အခန်း (၁၀၃၇-၁၀၃၈)
Vol. 102 Ch. 1037-1038
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၇ + ၁၀၃၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ရန်ယဲ့ရှောင်သည် များစွာ ပြောင်းလဲသွားခဲ့သော်လည်းပဲ သူမအား တစ်ချက်ကြည့်ရုံဖြင့် တုပိုင် မှတ်မိသွားသည်။ ချက်ချင်းဆိုသလိုပင် တုပိုင်၏ ခန္ဓာကိုယ်မှာ ရင်ဘတ်ထဲမှ လှိုင်တတ်လာသည့် ဝမ်းသာပိတ်ဖြစ်မှုတို့ကြောင်း တုန်ယင်လာတော့၏။
သို့သော် သူမ၏ ဘေးမှ ဘုရင်မမိုဟန်အား တွေ့လိုက်ရသောအခါ တုပိုင် ကြောင်အ သွားရသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် သူမအား မည်သူမှ မြင်နိုင်စွမ်း မရှိတော့ချေ မဟုတ်ပါလော။ သို့သော် ယခုအခါ၌ သူသည် အဘယ်ကြောင့် သူမအား မြင်တွေ့နေနိုင်သနည်း။
ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း ခပ်ဖျော့ဖျော့လေးပင် ဖြာထွက်နေသေး၏။ သူမ၏ သွယ်လျလှပသည့် ခန္ဓာကိုယ်လေးမှာ အဝတ်ဗလာဖြင့် ရှိနေပုံရသော်လည်းပဲ အနီးကပ် သေချာကြည့်လိုက်ပါက သေးငယ်ပြီး နုနယ်လှသည့် အကြေးခွံလွှာတစ်လွှာက သူမ၏ တစ်ကိုယ်လုံးအား ဖုန်းလွှမ်းထားလျက် ရှိသည်။
"ဟွန့်... လူယုတ်မာ။" ဘုရင်မမိုဟန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ "ဘာလာ ကြည့်နေတာလဲ။ သတိထားနော်...မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်ရမလား။"
သို့သော် သူမ ထိုသို့ အော်ဟစ်လိုက်ချိန်၌ မျက်လုံးများက တုပိုင်ထံသို့သာ စူးစိုက်ကြည့်နေသည်။
တုပိုင် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်၌လည်း မည်သည့် အဝတ်အစားမျှ ရှိမနေသည်ကို တွေ့လိုက်ရ၏။ သို့သော် အလင်းရောင်လွှာတစ်ခုက သူ၏ ခန္ဓာကိုယ်အား ရစ်ပတ်ဖုံးလွှမ်းထားသကဲ့သို့ ရှိနေသည်။
"အို... တုပိုင်...။" ဘုရင်မမိုဟန်က လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ဆက်ပြောသည်။ "ရှင်လည်း အိပ်မက်ဆိုးမိစ္ဆာဘုရင်ကိုယ်ပွားရဲ့ လက်ဝါးရိုက်ချက်နဲ့ သုတ်သင်ခံလိုက်ရပြီး ငါ့လိုမျိုး ဖြစ်သွားပြီကိုး။ အခု ဘယ်သူမှ ရှင့်ကို မမြင်နိုင်တော့သလို ရှင့်ရဲ့ ဝိညာဉ်ကိုတောင် လုံးဝ အာရုံနိုင်မှာ မဟုတ်တော့ဘူး။ ရှင် သေသွားပြီပဲ။"
တကယ်တမ်းလည်း သူမ ပြောသည့်အတိုင်းပင် ဖြစ်နေချေ၏။
ယခင်က အိပ်မက်ဆိုးဧကရာဇ်သည် သူ၏ စွမ်းအားများအားလုံးကို တုပိုင်ထံသို့ လွှဲပြောင်းပေးခဲ့စဉ်က ကျောက်ယန်ဖိန်ကို အနိုင်ယူနိုင်ရန် ကူညီပေးနိုင်သော်လည်း အိပ်မက်ဆိုးမိစ္ဆာဘုရင်နှင့် ပတ်သက်လာပါက လုံးဝ ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်းကို အကြိမ်ကြိမ် အလေးအနက် သတိပေးခဲ့ဖူးသည်။
ထို့အပြင် အိပ်မက်ဆိုးဧကရာဇ်၏ အနာဂတ်မှာ အကန့်အသတ် ရှိသော်လည်း တုပိုင်၏ အနာဂတ်မှာမူ အကန့်အသတ် မရှိနိုင်ကြောင်းကိုလည်း ထပ်တလဲလဲ ပြောဆိုခဲ့သေး၏။
ထိုမျှမက သူသည် အပြောင်းအလဲအား အောင်မြင်စွာ စောင့်ဆိုင်းနိုင်ခဲ့သော်ငြား အနာဂတ်အတွက်မူ အဆိုးမြင်မှုများနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေဆဲဖြစ်ကြောင်းကိုပါ အကြိမ်ကြိမ် အလေးပေး ပြောဆိုခဲ့ပြန်သည်။
ရုတ်တရက်ဆိုသလိုပင် ပုစဉ်းရင်ကွဲကို ဖမ်းမည့် ရှစ်ခိုးကောင်နောက်၌ ရွှေဝါငှက်က ချောင်းမြောင်းနေသည်ဟူသော စကား၏ အဓိပ္ပာယ်ကို တုပိုင် နားလည်သွား၏။
ကျောက်ယန်ဖိန်၏ အိမ်တော်တွင်းသို့ ဝင်ရောက်ကာ သူ၏ မှတ်ဉာဏ်သုံးခုမှ အသေးစိတ်အချက်အလက်များကို မြင်တွေ့ခဲ့ရပြီးနောက်၌ တုပိုင်အတွက် ပို၍ပင် ရှင်းလင်းပြတ်သားသွားခဲ့လေပြီ။ ဤအရာအားလုံးကို အိပ်မက်ဆိုးမိစ္ဆာဘုရင်က တိတ်တဆိတ် ကြိုးကိုင်ခြယ်လှယ်နေခဲ့ခြင်းဖြစ်ပြီး တုပိုင်၏ လှုပ်ရှားမှုတိုင်းသည် သူ၏ စောင့်ကြည့်မှုအောက်၌သာ ရှိနေခဲ့သည်။
ထိုအချိန်က တုပိုင်၌ ရွေးချယ်စရာလမ်း နှစ်သွယ်သာ ရှိခဲ့သည်။ ပထမတစ်လမ်းမှာ ကျောက်ယန်ဖိန်နှင့် အသေအကြေ တိုက်ခိုက်ပြီး သူ့အား သတ်ပစ်ရန် ဖြစ်၏။
ဒုတိယတစ်လမ်းမှာ ကျောက်ယန်ဖိန်အား မသတ်ဘဲ ထိုတိုက်ပွဲကို လက်လျှော့လိုက်ရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျောက်ယန်ဖိန်ကို သတ်လိုက်လျှင်ပင် လူသားအချင်းချင်းကြားရှိ သတ်နေခြင်းထက် မပိုချေ။ ကျောကိယန်ဖိန်သည်လည်း လူသားတစ်ယောက် ဖြစ်သည်မဟုတ်ပါလော။ ထိုသို့ဆိုလျှင် အိပ်မက်ဆိုးမိစ္ဆာဘုရင်အတွက် မည်သည့် အကျိုးအမြတ်မျှ ရရှိလာမည် မဟုတ်ချေ။
သို့သော် တုပိုင်က အစွမ်းကုန် ကြိုးပမ်းကာ ကျောက်ယန်ဖိန်အား အောင်မြင်စွာ သတ်ပစ်နိုင်ခဲ့သည်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်ဝါးရိုက်ချက်ကြောင့် သူ ပြာအဖြစ် ပြောင်းလဲသွားရခြင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်မည်ဆိုလျှင် မဖျက်ဆီးဘဲ အသစ်ပြန်လည် တည်ဆောက်နိုင်မည် မဟုတ်ချေ။
တုပိုင်၏ ကျင့်ကြံခြင်း အနာဂတ်လမ်းကြောင်း၌ အကန့်အသတ်မရှိကြောင်း အိပ်မက်ဆိုးဧကရာဇ်က ထပ်တလဲလဲ အလေးပေး ပြောဆိုခဲ့သော်လည်း သူ၏ မူလခန္ဓာကိုယ်၏ ကျင့်ကြံခြင်း အနာဂတ်လမ်းကြောင်း၌မူ အကန့်အသတ် ရှိနေသည်။
အကန့်အသတ်အား ကျော်လွန်ရန် မည်သို့ လုပ်ရမည်နည်း။ မူလခန္ဓာကိုယ်ကို ဖယ်ရှားပစ်ပြီး အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ခြင်းက နည်းလမ်းဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့အပြင် ယခုအခါ၌ တုပိုင်သည် သူ၏ အစစ်အမှန်ခန္ဓာကိုယ်မှ အကြေးခွံများနှင့် လက်သည်းများကို တဖြည်းဖြည်း ဖော်ထုတ်လာပြီ ဖြစ်သည်။ သူသည်လည်း ဘုရင်မမိုဟန်ကဲ့သို့ ဖြစ်သွားခဲ့ပြီး ခန္ဓာကိုယ် ပျက်စီးသွားကာ ဝိညာဉ်ပါ လွင့်စင်ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုသို့တိုင်အောင် သူ အသက်ရှင်နေဆဲပင်။ မည်သူကမျှ သူတို့အား မမြင်တွေ့နိုင်ပေ။ သူနှင့် ဘုရင်မမိုဟန်သာလျှင် တစ်ဦးကိုတစ်ဦး မြင်တွေ့နေနိုင်သည်။
လက်ရှိအချိန်၌ တုပိုင်တို့ ၂ ယောက်သားမှာ ကံကြမ္မာမိစ္ဆာနယ်စားကြီး၏ နန်းတော် တည်ရှိရာ ပင်လယ်ပြင်ဧရိယာအတွင်း၌ပင် ရှိနေဆဲဖြစ်ပြီး အိပ်မက်ဆိုးမိစ္ဆာဘုရင်ကိုယ်ပွား၏ လက်ဝါးရိုက်ချက်ဖြင့် ပြာအဖြစ် ရိုက်ချခံခဲ့ရသည့် နေရာ၌ပင် ရှိနေသေး၏။
ကွာခြားချက်မှာ သူ မြင်တွေ့နေရသည့် ကမ္ဘာကြီးတစ်ခုလုံးက ကွဲပြားခြားနားနေခြင်းသာ ဖြစ်၏။
မူလက သူ၏ မြင်ကွင်းမှတစ်ဆင့် ကမ္ဘာကြီးတစ်ခုလုံးကို ကြည့်ရှုလိုက်လျှင် နေရာတိုင်း၌ မီးခိုးရောင်နယ်မြေများသာ ရှိနေခဲ့သည်။
လက်ရှိအချိန်၌မူ ကမ္ဘာကြီးတစ်ခုလုံးကို ပါးလွှာသော အရိပ်လွှာတစ်ခုသဖွယ် ကြည့်ရှုနေရပြီး ပုံရိပ်ယောင်ကမ္ဘာတစ်ခုကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေ၏။
**--**--**--**--**--**--**--**
ပင်လယ်ပြင်ထက်၌ အမျိုးသမီးတစ်ဦးသည် ငွေရောင်စွမ်းအင်သံချပ်ကာကို ဝတ်ဆင်ထားပြီး လူတိုင်းကို အံ့အားသင့်သွားစေနိုင်သည့် ရှည်လျားလှသော ခြေတံတစ်စုံကို ပိုင်ဆိုင်ထား၏။
သူမ၏ ဘေး၌မူ နဂါးသွေးနွယ်ဖွား အမျိုးသားတစ်ဦး ရှိနေသည်။ ထိုသူသည် အိပ်မက်ဆိုးဧကရာဇ်ကဲ့သို့ အရပ်မရှည်သော်လည်း ၉ ပေခန့် မြင့်မားကာ အမျိုးသမီးဖြစ်သူထက် ခေါင်းတစ်လုံးစာခန့် ပို၍ မြင့်မားနေဆဲပင်။
သူတို့နှစ်ဦးက ပင်လယ်ပြင်ထက်ရှိ အရာအားလုံးကို ရှာဖွေရန်အတွက် သူတို့၏ စိတ်စွမ်းအားများကို အဝေးသို့ ဖြန့်ကြက်ထုတ်လွှတ်လိုက်ကြသည်။
"ဒီမှာ စွမ်းအင်လှိုင်းတွေ ကျန်နေသေးတယ် ဆိုတော့ကာ...။" နဂါးသွေးနွယ်ဖွား အမျိုးသားက အေးစက်စွာ ပြောလိုက်၏။ "ခုလေးတင် ပြင်းထန်တဲ့ တိုက်ပွဲနှစ်ခု ဖြစ်ပွားခဲ့တာ သေချာတယ်။"
ထို့နောက် အမျိုးသမီး၏ နတ်သမီးလေးပမာ လှပသည့် ပုံရိပ်လေးက လျှပ်တစ်ပြက် လှုပ်ရှားသွားကာ မိုင်အတော်များများမှ ပင်လယ်ပြင်ထက်သို့ ရုတ်တရက် ဆင်းသက်သွားလိုက်၏။
**--**--**--**--**--**--**--**
ကံကြမ္မာမိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန်၏ ရုပ်အလောင်းမှာ ပင်လယ်ပြင်ထက်၌ ပေါလောပေါ်နေပြီး သူ၏ ခေါင်းနှင့် ကိုယ်မှာ တခြားစီ ဖြစ်နေသည်။
"ကံကြမ္မာမိစ္ဆာနယ်စားကြီး ကျောက်ယန်ဖိန် သေသွားပြီ။" အမျိုးသမီးက တည်ငြိမ်စွာ ဆိုလာ၏။ "မသေခင်မှာ သူ့ရဲ့ ဝိညာဉ်က အပိုင်းပိုင်း ကွဲအက်နေတဲ့ အခြေအနေ ဖြစ်နေခဲ့တယ် ဆိုတော့ကာ... တုပိုင်က သူ့ကို သတ်ဖို့ စိတ်စွမ်းအင် သိုင်းပညာတွေကို အသုံးပြုခဲ့တာ ဖြစ်ရမယ်။"
ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တုပိုင်၏ ခန္ဓာကိုယ်မှာ မသိမသာ တုန်ယင်သွားသည်။ အလွန်တရာလှပသည့် အမျိုးသမီးဖြစ်သူမှာ ရန်ယဲ့ရှောင်ပင်။
ရန်ယဲ့ရှောင်၏ မှတ်ဉာဏ်များ ပျောက်ဆုံးသွားနိုင်သည်ကို တုပိုင် ကြိုတင် မှန်းဆထားပြီး ဖြစ်၏။
အကြောင်းမူကား အိပ်မက်ဆိုးဧကရာဇ် သူမအား ကယ်တင်ခဲ့ချိန်က သွေးကြော အသွင်ပြောင်းလဲမှုများကို ပြုလုပ်ပေးခဲ့ခြင်းကြောင့်ပင်။ ထိုစဉ်က သမီးနှင့် ခင်ပွန်းဖြစ်သူအပေါ် စိုးရိမ်ပူပန်မှုများက ရန်ယဲ့ရှောင်၏ စွမ်းအင်အားလုံးနီးပါးကို စုပ်ယူသွားခဲ့ပြီး ထာဝရ နာကျင်မှုနှင့် ကြောက်ရွံ့မှုများထဲတွင်သာ ကျန်ရစ်စေခဲ့သဖြင့် သွေးကြောအသွင်ပြောင်းလဲမှုမှာ ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့ကြောင့်ပင် အိပ်မက်ဆိုးဧကရာဇ်က သူမ၏ မှတ်ဉာဏ်များကို တိုက်ရိုက် ချိပ်ပိတ်ပစ်ကာ အသစ်တစ်ဖန် ပြန်လည်စတင်စေခဲ့ခြင်း ဖြစ်၏။
ထိုရလဒ်အနေဖြင့် အိပ်မက်ဆိုးအင်ပါယာ၏ မင်းသမီး ဖြစ်လာသည့် ရန်ယဲ့ရှောင်မှာ ကျင့်ကြံခြင်း၌သာ အလုံးစုံ အာရုံစိုက်လာသည်။
ယခုအခါ၌မူ သူမက တုပိုင်၏ အမည်ကို တိုက်ရိုက် ခေါ်ဆိုလိုက်၏။
"တုပိုင်..." ရန်ယဲ့ရှောင်က အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်၏။ "ရှင် ရှိနေလား..."
"အင်း...။" ခဏတာ တိတ်ဆိတ်သွားပြီးနောက် တုပိုင်က ပြန်ဖြေလိုက်သည်။ "ငါ ဒီမှာ ရှိတယ်။"
ရန်ယဲ့ရှောင်နှင့် နဂါးသွေးနွယ်ဖွား အမျိုးသားတို့က တုပိုင် အသံပြုလိုက်သော နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထို့နောက် ကျောက်သလင်းတစ်ခုစီကို ထုတ်ယူကာ ညင်သာစွာ ညှစ်လိုက်ပြီး မျက်လုံးများထဲသို့ စွမ်းအင်အရည် နှစ်စက်ခန့်ကို ခတ်ချလိုက်ကြ၏။
ထိုအခါ ရန်ယဲ့ရှောင်နှင့် နဂါးသွေးနွယ်ဖွား အမျိုးသားတို့ တုပိုင်၏ ရုပ်သွင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။
ချက်ချင်းဆိုသလိုပင် ထိုနှစ်ဦးက ဘုရင်မမိုဟန်၏ ရုပ်သွင်ကိုပါ ထပ်မံ မြင်တွေ့လိုက်ရသောကြောင့် အနည်းငယ် မှင်သက်သွားကြသည်။
"ဟမ်...။" နဂါးသွေးနွယ်ဖွား အမျိုးသားက အံ့အားသင့်စွာဖြင့် ပြောလာ၏။ "တကယ်ပဲ နဂါးဝိညာဉ် နှစ်ခုတောင် ရှိနေတာကိုး။"
"အင်း...။" ရန်ယဲ့ရှောင်က တည်ငြိမ်စွာ ပြန်ပြောသည်။ "တွေ့ပြီဆိုတော့ကာ ဘုရင်မကြီးကို သွားတွေ့ဖို့ အကုန်လုံးကို ပြန်ခေါ်သွားလိုက်မယ်။"
"အဆွေတော် တုပိုင်...။" နဂါးသွေးနွယ်ဖွား အမျိုးသားက လေးစားစွာ ပြောလာ၏။ "ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ။ သင့်ကို မြင့်မြတ်နယ်မြေဆီ ခေါ်သွားပါမယ်။"
ထို့နောက် ရန်ယဲ့ရှောင်နှင့် နဂါးသွေးနွယ်ဖွား အမျိုးသားတို့က လေပေါ်သို့ တိုက်ရိုက် ပျံတက်သွားကြသည်။
တုပိုင်နှင့် ဘုရင်မမိုဟန်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် မြောက်ဘက် ကောင်းကင်ယံဆီသို့ ပျံသန်းသွားလိုက်ကြသည်။
**--**--**--**--**--**--**--**
သူတို့လေးဦး မြောက်ဘက်ဆီသို့ ပျံသန်းသွားနေကြသည်။
ပစိဖိတ်သမုဒ္ဒရာ တစ်ခုလုံးကို ဖြတ်သန်းပျံသန်းလာခဲ့ရာ အောက်ဘက် ပင်လယ်ပြင်ထက်၌ ရေခဲတုံးများ ပိုမို များပြားလာပြီး ရေခဲမြစ်များကိုလည်း ပို၍ မြင်တွေ့လာရသည်။ မြင့်မြတ်နယ်မြေဆိုသည်မှာ မြောက်ဝေရိုးစွန်း၌ ရှိနေသည်လော။
ထိုသို့ဆိုပါက မိစ္ဆာများကလည်း သိရှိမည် မဟုတ်လော။ တုပိုင် ဇဝေဇဝါဖြစ်သွားရသည်။
သူတို့ မြောက်ဘက်သို့ ဆက်လက် ပျံသန်းသွားကြလေပြီး မြောက်ဝေရိုးစွန်း၏ အလယ်ဗဟိုချက်ဆီသို့ ရောက်ရှိလာကြသည်။ မျက်စိအဆုံး ရေခဲများနှင့် ဆီးနှင်းများကသာ ဖုံးလွှမ်းနေ၏။
ကမ္ဘာမြေ၏ စက်မှုခေတ်တွင် အခြားသော နေရာဒေသများသည် အနည်းနှင့်အများ ဆိုသလို ညစ်ညမ်းနေခဲ့သော်လည်း မြောက်ဝေရိုးစွန်းနှင့် တောင်ဝေရိုးစွန်းတို့မှာမူ သန့်စင်သော မြေတစ်ကွက်အလား တောက်ပနေသည့် ပုလဲလုံးလေးများအလား တည်ရှိနေခဲ့ကြသည်။
သို့သော် ယခုအခါ ရေခဲမြစ်များနှင့် ဆီးနှင်းဖြူများမှာလည်း ညစ်ညမ်းနေကြလေပြီ။ မျက်စိအဆုံးမြင်နေရသည့် ဆီးနှင်းများနှင့် ကောင်းကင်ယံမှာ မီးခိုးရောင် သန်းနေ၏။
မိုင်ရာချီအောင် ပျံသန်းလာခဲ့ပြီးနောက်၌ တုပိုင် ရုတ်တရက် ထူးဆန်းသည့် ခံစားချကိကို ခံစားလိုက်ရသည်။
အရှေ့ဘက် ကောင်းကင်ယံ၌ မိုင်ခြောက်ရာကျော် အချင်းရှိသည့် အလွန် ကြီးမားလှသော ဆပ်ပြာပူဖောင်းကြီး တစ်ခုအလား ဧရာမ ပွင့်လင်းမြင်သာသည့် စွမ်းအင်ဒိုင်းကာကြီးတစ်ခု ရှိနေလေ၏။
"ရွှစ်... ရွှစ်"
ရန်ယဲ့ရှောင်နှင့် နဂါးသွေးနွယ်ဖွား အမျိုးသားတို့က တုပိုင်နှင့် မိုဟန်အား ခေါ်ဆောင်ကာ ထိုဆပ်ပြာပူဖောင်းကြီးကို ဖြတ်သန်းသွားကြလိုက်၏။ ထို့နောက် သူတို့၏ မျက်မှောက်ရှိ ကမ္ဘာကြီးမှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားလေတော့သည်။ မြင့်မြတ်နယ်မြေအတွင်းသို့ ရောက်လာလေပြီ။
တုပိုင်နှင့် ဘုရင်မမိုဟန်တို့၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို အဆုံးစွန်ထိ ပြူးကျယ်သွားကြ၏။
ထျန်ကျီကျွန်းသခင်၏ နိမိတ်ဖတ်ခြင်း မြင်ကွင်းထဲ၌ တုပိုင် ဤကမ္ဘာကြီးကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။ ဤသည်မှာ အစစ်အမှန် ကောင်းကင်မြို့တော်ကြီးပင် ဖြစ်၏။
သေချာသည်မှာ အိပ်မက်ဆိုးအင်ပါယာသည်လည်း ကောင်းကင်မြို့တော်တစ်ခု ဖြစ်သော်လည်း ထိုမြို့တော်၏ အချင်းဝက်မှာ မိုင်အနည်းငယ်မျှသာ ရှိပြီး ပုံတူကူးချထားသည့် မူကွဲတစ်ခုမျှသာ ဖြစ်သည်။
တုပိုင် အိပ်မက်ဆိုးအင်ပါယာသို့ ရောက်ရှိခဲ့စဉ်ကပင် လုံးဝ အံ့အားသင့်ခဲ့ရ၏။ သို့သော် သူ၏ မျက်မှောက်ရှိ မြင့်မြတ်နယ်မြေကမူ အိပ်မက်ဆိုးအင်ပါယာထက် အဆပေါင်း ရာနှင့် ချီ၍ ပိုမို ကြီးမားနေလေပြီး ပို၍ လှပကာ နက်နဲဆန်းကြယ်လှသည်။
ဤသည်မှာ ဧရိယာ စတုရန်းမိုင် သုံးသိန်းကျော် ရှိသည့် အလွန် ကျယ်ဝန်းလှသည့် ဟင်းလင်းပြင်ကြီးပင်။ ဤသည်မှာ အိပ်မက်များနှင့် ပြည့်နှက်နေသည့် စည်ကားသိုက်မြိုက်လှသည့် မြို့တော်ကြီးတစ်ခုပင်။
မရေမတွက်နိုင်သည့် ခမ်းနားထည်ဝါလှသော အိမ်တော်ကြီးများက လေထဲတွင် ပေါလောပေါ်နေကြပြီး တစ်လုံးစီတိုင်းမှာ အလွန် မြင့်မားလျက် ရှိနေကြ၏။ သို့သော်လည်း ခေတ်သစ်ကမ္ဘာမြေပေါ်ရှိ မှန်များကဲ့သို့သော အရာမျိုး လုံးဝနီးပါး မရှိဘဲ ဤနေရာရှိ အိမ်တော်များမှာ အနုပညာဆန်သော အလှတရားများနှင့် ပြည့်နှက်နေကြသည်။
ဤသည်မှာ ရှေးရိုးဆန်လှသည့် စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ပေါင်းစပ်ထားခြင်းပင်။ အိမ်တိုင်း ၊ ရင်ပြင်တိုင်း ၊ ပန်းခြံတိုင်းနှင့် ရေကန်တိုင်းတို့က လေထဲ၌ သီးခြားစီ ပေါလောပေါ်နေကြသည်။
ဤသည်မှာ တုပိုင်၏ အိပ်မက်ထဲတွင်ပင် လုံးဝ မဖန်တီးနိုင်ခဲ့သည့် မြို့တော်ကြီးပင်။ ဤနေရာရှိ နဂါးသွေးနွယ်ဖွားများ၏ လူဦးရေမှာ သန်းဆယ်ဂဏန်းကျော်အထိ ရှိနေ၏။
လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ကျော်က မိစ္ဆာများ နဂါးသွေးတိုက်ကြီးကို ဖျက်ဆီးလိုခဲ့ကြချိန်က နဂါးသွေးနွယ်ဖွားများ အားလုံးက သူတို့၏ စွမ်းအားအားလုံးကို စုစည်းကာ မိစ္ဆာများ ဝင်ရောက်မလာနိုင်သည့် နေရာတစ်ခုအဖြစ် မြင့်မြတ်နယ်မြေကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း အိပ်မက်ဆိုးဧကရာဇ်က ပြောပြခဲ့ဖူးသည်။
ထိုစဉ်က သောင်းနှင့်ချီသော နဂါးသွေးနွယ်ဖွားများက ဤမြင့်မြတ်နယ်မြေအတွင်းသို့ ဝင်ရောက် နေထိုင်ခဲ့ကြ၏။
ယခုအခါ နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီးနောက်တွင်မူ မြင့်မြတ်နယ်မြေ၌ လူဦးရေမှာ သန်းဆယ်ဂဏန်းအထိပင် ရှိလာတော့သည်။
**--**--**--**--**--**--**--**
ရန်ယဲ့ရှောင်နှင့် နဂါးသွေးနွယ်ဖွား အမျိုးသားတို့ နှစ်ဦးစလုံးက တုပိုင်ကို ခေါ်ဆောင်ကာ ကောင်းကင်ထက်ရှိ မြို့တော်ကြီးထဲသို့ ဝင်ရောက်သွားလိုက်ကြသည်။
တစ်နာရီကျော်ကြာအောင် ပျံသန်းခဲ့ရ၏။ ထို့နောက်တွင် ကောင်းကင်ဘုံကဲ့သို့ မြို့တော်ကြီးတစ်ခုကို မြင်တွေ့လိုက်ကြရသည်။
ထိုသည်မှာ မြင့်မြတ်နယ်မြေ၏ ဗဟိုလေပြင်ထဲ၌ ပေါလောပေါ်နေသည့် အလွန် ခမ်းနားထည်ဝါလှသည့် နန်းတော်ကြီးတစ်ခုပင်။
ဤနန်းတော်ကြီးနှင့် နှိုင်းယှဉ်လိုက်ပါက လီရှောင်ချန်၏ ရေခဲသရဖူခံတပ် နန်းတော်ကြီးမှာ အလွန် အကြမ်းထည်ဆန်ကာ အရည်အသွေး ညံ့ဖျင်းလွန်းနေတော့သည်။
သူတို့ နန်းတော်ထဲသို့ ဝင်ရောက်သွားလိုက်ကြ၏။
ထိုမျှလောက် ခမ်းနားတင့်တယ်လှသော အစောင့်တပ်ဖွဲ့မျိုးကို တုပိုင် တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ သူတို့ ဝတ်ဆင်ထားသည့် သံချပ်ကာများမှာ ရွှေထက်ပင် ပို၍ တောက်ပနေသည်။
နန်းတော်ထဲသို့ တစ်လွှာပြီးတစ်လွှာ နက်ရှိုင်းစွာ ဝင်ရောက်သွားကြ၏။ နောက်ဆုံးတွင်တော့ ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
"အဆွေတော် အဓိပတိ...။" ရန်ယဲ့ရှောင်က ရိုသေလေးစားစွာ လျှောက်တင်လိုက်၏။ "နဂါးဝိညာဉ် သယ်ဆောင်သူ တုပိုင်ကို တွေ့ရှိခဲ့ပါတယ်။ ကျွန်မတို့ အခု ခေါ်လာခဲ့ပါပြီ။"
"အင်း...။" အထဲမှနေ၍ ကြည်လင်ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ "ခေါ်လာခဲ့လိုက်..."
**--**--**--**--**--**--**--**
ထို့နောက် တုပိုင်နှင့် မိုဟန်တို့ ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားလိုက်ကြ၏။ ထိုနေရာ၌ သိန်းနှင့်ချီသည့် စာအုပ်များ ရှိနေပြီး စာအုပ်တိုင်းမှာ လေထဲ၌ သေသပ်စွာ ပေါလောပေါ်နေကြသည်။
အဓိပတိဆိုသူမှာ ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငှက်မွေးစုတ်တံတစ်ချောင်းကို ကိုင်ကာ တစ်စုံတစ်ခုကို ရေးသားနေ၏။
တုပိုင်နှင့် မိုဟန်တို့ ဝင်လာသည်ကို မြင်သော်လည်း မော့ပင် မကြည့်ဘဲ အလုပ်ကိုသာ ဆက်လက် လုပ်ဆောင်နေသည်။ နာရီဝက်ကျော် ကြာမြင့်သွားပြီးနောက် ရေးသား၍ ပြီးဆုံးသွားသည်။ စာအုပ်ကို ပိတ်ပြီး လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ထိုစာအုပ်မှာ မူလနေရာဆီသို့ လွင့်မျောသွားလေ၏။
အဓိပတိက ခေါင်းမော့လာပြီး တုပိုင်ကို စိုက်ကြည့်လိုက်၏။
"အဆွေတော် တုပိုင်...။" အဓိပတိက စားပွဲပေါ်၌ လက်ကို ဝှေ့ယမ်းလိုက်ရင်း တည်ငြိမ်စွာ ပြောလာသည်။
ရုတ်တရက် သုံးဖက်မြင်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းထဲ၌ တုပိုင်နှင့် ကျောက်ယန်ဖိန်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကို အသေးစိတ် ပြန်လည်ပြသထားပြီး နောက်ဆုံး၌ တုပိုင်က အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချခံလိုက်ရသည်အထိ ပါဝင်နေသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်၌ တုပိုင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားတော့သည်။ သူ အလွန်အမင်း ဒေါသထွက်သွားရသည်။
အကြောင်းမူကား သူ၏ လှုပ်ရှားမှုတိုင်းကို အိပ်မက်ဆိုးမိစ္ဆာဘုရင်သာမက မြင့်မြတ်နယ်မြေရှိ နဂါးသွေးနွယ်ဖွားများကပါ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေခဲ့ကြခြင်းကြောင့်ပင်။ သို့တိုင်အောင် သူတို့က လက်ပိုက်ကြည့်နေခဲ့ကြသည်လော။
မရေမတွက်နိုင်သည့် လူသားများ သေကြေပျက်စီးရသည်ကို ခွင့်ပြုထားခဲ့ကြသည်လော။
ကျောက်ယန်ဖိန်က သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကို ဦးဆောင်ကာ ထိုက်ခန်အင်ပါယာ၏ မြို့တော်ကို တိုက်ခိုက်ခဲ့ချိန်နှင့် သန်းချီသော မိစ္ဆာများက လူသား နှစ်သန်းကို စားသောက်ခဲ့ကြချိန်တွင် မြင့်မြတ်နယ်မြေရှိ နဂါးသွေးနွယ်ဖွားများက ရှင်းလင်းစွာ မြင်တွေ့နေခဲ့ကြသော်လည်း သူတို့၌ ကူညီရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ပေ။
"အင်း...။" ခဏတာ တိတ်ဆိတ်သွားပြီးနောက် အဓိပတိက တည်ငြိမ်စွာ မေးလာ၏။ "မင်း ဒေါသထွက်နေတာပဲ... ဒေါသထွက်တယ်ဆိုတာ အရည်အချင်း မရှိခြင်းရဲ့ လက္ခဏာတစ်ခုပဲဆိုတာကို တွေးမိရဲ့လား..."
"တောက်...။" တုပိုင်က ဒေါသတကြီးဖြင့် ပြန်မေးလိုက်သည်။ "မြင့်မြတ်နယ်မြေက ကမ္ဘာမြေကို ကယ်တင်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး မဟုတ်လား။"
"အဆွေတော် တုပိုင်...။" အဓိပတိက ခပ်ပြုံးပြုံးဖြင့် ပြောလာ၏။ "မင်း ဘာလို့ ဒီလောက် အားနည်းနေရတာလဲဆိုတာ မင်း သိလား..."
"ဟမ့်...။" တုပိုင်က အံကြိတ်ကာ ပြန်ပြောလိုက်သည်။ "ပြောကြည့်စမ်းပါ။"
"လူသားတွေက သူတို့ရဲ့ ပိုလျှံနေတဲ့ စိတ်ခံစားမှုတွေကို စွန့်လွှတ်လိုက်ပြီး ရှေးဟောင်းစနစ်ကို စွန့်ပယ်လိုက်တဲ့ အခါကျမှသာ ဆိုတော့ကာ... သူတို့တွေ ဟင်းလင်းပြင်နဲ့ ကြယ်တာရာတွေဆီကို အမှန်တကယ် သွားရောက်နိုင်လိမ့်မယ်။" အဓိပတိက ရှင်းပြလာ၏။
"အချိန်ဆိုတာ ဘယ်လောက်တောင် တန်ဖိုးကြီးလဲ သိလား... အထူးသဖြင့် မင်းတို့ လူသားတွေရဲ့ သက်တမ်းက အရမ်းကို တိုတောင်းလွန်းတယ်လေ။ ဒါပေမဲ့ အဲဒီအချိန် အများစုကို အသုံးမဝင်တဲ့ အရာတွေပေါ်မှာပဲ ဖြုန်းတီးပစ်နေကြတယ်။"
"စိတ်ခံစားမှုရှုထောင့်ကနေ ကြည့်ရင်တော့ ဒါက ရယ်စရာကောင်းတယ်လို့ ခံစားရစေတယ်။ ဒါကြောင့် နှစ်ထောင်ပေါင်းများစွာ ကြာလာတဲ့အထိ မင်းတို့က အနိမ့်တန်း ယဉ်ကျေးမှုဆိုတဲ့ အမည်းစက်ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူးပေါ့။ ဆိုတော့ကာ အဲဒီလို အနိမ့်တန်း ယဉ်ကျေးမှုမျိုးကို ကယ်တင်ရတာက ဘာအကျိုးရှိမှာမို့လို့လဲ..."
"မင်းက အရမ်း ကံကောင်းပါတယ် အဆွေတော် တုပိုင်...။" အဓိပတိက ဆက်ပြောလာ၏။ "အစကဆိုရင် မင်းက မြင့်မြတ်နယ်မြေထဲကို ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီဘူး ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ နဂါးဝိညာဉ် အမှတ်အသား ရှိနေလို့ မင်းက မြင့်မြတ်နယ်မြေထဲကို ဝင်ရောက်ခွင့် ရခဲ့တာပဲ။"
"မင်းနဲ့ ဒီ... သခင်မ မိုဟန်တို့ကို ငါတို့ မြင့်မြတ်နယ်မြေက အထူး ပါရမီရှင်တွေအနေနဲ့ မိတ်ဆက်ပေးခဲ့တာပဲ။" အဓိပတိက ထပ်မံ ရှင်းပြလာသည်။ "ငါတို့ရဲ့ မြင့်မြတ်နယ်မြေက နဂါးမျိုးနွယ် ပြန်လည်မွေးဖွားခြင်းအတွက် စမ်းသပ်မှုတစ်ခုကို ပြုလုပ်သွားမှာ ဖြစ်တယ်။"
"နဂါးမျိုးနွယ် ပြန်လည်မွေးဖွားခြင်း ဆိုတဲ့ နာမည်အတိုင်းပဲ...။" အဓိပတိက အလေးအနက်ထား၍ ပြောလာ၏။ "ဒါက စွမ်းအင်သစ် ယဉ်ကျေးမှုရဲ့ စွမ်းအားကို အသုံးပြုပြီး ရှေးဟောင်းနဂါးမျိုးနွယ်ကို ပြန်လည် အသက်သွင်းဖို့ပဲလေ။ မင်းတို့ နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးဝိညာဉ် အမှတ်အသားတွေ ရှိနေတယ် ဒါကြောင့် မင်းတို့က ငါတို့အတွက် အကောင်းဆုံး စမ်းသပ်ခံတွေ ဖြစ်သလို စမ်းသပ်မှု ပန်းတိုင်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်တယ်ပေါ့။"
"သေချာတာကတော့ ဒီစမ်းသပ်မှုက မသိနိုင်တဲ့ အရာတွေနဲ့ ပြည့်နှက်နေတယ်။" အဓိပတိက သတိပေးသည့်ဟန်ဖြင့် ဆက်ပြောလာသည်။ "အခုချိန်အထိ စာတွေ့အရပဲ ရှိနေသေးတယ် ဆိုတော့ကာ ကျရှုံးနိုင်ခြေကလည်း အရမ်းကို မြင့်မားလွန်းတယ်လေ။ ဒါပေမဲ့ တစ်ခါ ကျရှုံးသွားတာနဲ့ မင်းတို့က ကမ္ဘာလောက အားလုံးနဲ့ ဟင်းလင်းပြင် အားလုံးကနေ အပြီးတိုင် ပျောက်ကွယ်သွားလိမ့်မယ်။"
"အင်း...။" တုပိုင်က တင်းမာစွာ မေးလိုက်၏။ "ငါတို့မှာ ငြင်းဆန်ခွင့် ရှိသေးလား။"
"ဟင့်အင်း... လုံးဝ မရှိဘူး။" အဓိပတိက ခေါင်းခါရင်း ဖြေလာသည်။ "လူသားတွေ စမ်းသပ်မှု လုပ်တဲ့အခါ မျောက်တွေ ကြွက်တွေရဲ့ ထင်မြင်ချက်ကို ထည့်သွင်းစဉ်းစားပေးလား... ခုလည်း အဲဒါနဲ့ အတူတူပါပဲ..."
"အခု ငါက ဒီမှာ ရောက်နေပြီး ထိုက်ခန်အင်ပါယာက အန္တရာယ်ကြုံနေရတယ် ဆိုတော့ကာ...။" တုပိုင်က စူးရှစွာ စိုက်ကြည့်ရင်း မေးလိုက်၏။ "အကယ်လို့ ကယ်တင်ဖို့ စစ်တပ် စေလွှတ်ပေးဖို့ ငါက တောင်းဆိုရင်တောင် မင်းတို့က ငြင်းဆန်ဦးမှာပဲ မဟုတ်လား။"
"ဟားဟား...။" မြင့်မြတ်နယ်မြေ၏ အဓိပတိက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလာသည်။ "ငါတို့က အိပ်မက်ဆိုးမိစ္ဆာဘုရင်နဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတယ်လေ။ ဆိုတော့ကာ... အိပ်မက်ဆိုးမိစ္ဆာဘုရင်နဲ့ မိစ္ဆာတွေ အားလုံးကို တစ်ချက်တည်းနဲ့ အပြီးတိုင် ဖျက်ဆီးပစ်နိုင်မယ်ဆိုတဲ့ ရာနှုန်းပြည့် သေချာမှု မရှိဘဲနဲ့တော့ ငါတို့အနေနဲ့ စစ်ပွဲကို စမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းပြောတဲ့ ထိုက်ခန်အင်ပါယာ ဆိုတာနဲ့ ပတ်သက်ပြီးတော့... အကယ်လို့ ဖျက်ဆီးခံလိုက်ရမယ်ဆိုရင်လည်း ဖျက်ဆီးခံလိုက်ရရုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို အနိမ့်တန်း ယဉ်ကျေးမှုက ဘာတန်ဖိုးမှ မရှိဘူးလေ။"
"ဟက်...။" တုပိုင်က သရော်သည့်ဟန်ဖြင့် ပြန်မေးလိုက်၏။ "ဒါဆို အိပ်မက်ဆိုးမိစ္ဆာဘုရင်က မိစ္ဆာစစ်တပ်ကို ဦးဆောင်ပြီး မြင့်မြတ်နယ်မြေထဲကို ဝင်ရောက်လာမှာကို မင်းတို့ မကြောက်ဘူးလား။"
"ဟားဟား...။" မြင့်မြတ်နယ်မြေ၏ အဓိပတိက ရယ်မောရင်း ပြောလာသည်။ "ငါတို့ မြင့်မြတ်နယ်မြေရဲ့ စွမ်းအင်ဒိုင်းကာက ဟင်းလင်းပြင်ရဲ့ အမြင့်မြတ်ဆုံး စွမ်းအင်နိယာမကို ပိုင်ဆိုင်ထားတယ် ဆိုတော့ကာ ဘယ်မိစ္ဆာမှ ဖြတ်သန်းသွားလို့ မရနိုင်ဘူး။ ဒါကြောင့် မိစ္ဆာစစ်တပ်က မြင့်မြတ်နယ်မြေထဲကို ဘယ်တော့မှ ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မဟုတ်ရင် မြင့်မြတ်နယ်မြေက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် ကတည်းက ဖျက်ဆီးခံခဲ့ရပြီးလောက်ပြီလေ။"
"ယုံကြည်ချက်ကတော့ တယ် ကောင်းလှပါလား။" တုပိုင်က အေးစက်စွာ ပြောလိုက်၏။ "အိပ်မက်ဆိုးမိစ္ဆာဘုရင်က မြင့်မြတ်နယ်မြေထဲကို ဝင်ရောက်လာတဲ့ အချိန်ကျရင်တော့ အရမ်း နောက်ကျသွားမယ်နော်။"
"မင်းကို တစ်ခုလောက်တော့ ပြောပြထားရလိမ့်မယ်...။" မြင့်မြတ်နယ်မြေ၏ အဓိပတိက ခပ်မာမာ ပြောလာသည်။ "ငါတို့ရဲ့ ယဉ်ကျေးမှုက မင်းတို့ထက် အဆင့်တစ်ဆင့်ထက်မက ပိုမြင့်တယ်... မင်းက ထိုက်ခန်အင်ပါယာရဲ့ ဧကရာဇ် ဖြစ်သလို ပွားလာတဲ့ ဟင်းလင်းပြင် ကမ္ဘာမြေပေါ်က အရှေ့ဘက် ပြည်ထောင်စုရဲ့ ဧကရာဇ် ဖြစ်ခဲ့ဖူးတယ် ဆိုတာကို ငါသိတယ်။ ဒါပေမဲ့ မြင့်မြတ်နယ်မြေမှာတော့ မင်းက စမ်းသပ်ခံ တစ်ယောက်သက်သက်ပဲ ၊ ဒုတိယတန်းစား နိုင်ငံသား တစ်ယောက်ပေါ့။ မျိုးပွားခွင့်ကိုတောင် ခံစားခွင့်မရှိတဲ့ ဒုတိယတန်းစား နိုင်ငံသား တစ်ယောက်ပဲ။"
"ဟမ်...။" တုပိုင်က နားမလည်ဖြစ်သွားရ၏။ "မျိုးပွားခွင့်..."
"အင်း... ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အကောင်းဆုံး မျိုးဆက်တွေကို မျိုးပွားနိုင်ဖို့အတွက် ဒါကြောင့် ငါတို့က ပျက်စီးယိုယွင်းနေတဲ့ စိတ်ခံစားမှုအပေါ် အခြေခံတဲ့ အိမ်ထောင်ရေးစနစ်ကို စွန့်လွှတ်ပြီး မျိုးဗီဇရှုထောင့်ကနေ မျိုးပွားရမယ်လေ။" အဓိပတိက လေးနက်စွာ ရှင်းပြလာသည်။ "ဒီလိုလုပ်ခြင်းအားဖြင့် အသုံးမဝင်တဲ့ သက်ရှိအမြောက်အမြား မွေးဖွားလာမှာ မဟုတ်တော့သလို မြင့်မြတ်နယ်မြေရဲ့ အရင်းအမြစ်တွေကိုလည်း ဖြုန်းတီးပစ်ရာ ရောက်တော့မှာ မဟုတ်ဘူးပေါ့။"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၇ + ၁၀၃၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။