အခန်း (၉၈-၁၀၀)
Vol. 7 Ch. 98-100
အခန်း (၉၈) - အပြင်ထွက်ခြင်း
ရဲ့ရှင်းချန်သည် အထက်သို့ မော့ကြည့်လိုက်ရာ လေထဲတွင် တဝဲလည်လည် ကျဆင်းနေခဲ့သော နှင်းပွင့်များ ရုတ်တရက် ရပ်တန့်သွားသည်ကို သတိပြုမိလိုက်တော့သည်။
မြေပြင်ပေါ်ရှိ နှင်းထုမှာ တတိယထပ်၏ တစ်ဝက်ခန့်တွင် ရပ်တန့်သွားသော်လည်း တတိယထပ် တစ်ခုလုံးကိုမူ အပြည့်အဝ ဖုံးလွှမ်းသွားခြင်း မရှိသေးချေ။ ရဲ့ရှင်းချန်သည် စိတ်ထဲမှ အချိန်ကို တွက်ချက် ကြည့်လိုက်လေရာ နှင်းကျနေခဲ့သည်မှာ တစ်လတိတိ ပြည့်မြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
လင်းစစ်ကျား တစ်ယောက်တည်း သာမက သောက်ရေ အတွက် နှင်းများအား လာရောက် ခပ်ယူကြသည့် အခြားသော တိုက်ခန်း ပိုင်ရှင်များစွာသည်လည်း နှင်းကျရပ်သွားပြီ ဖြစ်ကြောင်းကို သတိထားမိလိုက်ကြသည်။
ပစ်ခတ်ပေါက်အား ပိတ်လိုက်ပြီးနောက် ရဲ့ရှင်းချန်သည် အမျိုးသမီးနှစ်ဦးကို အိမ်ထဲသို့ ပြန်ခေါ် သွားလိုက်တော့သည်။ လင်းစစ်ကျားမှ ချယ်ရီသီး တစ်ပန်းကန်ကို ဆေးကြော ပြီးသည်နှင့် တစ်ပြိုင်နက် ရဲ့ရှင်းချန်၏ ဖုန်းမှာ အရူးအမူး တုန်ခါလာတော့သည်။ ၎င်းမှာ အဖွဲ့လိုက်စကားပြောခန်း ထံမှ ဖြစ်ပေသည်။
“နှင်းတွေ ကျတာ ရပ်သွားပြီဟေ့”
“ကောင်းကင်ဘုံက သနားတော် မူပြီ ထင်တယ် နောက်ဆုံးတော့ နှင်းတွေ ရပ်သွားခဲ့ပြီပဲ ဒီလို ကျိန်စာသင့်နေတဲ့ ဆိုးရွားတဲ့ ရာသီဉတုကြီးထဲမှာ ငါတော့ နောက်ထပ် တစ်ရက်တောင် ဆက်မရှင်သန်နိုင်တော့ဘူး”
“နှင်းတွေ ရပ်သွားပြီဆိုတော့ ငါတို့ရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေ ပြန်ရောက် လာတော့မယ်ဆိုတဲ့ သဘောလား ရာသီဥတုက ပုံမှန်အတိုင်း ပြန်ဖြစ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်လားဟင်”
“အစိုးရ အာဏာပိုင်တွေကရော ဘာတွေများ ပြောသေးလဲ အချိန်တွေလည်း အတော်ကြာနေပြီ အခု နှင်းတွေလည်း ရပ်သွားပြီလေ ဘာလို့ တာဝန်ရှိသူတွေဆီက ဖြေရှင်းမယ့် နည်းလမ်းတစ်ခုမှ ထွက်မလာသေးတာလဲ”
“ဟက် ဘာအစိုးရလဲ အလကားပါကွာ သူတို့က ငါတို့ကို နည်းနည်းလေးတောင် ဂရုစိုက်ကြတာ မဟုတ်ဘူး အစ်ကိုရဲ့ကသာ အကောင်းဆုံးပဲ ငါတို့တွေ အစ်ကိုရဲ့ နောက်ကိုပဲ ဆက်လိုက်သင့်တယ် အစ်ကိုရဲ့ နောက်ကို လိုက်ရင် အနည်းဆုံးတော့ အစားအသောက်လေး ဘာလေး စားရသေးတာပေါ့”
“နှင်းတွေ ရပ်သွားပြီဆိုတော့ ငါတို့အားလုံး အပြင်ထွက်လို့ ရပြီဆိုတဲ့ သဘောလား အပြင်ထွက်ပြီး ရိက္ခာတွေ သွားရှာလို့ ရပြီလား”
“တာဝန်ရှိသူတွေက နှင်းတွေကို ရှင်းလင်းဖို့ လူတွေ စေလွှတ်ပေးမှာလား”
“အေးလေ ဒီလောက် ထူထပ်နေတဲ့ နှင်းတောကြီးထဲကို ဘယ်လိုလုပ် အပြင်ထွက်လို့ ရမှာလဲ အဲဒီထဲ နစ်သွားပြီး ပြန်မထွက်နိုင်တော့ရင် ဘယ်လိုလုပ်ကြမလဲ”
“ငါကတော့ အပြင်ထွက်ပြီး ရိက္ခာ သွားရှာချင်တယ် ငါနဲ့အတူ လိုက်မယ့်သူ ရှိလား”
“မင်း ဘယ်အချိန် အပြင်ထွက်မှာလဲ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”
ရဲ့ရှင်းချန်မှ ချယ်ရီသီးများအား စားရင်း အဖွဲ့ထဲရှိ မက်ဆေ့ချ်များကို အရသာခံကာ ဖတ်ရှုနေလေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာမူ အလိုအလျောက် ကွေးတက် သွားကြတော့သည်။
ယခုအခါ နှင်းများ ရပ်တန့်သွားပြီ ဖြစ်၍ ရပ်ကွက် အသီးသီးမှ လူများ အားလုံး အပြင်သို့ ထွက်လာကြမည်မှာ အသေအချာပင် ဖြစ်သည်။ သူတို့သည် နှင်းကျသည်မှာ ရပ်သွားသည့် အခွင့်အရေးအား အသုံးချလျှက် ရိက္ခာများကို ပိုမိုလုယူ လိုကြပေမည်။
တစ်နည်းအားဖြင့် ဆိုရလျှင် အပြင်ဘက် ကမ္ဘာကြီးသည် လုံးဝကို ဖရိုဖရဲ ကမောက်ကမ ဖြစ်နေတော့မည် ဟူသော အဓိပ္ပာယ်ပင် ဖြစ်ချေသည်။
ရဲ့ရှင်းချန် မျက်ခုံးပင့်လိုက်မိသည်။ သူသည် အပြင်ဘက်ရှိ ပရမ်းပတာ အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့် ကြည့်ရှုနိုင်ရန် ဒရုန်းတစ်စီးကို အမြန်ဆုံး လွှတ်တင်ချင်နေမိတော့သည်။
အပြင်ဘက်တွင် သေချာပေါက် ဗြောင်းဆန်နေမည်သာ ဖြစ်သည်။ အထပ် သုံးထပ်စာမျှ မြင့်မားနေပြီ ဖြစ်သော နှင်းထုကြီးအား မည်သည့် ကိရိယာတန်ဆာပလာမှ မပါဘဲ ထိုသူတို့ မည်သို့ တူးဆွကြမည်ကိုမူ သူ မသိပေ။ မည်သို့ပင်ဆိုစေ သူတို့တွင် မြေတူးစက်ကဲ့သို့ ကောင်းမွန်သော စက်ယန္တရားများလည်း ရှိမနေကြချေ။
တိုက်ခန်းပိုင်ရှင်များ အဖွဲ့ထဲတွင် ရိက္ခာ သွားရှာရန် အဖွဲ့ဖွဲ့ထားသူ ခုနစ်ယောက် ရှစ်ယောက်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ကျောက်ဟောင်သည်လည်း မက်ဆေ့ချ်တစ်စောင် ပို့လာလေသည်။
“ညီလေးရဲ့ မင်းရော ရိက္ခာ ထွက်ရှာဦးမှာလား လူတော်တော် များများလည်း အပြင်ထွက်သွားကြပြီ ထင်တယ် အခု နှင်းတွေ ရပ်သွားပြီဆိုတော့ အရင်ကထက်စာရင် အပြင်ထွက်ရတာ အများကြီး ပိုလုံခြုံတယ်လို့ ခံစားရတယ်”
ကျောက်ဟောင်သည်လည်း ဂနာမငြိမ် ဖြစ်နေလေသည်။ သူသည် အပြင်ထွက်၍ ရိက္ခာရှာချင်နေခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း ယခင်တွင် ကျဆင်းနေခဲ့သော နှင်းများမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်။ အကယ်၍များ အပြင်ထွက်သွားခဲ့ပါက အသက်ရှင်လျက် ပြန်မလာနိုင်တော့မည်အား သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်ကတော့ အပြင်မထွက်တော့ဘူး အစ်ကိုကျောက် အစ်ကို အပြင် ထွက်မယ်ဆိုရင် ကိုယ့်လုံခြုံရေးကို ပိုပြီး ဂရုစိုက်ရမယ်နော်”
ရဲ့ရှင်းချန်မှ ကျောက်ဟောင်အား အပြင်မထွက်ရန် တားဆီးချင်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူ့ထံတွင် ရိက္ခာ အရင်းအမြစ်များ အလုံအလောက် ရှိနေသည် မဟုတ်ပါလော။ ကျောက်ဟောင်အား နောက်ထပ် ဘဝပေါင်းများစွာစာအထိ ထောက်ပံ့ပေးရန်မှာ သူ့အတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။
သို့ရာတွင် သူ ထပ်မံ စဉ်းစားကြည့်လိုက်မိသည်။ ကျောက်ဟောင်သည် အလွန် တက်ကြွနေလေသည်။ အကယ်၍ သူသာ ရမ်းသမ်း၍ တားဆီးလိုက်ပါက ကျောက်ဟောင်၏ စိတ်အား ထက်သန်မှုအား ရေအေးဖြင့် ပက်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။ သို့ဖြစ်၍ သူ့အား စမ်းကြည့်ခွင့် ပေးလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အလွန်ဆုံး ဖြစ်လှ သူ၏ လုံခြုံရေး အတွက် လက်နက်အချို့ ပြင်ဆင်ပေးလိုက်ရုံသာ ရှိလေသည်။
“အစ်ကိုကျောက် အားလား အဆင်ပြေရင် ဒီဘက်ကို ခဏလောက် လာခဲ့ပါလား အစ်ကို့ကို ပေးစရာလေး ရှိလို့ပါ”
ရဲ့ရှင်းချန် ခေတ္တမျှ စဉ်းစားလိုက် ပြီးနောက် သူ၏ နေရာလွတ် ထဲမှ ဓားထိုးခံ အင်္ကျီတစ်ထည်နှင့် ရင်အုပ်ကာ သံချပ်ကာ အင်္ကျီ နှစ်ထည်တို့အား ထုတ်ယူလိုက်လေသည်။
ထို ဓားထိုးခံအင်္ကျီမှာ ရဲစခန်းမှ သူ လုယူလာခဲ့သည့် အရာ မဟုတ်ဘဲ ယခင်တွင် ရိက္ခာများ စုဆောင်းစဉ် ကတည်းမှ ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျောက်ဟောင်သည် ယခင်တွင် စစ်သားဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးလေသည်။ အကယ်၍ သူသာ ရဲစခန်းမှ ပစ္စည်းများအား ရမ်းသမ်း ထုတ်ပေးလိုက်ပါမူ မလိုအပ်သော ပြဿနာများ ဖြစ်ပေါ် လာနိုင်ချေရှိသည်။
ရဲ့ရှင်းချန်တွင် ကျည်ကာအင်္ကျီ အတော်များများ ရှိသော်လည်း ထိုအရာများအား ကျောက်ဟောင်ထံ တိုက်ရိုက်ပေး၍ မရနိုင်ပေ။ ထို့ကြောင့် ကျောက်ဟောင်အား ရင်အုပ်ကာ သံချပ်ကာအင်္ကျီ နှစ်ထည် ပေး၍ ရင်ဘတ်နှင့် ကျောဘက်တို့တွင် ဝတ်ဆင်စေခြင်းက ပို၍ သင့်လျော်ပေမည်။
မည်သို့ဆိုစေ ရင်အုပ်ကာ သံချပ်ကာ အင်္ကျီများကို အပြင်ဘက်တွင် အလွယ်တကူ ဝယ်ယူ ရရှိနိုင်သော်လည်း ကျည်ကာ အင်္ကျီများကိုမူ ရှာဖွေရ မလွယ်ကူချေ။ အဆက်အသွယ်ကောင်းများ မရှိဘဲနှင့် အရည်အသွေး ကောင်းမွန်သော ကျည်ကာ အင်္ကျီတစ်ထည်ကို ရရှိနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ရဲ့ရှင်းချန်သည် ပစ္စည်းများအား အိတ်ထဲသို့ ထည့်လိုက် ပြီးနောက် နှင်းကာ မျက်မှန် တစ်ရံကိုပါ ထပ်မံ ထည့်သွင်းလိုက်ကာ အိမ်တံခါးဝတွင် သွားရောက် ချထားလိုက်တော့သည်။
“ပစ္စည်းတွေကို တံခါးဝမှာ ချထားလိုက်တယ်နော် အစ်ကိုကျောက် အပြင်မထွက်ခင် ဝင်ယူသွားလိုက်ပါ အပြင်ရောက်ရင် သေသေချာချာ ဂရုစိုက်ဦးနော်”
နှင်းများသည် ယခုမှ ရပ်တန့်သွားခါစသာ ရှိသေးသည်။ ရဲ့ရှင်းချန်မှာမူ နောက်လာမည့် နှစ်ရက် အတွင်း အပြင်ထွက်ရန် အစီအစဉ် မရှိသေးပေ။ ထိုကဲ့သို့သော ရှုပ်ထွေးမှုများထဲတွင် သူ မပါဝင်ချင်ချေ။ မည်သို့ပင် ဆိုစေကာမူ သူသည် မိမိအသက်အား အလွန် တန်ဖိုးထားဆဲ ဖြစ်သည်။
သို့ရာတွင် အကယ်၍ သူသာ အပြင်မထွက်ပါက အဝေးတစ်နေရာတွင် မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်နေသည်ကို သူ မြင်တွေ့နိုင်မည် မဟုတ်ပေ။ ဤအချိန်တွင် အပြင်ဘက်၌ လူများများစားစား ရှိမနေသေးချေ။ အကယ်၍ သူသာ ဒရုန်းတစ်စီးအား ရမ်းသမ်း လွှတ်တင်လိုက်ပါမူ အလွန် သိသာ ထင်ရှားလွန်းနေလိမ့်မည် ဖြစ်သည်။ ထိုအချက်ကြောင့် ရဲ့ရှင်းချန် ရုတ်တရက် စိတ်ညစ်သွားရတော့သည်။
လာမည့် နှစ်ရက်တာ ကာလအတွင်း အပြင်လောကနှင့် အဆက်အသွယ် ဖြတ်၍ အထီးကျန်စွာ သူ နေထိုင်ရတော့မည် ဖြစ်သည်။ အကယ်၍ သူသာ အဖွဲ့ထဲရှိ ဟိုတစ်စ ဒီတစ်စ စကားပြောဆိုမှုများကိုသာ အားကိုးနေရမည်ဆိုပါက အသုံးဝင်သော သတင်း အချက်အလက်များကို ဆက်စပ်ရရှိနိုင်မည် မဟုတ်ဟု သူ ခံစားလိုက်ရတော့သည်။
ရဲ့ရှင်းချန် ခေါင်းအား ကုတ်လျှက် ခေတ္တမျှ စဉ်းစားလိုက် ပြီးနောက် ကျောက်ဟောင်ထံသို့ နောက်ထပ် မက်ဆေ့ချ် တစ်စောင် ထပ်ပို့လိုက်တော့သည်။
“ကျွန်တော် အပြင်မထွက်ဘူး ဆိုပေမယ့် နှင်းတွေ ရပ်သွားပြီးတဲ့ နောက်ပိုင်း အပြင်ကမ္ဘာကြီး ဘယ်လို အခြေအနေ ရှိနေမလဲဆိုတာကိုတော့ တော်တော်လေး သိချင်နေမိတယ် အစ်ကိုကျောက် အဆင်ပြေမယ်ဆိုရင် အပြင် ရောက်တဲ့အခါ ကျွန်တော့် အတွက် ဓာတ်ပုံတွေ ဗီဒီယိုတွေ နည်းနည်းလောက် ရိုက်လာပေးလို့ ရမလား”
တစ်ဖက်တွင်မူ ကျောက်ဟောင်သည် လီအန်းရန်၏ ပူညံပူညံ ပြောဆိုမှုများအား ခံနေရသည်မှာ ကြာလှပြီ ဖြစ်သည်။ လီအန်းရန်သည် သူမ၏ မိသားစု နစ်နာသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ကျောက်ဟောင်သာ အပြင်ထွက် နောက်ကျသွားပါက အခွင့်အရေးကောင်းများအား လက်လွတ် ဆုံးရှုံးသွားမည်ကို သူမ ကြောက်ရွံ့နေခြင်း ဖြစ်သည်။
“အာ အစ်ကိုရာ မြန်မြန်လုပ်ပါဦး ခြေအိတ်တွေကို ကျွန်မပဲ စွပ်ပေးလိုက်တော့မယ်”
ကျောက်ဟောင်မှ ရဲ့ရှင်းချန်အား ဖုန်းဖြင့် စာပြန်ရန် ပြင်လိုက်စဉ်မှာပင် လီအန်းရန်မှ သူ၏ ခြေထောက်များတွင် ဖိနပ်အား စွပ်ပေးလိုက်ပြီးနောက် တံခါး အပြင်ဘက်သို့ တွန်းပို့လိုက်တော့သည်။
“မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့နော် စောစော ပြန်လာခဲ့”
“ဖြည်းဖြည်း လုပ်ပါကွာ မင်းကလည်း ဘာလို့ ဒီလောက်တောင် လောနေရတာလဲ”
ကျောက်ဟောင်မှာ ယိုင်တိုင်တိုင် ဖြစ်သွားရလေတော့သည်။ ရဲ့ရှင်းချန်၏ စကားများအား ကြားပြီးနောက် သူသည် ရဲ့ရှင်းချန်၏ အိမ်ဆီသို့ ဦးစွာ သွားလိုက်သည်။
မြေပြင်ပေါ်ရှိ အိတ်မှာ မီးခိုးရောင် သန်းနေသော အဖြူရောင် ဖြစ်ပြီး နှင်းများနှင့်ပင် ရောနှောလုနီးပါး ဖြစ်နေချေသည်။ ကျောက်ဟောင်သည် ထိုအိတ်အား ကောက်ယူလိုက်ကာ ဖွင့်ကြည့်လိုက်သည်။
သူသည် လက်လှမ်းကာ အထဲရှိ ပစ္စည်းများအား အနည်းငယ် မွှေနှောက် ကြည့်လိုက်လေသည်။ ယခင်တွင် စစ်သားတစ်ဦး ဖြစ်ခဲ့ဖူးသော ကျောက်ဟောင်သည် အတွင်းရှိ အဝတ်အစားများမှာ ဓားထိုးခံအင်္ကျီများ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူ ထပ်မံ ကြည့်ရှုလိုက်ရာ အတွင်း၌ ရင်အုပ်ကာ သံချပ်ကာအင်္ကျီ နှစ်ထည်ပင် ပါဝင်နေသေးကြောင်း တွေ့လိုက်ရလေသည်။
“ညီလေးရဲ့ အရမ်းကျေးဇူးတင်တယ်ကွာ အစ်ကို အပြင်ရောက်ရင် သေချာပေါက် ဓာတ်ပုံတွေ ရိုက်ခဲ့ပါ့မယ်”
ကျောက်ဟောင်သည် အိမ်သို့ပြန်၍ အဝတ်အစားလဲရန် အချိန်မရှိတော့ချေ။ သူသည် မိမိ၏ အပေါ်ရုံအင်္ကျီအား ချွတ်လိုက် ပြီးနောက် တုန်တုန်ယင်ယင်ဖြင့်ပင် ရဲ့ရှင်းချန် ပေးသော ဓားထိုးခံအင်္ကျီကို ဝတ်ဆင် လိုက်သည်။ ထို့နောက် ရင်အုပ်ကာ သံချပ်ကာအင်္ကျီ နှစ်ထည်ကိုပါ ကိုယ်ပေါ်တွင် ချိတ်ဆွဲဝတ်ဆင်လိုက်သည်။
ကျောက်ဟောင်သည် သူ၏ အပေါ်ရုံအင်္ကျီအား ပြန်လည် ဝတ်ဆင်လိုက် ပြီးနောက် အိတ်အား အိတ်ကပ်ထဲသို့ ထိုးထည့်ကာ နှင်းကာမျက်မှန်ကို တပ်ဆင်လိုက်လေသည်။ ချက်ချင်း ဆိုသလိုပင် သူသည် အပြင် ထွက်သွားကြသော အခြားသူများထက် အဆပေါင်းများစွာ ပိုမိုလုံခြုံသွားပြီ ဖြစ်သည်။
အပြင်ထွက်သူ များများစားစား မရှိလှပေ။ အခြေအနေအား အကဲခတ်ရန် အိမ်ထဲတွင် နေထိုင်ရန် ရွေးချယ်ခဲ့ကြသည့် သတ္တိကြောင် သူများစွာလည်း ရှိနေကြသည်။ မည်သို့ပင်ဆိုစေကာမူ နှင်းများ ပြန်လည် ကျဆင်းလာမည်ကို သူတို့ ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။
ကျောက်ဟောင်သည် ပတ်ဝန်းကျင် အခြေအနေများနှင့် အလွန် ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။ သူသည် ယခင်လူများ ချန်ရစ်ထားခဲ့သော ခြေရာများပေါ်သို့ သတိထားကာ နင်းလျှောက်ရင်း အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
မလှမ်းမကမ်းတွင် စူပါမားကတ် တစ်ခု ရှိပြီး ၎င်းမှာ အတော်အတန် ကြီးမားသော စူပါမားကတ် တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် ကျောက်ဟောင်သည် ည ရှစ်နာရီ ကိုးနာရီခန့်တွင် လျှော့ဈေးဖြင့် ရောင်းချသော အသင့်စား အစားအစာများနှင့် ကြာရှည်ခံအောင် ချက်ပြုတ် ထားသော အစားအစာများကို သွားရောက် ဝယ်ယူလေ့ ရှိသည်။
ကျောက်ဟောင်သည် ဖြည်းညင်းစွာ လမ်းလျှောက် သွားခဲ့သော်လည်း သူ စူပါမားကတ်သို့ မရောက်မီမှာပင် လူတို့၏ စကားပြောသံများအား ကြားလိုက်ရတော့သည်။
အခန်း (၉၉) - နှင်းတူးခြင်း
ကျောက်ဟောင်တို့ ရပ်ကွက်မှ လူများများစားစား ရှိမနေပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အယောက်နှစ်ဆယ်ခန့်သာ ရှိမည်ဟု ခန့်မှန်းရသည်။ ကျန်သူများမှာ အခြေခံအားဖြင့် အနီးအနားရှိ အခြား ရပ်ကွက်များမှ တိုက်ခန်း ပိုင်ရှင်များသာ ဖြစ်ကြသည်။
အခြား ရပ်ကွက်များသည် ရဲ့ရှင်းချန် နေထိုင်ရာ ကျင်းဟွာ ရပ်ကွက်နှင့် အခြေခံအားဖြင့် ဆင်တူကြသည်။ ရပ်ကွက် တစ်ခုစီတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ရပ်ကွက်မန်နေဂျာအား ရွေးချယ် တင်မြှောက် ထားကြလေသည်။
သို့သော်လည်း ကွာခြားချက်မှာ ထို ရပ်ကွက်မန်နေဂျာများသည် ရဲ့ရှင်းချန်ကဲ့သို့ သူတို့အတွက် ရိက္ခာ ထွက်ရှာပေးခြင်းမျိုး မရှိကြချေ။ အများစုမှာ နေထိုင်သူများအား ၎င်းတို့၏ ရိက္ခာများအား ထုတ်ယူစေပြီး မျှတစွာ ပြန်လည် ခွဲဝေပေးခြင်းမျိုးသာ ပြုလုပ်ကြလေသည်။
သို့မဟုတ်လျှင်လည်း ကျန့်ဟွာချမ်းတို့ကဲ့သို့ပင် နေရာအနှံ့မှ နောက်လိုက်များအား စုဆောင်းကာ စကားနားမထောင်သူ မည်သူ့ကိုမဆို သတ်ဖြတ် ပစ်တတ်ကြလေသည်။
ယခုအချိန်တွင် လူအများစုမှာ ရိက္ခာများ ပြတ်လပ် နေသည်မှာ ကြာလှပြီ ဖြစ်သည်။ သူတို့ထဲမှ အများအပြားမှာ အသက် ရှင်သန်နိုင်ရန် အတွက် အသားပုပ်များကိုပင် မှီခို စားသောက်နေကြရခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်၌ အသက် ရှင်သန်ရန် အသားပုပ်များအား စားသောက်နေရသူ များစွာသည် စူပါမားကတ် အနီးတွင် ရပ်တန့်နေကြကုန်သည်။
ကျောက်ဟောင် ရောက်ရှိလာသောအခါ သူသည် ကျင်းဟွာ ရပ်ကွက်မှ လူနှစ်ဆယ် နှင့်အတူ အလိုအလျောက် သွားရောက် ရပ်နေလိုက်သည်။
နေရာရှိ လေထုမှာ သိပ်ပြီး သဟဇာတ မဖြစ်လှချေ။ မည်သို့ပင်ဆိုစေ လူတိုင်းမှ ပစ္စည်းများအား ပိုမို လုယူလိုကြသည်။ အကယ်၍ လူများလာပါက သူတို့လက်ထဲသို့ ရောက်လာမည့် ပစ္စည်းပမာဏမှာ သေချာပေါက် နည်းပါးသွားလိမ့်မည် ဖြစ်သည်။ ကမ္ဘာပျက်ကပ် ကာလ အတွင်း လူတိုင်းမှာ တစ်ကိုယ်ကောင်း ဆန်ကြသည်သာ ဖြစ်သည်။
အစပိုင်းတွင် ကျောက်ဟောင်သည် စူပါမားကတ်သို့ မသွားချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်အရ စူပါမားကတ်တိုင်းတွင် ပိုင်ရှင်များ ရှိကြပေသည်။ ထိုနေရာသို့ ဝင်ရောက်ကာ ပိုက်ဆံ တစ်ပြား တစ်ချပ်မှ မပေးဘဲ ပစ္စည်းများအား လုယူခြင်းမှာ အလွန်ပင် ရှက်စရာကောင်းသည်ဟု သူ ထင်မြင်မိသည့် အတွက် ဖြစ်သည်။
သို့ရာတွင် လီအန်းရန်၏ နေ့စဉ်နေ့တိုင်း ပူညံပူညံ ပြောဆိုနေမှုများကိုမူ သူ မခံနိုင်တော့ပေ။ သားလေးသည် သနားစရာ ကောင်းကြောင်း လူကြီးများမှ ဗိုက်ဝအောင် စားပြီးနောက် သားလေးအား ဂရုမစိုက်ကြကြောင်း ကျောက်ဟောင်မှာ တစ်ကိုယ်ကောင်း ဆန်ကြောင်း ကျောက်ဟောင်မှ သူမအား သူ၏ လူတစ်ယောက် အဖြစ် သဘောမထားကြောင်း ထို့အပြင် သားလေးအားလည်း သူ၏ သားအရင်း တစ်ယောက်ကဲ့သို့ သဘောမထားကြောင်း အစရှိသဖြင့် နေ့စဉ် ရက်ဆက် ညည်းတွားနေခဲ့ခြင်း ဖြစ်သည်။
လီအန်းရန်၏ ထိုသို့ အနိုင်ကျင့် ပြောဆိုမှုများအား အချိန်အကြာကြီး ခံရပြီးနောက် ကျောက်ဟောင်သည် သူ ကိုယ်တိုင်ကပင် သဘောထား သေးသိမ်လွန်းနေသလားဟု တွေးတော လာမိလေတေ့ာသည်။ အမှန်တကယ်တွင် သူသည် ရိက္ခာများ ရှာဖွေရန် သူတို့ နှင့်အတူ အပြင်ထွက်လာရန် အတွက် လီအန်းရန်၏ ဖြောင်းဖျမှုအား ခံလိုက်ရခြင်း ဖြစ်သည်။
ရိက္ခာလာရှာသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ပစ္စည်းများကို လုယူကြမည်သာ ဖြစ်သည်။ ပိုမြန်မြန် လှုပ်ရှားနိုင်ပြီး ပိုမြန်မြန် ပြေးနိုင်သူမှ ပစ္စည်းပိုရမည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော်လည်း ထို စူပါမားကတ်မှာ နှင်းမုန်တိုင်းဒဏ်ကြောင့် ဖုံးလွှမ်း ခံထားရသည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး နှင်းထု အောက်တွင် နက်ရှိုင်းစွာ နစ်မြုပ်နေခဲ့ပြီ ဖြစ်သည်။
“ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ”
“ငါတို့တွေ ဒီရောက်နေပြီပဲလေ လက်ဗလာနဲ့တော့ ပြန်လို့မဖြစ်ဘူးမလား”
“အေးလေ အပြင်ထွက် လာရတာကလည်း မလွယ်ဘူး ဘာမှ မရဘဲနဲ့တော့ ဒီအတိုင်း အလကား ပြန်မသွားနိုင်ဘူးမလား”
နေရာအနှံ့တွင် နှင်းထုများ ထပ်ဆင့် ဖုံးလွှမ်းနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် နှင်းများမှာ ပွယောင်းနေပြီး မည်သူမျှ မနင်းမိကြချေ။ ယနေ့တွင်မူ သစ်သားပြားများအား အသုံးပြုကာ တစ်လှမ်းချင်း နင်းလျှောက်လာခဲ့ကြခြင်း ဖြစ်သည်။
ပုံမှန်အချိန်ဆိုလျှင် ထိုနေရာသို့ ရောက်ရန် ဆယ်မိနစ်မှ မိနစ် နှစ်ဆယ်ခန့်သာ ကြာမြင့်မည် ဖြစ်သော်လည်း ယခုမူ တစ်နာရီမှ နှစ်နာရီခန့် အထိ အချိန်ယူခဲ့ရလေသည်။
ဤအချိန်၌ လူတိုင်းသည် မိမိတို့၏ လက်နက်များအား အသီးသီး ကိုင်ဆောင် ထားကြလေသည်။ စူပါမားကတ် အနီးတွင် ရပ်နေသူများ အနက် လက်နက် အဖြစ် တူးရွင်းပြားများအား ကိုင်ဆောင်ထား သူများလည်း အများအပြား ရှိနေကြပေသည်။
သို့ရာတွင် အခြားသူများအတွက် နှင်းတူးပေးရန်မူ မည်သူကမျှ ဆန္ဒမရှိကြချေ။ အခမဲ့ရမည့် အခွင့်အရေးအား မည်သူက မလိုချင်ဘဲ နေမည်နည်း။ အချည်းနှီး သက်သက် မိမိ၏ လုပ်အားကို စတေးရန် မည်သူမှ ဆန္ဒရှိကြလိမ့်မည်နည်း။
သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နာရီ အတော်ကြာအောင် စိုက်ကြည့် နေခဲ့ကြသော်လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ စတင်၍ လှုပ်ရှားခြင်း မရှိကြချေ။ နောက်ဆုံးတွင် ကျောက်ဟောင်မှ စတင်၍ ပြောဆိုလိုက်သည်။
“ဒီလိုလုပ်ရင်ကော အစ်ကိုရှ အစ်ကို့ရဲ့ တူးရွင်းပြားကို ကျွန်တော့်ကို အရင် ငှားပါလား အားလုံး ဒီအတိုင်း ရပ်နေတာကတော့ သိပ်အကြံကောင်း မဟုတ်ဘူးထင်တယ်”
အပြင်ဘက်တွင် နှင်းများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း ထူထပ်သော တိမ်တိုက်ကြီးများသည် နေရောင်ခြည်အား ကာကွယ်ထားဆဲ ဖြစ်လေရာ ယခင်ကထက် အနည်းငယ်သာ ပို၍ လင်းထိန်နေခြင်း ဖြစ်သည်။
ကျောက်ဟောင်သည် သူ၏ သံပိုက်လုံးအား ရပ်ကွက်ထဲမှ ရှယွီဟု အမည်ရသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး၏ တူးရွင်းပြားဖြင့် လဲလှယ်လိုက်လေသည်။ ၎င်းမှာ ယာယီ လဲလှယ်ခြင်းသာ ဖြစ်ပြီး ကျောက်ဟောင် အသုံးပြုပြီးပါက ပြန်လည် ပေးအပ်ရမည် ဖြစ်သည်။
အခြားရပ်ကွက်များမှ လူများသည်လည်း ကျောက်ဟောင်အား မနေနိုင်မထိုင်နိုင် လှမ်းကြည့် လိုက်ကြတော့သည်။ သူတို့မှာမူ ကျောက်ဟောင် အတွက် အနစ်နာခံပေးမည့် ငတုံး တစ်ယောက် မဖြစ်ချင်ကြပေ။
ရှယွီသည် အချိန်အနည်းငယ်မျှ တွန့်ဆုတ် နေပြီးနောက် နောက်ဆုံးတွင် အံတင်းတင်း ကြိတ်ကာ လေးလံ၍ ကိုင်တွယ်ရ ခက်ခဲသော တူးရွင်းပြားအား ကျောက်ဟောင် ထံသို့ ကမ်းပေးလိုက်တော့သည်။
ကျောက်ဟောင်မှ သူ၏ တူးရွင်းပြားအား အသုံးချချင်နေမည်အား သူ စိုးရိမ်နေသလို ငှားပြီးနောက် ပြန်မပေးချင်တော့မည်ကိုလည်း ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျောက်ဟောင်သည် ကျင်းဟွာ ရပ်ကွက်ရှိ တိုက်ခန်း ပိုင်ရှင်များနှင့် အမြဲတစေ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်မှာလည်း အခမဲ့ အလုပ် မလုပ်ချင်သလို အခြားသူ တစ်ဦး၏ လုပ်အားကိုလည်း အချောင်မယူလိုချေ။ ထို့ကြောင့် သူသည် အံတင်းတင်းကြိတ်လျှက် သူ၏ တူးရွင်းပြားအား ကျောက်ဟောင်ထံသို့ ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ကျောက်ဟောင်သည် သူတို့နှင့် မတူချေ။ သူကမူ အနစ်နာခံရခြင်းသည်ပင် ကောင်းချီး တစ်ပါး ဖြစ်သည်ဟု တွေးတောတတ်သူ ဖြစ်ပေသည်။ အကယ်၍ လူတိုင်းသာ ထိုနေရာတွင် ဤအတိုင်း ရပ်ကာ အချိန်ဖြုန်း နေကြမည်ဆိုလျှင် မည်သူမျှ မလုပ်ချင်သော အခန်းကဏ္ဍအား သူကိုယ်တိုင် တာဝန်ယူလိုက်ခြင်းမှာ ပို၍ ကောင်းမွန်လိမ့်မည်ဟု သူ ယူဆထား၍ ဖြစ်သည်။
ကျောက်ဟောင်သည် တူးရွင်းပြားအား ကောက်ကိုင် လိုက်ပြီး နှင်းများကို ဘေးသို့ ဖယ်ရှားလိုက်လေသည်။ အကြိမ် အနည်းငယ်ခန့် ခက်ခက်ခဲခဲ တူးဆွ ပြီးနောက် ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ပြဇာတ် တစ်ပုဒ်ကို ကြည့်ရှုချင် နေကြသူများ နှင့်ပင် တူနေတော့သည်။ မည်သူကမျှ ရှေ့ထွက်၍ ကူညီရန် ဆန္ဒမရှိကြချေ။ နောက်ဆုံးတွင် ကျင်းဟွာ ရပ်ကွက်မှ လူများ နှင့်အတူ ပါလာသော ဝမ်ဝေသည် ရှေ့သို့ ထွက်လာကာ ကျောက်ဟောင် နှင့်အတူ နှင်းတူးရာတွင် ပါဝင် ကူညီပေး လေတော့သည်။
သူ့လက်ထဲရှိ တူးရွင်းပြားမှာ လီချန်ထံမှ ဖြစ်သည်။ ယနေ့ သူ အပြင်မထွက်မီ လီချန်မှ သူ့ကိုယ်သူ ကာကွယ်ရန် ထိုတူးရွင်းပြားအား ပေးလိုက်ခြင်း ဖြစ်သည်။
“အစ်ကိုကျောက် ကျွန်တော် ကူညီပါ့မယ်”
ကြွက်သား တောင့်တင်းသော အမျိုးသားနှစ်ဦး၏ လုပ်ဆောင်ချက်မှာ တစ်ခဏအတွင်း ပိုမို၍ မြန်ဆန်လာခဲ့သည်။ အချိန်တို အတွင်းမှာပင် ကျောက်ဟောင်နှင့် ဝမ်ဝေတို့သည် အတော်အတန် နက်သော တွင်းတစ်တွင်းကို တူးနိုင်ခဲ့ကြပြီ ဖြစ်သည်။
သို့ရာတွင် အပေါ်ယံရှိ နှင်းများမှာ သိပ်သည်းမှု မရှိလှပေ။ အမှန်တကယ်ပင် တူးရ လွယ်ကူသော်လည်း ပိုမို၍ နက်ရှိုင်းသွားလေလေ နှင်းများမှာ ပို၍ ခဲယဉ်း ကျစ်လျစ် လာလေလေ ဖြစ်သည်။ ထိုစူပါမားကတ်မှာ နှစ်ထပ်ခွဲ အမြင့်ရှိပြီး သူတို့မှာ တတိယထပ်တွင် ရှိနေကြပြီ ဖြစ်သည်။
“မင်း ပင်ပန်းနေပြီလား ခဏလောက် အနားယူလိုက်ဦးလေ”
ဝမ်ဝေနှင့် ကျောက်ဟောင်တို့သည် သူတို့ တူးထားသော နှင်းတွင်းထဲတွင် ထိုင်လိုက်ကြပြီး ရေငတ်ပြေစေရန် အတွက် သန့်ရှင်းသော နှင်းအချို့ကို ပါးစပ်ထဲသို့ သွင်းလိုက်ကြသည်။
ကျောက်ဟောင်သည် အပြင်မထွက်မီကတည်းမှ ကြိုတင် ပြင်ဆင်မှု အချို့ ပြုလုပ်ထားခဲ့သည်။ သူသည် မြောက်ပိုင်းတွင် ကြီးပြင်းလာသူ ဖြစ်လေရာ အချိန်ကြာမြင့်စွာ စုပုံနေသော နှင်းများအား တူးဖော်ရသည်မှာ မလွယ်ကူကြောင်း သဘာဝ အလျောက် သိရှိထားလေသည်။ သူသည် ထိုနေရာတွင် တစ်နေကုန် နေရလိမ့်မည်ဟု တွေးတောခဲ့မိသောကြောင့် နံနက်စာ ပြင်ဆင်ရန် အိပ်ရာ ထသောအခါ ရဲ့ရှင်းချန် တိတ်တဆိတ် ပေးထားခဲ့သော အရက်ပြန်အား အသုံးပြု၍ သစ်သားများအား မီးမွှေးကာ နှမ်းကပ် ဘီစကွတ် အနည်းငယ်ကို အပူပေးထားခဲ့သည်။
သို့သော်လည်း ဝမ်ဝေမှာမူ ထိုအရာများအား ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပေ။ သူသည် အထဲသို့ အမြန်ဆုံး ဝင်ရောက်ကာ ပစ္စည်းများအား လုယူရန်သာ တွေးတောနေခဲ့ခြင်း ဖြစ်သည်။
ကျောက်ဟောင်မှ သူ၏ ဖုန်းအား ထုတ်ကာ အချိန်ကို ကြည့်လိုက်လေသည်။ ကင်မရာအား ဖွင့်လျှက် ဖုန်းကို လှည့်ပတ်၍ ရဲ့ရှင်းချန် အတွက် ဗီဒီယို ရိုက်ကူးရန်လည်း သူ မမေ့ခဲ့ချေ။
“ညီလေးဝေ မင်း နည်းနည်းလောက် စားမလား”
ကျောက်ဟောင်မှ အိတ်ကပ်ထဲမှ အေးခဲနေပြီ ဖြစ်သော နှမ်းကပ် ဘီစကွတ် တစ်ခုကို ထုတ်ယူလိုက်လေသည်။ သူသည် ၎င်းအား အလယ်မှ နှစ်ခြမ်း ခွဲလိုက်ပြီး အနည်းငယ် ပိုကြီးသော အခြမ်းကို ဝမ်ဝေထံသို့ ကမ်းပေးလိုက်လေသည်။
ဤအချိန်မျိုးတွင် လူတို့သည် အစားအစာ အတွက် လူသတ်ရန်ပင် ဝန်မလေးကြချေ။ ကျောက်ဟောင်ကဲ့သို့ ကိုယ့်အစားအစာအား အခြားသူများကို တက်တက်ကြွကြွ ဝေမျှပေးမည့် လူမိုက်မျိုး ဘယ်မှာ ရှိနိုင်လိမ့်မည်နည်း။
နှင်းတောထဲတွင် ရပ်ကြည့် နေကြသူများသည် ကျောက်ဟောင်၏ လုပ်ရပ်အား မြင်သောအခါ နောင်တရ လာကြတော့သည်။
အကယ်၍ စားစရာ ရမည်မှန်းသာ သိခဲ့လျှင် မည်သို့ပင် ဖြစ်စေ ကျောက်ဟောင် နှင့်အတူ နှင်းတူးရာတွင် ဝင်ရောက် ပါဝင်ခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။
အစားအစာသည် အလွန် တန်ဖိုးရှိရာ ကျောက်ဟောင် ကမ်းပေးလာသော ထိုကဲ့သို့ တန်ဖိုးရှိလှသည့် အစားအစာအား ဝမ်ဝေ မည်သို့ ငြင်းပယ်နိုင်မည်နည်း။
သူသည် ချက်ချင်းပင် အစ်ကိုကျောက်အား ကျေးဇူးတင်စကား ဆိုလိုက်ပြီး နှမ်းကပ်ဘီစကွတ် တစ်ဝက်ကို ယူလိုက်လေသည်။
ဘီစကွတ်မှာ အေးခဲနေပြီ ဖြစ်ရာ သဘာဝ အလျောက် အရသာ သိပ်မရှိလှချေ။ သို့သော်လည်း လူတိုင်း ဆာလောင် မွတ်သိပ်နေချိန်တွင်မူ ဝမ်ဝေသည် အလွန်ပင် စိတ်လှုပ်ရှားကာ ငိုလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ထိုနေရာရှိ လူအားလုံးမှာ ဆာလောင် နေကြပြီ ဖြစ်သည်။ သူတို့တွင် အစားအစာ ပြင်ဆင်ထားခဲ့လျှင်ပင် ထိုသူနှစ်ဦးကဲ့သို့ ပေါ်ပေါ်ထင်ထင် ထုတ်ယူ စားသောက်ဝံ့ကြမည် မဟုတ်ပေ။
လူများသည်လည်း များလွန်းလှသလို မျက်လုံးများလည်း အများအပြား ရှိနေလေသည်။ လူအများမှ သူတို့အား မှတ်ထားပြီး အကြံအစည် တစ်ခုခု ပြုလုပ်လာမည်ကိုလည်း သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။
အခန်း (၁၀၀) - အဓိကရုဏ်း
ဘီစကွတ်အား အနည်းငယ် ကိုက်စား ပြီးနောက် မြေပြင်ပေါ်ရှိ နှင်းများဖြင့် ဗိုက်အား ဖြည့်တင်း လိုက်ရသောအခါ ကျောက်ဟောင်သည် နောက်ထပ် ထပ်မစားရဲတော့ချေ။
သူသည် ဘီစကွတ် အနည်းငယ် ယူဆောင် လာခဲ့သော်လည်း ဤနေရာတွင် လူအများအပြား ရှိနေကြခြင်း ဖြစ်သည်။ တစ်ယောက် တစ်ကိုက် စားလျှင်ပင် အားလုံးအား ဝေမျှပေးရန် လုံလောက်မည် မဟုတ်ပေ။ အလုပ်အား စောစောစီးစီး အဆုံးသတ်ပြီး ရိက္ခာများကိုသာ အိမ်သို့ ပြန်သယ်သွားကာ ပူပူနွေးနွေး ထမင်းတစ်နပ် စားရသည်မှာ ပို၍ ကောင်းပေလိမ့်မည်။
“မင်း စားလို့ပြီးပြီလား အလုပ်လုပ်ဖို့ အချိန်တန်ပြီ”
ကျောက်ဟောင်သည် ဝမ်ဝေမှ နောက်ဆုံး တစ်လုတ်အား မျိုချလိုက်သည် အထိ စောင့်ဆိုင်း နေပြီးနောက် တင်ပါးအား ပုတ်လျှက် မြေပြင်ပေါ်မှ ထလာခဲ့သည်။
ထိုအချိန်တွင် အခြားရပ်ကွက်များမှ လူအချို့မှာ ငြိမ်ငြိမ် မထိုင်နိုင်ကြတော့ချေ။ ဝမ်ဝေနှင့် ကျောက်ဟောင်တို့သည် စူပါမားကတ်၏ အမိုးသို့ ရောက်လုနီးပါး ဖြစ်နေပြီအား သူတို့ မြင်တွေ့လိုက်ရသည် မဟုတ်ပါလော။
ထို့ကြောင့် ရပ်ကွက်အသီးသီးမှ လူများသည် စတင်၍ ဆွေးနွေး တိုင်ပင် လာကြတော့သည်။ သူတို့သည် မိမိတို့ ရပ်နေသည့် နေရာကိုသာ တူးကြမည် ဖြစ်သည်။ လုပ်အား ပါဝင်သူ မည်သူမဆို အထဲသို့ ဝင်ရောက်ကာ ပစ္စည်းများအား ယူဆောင်ခွင့် ရှိပြီး လုပ်အားမပါဝင်သူ မည်သူ့ကိုမျှ အောက်သို့ ဆင်းခွင့်ပြုမည် မဟုတ်ပေ။
သူတို့ ထိုသို့ ပြောဆို နေကြသော်လည်း လက်တွေ့တွင် မည်သို့ ဖြစ်လာမည်နှင့် ထို သဘောတူညီချက်အား မည်မျှသော လူဦးရေမှ လိုက်နာကြမည် ဆိုသည်ကိုမူ လူတိုင်း သိရှိထားကြလေသည်။
သို့ရာတွင် ကျောက်ဟောင်နှင့် ဝမ်ဝေတို့သည် ပိုမို နက်ရှိုင်းစွာ တူးနေသည်အား မြင်ရသောအခါ သူတို့မှာ စိုးရိမ်ပူပန်လာခြင်းအား မတားဆီးနိုင်ကြတော့ချေ။
ကျင်းဟွာရပ်ကွက်မှ လူများသည် ထိုလူများအား သူတို့၏ လုပ်အား အသီးအပွင့်များကို လာရောက် ခိုးယူခွင့် ပြုမည် မဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။
အကယ်၍ စူပါမားကတ်ထဲရှိ ပစ္စည်း အားလုံးကို ကျင်းဟွာ ရပ်ကွက်မှ လူများမှ လုယူသွားခဲ့လျှင် မည်သို့ လုပ်ကြမည်နည်း။ ထို့ကြောင့် သက်ဆိုင်ရာ လူနေရပ်ကွက် အသီးသီးမှ တိုက်ခန်း ပိုင်ရှင်များသည် အလိုအလျောက် အဖွဲ့လိုက် စက်ဝိုင်းပုံစံ ဖွဲ့စည်းလိုက်ကြပြီး တစ်လှည့်စီ တူးကြလေတော့သည်။
ရဲ့ရှင်းချန်သည် သူ၏ ကော်ဖီခွက်အား ယူ၍ တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူသည် ကော်ဖီဖျော်သည့် အထဲတွင် ထည့်သည့် ခရမ် နှစ်ထုပ်နှင့် သကြားတစ်ထုပ်အား ထည့်လိုက်လေတော့သည်။ သူသည် နံနက်ခင်း တစ်ခုလုံး နေရာလွတ်ထဲမှ ထုတ်ယူထားသော ဒရုန်း အကြောင်းအား လေ့လာနေခဲ့ခြင်း ဖြစ်သည်။
သူ နေ့လယ်စာ စားနေစဉ် ပါးစပ်ထဲရှိ ဂဏန်းဥတို့ဟူးအား မျိုမချနိုင်သေးမီမှာပင် ကျောက်ဟောင်မှ သူ့ထံသို့ မက်ဆေ့ချ် တစ်စောင် ပို့လာခဲ့သည်။ သူသည် ဖုန်းအား ကောက်ကိုင် ကြည့်လိုက်လေရာ ၎င်းမှာ ဗီဒီယို တစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ နှင်းများသည် ဖြူဖွေးနေပြီး ကျောက်ဟောင်၏ တူးရွင်းပြားမှာ နှင်းနံရံအား မှီထားလျက် ရှိသည်။
“မဆိုးပါဘူး လူတွေ နှင်းစမတူးခင် အချိန် အတော်ကြာအောင် သောင်တင်နေကြမယ်လို့ ထင်ထားတာ”
ရဲ့ရှင်းချန်မှ ချီးကျူးစကား ဆိုလိုက်လေသည်။ သူသည် နောက်ထပ် ဂဏန်းပေါင်းထုပ် တစ်ခုအား ကောက်ယူကာ အနည်းငယ် ကိုက်လိုက် ပြီးနောက် အတွင်းရှိ ဟင်းရည်ကို ဂရုတစိုက် သောက်လိုက်လေသည်။
ရဲ့ရှင်းချန်သည် အစားအသောက်များအား အဝအပြဲ စားသောက် ပြီးနောက် ပက်လက် ကုလားထိုင်ပေါ်တွင် နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်စက်နေလေသည်။ တစ်ဖက်တွင်မူ ကျောက်ဟောင်နှင့် သူ၏ အဖွဲ့မှာ ဘေးအိမ်နီးချင်း ရပ်ကွက်မှ လူများနှင့် ပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဖြစ်ရပ်၏ အကြောင်းရင်းမှာ အလွန်ပင် ရိုးရှင်းလှသည်။ အမှန် တကယ်တွင်မူ ကျောက်ဟောင်သည် နှင်းတူးနေစဉ် တူးရွင်းပြားအား အားစိုက် လွန်းသွားသောကြောင့် အိမ်နီးချင်း ရပ်ကွက်၏ “ပိုင်နက်” ထဲသို့ ကျသွားခဲ့ခြင်း ဖြစ်သည်။
“ဟေး ခင်ဗျား ဘာလုပ်နေတာလဲ”
“ခင်ဗျား တမင်သက်သက် လုပ်တာမလား ကျွန်တော်တို့ဆီကို နှင်းတွေ ပစ်ပေါက်နေတာလား”
“ဘာဖြစ်လို့လဲ ဒီနေရာက ခင်ဗျားတို့ မိသားစုပိုင်တဲ့ နေရာမို့လို့လား နှင်းနည်းနည်းလေးကိုများ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
“ဘာတွေ အော်နေတာလဲ ကျွန်တော့်လက်လေး နည်းနည်း တုန်သွားလို့ပါ သိပ်ကြီးကျယ်တဲ့ ကိစ္စမှ မဟုတ်တာ”
ရပ်ကွက် နှစ်ခုမှ လူများသည် အပြန်အလှန် ဆဲဆိုရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ထိုစဉ် တွင်းထဲတွင် ရှိနေသော ကျောက်ဟောင်နှင့် ဝမ်ဝေတို့သည် ရုတ်တရက် ခပ်မာမာအရာ တစ်ခုအား သူတို့၏ တူးရွင်းပြားများဖြင့် ထိုးမိသွားကြတော့သည်။
“အစ်ကိုကျောက် အစ်ကိုကျောက် ကြည့်ပါဦး ဒါ အမိုးလား”
ဝမ်ဝေမှ မာကျောသော မျက်နှာပြင်အား ဆွဲခွာလိုက်လေရာ ဘိလပ်မြေ၏ မူလအရောင်ကို တဖြည်းဖြည်း မြင်တွေ့လာရတော့သည်။ ၎င်းမှာ အမိုးအနီးရှိ လသာဆောင် ဖြစ်ပုံရသည်။ ကျောက်ဟောင်နှင့် ဝမ်ဝေတို့၏ မျက်လုံးများမှာ အရောင်လက် သွားကြတော့သည်။
သူတို့ ဝမ်းသာအားရ တူးဆွနေကြစဉ် နှင်းများပေါ်ရှိ လူများမှာမူ စတင်၍ ရန်ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏ စကားများကိုသာ အခိုင်အမာ ပြောဆိုနေကြသည်။ ကျင်းဟွာ လူနေရပ်ကွက်မှ လူများမှာမူ ကျောက်ဟောင်အား သဘာဝအလျောက် ထောက်ခံကြမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျောက်ဟောင်သည် လူကောင်း တစ်ယောက် အဖြစ် နာမည်ကြီးကြောင်း သူတို့ သိရှိထားကြ၍ ဖြစ်သည်။ ထို့အပြင် သူတို့သည် ကျောက်ဟောင်နှင့် တစ်ရပ်ကွက်တည်း နေထိုင်သူများလည်း ဖြစ်ကြသည်။ သူ တူးပြီး သွားသောအခါ ရိက္ခာ ရှာရန် သူတို့အား အောက်သို့ ဆင်းခွင့် မပြုဘဲ သေချာပေါက် တားဆီးလိမ့်မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ဝမ်ကျန်း ရပ်ကွက်မှ လူများမှာမူ သူတို့နှင့် စကားများနေသူများ ဖြစ်သည်။ သူတို့ အားလုံးသည် ကျောက်ဟောင် တူးထားသော ဥမင်လှိုဏ်ခေါင်းထဲသို့ ဝင်ရောက် ခွင့်ပြုရန် ဆူညံစွာ တောင်းဆိုနေကြခြင်း ဖြစ်သည်။
သူတို့ စကားများနေကြစဉ် အခြား ရပ်ကွက်နှစ်ခုမှာမူ ကိုယ်ထိလက်ရောက် ရန်ဖြစ်ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။ အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ လူတိုင်းမှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ နှင်းများထဲတွင် စတင်၍ တူးဆွနေကြပြီ ဖြစ်သည်။ သို့ရာတွင် သူတို့ တွင်းတူးလိုက်လျှင် ပိုနေသော နှင်းများအား ပစ်ရန် နေရာတစ်ခု ရှာဖွေရမည် ဖြစ်သည်။ နောက်ဆုံးတွင် အရှေ့ပန်းခြံရပ်ကွက်မှ လူများသည် ရေကန် စံအိမ် ရပ်ကွက်မှ လူများ တူးထားသော တွင်းထဲသို့ ပြုတ်ကျ သွားကြတော့သည်။
“မင်းက အရိုက်ခံချင်နေတာလား”
“တမင်သက်သက် လုပ်တာမလား ငါ အခုလေးတင် တူးထားတဲ့ တွင်းကို ပြန်ဖြည့်ချင်နေတာလား”
နှစ်ဖက်စလုံးတွင် နေထိုင်ကြသူများသည် ဝင်ငွေ ကောင်းသော လူတန်းစားများ ချည်းသာ ဖြစ်ကြပေသည်။ သူတို့ အားလုံးသည် ဂုဏ်ယူ ဝင့်ကြွားတတ်ပြီး အရည်အချင်းရှိသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော အရှက်ခွဲခံရမှုအား သူတို့ မည်သို့ သည်းခံနိုင်ကြမည်နည်း။ ထို့ကြောင့် သူတို့သည် တစ်ယောက်ကို တစ်ယောက် တွန်းထိုးကာ ဝင်တိုက် ကြလေတော့သည်။ ချက်ချင်းဆိုသလိုပင် နှစ်ဖက်စလုံးမှ လူများသည် အပြန်အလှန် ရန်ဖြစ်လာကြတော့သည်။
ရေ လျှပ်စစ်မီး လက်နက်ခဲယမ်းနှင့် အစားအစာများ မရှိဘဲ တစ်လကျော်ကြာ ပိတ်လှောင် ခံထားရသော နေ့ရက်များသည် မျှော်လင့်ချက် ကင်းမဲ့စရာ ကောင်းလှပေသည်။ လူတိုင်း၏ ရင်ထဲတွင် ဒေါသတရားများ များစွာ ကိန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။ ဤအချိန်၌ ထိုကဲ့သို့သော ကိစ္စ အသေးအမွှားလေးမှာ ဓာတ်ဆီပုံးထဲသို့ ပစ်ထည့် လိုက်သော မီးခြစ်ဆံ တစ်ချောင်းနှင့် တူနေတော့သည်။ အနည်းငယ် ထိခိုက်မိသည်နှင့် တစ်ပြိုင်နက် လောင်ကျွမ်း သွားလေတော့သည်။
နေရာမှာလည်း ထိုမျှလောက်သာ ကျယ်ဝန်းပြီး လူများသည်လည်း အများအပြား ရှိနေကြလေသည်။ ရပ်ကွက် တစ်ခုစီမှ လာရောက်ကြသူများမှာလည်း မနည်းလှချေ။ ဟိုဘက်တွင် အရှေ့ပန်းခြံနှင့် ရေကန်စံအိမ်တို့မှ လူများ ရန်ဖြစ်နေကြပြီ ဖြစ်ရာ အခြားရပ်ကွက်များမှ လူများနှင့် မတိုက်မိစေရန် ရှောင်ရှားရန်မှာ ခက်ခဲလှပေသည်။
နှင်းတူးနေသူများ မှလွဲ၍ လူတိုင်းနီးပါးမှာ ရန်ပွဲတွင် ပါဝင် လာကြတော့သည်။ ကျောက်ဟောင်နှင့် ဝမ်ဝေတို့သည် တစ်နာရီ ကြာအောင် တူးပြီး ဆယ်မိနစ် အနားယူကြသည်။ ထိုအချိန်တွင် ကျောက်ဟောင်မှ သူ၏ ဖုန်းအား ထုတ်ကာ ရဲ့ရှင်းချန်ထံသို့ ဗီဒီယိုတစ်ပုဒ် ထပ်ပို့လိုက်ပြန်သည်။ ထို့နောက် ကျောက်ဟောင်သည် ရဲ့ရှင်းချန်အား နှင်းထဲတွင် လူအများအပြား ရန်ဖြစ်နေကြကြောင်း ပြောပြလိုက်တော့သည်။
ရဲ့ရှင်းချန်သည် အိမ်တွင် လုပ်စရာမရှိဘဲ ပျင်းရိနေခဲ့ခြင်း ဖြစ်သည်။ နေ့လယ်ခင်း တစ်ရေးတစ်မော အိပ်ရာမှ နိုးလာပြီးနောက် ရုပ်ရှင်တစ်ကားအား အဆုံးထိ ကြည့်ရှုပြီးသွားပြီ ဖြစ်သည်။ ကျောက်ဟောင်မှ တစ်နာရီလျှင် တစ်ကြိမ် အခြေအနေအား သတင်းပို့ပေးမည့် အချိန်အား စောင့်ဆိုင်းရင်း သူ၏ နေ့လယ်ခင်း လက်ဖက်ရည်ကို သောက်သုံးနေခဲ့ခြင်း ဖြစ်သည်။
“ဟူး သူတို့အားလုံး ရန်ဖြစ်နေကြပြီပဲ ငါ အခု ဒရုန်း တစ်စီး လွှတ်လိုက်ရင် မကောင်းဘူးများ ဖြစ်သွားမလား”
ရဲ့ရှင်းချန်၏ ဘေးတွင် ထိုင်နေသော လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ စကားများအား ကြားသောအခါ မျက်လုံးအား အပေါ်လှန် မကြည့်ဘဲ မနေနိုင်တော့ချေ။
“အင်း သိပ်တော့ မကောင်းဘူး ရှင့်အနေနဲ့ ဒရုန်းတွေကို စောစောကတည်းက လွှတ်ထားသင့်တယ်လို့ မထင်ဘူးလား မဟုတ်ရင် ဒီလို အံ့သြစရာကောင်းတဲ့ မြင်ကွင်းတွေကို ရှင် မြင်ရမှာ မဟုတ်ဘူးလေ”
ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား သွားဖြီး ပြလိုက်တော့သည်။ သူသည် အဆင်သင့် ချိန်ညှိထားပြီး ဖြစ်သော ဒရုန်းတစ်စီးအား ယူကာ လသာဆောင်ပေါ်ရှိ အခန်းငယ်ဆီသို့ လျှောက်သွားလိုက်လေသည်။ အဝတ်အစားများအား ဝတ်ဆင်လိုက် ပြီးနောက် ပြတင်းပေါက်အား ဖွင့်လိုက်လေသည်။ ကျင်းဟွာ ရပ်ကွက်၏ ကောင်းကင်ယံထက်တွင် ခိုင်ခံ့စွာ တည်ဆောက် ထားသော ဒရုန်းတစ်စီး ပေါ်ထွက် လာလေတော့သည်။
အဝတ်အစားများအား ချွတ်ပြီး သူ၏ အခန်းထဲသို့ ပြန်ရောက် လာပြီးနောက် ရဲ့ရှင်းချန်သည် ဒရုန်းအား သူတို့အနီးရှိ စူပါမားကတ်ဆီသို့ မောင်းနှင်သွားခဲ့တော့သည်။ ကျောက်ဟောင်မှ သူတို့ မည်သည့် နေရာတွင် ရှိနေကြောင်းအား ရဲ့ရှင်းချန်အား မပြောပြခဲ့သော်လည်း နှင်းတောထဲတွင် သူတို့၌ မည်သည့် သယ်ယူ ပို့ဆောင်ရေးယာဉ်မျှ မရှိသည်ကို မြင်လိုက်ရသောအခါ ရဲ့ရှင်းချန်သည် နေရာအား အလွယ်တကူ ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ပရိုဂျက်တာနှင့် ချိတ်ဆက် ပြီးနောက် ရဲ့ရှင်းချန်မှ ကုလားကာအား တိုက်ရိုက်ချ လိုက်ပြီး ဒရုန်းမှ ပုံရိပ်များကို ကုလားကာ ပေါ်သို့ ထင်ဟပ်ပြသလိုက်တော့သည်။
မိုချီမှာမူ ရှောင်ဟေး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လျှက် အမွေးများအား ပွတ်သပ်ရင်း ခေါင်းတစ်လုံးစာခန့် ရှိသော ခရမ်းရောင် လျှပ်စီးဘောလုံးများ မည်သို့ ဖန်တီးရမည်ကို လေ့ကျင့်နေဆဲ ဖြစ်သည်။
ဖန်သားပြင်ပေါ်တွင်မူ အရွယ်ရောက်ပြီး သူများနှင့် ဆယ်ကျော်သက် အရွယ် များစွာသည် အပြန်အလှန် ထိုးကြိတ်နေကြပြီ ဖြစ်သည်။ သူတို့ထဲမှ အချို့မှာ သူတို့ကိုယ်တိုင် တူးထားသော တွင်းထဲသို့ပင် ပြုတ်ကျ သွားကြတော့သည်။
“လှတယ် လှတယ် ဟူး အပြင်ထွက်ဖို့က အရမ်း အန္တရာယ်များနေတာ နည်းနည်းတော့ နှမြောစရာ ကောင်းတယ် မဟုတ်ရင် ငါလည်း အပြင်ထွက်ပြီး မြင်ကွင်းကို သွားကြည့်ချင်လိုက်တာကွာ”
ယဉ်ကျေးသယောင် ထင်ရသော ထိုလူများသည် တကယ်တမ်းကျမူ အလွန် ရက်စက် ကြမ်းကြုတ်လှပေသည်။ သူတို့သည် တစ်ဖက်လူ သေစေရန်သာ အဓိက ရည်ရွယ်ချက်ထားကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
“ဒီအရှိန်နဲ့ဆို စူပါမားကတ်ကို တူးဖော်နိုင်ဖို့ သူတို့ အချိန် ဘယ်လောက်တောင် ယူရမလဲ မသိဘူး”