အခန်း (၁၀၃၅-၁၀၃၆)
Vol. 102 Ch. 1035-1036
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၅ + ၁၀၃၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ
အိမ်မက်ဆိုးမိစ္ဆာဘုရင်နှင့် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာ အချိန်အတော် ကြာမြင့်သွားခဲ့လေပြီ။ ဆယ့်ခြောက်နှစ်နီးပါးပင် ရှိသွားပြီ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ထုထည်ကြီးမားလှသည့် ပင်လယ်ရေများက တစ်ဟုန်ထိုး မြင့်တတ်လာကာ ဧရာမ ရုပ်သွင်ကြီးတစ်ခုဖြစ်လာ၏။ အိမ်မက်ဆိုးဧကရာဇ်၏ ဧရာမရုပ်သွင်ကြီးပင် ဖြစ်သည်။
ဆယ့်ခြောက်နှစ်နီးပါး ကြာပြီးနောက် တုပိုင်နှင့် အိမ်မက်ဆိုးမိစ္ဆာဘုရင်တို့ ပြန်တွေ့ကြလေပြီ။
သို့သော် ယခုအကြိမ်၌မူ အိမ်မက်ဆိုးမိစ္ဆာဘုရင်သည် ယခင်အခေါက်ကဲ့သို့ ပေ ၂၀၀၀ နီးပါးအထိ ကြီးမားနေခြင်းမရှိတော့ပေ။ ထိုအစား ပေ ၂၀ ခန့်သာ ရှိတော့သည်။
သူ၏ ခန္ဓာကိုယ်အား ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သော်လည်းပဲ အစစ်အမှန်ခန္ဓာကိုယ်ကဲ့သို့ အသက်ဝင်နေဆဲ ဖြစ်သည်။ ဤသည်မှာ အိမ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားသာ ဖြစ်လေ၏။ သူ၏ မူလခန္ဓာကိုယ်အစစ်မှာ မိုင်ထောင်ချီဝေးကွာသည့် အနောက်ကမ္ဘာတွင် ရှိနေကြောင်းကို တုပိုင် ကောင်းစွာသိထားသည်။
ယခင် သူတို့တွေ့ဆုံခဲ့စဥ်က အိမ်မက်ဆိုးမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ကြီးသည် အလွန်ကြီးမားခဲ့ရာ တုပိုင်အနေဖြင့် ထိုအကောင်၏ မျက်နှာအသွင်အပြင်အား သေချာ မမြင်တွေ့ခဲ့ရချေ။ ယခုအခေါက်၌မူ သေချာမြင်တွေ့လိုက်ရလေပြီ။ မိစ္ဆာဘုရင်၏ မျက်နှာမှာ အလွန်တရာ အေးစက်နေပြီး သူ၏ ခေါင်းအထက်၌လည်း အမာရွတ်များအပြည့်ဖြင့် ဦးချိုနှစ်ချောင်း ရှိနေသည်။
“ဟမ့်” အိမ်မက်ဆိုးမိစ္ဆာဘုရင်က မြေပြင်ထက်ရှိ ကျောက်ယန်ဖိန်၏ ရုပ်အလောင်းအား တစ်ချက်ကြည့်လိုက်ရင်း ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။ “ဒီလိုအကောင်မျိုးကများ ကမ္ဘာကြီးကို ငါနဲ့ လာခွဲယူချင်နေသေးတယ်ပေါ့”
“ဟက်” တုပိုင်က မထီမဲ့မြင်ဟန်ဖြင့် မေးလိုက်၏။ “မင်းတို့ မိစ္ဆာတွေက အသုံးချဖို့ လူရှာတဲ့အခါတိုင်း ဒီလိုသနားစရာကောင်းတဲ့ကောင်မျိုးကိုပဲ ရွေးရတာ သဘောကျတာလား”
“မင်းအမြဲ ယုံကြည်ထားတဲ့ စကားတစ်ခွန်း ရှိတယ်မလား” အိမ်မက်ဆိုးမိစ္ဆာဘုရင်က ပြုံးစစဖြင့် ဆိုသည်။ “ဒီလို သနားစရာကောင်းတဲ့ လူတွေကို အကုန်ဖျက်ဆီးပြီး အသစ်ပြန်တည်ဆောက်လို့ ရတယ် ဆိုတာလေ”
“အင်း” တုပိုင်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ “အလကားရတဲ့ နေ့လယ်စာ ဆိုတာမျိုး မရှိဘူး”
“ဟားဟား” အိမ်မက်ဆိုးမိစ္ဆာဘုရင်က ရယ်မောကာ သရော်သည့်ဟန်ဖြင့် ဆက်ပြောသည်။ “မကြာသေးခင်ကမှ မင်း ရှယ်ကောင်းတဲ့ နေ့လယ်စာကို စားလိုက်ရတယ် မဟုတ်လား။ အိမ်မက်ဆိုးဧကရာဇ်က သူ့အသက်ကိုစတေးပြီး သူ့ဝိညာဥ်နဲ့ စွမ်းအားတွေကို မင်းလာရှာတွေ့မယ့်အချိန်အထိ နေရာတစ်ခုမှာ ပုန်းအောင်းနေခဲ့တယ်။ ပြီးတော့ မင်းက တကယ်ပဲ ရှာတွေ့သွားပြီး အိမ်မက်ဆိုးဧကရာဇ်ရဲ့ စွမ်းအား ၉၀ ရာခိုင်နှုန်းကို ရရှိသွားခဲ့တယ်လေ။ ဒါကြောင့်ပဲ ဆဋ္ဌမအဆင့် သိုင်းသူတော်စင်ကနေ မိစ္ဆာနယ်စားကြီးအဆင့်နားကပ်နေတဲ့ ဖျက်ဆီးသူအဆင့်ထိ တက်လှမ်းသွားနိုင်ခဲ့တာပေါ့”
“ကျောက်ယန်ဖိန်က ကံကြမ္မာမိစ္ဆာရဲ့ ရုပ်သေးရုပ်ပဲ” တုပိုင်က အေးစက်စွာ တုံ့ပြန်လိုက်၏။ “အဲဒီတော့ မင်း သူ့ကို တိုက်ရိုက်သတ်လို့မရဘူး။ ဒါကြောင့် ငါ့လက်ကိုငှားပြီး သူ့ကို သတ်ခိုင်းခဲ့တာပဲ။ ဒါပေမဲ့ ဒီအရာအားလုံးက မင်းရဲ့ အကြံအစည်တွေချည်းပဲ မဟုတ်လား”
အဘယ်ကြောင့်ဆိုသော် အိမ်မက်ဆိုးဧကရာဇ်သည် သူ့ကိုယ်သူ စတေးရန် ရွေးချယ်ခဲ့ခြင်းမှာ အမှန်ဖြစ်ကာ အိမ်မက်ဆိုးအင်ပါယာ၏ မင်းသား လက်နက်ချအညံ့ခံခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။ ထို့အပြင် သူ၏ ဝိညာဥ်သည် ကျောက်ယန်ဖိန် တက်ရောက်နေသည့် နင်းဟိုင် အမှတ် ၁ အထက်တန်းကျောင်း၌ ပုန်းအောင်းနေခဲ့သည်မှာလည်း အမှန်ပင်။
သူ၏ စွမ်းအားများအား တုပိုင်ထံ လွှဲပြောင်းပေးလိုသည်မှာလည်း အမှန်တကယ်ပင် ဖြစ်၏။ သို့သော်ငြား တုပိုင်အနေဖြင့် ကျောက်ယန်ဖိန်၏ အိမ်မှ ထိုမျှလောက် အသေးစိတ်ကျသည့် အချက်အလက်များကို မည်သို့လုပ်၍ ရရှိနိုင်ခဲ့သနည်း။
အထက်တန်းကျောင်းတက်စဥ်ကာလက ကျောက်ယန်ဖိန် လူပုံအလယ်၌ ဘောင်းဘီထဲ ထွက်ကျခဲ့ဖူးခြင်းမှာ သိပ်၍ ထူးဆန်းလှသော ကိစ္စရပ်တော့ မဟုတ်ချေ။ သို့သော်လည်း ကျောက်ယန်ဖိန်က သူ၏ ဖခင်ဖြစ်သူအား ပဉ္စမထပ်မှနေ၍ မတော်တဆ တွန်းချမိခဲ့သဖြင့် သေဆုံးစေခဲ့သည်။ ထို့အပြင် ဇနီးဟောင်းနှင့် သူမ၏ ချစ်သူအား သတ်ဖြတ်ရန်အတွက် သူ၏ သွေးသားအရင်းဖြစ်သော ကလေးကိုပင် မရည်ရွယ်ဘဲ သေစေခဲ့သည်။
ကျောက်ယန်ဖိန်အား သေစေနိုင်လောက်သည့် ထိုးနှက်မှုမျိုး ဖြစ်စေနိုင်သည့် ဤမှတ်ဉာဏ်များမှာ တုပိုင် ရှာဖွေတွေ့ရှိလာမည့်အချိန်အား စောင့်ဆိုင်းနေသည့်အလား အဘယ်ကြောင့်များ ဤမျှလောက် အသေးစိတ်ကျနေရသည်နည်း။
ထို့ကြောင့် ဤအရာအားလုံးမှာ အိမ်မက်ဆိုးမိစ္ဆာဘုရင်မှ တုပိုင်အတွက် ကြိုတင်ပြင်ဆင်ပေးထားသည်မှန်း သိသာလှသည်။
“မင်း နိုးလာတာကို ငါက ဘာလို့ မသိဘဲနေရမှာလဲလို့ တွေးမိလား” အိမ်မက်ဆိုးမိစ္ဆာဘုရင်က သက်ပြင်းချရင်း ပြောလိုက်၏။ “ငါ ဝင်ပါလို့မရဘူးလေ။ ဒါကြောင့် မင်း ကျောက်ယန်ဖိန်ကို အနိုင်ယူနိုင်ဖို့အတွက် ငါ ခေါင်းတော်တော် စားခဲ့ရတယ်။ မင်း ပထမဆုံးအကြိမ် နိုးလာတဲ့အချိန်မှာ ကျောက်ယန်ဖိန်က သိသွားခဲ့ပြီး မင်းအတွက် စူပါပြဇာတ်ကြီးတစ်ခုကို ဖန်တီးပေးခဲ့တာပဲ”
“မင်းရဲ့ လှုပ်ရှားမှုတိုင်းက ဖန်အိမ်ထဲက ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေတာကို သိလား” ခဏတာ တိတ်ဆိတ်သွားပြီးနောက် အိမ်မက်ဆိုးမိစ္ဆာဘုရင်က အေးစက်စွာ ဆက်ပြောသည်။ “မင်းက အပြင်ကို မမြင်ရပေမဲ့ အပြင်ကလူကတော့ အထဲကို မြင်နေရတယ်လေ”
“တောက်” တုပိုင်က တင်းမာသောအသံဖြင့် မေးလိုက်၏။ “ငါ့အမေကိစ္စ.. အခုချက်ချင်း ပြောစမ်း”
“ဟင့်အင်း” အိမ်မက်ဆိုးမိစ္ဆာဘုရင်က ခေါင်းခါရင်း ဖြေလိုက်သည်။ “မှတ်ချက် မပေးလိုဘူး”
“ဒါဆို မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ” တုပိုင်က ထပ်မံ၍ မေးခွန်းထုတ်လိုက်၏။ “ကံကြမ္မာမိစ္ဆာကရော ဘယ်မှာလဲ”
“ဟက်” အိပ်မက်ဆိုးမိစ္ဆာဘုရင်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ “မှတ်ချက် မပေးလိုဘူး။ ငါ ပြောနိုင်တာကတော့ ငါ အရမ်း အလုပ်များပြီး အလျင်လိုနေတယ် ဆိုတာပဲ။ ငါက ရုပ်သေးရုပ် ကျောက်ယန်ဖိန်လို အားနေတဲ့ကောင် မဟုတ်ဘူးကိုး။ သူက မင်းကို ကစားဖို့ အားလပ်ချိန် ရှိပေမဲ့ ငါ့မှာတော့ လုံးဝ မရှိဘူးလေ။ ငါ့အတွက် မင်းရဲ့ တစ်ခုတည်းသော တန်ဖိုးက သူတစ်ပါးဓားကို ငှားပြီး လူသတ်ဖို့ပဲ။ ဆိုတော့ကာ အခု မင်းက ကျောက်ယန်ဖိန်ကို အောင်အောင်မြင်မြင် သတ်ပစ်နိုင်ခဲ့ပြီ။ ဒါကြောင့် ငါ မင်းကို သတ်ပစ်လို့ ရပြီပေါ့”
“အင်း” ထို့နောက် အိပ်မက်ဆိုးမိစ္ဆာဘုရင်က ခနဲ့သည့်ဟန်ဖြင့် ဆက်ပြော၏။ “ကျောက်ယန်ဖိန်ကို သတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်သင့်တယ်မလား”
“တုပိုင်…။ ကျေးဇူးပဲ…။”
တုပိုင်သည်လည်း သူ၏ လက်ဝါးထက်၌ စွမ်းအင်များအား ဓားတစ်လက်အဖြစ် စုစည်းလိုက်ကာ အိပ်မက်ဆိုးမိစ္ဆာဘုရင်နှင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
“ဟက်” အိပ်မက်ဆိုးမိစ္ဆာဘုရင်က သရော်ပြုံးဖြင့် ဆို၏။ “ကျောက်ယန်ဖိန်က မင်းကို လေးဆယ့်ရှစ်နာရီ အချိန်ပေးခဲ့တယ်။ ဒါပေမဲ့ ငါကတော့ မင်းကို တစ်မိနစ်တောင် အချိန်ပေးမှာ မဟုတ်ဘူး”
ချက်ချင်းဆိုသလိုပင် ပင်လယ်ရေများဖြင့် စုစည်းဖွဲ့တည်ထားသည့် သူ၏ ကိုယ်ပွားက တုပိုင်အား လက်ဝါးဖြင့် ရုတ်တရက် ရိုက်ချလိုက်သည်။
“မဟုတ်ဘူး” လီဝမ်ဝမ်နှင့် အန်ဂျလာတို့ အပြင်သို့ ပြေးထွက်လာကြပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ “မြန်မြန် ရပ်လိုက်စမ်း… မလုပ်နဲ့”
သို့သော် တုပိုင်သည် သူတို့မျက်စိရှေ့မှောက်မှာပင် တစ်စစီ ဖျက်ဆီးခံလိုက်ရလေပြီ။ အိပ်မက်ဆိုးမိစ္ဆာဘုရင်သည် အလွန်အမင်း အစွမ်းထက်လှသည်။
တုပိုင်၏ ကျင့်ကြံခြင်းစွမ်းအားမှာ ကျောက်ယန်ဖိန်လောက်ပင် အားမကောင်းသော်လည်း မိစ္ဆာနယ်စားမင်းကြီး တစ်ပါး၏ အစွမ်းတို့ကိုတော့ ပိုင်ဆိုင်ထားဆဲပင်။
သို့တိုင်အောင် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းကပင် တုပိုင်အား ပြာအဖြစ်သို့ ပြောင်းလဲသွားစေ၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မိစ္ဆာဘုရင်သည် ကျောက်ယန်ဖိန်အား သတ်ရန် အခက်အခဲမရှိကြောင်း သိနိုင်သော်လည်း သူကိုယ်တိုင် တိုက်ရိုက်သတ်၍မရသောကြောင့် တုပိုင်၏ လက်ကိုငှား၍ သတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ရည်မှန်းချက် အောင်မြင်သည်နှင့် တစ်ပြိုင်နက် တုပိုင်အား ချက်ချင်း သုတ်သင်ပစ်လိုက်ခြင်းမှာ လုံးဝကို ပြတ်သားလွန်း၏။
“ဟားဟား” အိပ်မက်ဆိုးမိစ္ဆာဘုရင်က အေးစက်စွာဖြင့် တဟားဟား ရယ်မောလိုက်တော့သည်။ “ဟားဟားဟားးး”
ထို့နောက် သူ၏ ခန္ဓာကိုယ်အား တုပိုင်၏ ရုပ်သွင်အဖြစ် ပြောင်းလဲလိုက်ပြီး ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ ဦးတည်ကာ ထွက်ခွာသွားလိုက်သည်။
“အင်း”
“ငါ အရာအားလုံးကို ကြိုတင် မြင်တွေ့ခဲ့ပြီးပြီ။ ဆိုတော့ကာ ဒီအတွက် ဘယ်လို တန်ဖိုးမျိုးကိုမဆို… ပေးဆပ်ဖို့ ငါ အသင့်ပဲ…”
အမှန်စင်စစ် အိပ်မက်ဆိုးဧကရာဇ်သည်ပင်လျှင် အရာအားလုံးကို ကြိုတင် မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ကျောက်ယန်ဖိန်အား အနိုင်ယူရန် တုပိုင်ကို သူ ကူညီပေးနိုင်သော်လည်း အိပ်မက်ဆိုးမိစ္ဆာဘုရင်နှင့် ပတ်သက်လာလျှင်မူ တုပိုင်ကိုယ်တိုင်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း သူ ပြောဆိုခဲ့ဖူးသည်။
ထို့ကြောင့်ပင် တုပိုင်သည် မဖျက်ဆီးဘဲ အသစ်ပြန်လည် မတည်ဆောက်နိုင်ဟူသော အချက်အား လက်ခံခဲ့ခြင်းပင်။
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာ၏ မြို့တော်ရှိ လူတိုင်းသည် တုပိုင် ပြန်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြ၏။ အဘယ်ကြောင့်ဆိုသော် တုပိုင်နှင့် ကျောက်ယန်ဖိန်တို့ကြား တိုက်ပွဲသည် အရှေ့ကမ္ဘာခြမ်း တစ်ခုလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်နေကြောင်းကို လူတိုင်း ကောင်းစွာ သိရှိထားကြသောကြောင့်ပင်။ ထို့အပြင် နှစ်ဖက်လုံး၏ စွမ်းအားကွာဟမှုမှာလည်း အလွန် ကွာဟလွန်းသည် မဟုတ်ပါလော။
တုပိုင်သာ ရှုံးနိမ့်ပြီး သေဆုံးသွားခဲ့ပါက လူသားမျိုးနွယ်အားလုံးအတွက် မျှော်လင့်ချက် ကင်းမဲ့သွားပြီဟု ဆိုလိုခြင်းပင်။ ထို့ကြောင့် တုပိုင် ထွက်ခွာသွားပြီး မကြာမီမှာပင် လူတိုင်းသည် အိမ်ပြင်သို့ ထွက်လာကြကာ အရှေ့ဘက်ကောင်းကင်ဆီသို့ မျှော်ကြည့်ရင်း တုပိုင်၏ အပြန်ကို စောင့်စားနေကြတော့သည်။
အိမ်ရှေ့စံမင်းသမီး တုရှောင်သည်ပင် ဂိမ်းမဆော့တော့ဘဲ သူမဖခင်၏ အပြန်ကို စောင့်မျှော်နေခဲ့၏။ လူသိန်းပေါင်းများစွာ၏ မျက်လုံးများမှာ အရှေ့ဘက်ဆီသို့သာ အာရုံစိုက် ကြည့်ရှုနေကြသည်။
ကောင်းကင်ယံ လင်းထိန်လာချိန်တွင် အရှေ့ဘက်၌ ရုပ်သွင်တစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ယံထက်၌ ပျံသန်းလာသော တုပိုင်ကို လူတိုင်း မြင်တွေ့လိုက်ရသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
“အောင်နိုင်ပါစေ” လူတိုင်းက ဒူးထောက် ခေါင်းငုံ့ကာ ရိုသေစွာ ကြွေးကြော်လိုက်ကြသည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ… သက်တော်ရာကျော် ရှည်ပါစေ…”
အိမ်ရှေ့စံမင်းသမီး တုရှောင်မှာ ခဏတာ မှင်တက်သွားပြီးနောက် သူမ၏ လှပသော မျက်လုံးဝိုင်းကြီးများထဲတို့၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သို့သော် ထိုအရိပ်အယောင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“အာ” အိမ်ရှေ့စံမင်းသမီး တုရှောင်က ဝမ်းသာအားရ မျက်နှာထားဖြင့် လက်ကို အသည်းအသန် ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။ “ဖေဖေ… ဖေဖေ…”
လူအများအပြား ဒူးထောက်နေကြစဉ်မှာပင် လေစွမ်းအင်အတောင်ပံများဖြင့် တုပိုင်က ဖြည်းညင်းစွာ ဆင်းသက်လာပြီး တုရှောင်၏ ခေါင်းလေးအား ပွတ်သပ်ပေးကာ နန်းတော်ဆီသို့ လျှောက်သွားလိုက်၏။ လမ်းတစ်လျှောက်၌ လူအုပ်ကြီးသည် ခေါင်းငုံ့လျက် ဧကရာဇ်တုပိုင်၏ ကြီးကျယ်ခမ်းနားသော အောင်ပွဲအား ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံနေကြသည်။
“ရေး…” လူအုပ်ကြီးက တစ်ခဲနက် ကြွေးကြော်လိုက်ကြသည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ…”
ဧကရာဇ်တုပိုင်ကမူ နန်းတော်ထဲသို့ ဝင်ရောက်သွားပြီး နန်းတော်၏ အမြင့်ဆုံးနေရာဆီသို့ တက်လှမ်းသွားလေ၏။ ထိုနေရာ၌ သူ အိမ်မက်မက်ခဲ့ဖူးသော အရာများစွာ ရှိနေသည်။ ရွှေရောင်တောင်ဝှေး၏ ထိပ်ပိုင်းတွင် နဂါးဝိညာဉ် ကျောက်သလင်းအား မြှုပ်နှံထားသည်။
သိသာလှစွာပင် ယခုမြင်တွေ့နေရသည့် ဧကရာဇ်တုပိုင်သည် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ သူသည် နန်းတော်ဗဟိုရှိ အမြင့်ဆုံးနေရာသို့ ဖြည်းညင်းစွာ ပျံသန်းသွားပြီး ရွှေရောင်တောင်ဝှေးကို ဆုပ်ကိုင်ရန် လက်အား ဆန့်ထုတ်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အလွန်တရာ အစွမ်းထက်လှသော စွမ်းအားတစ်ခုကို သူ ခံစားလိုက်ရသည်။ နဂါးဝိညာဉ် ကျောက်သလင်းကမူ အိမ်မက်ဆိုးမိစ္ဆာဘုရင်ဖြစ်ကြောင်းသိသွားသည်နှင့် ရူးသွပ်စွာ ဟိန်းဟောက်လိုက်တော့၏။
“ဟမ့်” အိပ်မက်ဆိုးမိစ္ဆာဘုရင်က သူ၏ စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်၏။ “အသုံးမဝင်တော့ဘူးလေ။ ပြီးခဲ့တဲ့ အကြိမ်က မိစ္ဆာစစ်တပ် ၁.၉ သန်းကို သတ်ဖို့ မင်းရဲ့ သိုလှောင်ထားတဲ့ စွမ်းအားတွေ အကုန်လုံးကို သုံးစွဲပစ်လိုက်ပြီ မဟုတ်လား။ ဆိုတော့ကာ နဂါးဝိညာဉ်… နောက်ဆုံးတော့ မင်း ငါ့လက်ထဲကို ရောက်ပေါ့။ တုပိုင်… ကျေးဇူးပဲ… ဟားဟားဟား”
အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားဖြစ်သည့် တုပိုင်မှာ ထိုက်ခန်အင်ပါယာ နန်းတော်၏ ပလ္လင်ပေါ်တွင် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။
“ဝေး…” အောက်ဘက်ရှိ လူအပေါင်းက သေသပ်စွာ ဒူးထောက်ကာ ကြွေးကြော်လိုက်ကြသည်။ “အရှင်မင်းကြီး အောင်ပွဲခံပြီး ပြန်လာတဲ့အတွက် ကျွန်တော်မျိုးတို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်… သက်တော်ရာကျော် ရှည်ပါစေ…”
အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားမှာလည်း မျက်နှာသေဖြင့် အရာအားလုံးအား အေးစက်စွာ ကြည့်ရှုနေ၏။
**--**--**--**--**--**--**--**
မဖျက်ဆီးဘဲ အသစ်မတည်ဆောက်နိုင်ဆိုသည်မှာ ပြောင်းလဲခြင်းမရှိသည့် အမှန်တရား ဖြစ်ကောင်း ဖြစ်နိုင်သည်။
အချိန် မည်မျှ ကြာမြင့်သွားခဲ့သည်ကို မသိတော့ချေ။
တုပိုင် သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ လုံးဝ ကွဲပြားခြားနားနေသည့် ကမ္ဘာကြီးတစ်ခုအား မြင်တွေ့လိုက်ရသည်။
ချက်ချင်းပင် အလွန်တရာ လှပလွန်းလှသော မျက်နှာတစ်ခုကို တုပိုင် မြင်တွေ့လိုက်ရ၏။ ထိုသူမှာ သူ၏ ဇနီးဖြစ်သူ ရန်ယဲ့ရှောင်ပင် ဖြစ်သည်။ လူသားစင်စစ်မှ နဂါးသွေးနွယ်ဖွားအဖြစ်သို့ ပြောင်းလဲသွားသည့် ရန်ယဲ့ရှောင်မှာ ယခင်ကထက် များစွာ ပြောင်းလဲသွားခဲ့လေပြီ။
ပထမဆုံးအနေဖြင့် သူမသည် ယခင်ကထက် ခေါင်းတစ်လုံးစာနီးပါး ပို၍ အရပ်ရှည်လာ၏။ ဒုတိယအနေဖြင့် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများမှာ ပို၍ လှပလာသည်။ သူမ၏ ခန္ဓာကိုယ်သည် ရင့်ကျက်ကာ ဆွဲဆောင်မှုရှိသည့် ကောက်ကြောင်းများနှင့်အတူ အလွန်တရာ တင့်တယ်နေ၏။
World of Warcraft ဂိမ်းကို ဥပမာပေးရလျှင် လူသားအမျိုးသမီးတစ်ဦးအဖြစ်မှ သွေးနတ်သူငယ်အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။ သွေးနတ်သူငယ် အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ဆွဲဆောင်မှုရှိကာ တင့်တယ်မှုများဖြင့်ပါ ပြည့်နှက်နေပြီး အထူးသဖြင့် လူသားများ၌ မရှိနိုင်သော အလွန်တရာ ရှည်လျားလှသည့် ခြေတံတစ်စုံကို ပိုင်ဆိုင်ထားခြင်းပင်။
ရန်ယဲ့ရှောင်၏ ရှည်လျားလှသည့် ခြေတံနှစ်ဖက်သည် မင်းသမီးယွီကျိန်းထက်ပင် လုံးဝ သာလွန်သွားပြီ ဖြစ်၏။ သူမ ခန္ဓာကိုယ်ပေါ်ရှိ ကောက်ကြောင်းတိုင်းသည် မင်းသမီးယွီကျိန်းအား ကျော်လွန်သွားလေပြီ။ ရန်ယဲ့ရှောင်၏ ကောက်ကြောင်းတို့မှာ လူသားအမျိုးသမီးတစ်ယောက် ပိုင်ဆိုင်နိုင်သည့် ကောက်ကြောင်းမျိုး မဟုတ်နေချေ။
နောက်ထပ် ပြောင်းလဲမှုတစ်ခုမှာ နားရွက်များနှင့် မျက်လုံးများပင် ဖြစ်သည်။ ရန်ယဲ့ရှောင်၏ မျက်လုံးများသည် နဂါးသွေးနွယ်ဖွားများကဲ့သို့ စူးရှနေသော်လည်း သာမန် နဂါးသွေးနွယ်ဖွားများလောက် မစူးရှလှချေ။ မျက်လုံးများက ပို၍ တောက်ပလာပြီး နီလာကျောက်မျက်များကဲ့သို့ ဆွဲဆောင်မှု ရှိနေသည်။
သူမ မျက်နှာ၏ အကြမ်းဖျင်း ပုံစံမှာ ယခင်ကထက် ပိုမို ကြွရွလာသော်လည်း နဂါးသွေးနွယ်ဖွားများကဲ့သို့ ခက်ထန်စူးရှမှု မရှိသည်ကတော့ သေချာလှသည်။
သူမသည် နဂါးသွေးနွယ်ဖွားများနှင့် လူသားများ၏ အားသာချက်များကို အပြည့်အဝ ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ အိန်ဂျယ်ထက်ပင် ပို၍ လှပသော အမျိုးသမီးတစ်ဦးကို တုပိုင် တွေ့လိုက်ရပြီ ဖြစ်သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၅ + ၁၀၃၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ