အခန်း (၉၂-၉၄)
Vol. 7 Ch. 92-94
အခန်း (၉၂) - လျိုချီလုံ (၂)
"မင်း သေသင့်တယ် မင်း သေသင့်တယ် ဘာလို့ မင်းက ဒီလောက် သက်တောင့်သက်သာ နေနိုင်ရတာလဲ ဘာလို့လဲ"
"အသည်းနှလုံးမရှိတဲ့ကောင် မင်းမှာ ပစ္စည်းတွေ အများကြီး ရှိနေတာကို ငါ့ကို နည်းနည်းလေးမှ မခွဲပေးရအောင် မင်းက ဘာအခွင့်အရေးရှိလို့လဲ"
"မင်းသာ ဆေးတွေ ထုတ်မပေးဘဲ မနေခဲ့ရင် ငါ့သား သေမှာမဟုတ်ဘူး"
ရဲ့ရှင်းချန်မှာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ သူ၏ ဘေးတွင် ရပ်နေသော လင်းစစ်ကျားနှင့် လျိုချီလုံ၏ ခန္ဓာကိုယ်အား နင်းထားသော ကျောက်ဟောင်တို့မှာမူ ဒေါသထွက် သွားကြတော့သည်။ ရဲ့ရှင်းချန်သည် သူ့အား တစ်ခုခု အကြွေးတင်နေခြင်းမျိုးလည်း မရှိချေ။ ရဲ့ရှင်းချန်ဆီမှ ပစ္စည်းများအား ထုတ်ပေးဖို့ တောင်းဆိုရလောက်အောင် သူသည် မည်သူမို့နည်း။
"ရှင် ရှင် ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေရတာလဲ ရဲ့ရှင်းချန်က ရှင့်ကို ဘာမှ အကြွေးတင်မနေဘူးနော်"
လင်းစစ်ကျားမှ မျက်မှောင်ကြုတ်ကာ အလွန် နေရခက်စွာဖြင့် ပြောလိုက်သည်။ ကျောက်ဟောင်မှ လျိုချီလုံ၏ ရင်ဘတ်အား ခပ်ပြင်းပြင်း နင်းချလိုက်တော့သည်။
"မင်းပြောနေတာကိုလည်း ကြည့်ဦး ရှောင်ရဲ့က ငါတို့ အိမ်နီးချင်းတွေအပေါ် ဘယ်လောက် ကောင်းလဲဆိုတာ မင်း မမြင်ဘူးလား မင်းက ဘာလို့ ဒီလောက် ကျေးဇူးကန်းရတာလဲ"
လျိုချီလုံ၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး လည်ပင်းရှိ သွေးကြောများပင် ထောင်ထနေခဲ့သည်။
"မင်းပဲ သူတို့ကို သတ်ခဲ့တာ မင်းပဲ"
ရဲ့ရှင်းချန် နောက်ဆုံးတွင် အကြောင်းရင်းအား နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူ အနည်းငယ် လက်မှိုင်ချချင်သွားမိသည်။ အပြစ်ကင်းစင်သူ တစ်ဦးသည် တန်ဖိုးကြီး ရတနာ တစ်ခုအား ပိုင်ဆိုင်ထားပါက အခြားသူများ၏ ရန်ပြုခြင်းကို ခံရတတ်သည် ဟူသော သဘောတရားကို သူ ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။
သို့သော်လည်း ရဲ့ရှင်းချန်မှာ အနည်းငယ် သိချင်နေသေးသည်။ မည်သို့ပင်ဆိုစေ လျိုချီလုံ၏ အိမ်တွင် ထောက်ပံ့ရေး ပစ္စည်းများ ပြတ်လပ်နေသည်မှာ ကြာပြီ ဖြစ်ရမည်။ စောင့်ကြည့် ကင်မရာများအား သူ ကြည့်ရှုစဉ်တွင်လည်း သူ၏ အိမ်နီးချင်းများထံမှ အစားအသောက်များကို မည်သူမျှ လုယက်နေသည်ကို မတွေ့ခဲ့ရချေ။
"ဒါ ဘယ်လိုဖြစ်တာလဲ။ သူ စားစရာပြတ်သွားတာ ကြာပြီ မဟုတ်ဘူးလား"
လင်းစစ်ကျားမှ နှုတ်ခမ်းအား ကိုက်ကာ အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်လေသည်။
"သူ့အမေက မခံနိုင်တော့ဘူး နောက်တော့ ဆေးမရှိလို့ သူ့သားလေးလည်း"
လင်းစစ်ကျား၏ အသံမှာ အနည်းငယ် တိမ်ဝင်နေခဲ့သည်။ ထိုနေရာရှိ လူသုံးဦးစလုံးသည် လျိုချီလုံ အသက်ရှင်ရန် မည်သည့်အရာများအား အားကိုးခဲ့ရသည်ကို သိရှိထားကြလေသည်။
"အိုး ဒီလိုကိုး"
ရဲ့ရှင်းချန်သည် မျက်ခုံးပင့်လိုက်ပြီးနောက် လျိုချီလုံ၏ ရှေ့သို့ လျှောက်သွားခဲ့လေသည်။ ထို့နောက် သူသည် ခေါင်းအား ငုံ့ကာ လျိုချီလုံအား အပြုံးတစ်ပွင့်ဖြင့် စိုက်ကြည့်လိုက်သည်။
"ခင်ဗျားက သားအလိမ္မာလေးလို့ ငါ ထင်ထားခဲ့တာ ငါ အိမ်ကို ပြင်ဆင်တုန်းကဆို ခင်ဗျား အမေ အနားယူတာကို နှောင့်ယှက် နေတယ်လို့တောင် ခင်ဗျား ပြောခဲ့သေးတယ်မလား"
"ဟားဟား နောက်ဆုံးတော့ သားအလိမ္မာလေးက ဆာလွန်းလို့ ကိုယ့်အမေကိုယ် ပြန်စားလိုက်တယ်ပေါ့လေ"
"အိုး မဟုတ်သေးဘူး ခင်ဗျားအမေတင် မကဘူး ခင်ဗျားရဲ့ သားလေးပါ မင်းမိန်းမရော ပါသေးလား"
အော်ဟစ်နေသော လျိုချီလုံမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် ရဲ့ရှင်းချန်အား ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့သည်။
"ဟူး ငါက အရမ်းကြင်နာတတ်တာပါ ခင်ဗျားရဲ့ ကလေးက ငယ်ငယ်လေး ရှိသေးတယ် ကလေး တစ်ယောက် ကူးစက်ရောဂါနဲ့ သေဆုံးသွားတာကို ငါက ဘယ်လိုလုပ် ကြည့်ရက်ပါ့မလဲ"
"နောက်ပိုင်းကျတော့ မင်းဆီကို ဆေးပို့ပေးဖို့ ငါ လူလွှတ်လိုက်တယ် မဟုတ်လား ဘာလဲ မင်း မရလိုက်ဘူးလား"
ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ကြည့်ရင်း အံ့သြဟန် ဆောင်လိုက်လေသည်။ လင်းစစ်ကျားမှာလည်း သိသိသာသာပင် အံ့အား သင့်သွားခဲ့သည်။ သူမ သတိပြန် ဝင်လာပြီးနောက် ခေါင်းအား ဆက်တိုက်ညိတ်လျှက် ရဲ့ရှင်းချန်၏ စကားကို ထောက်ခံလိုက်တော့သည်။
"ဟုတ်တယ်လေ ကျွန်မပဲ ရှင့်အိမ်ကို ဆေးလာပို့ပေးဖူးတယ် မဟုတ်လား"
လျိုချီလုံ၏ စိတ်မှာ ရှင်းလင်း မနေတော့ပေ။ သူသည် ချဉ်စော်နံနေသော အသားများအား အလွန်အကျွံ စားသုံးထားသဖြင့် သူ၏ အာရုံကြောများမှာ စတင် ပြောင်းလဲနေပြီ ဖြစ်သည်။
"ဟင့်အင်း ဒါ မဖြစ်နိုင်ဘူး"
ခေတ္တမျှ လင်းစစ်ကျား အမှန်ပြောနေခြင်း ဟုတ်မဟုတ်ကိုပင် သူ မခွဲခြားနိုင်တော့ချေ။ သူမ သူ၏ အိမ်သို့ နောက်တစ်ကြိမ် လာခဲ့ခြင်း ရှိမရှိကိုလည်း သူ မခွဲခြားနိုင်တော့ချေ။
"ဟင့်အင်း ဟင့်အင်း မဖြစ်နိုင်ဘူး မင်း ငါ့ကို လိမ်နေတာ မင်း ငါ့ကို လိမ်နေတာ"
"တကယ်တော့ မင်းရဲ့ သားလေးက အဆင်ပြေပါတယ် ဒေါက်တာလင်းကို သူ ဆေးသောက်တာ သေချာကြည့်ဖို့ ငါ ပြောလိုက်သေးတယ် မင်းပဲ မင်းရဲ့ သားကို သတ်လိုက်တာမလား"
"မင်းရဲ့ သားကို သတ်ရုံတင်မကဘူး မင်းအမေအရင်းကိုပါ မင်းသတ်လိုက်တာပဲ မင်းမိန်းမကိုတောင် မင်း ချန်မထားခဲ့ဘူး"
"မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး ငါ့သား ဆေးမသောက်ခဲ့ရဘူး သူ ရောဂါနဲ့ သေသွားတာ"
လျိုချီလုံမှ ရေရွတ်နေခဲ့သည်။ သူသည် ရဲ့ရှင်းချန်အား ငြင်းဆန်နေပုံရသော်လည်း သူ့ကိုယ်သူ ပြန်လည် ညှို့ယူနေပုံလည်း ရပေသည်။
"ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ အဲဒီအချိန်တုန်းက ဒေါက်တာလင်းနဲ့ အတူတူ လိုက်လာတာ ငါလေ မင်းရဲ့ သားလေး အရောင်ကျဆေး သောက်လိုက်တာကို ငါ သေချာပေါက် မြင်ခဲ့တာ"
ရဲ့ရှင်းချန်မှ သူ၏ မျက်နှာပေါ်တွင် နောင်တရဟန် အနည်းငယ်ဖြင့် ပြောလိုက်သည်။
"အင်း မင်းက မင်းအမေကို စားပြီးတာတောင် သေချာနေပြီပဲ ဘာလို့ မကျေနပ်နိုင်သေးဘဲ မင်းရဲ့သားကိုပါ စားချင်ရတာလဲ"
"မင်းရဲ့ သားလေး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သနားစရာ ကောင်းလိုက်တာ သူ့ဘဝလေးတောင် မစရသေးဘူး မင်းလို ဖခင်ကောင်းကြီးရဲ့ စားသုံးတာကို ခံလိုက်ရပြီ"
"မင်းက တကယ်ကို ဖခင်ကောင်း ခင်ပွန်းကောင်း သားကောင်း တစ်ယောက်ပါပဲ"
ရဲ့ရှင်းချန်၏ လေသံမှာ ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသွားခဲ့သည်။
"မင်းအမေနဲ့ သားကို မင်းစားလိုက်တယ် ဆိုပေမယ့် မင်းမိန်းမကိုတော့ မင်း ဘယ်လိုလုပ် သတ်ရက်ရတာလဲ"
"မင်းအမေက မခံနိုင်တော့လို့ မင်းရဲ့ သားက နေမကောင်းလို့ ဆိုပေမယ့် မင်းမိန်းမက အကောင်းကြီးလေ သူက ဖျားနေတာလည်း မဟုတ်ဘူး နာနေတာလည်း မဟုတ်ဘူး အဲဒါကိုတောင် မင်းက သတ်ပြီး စားပစ်လိုက်တယ်"
လျိုချီလုံ၏ စိတ်မှာ ရှုပ်ထွေးနေပြီ ဖြစ်သည်။ ရဲ့ရှင်းချန်၏ စကားများအား ကြားလိုက်ရသောအခါ သူ၏စိတ်မှာ ကော်ရည် တစ်အိုင်ကဲ့သို့ ပို၍ပင် ရှုပ်ထွေး သွားရတော့သည်။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ငါ့သား မသေသေးဘူး ငါ့မိန်းမလည်း မသေသေးဘူး ငါ့အမေလည်း အသက်ရှင်နေသေးတယ်"
လင်းစစ်ကျား၏ နှလုံးသားမှာလည်း ရဲ့ရှင်းချန်၏ စကားများကြောင့် ကျောချမ်း သွားခဲ့ရသည်။ ဤအရာများ အားလုံးမှာ ရဲ့ရှင်းချန် လုပ်ကြံ ပြောဆိုနေခြင်း ဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားပြီး ဖြစ်သည်။
ခေတ္တမျှ လင်းစစ်ကျား၏ ရင်ထဲတွင် ရဲ့ရှင်းချန်အပေါ် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့သည်။ သူ သေနတ် ထုတ်ထားပြီး ဖြစ်သော်လည်း လျိုချီလုံအား မသတ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ဒီအတိုင်း သေသွားခြင်းသည် လျိုချီလုံ အတွက် သိပ်လွယ်ကူလွန်းသည် ဟု သူ ခံစားခဲ့ရသည့် အတွက်ပင် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သတ်ဖြတ်ခြင်း အပြင် စိတ်ပိုင်းဆိုင်ရာကိုပါ သူ ရိုက်ချိုးပစ်ချင်နေခြင်း ဖြစ်ပေသည်။
ရုတ်တရက် လျိုချီလုံ ရုန်းကန်နေခြင်းမှ ရပ်တန့်သွားခဲ့သည်။ ရဲ့ရှင်းချန်၏ စကားများအား ကြားပြီးနောက် သူ အကြွင်းမဲ့ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ သူ ဘာလုပ်နေသည်ကိုပင် သူ မသိတော့ပေ။
"မဖြစ်နိုင်ဘူး မင်းတို့အားလုံး ငါ့ကို လိမ်နေတာ မင်းတို့အားလုံး ငါ့ကို လိမ်နေတာ ငါ့မိသားစု မသေသေးဘူး သူတို့ မသေသေးဘူး"
ရဲ့ရှင်းချန်မှ ရုတ်တရက် အသံထွက်ကာ ရယ်မောလိုက်သည်။
"ငါက မင်းရဲ့သားကို မင်း အဲဒီလောက်တောင် ချစ်တယ်လို့ ထင်နေခဲ့တာ မိသားစုအတွက် လက်စားချေမယ်လို့တောင် မင်းပြောခဲ့သေးတယ်မလား ဒါပေမဲ့ နောက်ဆုံးတော့ မင်းရဲ့ မိသားစုတစ်ခုလုံးကို မင်းပဲ စားပစ်လိုက်တာပဲ"
"အကယ်၍ မင်း တကယ်ပဲ လက်စားချေ ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်တယ် မဟုတ်ဘူးလား ဘာပဲဖြစ်ဖြစ် မင်းရဲ့ မိသားစု တစ်စုလုံးကို သတ်ခဲ့တာ မင်းပဲ မဟုတ်လား"
လျိုချီလုံသည် မျက်လုံးများ ငေးကြောင်နေလျက် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ မဖြစ်နိုင်ဘူး"
"အားးး"
စူးရှသောအော်သံ နှင့်အတူ လျိုချီလုံသည် ရုတ်တရက် မြွေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လူးလှိမ့် သွားပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်လေရာ သူ့အား နင်းထားသော ကျောက်ဟောင်ပင် လန့်ဖျပ်သွားခဲ့ရသည်။
"အဲ သူ ဘာဖြစ်သွားတာလဲ ရှောင်ရဲ့"
မြေပြင်ပေါ်တွင် လူးလှိမ့်နေသော လျိုချီလုံကြောင့် ကျောက်ဟောင်မှာ ထိတ်လန့် သွားသော်လည်း သူ၏ ခြေထောက်အား မဆင်မခြင် မဖယ်ရဲပေ။ သူ ဖယ်လိုက်သည် နှင့်တစ်ပြိုင်နက် လျိုချီလုံ ခုန်ထကာ ရဲ့ရှင်းချန်အား တိုက်ခိုက်မည်ကို သူ ကြောက်ရွံ့မိလေသည်။
"အစ်ကိုကျောက် ခြေထောက်ကို ကြွပြီး နောက်ဆုတ်လိုက်ပါ"
စကားပြောနေရင်းဖြင့် ရဲ့ရှင်းချန်သည် သူ၏ အိတ်ကပ်ထဲမှ တစ်ခုခု ထုတ်ယူ ဟန်ဆောင်လိုက်သည်။ ထို့နောက် နေရာလွတ်ထဲမှ ကိုယ်တိုင် ပြုလုပ်ထားသော မီးလောင်ဗုံး တစ်လုံးအား ထုတ်ယူကာ မီးညှိပြီး လျိုချီလုံထံသို့ ပစ်ပေါက်လိုက်တော့သည်။
ယနေ့ တာဝန်ကျသော ကင်းလှည့်သူမှာ လာနေပြီ ဖြစ်သည်။ ရုတ်တရက် မီးလောင်သွားသည်အား သူ မြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး အလျင်အမြန် ပြေးလာခဲ့သည်။
"ရပါတယ် အစ်ကိုကျောက် လာရတာ ပင်ပန်းသွားပြီ"
လက်ခုပ်တီးလိုက်ရင်း ရဲ့ရှင်းချန်သည် မီးတောက်များထဲတွင် လူးလှိမ့်နေသော လျိုချီလုံ၏ ခန္ဓာကိုယ်အား ကြည့်လိုက်လေသည်။
"ငါက အရမ်း ကြင်နာလွန်းနေတုန်းပဲ ထားလိုက်ပါတော့ မင်း မသေခင်လေး နွေးသွားအောင် လုပ်ပေးလိုက်ပါ့မယ်"
အခန်း (၉၃) - လမ်းပိတ်ဆို့ခြင်း
ရုတ်တရက် ထတောက်လာသော မီးတောက်များသည် လျိုချီလုံ၏ တစ်ကိုယ်လုံးအား ချက်ချင်းပင် ဝါးမျိုသွားခဲ့တော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များအား ငြိမ်းသတ်ရန် အတွက် နှင်းများကို အသုံးပြုလိုသဖြင့် သူသည် မြေပြင်ပေါ်တွင် အသည်းအသန် လူးလှိမ့်နေခဲ့သော်လည်း သူ ပြုံးနေမိခဲ့သည်။
ဤကဲ့သို့ နွေးထွေးမှုအား သူ မခံစားရတာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် လျိုချီလုံ၏ ခန္ဓာကိုယ်မှ မွှေးကြိုင်သော အနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကင်းလှည့်သူ ရောက်လာချိန်တွင် လျိုချီလုံမှာ တစ်ဝက်ခန့် ကျက်နေပြီ ဖြစ်သည်။ ကင်းလှည့်သူသည် မြေပြင်ပေါ်ရှိ အလောင်းအား ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။
"ဘာ ဘာဖြစ်တာလဲ အစ်ကိုရဲ့ တစ်ခုခု ဖြစ်လို့လား"
ဤမွှေးရနံ့မှာ အမှန်ပင် ပြင်းထန်လွန်းလှသည်။ လေတိုက် လိုက်သောအခါ ပြေးလာနေသူ၏ နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
"ဘာမှမဖြစ်ပါဘူး ရှင်းပြီးသွားပါပြီ မီးငြိမ်းသွားရင် အလောင်းကို ရှင်းလင်းဖို့ နောက်ထပ် လူနှစ်ယောက်လောက် ခေါ်လာခဲ့လိုက်ပါ မိနစ် နှစ်ဆယ်လောက်နေရင် ပြန်လာခဲ့"
ယနေ့ တာဝန်ကျသူမှာ သူဌေးသား တစ်ဦးဖြစ်သော ကျန်းရွှန်း ပင်ဖြစ်သည်။ အဝတ်အစား အထပ်ထပ်အောက်တွင် ဖုံးကွယ်ထားသော သူ၏ လည်စေ့မှာ အထက်အောက် ရွေ့လျားသွားခဲ့သည်။ သူသည် အကြိမ်ကြိမ် သဘောတူလိုက် ပြီးနောက် လိမ္မာရေးခြားရှိစွာဖြင့် အလျင်အမြန် ဆက်လက် ကင်းလှည့်နေခဲ့သည်။
ကျောက်ဟောင်နှင့် ကျန်းရွှန်းတို့ အတူတူ ထွက်ခွာ သွားကြလေသည်။ သူတို့ ထွက်သွား ပြီးနောက် အနီးအနားတွင် အခြားမည်သူမျှ မရှိကြောင်း သေချာစေပြီးမှသာ ရဲ့ရှင်းချန်သည် လင်းစစ်ကျားကို အိမ်သို့ ဆွဲခေါ်သွားခဲ့သည်။
တံခါး ပိတ်သွားခဲ့တော့သည်။ အသက်ရှူပင် မဝသေးမီ သူတို့နှစ်ဦးမှာ အဝတ်အစားများအား ကမန်းကတန်း စတင် ချွတ်ကြတော့သည်။ အခြားနည်းလမ်း မရှိချေ။ အိမ်တွင်းနှင့် အိမ်ပြင် အပူချိန် ကွာခြားချက်မှာ အလွန် ကြီးမားလွန်းလှသည်။
"ကြောက်သွားလား"
ရဲ့ရှင်းချန် လင်းစစ်ကျား၏ လက်အား ကိုင်ကာ ဓာတ်လှေကားထဲသို့ လျှောက်သွားခဲ့သည်။ လင်းစစ်ကျား ထွက်လာချိန်တွင် သူမ၏ ခြေလှမ်းများမှာ ယိုင်နဲ့နေခဲ့သည်။ သူမ အမှန်ပင် ထိတ်လန့်နေခဲ့ခြင်း ဖြစ်သည်။
"နည်းနည်းပါ ဒါပေမဲ့ ကံကောင်းလို့ ရှင် ရှိနေတာ"
လင်းစစ်ကျားသည် သူမ၏ ဆုပ်ကိုင်မှုအား တင်းကျပ်လိုက်ပြီးနောက် ရဲ့ရှင်းချန်၏ လက်အား ဆုပ်ကိုင်ထား လိုက်လေသည်။
ထိုသို့သော တုန်လှုပ်မှု အပြီးတွင် လင်းစစ်ကျားမှာ ဟင်းချက်ရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့တော့သည်။ ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ အသင့်စား ဟင်းလျာများကိုသာ သူမနှင့်အတူ စားသုံးလိုက်ရတော့သည်။
ဝိုင်နီတစ်ခွက် သောက်ပြီးနောက် ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ တောက်ပသော နှုတ်ခမ်းများကို ငုံ့နမ်းလိုက်တော့သည်။ ၎င်းတို့ပေါ်တွင် ဝိုင်နီ၏ အချိုရည် အရသာများ ကျန်ရှိနေသေးသည်။
"ကိုယ် နှိပ်နယ်ပေးမယ်လေ စားနေတုန်းက ညီမ စိတ်လွင့်နေတာကို ကိုယ် မြင်တယ်"
ရင်းနှီးကျွမ်းဝင်သော ညတစ်ည ပြီးနောက် သူတို့ အိပ်မက် မမက်ခဲ့ကြချေ။ ရဲ့ရှင်းချန် ရက်အနည်းငယ်ကြာ အပြင်မထွက်ဖြစ်ဘဲ လင်းစစ်ကျား နှင့်အတူ နေ့စဉ် အိမ်ထဲတွင်သာ နေထိုင်ခဲ့သည်။
လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ သွေးခုန်နှုန်းအား နေ့စဉ် စစ်ဆေးပေးခဲ့သည်။ နောက်ဆုံးတွင် ရဲ့ရှင်းချန် အပြင်သို့ ထပ်ထွက်ရန် ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများမှာ မည်သို့ဖြစ်နေသည်ကို သူ သိရှိလိုသေးသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ရဲ့ရှင်းချန်သည် ဆင်ခြေဖုံး ဒေသသို့ နောက်တစ်ကြိမ် သွားရန် ဆုံးဖြတ်လိုက်လေသည်။ ဤတစ်ကြိမ်တွင် ရှောင်ဟေးကိုပါ ခေါ်သွားမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် သူ၏အင်အားအား ချဲ့ထွင်ကာ လူအများကို ထောက်ပံ့လိုခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်ထဲတွင် အရင်းအမြစ်များ မည်မျှပင် ရှိနေပါစေ သူ မကျေနပ်နိုင်ပေ။
အစိုးရ အနေဖြင့် မည်သည့် ကယ်ဆယ်ရေး အစီအမံများကိုမျှ မချမှတ်ရသေးချေ။ ရဲ့ရှင်းချန် စဉ်းစားကြည့် ပြီးနောက် ယနေ့တွင် အစားအသောက်နှင့် ဆေးဝါးများကိုသာ အဓိကထား ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။
မည်သို့ပင်ဆိုစေ ၎င်းတို့အ ားလုံးမှာ သုံးစွဲကုန်များ ဖြစ်ပြီး သူ၏ လက်ထဲတွင် မည်မျှပင် ရှိနေပါစေ များလွန်းသည်ဟု သူ မည်သည့်အခါမျှ ညည်းညူမိလိမ့်မည် မဟုတ်ပေ။
မနက်စာ စားပြီးနောက် ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ဖက်ကာ ပြင်းပြင်းရှရှ နမ်းလိုက် ပြီးနောက် ယခုလေးတင် စားသောက်ပြီးသော ရှောင်ဟေးနှင့်အတူ ထွက်ခွာလာခဲ့တော့သည်။ ယနေ့ သူတို့ အိမ်မှထွက် လာချိန်တွင် ရှစ်နာရီကျော်နေပြီ ဖြစ်သည်။ ရပ်ကွက်မှ ကင်းသမားများသည် ရဲ့ရှင်းချန်အား မြင်သောအခါ "မင်္ဂလာနံနက်ခင်းပါ အစ်ကိုရဲ့" ဟု အော်ဟစ် နှုတ်ဆက်ကြလေသည်။
ရဲ့ရှင်းချန် ရှောင်ဟေးအား သယ်ဆောင်ကာ ဆင်ခြေဖုံးဒေသသို့ ရောက်ရှိလာခဲ့သည်။ ဆင်ခြေဖုံး နေရာသို့ ရောက်ရှိချိန်တွင် ဆယ်နာရီပင် ထိုးနေပြီ ဖြစ်သည်။ ကောင်းကင်ကြီးမှာလည်း လင်းထိန်နေပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် ပတ်ဝန်းကျင်အား ကင်းလှည့်ရန် အချိန်မဖြုန်းတော့ချေ။ ထို့နောက် သူသည် နေရာလွတ်ထဲမှ မြေတူးစက်အား ထုတ်ယူကာ နှင်းများကို စတင် တူးဆွတော့သည်။
သူ ဤနေရာသို့ ယခင်တွင် တစ်ခါမျှ မရောက်ဖူးချေ။ မြေတူးစက်အား ထုတ်ယူလိုက်သည် နှင့်တစ်ပြိုင်နက် နှင်းများထဲသို့ တစ်မီတာကျော်ခန့် နစ်မြုပ်သွားခဲ့တော့သည်။ ရဲ့ရှင်းချန် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ပြုံးလိုက်မိသည်။
"ဟားဟား မင်းက ငါ့အတွက် အားစိုက်ရ သက်သာအောင် လုပ်ပေးတာပဲ"
ရှောင်ဟေးသည် နှင်းများထဲတွင် ရပ်နေပြီး ၎င်း၏ ခြေဖဝါးများသည် နှင်းများကို အသည်းအသန် ကုတ်ခြစ်နေသည်။ ရဲ့ရှင်းချန်သည် လက်အား ဆန့်ထုတ်ကာ ရှောင်ဟေးအား သူ၏ ကျောပိုးအိတ်ထဲသို့ ရွှေ့ထည့်လိုက်သည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက် ရဲ့ရှင်းချန်သည် စူပါမားကတ် နှစ်ခုနှင့် ဆေးဝါးဂိုဒေါင် သုံးခုကို တူးဖော်နိုင်ခဲ့သည်။ စူပါမားကတ် နှစ်ခုထဲရှိ ပစ္စည်းများမှာ နဂိုအတိုင်း ရှိနေဆဲ ဖြစ်သည်။ မြေမျက်နှာပြင် အနည်းငယ် နိမ့်ကျနေသောကြောင့် ဖြစ်နိုင်ပြီး အဆောက်အအုံများ၏ အနောက်ဘက်မှာ နှင်းများဖြင့် ဖုံးလွှမ်းခံနေရသည်။ ပြိုကျလာမည့် နှင်းများကြောင့် အရှင်လတ်လတ် မြှုပ်နှံခံရမည်အား ကြောက်ရွံ့သဖြင့် မည်သူမျှ နှင်းများကို မတူးရဲကြပေ။
ကံကောင်းထောက်မစွာဖြင့် စူပါမားကတ်များ၏ တံခါးများနှင့် ပြတင်းပေါက်များအား တင်းကျပ်စွာ ပိတ်ထားသဖြင့် ကျလာသော နှင်းများမှာ စူပါမားကတ်များထဲသို့ မဝင်ရောက်နိုင်ခဲ့ပေ။ ရဲ့ရှင်းချန်သည် စူပါမားကတ် နှစ်ခုထဲရှိ ပစ္စည်းအားလုံးကို နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။
သို့သော်လည်း ရဲ့ရှင်းချန်အား စိတ်ပျက်စေခဲ့သည်မှာ ဆေးဝါးမျိုးစုံ သိုလှောင်ထားသင့်သော ဂိုဒေါင်သုံးခုမှာ ဟာလာဟင်းလင်း ဖြစ်နေခြင်းပင် ဖြစ်သည်။။ ဆေးဝါး အားလုံးနှင့် မူလတွင် ချထားသော စင်များအားလုံးအား ရွှေ့ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီတွင် သူ ဤနေရာသို့ ရောက်ဖူးခဲ့သည်။ သူသည် အလှူငွေ ဟူသော အမည်ခံဖြင့် ဆေးဝါး အမြောက်အမြားအား မှာယူခဲ့ဖူးသဖြင့် ဂိုဒေါင်၏ အသွင်အပြင်ကို သူ သိရှိထားလေသည်။
သို့သော်လည်း ရဲ့ရှင်းချန်သည် ဂိုဒေါင် အလွတ် ဖြစ်နေခြင်းကို ထူးဆန်းသည်ဟု မထင်မိချေ။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင် မှလွဲ၍ ဉာဏ်ရည်ထက်မြက်သူများ အထူးသဖြင့် အထက်လွှာမှ လူများ မရှားပါးနိုင်ပေ။
ပုံမှန်မဟုတ်သည့် အရာတစ်ခုခုအား တွေ့ရှိသည် နှင့်တစ်ပြိုင်နက် ထိုသြဇာရှိသူများသည် သူတို့ကိုယ်သူတို့ အရင် စဉ်းစားကြမည် ဖြစ်သည်။ သူတို့သည် အစားအသောက်များ ဆေးဝါးများ လက်နက်များနှင့် အခြားအရာများစွာကို သိုလှောင်ထားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ရဲ့ရှင်းချန် အရှုံးမပေးခဲ့ချေ။ သူသည် ရှောင်ဟေး၏ နောက်သို့ အတန်ကြာ လိုက်သွား ပြီးနောက် အခြား စူပါမားကတ် တစ်ခုအား တူးဖော်နိုင်ခဲ့သည်။ ဤအခိုက်အတန့်တွင် ရဲ့ရှင်းချန်သည် ဤတစ်ကြိမ်တွင် သူ၌ တာဝန်တစ်ခု ရှိကြောင်းကို ရုတ်တရက် သတိရသွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် ပြတင်းပေါက်အား တူဖြင့် မခွဲခဲ့ချေ။ မြေတူးစက်ပေါ်မှ ဆင်းကာ စူပါမားကတ်၏ အမိုးပေါ်တွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး အေးစက်နေသော အမိုးပေါ်သို့ သူ၏လက်ကို တင်လိုက်လေသည်။
ဤတစ်ကြိမ်တွင် သူ အလွန်အမင်း နက်ရှိုင်းအောင် မတူးခဲ့ပေ။ စူပါမားကတ်၏ အမိုးသို့ ရောက်သောအခါ သူ ရပ်တန့်လိုက်သည်။
ဆယ်မိနစ်ကြာ ပြီးနောက် ရဲ့ရှင်းချန် မျက်လုံးများအား ဖွင့်လိုက်လေသည်။ နေရာလွတ်ထဲတွင် ရုတ်တရက် ပေါ်လာသော ထောက်ပံ့ရေး ပစ္စည်းပုံကြီးမှာ သူ၏ ခြေအောက်ရှိ စူပါမားကတ်မှ ဖြစ်ရမည်ဟု သူ ရှင်းလင်းစွာ ခံစားသိရှိလိုက်သည်။
ရဲ့ရှင်းချန် လက်အား လှန်လိုက်ပြီးနောက် နေရာလွတ်ထဲမှ အေးခဲနေသော အလောင်း အနည်းငယ်ကို ထုတ်ယူကာ ဘေးသို့ လွှင့်ပစ်လိုက်လေသည်။ ထို့နောက် စနီကာ အမြောက်အမြားအား အလျင်အမြန် ထုတ်ယူကာ စားသောက်လိုက်ပြန်သည်။
ထူးဆန်းသော်လည်း ရင်းနှီးနေသော ဆာလောင်မှုကြီးမှာ ထပ်မံ ရောက်ရှိလာပြန်သည်။ သူ မှန်ကန်ကြောင်း ရဲ့ရှင်းချန် စိတ်ထဲမှ တွေးလိုက်မိသည်။ ဤထူးဆန်းသော ဆာလောင်မှုမှာ သူ၏ နေရာလွတ်နှင့် အမှန်တကယ်ပင် ဆက်စပ်နေပေသည်။
ပြီးခဲ့သည့်အကြိမ် အိပ်ခန်းထဲမှ ပစ္စည်းတစ်ခုခုအား ယူလိုက်စဉ်တွင် သူ မည်သည်ကိုမှ မခံစားခဲ့ရပေ။ ၎င်းမှာ သူယူလိုက်သော ပစ္စည်းများသည် သေးငယ်လွန်းသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
စနီကာဆယ်ခုအား ရဲ့ရှင်းချန် မျိုချလိုက်ပြီးမှ သူ၏လက်များ တုန်ယင်နေခြင်းမှာ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ရဲ့ရှင်းချန်သည် ရှောင်ဟေးအား သယ်ဆောင်ကာ ကျင်းအား ပြန်လည် ဖုံးအုပ်လိုက်တော့သည်။
အလေ့အကျင့်သည် ပိုမို၍ ကျွမ်းကျင်စေသည်။ ဤတစ်ကြိမ်တွင် ရဲ့ရှင်းချန် အချိန်များစွာ မဖြုန်းတီးခဲ့ချေ။ နှင်းကျင်းအား ဖုံးအုပ်ပြီးနောက် အချိန်ကို ကြည့်လိုက်လေရာ ညနေ ခြောက်နာရီကျော်မျှသာ ရှိသေးသည်။ မြေတူးစက်အား နေရာလွတ်ထဲသို့ ပြန်ထည့်လိုက် ပြီးနောက် ရဲ့ရှင်းချန်သည် နှင်းတောမောင်း စကူတာကို ထုတ်ယူလိုက်သည်။
ပြီးခဲ့သည့်အကြိမ်တွင် ရဲ့ရှင်းချန်အား ချောင်းကြည့်ခဲ့သောသူမှာ အဆောက်အအုံ တစ်ခု၏ အနောက်ဘက်တွင် ထပ်မံပေါ်လာခဲ့ပြီး ရဲ့ရှင်းချန်၏ လှုပ်ရှားမှုများကို စိုက်ကြည့်နေခဲ့သည်။
သူမသည် ဤနေရာတွင် ရက်အနည်းငယ်ကြာ စောင့်ဆိုင်းနေခဲ့ပြီး ရဲ့ရှင်းချန် နောက်တစ်ကြိမ် လာရောက်မည်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဤရက်ပိုင်း အတွင်း ရဲ့ရှင်းချန် ထပ်မလာခဲ့ချေ။ သူမမှာ စိုးရိမ်ပူပန်ပြီး ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်တွင် သူလာစဉ်တွင် ရဲ့ရှင်းချန်၏ လမ်းအား ပိတ်ဆို့ရန် မခုန်ထွက်ခဲ့မိသည်ကို သူမ ဒေါသထွက်နေမိသည်။
ကံကောင်း ထောက်မစွာဖြင့် သူမ၏ ရက်ပေါင်းများစွာ စောင့်ဆိုင်းရမှုမှာ အချည်းနှီး မဖြစ်ခဲ့ပေ။ နောက်ဆုံးတွင် ရဲ့ရှင်းချန်ကို သူမ ရှာတွေ့နိုင်ခဲ့သေးသည်။
ရဲ့ရှင်းချန် နှင်းတောမောင်း စကူတာပေါ်သို့ တက်ကာ ထွက်ခွာတော့မည်အား မြင်သောအခါ သူမသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရဲ့ရှင်းချန်ဆီသို့ အလျင်အမြန် တိုးသွားခဲ့သည်။
"နေဦး"
အခန်း (၉၄) - လူတစ်ယောက်ကို ရှာတွေ့ခြင်း
ရဲ့ရှင်းချန်မှာ အလွန် ဆာလောင်နေပြီ ဖြစ်သည်။ ရှောင်ဟေးအား ကျောပိုးအိတ်ထဲသို့ ထည့်ကာ အရှိန်တင်စက်အား နင်းတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုမှ ရုတ်တရက် နေရာလွတ် တစ်ခုမှ ခုန်ထွက်လာခဲ့လေသည်။ ၎င်းမှာ လူတစ်ယောက် ဖြစ်ပြီး ထိုလူမှာ လည်း ကလေး တစ်ယောက် ဖြစ်နေလေသည်။ ရဲ့ရှင်းချန် မသိစိတ်ဖြင့် သေနတ်အား ဆွဲထုတ်ကာ ကျည်သွင်းလိုက်သည်။
"ဘယ်သူလဲ"
မူလအရောင်အား မမြင်ရလောက်အောင် ညစ်ပတ်နေသော အလုံး တစ်လုံးမှာ ရဲ့ရှင်းချန်၏ ရှေ့သို့ ပြေးလာခဲ့သည်။ ရဲ့ရှင်းချန်သည် သူ၏ သေနတ်ဖြင့် ၎င်း၏ ခေါင်းအား ချိန်ရွယ်လိုက်လေသည်။
"သမီး သမီးမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး သမီးကို လက်ခံပေးနိုင်မလားလို့ မေးချင်ရုံပါပဲ"
ဤကလေး၏ အမည်မှာ မိုချီ ဖြစ်သည်။ သူမသည် မူလတွင် နာမည်ပင် မရှိသော သူတောင်းစားလေး တစ်ဦး ဖြစ်သည်။ ဤအမည်အား မိဘမဲ့ ဂေဟာမှူး၏ မိခင်မှ သူမအား ပေးခဲ့ခြင်း ဖြစ်သည်။ အိုး သူမဟုတ်ဘူး သူမ ဖြစ်သည်။ ဤကလေးမှာ မိန်းကလေးတစ်ဦး ဖြစ်ပေသည်။
"သမီး အစ်ကိုရဲ့ လျှို့ဝှက်ချက်ကို သမီး သိတယ် သမီးရဲ့ လျှို့ဝှက်ချက်ကို အသုံးပြုပြီး အစ်ကို့ဆီကနေ လဲလှယ်ချင်ပါတယ်"
မိုချီသည် လက်မြှောက်ကာ အရှုံးပေးသည့် အမူအရာဖြင့် ရဲ့ရှင်းချန်ဆီသို့ လျှောက်သွားခဲ့သည်။
"အဲဒီမှာ ရပ်နေ မလှုပ်နဲ့ မဟုတ်ရင် ငါ ပစ်လိုက်မယ်"
ရဲ့ရှင်းချန် မျက်မှောင်ကြုတ် လိုက်မိသည်။ မိုချီ သူ့ဆီသို့ ဖြည်းဖြည်းချင်း တိုးလာသည်အား မြင်သောအခါ သူ စိတ်အနှောင့်အယှက် ဖြစ်သွားရလေသည်။ သူ မည်သည့် လျှို့ဝှက်ချက်ကိုမျှ မကြားချင်ပေ။ အိမ်ပြန်ပြီး ကောင်းကောင်းမွန်မွန် စားသောက်ချင်ရုံသာ ဖြစ်သည်။
"မင်းရဲ့ လျှို့ဝှက်ချက်တွေကို ငါ စိတ်မဝင်စားဘူး ဒါပေမဲ့ ငါ့အကြောင်း မင်း ဘာလျှို့ဝှက်ချက် သိထားလဲဆိုတာတော့ ပြောနိုင်ပါတယ်"
ရဲ့ရှင်းချန် အနည်းငယ် သိချင်သွားမိသည်။ သူစိမ်း တစ်ယောက်မှ သူ့အကြောင်း မည်သို့ လျှို့ဝှက်ချက်များ သိနိုင်မည်နည်း။ သူ၏ မှတ်ဉာဏ်အား ရှာဖွေကြည့်ရာ သူ၏ရှေ့ရှိ လူအား သူ အမှန်တကယ်ပင် မသိကြောင်း တွေ့လိုက်ရသည်။
"အစ်ကို့မှာ အထူးစွမ်းအင် ရှိတယ်မလား လေထဲကနေ ပစ္စည်းတွေကို ဖန်ဆင်း ထုတ်ယူနိုင်တာလား အစ်ကို့ကို သမီး အကြိမ်ကြိမ် တွေ့ဖူးတယ် ပြီးတော့ အကြိမ်တိုင်း အစ်ကို့ရဲ့ လက်ဗလာနဲ့ တစ်ခုခုကို ဖန်ဆင်း ထုတ်ယူတာကိုလည်း မြင်ခဲ့တယ်"
ရဲ့ရှင်းချန် မျက်ခုံးပင့်လိုက်မိသည်။ သူမ၏ အသံမှာ မကျယ်လောင်သလို လေတိုက်နေသဖြင့် အခြား မည်သူမျှ သူမပြောသမျှအား ကြားနိုင်မည် မဟုတ်ပေ။ သူမအား သတ်ပစ်သင့်သလား သို့မဟုတ် အသက်ရှင်ခွင့် ပေးသင့်သလား။ ရဲ့ရှင်းချန် သူ၏စိတ်ထဲတွင် တွေးတောနေခဲ့မိသည်။ မည်သို့ပင်ဆိုစေ ဤကလေးမလေးသည် သူ၏လျှို့ဝှက်ချက်အား သိနေခဲ့ပြီ ဖြစ်သည်။
"ဟုတ်တယ် ဒါဆို ပြောစမ်းပါဦး မင်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ"
ရဲ့ရှင်းချန် မျက်လုံးများအား ကျဉ်းလိုက်ပြီး ခလုတ်ကို ဆွဲလိုက်လေသည်။ ပြောင်းဝမှ ကျည်ဆန် တစ်တောင့် ပစ်ထွက်သွားခဲ့သည်။ စဉ်းစားကြည့်ပြီးနောက် သူ၏လျှို့ဝှက်ချက်အား သိသူများ သေဆုံးသွားသည်မှာ ပိုကောင်းမည်ဟု သူ ထင်လိုက်မိခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သေသွားသူများ သာလျှင် လျှို့ဝှက်ချက်များကို ထာဝရ သိမ်းဆည်းထားနိုင်မည် ဖြစ်သောကြောင့်တည်း။
မမျှော်လင့်ဘဲ မိုချီသည် သူမ၏ လက်ဖဝါးအား လှန်လိုက်လေရာ ခရမ်းရောင် လျှပ်စီးကြောင်း တစ်ခု ပစ်ထွက်လာပြီး ရဲ့ရှင်းချန်၏ ကျည်ဆန်အား တားဆီးလိုက်လေသည်။
"သမီးကို သေမလောက် လန့်သွားအောင် လုပ်တာပဲ အစ်ကို ဘာလုပ်နေတာလဲ ဘာလို့ သမီး စကားကို နားမထောင်ဘဲ သမီးကို သတ်ချင်နေရတာလဲ"
မိုချီသည် နစ်နာသွားသည့်ပုံ ပေါက်နေလေသည်။ သူမတွင် မကောင်းသော ရည်ရွယ်ချက် မရှိပေ။ သွားစရာ နေရာတစ်ခုကိုသာ သူမ လိုချင်ခဲ့ခြင်း ဖြစ်သည်။ သူမ မည်သည့် နေရာတွင် ရောက်နေသည်ကိုလည်း သူမ မသိချေ။ ကမ္ဘာပျက်ကပ် အပြီးတွင် သူမသည် သတိလစ်အောင် အရိုက်ခံရပြီးနောက် ဆင်ခြေဖုံးဒေသသို့ ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။
ရဲ့ရှင်းချန် အံ့အားသင့်သွားခဲ့မိသည်။ သူ၏ ကျည်ဆန်အား တစ်စုံတစ်ယောက်မှ တားဆီးနိုင်ခဲ့သည်အား မြင်လိုက်ရသဖြင့် သူ ထိတ်လန့်သွားပြီး ကာကွယ်ရေး အနေအထားကို ချက်ချင်း ယူလိုက်လေသည်။
သူ၏ ခရီးစဉ်တွင် သဘာဝလွန် စွမ်းအင်ရှိသူ တစ်ဦးနှင့် သူ အမှန်တကယ် ဆုံတွေ့ခဲ့ရသည်လား။ ကမ္ဘာပျက်ကပ် စတင်ကတည်းမှ သူတစ်ဦးတည်းသာ စူပါစွမ်းအင်သုံးသူ ဖြစ်သည်ဟု ရဲ့ရှင်းချန် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
"ဆောရီး သေနတ်က သူ့ဟာသူ ပစ်ထွက်သွားတာ"
ရဲ့ရှင်းချန် ပစ္စတိုအား ခါးတွင် ပြန်ထည့်လိုက်ပြီးနောက် အိတ်ကပ်အား ကိုင်ကာ ပခုံးတွန့်ပြလိုက်လေသည်။ သူသည် သူ၏ နေရာလွတ်ထဲမှ သစ်သား တုတ်တစ်ချောင်း၏ ထိပ်ပိုင်းကို ထုတ်ယူထားပြီး ဖြစ်ကာ အခြားတစ်ဝက်မှာ နေရာလွတ်ထဲတွင် ရှိနေဆဲဖြစ်သည်။
"အစ်ကို မြင်တဲ့အတိုင်းပဲ ညီမလေးမှာ လျှပ်စီးကို ထိန်းချုပ်နိုင်စွမ်း ရှိတယ် ဘာလို့ ဒီစွမ်းအင် ရှိနေလဲဆိုတာ ညီမလေးလဲ မသိပေမယ့် အစ်ကို့ အနေနဲ့ သမီးကို လက်ခံပေးဖို့ ရိုးသားစွာနဲ့ တောင်းဆိုပါတယ်"
မိုချီ မတရားခံ ရသည်ဟု ခံစားလိုက်ရလေသည်။ ဤရေခဲနှင့် နှင်းကမ္ဘာတွင် သူမ ဆာလောင် မွတ်သိပ်စွာ နေခဲ့ရလေသည်။ ဆင်ခြေဖုံး ဒေသတွင် လူများစွာ မရှိချေ။ ရက်ပေါင်းများစွာ တိုင်အောင် သူမသည် နှင်းများကိုသာ စားသုံးခြင်းနှင့် တစ်ခါတစ်ရံ အမှိုက်များကို တူးဆွရှာဖွေခြင်းဖြင့်သာ အသက်ရှင်သန်ခဲ့ရသည်။
"ညီမလေး ကျိန်ဆို ကျိန်ရဲပါတယ် ညီမလေး တကယ် ကျိန်ရဲပါတယ် သမီးမှာ တကယ်ပဲ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
မိုချီ၏ မျက်လုံးများမှာ နီရဲနေခဲ့သည်။ သူမ၏ ခြေထောက်များမှာလည်း ယိုင်နဲ့နေလေသည်။ အကယ်၍ သူမသာ တစ်စက္ကန့်မျှ တုံ့ပြန်မှု နှေးကွေးသွားပါက ဤနေရာတွင် သေဆုံးသွားပေလိမ့်မည်။
"အစ်ကို့ အတွက် သမီး ဘာမဆို လုပ်ပေးနိုင်ပါတယ် အစ်ကို ညီမလေးကို အစားတစ်လုတ် ကျွေးဖို့ ဆန္ဒရှိသရွေ့ အစ်ကို့ အတွက် ဘာမဆို လုပ်ပေးဖို့ သမီး ဆန္ဒရှိပါတယ်"
သေချာသည်မှာ ရဲ့ရှင်းချန်သည် သူစိမ်း တစ်ယောက်အား ဤမျှ လွယ်လွယ်ဖြင့် ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း စောစောပိုင်းတွင် မိုချီ ထုတ်လွှတ် လိုက်သော လျှပ်စီးကြောင်းမှာ အလွန် ဆွဲဆောင်မှု ရှိကြောင်းကိုမူ သူ ဝန်ခံရပေမည်။
ယခုအချိန်တွင် သူ၏ အောက်တွင် အလုပ်လုပ်ရန် ထိုကဲ့သို့သော အထူး စွမ်းအင်ရှိသူ တစ်ဦးအား သူ အမှန်တကယ် လိုအပ်နေပေသည်။ သို့သော်လည်း ရဲ့ရှင်းချန်သည် တိုက်ဆိုင်မှုများအား မယုံကြည်ပေ။ အကယ်၍ မိုချီ၏ စွမ်းအင်အား အခြားသူများ သိရှိသွားပါမူ သူမအတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ပေသည်။
"ကောင်းပြီလေ ဒါပေမဲ့ မင်းကို ငါ မယုံဘူး အနားကို တိုးခဲ့ မင်းပုံစံ ဘယ်လိုလဲဆိုတာ ငါ မမြင်ရဘူး"
မိုချီမှာ အသက် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်အရွယ် ကလေးလေး တစ်ယောက်သာ ရှိသေးသည်။ သူမမှာ အပြစ်ကင်းစင်ပြီး ရဲ့ရှင်းချန်မှ သူမအား အနီးသို့ ရောက်လာစေရန် မြှူဆွယ်နေခြင်းသာ ဖြစ်ကြောင်း မသိရှာပေ။ ရဲ့ရှင်းချန် စိတ်လျှော့သွားပြီး သူမအား လက်ခံချင်သည်ဟုသာ သူမ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
"တကယ်လား အစ်ကို သမီးလေ အဝတ်လျှော်လဲ လျှော်တတ်တယ် ထမင်းလဲ ချက်တတ်တယ် အိမ်မှုကိစ္စတွေလည်း လုပ်တတ်ပါတယ် အကုန်သိတယ်"
"အရင်တုန်းက မိဘမဲ့ဂေဟာမှူးရဲ့ အမေကတောင် သမီးကို တော်တယ်လို့ ချီးကျူးခဲ့သေးတယ် သိလား”
မိုချီသည် ရဲ့ရှင်းချန်ဆီသို့ လျှောက်သွားရင်းဖြင့် ခေါင်းငုံ့ကာ လက်ချောင်းများဖြင့် ရေတွက်နေခဲ့သည်။ သူမ ခေါင်းမော့လျှက် မျက်နှာပေါ်ရှိ မာဖလာအား ဖြုတ်တော့မည့်ဆဲဆဲတွင် ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ သစ်သားတုတ် တစ်ချောင်းအား ဆွဲထုတ်ကာ သူမ၏ နောက်စေ့ကို ရိုက်ချလိုက်တော့သည်။
မိုချီ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ လျှပ်ကာတိပ်နှင့် ကြိုးအား ထုတ်ယူကာ မိုချီကို တုပ်နှောင် လိုက်လေတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် နေရာလွတ်ထဲတွင် အိပ်ဆေးများကို ရှာဖွေလိုက်သည်။
မိုချီ၏ မျက်နှာတစ်ဝိုက်ရှိ မာဖလာအား ဆွဲချွတ်လိုက်ပြီး သူမ၏ ပါးစပ်ကို ဟလိုက်ကာ အိပ်ဆေး ပုလင်းဝက်ခန့်ကို မိုချီ၏ ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်တော့သည်။
ရဲ့ရှင်းချန်သည် သူမ၏ ခေါင်းအား မကာ အထက်အောက် လှုပ်ယမ်းလိုက်ပြီးနောက် နှင်းတစ်ဆုပ်ကို သူမ၏ ပါးစပ်ထဲသို့ ထိုးသိပ် ထည့်လိုက်သေးသည်။ အိပ်ဆေးများ အားလုံးကို သူမ မျိုချသွားကြောင်း သေချာ ပြီးနောက် ခရီးဆောင်အိတ် တစ်လုံးအား ထုတ်ယူကာ သူမကို အထဲသို့ ထည့်လိုက်သည်။
အိမ်သို့ ပြန်ရောက်ချိန်တွင် ည ကိုးနာရီပင် ရှိနေပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် လက်တစ်ဖက်ဖြင့် ရှောင်ဟေးအား သယ်ဆောင်ကာ အခြား လက်တစ်ဖက်ဖြင့် မိုချီကို သယ်ဆောင်ပြီး အပေါ်ထပ်သို့ တက်သွားခဲ့သည်။
"ပြန်လာပြီလား"
ရဲ့ရှင်းချန် အိတ်ကြီး အိတ်ငယ်များဖြင့် ပြန်လာသည်ကို မြင်သောအခါ လင်းစစ်ကျားမှာ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူမသည် ရဲ့ရှင်းချန်ဆီသို့ သွားကာ အိတ်ကြီးနှစ်လုံးကို လှမ်းယူလိုက်သည်။
"အာ့"
ခရီးဆောင်အိတ်အား ဖွင့်လိုက်သည် နှင့်တစ်ပြိုင်နက် လင်းစစ်ကျား၏ လက်များမှာ အကြောက်တရားကြောင့် တုန်ယင်သွားခဲ့သည်။
အထဲတွင် ညစ်ပတ်နေသော လူတစ်ယောက်နှင့် အေးခဲနေသော ဆေးလုံးများဟု ထင်ရသည့် အရာများ စုပုံနေလေသည်။
"ဒါ ဒါက ဘာလဲ ဘာလို့ ဒီမှာ လူတစ်ယောက် ရောက်နေတာလဲ"
ရဲ့ရှင်းချန် ဂရုမစိုက်ချေ။ သူ အလွန် ဆာလောင်နေပြီ ဖြစ်သည်။ လင်းစစ်ကျားထံသို့ အိတ်အား ပေးပြီးနောက် သူသည် မီးဖိုချောင်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကာ လက်ဆေးပြီး ဟင်းပွဲများကို စတင် ပြင်ဆင်တော့သည်။
"သူ့ကို လမ်းမှာ တွေ့ခဲ့တာ အရင်စားကြစို့။ နောက်မှ သူ့ကိစ္စကို ရှင်းကြတာပေါ့"
ရဲ့ရှင်းချန် ထမင်း တစ်ပန်းကန်အား ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ လင်းစစ်ကျား ပြင်ဆင်ထားသော ဟင်းပွဲများ အပြင် ရဲ့ရှင်းချန် သူ၏နေရာလွတ်ထဲမှ ထုတ်ယူလာသော အသင့်စား ဟင်းပွဲများလည်း ရှိနေလေသည်။ စားပွဲတစ်ခုလုံး ပြည့်နေခဲ့သည်။
လင်းစစ်ကျားသည် မိုချီ၏ သွေးခုန်နှုန်းအား အရင် စစ်ဆေးလိုက် ပြီးနောက် သူမ၏ မျက်ခွံများအား ပင့်ကာ ကြည့်ရှုလိုက်လေသည်။ သူမ ဦးနှောက် အနည်းငယ် တုန်ခါသွားကြောင်းကို သူမ တွေ့ရှိလိုက်သည်။
ပြင်းထန်သော အာဟာရချို့တဲ့မှု မှလွဲ၍ သူမတွင် ကြီးကြီးမားမား ပြဿနာ တစ်စုံတစ်ရာ ရှိပုံမပေါ်ချေ။ လင်းစစ်ကျား မျက်မှောင်ကြုတ် လိုက်မိသော်လည်း သူမသည် လိမ္မာရေးခြားရှိစွာပင် လက်သွားဆေးပြီး ရဲ့ရှင်းချန်၏ ဘေးတွင် ထိုင်လိုက်တော့သည်။ သူမ တစ်လုတ် ကိုက်စားလိုက်ပြီး အိတ်ထဲတွင် လဲလျောင်းနေသော လူအား မော့ကြည့်လိုက်သည်။
"ဒီနေ့ ရှင် ဘာဖြစ်လာတာလဲ ပြီးခဲ့တဲ့ တစ်ခေါက်ကလိုပဲလား"
လင်းစစ်ကျားသည် စားပွဲ အပြည့်ရှိနေသော ဟင်းပွဲများအား ကြည့်ကာ အနည်းငယ် စိုးရိမ်မိသွားလေသည်။ ရဲ့ရှင်းချန်မှ အစားအစာ တစ်လုတ်အား ဖြည်းညင်းစွာ ဝါးစားလိုက်ပြီး မပီမသ ပြန်ဖြေလိုက်သည်။
"ရှင် ပြန်ခေါ်လာတဲ့ ကောင်မလေးက တော်တော်လေး အာဟာရချို့တဲ့နေတာပဲ"