အခန်း (၁၀၃၁-၁၀၃၂)
Vol. 102 Ch. 1031-1032
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၁ + ၁၀၃၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
"မင်းရဲ့ စစ်မြေပြင်ထဲ ရောက်သွားပြီပေါ့လေ...။" ကျောက်ယန်ဖိန်က အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်ရယ်မောလိုက်၏။ "ရေတွင်းထဲက ဖားသူငယ်ပဲ... ငါ့ရဲ့ ဝိညာဉ်စွမ်းအားက မင်းထက် အဆပေါင်းများစွာ သာလွန်တယ်... မင်းရဲ့ စိတ်အာရုံနယ်မြေထဲ ဝင်ပြီး မင်းဝိညာဉ်ကို ကြွေလွင့်သွားအောင် ဖျက်ဆီးပစ်ဖို့ဆိုတာ ငါ့အတွက် လက်တစ်ဖက် လှန်လိုက်သလိုပဲ အလွန်လွယ်ကူတယ်..."
ထိုသည်မှာ အမှန်တကယ်ပင် ဖြစ်၏။ ကျောက်ယန်ဖိန်၏ ဝိညာဉ်အဆင့်သည် တုပိုင်ထက် အဆမတန် မြင့်မားလှသည်။ သူသည် တုပိုင်၏ ဝိညာဉ်ကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်ရုံသာမက ခန္ဓာကိုယ်ကိုပါ အပိုင်စီးနိုင်စွမ်း ရှိနေ၏။
သို့သော် သူ၏ ဝိညာဉ်အသိက တုပိုင်၏ စိတ်အာရုံနယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို ကျောက်ယန်ဖိန် ချက်ချင်း သတိပြုမိလိုက်၏။
အကြောင်းမူကား တုပိုင်က သီးသန့် ဝိညာဉ်ထောင်ချောက်တစ်ခုကို ကြိုတင် ခင်းကျင်းထားခဲ့သောကြောင့်ပင်။
ကျောက်ယန်ဖိန် မြင်တွေ့လိုက်ရသည့် ပတ်ဝန်းကျင်သည် သူနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေပြီး သူ၏ စိတ်ကိုပါ တုန်လှုပ်ချောက်ချားသွားစေတော့၏။
ထိုနေရာမှာ နင်းဟိုင် အမှတ် ၁ အထက်တန်းကျောင်း၏ တတိယနှစ် စာသင်ခန်း ၇ ပင် ဖြစ်နေ၏။
အတန်းထဲရှိ ကျောင်းသားတိုင်း၏ မျက်နှာများကို သူ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပြီး အထူးသဖြင့် ရန်ယဲ့ရှောင်ကို ပို၍ အာရုံစိုက်မိနေသည်။ ထိုစဉ်က သူမသည် အလွန်တရာ နုနယ်ပျိုမြစ်ကာ အလှပဆုံး အရွယ်ဖြစ်ခဲ့သည်။
ထို့နောက်တွင်မူ ကျောက်ယန်ဖိန် တစ်ယောက် သူ့ကိုယ်သူ ပြန်လည်မြင်တွေ့လိုက်ရချိန်၌ အလွန်အမင်း ထိတ်လန့်သွားတော့၏။
ထိုအချိန်က သူ၏ ရုပ်သွင်မှာ အလွန်တရာ အရုပ်ဆိုး အကျည်းတန်လွန်းလှ၏။ မျက်လုံးတစ်ဖက်မှာ စွေစောင်းပုံပျက်နေပြီး ဒူးခေါင်းရိုး ချို့ယွင်းနေမှုကြောင့် ခြေထောက်နှစ်ဖက်မှာလည်း အတိုအရှည် မညီ ဖြစ်နေခဲ့သည်။
"တုပိုင်...။" ကျောက်ယန်ဖိန်က ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးလိုက်သည်။ "မင်းရဲ့ မိန်းမတွေကို ငါ အရင်ဆုံး သတ်ပစ်မယ်... အကုန်လုံးကို သတ်ပစ်မှာ..."
ထို့နောက် သူ၏ အကျည်းတန်လှသော အတိတ်ကို ဆက်မကြည့်ရဲတော့သဖြင့် မျက်လုံးများကို အတင်းအကြပ် မှိတ်ထားရန် ကြိုးစားလိုက်၏။
ထိုသို့တိုင်အောင် ဤသည်မှာ ဝိညာဉ်အာရုံထဲတွင် ဖန်တီးထားသော စိတ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သောကြောင့် မျက်လုံးမှိတ်ထားရုံဖြင့် ရှောင်လွှဲ၍ မရနိုင်ချေ။
လက်ရှိအချိန်တွင် သူသည် ထိုအရုပ်ဆိုးခဲ့သည့် အတိတ်ကို လုံးဝနီးပါး မေ့ပျောက်ထားခဲ့ပြီး ဖြစ်သည်။ အတိတ်က အဖြစ်အပျက်များကို အကုန်အစင် ဖျောက်ဖျက်ကာ သူ့ကိုယ်သူ မွေးရာပါ နတ်ဘုရားတစ်ပါးအလား ထင်မှတ်နေခဲ့သည် မဟုတ်လော။
သို့တိုင် ယခုအခါ တုပိုင်က သူ၏ ဝိညာဉ်အာရုံထဲ၌ အတင်းအကြပ် ပြသလိုက်သော ဤပုံရိပ်ယောင်သည်ကား ကျောက်ယန်ဖိန် တစ်သက်လုံး ဖုံးကွယ်ထားချင်သည့် အရှက်ရဆုံးသော အခိုက်အတန့်ပင် ဖြစ်တော့သည်။
**--**--**--**--**--**--**--**
အကြောင်းမူကား သူသည် အပေါင်းအသင်းကင်းမဲ့ကာ ရုပ်အဆင်း အကျည်းတန်သော်လည်း ပညာရေးတွင် အလွန်ထူးချွန်လွန်းနေသောကြောင့် ဖြစ်၏။ ထို့အတွက်ကြောင့်ပင် အတန်းထဲရှိ ကျောင်းသားဆိုးအချို့က သူ့ကို အနိုင်ကျင့်ကာ အတန်းမစမီ၌ ပုပ်သိုးနေသော ငှက်ပျောသီးများကို အတင်းအကျပ် ထိုးကျွေးခဲ့ကြသည်။
ထိုငှက်ပျောသီးများကို စားပြီး ဆယ်မိနစ်ပင် မပြည့်မီမှာပင် ကျောက်ယန်ဖိန်၏ ဝမ်းဗိုက်မှာ ပြင်းထန်စွာ ရစ်နာလာခဲ့ရာ တစ်ချိန်လုံး အံကြိတ်၍သာ သည်းခံနေခဲ့ရ၏။
ထိုအတန်းချိန် မိနစ် ၄၀ မှာ သူ့ အဖို့ နှစ်ပေါင်းများစွာ ကြာမြင့်နေသကဲ့သို့ ခံစားခဲ့ရပြီး ငရဲကျနေသည်ထက်ပင် ဆိုးရွားနေခဲ့သည်။ ဝမ်းဗိုက်အတွင်းမှ ရုတ်တရက် ထိုးအောင့်လာကာ လှိုင်းလုံးများပမာ အထက်အောက် ဆန်တက်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အလား ဖြစ်နေခဲ့၏။
ထိုစဉ်က ကျောက်ယန်ဖိန်သည် သူ၏ ရှိသမျှ စိတ်ခွန်အားများကို အကုန်အစင် ညှစ်ထုတ်၍ အသည်းအသန် အောင့်အီးသည်းခံနေခဲ့ရ၏။
မိနစ် ၃၀ ခန့် အောင့်ထားပြီးနောက် နောက်ဆုံးတွင်တော့ အတန်းဆင်း ခေါင်းလောင်းသံ မြည်လာခဲ့လေပြီ။ သို့တိုင်အောင် သင်္ချာဆရာက အတန်းချိန်ကို ၅ မိနစ်ခန့် ထပ်မံ ဆွဲထားလိုက်ပြန်၏။
"အတန်းဆင်းပြီ..." နောက်ဆုံးတွင်တော့ သူ အလွန်တရာ နားဝင်ချိုလှသော အသံကို ကြားလိုက်သည်။
ကျောက်ယန်ဖိန်သည် အိမ်သာရှိရာဆီသို့ အရူးအမူး ပြေးသွားလေတော့၏။ အတိုအရှည် မညီသော သူ၏ ခြေထောက်များဖြင့် ဝမ်းဗိုက်ထဲမှ အရာများ အပြင်သို့ ပန်းထွက်လာတော့မည် ဖြစ်သောကြောင့် အသက်လုကာ ပြေးသွားခဲ့၏။
ထိုစဉ်က သူသည် ဘောင်းဘီထဲ ထွက်ကျသွားမည်ကို သေမတတ် ကြောက်ရွံ့နေခဲ့၏။ အထူးသဖြင့် သူ၏ အိပ်မက်ထဲက ချစ်သူ ရန်ယဲ့ရှောင်၏ အရှေ့၌သာ ဆိုလျှင် ပို၍ပင် ဆိုးရွားလှပေလိမ့်မည်။
ထိုသို့သာ တကယ်ဖြစ်သွားပါက မည်မျှတိုင် အရှက်ကွဲရမည်နည်း။
သို့သော် သူ အတန်းထဲမှ ပြေးထွက်သွားသည့် အခိုက်အတန့်မှာပင် အရှေ့ရှိ ကျောင်းသားတစ်ယောက်က ရုတ်တရက် ခြေထောက်လှမ်းကာ သူ့အား ခြေထိုးခံလိုက်၏။
"အား..." ဟူသော အာမေဍိတ်သံနှင့်အတူ ကျောက်ယန်ဖိန် ပက်လက်လန် လဲကျသွားရသည်။
ထိုအခါ သူသည် ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ ဝမ်းဗိုက်ထဲရှိ အရာများက တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာကာ ဘောင်းဘီထဲ၌ အကုန်အစင် ထွက်ကျသွားလေတော့၏။
အလွန် ဆိုးရွားလှသော အနံ့အသက်တစ်ခုက စာသင်ခန်း တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
မရေမတွက်နိုင်သော ကဲ့ရဲ့လှောင်ပြောင်သံများ ၊ အံ့ဩတုန်လှုပ်မှုများနှင့်အတူ စက်ဆုပ်ရွံရှာဖွယ် မျက်လုံးပေါင်းများစွာက သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။
ဤသည်မှာ ကျောက်ယန်ဖိန်အတွက် အရှက်ရဆုံး အခိုက်အတန့်ဖြစ်ခဲ့ပြီး တစ်သက်လုံး မေ့မရနိုင်သော အိပ်မက်ဆိုးကြီးတစ်ခုပင်။
ထိုဖြစ်ရပ်ပြီးနောက် ကျောက်ယန်ဖိန်သည် ကျောင်းထွက်လိုက်ပြီး ခြောက်လအကြာမှသာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အပြင်မှနေ၍ တိုက်ရိုက် ဖြေဆိုခဲ့ရာ အထင်ကရ တက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရရှိခဲ့၏။
သို့သော် ထိုအချိန်က ကျောက်ယန်ဖိန် ခံစားခဲ့ရမှုသည် သေရသည်ထက်ပင် ပို၍ ဆိုးရွားခဲံသည်။
ထို့ကြောင့် တုပိုင်မှာ သူ၏ စိတ်အာရုံထဲ၌ ထိုမြင်ကွင်းကို ပြန်လည် ဖန်တီးလိုက်ပြီး ကံကြမ္မာမိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်အား ထိုအရှက်ရမှုကြီးကို နောက်တစ်ကြိမ် ပြန်လည် ခံစားစေလိုက်ခြင်းပင်။
**--**--**--**--**--**--**--**
ကျောက်ယန်ဖိန်၏ ဝိညာဉ်သည် ပြင်းထန်လှသည့် နာကျင်မှုကြီးထဲသို့ နစ်မွန်းသွားတော့၏။ ဆယ်စုနှစ် နှစ်ခုကျော် ကြာမြင့်ခဲ့သည့်တိုင် ထိုနာကျင်မှုနှင့် အရှက်ရမှုများက သူ၏ ဝိညာဉ်ကို ဆုတ်ဖြဲနေဆဲပင်။
"အားးး" ကျောက်ယန်ဖိန်၏ မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်ရှုံ့မဲ့ပုံသွားလေ၏။
တတိယနှစ် အခန်း ၇ စာသင်ခန်းကြီးနှင့် နင်းဟိုင် အမှတ် ၁ အထက်တန်းကျောင်းကြီး ပျောက်ကွယ်သွားတော့သည်။ တုပိုင် ဖန်တီးထားသော စိတ်အာရုံပုံရိပ်ယောင်မှာ လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
ကျောက်ယန်ဖိန်က တုပိုင်အား အေးစက်စွာ စိုက်ကြည့်ရင်း ပြောလာ၏။ "တုပိုင်... ဒါက မင်းရဲ့ ယုတ်မာတဲ့ စိတ်အာရုံ လှည့်ကွက်လား... ဒီလို ကလေးကလား လှည့်ကွက်မျိုးနဲ့ ငါ့စိတ်ကို ပြိုလဲသွားအောင် လုပ်နိုင်မယ် ထင်နေတာလား... မင်းက အရမ်း အသုံးမကျတာပဲ... မင်းကို ငါပြောပြမယ်... ရန်ယဲ့ရှောင်ကလွဲရင် အဲဒီတုန်းက ကိစ္စကို မျက်မြင်တွေ့ခဲ့တဲ့ လူတွေအားလုံးကို ငါ ကိုယ်တိုင် သတ်ပစ်လိုက်ပြီ..."
ကျောက်ယန်ဖိန်က ရက်စက်စွာ ဆက်ပြောလာ၏။ "အစကတော့ မင်းခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးရင် မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို ကောင်းကောင်းမွန်မွန် ထားပေးမလို့ပဲ... ဒါပေမဲ့ မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်ခဲ့ပြီဆိုတော့ သူတို့ကို အသေဆိုးနဲ့ သေအောင် နှိပ်စက်ပစ်မယ်..."
ထို့နောက် သူ၏ စိတ်စွမ်းအားများက တုပိုင်၏ ဝိညာဉ်ကို ဆက်လက် ဖိနှိပ်လိုက်ပြီး တုပိုင်၏ စိတ်အာရုံနယ်မြေနှင့် ခန္ဓာကိုယ်ကို အပိုင်သိမ်းရန် ကြိုးစားလိုက်တော့၏။
သို့သော် နောက်တစ်စက္ကန့်၌ပင် နောက်ထပ် ပုံရိပ်ယောင်တစ်ခု ထပ်မံ ထွက်ပေါ်လာကာ ဒုတိယမြောက် စိတ်အာရုံထောင်ချောက်တစ်ခု ပွင့်လာပြန်သည်။
ထိုနေရာမှာ ကျောက်ယန်ဖိန်၏ အိမ်ဟောင်းလေးဖြစ်ပြီး သူနှင့် ရင်းနှီးကျွမ်းဝင်နေသည့် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းတို့ ပါဝင်၏။
ထိုမြင်ကွင်းထဲတွင် ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်နေသည်။ မိခင်ဖြစ်သူမှာ အိမ်နီးနားချင်းများ ကြားသွားမည်ကို စိုးရိမ်သဖြင့် အသံမထွက်စေရန် ကြိတ်မှိတ်၍သာ သည်းခံနေခဲ့ရ၏။
ကျောက်ယန်ဖိန်၏ ဖခင်မှာ ဆရာဝန်တစ်ဦးဖြစ်ပြီး ရုပ်ရည်ချောမောကာ ဆေးပညာစွမ်းရည်မှာလည်း အလွန် ထူးချွန်လှသည်။ အပြင်ပန်းတွင် ယဉ်ကျေးသိမ်မွေ့သူ တစ်ဦးဖြစ်၍ လူတိုင်း၏ ချီးကျူးလေးစားမှုကို ရရှိထားသော်လည်း ၊ သူ၏အတွင်းစိတ်၌ ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ၊ ရူးသွပ်မှုများနှင့် စိတ်ကစဉ့်ကလျား ရောဂါများ ရှိနေသည်ကိုမူ သိသူ အလွန် နည်းပါးလှ၏။
လွန်ခဲ့သော အချိန်ကြာမြင့်စွာ ကတည်းကပင် ဇနီးဖြစ်သူ ဖောက်ပြန်နေသည်ဟု သံသယဝင်နေခဲ့သဖြင့် သူသည် မိန်းမဖြစ်သူကို မကြာခဏ ရိုက်နှက်လေ့ရှိသည်။
ထိုအချိန်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးသွားကာ ကျောက်ယန်ဖိန်မှာ အထင်ကရ တက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရရှိခဲ့သဖြင့် မိသားစု တစ်ခုလုံး အလွန် ပျော်ရွှင်နေခဲ့ကြသည့် အချိန်ဖြစ်၏။ သို့သော် ကျောက်ယန်ဖိန်၏ မိခင်က အမျိုးသားတစ်ဦးနှင့် အချိန်အတော်ကြာ စကားပြောခဲ့ပြီးနောက် သူမ၏ အမူအရာမှာ ပိုမို ယဉ်ကျေးသိမ်မွေ့လာသည်ဟု အကြောင်းပြကာ ၊ ဖခင်ဖြစ်သူက ဇနီးဖြစ်သူ ဖောက်ပြန်နေသည်ဟု သံသယဝင်ကာ နောက်တစ်ကြိမ် ထပ်မံ ရိုက်နှက်ခဲ့ခြင်းပင်။
ထိုတစ်ကြိမ်တွင်မူ သူ၏ ရိုက်နှက်မှုမှာ အလွန်တရာ ပြင်းထန်လွန်းလှပြီး ဇနီးဖြစ်သူ၏ နံရိုးများ ကျိုးသွားသည်အထိ ဖြစ်ခဲ့ရသည်။
ကျောက်ယန်ဖိန်သည် ဖခင်ဖြစ်သူအား တားဆီးရန် အတင်း ဝင်ရောက်ဆွဲသော်လည်း ကန်ထုတ်ခြင်း ခံလိုက်ရ၏။
ရူးသွပ်နေသော ဖခင်ဖြစ်သူက ဂက်စ်မီးဖိုပေါ်ရှိ ရေနွေးအိုးကို ဆွဲယူကာ ဇနီးဖြစ်သူအပေါ်သို့ ရေနွေးပူများဖြင့် လောင်းချရင်း အော်ဟစ်လိုက်ခဲ့သည်။ "အရှက်မရှိတဲ့ မိန်းမ... ဖောက်ပြန်တဲ့ မိန်းမ..."
"အားးး" အသံကျယ်ကျယ် မအော်ရဲခဲ့သော မိခင်ဖြစ်သူမှာ နာကျင်မှုကြောင့် ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ဟစ်သံကြီးဖြင့် အော်ဟစ်လိုက်ရတော့သည်။
အမြဲတမ်း သူရဲဘောကြောင်ခဲ့သော ကျောက်ယန်ဖိန်သည် ထိုမြင်ကွင်းကို ဆက်လက် သည်းမခံနိုင်တော့ဘဲ ခေါင်းစိုက်ကာ ဖခင်ဖြစ်သူဆီသို့ အရူးအမူး ပြေးဝင်သွားလေ၏။ ထို့နောက် နွားသိုးတစ်ကောင်အလား ဖခင်ဖြစ်သူ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ခွေ့တိုက်ပစ်လိုက်သည်။
ထိုအရှိန်ဖြင့် ဖခင်ဖြစ်သူသည် လသာဆောင်ပေါ်မှ လွင့်စင်သွားကာ ပဉ္စမထပ်မှနေ၍ အောက်သို့ ပြုတ်ကျသွားလေတော့၏။ ထိုသို့ဖြင့် ကျောက်ယန်ဖိန်၏ ဖခင်ဖြစ်သူမှာ သေဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် သားဖြစ်သူကို ကာကွယ်လိုသောကြောင့် မိခင်ဖြစ်သူက သူမကိုယ်တိုင် ခင်ပွန်းဖြစ်သူကို တွန်းချခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၌ သွားရောက် အဖမ်းခံခဲ့လေ၏။
သူမသည် ကျောက်ယန်ဖိန်ကိုယ်စား ပြစ်ဒဏ်ကို ခံယူခဲ့ပြီး လူသတ်မှုဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်။
**--**--**--**--**--**--**--**
ဤသည်မှာ ကျောက်ယန်ဖိန်၏ ဒုတိယမြောက် နာကျင်ဖွယ်ရာ မှတ်ဉာဏ်ပင် ဖြစ်၏။ ထိုအတိတ်ကို ဝိညာဉ်အာရုံထဲ၌ အလုံးစုံ ပြန်လည် ဖန်တီးလိုက်ခြင်းပင်။
ဤတစ်ကြိမ်၌မူ ကျောက်ယန်ဖိန်မှာ လုံးဝနီးပါး ပြိုလဲသွားလေပြီ။ ပထမအကြိမ် ဘောင်းဘီထဲ ထွက်ကျသွားခဲ့သည့် အရှက်ရမှုနှင့် နှိုင်းယှဉ်လျှင် ဤဒုတိယမြောက် မှတ်ဉာဏ်၏ နာကျင်မှုမှာ ဆယ်ဆ ၊ ရာဆမက ပြင်းထန်လွန်းလှ၏။
ထို့ကြောင့်ပင် ဤမှတ်ဉာဏ်ကို ကျောက်ယန်ဖိန်က သူ၏ စိတ်အောက်ခြေ၌ လုံးဝ ချိပ်ပိတ် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။ အကြောင်းမူကား ထိုနာကျင်မှုသည် သူ ခံနိုင်ရည်ရှိသော အတိုင်းအတာထက် အဆမတန် ကျော်လွန်နေသောကြောင့်ပင်။
ထိုသို့ ဖုံးကွယ်ထားခဲ့သဖြင့် ကျောက်ယန်ဖိန်အတွက် ဤဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသည့် အတိတ်မှာ မဖြစ်ပွားခဲ့သကဲ့သို့ ထင်မှတ်ရသော်လည်း သူ၏ မှတ်ဉာဏ်ထဲ၌မူ အမြဲတမ်း ကွက်လပ်တစ်ခု ဖြစ်နေခဲ့သည်။
ယခုအချိန်၌ ထိုနာကျင်မှုကို သူ ကိုယ်တိုင်ကိုယ်ကျ ထပ်မံ ခံစားလိုက်ရပြန်၏။ ကျောက်ယန်ဖိန်၏ ဝိညာဉ်တစ်ခုလုံး ရုတ်တရက် ပြိုလဲသွားပြီး သူ၏ စိတ်ဝိညာဉ်မှာ စတင် ကွဲအက်လာတော့သည်။
ကျောက်ယန်ဖိန်၏ ဝိညာဉ်မှာ ခါးသီးစွာ ငိုကြွေးရင်း ရေရွတ်လာတော့၏။ "တောင်းပန်ပါတယ် အဖေ... သား တမင် လုပ်ခဲ့တာ မဟုတ်ပါဘူး... သား တမင် လုပ်ခဲ့တာ မဟုတ်ပါဘူး... တောင်းပန်ပါတယ် အမေ... သား အရမ်း ကြောက်တယ်... သား အရမ်း ကြောက်တယ်... တောင်းပန်ပါတယ် အဖေ... အမေ့အပေါ် အဖေ့ သံသယက မှန်ပါတယ်... ဘာလို့လဲဆိုတော့ သား ကိုယ်တိုင် မျက်မြင်တွေ့ခဲ့လို့ပါ..."
ကျောက်ယန်ဖိန်က ဆက်လက် တွေးတောလိုက်၏။ "ငါ ဘာလုပ်ရမလဲ... ဟုတ်တယ်... ငါ တုပိုင်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ရမယ်... တုပိုင်ရဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်ရမယ်... ဒီကိစ္စက ပြီးသွားခဲ့ပြီ... ငါ တမင် လုပ်ခဲ့တာ မဟုတ်ဘူး... ငါ တမင် လုပ်ခဲ့တာ မဟုတ်ဘူး... ငါက အမေ့ကို ကယ်တင်ဖို့ လုပ်ခဲ့တာပဲ... ပြီးတော့ ငါ့အမေ ငါ့ကိုယ်စား အပြစ်ခံယူပေးခဲ့တာက သူ့ရဲ့ စိတ်ထဲမှာ အပြစ်ရှိနေတယ်လို့ ခံစားရလို့ပဲ... ဘာလို့လဲဆိုတော့ သူက အဖေ့အပေါ် တကယ်ပဲ ဖောက်ပြန်ခဲ့လို့လေ... ငါ့မှာ ဘာအပြစ်မှ မရှိဘူး... ငါ ဘာအပြစ်မှ မလုပ်ခဲ့ဘူး..."
ပြိုလဲလုဆဲဆဲ ဖြစ်နေသော ကျောက်ယန်ဖိန်၏ ဝိညာဉ်မှာ တစ်ဖန် ပြန်လည် တည်ငြိမ်သွားပြန်၏။ ထို့နောက် သူက တုပိုင်၏ ဝိညာဉ်ကို အလွန်တရာ နာကြည်းစွာ စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်၏။ "ယုတ်မာပြီး အရှက်မရှိတဲ့ တုပိုင်... မင်း လုပ်ခဲ့တဲ့ အရာတွေအတွက် ပြန်ပေးဆပ်ရမယ်... မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို အသက်ရှင်လျက်နဲ့ ငရဲကျနေသလို ဖြစ်အောင် ငါ လုပ်ပစ်မယ်... မင်း ငါ့ကို ပေးခဲ့တဲ့ နာကျင်မှုတွေကို ဆယ်ဆ ၊ ရာဆ ပြန်ပေးဆပ်ခိုင်းမယ်ကွ... အားးးး"
ထို့နောက် ကျောက်ယန်ဖိန်က ရယ်မောကာ ပြောလာ၏။ "ဒီလို ယုတ်မာတဲ့ စိတ်အာရုံ လှည့်ကွက်တွေနဲ့ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား... ငါ့အဖေကို လသာဆောင်ပေါ်ကနေ မတော်တဆ တွန်းချမိခဲ့တယ်... အမေ့ကိုလည်း ငါ့အတွက် အပြစ်ခံယူပေးဖို့ တောင်းဆိုခဲ့တယ်... အဲဒါက ဘာဖြစ်လဲ... သူတို့ အားလုံးက အပြစ်ရှိတဲ့သူတွေချည်းပဲ... ဒီအရာအားလုံးက သူတို့ခံထိုက်တဲ့ ကံကြမ္မာရဲ့ အပြစ်ပေးမှုပဲလေ..."
ထို့နောက် ကျောက်ယန်ဖိန်သည် သူ၏ အလွန်တရာ အစွမ်းထက်လှသော စိတ်စွမ်းအားများကို အသုံးပြုကာ တုပိုင်၏ ဝိညာဉ်ကို ချေမှုန်းရန် စိတ်အာရုံနယ်မြေကို ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်လိုက်၏။
တုပိုင်၏ ဝိညာဉ်မှာ တဖြည်းဖြည်း နောက်ဆုတ်သွားရပြီး အပြင်းအထန် ဖိသိပ်ခံလိုက်ရသည်။ သူ၏ စိတ်အာရုံနယ်မြေများမှာ တစ်ခုပြီးတစ်ခု ကျဆုံးသွားကာ ၊ မကြာမီမှာပင် သူ၏ ဝိညာဉ်မှာ နယ်မြေ၏ ထောင့်ငယ်လေးတစ်ခုထဲသို့ လုံးလုံးလျားလျား ဖိသိပ်ခံလိုက်ရပြီး ဝိညာဉ်စွမ်းအင်များ အားလုံး တောက်ပသော အလင်းစက်လေးတစ်ခုအဖြစ်သို့ စုပြုံကျုံ့ဝင်သွားလေတော့၏။
ကျောက်ယန်ဖိန်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "သေလိုက်စမ်း... မင်းရဲ့ ဝိညာဉ် ကြွေလွင့်ပျောက်ကွယ်သွားပါစေ တုပိုင်... မင်းရဲ့ မိန်းမတွေကို စောင့်ရှောက်ပေးဖို့ မင်းကို ငါ မောင်းထုတ်ပစ်မယ်... မင်းရဲ့ ကလေးတွေကိုလည်း သေချာ စောင့်ရှောက်ပေးမယ်... သူတို့ကို ငရဲဘုံဆယ့်ရှစ်ထပ်ရဲ့ အရသာကို ခံစားရအောင် လုပ်ပေးမယ်..."
ထို့နောက် ကျောက်ယန်ဖိန်သည် တုပိုင်၏ ဝိညာဉ်ဆီသို့ အဆုံးအဖြတ် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်လေတော့၏။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် စိတ်အာရုံ ပုံရိပ်ယောင်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဤသည်မှာ တတိယမြောက်နှင့် နောက်ဆုံး စိတ်အာရုံပုံရိပ်ယောင်ဖြစ်ပြီး တုပိုင်၏ နောက်ဆုံး အဆုံးအဖြတ် တိုက်ကွက်ပင်။
ဤပုံရိပ်ယောင်၏ နောက်ခံမှာ အမေရိကတွင် ဖြစ်၏။
လက်ရှိအချိန်၌ ဟားဗတ်ဆေးတက္ကသိုလ်မှ ဆရာဝန်တစ်ဦးဖြစ်သော ကျောက်ယန်ဖိန်သည် အိမ်ထောင်ကျနေပြီ ဖြစ်ပုံရသည်။
ဇနီးဖြစ်သူမှာ သိပ်မလှပသော်လည်း ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကောက်ကြောင်း ရှိ၏။
ထိုစဉ်က ကျောက်ယန်ဖိန်သည် ဝင်ငွေအလွန်ကောင်းနေခဲ့ပြီ ဖြစ်၏။ ဒူးခေါင်းရိုး ချို့ယွင်းနေမှုကို ၈၀ ရာခိုင်နှုန်းခန့် ခွဲစိတ်ပြုပြင်ထားနိုင်ခဲ့ကာ မျက်လုံးအရွယ်အစားကိုလည်း ပြုပြင်ထားနိုင်ခဲ့သော်လည်း ၊ သူသည် အနည်းငယ် ခြေမညီဖြစ်နေဆဲဖြစ်ပြီး မျက်နှာသွင်ပြင်မှာလည်း အနည်းငယ် မညီညာသေးဘဲ ချောမောမှုနှင့်မူ အလှမ်းဝေးနေဆဲပင်။
ထို့ကြောင့် လူ့အသိုင်းအဝိုင်းထဲ၌ ကောင်းစွာ ဝင်ဆံ့နိုင်သော်လည်း သင့်လျော်သော မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ပြုရန်မှာမူ အလွန် ခက်ခဲလှ၏။
သူ၏ ဇနီးဖြစ်သူမှာ အမေရိကန်သို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိလာကာ အလုပ်လုပ်ရန် နေထိုင်ခဲ့သော်လည်း ၊ ဗီဇာ သက်တမ်းကုန်ဆုံးသွားခဲ့သောကြောင့် တရားမဝင် နေထိုင်သူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။
ထို့အပြင် သူမ၌ မည်သည့် ပညာအရည်အချင်းမျှ မရှိသဖြင့် ဂရင်းကတ်ရရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ကျောက်ယန်ဖိန်နှင့် လက်ထပ်ပြီးနောက်မှသာ သူမ အမြဲတမ်း နေထိုင်ခွင့်လက်မှတ်ကို အောင်မြင်စွာ ရရှိသွားခဲ့ခြင်း ဖြစ်၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၁ + ၁၀၃၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။