← Chapters

အခန်း (၁၀၃၃-၁၀၃၄)

Vol. 102 Ch. 1033-1034

အခန်း (၁၀၃၃-၁၀၃၄)

Vol. 102 Ch. 1033-1034

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၃ + ၁၀၃၄)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

သို့သော် ဇနီးဖြစ်သူက ကျောက်ယန်ဖိန်၏ အတိုအရှည်မညီသည့် ခြေထောက်များနှင့် ပုံပျက်နေသည့် မျက်နှာသွင်ပြင်ကို ရွံရှာမုန်းတီးခဲ့သဖြင့် လက်ထပ်ပြီး နှစ်နှစ်အကြာတွင် လူဖြူအမျိုးသားတစ်ဦးနှင့် စတင်ဖောက်ပြန်ခဲ့တော့၏။

ထိုသို့ဖြင့် ကျောက်ယန်ဖိန်တစ်ယောက် ဇနီးသည်၏ ဖောက်ပြန်မှုကို ခံခဲ့ရသည်။

မကြာမီမှာပင် ဇနီးဖြစ်သူက ကွာရှင်းခွင့် တောင်းဆိုလာပြီး ကျောက်ယန်ဖိန်က သူမအား ပါးရိုက်ထားသည့် ဗီဒီယိုသက်သေတစ်ခုကိုပါ ထုတ်ပြလာခဲ့၏။

ထိုအကျိုးဆက်အနေဖြင့် ကျောက်ယန်ဖိန်မှာ အိမ်ပေါ်မှ နှင်ချခံလိုက်ရကာ သူ၏ အိမ် ၊ ဇနီးနှင့် သားဖြစ်သူတို့ကိုပါ ဆုံးရှုံးသွားခဲ့ရသည်။

ဇနီးဟောင်းဖြစ်သူမှာ သူရှာဖွေထားသည့် ငွေကြေးများဖြင့် သူ၏အိမ်ထဲတွင် နေထိုင်ရင်း လူဖြူချစ်သူနှင့်အတူ သာယာပျော်ရွှင်နေခဲ့၏။ ထို့အပြင် ကျောက်ယန်ဖိန်သည် ဇနီးဟောင်းဖြစ်သူအား လစဉ်လတိုင်း လျော်ကြေးငွေ အမြောက်အမြားကိုပါ ပေးဆောင်နေရသေးသည်။

ဤသည်မှာ မည်မျှကြီးမားလှသည့် အရှက်ရမှုနှင့် နာကျင်ရမှုကြီး ဖြစ်မည်နည်း။

ထို့ကြောင့် ကျောက်ယန်ဖိန်သည် ဇနီးဟောင်းနှင့် သူမ၏ချစ်သူအား သတ်ဖြတ်ရန် စတင်စီစဉ်တော့၏။ မည်သူမှ မသိရှိနိုင်စေရန် တိတ်တဆိတ် သတ်ပစ်လိုခဲ့ပြီး သူ၏အပေါ်သို့ မည်သည့်သံသယမျှ အကျရောက်မခံနိုင်​ချေ။

ဇနီးဟောင်းကို သတ်ဖြတ်ပြီးနောက် သူသည် သားဖြစ်သူ၏ အုပ်ထိန်းခွင့်ကို ပြန်လည်ရယူနိုင်မည်ဖြစ်ပြီး သူ၏ ရတနာလေးမှာလည်း သူ့ထံသို့ ပြန်လည်ရောက်ရှိလာလိမ့်ပေမည်။

ကလေးငယ်လေးမှာ သူ၏ဘဝအတွက် အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်ပြီး သူ့ကို ပျော်ရွှင်စေနိုင်သည့် တစ်ခုတည်းသော ခွန်အားပင်။

သူသည် မရေမတွက်နိုင်သော နည်းလမ်းများကို တွေးတောခဲ့၏။ အကြောင်းမူကား ဇနီးဟောင်းနှင့် သူမ၏ချစ်သူတို့ သေဆုံးသွားသည်နှင့် တပြိုင်နက် ရဲများက သူ့ကို ပထမဆုံးအနေဖြင့် သံသယဝင်လာကြမည် ဖြစ်သောကြောင့်ပင်။

ထိုစဉ်က ကျောက်ယန်ဖိန်၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ လုံးဝမကောင်းမွန်ခဲ့ချေ။ ရဲများ၏ စစ်ဆေးမေးမြန်းမှုကို ခံရသည်နှင့် သူ၏အားနည်းချက်များကို သေချာပေါက် ဖော်ပြမိသွားပေလိမ့်မည်။

ထို့ကြောင့် သူသည် လုံးဝ အကူအညီမဲ့နေခဲ့ရပြီး ဖောက်ပြန်သူစုံတွဲ သာယာပျော်ရွှင်နေသည်ကိုသာ ရပ်ကြည့်နေခဲ့ရကာ သူကိုယ်တိုင်မှာမူ ဝေဒနာများနှင့် နာကျင်မှုများကြားတွင်သာ ရှင်သန်နေခဲ့ရသည်။

ထိုအချိန်တွင် အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့၏။ သူသည် အမေရိကန် လမ်းမများပေါ်ရှိ အိမ်ခြေယာမဲ့များနှင့် မကွာခြားလှသော သပ်ရပ်မှုမရှိသည့် အမျိုးသားတစ်ဦးပင်။

ထိုအမျိုးသားက ဇနီးဟောင်းနှင့် ချစ်သူဖြစ်သူတို့ကို သေဆုံးသွားစေမည့် မတော်တဆမှုတစ်ခုအား သူ ဖန်တီးပေးနိုင်ပြီး ကျောက်ယန်ဖိန်အတွက်မူ မည်သည့် ဥပဒေရေးရာ အန္တရာယ်မျှ ရှိလာမည်မဟုတ်ကြောင်း ပြောဆိုခဲ့၏။

သိသာလှစွာပင် ကျောက်ယန်ဖိန်က ထိုစကားကို မယုံပေ။

သို့သော် ထိုအမျိုးသားက အကယ်၍ သူသာ ကိစ္စများကို ပြီးမြောက်အောင် ကျောက်ယန်ဖိန်အား ကူညီပေးနိုင်ခဲ့ပါက ယခုမှစ၍ ကျောက်ယန်ဖိန်၏ ဝိညာဉ်သည် သူ၏အပိုင် ဖြစ်သွားမည်ဟု ပြောဆိုလာခဲ့၏။

ကျောက်ယန်ဖိန်သည်လည်း သဘောတူလက်ခံလိုက်သည်။

ထို့နောက် ထိုအိမ်ခြေယာမဲ့က ကျောက်ယန်ဖိန်အား လူသူကင်းမဲ့သော တောအုပ်တစ်ခုဆီသို့ သွားခိုင်းကာ ကားတစ်စီးပေါ်မှ ရုပ်ဆိုးသည့် ဝက်ဝံစတစ်ကာတစ်ခုကို ခွာယူစေပြီး မလှမ်းမကမ်းရှိ အခြားကားတစ်စီးပေါ်သို့ ကပ်ခိုင်းခဲ့၏။ ကားနှစ်စီးစလုံးမှာ ပုံစံတူ တိုယိုတာ ကိုရိုလာကားများပင်။

ကျောက်ယန်ဖိန်ကလည်း ခိုင်းသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ တစ်နာရီ ကြာပြီးနောက် ကျောက်ယန်ဖိန် တီဗွီပေါ်မှ သတင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ တောင်ပေါ်လမ်းတစ်ခုတွင် ပြင်းထန်သည့် သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ တိုယိုတာ ကိုရိုလာကားတစ်စီးမှာ ကျည်ဆန်ပေါင်း ရာနှင့်ချီ၍ ပစ်ခတ်ခံခဲ့ရ၏။ ကားတစ်စီးလုံးမှာ အပိုင်းပိုင်းအစစ ပစ်ခတ်ခံထားရပြီး ကျည်ပေါက်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုသေနတ်ပစ်ခတ်မှုသည် မူးယစ်ဆေးဝါး မှောင်ခိုသမားများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သော်လည်း မှောင်ခိုသမားများ၏ ကျည်ဆန်များက အပြစ်ကင်းသည့် ကားတစ်စီးပေါ်သို့ အဘယ်ကြောင့် ကျရောက်သွားခဲ့ရသည်ကိုမူ မည်သူမျှ မသိရှိခဲ့ကြချေ။

ထိုကားပေါ်တွင် ရုပ်ဆိုးသည့် ဝက်ဝံစတစ်ကာတစ်ခု ရှိနေသည်ကိုပါ ကျောက်ယန်ဖိန်က ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ထို့နောက် တီဗွီစခရင်ပေါ်၌ သွေးသံတရဲရဲဖြစ်နေသည့် ဇနီးဟောင်းနှင့် လူဖြူချစ်သူတို့ကို သူ မြင်တွေ့လိုက်ရ၏။ သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များပေါ်သို့ ကျည်ဆန်တစ်ဒါဇင်ခန့် ထိမှန်ထားခဲ့ပြီး လုံးဝ သေဆုံးနေခဲ့ကြလေပြီ။

ထိုအချိန်က ကျောက်ယန်ဖိန်၏ ရင်ထဲရှိ ပျော်ရွှင်မှုကို မည်သည့်စကားလုံးများဖြင့်မျှ ဖော်ပြ၍ မရနိုင်ခဲ့ချေ။

သို့သော် တီဗွီစခရင်ပေါ်ရှိ နောက်ထပ်မြင်ကွင်းတစ်ခုကတော့ သူ့ကို ရူးသွပ်မတတ် လုံးဝ ပြိုလဲသွားစေခဲ့တော့၏။

အကြောင်းမူကား ကား၏နောက်ခန်းထိုင်ခုံပေါ်တွင် ကလေးထိုင်ခုံတစ်ခု ရှိနေပြီး ထိုထိုင်ခုံပေါ်၌ အသက်နှစ်နှစ်ပင် မပြည့်သေးသည့် ကလေးငယ်တစ်ဦး ရှိနေသောကြောင့်ပင်။ ထိုကလေးငယ်မှာ ကျောက်ယန်ဖိန်၏ သားလေး ၊ သူ အချစ်ရဆုံးသော သားလေးပင် ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ယန်ဖိန်၏ ဝိညာဉ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားခဲ့ရသည်။

မည်သို့လုပ်၍ ဤသို့ ဖြစ်သွားရသနည်း။ မည်သို့လုပ်၍ ဤသို့ ဖြစ်သွားရသနည်း။

အဖြစ်အပျက် မတိုင်မီကပင် ကျောက်ယန်ဖိန်သည် ကလေးထိန်းကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး သူ၏ သားလေးမှာ ထိုကျောင်း၌ ပျော်ရွှင်စွာ ဆော့ကစားနေခဲ့သည်မှာ ထင်ရှားလှ၏။

ထိုသို့ဆိုလျှင် သူ၏ သားလေးက အဘယ်ကြောင့် ထိုကားထဲသို့ ရောက်ရှိနေခဲ့ရသည်နည်း။

ထိုခွေးနှင့်တူသည့် ဖောက်ပြန်သူစုံတွဲကိုသာ သတ်ပစ်လိုခဲ့ခြင်းဖြစ်သော်လည်း သူ၏ သားလေးကိုမူ အလွန်တရာ ချစ်ခင်မြတ်နိုးလှ၏။ ထိုစုံတွဲ သေဆုံးသွားပြီးနောက်တွင် သားဖြစ်သူ၏ အုပ်ထိန်းခွင့်ကို သူ ပြန်လည်ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။

သူသည် ထိုဖောက်ပြန်သူစုံတွဲကိုသာ သတ်ပစ်လိုခဲ့သော်လည်း နောက်ဆုံးတွင်တော့… စိတ်အာရုံပုံရိပ်ယောင်ထဲရှိ ကျောက်ယန်ဖိန်က သားရဲတစ်ကောင်အလား နာကျင်စွာဖြင့် ဟိန်းဟောက်ရတော့သည်။ “အားးးးးးး မဟုတ်ဘူးးးး အားးးးး”

မတ်တပ်ပင် မရပ်နိုင်တော့ဘဲ နာကျင်မှုကြောင့် မြေပြင်ပေါ်၌ လူးလှိမ့်နေခဲ့သည်။ အသည်းအသန် အော့အန်နေပြီးနောက် မစင်များ ထွက်ကျလာကာ တစ်ကိုယ်လုံး အသက်ရှူကျပ်လာပြီး သွေးများ အန်လာသည်အထိ ဆက်တိုက်အော့အန်နေခဲ့တော့၏။

သူ ဆက်လက်၍ မရှင်သန်နိုင်တော့ချေ။ ကိုယ့်ကိုယ်ကိုယ် ဓားဖြင့် အဆုံးစီရင်ရန်အတွက် မီးဖိုချောင်ဆီသို့ အားယူ၍ တွားသွားသွားခဲ့၏။ ထိုအချိန်တွင် ထိုအိမ်ခြေယာမဲ့အမျိုးသားက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ ကျောက်ယန်ဖိန်၏ ဝိညာဉ်ကို လာရောက် သိမ်းယူခြင်းပင်။

သို့သော် ထိုလူက ပြောခဲ့သည်။

အကယ်၍ ကျောက်ယန်ဖိန်သာ သူ၏ ရုပ်သေးရုပ်ဖြစ်လာရန် ဆန္ဒရှိပါက ကျောက်ယန်ဖိန်၏ ခြေထောက်မသန်စွမ်းမှုနှင့် မျက်နှာပေါ်ရှိ ပုံပျက်နေမှုများအားလုံး ပျောက်ကွယ်သွားမည်ဖြစ်ပြီး ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှပသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်လာကာ နာကျင်ဖွယ်ရာ မှတ်ဉာဏ်များအားလုံးလည်း လုံးဝပျောက်ကွယ်သွားအောင် လုပ်ပေးမည်ဟူ၍ပင်။

နာကျင်မှုကြောင့် ပြိုလဲနေပြီဖြစ်သည့် ကျောက်ယန်ဖိန်သည် အသည်းအသန် ဦးညွှတ်ကာ ခေါင်းကို ဆောင့်ချလိုက်တော့၏။

ထို့နောက် ထိုအိမ်ခြေယာမဲ့အမျိုးသားက သူ၏လက်ဖြင့် ကျောက်ယန်ဖိန်၏ ခေါင်းပေါ်သို့ ညင်သာစွာ ခေါက်ချလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် သူ၏ နာကျင်ဖွယ်မှတ်ဉာဏ်များအားလုံးမှာ ဦးနှောက်ထဲမှ ဖြတ်တောက်ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားတော့၏။

သူ၏ ခြေထောက်မသန်စွမ်းမှု ပျောက်ကွယ်သွားခဲ့ပြီး မျက်နှာပုံပျက်နေမှုလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအချိန်မှစ၍ ကံကြမ္မာမိစ္ဆာနယ်စားကြီး မွေးဖွားလာခဲ့ခြင်း ဖြစ်၏။ မည်သည့် စိတ်ခံစားမှုမျှ မရှိဘဲ ကိုယ်ချင်းစာနာတရား ကင်းမဲ့နေသည့် အရူးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

သေချာသည်မှာ ထိုအိမ်ခြေယာမဲ့ဆိုသူမှာ ကံကြမ္မာမိစ္ဆာပင်။

**--**--**--**--**--**--**--**

ထိုစိတ်ထိခိုက်စေသည့် မှတ်ဉာဏ်သုံးခုက ကျောက်ယန်ဖိန်ကို လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။ ကျောက်ယန်ဖိန်အား အသေသတ်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနည်းစနစ် သုံးဆင့်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

ထိုအတိတ်အဖြစ်အပျက် သုံးခုစလုံးကို ကျောက်ယန်ဖိန်၏ ဇာတိမြို့တွင် ရှာဖွေတွေ့ရှိခဲ့သည်။

အချို့မှာ ရေးသားထားသည့် အထောက်အထားများဖြစ်ပြီး အချို့မှာ ဗီဒီယိုမှတ်တမ်းများဖြစ်ကာ အတော်များများမှာမူ ခန့်မှန်းချက်များသာ ဖြစ်၏။ ထို့နောက် တုပိုင်က ထိုမြင်ကွင်းများကို ပြန်လည်ဖန်တီးခဲ့ပြီး အစွမ်းထက်လှသည့် စိတ်စွမ်းအင်ဖြင့် သူ၏ ဦးနှောက်ထဲ၌ ထိုဝိညာဉ်ထောင်ချောက် သုံးခုကို တည်ဆောက်ခဲ့သည်။

ကျောက်ယန်ဖိန်သည် တုပိုင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ဦးနှောက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုစိတ်အာရုံထောင်ချောက်များက သေချာပေါက် ပွင့်လာလေမည်။

ကျောက်ယန်ဖိန်က အလွန်အမင်း နာကျင်စွာ အော်ဟစ်လိုက်ရသည်။ “ဟင့်အင်း… မဟုတ်ဘူး… မဟုတ်ဘူး… အားးးးးးးးးးး”

နောက်ဆုံးကျန်သည့် မှတ်ဉာဏ်မှာ ကျောက်ယန်ဖိန်၏ ခံနိုင်ရည်အကန့်အသတ်ကို လုံးဝ ကျော်လွန်သွားလေပြီ။

စိတ်ပိုင်းဆိုင်ရာ မှတ်ဉာဏ်မှာ ဆယ်စုနှစ် နှစ်ခုနီးပါးခန့် ဖြတ်တောက်ခံထားရပြီးနောက် ယခုအချိန်၌ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သောကြောင့် သူ၏ ဝိညာဉ်မှာ လုံးဝ ခံနိုင်ရည် မရှိတော့ချေ။ ကျောက်ယန်ဖိန်က တုပိုင်၏ စိတ်အာရုံထဲမှနေ၍ အသည်းအသန် ပြန်လည် ဆုတ်ခွာသွားရင်း အော်ဟစ်လိုက်၏။ “အားးးးးးး”

သားလေး၏ ထိုင်ခုံပေါ်ရှိ သွေးများကို တစ်ချက်မျှသာ ကြည့်လိုက်ရုံဖြင့် တစ်ကိုယ်လုံးမှာ နာကျင်မှုကြောင့် သေဆုံးသွားတော့မည့်အလား ဖြစ်သွားရတော့သည်။

သူ အမြန်ဆုံး လွတ်မြောက်သွားလိုနေ၏။

“ငါ မေ့ပစ်ချင်တယ်… ငါ မေ့ပစ်ချင်တယ်…” ကျောက်ယန်ဖိန် နာကျည်းစွာဖြင့် အော်ဟစ်လိုက်ရသည်။

ထို့နောက် လွန်ခဲ့သည့် ၁၉ နှစ်က တီဗွီပေါ်မှ ထိုသတင်းမြင်ကွင်းကို မြင်တွေ့ခဲ့ရသကဲ့သို့ပင် သူ တက်လာခဲ့ပြီး မစင်များ ထွက်ကျလာကာ အော့အန်လာပြီး သွေးများပါ အန်လာတော့သည်။

သူ၏ စိုးရိမ်ပူပန်မှုများ ၊ ရူးသွပ်မှုများ ၊ စိတ်ဓာတ်ကျမှုများ ၊ စိတ်ကစဉ့်ကလျားရောဂါများနှင့် စိတ်ရောဂါများအားလုံးက စတင်ဖောက်ပြန်လာတော့၏။

အလွန်တရာ အစွမ်းထက်လှသည့် ကံကြမ္မာမိစ္ဆာနယ်စားကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီး သူ တစ်ကိုယ်လုံးမှာ ပြင်းထန်သော လျှပ်စစ်ရှော့ခ်ပေးခံရသည့် စိတ်ရောဂါသည်တစ်ဦးအလား မြေပြင်ပေါ်၌ လဲကျကာ အော့အန် မစင်စွန့်ရင်း တုန်ယင် တက်ကွေးနေတော့သည်။

သူ၏ ဝိညာဉ်တစ်ခုလုံး ပြိုလဲသွားခဲ့လေပြီ။ တစ်ကိုယ်လုံးကို ကွေးထားကာ ခါးသီးစွာ ငိုကြွေးနေတော့၏။ ကျောက်ယန်ဖိန်က နာကျည်းစွာ အော်ဟစ်လိုက်ရသည်။ “အားးးးး… တောင်းပန်ပါတယ် သားလေး… ဖေဖေ တောင်းပန်ပါတယ် သားလေးရယ်… အားးးး”

ထိုစကားလုံးများကို ထပ်တလဲလဲ ရေရွတ်နေခဲ့ပြီးနောက် သူ၏ နှလုံးမှာ လွန်စွာ နာကျင်လာသဖြင့် လက်ဖြင့် ရင်ဘတ်ကို ဖုံးအုပ်ထားရန် ကြိုးစားလိုက်သည်။ သူ၏ ပါးစပ်ထောင့်မှ သွေးများ အဆက်မပြတ် စီးကျလာ၏။

သူ၏ သားလေး ၊ သူ၏ အဖိုးတန် သားလေးသည် တစ်ချိန်က သူ၏ အရာအားလုံးဖြစ်ခဲ့ပြီး သူ ရှင်သန်ရန်အတွက် အကြီးမားဆုံးသော တွန်းအားတစ်ခု ဖြစ်ခဲ့သည်။

သို့သော်… သားလေး သေသွားရသည်မှာ သူ့ကြောင့်ပင်။ အဖေဖြစ်သည့် သူ့ကြောင့်ပင်။

ကျောက်ယန်ဖိန်က သနားစဖွယ် ငိုကြွေးရင်း ရေရွတ်လိုက်သည်။ “သားလေး… ဖေဖေ့ရဲ့ သားလေး…”

တုပိုင်နှင့် တိုက်ခိုက်နေသည့် တိုက်ပွဲမှာမူ သူ၏ စိတ်ထဲမှ အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့လေပြီ။

သူ၏ ရင်ထဲမှ နာကျင်မှုများ ၊ သူ၏ အဖိုးတန် သားလေးအပေါ် အပြစ်ရှိသကဲ့သို့ ခံစားရမှုနှင့် သံယောဇဉ်တို့က သူ၏ ဝိညာဉ်တစ်ခုလုံးကို နေရာယူသွားခဲ့တော့သည်။

တုပိုင်သည်လည်း ကျောက်ယန်ဖိန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ကျောက်ယန်ဖိန်ကဲ့သို့ ပက်စက်စွာ ရူးသွပ်နေသူတစ်ယောက်ကို မည်သို့သော အတွေ့အကြုံမျိုးက ရူးအောင် လုပ်ပေးခဲ့သနည်းဟု သူ တစ်ချိန်က တွေးတောခဲ့ဖူး၏။

ထိုသည်မှာ အနာကျင်ရဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံးသော ထိုအတွေ့အကြုံ သုံးခုကြောင့်ပင် ဖြစ်တော့သည်။ အတွေ့အကြုံသုံးခုက သူ၏ စိတ်ကို တိုက်ရိုက်ဖျက်ဆီးပစ်ခဲ့ပြီး အရူးတစ်ယောက်ဖြစ်လာစေရန် အတင်းအကျပ် တွန်းအားပေးခဲ့ခြင်း ဖြစ်၏။ ထိုသို့သာ မဟုတ်ခဲ့လျှင် ထိုနာကျင်မှုများက သူ့ကို လုံးဝ ဆက်လက်ရှင်သန်နိုင်စေမည် မဟုတ်ချေ။

ကျောက်ယန်ဖိန်က နာကျင်စွာဖြင့် မေးလာသည်။ “မင်းက ဘာလို့ ငါ့အပေါ် ဒီလို လုပ်ရက်ရတာလဲ… ဘာလို့ ငါ့ရဲ့ ကံကြမ္မာကို ဒီလို ခြယ်လှယ်ချင်ရတာလဲ…”

အကြောင်းမူကား ကျောက်ယန်ဖိန်သည် ကံကြမ္မာမိစ္ဆာ၏ ပစ်မှတ်ထားခြင်းကို အစောကြီးကတည်းက ခံခဲ့ရသောကြောင့်ပင်။ သူ့အတွက် အရူးရုပ်သေးရုပ်တစ်ခု လိုအပ်နေသဖြင့် ကျောက်ယန်ဖိန်၏ ကံကြမ္မာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေခဲ့ပြီး သူ၏ ဘဝအဖြစ်ဆိုးမှာ အစောကြီးကတည်းက ကံကြမ္မာဖန်တီးခြင်း ခံထားရပြီး ဖြစ်၏။

တုပိုင် ကျောက်ယန်ဖိန်၏အရှေ့၌ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဓာတ်ပုံတစ်ပုံကို ကမ်းပေးလိုက်သည်။

ဓာတ်ပုံထဲတွင် မျက်လုံးတစ်ဖက် ဆုံးရှုံးထားကာ ပါးစပ်ထောင့်၌ ကြောက်မက်ဖွယ်ကောင်းသည့် အမာရွတ်တစ်ခု ရှိနေပြီး လက်တစ်ဖက်ကျိုးနေကာ ခြေမသန်ဖြစ်နေသည့် ကောင်လေးတစ်ယောက် ရှိနေ၏။

ဓာတ်ပုံကို မြင်လိုက်ရသည်နှင့် ကျောက်ယန်ဖိန်မှာ စတင် တုန်ယင်လာတော့သည်။

တုပိုင်က တည်ငြိမ်စွာ ရှင်းပြသည်။ “ဒါ မင်းရဲ့ သားပဲ… သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမဲ့ ကယ်တင်ခံလိုက်ရတယ်… အဲဒီနောက်မှာ ကံကြမ္မာမိစ္ဆာက မင်းရဲ့ နာကျင်စရာ မှတ်ဉာဏ်တွေအားလုံးကို ဖြတ်တောက်လိုက်လို့ နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ ဆိုတာကို မင်း မသိခဲ့ရတာပဲ…”

ကျောက်ယန်ဖိန်၏ ခန္ဓာကိုယ်မှာ တစ်ဆတ်ဆတ်တုန်ယင်လာပြီး သူ၏ မျက်လုံးများထဲမှ အလွန်တရာ တောက်ပသည့် မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာတော့သည်။

"ဟုတ်တယ်...။"သူက ဓာတ်ပုံကို စိုက်ကြည့်ရင်း တုန်ယင်စွာဖြင့် ပြောလာ၏။ “ဟုတ်တယ်… မှန်တယ်… ဒါ ငါ့သားလေးပဲ… သူ့မျက်လုံးတွေနဲ့ နှာခေါင်းက ငါ အရင်တုန်းက ပုံစံနဲ့ အရမ်းကို တူတယ်… သူ ဘယ်မှာလဲ… သူ ဘယ်မှာလဲ…”

“အင်း…။” တုပိုင်က မျက်နှာသေဖြင့် ဆိုလိုက်သည်။ “အိပ်မက်ဆိုးဧကရာဇ်က သူ့ကို ရှာတွေ့ဖို့အတွက် စွမ်းအင်တွေ အများကြီး အသုံးပြုခဲ့ရတယ်… အခု သူက ထိုက်ခန်အင်ပါယာရဲ့ မြို့တော်မှာ ရှိနေတယ်… ပထမ စစ်သေနာပတိ လီစစ်စစ်ရဲ့ မွေးစားသားပဲ…”

ကျောက်ယန်ဖိန်က ဝမ်းသာအားရ ပြောလာ၏။ “ကောင်းတယ်… ကောင်းတယ်… လီစစ်စစ်က ကောင်းတယ်… မြင့်မြတ်ပြီး ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက်ပဲ…”

ထို့နောက် ဓာတ်ပုံကို ရင်ဘတ်ပေါ်၌ အသည်းအသန် ကပ်ထားရင်း အိပ်မက်မက်နေသည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။ “သားလေး… ဖေဖေ့ရဲ့ သားလေး…”

အမာရွတ်များအပြည့်နှင့် အလွန်အရုပ်ဆိုးနေသည့် သားလေးမှာ သူ၏ မျက်လုံးထဲတွင်တော့ ချစ်မွှေးအပြည့်ဖြင့်ပင်။

“ကောင်းပြီ…။” တုပိုင်က ခပ်အေးအေး ပြောလာ၏။ “ငါ မင်းကို သတ်တော့မယ်… မင်း ရှိနေတယ်ဆိုတာကို မင်းရဲ့သား မသိတာက ပိုကောင်းမယ်လို့ ငါ ထင်တယ်…”

“ဟုတ်တယ်။ ဟုတ်တယ်။” ကျောက်ယန်ဖိန်က အလျင်စလို အော်ဟစ်လိုက်သည်။ “သူ့ကို ပေးမသိပါနဲ့… သူ့ကို ပေးမသိပါနဲ့… ငါက တိရစ္ဆာန်တစ်ကောင်ပဲ… ဒါကြောင့် ငါ သေသွားပြီလို့ပဲ သူ့ကို ထင်ခိုင်းလိုက်ပါ… ငါ သေသွားပြီလို့ပဲ…”

“ကောင်းပြီ…။” တုပိုင် ခေါင်းညိတ်လိုက်သည်။ “ဒါဆို မင်း အသင့်ပြင်ထားလိုက်တော့… ငါ မင်းကို သတ်တော့မယ်…”

ထို့နောက် တုပိုင် သူ၏စွမ်းအင်များကို လက်ထဲ၌ ဓားတစ်လက်အဖြစ် စုစည်းလိုက်ပြီး ကျောက်ယန်ဖိန်၏ လည်ပင်းပေါ်သို့ တင်ထားလိုက်၏။

“တုပိုင်…။” ကျောက်ယန်ဖိန်က ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလာ၏။ “ကျေးဇူးတင်ပါတယ်… မင်းက ငါ့ကို ကြီးမားတဲ့ နာကျင်မှုတွေ ခံစားရအောင် လုပ်ခဲ့ပေမဲ့ တစ်ချိန်တည်းမှာပဲ ငါ့ကို အရူးတစ်ယောက် မဟုတ်တော့အောင် လုပ်ပေးခဲ့ပြီး အသိစိတ် ပြန်ဝင်လာအောင် လုပ်ပေးခဲ့လို့ပါ…”

တုပိုင်ကမူ ​ပြန်မပြောဘဲ လက်ထဲရှိ ဓားဖြင့် ကျောက်ယန်ဖိန်၏ လည်ပင်းကို ဖြတ်ချလိုက်သည်။

“တုပိုင်…။” မသေဆုံးမီလေးတွင် ကျောက်ယန်ဖိန်က သတိပေးလာ၏။ “အိပ်မက်ဆိုးမိစ္ဆာဘုရင်ကို သတိထားပါ… သူက ငါ့ကို သတ်ဖို့ မင်းရဲ့လက်ကို အသုံးပြုခဲ့တာပဲ… သူက မင်းရဲ့အနားမှာ ရောက်နေပြီ…”

တုပိုင်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ငါ သိတယ်…”

ထို့အပြင် သူသည် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်၏။

“….”

ကျောက်ယန်ဖိန်၏ အပြစ်သား ခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

တစ်ချိန်တည်းမှာပင် တုပိုင်နှင့် ရင်းနှီးကျွမ်းဝင်ပြီး အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည့် အသံတစ်သံကို ကြားလိုက်ရသည်။ ထိုသူမှာ တာ့နင်အင်ပါယာမှ မိတ်ဆွေဟောင်းကြီးပင်။

အိမ်မက်စနစ်ဖြစ်တဖြစ်လည်း အိပ်မက်ဆိုးမိစ္ဆာဘုရင်က ဖြည်းညင်းစွာ ပြောလာ၏။ “ငါ့ရဲ့ စနစ်ရှင် တုပိုင်… မင်း အဆင်ပြေရဲ့လား…”

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၃ + ၁၀၃၄) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

All Chapters