← Chapters

အခန်း (၁၀၃၉-၁၀၄၀)

Vol. 102 Ch. 1039-1040

အခန်း (၁၀၃၉-၁၀၄၀)

Vol. 102 Ch. 1039-1040

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၉ + ၁၀၄၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

"ဟမ်..." တုပိုင်က မေးမြန်းလိုက်၏။ "ရန်ယဲ့ရှောင်ကရော... သူ့မှာ မျိုးပွားခွင့် ရှိသေးလား..."

"ခဏ... ငါ စစ်ဆေးကြည့်လိုက်ဦးမယ်...။" အဓိပတိက တစ်စုံတစ်ရာကို စစ်ဆေးကြည့်ရှုပြီးနောက် ပြန်လည်ဖြေကြားလာ၏။ "အင်း...။ သူက အရမ်းကို ထူးချွန်ပြောင်မြောက်တယ်။ ဒါကြောင့် သူ့မှာ မျိုးပွားခွင့် ရှိတယ်။ ငါတို့က သူ့အတွက် အကောင်းဆုံး အမျိုးသားတွေနဲ့ ယှဉ်တွဲပေးထားတယ် ဆိုတော့ကာ မကြာခင်မှာ သူတို့က မျိုးပွားရမယ့် တာဝန်ကို ထမ်းဆောင်ရလိမ့်မယ်..."

"ဟမ်..." တုပိုင်က မျက်မှောင်ကြုတ်ကာ ထပ်မံမေးမြန်းလိုက်ပြန်၏။ "ဒါဆိုရင် ငါက ဘာလို့ မျိုးပွားခွင့် မရှိရတာလဲ..."

ထိုအခါ အဓိပတိက တည်ငြိမ်သောလေသံဖြင့် ရှင်းပြလာ၏။ "မင်းရဲ့ ခန္ဓာကိုယ်မှာ နဂါးဝိညာဉ် အမှတ်အသား ရှိနေတယ်။ ဒါပေမဲ့ မင်းက တစ်ချိန်တုန်းက အဆင့်နိမ့် လူမျိုးစု တစ်ခု ဖြစ်ခဲ့တယ်လေ။ ဒါကြောင့် မင်းမှာ မျိုးပွားခွင့် မရှိတာပေါ့... ကောင်းပြီ... ငါ မင်းအတွက် ပေးထားတဲ့ တွေ့ဆုံချိန် ပြည့်သွားပြီ။ တစ်ယောက်ယောက် အဆွေတော် တုပိုင်နဲ့ သခင်မ မိုဟန်တို့ကို စမ်းသပ်ခန်းဆီ ခေါ်သွားလိုက်တော့။ နဂါးမျိုးနွယ် ပြန်လည်မွေးဖွားခြင်း စမ်းသပ်မှုကို စတင်လိုက်..."

သူ၏စကားအဆုံး၌ ချက်ချင်းဆိုသလိုပင် နဂါးသွေးနွယ်ဖွား စစ်သည်နှစ်ဦး ရှေ့သို့ ထွက်လာကြကာ တုပိုင်နှင့် ဘုရင်မမိုဟန်တို့၏ ဝိညာဉ်များအား စမ်းသပ်ခန်းဆီသို့ အတင်းအကျပ် ခေါ်ဆောင်သွားကြတော့၏။

"ကျစ်...။" ထိုစဥ် တုပိုင်က ရုန်းကန်ရင်း ရုတ်တရက် အော်ဟစ်လိုက်၏။ "ရန်ယဲ့ရှောင် ဘယ်မှာလဲ... သူ့ကို လာခဲ့ခိုင်းလိုက်။ ငါ သူနဲ့ စကားပြောချင်တယ်..."

"ဟမ့်..." အဓိပတိက မျက်မှောင်ကြုတ်သွားပြီးနောက် ပြန်လည်ပြောဆိုလာ၏။ "အဆွေတော် တုပိုင်... သူက အရင်က မင်းရဲ့ ဇနီး ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုချိန်မှာ မင်းက သူ့ရဲ့ မျိုးပွားခွင့်ကို ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် လူတိုင်းရဲ့ အချိန်ကို မဖြုန်းတီးပါနဲ့..."

"မရဘူး..." တုပိုင်က အလျော့မပေးဘဲ အခိုင်အမာ တောင်းဆိုလိုက်၏။ "ငါ သူ့ကို သေချာပေါက် တွေ့ရမှ ဖြစ်မယ်..."

အဓိပတိမှာ မျက်မှောင်ကြုတ်သွားသော်လည်းပဲ နောက်ဆုံးတွင်တော့ တောင်းဆိုမှုကို ခွင့်ပြုပေးလိုက်ရ၏။ "ကောင်းပြီလေ... ဆယ်မိနစ်ပဲ ရမယ်..."

**--**--**--**--**--**--**--**

ကျဉ်းမြောင်းလှသည့် အခန်းငယ်လေးတစ်ခုအတွင်း၌ တုပိုင်နှင့် ရန်ယဲ့ရှောင်တို့ နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်နေကြ၏။

"ရန်ယဲ့ရှောင်...။" အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တုပိုင်က စတင်၍ မေးမြန်းလိုက်၏။ "မင်း ငါ့ကို မှတ်မိလား..."

"အင်း..." ရန်ယဲ့ရှောင်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလာ၏။ "မှတ်မိတယ်လေ... ရှင်က ကျွန်မရဲ့ စေ့စပ်ထားသူပဲ... ကျွန်မတို့က တစ်ချိန်တုန်းက တစ်ယောက်ကိုတစ်ယောက် မေ့မရနိုင်လောက်အောင်ကို ချစ်ခဲ့ကြတယ်။ ရှင် ဘာမေးချင်လဲ ဆိုတာကို ကျွန်မ သိတယ်။ ကျွန်မက မျိုးပွားခွင့်ကို လုပ်ဆောင်မှာ မဟုတ်ဘူး။ ကျွန်မတို့က အိပ်မက်ဆိုး မိစ္ဆာဘုရင်နဲ့ ဆွေးနွေးပြီး ကျွန်မတို့ရဲ့ သမီးလေး တုရှောင်ကို မြင့်မြတ်နယ်မြေ ကမ္ဘာဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုသွားမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် ကျွန်မက လုံလောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသဖို့ လိုအပ်လိမ့်မယ်..."

တုပိုင်က ထပ်မံ၍ မေးလိုက်ပြန်၏။ "မြေအောက်မှာ ရှိနေတဲ့ တခြား လူသားတွေကရော ဘယ်လိုလုပ်မလဲ... သူတို့ မျိုးသုဉ်းသွားမှာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာလား"

ထိုစကားကြောင့် ရန်ယဲ့ရှောင် တိတ်ဆိတ်သွားရသည်ယ

"ဟမ်..." ထို့ကြောင့် တုပိုင်က ထပ်မံမေးမြန်းလိုက်ပြန်၏။ "ဒါဆိုရင်... ငါတို့ရဲ့ စိတ်ခံစားချက်တွေကရော ဘယ်လိုလုပ်မလဲ..."

ရန်ယဲ့ရှောင်က အေးစက်စက် လေသံဖြင့် တုံ့ပြန်လာ၏။ "စိတ်ခံစားချက်ဆိုတာက... အဆင့်မြင့် ယဉ်ကျေးမှုအတွက်တော့ အမှိုက်သရိုက် တစ်ခုပါပဲ..."

"ဟူးးး။" တုပိုင်က သက်ပြင်းရှည်ကြီးတစ်ချက်အား မှုတ်ထုတ်လိုက်ရင်း ပြောလာ၏။ "ဒါဆိုရင်... ငါတို့ကြားက ဆက်ဆံရေးက တရားဝင် ပြီးဆုံးသွားပြီပေါ့ ဟုတ်လား..."

"အင်း..." ရန်ယဲ့ရှောင်ကမူ အမူအရာမပျက် တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လာ၏။ "အကယ်လို့ ရှင်က အခမ်းအနားဆန်တဲ့ ခံစားချက်မျိုး လိုအပ်တယ် ဆိုရင်... အဲဒီလိုပဲ မှတ်ယူလို့ ရပါတယ်..."

"ဟေး..." ထိုအခါ တုပိုင်က မေးလိုက်ပြန်၏။ "ငါက နဂါးမျိုးနွယ် ပြန်လည်မွေးဖွားခြင်း စမ်းသပ်မှု လုပ်ဖို့ ခေါ်ဆောင်သွားခံရတော့မယ် ဆိုတာကို မင်း သိလား..."

"အင်း..." ရန်ယဲ့ရှောင်က ခေါင်းညိတ်ပြလာကာ ပြောလာ၏။ "ကျွန်မ သိတယ်။ ရှင့်ရဲ့ နဂါးဝိညာဉ်က မျိုးဆက်သစ် နဂါးမျိုးနွယ်ကို ဖန်တီးဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပဲလေ..."

တုပိုင်က သတိပေးသည့်ဟန်ဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ ကျရှုံးနိုင်ခြေက အရမ်းကို မြင့်မားလွန်းတယ်..."

"အင်း..." ရန်ယဲ့ရှောင်က သူမ၏ မျက်လုံးအစုံအား အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီးနောက် ဖြေကြားလာ၏။ "ကျွန်မ သိပါတယ်..."

"တုပိုင်..." ထို့နောက် သူမ ခဏတာမျှ စဉ်းစားတွေးတောလိုက်ပြီး ဆက်ပြောလာ၏။ "မဖျက်ဆီးဘဲ အသစ်ပြန်လည် မတည်ဆောက်နိုင်ဘူး။ ဒါကြောင့် ရှင့်ရဲ့ စိတ်ခံစားချက်တွေကို လွှတ်ချထားပြီး ရှင့်ရဲ့ ကိုယ်ပိုင် စွမ်းအားအပေါ်မှာပဲ အာရုံစိုက်ထားဖို့ ကျွန်မ အကြံပေးချင်တယ်။ ဒါမှသာ ရှင်က လူ့ယဉ်ကျေးမှု တစ်ခုလုံးကို ကယ်တင်နိုင်လိမ့်မယ်... ပြောပြီးပြီဆိုရင်တော့ ရှင့်ရဲ့ စမ်းသပ်မှုကို သွားလုပ်ဖို့ ထွက်သွားလိုက်တော့..."

ထိုအခိုက် တုပိုင်က အမည်နာမတစ်ခုအား ရေရွတ်လိုက်၏။ "အိပ်မက်ဆိုး ဧကရာဇ်..."

"တော်တော့..." သို့ရာတွင် ရန်ယဲ့ရှောင်က ပြတ်သား ဟန်ဖြင့် တားဆီးလိုက်၏။ "သူက ကျွန်မရဲ့ မွေးစားအဖေပဲ။ ဒါပေမဲ့ သူ့အကြောင်းကို ရှင် ကျွန်မကို ပြောပြနေရင်လည်း ဘာအဓိပ္ပာယ်မှ ရှိလာမှာ မဟုတ်ဘူး။ ပြီးတော့ ရှင့်ရဲ့ သမီး တုရှောင် အကြောင်းကိုလည်း မပြောပါနဲ့တော့... အသုံးမဝင်တော့ဘူး... အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီလေ... ကျွန်မတို့ကြားက ပတ်သက်မှုတွေ အကုန် ပြီးဆုံးသွားပြီ..."

တုပိုင် ဘာမှ ပြန်မပြောနိုင်တော့ချေ။ ဆွံ့အသွား သကဲ့သို့ပင် ဘာဆိုဘာမှ ပြန်မပြောနိုင်တော့ချေ။

"ဟူး..." ရန်ယဲ့ရှောင်က သူမ၏စကားအား ဆက်လက်ပြောဆိုလာ၏။ "ကျွန်မက မှတ်ဉာဏ် ပျောက်ဆုံးသွားတယ်။ ဒါကြောင့် ကျွန်မတို့ကြားက ခံစားချက်တွေကို မေ့သွားပြီလို့ ရှင် ထင်ကောင်း ထင်နေလိမ့်မယ်။ ဒါပေမဲ့ ရှင် ရှင်းရှင်းလင်းလင်း သိအောင် ကျွန်မ ပြောပြမယ်... အခု ကျွန်မရဲ့ စိတ်ထဲမှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းကို မှတ်မိနေတယ်။"

"အဲဒီ မှတ်ဉာဏ်တွေကို ကျွန်မ ပြန်ဖတ်ကြည့်တဲ့အခါ ကျွန်မ အရမ်းကို ဝမ်းနည်းမိတယ်... ရှင့်ကြောင့် သတ်သေဖို့ ကြိုးစားခဲ့တာပဲဖြစ်ဖြစ် ၊ ရှင်က အလောင်းလို ဖြစ်နေခဲ့ရင်တောင်မှ ကျွန်မ ရှင့်ကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက ရှင်မပါဘဲ အသက်မရှင်နိုင်သလို ဖြစ်နေခဲ့ပြီး ကိုယ့်အမေကိုတောင် သေအောင် ဖိအားပေးခဲ့မိတယ်။"

"အဲဒါက ကျွန်မ ဘယ်လောက်တောင် အားနည်းခဲ့လဲ ဆိုတာကို ခံစားရစေတယ်... အမျိုးသမီး တစ်ယောက်ဆိုတာ ငွေကြေးနဲ့ အရည်အချင်းပိုင်းမှာ သာမကဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ လွတ်လပ်ပြီး ကိုယ်ပိုင် ခြေထောက်ပေါ် ရပ်တည်နိုင်မှသာ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့ သူတစ်ယောက် ဖြစ်လာနိုင်တာလေ..."

"တုပိုင်..." ရှင်းပြအပြီးနောက် ရန်ယဲ့ရှောင်က မေးလိုက်၏။ "အခု ကျွန်မပြောတာ လုံလောက်အောင် ရှင်းလင်းသွားပြီလား..."

"အင်း..." တုပိုင်ကလည်း လေးလံစွာပင် ပြန်လည်ဖြေကြားလိုက်၏။ "လုံလောက်အောင် ရှင်းလင်းသွားပါပြီ..."

"ကောင်းပြီ..." ရန်ယဲ့ရှောင်က အကြံပေးသည့်ဟန်ဖြင့် ဆက်ပြောလာ၏။ "အကယ်လို့ ရှင်က အမျိုးသမီး တစ်ယောက် တကယ် လိုအပ်နေတယ် ဆိုရင်... ရှင်က မိုဟန်ကို ရွေးချယ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အခု ရှင့်မှာ ခန္ဓာကိုယ် မရှိတော့ဘူး။"

"ဒါကြောင့် ရှင့်ရဲ့ အလင်းနဲ့ အရိပ် အကြမ်းဖျင်း ပုံစံလေးကို မြင်ရဖို့တောင်မှ ကျွန်မက အထူး စွမ်းအင်ကို အသုံးပြုနေရတာ။ ဒါပေမဲ့ ရှင်နဲ့ မိုဟန်က တစ်ယောက်ကိုတစ်ယောက် မြင်တွေ့နိုင်တဲ့ တည်ရှိမှုတွေပဲလေ။ ဆိုတော့ကာ ရှင်တို့က တစ်ယောက်နဲ့တစ်ယောက် တစ်ဦးတည်းသော ပိုင်ဆိုင်မှုတွေနဲ့ ပိုတူတာပေါ့..."

ထိုသို့ပြောဆိုပြီးနောက် ရန်ယဲ့ရှောင်မှာ နောက်လှည့်မကြည့်တော့ဘဲ တိုက်ရိုက်ပင် ထွက်ခွာသွားတော့သည်။

"ရန်ယဲ့ရှောင်..." တုပိုင်က အလောတကြီး အော်ဟစ်လိုက်၏။ "နေဦး..."

"ဘာလဲ..." ရန်ယဲ့ရှောင်က နောက်သို့လှည့်ကြည့်လာကာ ပြောဆိုလာ၏။ "ကျွန်မ ပြောတာ မရှင်းသေးလို့လား..."

"ကျေးဇူးပြုပြီး..." တုပိုင်က မျှော်လင့်ချက်တကြီးဖြင့် တောင်းဆိုလိုက်၏။ "ရန်ယဲ့ရှောင်... မြင့်မြတ်နယ်မြေက ဘုရင်မကြီးနဲ့ တွေ့ဆုံနိုင်ဖို့ မင်း ငါ့ကို ကူညီပေးနိုင်မလား... ငါ သူနဲ့ ဆွေးနွေးစရာ အရေးကြီးတဲ့ ကိစ္စတွေ ရှိတယ်..."

"ဟူး..."

ရန်ယဲ့ရှောင်မှာ ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည်ပြောဆိုလာ၏။ "မြင့်မြတ်နယ်မြေမှာ အဆင့်အတန်း ခွဲခြားမှုက အရမ်း တင်းကျပ်တယ်။ ရှင်က ဘုရင်မကြီးကို တွေ့ခွင့်ရမှာ မဟုတ်ဘူး..."

"ကျေးဇူးပြုပြီး..." တုပိုင်က အလေးအနက်ထားကာ ထပ်မံပြောဆိုလိုက်၏။ "တကယ်ကို အရမ်းကို အရေးကြီးလို့ပါ..."

ရန်ယဲ့ရှောင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း သဘောတူလိုက်၏။ "ကျွန်မ ကြိုးစားကြည့်ပေးနိုင်တယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ သိပ်မထားနဲ့..."

ထို့နောက် သူမ အခန်းတွင်းမှ တိုက်ရိုက်ပင် ထွက်ခွာသွားတော့သည်။

**--**--**--**--**--**--**--**

တစ်နာရီခန့် ကြာပြီးနောက် တုပိုင် မြင့်မြတ်နယ်မြေ ဘုရင်မကြီး၏ ရှေ့မှောက်သို့ ရောက်လာသည်။ သို့သော် သူတို့နှစ်ဦးအကြား၌ စွမ်းအင်မျက်နှာပြင်တစ်ခုက အကာအကွယ်အနေဖြင့် ခြားနားထားသောကြောင့် ဘုရင်မ၏ ရုပ်သွင်အား တိတိကျကျ ရှင်းလင်းပြတ်သားစွာ မမြင်တွေ့ရချေ။

"အရှင်မ...။" တုပိုင်က မေးမြန်းလိုက်၏။ "မြင့်မြတ်နယ်မြေ ကမ္ဘာထဲမှာ နိမိတ်ဖတ်တတ်တဲ့သူ ရှိပါသလား..."

"အကယ်လို့ မင်းက ကယ်တင်ရှင်ဆိုတဲ့ ကိစ္စမျိုးကို ပြောချင်တာဆိုရင်တော့ မပြောဘဲ နေလိုက်ပါတော့...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက ပေါ့ပါးသော လေသံဖြင့် ဆိုသည်။ "အနာဂတ်ကို နိမိတ်ဖတ်တာနဲ့ ပတ်သက်လာရင် အိပ်မက်ဆိုးထက် ငါတို့က အများကြီး ပိုသိတယ်လေ..."

သူမ ပြောသည့် အိပ်မက်ဆိုးဆိုသည်မှာ အိပ်မက်ဆိုးမိစ္ဆာဘုရင်အား ရည်ညွှန်းနေခြင်းပင်။

ထိုစကားကြောင့် တုပိုင်က ထပ်မံမေးမြန်းလိုက်ပြန်၏။ "အရှင်မတို့ မြင့်မြတ်နယ်မြေ ကမ္ဘာနဲ့ အိပ်မက်ဆိုး မိစ္ဆာဘုရင်တို့က ကျူးကျော်တိုက်ခိုက်ခြင်း မပြုဖို့ စာချုပ် လက်မှတ်ရေးထိုးထားတယ်ဆိုတာ ဟုတ်ပါသလား..."

ဘုရင်မက အေးစက်စွာဖြင့် ပြန်ပြောသည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးလိုဘူး..."

ထိုအခါ တုပိုင်က မျက်မှောင်ကြုတ်ကာ ထပ်မံ၍ မေးခွန်းထုတ်လိုက်ပြန်၏။ "ထိုက်ခန်အင်ပါယာကို ကယ်တင်ဖို့အတွက် စစ်တပ် စေလွှတ်ပေးဖို့ ဘယ်လိုလုပ်ရမလဲ..."

"လုံးဝ မဖြစ်နိုင်ဘူး...။" ဘုရင်မက ပြတ်သားသောလေသံဖြင့် ချက်ချင်း ငြင်းဆန်လိုက်သည်။ "ငါတို့က မင်းတို့ လူသားတွေလိုမျိုး အားမနေဘူးလေ။ မျိုးသုဉ်းလုနီးပါး ဖြစ်နေတဲ့ မျောက်ဝံတွေကို သွားကယ်ဖို့ မအားဘူး..."

တုပိုင်က ဆက်လက်မေးမြန်းလိုက်၏။ "အရှင်မတို့မှာ နဂါးမျိုးနွယ်ကို ပြန်လည် အသက်သွင်းမယ့် အစီအစဉ် ရှိနေတာလား..."

"အင်း...။ ရှိတယ်..."

"အရှင်မ...။" အချိန်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် တုပိုင်က အလေးအနက်ထားကာ ပြောဆိုလိုက်၏။ "အရှင်မတို့အားလုံးရဲ့ ခန္ဓာကိုယ်မှာ နဂါးသွေးတွေ ရှိနေတယ်။ မျိုးဆက်သစ် နဂါးမျိုးနွယ်ကို ပြန်လည် အသက်သွင်းချင်တယ် ဆိုရင်... ဘာလို့ ကျွ​န်တော်မျိုးအပေါ် ဒီလောက်တောင် လေးစားမှု မရှိရတာလဲ။ ကျွ​န်တော်မျိုးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ် ရှိနေတယ် ဆိုတာကို အားလုံး သိကြတယ်။ မျိုးဆက်သစ် နဂါးမျိုးနွယ်ကို ပြန်လည် အသက်သွင်းချင်တယ် ဆိုရင် ကျွ​န်တော်မျိုး မပါဘဲနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူးလေ..."

"ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီကို သိလား...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက ခွန်းတုံ့ပြန်၍ မေးမြန်းလာ၏။ "ကမ္ဘာမြေပေါ်က လူသားတွေရဲ့ ဘိုးဘေးတွေက မျောက်ဝံတွေမလား..."

"အင်း...။" တုပိုင်က ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်လေ..."

"ဟက်...။" ထိုအခါ ဘုရင်မက သရော်လှောင်ပြောင်သည့် ဟန်ပန်ဖြင့် မေးခွန်းထုတ်လိုက်သည်။ "ဒါဆို မင်းတို့ လူသားတွေက မျောက်ဝံတွေကို ကိုးကွယ်ကြမှာလား..."

ထိုစကားများမှာ ရှေးဟောင်းနဂါးများအပေါ် အလွန်တရာ ကြီးမားလှသော မထီမဲ့မြင်ပြုမှုကြီးပင်။ သူမ၏ ထိုကဲ့သို့ လှောင်ပြောင်သည့် သဘောထားကြောင့် တုပိုင်တစ်ယောက် မှင်တက်အံ့အားသင့်သွားရ၏။

နဂါးသွေးနွယ်ဖွားများအနေဖြင့် သူတို့၏ ရှေးဟောင်းနဂါးများအပေါ် ဤကဲ့သို့သော သဘောထားမျိုး ရှိနေကြသည်လော။ သူတို့၏ ခန္ဓာကိုယ်များ၌ နဂါးသွေးများ အပြည့်အဝ ရှိနေကြသည် မဟုတ်ပါလော။

သို့သော် ယခု သူ၏မျက်မှောက်၌ ရှိနေသော မြင့်မြတ်နယ်မြေ၏ ဘုရင်မကမူ နဂါးများအား လူသားတို့၏ မျောက်ဝံဘိုးဘေးများကဲ့သို့ သဘောထားနေသည်။

မည်သို့ပင်ဖြစ်စေကာမူ တုပိုင် အလျင်အမြန်ပင် နားလည်သဘောပေါက်သွားသည်။

ဥပမာအားဖြင့် တရုတ်လူမျိုးများသည် သူတို့၏ ဘိုးဘေးများအပေါ် အချိန်အတော်ကြာ ဂုဏ်ယူဝင့်ကြွားခဲ့ကြဖူး၏။ သို့သော်လည်း ခေတ်သစ်သမိုင်း၏ အရှက်တကွဲ အကျိုးနည်းဖြစ်ရမှုများအပြီးတွင်မူ သူတို့သည် အနောက်ကမ္ဘာရှိ အရာအားလုံးအား ရူးသွပ်စွာ ကိုးကွယ်လာခဲ့ကြပြီး သူတို့၏ ဘိုးဘေးများနှင့် ပတ်သက်သည့် အရာအားလုံးကို လုံးဝ ငြင်းပယ်ကာ တရုတ်လူမျိုး သွေးပါရှိနေခြင်းကိုပင် ရှက်ရွံ့လာခဲ့ကြသေးသည်။

တုပိုင်က မေးမြန်းလိုက်ပြန်၏။ "အရှင်မတို့က နဂါးတွေကို အထင်သေးတယ် ဆိုတော့ကာ... ဘာလို့ နဂါးတွေကို ပြန်လည် အသက်သွင်းချင်ရတာလဲ..."

ဘုရင်မက အေးစက်စွာဆိုသည်။ "မင်းတို့ လူသားတွေရဲ့ ရုပ်ရှင်ကားတွေကို သိလား... တစ်ကားက 'ဂျူရက်ဆစ်ပန်းခြံ' လို့ နာမည်ရပြီး နောက်တစ်ကားက 'ကင်းကောင်' လို့ နာမည်ရတယ်..." (သိတယ်မလား။ Jurassic Park)

ဘုရင်မကြီးသည် စကားအား တစ်ဝက်တစ်ပျက်သာ ဆိုခဲ့သော်လည်းပဲ ထိုစကား၏ ဆိုလိုရင်းအဓိပ္ပာယ်မှာမူ အလွန်ပင် ရှင်းလင်းပြတ်သားနေပြီ ဖြစ်၏။

သမိုင်းကြောင်းများအရ ဒိုင်နိုဆောများသည် တစ်ချိန်က ကမ္ဘာမြေကြီးအား လွှမ်းမိုးအုပ်စိုးခဲ့ကြ၏။ ထိုအချိန်ကာလက လူသားများ၏ ဘိုးဘေးများမှာ မျောက်ဝံများသာ ဖြစ်ကြပြီး ဒိုင်နိုဆောများကမူ သက်ရှိကွင်းဆက်၏ ထိပ်ဆုံး၌ ရှိနေခဲ့ကြသည်။

ဂျူရက်ဆစ်ပန်းခြံဇာတ်ကားထဲ၌ လူသားများက ဒိုင်နိုဆော DNA အား အခြေခံ၍ ဒိုင်နိုဆောများကို ပြန်လည် ဖန်တီးခဲ့ကြသော်ငြား သူတို့၏ အဓိကရည်ရွယ်ချက်မှာ လက်နက်အဖြစ် အသုံးပြုရန်နှင့် ပြပွဲများ၌ ပြသရန်အတွက်သာ ဖြစ်သည်။

အလားတူပင် မြင့်မြတ်နယ်မြေ ကမ္ဘာသည် နဂါးမျိုးနွယ်အား လက်နက်နှင့် ကိရိယာတစ်ခုအနေဖြင့်သာ ပြန်လည် အသက်သွင်းလိုခြင်းဖြစ်ပြီး ကိုးကွယ်ရာ တစ်ခုအနေဖြင့် မှတ်ယူထားခြင်း မဟုတ်ချေ။

အမှန်တကယ်၌ မြင့်မြတ်နယ်မြေ ကမ္ဘာမှ နဂါးသွေးနွယ်ဖွားများသည် အတိတ်က အရာအားလုံးကို ငြင်းပယ်ထားရုံသာမက လွန်စွာမှလည်း မောက်မာကြွားဝါလွန်းသေးသည်။

"အဆွေတော် တုပိုင်...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက အေးစက်စွာဖြင့် ဆက်ပြောသည်။ "မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ငါတို့ရဲ့ သဘောထားတွေကြောင့် မင်း အရမ်းကို အံ့အားသင့်နေပုံရတယ်။ ငါတို့က နဂါးမျိုးနွယ်ကို ရိုသေလေးစားသင့်တယ်လို့ မင်း ထင်နေတာလား... ဒဏ္ဍာရီလာ ကယ်တင်ရှင် တစ်ယောက်လိုမျိုး မင်းကို ငါတို့က ကိုးကွယ်ရမယ်တဲ့လား..."

တုပိုင်က ခပ်အေးအေး လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ "အရှင်မတို့တွေ ရိုသေကြောက်ရွံ့မှုတွေ ကင်းမဲ့သွားပြီလို့ ကျွ​န်တော်မျိုး ခံစားရတယ်။ အရှင်မတို့က နဂါးမျိုးနွယ် တည်ထောင်ခဲ့တဲ့ အမြင့်မြတ်ဆုံး စွမ်းအင်နိယာမ အတွင်းမှာ သက်တောင့်သက်သာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့ရတာ အရမ်း ကြာလွန်းသွားပြီလေ။ ဒါကြောင့် မိစ္ဆာမျိုးနွယ်ရဲ့ စွမ်းအားကို မေ့ပျောက်သွားခဲ့ကြတာပေါ့..."

"ဟက်...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက သရော်ပြုံး ပြုံးလိုက်ရင်း ရှင်းပြလာ၏။ "ပထမဆုံး အနေနဲ့... မင်းက ငါတို့ မြင့်မြတ်နယ်မြေ ကမ္ဘာရဲ့ စွမ်းအားကို လုံးဝ နားမလည်သေးဘူးပဲ... မင်းက ငါတို့ကို နဂါးသွေးတိုက်ကြီးက သာမန် နဂါးသွေးနွယ်ဖွားတွေလို သဘောမထားသင့်ဘူး။ ငါတို့က မရေမတွက်နိုင်တဲ့ လူတွေထဲကနေ ရွေးချယ်ခံရတဲ့ နဂါးသွေးနွယ်ဖွား အသစ်တွေလေ။ ငါတို့က အကောင်းဆုံး မျိုးဗီဇ မိတ်လိုက်ခြင်းကနေ တစ်ဆင့် မျိုးပွားကြတယ်။ ဒါကြောင့် ငါတို့ရဲ့ မျိုးဆက်တွေက တစ်ဆက်ထက် တစ်ဆက် ပိုကောင်းလာတာချည်းပဲ..."

"ဒါ့အပြင်...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက မောက်မာသောဟန်ဖြင့် ဆက်ပြောလာ၏။ "မင်းတို့ရဲ့ တချို့ ဒဏ္ဍာရီတွေမှာ နတ်ဘုရားတွေက လူသားတွေကို ဖန်တီးခဲ့ကြတယ်ဆိုတာ သိလား... ဒါပေမဲ့ နောက်ဆုံးမှာတော့ လူသားတွေက နတ်ဘုရားတွေကို စစ်ကြေညာခဲ့ပြီး နတ်ဘုရားတွေကို အနိုင်ယူ ဖျက်ဆီးပစ်ခဲ့ကြတာပဲ... ပြီးတော့ မင်းနဲ့ ပတ်သက်ပြီး ပြောရရင်... နိမိတ်ဖတ်သူရဲ့ ပါးစပ်ဖျားက ထွက်လာတဲ့ ဒီကယ်တင်ရှင် ဆိုတာကို သမိုင်းရဲ့ အမှိုက်ပုံထဲ ပစ်လိုက်သင့်ပြီ... ဘာကယ်တင်ရှင်လဲ... ကယ်တင်ရှင် ကိုယ်တိုင်ကတောင် ကံကြမ္မာရဲ့ ခြယ်လှယ်မှုကို ခံနေရတာပဲ... အစစ်အမှန် အစွမ်းထက်တဲ့သူ ဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်ရမယ်။ ဒါကြောင့် နိမိတ်ဖတ်သူရဲ့ ပါးစပ်ထဲက ကယ်တင်ရှင် ဖြစ်တဲ့ မင်းက... မြင့်မြတ်နယ်မြေ ကမ္ဘာမှာတော့ ဘာတန်ဖိုးမှ ရှိမနေဘူး..."

တုပိုင် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားလေပြီးနောက် နောက်ဆုံးတွင် ရူးသွပ်သွားဟန်​ဖြင့် ရယ်မောလိုက်သည်။ "ဟားဟားဟား။ ကောင်းပြီ ကောင်းပြီ။ ကျွ​န်တော်မျိုး... မဟုတ်ဘူး။ ကျုပ် နောက်ဆုံး ပြောချင်တဲ့ အရာ တစ်ခု ရှိသေးတယ်..."

"မြန်မြန်ပြော...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက လျစ်လျူရှုဟန်ဖြင့် ပြောဆိုလာ၏။ "ငါ့ရဲ့ သည်းခံနိုင်စွမ်းကလည်း ကုန်ခမ်းတော့မှာမို့ အတော်ပဲ..."

"ကျစ်...။" ထိုအခါ တုပိုင်က လက်သီးဆုပ်လိုက်၏။ "အိပ်မက်ဆိုး မိစ္ဆာဘုရင်က ကျုပ်ပုံစံနံ့ ထိုက်ခန်အင်ပါယာရဲ့ မြို့တော်ထဲကို ဝင်သွားပြီ။ သူက ရွှေရောင်တောင်ဝှေးကိုလည်း ရသွားပြီ။ အဲဒီ တောင်ဝှေးရဲ့ ထိပ်ပိုင်းမှာ နဂါးဝိညာဉ် ကျောက်သလင်း ရှိတယ်။ ဒါကြောင့် မြင့်မြတ်နယ်မြေ ကမ္ဘာထဲကို ဝင်ရောက်ဖို့အတွက် သူက အဲဒီ ရွှေရောင်နဂါးတောင်ဝှေးကို အသုံးပြုလိမ့်မယ်။ မြန်မြန် တားကြမှရမယ်..."

"မဖြစ်နိုင်ဘူး...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက ခပ်ပြတ်ပြတ်ပင် ပြောသည်။ "မိစ္ဆာတွေက မြင့်မြတ်နယ်မြေ ကမ္ဘာထဲကို ဘယ်တော့မှ ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူး။ မိစ္ဆာမင်းသားအဆင့် ဆိုရင်တောင်မှ မဖြစ်နိုင်ဘူး။ အတိတ်က အလွန် ရှည်လျားလှတဲ့ သမိုင်းကြောင်းမှာ... မိစ္ဆာ ဘယ်လောက်များများက မြင့်မြတ်နယ်မြေရဲ့ စွမ်းအင်ဒိုင်းကာကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြလဲ ဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ သူတို့အားလုံး ချွင်းချက်မရှိ ကျရှုံးသွားခဲ့ကြတာချည်းပဲ။ အဲဒီအထဲမှာ မိစ္ဆာမင်းသား အဆင့်ရှိတဲ့ မိစ္ဆာတွေ အများကြီး ကျရှုံးခဲ့ရပြီး သူတို့ရဲ့ နောက်ဆုံး ရလဒ်ကတော့ အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရတာပဲ။ မင်းက မြင့်မြတ်နယ်မြေ ကမ္ဘာရဲ့ စွမ်းအားနဲ့ ပတ်သက်ပြီး ဘာမှ မသိသေးပါဘူး..."

တုပိုင်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်ပြန်၏။ "ခင်ဗျားတို့က ဒီလောက်တောင် အစွမ်းထက်နေတယ်။ ဒါပေမဲ့ ဘာလို့ နဂါးသွေးတိုက်ကြီးကို မကယ်တင်ကြတာလဲ... မိစ္ဆာတွေကို အပြီးတိုင် ဖျက်ဆီးခွင့် ပေးထားရတာလဲ... ကမ္ဘာမြေက ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး ဆိုရင်တောင်မှ... နဂါးသွေးတိုက်ကြီးက ခင်​ဗျားတို့ရဲ့ အိမ်မဟုတ်ဘူးလား..."

"ဟက်..." ဘုရင်မက အေးစက်စွာ ဆိုသည်။ "ယိုယွင်းပျက်စီးပြီး သေဆုံးနေတဲ့ ဂြိုဟ်တစ်ခု အတွက်လား... မတန်ဘူး..."

"ဪ...။" တုပိုင်က မခံချင်စိတ်ဖြင့် လှောင်ပြောင်သရော်လိုက်၏။ "နဂါးသွေးတိုက်ကြီးက မရေမတွက်နိုင်တဲ့ နဂါးသွေးနွယ်ဖွားတွေရဲ့ စတေးမှုတွေသာ မရှိခဲ့ဘူးဆိုရင်... မြင့်မြတ်နယ်မြေ ကမ္ဘာဆိုတာ ဘယ်လိုလုပ် ရှိလာနိုင်မှာလဲ။ ခင်ဗျားတို့ရဲ့ လက်ရွေးစင် ၃၀,၀၀၀ ကရော ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ။ ခင်ဗျားတို့ကို အစွမ်းထက်လာစေတာ သူတို့ရဲ့ စတေးမှုတွေကြောင့်ပဲ မဟုတ်ဘူးလား..."

ဘုရင်မက အနည်းငယ်မျှပင် အလေးမထားသည့်ဟန်ဖြင့် ပြန်ပြောသည်။ "တရုတ်ပြည်ရဲ့ မြောက်ပိုင်းဆုန်မင်းဆက်က ပျက်စီးသွားခဲ့ပေမဲ့... တောင်ပိုင်းဆုန်မင်းဆက်ရဲ့ စီးပွားရေးကတော့ တိုးတက်လာခဲ့တယ်ဆိုတာ သိလား... ယွဲ့ဖေးက မြောက်ပိုင်း စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်ဖို့ လုပ်နေချိန်မှာ ဧကရာဇ်နဲ့ မှူးမတ် အများအပြားက ဘာလို့ သဘောမတူခဲ့ကြတာလဲ... အဲဒါက နှလုံးသားကို အပြစ်ပေးခြင်း သီအိုရီပဲ..."

ယခုအခါတွင်မူ မြင့်မြတ်နယ်မြေကမ္ဘာသည် အစွန်းရောက် ကိုယ်ကျိုးရှာခြင်းနှင့် အာဏာတိုးချဲ့လိုခြင်းဟူသော ရွှံ့နွံထဲသို့ အလုံးစုံ ကျဆင်းနစ်မွန်းသွားပြီ ဖြစ်သည်။

အခြေအနေအရပ်ရပ်အား သိမြင်နားလည်လိုက်ရပြီးနောက် တုပိုင် ချက်ချင်းပင် မတ်တပ်ရပ်ကာ လှည့်ထွက်သွားတော့၏။

"တုပိုင်...။" ထိုစဉ် မြင့်မြတ်နယ်မြေ၏ ဘုရင်မက အနောက်မှနေ၍ လှမ်းပြောသည်။ "မင်း လိုချင်တာကို မရလိုက်တဲ့အတွက် ငါ အရမ်း စိတ်မကောင်းပါဘူးနော်... ဟက်"

"ရပါတယ်...။" တုပိုင်က သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ပြန်ပြော၏။ "ကျုပ် ရသင့်တာကို ရပြီးပါပြီ။ ဒါပေမဲ့ ကျုပ် ခင်ဗျားကို သတိပေးချင်သေးတယ်။ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို သတိထားပါ။ နဂါးတောင်ဝှေးက ခင်ဗျားတို့ ထင်ထားတာထက် ပို အစွမ်းထက်တယ်.."

"အဆွေတော် တုပိုင်...။" မြင့်မြတ်နယ်မြေ၏ ဘုရင်မက မထီမဲ့မြင်ဟန်ဖြင့် ဆိုသည်။ "မင်းက မြင့်မြတ်နယ်မြေ ကမ္ဘာရဲ့ စွမ်းအားကို လုံးဝ နားမလည်သေးပါဘူး... ဒါကြောင့် သနားစရာကောင်းတဲ့ မင်းကို ငါ ပြောပြနိုင်တာက... အိပ်မက်ဆိုး မိစ္ဆာဘုရင် ထိုက်ခန်အင်ပါယာထဲ ဝင်တယ်ဆိုတာ ငါတို့ရဲ့ ခွင့်ပြုချက်ကို ရလို့ ဝင်တာပဲ... မရပဲနဲ့ သူ မဝင်ရဲဘူး"

ထိုစကားကြောင့် တုပိုင်မှာ နေရာ၌ပင် မှင်တက်သွားကာ အကြီးအကျယ် အံ့အားသင့်သွားရသည်။

ဘုရင်မက အေးစက်စွာ ဆက်ပြောသည်။ "ဒါကြောင့် မင်းရဲ့ မသိနားမလည်မှုက မြင့်မြတ်နယ်မြေ ကမ္ဘာရဲ့ စွမ်းအားကို အထင်လွဲသွားစေတာပဲ... ဒါ့အပြင် မနေ့ကတင် ငါတို့က အိပ်မက်ဆိုး မိစ္ဆာဘုရင်ဆီကို တောင်းဆိုမှု တစ်ခု လုပ်ခဲ့တယ်။ နဂါးမျိုးနွယ်နဲ့ ပတ်သက်တဲ့ ပစ္စည်းမှန်သမျှဟာ အိပ်မက်ဆိုးအင်ပါယာရဲ့ ပိုင်ဆိုင်မှုတွေပဲ။ ဆိုတော့ကာ ဘယ်လူမျိုးစုကပဲဖြစ်ဖြစ် ခြွင်းချက်မရှိ လွှဲပြောင်းပေးရမယ်။ ဒါကြောင့် အိပ်မက်ဆိုး မိစ္ဆာဘုရင် အခုလေးတင် ရသွားတဲ့ ရွှေရောင်နဂါးတောင်ဝှေးကို ငါတို့ဆီ ခြွင်းချက်မရှိ ပြန်လည်ပေးရမယ်... ပြီးတော့ သူကလည်း သဘောတူထားပြီးပြီ..."

ထိုကြောက်မက်ဖွယ်ကောင်းလှသော အမှန်တရားကြောင့် တုပိုင်၏ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်တော့ပဲ တုန်ယင်လာတော့သည်။

အရာအားလုံးကို ရှင်းပြပြီးသည်နှင့်တစ်ပြိုင်နက် မြင့်မြတ်နယ်မြေ၏ ဘုရင်မက အစောင့်များအား အမိန့်ပေးလိုက်၏။ "အဆွေတော် တုပိုင်ကို စမ်းသပ်ခန်းဆီ ပြန်ခေါ်သွားပြီး စမ်းသပ်မှုအတွက် စောင့်ဆိုင်းခိုင်းလိုက်..."

သူမ၏ အမိန့်ပေးသံအဆုံး၌ နဂါးသွေးနွယ်ဖွား စစ်သည်နှစ်ဦးက ရှေ့သို့ ထွက်လာကြပြီး စွမ်းအင်စက်ကွင်းကို အသုံးပြုကာ တုပိုင်အား စမ်းသပ်ခန်းဆီသို့ အတင်းအကျပ် ခေါ်ဆောင်သွားကြတော့သည်။

ထိုသို့ ခေါ်ဆောင်ခံရကာ ထွက်ခွာသွားစဉ် မြင့်မြတ်နယ်မြေ၏ ဘုရင်မက နောက်မှနေ၍ ရုတ်တရက်ဆိုသလို လှမ်းပြောလိုက်ပြန်၏။ "အဆွေတော် တုပိုင်... နဂါးမျိုးနွယ်က ငါတို့ကို သစ္စာဖောက်သွားခဲ့ပြီ..."

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၃၉ + ၁၀၄၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

**--**--**--**--**--**--**--**

(ဘုရင်မက အနည်းငယ်မျှပင် အလေးမထားသည့်ဟန်ဖြင့် ပြန်ပြောသည်။ "တရုတ်ပြည်ရဲ့ မြောက်ပိုင်းဆုန်မင်းဆက်က ပျက်စီးသွားခဲ့ပေမဲ့... တောင်ပိုင်းဆုန်မင်းဆက်ရဲ့ စီးပွားရေးကတော့ တိုးတက်လာခဲ့တယ်ဆိုတာ သိလား... ယွဲ့ဖေးက မြောက်ပိုင်း စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်ဖို့ လုပ်နေချိန်မှာ ဧကရာဇ်နဲ့ မှူးမတ် အများအပြားက ဘာလို့ သဘောမတူခဲ့ကြတာလဲ... အဲဒါက နှလုံးသားကို အပြစ်ပေးခြင်း သီအိုရီပဲ...")

ဒါက ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော် ရှင်းပြမယ်နော်။ ဆုန်မင်းဆက်ကို ရန်သူ ကျင်းမင်းဆက်က သိမ်းပိုက်လိုက်တယ်။ ကျန်တဲ့ တော်ဝင်မျိုးနွယ်တွေက ပြေးပြီးတော့ တောင်ပိုင်းဆုန်ကို ထူထောင်လိုက်ကြတယ်ဗျ။ အဲဒီမှာ နယ်မြေကျဥ်းပေမဲ့ စီးပွားရေးအရ အရမ်းကို တိုးတတ်လာပြီး ချမ်းသာလာကြတယ်​​ပေါ့။

အဲဒီ အချိန်မှာ စစ်သူကြီးယွဲ့ဖေး​က မြောက်ပိုင်းကို ပြန်သိမ်းဖို့ လုပ်တယ်ဗျ။ ဒါပေမဲ့ ဧကရာဇ်အသစ်နဲ့ မှူးမတ်တွေက ယွဲ့ဖေးကို သေဒဏ်ပေးလိုက်ကြကော။ တိုင်းပြည် ငြိမ်းချမ်းရေးအတွက်လို့ အကြောင်းပြကြပေမဲ့ ကိုယ်စီ အကြောင်းပြချက်တွေ ရှိကြတယ်။

စစ်သူကြီးယွဲ့ဖေး စစ်နိုင်ပြီးတော့ ရန်သူဖမ်းသွားတဲ့ ဧကရာဇ်ဟောင်းကို ပြန်ခေါ်လာရင် ထီးနန်းပြန်ပေးရမှာကို ဧကရာဇ်အသစ်က မလိုလားဘူး။ အကောင်ကြီးတွေ ပြန်လွတ်လာရင် ရာထူးပြန်လွဲပေးရမှာကိုလည်း မှူးမတ်တွေက မလိုလားကြပြန်ဘူး။ သူတို့က တိုင်းပြည်စီးပွား ၊ ​ငြိမ်းချမ်းရေး ၊ ပြည်သူတွေ စသဖြင့် အမျိုးမျိုး အကြောင်းပြကြပေမဲ့ တကယ်တမ်းမှာတော့ သူတို့ ကိုယ်ကျိုးကိုပဲ အာရုံစိုက်ကြတယ်။ နှလုံးသားကို အပြစ်ပေးခြင်း သီအိုရီဆိုတာ အဲတာကို ပြောတာဗျ။

မြောက်ပိုင်းဆုန်မှာ ဘာတွေပဲ ဖြစ်နေပါစေ တောင်ပိုင်းဆုန် ကြီးပွားနေရင် ရပြီ။

ထိုက်ခန်အင်ပါယာမှာ ဖြစ်ချင်တာဖြစ် နဂါးသွေးတိုက်ကြီးမှာ ဖြစ်ချင်ဖြစ် သူတို့ မြင့်မြတ်နယ်မြေ ကမ္ဘာကြီး ကြွယ်ဝနေရင် ရပြီ။ နားလည်မယ် ထင်ပါတယ်ဗျ။

All Chapters