သိုင်းကွက်တစ်ကွက်
Vol. 29 Ch. 396
ခန်းမထဲတွင်ရှိနေသော တပည့်များအားလုံးမှာ ယခုပင် ရောက်ရှိလာသည့် ငယ်ရွယ် ခန့်ညားသော လူငယ်လေးအား ကြည့်ရှုလိုက်ကြသည်။
ဤလူငယ်လေးအား ခန်းမထဲ၌ မသိသူမရှိချေ။ ဤကောင်လေး ငယ်ငယ်လေးသည် အတွင်းတောင်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း ကလန်ထဲ၌ များစွာသော ဂုဏ်သတင်းတို့ကို ရရှိနေခဲ့ပြီ ဖြစ်၏။
ကျောင်းဇူမှာ မျက်ခုံးအနည်းငယ် ပင့်ကာ ဇူယွမ်အားကြည့်၍ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။
“အဲဒီတော့ ဂျူနီယာညီတော် ဇူယွမ်ဆိုတာ မင်းပေါ့။ နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ။ ငါတို့ မင်းအကြောင်းကို ငြင်းခုံ ဆွေးနွေးနေကြတာ နေ့တစ်ဝက်လောက် ရှိပြီ။ မင်းက အခုမှပဲ ပေါ်လာတော့တယ်”
ခန်းမအတွင်းရှိ တပည့်များမှာ ဇူယွမ်အား မလိုမုန်းထား ဖြစ်သော မျက်ဝန်းများဖြင့် ကြည့်နေကြ၏။ ဓားကပ်ဘေး တောင်ထွတ်မှ တပည့်များကို မဆိုထားနှင့် အခြား တောင်ထွတ်မှ တပည့်များသည်ပင် ဇူယွမ်အား ကောင်းကင်အဆင့် တာဝန်တွင် ပါဝင်စေလိုသော လီချင်းချန်၏ ဆုံးဖြတ်ချက်ကို တိတ်တဆိတ် ဆန့်ကျင် နေခဲ့ကြသည်။
ထိုအကြည့်များနှင့်ပင် ဇူယွမ်မှာ လီချင်းချန်သည် သူ့အတွက် တိုက်ခိုက် ပြောဆိုပေးရန် မည်မျှပင် ဖိအား များခဲ့ရသည်ကို နားလည် သဘောပေါက်မိ၏။
ဇူယွမ်မှာ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ပြောလိုက်သည်။
“ကျွန်တော့် အကြောင်းကို ငြင်းခုံနေကြတယ် ဆိုမှတော့ ဖြေရှင်းနိုင်ဖို့ နည်းလမ်း ရှာရအောင်လေ”
“ဟားဟား ... ဂျူနီယာ ညီတော်က သဘောပေါက်လွယ်တဲ့ သူပဲကွ” လျှို့ဝှက်နက်နဲသော အပြုံးတစ်ခု ကျောင်းဇူ၏ နှုတ်ခမ်းထက်၌ ပေါ်ပေါက်လာပြီး ဝမ့်လိန်အား ညွှန်ပြကာ တုံ့ပြန်လိုက်၏။
“ဒီတာဝန်က ငါတို့ ကန်ရွှမ်းလန်အတွက် အရမ်း အရေးကြီးတာကြောင့် မင်းနေရာကို ဂျူနီယာညီတော် ဝမ့်လိန်ကို ပေးလိုက်ဖို့ ပြောချင်တယ်။ အဲလိုမှ မဟုတ်ရင် မင်းကြောင့်နဲ့ တာဝန် ကျရှုံးသွားရမှာ။ အဲအခါကြရင် မင်းတစ်ယောက်ပဲ အပြစ်ဒဏ်ခံရမှာ မဟုတ်ဘဲနဲ့ မင်းကို ထောက်ခံပေးတဲ့ စီနီယာ အစ်မတော်လီပါ အပြစ်ဒဏ်ကို ခံယူနေရလိမ့်မယ်”
“မင်းက ကလန်ထဲကို ရောက်လာတာ မကြာသေးတဲ့အပြင် ငယ်လည်း ငယ်ရွယ်သေးတယ်လေ။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆို မင်းက ခရမ်းရောင်ခါးစည်း တပည့်တွေကြားထဲမှာ လက်ရွေးစင်တစ်ယောက် ဖြစ်လာမှာပါ။ အဲအချိန်ကြရင် ကောင်းကင်အဆင့် တာဝန်မှာ ပါဝင်ဖို့ အရည်အချင်း ရှိလောက်ပြီ။ ငါလည်း မင်းကို ကန့်ကွက်မှာ မဟုတ်တော့ဘူး”
ကျောင်းဇူမှ ကြင်နာသောပုံစံဖြင့် ပြုံးလိုက်သည်။ သူ၏ပုံစံမှာ အကြီးအကဲတစ်ဦးမှ လူငယ်တစ်ဦးအား သင်ကြား ပြသပေးနေသည့် ပုံစံနှင့်ပင် တူနေ၏။
“အဲတော့ မင်းဘယ်လိုထင်လဲ ဂျူနီယာညီတော် ဇူယွမ်”
ခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်နေကာ လူတိုင်းမှ ဇူယွမ်၏ တုံ့ပြန်ချက်အား စောင့်စား နေကြလေသည်။
ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြန်၍ပြောလိုက်၏။
“စိတ်မကောင်းပါဘူး အစ်ကိုတော် ကျောင်းဇူ။ ကျွန်တော်တို့ လုပ်သင့် ...”
ဇူယွမ်၏ စကားမဆုံးမီမှာပင် ကျောင်းဇူ မျက်နှာပေါ်ရှိ အပြုံးတို့ အေးခဲသွားရသည်။
“အသိဉာဏ်မရှိတဲ့ အရူးကောင်”
ခန်းမ၏ နောက်ဆုံးနေရာတွင် ရှိနေသော ဝမ့်လိန်မှ အော်ဟစ်လိုက်၏။ ထို့နောက် ဝမ့်လိန်၏ နှုတ်ခမ်းအစုံမှာ လှောင်ပြောင်လိုသော အပြုံးများ ပေါ်ပေါက်လာကာ စကားဆိုလိုက်သည်။
“ဂျူနီယာညီတော် ဇူယွမ် မင်းက ဂျူနီယာညီတော် ရှုယန်ကို အနိုင်ရရုံလေးနဲ့ ကောင်းကင်အဆင့် တာဝန်မှာ ပါဝင်ဖို့ အရည်အချင်း ရှိပြီလို့ ထင်နေတာလား ... ဟားဟားဟား”
“စီနီယာ အစ်ကိုတော် ကျောင်းဇူက အကုန်လုံးအတွက် တွေးပြီး ပြောနေတာ အဲဒါကို မင်းက ခေါင်းမာမာနဲ့ တကိုယ်ကောင်း ဆန်နေသေးတာလား”
ဇူယွမ်မှာ မျက်မှောင်ကြုတ်လျက် ဝမ့်လိန်အား ကြည့်ကာ တုံ့ပြန်လိုက်၏။
“အဲဒါဆို ကျွန်တော့မှာ အရည်အချင်း ရှိတယ်ဆိုတာ စီနီယာအစ်ကိုတော် ဝမ့်လိန် လက်ခံသွားအောင် ဘယ်လို လုပ်ပေးရမလဲ”
“အစ်ကိုတော်ကို အနိုင်ယူပြရမှာလား”
ဝမ့်လိန်မှာ ဇူယွမ်၏ စကားများကြောင့် ခေတ္တမျှ အံ့အားသင့် သွားပြီးနောက် လှောင်ပြောင် သရော်လိုစိတ်ဖြင့် ရီမော ပစ်လိုက်လေသည်။ အခြားသော တပည့်များမှာလည်း ဇူယွမ်မှ အလွန်အမင်း ဘဝင်မြင့်နေသည်ဟု ခံစားရသောကြောင့် မျက်မှောင်ကြုတ်မိကြ၏။
ဇူယွမ်သည် ရှုယန်အား အတင်းအကြပ် ဖိအားပေးသော နည်းလမ်းဖြင့်သာ ကိုင်တွယ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဝမ့်လိန်မှာ ရှုယန်ထက် များစွာ သာလွန်သော သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်၏ စကားများမှာ မည်မျှပင် ဆင်ခြင်တုံတရား ကင်းမဲ့ကာ မောက်မာနေသည်ကို ဖော်ပြနေ၏။
ဝမ့်လိန်မှာ ပြုံးကာ အရှေ့သို့ ထွက်လာပြီးနောက် စကားဆိုလိုက်သည်။
“ဂျူနီယာညီတော် ဇူယွမ်က ငယ်ရွယ်တော့ မောက်မာတက်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စီနီယာအစ်ကိုတော် တစ်ယောက်အနေနဲ့ မင်းအပေါ် အခွင့်အရေး မယူရက်ပါဘူး”
“မင်းမှာ အရည်အချင်း ရှိတယ်ဆိုတာ ပြဖို့ ငါ့ကို အနိုင်ယူပြစရာ မလိုပါဘူး။ မင်းငါ့ရဲ့ သိုင်းကွက်တစ်ကွက်ကို ခုခံနိုင်ရင်ကို မင်းကိုငါ လက်ခံပေးလိုက်မယ်”
“ငါ့ရဲ့ သိုင်းကွက် တစ်ကွက်ကိုတောင်မှ မင်းမခံနိုင်ဘူး ဆိုရင်တော့ ကောင်းကင်အဆင့် တာဝန်မှာ ပါသွားလည်း အပိုပဲလေ”
ဓားကပ်ဘေးတောင်ထွတ်မှ သူ့အား အကြိမ်ကြိမ်အခါခါ အနှောင့်အယှက် ပေးနေခြင်းအတွက် ဇူယွမ်၏ မျက်ဝန်းများမှာ တိုက်ပွဲ ဆာလောင်စိတ်များဖြင့် ပြည့်နှက် လာရပြီးနောက် စကားဆိုတော့မည့် အချိန်မှာပင် လီချင်းချန်၏အသံ ထွက်ပေါ်လာခဲ့၏။
“ဇူယွမ်က ဒီစိန်ခေါ်မှုကို လက်ခံလိမ့်မယ်”
ထို့နောက် လီချင်းချန်မှာ ဇူယွမ်အားကြည့်၍ ခေါင်းညိတ် ပြလိုက်သည်။ ဝမ့်လိန်၏ စိန်ခေါ်မှုမှာ ဇူယွမ်အတွက် အကောင်းဆုံး ကမ်းလှမ်းချက်ပင် ဖြစ်သည်။ သို့သော် ဇူယွမ်၏ မာနအရ ငြင်းဆန်လိုက်မည်ကို စိုးရိမ်သောကြောင့် လီချင်းချန်မှ အလျင်အမြန် ဝင်ရောက် လက်ခံပေးခဲ့ခြင်း ဖြစ်၏။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် လီချင်းချန်အား ခေါင်းညိတ် ပြလိုက်ရလေသည်။ ဇူယွမ်မှာ ဝမ့်လိန်နှင့် အစစ်အမှန်သာ တိုက်ခိုက်ချင်နေခြင်း ဖြစ်၏။ ထိုသို့မှ မဟုတ်လျှင် အခြားသော အဖွဲ့ဝင်များဆီမှ မရေရာသော သံသယများကြောင့် ခရီးတလျှောက် အဆင်မပြေ ဖြစ်နေရပေလိမ့်မည်။
သို့သော် လီချင်းချန်မှာ ဇူယွမ်အပေါ်၌ ယုံကြည်ချက် မရှိသည့်အပြင် မာနကြောင့်နှင့် ဆိုးရွားစွာ အဆုံးသတ်သွားရမည်ကို စိုးရိမ်လှသဖြင့် ဝမ့်လိန်၏ စိန်ခေါ်မှုအား လျင်မြန်စွာ လက်ခံလိုက်ခြင်း ဖြစ်၏။
ဇူယွမ်သည် သူ့အား ကာကွယ်နိုင်ရန် လီချင်းချန် ခံစားနေရသော ဖိအားများကို သိရှိနေသောကြောင့် မည်သည့်စကားမှ မဆိုနေတော့ဘဲ သူမ၏ စကားကိုသာ လိုက်နာရန် ဆုံးဖြတ်လိုက်ပေသည်။
ဝမ့်လိန်နှင့် ကျောင်းဇူမှာ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်ကာ ပြုံးလိုက်ကြ၏။
“ဂျူနီယာညီတော် ဇူယွမ်ရဲ့ သတ္တိက ချီးကျူးစရာပဲ။ ဒီကိုလာပါ စီနီယာ အစ်ကိုတော်က မင်းကို ညွှန်ပြပေးပါရစေ” ဝမ့်လိန်မှာ ခန်းမကြမ်းပြင်အား ဆောင့်နင်း ချလိုက်ပြီးနောက် အပြင်ဖက်ရှိ ကျောက်တုံး စင်မြင့်ပေါ်သို့ ပျံသန်း သွားလေတော့သည်။ ဇူယွမ်လည်း ကျောက်တုံးစင်မြင့်ဆီသို့ ပျံသန်းသွားလိုက်၏။ လီချင်းချန်၊ ကျောင်းဇူနှင့် အခြားတပည့်များမှာ ခန်းမတံခါးဝဆီသို့ စုဝေးရောက်ရှိလာပြီး ကျောက်တုံး စင်မြင့်ထက်ဆီသို့ ကြည့်ရှုနေကြသည်။
မစ်ရှင်ခန်းမမှာ အမြဲဆိုသလို လူစည်းကားရာနေရာ ဖြစ်သည့်အပြင် ယနေ့သည် ကောင်းကင်အဆင့် တာဝန်အတွက် အဖွဲ့ဝင်များကို တရားဝင် ကြေညာမည့်နေ့ ဖြစ်သောကြောင့် သက်ဆိုင်ရာ တောင်ထွတ်များမှ ခရမ်းရောင်ခါးစည်း တပည့်များစွာပါ ရောက်ရှိနေကြ၏။ ထို့ကြောင့် ဇူယွမ်နှင့် ဝမ့်လိန်တို့ နှစ်ဦးမှာ လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။
မကြာမီ၌ပင် ဇူယွမ်နှင့် ဝမ့်လိန်တို့နှစ်ဦး ကျောက်တုံး စင်မြင့်ထက်၌ ရှိနေရခြင်း အကြောင်းအရင်းကို တပည့်များမှ သိရှိသွားကာ ဝေဖန်ဆွေးနွေးသံများ စတင်၍ ထွက်ပေါ်လာတော့၏။
“ဇူယွမ်က အရမ်းကို မောက်မာနေတာ မဟုတ်ဘူးလား။ သူက စီနီယာအစ်ကိုတော် ဝမ့်လိန်ကိုတောင် ရင်ဆိုင်ရဲတယ်ဆိုတော့”
“ငါကြားခဲ့တာတော့ သိုင်းကွက် တစ်ကွက်စာထဲပါကွ”
“တစ်ကွက်ထဲ ဆိုပေမဲ့ ဇူယွမ် မခုခံနိုင်လောက်ဘူးလို့ ငါတော့ ထင်တယ်။ စီနီယာအစ်ကိုတော် ဝမ့်လိန်က ရှုယန်ထက် အများကြီး ပိုပြီး စွမ်းအားကြီးတဲ့သူပဲ။ အဲဒါကြောင့် သိုင်းတစ်ကွက် ထဲနဲ့တင် ဇူယွမ်ကတော့ ထနိုင်မှာတောင် မဟုတ်လောက်ဘူး”
“အဟက် ... ..ဇူယွမ်ရှုံးတာပဲ ကောင်းတယ်။ ကောင်းကင်အဆင့် တာဝန်ဆိုတာ သူနဲ့မတန်တဲ့ အရာမှန်း သူ့ဟာသူ သိသွားတာပေါ့”
“သူဒါကို သင်ခန်းစာ ယူနိုင်ပါစေလို့ပဲ မျှော်လင့်တယ်”
“ ... ... ... ”
တဖြည်းဖြည်းနှင့် ကျောက်တုံးစင်မြင့် ပတ်ပတ်လည်တွင် လူအုပ်လိုက်ကြီး ဖြစ်လာခဲ့သည်။ ကျောက်တုံး လှေကားထက်တွင် လီချင်းချန်မှာ ဇူယွမ်၏ပုံရိပ်အား ငေးကြည့်နေလျက်ရှိပြီး သူမ၏ဘေးတွင် ရှိနေသော ပိုင်လီမှ ညင်သာစွာ စကားဆိုလိုက်၏။
“ဝမ့်လိန်ကလည်း မောက်မာတက်တဲ့သူ ဆိုပေမဲ့ အရူးတော့ မဟုတ်ဘူး။ ဒီသိုင်းကွက်တစ်ကွက် ကိစ္စကို အစထဲက ပြင်ဆင်လာတာ ဖြစ်နိုင်တယ်”
လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ် သွားခဲ့ရသည်။ သူမလည်း ထိုအကြောင်းကို တွေးမိခဲ့၏။ သို့သော် ကျောင်းဇူမှ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေသည့် တိုင်အောင် သူမက ဇူယွမ်အား ကာကွယ်ပေးနေ ခဲ့ခြင်းအတွက် ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် သူမ၏ ရည်ရွယ်ချက်မှာ လူအများမှ လက်ခံသွားစေရန် ဇူယွမ်မှ တစ်စုံတစ်ခုအား သက်သေပြစေလိုခြင်း ဖြစ်၏။
“ဇူယွမ်ကလည်း မစဥ်းစားပဲ လုပ်တက်တဲ့သူမျိုး မဟုတ်ပါဘူး။ ဝမ့်လိန် စိန်ခေါ်မှုကို လက်ခံလိုက်တယ် ဆိုကတည်းက သူ့မှာလည်း ပြင်ဆင်ထားတာ ရှိမှာပါ”
လီချင်းချန်မှ ညင်သာစွာပင် စကားဆက်လိုက်သည်။
“ပြီးတော့ ဝမ့်လိန်ရဲ့ သိုင်းတစ်ကွက်တောင် သူမခုခံနိုင်ခဲ့ရင် ကောင်းကင်အဆင့် တာဝန်ထဲ ပါလာရင်တောင် ကောင်းကင် တံဆိပ်ပြားကို ရဖို့ အရည်အချင်း ရှိမှာ မဟုတ်ဘူးလေ”
ထို့နောက် လီချင်းချန်မှာ ဇူယွမ်၏ပုံရိပ်အား ငေးကာ တီတိုး ရေရွတ်လိုက်၏။
“ငါနင့်ကို ကာကွယ်ပေးခဲ့တာ မမှားဘူး ဆိုတာကို အခု ငါ့ကို သက်သေပြစမ်းပါ”