← Chapters

အခန်း (၁၅၈-၁၆၁)

Vol. 10 Ch. 158-161

အခန်း (၁၅၈-၁၆၁)

Vol. 10 Ch. 158-161

အခန်း ၁၅၈ ။ အသိဉာဏ် ပွင့်လာသော ရုပ်သေးရုပ်

ပထမဆုံး ပွဲစဉ် ပြီးဆုံးသွားခဲ့သည်။ ယွမ်ဖန်သည် ဝိညာဉ်လက်နက်ကို အသုံးပြု၍ ဟူကုကို အနိုင်ယူသွားခြင်းက အသိဉာဏ်ရှိသော ဝိညာဉ်လက်နက်များ၏ အားသာချက်ကို အပြည့်အဝ ပြသလိုက်ခြင်းပင် ဖြစ်သည်။ ဤမြင်ကွင်းက ရှေးရိုးစွဲ အမြင်ရှိသူများကို ဝိညာဉ်လက်နက်သစ်များ အသုံးပြုသင့်၊ မသင့် ပြန်လည်စဉ်းစားလာစေသည်။

နောက်ပိုင်း ပွဲစဉ်များမှာလည်း ယွမ်ဖန် ၏ ပွဲစဉ်နှင့် ခပ်ဆင်ဆင်ပင် ဖြစ်သည်။ ဝိညာဉ်လက်နက်နှင့် ပူးပေါင်းမှု ပိုကောင်းသူက ပိုမို အစွမ်းထက်ကြသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ဝိညာဉ်လက်နက်နှင့် ရင်းနှီးမှုရှိသော အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်က၊ ဝိညာဉ်လက်နက်နှင့် ရင်းနှီးမှု မရှိသော အခြေခံတည်ဆောက်ခြင်း အနှောင်းပိုင်းအဆင့်ကို အလွယ်တကူ အနိုင်ယူသွားသည်ကိုပင် တွေ့ရသည်။

ကျီကျစ်သည် ကျေနပ်စွာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အလွန် ကောင်းမွန်သော အစပြုမှုတစ်ခု ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ပွဲစဉ်များ အားလုံး ပြီးဆုံးသွားရာ၊ ပြိုင်ပွဲဝင် ထက်ဝက်ခန့် ပြုတ်သွားခဲ့သည်။ ထို့နောက် ရွှေအမြုတေအဆင့်ပွဲစဉ်များ စတင်ခဲ့သည်။

"နောက်ထပ် ပွဲစဉ်ကတော့... မဟာကျိုးအင်ပါယာ ဝေ့မိသားစု (Wei Family) က တပည့်နဲ့ ထျန်းယွမ်အင်ပါယာက လုပန်းဂိုဏ်းရဲ့ တပည့်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။"

ထျန်းမင့် တာအိုအရှင်က ဆက်လက် ရှင်းပြနေသည် - "ကျွန်တော်တို့ မြင်တွေ့နေရတဲ့ အတိုင်းပါပဲ... ဝေ့မိသားစုက တပည့်က လှံရှည်တစ်လက်ကို ထုတ်ယူလာပြီး၊ မြေကြီးကို သေချာသန့်ရှင်းရေးလုပ်ကာ လှံရှည်ကို ချထားလိုက်ပါတယ်။ အမြင်မှားတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်... ဒီ ဝေ့မိသားစု တပည့်က သူ့ရဲ့ လှံကို အရမ်းကို ဂရုတစိုက် ထိန်းသိမ်းထားပုံ ရပါတယ်။"

"... ဝေ့မိသားစုတပည့်က အမွှေးတိုင်အိုးတစ်လုံးနဲ့ အမွှေးတိုင် သုံးတိုင်ကို ထုတ်ယူလိုက်ပါတယ်။ လှံရှည်ရှေ့မှာ သုံးကြိမ်တိုင်တိုင် ဦးချပြီးနောက် အမွှေးတိုင်တွေကို အမွှေးတိုင်အိုးထဲ စိုက်လိုက်ပါတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း မြေကြီးပေါ်မှာ ဒူးထောက်လိုက်ပါတယ်။"

ဝေ့မိသားစု တပည့်သည် မြေကြီးပေါ်တွင် ဒူးထောက်နေရသည်ကို အနည်းငယ်မျှ မသင့်တော်ဟု မထင်သည့်အပြင်၊ အလွန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည် - "ဝေ့မိသားစုရဲ့ မလိမ္မာတဲ့ တပည့်က... လှံဘိုးဘိုးကြီးကို ကိုယ်ထင်ပြဖို့ ပင့်ဖိတ်ပါတယ်!"

လှံရှည်ကြီးမှာ အနည်းငယ် လှုပ်ရှားသွားပြီး၊ ဝေ့မိသားစုတပည့်၏ အပြုအမူကို အလွန်ကျေနပ်နေသည့် ပုံပေါ်သည်။

တိုက်ပွဲ မစတင်ရသေးမီမှာပင်၊ လုပန်းဂိုဏ်းမှ တပည့်မှာ တစ်ဖက်လူ၏ လုပ်ရပ်ကြောင့် အတော်လေး ကြောင်အမ်းသွားသည် - "ရောင်းရင်း... ဘာတွေ လုပ်နေတာလဲ။"

ဝေ့မိသားစုမှာ နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိသော မိသားစုကြီးတစ်ခု ဖြစ်သည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ဘိုးဘေးကြီး မရှိသော်လည်း၊ ခေတ်အဆက်ဆက်တွင် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ပညာရှင် အများအပြား ပေါ်ထွက်ခဲ့ဖူးသည်။ လက်ရှိတွင် ဝေ့မိသားစု၌ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ပညာရှင် ၄ ဦး ရှိနေသဖြင့်၊ ဝေ့မိသားစုတွင် ရှိနေသော ဝိညာဉ်လက်နက်များမှာ သေချာပေါက် အဆင့်နိမ့်မည် မဟုတ်ပေ။

ဤလှံရှည်ကြီးမှာ အဆင့်မြင့် မှော်လက်နက်တစ်ခုဖြစ်ပြီး၊ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အထိ အသုံးပြုနိုင်စွမ်း ရှိသည်။

သေချာသည်မှာ ပြိုင်ပွဲ၏စည်းမျဉ်းအရ ဤလှံရှည်ကြီးသည် ၎င်း၏ အစွမ်းအပြည့်ကို ထုတ်သုံးခွင့်မရှိဘဲ၊ ရွှေအမြုတေအဆင့်၏ အစွမ်းလောက်ကိုသာ ထုတ်သုံးခွင့်ရှိမည်ဖြစ်သည်။

ဝေ့မိသားစု တပည့်က ရှင်းပြလိုက်သည် - "ရောင်းရင်း မသိလို့ပါ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လှံဘိုးဘိုးကြီးဟာ ကျွန်တော့် အဘိုးရဲ့ လက်နက် ဖြစ်ခဲ့ပါတယ်။ သူ အသိဉာဏ် ပွင့်လာပြီးတဲ့နောက်မှာ... ကျွန်တော်တို့ ဝေ့မိသားစုနဲ့ လူကြီးလူကောင်း သဘောတူညီချက်တစ်ခု လုပ်ခဲ့ပါတယ်။ တကယ်လို့ ကျွန်တော့် အဘိုး သေဆုံးသွားရင်၊ သူက ဝေ့မိသားစုထဲက သင့်တော်တဲ့ မျိုးဆက်ကို ကိုယ်တိုင်ရွေးချယ်ပြီး အမွေဆက်ခံခွင့်ပေးမယ်၊ ဝေ့မိသားစုကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကတိပေးခဲ့ပါတယ်။ အဲ့ဒီအစား ဝေ့မိသားစုကလည်း လှံဘိုးဘိုးကြီးကို ရိုရိုသေသေ ဆက်ဆံပြီး သေချာပြုစုထိန်းသိမ်းပေးရမှာပါ။"

ဝေ့မိသားစု တပည့်က ဂုဏ်ယူစွာဖြင့် ဆက်ပြောသည် - "လှံဘိုးဘိုးကြီးက ကျွန်တော်တို့ ဝေ့မိသားစုရဲ့ ကိုယ်ပိုင် သီးသန့်ဝိညာဉ်လက်နက်ပါပဲ။"

လုပန်းဂိုဏ်း တပည့်သည် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။ ဝိညာဉ်လက်နက်ကို ဘိုးဘေးတစ်ယောက်လို ကိုးကွယ်နေသည့် ဝေ့မိသားစု၏ အတွေးအခေါ်ကို နားမလည်နိုင်သော်လည်း၊ အနည်းဆုံးထားရှိရမည့် လေးစားမှုတော့ရှိရမည် မဟုတ်လား။

"လုပန်းဂိုဏ်းတပည့်ကလည်း သူ့ရဲ့ ဝိညာဉ်လက်နက်ကို ထုတ်ယူလိုက်ပြီဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ အင်း... အဲ့ဒါက ရုပ်သေးရုပ်တစ်ရုပ်ပါပဲ။ လုပန်းဂိုဏ်းရဲ့ ရုပ်သေးရုပ်ဖန်တီးတဲ့ ပညာရပ်က လောကမှာ ပြိုင်ဘက်ကင်းတယ်လို့ ဆိုကြတယ်။ အစစ်နဲ့ အတု ခွဲမရအောင် ဖန်တီးနိုင်ပြီး၊ နတ်ဘုရားအာရုံနဲ့ စစ်ဆေးရင်တောင် အတုမှန်း သိနိုင်ဖို့ မလွယ်ဘူးတဲ့။"

ထိုရုပ်သေးရုပ်မှာ အလွန် သေသပ်လှပသော မိန်းကလေးတစ်ဦး၏ ပုံစံဖြစ်သည်။ ဆံပင်အမည်း၊ ဂါဝန်အမည်း ဝတ်ဆင်ထားပြီး မျက်နှာသွယ်သွယ်လေးနှင့် အေးစက်စက် အမူအရာ ရှိသည်။ အပြင်ပန်းကို ကြည့်ရုံဖြင့် ဤအမျိုးသမီးမှာ အေးစက်သော ရေခဲတုံးလေးတစ်ခုဖြစ်မည်ဟု မည်သူမဆို ထင်မှတ်သွားမည် ဖြစ်သည်။

"မိန်းမ... ငါတို့ အတူတူ တိုက်ကြစို့!" လုပန်းဂိုဏ်း တပည့်က ရုပ်သေးရုပ်ကို အားပေးစကား ပြောလိုက်သည်။

ရေခဲတုံးလေးနှင့်တူသော ရုပ်သေးရုပ်က ခေါင်းညိတ်ပြလိုက်ရာ၊ လုပန်းဂိုဏ်း တပည့်၏ စကားကို နားလည်နေကြောင်း သိသာလှသည်။

ဒီတစ်ခါတော့ ဝေ့မိသားစု တပည့်ဘက်က နားမလည်နိုင် ဖြစ်သွားရပြန်သည် - " ရောင်းရင်း... ဒါက ရောင်းရင်းရဲ့ ဇနီးလား။"

လုပန်းဂိုဏ်း တပည့်က ဂုဏ်ယူစွာဖြင့် ပြန်ဖြေသည် - "ဒါပေါ့... လွန်ခဲ့တဲ့ ၄ နှစ်က ကျွန်တော့် ဇနီးလေး အသိဉာဏ် ပွင့်လာကတည်းက၊ ကျွန်တော်တို့က အမြဲတမ်း အတူတူနေထိုင်ပြီး အတူတူ တိုက်ခိုက်ခဲ့ကြတာ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ သံယောဇဉ်က အရမ်းကို နက်ရှိုင်းပြီး တစ်ယောက်နဲ့ တစ်ယောက် ခွဲမရအောင် ဖြစ်နေပြီလေ။ လူကြီးတွေရဲ့ ခွင့်ပြုချက်ကိုလည်း ရပြီးပြီမို့... မင်္ဂလာဆောင်ပြီး မင်္ဂလာဦးညကိုတောင် ဖြတ်သန်းပြီးပြီ။ ဟုတ်တယ်မလား မိန်းမ။"

ရေခဲတုံးလေး ရုပ်သေးရုပ်၏ ပါးပြင်လေးများ ရဲတက်လာပြီး အနည်းငယ် ရှက်သွေးဖြာသွားသည်။

ဝေ့မိသားစု တပည့်ကလည်း လက်အုပ်ချီကာ အရိုအသေ ပေးလိုက်သည်။ ရုပ်သေးရုပ်ကို ဇနီးအဖြစ် သတ်မှတ်ထားသည့် လုပန်းဂိုဏ်း တပည့်၏ အတွေးအခေါ်ကို နားမလည်နိုင်သော်လည်း၊ အနည်းဆုံးထားရှိရမည့် လေးစားမှုတော့ရှိရမည် မဟုတ်လား။

"..." ထျန်းမင့် တာအိုအရှင်မှာ အချိန်အတော်ကြာသည်အထိ ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။

စင်မြင့်ပေါ်မှ လူတိုင်းက လုပန်းဂိုဏ်း ဂိုဏ်းချုပ်ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

လုပန်းဂိုဏ်း ဂိုဏ်းချုပ်က ရှင်းပြသည် - "ခင်ဗျားတို့လည်း သိကြတဲ့အတိုင်း... ကျွန်တော်တို့ လုပန်းဂိုဏ်းက ထျန်းယွမ်အင်ပါယာက လာတာလေ။ အဲ့ဒီမှာက နေရာတိုင်းမှာ ပရိယာယ်တွေ၊ အကောက်ကြံမှုတွေနဲ့ ပြည့်နှက်နေတာ။ ကိုယ့်မိဘ၊ ကိုယ့်ဇနီးကိုတောင် အပြည့်အဝ ယုံကြည်လို့ မရဘူး။ တိုက်ဆိုင်စွာနဲ့ပဲ ယင်ယန်ကောင်းကင်တံဆိပ်က ဝိညာဉ်လက်နက်တွေကို အသိဉာဏ် ပေးအပ်လိုက်တဲ့ အချိန်မှာ၊ ကျွန်တော်တို့ရဲ့ ရုပ်သေးရုပ်တွေလည်း အသိဉာဏ် ပွင့်လာခဲ့ကြတယ်။"

"ကျွန်တော်တို့ရဲ့ ရုပ်သေးရုပ်တွေကို ငယ်ငယ်လေးကတည်းက သေချာ ပြုစုပျိုးထောင်လာခဲ့တာဆိုတော့ သူတို့အပေါ် သံယောဇဉ် အများကြီး ရှိပါတယ်။ အသိဉာဏ်ပွင့်လာတော့ ပိုပြီးတော့တောင် ရင်းနှီးသွားသလို ခံစားရတယ်။ အဲ့ဒီတော့... သစ္စာဖောက်ခံရမှာကို စိုးရိမ်နေမယ့်အစား၊ သူတို့နဲ့ တိုက်ရိုက် လက်ထပ်လိုက်ရင် ပိုကောင်းမယ်လို့ တစ်ယောက်က အကြံပြုလာတယ်။ အဲ့ဒီအကြံပြုချက်ကို အားလုံးက သဘောတူလိုက်ကြတော့၊ ကျွန်တော်တို့ တပည့်တွေ အားလုံးက ကိုယ့်ရုပ်သေးရုပ်တွေနဲ့ ကိုယ် အိမ်ထောင်ကျကုန်ကြတာပဲ။ တချို့ဆို ရုပ်သေးရုပ်တွေ အများကြီးနဲ့ လက်ထပ်ပြီး မိန်းမ အများကြီးတောင် ယူထားကြသေးတယ်။"

"ဒီလိုမျိုးကလည်း တော်တော်လေး ကောင်းပါတယ်။ ကိုယ့်မိန်းမကို ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် စိတ်ကြိုက် ပြောင်းလဲဖန်တီးလို့ ရတယ်လေ။ အသက်ကြီးတဲ့ပုံစံမျိုး သဘောကျရင် ဆံပင်ပုံစံ ပြောင်းလိုက်မယ်၊ မျက်လုံးကို ပိုပြီး ဆွဲဆောင်မှု ရှိအောင် ပြင်လိုက်မယ်။ ကလေးလေး ပုံစံမျိုး သဘောကျရင် အရပ်အမောင်းကို နည်းနည်း လျှော့လိုက်မယ်။ ယောကျ်ားဆန်ဆန် သန်မာတဲ့ ပုံစံမျိုး သဘောကျရင်တော့..."

အရှေ့ပင်လယ် နဂါးမင်းကြီး စိတ်ဝင်စားသွားသည် - "ခင်ဗျားတို့ဆီမှာ အပို ရုပ်သေးရုပ်တွေ ရှိသေးလား။ ကျွန်တော် တစ်ရုပ်လောက် ဝယ်ပြီး ရုပ်သေးပညာကို လေ့လာချင်လို့ပါ။"

"ကျွန်တော်လည်း ရုပ်သေးပညာကို နည်းနည်း စိတ်ဝင်စားတယ်။"

ထျန်းမင့် တာအိုအရှင်က ဘေးမှနေ၍ ဝင်ပြောလိုက်သည် - "ခင်ဗျားတို့ကို သတင်းတစ်ခု အခမဲ့ပေးလိုက်မယ်... သူများတွေကို 'ရုပ်သေးရုပ်နဲ့ လက်ထပ်လိုက်ပါလား' လို့ အကြံပေးခဲ့တာ အဲ့ဒီ လုပန်းဂိုဏ်း ဂိုဏ်းချုပ် ကိုယ်တိုင်ပဲ။"

လုပန်းဂိုဏ်း ဂိုဏ်းချုပ်ကတော့ လုံးဝ ဂရုမစိုက်ဘဲ ဆက်ပြောနေသည် - "ကျွန်တော်တို့ လုပန်းဂိုဏ်းမှာ အသိဉာဏ်ရှိတဲ့ ရုပ်သေးရုပ်တွေက ကိုယ့်လူတွေ သုံးဖို့တောင် မလောက်ဘူး။ မူလကတော့ တာအိုဂိုဏ်း ဂိုဏ်းချုပ် ပိုင်ဟုန်ထူကိုတွေ့ရင်... ယင်ယန်ကောင်းကင်တံဆိပ်ကို အကူအညီတောင်းပြီး နောက်ထပ် ရုပ်သေးရုပ် နည်းနည်းလောက်ကို အသိဉာဏ် ပွင့်အောင် လုပ်ခိုင်းမလို့ စဉ်းစားထားတာ။ ဒါနဲ့ ဂိုဏ်းချုပ်ပိုင်က ဘယ်ရောက်နေတာလဲ။"

ထိုအချိန်မှသာ လူတိုင်း သတိထားမိသွားကြသည်။ ထိပ်တန်းဂိုဏ်းကြီး ၆ ခုနှင့် ကိုးပြည်ထောင် အင်ပါယာများအားလုံး ကိုယ်စားလှယ်များ စေလွှတ်၍ ပြိုင်ပွဲကို လာရောက် ကြည့်ရှုကြသော်လည်း၊ တာအိုဂိုဏ်း၊ ဖာရှန်းဂိုဏ်း နှင့် ထျန်းယွမ်အင်ပါယာတို့မှ မည်သူမျှ ရောက်မလာကြကြောင်းကို သတိပြုမိသွားကြသည်။

ကျီကျစ်က တွေးကြည့်လိုက်ရာ... ဤအင်အားစုများ အားလုံးတွင် တူညီသော အချက်တစ်ခု ရှိနေကြောင်း တွေ့ရသည်။ ၎င်းမှာ ထိုအင်အားစုအားလုံးတွင် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်းများ ရှိနေခြင်းပင်...

"အာ... ကျီကျစ်... မင်း သူတို့ကို ဖိတ်ဖို့ မေ့သွားတာများလား။" ကျန်းလီက အရင်ဆုံး မေးလိုက်သည်။

ကျီကျစ် မျက်မှောင်ကြုတ်သွားသည် - "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဖိတ်စာတွေ အကုန်လုံး သေချာပေါက် ပို့ထားပြီးသားပါ။"

"ဒါဆို တော်တော် ထူးဆန်းတာပဲ... သူတို့ ဘာလို့ ရောက်မလာကြတာလဲ။" ကျန်းလီက ခေါင်းငုံ့ကာ စဉ်းစားနေဟန် ပြုလုပ်လိုက်သည်။

ကျီကျစ်၏ အတွေးလမ်းကြောင်းများ အနှောင့်အယှက်ခံလိုက်ရပြီး နောက်ဆက်တွဲ မစဉ်းစားဖြစ်တော့ပေ။

...

"ခင်ဗျားတို့ ထျန်းယွမ်အင်ပါယာက လူတွေက အရမ်းကို ရက်စက်ကြတာပဲ။ လူတွေကြားက ယုံကြည်မှုတောင် မရှိတော့လို့ လုပန်းဂိုဏ်းကို ရုပ်သေးရုပ်တွေနဲ့ လက်ထပ်ရတဲ့ အခြေအနေအထိ တွန်းပို့လိုက်ကြပြီ။" စင်မြင့်အောက်ရှိ ပြိုင်ပွဲဝင် နေရာတွင်၊ ဝိညာဉ်သန္ဓေအဆင့်ကျင့်ကြံသူ ပိုင်ဟုန်ထူက အခြား ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူ ဧကရီယွီယင်ကို ပြစ်တင် ဝေဖန်နေသည်။

"အဲ့ဒါက ငါ့အပြစ်လို့ ပြောချင်တာလား။"

ကျန့်ကျွင်း တွေးတောနေမိသည် - "ဒီခေတ်က ကျင့်ကြံသူတွေရဲ့ အတွေးအခေါ်က... ငါတို့ခေတ်က လူတွေနဲ့ တော်တော် ကွာခြားသွားပြီပဲ။"

"မဟုတ်ဘူး၊ မဟုတ်ဘူး... ခေတ်က ပြောင်းသွားတာ မဟုတ်ဘူး၊ လုပန်းဂိုဏ်းက တစ်မူထူးခြားနေတာပါ။" လီအာက အလျင်အမြန် ဝင်ရောက် ငြင်းဆိုလိုက်သည်။

ကျန့်ကျွင်းက လီအာကိုလည်း အလွန် စိတ်ဝင်စားနေသည်။ ဤသူမှာ နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခကို ဖြတ်ကျော်ခဲ့ဖူးသူ ဖြစ်ပြီး၊ နတ်ဘုရားဘုံလှေကားသာ မပျောက်ကွယ်ခဲ့ပါက သေချာပေါက် နတ်ဘုရား ဖြစ်သွားမည့်သူ ဖြစ်သည်။

"ရောင်းရင်း လီအာ... နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခကို ဖြတ်ကျော်ရတဲ့ ခံစားချက်က ဘယ်လိုနေလဲ သိပါရစေ။"

ကျန့်ကျွင်းက ဤအကြောင်းအရာကို မေးလာသဖြင့်၊ ပိုင်ဟုန်ထူနှင့် ယွီယင်တို့လည်း အချင်းချင်း မငြင်းခုံကြတော့ဘဲ စိတ်ဝင်တစား နားထောင်ရန် ပြင်လိုက်ကြသည်။

"ခက်တယ်... အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့တာ လုံးဝ ကံကောင်းသွားလို့ပါ။" လီအာက သက်ပြင်းချလိုက်သည် - "ပြီးတော့ ဒုတိယအကြိမ် နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခက ပထမအကြိမ်ထက် အများကြီး ပိုပြင်းထန်တယ်။ ကျွန်တော် သေချာပေါက် ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ တပ်မှူးလျို နဲ့ ရွှေမီတောင်က ဘုန်းကြီးအိုလိုမျိုး တကယ့် စွမ်းအားရှင်ကြီးတွေမှပဲ ကျော်ဖြတ်နိုင်မှာပါ။ လူသားဧကရာဇ်ကျန်းက ဘယ်လိုလုပ်ပြီး ၁၅ ကြိမ်တိုင်တိုင် ကျော်ဖြတ်နိုင်ခဲ့လဲဆိုတာ ကျွန်တော် တကယ် နားမလည်နိုင်ဘူး။"

ပထမအကြိမ် နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခ ဆိုသည်မှာ ကျင့်ကြံသူများအတွက် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ကျော်ဖြတ်နိုင်ပါက နတ်ဘုရားအဖြစ်သို့ ရောက်ရှိနိုင်သည်။

အကယ်၍ ကျော်ဖြတ်ပြီးနောက် နတ်ဘုရားဘုံသို့ မသွားပါက၊ ဒုတိယအကြိမ် အတိဒုက္ခ ကျရောက်လာမည် ဖြစ်သည်။ ၎င်းမှာ စမ်းသပ်မှု မဟုတ်တော့ဘဲ၊ နတ်ဘုရားဘုံသို့ အမြန်ဆုံး သွားရောက်ရန် ဖိအားပေး နှင်ထုတ်ခြင်းသက်သက်သာ ဖြစ်သည်။

တပ်မှူးလျိုသည် ထိုကဲ့သို့သော အတိဒုက္ခကို ၂ ကြိမ်တိုင်တိုင် ကျော်ဖြတ်ခဲ့ပြီး၊ ရွှေမီတောင်မှ ဘုန်းကြီးအိုက ၃ ကြိမ်တိုင်တိုင် ကျော်ဖြတ်ခဲ့ရာ၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှ ကြီးမားကြောင်းကို သိသာထင်ရှားစေသည်။

သို့သော် လီအာ နားမလည်နိုင်ဆုံးမှာ... နတ်ဘုရားဖြစ်ခြင်း အတိဒုက္ခများကြားရှိ အချိန်ကွာဟချက်မှာ အလွန် ကြာမြင့်လှပြီး၊ ဘုန်းကြီးအိုသည် အသက် ၉,၀၀၀ ကျော် နေထိုင်ခဲ့ရမှသာ ၃ ကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ လူသားဧကရာဇ်ကျန်းက မည်သို့လုပ်၍ ၁၅ ကြိမ်တိုင်တိုင် ဆွဲဆောင်နိုင်ခဲ့သလဲ ဆိုသည်ကိုပင်။

...

"ကျွန်တော့် အဘိုးရဲ့ နာမည်နဲ့ တိုင်တည်ပြီး ပြောမယ်... လှံဘိုးဘိုးကြီး၊ သွားတိုက်ချေ!"

"မိန်းမ... ငါတို့ရဲ့ အချစ်က ရွှေထက်တောင် ပိုပြီး ခိုင်မာတယ်၊ အရာအားလုံးကို ဖြတ်တောက်နိုင်တယ်!"

စစ်ပွဲ အတွေ့အကြုံများစွာရှိသော လှံရှည်ကြီးနှင့် ရုပ်သေးရုပ်တို့ အပြင်းအထန် တိုက်ခိုက်နေကြစဉ်၊ ပြိုင်ပွဲဝင် နှစ်ဦးကလည်း ဘေးမှနေ၍ အော်ဟစ် အားပေးနေကြသည်။ ရွှေအမြုတေများ အဆက်မပြတ် လည်ပတ်နေပြီး၊ ဝိညာဉ်စွမ်းအားများကလည်း ရေတံခွန်အလား စီးဆင်းနေကာ မျိုးစုံသော ဆန်းကြယ်သည့် မန္တန်များ ဆက်တိုက် ထွက်ပေါ်နေသဖြင့် ကြည့်ရှုသူများအား မျက်စိပွင့်သွားစေခဲ့သည်။

"..." ထျန်းမင့် တာအိုအရှင်မှာ အချိန်အတော်ကြာသည်အထိ ဘာစကားမှ မပြောနိုင်အောင် ဖြစ်သွားရသည်။

ပြိုင်ပွဲမစတင်မီက ထျန်းမင့် တာအိုအရှင်သည် ဤအလယ်အလတ်၊ အဆင့်နိမ့် ကျင့်ကြံသူများ၏ ပွဲစဉ်များကို ရှင်းပြရသည်မှာ အလွန် လွယ်ကူသော အလုပ်တစ်ခုဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ သူ မမြင်ဖူးသော အခြေအနေမျိုး ဘယ်ရှိနိုင်မည်နည်း။

သို့သော်... ဒီလို အခြေအနေမျိုးကိုတော့ သူ တကယ်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 159

အခန်း ၁၅၉ ။ သတိပေးချက်

ထျန်းမင့် တာအိုအရှင်ပင်လျှင် ယနေ့ မြင်တွေ့လိုက်ရသော မြင်ကွင်းများကြောင့် မျက်စိပွင့်သွားရသည်ဆိုလျှင်၊ စင်အောက်ရှိ ပရိသတ်များ မည်မျှအထိ အံ့ဩမှင်တက်နေကြမည်ကို မှန်းဆကြည့်၍ ရနိုင်ပေ။

ဒါက မျက်စိပွင့်သွားတာလောက် မကဘူး... 'နတ်မျက်စိ' ပါ ပွင့်သွားတာပဲ!

ကျင့်ကြံသူများနှင့် ဝိညာဉ်လက်နက်များကြားရှိ ဆက်ဆံရေးက ဤမျှအထိ ရှုပ်ထွေးနိုင်လိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးဖူးခဲ့ကြပေ။ တချို့က ဝိညာဉ်လက်နက်ကို ဘိုးဘေးတစ်ယောက်လို ကိုးကွယ်ထားပြီး၊ တချို့ကကျတော့ မိန်းမအဖြစ် ယူထားကြသည်။

ဆက်ဆံရေး မတူညီသည်နှင့်အမျှ တိုက်ခိုက်ရေး ပုံစံများကလည်း ကွဲပြားသွားကြသည်။

ကျင့်ကြံသူ အများစုမှာ ဝိညာဉ်လက်နက်များနှင့် ညီအစ်ကို သူငယ်ချင်းများကဲ့သို့ ဆက်ဆံကြပြီး၊ အခက်အခဲကို အတူတကွ ရင်ဆိုင်ကာ၊ အကျိုးအမြတ်ကို အတူတကွ ခံစားလေ့ရှိကြသည်။

သို့သော် စင်ပေါ်ရှိ ထိုနှစ်ယောက်မှာမူ... ဝိညာဉ်လက်နက်များနှင့် အသက်ရှင်လျှင် အတူတူ၊ သေလျှင် အတူတူ ဆိုသည့် အနေအထားမျိုး ဖြစ်နေသည်။

"မင်းက ငါ့ရဲ့ လှံဘိုးဘိုးကြီးကို ရိုက်ရဲတယ်ပေါ့လေ!"

"မင်းက ငါ့မိန်းမကို ရိုက်ရဲတယ်ပေါ့လေ!"

ဝိညာဉ်လက်နက် နှစ်ခုက အပြင်းအထန် တိုက်ခိုက်နေကြချိန်တွင်၊ ပြိုင်ပွဲဝင် နှစ်ဦးကလည်း ဒေါသတကြီးဖြင့် အင်္ကျီလက်များကို ပင့်တင်ကာ ကိုယ်တိုင် ဝင်ရောက် လုံးထွေးသတ်ပုတ်နေကြသည်။ တစ်ခဏအတွင်းမှာပင် စင်ပေါ်၌ မန္တန်အလင်းတန်းများ ပလူပျံသွားပြီး မျက်စိနောက်လောက်အောင် ဖြစ်သွားသည်။

"ဝိညာဉ်လက်နက်တွေ အရိုက်ခံရမှာ စိုးရိမ်နေရင်လည်း ပြိုင်ပွဲ ဝင်မလာနဲ့လေ... ဒီရောက်မှ လာပြီး ပြဿနာရှာနေကြတာလား။" ကျန်းလီက စကားမပြောနိုင်အောင် ဖြစ်သွားရသည်။

ဝေဖန်ချင်စရာကောင်းသော်လည်း... စင်ပေါ်ရှိ ထိုနှစ်ဦးမှာ အနည်းငယ် ရယ်စရာကောင်းနေသော်ငြား၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ အမှန်တကယ်ပင် မြင့်မားလှသည်။ သူတို့သည် သာမန် ရွှေအမြုတေအဆင့်များသာ ဖြစ်သော်လည်း၊ ဝိညာဉ်လက်နက်များနှင့် ပူးပေါင်းလိုက်သောအခါ သူတို့၏ မူလအဆင့်ထက် အများကြီး သာလွန်သော စွမ်းအားများကို ထုတ်ဖော်နိုင်ခဲ့ကြသည်။

"ဝေ့မိသားစုတပည့်က လှံကို နဂါးတစ်ကောင်အလား ဝှေ့ယမ်းလိုက်ပြီး၊ ဓားသွားအလင်းတန်းတွေက နေရာအနှံ့ ပြန့်ကျဲသွားပါတယ်။ လုပန်းဂိုဏ်းတပည့်ကလည်း အလျှော့မပေးဘဲ၊ ရုပ်သေးရုပ်နဲ့ ပူးပေါင်းပြီး ယင်ယန်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်ကာ လှံရှည်ကို တိုက်ရိုက် ရင်ဆိုင်လိုက်ပါတယ်! ဝေ့မိသားစု တပည့်က အင်အား မလုံလောက်တော့ဘဲ၊ လှံနဲ့အတူ အဝေးကို လွင့်စင်သွားပါပြီ!"

"လုပန်းဂိုဏ်း တပည့် အနိုင်ရရှိသွားပါပြီ!"

ဝေ့မိသားစု တပည့်သည် သူ၏ လှံရှည်ကြီးကို ဖက်ကာ အသံနေအသံထားဖြင့် ငိုကြွေးနေတော့သည် - "လှံဘိုးဘိုးကြီး... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကြောင့် ဘိုးဘိုးကြီး အရှက်ကွဲရပြီ။"

သူ၏ငိုကြွေးသံမှာ အလွန် သနားစရာ ကောင်းလှရာ... ကြားရသူတိုင်း ရင်နင့်သွားစေနိုင်သည်။

"မြန်မြန်... နောက်တစ်ပွဲ စခိုင်းလိုက်တော့။" ကျီကျစ်က အောက်ဘက်ရှိ အရာရှိများကို အသံလွှင့်၍ အမိန့်ပေးလိုက်သည်။

ဝေ့မိသားစု တပည့်နှင့် လုပန်းဂိုဏ်း တပည့်တို့၏ ပွဲစဉ်က လမ်းစဖောက်ပေးလိုက်သဖြင့်၊ ရွှေအမြုတေအဆင့် ပွဲစဉ်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ပွဲစဉ်များထက် အများကြီး ပိုမို စိတ်ဝင်စားစရာကောင်းလာခဲ့သည်။

ပရိသတ်များသည် ပြိုင်ပွဲဝင် အချို့က ဝိညာဉ်လက်နက်များကို မယှဉ်နိုင်ဟု ခံစားရသောအခါ၊ ထိုဝိညာဉ်လက်နက်များကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီး... ဝိညာဉ်လက်နက်များက ကျင့်ကြံသူကို ပြန်လည် အမိန့်ပေးကာ တိုက်ခိုက်ခိုင်းသည်ကိုပင် တွေ့မြင်လိုက်ရသည်။

ငွေကြေးချမ်းသာသော ပြိုင်ပွဲဝင်အချို့ကလည်း စင်ပေါ်ရောက်သည်နှင့် ဝိညာဉ်လက်နက် ဆယ်ဂဏန်းခန့်ကို တစ်ပြိုင်နက်တည်း ထုတ်ယူလာကြသည်။ ၎င်းမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းခန့် ပြိုင်တူတိုက်ခိုက်သည်နှင့် ညီမျှနေရာ၊ ပြိုင်ဘက်ဖြစ်သူမှာ ချက်ချင်းပင် ရှုံးနိမ့်သွားတော့သည်။

ဤသည်မှာ စည်းမျဉ်း၏ ဟာကွက်တစ်ခုဖြစ်သည်။ ကျီကျစ်သည် ချက်ချင်းပင် စည်းမျဉ်းအသစ်ကို သတ်မှတ်လိုက်ပြီး၊ ပြိုင်ပွဲဝင် တစ်ဦးလျှင် အသုံးပြုခွင့်ရှိသော ဝိညာဉ်လက်နက် အရေအတွက်ကို ကန့်သတ်လိုက်သည်။ ယခုပွဲစဉ်၏ အရှုံးအနိုင်ကိုတော့ အတည်ပြုပေးလိုက်သော်လည်း၊ ထိုပြိုင်ပွဲဝင်အနေဖြင့် နောက်ပွဲစဉ်များတွင် ထိုနည်းလမ်းကို ဆက်လက် အသုံးပြုခွင့် မရှိတော့ပေ။

သို့သော် စင်အောက်ရှိ ပရိသတ်များကတော့... ဤနည်းလမ်းကို တကယ့် တိုက်ပွဲများတွင် အသုံးပြုနိုင်ကြောင်း သတိပြုမိသွားကြသည်။ ရန်သူကို မထင်မှတ်ထားသော အချိန်တွင် အလစ်အငိုက် တိုက်ခိုက်နိုင်ပြီး၊ အကျိုးသက်ရောက်မှုမှာလည်း အလွန် ကောင်းမွန်မည်မှာ သေချာလှသည်။

ရွှေအမြုတေအဆင့် ပွဲစဉ်များသည်လည်း ဝိညာဉ်လက်နက်များ၏ အရေးပါပုံကို ပိုမို ထင်ရှားစေခဲ့ပြီး၊ ကျင့်ကြံသူများစွာသည် မိမိတို့နှင့် ဝိညာဉ်လက်နက်များကြားတွင် မည်သို့သော ဆက်ဆံရေးမျိုး ထားရှိသင့်သနည်းဆိုသည်ကို စတင် စဉ်းစားလာကြသည်။

"အခု ဝိညာဉ်သန္ဓေအဆင့်အုပ်စုရဲ့ ပွဲစဉ်တွေကို စတင်ပါတော့မယ်။"

ထျန်းမင့် တာအိုအရှင် က စင်ပေါ်သို့ တက်လာမည့် သူများ၏ အမည်စာရင်းကို ဖတ်ပြလိုက်သည် - "ပထမဆုံး ပွဲစဉ်ကတော့ ဝူအင်ပါယာ ခွမ်းတောက်ဂိုဏ်းက ဝမ်မုန်နဲ့ လေလွင့်ကျင့်ကြံသူ 'ပိုင်ထူ' တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။"

"ဝမ်မုန် ဆိုတဲ့ နာမည်ကို အားလုံးပဲ ကြားဖူးကြမှာပါ။ သူရဲ့ 'ခွမ်းရှား လုံရှောင်' ဓားသိုင်း နဲ့ 《သွေးဆူပွက် ကြမ်းတမ်းခြင်း ကျင့်စဉ်》ကို အားကိုးပြီး၊ ရွှေအမြုတေ အလယ်အလတ်အဆင့်မှာ ရှိစဉ်ကတည်းက ရွှေအမြုတေ အထွတ်အထိပ်အဆင့်ကို အနိုင်ယူခဲ့ဖူးသူပါ။ သူက အလွန်မာနကြီးပြီး ဓားကို အသက်တမျှ ချစ်မြတ်နိုးသူ တစ်ယောက်ပါ။ ဝိညာဉ်သန္ဓေအဆင့်ကို ရောက်ပြီးတဲ့နောက်ပိုင်း တစ်ခါမှ တိုက်ပွဲမဝင်ဖူးသေးဘူးလို့ သိရပါတယ်။ ဒီနေ့ပွဲမှာ သူက လူတိုင်းကို အံ့ဩသွားအောင် လုပ်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။"

"လေလွင့်ကျင့်ကြံသူ 'ပိုင်ထူ' ကိုတော့... ကျွန်တော် ကိုယ်တိုင်လည်း ဘာမှ မသိရသေးပါဘူး။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူက ကျွန်တော်တို့ကို ဘယ်လိုအံ့ဩစရာတွေ ပေးစွမ်းနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရအောင်ပါ။"

အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် လူကြီးမင်း ၄ ဦးစလုံးသည် ရုပ်ဖျက်ထားကြပြီး ကျင့်ကြံမှုအဆင့်များကိုလည်း ဖိနှိပ်ထားကြသဖြင့်၊ ဤနေရာတွင် ကျန်းလီမှလွဲ၍ သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို မည်သူကမျှ မသိနိုင်ကြပေ။

ပိုင်ဟုန်ထူသည် ရုပ်ဖျက်ထားသော်လည်း အလွန် ချောမောခန့်ညားနေဆဲဖြစ်ပြီး၊ ငယ်ရွယ်ချမ်းသာသော သူဌေးသားလေး တစ်ဦးနှင့် တူနေသည်။ ကြမ်းတမ်းတောင့်တင်းသော ဝမ်မုန် နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဝမ်မုန်သည် စင်အောက်ရှိ ပရိသတ်များက သူ့ကို ဤ လူရည်သန့်လေးနှင့် နှိုင်းယှဉ်နေကြသည်ကို ကြားသောအခါ အလွန် မကျေမနပ် ဖြစ်သွားသည်။

"ရောင်းရင်း... ငါကတော့ ညှာပေးမှာ မဟုတ်ဘူးနော်။ သတိထား!"

"မင်းသဘောပဲ။" ပိုင်ဟုန်ထူက ပြုံးလျက် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ဝမ်မုန်သည် 《သွေးဆူပွက် ကြမ်းတမ်းခြင်း ကျင့်စဉ်》 ကို လှည့်ပတ်လိုက်ရာ၊ သူ၏ သွေးများ ဆူပွက်လာပြီး အရေပြားများမှာလည်း အပူရှိန်ကြောင့် နီရဲလာကာ ခန္ဓာကိုယ်မှ အဖြူရောင် အငွေ့တန်းများ ထွက်ပေါ်လာသည်။ သူသည် ဧရာမသံမဏိဓားကြီးကို ကိုင်ဆောင်ထားပြီး ပြိုင်ဘက်ကင်းမည့် အသွင် ရှိနေသည်။

“ရား…."

"အားလုံးပဲ မြင်တဲ့အတိုင်းပါပဲ... ဝမ်မုန်ရဲ့ ခန္ဓာကိုယ်ကနေ အဖြူရောင်အငွေ့တွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒါက သူရဲ့သွေးထဲက ရေဓာတ်တွေကို အငွေ့ပျံအောင် လုပ်လိုက်ပြီး၊ သွေးတွေကို စေးပျစ်သွားစေကာ ဝိညာဉ်စွမ်းအားတွေကို ပိုမို လျင်မြန်စွာ သယ်ဆောင်နိုင်အောင် လုပ်ဆောင်လိုက်တာပါ။ ဒါက 《သွေးဆူပွက် ကြမ်းတမ်းခြင်း ကျင့်စဉ်》 ရဲ့ သီးသန့် သွေးလှည့်ပတ်မှု နည်းလမ်းပဲ ဖြစ်ပါတယ်။ တခြား ကျင့်ကြံသူတွေ လိုက်မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။" ထျန်းမင့် တာအိုအရှင်က မိတ်ဆွေအဖြစ် သတိပေးလိုက်သည်။

"ဝမ်မုန်ရဲ့ ဒီဓားချက်က တကယ်ကို အစွမ်းထက်ပါတယ်။ သူက အခု ဝိညာဉ်သန္ဓေ အလယ်အလတ်အဆင့်မှာ ရှိနေပေမဲ့... ဒီဓားချက်ကိုတော့ ဝိညာဉ်သန္ဓေ အထွတ်အထိပ်အဆင့်တွေတောင် ခံနိုင်ရည်ရှိဖို့ မလွယ်ပါဘူး။"

"ပုံမှန်အားဖြင့်တော့ ဝမ်မုန်က ဒီလို အစွမ်းထက်တဲ့ ဓားချက်ကို သုံးနိုင်စွမ်း မရှိပါဘူး။ သူ့ရဲ့ ဓားက အသိဉာဏ်ပွင့်နေပြီး သူ့ကို တမင်ကူညီပေးနေတယ် ဆိုရင်တောင်မှ... ဒီလောက် အစွမ်းထက်လာစရာ အကြောင်းမရှိဘူး။ ကြည့်ရတာ ဒီသံမဏိဓားကြီးမှာ တခြား လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံရတယ်။"

"ခဏလေး! အားလုံးပဲ... သံမဏိဓားကြီးပေါ်က သေးငယ်တဲ့ အမှတ်အသားလေးတွေကို သေချာ ကြည့်ကြည့်ပါ။ အဲ့ဒါက သဘောတူစာချုပ်တစ်မျိုးပဲ။" ထျန်းမင့် တာအိုအရှင်သည် သံမဏိဓားကြီး၏ ထူးခြားချက်ကို သတိပြုမိသွားသည်။ စင်အောက်ရှိ ပရိသတ်များမှာ အဆင့်မမီသဖြင့် ဤကဲ့သို့သော အသေးစိတ် အချက်အလက်များကို မမြင်နိုင်ကြရာ၊ သူက ဆက်လက် ရှင်းပြပေးလိုက်သည်။

"ဒါက 'သွေးသစ္စာ စာချုပ်' ဖြစ်ဖို့ များတယ်။ သွေးသစ္စာ စာချုပ်ချုပ်ဆိုထားတဲ့ နှစ်ဦးက အသက်ရှင်ရင် အတူတူ၊ သေရင် အတူတူ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အန္တရာယ်များပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီး မြှင့်တင်ပေးနိုင်တယ်။ အရင်ကတော့ သားရဲထိန်းကျောင်းတဲ့ နေရာတွေမှာ အသုံးများပေမဲ့... အခုတော့ ဝမ်မုန် က လမ်းကြောင်းသစ်ဖောက်ပြီး ဝိညာဉ်လက်နက်ပေါ်မှာ အသုံးပြုလိုက်တာပဲ။"

"ဝိညာဉ်သန္ဓေ အလယ်အလတ်အဆင့် တူတူပဲဖြစ်တဲ့ ပိုင်ထူအနေနဲ့ ဒါကို ဘယ်လို တုံ့ပြန်မလဲဆိုတာ ကြည့်ကြရအောင်။"

"ပိုင်ထူ စတင်လှုပ်ရှားပါပြီ! သူက ခြေလှမ်းတွေကို ယင်ယန်ပုံစံ လှမ်းပြီး၊ လက်နှစ်ဖက်ကို ပါးကွပုံစံ ကွေးထားပါတယ်။ အင်္ကျီစတွေက လှုပ်ခါနေပြီး၊ ခန္ဓာကိုယ်ရဲ့ ဗဟိုချက်က ပြဒါးလို လေးလံတည်ငြိမ်နေပါတယ်။ ခွန်အားတွေကို အတွင်းမှာ သိမ်းဆည်းထားပြီး... ကြီးမားတဲ့ ဆေးလုံးကြီးတစ်လုံးလို ဖြစ်နေပါတယ်!"

"သံမဏိဓားကြီး ဝင်လာတဲ့ အချိန်မှာ... ပိုင်ထူက အလွန် နက်နဲတဲ့ ခြေလှမ်းတွေနဲ့ ဘေးကို အသာလေး ရှောင်တိမ်းလိုက်ပါတယ်။ ပြီးတော့ လက်ဝါးကို အပေါ်ကို ပင့်တင်ပြီး ဝမ်မုန်ရဲ့မေးစေ့ကို ရိုက်ချလိုက်ပါတယ်!"

"ဒါက တာအိုဂိုဏ်းရဲ့ 'လေးအောင်စဖြင့် ပေါင်တစ်ထောင်ကို ရွှေ့ခြင်း' ပဲ! ဒါက တာအိုဂိုဏ်းက အားနည်းသူက အားကြီးသူကို အနိုင်ယူတဲ့ လျှို့ဝှက်ချက်ပဲ! မဟုတ်ဘူး... မဟုတ်သေးဘူး... ဒါက မူရင်းကျင့်စဉ်ကို ပြုပြင်မွမ်းမံထားတာ! မူရင်းထက် အများကြီး ပိုပြီး နက်နဲသိမ်မွေ့တယ်!"

"ဒီလို နည်းလမ်းမျိုးကို ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက်က သုံးနိုင်လိမ့်မယ်လို့ ယုံကြည်ဖို့တောင် ခက်ပါတယ်။" ထျန်းမင့် တာအိုအရှင် အလွန်စိတ်လှုပ်ရှားနေသည် - "ဒါပေမဲ့ အခု မျက်စိရှေ့မှာ မြင်နေရတော့ မယုံလို့လည်း မရဘူး! ဒါက ပါရမီရှင်ပဲ! ပိုင်ထူဟာ တကယ့် ပါရမီရှင်ပဲ!"

ဝမ်မုန်သည် စေးပျစ်နေသော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး၊ ဓားပေါ်သို့ သုတ်လိမ်းလိုက်သည်။ ဝမ်မုန်၏ခန္ဓာကိုယ်မှာ မျက်စိရှေ့မှာပင် သိသိသာသာ အားနည်းသွားသော်လည်း၊ တစ်ဖက်တွင်မူ သံမဏိဓားကြီးမှာ ပိုမို အစွမ်းထက်လာခဲ့သည်။

သံမဏိဓားကြီးပေါ်တွင် ကြမ်းတမ်းသော အလင်းရောင်များ တောက်ပလာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။

သူသည် ဓားကို ဝှေ့ယမ်းကာ ပိုင်ထူဆီသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။

"ဒါက 'သွေးပူဇော်ခြင်း မန္တန်' ပဲ! ပုံမှန်ဆိုရင်တော့ မိစ္ဆာလမ်းစဉ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒါပေမဲ့ ဝမ်မုန် က သူရဲ့ ကိုယ်ပိုင် သွေးကို အသုံးပြုပြီး ဓားရည်ရွယ်ချက်ကို မြှင့်တင်တာဖြစ်လို့... တရားသော လမ်းစဉ်လို့ပဲ သတ်မှတ်ရမှာပါ။"

"အားလုံးပဲ မိစ္ဆာလမ်းစဉ်ကို မှန်မှန်ကန်ကန် နားလည်ထားကြဖို့ မေတ္တာရပ်ခံပါတယ်။ မိစ္ဆာလမ်းစဉ် ဆိုတာ အတွေးအခေါ်တစ်ခုပါ၊ သီးခြားသတ်မှတ်ထားတဲ့ ကျင့်စဉ်တွေ မဟုတ်ပါဘူး။ သွေးပူဇော်ခြင်းမန္တန်တွေကို အကုန်လုံး မိစ္ဆာလမ်းစဉ်လို့ မသတ်မှတ်သင့်ပါဘူး။ ကောင်းမွန်တဲ့နေရာမှာ အသုံးပြုမယ်ဆိုရင်လည်း အကျိုးရှိပါတယ်။ ဝမ်မုန်ရဲ့ အသုံးပြုပုံက မှန်ကန်တဲ့ နည်းလမ်းတစ်ခုပါပဲ။"

"ဝမ်မုန်ရဲ့ ဒီဓားချက်က ဝိညာဉ်သန္ဓေအဆင့်ရဲ့ အတိုင်းအတာကို ကျော်လွန်သွားပါပြီ! ဝိညာဉ်သန္ဓေအဆင့်တွေထဲမှာ ဘယ်သူမှ ဒီဓားချက်ကို တားနိုင်မှာ မဟုတ်ပါဘူး!" ထျန်းမင့် တာအိုအရှင် က ပြတ်ပြတ်သားသားပင် ဆုံးဖြတ်ချက် ချလိုက်သည်။

သို့သော် ပိုင်ဟုန်ထူက ပြုံးလျက် သံမဏိဓားကြီး၏ တစ်နေရာကို လက်ညှိုးဖြင့် ခပ်ဖွဖွလေး ထောက်လိုက်ရာ၊ ဝမ်မုန်သည် ဓားကို မထိန်းချုပ်နိုင်တော့ဘဲ အခြားတစ်နေရာသို့ လွဲချော်သွားလေသည်။ ဝမ်မုန်က အလျှော့မပေးဘဲ ဆက်တိုက် ဓားခုတ်လာသည်။ သူ၏ တိုက်ကွက်များမှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ပညာရှင်များပင်လျှင် ချွေးပြန်သွားစေနိုင်ပြီး၊ သေချာပေါက် ကာကွယ်နိုင်မည်ဟု အာမခံရဲမည် မဟုတ်ပေ။

ပိုင်ဟုန်ထူကမူ အနည်းငယ်မျှပင် ပြာယာမခတ်ဘဲ ဆန်းကြယ်လှသော မန္တန်များကို အဆက်မပြတ် အသုံးပြုကာ ဝမ်မုန်ကို အလွယ်တကူ အနိုင်ယူသွားခဲ့သည်။

သူသည် အစအဆုံး ဝိညာဉ်သန္ဓေ အလယ်အလတ်အဆင့်၏ စွမ်းအားကိုသာ အသုံးပြုသွားခဲ့ပြီး၊ ပိုမို၍လည်း မသုံးသလို လျော့၍လည်း မသုံးခဲ့ပေ။ စွမ်းအားကို အတိအကျ ထိန်းချုပ်နိုင်စွမ်းရှိကြောင်း ပြသသွားခြင်းဖြစ်သည်။

"ပြိုင်ပွဲဝင် ဝမ်မုန်ရဲ့ခွန်အားက ကြီးမားပေမဲ့... သွက်လက်မှုနဲ့ ကျွမ်းကျင်မှုပိုင်းမှာတော့ အားနည်းချက် ရှိနေပါတယ်။ ဒါက သွေးထဲက ရေဓာတ်တွေကို အငွေ့ပျံအောင် လုပ်လိုက်တဲ့ ဆိုးကျိုးတွေပါပဲ။ နောင်မှာ ပြိုင်ပွဲဝင် ဝမ်မုန်အနေနဲ့ ဒီအချက်ကို သတိထားပြီး ဆက်လက် ကြိုးစားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။" ထျန်းမင့် တာအိုအရှင်သည် အမြဲတမ်း ပြုလုပ်နေကျအတိုင်း ပြိုင်ပွဲအပြီး မှတ်ချက်များပေးနေသည်။ ရှုံးနိမ့်သွားသော ကျင့်ကြံသူအများအပြားသည် သူ၏အကြံပြုချက်များကို နားထောင်ပြီး မိမိကိုယ်ကိုယ် ပြုပြင် ပြောင်းလဲလေ့ရှိကြသည်။

"ပြိုင်ပွဲဝင် ပိုင်ထူရဲ့ စွမ်းဆောင်ရည်ကတော့ တကယ့်ကို ပြီးပြည့်စုံလွန်းပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် ဘာမှအပြစ်ရှာလို့ မရပါဘူး။ ဒါပေမဲ့... သူ့ရဲ့အမူအရာက နည်းနည်း ပေါ့ပျက်ပျက် နိုင်လွန်းနေတယ်။ ကြည့်ရတာ မြေကြီးပေါ် ခြေချပြီး သေချာကျင့်ကြံတဲ့သူနဲ့ မတူဘူး။ ဒီအကျင့်ဆိုးလေးကိုတော့ ပြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။" ထျန်းမင့် တာအိုအရှင်က အထက်စီးမှနေ၍ ဆုံးမစကား ပြောလိုက်သည်။

ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ အရှင်သခင် အားလုံးသည် 《ထျန်းကျီး ထိန်းချုပ်ခြင်း》ဟူသော ကျင့်စဉ်ကို ကျင့်ကြံကြပြီး၊ ဤကျင့်စဉ်ကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ပါက ကောင်းကျိုးဆိုးကျိုးများကို ကြိုတင် ခံစားသိရှိနိုင်စွမ်းရှိသည်။

ဘာကြောင့်မှန်းမသိပေမဲ့၊ ထျန်းမင့် တာအိုအရှင်၏ ကျင့်စဉ်က ရုတ်တရက် အန္တရာယ် သတိပေးချက် ပြသလာသည်။

ထျန်းမင့် တာအိုအရှင်သည် အကြောင်းရင်းကို ရှာမတွေ့ပေ။ သူ၏ကျင့်စဉ်များ လမ်းလွဲသွားသလားဟု သံသယဝင်မိသဖြင့်၊ ကိုယ်တွင်းသို့ ပြန်လည် စစ်ဆေးကြည့်ပြီး ဝိညာဉ်စွမ်းအားများကို တစ်ပတ် လှည့်ပတ်ကြည့်သော်လည်း မည်သည့် ပြဿနာကိုမျှ ရှာမတွေ့ခဲ့ပေ။

"ထူးဆန်းတယ်..."

"ဟက်ဟက်... ငါ့အမူအရာက ပေါ့ပျက်ပျက် နိုင်လွန်းတယ် ဟုတ်လား။" ပြိုင်ပွဲဝင် ပိုင်ထူ က လှောင်ပြုံးပြုံးကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 160

အခန်း ၁၆၀ ။ ကောင်းကောင်းလေး စားပါ

ပိုင်ဟုန်ထူ၏ ပွဲစဉ် ပြီးဆုံးသွားပြီးနောက်၊ ယွီယင်၊ ကျန့်ကျွင်းနှင့် လီအာတို့ တစ်ယောက်ပြီး တစ်ယောက် စင်ပေါ်သို့ တက်လာကြသည်။ သူတို့သည် အလွန် အစွမ်းထက်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အလွယ်တကူပင် အနိုင်ယူသွားနိုင်ခဲ့ကြသည်။

"ပြိုင်ပွဲဝင် ယွီမင်က အလုပ်လုပ်တာ ပြတ်သားပေမဲ့... နည်းလမ်းတွေက အရမ်းရက်စက်လွန်းတယ်။ အစွန်းရောက်လွန်းရင် လမ်းမှားကို ရောက်သွားတတ်ပါတယ်။ နောင်မှာ ဒီအချက်ကို ပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်။"

"ပြိုင်ပွဲဝင် ချန်ကျန့်နန်ရဲ့ ဓားတာအိုက ကောင်းပေမဲ့... အိုမင်းရင့်ရော်နေတဲ့ အငွေ့အသက်တွေပါနေတယ်။ လုပ်ဟန်တွေကလည်း ရှေးဆန်လွန်းနေတယ်။ တက်ကြွလန်းဆန်းတဲ့ စိတ်ဓာတ်မရှိရင်... နတ်ဘုရားလမ်းစဉ်ကို ဘယ်လိုလုပ် သက်သေပြနိုင်မှာလဲ။ ဒီပြဿနာကို သတိပြုပေးပါ။"

"ပြိုင်ပွဲဝင် လီအာက ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းတယ်။ သူ ဖန်တီးထားတဲ့ ကျင့်စဉ်ကလည်း ဖာရှန်းထျန်းတီတွေရဲ့ အရိပ်အယောင် နည်းနည်းပါနေတော့... တီထွင်ဖန်တီးမှုက မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ဦးနှောက်က သိပ်မပြေးဘူး... အပြုအမူတွေကလည်း နည်းနည်း ကြောင်အမ်းအမ်း နိုင်လွန်းနေတယ်။ နောင်မှာ ဦးနှောက်ကို များများ သုံးဖို့ လိုပါလိမ့်မယ်။"

လူတစ်ယောက်ကို မှတ်ချက်ပေးပြီးတိုင်း၊ ထျန်းမင့် တာအိုအရှင်၏ ကျင့်စဉ်က အန္တရာယ် သတိပေးချက်များ ထပ်တလဲလဲ ပြသလာသည်။

ထို့ပြင် လာမည့် ၅ ရက်အတွင်း ကြီးမားသော အန္တရာယ်တစ်ခုနှင့် ကြုံတွေ့ရမည်ဟု ကျင့်စဉ်က သတိပေးနေသည်။

ထျန်းမင့် တာအိုအရှင် သည် မိမိ၏ လုံခြုံရေးအတွက်မူ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်းမရှိပေ။ ဤပြိုင်ပွဲကို နောက်ထပ် ၅ ရက်ကြာအောင် ကျင်းပဦးမည်ဖြစ်ပြီး၊ ထိုအချိန်အတွင်း လူသားဧကရာဇ်ကျန်းက သူ့အနားတွင် အမြဲရှိနေမည်ဖြစ်ရာ ဘာအန္တရာယ်မှ ရှိလာနိုင်စရာ အကြောင်းမရှိပေ။ သူ စိုးရိမ်နေသည်မှာ သူ၏ကျင့်စဉ်များ လမ်းလွဲသွားပြီလား ဆိုသည်ကိုသာ ဖြစ်သည်။

ပွဲစဉ်များအပြီးတွင် ထျန်းမင့် တာအိုအရှင်သည် ကျန်းလီထံသို့ သွားရောက်ခဲ့သည်။

"လူသားဧကရာဇ်... ကျွန်တော် နားမလည်တဲ့ ကိစ္စလေးတစ်ခုရှိလို့ပါ။"

ထျန်းမင့် တာအိုအရှင်က သူ ကြုံတွေ့နေရသော အဖြစ်အပျက်များကို ပြောပြပြီးနောက် မေးလိုက်သည် - "လူသားဧကရာဇ်... ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအား လှည့်ပတ်မှု လမ်းကြောင်းများ အမှားအယွင်း ဖြစ်နေသလားဆိုတာလေး ကြည့်ပေးပါလား ။"

ကျန်းလီက ထျန်းမင့် တာအိုအရှင်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဘာစားရတာ အကြိုက်ဆုံးလဲ။"

"သစ်ကြားသီးမုန့်ပါ။"

"အဲ့ဒါဆိုလည်း များများစားထားပေါ့။"

ကျန်းလီသည် ထိုစကားကိုသာ ပြောပြီး လက်နောက်ပစ်ကာ ထွက်သွားတော့သည်။ နေလုံးကြီး ဝင်သွားချိန်တွင် သူ၏ကျောပြင်ကို နေရောင်ဟပ်နေပြီး၊ အလွန် မျှော်လင့်ချက်မဲ့နေသော သူ၏ စိတ်ခံစားချက်ကို ပေါ်လွင်စေသည်။

အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေက ဝိညာဉ်သန္ဓေအဆင့်အဖြစ် ဟန်ဆောင်ပြီး ပြိုင်ပွဲဝင်ဖို့... ဘယ်သူကများ ဒီလို ရူးကြောင်ကြောင် အကြံဉာဏ်ကို ပေးခဲ့တာလဲ! သနားစရာကောင်းတဲ့ ထျန်းမင့် တာအိုအရှင်လေးတော့ အပြစ်မရှိဘဲ ဒုက္ခရောက်ရတော့မယ်။

...

ပထမအကျော့ ဝိညာဉ်သန္ဓေအဆင့်အုပ်စု၏ ပွဲစဉ်များ ပြီးဆုံးသွားခြင်းက မနက်ဖြန်တွင် ပိုမို ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားတော့မည်ကို ဆိုလိုနေသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်အုပ်စုများတွင် အတက်အကျ အပြောင်းအလဲများ များပြားလွန်းသဖြင့် မည်သူက အနိုင်ရမည်ကို ကြိုတင်ခန့်မှန်း၍ မရနိုင်သေးပေ။ သို့သော် ဝိညာဉ်သန္ဓေအဆင့်အုပ်စုတွင်မူ ရလဒ်များက အလွန်ရှင်းလင်းနေသည်။

အနိုင်ရမည့်သူမှာ ပြိုင်ပွဲမစမီကတည်းက ခန္ဓာပေါင်းစည်းခြင်းအဆင့်များကို အဆင့်ကျော်လွန် တိုက်ခိုက်နိုင်သည်ဟု ကြွေးကြော်ခဲ့သော ဝမ်မုန် မဟုတ်သလို၊ ကောင်းကင်နှင့် မြေကြီးကို မျိုချနိုင်သည်ဟု နာမည်ကြီးသော မာကျွင်းကျွင်းလည်း မဟုတ်ပေ။ မည်သူကမျှ မကြားဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် လေလွင့်ကျင့်ကြံသူ ၄ ဦးသာ ဖြစ်သည်။

ထို ၄ ဦးစလုံးသည် ဝိညာဉ်သန္ဓေအဆင့်၏ စွမ်းအားများကို အမြင့်ဆုံးအထိ ထုတ်ဖော် အသုံးပြုသွားနိုင်ကြသည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ဘိုးဘေးကြီးများကိုယ်တိုင် ဝိညာဉ်သန္ဓေအဆင့်သို့ ပြန်လည်ရောက်ရှိသွားလျှင်ပင်၊ ထို ၄ ဦး လုပ်ဆောင်နိုင်သကဲ့သို့ လုပ်ဆောင်နိုင်မည်ဟု မိမိကိုယ်ကိုယ် အာမခံရဲမည် မဟုတ်ပေ။

ဤလူများကို 'ပါရမီရှင်' ဆိုသော စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ!

ကောင်းကင်လျှို့ဝှက်ချက်မျှော်စင်၏ တပည့်ဖြစ်သော လွီခိုင်ပင်လျှင် ဤမျှအထိ ထင်မထားခဲ့ပေ။ ပြိုင်ပွဲမစမီက ဤ ၄ ယောက်သည် တစ်ယောက်ထက်တစ်ယောက် ပိုပြီး လေလုံးထွားခဲ့ကြသော်လည်း... တကယ်တမ်းကျတော့ သူတို့မှာ ထိုမျှ အစွမ်းအစများနှင့် အလားအလာများ တကယ် ရှိနေခဲ့သည် မဟုတ်လား။

ဒီတစ်ခါတော့ သတင်းထူးကြီး ရပြီ!

လွီခိုင်သည် သတင်းစာအတွက် ဆောင်းပါးကြမ်းကိုပင် ရေးပြီးနေပြီဖြစ်သည်။

...

"ဝိညာဉ်သန္ဓေအဆင့်အုပ်စုရဲ့ ပထမဆုက သူတို့ ၄ ယောက်ထဲက တစ်ယောက်ယောက် သေချာပေါက် ဖြစ်လိမ့်မယ်။"

"ဒါဆို မူလအစီအစဉ်အတိုင်း... ဒီ ၄ ယောက်ကို ရှင်းပစ်ကြမလား။"

"နေဦး... အစီအစဉ်ပြောင်းရမယ်။ ခန္ဓာပေါင်းစည်းခြင်းအဆင့်တွေကို မလွှတ်ရဘူး။ ဒီ ၄ ယောက်က ဝိညာဉ်သန္ဓေအဆင့်ဆိုပေမဲ့၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်တွေအတွက်တောင် အန္တရာယ်ပေးနိုင်တဲ့ အနေအထား ရှိတယ်။ ငါတို့ဆီမှာ အခု ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ယောက် ရှိတယ်... အားလုံး အတူတူဝင်တိုက်မှ အမှားအယွင်း မရှိ သေချာမှာ!"

"သတိထားတာ ကောင်းပါတယ်။ သဘောတူတယ်။"

"ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့... အားလုံး သဘောတူတယ် မဟုတ်လား။"

"သဘောတူပါတယ်။"

"ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိတယ်။ ယွီမင်ကို ငါ့ကို ပေး။" ချောမောခန့်ညားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။

ဝိညာဉ်သန္ဓေအဆင့် အမျိုးသမီးကျင့်ကြံသူ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားကို ပြန်လည်တွေးတောမိပြီး... သူ့ရင်ထဲတွင် ကိလေသာ မီးတောက်များ တောက်လောင်လာခဲ့သည်။

"ဟား... ထျန်းရှားဂိုဏ်း ဂိုဏ်းချုပ်ရဲ့ ညီမလေးကတောင် မင်းကို မကျေနပ်နိုင်သေးဘူးလား။ ချစ်သူသစ် ထပ်ရှာပြန်ပြီပေါ့။"

"ရောင်းရင်းကလည်း နောက်နေပြန်ပြီ။ ငါတို့က လက်ထပ်ထားတာ ၄ နှစ်ကျော်ပြီလေ... ရိုးအီနေပြီပေါ့။ အခု မျက်စိရှေ့မှာ အကောင်းစားလေး ရှိနေတာကို ဘာလို့ လက်လွှတ်ခံရမှာလဲ။"

"မင်းသဘောပဲ... မင်းသဘောပဲ။"

...

ကျင့်ကြံသူများမှာ အိပ်စက်လေ့ သိပ်မရှိကြပေ။ သူတို့သည် အိပ်စက်ခြင်းအစား တရားထိုင်ခြင်းဖြင့် အစားထိုးလေ့ ရှိကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကျင့်ကြံနိုင်သလို၊ အနားလည်း ယူပြီးသားဖြစ်သဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သည်။

သို့သော် ပိုင်ဟုန်ထူ အပါအဝင် ထို ၄ ဦးမှာမူ အိပ်လည်း မအိပ်သလို၊ တရားလည်း မထိုင်ကြပေ။

သူတို့ အဆင့်သို့ ရောက်ရှိနေသူများအတွက်၊ တရားထိုင်ပြီး ကျင့်ကြံခြင်းက ဘာအသုံးမှ မဝင်တော့ပေ။ မထင်မှတ်ဘဲ ရရှိလာသော တရားအလင်းပွင့်မှုလေး တစ်ခုကမှ ပို၍ အကျိုးရှိသေးသည်။

အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ၄ ဦးစလုံး အတူတကွ ဆုံတွေ့ရခြင်းမှာ အလွန် ရှားပါးလှသည်။ သူတို့သည် 'ထျန်း' (ကောင်းကင်) အဆင့် အခန်းကြီးတစ်ခန်းတွင် အတူတကွ ထိုင်နေကြပြီး၊ အရသာရှိသော ဟင်းလျာများ အပြည့် ပြင်ဆင်ထားသည်။ ပိုင်ဟုန်ထူသည် ချန်ချွန်းရှန်းဝမ် အချိန်အကြာကြီး သိမ်းဆည်းထားခဲ့သော အရက်ကောင်းများကို ထုတ်ယူကာ သူငယ်ချင်း ၃ ဦးကို ငှဲ့ပေးလိုက်သည်။

အမှန်တော့ သူတို့ အတူတကွ ဆုံတွေ့ချင်လျှင် အချိန်မရွေး ဆုံတွေ့နိုင်သည်။ သို့သော် ပြဿနာမှာ မည်သူက မည်သူ့ကို သွားရှာရမလဲ ဆိုသည်ကို ဖြစ်သည်။ လေးယောက်ထဲတွင် ပိုင်ဟုန်ထူနှင့် ယွီယင်တို့ နှစ်ယောက်သာ အလွန် ရင်းနှီးကြပြီး၊ အချင်းချင်း တွေ့ဆုံပါက ဘာမဆို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ကြသည်။

အခြားသူများ တွေ့ဆုံပါက၊ ဥပမာ - ပိုင်ဟုန်ထူနှင့် လီအာ တွေ့ဆုံခြင်း၊ ယွီယင်နှင့် ကျန့်ကျွင်း တွေ့ဆုံခြင်းမျိုးဆိုလျှင်... အချင်းချင်းလည်း သိပ်မရင်းနှီး၊ ဘာကိစ္စမှလည်း မရှိဘဲနဲ့ သက်သက်ကြီး သွားတွေ့ရမှာဆိုတော့ အနည်းငယ် အနေရခက်ပြီး ရှက်စရာကောင်းနေလိမ့်မည်။

ထို့ကြောင့် ကျန်းလီက သူတို့ ၄ ယောက် အချင်းချင်း ရင်းနှီးသွားစေရန် အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ဤပြိုင်ပွဲကို အတူတကွ ဖြတ်သန်းပြီးပါက သူတို့လည်း သူငယ်ချင်းများ ဖြစ်သွားကြမည်ဖြစ်ပြီး၊ နောင်တွင်လည်း အချင်းချင်း တွေ့ဆုံရမည့် အခွင့်အရေးများ ပိုများလာမည် ဖြစ်သည်။

"စကြဝဠာထဲမှာ ပျံသန်းတဲ့အခါ လုံခြုံရေးကို သတိထားရတယ်။" လီအာက စကြဝဠာထဲ လှည့်လည်သွားလာခဲ့စဉ်က သူ၏အတွေ့အကြုံများကို ပြောပြနေသည် - "အဲ့ဒီတုန်းက ကျွန်တော်က ဖာရှန်းထျန်းတီကို အသုံးပြုထားပြီး၊ ကာကွယ်ရေး မန္တန်တွေကို မသုံးထားမိဘူး။ အဲ့ဒါနဲ့ သတိမထားမိလိုက်ဘဲ ဂြိုဟ်တစ်လုံးက မျက်လုံးထဲ ဝင်သွားတာ... အတော်လေး နေရခက်သွားတယ်။ မျက်လုံးကို အကြာကြီးပွတ်ပြီးမှ ပြန်သက်သာသွားတာ။"

"ဟုတ်တယ်၊ ဟုတ်တယ်။ စကြဝဠာကြီးက တကယ်ကို အန္တရာယ်များတယ်။" ပိုင်ဟုန်ထူကလည်း လီအာ၏စကားကို ထောက်ခံလိုက်သည် - "စကြဝဠာထဲမှာက စည်းမျဉ်းတွေရဲ့ ဖိနှိပ်မှု မရှိတော့ဘူးလေ။ ကိုယ့်ရဲ့ စွမ်းအားတွေကို အပြည့်အဝ ထုတ်သုံးလို့ ရတယ်။ ငါ ပထမဆုံး စကြဝဠာထဲ ရောက်သွားတုန်းက... သတိမထားမိဘဲ အလင်းအမြန်နှုန်းထက်တောင် ကျော်လွန်သွားပြီး စကြဝဠာရဲ့ အဆုံးအစွန်ကို ရောက်သွားတာ... လမ်းပျောက်မလို့တောင် ဖြစ်သွားသေးတယ်။"

"ကြည့်ရတာ ကျုပ်က ရောင်းရင်းတို့နဲ့ ဘုံတူညီတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပုံရပါတယ်။" ကျန့်ကျွင်းက ယဉ်ကျေးစွာ ပြုံးလျက် ပြောလိုက်သည် - "ရှက်စရာကောင်းတာတစ်ခု ပြောပြရရင်... ကျုပ်က လမ်းမသိတတ်ဘူး။ စကြဝဠာထဲ ရောက်သွားရင် မကြာခဏ လမ်းပျောက်တတ်တယ်။ ကံကောင်းတာက ကျုပ်ရဲ့ ဓားတာအိုက မဆိုးပါဘူး။ ဓားတစ်ချက် ခုတ်လိုက်ရင်... မျက်စိရှေ့က ဂြိုဟ်တွေ အကုန်လုံး အမှုန့်ဖြစ်သွားတာပဲ။ အဲ့ဒီလိုနဲ့ ကျိုကျိုးကို ပြန်လာမယ့် လမ်းကို ရှာတွေ့ခဲ့တာပါ။"

ယွီယင်သည် လေလုံးထွားနေကြသော ထိုသုံးယောက်ကို ကြည့်ရင်း၊ ဘာပြောရမှန်း မသိအောင် ဖြစ်နေသည်။

ကျန်းလီက သူတို့ကို တိုက်ခိုက်ခွင့်မပေးထားသဖြင့်၊ ယခုအခါ လီအာသည် သူ၏ အစွမ်းထက်မှုကို စကားဖြင့် စတင်ကြွားဝါနေခြင်းဖြစ်သည်။ အစပိုင်းတွင် သိပ်မဆိုးသေးပေ... ဂြိုဟ်များကို ရေဒီယိုသတ္တိကြွ အချင်း ၂၀ မီတာရှိသော မြေကြီးလုံးများအဖြစ် လက်ချည်းသက်သက် လုံးချေပစ်နိုင်ကြောင်း၊ နေမင်းကြီးကို လက်နွေးအိုးအဖြစ် အသုံးပြုကြောင်း ပြောဆိုနေသည်။ ပိုင်ဟုန်ထူနှင့် ကျန့်ကျွင်းတို့ကလည်း ၎င်းကို မြင်သောအခါ သူတို့၏အစွမ်းထက်မှုများကို လိုက်လံ ကြွားဝါကြတော့သည်။

ဒီသုံးယောက်က သိသိသာသာကို စကားပြောရင်း စိတ်လှုပ်ရှားလာကြပြီး၊ လေလုံးထွားမှုများကလည်း တဖြည်းဖြည်း ပိုမို ကြီးမားလာသည်။ အိပ်မက်ထဲမှာ အနှစ် ၃,၀၀၀ တရားထိုင်ခဲ့ပြီး၊ မျက်လုံးဖွင့်လိုက်တာနဲ့ လောကကြီးတစ်ခုလုံးက ပူဖောင်းလေးတစ်ခု ပေါက်ကွဲသွားသလို ပျက်စီးသွားတယ်လို့တောင် ပြောမထွက်တော့တာပဲ ကျေးဇူးတင်ရမည်။

နောက်ဆုံးတွင် လီအာက သူ၏ လေလုံးထွားမှုကို ကောင်းကင်အထိ မြှင့်တင်လိုက်သည် - "ကျွန်တော်က ကျန်းလီကို အနိုင်တိုက်နိုင်တယ်!"

ပိုင်ဟုန်ထူနှင့် ကျန့်ကျွင်းတို့သည် ချက်ချင်းပင် လေလုံးထွားနေခြင်းများကို ရပ်တန့်လိုက်ကြပြီး၊ လီအာကို အရက်ငှဲ့ပေးကာ အရှုံးပေးကြောင်း ဝန်ခံလိုက်ကြသည်။

ယွီယင်ကတော့ ခွက်အနားသတ်လေးကို ကိုင်ကာ အရက်ကို တစိမ့်စိမ့်သောက်နေသည်။

ချန်ချွန်းရှန်းဝမ် သိမ်းဆည်းထားသော အရက်မှာ သာမန်အရက် မဟုတ်ပေ။ ထိုအရက်ကို 'နတ်ဘုရား မှောက်' ဟု ခေါ်ပြီး၊ နတ်ဘုရားများပင်လျှင် မန္တန်အသုံးပြု၍ အရက်ရှိန်ကို မချေဖျက်ပါက မူးယစ်သွားနိုင်သည်။

အရက်သောက်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မူးယစ်ချင်သော ခံစားချက်ကို ရယူရန်ဖြစ်ရာ၊ မည်သူကမျှ အရက်ရှိန်ကို ချေဖျက်ရန် မကြိုးစားကြပေ။

ယွီယင်၏ အရက်သောက်နိုင်စွမ်းမှာ သိပ်မကောင်းပေ။ သူမသည် အရက်မူးသွားပါက အရှက်အကြောက် ကင်းမဲ့စွာ ပြုမူတတ်သည်။ ကျန်းလီ၏ အမှတ်ရမှုအရ... ယွီယင် အရက်မူးသွားပါက အဝတ်အစားများ ဖရိုဖရဲဖြစ်အောင် လုပ်လေ့ရှိပြီး၊ ရင်သားများ ပေါ်လာသည်ကိုပင် ဂရုမစိုက်တော့ဘဲ မည်သူက တားတား မရတော့ပေ။

ထိုအချက်ကို စိုးရိမ်သဖြင့် ယွီယင်သည် အရက်အများကြီး မသောက်ရဲပေ။

"ဟက်ဟက်... မင်းတို့ အားလုံး အတူတူရှိနေကြတာကို စောစောကတည်းက သိခဲ့ရင်၊ ငါတို့ ၄ ယောက် ခွဲပြီး လှုပ်ရှားနေစရာ မလိုတော့ဘူး။ ငါ တစ်ယောက်တည်းနဲ့တင် အကုန်ရှင်းပစ်လို့ ရနေပြီပဲဟာကို။"

ရုတ်တရက် အသံတစ်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာပြီး၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ယောက်၏ အရှိန်အဝါများက ဤသေးငယ်သော 'ထျန်း' အဆင့် အခန်းလေးကို ဖုံးလွှမ်းသွားသည်။

"ခင်ဗျားတို့... ခင်ဗျားတို့ ဘာလုပ်ချင်လို့လဲ!" ပိုင်ဟုန်ထူက ကြောက်ရွံ့တုန်လှုပ်ဟန်ဖြင့် အော်ဟစ်လိုက်ပြီး၊ တစ်ကိုယ်လုံး တုန်ယင်နေသည်။

သာမန် ဝိညာဉ်သန္ဓေအဆင့်လေးတစ်ယောက်က ခန္ဓာပေါင်းစည်းခြင်းအဆင့် လူကြီးမင်း ၄ ယောက်ကို ဘယ်လိုလုပ် သွားရန်စမိတာလဲ ဆိုတာကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။ ခန္ဓာပေါင်းစည်းခြင်းအဆင့်... ဆိုတာက သူ မျှော်လင့်ချက်ထားပြီး ရောက်ဖို့တောင် မဖြစ်နိုင်တဲ့ အဆင့်ကြီးလေ။

‘ငါတော့ သေပါပြီ...’

ယွီယင်က လက်ဖြင့် နဖူးကို စမ်းလိုက်မိသည်။

‘ပိုင်ဟုန်ထူဆိုတဲ့ ဒီကောင်က ဒီလိုမျိုး သရုပ်ဆောင်ရတာကို အရမ်း ဝါသနာပါတာပဲ...’

***

မဟာယာနအဆင့်ရောက်မှ စနစ်က ပေါ်လာသတဲ့

Mahayana 161

အခန်း ၁၆၁ ။ မိမိကိုယ်ကို ကာကွယ်ခြင်း

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် ပိုင်ဟုန်ထူ၏ အကြောက်လွန်နေသော အမူအရာကို ကြည့်ကာ ကျေနပ်စွာဖြင့် အေးစက်စက် ရယ်မောလိုက်ကြသည်။

‘ဒါမှပေါ့... ဒါကမှ အားနည်းသူက အားကြီးသူကို ဆက်ဆံရမယ့် မှန်ကန်တဲ့ သဘောထားပဲ။ အကြောက်တရားနဲ့ တုန်လှုပ်နေရမယ်လေ။’

မဟာကျိုးအင်ပါယာကို ကြည့်စမ်း... အားနည်းသူတွေက အားကြီးသူတွေကို အစိုးရရုံး သွားတိုင်ရဲတယ်ဆိုတော့၊ အားကြီးသူတွေအပေါ်မှာ အကြောက်တရားဆိုတာ နည်းနည်းလေးတောင် မရှိကြဘူး။

အစွမ်းထက်တဲ့သူတစ်ယောက်အနေနဲ့... လူနည်းနည်းလောက် သတ်မိတာ ဘာများ အရေးကြီးလို့လဲ?

မဟာကျိုးရဲ့ ဥပဒေတွေကို ပြင်သင့်နေပြီလို့ သူတို့ ထင်သည်။ ဝိညာဉ်သန္ဓေအဆင့်အောက်က လူတွေအတွက် ဥပဒေတစ်မျိုး၊ ဝိညာဉ်သန္ဓေအဆင့် အထက်က လူတွေအတွက် ဥပဒေတစ်မျိုး... အဲ့ဒီလိုဆိုမှ မှန်ကန်မှာပေါ့။

"ဘာလုပ်ချင်တာလဲ ဟုတ်လား... သေချာပေါက် မင်းတို့ကို သတ်ချင်လို့ပေါ့။" ခန္ဓာပေါင်းစည်းခြင်းအဆင့်တစ်ဦးက ပြုံးယောင်သမ်းကာ ရက်စက်စွာ ပြန်ဖြေလိုက်သည်။ မသေခင်မှာ ဒီပါရမီရှင်လေးတွေ အသက်လု ရုန်းကန်ပြီး တောင်းပန်နေတာကို ကြည့်ရတာ... တကယ်ကို အရသာရှိတဲ့ ကိစ္စတစ်ခုပဲ။

"ဘာဖြစ်လို့လဲ!" ပိုင်ဟုန်ထူက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ဦးက အသံလုံ အကာအကွယ်ကို ပူးပေါင်း ဖန်တီးထားပြီးဖြစ်ရာ၊ သူတို့ ဘယ်လောက်ပဲ အော်ဟစ်နေပါစေ အပြင်သို့ အသံထွက်မည် မဟုတ်ပေ။ ထိုအချက်က ပိုင်ဟုန်ထူကို ပိုမို စိတ်ပျက်အားငယ်သွားစေသည့် ပုံပေါက်နေသည်။ သူသည် ပါရမီထူးချွန်သော ဝိညာဉ်သန္ဓေအဆင့် တစ်ယောက် ဖြစ်သော်လည်း၊ အဆင့်ကြီး နှစ်ဆင့်ကို ကျော်ဖြတ်ပြီး ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ယောက်ကို ပြန်သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ!

‘ငါက အခုမှ နာမည်ရခါစ ရှိသေးတာ... မဟာကျိုးက ငါ့ရဲ့ အရည်အချင်းတွေကို ပြသဖို့ စင်မြင့်တစ်ခုပဲ ဖြစ်ရမှာ။ ဒီပွဲအပြီးကျရင် ကျိုကျိုးတစ်ခွင်ကို လှည့်လည်သွားလာပြီး၊ နေရာတိုင်းမှာ ငါ့ရဲ့ ဒဏ္ဍာရီတွေကို ချန်ထားခဲ့ရဦးမှာ... ငွေကြေး၊ မိန်းမလှ၊ အာဏာ စတဲ့ ကောင်းမွန်တဲ့ အရာတွေကိုတောင် သေချာ မခံစားရသေးဘူး... ဒီလိုမျိုးတော့ အသေမခံနိုင်ဘူး!’

‘ငါ လုံးဝ အရှုံးမပေးနိုင်ဘူး!’

‘သေလမ်းပဲ ရှိတယ်ဆိုရင်တောင်... အဲ့ဒီလမ်းကို ငါ ဖောက်ထွက်ပြမယ်!’

‘ငါ ပိုင်ထူ... ဒီနေ့ ကောင်းကင်ကြီးကို အံတုပြမယ်!’

ပိုင်ဟုန်ထူ၏ မျက်လုံးများ နီရဲလာပြီး၊ ရူးသွပ်နေသော နွားသိုးတစ်ကောင်အလား အသက်စွန့် တိုက်ခိုက်တော့မည့် ပုံပေါက်နေသည်။ 'သက်တမ်းလောင်ကျွမ်းခြင်း မန္တန်' ကဲ့သို့သော အရာမျိုးကို အသုံးပြုတော့မည့် အနေအထားမျိုးဖြစ်သည်။

ယွီယင်ကတော့ ပိုင်ဟုန်ထူ၏ သရုပ်ဆောင်မှုကို ဘာမှမပြောဘဲ တိတ်တဆိတ်သာ ကြည့်နေသည်။

"မင်းတို့ ကံဆိုးလို့ပဲ မှတ်လိုက်တော့... ရွံစရာကောင်းတဲ့ မဟာကျိုးက ကျင်းပတဲ့ ခွေးချေးလို ပြိုင်ပွဲကြီးကို လာဝင်ပြိုင်မိတာကိုး။" အခြားခန္ဓာပေါင်းစည်းခြင်းအဆင့်တစ်ဦးက ဝင်ပြောလိုက်သည်။ သူက မဟာကျိုးအပေါ် အလွန် မကျေမနပ်ဖြစ်နေကြောင်း သိသာလှသည် - "နောက်ဘဝကျရင် မှတ်ထား... မဟာကျိုးကို ဘယ်တော့မှ မလာနဲ့တော့။"

"မင်းတို့လို ပါရမီရှင်လေးတွေရဲ့ သေဆုံးမှုနဲ့... မဟာကျိုးရဲ့ မျက်နှာကို ငါတို့ ဖြတ်ရိုက်ပြမယ်!" ဤ ခန္ဓာပေါင်းစည်းခြင်းအဆင့် လူကြီးမင်းသည် မဟာကျိုးကို အရိုးထဲထိ မုန်းတီးနေသူ ဖြစ်သည်။ သူ၏ တိုက်ရိုက်တပည့်ကိုယ်တိုင်က မဟာကျိုးတွင် သေဒဏ်ကျူးလွန်ခဲ့သဖြင့် ကွပ်မျက်ခံခဲ့ရသည် မဟုတ်လား။

သူသည် တပည့်ဖြစ်သူ သေ၊ မသေကို ဂရုမစိုက်သော်လည်း၊ ဤကိစ္စကြောင့် သူ မျက်နှာပျက်ခဲ့ရသည်ကိုတော့ အလွန် အလေးထားသည်။

သူက ဒေါသတကြီး အော်ဟစ်လိုက်သည် - "ခန္ဓာပေါင်းစည်းခြင်းအဆင့်ဆိုတာ... ဘယ်သူကမှ စော်ကားလို့မရဘူးဆိုတာကို သူတို့ကို သိအောင် လုပ်ပြရမယ်!"

ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ဦးသည် စကားပြောရသည်မှာ အတော်လေး အရသာတွေ့သွားပြီး၊ ဆက်ပြောရန် စိတ်မပါတော့သဖြင့် အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

"သဘောတူထားတဲ့အတိုင်း... ဒီအမျိုးသမီး ကျင့်ကြံသူကို ငါ ယူမယ်။" ချောမောခန့်ညားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက ယွီယင်ဆီသို့ လက်လှမ်းလိုက်သည်။

ကျန် ၃ ဦးက ဘာမှမပြောဘဲ ကိုယ်စီ စတင်တိုက်ခိုက်လိုက်ကြသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့်များ၏ ဖိအားသည် ပိုမို ကြီးမားလာပြီး၊ ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်ကို ကျော်လွန်ကာ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖိအားကြီးက ထျန်းအဆင့်အခန်းလေး တစ်ခုလုံးကို လွှမ်းခြုံသွားသည်... ခဏနေပါဦး၊ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်?!

ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ဦး ရုတ်တရက် သတိဝင်သွားကြသည်။ သူတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... ၄ ယောက် ပေါင်းလိုက်လို့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖိအားမျိုး ထွက်လာစရာ အကြောင်းမရှိဘူးလေ။

"အား…"

ချောမောခန့်ညားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး၊ ပြတ်ထွက်သွားသော လက်မောင်းကို ကိုင်ကာ နောက်သို့ ဆုတ်သွားရင်း ယွီယင်ကို အကြောက်လွန်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူက ယွီယင်ကို ထိဖို့ ကြိုးစားလိုက်ချိန်မှာပဲ... ရင်ဘတ်ထဲကို ဓားနဲ့ အထိုးခံလိုက်ရသလို နာကျင်မှုကြီးကို ခံစားလိုက်ရတယ်။ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့... သူ့မှာ လက်တစ်ဖက်ပဲ ကျန်တော့တာကို တွေ့လိုက်ရတယ်။

ပိုပြီး ကြောက်စရာကောင်းတာက... ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေဟာ ပြတ်တောက်သွားတဲ့ ခြေလက်တွေကို ပြန်ပေါက်အောင် လုပ်နိုင်စွမ်းရှိပါတယ်။ ပုံမှန်အားဖြင့် ဒီလောက် ဒဏ်ရာမျိုးက သူ့အတွက် ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့... အခု သူ့လက်မောင်းက သူနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားသလို ခံစားနေရတယ်။ ဝိညာဉ်ပိုင်းဆိုင်ရာကနေပါ လက်တစ်ဖက် ဆုံးရှုံးသွားသလို ခံစားနေရတယ်!

ဒါက သူ လုံးဝ သတိမထားမိနိုင်တဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပဲ!

"ပိုင်ဟုန်ထူ... မင်း ကစားလို့ ဝပြီလား။" ယွီယင်က အေးစက်စက် ပြောလိုက်သည်။ ဤ ချောမောခန့်ညားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကို သူမ ရင်ထဲမှနေ၍ အလွန်ရွံရှာနေမိသည်။ အမျိုးသမီးများကို အဝတ်အစားတစ်ခုလို သတ်မှတ်ပြီး စိတ်ကြိုက် ကစားစရာအဖြစ် ကြည့်နေသော ထိုအကြည့်မျိုးက... သူမကို ထျန်းယွမ်အင်ပါယာက အိမ်ရှေ့စံမင်းသားကို ပြန်လည် သတိရသွားစေသည်။

တစ်အုပ်တည်းက ခွေးတွေပဲ။

"အ... အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်... ပိုင်ဟုန်ထူ..."

ထို ၄ ဦးမှာ လည်ချောင်းများ ခြောက်သွေ့သွားပြီး၊ နဖူးတွင် ချွေးစေးများ ပြည့်နှက်လာကာ လက်ခြေများပင် အေးစက်တောင့်တင်း သွားကြတော့သည်။

"ဂိုဏ်းချုပ်ပိုင်က ကစားလို့ ဝသွားပြီဆိုမှတော့... ငါတို့လည်း ဆက်ပြီး ဟန်ဆောင်မနေတော့ဘူး။" လီအာ နှင့် ကျန့်ကျွင်းတို့ကလည်း ရုပ်ဖျက်ထားသည်များကို ရုပ်သိမ်းလိုက်ကြပြီး၊ ကျင့်ကြံသူ သောင်းနဲ့ချီက လေးစားအားကျရသော အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်၏ အစစ်အမှန် စွမ်းအားများကို ထုတ်ဖော်ပြသလိုက်ကြသည်။

"ငါ့သခင်မလေးအပေါ်မှာ မကောင်းတဲ့ စိတ်ကူးရှိတဲ့သူ... သေစေ!" ရွှေဝါရောင် ဆန္ဒပြည့်ဘူးသီးလေးက လေထဲတွင် ပျံဝဲနေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူတောင်မှ သခင်မလေးရဲ့ အနင်းခံရဖို့ပဲ အခွင့်အရေးမရှိတာကို... အမှိုက်လို ခန္ဓာပေါင်းစည်းခြင်းအဆင့် ကောင်တွေကများ ဒီလို စိတ်ကူးမျိုး ယဉ်ရဲတယ်ပေါ့!

"လေးယောက်... အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်... ဆန္ဒပြည့်ဘူးသီး..." သူတို့ တစ်ခါမှ မကြုံဖူးသော ဖိအားကြီးအောက်တွင်၊ ထို ၄ ဦး၏ စိတ်အာရုံများမှာ လည်ပတ်မှု နှေးကွေးသွားပြီး သေချာပင် မစဉ်းစားနိုင်တော့ပေ။

လောကကြီးမှာ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ၅ ယောက်ပဲ ရှိတာကို... အခု ဒီနေရာမှာ ၄ ယောက်တောင် စုနေကြတယ်၊ ပြီးတော့ နတ်ဘုရားလက်နက်တစ်ခုလည်း ပါသေးတယ်။

ဒါက သံမဏိပြားကို သွားကန်မိတာ မဟုတ်ဘူး... မီးသင်္ဂြိုဟ်စက်ထဲကို ကိုယ်တိုင် ဝင်သွားတာပဲ!

"ဒီနေရာက မဟာကျိုးအင်ပါယာပဲ... ခင်ဗျားတို့... ကျွန်တော်တို့ကို သတ်လို့ မရဘူး..."

သတ္တိရှိသော ခန္ဓာပေါင်းစည်းခြင်းအဆင့် တစ်ဦးက အသက်လုကာ ကြိုးစား ပြောဆိုလိုက်သည်။ ဤ လူသားလောကကို ကစားကွင်းသဖွယ် နေထိုင်နေသော လူကြီးမင်း ၄ ဦးက သူတို့ကို သနားညှာတာပြီး လွှတ်ပေးနိုင်မလားဆိုသည့် မျှော်လင့်ချက်လေးဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

‘မင်းတို့က အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တွေ ဖြစ်နေရက်နဲ့... ဘာကိစ္စ ဝိညာဉ်သန္ဓေအဆင့်တွေလို ဟန်ဆောင်ပြီး ပြိုင်ပွဲဝင်နေကြတာလဲ!’

ယခုအခါ ဤ ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ဦးသည် မဟာကျိုး၏ ဥပဒေများကို အလွန်အမင်း တောင့်တနေကြပြီး၊ ဥပဒေက သူတို့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

သူတို့ အင်အားကြီးမားစဉ်က ဥပဒေဆိုသည်မှာ အသုံးမဝင်ဟု ယူဆခဲ့ကြသော်လည်း၊ သူတို့ ကိုယ်တိုင်လည်း အင်အားကြီးသူများ ဖြစ်နိုင်သလို အားနည်းသူများလည်း ဖြစ်သွားနိုင်သည်ဆိုသည့် အချက်ကို မေ့လျော့နေခဲ့ကြသည်။

"မဟာကျိုးရဲ့ နယ်မြေဖြစ်နေတော့... ကျီကျစ် ကို မျက်နှာနည်းနည်းတော့ နာပေးရမှာပေါ့။"

ထိုစကားကို ကြားသောအခါ ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ဦးမှာ သေဘေးမှ လွတ်မြောက်သွားပြီဟု ထင်မှတ်၍ သက်ပြင်းမချနိုင်ခင်မှာပင်၊ ပိုင်ဟုန်ထူ ဆက်ပြောလိုက်သော စကားကြောင့် အေးခဲသွားကြသည်။

"ဒါပေမဲ့... ငါတို့က သနားစရာကောင်းပြီး အားနည်းတဲ့ ဝိညာဉ်သန္ဓေအဆင့်လေးတွေပဲလေ။ ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ယောက်က လာတိုက်ခိုက်တာကို... ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းအနေနဲ့ ပြန်ခုခံတာက ပုံမှန်ပဲလေ... ဥပဒေချိုးဖောက်တာ မှ မဟုတ်တာ။"

ခန္ဓာပေါင်းစည်းခြင်းအဆင့် ၄ ဦး မျက်လုံးပြူးသွားကြသည်။

နောက်ဆုံးတွင်၊ ချောမောခန့်ညားသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူကို ယွီယင်က သတ်ပစ်လိုက်ပြီး၊ ကျန် ၃ ဦးမှာမူ ကျင့်ကြံမှု အဆင့်များ ချိုးနှိမ်ခံလိုက်ရကာ ဝိညာဉ်သန္ဓေအဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။ သူတို့သည် ကျင့်ကြံမှုကို ဆက်လက် မြှင့်တင်၍ မရနိုင်တော့သလို၊ အခြားခန္ဓာကိုယ်သို့ ပြောင်းလဲဝင်ပူးခြင်းများကိုလည်း လုပ်ဆောင်၍ မရနိုင်တော့ပေ။

ဤ ၃ ဦးသည် ပုံမှန်အချိန်များတွင် မိမိတို့၏ ကျင့်ကြံမှုအဆင့်ကို အားကိုး၍ မောက်မာထောင်လွှားကာ အခြား ကျင့်ကြံသူများကို အနိုင်ကျင့်လေ့ ရှိကြသည်။ သူတို့၏ အုပ်ချုပ်မှုနှင့် ဩဇာအာဏာကို ကျင့်ကြံမှုစွမ်းအား တစ်ခုတည်းဖြင့်သာ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ရာ... သူတို့ကို မုန်းတီးပြီး အရုပ်များလုပ်ကာ ကျိန်စာတိုက်နေသူ ဘယ်လောက်များရှိနေမလဲဆိုတာ မသိနိုင်ပေ။

သူတို့တွင် တကယ် ယုံကြည်ရသော သူများ လုံးဝ မရှိပေ။ အကယ်၍ သူတို့သည် ဝိညာဉ်သန္ဓေအဆင့်သာ ရှိတော့ကြောင်းကို အခြားသူများ သိသွားပါက... မြင်းငါးကောင်နဲ့ ဆွဲဖြဲခံရတာ၊ ဓားတစ်ထောင်နဲ့ ခုတ်ထစ်ခံရတာ၊ သားစဉ်မြေးဆက် အသတ်ခံရတာတွေ သေချာပေါက် ကြုံရမှာပဲ!

သူတို့သည် တစ်သက်လုံး ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပုန်းအောင်း ပြေးလွှားနေရတော့မည် ဖြစ်သည်။

...

မဟာကျိုးအင်ပါယာကို ရည်ရွယ်သည့် ကြောက်မက်ဖွယ်ကောင်းသော အကြံအစည်ကြီးတစ်ခုသည် သေးငယ်သော ထျန်းအဆင့် အခန်းလေး တစ်ခုအတွင်း၌ အသံတိတ်ပျက်စီးသွားခဲ့ပြီး၊ ပြိုင်ပွဲကြီးမှာမူ ပုံမှန်အတိုင်း ဆက်လက် ကျင်းပနေခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် နှင့် ရွှေအမြုတေအဆင့်ပွဲစဉ်များမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှရာ၊ စင်အောက်ရှိ ပရိသတ်များမှာ အားရပါးရ ကြည့်ရှုနေကြသည်။ အသိဉာဏ်ရှိသော ဝိညာဉ်လက်နက်များကို မည်ကဲ့သို့ ဆန်းသစ်သော နည်းလမ်းများဖြင့် အသုံးပြုနိုင်မည်ကို ကြိုတင် ခန့်မှန်း၍ မရနိုင်ပေ။ ပြိုင်ပွဲဝင် အများစုမှာ ပထမအကျော့တွင် မိမိတို့၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားခဲ့ကြပြီး၊ ယခုမှသာ အစွမ်းကုန် ထုတ်သုံးလာကြခြင်းဖြစ်သည်။

ဥပမာအားဖြင့် လုပန်းဂိုဏ်းမှ တပည့် ဆိုလျှင်၊ ယခင်က သူသည် ရုပ်သေးရုပ် တစ်ရုပ်တည်းကိုသာ ထုတ်ယူပြီး ဝေ့မိသားစု တပည့်နှင့် တိုက်ခိုက်ခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သူသည် နန်းတော် ၃ ဆောင်နှင့် အဆောင် ၆ ခုစာမျှရှိသော ဇနီးမယား အများအပြားကို တစ်ခါတည်း ထုတ်ယူလာခဲ့သည်။

စင်မြင့်ပေါ်တွင် မိန်းမလှရုပ်သေး များစွာဖြင့် ပြည့်နှက်သွားပြီး အလွန် ကြည့်ကောင်းနေသည်။

ပြိုင်ဘက်ဖြစ်သူမှာ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။

‘ဒါက ရုပ်သေးရုပ်တွေနဲ့ တစ်သက်လုံး အတူနေမယ်လို့ နာမည်ကြီးတဲ့ တစ်ကိုယ်တည်းသမား လုပန်းဂိုဏ်းလား... တကယ်ကို အားကျစရာပဲ။’

"ပြိုင်ပွဲဝင်တွေအနေနဲ့ ဝိညာဉ်လက်နက် အများကြီး အသုံးပြုခွင့် မရှိပါဘူး။" ပြိုင်ပွဲ မစတင်မီမှာပင် ဒိုင်လူကြီးက လုပန်းဂိုဏ်း တပည့်၏ လုပ်ရပ်ကို တားမြစ်လိုက်သည် - "မင်းက စည်းကမ်း ဖောက်ဖျက်တဲ့အတွက်၊ ကျန်တဲ့ ဝိညာဉ်လက်နက်တွေကို ပြန်သိမ်းပြီး တစ်ခုတည်းပဲ ထားပါ..."

"နေပါဦး... ဒါတွေက ဝိညာဉ်လက်နက်တွေမှ မဟုတ်တာ။" လုပန်းဂိုဏ်းတပည့်က ရုပ်သေးရုပ် တစ်ရုပ်ကို ဖက်ကာ၊ လူအစစ်နှင့် ခွဲမရအောင် တူညီသော ပါးပြင်လေးကို ညှစ်ရင်း အသံကျယ်ကြီးဖြင့် ပြန်ပြောလိုက်သည် - "သူတို့ရဲ့ဂုဏ်သိက္ခာကို စော်ကားတာမျိုး ကျွန်တော် ခွင့်မပြုနိုင်ဘူး။ ဒီအမျိုးသမီးတွေ အားလုံးက ကျွန်တော့် ဇနီးတွေပဲ။"

လုပန်းဂိုဏ်းမှ ဖန်တီးသော ရုပ်သေးရုပ်များမှာ အလွန် သေသပ်လှပပြီး အသိဉာဏ် ပွင့်လာပြီးနောက်တွင် လူအစစ်နှင့် ရုပ်သေးရုပ်ကို ခွဲခြားရန် အလွန်ခက်ခဲလှသည်။

လုပန်းဂိုဏ်း တပည့်၏ ရင်ခွင်ထဲရှိ ရုပ်သေးရုပ်လေးမှာ ရှက်တတ်သော အိမ်တွင်းပုန်း မိန်းကလေးတစ်ဦးနှင့် တူပြီး၊ ချစ်သူက သူမကို ကာကွယ်ပြောဆိုလိုက်သည်ကို ကြားသောအခါ ရှက်သွေးဖြာကာ လုပန်းဂိုဏ်း တပည့်၏ ရင်ခွင်ထဲသို့ ခေါင်းဝှက်ထားလိုက်သည်။

ဒိုင်လူကြီးမှာ အချိန်အတော်ကြာ စကားမပြောနိုင်အောင် ဖြစ်သွားပြီးမှ ဆက်ပြောသည် - "... ပြိုင်ပွဲဝင်တွေအနေနဲ့ ပြင်ပအကူအညီ ခေါ်ခွင့်မရှိပါဘူး။ မင်းက အကူအညီ အများကြီး ခေါ်လာတဲ့အတွက်... စည်းကမ်းကို အကြီးအကျယ် ဖောက်ဖျက်ရာ ရောက်ပါတယ်။ ဒီပွဲစဉ်မှာ မင်း ရှုံးတယ်လို့ သတ်မှတ်လိုက်ပါတယ်။"

***

All Chapters