေ။
သို့သော် မိစ္ဆာမျိုးနွယ်များ၏ ဤအားသာချက်မှာ ဝိညာဉ်သန္ဓေအဆင့် အထိသာ ခံစားရလေ့ရှိသည်။
အကယ်၍ သွေးမျိုးရိုး အလွန်ကောင်းမွန်ပြီး၊ ထိုမျိုးရိုးဗီဇက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် ခန္ဓာပေါင်းစည်းခြင်းအဆင့်အထိ ရောက်အောင် ကူညီပေးနိုင်ပါက... သွေးမျိုးရိုးကိုသာ အားကိုးပြီး ဦးနှောက်မရှိသော ခန္ဓာပေါင်းစည်းခြင်းအဆင့် မိစ္ဆာဘုရင်ကြီး ချီလင်ဘုရင်ကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာတတ်သည်။
လူသားများထဲတွင် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိလာသူများမှာမူ၊ လူတစ်သောင်းတွင် တစ်ယောက်ပေါ်ရန် ခဲယဉ်းလှသော ထူးချွန်သူများသာ ဖြစ်ကြသည်။ သူတို့သည် မရေမတွက်နိုင်သော ဝိညာဉ်သန္ဓေအဆင့်များထဲမှ ရုန်းထွက်လာခဲ့ကြသူများဖြစ်ပြီး၊ ပါရမီနှင့် စိတ်နေစိတ်ထားပိုင်းတွင် အကောင်းဆုံးများချည်းသာ ဖြစ်ကြသည်။ သူတို့ ကျင့်ကြံထားသော တာအိုမန္တန်များ၏အစွမ်းမှာ မိစ္ဆာမျိုးနွယ်များ၏ ထိပ်တန်း သွေးမျိုးရိုးမှ ရရှိလာသော အစွမ်းများထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။
အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားသောအခါတွင်တော့ လုံးဝ လူသားမျိုးနွယ်များ၏ ခေတ် ဖြစ်သွားတော့သည်။ လူသားများသည် မိစ္ဆာမျိုးနွယ်များကို လုံးဝ ဖိနှိပ်ထားနိုင်ပြီး၊ လက်ရှိ ကျိုကျိုးတွင် ရှိနေသော အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ၅ ဦးစလုံးမှာ လူသားများချည်းသာ ဖြစ်ပြီး မိစ္ဆာမျိုးနွယ်တစ်ဦးမျှ မပါဝင်ပေ။
သို့သော် ယခုပြိုင်ပွဲ၏ အမြင့်ဆုံး ကန့်သတ်ချက်မှာ 'ဝိညာဉ်သန္ဓေအဆင့်' သာ ဖြစ်သဖြင့်၊ မိစ္ဆာမျိုးနွယ်များ ပါဝင်ယှဉ်ပြိုင်ခြင်းက သူတို့အတွက် ကြီးမားသော အားသာချက်တစ်ခုဖြစ်စေသည်။
မိစ္ဆာလူငယ် ဟူကု (ကျားအရိုး) သည် ရက်စက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ သူ၏ မျက်စိရှေ့ရှိ ပိန်လှီအားနည်းနေသော လူသားကို သူ အနည်းငယ်မျှပင် အထင်မကြီးပေ။ ကျားမျိုးနွယ်စုသည် ချုံချီဘုရင်၏ အဆက်အနွယ်များဖြစ်ပြီး၊ ခွန်အားကိုသာ ပဓာနထားသော မိစ္ဆာလောကတွင် အလွန် မြင့်မားသော အဆင့်အတန်း ရှိကြသည်။ သူသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျားမျိုးနွယ်စုဝင်များထဲတွင် အထူးချွန်ဆုံးဖြစ်ရာ၊ ဤပြိုင်ပွဲတွင် ပထမဆုကိုရယူရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။
'ဟူကု' ဟူသော အမည်ကပင် သူ၏ ထူးချွန်မှုကို သက်သေပြနေသည်။ အရိုး၊ အရေခွံ၊ သွေး၊ အသား စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့် အမည်ပေးခံရခြင်းမှာ အလွန်သန်မာလာသောအခါမှသာ မျိုးနွယ်စု၏ အသိအမှတ်ပြုမှုဖြင့် ရရှိနိုင်သော ဂုဏ်ပုဒ်တစ်ခုဖြစ်ပြီး၊ ၎င်းမှာ ချုံချီမျိုးနွယ်စု၏ ရိုးရာဓလေ့ဖြစ်ကာ ကျားမျိုးနွယ်စုကလည်း ထိုအတိုင်း လိုက်နာကျင့်သုံးကြသည်။
ယွမ်ဖန်မှာမူ မိစ္ဆာမျိုးနွယ်များ၏ အစွမ်းထက်ပုံကို သိရှိထားပုံရပြီး သိသိသာသာပင် တုန်လှုပ်နေသည်။
"ပြိုင်ပွဲဝင် ဟူကု က အရင်ဆုံး စတင် တိုက်ခိုက်လိုက်ပါပြီ! သူက ဝိညာဉ်လက်နက်ကို အသုံးမပြုဘဲ၊ သူရဲ့ သန်မာတဲ့ ခန္ဓာကိုယ် အင်အားသက်သက်နဲ့တင် အနိုင်ယူဖို့ ရည်ရွယ်ထားပုံ ရပါတယ်။"
ဟူကုသည် ဝိညာဉ်လက်နက်များကို လုံးဝ အထင်မကြီးပေ။ မိမိ၏ ခန္ဓာကိုယ်က လုံလောက်အောင် သန်မာနေပြီဖြစ်ရာ ပြင်ပလက်နက်များကို အားကိုးစရာမလိုဟု သူ ယူဆထားသည်။
"ပြိုင်ပွဲဝင် ယွမ်ဖန်က ကြေးပြားကြီး ၉ ပြားကို ထုတ်ယူလိုက်ပါတယ်။ ကြေးပြားတွေနဲ့ ကာကွယ်ရေး အစီအရင်တစ်ခု ဖန်တီးဖို့ ကြိုးစားနေပုံ ရပါတယ်!"
"ဒါပေမဲ့ ပြိုင်ပွဲဝင် ဟူကု ရဲ့ တိုက်ခိုက်လာတဲ့ ပုံစံကြောင့် သူ အတော်လေး လန့်သွားပုံရပါတယ်။ အရမ်း တုန်လှုပ်နေပြီး ကာကွယ်ရေးအစီအရင်ကို အချိန်မီ မဖန်တီးနိုင်သေးပါဘူး။ ဒီအတိုင်းဆို သူ ရှုံးသွားတော့မလား?!"
"ပြိုင်ပွဲဝင် ဟူကုက ပိုပိုပြီး နီးကပ်လာပါပြီ... ယွမ်ဖန်က အခုထိ အသင့်မဖြစ်သေးပါဘူး! သူ တကယ်ပဲ ရှုံးသွားတော့မှာလား?!" ထျန်းမင့် တာအိုအရှင်၏ အသံမှာ ရုတ်တရက် မြင့်တက်သွားသည်။
"အို ဘုရားသခင်! မိတ်ဆွေတို့ ကြည့်လိုက်ကြပါဦး! ကြေးပြား ၉ ပြားက အလိုအလျောက် နေရာယူပြီး ကာကွယ်ရေးအစီအရင်ကို ဖန်တီးသွားပါတယ်။ ပြိုင်ပွဲဝင် ဟူကုက အရှိန်မသတ်နိုင်ဘဲ ဝင်တိုက်မိသွားပြီး အဝေးကို လွင့်စင်သွားပါပြီ!"
ဟူကုသည် ခေါင်းများ မူးဝေသွားပြီး ယိမ်းယိုင်သွားသည်။ ကြေးပြား ၉ ပြားက အလိုအလျောက် လှုပ်ရှားနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သို့သော် ၎င်းမှာ မတော်တဆမှု တစ်ခုသာဖြစ်မည်ဟု သူ ယူဆလိုက်သည်။ သူသာ ကြိုတင် ပြင်ဆင်ထားမည်ဆိုပါက ဤကဲ့သို့သော အဆင့်နိမ့် ကာကွယ်ရေးလောက်က ဘာမှအရေးမပါပေ။
သူသည် လက်သည်းများကိုထုတ်ကာ လေကို ခွင်းလျက် ယွမ်ဖန်ဆီသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။
ယွမ်ဖန်သည် ကြေးပြား ၉ ပြား၏ အလိုအလျောက် ကာကွယ်ပေးမှုကြောင့် အားတက်သွားပြီး၊ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ကြေးပြားများကို ကြေးဒိုင်းကာအဖြစ် ပြောင်းလဲလိုက်ပြီး၊ ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ ဟူကု၏ လက်သည်းချက်ကို ရှောင်တိမ်းလိုက်သည်။
ဟူကု၏အမြီးမှာ ကြာပွတ်တစ်ချောင်းအလား လေထဲတွင် ဝှေ့ယမ်းလာပြီး၊ သူ၏ အနောက်ဘက်သို့ ရောက်နေသော ယွမ်ဖန်ကို ရိုက်ချလိုက်သည်။
ယွမ်ဖန်၏လှုပ်ရှားမှုများမှာ ပိုမို ချောမွေ့လာပြီး၊ ကြေးပြားများကလည်း သူ၏ စိတ်ဆန္ဒအတိုင်း တစ်တန်းတည်း စီတန်းသွားကာ ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ယွမ်ဖန်သည် လက်ကောက်ဝတ်ကို အားပြုကာ ဓားဖြင့် ဟူကု၏အမြီးကို ကာကွယ်လိုက်သည်။
ဟူကု၏အမြီးက ဓားကို ရစ်ပတ်ကာ လက်နက်ကိုလုယူရန် ကြိုးစားသော်လည်း၊ ဓားမှာ ချက်ချင်းပင် ကြေးပြားများအဖြစ် ပြန်လည် ပြိုကွဲသွားပြီး အမြီး၏ ရစ်ပတ်မှုမှ လွတ်မြောက်သွားပြန်သည်။
"အခုဆိုရင် နှစ်ဖက်စလုံး အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာကို တွေ့ရပါတယ်။ ပြိုင်ပွဲဝင် ဟူကုရဲ့ တိုက်ကွက်တွေက အရမ်းပြင်းထန်ပေမဲ့... ယွမ်ဖန်ရဲ့ အမြဲတမ်း ပြောင်းလဲနေတဲ့ ကြေးပြားတွေရဲ့ ကာကွယ်မှုကိုတော့ မဖောက်ထွင်းနိုင်သေးပါဘူး။ ပြိုင်ပွဲဝင် ယွမ်ဖန်က သူ့ရဲ့ အားသာချက်ကို အသုံးချပြီး အားနည်းချက်ကို ဖုံးကွယ်ထားပါတယ်။ ဟူကုနဲ့ ခွန်အားချင်း တိုက်ရိုက်မယှဉ်ဘဲ၊ ပါးနပ်တဲ့ နည်းလမ်းတွေကို သုံးသွားတာ တကယ်ကို ချီးကျူးစရာပါပဲ။"
"ဒီကြေးပြားတွေအကြောင်း ပြောရရင်... စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ် ရှိပါတယ်။" တိုက်ပွဲမှာ အခြေအနေ ငြိမ်နေသဖြင့်၊ ထျန်းမင့် တာအိုအရှင်က အခြားအကြောင်းအရာတစ်ခုကို စတင် ပြောပြလိုက်သည်။
"ဟွာယွမ်ဂိုဏ်းဆိုတာ လူသားဧကရာဇ်ကျန်း ပထမဆုံး ဝင်ရောက်ခဲ့တဲ့ ဂိုဏ်းပါ။ ဒါပေမဲ့ တပည့်အနေနဲ့ ဝင်ခဲ့တာ မဟုတ်ဘဲ စာရင်းကိုင်အနေနဲ့ ဝင်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက လူသားဧကရာဇ်ကျန်း ပထမဆုံးရခဲ့တဲ့ ဝိညာဉ်လက်နက်ကလည်း ဒီလို ကြေးပြားကြီးတွေပါပဲ။ အနိမ့်ဆုံးအဆင့် ဝိညာဉ်လက်နက်တွေပေါ့။ သာမန် ဝိညာဉ်လက်နက်လေးတစ်ခုကို... လူသားဧကရာဇ်ကျန်းက အစွမ်းကုန် အသုံးချပြခဲ့တယ်။ အဲ့ဒီတုန်းက ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ပဲ ရှိသေးတဲ့ လူသားဧကရာဇ်ကျန်းကို... ဒီကြေးပြားတွေကြောင့် နှောင်းပိုင်းအဆင့်တွေတောင် ဘာမှ လုပ်လို့မရခဲ့ဘူးတဲ့။"
"အဲ့ဒီအချိန်ကစပြီး ဟွာယွမ်ဂိုဏ်းမှာ ကြေးပြားတွေကို လက်နက်အဖြစ် အသုံးပြုတဲ့ အလေ့အထ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ သူတို့က လူသားဧကရာဇ်ကျန်းလောက် ဉာဏ်မပြေးတော့... ကြေးပြားတွေက သူတို့လက်ထဲမှာ သာမန် ဝိညာဉ်လက်နက်တွေအဖြစ်ပဲ ရှိနေခဲ့တယ်။"
"အခု ကြည့်ရတာတော့... ကြေးပြားတွေက အသိဉာဏ်ပွင့်လာပြီး ယွမ်ဖန်နဲ့ စိတ်ချင်းဆက်သွယ်မိသွားတော့၊ လူသားဧကရာဇ်ကျန်း အသုံးပြုခဲ့တုန်းက အစွမ်းထက်တဲ့ ပုံစံမျိုးကို နည်းနည်းပါးပါး ပြန်မြင်လာရသလိုပဲ။"
ကျန်းလီက ခေါင်းညိတ် ထောက်ခံလိုက်သည်။ ယွမ်ဖန်၏ပါရမီမှာ သာမန်သာဖြစ်ပြီး၊ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ပုံမှန် အခြေခံတည်ဆောက်ခြင်းအဆင့် များထက် အနည်းငယ်သာ ပိုကောင်းသည်။ ဟူကုကဲ့သို့သော မိစ္ဆာမျိုးနွယ်များနှင့် ယှဉ်နိုင်မည့် အနေအထား လုံးဝ မရှိပေ။
သို့သော် သူနှင့် ကြေးပြား ၉ ပြားကြားရှိ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန် အချိတ်အဆက် မိလှသည်။ တိုက်ခိုက်မှုနှင့် ကာကွယ်မှုများ ပြောင်းလဲရာတွင် ရေစီးကြောင်းတစ်ခုအလား အလွန် ချောမွေ့နေပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိပေ။ ယွမ်ဖန်၏အတွေးများက မမီလိုက်ဘဲ တုံ့ပြန်မှု နှေးသွားလျှင်တောင်မှ၊ ကြေးပြားများက အလိုအလျောက် ဝင်ရောက် ကာကွယ် တိုက်ခိုက်ပေးကြသည်။
ဟူကု၏ ပြင်းထန်သော ခွန်အားများမှာ လေထဲသို့သာ ထိုးနှက်နေရသကဲ့သို့ ဖြစ်နေပြီး၊ အလွန် ဒေါသထွက်ကာ အဆက်မပြတ် ဟိန်းဟောက်နေသော်လည်း နောက်ဆုံးတွင် အားအင်ကုန်ခမ်းသွားပြီး ယွမ်ဖန်ကို အရှုံးပေးလိုက်ရတော့သည်။
နောက်ဆုံးတွင် ယွမ်ဖန်သည် ဉာဏ်ပညာကို အသုံးပြု၍ ခွန်အားကို အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။
"တော်တော်လေး အားကောင်းတဲ့ ကျားပေါက်လေးပဲ... နှမြောစရာက ခေါင်းမာလွန်းနေတာပဲ။" ဖုန်လိုင်နတ်ကျွန်းမှ မော့ရို့ယွီက ပြုံးစစဖြင့် မှတ်ချက်ပေးလိုက်သည်။
ပိုင်ရွှယ်လင်က သက်ပြင်းချလိုက်သည် - "မိစ္ဆာမျိုးနွယ်တွေက သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အရမ်း ဂုဏ်ယူကြတယ်။ ဝိညာဉ်လက်နက်တွေ သုံးတာက သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ထင်နေကြတာ။ ကျွန်မက ဝိညာဉ်လက်နက်တွေ အသုံးပြုဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ အမြဲတမ်း ကျရှုံးခဲ့ရတယ်။"
ပိုင်ရွှယ်လင်သည် ပိုင်ဇီ ဧကရီအဖြစ် တရားဝင် အာဏာရယူပြီးနောက်၊ ပုန်ကန်နေသော ဘုရင်များကို နှိမ်နင်းကာ ဘုရင်များ၏ ပုန်ကန်မှုကို သမိုင်းထဲတွင် ချန်ထားခဲ့သည်။ ထို့နောက် သူမသည် မိစ္ဆာမျိုးနွယ်များ၏ အလုံးစုံစွမ်းအားကို မြှင့်တင်ရေးကို အဓိကထား၍ ဆောင်ရွက်ခဲ့သည်။
မိစ္ဆာမျိုးနွယ်များ၏ စွမ်းအားမှာ သွေးမျိုးရိုးမှ လာခြင်းဖြစ်ပြီး၊ ဤပြဿနာကို ဖြေရှင်းရန်မှာ မဖြစ်နိုင်ပေ။ ပိုင်ရွှယ်လင်အနေဖြင့် သန့်စင်သော သွေးသားရှိသည့် နတ်သားရဲများကို မျိုးအောင်လွန်းသော မြင်းမကြီးများအဖြစ် သတ်မှတ်ကာ နေရာအနှံ့ သွားရောက် မျိုးအောင်ခိုင်းရန် မဖြစ်နိုင်ပေ။
သို့သော် ဦးနှောက်မရှိသော အမတ်တစ်ဦးက ပိုင်ရွှယ်လင်ကိုယ်တိုင် နိုင်ငံတစ်ဝန်း လှည့်လည်ကာ အမျိုးသားများစွာနှင့် အိပ်စက်ပြီး၊ မိစ္ဆာမျိုးနွယ်များအတွက် 'ပိုင်ဇီ' သွေးပါသော မျိုးဆက်သစ်များစွာ မွေးထုတ်ပေးရန် အကြံပြုခဲ့ဖူးသည်။
ထိုအမတ်ကို သူမက ချက်ချင်း ခေါင်းဖြတ်သတ်ပစ်လုနီးပါး ဒေါသထွက်ခဲ့ရသည်။ နိုင်ငံတော်ရဲ့ မိခင်ဆိုတဲ့ စကားကို အဲ့ဒီလို အဓိပ္ပာယ် ဖွင့်ဆိုရသလား?
ပိုင်ရွှယ်လင်သည် နဂါးနန်းတော်တွင် ဝိညာဉ်လက်နက် အများအပြားရှိနေသည်ကို သိသဖြင့်၊ နဂါးနန်းတော်နှင့် ပူးပေါင်းကာ ဝိညာဉ်လက်နက်များကို ဝယ်ယူပြီး မိစ္ဆာမျိုးနွယ်များကို အသုံးပြုစေခဲ့သည်။ သို့သော် ခေတ်နောက်ကျနေသော မိစ္ဆာမျိုးနွယ်များက ပိုင်ရွှယ်လင်၏ ရည်ရွယ်ချက်ကို နားမလည်ကြဘဲ အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည်။ ထို့ကြောင့် ပိုင်ရွှယ်လင်အနေဖြင့် သူမတွင် အာဏာရှိသော်လည်း အပြည့်အဝ အသုံးမချနိုင်ဘဲ အလွန် စိတ်ပျက်နေခဲ့ရသည်။
ယခုပြိုင်ပွဲက တစ်ယူသန်နေသော မိစ္ဆာမျိုးနွယ်အချို့ကို အသိတရား ရသွားစေမည်ဟု သူမ မျှော်လင့်မိသည်။
"ပိုင်ဇီဧကရီအနေနဲ့သာ သဘောတူမယ်ဆိုရင်... ကျွန်တော်တို့ ကွန်ဖြူးရှပ်ဂိုဏ်းက ပိုင်ဇီအင်ပါယာထဲ ဝင်ပြီး၊ မိစ္ဆာမျိုးနွယ်တွေကို ဝိညာဉ်လက်နက် သုံးလာအောင် ဖျောင်းဖျပေးလို့ ရပါတယ်။" ကွန်ဖြူးရှပ်ဂိုဏ်း၏ ဂိုဏ်းချုပ် တုန်းကျုံးရန်က ဝင်ရောက် ကမ်းလှမ်းလိုက်သည်။
မိစ္ဆာမျိုးနွယ်များမှာ အလွန်ရိုင်းစိုင်းကြမ်းတမ်းပြီး အသိဉာဏ်နည်းပါးလှသည်။ ကွန်ဖြူးရှပ်ဂိုဏ်း၏ တပည့်များက နှုတ်ခမ်းမှ ပန်းပွင့်များ ထွက်ကျလာသည်အထိ မည်မျှပင် ပြောဆိုဖျောင်းဖျစေကာမူ၊ မိစ္ဆာမျိုးနွယ်များ၏ ပါးစပ်ကြီးဟကာ လူသားစားချင်သော အပြုအမူကို မတားဆီးနိုင်ခဲ့ကြပေ။ ထို့ကြောင့် ကွန်ဖြူးရှပ်ဂိုဏ်းမှာ ပိုင်ဇီအင်ပါယာတွင် ခြေကုပ်ယူရန် အလွန်ခက်ခဲနေခဲ့သည်။
အကယ်၍ ပိုင်ရွှယ်လင်သာ ကူညီပေးမည်ဆိုပါက... ကွန်ဖြူးရှပ်ဂိုဏ်းသည် ပိုင်ဇီအင်ပါယာတွင် ခြေကုပ်ယူနိုင်မည့် အခွင့်အရေး ရရှိသွားမည် ဖြစ်သည်။
"... ဒီကိစ္စကို နောက်မှ သေချာဆွေးနွေးကြတာပေါ့။" အမှန်အတိုင်းပြောရလျှင် ပိုင်ရွှယ်လင် အနည်းငယ် စိတ်ဝင်စားသွားသော်လည်း၊ ချက်ချင်း သဘောမတူသေးဘဲ အကျိုးအမြတ်များကို သေချာချိန်ဆရန် လိုအပ်နေသေးသည်။ ကွန်ဖြူးရှပ်ဂိုဏ်း ဝင်လာခြင်းက မိစ္ဆာမျိုးနွယ်များကို ယဉ်ကျေးလာစေမည် မှန်သော်လည်း၊ မိစ္ဆာမျိုးနွယ်များ၏ ကြမ်းတမ်းသော သွေးများကိုပါ ပျောက်ကွယ်သွားစေနိုင်သည်။
ကြမ်းတမ်းသော သွေးများ ပျောက်ကွယ်သွားသော မိစ္ဆာမျိုးနွယ်များမှာ သွားမရှိသော ကျားတစ်ကောင်အလား သူတစ်ပါးကိုပင် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။ ထိုသို့ဆိုလျှင် ရရှိမည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများသွားမည်ဖြစ်သည်။
"ပြိုင်ပွဲဝင် ဟူကုက သီသီလေးနဲ့ ရှုံးနိမ့်သွားပါတယ်။" ထျန်းမင့် တာအိုအရှင် က အလွန် နှမြောတသသော လေသံဖြင့် ပြောလိုက်သည် - "တကယ်လို့ ပြိုင်ပွဲဝင် ဟူကုမှာသာ သူနဲ့ ကိုက်ညီတဲ့ ဝိညာဉ်လက်နက်တစ်ခု ရှိနေခဲ့မယ်ဆိုရင်... ရလဒ်က အခုလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။"
ဟူကုသည် စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ အမွေးစုတ်ဖွား ကျားနားရွက်လေးများ အနည်းငယ် လှုပ်ရှားသွားပြီး၊ မျက်လုံးများအတွင်းတွင် အလင်းရောင် တစ်ချက် လက်သွားသည်။
***