← Chapters

အခန်း (၉၅-၉၇)

Vol. 7 Ch. 95-97

အခန်း (၉၅-၉၇)

Vol. 7 Ch. 95-97

အခန်း (၉၅) - မိုချီ (၁)

ရဲ့ရှင်းချန် ထမင်းစားသောက် ပြီးနောက် လင်းစစ်ကျားသည်လည်း သူမ၏ ပန်းကန်နှင့် ထမင်းစားတူအား ချလိုက်တော့သည်။ စားပွဲအား ရှင်းလင်း ပြီးနောက် ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့သည် မိုချီရှိရာသို့ သွားလိုက်ကြသည်။

အခန်းတွင်း အပူချိန်မှာ မြင့်တက်နေခဲ့သည်။ လင်းစစ်ကျားမှ မိုချီ၏ အဝတ်အစား အချို့အား ချွတ်ပေးထားနှင့်ပြီ ဖြစ်သော်လည်း ရဲ့ရှင်းချန်မှာမူ မျက်မှောင်ကြုတ်လျက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ပူနွေး စိုစွတ်သော ပတ်ဝန်းကျင်တွင် ပုပ်သိုးနေသည့် အမှိုက်နံ့မျိုးသည် မိုချီထံမှ ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။

ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ် ထဲတွင် မွှေနှောက်ရှာဖွေလိုက်သည်။ ရှေ့မှ ကလေးငယ်နှင့် မည်သည့်ဆိုဒ် တော်မည်ကို မသိသဖြင့် တီရှပ် အရှည် တစ်ထည်ကိုသာ ထုတ်ယူပြီး ခုံပေါ်တွင် တင်ပေးလိုက်တော့သည်

"ပင်ပန်းသွားပြီ ကျားကျားလေး သူကို ရေချိုးပေးလိုက်ဦး"

လောလောဆယ်တွင် ရဲ့ရှင်းချန်အနေဖြင့် သူမ၏ တုပ်နှောင် ထားသော လက်နှင့် ခြေထောက်များကို မဖြေပေးလိုသေးပေ။ လင်းစစ်ကျားမှ မိုချီအား ရေချိုးခန်းထဲသို့ ချီမ သွားခဲ့သည်။ ရဲ့ရှင်းချန် ဧည့်ခန်းထဲတွင် ရုပ်ရှင်တစ်ဝက်ခန့် ကြည့်ပြီးချိန်မှသာ လင်းစစ်ကျားမှ မိုချီအား ပြန်လည် ချီမလာခဲ့လေသည်။

ကလေးမလေးမှာ နိုးမလာသေးသော်လည်း အနည်းဆုံးမူ သန့်ရှင်း စင်ကြယ်သွားပြီ ဖြစ်သည်။ မိုချီ၏ ကိုယ်ပေါ်တွင် သူမနှင့် မဆံ့အောင် ကြီးမားလှသော အဝတ်အစားများအား ဝတ်ဆင်ပေးထားပြီး ထူးဆန်းသော ပုံစံတစ်ခုဖြင့် တုပ်နှောင်ထားဆဲပင် ဖြစ်သည်။

"သူ့ကို နှိုးလို့ရမယ့် နည်းလမ်းရှိလား"

ရဲ့ရှင်းချန်မှ လင်းစစ်ကျားကို မော့ကြည့်ကာ မေးလိုက်သည်။

"သူ့မှာလည်း ထူးခြားစွမ်းအား ရှိတယ် ကိုကသာ သူ့ကို ခေါ်ထားမယ်ဆိုရင် ကို့အမိန့်ကို အကုန်နာခံပါ့မယ်လို့ သူပြောထားတယ်"

လင်းစစ်ကျားမှ ခေါင်းယမ်းလိုက်မိသလို ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"သူ မကြာခင် နိုးလာတော့မှာပါ နိုးလာရင် သူ့ရဲ့ စိတ်ထဲက အတွေးတွေကို ကျွန်မ အတတ်နိုင်ဆုံး စမ်းစစ်ကြည့်ပါ့မယ်"

မိုချီသည် တဖြည်းဖြည်းချင်း နိုးလာခဲ့သည်။ ကာလရှည်ကြာ ငတ်မွတ်ခဲ့မှုနှင့် ရဲ့ရှင်းချန်၏ ဦးခေါင်းအား ရိုက်ချက်ကြောင့် သူမ ရီဝေဝေ ဖြစ်နေသေးသည်။ ရုတ်တရက် ခံစားလိုက်ရသည့် နွေးထွေးမှုကြောင့် သူမကိုယ်သူမ အိမ်မက်မက်နေသည်ဟု ထင်မှတ်နေမိလေတော့သည်။

သူမ နိုးလာချိန်တွင် ဦးစွာ မျက်လုံးများကို မှိတ်ထားပြီး လေအား ဝဝလင်လင် ရှူသွင်းလိုက်သည်။ ကမ္ဘာပျက်ကပ် စတင်ကတည်းမှ သူမ ဤကဲ့သို့ လေအား အားရပါးရ မရှူခဲ့ရသည်မှာ ကြာပြီ ဖြစ်သည်။ အပြင်တွင် ရာသီဥတုသည် အလွန် အေးလွန်းလှသဖြင့် အဆုတ်ထဲသို့ ရောက်ရှိသွားသော လေထုမှာ ခဲမတတ် အေးစက်လှသောကြောင့် ဖြစ်သည်။

ခဏတာ မိန်းမောနေရာမှ သူမ တစ်ကိုယ်လုံး နေရထိုင်ရ ခက်ခဲလာခဲ့သည်။ လက်နှင့် ခြေထောက်များမှာ ထုံကျဉ်နေပြီး အားအင် ကုန်ခမ်းနေလေသည်။ စောစောပိုင်းတွင် မိုချီသည် ရုတ်တရက် တိုက်ခိုက်မည်အား စိုးရိမ်သဖြင့် ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား မေ့ဆေးအနည်းငယ် ပေးခိုင်းထားခဲ့ခြင်း ဖြစ်သည်။

"ဒါ ဘယ်နေရာလဲ ကောင်းကင်ဘုံလား သမီး သေသွားပြီလား"

မိုချီသည် မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း သိသိသာသာ ပျော်ရွှင်နေသော မျက်နှာပေးဖြင့် မေးရှာလေသည်။

"ပျော်ဖို့ စောပါသေးတယ် မင်း မသေသေးဘူး သေချင်တယ် ဆိုရင်လည်း စောစောက ပြောရမှာပေါ့ အခုပဲ မင်းကို အပြင် ပြန်ပစ် ထုတ်လိုက်မယ်"

ရဲ့ရှင်းချန်မှ ခပ်အေးအေးပင် ပြန်ပြောလိုက်လေသည်။ ထိုအခါမှ မိုချီသည် ခေါင်းလှည့် ကြည့်လာပြီး ရဲ့ရှင်းချန်အား မယုံကြည်နိုင်သလို စိုက်ကြည့်နေတော့သည်။

"ဒါ အစ်ကို့အိမ်လား အစ်ကို သမီးကို ပြန်ခေါ်လာတာလား သမီးကို စောင့်ရှောက်မှာလား အို မဟုတ်ပါဘူး သမီးကို မွေးစားမှာလားဟင် သမီးက အသုံးဝင်ပါတယ် အစားလေး တစ်ခုခု ပေးမယ်ဆိုရင် သမီး အစ်ကိုခိုင်းတာ အကုန်လုပ်ပါ့မယ်"

မိုချီသည် ရဲ့ရှင်းချန်၏ အကြည့်အတိုင်း ကော်ဖီစားပွဲ အောက်သို့ ကြည့်လိုက်မိသည်။ ထိုနေရာတွင် ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ ရုပ်ရှင်ကြည့်စဉ် စားလေ့ရှိသော မုန့်အမျိုးမျိုး ရှိနေပြီး အချို့မှာ ဖောက်ထားပြီးသား ဖြစ်သည်။

သူမသည် တံတွေးအား မျိုချလိုက်ပြီး တောင်းပန် တိုးလျှိုးသော မျက်ဝန်းများဖြင့် မော့ကြည့်လာခဲ့ကာ မေးလိုက်လေသည်။

"သမီး တစ်ကိုက်လောက် စားလို့ရမလားဟင် တစ်ကိုက်တည်းပါ"

ရဲ့ရှင်းချန် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သဖြင့် လင်းစစ်ကျားမှ သူမအား ဘီစကစ်မုန့် တစ်ခု ကျွေးလိုက်လေသည်။

"သူ့ကို စစ်ဆေးလိုက်တော့"

ရဲ့ရှင်းချန်မှ သူ၏ နေရာလွတ်ထဲမှ ဆေးဘူးလေး တစ်ဘူးအား ထုတ်လိုက်ပြီး ဆေးလုံး တစ်လုံးကို လင်းစစ်ကျား၏ လက်ထဲ ထည့်ပေးလိုက်သည်။

"ဒါကို သူ့ပါးစပ်ထဲ ထည့်ပြီး တိုက်လိုက်"

ဤဆေးမှာ ရဲ့ရှင်းချန် ပစ္စည်းများ စုဆောင်းစဉ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဆေးဝါးကုမ္ပဏီ တစ်ခုမှ အသစ်တီထွင်ထားသော "နာခံမှုရှိစေသော ဆေးလုံး" ဟု ခေါ်ပြီး စမ်းသပ်ဆဲ အဆင့်သာ ရှိသေးကာ အများပြည်သူ သုံးရန် ထုတ်လုပ်ထားခြင်း မရှိသေးပေ။ သူ၏ မိတ်ဆွေ တစ်ဦး၏ ပြောကြားချက်အရ ဤဆေးအား ရဲတပ်ဖွဲ့မှ ရာဇဝတ်ကောင်များကို စစ်ဆေး မေးမြန်းရာတွင် အသုံးပြုရန် တီထွင်ထားခြင်း ဖြစ်သည်ဟု သိရသည်။

ရဲ့ရှင်းချန်မှ ဤအရာသည် တစ်နေ့တွင် အသုံးဝင် လာနိုင်သည်ဟု တွေးကာ ငွေစက္ကူ အထပ်လိုက် ပေးချေပြီး ဆယ်ဘူးထက် မနည်း ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

လင်းစစ်ကျားမှ ရေတစ်ခွက် ယူလာပြီးနောက် မိုချီ၏ ပါးစပ်ထဲသို့ ဆေးလုံး ထည့်ပေးလိုက်သည်။ မိုချီမှ ခဏမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ပါးစပ်ဟကာ ဆေးကို မျိုချလိုက်တော့သည်။

ဆေးအား ရေနှင့် မျိုချပြီးနောက် မိုချီမှ ခြောက်သွေ့နေသော သူမ၏ နှုတ်ခမ်းအား လျှာဖြင့်သပ်ကာ မေးလိုက်သည်။

"သမီးကို ဒီရေလေး နောက်တစ်ခွက်လောက် ထပ်ပေးလို့ရမလားဟင် ဒီလို ရိုးရိုးရေကို မသောက်ရတာ ကြာပြီ"

သူမသည် ဘီစကစ်မုန့်အား ပါးစပ်ထဲတွင် အသေအချာ ထည့်ထားလေသည်။ မဝါးလိုက်ဘဲ တံတွေးဖြင့် တဖြည်းဖြည်း အရည်ပျော်သွားစေရန် လုပ်နေခြင်း ဖြစ်သည်။

"အဆိပ်ကို စားရတာ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"

ရဲ့ရှင်းချန်မှ မျက်ခုံးပင့်ကာ ဆိုဖာပေါ်တွင် မှီချလိုက်လေသည်။ မိုချီ ခဏမျှ ကြောင်အသွား ပြီးနောက် စိတ်သက်သာရာ ရသွားသည့် အမူအရာဖြင့် ပြောလိုက်သည်။

"အဆိပ်လား အဆိပ်ဖြစ်တာပဲ ကောင်းပါတယ် ကျေးဇူးတင်ပါတယ်ရှင် ငတ်ပြီးသေရတာထက် အဆိပ်မိပြီး သေရတာက ပိုကောင်းပါတယ် အစ်ကိုက တကယ်ပဲ လူကောင်းတစ်ယောက်ပဲ"

ရဲ့ရှင်းချန် အံ့အားသင့်သွားမိသည်။ မိုချီ၏ တုံ့ပြန်မှုမှာ သူထင်ထားသည်နှင့် လုံးဝ ကွဲပြားနေလေသည်။ သာမန် လူတစ်ယောက်အား အဆိပ်တိုက် လိုက်သည်ဟု ပြောလျှင် ချက်ချင်း ဆဲဆိုကြမည် ဖြစ်သော်လည်း မိုချီမှာမူ သူ့အား ကျေးဇူးတင်နေသေးပေသည်။ ရဲ့ရှင်းချန် မမေးရသေးခင်မှာပင် မိုချီမှ စတင် ပြောပြလာခဲ့သည်။

"မင်္ဂလာပါ သမီး နာမည်က မိုချီပါ"

"သမီးက မိဘမဲ့ တစ်ယောက်ပါ ဒီနာမည်ကို သမီးကို ကောက်ရခဲ့တဲ့ မိဘမဲ့ဂေဟာက ကျောင်းအုပ်ကြီးရဲ့ အမေက ပေးခဲ့တာပါ"

"သမီးက ဒီမြို့က မဟုတ်ဘူး ဒါပေမဲ့ မျက်လုံး ဖွင့်လိုက်တာနဲ့ ဘာလို့ အဲဒီနေရာကို ရောက်နေလဲဆိုတာ သမီးလည်း မသိဘူး"

မိုချီသည် ရဲ့ရှင်းချန်အား ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"အစ်ကို့ကို အဲဒီမှာ ခဏခဏ တွေ့ဖူးတယ် အစ်ကိုက လူကောင်း တစ်ယောက်လို့ ခံစားရလို့ ကံစမ်းပြီး သမီးကို ခေါ်ထား ပေးနိုင်မလားလို့ လာမေးတာပါ"

မိုချီသည် သူမ၏ စွမ်းအားကို ထပ်မံ အသုံးပြုချင်သော်လည်း သူမ တုပ်နှောင်ခံထားရပြီး အားအင်ကုန်နေသည်ကို သတိရသွားလေသည်။ လင်းစစ်ကျားမှ သူမအား ရေနောက် တစ်ခွက် တိုက်လိုက်ပြန်သည်။ မိုချီသည် သူမ၏ နှုတ်ခမ်းကို သပ်ရင်း ဆက်ပြောလိုက်သည်။

"သမီး သေရတော့မှာဆိုတော့ နည်းနည်း လွန်ကဲတဲ့ တောင်းဆိုမှုလေး တစ်ခုလောက် တောင်းဆိုလို့ ရမလားဟင်"

မိုချီသည် မျက်တောင်ခတ်ရင်း မေးသော်လည်း မည်သည့် တုံ့ပြန်မှုမှ မရသဖြင့် သူမက ဆက်ပြောလိုက်သည်။

"ဟို ဘီစကစ်မုန့်လေး နောက်ထပ် နှစ်ခုလောက် စားလို့ရမလား အဲဒါလေးက အရမ်း အရသာရှိလို့ပါ"

ရဲ့ရှင်းချန်မှ သူမအား ဂရုမစိုက်သော်လည်း လင်းစစ်ကျားမှ ရဲ့ရှင်းချန်ကို ကြည့်လိုက်လေရာ သူသည် ကန့်ကွက်ခြင်း မရှိသည်ကို တွေ့ရသဖြင့် ဘီစကစ် နှစ်ခုယူကာ မိုချီအား ကျွေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်မကလည်း တကယ့် လူကောင်းတစ်ယောက်ပဲ"

မိုချီသည် ဘီစကစ် နှစ်ခုအား ပါးစပ်ထဲ ငုံထားပြီး ရှူးပျံလေး တစ်ကောင်ကဲ့သို့ တဖြည်းဖြည်းချင်း ကိုက်စားနေတော့သည်။ ရဲ့ရှင်းချန်သည် သူ၏ ဖုန်းမှ အချိန်အား ငုံ့ကြည့်လိုက်သည်။ ခဏမျှ မည်သူမျှ စကားမပြောဘဲ တိတ်ဆိတ်နေကြလေသည်။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ရဲ့ရှင်းချန်မှ ခေါင်းအား ဖြည်းဖြည်းချင်း မော့လိုက်ပြီးနောက် ဆေးအာနိသင် ပြပြီဟု တွေးလိုက်သည်။

"မင်းကို ငါမေးမယ် မင်းနာမည် ဘယ်သူလဲ"

စောစောပိုင်းတွင် ပျော်ပျော်ပါးပါး စားနေသော မိုချီသည် ရုတ်တရက် အမူအရာ တောင့်တင်းသွားခဲ့သည်။ ပါးစပ်ထဲမှ ဝါးလက်စ ဘီစကစ်မှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

"မိုချီ"

"မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ မင်းက ဘယ်သူလဲ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ"

လင်းစစ်ကျားသည်လည်း ဤကဲ့သို့ မြင်ကွင်းမျိုးအား ပထမဆုံး မြင်ဖူးခြင်း ဖြစ်သဖြင့် ခဏမျှ ကြောင်အသွား ပြီးနောက် ရဲ့ရှင်းချန်၏ ဘေးတွင် အမြန် လာထိုင်လိုက်လေသည်။

"ဘယ်သူမှ လွှတ်လိုက်တာ မဟုတ်ပါဘူး သမီးဘာသာ လာခဲ့တာပါ မိဘမဲ့ဂေဟာမှာပဲ ကြီးပြင်းခဲ့တာပါ သမီးရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီနေ့က အစ်ကို ချောကလက်တွေ အများကြီး ထုတ်ယူလိုက်တာ တွေ့ပြီးကတည်းက ချောကလက်တွေ စားချင်လို့ပါ"

ရဲ့ရှင်းချန် မျက်မှောင်ကြုတ် လိုက်မိသည်။ သူသည် ဤဆေးအား ယခင်က မသုံးဖူးသဖြင့် ယခုမှာ ပထမဆုံး စမ်းသပ်ခြင်း ဖြစ်သည်။ မိုချီ၏ စကားများတွင် အပြစ်ရှာစရာ မရှိသော်လည်း အရာရာက တိုက်ဆိုင်လွန်းနေလေသည်။

အခန်း (၉၆) - မိုချီ (၂)

ဤလောကတွင် တိုက်ဆိုင်မှု ဆိုသည်မှာ မရှိဟု ရဲ့ရှင်းချန် အမြဲ ယုံကြည်ထားခြင်း ဖြစ်သည်။ ရှိခဲ့လျှင်ပင် ၎င်းမှာ ရည်ရွယ်ချက် ရှိရှိ ဖန်တီးထားခြင်းသာ ဖြစ်ရမည်။

"ဘာလို့ ငါလဲ အဲဒီမှာ ငါတစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလေ"

ထိုစကားကို ကြားသောအခါ မိုချီမှာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည့် ပုံစံဖြင့် ပြောလိုက်လေသည်။

"သမီး တခြားလူတွေကိုလည်း သွားရှာပါသေးတယ် ဒါပေမဲ့ သူတို့က သမီးကို ဆဲဆိုကြတဲ့ အပြင် ဓားနဲ့ပါ ခုတ်မယ် လုပ်ပြီး ထွက်သွားဖို့ ပြောကြတယ်"

"ဒါကြောင့်ကိုး"

ရဲ့ရှင်းချန် တွေးလိုက်မိသည်။ အမှန်စင်စစ် ဤသည်မှာ ကမ္ဘာပျက်ကပ် ကာလ ဖြစ်သည်။ မိမိတို့ ရှင်သန်ရန် လိုအပ်သော အစားအစာများအား မည်သူကမှ အလကား ပေးကမ်းချင်မည်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ၎င်းမှာ သွေးသား မတော်စပ်သည့် သူစိမ်း တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

"လျှပ်စစ်စွမ်းအား အပြင် မင်းမှာ တခြား ဘာစွမ်းအားတွေ ရှိသေးလဲ မင်း ဘယ်တုန်းက စွမ်းအား နိုးထလာတာလဲ ဘာကြောင့် နိုးထလာတာလဲ"

ဤသည်မှာ ရဲ့ရှင်းချန် အသိချင်ဆုံး မေးခွန်း ဖြစ်ပေသည်။ သူ၏ နေရာလွတ် စွမ်းအားနှင့် နှိုင်းယှဉ်လျှင် မိုချီ၏ လျှပ်စစ်စွမ်းအားမှာ ဤကမ္ဘာပျက်ကပ်တွင် ပိုမို အသုံးဝင်မည်မှာ အသေအချာပင် ဖြစ်သည်။

သူ၏ နေရာလွတ် စွမ်းအားမှာ အလွန် အသုံးဝင်သော်လည်း ရန်သူများနှင့် ရင်ဆိုင်ရလျှင်မူ အသုံးမဝင်လှချေ။ အမှန်စင်စစ် သူသည် နေရာလွတ်ထဲတွင် ထာဝရ ပုန်းအောင်းနေ၍ မရနိုင်ပေ။ အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင် ပြီးလျှင် ပြင်ပသို့ ပြန်လည် ထွက်ခွာရမည် ဖြစ်သည်။ ထိုအခါ အစွမ်းထက်သော စွမ်းအားရှင် ရန်သူများနှင့် တွေ့ပါက သူသည် သေမင်းလက်မှ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် မိုချီအား ချက်ချင်း သတ်ပစ်ရန် ရည်ရွယ်ထားသော ရဲ့ရှင်းချန်သည် သူမ၏ စွမ်းအားကို မြင်တွေ့ပြီးနောက် စိတ်ကူး ပြောင်းလဲသွားခြင်း ဖြစ်သည်။

အကယ်၍ မိုချီအား သူ၏ လက်အောက်တွင် အသုံးချနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အကယ်၍ သူမတွင် တခြား မကောင်းသော အကြံအစည်များ ရှိနေပါက ထိုအချိန်ကျမှ သတ်ပစ်လျှင်လည်း နောက်မကျသေးပေ။

"သမီးလည်း မသိဘူး ဒါပေမဲ့ လောလောဆယ်တော့ လျှပ်စစ်ကိုပဲ ထိန်းချုပ် တတ်သေးတယ်"

"အစ်ကို အရာဝတ္ထုတွေကို လေထဲကနေ ထုတ်ယူပြလိုက်တာ ပထမဆုံး မြင်ပြီးတဲ့နောက်မှာ သမီး ရုတ်တရက် လျှပ်စစ် ထုတ်နိုင်လာတာပါ"

"ဘယ်လို နိုးထလာလဲဆိုတာ သမီးလည်း မသိဘူး အဲဒီအချိန်က အေးလွန်းပြီး ဗိုက်ဆာလွန်းလို့ သတိမေ့သွားတာပဲ မှတ်မိတယ် နိုးလာတော့မှ ဒီစွမ်းအား ရလာတာ"

မြို့ပြင်တွင် မိုချီသည် ရေငတ်လျှင် မြေပြင်ပေါ်မှ နှင်းများကိုသာ စားသည်။ ဗိုက်ဆာလျှင် အမှိုက်ပုံထဲမှ ပစ္စည်းများကို စားသည်။ နှင်းအောက်တွင် မြုပ်မနေသေးသည့် သစ်ရွက်စိမ်းများကိုပင် သူမ စားခဲ့ဖူးလေသည်။ ဟိုဘက်ခြမ်းရှိ သစ်ပင်အချို့၏ အရွက်များအား မိုချီ စားပစ်ခဲ့ပြီးပြီ ဖြစ်သည်။

"မင်းကို ခေါ်ထားပေးဖို့ ပြောတယ်နော် မင်းမှာ ဘာအစီအစဉ်ရှိလဲ ငါ့ကို သတ်ပြီး ဒီအိမ်ကို သိမ်းပိုက်ချင်တာလား"

ရဲ့ရှင်းချန်မှ အရေးကြီးဆုံး မေးခွန်းအား မေးလိုက်လေသည်။ မိုချီသည် အန္တရာယ်ရှိသော သူ ဖြစ်မဖြစ် သူ မသိသေးပေ။

"သမီးက ဘာလို့ အဲလို လုပ်ရမှာလဲ ကျောင်းအုပ်ကြီးရဲ့ အမေက ပြောဖူးတယ် လူသတ်တာဟာ ဥပဒေနဲ့ မညီဘူးတဲ့ အစ်ကို သမီးကို စောင့်ရှောက်နိုင်ပါတယ် ဒါမှမဟုတ် မွေးစားနိုင်ပါတယ် ကျောင်းအုပ်ကြီးရဲ့ အမေက သင်ပေးထားတယ် ရေတစ်စက်လောက်ပဲ ရှိတဲ့ ကျေးဇူးကိုတောင် စမ်းရေအလျဉ်ပမာ ပြန်ဆပ် တတ်ရမယ်တဲ့ အစ်ကို သမီးကို အစာတစ်ကိုက်စာ ပေးမယ်ဆိုရင် သမီး အစ်ကိုခိုင်းတာ အကုန်လုပ်ပါ့မယ် ဒါပေမဲ့ ဥပဒေနဲ့ မညီတာတော့ မလုပ်နိုင်ဘူး"

မိုချီမှ မျက်မှောင်ကြုတ်ကာ တည်တည်တံ့တံ့ ပြောလိုက်သည်။

"အစ်ကိုက သမီးကို ရေသောက်ခိုင်းတယ် ဘီစကစ်တွေ ကျွေးတယ် ဒါဟာ သမီးအပေါ် ကျေးဇူးရှိတာပဲ သမီးက အစ်ကို့ကို ဘယ်လိုလုပ် သတ်ရမှာလဲ"

အကယ်၍ မိုချီ၏ မျက်ဝန်းများမှာ ဆေးအရှိန်ကြောင့် ဗလာ ဖြစ်မနေခဲ့လျှင် ရဲ့ရှင်းချန် အနေဖြင့် သူမလေးအား ဟန်ဆောင်နေသည်ဟု ထင်မှတ်မိပေလိမ့်မည်။

"ငါခိုင်းတာ အကုန်လုပ်မယ်လို့ မင်း အမြဲပြောနေတယ် ဒါပေမဲ့ မင်းကို ငါက ဘယ်လို ယုံရမှာလဲ"

ရဲ့ရှင်းချန်သည် ကတိစကားများကို မည်သည့်အခါမျှ မယုံကြည်ပေ။ သူသည် အကျိုးစီးပွားကိုသာ ယုံကြည်ပေသည်။ အကျိုးစီးပွား မပါဝင်သော မည်သည့် ဆက်ဆံရေးမျိုးမဆို ယုံကြည်ရန် မထိုက်တန်ဟု သူ ယူဆထားခြင်း ဖြစ်သည်။

"သမီး"

မိုချီ၏ အမူအရာမှာလည်း အလွန် ဗျာများနေဟန် ရှိလေသည်။ သူမကိုယ်သူမ မည်သို့ သက်သေပြရမည်အား မသိပေ။

"သမီးကို ယုံပါ သမီး လိမ်မပြော တတ်ပါဘူး အစ်ကို မယုံရင် သမီး သက်သေပြပါ့မယ်"

"ငါက မင်းကို လူသတ် ခိုင်းမယ်ဆိုရင်ကော မင်း လုပ်မှာလား စောစောကတော့ ဥပဒေနဲ့ မညီတာ မလုပ်ဘူးလို့ ပြောထားတယ် မဟုတ်လား"

မိုချီ အကျပ်ရိုက်သွားပြန်သည်။ သူမ တစ်ခါမျှ လူမသတ်ဖူးသလို ကျောင်းအုပ်ကြီး၏ အမေဖြစ်သူ သည်လည်း လူသတ်ခြင်းသည် ဥပဒေနှင့် မညီဟု သင်ကြားပေးခဲ့ဖူးလေသည်။

"သမီး လူသတ်ရမှာလားဟင် ဒါပေမဲ့ အဲဒါက ဥပဒေနဲ့ မညီဘူး မဟုတ်လား"

"ငါ မင်းကို ငါ့စကား နားထောင် စေချင်တယ် ဘယ်လို အခြေအနေမျိုး မှာမဆို ငါ့အမိန့်ကို မပျက်မကွက် နာခံရမယ် အဲဒါကို မင်း လုပ်နိုင်လား မလုပ်နိုင်ရင် အခုပဲ ထွက်သွားနိုင်တယ်"

ဤသည်မှာ ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား ပြောခဲ့ဖူးသော စကားပင် ဖြစ်သည်။ မိုချီ ခဏမျှ တွန့်ဆုတ် နေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ် ပြလိုက်သည်။ သူမ၏ စိတ်ထဲတွင် ရဲ့ရှင်းချန်မှာ တခြားလူများနှင့် မတူဘဲ လူကောင်း တစ်ယောက် ဖြစ်သည် ဟု သတ်မှတ် ထားသောကြောင့် ဖြစ်သည်။ သူသည် သူမအား ရေတိုက်ရုံသာမက ဘီစကစ်ပါ ကျွေးခဲ့သည် မဟုတ်ပါလား။

"သမီး သမီး လုပ်နိုင်ပါတယ်"

လင်းစစ်ကျားမှ မိုချီအား ရေနောက် တစ်ခွက် တိုက်လိုက် ပြန်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် မိုချီ ပြန်လည် နိုးကြားလာခဲ့သည်။ သူမ သတိပြန် ဝင်လာချိန်တွင် မျက်ရည်များမှာ ကြမ်းပြင်ပေါ်သို့ တတောက်တောက် ကျလာတော့သည်။

သူမ၏ ဘီစကစ်လေးတွေ အလွန် အဖိုးတန်လှသော ဘီစကစ်လေးတွေ ကြမ်းပြင်ပေါ် ပြုတ်ကျကုန်ပြီ

"သမီး သမီး တောင်းပန်ပါတယ် ဘာလို့ ဘီစကစ်တွေ ပြုတ်ကျကုန်လဲ သမီး မသိဘူး စောစောက သမီး သေသေချာချာ စားနေတာပါ"

ယခုအချိန်တွင် အစားအစာမှာ မည်မျှ ရှားပါးနေသည်အား မိုချီ ကောင်းကောင်း သိလေသည်။ မိဘမဲ့ ဂေဟာတွင် ရှိစဉ် အချိန်၌ ကျောင်းအုပ်ကြီး၏ အမေသည် သူမအား အရာရာ ပြောပြခဲ့ဖူးလေသည်။ ကျောင်းအုပ်ကြီး၏ အမေ အေးခဲသေဆုံးခဲ့သည့် ညတွင် မိုချီသည် တစ်စုံတစ်ယောက်၏ ရိုက်နှက်မှုအား ခံရကာ သတိလစ်သွားခဲ့ပြီး ပြန်နိုးလာချိန်တွင်မူ ထူးဆန်းသော နေရာတစ်ခုသို့ ရောက်နေခဲ့ခြင်း ဖြစ်သည်။

"သူ့လက်တွေကို ဖြေပေးလိုက်"

ရဲ့ရှင်းချန်မှ သူ၏ နေရာလွတ်ထဲမှ ပေါင်မုန့် တစ်ထုပ်နှင့် နို့တစ်ဘူးအား ထုတ်ယူကာ မိုချီ၏ ရှေ့သို့ ပစ်ပေးလိုက်သည်။ လင်းစစ်ကျားမှ မိုချီ၏ လက်ကောက်ဝတ်ရှိ ကြိုးများနှင့် တိပ်များကို သွားရောက် ဖြေပေးသော်လည်း မိုချီ၏ ခြေလက်များတွင် မေ့ဆေးအရှိန်မှာ မပြယ်သေးချေ။

သူမ၏ ရှေ့တွင် ရုတ်တရက် ရောက်လာသော ပေါင်မုန့်နှင့် နို့အား ကြည့်ကာ မိုချီ တံတွေး မျိုချလိုက်မိသည်။

"ဒါတွေ အကုန်လုံးက သမီးအတွက်လား"

ဤပေါင်မုန့် တစ်ထုပ်မှာ မိဘမဲ့ဂေဟာရှိ လူတိုင်း အတွက် တစ်နေ့စာ အစားအစာ ဖြစ်ကြောင်း သူမ သိထားလေသည်။

"အေး စားလိုက်"

ရဲ့ရှင်းချန်သည် ကြင်နာတတ်သော အထက်လူကြီး တစ်ဦးကဲ့သို့ ပြုမူလိုက်သည်။ မိုချီအား သူ၏ လက်အောက်တွင် အသုံးချ လိုလျှင် သူမအား ဗိုက်ဝအောင် ကျွေးထားရန် လိုအပ်သည် မဟုတ်ပါလား။

မိုချီ လှုပ်ရှားရန် ကြိုးစားသော်လည်း လက်အား မမြှောက်နိုင်သေးသည်ကို တွေ့လိုက်ရသည်။ သူမသည် ရှေ့သို့ တိုးသွားကာ ပေါင်မုန့်ထုပ်အား လင်းစစ်ကျားဆီသို့ ဦးခေါင်းဖြင့် အသာ တိုးပေးလိုက်သည်။

"ပေါင်မုန့်က တစ်ထုပ်ပဲ ရှိတာ သမီးတို့ သုံးယောက် ခွဲစားကြရအောင်"

မိုချီ၏ မသိစိတ်မှ ထွက်ပေါ်လာသော မျှဝေလိုစိတ်သည် ရဲ့ရှင်းချန်၏ စိတ်ထဲတွင် သူမအပေါ် အထင်ကြီးမှုအား ချက်ချင်း မြင့်တက်စေခဲ့သည်။ သူမတွင် ဆေးရှိန် မပြယ်သေးသည်ကို မြင်သောကြောင့် လင်းစစ်ကျားသည် မိုချီ၏ လက်များအား အရှေ့ဘက်တွင် ပြန်လည် တုပ်နှောင်ပေးရန်နှင့် ပေါင်မုန့်ကိုပါ ခွံ့ကျွေးရန် ခိုင်းလိုက်သည်။

"ငါတို့ နှစ်ယောက်လုံး စားပြီးပြီ အဲဒီ ပေါင်မုန့်တွေက မင်းအတွက်ပဲ"

"အခု အစားအစာတွေက အရမ်း တန်ဖိုးရှိတာပါ သမီးက အဆိပ်မိထားလို့ သေရတော့မှာပဲ နှစ်ချပ်လောက်ပဲ စားပါ့မယ် အများကြီးစားရင် နှမြောစရာကြီး"

လင်းစစ်ကျားသည် ရဲ့ရှင်းချန်အား လှမ်းကြည့်လိုက်လေရာ သူသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်သည်။

"ရပါတယ် ဒီအဆိပ်က မင်းကို ချက်ချင်း မသေစေပါဘူး မင်း ငါ့အပေါ် သစ္စာရှိပြီး သစ္စာမဖောက်သရွေ့ ငါ မင်းကို ပုံမှန် အဆိပ်ဖြေဆေး ပေးသွားမှာပါ"

မိုချီမှာ ကလေးတစ်ယောက်သာ ဖြစ်သဖြင့် ရဲ့ရှင်းချန်၏ လှည့်ကွက်ထဲတွင် အလွယ်တကူ ကျဆုံးသွားရရှာသည်။ နောက်ဆုံးတွင် သူမသည် ပေါင်မုန့် တစ်ဝက်ခန့်ကိုသာ စားလိုက်လေသည်။ သူမ ဗိုက်မဝသေးသော်လည်း ကျန်တစ်ဝက်အား ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့အတွက် ချန်ထားရန် အတင်းအကျပ် ပြောနေတော့သည်။

"ကဲ စားပြီးပြီလား စားပြီးရင် လာထိုင်ဦး ငါ မင်းကို ပြောစရာ ရှိတယ်"

"မင်း ငါ့ရဲ့ လျှို့ဝှက်ချက်ကို မြင်ပြီးပြီ မဟုတ်လား"

"ဟုတ်ကဲ့ “

“အစ်ကိုက အရာဝတ္ထုတွေကို လေထဲကနေ ထုတ်ယူနိုင်တယ် ဒါပေမဲ့ အဲဒါက မျက်လှည့် မဟုတ်ဘူး ငါက မင်းလိုပဲ ထူးခြားစွမ်းအား ရှိတဲ့သူ တစ်ယောက်ပါ"

အခန်း (၉၇) - နှင်းများ ရပ်တန့်သွားခြင်း

မိုချီက ခေါင်းညိတ်ကာ အလွန် အလေးအနက် နားထောင်နေသည်။

"ဒါပေမဲ့ မင်းရဲ့ စွမ်းအားနဲ့ မတူတာက ငါ့ရဲ့ စွမ်းအားက နေရာလွတ် တစ်ခုပဲ"

"ငါ့ရဲ့ နေရာလွတ်က အလွန် ကြီးမားပြီးတော့ အထဲမှာ အရာဝတ္ထုတွေ အများကြီး ရှိတယ် မင်းမြင်ခဲ့တဲ့ လေထဲက ထုတ်ယူတဲ့ အရာတွေ အကုန်လုံးက အဲဒီ နေရာလွတ်ထဲကနေ ထုတ်ယူတာပါ"

"ငါ့ရဲ့ နေရာလွတ်ထဲမှာ ရိက္ခာတွေ အများကြီး သိုလှောင်ထားတယ် ငါကလွဲလို့ ဘယ်သူမှ အဲဒီနေရာကို မထိနိုင်သလို မမြင်နိုင်ဘူး"

"အကယ်၍ ငါ သေသွားခဲ့ရင် ငါ့ရဲ့ နေရာလွတ်ကလည်း ငါနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်"

"တစ်နည်းအားဖြင့် ပြောရရင် ငါ သေသွားရင် မင်းကို အစာကျွေးမယ့်သူ မရှိတော့ဘဲ မင်းလည်း မကြာခင် ငတ်ပြတ်ပြီး သေရလိမ့်မယ်"

"ဒီအိမ်လည်း အပါအဝင်ပဲ အထဲက အပူပေးစနစ်ကိုလည်း ငါပဲ ထိန်းချုပ်ထားတာ"

"မင်း ငါနဲ့ အတူတူ အလုပ် လုပ်ချင်တယ်ဆိုရင် မင်းရဲ့ တာဝန်က ငါ့ကို ကာကွယ်ပေးဖို့ပဲ မဟုတ်လို့ ငါ သေသွားခဲ့ရင် မင်းမှာ လျှပ်စစ်ရော အစားအစာပါ ရှိတော့မှာ မဟုတ်ဘူး"

မိုချီမှ တစ်ခုခုအား နားလည်သွားသည့် ပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"သမီး နားလည်ပါပြီ သမီး အစ်ကို့ကို ဘယ်လို ခေါ်ရမလဲဟင် ပါးပါးလို့ ခေါ်ရမလား"

ရဲ့ရှင်းချန် ကြောင်အသွားမိလေသည်။ ကလေး တစ်ယောက်၏ ဦးနှောက်ထဲတွင် ထူးဆန်းသော အတွေးများဖြင့် ပြည့်နှက်နေသည်မှာ အမှန်ပင် ဖြစ်ချေသည်။

"ငါ့ကို အစ်ကိုရဲ့ ဒါမှမဟုတ် ဦးလေးရဲ့လို့ ခေါ်လို့ရပါတယ် ပါးပါးလို့ ခေါ်စရာ မလိုပါဘူး"

မိုချီ ခေါင်းညိတ်လိုက်ပြီး

"ကောင်းပါပြီ အစ်ကိုရဲ့ ရော့ ဒီမှာ ပေါင်မုန့်စားဦး"

ရဲ့ရှင်းချန်သည် မိုချီအား ပဉ္စမထပ်ရှိ အခန်းတစ်ခန်းသို့ ပို့ပေးလိုက်သည်။ သူမ၏ လက်ရှိ ကြိုးများအား မဖြေပေးသေးသော်လည်း လင်းစစ်ကျားသည် တိပ်များ ခွာခိုင်းလိုက် ပြီးနောက် ခြေထောက်မှ သံခြေချင်းများကိုမူ ဖြုတ်ပေးလိုက်သည်။

ယနေ့ည ရဲ့ရှင်းချန်၏ စောင့်ကြည့်ရေး မျက်နှာပြင်တွင် လင်းစစ်ကျား၏ အခန်းကိုသာ ချဲ့ထားခြင်း မဟုတ်တော့ဘဲ လင်းစစ်ကျားနှင့် မိုချီတို့၏ အခန်းများကို ယှဉ်လျက် ပြသနေသည်။

ထုံးစံအတိုင်း လင်းစစ်ကျားမှ အိပ်ယာမဝင်မီ စာဖတ်နေသည်။ မိုချီမှာမူ လိမ္မာပါးနပ်စွာဖြင့် ကိုယ်လက်သန့်စင်ပြီး အိပ်ယာဝင်ရန် ပြင်ဆင်နေသည်။ ထို့နောက် စောင်အား ခြုံကာ အိပ်ပျော်သွားတော့သည်။ ရုတ်တရက် ရဲ့ရှင်းချန်၏ စိတ်ထဲတွင် မိသားစု သုံးယောက်ရှိနေသကဲ့သို့ ခံစားချက်မျိုး ပေါ်ပေါက်လာမိသည်။

ညတာမှာ လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။ နံနက်တွင် ကိုယ်လက် သန့်စင် ပြီးနောက် ရဲ့ရှင်းချန်သည် ဦးစွာ ပဉ္စမထပ်သို့ သွားကာ အခန်းတံခါးအား ဖွင့်လိုက်သည်။ ထို့နောက် စောစောထကာ ကိုယ်လက်သန့်စင်ပြီး စောင်များအား သေသေချာချာ ခေါက်ထားသည့် မိုချီကို ဆဋ္ဌမထပ်ရှိ ထမင်းစားပွဲသို့ ခေါ်ဆောင် လာခဲ့သည်။

လင်းစစ်ကျားမှာ ခါးစည်းဝတ်စုံ ဝတ်ကာ ဖက်ထုပ်များ ပြုတ်နေပြီး မိုချီမှာမူ ထမင်းစားပွဲတွင် လိမ္မာစွာ ထိုင်နေလေသည်။

"ဘာသောက်မလဲ လိမ္မော်ရည်လား နို့လား"

မိုချီမှ မော့ကြည့်ပြီးနောက် သိစိတ်မပါဘဲ နှုတ်ခမ်းအား လျှာဖြင့် သပ်လိုက်ကာ ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"ရေ ရေပဲ သောက်ပါ့မယ်"

မိုချီသည် အလွန် သိတတ် လွန်းလှသဖြင့် ရဲ့ရှင်းချန် ရင်ထဲတွင် မချိတင်ကဲ ဖြစ်သွားမိတော့သည်။ သူသည် နေရာလွတ်ထဲမှ လိမ္မော်ရည် တစ်ပုလင်းနှင့် နို့တစ်ဘူးအား ထုတ်ယူကာ မိုချီ၏ ရှေ့တွင် ချပေးလိုက်ပြီးနောက် ပြောလိုက်သည်။

"သောက်လိုက်ပါ ငါတို့ဆီမှာ အများကြီး ရှိတယ် စိတ်မပူနဲ့ စားချင်တာ ရှိရင်လည်း ပြော"

"တကယ်လားဟင် ဒါဆိုရင် အစ်ကိုရဲ့ အရင် ရွေးပါဦး"

ရဲ့ရှင်းချန် မရွေးချယ်တော့ပေ။ သူသည် ဤအရာများအား သောက်ရလွန်းသဖြင့် ငြီးငွေ့နေပြီ ဖြစ်သည်။ မိုချီသည် မည်သည့်အဖြေမှ မရသဖြင့် နို့ဘူးအား ရဲ့ရှင်းချန်၏ ရှေ့သို့ တိုးပေးလိုက်ပြီးနောက် လိမ္မော်ရည်ကိုမူ လင်းစစ်ကျား၏ ရှေ့သို့ ပို့ပေးလိုက်သည်။

ရဲ့ရှင်းချန်သည် မိုချီ၏ သိတတ်မှုအား အတော်လေး သဘောကျ သွားလေသည်။ သူသည် နေရာလွတ်ထဲမှ နို့နှင့် လိမ္မော်ရည်များအား ထပ်မံထုတ်ယူကာ မိုချီ၏ ရှေ့သို့ ချပေးလိုက်ပြန်သည်။

"မင်းဘာသာ မင်းသောက်ပါ ငါတို့ နှစ်ယောက် အတွက် စိတ်မပူနဲ့ ငါ့ရဲ့ နေရာလွတ်ထဲမှာ အများကြီး ကျန်သေးတယ်"

ဖက်ထုပ်များမှာ မြန်မြန်ဆန်ဆန်ပင် ကျက်သွားလေသည်။ လင်းစစ်ကျားသည် ဖက်ထုပ်အိုး အကြီးကြီးအား ချလိုက်ချိန်တွင် ရဲ့ရှင်းချန်မှ မိုချီအား စနောက်နေသည်ကို မြင်လိုက်ရတော့သည်။

"ကဲ လက်ဆေးပြီး မနက်စာ စားကြရအောင် ကလေးကို စမနေနဲ့တော့"

မနေ့ညတွင် ရဲ့ရှင်းချန်သည် မိုချီအား အခန်းထဲ ထည့်ထားပြီး ဆဋ္ဌမထပ်သို့ ပြန်လာချိန်တွင် လင်းစစ်ကျားမှ ပြောခဲ့ဖူးလေသည်။

"မိုချီက သိတတ်တဲ့ ကလေးလေးပါ သူ့ကို သွားမခြောက်လှန့်ပါနဲ့"

သူတို့ တစ်ဦးစီတွင် ဖက်ထုပ် အပြည့်ပါသော ပန်းကန်ကြီး တစ်လုံးစီနှင့် ပဲနို့ပူပူ တစ်ခွက်စီ ရှိကြသည်။ မိုချီမှာ မျက်ရည်ပင် ကျလုနီးပါး ဖြစ်နေခဲ့သည်။

ကမ္ဘာမပျက်ခင် ကာလမှာပင် သူမအနေဖြင့် ဖက်ထုပ် စားရခဲလှသည်။ မိဘမဲ့ဂေဟာ ကျောင်းအုပ်ကြီးမှ သူမ၏ မွေးနေ့ ရောက်မှသာ ဖက်ထုပ် တစ်ပန်းကန် ချက်ကျွေးလေ့ရှိခြင်း ဖြစ်သည်။

မိဘမဲ့ဂေဟာမှာ သေးငယ်ပြီး ဟောင်းနွမ်းနေသလို ကျောင်းအုပ်ကြီးမှာလည်း မြင့်မြတ်သော စိတ်ထားရှိသူ ဖြစ်သဖြင့် အလှူရှင်များထံတွင် မျက်နှာချို မသွေးတတ်ပေ။ ထို့ကြောင့် မိုချီတို့မှာ ရိုးရှင်းသော အစားအစာများကိုသာ စားကြရပြီး များသောအားဖြင့် ဂေါ်ဖီထုပ် တို့ဖူး သို့မဟုတ် အသား အနည်းငယ်ကိုသာ စားကြရလေသည်။ တစ်ခါတစ်ရံမှသာ ပေါင်မုန့် စားရခြင်း ဖြစ်သည်။

ပဲစေ့အရွယ် မျက်ရည် တစ်စက်မှာ ဖက်ထုပ်ပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းအား လင်းစစ်ကျား မြင်သွားသောအခါ မိုချီ တစ်ခုခု ဖြစ်သည်ဟု ထင်မှတ်သွားလေသည်။

"ဘာလို့ ငိုနေတာလဲ ဖက်ထုပ် မကြိုက်လို့လား"

မိုချီမှာ မျက်ရည်များအား သုတ်လိုက်ရင်း ပြောလိုက်သည်။

"ကြိုက်ပါတယ် ဒါပေမဲ့ ဒီဖက်ထုပ်က အရမ်း အရသာရှိလွန်းလို့ပါ သမီး သမီး အသားတွေ ဒီလောက် အများကြီးပါတဲ့ ဖက်ထုပ်မျိုး တစ်ခါမှ မစားဖူးဘူး အရမ်း အရသာရှိတယ်"

သူမသည် သူမ၏ ကျောင်းအုပ်ကြီးအား လွမ်းဆွတ်သွားမိသည်။ သူမ၏ ကျောင်းအုပ်ကြီးပင်လျှင် ဤမျှ အရသာရှိသော ဖက်ထုပ်မျိုးအား စားဖူးလိမ့်မည် မဟုတ်ပေ။ သူမ၏ ကျောင်းအုပ်ကြီးအားလည်း ဤဖက်ထုပ်လေး တစ်ကိုက်လောက် မြည်းစမ်းစေချင်လှသည်။

ကံဆိုးလှသည်မှာ ကျောင်းအုပ်ကြီးမှာ ဤပြင်းထန်လှသော အအေးဒဏ် အောက်တွင် အေးခဲ သေဆုံးသွားခဲ့ပြီ ဖြစ်ခြင်းပင်။

"အရသာရှိရင် အများကြီး စားနော် အိုးထဲမှာ ကျန်သေးတယ် မဝသေးရင် ထပ်ထည့်ပေးမယ်"

လင်းစစ်ကျားသည် သူမ၏ လက်အား မြှောက်ကာ မိုချီ၏ ခေါင်းကို အသာအယာ ပွတ်ပေးလိုက်မိသည်။ သိတတ်သော ကလေးငယ်မှာ အမြဲတမ်း ချစ်ခင်ဖွယ် ကောင်းလှသည် မဟုတ်ပါလား။ မိုချီ ခေါင်းညိတ် လိုက်ပြီးမှ ပြန်ခါလိုက်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ ဒါပေမဲ့ ရပါတယ် သမီး ဝပါပြီ"

မနက်စာ စားပြီးနောက် ရဲ့ရှင်းချန်သည် မိုချီအား ခေါ်ကာ သူမ၏ စွမ်းအားကို လေ့ကျင့်စေသည်။ လျှပ်စစ်စွမ်းအားမှာ အထူးသဖြင့် ဤကမ္ဘာပျက်ကပ်တွင် အလွန် အသုံးဝင်လှသည်။

ကြိုးများအား ဖြေပေးလိုက် ပြီးနောက် မိုချီ အပေါ်တွင် မည်သည့် ကန့်သတ်ချက်မှ မရှိတော့ပေ။ သူမသည် ရဲ့ရှင်းချန် ရှာပေးထားသော ဝတ်စုံအသစ်အား လဲလှယ် ဝတ်ဆင်ထားပြီး ဝတ်စုံရှိ ဖဲပြားလေးကို ရှက်ကိုးရှက်ကန်းဖြင့် ဆွဲနေမိသည်။

"စွမ်းအားကို ဘယ်လို ထုတ်လွှတ်ရမလဲ မင်း သိလား"

မိုချီမှ ခေါင်းညိတ်ပြလိုက်လေရာ ရဲ့ရှင်းချန်သည် သူမအား ဝရန်တာရှိ အခန်းလေးသို့ ခေါ်သွားသည်။ သူသည် အနွေးထည် နှစ်ထည်အား ထုတ်ယူကာ ပစ်မှတ်ပေါက်ကို ဖွင့်လိုက်လေသည်။

"အပြင်က တစ်ခုခုကို ပစ်ကြည့်စမ်း မင်းရဲ့ စွမ်းအားက ဘယ်လောက်အထိ ရောက်လဲ ငါ ကြည့်ချင်တယ်"

"ဝူး" ဟူသော အသံ နှင့်အတူ ခရမ်းနုရောင် အလင်းတန်း တစ်ခု ဝင့်ခနဲ ဖြစ်သွားပြီး ရဲ့ရှင်းချန်၏ ဗီလာရှေ့ရှိ သစ်ပင်တစ်ပင်အား ထိမှန်သွားကာ သစ်ရွက်ပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်သွားစေသည်။

"လျှပ်စစ်ရဲ့ ပမာဏကို မင်း ထိန်းချုပ်နိုင်လား"

မိုချီ ခေါင်းညိတ်ပြပြီး ရဲ့ရှင်းချန်ဘက်သို့ လှည့်လိုက်လေရာ သူမ၏ လက်ဖဝါးပေါ်တွင် လျှပ်စစ်စွမ်းအား အသေးစားလေး တစ်ခု ပွင့်ထွက်လာခဲ့သည်။

မွန်းတည့်စာ ပြင်ဆင် ပြီးသွားသော လင်းစစ်ကျားသည်လည်း လာရောက် ကြည့်ရှုနေသည်။ မိုချီ၏ လက်ဖဝါးမှ လျှပ်စစ်စွမ်းအားကို မြင်သောအခါ သူမ အံ့အားသင့်သွားမိသည်။

ရဲ့ရှင်းချန်၏ နေရာလွတ် စွမ်းအား အကြောင်းကို တစ်ညလုံး အချိန်ယူကာ လက်ခံခဲ့ရ ပြီးနောက် ယခုတွင်မူ နောက်ထပ် ထူးခြားစွမ်းအား တစ်ခုကို မြင်တွေ့ရပြန်ပြီ ဖြစ်သည်။

"တကယ့်ကို အစွမ်းထက်တာပဲ"

လင်းစစ်ကျားမှ ထိုလျှပ်စစ် စွမ်းအားကို စိုက်ကြည့်နေမိသည်။ ရဲ့ရှင်းချန်သည် မိုချီအား လျှပ်စစ်အားလုံးကို အလုံးသဏ္ဌာန် ဖန်တီးကာ လက်ဖဝါးထဲမှ ပစ်ထုတ်ရန် ခိုင်းလိုက်လေသည်။

မိုချီမှ အလုံးအသေးလေး တစ်ခုအား စုစည်းလိုက်လေရာ ခရမ်းရောင်မှာ သိသိသာသာ ပိုမို ရင့်မှောင်လာခဲ့သည်။ ရဲ့ရှင်းချန်သည် ပစ်မှတ်ပေါက်အား ထပ်မံ ဖွင့်ပေးလိုက်သည်။ မိုချီမှ ထိုအလုံးလေးအား ပစ်ထုတ်လိုက်ရာ အိမ်ရှေ့မှ သစ်ပင်၏ သစ်ရွက်များမှာ မီးလောင်ကျွမ်း သွားတော့သည်။ ထိုစဉ် လင်းစစ်ကျားမှ ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်သည်။၏

"ဟိုမှာ ကြည့်ဦး နှင်းတွေ ရပ်သွားပြီလား"

All Chapters